အပိုင်း ၄၆
Viewers 9k

The Moon Is Coming To Me


Chapter-46


မွေးနေ့ပါတီပွဲ၏ဒုတိယပိုင်းတွင် စားပွဲထိုးက အလွှာအထပ်ထပ်နှင့် ကိတ်မုန့်ကြီးတစ်လုံးကို တွန်းလှည်းနှင့် တွန်းဝင်လာခဲ့သည်။ နှစ်နာရီခန့်ကြာအောင် ဆူညံနေခဲ့သည့် သီးသန့်ခန်းကြီးမှာ အဆုံး၌ ငြိမ်သက်သွားလေ၏။ အလွန်လှပသော ကိတ်မုန့်ပေါ်တွင် ဖယောင်းတိုင် ၁၇ တိုင်ကို ထွန်းညှိထားသည်။ ကျင်းကျင်းက မျက်လုံးများမှိတ်ကာ ဆုတောင်းနေစဉ် အားလုံးက “ဟတ်ပီးဘတ်ဒေး” သီချင်းကို ဝိုင်းဖွဲ့သီဆိုပေးကြသည်။


“ အလှလေး၊ ဘာဆုတောင်းခဲ့လဲ...”


“ သဘောကျတဲ့လူနဲ့အတူရှိနိုင်ဖို့ မဟုတ်လား..”


မိန်းကလေးတစ်ယောက်က စနောက်လိုက်သည့်အခါ ကျန်လူများကလည်း ကျင်းကျင်း သဘောကျနေသည့်လူကို သိသည့်အလား အချင်းချင်းမျက်စပစ်ကာ ရယ်မောနေကြသည်။


ကျင်းကျင်းက ထိုလူများကို မျက်စောင်းထိုးလိုက်ပြီး ခပ်ကြိတ်ကြိတ်ပြောလိုက်၏။


“ လျှောက်စမနေကြနဲ့။ အဲ့ဆုတောင်းမဟုတ်ဘူး။ နင်တို့ကို ပြောပြလိုက်ရင် ဆုတောင်းက မပြည့်တော့ဘဲနေမှာပေါ့…”


ထောင်ရှီးက အခြားလူများကဲ့သို့ပင် မွေးနေ့ကိတ်ဘေး၌ ရပ်နေခဲ့သည်။ ကျင်းကျင်းက ကိတ်မုန့်ကို တစ်စိတ်စီခွဲပြီး အားလုံးကို ဝေမျှပေးသည်။ သူလည်း ကျင်းကျင်းပေးလာသည့် ကိတ်မုန့်တစ်စိတ်ကို လှမ်းယူပြီး ကျေးဇူးတင်စကား ပြောလိုက်၏။


ယန်သောလဲ့၏ အလှည့်ရောက်သောအခါ ကျင်းကျင်းက ယန်သောလဲ့ကို ပြုံးကာပြောသည်။


“ ဒိန်ချဉ်၊ ဒါပြီးရင် နောက်မွေးနေ့က နင့်အလှည့်ပဲနော်။ ဒီနှစ်လည်း မနှစ်ကလိုပဲ ခရစ္စမတ်မွေးနေ့ပါတီကို ငါတို့ကို ဖိတ်ဦးမှာလား…”


လီရှောင်ယွမ်ကပါ ဝင်ပြောလာသည်။


“ ဟုတ်သား၊ ငါလည်း မေးချင်နေတာ။ အရင်နှစ်က လင်ချင်းဟယ်တို့အိမ်မှာ မွေးနေ့လုပ်တာမလား၊ အန်တီလော်က ငါတို့ကိုတောင် ခရစ္စမတ်လက်ဆောင် တစ်ယောက်တစ်ခုစီပေးသေးတယ်လေ…”


“လင်ချင်းဟယ်” ဟူသော နာမည်ကိုကြားလိုက်သည်နှင့် အားလုံးက ကျင်းကျင်းအား ဝိုင်းစနောက်ကြပြန်တော့သည်။ သူမ ယန်သောလဲ့ကို ဤမေးခွန်းမျိုးမေးရသည့်အကြောင်းအရင်းမှာ အံ့ဩစရာမရှိတော့ပေ။ ကျင်းကျင်းက မျက်နာရဲသွားပြီး အားလုံးကို ဆူပူလိုက်ပြန်သည်။


ထောင်ရှီးနှင့် မွေးနေ့တစ်ထပ်တည်းတူသော ယန်သောလဲ့မှာ တစ်ခဏကြာ မူမမှန်ဖြစ်သွားသည်။ သူက ကျင်းကျင်းထံမှ ကိတ်မုန့်ကို လှမ်းယူလိုက်ပြီး ပြုံးပြသည်။


“ အင်း…အဲ့လိုပဲ လုပ်ဖြစ်လောက်မှာပါ…”


စကားဆုံးသည်နှင့် ယန်သောလဲ့က ထောင်ရှီးကို အလိုလိုလှည့်ကြည့်လိုက်မိသည်။ ထောင်ရှီးကမူ လက်ထဲတွင် ကိတ်မုန့်တစ်စိတ်ကို ကိုင်လျက်သားဖြင့် ယန်သောလဲ့ကို ခေါင်းစောင်းကာ ပြုံးပြလာသည်။ ယန်သောလဲ့က သူ့အကြည့်ကို အမြန်ပြန်ရုတ်သိမ်းလိုက်ပြီး နှုတ်ခမ်းကိုတင်းစေ့ကာ ဆိုဖာခုံသို့ပြန်သွားထိုင်လိုက်သည်။ ထို့နောက် ဖုန်းကောက်ကိုင်၍ တစ်စုံတစ်ယောက်ကို မက်ဆေ့ချ်ပို့လိုက်၏။


ထောင်ရှီးက ခရင်းလေးတစ်ချောင်းကို ကိုင်လိုက်ပြီး လက်ထဲက ကိတ်မုန့်ကို တစ်ကိုက်စာ ဖဲ့စားလိုက်သည်။ ကိတ်မုန့်၏အရသာက ချိုဆိမ့်ပြီး နူးညံ့နေသည်။ ယခင်ကဆိုလျှင် သူ့အတန်းဖော်များ၏မွေးနေ့ရောက်မှသာ မွေးနေ့ကိတ်ကို စားရလေ့ရှိသည်။ သို့သော် ချင်းရွှေခရိုင်ရှိ အကောင်းဆုံး ကိတ်ဆိုင်များတောင်မှ ကိတ်မုန့်သားက အလွန်ကြမ်းလှ၏။


“ ပြီးရင် ထောင်ရှီးအလှည့်မလား။ ငါ အမှတ်မမှားရင် ဒီဇင်ဘာ ၂၆ နေမယ်။ ဒိန်ချဉ့်မွေးနေ့နဲ့ အရမ်းကပ်တယ်လေ…” လီရှောင်ယွမ်က ပြောရင်းဆိုရင်း ထောင်ရှီး၏အနားသို့ လျှောက်လာ၏။ အတန်းခေါင်းဆောင်တစ်ယောက်အနေနှင့် အတန်းသားများ၏ မွေးနေ့ကို မှတ်ထားခြင်းဖြစ်မည်။


“ အင်း အရမ်းကပ်တယ်။ တစ်ရက်တည်းနီးပါးပဲ…” ထောင်ရှီးက ကိတ်မုန့်ကို ကိုက်လိုက်ပြီး ယန်သောလဲ့ကို လှည့်ကြည့်ကာ ပြန်ဖြေလိုက်သည်။


ခေါင်းငုံ့နေကာ စာရိုက်နေသည့် ယန်သောလဲ့၏ ဖုန်းစခရင်ပေါ်မှလက်ချောင်းများက တုံ့ခနဲ ရပ်တန့်သွားသည်။


ကောဖျင်က စိတ်မလုံမလဲခံစားခဲ့ရခြင်းကြောင့် ဖြစ်မည်။ အိမ်ထောင်စုစာရင်းထဲတွင် ထောင်ရှီး၏မွေးနေ့က ဒီဇင်ဘာ ၂၆ ရက်နေ့ဖြစ်ပြီး ထောင်လဲ့၏မွေးနေ့ကမူ ဒီဇင်ဘာ ၂၈ ဖြစ်သည်။ ထောင်ရှီးမှာ ၂၈ ရက်နေ့ရောက်မှသာ မွေးနေ့အတွက် သက်ရှည်ခေါက်ဆွဲကို ထောင်လဲ့နှင့်အတူ စားရလေ့ရှိသည်။


မနှစ်ကအထိ မိခင်အရင်းက မွေးဖွားပေးခဲ့သည့် သူ့မွေးနေ့အမှန်ကို မသိရှိခဲ့ရပါပေ။


မွေးနေ့ပါတီက ပြီးခါးနီးပြီဖြစ်၏။ အရက်မူးနေကြသည့် လူတစ်သိုက်မှာ အော်လိုက်၊ ဟစ်လိုက်ဖြင့် ဆူညံနေကြဆဲပင်။ ထောင်ရှီး၏ဖုန်းက ရုတ်တရက် တုန်ခါလာသောကြောင့် ဖုန်းထုတ်ကာ ကြည့်လိုက်သည်။ အချိန်တိုက်ထားသကဲ့သို့ပင် ကွမ်းဖန်ယွင့်က သူ့ကို မက်ဆေ့ချ်ပို့လာခြင်း ဖြစ်နေ၏။


“ တို့မိတ်ဆွေတစ်ယောက်က ခုလေးတင် ရောက်လာခဲ့တယ်။ သူက ကယ်လီဖိုးနီးယားက အနုပညာတက္ကသိုလ်မှာ ဘွဲ့ရခဲ့တာလေ။ သူကလည်း မင်းလို ဆီဆေးပန်းချီကို သင်ခဲ့တာပဲ။ အခုဆို သူရဲ့ ဂုဏ်သတင်းကျော်စောမှုက နည်းနည်းနောနောတော့ မဟုတ်ဘူး။ မင်းက အမေရိကားမှာ ကျောင်းတက်ချင်နေတယ်လို့ တို့ကြားထားတယ်။ တို့မင်းကို ဒီအခွင့်ထူးကြီးနဲ့ မိတ်ဆက်ပေးမယ်လေ။ တို့မိတ်ဆွေက အရမ်းသဘောကောင်းတာ။ မင်းသူ့ကို မေးချင်တာမေးလို့ရတယ်…”


ထောင်ရှီးက မက်ဆေ့ချ်ကို စူးစိုက်ကြည့်လိုက်၏။ စခရင်ပေါ်မှ အလင်းရောင်က သူ၏မျက်ဆံနက်နက်များကို အလင်းပြန်နေသည်။ သူ ခေါင်းကိုဖြည်းညင်းစွာ မော့လိုက်သည်။ သူ့မျက်နှာက မီးရောင်ကြားတွင် လင်းတစ်ဝက်၊ မှောင်တစ်ဝက်ဖြင့်။


ယန်သောလဲ့က သူစိုက်ကြည့်နေသည်ကို သတိမပြုမိဟန်ဖြင့် လာမည့်မွေးနေ့ပါတီအကြောင်းကို သူငယ်ချင်းတစ်ချို့နှင့် ပြုံးရွှင်စွာ ဆွေးနွေးနေသည်။


ထောင်ရှီးက ခေါင်းငုံ့ကာ စခရင်ပေါ်တွင် ဖြည်းညင်းစွာ စာရိုက်လိုက်သည်။


“ ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်…”


ကွမ်းဖန်ယွင့်က လျင်မြန်စွာ စာပြန်လာခဲ့သည်။


“ မဟုတ်တာ။ မင်းအခု ဘယ်သီးသန့်ခန်းမှာရှိနေလဲ။ တို့မင်းကို လာခေါ်မယ်လေ…”


ထောင်ရှီးက သီးသန့်ခန်းနံပါတ်ကို ပို့လိုက်ပြီး ကျင်းကျင်းကို ပြန်ခွင့်တောင်းလိုက်သည်။ ထောင်ရှီးက အဆောင်ပိတ်ချိန် မမီမှာစိုးသည့်အတွက် ပြန်ချင်နေသည်ဟု ကျင်းကျင်းက ထင်သွားပြီး လမ်းတွင်ဂရုတစိုက်ပြန်ရန်သာ မှာကြားလိုက်သည်။


ထိုအချိန်တွင် ယန်သောလဲ့က သူ့ကို မျက်လုံးထောင့်ကနေ တစ်ချိန်လုံး လှမ်းအကဲခတ်နေခဲ့သည်။


ထောင်ရှီးက ပြန်မကြည့်ခဲ့ပေ။ အခြားအတန်းဖော်များကို နှုတ်ဆက်ပြီးနောက်တွင် သူ သီးသန့်ခန်းတံခါးကိုဖွင့်ကာ အပြင်သို့ထွက်လာခဲ့သည်။ ထို့နောက် အခန်းတံခါးကို ပြန်ပိတ်လိုက်ရာ သီးသန့်ခန်းထဲမှ ဆူညံသံများအားလုံးနှင့် အဆက်ပြတ်သွားသည်။


ကွမ်းဖန်ယွင့်က ကော်ရစ်တာတစ်လျှောက်မှ ဒေါက်ဖိနပ်သံ တဒေါက်ဒေါက်နှင့်အတူ ရောက်လာသည်။ ထောင်ရှီးမှာ ဤအမျိုးသမီးထံမှ အရက်နံ့နှင့် ပြင်းထန်သည့် ဆေးလိပ်နံ့ကို အဝေးကြီးကတည်းက ရလိုက်သည်။ သူ မျက်လွှာချလိုက်ပြီး မနှစ်မြို့မှုကို ဖုံးကွယ်ထားလိုက်၏။


ကွမ်းဖန်ယွင့်က လက်ထဲတွင် စီးကရက်တစ်လိပ်နှင့်အတူ ထောင်ရှီးရှိရာသို့ လျှောက်လာရင်း သူမရှေ့က အသားဖြူဖြူနှင့်ကောင်လေးကို ကြည့်လိုက်သည်။ ကောင်လေး၏ပုံစံမှာ ကျောင်းသားကောင်းလေးတစ်ယောက်ဖြစ်မှန်းသိသာပြီး ဤနေရာနှင့် လားလားမှ အပ်စပ်မှု မရှိပါချေ။


သူမက မျက်လုံးများမှေးကာ ပြုံးပြလိုက်ပြီး ဖော်ရွေသောအသံဖြင့် ပြောလိုက်၏။


“ အတန်းဖော်တွေကို နှုတ်ဆက်ပြီးပြီလား…”


ထောင်ရှီးက အခုလေးတင်ပိတ်လိုက်သည့် တံခါးကိုကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။


“ ဒါဆိုသွားစို့၊ တို့မိတ်ဆွေက စောင့်နေတာ နည်းနည်းကြာပြီ…” ကွမ်းဖန်ယွင့်က ပြောလိုက်၏။ သူမ ဤနေရာတွင် သိပ်အကြာကြီး မနေလိုပါချေ။


သို့သော် ထောင်ရှီးက တုတ်တုတ်မှမလှုပ်ပေ။ သူက မျက်လုံးပင့်ကာ ကွမ်းဖန်ယွင့်ကို ကြည့်ရင်း ပြောလာသည်။


“ ဥက္ကဌကွမ်း၊ ကျွန်တော် အခုမှ သတိရမိတယ်။ ကျွန်တော်နဲ့အတူ ဥက္ကဌကွမ်းရဲ့ပါတီကို လိုက်ချင်နေတဲ့ အတန်းဖော်တစ်ယောက်ရှိတယ်…”


ကွမ်းဖန်ယွင့်၏မျက်နှာပေါ်မှ အပြုံးက တောင့်ခဲသွားသည်။ ထောင်ရှီး၏ မျက်လုံများကိုကြည့်ရင်း သူမ၏စိတ်ထဲ၌ ထူးဆန်းသော ခံစားချက်များ ပေါက်ဖွားလာသည်။ သို့သော် သူမက အလျင်အမြန် ပြန်ပြောလိုက်၏။


“ တို့အဖွဲ့အစည်းရဲ့အဖွဲ့ဝင်မဟုတ်ရင် တို့ပါတီကို လာလို့မရဘူးလေ…”


ထောင်ရှီးက ဝမ်းပန်းတနည်းဖြစ်သွားဟန်ဖြင့် “အာ” ဟု ရေရွတ်လိုက်သည်။


“ ဒါပေယ့် ဥက္ကဌကွမ်း သူ့ကို သိလောက်မှာပါ။ အရင်တစ်ခေါက်က ပန်းချီပြပွဲမှာ ဦးလေးယန်နဲ့ ဥက္ကဌကွမ်းကို အတူတွဲတွေ့လိုက်ရတယ်လေ။ ကျွန်တော့်အတန်းဖော်က ဦးလေးယန်ရဲ့သား၊ ယန်သောလဲ့လေ။ ဥက္ကဌကွမ်း သူ့ကိုသိတယ်မလား…”


ခပ်မှိန်မှိန် မီးအလင်းရောင်က ကော်ရစ်တာ၏မျက်နှာကြတ်ပေါ်မှ ဖြာကျနေသဖြင့် သူ မျက်တောင်တစ်ချက်ခတ်လိုက်တိုင်း ပါးပေါ်တွင် မျက်တောင်ရှည်တို့၏အရိပ်များက ခပ်စောင်းစောင်းထပ်ဟပ်နေသည်။


ကွမ်းဖန်ယွင့်မှာ အဘယ်ကြောင့် သူမရင်ထဲတွင် ထူးဆန်းသောခံစားချက်များ ဖြစ်ပေါ်လာရသလဲကို အဆုံးတွင်မှ နားလည်သွားခဲ့ရသည်။ ထောင်ရှီး၏မျက်လုံးများက သူမနှင့် ဆင်တူနေခြင်းပင်။ မဟုတ်၊ သူမ တစ်ချိန်လုံးလိုက်တုပနေသည့် တစ်စုံတစ်ယောက်၏မျက်လုံးများနှင့် ပို၍ဆင်တူနေခဲ့ခြင်းဖြစ်၏။


သူမက ပီပြင်စွာ ပြုံးလိုက်သည်။ သို့သော်ငြား လက်ဖဝါးတွင်မူ ချွေးအေးများပျံလာခဲ့သည်။


သူမကို တည့်မတ်စွာ စိုက်ကြည့်နေသော ထောင်ရှီး၏အကြည့်များကို ရှောင်ရှားလိုက်ရင်း အံ့အားသင့်သွားသောမျက်နှာဖြင့် ပြောလိုက်သည်။


“ဪ၊ တို့သိတာပေါ့။ လဲ့လဲ့ရော ဒီကိုရောက်နေတာလား…”


ထောင်ရှီးက ခေါင်းညိတ်ပြပြီး ပြန်ဖြေလိုက်သည်။


“ ဟုတ်တယ်။ သူအခုထိ အထဲမှာရှိနေသေးတယ်။ ဥက္ကဌကွမ်းနဲ့ တွေ့ရအောင် ကျွန်တော် သူ့ကို လှမ်းခေါ်လိုက်မယ်လေ…”


ထောင်ရှီးက တံခါးကိုပြန်ဖွင့်ကာ သီးသန့်ခန်းထဲပြန်ဝင်မည်ပြုနေသည်ကို မြင်သော် ကွမ်းဖန်ယွင့်မှာ သူ့လက်မောင်းကို အမြန်ဆွဲထားလိုက်ပြီး အားတင်းပြုံးကာ ပြောလိုက်သည်။


“ မခေါ်ပါနဲ့၊ တကယ်တော့ သူက တို့ကို မတွေ့ချင်လောက်ဘူး။ တို့တွေက သိပ်တွေ့ဖြစ်တာလည်း မဟုတ်ဘူးလေ။ ဒီနေ့မှ တိုက်ဆိုင်ပြီးလာဆုံတာ…”


ထောင်ရှီးက အစိမ်းပုပ်ရောင်လက်သည်းနီဆိုးထားသည့် ကွမ်းဖန်ယွင့်၏လက်ကို ရှောင်လိုက်ပြီး ပြောလိုက်၏။


“ ဟုတ်လား…”


စကားခဏရပ်ပြီးနောက်တွင် သူက ကွမ်းဖန်ယွင့်ကို ပြုံးပြကာ တစ်ကိုယ်တည်းရေရွတ်နေသည့်အလား ပြောလိုက်လေ၏။


“ ဥက္ကဌကွမ်းက ယန်သောလဲ့ကို ဖိတ်ချင်လို့ ပါတီကို ဒီနေရာထိ ပြောင်းလိုက်တယ်လို့တောင် ကျွန်တော်ကထင်နေတာ…”


ကွမ်းဖန်ယွင့်၏ရင်ထဲတွင် ဒိန်းခနဲဖြစ်သွားပြီး ထောင်ရှီးကို ဆွံ့အစွာ ကြည့်လိုက်သည်။ သူမကို စိုက်ကြည့်နေသော ထိုမျက်ဆံနက်နက်များက ခံစားချက်ကင်းမဲ့နေသည်။ မျက်တောင်ရှည်များ၏အရိပ်များသာ အောက်မျက်ခမ်းစပ်ပေါ်တွင် ထပ်ဟပ်နေ၏။


ထောင်ရှီးက သူမ၏ရည်ရွယ်ချက်ကို သိပြီးလောက်ပြီးမှန်း သူမရိပ်မိလိုက်သည်။


“ ဥက္ကဌကွမ်း၊ အခု ကျွန်တော်တို့ ဥက္ကဌကွမ်းရဲ့မိတ်ဆွေနဲ့ သွားတွေ့ကြတော့မလား…” ထောင်ရှီးက မေးလိုက်သည်။


ကွမ်းဖန်ယွင့်မှာ ထောင်ရှီး၏မျက်လုံးများကို ပြန်မကြည့်ရဲတော့ပါချေ။ သူမလက်ထဲက စီးကရက်ကိုသာ တင်းတင်းဆုပ်လိုက်မိပြီး စိတ်လည်း အတော်ရှုပ်သွားသည်။ သူမ၏မူလအကြံအစည်ကို အကောင်အထည်ဖော်သင့်၊ မဖော်သင့်တောင် တွေဝေသွားသည်။ စက္ကန့်အနည်းငယ်ကြာတွင်မူ သူမက ဆုံးဖြတ်ချက်ချလိုက်သည်။


“ သွားစို့၊ တို့မိတ်ဆွေက စောင့်နေတာကြာပြီ…”


ထောင်ရှီးက ဖုန်းကို သူ့အိတ်ထောင်ထဲသို့ ထည့်လိုက်သည်။ သူ့နှုတ်ခမ်းစွန်းတွင်မူ လှောင်ပြုံးလေးတစ်ခု ပေါ်လာခဲ့၏။


သူ ကွမ်းဖန်ယွင့်နှင့်အတူ ထွက်သွားမည်ပြင်စဉ် ကော်ရစ်တာ၏အဆုံးမှ လူရိပ်လေးတစ်ခုကို ရုတ်တရက် တွေ့လိုက်ရသည်။ သူ့ခြေလှမ်းများ ချက်ချင်းဆိုသလို တုံ့ခနဲ ရပ်တန့်သွားသည်။


လင်ချင်းဟယ်က မျက်မှောင်ခပ်သာသာကြုတ်လျက် ထောင်ရှီးကို ကြည့်နေသည်။ သို့သော် ထောင်ရှီး၏ဘေးမှ အမျိုးသမီးကို တွေ့လိုက်ရသောအခါတွင် သူ့မျက်မှောင်များက ပို၍ပင် တွန့်ချိုးသွားသည်။


“ ဘာလို့ အမြန်ကြီးရောက်လာတာလဲ…” ထောင်ရှီးက လင်ချင်းဟယ်ရှိရာသို့ လျှောက်သွားရင်း မေးလိုက်သည်။


လင်ချင်းဟယ်က ထောင်ရှီးကို စိုက်ကြည့်ကာ ခုနက ထိုမျက်ဝန်းများထဲတွင် မြင်လိုက်ရသည့် ဝမ်းနည်းရိပ်များကို ပြန်ရှာကြည့်နေသည်။ သို့သော် ၎င်းက သူမှားမြင်လိုက်သည့်အလားပင်။ သူ့ကို မြင်သည်နှင့် ထောင်ရှီး၏မျက်လုံးများက မှီခိုအားကိုးခြင်းနှင့် ပျော်ရွှင်မှုများသာ ပြည့်နှက်သွားသည်။


လင်ချင်းဟယ်က ပြန်မဖြေပေ။ ထောင်ရှီးကို လက်ကောက်ဝတ်မှ ဆုပ်ကိုင်လိုက်ပြီး သူ့အနောက်သို့ ပို့လိုက်သည်။ ထို့နောက် ရှောင်တိမ်းချင်နေဟန်ရှိသော ကွမ်းဖန်ယွင့်ကို အကြည့်ပို့ကာ ပြောလိုက်သည်။


“ဘာတွေပြောနေကြတာလဲ…”


ကွမ်းဖန်ယွင့်က လင်ချင်းဟယ်၏ သူမအပေါ် ရန်လိုမှုကို ခံစားမိလိုက်ကာ မပွင့်တပွင့်ပြုံးရင်း ပြောလိုက်၏။


“ ထောင်ရှီးက တို့ချင်းဟွာပန်းချီအဖွဲ့အစည်းရဲ့ အဖွဲ့ဝင်ဆိုတော့ တို့ရဲ့ မိတ်ဆွေတွေနဲ့ သူ့ကို မိတ်ဆက်ပေးမလို့ပါ…”


သူမ၏လေသံက တည်ငြိမ်နေသော်ငြား ရင်ထဲတွင်မူ သွေးပျက်နေလေပြီ။ ယန်သောလဲ့နှင့်အတူ ကြီးပြင်းလာသည့် လင်မိသားစု၏ သခင်လေးကို သူမ မသိစရာအကြောင်းမရှိပေ။ သူ့နောက်ခံအသိုင်းအဝိုင်းကလည်း သွားထိလို့ရနိုင်သည့်အရာမျိုး မဟုတ်ချေ။ ထို့အပြင် သူ့အမေ လော်ကျန်းယင်းကဲ့သို့ပင် ဤကောင်လေးက ယန်ကျန်းမင်ကို မုန်းနေရာ သူမကိုဆိုလျှင် ဆိုဖွယ်ရာပင်မရှိပေ။


လင်ချင်းဟယ်က သူမကို မယုံပေ။ သူက ထောင်ရှီးကိုလှည့်ကြည့်ပြီး မေးသည်။


“ သူပြောတာဟုတ်လား…”


ထောင်ရှီးက ခေါင်းညိတ်ပြလိုက်ပြီး ဘာမှမပြောလာခဲ့ချေ။ သူ့မျက်လုံးများက ခြေချောင်းများကိုသာ ငုံ့ကြည့်နေသည်။


လင်ချင်းဟယ်က ပြုံးကာ ကွမ်းဖန်ယွင့်ကို ကြည့်လိုက်ပြီး ခံစားချက်မပါသော အသံဖြင့် ပြောလိုက်သည်။


“ ဘယ်မိတ်ဆွေလဲ။ ကျွန်တော်သိလို့ရမလား…”


ကွမ်းဖန်ယွင့်မှာ ခြိမ်းခြောက်သည့်အငွေ့အသက်များကို ခံစားလိုက်ရ၏။ သူမက လက်မြှောက်၍ ဖုန်းကိုကြည့်ဟန်ဆောင်လိုက်ကာ အားနာဟန်ဖြင့် သူတို့နှစ်ယောက်ကို ပြောလာသည်။


“ အားနာလိုက်တာ၊ တို့မိတ်ဆွေက ရုတ်တရက်ကြီး ကိစ္စပေါ်လာလို့ ခုချက်ချင်းသွားရမယ်ဆိုတဲ့အကြောင်း WeChat ကနေ မက်ဆေ့ချ်ပို့လာတယ်။ တို့တောင်းပန်ပါတယ်။ နောက်တစ်ခေါက်ကြုံမှ မင်းတို့ကို မိတ်ဆက်ပေးပါမယ်။ တို့ကို ခွင့်ပြုဦးနော်…”


လင်ချင်းဟယ်က ကွမ်းဖန်ယွင့်၏ စိုးရိမ်တကြီးနှင့် ဖုံးကွယ်လိုဟန် မလုံမလဲအသွင်အပြင်ကို ကြည့်ကာ ပြောလိုက်သည်။


“ ကောင်းပါပြီ။ ဦးလေးယန်ကိုလည်း သတိရကြောင်း ပြောပေးပါဦး…”


ကွမ်းဖန်ယွင့်၏မျက်ခွံများ တုန်လှုပ်သွားကာ အပြုံးနှင့်‌ ပြောလိုက်၏။


“ စိတ်ချပါ။ ကျန်းမင်ကလည်း မင်းနဲ့ မင်းအမေဆီကို အမြဲအလည်လာချင်နေတာ…”


ကွမ်းဖန်ယွင့် မြင်ကွင်းမှ ထွက်သွားသည်အထိ လင်ချင်းဟယ်က ရပ်ကြည့်နေပြီးနောက် တစ်ချိန်လုံး အသံတိတ်နေသည့် ထောင်ရှီးကို လှည့်ကြည့်လိုက်သည်။ ထို့နောက် အလွန်လေးနက်သော အသံဖြင့် မေးလိုက်၏။


“ ဘာတွေဖြစ်နေတာလဲ…”


ကွမ်းဖန်ယွင့်၏ မသင်္ကာဖွယ်အပြုအမူကို သူ သတိမထားမိဘဲ မနေသလို၊ ထောင်ရှီး၏ ပုံမှန်မဟုတ်သော အမူအရာကိုလည်း ပို၍ပင် သတိမထားမိစရာအကြောင်းမရှိပါချေ။ သူ့အရှေ့မှလူ၏ စိတ်ခံစားချက်တိုင်းကို သူ အမြဲတစေ အရိပ်အကဲဖတ်တတ်နေခဲ့သည်။


ထောင်ရှီးမှာ အမှန်တကယ်ကို လိပ်ပြာမသန့်ဖြစ်မိသည်။ ယနေ့ည သူ ကြုံခဲ့ရသည့်အရာများ၊ ကြံစည်ခဲ့သည့်အရာများကို လင်ချင်းဟယ်အား ပြောပြနိုင်စွမ်းမရှိပါချေ။ သို့သော် လင်ချင်းဟယ်က သူ့ကို စူးစမ်းသောအကြည့်ဖြင့် စိုက်ကြည့်လာသောအခါ ယုတ္တိတန်သော အလိမ်အညာတစ်ခုမှ ထွက်မလာနိုင်တော့ချေ။


ကော်ရစ်တာနားက တံခါးလေးဟနေသော အခန်းလွတ်တစ်ခုကို သူ အမှတ်တမဲ့ တွေ့လိုက်ရသည်။ သူ လင်ချင်းဟယ်၏လက်ကောက်ဝတ်ကို ဆွဲကာ အခန်းထဲဝင်စေပြီး တံခါးကို တင်းကြပ်စွာ ပိတ်လိုက်သည်။


အခန်းထဲတွင် မီးမဖွင့်ထားပေ။ သီချင်းဖွင့်သည့်စခရင်မှ အလင်းရောင်သဲ့သဲ့သာ မှိတ်တုပ်မှိတ်တုပ်လင်းနေသည်။ ထောင်ရှီးက လက်မြှောက်ကာ လင်ချင်းဟယ်၏လည်တိုင်ကို သိုင်းဖက်လိုက်ပြီး ရင်ခွင်ထဲသို့ တိုးဝင်လိုက်သည်။ သူ့နှုတ်ခမ်းများဖြင့် လင်ချင်းဟယ်၏ လည်တိုင်ကို ခပ်ဖွဖွနမ်းလိုက်ကာ ပင့်သက်ရှိုက်လျက် တီးတိုးပြောလိုက်သည်။


“ ငါ မင်းကို နည်းနည်းလွမ်းတယ်…”


လင်ချင်းဟယ်က သိသိသာသာ အံ့ဩသွားပြီး လက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်ကာ သူ့ရင်ခွင်ထဲကလူကို ပြန်ဖက်ထားလိုက်ပြီး ရယ်သံစွက်သော အသံဖြင့် ပြောလိုက်သည်။


“ ငါတို့ မတွေ့တာ တစ်ရက်တောင် မပြည့်သေးဘူးလေ…”


ထောင်ရှီးက နှုတ်ခမ်းများဖြင့် လင်ချင်းဟယ်၏လည်ပင်းကို ပွတ်သပ်လိုက်သည်။ ထိုအခါ သူ့ခါးတစ်ဝိုက်ရှိလက်များက ပို၍တင်းကြပ်သွားလေသည်။


“ လွန်ခဲ့တဲ့ နှစ်ပတ်ကတည်းက မင်းက လေ့ကျင့်ရေးနဲ့ ပြိုင်ပွဲအတွက်ပဲ နေ့တိုင်း အလုပ်ရှုပ်နေတာလေ။ တစ်ခါတလေဆို နေ့ခင်းရော၊ ညနေပါ မတွေ့ရဘူး။ ညကျတော့လည်း မင်းက အိမ်ပြန်သွားတော့ မတွေ့ရတော့ပြန်ဘူး...”


လင်ချင်းဟယ်က လက်မြှောက်ကာ ထောင်ရှီး၏ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်ရင်း တိုးတိုးလေး ပြောလာသည်။


“ ငါ့ကို ခဏတော့ စောင့်ပေးပါ။ ခဏလေးပဲ…”


ထောင်ရှီးမှာ လင်ချင်းဟယ်က ပြိုင်ပွဲပြီးမည့်အချိန်ကို စောင့်ခိုင်းသည်ဟု ထင်သွားသည်။ သူ့မေးစေ့လေးကို လင်ချင်းဟယ်၏ပုခုံးတွင် ထောက်လိုက်ရင်း မျက်တောင်ရှည်များကို အောက်သို့ ငိုက်စိုက်ချလိုက်သည်။ သူ့မျက်ဝန်းထဲက မြင့်တက်လာသော ခံစားချက်များကို မည်သူမျှမြင်နိုင်မည် မဟုတ်ပါချေ။ သူ့ပုံစံက တစ်ခုခုကိုပြောထွက်ရန် တွန့်ဆုတ်ကာ ချီတုံ့ချတုံဖြစ်နေပုံနှင့် တူသည်။


ငါးစက္ကန့်မျှ ကြာပြီးနောက်တွင် ထောင်ရှီးက ဆုံးဖြတ်ချက်တစ်ခုချလိုက်ကာ လင်ချင်းဟယ်ကို ပြောလိုက်လေ၏။


“ မင်း ပြိုင်ပွဲပြီးသွားတဲ့နေ့ကျရင် ငါမင်းကို လျှို့ဝှက်ချက်တစ်ခုပြောပြမယ်…”


သူ၏အကြီးမားဆုံး လျှို့ဝှက်ချက်ပင်။


ယခုက အချိန်ကောင်းမဟုတ်သေးပေ။ ဤဖြစ်ရပ်က မိသားစုဝင်အားလုံးကို ထိတ်လန့်တုန်လှုပ်သွားစေမည်မှာ သေချာပြီး လင်ချင်းဟယ်က ပြိုင်ပွဲအတွက် ပြင်ဆင်နေဆဲအချိန်ဖြစ်သည်။ ပြိုင်ပွဲအပေါ် သေချာပေါက်သက်ရောက်စေလိမ့်မည်။


လင်ချင်းဟယ်က နှစ်စက္ကန့်မျှ ငြိမ်သက်သွားပြီးနောက် မေးလာ၏။


“ အဲ့ဒါက ယန်သောလဲ့နဲ့ တစ်ခုခုပတ်သက်နေတာမလား…”


ထောင်ရှီး၏ ခန္ဓာကိုယ်က တစ်ခဏချင်း တောင့်ခဲသွားသည်။ သူ မှိန်ဖျဖျအလင်းရောင်ကြားမှ လင်ချင်းဟယ်၏မျက်လုံးများကို စိုက်ကြည့်လိုက်သည်။ ထိုတစ်ဒင်္ဂတွင် လင်ချင်းဟယ်က ထိုအကြောင်းကို သိလား၊ မသိသလားကိုတောင် သူ ဝေခွဲရခက်သွားသည်။


အမှန်တကယ်တွင် သူ့အတွေးများကို ယုံကြည်ချက်မရှိပါချေ။ ကွမ်းဖန်ယွင့်နှင့် ယန်သောလဲ့၏ စကားဝိုင်းကို နားထောင်အပြီးတွင် သူ သည်းမခံနိုင်လောက်အောင် ဒေါသများထွက်လာပြီး အရွဲ့တိုက်ချင်စိတ်များ ဖြစ်လာခဲ့သည်။ ယန်သောလဲ့က ဘာအရည်အချင်းနဲ့များ သူ့ကို “သင်ခန်းစာ” ပေးမှာတဲ့လဲ။


ထို့နောက်တွင် သူ ပျာယာခတ်လာရပြန်သည်။ ယန်သောလဲ့က ဘာကြောင့် သူ့ကို “သင်ခန်းစာ” ပေးမှာလဲ။ သူပိုင်ဆိုင်မှုတွေနဲ့ ဂရုစိုက်မှု၊ အလိုလိုက်မှုတွေကို ဆယ့်ခြောက်နှစ်တိုင်တိုင် အခန့်သားခံစားခဲ့ရပြီ မဟုတ်လား။ သို့တိုင် သူ့ဘဝအစစ်အမှန်ကို ဖော်ထုတ်ခံလိုက်ရလျှင်တောင် ထိုအလိုလိုက်မှုနှင့် ဂရုစိုက်မှုများက ပျောက်ကွယ်သွားပါ့မည်လား။


မဖြစ်နိုင်ပေ။ တိရစ္ဆာန်လေးတစ်ကောင်ကို ဆယ့်ခြောက်နှစ်ကြာ ကျွေးမွေးထားလျှင်တောင် သံယောဇဉ်တွယ်တတ်ကြသေးသည် မဟုတ်လား။ လူဆိုလျှင် ဆိုဖွယ်ရာပင် မရှိပေ။


သူ ယခုချက်ချင်း လင်ချင်းဟယ်ကို အမှန်အတိုင်း မပြောပြရဲပါချေ။ လင်ချင်းဟယ်က သူ့ကို ယုံမယုံကိုလည်း တပ်အပ်မပြောနိုင်ပေ။ တစ်ဖက်က ဆယ့်ခြောက်နှစ်နီးပါး ညီအစ်ကိုလို ရင်းနှီးခဲ့ရသည့် သူငယ်ချင်းတစ်ယောက်၊ ကျန်တစ်ဖက်က အတူရှိသည်မှာ နှစ်လတောင် မကြာသေးသည့် ချစ်သူတစ်ယောက်။


နှစ်ယောက်ထဲတွင် သူက ပိုအရေးပါသည့်လူဖြစ်လိမ့်မည်ဟု မယုံကြည်ရဲပေ။


ထောင်ရှီးက မေးခွန်းကိုပြန်မဖြေဘဲ လင်ချင်းဟယ်ကို မော့ကြည့်လိုက်သည်။ ထို့နောက် အလွန်သိုဝှက်သော မေးခွန်းတစ်ခုကို မေးလိုက်သည်။


“ တကယ်လို့ ငါက မင်းကို ခက်ခဲအောင်လုပ်မိရင်ရော…”


ယနေ့ညပြီးလျှင် သူအနေနှင့် ဘာမှမဖြစ်ခဲ့သလိုဟန်ဆောင်ပြီး ယန်သောလဲ့နှင့် တစ်မိုးအောက်ထဲ အတူရှိနေ၍ မဖြစ်နိုင်တော့ပေ။


လင်ချင်းဟယ်ကရော ဤကိစ္စကို မည်သို့ဆုံးဖြတ်မည်နည်း။ ယန်သောလဲ့ကို ကာကွယ်ပေးမည်လား။


လင်ချင်းဟယ်က မျက်လွှာချကာ ထောင်ရှီး၏မျက်လုံးများနှင့် အကြည့်ချင်းဆုံလိုက်သည်။ ထိုမျက်ဝန်းများထဲတွင် သူမသိနိုင်သော စိုးရိမ်ပူပန်မှုများ ရှိနေသည်။ သူ စက္ကန့်အနည်းငယ်ကြာ တိတ်ဆိတ်နေသည့်အခါ ထိုစိုးရိမ်ပူပန်မှုများက ပို၍ပင် သိသာလာခဲ့သည်။


“ ဘယ်လို ခက်ခဲအောင် လုပ်မိမှာလဲ…” လင်ချင်းဟယ်က ထပ်ဆင့်၍ မေးလိုက်သည်။ သူအနေနှင့် ခက်ခဲသည်ဟူသော အရာကို ကြုံတွေ့ဖူးခြင်းမရှိသေးပါချေ။


ထောင်ရှီးမှာ လင်ချင်းဟယ်၏အကြည့်ကြောင့် ပို၍ပင် စိုးရိမ်စိတ်များ ပြင်းထန်လာရသည်။ သူ အကြည့်လွှဲလိုက်ကာ ခဏမျှစဉ်းစားလိုက်ပြီး ပြောလိုက်ပြန်၏။


“ ဥပမာပြောရရင် မင်းက ရွေးချယ်မှုတစ်ခုကို လုပ်ရမယ်ဆိုပါစို့…”


“ မင်းနဲ့တခြားတစ်ယောက်ကို ရွေးချယ်ရမှာလား…” လင်ချင်းဟယ်က မေးသည်။


လင်ချင်းဟယ်၏ ဉာဏ်ပြေးမှုကြောင့် ထောင်ရှီးမှာ တုန်လှုပ်သွားရပြီး တွန့်ဆုတ်စွာ ခေါင်းညိတ်ပြလိုက်သည်။


စက္ကန့်အနည်းငယ်ကြာသော် သူ့ခေါင်းပေါ်ကို လက်လေးတစ်ဖက်ကျရောက်လာပြီး ညင်သာစွာ ပွတ်သပ်ပေးသည်။ အမြဲလိုလို အေးစက်ကာ ခံစားချက်ကင်းမဲ့နေသော လင်ချင်းဟယ်၏အသံက သူ့နားရွက်နားတွင် ထွက်ပေါ်လာ၏။


“ တကယ်လို့ အဲ့လိုရွေးချယ်ရမယ်ဆိုရင် ငါ့ကို ခက်ခဲအောင်လုပ်မိမှာ စိတ်မပူပါနဲ့။ ခြွင်းချက်မရှိ ငါမင်းကိုပဲ ရွေးချယ်မှာ…”


ထောင်ရှီးက ရုတ်တရက် မျက်လုံးများ ပြူးကျယ်သွားကာ လင်ချင်းဟယ်ကို ကြောင်အစွာ စိုက်ကြည့်လိုက်သည်။ ထိုတစ်ဒင်္ဂတွင် သူ မည်သို့ တုံ့ပြန်သင့်သည်ကိုပင် မသိတော့ပါချေ။


လင်ချင်းဟယ်က စိတ်ခံစားချက်များကို ထုတ်ပြတတ်သူ မဟုတ်ချေ။ သို့သော် သူ စိတ်ရှုပ်နေသည့်အချိန်တိုင်း လင်ချင်းဟယ်က အရိုးရှင်းစကားများဖြင့် သူ့စိတ်ကို နှစ်သိမ့်ပေးနိုင်စွမ်းရှိသည်။


သူ မျက်တောင်တဖျတ်ဖျတ်ခတ်ကာ ရွှတ်နောက်နောက်ပြောလိုက်သည်။


“ တကယ်လို့ ငါ ပြစ်မှုကျူးလွန်ရင်ရော…”


လင်ချင်းဟယ်၏နှုတ်ခမ်းစွန်းတွင် အပြုံးလေးရေးရေးမျှထင်လာကာ သူ့မေးကို လက်နှင့် ကိုင်မော့၍ မေးလာသည်။


“ ဘယ်လိုပြစ်မှုမျိုး ကျူးလွန်မှာလဲ…”


ထောင်ရှီးက ခဏမျှတွေးလိုက်ကာ မျက်လုံးများကို မှေးရင်း ပြောလိုက်၏။


“ မင်းကို ပြန်ပေးဆွဲတဲ့ ပြစ်မှု…”


မည်သူ့မှ မရှိသည့်နေရာတွင် လင်ချင်းဟယ်ကို ချုပ်ထားလိုက်မည်ဆိုလျှင် မည်သည့်အရာကိုမှ များများစားစား စိုးရိမ်နေစရာမလိုတော့ပါချေ။


လင်ချင်းဟယ်က မျက်ခုံးအသာပင့်သွားကာ ဆိုလာသည်။


“ မင်းစမ်းကြည့်လို့ရတယ်…”


_____________________