အပိုင်း ၄၇
Viewers 9k

The Moon Is Coming To Me


Chapter-47


လင်ချင်းဟယ်၏ နှစ်သိမ့်မှုများကြောင့် ထောင်ရှီး၏ရင်တွင်း၌ ကသိကအောက်ဖြစ်မှုများ လျော့ပါးသွားရသည်။


ရုတ်တရက် လင်ချင်းဟယ်၏ဖုန်းက အသံမြည်လာသဖြင့် ထောင်ရှီးက သူ့ကုတ်အင်္ကျီအိတ်ထောင်ထဲမှ နှိုက်ယူကာ လင်ချင်းဟယ်ကို ပေးလိုက်သည်။


လင်ချင်းဟယ်က ဖုန်းစခရင်ကို တစ်ချက်ကြည့်လိုက်သော် ဖုန်းခေါ်ဆိုသူမှာ လော်ကျန်းယင်းဖြစ်နေသောကြောင့် ဖုန်းကိုင်လိုက်၏။


“ ချင်းဟယ်၊ ငါ အခု လဲ့လဲ့ကို ကြိုတဲ့လမ်းမှာ။ မကြာခင် လဲ့လဲ့ဆီကိုရောက်တော့မယ်။ မင်းလည်း မင်းအဖိုးအိမ်က ပြန်လာသင့်ပြီ။ ငါ မင်းနဲ့လဲ့လဲ့ကို အပြင်ထွက် မုန့်ကျွေးချင်လို့။ အခု ဒီကို လာဖို့အဆင်ပြေမလား…”


လင်ချင်းဟယ်က တွန့်ဆုတ်မနေဘဲ ပွင့်ပွင့်လင်းလင်းသာ ပြောလိုက်သည်။


“ကျွန်တော်က ထောင်ရှီးနဲ့ အပြင်ရောက်နေတာ။ ကျွန်တော် သူ့ကို အဆောင်အရင်ပြန်လိုက်ပို့လိုက်ဦးမယ်…”


သီးသန့်ခန်းက အလွန်တိတ်ဆိတ်နေသောကြောင့် ဖုန်းစပီကာမဖွင့်ထားသော်လည်း ထောင်ရှီးမှာ လော်ကျန်းယင်း၏အသံကို ရှင်းလင်းစွာ ကြားနေရ၏။


လော်ကျန်းယင်းက ခဏတာ တုန့် ဆိုင်းသွားပြီးနောက် ဆိုလာသည်။


“ ထောင်ရှီးရော ရှိနေတာလား။ ဒါဆို အတူစားရအောင် ခေါ်လာလိုက်လေ။ မင်း သဘောကျတဲ့သူငယ်ချင်းက သိပ်မရှိဘူး။ ငါလည်း အဲ့ကလေးကို တကယ်တွေ့ချင်နေတာ…”


ထိုစကားကိုကြားသော် ထောင်ရှီးက နှုတ်ခမ်းစွန်းများ ကွေးညွှတ်သွားကာ လင်ချင်းဟယ်ကို မော့ကြည့်လိုက်သည်။


လင်ချင်းဟယ်က မျက်မှောင်ကြုတ်လိုက်သည်။ လော်ကျန်းယင်း၏ရည်ရွယ်ချက်ကို သူသိ၏။ ယခုတလော ယန်သောလဲ့က စိတ်အခြေအနေမကောင်းသဖြင့် တစ်မိသားစုလုံး ရတက်မအေးဖြစ်နေရသည်။ ထိုနေ့က သူ ယန်သောလဲ့ကို ချော့ရင်း သည်းခံစိတ်ကုန်ခမ်းသွားသဖြင့် စကားများခဲ့ရာ နှစ်ဦးသားက ယခင်ကထက် ပို၍ စိမ်းသက်လာခဲ့သည်။ လော်ကျန်းယင်းက အခွင့်ကောင်းရှာလျက် သူတို့နှစ်ဦးကို ပြန်လည်သင့်မြတ်စေချင်နေသည်။


ထောင်ရှီးက ယန်သောလဲ့ကို ဘယ်လိုသဘောထားသလဲကို သိနေသဖြင့် လင်ချင်းဟယ်က လော်ကျန်းယင်းကို အကြောင်းပြချက်တစ်ချို့ပေးကာ ငြင်းရန်ပြင်လိုက်သည်။ သို့သော် တောင်းဆိုသောအသံဖြင့် ပြောလာသော လော်ကျန်းယင်း၏အသံကို သူ ကြားလိုက်ရ၏။


“ ချင်းဟယ်၊ ထောင်ရှီးကို အမေ့အတွက် ကူမေးပေးပါဦး…”


လင်ချင်းဟယ်မှာ ထောင်ရှီးက ခေါင်းခါကာ ငြင်းလိမ့်မည်အထင်နှင့် လှည့်ကြည့်လိုက်သော်လည်း ထောင်ရှီးကမူ တည်ငြိမ်စွာ ပြောလာခဲ့လေသည်။


“ ငါအဆင်ပြေတယ်လို့ အန်တီကိုပြောပေးပါလား…”


လင်ချင်းဟယ်က ထောင်ရှီး၏ မျက်လုံးများကို နှစ်စက္ကန့်မျှ စိုက်ကြည့်လိုက်သည်။ ထိုမျက်ဝန်းများထဲတွင် မလိုလားခြင်းများမရှိကြောင်း အတည်ပြုပြီးသည့်အခါမှ လော်ကျန်းယင်းကို လက်ခံကြောင်းပြန်ပြောလိုက်ကာ စားသောက်ဆိုင်နာမည်ကို မေးလိုက်သည်။


ဖုန်းပြောပြီးသည့်အခါ လင်ချင်းဟယ်က ထောင်ရှီးကို မေးလိုက်သည်။


“ တကယ် အဆင်ပြေလို့လား…”


ထောင်ရှီးက အဘယ့်ကြောင့် ယန်သောလဲ့ကို မမြင်ချင်သည်မှန်းမသိသော်လည်း စတွေ့စဉ်ကတည်းက ယန်သောလဲ့ကို သဘောမကျကြောင်း သူ စာသင်နှစ်စကတည်းက သတိထားမိနေခဲ့သည်။


ထောင်ရှီးက သူ့လက်ကို အိတ်ထောင်ထဲထိုးထည့်လိုက်ရင်း အေးဆေးသော အသံဖြင့် ပြောလာသည်။


“ငါတကယ်အဆင်ပြေပါတယ်…”


ဒါပေမယ့် ယန်သောလဲ့ကရော၊ သူ့ကို မြင်ရင် ဘယ်လိုတုံ့ပြန်မှာတဲ့လဲ…။


လော်ကျန်းယင်းက ဂရန်းကလပ်၏ကားပါကင်တွင် ကားရပ်လိုက်ပြီး ယန်သောလဲ့ကို ဖုန်းခေါ်လိုက်သည်။ မွေးနေ့ပါတီတွင် အတန်းဖော်များနှင့် ကောင်းကောင်းအချိန်ဖြုန်းခဲ့ရသည်ထင်၏၊ ယန်သောလဲ့က ယနေ့ညတွင် စိတ်အခြေအနေ ပိုတိုးတက်လာသည်။


မကြာလိုက် “လော်မားမား” ဟုခေါ်သံနှင့်အတူ ယန်သောလဲ့က ကားထဲသို့ ဝင်လာသည်။ ယခင်ကဲ့သို့ စကားအများကြီး မပြောသေးသော်ငြား လော်ကျန်းယင်းမေးသမျှကို ပြန်ဖြေပေးနေသည်။


လော်ကျန်းယင်းက ပါတီပွဲအကြောင်း အနည်းငယ်မေးမြန်းရင်း သူမကြိုမှာထားသည့် အနောက်တိုင်းစားသောက်ဆိုင်သို့ ကားကိုမောင်းနှင်လာသည်။ ယန်သောလဲ့က ထိုဆိုင်မှ အချိုပွဲများကို အလွန်ကြိုက်တတ်သည်။ လမ်းတစ်လျှောက်လုံးတွင် သူမမှာ လင်ချင်းဟယ်နှင့် ထောင်ရှီးပါ လာမည့်အကြောင်းကို ပြောမထွက်ပါချေ။


ကလေးများ၏ သဘောထားကွဲလွဲမှုများကို ကလေးအချင်းချင်း ထိပ်တိုက်တွေ့ကာ စကားပြောစေခြင်းဖြင့် ပြေလည်သွားလိမ့်မည်ဟု လူကြီးများက အမြဲထင်မှတ်ထားကြသည်။ မူလအစက လော်ကျန်းယင်းမှာ လင်ချင်းဟယ်နှင့် ယန်သောလဲ့ကို ပြန်လည်သင့်မြတ်စေရန်သာ ရည်ရွယ်သော်လည်း ထောင်ရှီးပါ ထိုနေရာတွင် ရှိနေရန် အကြောင်းဖန်သွားသည်။ သူမကလေးနှစ်ယောက်၏ အငြင်းပွားမှုအစက ထောင်ရှီးကြောင့်ဟု သူမယူဆ၍ ယခုအခွင့်သာတုန်း ကလေးသုံးယောက်ကို မျက်နှာချင်းဆိုင်တွေ့ဆုံစေကာ ပွင့်ပွင့်လင်းလင်း စကားပြောစေခြင်းက အကောင်းဆုံးဖြစ်လိမ့်မည်ဟု သူမက တွေးခဲ့ခြင်းဖြစ်လေသည်။


အနောက်တိုင်းစားသောက်ဆိုင်တွင် ယန်သောလဲ့က ဈေးကြီးအချိုပွဲတစ်ခုကို ခေါင်းငုံ့ကာ ခရင်းနှင့်ဖဲ့စားနေသည်။ လော်ကျန်းယင်းက သူနှင့်မျက်နှာချင်းဆိုင်တွင် ထိုင်လျက် လင်ချင်းဟယ်ကို ဘယ်နေရာရောက်ပြီလဲဟု WeChat မှ မက်ဆေ့ချ်ပို့လိုက်သည်။


“ လဲ့လဲ့၊ ဒီပိတ်ရက်ကျရင် သားအမေရဲ့ အုတ်ဂူကို သန့်ရှင်းရေးသွားလုပ်ကြမလား…”


ဟိုယခင်က လော်ကျန်းယင်းက ယန်သောလဲ့နှင့်အတူ ဖန်းဆွေ့၏အုတ်ဂူသို့ မကြာခဏ သွားလည်လေ့ရှိသည်။ ယန်သောလဲ့က သူ့အမေအနှစ်သက်ဆုံးဖြစ်သည့် နှင်းဆီဖြူများကို ပန်းဆိုင်မှ ဝယ်ကာ အုတ်ဂူတွင် ချပေးလေ့ရှိပြီး ခဏကြာ စကားပြောလေ့ရှိတတ်သည်။


သို့သော် ယခုတွင်မူ ယန်သောလဲ့က လက်ထဲမှခက်ရင်းကို ရပ်တန့်လိုက်ပြီး နှုတ်ခမ်းကိုတင်းစေ့ကာ ဘာစကားမှပြောမလာခဲ့ချေ။ သိသာစွာပင် ဖန်းဆွေ့၏အုတ်ဂူကို သွားချင်ပုံမရပါချေ။


သူမ ဝေခွဲရခက်သွားသဖြင့် မေးမြန်းလိုက်မည်ပြုစဉ် မလှမ်းမကမ်းမှ လင်ချင်းဟယ်နှင့် ကောင်လေးတစ်ယောက်တို့ ရောက်လာကြသည်ကို တွေ့လိုက်ရသည်။ ထိုကောင်လေးက ထောင်ရှီးဖြစ်ကြောင်း သူမ တန်းသိလိုက်၏။


ထောင်ရှီးက စားသောက်ဆိုင်အလယ်မှ အနက်ရောင်စန္ဒရားကြီးတစ်လုံးကို လက်ညှိုးထိုးပြကာ ခေါင်းစောင်းလျက် လင်ချင်းဟယ်ကို တစ်ခုခုပြောလိုက်သည်။ လင်ချင်းဟယ်က စန္ဒရားကိုတစ်ချက်ကြည့်ပြီး ထောင်ရှီးကို ခပ်ဖွဖွပြုံးပြလိုက်သည်။


လော်ကျန်းယင်းမှာ ထိတ်လန့်သွားရပြီး ရင်ထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု ပေါက်ဖွားလာခဲ့၏။ သူမက ထိုင်ခုံမှထရပ်လိုက်ကာ သူမတို့ရှိရာသို့ လျှောက်လာနေသော ကောင်လေးနှစ်ယောက်ကို အပြုံးနှင့် လှမ်းနှုတ်ဆက်လိုက်သည်။


“ ချင်းဟယ်၊ ထောင်ရှီး…”


“ မင်္ဂလာပါ၊ အန်တီ…” ထောင်ရှီးက လော်ကျန်းယင်းကို ဖော်ရွေစွာ ပြန်နှုတ်ဆက်လိုက်ပြီး သူ့အားကျောပေးလျက် မုန့်စားနေသော ယန်သောလဲ့ကို တစ်ချက်လှမ်းကြည့်လိုက်သည်။


“ချွင်” ခနဲမြည်သံနှင့်အတူ သတ္တုပြားတစ်ခု ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ လော်ကျန်းယင်းက ယန်သောလဲ့၏လက်ထဲမှ အောက်ကိုပြုတ်ကျသွားသော ခရင်းကို ငုံ့ကြည့်လိုက်သည်။ နံဘေးမှ စားပွဲထိုးက အမြန်ရောက်လာကာ ခရင်းအသစ်နှင့် လဲလှယ်ပေးလာသည်။


ယန်သောလဲ့၏ကျောပြင်က တောင့်တင်းသွားပြီး ခေါင်းကိုငုံ့မြဲငုံ့ထားသည်။ သူ့လက်ထဲတွင်မူ ခရင်းအသစ်ကို တင်းကြပ်နေအောင် ဆုပ်ကိုင်ထားပြီး လက်များက အနည်းငယ်တုန်ရီနေသည်။


လော်ကျန်းယင်းက ယန်သောလဲ့၏အမူအရာကို သတိမထားမိပေ။


“ လဲ့လဲ့၊ ချင်းဟယ်နဲ့ထောင်ရှီးလာမယ့်အကြောင်းကို ကြိုမပြောလိုက်ရဘူး။ နှစ်‌ယောက်လုံးက အတန်းဖော်တွေပဲမဟုတ်လား။ ထိုင်ပြီး ရင်းရင်းနှီးနှီးစကားပြောကြပေါ့...”


လင်ချင်းဟယ်က ခရင်းကိုင်ထားကာ ယန်သောလဲ့၏ တုန်ရီနေသည့်လက်များကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် လော်ကျန်းယင်း၏ဘေးမှ ထိုင်ခုံကို ဆွဲကာ ထောင်ရှီးကို ထိုင်စေလိုက်ပြီး သူကိုယ်တိုင်ကမူ ထောင်ရှီး၏မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။


လော်ကျန်းယင်းကလည်း ပြန်ထိုင်သည်။ ထိုအခါမှ သူမနှင့်မျက်နှာချင်းဆိုင်ရှိ ယန်သောလဲ့၏မူမမှန်မှုကို သတိထားမိသွားလေသည်။ ယန်သောလဲ့၏နဖူးပေါ်တွင် ချွေးအေးများပျံနေပြီး နှုတ်ခမ်းများက ဖြူဖျော့နေကာ ခက်ရင်းကို ဆုပ်ညှစ်ထားလျက် သူ့အရှေ့က စားလက်စ ဘယ်ရီသီးပူတင်းကို စူးစိုက်ကြည့်နေသည်။


သူမမှာ ယန်သောလဲ့ နေထိုင်မကောင်းဖြစ်လာသည်ဟု ထင်သွားပြီး စိုးရိမ်တကြီးနှင့် ပျာယာခတ်စွာ မေးလိုက်သည်။


“ လဲ့လဲ့၊ ဘာဖြစ်လို့လဲ…”


ထောင်ရှီးက လင်ချင်းဟယ်ထံမှ မီနူးကို လှမ်းယူလိုက်ပြီး မျက်စောင်းထိုးက ယန်သောလဲ့ကို တစ်ချက်ကြည့်ကာ မီနူးကို ဖွင့်ဖတ်လိုက်သည်။


ယန်သောလဲ့က မီနူးဖတ်နေသည့် ထောင်ရှီးကို မော့ကြည့်လိုက်ပြီး လော်ကျန်းယင်းကို ခေါင်းယမ်းပြလိုက်ကာ ခြင်မြည်သံလိုအသံဖြင့် ပြောလာ၏။


“ ကျွန်တော်ဘာမှမဖြစ်ပါဘူး…”


ထို့နောက် ခက်ရင်းနှင့် ပူတင်းကို ဆက်စားနေပြီး မည်သူ့ကိုမှ မော့မကြည့်လာတော့ချေ။


လော်ကျန်းယင်းမှာ သူမများ ခွင့်ပြုချက်မရဘဲ တစ်ခုခု အမှားလုပ်မိလိုက်သလားဟုပင် ခံစားလိုက်ရ၏။ ယန်သောလဲ့က ထောင်ရှီးကို အလွန်မုန်းတီးနေပုံရသော်လည်း မောင်းတော့မထုတ်ဘဲ တိတ်ဆိတ်စွာသာ အစားဆက်စားနေခဲ့သည်။


သူမစိတ်ထဲမှ သံသယများကို သိမ်းဆည်းလိုက်ပြီး ထောင်ရှီးဘက်သို့လှည့်၍ ကြင်နာစွာမေးလိုက်သည်။


“ ထောင်ရှီး၊ စားချင်တာရှိရင် မှာစားနော်။ ဒီနေ့ အန်တီရှင်းပေးမှာ…”


ထောင်ရှီးက ကျိုးနွံစွာ ခေါင်းညိတ်ပြလိုက်သည်။


“ ဟုတ်၊ ကျေးဇူးတင်ပါတယ် အန်တီ…”


သူ ခေါင်းငုံ့ကာ မီနူးကိုဆက်ကြည့်လိုက်သည်။ စားသောက်ဖွယ်ရာတိုင်းမှာ ဈေးကြီးလွန်းလှသဖြင့် သူ့ခမျာ ဆွံ့အလို့ပင်သွားရ၏။ အချိန်ခဏကြာ ရုန်းကန်ပြီးသည့်တိုင် မည်သည်ကို ရွေးရမည်မှန်း မသိသေးချေ။ သို့နှင့် မီနူးကတ်ကို လင်ချင်းဟယ်ရှေ့သို့ တွန်းပို့လိုက်ပြီး လော်ကျန်းယင်း သူတို့ဘက် အာရုံမရောက်နေချိန်တွင် လင်ချင်းဟယ်၏လက်ဖမိုးကို လှမ်းပုတ်လိုက်သည်။


လင်ချင်းဟယ်က နားလည်စွာဖြင့် မီနူးကိုယူလိုက်ပြီး အချိုပွဲတစ်ချို့နှင့် သောက်စရာတစ်ချို့ကို စားပွဲထိုးအား မှာကြားလိုက်သည်။


စားသောက်ဖွယ်ရာများက မကြာမီပင် ရောက်လာခဲ့သည်။ လင်ချင်းဟယ်က မက်မွန်ကိတ်အချိုပွဲကို တစ်စိတ်ချင်းခွဲပြီး ထောင်ရှီး၏ပန်းကန်ထဲသို့ ထည့်ပေးနေသည်ကို လော်ကျန်းယင်း တွေ့လိုက်ရလေ၏။ ထောင်ရှီးက လင်ချင်းဟယ်၏အပြုအမူများကို အသားတကျရှိနေဟန် ပြုံးသာပြုံးပြနေသည်။


လော်ကျန်းယင်း အံ့အားသင့်သွားရပြန်ပြီး သူမသားကို ကြည့်လိုက်မိသည်။


အနောက်တိုင်းစားသောက်ဆိုင်ထဲတွင် သီချင်းသံလေး ပျံ့လွင့်နေသော်ငြား စားပွဲဝိုင်းရှိ လေထုအခြေအနေမှာမူ အနည်းငယ် အနေရခက်စရာ ဖြစ်နေလေသည်။ လော်ကျန်းယင်းက ကလေး အချင်းချင်းစကားပြောကြရန် မကြာခဏ စကားအစပျိုးပေးနေသည်။ သို့သော် ထောင်ရှီးတစ်ယောက်သာ သူမကို အလေးအနက်ထား ပြန်ဖြေပေးနေသည်။ လင်ချင်းဟယ်က သူမ မေးသမျှကို မကြာမကြာ တိုတိုတုတ်တုတ် ပြန်ဖြေပေးတတ်သော်ငြား ယန်သောလဲ့ကမူ လုံးဝစကားပြောမလာပါချေ။


မိဘအုပ်ထိန်းသူ သဘာဝ လော်ကျန်းယင်းက ကလေး၏ပညာရေးအကြောင်းနှင့် ဝါသနာအကြောင်းကို မေးမြန်းလိုက်ရာတွင် ထောင်ရှီးက ပန်းချီဆွဲခြင်းကို ဝါသနာပါကြောင်း သိလိုက်ရလေ၏။ လော်ကျန်းယင်းမှာ ဤကောင်လေးကို အနည်းငယ် အံ့အားသင့်စွာ ကြည့်လိုက်ပြီး မေးလိုက်၏။


“ မင်းလည်း ပန်းချီဆွဲရတာ သဘောကျတာလား…”


“မင်းလည်း” ဟူသော ထူးဆန်းသည့်စကားကိုတောင် သတိမထားမိစွာ သုံးနှုန်းမိသွားသည်။


ယန်သောလဲ့၏ဘေးတွင် ထိုင်နေသော လင်ချင်းဟယ်က အောက်သို့ အကြည့်ရောက်သွားစဉ်တွင် ယန်သောလဲ့၏ညာလက်က စားပွဲခင်းကို လက်ဆစ်များဖြူလျော်လာသည့်အထိ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်ကို တွေ့လိုက်ရသည်။ တစ်စုံတစ်ခုအတွက် အလွန်အမင်း စိုးရိမ်ပူပန်နေသည့်အလားပါပင်။


ထောင်ရှီးက ခေါင်းညိတ်ကာ ပြောလိုက်သည်။


“ ဟုတ်ကဲ့၊ ကျွန်တော်အခု အဖိုးချောင်ဟယ့်နျန်ဆီမှာ ပန်းချီသင်နေပါတယ်…”


လော်ကျန်းယင်းမှာ “ချောင်ဟယ့်နျန်” ဟူသော နာမည်သုံးလုံးကြောင့် တုန်လှုပ်သွားရပြီး လွန်ခဲ့သောနှစ်ပေါင်းများစွာအကြာက အဖြစ်အပျက်များကို ပြန်သတိရသွားသည်။ ဖန်းဆွေ့ ဆယ့်ခြောက်နှစ်၊ ဆယ့်ခုနစ်နှစ်အရွယ်လောက်ကလည်း ချောင်ဟယ့်နျန်၏ တပည့်ဖြစ်ခဲ့ဖူးလေသည်။ လော်ကျန်းယင်းက ကျောင်းပိတ်ရက်များတွင် စန္ဒရားသင်တန်းမှအပြန် စက်ဘီးလေးစီးကာ ချောင်အိမ်ဟောင်းသို့ ထွက်လာပြီး ပန်းချီသင်တန်းမှ ဖန်းဆွေ့ကို သွားကြိုလေ့ရှိသည်။ ဖန်းဆွေ့က မြေကြီးပေါ်ကြွေကျနေသည့် ပေါ်လူးနီးယားသစ်ရွက်များ ကောက်လာပြီး သူမကို ပေးတတ်သည်။ ထို့နောက် စက်ဘီးနောက်ခုံတွင် ထိုင်ကာ အပြုံးများဝေဆာလျက် စကားတပြောပြောနှင့် လိုက်ပါလာလေ့ရှိသည်။


ထောင်ရှီးမှာ လော်ကျန်းယင်းက သူ့အား အလွန်ထူးဆန်းသော အကြည့်ဖြင့် ကြည့်နေသည်ဟု ခံစားလိုက်ရ၏။ သူ့နေရာ၌ အခြားလူတစ်ယောက်ကို မြင်ယောင်နေသည့်ဟန် သူမ၏မျက်လုံးထဲမှ ရှင်းမပြနိုင်သော ဝမ်းနည်းမှုများနှင့် နောင်တတရားများကို သူမြင်နေရသည်။ ထောင်ရှီးက တွန့်ဆုတ်စွာဖြင့် မေးလိုက်သည်။


“ အန်တီရော အဖိုးချောင်ကို သိတာလား…”


လော်ကျန်းယင်းက သတိပြန်ဝင်လာသည်။ ဤကလေးက ဖန်းဆွေ့နှင့်တူလွန်းနေ၍ဖြစ်မည်၊ ထောင်ရှီးကို မြင်လိုက်ရချိန်တိုင်း ဖန်းဆွေ့ကို အမြဲသတိရမိပြီး အလွန်ဝမ်းနည်းလာရသည်။


သူမက ပြုံးကာ ပြောလာ၏။


“ ဟုတ်တယ်။ အန်တီက ဦးလေးချောင်ရဲ့ မျက်စိအောက်မှာပဲ ကြီးလာခဲ့တာလေ။ ဦးလေးချောင်စကားကို နားထောင်ပြီး သူ့ဆီက ပညာတွေအများကြီးသင်ယူနော်။ ဦးလေးချောင်က အရမ်းတော်တဲ့ပန်းချီဆရာတစ်ယောက်လည်း ဟုတ်သလို ဆရာကောင်းတစ်ယောက်ဆိုလည်း မမှားဘူး…”


ထောင်ရှီးက ခေါင်းညိတ်ကာ ပြော၏။ “အဖိုးချောင်က ကျွန်တော့်ကို အများကြီးသင်ပေးပါတယ်…”


လော်ကျန်းယင်းက ကိစ္စတစ်ခုကိုပါ သတိရသွားဟန်ဖြင့်


“ ချင်းဟယ်ငယ်ငယ်က ဦးလေးချောင်ရဲ့အိမ်မှာ အမြဲသွားကစားတတ်တယ်လေ။ ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်တွေကစပြီး သိပ်မသွားတော့ဘူး…”


သူမက လင်ချင်းဟယ်ကိုကြည့်ကာ ပြုံးလိုက်သည်။


“ ချင်းဟယ်၊ နောက်တစ်ပါတ် ကျောင်းပိတ်ရက်ကျရင် ဦးလေးချောင်ဆီကို သွားလည်လိုက်ဦးနော်။ မင်း ကြီးလာတော့ သူ့အိမ်ကိုလာမလည်တော့လို့ဆိုပြီး မင်းအဖိုးချောင်က ငါ့ကို ခဏခဏလာပြောပေါင်းများပြီ…”


ထောင်ရှီးက လင်ချင်းဟယ်ကို အကြည့်ပို့လိုက်ကာ စားပွဲအောက်မှ လင်ချင်းဟယ်၏ရှူးဖိနပ်ထိပ်ကို သူ့ခြေထောက်ဖြင့် အသာထိလိုက်သည်။


လင်ချင်းဟယ်က မျက်နှာတစ်ချက်မပျက်ဘဲ ပြန်ဖြေလိုက်သည်။


“ ကျွန်တော့် လာမဲ့တနင်္ဂနွေနေ့ကျရင် သွားလည်လိုက်ပါ့မယ်…” မသိလျှင် ဤကြားထဲတစ်ခါမှ သွားမလည်ဖြစ်ခဲ့သည့်အတိုင်းပင်။


လော်ကျန်းယင်းက သူမတစ်ချိန်လုံး အကဲခတ်နေသည့် ယန်သောလဲ့ကို အကြည့်ပြန်ပို့လိုက်သည်။ ယန်သောလဲ့က ဘာစကားမှဆိုမလာဘဲ ခေါင်းငုံ့ကာ အစားသာစားနေသည်။ ထို့ကြောင့် သူမလည်း စိတ်ထဲမှ သက်ပြင်းအသာချလိုက်ပြီး ထောင်ရှီးကိုသာ စကားဆက်ပြောလိုက်သည်။


“ ရှေ့လျှောက် ပန်းချီပညာကို ဆက်လေ့လာသွားဖို့ စိတ်ကူးထားတာလား…။ ဘယ်တက္ကသိုလ်တက်မလဲရော စဉ်းစားပြီးပြီလား…”


ထောင်ရှီးက ခပ်ဖွဖွပြုံးကာ ပြန်ဖြေလိုက်သည်။


“ ကျွန်တော် အမေရိကားက အနုပညာတက္ကသိုလ်တွေကို လျှောက်ဖို့စီစဉ်ထားပါတယ်…”


သူက ယန်သောလဲ့ကို တစ်ချက်လှမ်းအကဲခတ်လိုက်ပြီးနောက် ဆက်ပြောလိုက်သည်။


“ အဲ့ဒါကြောင့် ကျွန်တော် အခု ကျွန်တော့်ရဲ့ portfolio ကို ပြင်ဆင်နေတာလေ။ ပန်းချီပြပွဲနဲ့ ပြိုင်ပွဲတွေမှာလည်း ဝင်ပါနေပါတယ်…”


(* portfolio ကို အောက်ဆုံးမှာ တစ်ချက်ရှင်းပြပေးပါမယ် )


လော်ကျန်းယင်းက အံ့အားသင့်သွားသည်။ ခဏကြာအတွေးများသွားပြီးနောက်တွင် သူမက အကြံပေးလိုက်၏။


“ နိုင်ငံခြားက ကျောင်းတွေမှာ လျှောက်ချင်တာဆိုရင် အခုကတည်းက ကြိုတင်ပြင်ဆင်ထားဖို့လိုတယ်။ အန်တီက ပန်းချီပြပွဲတွေကို နည်းနည်းနှံ့စပ်တော့ မင်းအတွက် မိတ်ဆက်ပေးလို့ရတယ်။ ဒါပေမဲ့ ပြိုင်ပွဲကျတော့ အန်တီလည်းသိပ်မသိဘူး။ ဦးလေးချောင်ကို မေးတာပိုကောင်းလိမ့်မယ်…”


သူမ ဤကလေးကို အမှန်တကယ် ကူညီပေးချင်မိသည်။ လွန်ခဲ့သောနှစ်များတွင် သူမက ဖန်းဆွေ့အတွက် ပန်းချီပြပွဲများ ကျင်းပပေးလေ့ရှိခဲ့သောကြောင့် ပြပွဲနှင့်ပတ်သက်ပြီး ပို၍ နှံ့နှံ့စပ်စပ်ရှိသည်။


ထောင်ရှီးက လော်ကျန်းယင်းကို ပြုံးပြလိုက်ကာ စိတ်ရင်းနှင့်ပြောလိုက်၏။


“ ကျေးဇူးတင်ပါတယ်၊ အန်တီ…”


ထောင်ရှီး၏အပြုံးကိုတွေ့သောအခါ လော်ကျန်းယင်းမှာ အတွေးထဲနစ်မြောသွားရပြန်သည်။ သူမ၏စိတ်ထဲတွင် အတွေးတစ်ခု ရုတ်တရက် ပေါ်လာခဲ့သောကြောင့် ချက်ချင်းဆိုသလို မေးလိုက်မိသည်။


“ လဲ့လဲ့နဲ့ ချင်းဟယ်ပြောနေကြတာ အန်တီကြားထားတယ်…မင်းရဲ့ မွေးရပ်မြေက ချင်းရွှေခရိုင်ကဆို။ အန်တီက ချင်းရွှေခရိုင်ကို တစ်ခါမှမရောက်ဖူးဘူး။ ဒါပေမယ့် ပန်းချီကားထဲကနေတော့ ရှုခင်းတွေကို မြင်ဖူးနေတာ။ အရမ်းလှတဲ့နေရာလေးပဲ…”


ယန်သောလဲ့၏ ခက်ရင်းက ရပ်တန့်သွားသည်ကို ထောင်ရှီး မျက်လုံးထောင့်မှတစ်ဆင့် မြင်လိုက်ရသည်။ သူ လော်ကျန်းယင်း၏မေးခွန်းကို ပြန်မဖြေရသေးခင် ယန်သောလဲ့က နှုတ်ခမ်းကို စေ့ပိတ်လိုက်၍ ခရင်းကို ချွင်ခနဲ ပစ်ချပစ်လိုက်ပြီး မပြောမဆိုနှင့် စားသောက်ဆိုင်ထဲမှ ထထွက်သွားလေသည်။


လော်ကျန်းယင်းက ကပျာကယာထရပ်လိုက်ပြီး “လဲ့လဲ့” ဟု အကြိမ်ကြိမ် အော်ခေါ်လိုက်သည်။ သို့သော် ယန်သောလဲ့က ရပ်မသွားခဲ့ပေ။ သူမမှာ ကျန်လူနှစ်ယောက်ကိုပင် ဘာမှပြောချိန်မရတော့ဘဲ ယန်သောလဲ့နောက်သို့သာ အပြေးအလွှားလိုက်သွားလေသည်။


ယန်သောလဲ့ ထထွက်သွားရသည့်အကြောင်းအရင်းကို ထောင်ရှီးသိ၏။ သူ မျက်လွှာချလိုက်ကာ သူ့မျက်လုံးထဲမှ လှောင်ပြောင်ရိပ်များကို ဖုံးကွယ်လိုက်သည်။


စားပွဲဝိုင်းတွင် လူနှစ်ယောက်သာ ကျန်ရစ်ခဲ့သည်။ လင်ချင်းဟယ်က တစ်လျှောက်လုံး သူ့အား စိုက်ကြည့်နေသည်ကို မြင်လျှင် ထောင်ရှီးက မေးလိုက်သည်။


“ မင်းအမေနောက်ကို လိုက်မသွားဘူးလား…”


စကားဝိုင်းတစ်လျှောက်လုံးတွင် လော်ကျန်းယင်း၏ အကြည့်နှင့် အာရုံများအားလုံးက ယန်သောလဲ့ထံတွင်သာ ရှိနေကြောင်းကို သူ သတိထားမိခဲ့သည်။ သူမ၏သားအရင်းဖြစ်သည့် လင်ချင်းဟယ်ထက်ပင် ပိုဂရုစိုက်ပေးနေခဲ့သည်။ ၎င်းက သူ့အား အလွန်နားလည်ရခက်စေ၏။


ထို့အပြင် သူက လူကြီးသူမများကို စိတ်ကျေနပ်အောင် အတတ်နိုင်ဆုံး ဖော်ဖော်ရွေရွေ ဆက်ဆံပေးနေသော်ငြား ယန်သောလဲ့ကမူ စိတ်ရှိတိုင်း ပြုမူကာ ထထွက်ချင်တိုင်း ထထွက်သွားလေသည်။


လင်ချင်းဟယ်က သူ့ရှေ့က အရာမယွင်းသေးသည့် မုန့်ချိုပွဲကို ထောင်ရှီး၏ရှေ့မှောက် ချပေးလိုက်သည်။ လော်ကျန်းယင်းနှင့် ယန်သောလဲ့တို့ ထွက်ခွာသွားခြင်းကို အရေးမစိုက်သည့်အလား တည်ငြိမ်စွာပြောလာ၏။


“ မင်း စားလို့ပြီးတာနဲ့ ငါမင်းကို ပြန်လိုက်ပို့ပေးမယ်…”


ထောင်ရှီးက မုန့်ချိုပွဲကို အေးအေးဆေးဆေးပင် လက်ခံလိုက်ပြီး ခေါင်းငုံ့ကာ ဆက်စားနေသည်။ သို့သော် သူ့ခေါင်းထဲတွင်မူ လင်ချင်းဟယ်၏အမေအကြောင်းကို အတွေးမပြတ်နိုင်ပေ။


ကြာခဲ့ပြီဖြစ်သော ကိစ္စတစ်ခုကို သူ ရုတ်တရက် အမှတ်ရသွားသည်။ လင်ချင်းဟယ်၏အမေက ယန်သောလဲ့ကို သားအရင်းအချာကဲ့သို့ ဖူးဖူးမှုတ်ထားလေ့ရှိသည်ဟု ပိချန်ဖေး တစ်ခါက သူ့ကိုပြောခဲ့ဖူးသည်။ ကြည့်ရသည်မှာ ထိုစကားက ချဲ့ကားပြောခြင်းမဟုတ်လောက်ပါချေ။


အကယ်၍ အမှန်တရားသာပေါ်လာခဲ့ပါက ဆယ်နှစ်ကျော်ကြာက သားအမိကဲ့သို့ သံယောဇဉ်တွယ်နေခဲ့သည့် လော်ကျန်းယင်းက ယန်သောလဲ့ကိုသာ ကာကွယ်ပေးလိမ့်မည်မဟုတ်လား။


သူ့ကိုရော သူမက မည်သို့ ထင်မည်နည်း။


သူက လင်ချင်းဟယ်နှင့်လည်း သမီးရည်းစားဆက်ဆံရေးတွင် ရှိနေကြသေးသည်။


သူ အတွေးများရင်း မုန့်ချိုပွဲကို စားနေစဉ် လင်ချင်းဟယ်၏ ရုတ်တရက်မေးလာသံကို ကြားလိုက်ရသည်။


“ ဒီနေ့ ကွမ်းဖန်ယွင့် မင်းကို လာရှာတဲ့ကိစ္စက ယန်သောလဲ့နဲ့ ပတ်သက်နေတယ်မလား…”


ထောင်ရှီး၏ရင်ထဲ ထိတ်ခနဲဖြစ်သွားကာ လက်ထဲရှိ ခက်ရင်းမှာလည်း ရပ်တန့်သွားသည်။ သူ့ပါးစပ်ထဲမှ မုန့်ကို ခက်ခက်ခဲခဲမြိုချလိုက်ပြီး ဘာမှပြန်မဖြေဖြစ်ပါချေ။


တစ်ခါတစ်ရံတွင် လင်ချင်းဟယ်က ကြောက်လန့်စရာကောင်းသည်အထိ ဉာဏ်ပြေးလွန်းသည်။


လင်ချင်းဟယ်က သူ့အဖြေကို‌ မျှော်လင့်ထားပုံမပေါ်ပေ။ သူ့ကိုသာ ငြိမ်သက်စွာ ကြည့်လာပြီး စကားဆက်ဆိုလာ၏။


“ တကယ်လို့ ငါသာရောက်မလာခဲ့ရင် မင်းက ကွမ်ဖန်ယွင့်နဲ့ လိုက်သွားမှာမဟုတ်လား...”


အသံနိမ့်နိမ့်နှင့်စကားသံက မေးခွန်းထုတ်ဟန်နှင့်မတူဘဲ အတည်ပြုနေခြင်းနှင့်ပိုတူ၏။


ထောင်ရှီးက ခဏကြာတိတ်ဆိတ်နေပြီးနောက် မျက်လွှာချလိုက်သည်။ မိဘထံမှ အဆူခံနေရသည့် ကလေးငယ်တစ်ယောက်ပမာ သူက ခရင်းကိုချလိုက်ပြီး လက်ကို စားပွဲပေါ် တရိုတသေတင်လိုက်ကာ ဆိုလိုက်၏။


“ ဥက္ကဌကွမ်းက ငါ့ကို သူ့မိတ်ဆွေတစ်ယောက်နဲ့ မိတ်ဆက်ပေးချင်တယ်လို့ ပြောတယ်။ ငါ နိုင်ငံခြားမှာ ကျောင်းလျှောက်ရင် အထောက်အကူရနိုင်အောင်လို့တဲ့…”


သူ ကြားခဲ့ရသည့် စကားဝိုင်းအကြောင်းကို လင်ချင်းဟယ်အား ပြောမထွက်ပါချေ။ လက်တုံ့ပြန်ရန် စီစဉ်ခဲ့ကြောင်းကိုဆိုလျှင် ပို၍ပင် ပြောမထွက်ပေ။


လင်ချင်းဟယ်က မျက်မှောင်အသာကြုတ်လိုက်ပြီး သူ့စကားကို မယုံပေ။ ထောင်ရှီးက တစ်ပါးသူ၏အကူအညီကို လွယ်လင့်တကူ လက်ခံတတ်သည့်လူမဟုတ်မှန်း သူသိသည်။ မည်သူမည်ဝါမှန်း သေချာမသိသေးသည့် ကွမ်းဖန်ယွင့်လို သူစိမ်းတစ်ယောက်ဆိုလျှင် ပို၍ပင် လက်ခံစရာအကြောင်းမရှိပါချေ။


ထောင်ရှီးက သူ့ကို တစ်စုံတစ်ခု ဖုံးကွယ်ထားသည်ဟု အမြဲခံစားရသည်။ ၎င်းက ထောင်ရှီးသူ့ကို ပြောပြလိုသည့် လျှို့ဝှက်ချက်ဖြစ်လောက်မည်ထင်၏။


ထိုလျှို့ဝှက်ချက်နှင့် ပတ်သက်၍ သူ့တွင် အလွန်ယုတ္တိမတန်သော မှန်းဆချက်တစ်ခု ရှိနေ၏။ ယုတ္တိမတန်လွန်းသဖြင့် သူ့ကိုယ်သူ အရူးတစ်ယောက်ဟု ထင်မိလုနီးပါးပင်။


စားသောက်ဆိုင်မှ စန္ဒရားဆရာက စန္ဒရားကြီးရှေ့တွင်  ဝင်ထိုင်လိုက်ပြီး အလွန်ပျင်းရိဖွယ်ကောင်းသော တေးသွားကို တီးခတ်နေသည်။ ခန်းမထဲရှိ ဧည့်သည်တစ်ချို့က ရယ်ရယ်မောမောနှင့် လက်ခုပ်တီးအားပေးနေကြသည်။


ဤဘက်စားပွဲဝိုင်းမှ လူနှစ်ယောက်မှာတော့ တိတ်ဆိတ်လို့သာ နေသည်။


ထောင်ရှီးမှာ လင်ချင်းဟယ်ထံမှ ထိုကဲ့သို့အကြည့်ဖြင့်  တစ်ခါမှအကြည့်မခံရဖူးပေ။ ထိုအကြည့်များက သူ့အား ဖိအားပေးနေသကဲ့သို့ပင်။


သူ အနည်းငယ်ပျာယာခတ်လာရ၏။ လင်ချင်းဟယ်ဘာတွေးနေမှန်း သူ မခန့်မှန်းတတ်ချေ။ လင်ချင်းဟယ်က ကွမ်းဖန်ယွင့် အကြောင်း စဉ်းစားနေတာပဲဖြစ်မည်ဟု တွက်ဆလိုက်ကာ တဲ့တိုးသာ မေးလိုက်သည်။


“ ဘာဖြစ်လို့လဲ။ ဥက္ကကွမ်းက ပြဿနာရှိလို့လား..”


လင်ချင်းဟယ်က အကြည့်လွှဲလိုက်ကာ သူ့ရင်ထဲက ယုတ္တိမတန်သည့် ခန့်မှန်းချက်ကို ခဏတစ်ဖြုတ် ဘေးဖယ်ထားလိုက်သည်။ ကွမ်းဖန်ယွင့်၏မကောင်းသတင်းများကို သူအမှန်တကယ်ကို ကြားဖူး၏။ သို့သော် သူက တစ်ပါးသူ၏နောက်ကွယ်တွင် အတင်းအဖျင်းပြောတတ်သူမဟုတ်သဖြင့် ဤသို့သာ ဆိုလိုက်၏။


“ ဘာမှမဟုတ်ပါဘူး။ ရှေ့လျှောက် သူမင်းကို တစ်ယောက်တည်းလာတွေ့ရင် အရေးမလုပ်နဲ့…”


ထောင်ရှီးက စိတ်သက်ရာရစွာ သက်ပြင်းချလိုက်ပြီး ခေါင်းညိတ်ကာ ပြောလိုက်၏။


“ အင်း၊ ငါသိပါပြီ…”


ထို့နောက်တွင် သူက ညနေပိုင်းတွင် သွားခဲ့သည့် ကျင်းကျင်း၏မွေးနေ့ပါတီအကြောင်းကို လင်ချင်းဟယ်အား တစ်သီတစ်သန်းကြီး စပြောပြတော့သည်။ မိုက်ကရိုဖုန်းအရူးများက သီချင်းဆိုရန် မိုက်ကိုဝိုင်းလုကြပုံများ၊ ပိချန်ဖေးက အသံဆိုးကြီးနှင့်သီချင်းဆိုပုံများနှင့် ကျင်းကျင်း၏မွေးနေ့ကိတ်က မည်မျှကြီးကာ အရသာရှိကြောင်း အစရှိသည်တို့ကို ပြောပြနေခဲ့သည်။


လင်ချင်းဟယ်က ငြိမ်ငြိမ်ဆိမ်ဆိမ်သာ နားထောင်ပေးနေပြီး တစ်ခါတစ်ခါ ထောင်ရှီး၏စကားများကို တုံ့ပြန်ပေးတတ်သည်။


စန္ဒရားဆရာက ဂျက်ဂီတသံကို တီးခတ်ပြီးသည့်နောက်တွင် နောက်တစ်ပုဒ်သို့ ပြောင်းလိုက်ကာ ဂီတနုတ်တိုလေးကို အစမ်းတီးလိုက်သည်။ ထောင်ရှီး၏မျက်ဝန်းများ တောက်ပသွားပြီး လင်ချင်းဟယ်ကို လှမ်းပြောလိုက်သည်။


“ နားထောင်၊ အဲ့ဒါ ‘မယ်ရီခရစ္စမတ် မစ္စတာလောရန့်’ ပဲ…”


ထောင်ရှီးက လက်တစ်ဖက်ကို ပါးပေါ်ထောက်ကာ ဂရုတစိုက်နားထောင်လိုက်သည်။ ခဏအကြာတွင်မူ ခေါင်းခါကာ ပြောလာ၏။


“ မင်း တီးသလောက်မကောင်းဘူး…”


လင်ချင်းဟယ်က ထိုင်ခုံနောက်ကို ကျောမှီလိုက်ပြီး ရယ်သံစွက်၍ မေးသည်။


“မင်းက နားထောင်တတ်လို့လား...”


လင်ချင်းဟယ်က သူ၏ဂီတအမြင်ကို စနောက်နေမှန်းသိလိုက်သဖြင့် ခပ်ဖွဖွ နှာမှုတ်လိုက်သည်။


“ ငါက မင်းတီးတာပိုကောင်းတယ်လို့ပြောရင် ပိုကောင်းလို့ပေါ့…”


လင်ချင်းဟယ် ပြုံးလိုက်ကာ သူအကြိမ်ပေါင်းများစွာ တီးခတ်ခဲ့ဖူးသည့် တေးဂီသံကို နားဆင်လိုက်သည်။ မည်သူက ပိုကောင်းသည်၊ မကောင်းသည်ကိုတော့ သူအကဲမဖြတ်လိုတော့ပေ။


ကြမ်းပြင်မှ မျက်နှာကြတ်ထိ ရှည်လျားသော ပြတင်းပေါက်ရှည်ကြီးများမှတစ်ဆင့် အပြင်ဘက်ကို သူ လှမ်းကြည့်လိုက်သည်။ ဒီဇင်ဘာလလယ်ရောက်နေပြီဖြစ်သောကြောင့် လမ်းပေါ်မှဆိုင်အများစုမှာ ပြတင်းပေါက်များပေါ်တွင် ခရစ္စမတ်အလှပစ္စည်းများ ကြိုတင်ချိတ်ဆွဲထားကြပြီဖြစ်၏။ ရှော့ပင်းမော၏မျက်နှာချင်းဆိုင်မှ ထွက်ပေါက်တွင်မူ ခရစ္စမတ်သစ်ပင်ကြီးတစ်ပင်ကို စိုက်ထားရာ အနီနှင့်အစိမ်းရောင် နီယွန်မီးများဖြင့် ကွန့်မြူးလင်းလက်နေသည်။


ခရစ္စမတ်အငွေ့အသက်များနှင့် ကင်းကွာနေသည့်တစ်ခုတည်းသော အရာဟူ၍ ဆီးနှင်းများ မကျဆင်းသေးခြင်းသာ ဖြစ်ပေလိမ့်မည်။


___________________


- Portfolio ဆိုတာက ကိုယ့်ရဲ့ကိုယ်ရေးမှတ်တမ်းကို တစ်ပါးသူ အလွယ်တကူဖွင့်ကြည့်လို့ရတဲ့ ဖိုင်အသေးစားလေးလို့ အကြမ်းဖျင်း မှတ်ယူလို့ရပါတယ်။ Portfolio ထဲမှာ ကိုယ်လုပ်ခဲ့ဖူးတဲ့ Projects, Artworks, Designs, Awards, Activities, CV Form, Volunteering…စတာတွေ ထည့်လို့ရတယ်ပေါ့နော်။ အထူးသဖြင့် Art, Architecture, Design, Fashion, Photography မေဂျာတွေနဲ့ စကော်လားရှစ်လျှောက်မယ့်သူတွေဆို Portfolio က လိုကိုလိုအပ်ပါတယ်။ တစ်ချို့ Engineering ကျောင်းမှာတွေလည်း Portfolio တောင်းတာတွေရှိတယ်။ ပြီးတော့ လုပ်ငန်းခွင်ဝင်ရာမှာလည်း Portfolio ကို တောင်းလေ့ရှိကြတယ်။ ဒါကြောင့် ထောင်ရှီးက Portfolio ကို အသေးစိတ်ပြင်ဆင်နေတာပါ။ ဒါကကိုယ်သိသလောက်ပြောပြတာ။ မှားကောင်းမှားနိုင်ပါတယ်ရှင်။