အပိုင်း ၅၀
Viewers 8k

The Moon Is Coming To Me


Chapter-50


ကော်ဖီဆိုင်တစ်ဆိုင်၏သီးသန့်ခန်းထဲတွင် စူးယွင်က စာရွက်စာတမ်းအိတ်ထဲမှ တပ်ဘလက်ကို ထုတ်လိုက်ပြီး မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ဆယ်ကျော်သက်ကောင်လေးကို ပြောလိုက်သည်။


“ ဒီအကြောင်းကို လူသိပ်မသိကြဘူး။ ပြီးတော့ ဆယ်နှစ်ကျော်လည်း ကြာသွားခဲ့ပြီဆိုတော့ အတွင်းလူကို ရှာတွေ့ဖို့ စုန့်ရှင်း တော်တော်အချိန်ယူလိုက်ရတယ်။ အတွင်းလူက ရွာထဲက အဖွားအိုတစ်ယောက်၊ တစ်ချိန်က လက်သည်လုပ်ခဲ့ဖူးတဲ့လူ…”


စုန့်ရှင်းဆိုသူမှာ အလွန်တော်သော ပုဂ္ဂလိက စုံထောက်တစ်ယောက်ဖြစ်၏။ သူမကို လင်ချင်းဟယ် အကူညီလာတောင်းကတည်းက စုန့်ရှင်းကိုငှားပြီး ချင်းရွှေခရိုင်ရှိ မက်မွန်ပွင့်စမ်းချောင်းသို့ သွားရောက်ရန် စေလွှတ်ခဲ့သည်။


“ အဖွားအိုက အစကတော့ အင်တင်တင်ဖြစ်နေသေးတယ်။ အဖွားအို အမှန်အတိုင်းပြောလာအောင် စုန့်ရှင်းအချိန်တော်တော်ယူလိုက်ရတယ်။ ဒီဗွီဒီယိုထဲမှာ အားလုံးကို မှတ်တမ်းတင်ထားတယ်…”


စူးယွင်က တက်ဘလက်ထဲမှ ဗွီဒီယိုကို နှိပ်လိုက်ပြီး လင်ချင်းဟယ်ကို ကမ်းပေးလိုက်သည်။


လင်ချင်းဟယ်က ဗွီဒီယိုကို နှုတ်ဆိတ်လျက်ကြည့်နေပြီး ချက်ချင်းလှမ်းမယူပေ။


သူ့ကိုယ်သူ ဤမျှသတ္တိနည်းလိမ့်မည်ဟု ယခင်က တစ်ခါမှမထင်ခဲ့ဖူးပေ။ သတ္တိနည်းလွန်းလှသဖြင့် တွေးကြည့်တိုင်း သူ့ကို အကြိမ်ကြိမ်နာကျင်စေသည့် ဤဒွိဟဖြစ်ဖွယ်ကိစ္စကို အတည်ပြုနိုင်ရန်ပင် သတ္တိမရှိချေ။


သို့သော် ၎င်းက သိသာနေပြီဖြစ်သည့်တိုင်အောင်ပင်။


အဆုံး၌ သူ ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး နားကြပ်တပ်ကာ တပ်ဘလက်ပေါ်မှ ဗွီဒီယိုကို နှိပ်ဖွင့်လိုက်သည်။


ဗွီဒီယိုကို စုန့်ရှင်းက မက်မွန်ပွင့်စမ်းချောင်းတွင် ရိုက်ကူးမှတ်တမ်းတင်ခဲ့ခြင်းဖြစ်၏။ မီးခိုးရောင်ဆံပင်ဖြူများနှင့် အဖွားအိုတစ်ယောက်သည် ဧည့်ခန်းထဲတွင်ထိုင်နေပြီး လွန်ခဲ့သော ဆယ့်ခုနစ်နှစ်၊ ဆောင်းညတစ်ညက မက်မွန်ပွင့်စမ်းချောင်းရှိ လယ်တောအိမ်တစ်အိမ်တွင် ဖြစ်ပျက်ခဲ့သမျှကို ဒေသိယစကားဖြင့် ပြန်ပြောင်းပြောပြနေသည်။


“ ပန်းချီဆရာမလေးက ကျွန်မတို့ရွာမှာ နှစ်ဝက်ကျော်လောက်နေသွားခဲ့တယ်။ ဆရာမလေးက ထောင်မိသားစုရဲ့ ချွေးမနဲ့အတူနေခဲ့တာလေ။ သူတို့နှစ်ယောက်က ဆက်ဆံရေးလည်း ကောင်းကြတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ သူတို့နှစ်ယောက်က ကိုယ်ဝန်လွယ်ထားရတာချင်းလည်းတူပြီး တစ်ရက်တည်းမှာပဲ မီးဖွားခဲ့ကြတယ်။ အဲ့ဒီနေ့က နှင်းတွေကျနေခဲ့တာကို ကျွန်မမှတ်မိတယ်။ ဒီလိုနဲ့ ထောင်မိသားစုရဲ့ ယောက္ခမက ကျွန်မနဲ့ ရွာအကြီးအကဲ အဖွားလျိုကို လက်သည်လုပ်ပေးဖို့ လာခေါ်ခဲ့တယ်…”


“ ထောင်မိသားစုရဲ့ ချွေးမက တစ်လစောပြီး သားယောက်ျားလေးတစ်ယောက်ကို လမစေ့ဘဲ မွေးခဲ့တယ်။ အဲ့ဒီအချိန်တုန်းက အဖွားလျိုက အဲ့ဒီကလေးက ပြုစုစောင့်ရှောက်ရမလွယ်လောက်ဘူးလို့ ပြောခဲ့တယ်ထင်တယ်။ ကျွန်မ သေသေချာချာမှတ်မိနေခဲ့တာက အဲ့ဒီကလေးရဲ့ ညာလက်ကောက်ဝတ်မှာ အနီရောင်အမှတ်တစ်ခုပါတယ်။ ထောင်မိသားစုရဲ့ချွေးမနဲ့ ယောက္ခမကတော့ သေချာပေါက် ကလေးမှားမှာမဟုတ်ဘူး…”


“ အိုကွယ်…အဲ့ဒီပန်းချီဆရာမလေးက မီးဖွားဖွားပြီးချင်းပဲ သွေးတွေဆင်းလို့ မြို့က ကျန်းမာရေးဆေးခန်းကို‌ ပို့လိုက်ရတယ်။ ဒါပေမဲ့လဲ ပြန်ရောက်လာတော့ အသက်မပါရှာတော့ဘူး။ နောက်တော့ ပန်းချီဆရာမလေးနဲ့ ကလေးကို သူ့မိသားစုက ပြန်လာခေါ်သွားတယ်လို့ ကြားလိုက်ရတယ်…”


“ ဒါပေမဲ့ ထောင်မိသားစုက ပြုစုပျိုးထောင်လိုက်တဲ့ကလေးရဲ့ ညာလက်မှာ မွေးရာပါ အနီရောင်အမှတ်ပါမနေတာကို ကျွန်မသတိထားမိလိုက်တယ်။ အဲ့ဒီအချိန်တုန်းက ကျွန်မ အကြည့်မှားတယ်ပဲထင်ခဲ့တာ။ ကျွန်မ မသင်္ကာတာနဲ့ အဖွားလျိုကို မေးကြည့်လိုက်တော့ ထောင်မိသားစုရဲ့ကလေးမှာ မွေးရာပါအမှတ်ပါတာ သူလည်း မှတ်မိတယ်လို့ပြောတယ်။ ထောင်မိသားစုက ဘယ်သူမှမသိအောင် ကလေးချင်းလဲလိုက်တယ်ဆိုတာကို ကျွန်မတို့ သေချာသွားခဲ့တယ်…”


“ လွန်ခဲ့တဲ့နှစ်အနည်းငယ်က အဖွားလျိုမဆုံးခင် ကျွန်မကို အဲ့ဒီအကြောင်း တဖွဖွပြောနေခဲ့သေးတယ်။ သူ့ရင်ထဲမှာ မအေးချမ်းရဘူးတဲ့။ ကျွန်မလည်းပဲ ရင်ထဲမှာ မအေးချမ်းရဘူး…”


“ ဒါဟာပြစ်မှုတစ်ခုပဲ။ ကလေးငယ်က ကျွန်မတို့မြို့၊ ကျွန်မတို့ တောင်တန်းဒေသမှာ ကြီးပြင်းခဲ့ရတယ်။ သူ့အမေက ကောင်းကင်ဘုံကနေကြည့်ပြီး ဘယ်လောက်တောင် စိတ်မကောင်းဖြစ်နေရှာမလဲ…”


……


လင်ချင်းဟယ်က ဗွီဒီယိုကိုပိတ်လိုက်ပြီး ခြောက်သွေ့ကာနီရဲနေသည့် သူ့မျက်လုံးများကို မှိတ်ဆို့လိုက်သည်။ သူ့လက်ချောင်းများကမူ တုန်ယင်နေလျက်သား။ သူ လက်သီးကိုတင်းနေအောင် ဆုပ်လိုက်ရာ လက်သည်းများက အသားထဲနစ်ဝင်သွားပြီး လက်ဆစ်များပင် နာကျင်လာရသည်။


လွန်ခဲ့ပြီးသည့်အချိန်ကတည်းက သူ စိတ်ပိုင်းဆိုင်ရာပြင်ဆင်ထားခဲ့ပြီး ဖြစ်နိုင်ခြေပေါင်းများစွာနှင့် ကြောက်မက်ဖွယ် ယုတ်မာရက်စက်တတ်သည့် လူ့သဘာဝကိုလည်း ကြိုတင်တွက်ဆထားပြီးသား ဖြစ်ခဲ့ပါ၏။ သို့တိုင် ယုတ္တိမတန်လှသည့် အမှန်တရားကို ကြားလိုက်ရသည့်အခါ အမျက်ဒေါသများထွက်လာရဆဲပင်။ ပြင်းထန်သော အမုန်းတရားများနှင့် ဒေါသတရားက ပရေရီမီးပမာ* သူ့ကိုယ်တွင်းအင်္ဂါများကို အရှိန်အဟုန်ပြင်းစွာ တဟုန်းဟုန်းတောက်လောင်နေသည်။


[ပရေရီမီး = မြောက်အမေရိက မြက်ခင်းပြင်ဒေသမှာ လောင်ခဲ့တဲ့မီး]


ထိုမိသားစုကို သူ လုံးဝခွင့်လွှတ်မည်မဟုတ်။ ထိုမိသားစု၏ ဖြစ်ကတက်ဆန်းနိုင်သော တစ်ကိုယ်ကောင်းဆန်မှုကို ဘယ်လိုနည်းနှင့်မှ ခွင့်မလွှတ်လိုက်နိုင်။


မျက်မြင်ကိုယ်တွေ့ မြင်ခဲ့သော ထိုအဖွားအိုနှစ်ယောက်ကိုလည်း ခွင့်လွှတ်မည်မဟုတ်။ သူတို့စိတ်ထဲ၌ မလုံမလဲနှင့် ပူပန်နေကြသည်ဆိုလျှင် အဘယ်ကြောင့် သူတော်ကောင်းယောင်ဆောင်ပြီး နှုတ်ဆိတ်နေခဲ့ကြသနည်း။


သူ့ဘေးနားက လူများကိုလည်း သူ ခွင့်လွှတ်မည်မဟုတ်။ ဖန်းအိမ်တော်က လူအိုနှစ်ယောက်၊ ယန်ကျန်းမင်နှင့် သူ့အမေလော်ကျန်းယင်း၊ ထိုသူတို့အားလုံးက ဖန်းဆွေ့ထံ၌သာ နှစ်ပေါင်းများစွာ နစ်မြှုပ်နေခဲ့ကြပြီး ဘာကြောင့်များ ဖန်းဆွေ့နေခဲ့သည့်နေရာကို တစ်ခါလောက်ပြန်သွားကာ ကျန်ရစ်ခဲ့သည့်ကလေးငယ်ကို သွားမကြည့်ခဲ့ရသနည်း။


သို့သည့်တိုင် ပြင်းထန်သော အမျက်ဒေါသများနောက်တွင် အတောမသတ်နိုင်သော ဝမ်းနည်းမှုများနှင့် ယူကျုံးမရသော နောင်တတရားတို့က လှိုက်တက်လာသည်။ ထိုထိုသော မှတ်ဉာဏ်များက ဆီးနှင်းခဲထုကြီးပြိုကျလာသည့်ပမာ သူ့အား လွှမ်းမိုးဖုံးအုပ်သွားခဲ့သည်။ ဆီးနှင်းပွင့်တစ်ချပ်စီတိုင်းက ထက်ရှချွန်မြသောဓားသွားနှယ် သူ့နှလုံးသားကို မွှန်းကာ တစစီဆုတ်ဖြဲပစ်နေသည်။


“ အတန်းဖော်လင် ၊ မင်းရဲ့ မှတ်စုစာအုပ်ကို ငါကူးချင်လို့ ငှားလို့ရမလားဟင်…”


“ မရဘူး…”


“ …ငါ…ငါကမင်းကို စကားပြောချင်ရုံလေးပါ…မင်းနဲ့ သူငယ်ချင်း…ဖြစ်ချင်ရုံလေးတင်…”


“ ဒီလိုငြီးငွေ့စရာကောင်းတဲ့နည်းလမ်းမျိုးမသုံးနဲ့ ၊ ယန်သောလဲ့ကို ပိုလို့တောင် အသုံးမချနဲ့…”


“ ဒါက ယန်သောလဲ့အဖေရဲ့ လက်ဆောင်၊ သူဒီနေ့မလာဘူး။ မင်း သူ့အတွက် ပြန်ယူသွားပေးလိုက်နော်…”


“ ငါမင်းကိုပြောမယ်၊ ငါအခုငိုချင်နေတယ် ဒါပေမဲ့ ငိုစရာနေရာမရှိဘူး…မင်းကျေနပ်ပြီလား…”


“ ငါ့မွေးနေ့ကလည်း ခရစ္စမတ်နေ့မှာပဲ…”


“ လင်ချင်းဟယ်၊ တစ်နေ့မှာ ငါနေမကောင်းဖြစ်ပြီး အရမ်းနာကျင်ခံစားနေရရင် မင်း ငါ့ကို လာကြည့်မှာလား…”


“မင်း မေမေပေးခဲ့တဲ့ ဆယ့်ရှစ်နှစ်မှဖွင့်ဖတ်ရမယ့် စာလေးကို မှတ်မိသေးလား…။ မင်း စာကိုဖွင့်ကြည့်လိုက်တဲ့အချိန်မှာ သန်မာပြီး စိတ်နှလုံးကောင်းရှိတဲ့ လူကြီးလူကောင်းတစ်ယောက်အဖြစ် ကြီးပြင်းလာဖို့ မင်းမေမေက မျှော်လင့်ထားမယ်ထင်တယ်…”


“ လင်ချင်းဟယ် ၊ ငါလည်း သန်မာပြီးတော့ စိတ်နှလုံးကောင်းရှိတဲ့ လူကြီးလူကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားပါ့မယ်…”


“ ငါမင်းအတူတူ ကြီးပြင်းလာခဲ့ရင်ရော မင်းငါ့ကို သဘောကျဦးမှာလား…”


………….


သူ သတိထားမိခဲ့သည့်တိုင် လျစ်လျူရှုမိခဲ့သော အသေးအဖွဲကိစ္စလေးများသည် သူ့အပြုံးလေးနောက်ကွယ်တွင် ကြိုးစား၍ဖုံးကွယ်ခဲ့ရသည့် ခါးသီးလှသော နာကျင်ကြေကွဲစရာများ ဖြစ်နေခဲ့သည်ပင်။


ခြေရာခံရန် သဲလွန်စများစွာ ကျန်နေခဲ့သည်တိုင်၊ အရိပ်အမြွက်များကို ရှင်းရှင်းလင်းလင်း ထုတ်ပြထားခဲ့သည့်တိုင် သူကမူ မသိရှိခဲ့ပါချေ။


သူ လုံးဝမသိခဲ့ဘူး။


သူ့ကိုယ်သူလည်း လုံးဝခွင့်မလွှတ်နိုင်ပါချေ။


“ ချင်းဟယ်…”


စူးယွင်က မျက်လုံးထဲတွင် စိုးရိမ်စိတ်များအပြည့်ဖြင့် ခေါ်လိုက်သည်။ သူမအရှေ့မှ ဆယ်ကျော်သက်ကောင်လေးမှာ မျက်ရည်များကျလာတော့မည်လားဟူ၍ပင် ထင်ယောင်ထင်မှားဖြစ်လာရသည်။


လင်ချင်းဟယ်က တစ်စုံတစ်ခုပြောလိုက်ချင်သော်လည်း လည်ချောင်းထဲတွင် မီးကျီးခဲပူပူများ ပိတ်ဆို့နေသည့်အလား စကားသံများထွက်မလာခဲ့ပါချေ။ အသက်ရှူထုတ်လိုက်တိုင်း တဆစ်ဆစ်နာကျင်လာကာ သူ့နှလုံးသားတစ်ခုလုံး ထုံကျဉ်နေသည်။


သူ စိတ်ငြိမ်သွားအောင် အပြင်းအထန်ကြိုးပမ်းလိုက်ပြီးမှ ဩရှထိုင်းမှိုင်းသော အသံဖြင့် မေးလိုက်သည်။


“ သူဘယ်လိုကြီးပြင်းလာခဲ့သလဲဆိုတာကိုရော အဲ့ဒီအဖွားက မပြောပြခဲ့ဘူးလား…”


စူးယွင်က သူမမျက်စိရှေ့တွင် အရွယ်ရောက်လာခဲ့သည့် ဆယ်ကျော်သက်ရွယ်ကောင်လေးကို အကြည့်ပို့လိုက်သည်။ ထိုကလေးပေါ်ထားသည့် ဤကောင်လေး၏ခံစားချက်များကို သူမ ဘယ်နားမလည်ပဲရှိမည်နည်း။ သူမက သက်ပြင်းဖွဖွချလိုက်သည်။


“ အဲ့လိုနေရာမျိုးမှာ ဘယ်လိုကြီးပြင်းလာနိုင်မှာတဲ့လဲ…”


ကံကြမ္မာက ဘယ်သောအခါမှ မတရားပေ။ လူတစ်ချို့က ရွှေဇွန်းကိုက်ပြီး မွေးဖွားလာကြချိန်တွင် အချို့က ဖုန်မှုန့်ထဲ၌ ပေပေတေတေ မွေးဖွားလာခဲ့ကြသည်။ သို့သော် တောက်ပလာမည့်ကြယ်တစ်ပွင့်က ကံကြမ္မာကျီစယ်မှုကြောင့် ရေတွင်း၏အောက်ခြေရှိ  ရွှံ့နွံထဲတွင် နစ်မြှုပ်နေခဲ့ရသည်။ အကယ်၍ သူသာ အားအင်များကုန်ခမ်းသွားခဲ့ပါက ဖုန်မှုန့်များထဲတွင်သာ ဘဝသက်တမ်းတစ်လျှောက်လုံး ရေငုံနှုတ်ပိတ်ကာ နစ်မြှုပ်သွားရပေတော့မည်။


ဤနှစ်များတစ်လျှောက် ထိုအိမ်တွင် ထောင်ရှီး မည်ကဲ့သို့ ရှင်သန်နေထိုင်ခဲ့ရမည်လဲကို လင်ချင်းဟယ် မတွေးကြည့်ရဲပေ။


သူတို့ကလေးအရင်းမဟုတ်မှန်း သိနေကြသည့် လူကြီးတွေကရော အပြစ်ရှိစိတ်လေးနဲ့ သူ့ကိုကောင်းကောင်းဆက်ဆံပေးကြရဲ့လား။ သူ ဖျားနာတဲ့အခါ သူ့ကို ပြုစုယုယပေးကြရဲ့လား။ မိုးရွာတဲ့နေ့တွေမှာ တစ်ယောက်ယောက်ကများ သူ့ကို ကျောင်းသွားကြိုပေးခဲ့ရဲ့လား။ သူက သကြားလုံးတွေဆို သိပ်ကြိုက်တာ၊ သူ့ကို သကြားလုံးတွေ ဝယ်ကျွေးကြရဲ့လား…


ခရစ္စမတ်နေ့တွေရောက်တိုင်း ထောင်ရှီးအတွက် မွေးနေ့ကိတ်လေးတစ်လုံးလောက် ဝယ်ပေးခဲ့ကြရဲ့လား…


လူတိုင်းက ဒုတိယ၊ တတိယ…အကြိမ်ပေါင်းများစွာ မိဘဖြစ်နိုင်သော်လည်း ကလေးဘဝကိုမူ တစ်ကြိမ်တစ်ခါတည်းသာ ရပိုင်ခွင့်ရှိသည်။ ဤဘဝတွင် တစ်စုံတစ်ရာလွဲချော်သွားခဲ့ပါက ဘယ်သောအခါမှ ပြန်ရနိုင်တော့မည်မဟုတ်ပေ။


တံခါးအပြင်ဘက်မှ ရွှင်မြူးဖွယ် ခရစ္စမတ်သီချင်းသံခပ်တိုးတိုးက ပျံ့လွှင့်လာသည်။ တေးသီချင်းမှာ နှစ်တိုင်းရင်းနှီးနေကျ တေးသံဖြစ်နေသည့်တိုင် လူအများက နားထောင်ရငြီးငွေ့သွားပုံမပေါ်ဘဲ နှစ်စဉ်နှစ်တိုင်း ဖွင့်နေကြဆဲပင်။


လင်ချင်းဟယ်က မျက်လုံးများကို အသာမှိတ်လိုက်သည်။ သူက ရုတ်တရက် ထိုင်ခုံပေါ်မှ ထရပ်လိုက်ပြီး ထွက်သွားမည်ပြုသည်။ သို့သော် စူးယွင်က သူ့ကိုလှမ်းတားလိုက်ပြီး သူမ၏အိတ်ထဲမှ ပိုက်ဆံအိတ်ဟောင်းတစ်လုံးကို ထုတ်ကာ ကျန်အရေးကြီးကိစ္စတစ်ခုကို လျင်မြန်စွာပြောလာခဲ့သည်။


“ ထောင်ကျန်းက လွန်ခဲ့တဲ့ရက်ကပဲ အလုပ်ထွက်သွားပြီ။ အစ်မ အိမ်ခြံမြေကုမ္ပဏီကို သွားစုံစမ်းကြည့်ခဲ့တယ်။ သူ့လုပ်ဖော်ကိုင်ဖက်တွေ ပြောစကားအရ ထောင်ကျန်းက မကြာခဏအပြင်ထွက်ပြီး‌ လောင်းကစားလုပ်လေ့ရှိလို့ ပိုက်ဆံတွေအများကြီး ရှုံးသွားတယ်တဲ့။ ဒါပေမဲ့ သူ့လုပ်ဖော်ကိုင်ဖက်တွေကို ဘယ်တော့မှ ပိုက်ဆံမချေးဖူးဘူးပြောတယ်…”


ထောင်ကျန်း၏အလုပ်မှာ သူမ၏အကူအညီဖြင့် ရခဲ့ခြင်းဖြစ်၏။ လင်ချင်းဟယ်က လတ်တလောတွင် ဤကိစ္စကိုစုံစမ်းနေသဖြင့် သူမသည်လည်း ထောင်ကျန်းကို အာရုံစိုက်ထားရန် လိုအပ်လေသည်။


“ သူ့လုပ်ဖော်ကိုင်ဖက်က သူအလုပ်သမားတန်းလျားမှာ ကျကျန်ခဲ့တဲ့ ပိုက်ဆံအိတ်တစ်လုံးကို အစ်မကိုပေးလိုက်တယ်။ ထောင်ကျန်း ပြန်လာရှာလိမ့်မယ်လို့ အစ်မထင်ခဲ့ပေမယ့် သူ တစ်ခါမှပြန်မလာခဲ့ဘူး။ သူ့လုပ်ဖော်ကိုင်ဖက်ကလည်း သူ ဘယ်ပျောက်သွားမှန်းမသိဘူးတဲ့…”


ထောင်ကျန်းကို မည်သူက ပိုက်ဆံပေးခဲ့သည်လဲကို လင်ချင်းဟယ် သေချာသိသည်ပင်။ စူးယွင်ထံမှ ပိုက်ဆံအိတ်ကို သူ တိတ်ဆိတ်စွာ လှမ်းယူလိုက်သည်။


ပိုက်ဆံအိတ်က နှစ်ပေါင်းများစွာ အသုံးပြုထားမှန်းသိသာသည်။ ကြမ်းရှနွမ်းပါးသော သားရေကပင် အတော်များများ ဆုတ်ပြဲနေပြီဖြစ်၏။ အထဲတွင် ပိုက်ဆံသိပ်များများစားစား မပါချေ။ သို့သော် ပိုက်ဆံအိတ်၏ အကြည်ရောင်အကန့်လေးထဲမှ မိသားစုဓာတ်ပုံလေးတစ်ပုံကို သူ ဖျတ်ခနဲ မြင်လိုက်ရသည်။


ဓာတ်ပုံမှာ မြို့ သို့မဟုတ် ရွာထဲရှိ ဓာတ်ပုံစတူဒီယိုတစ်ခုတွင် ရိုက်ထားခြင်းဖြစ်မည်။ ပုံ၏နောက်ခံတွင် ထျန်းအားမူအဆောက်အအုံပုံနှင့် လိုက်ကာကို ချိတ်ဆွဲထားသည်။ လိုက်ကာ၏အလယ်တွင် အသက်သုံးဆယ်အရွယ် စုံတွဲနှစ်ယောက်ထိုင်နေပြီး အမျိုးသမီးဖြစ်သူ၏ဘေးတွင် ခုနစ်နှစ်အရွယ်မိန်းကလေးတစ်ယောက် မတ်တပ်ရပ်နေသည်။


ထိုမိန်းကလေးမှာ ထောင်ရှီး ပန်းချီထဲတွင် ထည့်ဆွဲခဲ့ဖူးပြီး သူ့ကို မကြာခဏပြောပြလေ့ရှိသော ညီမလေးဖြစ်ကြောင်း လင်ချင်းဟယ် လျင်မြန်စွာ မှတ်မိသွားခဲ့သည်။


အတွင်းဘက်အကန့်ထဲတွင် ဆံ့အောင်ထည့်ထားခြင်းကြောင့်ဖြစ်မည် ဓာတ်ပုံက အနားသတ်လေးတွင် ခေါက်နေသည်။ သူ့လက်ချောင်းများ တန့်သွားကာ ဓာတ်ပုံကိုဆွဲထုတ်လိုက်ပြီး ခေါက်နေသည့်အနားသတ်လေးကို ဖြန့်လိုက်သည်။


ဓာတ်ပုံအပြည့်အစုံပေါ်သွားသည့်အခါ ထောင်ကျန်း၏ဘေးတွင် ရပ်လျက်ရှိနေသော ဆယ်နှစ်အရွယ်ကောင်လေးတစ်ယောက်၏ပုံရိပ်လေး ပေါ်လာသည်။


ကောင်လေးသည် ဖြောင့်ဖြောင့်တန်းတန်းရပ်၍ မေးစေ့ကို အနည်းငယ်မော်ချီကာ ကင်မရာကိုကြည့်နေသည်။ သူက အဝါရောင်ကျောင်းယူနီဖောင်းအဟောင်းလေးကို ဝတ်ဆင်ထားပြီး လည်ပင်းတွင် အနီရောင်လည်စည်းလေးကို သပ်ရပ်စွာ ပတ်ထားသည်။ သူ့ညာဘက်လက်ကမူ အလေးပြုနေသည့် အမူအရာလုပ်ထားလေသည်။


သူ့နှုတ်ခမ်းစွန်းများက အကျယ်ဆုံးပြုံးနေကာ မျက်ဝန်းတစ်စုံက ကွေးညွှတ်လျက် ကြယ်ပွင့်များအလား တဖျတ်ဖျတ်ဝင်းပနေကြသည်။ အပြုံးများဟာလည်း နေမင်းကြီးထက်ပင် ပိုမိုတောက်ပနေပေ၏။


ဤကမ္ဘာပေါ်တွင် အပျော်ရွှင်နေဆုံး ကလေးငယ်တစ်ယောက်အလားပင်။


လင်ချင်းဟယ်က မိသားစုဓာတ်ပုံထဲတွင် ခေါက်ထားခြင်းခံရသည့် ကောင်လေးကိုကြည့်ရင်း သူ့လည်စလုတ်က အပြင်းအထန် လှုပ်ရှားလာသည်။ သူ ဩရှရှအသံဖြင့် စူးယွင်ကို လေးနက်စွာ ကျေးဇူးတင်ကြောင်းပြောလိုက်ပြီးနောက် လှည့်ထွက်လာခဲ့သည်။


ခရစ္စမတ်အကြိုရက်တွင် ပထမဆုံးနှင်းဦးကျလာသောကြောင့် လမ်းတစ်လျှောက်ပျံ့လွင့်နေသော ခရစ္စမတ်သီချင်းသံများအကြား နှင်းစက်များက သူ့ထက်ငါအလုအယက် မြေပြင်ပေါ်သို့ ကျဆင်းနေကြသည်။ လမ်းမပေါ်တွင် ရောင်စုံထီးများက နိမ့်ချည်မြင့်ချည် လှုပ်ရှားသွားလာနေကြသည့်အပြင် နီရွန်မီးရောင်များလည်း နေရာတိုင်းတွင် လင်းလက်နေကြသည်။


စူးယွင်က စိုးရိမ်တကြီးဖြင့် ကော်ဖီဆိုင်တံခါးသို့ အမှီလိုက်လာပြီး လင်ချင်းဟယ်၏လက်ထဲသို့ ထီးတစ်ချောင်း ထည့်ပေးလိုက်သည်။ ထို့နောက် နှစ်သိမ့်အားပေးသော အသံဖြင့် ညင်သာစွာပြောလိုက်၏။


“ ဘာဖြစ်ဖြစ် အရာအားလုံးက ကံကောင်းနေဆဲပဲလေ။ ကံကောင်းထောက်မလို့ မင်း သူ့ဆီကို ရောက်အောင်သွားနိုင်ခဲ့တာပဲ ဟုတ်တယ်မလား…”


လင်ချင်းဟယ်၏ပုခုံးနှစ်ဖက်က ဖြူဖွေးနေသော နှင်းပွင့်များဖြင့် ဖုံးအုပ်သွားသည်။ သူက ခေါင်းခါပြသည်။


“ သူကသာ ကျွန်တော့်ဆီကို အရောက်လာခဲ့တာ…”


သူက ထီးတစ်လက်နှင့်အတူ လေထန်နေသော နှင်းမိုးထဲသို့ တဇွတ်ထိုး လျှောက်ဝင်သွားလေတော့သည်။


________________