The Moon Is Coming To Me
Chapter-49
ထောင်ရှီးငယ်စဉ်က နေမကောင်းဖြစ်ရမည်ကို အလွန်ကြောက်ခဲ့သည်။ အကြောင်းမှာ သူ့ညီမလေးက ကျန်းမာရေးမကောင်းသောကြောင့် မိသားစုက ကျပ်တည်းနေပြီးဖြစ်ရာ သူက အနည်းငယ် ခေါင်းမူးခေါင်းကိုက်ရုံနှင့် ကောဖျင်ကို သွားပြောလေ့မရှိတော့ချေ။ သာမန်အအေးမိဖျားနာပါက တစ်ပတ်ခန့်ကြာလျှင် သူ့အလိုလိုသက်သာသွားလေ့ရှိသည်။
ကံကောင်းထောက်မ၍ သူ့တွင် ကြီးကြီးမားမားရောဂါဝေဒနာမျိုး မရှိခဲ့ပေ။ အပြင်းအထန် ဖျားဖူးသည့်တစ်ခေါက်သာ ဆေးရုံမှ အထူးကြပ်မတ်ဆောင်တွင် ရက်ရှည်နေခဲ့ရပြီး ဆေးကုသမှုခံယူခဲ့ရသည်။ ထိုစဉ်က ကောဖျင်မှာ အလွန်ထိတ်လန့်သွားခဲ့ဟန်တူသည်။
ထိုအချိန်မှစ၍ ဖျားနာရသည်မှာလည်း သိပ်အဆိုးကြီးမဟုတ်ဟူ၍ သူတွေးခဲ့မိသည်။ အဘယ်ကြောင့်ဆိုသော် သူ နေမကောင်းဖြစ်လျှင် ကောဖျင်က သူ့ကိုပိုဂရုစိုက်ပေးပြီး အလွန်မွှေးကြိုင်သော ကြက်သားစွပ်ပြုတ်ကိုလည်း ချက်ကျွေးသည်။ ယင်းက ငယ်စဉ်ကတည်းက သူအမြဲလိုလိုတောင့်တခဲ့ရသည့်အရာများဖြစ်ပြီး အထူးသဖြင့် ဆောင်းရာသီတွင် ပိုတောင့်တမိခဲ့သည်။
ထောင်ရှီး အိပ်ယာမှနိုးလာသောအခါ ပထမဆုံးမြင်လိုက်ရသည်က သူ့အား မှုန်ကုတ်ကုတ် စိုက်ကြည့်နေသော ဝက်ဝံအရုပ်ဖြစ်နေသောကြောင့် ထိတ်ခနဲပင် လန့်သွားရ၏။
နောက်ထပ်သတိပြုမိလိုက်သည့်အရာက အိပ်ခန်းမှာ မှောင်မည်းနေပြီး မီးများဖွင့်မထားသည်ကိုပင်။ သူ အိပ်ယာပေါ်မှ ထထိုင်လိုက်ပြီး အိပ်ယာစွန်းသို့ လူးလွန့်ကာ လင်ချင်းဟယ်ကို လိုက်ရှာလိုက်သည်။
သို့သော် အိပ်ခန်းထဲတွင် မည်သူမှရှိမနေပါချေ။
စောင်ပေါ်တွင် လွှားတင်ပေးထားသည့် အင်္ကျီကိုကြည့်ခြင်းအားဖြင့် လင်ချင်းဟယ်ထွက်သွားသည်မှာ သိပ်ကြာသေးပုံမရချေ။ သို့သော် သူ့စိတ်ထဲတွင် ဟာတာတာဖြစ်သွားရ၏။ ညနေစောင်းအထိ အိပ်ပျော်သွားပြီး တစ်ယောက်တည်းနိုးလာရသည့်ခံစားချက်က ကမ္ဘာကြီးမှ စွန့်ပစ်ခံလိုက်ရသလိုပင်။
ထောင်ရှီးက အိပ်ယာပေါ်တွင် ငူငူကြီး ထိုင်နေစဉ် ရုတ်တရက် တံခါးဖွင့်သံကိုကြားလိုက်ရသည်။ သူလှည့်ကြည့်လိုက်သောအခါ အိတ်တစ်လုံးကိုင်လျက် ဝင်လာသော လင်ချင်းဟယ်ကို တွေ့လိုက်ရသည်။ ထိုသူက သူ့ကိုခေါင်းမော့ကြည့်ရင်း မျက်မှောင်ကြုတ်လျက်ပြောလာသည်။
“ အင်္ကျီထပ်ဝတ်ထား…”
ထောင်ရှီး၏မျက်လုံးများ ချက်ချင်းတောက်ပသွားပြီး အင်္ကျီထူထူကို ထပ်ဝတ်လိုက်ကာ အိပ်စင်ပေါ်မှ ဆင်းလိုက်သည်။ ထို့နောက် လင်ချင်းဟယ်၏နောက်ကို အမြှီးလေးလို တကောက်ကောက်လိုက်နေတော့၏။
လင်ချင်းဟယ်က မီးဖွင့်လိုက်သည်။ ထမင်းဘူးအိတ်ကို လက်တစ်ဖက်ဖြင့် စားပွဲတင်လိုက်ပြီး သူ့နောက်ကိုတကောက်ကောက်လိုက်နေသည့် ထောင်ရှီး၏နဖူးလေးကို စမ်းလိုက်သည်။ ကိုယ်ပူကျသွားပြီဖြစ်သော်လည်း သူ စိတ်မအေးနိုင်သေးပါချေ။ ကျောင်းဆေးခန်းမှ သူဝယ်လာသည့် သာမိုမီတာကို ထောင်ရှီး၏လက်ထဲသို့ ထည့်ပေးရင်း ပြောလိုက်သည်။
“ အပူချိန်တိုင်းလိုက်ဦး…”
ထောင်ရှီးက လှမ်းယူလိုက်ကာ ချိုင်းကြားထဲညှပ်လိုက်သည်။ ပလတ်စတစ်အိတ်များပုံနေသည့် စားပွဲတစ်ဝိုက်ကို ခေါက်တုံ့ခေါက်ပြန်လျှောက်နေပြီးနောက် သူ သည်းခံနိုင်စွမ်းမရှိတော့ဘဲ စားပွဲပေါ်ကို ငုံ့ကိုင်းလိုက်ကာ အိတ်ကို တရှုံ့ရှုံ့အနံခံကြည့်လိုက်သည်။
အရမ်းမွှေးတဲ့အနံ့လေးကို ဒီနားကနေတောင်ရနေပြီ။
“ အနာဂတ်မှာ ခွေးပေါက်လေးတစ်ကောင် မွေးချင်တယ်လို့မင်းပြောဖူးတာကို မှတ်မိလား…”
လင်ချင်းဟယ်က အင်္ဂလိပ်သတင်းစာဟောင်းတစ်စောင်ကို စားပွဲပေါ်ဖြန့်ခင်းလိုက်ပြီး အိတ်ထဲမှ အစားအသောက်ဘူးများကို ထုတ်ကာ တစ်ခုချင်းနေရာချရင်း မေးလိုက်သည်။
ထောင်ရှီးက ကြောင်အသွား၏။ “အင်း…”
လင်ချင်းဟယ်က နောက်ဆုံး စွပ်ပြုတ်ပန်းကန်ကို ထုတ်လိုက်ရင်း အမှတ်တမဲ့ပြောလာသည်။
“ ငါတို့ တကူးတကမွေးစရာတောင် မလိုတော့ဘူးထင်တယ်။ ဒီမှာတင်ရှိနေပြီလေ…”
“……..”
ကောင်းတယ်။ သူ့ကို ခွေးနဲ့တူတယ်လို့ ပြောချင်တယ်ပေါ့။
ထောင်ရှီးက မကြားချင်ယောင်ဆောင်လိုက်ကာ သာမိုမီတာကိုပြန်ထုတ်လိုက်ပြီး လင်ချင်းဟယ်ကိုပြန်ပေးရင်း မေးလိုက်သည်။
“ မင်းရော စားပြီးပြီးလား…”
လင်ချင်းဟယ်က “အင်း”ဟု အသံပြုရင်း သာမိုမီတာကိုလှမ်းယူကာ အပူချိန်ကိုစစ်ကြည့်လိုက်သည်။ ခဏကြာမှ သူ့မျက်မှောင်များ ပြေလျော့သွား၏။
“ အဖျားကျသွားပြီ…”
“ ပြောပါတယ်...ငါကကျန်းမာရေးကောင်းပါတယ်ဆို…”
“ စားရအောင်…”
ထောင်ရှီးက ချက်ချင်းမထိုင်သေးပေ။ ထို့အစား ထိုင်ခုံတစ်ခုံကို လှမ်းယူကာ သူ့ထိုင်ခုံဘေး၌ ချလိုက်သည်။ ထို့နောက် လင်ချင်းဟယ်ကို မျှော်လင့်တကြီးမျက်နှာလေးနှင့် မော့ကြည့်လိုက်လေ၏။
ထောင်ရှီးက အဖျားကြောင့် လူပိုကပ်နေသည်ကို လင်ချင်းဟယ်က နားလည်ဟန်ဖြင့် ထိုထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။ ထိုအခါမှ ထောင်ရှီးက သူ့ထိုင်ခုံတွင် ထိုင်လိုက်လေသည်။
ထောင်ရှီးက သူ့ရှေ့မှ ထမင်းဘူးကို ငုံ့ကြည့်လိုက်၏။ လင်ချင်းဟယ်ဝယ်လာသည့် စားသောက်ဖွယ်ရာများမှာ အပြင်စားသောက်ဆိုင်မှ အော်ဒါမှာထားခြင်းဖြစ်မည်။ အဝါရောင်တောက်တောက်နှင့် ကြက်သားစွပ်ပြုတ်တစ်ပန်းကန်ကလည်း အနံ့များသင်းပျံ့ကြိုင်လှိုင်နေသည်။
ထောင်ရှီးက ကြက်သားစွပ်ပြုတ်ပန်းကန်ကို ငူငူကြီးကြည့်နေသည်ကို မြင်လျှင် လင်ချင်းဟယ်က အသံတိုးတိုးနှင့် မေးလိုက်သည်။
“ မကြိုက်လို့လား…”
ထောင်ရှီးက မျက်လွှာချကာ ခေါင်းခါပြလိုက်သည်။ သူက စွပ်ပြုတ်ကို တစ်ဇွန်းခပ်သောက်ရင်း ပြောလိုက်၏။
“ ငါက စွပ်ပြုတ်ဆိုအကြိုက်ဆုံးပဲ…”
ညပိုင်းရောက်သော် ထောင်ရှီးနှင့်လင်ချင်းဟယ်က ညစာကျက်တန်းကို သွားတက်ကြပြီး နေ့လယ်က လွတ်သွားသည့် သင်ခန်းစာများကို အမှီပြန်ကူးကြ၏။ သူ့အဖျားက ချက်ချင်းပေါ်ပြီး ချက်ချင်းပြန်ပျောက်သွားသည်။ သို့သော် လင်ချင်းဟယ်က သူဆေးသောက်မသောက်ကို သေချာစောင့်ကြည့်ပြီးမှ အိမ်သို့ပြန်သွားလေသည်။
ထောင်ရှီးအဆောင်သို့ ပြန်ရောက်လာသောအခါ ပြိုင်ပွဲအတွက် ဆွဲလက်စပန်းချီပုံကြမ်းကို ဆက်ဆွဲသည်။ ပြိုင်ပွဲရက်က နီးနေပြီဖြစ်ပြီး ပထမပုံကြမ်းကိုလည်း ပယ်ဖျက်လိုက်သည့်အတွက် အချိန်ဇယားက အလွန်ကြပ်သွားသည်။
ထောင်ရှီးက CAC ပြိုင်ပွဲတွင် ဝင်ပြိုင်မည်ဖြစ်ကြောင်း ဖန်းယန့်ကလည်း သိရှိထားသည်။ သူက ပန်းချီဒေါက်တိုင်ဘေးတွင်ရပ်ရင်း စိတ်ဝင်တစားကြည့်နေသည်။ ရွှီကျီးချီကပါ လာကြည့်နေသောအခါ သူက ငေါ့တော့တော့ပြောလိုက်သည်။
“ မင်းက နားရောနားလည်လို့လား…။ ငါ့ ရှေ့မှာလာကွယ်မနေနဲ့…”
ရွှီကျီးချီက အကြည့်များကိုပြန်ရုတ်သိမ်းလိုက်ပြီး သူ့ထိုင်ခုံသူ ပြန်သွားထိုင်ကာ လှောင်ရယ်သည်။
“ ဒီလောက်ထူးဆန်းပြီး ပုံမကျပန်းမကျပန်းချီကို ဘယ်သူက နားလည်မှာလဲ…”
ဖန်းယန့်က စိတ်တိုသွားသည်။
“ ဒါအနုပညာကွ။ မင်းလိုအနုပညာသွေးမပါတဲ့လူတွေနဲ့ စကားပြောရတာ လေကုန်တာပဲအဖတ်တင်တယ်…”
ထို့နောက် ထိုနှစ်ဦးက မီးပွင့်မတတ် အချင်းချင်း စကားများငြင်းခုံနေကြပြန်တော့သည်။
ထောင်ရှီးက ရွှီကျီးချီကို တစ်ချက်လှည့်ကြည့်လိုက်သည်။ ပန်းချီပစ္စည်းကိရိယာများကို သေချာသိမ်းထုပ်ပြီး ပန်းချီဒေါက်တိုင်ကို အိပ်ခန်း၏ထောင့်သို့ရွေ့ကာ ပိတ်စဖြူနှင့် ဂရုတစိုက်အုပ်လိုက်သည်။
မီးပိတ်သွားပြီးနောက်တွင် ဖန်းယန့်က သူ့အိပ်ယာပေါ်တွင် ဖုန်းပွတ်ရင်း သက်ပြင်းတချချနှင့်ပြောလာသည်။
“မိုးလေဝသခန်းမှန်းချက်က နောက်အပတ်လောက်ကျရင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပူချိန်တွေကျမယ်လို့ ပြောထားတယ်။ ငါ့တို့ဆီလည်း နှင်းကျတော့မယ်ထင်တယ်။ အပူပေးစက်ထွင်ခဲ့တဲ့လူတွေကို ကျေးဇူးတင်ပါတယ်။ မဟုတ်ရင် ဒီသခင်ကြီးတော့ အေးခဲပြီးသေမှာပဲ…”
ရွှီကျီးချီက နှာခေါင်းရှုံ့သည်။
“ မင်းမှာရှိတဲ့အဆီတွေက အလှပြဖို့သက်သက် သုံးတာလား…”
နှစ်ယောက်သားမှာ ထပ်မံစကားများကြပြန်သည်။ အဆောင်စောင့်က တံခါးကိုခပ်ကြမ်းကြမ်းလာခေါက်သည့်အခါမှ အသံတိတ်သွားကြတော့၏။
ထောင်ရှီးက ဘာစကားမှဝင်မပြောဘဲ အိပ်ယာထဲ၌သာ လဲနေသည်။ သူက ခေါင်းအုံးအောက်မှ ဖုန်းကိုထုတ်လိုက်ပြီး မိုးလေဝသခန့်မှန်းချက်ကို တစ်ချက်စစ်ကြည့်လိုက်သည်။ ထို့နောက် တစ်ခါမှအသုံးမပြုခဲ့ဖူးသော ဈေးဝယ်သည့်ဆော့ဝဲလ်တစ်ခုကို ဒေါင်းလုဒ်လုပ်လိုက်သည်။ ဆော့ဝဲလ်ထဲဝင်၍ စမ်းတဝါးဝါးနှင့် လျှောက်ရှာပြီး ရီဗျူးများကို ထပ်ခါတလဲလဲဖတ်အပြီးတွင် အပူပေးစက်တစ်ခု၊ လျှပ်စစ်ခြုံစောင်နှစ်ထည်၊ ဂွမ်းကပ်စောင်ထူထူနှစ်ထည်၊ ကုတ်အင်္ကျီရှည်နှစ်ထည်၊ လည်စည်းပဝါနှစ်ထည်၊ လက်အိတ်နှစ်စုံ၊ ဆွယ်တာအချို့နှင့် ခြေအိတ်အချို့တို့ကို မှာယူလိုက်သည်။
ပစ္စည်းအားလုံးဝယ်ပြီးသည့်အချိန်တွင် ညတစ်နာရီပင်ထိုးသွားပြီး ပိုက်ဆံလည်း သိပ်မကျန်တော့ချေ။ မှာထားသည့်ပစ္စည်းများ အားလုံးကို တစ်ချက်ပြန်စစ်လိုက်ပြီးနောက် ကလစ်လေးတစ်ချို့နှင့် အနီရောင်ဦးထုပ်ဝိုင်းလေးတစ်လုံးကိုလည်း မှာလိုက်ကာ လိပ်စာကိုမူအခြားတစ်နေရာသို့ ပို့ဆောင်စေသည်။
ရာသီဥတုခန့်မှန်းချက်က မှန်ကန်ပေ၏။ တရုတ်ပြည်တစ်ဝက်လောက်ကို အအေးလှိုင်းထပ်မံဖြတ်သွားပြီး အပူချိန်က တစ်ပတ်လုံးလုံး သုညဒီဂရီထိထိုးကျသွားသည်။ သို့သော် ကျဆင်းနေသော အပူချိန်နှင့် အေးစက်သောလေပြင်းများက ခရစ္စမတ်ကို တမ်းတနေသည့် ဆယ်ကျော်သက်ရွယ်လူငယ်များကို မတားဆီးနိုင်ခဲ့ပါချေ။
ဤနှစ် ခရစ္စမတ်က တနင်္ဂနွေနေ့တွင် ကျရောက်မည်ဖြစ်သည်။ မိန်းကလေးများက တနင်္ဂနွေနေ့တွင် ဈေးဝယ်ထွက်ကာ လျှောက်လည်ကြရန် အစီအစဉ်ဆွဲနေကြသည်။ ယောကျ်ားလေးများကမူ ခရစ္စမတ်ကို သိပ်စိတ်မဝင်စားကြချေ။ ခရစ္စမတ်နေ့တွင် ဈေးချမည့် နိုင်ငံခြားဖြစ် ကစားစရာအရုပ်များနှင့် ဂိမ်းများလောက်သာ သူတို့စိတ်ဝင်စားကြသည်။
အထက်တန်း ဒုတိယနှစ်၊ တန်းခွဲ(၁)မှ ကျောင်းသားများမှာ တနင်္ဂနွေနေ့တွင် မွေးနေ့ပွဲတစ်ခုသို့ တက်ရောက်ကြရမည်ဖြစ်၏။ စနေနေ့ နေ့လယ်ခင်းနားချိန်တွင် ဖိတ်ကြားခံရသည့် အတန်းထဲမှ ကျောင်းသားတစ်ချို့က မွေးနေ့လက်ဆောင်အတွက် တိုင်ပင်နေကြသည်။
“ အန်တီလော်က ဒီနှစ်လည်း ငါ့တို့အတွက် ခရစ္စမတ်လက်ဆောင်တွေ ပြင်နေတယ်ကြားတယ်။ မနှစ်ကပေးလိုက်တဲ့ လက်ဆောင်တွေဆို ဈေးကြီးလွန်းလို့ ငါတို့မှာ အားတောင်နာတယ်။ ဒီနှစ်ကျ လူပိုဖိတ်ထားတော့ ကုန်ကျစရိတ်ကတော့ ပိုများလောက်မှာ…” မိန်းကလေးတစ်ယောက်က ပြောလိုက်သည်။
“ မနှစ်က မွေးနေ့ကိတ်ကို ငါမှတ်မိနေသေးတယ်။ မီတာဝက်လောက်မြင့်တဲ့ ဒိန်ချဉ့်ရဲ့ပုံတူ သကြားရုပ်လေ။ ဒိန်ချဉ်နဲ့ တော်တော်တူပြီး ချစ်စရာလည်းကောင်းတယ်။ ကြည့်လိုက်တာနဲ့ ပိုက်ဆံတော်တော်ကုန်မှန်းသိသာတယ်…”
မိန်းကလေးတစ်ယောက်က နောက်ဆုံးတန်းကို တစ်ချက်လှည့်ကြည့်လိုက်ပြီး လင်ချင်းဟယ်ရှိမနေကြောင်း အတည်ပြုပြီးမှ အသံတိုးတိုးနှင့် ပြောလာသည်။
“ ဒါပေမဲ့ လင်ချင်းဟယ်တို့မိသားစုက အရမ်းချမ်းသာတာလေ။ အဲ့လောက်က သူတို့အတွက်ဘာမှမဟုတ်ဘူး...”
“ အားကျလိုက်တာ။ ငါ့မွေးနေ့မှာဆို အိမ်ကအမေက ဟင်းကောင်းကောင်းလေးချက်ပေးရင်ကို အတော်ကံကောင်းနေပြီ…” ကောင်လေးတစ်ယောက်က အားကျစွာပြောလိုက်သည်။
“ သူက ငယ်ငယ်လေးကတည်းက အဲ့မှာ ကြီးလာခဲ့တာမလား။ သားအရင်းနဲ့တောင် ဘာမှမကွာဘူး…” မိန်းကလေးက တီးတိုးပြောသည်။
“ သားအရင်းထက်တောင် ပိုအလိုလိုက်ခံရတယ်လို့ ငါတော့ထင်တယ်…”
ပိချန်ဖေးစာသင်ခန်းထဲသို့ ဝင်လာချိန်၌ တိုးတိုးတိုးတိုးနှင့် အတင်းပြောနေကြသော လူတစ်စုကိုမြင်သော် သူပါ ဝင်ပူးပေါင်းလိုက်ပြီး သိရှိထားသည့် သတင်းဟောင်းများကို ပြန်လည်ဝေမျှလိုက်သည်။ ထို့နောက်မှ အားရကျေနပ်စွာ သူ့ထိုင်ခုံသို့ ပြန်လာပြီး ခေါင်းတငုံ့ငုံ့နှင့် မေးခွန်းလွှာများ ဖြေနေသည့် ထောင်ရှီးကို လှမ်းမေးလိုက်သည်။
“ ရှီးကော၊ မနက်ဖြန်နေ့လယ်ကျရင် ငါနဲ့အတူ လိုက်ခဲ့မလား…”
လင်ချင်းဟယ်နှင့် ထောင်ရှီးက ဆက်ဆံရေးကောင်းမွန်ကြသဖြင့် ထောင်ရှီးကိုလည်း မွေးနေ့ပွဲသို့ ဖိတ်ကြားလိမ့်မည်ဟု သူ အပိုင်တွက်ထားခဲ့သည်။
ထောင်ရှီးက စာရေးရပ်လိုက်ကာ လက်ထဲမှ ဘောပင်ကိုလှည့်ရင်း အသံတိမ်တိမ်နှင့်ပြောလိုက်သည်။
“ မနက်ဖြန်နေ့လယ် ငါပန်းချီသင်တန်းသွားစရာရှိတယ်…”
အကယ်၍ ပန်းချီသင်တန်းမရှိခဲ့လျှင်တောင် ပွဲဖျက်ဖို့သက်သက်နှင့် မွေးနေ့ပွဲသို့ သွားဖြစ်မည်မဟုတ်ပါချေ။
ထိုမြင်ကွင်းကို မြင်ယောင်ကြည့်ပြီး သူ သရော်ပြုံးပြုံးလိုက်မိသည်။
ပိချန်ဖေးက ဝမ်းပန်းတနည်း ပြောလာသည်။
“ နတ်ဘုရားလင်တို့အိမ်က အရမ်းအနုပညာဆန်တာနော်။ ဒီနှစ်ပါတီကလည်း တအားပျော်စရာကောင်းမှာ။ မင်းမလိုက်ဖြစ်တာ နှမြောစရာကြီး…”
ထောင်ရှီးက ဘာစကားမှမဆိုဖြစ်ဘဲ ခေါင်းငုံ့ကာ မေးခွန်းလွှာများကိုသာ ဆက်ဖြေနေသည်။
လင်ချင်းဟယ်၏အိမ်။
ရုတ်တရက် သူ အရင်က မက်ခဲ့ဖူးသည့်အိပ်မက်တစ်ခုကို ပြန်သတိရသွားသည်။ အိပ်မက်ထဲတွင် လင်ချင်းဟယ်က သူ့ကို အိမ်ခေါ်သွားချင်ခဲ့သော်လည်း ဘတ်စ်ကားက မက်မွန်ပွင့်စမ်းချောင်းသို့သာ ရောက်ရှိသွားခဲ့သည်။ သူ လင်ချင်းဟယ်ကို သူ့အိမ်ထဲဖိတ်ချင်ခဲ့သော်လည်း လင်ချင်းဟယ်က ချာခနဲလှည့်ထွက်သွားပြီး သူမည်မျှပြေးလိုက်ပါစေ လိုက်လို့မမီခဲ့ပါချေ။
ယခုလင်ချင်းဟယ်ကို ပိုင်ဆိုင်ခဲ့ပြီဖြစ်သော်လည်း လင်ချင်းဟယ်၏အိမ်ကိုမူ မသွားချင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် ထိုအိမ်တွင် သူ မတွေ့ချင်သော တစ်စုံတစ်ယောက်ရှိနေသည်။
ထောင်ရှီးက မေးခွန်းများကို ဆက်ဖြေနေသည်။ သူ အာရုံပျံ့လွင့်နေပြီး ပုံသေနည်းများကို တစ်ခုပြီးတစ်ခု မှားတွက်မိနေပြီးနောက်မှ ကိစ္စတစ်ခုကို ရုတ်တရက်သတိရသွားသည်။ သူ့မွေးနေ့က ခရစ္စမတ်နေ့တွင် ကျရောက်မည်ကို လင်ချင်းဟယ်က သိပါ့မည်လား…။
သူ ဟိုးအရင်တစ်ခေါက်ကသာ ဖျော်ဖြေရေးခန်းမထဲတွင် တိုးတိုးလေးပြောခဲ့ဖူးခြင်းဖြစ်သည်။ လင်ချင်းဟယ်ကြားပါ့မည်လားကို သူမသိပေ။ ကြားလျှင်တောင် မှတ်မိပါ့မည်လားကို မသေချာပါချေ။
ထောင်ရှီးမှာ စိုးရိမ်သွားသဖြင့် လင်ချင်းဟယ်ပြန်လာသည်နှင့် ပြောပြရန် ဆုံးဖြတ်လိုက်သည်။ ပြီးလျှင် မနက်ဖြန်ညတွင် လင်ချင်းဟယ်နှင့်အတူ အပြင်ထွက်လျှောက်လည်ကြဖို့ပါ တစ်ခါတည်း တောင်းဆိုကြည့်ရမည်။
ဤသို့ဖြင့် ပြိုင်ပွဲလေ့ကျင့်ရေးအတန်းမှ လင်ချင်းဟယ် ပြန်ရောက်လာမည့်အချိန်ကို သူ တစ်နေ့လယ်ခင်းလုံးစောင့်နေတော့သည်။
ထောင်ရှီးက ညစာစားရန်အတွက် လင်ချင်းဟယ်နှင့်အတူ ကန်တင်းသို့ထွက်လာခဲ့သည်။ လမ်းတွင် သူ လင်ချင်းဟယ်ကို အမှုမဲ့အမှတ်မဲ့ ပြောလိုက်၏။
“ မိုးလေဝသခန့်မှန်းချက်အရ ခရစ္စမတ်နေ့မှာ နှင်းကျမယ်ထင်တယ်…”
လင်ချင်းဟယ်က “အင်း”ဟုသာ အသံပြုလာပြီး ဘာကိုမှ သတိရမိဟန်မတူပါချေ။
ထောင်ရှီးမှာ ပြောမည့်စကားရှေ့ဆက်မရဖြစ်သွားကာ တခြားအကြောင်းအရာသို့သာ စကားခေါင်းစဉ်ပြောင်းလိုက်သည်။ ကန်တင်းဘေးရှိ မစ်တီးဆိုင်ရှေ့မှအဖြတ်တွင် ဝန်ထမ်းအမျိုးသမီးတစ်ဦးက ဆိုင်ပေါက်ဝတွင် ရပ်လျက် ဆိုင်ရှေ့မှဖြတ်သွားသည့် ကျောင်းသားတိုင်းကို ဆုတောင်းကဒ်များ လိုက်ဝေပေးနေသည်ကို တွေ့လိုက်ရသည်။ ကဒ်ပေါ်တွင် ဆုတောင်းကိုချရေးပြီးလျှင် ဆိုင်ထဲမှ ခရစ္စမတ်သစ်ပင်ကြီးတွင် သွားရောက်ချိတ်ဆွဲနိုင်သည်။
ကဒ်ကိုလက်ခံသူအများစုမှာ မိန်းကလေးများဖြစ်ကြသော်လည်း ထောင်ရှီးက ဝန်ထမ်းအမျိုးသမီး၏လက်ထဲမှ ကဒ်များကို စပ်စပ်စုစုလိုက်ကြည့်နေသည်ကိုမြင်လျှင် ဝန်ထမ်းအမျိုးသမီးမှာ ဤကောင်လေးက ချောမောလှသည်ဟုတွေးလျက် ပြုံးတုံ့တုံ့နှင့် ကဒ်တစ်ကဒ်ကို ထောင်ရှီး၏လက်ထဲသို့ ထည့်ပေးလိုက်သည်။
ထောင်ရှီးက ဝန်ထမ်းအမျိုးသမီးကို “ကျေးဇူးပါ” ဟု ပြောလိုက်ပြီး လက်ထဲက ကဒ်ကိုငုံ့ကြည့်လိုက်သည်။ သို့သော် သူ သေချာတောင်မကြည့်ရသေးခင် လက်တစ်ဖက်က ကဒ်ကိုဆွဲလုသွားလေသည်။
ထောင်ရှီးက လင်ချင်းဟယ်လက်ထဲမှ ကဒ်ကို လှမ်းလုရင်း မကျေမနပ်ပြောလိုက်သည်။
“ အဲ့ဒါငါ့ဟာလေ…”
သို့သော် လင်ချင်းဟယ်က ကဒ်ကို သူ့အိတ်ထောင်ထဲသို့ ဆတ်ခနဲ ကောက်ထည့်လိုက်လေသည်။ ထို့နောက် တုန်ခါလာသည့် သူ့ဖုန်းကို ထုတ်လိုက်သည်။ သူက ဖုန်းစခရင်ကိုငုံ့ကြည့်ရင်း လူနည်းနည်းရှင်းသည့် နေရာသို့သွားကာ ဖုန်းကိုင်လိုက်သည်။
ထောင်ရှီးက လင်ချင်းဟယ်ဖုန်းဖြေနေသည်ကို ရပ်စောင့်ရင်း လင်ချင်းဟယ်က မျက်မှောင်များကြုတ်သွားသည်ကို တွေ့လိုက်ရသည်။ ခဏကြာသော် ထိုသူက ဩရှရှအသံဖြင့် ပြောလိုက်လေသည်။
“ ကျွန်တော်အခုလာပြီ…”
“ ဘာကိစ္စဖြစ်လို့လဲ…” ထောင်ရှီးက မေးလိုက်သည်။ ဖုန်းပြောနေသည့်အချိန်တွင် လင်ချင်းဟယ်၏မျက်နှာက ပုံမှန်ထက်ပိုလေးနက်နေသည်ဟု ထောင်ရှီးခံစားလိုက်ရ၏။
ဤရက်ပိုင်းတွင် လင်ချင်းဟယ်က အလွန်အလုပ်များနေတတ်သည်။ မကြာခဏဆိုသလို အပြင်ထွက်ကာ ဖုန်းသွားဖြေတတ်ပြီး တစ်ခါတစ်ရံတွင် နေ့တစ်ဝက်ပါခွင့်ယူတတ်သည်။ ထောင်ရှီးက အကြိမ်ကြိမ်မေးကြည့်သော်လည်း လင်ချင်းဟယ်က မိသားစုကိစ္စပါဟုပြောလာသဖြင့် သူလည်း ဆက်မမေးဖြစ်တော့ပါချေ။
လင်ချင်းဟယ်က တည်ကြည်စွာ ပြောလာ၏။
“ ဘာမှမဟုတ်ပါဘူး။ ငါ အတည်ပြုစရာကိစ္စလေးရှိနေလို့ပါ…”
ထောင်ရှီးက အနည်းငယ်စိတ်ဓာတ်ကျသွားသည်။ သူ ထမင်းစားရင်း မနက်ဖြန်ညအတွက် အစီအစဉ်ကို လင်ချင်းဟယ်အား ပြောပြချင်ခဲ့သော်လည်း ယခုတော့ WeChat ကနေသာ ပြောနိုင်တော့မည်ထင်ပါ၏။
သူမျက်လွှာချကာ အောက်နှုတ်ခမ်းကို ကိုက်လိုက်မိသည်။ ထို့နောက် လက်ကိုဆန့်ထုတ်ရင်း လက်ဖဝါးဖြန့်ကာ ပြောလိုက်သည်။
“ ဒါဆိုလည်း ငါ့ကို ကဒ်ပြန်ပေး။ ငါ ဆုတောင်းစရာရှိတယ်…”
လင်ချင်းဟယ်က ကဒ်ကိုပြန်မထုတ်ပေးပါချေ။ သူက ထောင်ရှီး၏လက်ကို အသာဆုပ်ကိုင်လိုက်ပြီး ချက်ချင်းပြန်လွှတ်ပေးလိုက်ကာ တိုးတိုးလေးပြောလာသည်။
“ ဒီနေ့ညမှ မင်းနဲ့အတူ မွေးနေ့ဆုတောင်းရင် ပိုမကောင်းဘူးလား…”
ထောင်ရှီးမှာ ရုတ်ခြည်း မျက်လုံးပင့်ကာ လင်ချင်းဟယ်အား မော့ကြည့်လိုက်မိသည်။ ထိုအခါ တစ်ဖက်လူ၏မျက်ဝန်းထဲမှ အပြုံးရိပ်များကို မြင်လိုက်ရလေ၏။
“ မင်း…မင်းသိနေတယ်…”
သူ့မျက်လုံးများ ဝိုင်းစက်သွားပြီး အသံကိုမြှင့်ကာ အော်ပြောလိုက်မိ၏။
“ ဒီညလား…ဒါပေမယ့် ငါ့မွေးနေ့က မနက်ဖြန်မှလေ…”
သူက မနက်ဖြန်နေ့လယ် ပန်းချီသင်တန်းက ပြန်လာချိန်မှ လင်ချင်းဟယ်နှင့်အတူ အပြင်ထွက် မုန့်စားပြီး သူ့မွေးနေ့ပွဲလေးကိုကျင်းပဖို့ စီစဉ်ထားခဲ့သည်။ လင်ချင်းဟယ်အတွက်လည်း မခက်ခဲရလေအောင်၊ လော်ကျန်းယင်စီစဉ်ထားသည့် ယန်သောလဲ့၏မွေးနေ့ပါတီနှင့် အချိန်မတိုက်အောင် စီစဉ်လိုက်ခြင်းဖြစ်သည်။
လင်ချင်းဟယ်က အနည်းငယ် ကူရာမဲ့သောအသံဖြင့်
“ မွေးနေ့ဆိုတာ သုညနာရီ (00:00) ရောက်မှ အဓိပ္ပာယ်ပြည့်စုံတာ။ အသက်ဆယ့်ခြောက်နှစ်ရဲ့ နောက်ဆုံးမိနစ်နဲ့ အသက်ဆယ့်ခုနစ်နှစ်ရဲ့ ပထမဆုံးမိနစ်က အရမ်းအရေးကြီးတယ်…”
ထောင်ရှီးက ကြောင်အမ်းအမ်းနှင့် ခေါင်းညိတ်ပြလိုက်သည်။ နှစ်သစ်ကူးညတွင် သုညနာရီကျော်လွန်သွားမှသာ နှစ်သစ်၏အစဟု သတ်မှတ်ကြသလိုပင် မွေးနေ့များသည်လည်း သုညနာရီကျော်သွားလျှင် အသက်တစ်နှစ်ကြီးသွားသည်ဟု ယူဆကြလေသည်။
သူ့မျက်လုံးများက ညဦးပိုင်းကြယ်များလို တောက်ပသွားကာ ပြုံးလျက် ထပ်ပြောလိုက်သည်။
“ အွန်း…ဒီနေ့ည ၁၂ နာရီကျော်တာနဲ့ ငါ မင်းနဲ့အသက်အတူတူဖြစ်သွားပြီ…”
သူသည်လည်း လင်ချင်းဟယ်ကဲ့သို့ပင် ဆယ့်ခုနစ်နှစ် ပြည့်တော့မည်။
လင်ချင်းဟယ်က အလေးအနက်ပြောလာလေ၏။ “ မဟုတ်ဘူး။ ငါက မင်းထက် လပိုင်းပိုကြီးနေတုန်းပဲ…”
လင်ချင်းဟယ်၏ မွေးနေ့က မေလတွင်ဖြစ်သည်။ ထောင်ရှီးမှာ လင်ချင်းဟယ်က ဤကဲ့သို့အသေးအဖွဲ့ကိစ္စများကိုပင် လိုက်တွက်ချက်နေသည့်အတွက် ကလေးဆန်လှသည်ဟု ခံစားလိုက်ရ၏။ သို့သော်လည်း သူက ထိုလူ့သဘောကျ လိုက်ပြောပေးလိုက်ပါ၏။
“ အင်းပါ၊ အင်းပါ။ မင်းက ငါ့ထက်ပိုကြီးတယ်။ မင်းက ငါ့ထက်ပိုကြီးတယ် ရပြီလား…”
သူ့စကားဆုံးမှ လင်ချင်းဟယ်၏မျက်ခုံးများက ပြန်ပြေလျော့သွားပြီး “အင်း” ဟု ပြန်ဖြေလာသည်။
“ ကျောင်းဆင်းရင် မင်းကိုလာခေါ်မယ်…” လင်ချင်းဟယ်က ပြောသည်။
ထောင်ရှီးက ခေါင်းတဆတ်ဆတ်ညိတ်ပြလိုက်သည်။
သူက လင်ချင်းဟယ် ထွက်ခွာသွားသည်ကို မျက်စိတစ်ဆုံးလိုက်ကြည့်နေပြီးမှ ကန်တင်းသို့ တစ်ယောက်တည်း ပျော်ရွှင်စွာ ထွက်လာခဲ့သည်။ ထို့နောက် သူ့ကတ်ကို ထုတ်ကာ ဈေးကြီးသည့် အသားဟင်းတစ်ချို့ကိုမှာလိုက်ပြီး ထိုင်ခုံတွင်ထိုင်ကာ အားရကျေနပ်စွာ စားသောက်တော့သည်။
သူ ယန်သောလဲ့၏မွေးနေ့ပါတီကိုလည်း မနာလိုဖြစ်စရာလိုတော့ပေ။
သို့သော်လည်း အမှန်တရားကို သိသွားသည့်တစ်ချိန်တွင် သူသည်လည်း ဤကဲ့သို့ မွေးနေ့ပါတီလေး ကျင်းပခွင့်ရှိပါ့မလားဟူ၍ မတွေးကြည့်ဘဲ မနေနိုင်ပါချေ။
သူ့မွေးနေ့ကို သူငယ်ချင်းများစွာ လာဖို့မလိုအပ်သလို တန်ဖိုးကြီးလက်ဆောင်များလည်း မလိုအပ်ပါချေ။ ကိတ်မုန့်အသေးလေးတစ်လုံးနှင့် လင်ချင်းဟယ်၊ သူ့ညီမလေး၊ သူ့အဖေ၊ သူ့အဖိုးအဖွားများ၊ သူ့မွေးစားမိဘများက သူ့ကို “ပျော်ရွှင်စရာမွေးနေ့ပါ” ဟု ဆုတောင်းပေးဖို့သာ မျှော်လင့်မိခြင်းဖြစ်သည်။
ထိုသို့သာဆိုလျှင် အလွန်ပျော်စရာကောင်းနေလိမ့်မည်။
_______________________