အပိုင်း ၄၈
Viewers 8k

The Moon Is Coming To Me


Chapter-48


အဆုံးတွင် ဘေလ်ရှင်းရသူမှာ လင်ချင်းဟယ်သာဖြစ်သွားသည်။ ထောင်ရှီးကို အဆောင်ပြန်ပို့ပေးပြီးသည့်နောက် ဗီလာသို့ပြန်လာခဲ့ချိန်၌ လော်ကျန်းယင်းက လက်ထဲတွင် အနီရောင်အဆောင်လက်ပတ်ကို ကိုင်လျက် ဆိုဖာပေါ်တွင် ဖိုသီဖတ်သီနှင့်ထိုင်နေသည်ကို တွေ့လိုက်ရလေသည်။


သူမက ယန်သောလဲ့ကို အိမ်ပြန်ခေါ်လာခဲ့ပြီး အေးဆေးစကားပြောရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ရုံမျှမက ယန်သောလဲ့က သူမကို အော်ဟစ်ငြင်းခုံကာ အဆောင်လက်ပတ်ကိုလည်း ဆွဲဖြုတ်သွားခဲ့သည်။ ထို့နောက် အခန်းတံခါးပိတ်ကာ အခန်းတွင်းအောင်းနေပြန်လေသည်။


လင်ချင်းဟယ်က ရေနွေးတစ်ခွက်ငှဲ့ကာ လော်ကျန်းယင်း၏ဘေးတွင် ဝင်ထိုင်လိုက်ရင်း သူမအား ရေနွေးခွက်ကို ကမ်းပေးလိုက်သည်။


လော်ကျန်းယင်းက “ကျေးဇူး” ဟု ပြောကာ ရေနွေးခွက်ကို လှမ်းယူလိုက်ပြီး တစ်ငုံမျှသောက်လိုက်ရင်း တောင်းပန်ဟန်ဖြင့် ပြောလာ၏။


“ ချင်းဟယ်၊ ထောင်ရှီးကို တောင်းပန်တဲ့အကြောင်းလေးပြောပေးပါဦး။ တကယ်က ဒီည အတူမုန့်စားကြရင်းနဲ့ စကားလေးဘာလေးပြောကြမယ်ဆိုပြီး မင်းတို့ကို ခေါ်လိုက်တာ။ ဒါပေမဲ့လည်း….”


လင်ချင်းဟယ်က ပြောသည်။ “ကိစ္စမရှိပါဘူး။ ကျွန်တော်လည်း သူ့ကို တစ်ခုခုလိုက်ကျွေးဖို့ စီစဉ်ထားပြီးသားပါ...”


လင်ချင်းဟယ်နှင့် ထောင်ရှီးတို့နှစ်ဦးကြား ဆက်ဆံရေးမှာ လော်ကျန်းယင်းအတွက် တစ်မျိုးတစ်ဖုံထူးဆန်းနေသည်ဟု ခံစားရသော်ငြား ဘာမှတော့ မပြောဖြစ်လိုက်ချေ။ သူမက လက်ထဲမှ အဆောင်လက်ပတ်ကြိုးကိုသာ ငုံ့ကြည့်နေပြီး မျက်ခုံးများက စိတ်ပင်ပန်းမှုကြောင့် တွန့်ကွေးနေသည်။ သူမက သားဖြစ်သူ ရင်ဖွင့်လေ၏။


“ လဲ့လဲ့က ခုရက်ပိုင်း ထူးဆန်းနေတယ်။ သူ့အဖိုးက ဖန်းအိမ်ကိုပြန်လာခဲ့ဖို့ခေါ်ပေမယ့် မသွားဘူးလေ။ ကျောင်းကနေ ခွင့်ယူပြီး အိမ်တွင်းပဲအောင်းနေတာလည်း ရက်အတော်ကြာပြီ။ ကျောင်းသွားတဲ့ရက်ကျပြန်တော့ အိမ်ပြန်လာတာနဲ့ သူ့အခန်းထဲမှာပဲ လော့ခ်ချပြီးနေနေတယ်။ အမေ သူ့ကို မေးကြည့်တော့လည်း သူက ဘာဖြစ်နေမှန်းမပြောပြဘူး။ ခုဒီနေ့ညပြန်လာတော့လည်း ဘာကြောင့်မှန်းမသိ ဒေါသတွေတအားကြီးနေတာ။ သူ ကျန်းမာရေး ထိခိုက်နေလို့များလား အမေစိတ်ပူလိုက်တာ…”


လင်ချင်းဟယ်သည်လည်း ယန်သောလဲ့ကို အကျိုးအကြောင်းမေးကြည့်ဖို့ ကြိုးစားခဲ့သေးသော်လည်း ယန်သောလဲ့က နှုတ်ဆိတ်၍သာနေနေသည်။ သူ ခဏကြာ တွေးတောပြီးနောက်တွင် လော်ကျန်းယင်းအား အကြံပြုလိုက်သည်။


“ သူ့ကို စိတ်ရောဂါအထူးကုဆရာဝန်နဲ့ ပြကြည့်ဖို့ တိုက်တွန်းကြည့်ရင်ရော…”


ယန်သောလဲ့က မည်ကဲ့သို့ စိတ်ပိုင်းဆိုင်ရာချို့ယွင်းစရာရှိသည်ကို လော်ကျန်းယင်း စဉ်းစားမရပါချေ။ ယနေ့ည အနောက်တိုင်းစားသောက်ဆိုင်တွင် ယန်သောလဲ့က ပုံမှန်ထက် စိတ်ပိုဆတ်နေခဲ့သည်ကို သူမပြန်တွေးမိပြီး လင်ချင်းဟယ်ကို တွန့်ဆုတ်စွာ မေးလိုက်သည်။


“ ကျောင်းမှာ လဲ့လဲ့နဲ့ ထောင်ရှီးက ပြဿနာဖြစ်ထားကြတာလား။ လဲ့လဲ့က သူ့ကို တော်တော်သဘောမကျပုံပဲ…”


လင်ချင်းဟယ်မှာ သူမစကားကြောင့် အနည်းငယ် မှုန်ကုတ်သွားပြီး အသံဩရှရှဖြင့် ပြန်ပြောလိုက်သည်။


“ ထောင်ရှီးက သူနဲ့ ပတ်သက်စရာအကြောင်းမှမရှိပဲ…”


လင်ချင်းဟယ်က ထောင်ရှီးကို သွယ်ဝိုက်ကာကွယ်နေသည်ကို မြင်သော် လော်ကျန်းယင်းက သက်ပြင်းချကာ ပြောလာသည်။


“ အရင်တစ်ခေါက်က မင်းနဲ့လဲ့လဲ့ စကားများကြတော့ ထောင်ရှီးရဲ့နာမည်ကိုကြားလိုက်လို့ ငါက မေးကြည့်တာပါ။ ငါ ထောင်ရှီးကို အပြစ်တင်ချင်လို့မဟုတ်ပါဘူး…”


ကနဦးက လယန်သောလဲ့၏ လာမည့်မွေးနေ့ပါတီတွင် ထောင်ရှီးကို ဖိတ်ရန် သူမစဉ်းစားထားခဲ့သည်။ ထောင်ရှီးက လင်ချင်းဟယ်နှင့် ဆက်ဆံရေးကောင်းမွန်နေရုံမျှမက သူမသည်လည်း ဤကလေးကို သဘောကျလေသည်။ သို့သော် ယခုတွင်မူ ထောင်ရှီးကို အိမ်သို့ဖိတ်ကြားရန်က အဆင်ပြေလောက်တော့မည် မဟုတ်ပါချေ။


“ အန်တီဖန်းက ဒီအဆောင်လက်ပတ်လေးကို လုပ်ခဲ့တာလား…”


လော်ကျန်းယင်းမှာ အံ့အားသင့်သွားပြီး လက်ထဲက အဆောင်လက်ပတ်ကြိုးဟောင်းလေးကို ငုံ့ကြည့်လိုက်ကာ ဝမ်းနည်းပူဆွေးစွာဖြင့် ပြောလိုက်၏။


“ ဟုတ်တယ်။ ဦးလေးဖန်းပြောပုံအရ ချင်းရွှေခရိုင်မှာ အားဆွေ့ လဲ့လဲ့ကို ကိုယ်ဝန်လွယ်ထားတုန်းက ဒီလက်ပတ်လေးကို သူကိုယ်တိုင် လုပ်ပေးခဲ့တာလို့ပြောတယ်။ လက်ပတ်လေးက ငြိမ်းချမ်းပျော်ရွှင်စေဖို့ ရည်ရွယ်တာတဲ့။ လဲ့လဲ့ကို သူကိုယ်တိုင် ဝတ်ပေးခွင့်မရတာတော့ စိတ်မကောင်းစရာပဲ…”


စကားအဆုံးတွင် လင်ချင်းဟယ်က မျက်မှောင်ကြုတ်သွားသောကြောင့် လော်ကျန်းယင်းက မေးလိုက်၏။


“ ဘာဖြစ်လို့လဲ…”


လင်ချင်းဟယ်က ခေါင်းခါပြလိုက်ပြီး ဆက်မေးသည်။


“ အဲ့ဒီတုန်းက အန်တီဖန်းက ချင်းရွှေခရိုင်ရဲ့ ဘယ်နေရာမှာနေခဲ့တာလဲ အမေသိလား..”


လော်ကျန်းယင်းက လင်ချင်းဟယ်ကို အံ့ဩစွာကြည့်လိုက်ပြီး မေးလာသည်။


“ မင်းရော ဘာဖြစ်လို့ ဒီမေးခွန်းကိုပဲ မေးတာလဲ…”


လင်ချင်းဟယ်က ဘယ်သောအခါမှ ဖန်းဆွေ့အကြောင်းကို စကားဦးပျိုးလေ့မရှိမှန်း သူမသိသည်။ ထို့အပြင် သူ့အရှေ့၌ ပြောလျှင်ပင် ရှောင်ဖယ်သွားတတ်သည်။


လင်ချင်းဟယ်က အတွေးများသွားဟန်တူသည်။


“ လဲ့လဲ့လည်း မေးလို့လား…”


လော်ကျန်းယင်းက ခေါင်းညိတ်ကာ ပြန်စဉ်းစားရင်း ပြောလာသည်။


“ အရင်တစ်ခေါက်က လဲ့လဲ့ကျောင်းကပြန်ရောက်တော့ မင်းလိုမေးခွန်းမျိုး ငါ့ကို ရုတ်တရက်ကြီး မေးခဲ့တယ်။ ဒါပေမယ့် ငါက အဲ့တုန်းက ချင်းရွှေခရိုင်ကို မသွားဖြစ်ခဲ့တော့မသိဘူးလေ။ အားဆွေ့က လယ်သမားတစ်ယောက်ရဲ့ အိမ်မှာနေခဲ့တယ်ဆိုတာပဲ ငါသိခဲ့တယ်။ နေရာအတိအကျကိုတော့ ဦးလေးဖန်းက လုံးဝမပြောပြခဲ့ဘူး…”


သူမစကားဆုံးသည်နှင့် လင်ချင်းဟယ်၏ပုံစံက အလွန်လေးနက်သွားပြီး စက္ကန့်အနည်းငယ်ကြာ တိတ်ဆိတ်သွားပြီးနောက် သူမအား မေးလာပြန်သည်။


“ ပန်းချီခန်းထဲမှာချိတ်ထားတဲ့ မက်မွန်ပန်းတွေပွင့်နေတဲ့တောင်တန်းတွေနဲ့ ဆီပန်းချီကားက အန်တီဖန်း ချင်းရွှေမှာတုန်းက ဆွဲခဲ့တဲ့ ပန်းချီကား မဟုတ်လား…”


လော်ကျန်းယင်းမှာ ကြောင်အမ်းသွားပြီး လင်ချင်းဟယ် ပြောသည့်ပန်းချီကားကို မျက်လုံးထဲချက်ချင်းမြင်လိုက်သည်။ ထိုပန်းချီကားက သူမအကြိုက်ဆုံးပင်။ တောင်ကြားလေးထဲရှိ စမ်းချောင်းလေးဘေးတွင် မက်မွန်ပွင့်များ ဖွေးဖွေးလှုပ် ဖူးပွင့်နေသည်။ တောင်ပေါ်လမ်းတစ်ဝက်တွင် အနက်ရောင်အုတ်ကြွပ်ပြား၊ အဖြူရောင်နံရံများနှင့် မီးခိုးတိုင်မှ မီးခိုးများတလူလူထွက်နေသော လယ်တောအိမ်လေးတစ်အိမ်ရှိသည်။ ထိုရှုခင်းလေးမှာ မြင်သူကို အလွန်အေးချမ်းသွားစေသော နိဗ္ဗာန်ဘုံလေးအလားပင်။


“ ဟုတ်တယ်။ အားဆွေ့က အဲ့ဒီမှာနေခဲ့တုန်းက ရှုခင်းပုံတွေအများကြီး ဆွဲခဲ့တာ။ နောက်တော့ ဦးလေးဖန်းက ပန်းချီကားတွေ အားလုံးကို ပြန်ယူခဲ့တယ်လေ။ တစ်ချို့တစ်လေကိုတော့ ငါယူထားတာပေါ့…”


လင်ချင်းဟယ်ထံမှ ဖန်းဆွေ့အကြောင်း များစွာမေးမြန်းခံရပြီးနောက်တွင် လော်ကျန်းယင်းမှာ တစ်ခုခုမှားနေသည်ကို သတိပြုမိလိုက်သည်။ လင်ချင်းဟယ်က မျက်မှောင်များကြုတ်သည်ထက်ကြုတ်လာကာ အမူအရာက ပို၍ပင်လေးနက်လာသည်။ သူ့မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်သွားသည့် အမူအရာတစ်ချို့လည်းရှိနေသည်။


လော်ကျန်းယင်းက သင်္ကာမကင်းစွာ မေးလိုက်သည်။


“ မင်း ဘာဖြစ်လို့ ရုတ်တရက်ကြီး ဖန်းဆွေ့အကြောင်းမေးတာလဲ…”


“ ကိစ္စတစ်ခုကို သတိရသွားလို့ပါ…” လင်ချင်းဟယ်က ဆိုဖာပေါ်မှ ထရပ်လိုက်ပြီး လော်ကျန်းယင်းအား ငုံ့ကြည့်ရင်း တောင်းဆိုလာ၏။


“ ကျွန်တော့် အမေ့ရဲ့ပန်းချီခန်းထဲကို ခဏလောက်သွားကြည့်လို့ရမလား…”


လော်ကျန်းယင်းကလည်း မတ်တပ်ထရပ်ကာ ခေါင်းညိတ်ပြလိုက်သည်။


“ ရတာပေါ့ သွားကြည့်လေ…”


“ကျေးဇူးပါ…”


လင်ချင်းဟယ်က သူမကို ကျေးဇူးတင်စကားဆိုပြီးသော် လှေကားဘက်သို့ လှည့်ထွက်သွားလေသည်။


လော်ကျန်းယင်း၏မျက်နှာတွင် ခြောက်ကပ်ကပ်အပြုံးတစ်ခု ပေါ်လာခဲ့၏။ ဤအိမ်က လင်ချင်းဟယ်၏အိမ်ဖြစ်နေသည့်တိုင် သူက အမြဲတစေ ယဉ်ကျေးစွာသာ ပြုမူနေသည်။ လင်ချင်းဟယ်၏နောက်ကျောကိုကြည့်ရင်း သူမက အတွေးတစ်ခုဝင်သွားဟန်ဖြင့် လှမ်းပြောလိုက်သည်။


“ ချင်းဟယ်၊ အရင်တစ်ခေါက်က မင်းပြောတဲ့ကိစ္စကို ငါအကြာကြီးစဉ်းစားကြည့်ပြီးပြီ၊ ဒါပေမယ့် ငါလက်မခံနိုင်ဘူး…”


လင်ချင်းဟယ်၏ခြေလှမ်းများက တုံ့ခနဲရပ်တန့်သွားကာ သူမကို လှည့်ကြည့်လိုက်သည်။ သို့သော် ဘာစကားမှ မဆိုလာပေ။


လော်ကျန်းယင်းက လင်ချင်းဟယ်ထံလျှောက်သွားလိုက်ပြီး သူမထက်အရပ်ပိုမြင့်သော သားဖြစ်သူကို ခေါင်းစောင်းကာ ကြည့်လိုက်သည်။ ထို့နောက် တောင်းဆိုသောအသံဖြင့် ပြောသည်။


“ ချင်းဟယ်၊ တကယ်လို့ မင်းဒီလိုလုပ်လိုက်ရင် လဲ့လဲ့က အရမ်းဝမ်းနည်းသွားမှာဆိုတာ မတွေးမိဘူးလား။ သူ အခုတောင် စိတ်အခြေအနေ သိပ်ကောင်းတာမဟုတ်ဘူး။ အမေတို့ သူ့အနားမှာ ပိုပြီးနေပေးသင့်တယ်လေ…”


လင်ချင်းဟယ်က သူမကို တိတ်ဆိတ်စွာသာ ကြည့်နေသည်။


လော်ကျန်းယင်းက ခဏစဉ်းစားလိုက်ပြီးနောက် မေးလိုက်၏။


“ မင်းအဖိုးက မင်းကို တစ်ခုခုပြောလိုက်လို့လား…”


လင်ချင်းဟယ်က တည်ငြိမ်စွာ ပြောလာသည်။


“ အဖိုးက ကျွန်တော့်ကို အိမ်ဟောင်းကိုပြောင်းနေစေချင်တယ်လို့ အကြိမ်ကြိမ်ပြောခဲ့တယ်။ ဒါပေမယ့် ကျွန်တော် ဒီမှာပဲဆက်နေချင်တာကြောင့် တစ်ခါမှ သဘောမတူဖြစ်ခဲ့ဘူး…”


လော်ကျန်းယင်းက မျက်မှောင်ကြုတ်သွားသည်။ လင်ချင်းဟယ် ငါးနှစ်သားအရွယ်ရောက်မှ လင်ကျဲရှစ်က အစ်ကိုဖြစ်သူအိမ်မှ သူမထံကို ပို့ပေးခဲ့သည်။ အစကနဦးတွင် လင်မိသားစု၏အဖိုးဖြစ်သူက သူ့မြေးကို သူမနှင့်ထားရန် သဘောမတူခဲ့ချေ။ သူမက ရွယ်တူကလေးနှစ်ယောက်ကို အတူတကွ ကြီးပြင်းလာစေခြင်းက ပို၍ကောင်းမွန်ကြောင်း စည်းရုံးဖျောင်းဖျလိုက်သည့်အခါမှ တွန့်ဆုတ်စွာ သဘောတူခဲ့သည်။


လင်ချင်းဟယ်က နှုတ်ခမ်းစွန်းတွင် အပြုံးတစ်ခုနှင့် မိခင်ဖြစ်သူကို ကြည့်လိုက်ရင်း‌ အေးဆေးသော အသံဖြင့် ပြောလိုက်လေသည်။


“ ကျွန်တော် ဒီအိမ်မှာ နေချင်ရတဲ့အကြောင်းအရင်းက လဲ့လဲ့ကြောင့် မဟုတ်ဘဲ အမေကြောင့်ဆိုတာကို အမေသိမှာမဟုတ်ပါဘူး…”


လော်ကျန်းယင်း၏ မျက်လုံးများ ရုတ်ခြည်း တုန်ရီလို့သွားသည်။ သူမ ပါးစပ်ဟကာ တစ်ခုခုပြောလိုက်ချင်သော်လည်း လင်ချင်းဟယ်ကမူ လှည့်ထွက်သွားခဲ့လေပြီ။


………..


ပိတ်ရက်တစ်ရက်တွင် ထောင်ရှီးက လူမရှိသော အိပ်ဆောင်သို့ပြန်လာခဲ့ပြီး ရေမိုးချိုးပြီးနောက် ပန်းချီဒေါက်တိုင်ရှေ့တွင် ထိုင်လိုက်သည်။ ချောင်ဟယ့်နျန်၏အကြံပြုချက်အရ CAC ဟုခေါ်သော ပန်းချီပြိုင်ပွဲတစ်ခုတွင် ပါဝင်ယှဉ်ပြိုင်ရန် သူဆုံးဖြတ်ခဲ့သည်။ ထိုပြိုင်ပွဲမှာ နိုင်ငံတကာလွှမ်းမိုးမှုရှိသည့်အတွက် သူသာ ဆုရရှိပါက ကျောင်းလျှောက်ရာတွင် အလွန်အကျိုးရှိမည်ဖြစ်သည်။ ပြိုင်ပွဲက အလွန်နီးကပ်နေပြီးဖြစ်ပြီး ထောင်ရှီး၏ပန်းချီကားမှာလည်း လတ်စသတ်စရာသာ လိုတော့သည်။ သို့သော် သူ ပန်းချီကားကို ခဏကြာစိုက်ကြည့်နေပြီးနောက်တွင် ၎င်းကို ပန်းချီဒေါက်တိုင်မှ ဆွဲဖယ်လိုက်ကာ စာရွက်လွတ်အသစ်တစ်ခုဖြင့် အစားထိုးလိုက်သည်။


ပထမပုံကြမ်းကို နာရီဝက်ကြာဆွဲပြီးနောက်တွင် ထောင်ရှီးက စုတ်တံကိုပြန်ချလိုက်ပြီး ပန်းချီဒေါက်တိုင်ကို ပိတ်စအဖြူဖြင့် အုပ်လိုက်ကာ ရေချိုးခန်းထဲ၌ လက်သွားဆေးသည်။ ထို့နောက် မီးပိတ်ကာ အိပ်ယာပေါ်တက်လိုက်ပြီး စောင်ခြုံကာ မျက်နှာကြတ်ကို တွေဝေစွာ စိုက်ကြည့်နေမိ၏။


သူ့ရင်ထဲတွင် ဗလောင်ဆူနေသည်။


လင်ချင်းဟယ်၏ပြိုင်ပွဲပြီးလျှင် အမှန်တရားကို ပြောပြမည်ဟု ဆုံးဖြတ်ချက်ချခဲ့သော်လည်း ရှေ့ဆက်ဖြစ်လာမည့်အရာများကို ကြိုမသိနိုင်သည့်အတွက် သူအလွန်ကြောက်နေမိသည်။


ဤသည်က အိမ်ပြန်ရမည်ကို ကြောက်သည်ဟူသော ခံစားချက်ပင်ဖြစ်လိမ့်မည်။ သူနှင့် သူ့ဆွေမျိုးများက ဆယ့်ခုနစ်နှစ်တာ ဝေးကွာခဲ့ရသည်။ သူတို့မှာ သွေးရင်းများဖြစ်သော်လည်း သူ့ကို သေချာပေါက် လက်ခံလိမ့်မည်ဟု အတပ်မပြောနိုင်ပေ။


အကယ်၍ လက်ခံခဲ့လျှင်တောင် ဤမျှကွဲပြားနေသည့် မိသားစုထဲတွင် သူမည်သို့ ရပ်တည်နိုင်မည်နည်း။


ယန်သောလဲ့က သူ၏မူလမိသားစုသို့ပြန်ရန် ဆန္ဒမရှိလောက်ပေ။ ထို့အတူ သူ့ကို ဆယ်နှစ်ကျော် တယုတယကျွေးမွေးစောင့်ရှောက်ခဲ့သူများကလည်း သူ့ကို အလွယ်တကူ စွန့်လွှတ်နိုင်ကြလိမ့်မည်မဟုတ်ချေ။ အဆုံးတွင် ယန်သောလဲ့နှင့် သူ့ကို ညီအစ်ကိုများအဖြစ် တစ်မိုးအောက်ထဲတွင် အတူနေခိုင်းခြင်းဖြင့်သာ နိဂုံးချုပ်သွားနိုင်သည်။


ဤသည်မှာ ဖြစ်နိုင်ခြေအရှိဆုံး အဆုံးသတ်ဖြစ်လေ၏။ သို့သော် သူက ထိုမိသားစုထဲတွင် ဝင်ဆံ့နိုင်ပါ့မည်လား…။


ထောင်ရှီးက ပင့်သက်ပြင်းပြင်းရှိုက်လိုက်ပြီး ဖုန်းစခရင်ကို ဖွင့်ကာ လင်ချင်းဟယ်၏ WeChat ကို နှိပ်ဖွင့်လိုက်သည်။ သူ လင်ချင်းဟယ်ကို စာပို့ရန် ကြံစည်လိုက်သော်လည်း နာရီကိုကြည့်လိုက်သောအခါ ဆယ့်နှစ်နာရီကျော်နေလေပြီ။


အဆုံးတွင် ထောင်ရှီးက ဖုန်းစခရင်ကိုပိတ်လိုက်ပြီး သူ့ကိုယ်သူ စောင်နှင့်ကျစ်ထုပ်နေအောင် ပတ်လိုက်သည်။ ထို့နောက် အိပ်စက်ရန် မျက်လုံးများကို မှိတ်လိုက်သည်။


သူ သူ့ကိုယ်သူ တစ်ကိုယ်တည်း ပြောမိသည်။ မဝင်ဆံ့နိုင်ရင်လည်း မဝင်ဆံ့နိုင်ဘူးပေါ့။ သူ အဲ့နေရာမှာ ဆယ်နှစ်ကျော်တောင် မရှိဘဲနေလာခဲ့တာပဲကို။


သူ့ဆွေမျိုးများမရှိလျှင်တောင် သူတစ်ယောက်တည်း နေနိုင်ပါသေး၏။


ထို့အပြင် သူ့တွင် လင်ချင်းဟယ်ရှိသေးသည်။


ထောင်ရှီးက မိမိကိုယ်မိမိ နှစ်သိမ့်ရင်း အဆုံး၌ အိပ်ပျော်သွားခဲ့သည်။ သို့သော်ငြား တစ်ညလုံး အိပ်မက်ဆိုးများ မက်ခဲ့လေ၏။


သူ ဆယ်နှစ်အရွယ်က အဖွားအိမ်တွင်ဖြစ်ပျက်ခဲ့သည့် ဖြစ်ရပ်ကို အိပ်မက်ပြန်မက်သည်။ ထောင်လဲ့က ရေပိုက်ခေါင်းပိတ်ရန်မေ့သွားသဖြင့် ကန်စွန်းဥများသိုလှောင်ထားသည့် အဖွား၏မြေအောက်ခန်းထဲကို ရေများစီးဝင်သွားခဲ့သည်။ ကောဖျင်သိသွားသောအခါ သူ့ကို ဘာမှမမေးမမြန်းဘဲ ဝါးကြိမ်တစ်ချောင်းဖြင့် လိုက်ရိုက်ခဲ့သည်။


သူ အလွန်နာကျင်လာသည့်အတွက် “သားမလုပ်ပါဘူး။ သားမလုပ်ပါဘူး” ဟူ၍ သူ့အမေကို ငိုယိုကာပြောခဲ့သည်။


သူမလုပ်ကြောင်း ကူပြောပေးရန် အဖွားဆီသို့ပင် အပြေးသွားကာ တောင်းဆိုခဲ့သည်။ သို့သော် အဖွားက ထောင်လဲ့ကိုပွေ့ထားပြီး နှုတ်ဆိတ်၍သာ နေခဲ့သည်။


ထို့နောက် ဆေးရုံကညတစ်ညအကြောင်းကို မက်ပြန်သည်။ သူက လူနာခန်း၏အပြင်တံခါးတွင် ပုန်းနေပြီး ဆေးရုံကုတင်ရှေ့တွင် ထိုင်နေသော အခန်းထဲမှ သူ့အဖိုးနှင့်အဖွားကို ချောင်းကြည့်နေခဲ့သည်။ အဖိုးနှင့်အဖွားက ယန်သောလဲ့၏လက်ကိုကိုင်လျက် ပူဆွေးမျက်ရည်များကျနေပြီး “မြေးလေး မြေးလေး” ဟု တဖွဖွခေါ်နေခဲ့သည်။


သူ လူနာခန်းထဲသို့ ပြေးဝင်သွားချင်သော်လည်း မဝင်နိုင်သောကြောင့် တံခါးအပြင်ဘက်မှသာ အော်ခေါ်နေခဲ့ရသည်။


ကျွန်တော်ပါ၊ ကျွန်တော့်ကိုကြည့်ပါဦး…ကျွန်တော့်ကို တစ်ချက်လောက်ကြည့်ပါဦး…


သို့သော် သူ့အဖိုးနှင့်အဖွားက သူ့ကို မမြင်နိုင်၊ မကြားနိုင်ကြပါချေ။


ထောင်ရှီး လန့်နိုးလာချိန်၌ သူ့ကိုယ်ပေါ်တွင် ခြုံထားသည့်စောင်က အကန်ခံထားရသည်ကို တွေ့လိုက်ရသည်။ သူ့လည်ချောင်းများ နာကာ တစ်ကိုယ်လုံးလည်း အားမရှိသလို ပျော့ခွေနေသည်။ သူ အိပ်ယာမှကြိုးစားထလိုက်ပြီး ခေါင်းလောင်းမတီးခင် သန့်ရှင်းလုပ်၊ အဝတ်အစားလဲကာ အင်္ဂလိပ်စာလေ့ကျင့်ရန်အတွက် အပြင်သို့ ထွက်လာခဲ့သည်။


မနေ့ညက ပါတီပွဲအရှိန်ကြောင့် တနင်္လာနေ့မနက် အတန်းတက်ရချိန်၌ ကျောင်းသားအားလုံးနီးပါး ထိုင်းမှိုင်းနေကြပြီး အတန်းပြီးသည်နှင့် တိုက်ပွဲကျသွားကြတော့သည်။


ထောင်ရှီးသည်လည်း အလွန်အိပ်ငိုက်နေကာ ခေါင်းလည်းကိုက်နေသည်။ သို့သော် အိပ်မပျော်သွားအောင် အတတ်နိုင်ဆုံးထိန်းနေရသည်။


တစ်မနက်လုံးစာသင်ပြီးနောက်တွင် ထောင်ရှီး ခေါင်းပိုကိုက်လာသည်။ သူ ခေါင်းငုံ့ကာ ယခင်စာသင်ချိန်က မှတ်စုများကို စာအုပ်ထဲချမှတ်နေစဉ် လက်တစ်ဖက်က သူ့နဖူးပေါ် ရုတ်တရက်လာတင်သည်ကို ခံစားလိုက်ရ၏။ ထိုလက်၏အထိအတွေ့က သူ့အတွက် အနည်းငယ် အေးစိမ့်နေသည်။


သူဘေးသို့ လှည့်ကြည့်လိုက်သည်။ လင်ချင်းဟယ်က သူ့လက်ကို ပြန်ရုတ်လိုက်ပြီး မျက်မှောင်ကြုတ်ကာပြောလာ၏။


“ မင်းဖျားနေပြီ…”


ထောင်ရှီးက လက်ကိုဆန့်ထုတ်ကာ သူ့နဖူးသူ စမ်းကြည့်လိုက်သည်။ သို့သော် ကိုယ်ပူနေသည်ဟု မခံစားရသဖြင့် လင်ချင်းဟယ်ကို ရွှတ်နောက်နောက်ပြောလိုက်သည်။


“ မင်းလက်က အေးနေလို့ဖြစ်မှာပါ။ မင်းလက်ကို‌ နွေးသွားအောင် ငါ ကိုင်ထားပေးမယ်လေ…”


သို့သည့်တိုင် လင်ချင်းဟယ်၏အမူအရာက တည်ကြည်လေးနက်နေဆဲပင်။ သူက ထရပ်ကာ စတိတ်စင်ပေါ်သို့ တက်သွားပြီး အတန်းအတွက် ပြင်ဆင်နေသည့် ကျိုးချန်ကို အကျိုးအကြောင်းပြောပြလိုက်သည်။ ထို့နောက် ထောင်ရှီးထံသို့ ပြန်လာကာ သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး ထိုင်ခုံမှ ဆွဲထူလိုက်သည်။


“ ? ”


ထောင်ရှီး မျက်လုံးအပြူးသားဖြင့် လင်ချင်းဟယ်ကို ကြည့်လိုက်သည်။ သူ သင်္ချာအတန်းကို မပျက်ချင်ပါချေ။


“ ကျောင်းဆေးခန်းကိုသွားမယ်…” လင်ချင်းဟယ်၏ အသံက မနာခံလို့မရဘူး ဟူသော အမိန့်သံမျိုးပါနေသည်။


လင်ချင်းဟယ်က ထောင်ရှီးကို ကျောင်းဆေးခန်းသို့ ဆွဲခေါ်လာခဲ့သည်။ လတ်တလောတွင် ပြင်းထန်သောအအေးလှိုင်းဖြတ်ခဲ့သောကြောင့် ကျောင်းဆေးခန်းထဲတွင် ဖျားနာသူများစွာရှိနေပြီး နှာချေသံ၊ ချောင်းဆိုးသံများဖြင့် ဖုံးလွှမ်းနေသည်။


“ ညတုန်းက စောင်သေချာခြုံ မအိပ်ဘူးမလား…” ကျောင်းဆရာဝန်မက မထူးဆန်းစွာ မေးလာသည်။ ယခင်က သူမမှာ ထောင်ရှီး၏အနာကို ကုသပေးဖူးသည့်အပြင် လင်ချင်းဟယ်ကိုလည်း ကောင်းကောင်းသိလေသည်။


ထောင်ရှီးက ထိုင်ခုံတစ်လုံးပေါ်တွင် ထိုင်ကာ သာမိုမီတာတစ်ခုကို ချိုင်းကြားညှပ်ထားရင်း နုံးချိချိနှင့် ခေါင်းညိတ်ပြလိုက်သည်။


“ မင်း အသက်ဘယ်လောက်ရှိနေပြီလဲ။ အခုထိ အိပ်ရင်စောင်ကန်တတ်တုန်းလား…” ကျောင်းဆရာဝန်မက သူ့ကို စနောက်လိုက်သည်။


ထောင်ရှီး၏မျက်နှာက အနည်းငယ် နီရဲသွားပြီး လင်ချင်းဟယ်ကို လှည့်ကြည့်လိုက်သည်။ လင်ချင်းဟယ်က သူ့ကို လေးနက်သောအသံဖြင့် မေးလာ၏။


“ အိပ်ဆောင်မှာ အပူပေးစက်မဖွင့်ဘူးလား…”


သူ ခေါင်းခါပြကာ ပြောလိုက်၏။


“ ငါ အပူပေးစက်ဖွင့်ရတာမကြိုက်ဘူး။ နေရတာခြောက်ကပ်ကပ်နဲ့မို့လို့...”


အမှန်တွင် သူတစ်ယောက်တည်းနေစဉ် အပူပေးစက်ဖွင့်ပါက အကုန်အကျများလိမ့်မည်ဟု တွေးခဲ့သောကြောင့်ဖြစ်၏။


ခဏကြာသော် ကျောင်းဆရာဝန်က သာမိုမီတာကို ထုတ်ကြည့်လိုက်ပြီး ဘေးတွင်ရပ်နေသော လင်ချင်းဟယ်ကို ပြောလိုက်သည်။


“ ၃၇.၈ ဒီဂရီ။ အင်း…အဖျားတော့သိပ်မကြီးဘူး။ ငါ သူ့ကိုဆေးပေးလိုက်မယ်...”


“ ခွင့်ယူပြီး အနားယူဖို့လိုလောက်လား…” လင်ချင်းဟယ်က ထောင်ရှီး၏နဖူးကို လက်ဖြင့် စမ်းလိုက်ရင်း ကျောင်းဆရာဝန်ကို မေးလိုက်သည်။


“ မလိုဘူး။ ရပါတယ်…” ထောင်ရှီးက အမြန်ဝင်ဖြေလိုက်သည်။ သူ အတန်းမပျက်ချင်ပါချေ။


ဤကောင်လေးနှစ်ယောက်က ဆက်ဆံရေးကောင်းမွန်ကြသည်မှန်သော်လည်း လင်ချင်းဟယ်က အနည်းငယ်အကဲပိုနေသည်ဟု ကျောင်းဆရာဝန်က ခံစားလိုက်ရသဖြင့် ပြုံးစစနှင့်ပြောလိုက်သည်။


“ ခွင့်ယူဖို့လား…။ အဲ့လောက်မလိုပါဘူး။ ဆေးသောက်ပြီး နွေးနွေးထွေးထွေးလေးသာနေ၊ မကြာခင် သက်သာသွားလိမ့်မယ်…”


ထောင်ရှီးက လင်ချင်းဟယ်ကို မေးငေါ့ပြကာ ကျောင်းဆရာဝန်၏စကားကို ထောက်ခံလိုက်သည်။


“ ဟုတ်တယ်။ ကျွန်တော်က အရမ်းကျန်းမာရေးကောင်းတာ။ အရင်ကဆို အအေးမိရင်တောင် ဆေးသောက်စရာမလိုဘူး။ သူ့အလိုလိုပြန်ကောင်းလာတာပါဆို…”


သူ့ဒေသက ကလေးများအားလုံးမှာ ပေပေတေတေကြီးပြင်းလာကြသူများဖြစ်သည်မို့ ခေါင်းကိုက်ရုံ၊ ဖျားနာရုံလောက်ကို အိမ်က သိပ်ဂရုစိုက်လေ့မရှိကြချေ။ အများစုက ရွာရှိ တရုတ်တိုင်းရင်းဆေးဆရာထံမှ ဆေးမြစ်များကို ဝယ်၍သာ သောက်လေ့ရှိကြသည်။ သို့ရာတွင် သူ ဆယ်နှစ်နှစ်အရွယ်က အဖျားကြီးပြီး သုံးရက်ထိတိုင် အဖျားမပျောက်ခဲ့ပေ။ သူ နှာခေါင်းသွေးများယိုပြီး အတန်းထဲတွင် မေ့လဲသွား၍ ခရိုင်ဆေးရုံသို့ပို့လိုက်ရကာ အသက်မှီရုံလေးသာ ဖြစ်ခဲ့သည်ကိုတော့ ထုတ်မပြောဖြစ်ခဲ့ပါချေ။


ကျောင်းဆရာဝန်က ထောင်ရှီးကို ဆူပူသည်။


“ အဲ့ဒါမမှန်ဘူးနော်။ ဖျားရင်ဆေးသောက်ရမယ်။ တုပ်ကွေးနဲ့​အဖျားကိုလျှော့မတွက်လို့ရဘူး။ ကြာရင် အပြင်းဖျားတဲ့အထိ ဖြစ်သွားနိုင်တယ်…”


ထောင်ရှီးမှာ ချက်ကျလက်ကျ အဆူခံလိုက်ရသဖြင့် “အာ” ဟု အပြစ်ရှိစွာ ရေရွတ်လိုက်ပြီး နံဘေးမှ လင်ချင်းဟယ်ကို မော့ကြည့်လိုက်သည်။ ထိုအခါမှ လင်ချင်းဟယ်က သူ့အား နားလည်ရခက်ဖွယ်အကြည့်ဖြင့် စိုက်ကြည့်နေသည်ကို တွေ့လိုက်၏။


သူ ထုံထုံထိုင်းထိုင်းနှင့် ခေါင်းပြန်ငုံ့လိုက်ပြီး လင်ချင်းဟယ်နှင့် ကျောင်းဆရာဝန်တို့ စကားပြောနေကြသည်ကို ဝင်မစွပ်ဖက်တော့ဘဲ တိတ်တိတ်ကလေးသာ နားထောင်နေလိုက်သည်။


အဆုံးတွင် လင်ချင်းဟယ်က ကျောင်းဆရာဝန်ထံမှ ဆေးကိုလှမ်းယူလိုက်သည်။ ထိုအခါမှ ထောင်ရှီးမှာ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိပြီး အလျင်အမြန်ထရပ်ကာ ပြောလိုက်၏။


“ အတန်းပြန်ကြမယ်…”


လင်ချင်းဟယ်က ဘာမှပြောမလာပေ။ သူက ထောင်ရှီးကို မျက်နှာလေးတစ်ဝက်သာပေါ်သည်ထိ မာဖလာလေးကို တင်းတင်းပတ်ပေးလိုက်ပြီးမှ တိတ်ဆိတ်စွာ ခေါ်ထုတ်လာခဲ့သည်။ လမ်းတစ်လျှောက်လုံးတွင် လင်ချင်းဟယ်က စကားတစ်ခွန်းမှ ပြောမလာခဲ့ချေ။


လင်ချင်းဟယ် တစ်ခုခုဖြစ်နေသည်ကို ထောင်ရှီး သတိပြုမိလိုက်သည်။ ထိုသူက စိတ်ဆိုးနေခြင်းမျိုးလည်းမဟုတ်ဘဲ ဝမ်းနည်းနေသယောင်ပင်။


လင်ချင်းဟယ် ဘာဖြစ်သွားသလဲကို သူတွေးမရပါချေ။ သူ စကားတစ်ခွန်းနှစ်ခွန်းပြောကာ လမ်းလျှောက်လာရင်းဖြင့် လင်ချင်းဟယ်က အတန်းဘက်သို့ သွားနေခြင်းမဟုတ်ဘဲ သူ့ကို အဆောင်ဘက်သို့ ဦးတည်ခေါ်သွားနေကြောင်းကို သတိထားမိလိုက်လေသည်။


ထောင်ရှီးက လင်ချင်းဟယ်ကို ကြောင်အမ်းအမ်းနှင့် မေးလိုက်သည်။


“ ဘာဖြစ်လို့ အဆောင်ကိုသွားနေတာလဲ…”


“ မင်းကောင်းကောင်းအိပ်ဖို့လိုတယ်…” လင်ချင်းဟယ်က ပြောသည်။


ထောင်ရှီးက မအိပ်ချင်ပေ။ သို့သော် လင်ချင်းဟယ်၏စကားကိုလည်း နားမထောင်ဘဲမနေရဲချေ။ သို့နှင့် လင်ချင်းဟယ်ကို အဆောင်အပေါ်ထပ်သို့ ခေါ်လာခဲ့ပြီး ယနေ့မနက် သူအိပ်ဆောင်ကို သန့်ရှင်းရေး လုပ်ခဲ့၊ မလုပ်ခဲ့ကို ခေါင်းနောက်နောက်နှင့် ပြန်စဉ်းစားကြည့်လိုက်သည်။


အိပ်ဆောင်တံခါးကိုဖွင့်ပြီးသည်နှင့် ထောင်ရှီးက မီးဖွင့်လိုက်ကာ ပန်းချီဒေါက်တိုင်ကို ဘေးရွေ့လိုက်ပြီး လင်ချင်းဟယ်အတွက် ရေခပ်ပေးရန် ပြင်လိုက်သည်။ သို့သော် လင်ချင်းဟယ်က သူ့လက်မောင်းကို ဖမ်းဆွဲထားလိုက်ပြီး ထိုင်ခုံသို့ခေါ်သွားကာ ပုခုံးကိုဖိချ၍ ထိုင်စေလိုက်သည်။


“ ဒီမှာငြိမ်ငြိမ်ထိုင်နေ၊ မလှုပ်နဲ့…”


ထောင်ရှီးက နာခံစွာ ငြိမ်ငြိမ်လေးထိုင်နေပြီး မျက်လုံးဝိုင်းများဖြင့် လင်ချင်းဟယ်ကို တောက်လျှောက်လိုက်ကြည့်နေသည်။


လင်ချင်းဟယ်က အလွန်သန့်ရှင်းနေသည့် အိပ်ဆောင်ကို တစ်ချက်ဝေ့ဝဲကြည့်လိုက်သည်။ သူက ချက်ချင်းပင် ထောင်ရှီး၏အိပ်ယာကို ရှာတွေ့သွားသည်။ အဘယ့်ကြောင့်ဆိုသော် အိပ်ယာခေါင်းရင်းတွင် သူတို့နှစ်ယောက်အတူ အရုပ်ကောက်စက်၌ ကောက်ခဲ့သော ပန်းရောင်ဝက်ဝံရုပ်လေးကို တင်ထားသောကြောင့် ဖြစ်လေ၏။


ဂဏန်းဟင်းလျာဆိုင်က ထိုနေ့ညကို သူပြန်သတိရမိသည်။ ထိုနေ့ညက သူအဘယ်ကြောင့် ထောင်ရှီးအတွက် အရုပ်ကောက်ပေးချင်သွားရသလဲ မသိပါချေ။


လင်ချင်းဟယ်က စားပွဲပေါ်မှ ရီမုတ်ကိုယူပြီး အပူပေးစက်ကိုဖွင့်ကာ အပူချိန်ကိုချိန်ညှိလိုက်သည်။ ထို့နောက် ထောင်ရှီး၏ရေခွက်ကိုကိုင်၍ အပြင်ဘက်ရေသန့်စက်မှ ရေပူကိုဖွင့်လိုက်သည်။ ရေနွေးပွက်သွားပြီးနောက် အထဲပြန်ဝင်လာသည့်အခါ ထောင်ရှီးက စားပွဲပေါ်တွင်လှဲနေပြီး မျက်လုံးများမှိတ်ကာ အိပ်ပျော်နေသည်ကိုတွေ့လိုက်ရသည်။


လင်ချင်းဟယ်က ထောင်ရှီး၏ပါးလေးကို ညှစ်လိုက်ရင်း ညင်သာသောအသံဖြင့် နှိုးလိုက်သည်။


“ ဆေးသောက်ပြီးမှ ပြန်အိပ်လေ…”


ထောင်ရှီးက မျက်လုံးများကို အားတင်းဖွင့်လိုက်ပြီး လင်ချင်းဟယ်၏ ခါးကိုဖက်လိုက်ကာ သူ့နဖူးလေးကို လင်ချင်းဟယ်၏ဗိုက်ပေါ် အပ်လိုက်ရင်း ဆက်အိပ်ရန်ပြင်လိုက်သည်။ လင်ချင်းဟယ်က ထောင်ရှီးခေါင်းလေးကို ပွတ်သပ်ပေးလိုက်ပြီး အိပ်ဆောင်တစ်ဝိုက်ကို ဝေ့ဝဲကြည့်လိုက်သည်။ အိပ်ဆောင်က အလွန်ကျဉ်းနေပြီး အိပ်ယာကလည်း အလွန်သေးလှသည်ပင်။


ထောင်ရှီးက လင်ချင်းဟယ်ကိုမှီပြီး အိပ်ပျော်သွားပြန်လေသည်။ သို့သော်လည်း လင်ချင်းဟယ်က သူ့ကို ထပ်မံနှိုးလိုက်ပြန်သည်။ သူ လင်ချင်းဟယ်၏လက်ထဲမှ ဖန်ခွက်ကိုလှမ်းယူလိုက်ပြီး ရေတစ်ငုံ့နှစ်ငုံ့ခန့် သောက်လိုက်သည်။ ထိုအခါမှ သူ့လည်ပင်းထဲတွင် ခြောက်ကပ်နေမှုက အနည်းငယ်သက်သာသွားသည်။


လင်ချင်းဟယ်က ဆေးကဒ်ကိုဖောက်လိုက်ပြီး ကျောင်းဆရာဝန် မှာကြားထားသည့်အတိုင်း ဆေးလုံးတစ်ချို့ကိုထုတ်လိုက်ကာ ထောင်ရှီး၏လက်ဖဝါးထဲသို့ ထည့်ပေးလိုက်သည်။


ထောင်ရှီး၏မျက်နှာက ရှုံ့မဲ့သွားသည်။ ဆေးသောက်ရသည်ကို သူမကြိုက်ပါချေ။ သို့သော် လင်ချင်းဟယ်က သူ့ကို စိုက်ကြည့်နေသဖြင့် ဆေးလုံးများကို နာနာခံခံနှင့် မော့သောက်လိုက်သည်။


ထောင်ရှီး ဆေးသောက်ပြီးသွားသောအခါ လင်ချင်းဟယ်က လသာဆောင်တံခါးကိုပိတ်လိုက်ရင်း ပြောသည်။


“ အိပ်ယာထဲသွားပြီး အိပ်တော့…”


ထောင်ရှီးက ထိုင်နေဆဲပင်။ သူ့ပါးပြင်က အဖျားရှိန်ကြောင့် နီမြန်းနေပြီး မျက်လုံးများကလည်း ရီဝေဝေဖြစ်နေသည်။ သူက ခေါင်းမော့ကာ လင်ချင်းဟယ်ကို ရီဝေစွာစိုက်ကြည့်နေ၏။


လင်ချင်းဟယ်က ခဏမျှတွေးတောလိုက်ပြီးနောက် ထောင်ရှီး၏ဆံပင်လေးကို ပွတ်သပ်ပေးလိုက်ကာ အသံတိုးတိုးနှင့်ပြောလိုက်သည်။


“ ငါဘယ်မှမသွားပါဘူး…”


ထိုအခါမှ ထောင်ရှီးက ထိုင်ခုံပေါ်မှ ဖြည်းညင်းစွာ ထရပ်လိုက်ပြီး အပေါ်အင်္ကျီနှင့် ဖိနပ်ကိုချွတ်ကာ အိပ်ယာပေါ်သို့ တက်လိုက်ရင်း စောင်ခြုံထဲသို့ ကွေးကွေးလေး တိုးဝင်လိုက်သည်။


သို့သော်လည်း မျက်လုံးမှိတ်ကာ ချက်ချင်း မအိပ်သွားသေးပေ။ သူက အိပ်ယာစွန်းသို့ လူးလွန့်ကာ လိမ့်လာပြီး စောင်ခြုံထဲမှ မျက်လုံးနက်နက်လေးတစ်စုံသာဖော်၍ ခေါင်းလေးမော့ကာ လင်ချင်းဟယ်အား ကြည့်နေသည်။


လင်ချင်းဟယ်က ထောင်ရှီး၏အတွေးကိုနားလည်ဟန်ဖြင့် အနည်းငယ် ကူရာမဲ့သွားပြီး စာရေးခုံသို့အကြည့်ပို့ကာ မေးလိုက်သည်။


“ အိပ်ဆောင်မှာ ဖတ်စရာစာအုပ်တွေရှိလား…”


ထောင်ရှီးက ဗလုံးဗထွေးအသံဖြင့် ပြန်ဖြေလေ၏။


“ ငါ့အံဆွဲထဲမှာ ရှိတယ်…”


လင်ချင်းဟယ်က အံဆွဲကိုဖွင့်၍ ​အလျဉ်းသင့်သည့် စာအုပ်တစ်အုပ်ကို ထုတ်လိုက်ကာ ထောင်ရှီးကို မြှောက်ပြလိုက်သည်။


“ ငါ ဒီမှာစာဖတ်နေမယ်။ စိတ်ချလက်ချအိပ်…”


ထောင်ရှီးက “အွန်း” ဟု အသံပြုလိုက်ပြီး အဆုံးမှ စိတ်ချသွားဟန်ဖြင့် အိပ်ယာပေါ်လှဲကာ မျက်လုံးများမှိတ်လိုက်သည်။ ခဏအကြာတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားတော့၏။


လင်ချင်းဟယ်က စာအုပ်မဖတ်ပါချေ။ သူက အံဆွဲထဲမှ မတော်တဆတွေ့မိလိုက်သည့် လုပ်ငန်းလိပ်စာကတ်ပြားတစ်ခုကို ခေါင်းငုံ့၍ ကြည့်နေသည်။


ရွှေရောင်ဖျော့ဖျော့ လုပ်ငန်းလိပ်စာကတ်ပြားကို သူ ကောက်ကိုင်လိုက်သည်။ လုပ်ငန်းလိပ်စာကတ်ပြားမှာ ဂရုတစိုက်ထိန်းသိမ်းခံထားရဟန်တူ၏။ အသစ်စက်စက်အတိုင်း အရာမယွင်းရှိနေပြီး အလယ်တွင် စာလုံးသုံးလုံးသာရှိနေသည်။ ယန်ကျန်းမင်။


လင်ချင်းဟယ်က လုပ်ငန်းလိပ်စာကတ်ပြားကို အံဆွဲထဲပြန်ထည့်ထားလိုက်ပြီး ထောင်ရှီး ခုနကချွတ်လိုက်သည့် အပေါ်ဝတ်အင်္ကျီကို စောင်ပေါ်လွှားတင်ပေးလိုက်သည်။ သူက အရပ်မြင့်သောကြောင့် အိပ်စင်ဘေးတွင် ရပ်နေရုံနှင့် ထောင်ရှီး၏တစ်ကိုယ်လုံးကို မြင်နေရ၏။


ထောင်ရှီးက ဘေးတစ်ခြမ်းစောင်းကာ အိပ်လေ့အိပ်ထရှိသည်ထင်၏။ ခပ်ရဲရဲမျက်နှာလေးက သူ့ဘက်ကို မျက်နှာမူထားပြီး အသက်ရှူသံမှန်မှန်နှင့် မျက်လုံးများမှိတ်ကာ အိပ်စက်နေသည်။ မျက်တောင်များသာလျှင် တစ်ချက်တစ်ချက် လှုပ်ခတ်သွား၏။


လင်ချင်းဟယ်က ခဏကြာ တိတ်ဆိတ်စွာ ကြည့်နေအပြီးတွင် ခေါင်းရင်းမှ ပန်းရောင်ဝက်ဝံရုပ်လေးကို ထောင်ရှီး၏အနားသို့ တိုးကပ်ပေးလိုက်သည်။ သူက လက်ကိုဆန့်ထုတ်၍ ထောင်ရှီး၏ခေါင်းလေးကို ညင်ညင်သာသာ ပွတ်သပ်ပေးလိုက်သည်။ ထို့နောက် ဝက်ဝံရုပ်၏ခေါင်းလေးကိုပါ ပွတ်သပ်ပေးလိုက်ပြီး နှစ်ယောက်သားကို အိပ်ယာကျဉ်းကျဉ်းလေး၌ အတူတကွအိပ်စက်စေလိုက်သည်။


___________________________