အပိုင်း ၅၁
Viewers 8k

The Moon Is Coming To Me

Chapter-51


“ နှင်းကျပြီဟေ့…”


ဝမ်းဟွာ အ.ထ.က(၁)ကျောင်း၏ စာသင်ဆောင်မှ ကော်ရစ်တာတိုင်းမှာ နှင်းကျလာသည်ကို ထွက်ကြည့်နေကြသော ကျောင်းသားများနှင့် ပြည့်ကြပ်နေပြီး ပျော်ရွှင်မြူးတူးသံများဖြင့် တသောသောညံနေသည်။


ထောင်ရှီးသည်လည်း လူကြားထဲတိုးဝှေ့လိုက်သည်။ သို့သော် သူက နှင်းကျသည်ကို ထွက်ကြည့်ခြင်းတော့မဟုတ်ပါချေ။ သူ့မျက်လုံးများက နှင်းများသိပ်သည်းနေသည့်ကြားမှ ကျောင်းဂိတ်ပေါက်သို့ ဦးတည်နေသော ကတ္တရာလမ်းလေးကို လှမ်းကြည့်လိုက်သည်။ ဝါကျန့်ကျန့်လမ်းမီးတိုင်များအောက်တွင် နှင်းပွင့်များက ဘဲငန်းတောင်မွှေးများပမာ တဝဲဝဲလည်လည်ဖြင့် ဝေ့ဝဲနေကြပြီး တိတ်ဆိတ်နေသော လမ်းမထက်သို့ တရိပ်ရိပ်ကျဆင်းနေကြသည်။


ညစာကျက်တန်း၏ ခေါင်းလောင်းသံမြည်လာသောကြောင့် သိပ်မကြာခင်တွင် ကော်ရစ်တာက လူရှင်းသွားသည်။ ထောင်ရှီးလည်း ခေါင်းလောင်းမြည်သည်နှင့် စာသင်ခန်းထဲသို့ ပြန်လှည့်ထွက်လာခဲ့သည်။ သို့သော်လည်း မနေနိုင်စွာ လမ်းမဘက်သို့ တစ်ချက်လှည့်ကြည့်မိလိုက်ပြန်သည်။


ထိုအခါ မြင်လိုက်ရသည့် မြင်ကွင်းက သူခြေလှမ်းများကို တစ်ခဏချင်း ရပ်တန့်သွားစေသည်။


ထောင်ရှီးက ချက်ချင်း ပြန်လှည့်လာပြီး သူ့ခန္ဓာကိုယ်ကို အေးစက်နေသည့် ကော်ရစ်တာလက်ရန်းပေါ် မှီချလိုက်သည်။ ထို့နောက် အရှေ့သို့ ကိုင်းကာ မျက်လုံးအားကောင်းကောင်းဖြင့် ကတ္တရာလမ်းလေးကို လှမ်းကြည့်လိုက်ပြန်သည်။ ကတ္တရာလမ်းမပေါ်တွင် ရင်းနှီးနေသည့် ပုံရိပ်လေးတစ်ခုရှိနေပြီး ထိုပုံရိပ်လေးက ထီးတစ်ချောင်းကိုင်လျက် စာသင်ဆောင်ဘက်သို့ လှမ်းလာနေသည်။


အကွာအဝေးက ဝေးလှသည့်အပြင် ဆီးနှင်းများလည်း သိပ်သည်းစွာကျဆင်းနေသည့်တိုင် ထိုလူက မည်သူလဲကို သူ တပ်အပ်သိသည်။


ထိုတစ်ဒင်္ဂတွင် ထောင်ရှီးမှာ ဘာမှမစဉ်းစားနိုင်တော့ဘဲ လှေကားဘက်သို့ တစ်ဟုန်ထိုး ပြေးဆင်းလာတော့သည်။ အတန်းတက်ချိန်ဖြစ်သောကြောင့် လှေကားက လူရှင်းနေသည်။ သူအောက်ထပ်သို့ ဒရောသောပါးပြေးဆင်းလာသည့်အခါ ကြမ်းပြင်မှာ ချောနေသောကြောင့် ချော်လဲတော့မတတ်ပင် ဖြစ်သွားရသည်။


သူ စာသင်ဆောင်ထဲမှ လေပြင်းထန်နေသော နှင်းမိုးထဲသို့ အမောတကော ပြေးထွက်လာခဲ့သည်။ ဆီးနှင်းပွင့်များက သူ့မျက်နှာနှင့် လည်ပင်းပေါ်သို့ အလုအယက်ကျဆင်းလာကြပြီး ရေအေးစီးကြောင်းများအဖြစ် အရည်ပျော်သွားသည်။ သို့သော် သူကမူ သတိပင်မထားမိပါချေ။


တိတ်ဆိတ်နေသော လမ်းမပေါ်တွင် လင်ချင်းဟယ်က သူနှင့် မလှမ်းမကမ်းနေရာ၌ ခြေလှမ်းများ ရပ်လိုက်သည်ကို ယိမ်းထိုးနေသော သူ့အမြင်အာရုံများအရ မြင်လိုက်ရသည်။ ထိုသူက ထီးတစ်လက်နှင့်အတူ ည၏ သိပ်သည်းစွာကျဆင်းနေသော ဆီးနှင်းများအောက်တွင် သူ့အား ရပ်ကြည့်နေခဲ့သည်။


သူ အသက်အောင့်လျက် လင်ချင်းဟယ်ထံသို့ မြန်သည်ထက်မြန်အောင် အပြေးသွားလိုက်သည်။ အကြင်လူက ရပ်မြဲသာရပ်နေခဲ့လေ၏။ ထောင်ရှီးက ပင့်သက်ရှိုက်ရင်း မျက်လုံးတောက်တောက်များဖြင့် မေးလိုက်သည်။


“ မင်းကိစ္စက ဖြေရှင်းပြီးသွား….”


သူ့စကားမဆုံးပင်မဆုံးသေးခင် လင်ချင်းဟယ်က သူ့ကို လက်မောင်းများထဲသို့ ဆွဲသွင်းလိုက်လေသည်။


ဆီးနှင်းများနှင့် အမှောင်ထုက သူတို့နှစ်ဦးအား သိပ်သည်းစွာ လွှမ်းခြုံလို့ထားသည်။ နှင်းပွင့်များကြောင့် အနည်းငယ်စိုစွတ်နေသည့် သူ့ပုခုံးပေါ်သို့ လင်ချင်းဟယ်က မျက်နှာအပ်ချလာသည်။ သူ့ကိုဖက်ထားသည့် လက်များမှာလည်း ပို၍တင်းကြပ်လာပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးကို သူ၏ရင်ခွင်ထဲသို့ မြှုပ်နေအောင် တင်းတင်းကြပ်ကြပ် ထွေးပိုက်ထားသည်။ သူပျောက်ကွယ်သွားမည်ကို ကြောက်ရွံ့နေသည့်အလားပါပင်။


ထောင်ရှီးမှာ လင်ချင်းဟယ်၏မျက်နှာကို မမြင်ရပါသော်လည်း ဤလူ့ထံမှ ဖော်မပြနိုင်သော စိတ်အားငယ်ခြင်းများနှင့် စိတ်ထိခိုက်ဝမ်းနည်းခြင်းများကို ခံစားလိုက်ရလေ၏။ သူ လက်မြှောက်ကာ လင်ချင်းဟယ်၏ကျောလေးကို စိုးရိမ်စွာ သိုင်းဖက်လိုက်သည်။


“ ဘာဖြစ်လာတာလဲ…”


သို့သည့်တိုင် လင်ချင်းဟယ်က မျက်နှာကို သူ့လည်တိုင်ကြားထဲသာ မြဲမြံစွာ နစ်မြှုပ်ထားလျက်ရှိနေပြီး တိတ်ဆိတ်နေဆဲပင်။ သူ့ထံမှ လေးပင်သော အသက်ရှူသံများသာ ကြားနေရ၏။ သူက လင်ချင်းဟယ်၏ရင်ခွင်ထဲတွင် တိတ်တိတ်ကလေး ငြိမ်နေပေးပြီး ဘာပြောရမှန်းမသိစွာဖြင့် လင်ချင်းဟယ်၏ကျောလေးကို ခပ်ဖွဖွ ပုတ်ပေးလိုက်သည်။


သူ နူးညံ့စွာပြောလိုက်၏။ “ အပြင်မှာ အရမ်းအေးတယ်လေ။ ငါတို့ ညစာကျက်တန်းတက်ဖို့ စာသင်ခန်းထဲကို ပြန်သွားကြမလား…”


အဆုံး၌ လင်ချင်းဟယ်က စကားပြန်ပြောလာသည်။ သို့တိုင် အသံကမူ အက်ကွဲနေ၏။


“ ပြန်မယ်…”


ထောင်ရှီးက ကြောင်အသွားပြီး မသိလိုက်ဘာသာ ပြန်မေးလိုက်သည်။


“ ဘယ်ကိုပြန်မှာလဲ…”


လင်ချင်းဟယ်က သူ့ကို ပြန်ဖြေမလာခဲ့ပါချေ။ ထို့အစား သူ့ကို ဖြည်းဖြည်းချင်း ပြန်လွှတ်ပေးလိုက်ပြီး သူ့လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ကာ ခေါင်းစောင်းလျက် သူ့ပါးပြင်ကို ခပ်ဖွဖွ နမ်းရှိုက်လာခဲ့သည်။ အထိအတွေ့က အေးစက်ကာ သိမ်မွေ့ညင်သာလှသည်။


တက္ကဆီထဲဝင်လိုက်သည့်အချိန်ထိ ထောင်ရှီးမှာ လင်ချင်းဟယ်၏လေးလံပူဆွေးသော စိတ်အခြေအနေအကြောင်းကို စဉ်းစားမရဖြစ်နေခဲ့သည်။ နံဘေးမှ လင်ချင်းဟယ်ကို သူ လှည့်ကြည့်လိုက်သည်။ ကားထဲတွင် အလင်းရောင်က မှိန်ဖျော့နေသော်လည်း ကားပြတင်းပေါက်မှ တိုးဝင်လာသော နီယွန်မီးရောင်တောက်တောက်များကြောင့် လင်ချင်းဟယ်၏ပုံရိပ်လေးက အနည်းငယ်မျှ လင်းထွက်နေသည်။


လင်ချင်းဟယ်က သူ့အကြည့်ကို သတိထားမိဟန်ဖြင့် သူ့ဘက်သို့ လှည့်ကြည့်လာပြီး ဆုပ်ကိုင်ထားသည့် လက်များကို ပိုတင်းကြပ်လိုက်သည်။


လင်ချင်းဟယ်က သူ့လက်ကို တစ်လမ်းလုံး တင်းကြပ်စွာ မလွတ်တမ်း ဆုပ်ကိုင်ထားခဲ့သည်။ တင်းကြပ်လွန်းသဖြင့် သူ့လက်ဖဝါးတွင် ချွေးစို့လာသည်အထိပင်။


ကားပေါ်မှဆင်းသည့်အခိုက်တွင် နှင်းမိုးများက အနည်းငယ်စဲသွားလေပြီ။ လမ်းပေါ်တွင်လည်း လူအများစုက ထီးများမဆောင်းကြတော့ပေ။ လင်ချင်းဟယ်က သူ့လက်ကို ဆုပ်ကိုင်ထားဆဲဖြစ်ပြီး ပျံ့ကြဲနေသော ဆီးနှင်းပွင့်များကြားမှ ပျားပန်းခပ်ဆူညံနေသော လမ်းမပေါ်သို့ ဆွဲခေါ်လာခဲ့သည်။


ဆယ့်ခုနစ်နှစ်၊ ဆယ့်ရှစ်နှစ်အရွယ် ကောင်လေးနှစ်ယောက် အချင်းချင်း လက်တွဲထားကြသည်မှာ ထူးဆန်းသည့်ကိစ္စမဟုတ်သော်လည်း သူတို့နှစ်ယောက်လုံးက အရပ်ရှည်ကာ လူအများကြားတွင် ထင်းထွက်နေသောကြောင့် လူအများစုက သူတို့ကို ကွက်ကြည့်ကွက်ကြည့်နှင့် ကြည့်သွားကြသည်။ ထောင်ရှီးက လင်ချင်းဟယ်ကို စိုးရိမ်တကြီး မော့ကြည့်လိုက်၏။ သို့သော် လင်ချင်းဟယ်က ဂရုစိုက်ဟန်မတူဘဲ သူ့ကိုသာ ဆွဲခေါ်ပြီးရင်းဆွဲခေါ်သွားခဲ့သည်။


လင်ချင်းဟယ်က သူ့ကို ရှော့ပင်းမောတစ်ခုထဲသို့ ခေါ်လာခဲ့၏။ ရှော့ပင်းမောထဲတွင် နားယဉ်နေကျဖြစ်သည့် “All I Want for Christmas is You” ဟူသော ခရစ္စမတ်သီချင်းကို အပြန်ပြန်ကျော့ကာ ဖွင့်နေပြီး စတိုးဆိုင်များတွင်လည်း ခရစ္စမတ်လျှော့ဈေး အရောင်းကြော်ငြာများကို ပြည့်ကြပ်စွာ ခင်းကျင်းထားသည်။


လင်ချင်းဟယ်က သူ့အတွက် တစ်ခုခုဝယ်ပေးလို၍ဖြစ်မည်ဟု ထင်လိုက်သော်လည်း အကြင်လူက သူ့ကို ရှောပင်းမော၏ အစွန်ဆုံးရှိ စတိုးဆိုင်ငယ်လေးတစ်ခုထဲသို့ ခေါ်သွားခဲ့လေသည်။ ထိုဆိုင်ကိုအကဲခတ်ကြည့်လိုက်သောအခါ ဆိုင်က ၁၉၈၀ ခေတ်ဟောင်းစတိုင် အလှဆင်ထားသော ဓာတ်ပုံစတူဒီယိုတစ်ခု ဖြစ်နေခဲ့သည်။


သူ အံ့အားသင့်သွားပြီး လင်ချင်းဟယ်ကို မေးလိုက်မိ၏။


“ မင်းက ဒီမှာ ဓာတ်ပုံရိုက်ချင်လို့လား…”


သူ့အမြင်အရဆိုလျှင် လင်ချင်းဟယ်က ဓာတ်ပုံရိုက်ရသည်ကို နှစ်သက်တတ်သူမဟုတ်ချေ။ အတန်းလှုပ်ရှားမှုများအတွက် အဖွဲ့လိုက်ဓာတ်ပုံရိုက်ရချိန်တိုင်း လင်ချင်းဟယ်က အမြဲလိုလို စိတ်မရှည်လက်မရှည်ဖြစ်နေတတ်သည်။


လင်ချင်းဟယ် ပြန်မဖြေရသေးခင် အသက်နှစ်ဆယ်ကျော်အရွယ် ဓာတ်ပုံစတူဒီယို ပိုင်ရှင်က ဆိုင်ထဲမှထွက်လာပြီး ပြုံးလျက်မေးလာသည်။


“ ယို့၊ မတွေ့ရတာတောင်ကြာပြီ။ ငါ့ဆိုင်ကို လာဖို့တော့ သတိရသေးတယ်ပေါ့…”


သူတို့က အသိများဖြစ်နေကြသည်ကို မြင်လျှင် ထောင်ရှီးမှာ ပျာယာခတ်သွားပြီး သူ့လက်ကို ရုန်းလိုက်သည်။ သို့သော် လင်ချင်းဟယ်က လွှတ်မပေးချေ။ ထို့အစား မြဲမြံစွာသာ ဆုပ်ကိုင်ထားပြီး နှစ်သိမ့်ဟန်ဖြင့် သူ့လက်လေးကို အသာအယာဆုပ်ညှစ်ပေးလာသည်။


လင်ချင်းဟယ်က ဆိုင်ရှင်ကို ရင်းနှီးနေသည့်လေသံဖြင့် ပြောလိုက်သည်။


“ ကျွန်တော့်ကို သူနဲ့အတူ ဓာတ်ပုံတစ်ပုံရိုက်ပေးပါ…”


ထောင်ရှီးက လင်ချင်းဟယ်ကို အကြောင်သားကြည့်လိုက်သည်။ သူ့လက်ကိုလည်း ရုန်းမရသည့်အဆုံး မရုန်းတော့ချေ။


ဆိုင်ရှင်က နဖူးရှေ့ကျလာသည့် သူဆံပင်ရှည်များကို အနောက်ပြန်သပ်လိုက်ရင်း ထောင်ရှီးကို တစ်ချက်ကြည့်လာသည်။ ထို့နောက် သူ့အကြည့်များက နှစ်ယောက်သား တွဲထားသည့် လက်များသို့ ကျရောက်သွားပြီး သူ့မျက်နှာပေါ်မှ အပြုံးမှာလည်း ပို၍ထင်ရှားလာကာ ရွှတ်နောက်နောက် ပြောလိုက်၏။


“ ငါ့ဆိုင်က မင်္ဂလာဆောင်ဓာတ်ပုံတွေနဲ့ မိသားစုဓာတ်ပုံတွေပဲ အဓိကထားရိုက်တာနော်။ ငါ့ဆိုင်မှာ ရိုက်ချင်တာရော သေချာရဲ့လား…”


လင်ချင်းဟယ်က သူ့ဘေးမှ ထောင်ရှီးက လှည့်ကြည့်လိုက်ပြီး ဆိုင်ရှင်ကို ခပ်ဖွဖွပြုံးကာ ပြောလိုက်သည်။


“ သေချာတယ်…”


ဆိုင်ရှင်က စုတ်တသတ်သတ်ဖြင့် ထပ်မံစနောက်ချင်နေဟန်ရှိသော်လည်း လင်ချင်းဟယ်က သူ့ကို ကြောက်မက်ဖွယ်အကြည့်ဖြင့် စူးစူးရဲရဲကြည့်လာသောကြောင့် OK ဟူ၍သာ လက်ဟန်အမူအရာ လုပ်ပြလိုက်သည်။


“ ကဲ…ဒါဆိုလည်း အထဲကိုကြွပါ…” ထို့နောက် သူက စတူဒီယိုထဲသို့ ဝင်သွားသည်။


ထောင်ရှီးမှာ မင်္ဂလာဆောင်ဓာတ်ပုံဟု ကြားကတည်းက ပါးနှစ်ဖက်လုံး ပူနွေးနေပြီး လင်ချင်းဟယ်ကို တီးတိုးပြောလိုက်သည်။


“ ငါတို့ ဖုန်းနဲ့ရိုက်ရင်လည်း အတူတူပဲလေ။ ဘာဖြစ်လို့ ဓာတ်ပုံစတူဒီယိုမှာ လာရိုက်တာလဲ…”


လင်ချင်းဟယ်က ခဏကြာ တိတ်ဆိတ်နေပြီးနောက်မှ သူ့ကို အသံတိုးတိုးနှင့်ပြောလာခဲ့သည်။


“ ငါက မင်းနဲ့အတူ ပိုပြီးစနစ်တကျရှိတဲ့ ဓာတ်ပုံလေးရိုက်ချင်လို့ပါ…”


ထောင်ရှီးမှာ သူ့နှလုံးသားကို ရေနွေးနွေးလေးဖြင့် ပက်ဖျန်းလိုက်သလို ခံစားလိုက်ရပြီး လင်ချင်းဟယ်ကို လှည့်ကြည့်ရင်း ပြုံးကာ ပြောလိုက်၏။


“ အင်းပါ။ ငါလည်း ဓာတ်ပုံစတူဒီယိုကို မရောက်ဖြစ်တာ တော်တော်ကြာပြီ။ မူလတန်းနှစ်တုန်းက တစ်ခေါက်ပဲ…”


သူက စကားခဏရပ်လိုက်ပြီးမှ ဆက်ပြောသည်။


“….ထျန်းအားမူ အဆောက်အအုံနောက်ခံနဲ့ မိသားစုဓာတ်ပုံကို ရိုက်ခဲ့ဖူးတာ။ တရုတ်စာဆရာမက အဲ့ပုံအတွက် ငါတို့ကို စာစီစာကုံးတစ်ပုဒ်ရေးခိုင်းခဲ့တယ်လေ။ အဲ့ဒီတုန်းက ငါရေးခဲ့တဲ့ စာစီစာကုံးခေါင်းစဉ်က “ကျွန်တော်ချစ်သောအိမ်” တဲ့…”


လင်ချင်းဟယ်က ထောင်ရှီး၏လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။ သူ ထောင်ရှီးကို လှည့်ကြည့်ကာ ပြောလိုက်၏။


“ ငါတို့ ဓာတ်ပုံရိုက်ပြီးရင် အဲ့ဒီပုံအတွက် မင်း စာစီစာကုံးရေးလို့ရပြီ…”


ထောင်ရှီးက စနောက်လိုက်သည်။ “ ဒါဆိုလည်း လင်လောင်ရှီးက ငါ့အတွက် ခေါင်းစဉ်ပေးပေါ့…”


ထိုအချိန်တွင် စတူဒီယိုပိုင်ရှင်က ပြန်ထွက်လာကာ သူတို့နှစ်ယောက်ကို ပြောလိုက်သည်။


“ ဝင်လာတော့၊ ဓာတ်ပုံရိုက်လို့ရပြီ…”


သူနှင့်လင်ချင်းဟယ်လည်း ဓာတ်ပုံစတူဒီယိုထဲသို့ အတူတကွဝင်သွားလိုက်ကြသည်။ စတူဒီယိုအတွင်းပိုင်းမှ ပြင်ဆင်မှုများက အပြင်ကပုံစံအတိုင်းပင် ခေတ်ဟောင်းစတိုင် ပြင်ဆင်ထားခြင်းဖြစ်၏။ ဓာတ်ပုံလာရိုက်ကြသည့် အခြားသူများကဲ့သို့ပင် သူတို့နှစ်ဦးက တီရှပ်အဖြူရောင်ကို လဲဝတ်လိုက်ကြပြီး ထိုင်ခုံပေါ်တွင် ဘေးချင်းကပ်လျက် ထိုင်လိုက်သည်။


ဆိုင်ရှင်က ကင်မရာဖြင့် ဓာတ်ပုံအချို့ကို ရိုက်လိုက်ပြီးနောက် ဓာတ်ပုံများကို ပြန်ကြည့်ရင်း လွန်စွာစိတ်ကျေနပ်သွားလေသည်။ သူက ကောင်လေးနှစ်ယောက်ကို လှမ်းပြောလိုက်သည်။


“ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြ…”


ထိုစကားကိုကြားသော် ထောင်ရှီးက ခေါင်းစောင်းလျက် လင်ချင်းဟယ်ကို လှည့်ကြည့်လိုက်သည်။ လင်ချင်းဟယ်ကလည်း သူ့ကို လှည့်ကြည့်လာ၏။ သူနှင့်လင်ချင်းဟယ်တို့ အကြည့်ချင်းဆုံသွားကြသည်။ နှစ်ဦးသားက အချိန်အကြာကြီး စိုက်ကြည့်နေမိခြင်းကြောင့်လား၊ သို့မဟုတ် လင်ချင်းဟယ်က သူ့အား နူးညံ့စွာစိုက်ကြည့်နေခြင်းကြောင့်လား မသိပေ။ သူ့မျက်လုံးများက ပူနွေးလာပြီး သူ့အမြင်အာရုံထဲတွင် လင်ချင်းဟယ်၏မျက်နှာက တဖြည်းဖြည်း ဝေဝါးစပြုလာခဲ့သည်။


သူ့မှတ်စုစာအုပ်ထဲတွင် အမြတ်တနိုး သိမ်းထားခဲ့ဖူးသည့် မိသားစုဓာတ်ပုံလေးတစ်ပုံကို သူ ရုတ်တရက် အမှတ်ရသွားခဲ့၏။ ထိုဓာတ်ပုံလေးက ပျောက်ခြင်းမလှပျောက်သွားခဲ့သည်ပင်။ သူ အချိန်အတော်ကြာ လိုက်ရှာခဲ့သေးပါသော်လည်း ဘယ်လိုမှရှာမတွေ့ခဲ့ပါချေ။


နောက်ပိုင်းတွင်တော့ ထိုဓာတ်ပုံကို ရှာစရာအကြောင်းမရှိတော့ပေ။


လင်ချင်းဟယ်က ထောင်ရှီး၏မျက်ဝန်းများကို ကြည့်ရင်း ရုတ်တရက် အနားသို့ တိုးကပ်လိုက်ကာ သူ့မျက်လုံးထောင့်လေးကို ညင်သာစွာ နမ်းရှိုက်လိုက်သည်။


ထိုမြင်ကွင်းက ကင်မရာထဲတွင် ရပ်တန့်သွားခဲ့လေ၏။


ဓာတ်ပုံရိုက်ပြီးသောအခါ ဆိုင်ရှင်က ဓာတ်ပုံဆိုဒ်အသေးလေးများကို အလျင်အမြန်ထုတ်ပေးလာသည်။ ဓာတ်ပုံဆိုဒ်အကြီးများကိုမူ ရက်အနည်းငယ်ကြာလျှင် လင်ချင်းဟယ်ထံသို့ ပို့ပေးမည်ဖြစ်၏။


လင်ချင်းဟယ်က ဓာတ်ပုံများကို စာအိတ်ထဲသို့ ဂရုတစိုက်ထည့်လိုက်ပြီး ဆိုင်ရှင်ကို ပစ္စည်းပို့ရမည့် လိပ်စာပေးလိုက်သည်။ ထိုလိပ်စာက လင်ချင်းဟယ်၏အိမ်ဖြစ်လိမ့်မည်ဟု ထောင်ရှီး တွက်ဆမိလိုက်သည်။


သူတို့နှစ်ဦး တက္ကဆီတစ်စီးငှားလိုက်ကြပြန်သည်။ လင်ချင်းဟယ်က ကားဒရိုင်ဘာအား လိပ်စာတစ်ခုပြောလိုက်သည်ကို ထောင်ရှီးကြားလိုက်ရ၏။ ထိုလိပ်စာမှာ ယခုတင် ဓာတ်ပုံဆိုင်ပိုင်ရှင်ကို ပေးခဲ့သည့် လိပ်စာနှင့် တစ်ထပ်တည်းတူညီနေခဲ့သည်။


သူ ရုတ်တရက် အတွေးများသွားရပြီး ခေါင်းတစ်ခုလုံး ထူပူလာသည်။ လင်ချင်းဟယ်က သူ့အိမ်ကို ဘာလို့ ခေါ်သွားမလို့လဲ…။


ခရီးက သိပ်မကြာလိုက်ပေ။ မိနစ်နှစ်ဆယ်ခန့် ကားစီးလာပြီးနောက်တွင် ဦးတည်ရာသို့ ရောက်ရှိလာသည်။ ထောင်ရှီးက လင်ချင်းဟယ်နှင့်အတူ ကားထဲမှဆင်းလိုက်သည်။ ထိုအခါ လူချမ်းသာအိမ်ရာ၏ ဝင်ပေါက်တံခါးကို လှမ်းမြင်လိုက်ရသည်။ လင်ချင်းဟယ်၏အိမ်နှင့်တူသော အငွေ့အသက်များလည်း အပြည့်နှင့်ပင်။


ထောင်ရှီးက မြင့်သွန်းသော အဆောင်အအုံကြီးကို မော့ကြည့်ရင်း မသိစိတ်မှ သူ့လက်ချောင်းများကို အလိုလို ဆုပ်ညှစ်လိုက်မိသည်။ သို့တိုင် စက္ကန့်ပိုင်းအကြာတွင် လင်ချင်းဟယ်က သူ့လက်ကို လာရောက်ဆုပ်ကိုင်လေသည်။ ထောင်ရှီးမှာ လက်ဖဝါးများတုန်ယင်နေလျက်သားဖြင့် လင်ချင်းဟယ်ကို စောင်းငဲ့ကြည့်လိုက်သည်။


လင်ချင်းဟယ်က သူ့အတွေးများကို သတိထားမိဟန်ဖြင့် ပြောလာခဲ့သည်။


“ ငါ့အိမ်ထဲမှာ ဘယ်သူ့မှ မရှိဘူး…”


ထိုအခါမှ ထောင်ရှီးမှာ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိပြီး အံ့ဩတကြီးနှင့်မေးလိုက်သည်။


“ မင်းက အခု တစ်ယောက်တည်းနေတာလား…”


လင်ချင်းဟယ်က သူ့အမေနှင့်အတူနေထိုင်မှန်း ထောင်ရှီးသိသည်။ ယန်သောလဲ့ကလည်း သူ့အိမ်တွင် မကြာမခဏ လာလာနေတတ်သည်ပင်။


သို့သော် လင်ချင်းဟယ်က သူ့မေးခွန်းကို ပြန်မဖြေခဲ့ပါချေ။ သူ့လက်ကိုဆွဲလျက်သာ အိပ်ရာဂိတ်တံခါးထဲသို့ ဝင်လာခဲ့ပြီး ပန်းခြံလေးတစ်ခုကို ဖြတ်၍ အဆောက်အအုံ၏ဓာတ်လှေကားထဲသို့ လျှောက်ဝင်သွားခဲ့သည်။ ဓာတ်လှေကားက ကျယ်ဝန်းလှပြီး လူသူကင်းရှင်းနေသည်။


လင်ချင်းဟယ်က ၃၂ ထပ်သို့ နှိပ်လိုက်သည်ကို ထောင်ရှီးမြင်လိုက်ရ၏။ အီလက်ထရောနစ်ဖန်သားပြင်တွင် အထပ်နံပါတ်များက ကိန်းသေအလျင်ဖြင့် တဖြည်းဖြည်း တိုးနေသည်။ သူ့နှလုံးသားမှာလည်း အထပ်နံပါတ်များအလျောက် တဒုတ်ဒုတ်ခုန်ပေါက်နေပေ၏။


ဓာတ်လှေကားတံခါးပွင့်သွားချိန်၌ ထောင်ရှီးက ပင့်သက်တစ်ချက်ရှိုက်ကာ တိုက်ခန်းဆီသို့ လင်ချင်းဟယ်၏နောက်မှ လိုက်လာခဲ့သည်။ တိုက်ခန်းတံခါးရှေ့ရောက်သော် သူက သတိထားအနေအထားဖြင့် ရပ်နေမိပြီး လင်ချင်းဟယ် တံခါးဖွင့်လိုက်သည်ကို ရပ်ကြည့်နေမိသည်။


“ အထဲဝင်…”


လင်ချင်းဟယ်က မီးများဖွင့်လိုက်ပြီး သူ့ဘက်လှည့်၍ ပြောသည်။


သူ အထဲသို့ လှမ်းဝင်လာခဲ့သည်။ သို့သော် ခြေလှမ်းများက တစ်ခဏချင်း ရပ်တန့်သွားရလေ၏။


မြင်ကွင်းထဲသို့ ပထမဆုံးဝင်ရောက်လာသည်က ကျယ်ဝန်းကာ ပြောင်လက်နေသော ဧည့်ခန်းဖြစ်၏။ အခန်းတွင်းပြင်ဆင်မှုက လွန်စွာသစ်လွင်နေပြီး အရောင်ကမူ လင်ချင်းဟယ်နှင့် လိုက်ဖက်သော အေးချမ်းသည့် အရောင်မျိုးဖြစ်သည်။ ကြမ်းပြင်မှမျက်နှာကြတ်ထိ မြင့်သော ပြတင်းပေါက်များကို လိုက်ကာဖြင့် မဖုံးအုပ်ထားသောကြောင့် အပြင်ဘက်မှ ကြယ်ပင်လယ်ကဲ့သို့ ခမ်းနားထည်ဝါနေသော မြို့ရှုခင်းကို အထင်းသားမြင်နေရသည်။


သို့သည့်တိုင် သူ့အမြင်အာရုံကို ဖမ်းစားသွားသည်က မြို့ရှုခင်းများ မဟုတ်ရပါချေ။ အခန်းတွင်းအပြင်အဆင်နှင့်မလိုက်ဖက်စွာ ဧည့်ခန်းထဲ၌ ချိတ်ဆွဲထားသော ရောင်စုံပူဖောင်းများနှင့်၊ မှိတ်တုပ်မှိတ်တုပ်လင်းလက်နေသော ရောင်စုံလျှပ်စစ်မီးသီးများဖြင့် ခြံရံထားသည့် အလွှာအထပ်ထပ်နှင့် သကြားကိတ်မုန့်ကြီးတစ်လုံးသာဖြစ်လေသည်။ ပြတင်းပေါက်ဘေးတွင် အဖြူရောင် သိုးမွှေးကော်ဇောလေးတစ်ခုကို ခင်းထားပြီး အခန်းထောင့်တွင်မူ သကြားလုံးများအပြည့်ချိတ်ဆွဲထားသည့် ခရစ္စမတ်သစ်ပင်ကြီးတစ်ပင်ရှိနေသည်။


လင်ချင်းဟယ်က ထောင်ရှီးကို ကြည့်လျက် ရှက်ဝဲဝဲမျက်နှာနှင့် ပြောလိုက်သည်။


“ တောင်းပန်ပါတယ်။ မွေးနေ့ပွဲက ငါတို့နှစ်ယောက်ပဲဆိုတော့ သိပ်တော့ စည်းစည်းကားကားမရှိဘူးဖြစ်သွားတယ်…”


ဤအစီအစဉ်ကို ချောင်ယီထန်အား တိုင်ပင်လိုက်စဉ်က ချောင်ယီထန်မှာ အပြေးရောက်လာကာ သူ့အား ကူညီပေးခဲ့သည်။ သူက ဤအပြင်အဆင်မျိုးကို အလွန်စိတ်ကူးယဉ်ဆန်လွန်းသောကြောင့် သဘောမကျသော်လည်း ချောင်ယီထန်က မွေးနေ့ပွဲဟူသည် ဤကဲ့သို့အလှဆင်ရမည်ဖြစ်ကြောင်း ပြောကြားလာလေသည်။


ထောင်ရှီးက မွေးနေ့ကိတ်ကို တွေတွေကြီး ကြည့်နေမိပြီး ခဏကြာမှ ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။


“ လူနှစ်ယောက်ထဲဆိုလည်း အရမ်းကိုစည်းကားနေပါပြီ…”


အမှန်စင်စစ်တွင် သူဆိုသည်မှာ ယခင်ကတည်းက မွေးနေ့တိုင်းတွင် တစ်ယောက်တည်း နေသားကျခဲ့ရုံမျှမက မွေးနေ့အမှန်ကိုပင် သိခွင့်မရခဲ့ပေ။


သူက လင်ချင်းဟယ်ကဲ့သို့ ဖိနပ်ပြောင်းစီးလိုက်ပြီး ကုတ်အင်္ကျီကိုချွတ်ကာ အင်္ကျီချိတ်တွင် ချိတ်လိုက်သည်။ ထို့နောက် ဧည့်ခန်းအလယ်သို့ လျှောက်လာပြီး မွေးနေ့ကိတ်ကို သေချာကြည့်လိုက်သည်။ ထိုအခါမှ ကိတ်မုန့်၏ထိပ်ပိုင်းတွင် လမင်းပုံသဏ္ဌာန် သကြားရုပ်လေးတစ်ရုပ်ပါ ရှိနေသည်ကို တွေ့လိုက်ရလေ၏။


လမင်းအရုပ်လေးက လင်ချင်းဟယ်အတွက် သူဆွဲပေးခဲ့သည့် ကောမစ်ထဲမှ လမင်းပုံလေးဖြစ်သော်လည်း လမင်း၏ဘေးတွင်မူ ကောမစ်ထဲက ဂြိုဟ်ငယ်လေးတစ်လုံး မဟုတ်တော့ပါချေ။ ထို့အစား ငွေရောင်အလင်းတန်းများ ခြံရံထားသည့် အပြာရင့်ရောင်ကြယ်လေးတစ်ပွင့်ဖြစ်နေပြီး နဂါးငွေ့တန်းထဲတွင် ကိုယ်ပိုင်ပတ်လမ်းနှင့် ထွန်းလင်းတောက်ပနေသည်။


ထောင်ရှီးက ကြယ်လေးကို မလှုပ်မယှက်ရပ်ကြည့်နေမိသည်။


ထောင်ရှီးက ကိတ်မုန့်ကို တွေတွေကြီးစိုက်ကြည့်နေသည်ကိုမြင်လျှင် လင်ချင်းဟယ်က သူ ကိတ်မုန့်စားချင်၍ဖြစ်မည်ဟု ထင်သွားပြီး ပြောလိုက်၏။


“ ကိတ်မုန့်က သိပ်တော့မကြီးပေမယ့် အရသာကတော့ ကောင်းမှာပါ…”


သကြားကိတ်အများစုမှာ အပြင်အဆင်က လှပသော်လည်း အရသာကမူ သိပ်ကောင်းလေ့မရှိကြချေ။ ထို့ကြောင့် ဤသီးသန့်မှာထားသည့် ကိတ်မုန့်အပြင် အရသာပိုကောင်းသည့် တခြားကိတ်ဆိုင်မှ ကိတ်မုန့်ကိုပါ ဝယ်လာခဲ့ခြင်းဖြစ်သည်။


ထောင်ရှီးက နှာသံဖြင့် “အင်း”ဟု ပြန်ဖြေလိုက်ပြီး လင်ချင်းဟယ်ကို မျက်နှာချင်းဆိုင်ကြည့်လိုက်သည်။ သူလင်ချင်းဟယ်၏ခါးကို သိုင်းဖက်လိုက်ပြီး သူ့နဖူးလေးကို တစ်ဖက်လူ၏ပုခုံးပေါ်တိုးဝှေ့လျက် ထပ်တလဲလဲ ပွတ်သပ်လိုက်သည်။


လင်ချင်းဟယ်က လက်မြှောက်ကာ ထောင်ရှီး၏ဆံပင်လေးကို ပွတ်သပ်ပေးလိုက်၏။ ထိုအခါမှ သူ့ဆံပင်များက အနည်းငယ်စိုစွတ်နေသည်ကို သတိထားမိသွားသည်။ ဆီးနှင်းများ ရွှဲစိုခဲ့ခြင်းကြောင်းဖြစ်မည်ထင်၏။ ထောင်ရှီး အအေးမိမည်ကို စိုးရိမ်သွားသဖြင့် သူပြောလိုက်သည်။


“ ရေသွားချိုးလိုက်ဦး။ ခဏနေရင် ကိတ်မုန့်စားကြမယ်…”


ထောင်ရှီးက သူ့နဖူးလေးကို လင်ချင်းဟယ်၏လည်တိုင်ကြားထဲ ဝှက်ထားဆဲပင်။ သူမျက်နှာပူပူနှင့် ဗလုံးဗထွေးပြောလိုက်သည်။


“ ငါ အဝတ်အစားတွေ မပါလာခဲ့ဘူးလေ…”


သူ ဘာမှမယူခဲ့ရပါချေ။ သူက သူ့မွေးနေ့ပွဲကျင်းပပြီး၍ ညသန်းခေါင်ရောက်သည့်အခါ ကျောင်းနံရံကိုကျော်ခွပြီး အဆောင်သို့ ပြန်ရန်သာ စီစဉ်ထားခဲ့ခြင်းဖြစ်သည်။


လင်ချင်းဟယ်က ခပ်ဖွဖွရယ်သည်။ သူစကားပြောလိုက်သည့်အခါ အနည်းငယ်တုန်ခါနေ၏။


“ မင်းက လူကိုယ်တိုင်ပဲ ပါလာရင်ရပါပြီ…”


ထောင်ရှီး၏မျက်နှာက ပို၍ပင် ပူကျစ်လာပြီး ခေါင်းတဆတ်ဆတ်သာ ညိတ်ပြလိုက်သည်။


လင်ချင်းဟယ်က ပစ္စည်းအပြည့်အစုံကို ပြင်ဆင်ထားပြီးသားဖြစ်သည်ပင်။ ရေသုတ်ပဝါများ၊ သွားတိုက်တံများ၊ ညအိတ်ဝတ်စုံများနှင့်…..အောက်ခံဘောင်းဘီများပင် ပါသေးသည်။ အားလုံးက အသစ်များသာဖြစ်ကာ အဆင်သင့်လေး ကောက်ဝတ်လိုက်ရုံပင်။


ထောင်ရှီးက သနပ်ခါးရောင် ချည်သားညအိပ်ဝတ်စုံတစ်ထည်ကို လက်ထဲတွင် ကိုင်ထားရင်း သူ့အတွက် ရေချိုးကန်ထဲတွင် ရေဖြည့်ပေးနေသည့် လင်ချင်းဟယ် ရပ်ကြည့်နေသည်။ သူက ရုတ်တရက် မေးလိုက်၏။


“ မင်းက ဒီလိုအိမ်အကြီးကြီးမှာ တစ်ယောက်တည်းနေရတာ မကြောက်ဘူးလား…”


ထောင်ရှီးမှာ အိမ်ထဲတွင် တစ်ယောက်တည်း နေရမည်ကို အကြောက်ဆုံးဖြစ်သည်။ သူငယ်စဉ်အခါက ကောဖျင်က ထောင်လဲ့ကိုခေါ်၍ သူမ၏မိဘများအိမ်သို့ ရက်အနည်းငယ်ခန့် မကြာခဏသွားနေတတ်လေ့ရှိသည်။ ထိုအချိန်ဆိုလျှင် အိမ်တွင် သူတစ်ယောက်တည်းသာ ကျန်ရစ်ခဲ့သည်။ ညရောက်သည်နှင့် သူ့မှာ တံခါးပေါက်များကို အကြိမ်ကြိမ်စစ်ဆေးပြီး ရေဒီယိုအဟောင်းကြီးကိုလည်း ဖွင့်ကာ သူ့ကိုယ်သူ စောင်နှင့်ထုပ်ပြီး အိပ်ပျော်အောင် မနည်းအိပ်ခဲ့ရသည်။


လင်ချင်းဟယ်က ရေကိုပြန်ပိတ်လိုက်ပြီး မတ်တပ်ထရပ်ကာ သူ့လက်ကို ပဝါဖြင့်သုတ်ရင်း လျော့ရဲရဲအသံဖြင့် ပြောလာသည်။


“ ငါနည်းနည်းတော့ ကြောက်တယ်…”


ထောင်ရှီးမှာ အံ့ဩမှုဖြင့် မျက်လုံးများပြူးကျယ်သွားသည်။ လင်ချင်းဟယ်က သူ့ကို အမြဲတမ်း စိတ်တည်ငြိမ်စေကာ နှစ်သိမ့်ပေးနိုင်စွမ်းရှိသည်။ လင်ချင်းဟယ်လိုလူကို မည်သည့်အရာကမှ မကြောက်ရွံ့စေနိုင်၊ စိတ်ဒုက္ခမပေးနိုင်ဟု သူထင်မှတ်ထားခဲ့ခြင်းပင်။


သူ မထိန်းနိုင်စွာ ရယ်ချလိုက်ပြီး အံ့အားသင့်သောအသံဖြင့် ရွှတ်နောက်နောက်ပြောလိုက်သည်။


“ လင်ချင်းဟယ်လိုလူလည်း တစ်ယောက်တည်းနေရာတာကို ကြောက်တတ်တယ်ပေါ့…”


လင်ချင်းဟယ်က ဘေစင်အစွန်းကိုမှီရင်း သူ့ကိုကြည့်လာကာ ဩရှသောအသံဖြင့် ခပ်ဖွဖွ ပြောလာခဲ့သည်။


“ အခုကစပြီး ငါတစ်ယောက်တည်း မနေတော့ဘူး…”


ထောင်ရှီး၏နှလုံးသားက ဒိန်းခနဲ ခုန်ပေါက်သွားပြီး စိတ်ထဲဗလာဖြစ်သွားကာ လင်ချင်းဟယ်ကို ကြောင်အစွာ စိုက်ကြည့်လိုက်သည်။ သူပါးစပ်ဟလိုက်သော်လည်း စကားသံများထွက်မလာခဲ့ပါချေ။


လင်ချင်းဟယ်က မတ်မတ်ပြန်ရပ်လိုက်ပြီး သူ့အနားသို့ ခြေတစ်လှမ်းတိုးလာသည်။ ထို့နောက် သူ့နားသံသီးလေးကို ညင်သာစွာပွတ်သပ်ရင်း နူးညံ့စွာပြောလိုက်၏။


“ ရေအရင်ချိုးလိုက်ဦး။ ဆံပင်ကို အခြောက်ခံဖို့လည်း မမေ့နဲ့နော်…”

_________________