အပိုင်း ၅၂
Viewers 9k

The Moon Is Coming To Me

Chapter-52


ရေမိုးချိုးပြီးသောအခါ ထောင်ရှီးက ညအိပ်ဝတ်စုံကို ဝတ်ဆင်လိုက်သည်။ ဝတ်စုံကလည်း သူနှင့် အံဝင်ခွင်ကျပင်။


ညအိပ်ဝတ်စုံကို ခဏကြာ သုံးသပ်ကြည့်ရှုနေပြီးနောက် ဆံပင်အခြောက်ခံစက်ဖြင့် သူ့ဆံပင်များကို မှုတ်လိုက်သည်။ ထို့နောက် မှန်ပေါ်က ရေငွေ့များကို လက်ဖြင့် သုတ်လိုက်ပြီး မှန်ရှေ့သို့တိုးကာ သူ့မျက်နှာကို အနီးကပ်ကြည့်လိုက်သည်။


ရေချိုးပြီးခါစဖြစ်၍ သူ့မျက်နှာက ရေငွေ့ကြောင့် နီမြန်းနေပြီး နှုတ်ခမ်းများလည်း နီစွေးစွေးဖြစ်နေ၏။


သူ့ကိုယ်သူ ခဏကြာကြည့်နေပြီးနောက်တွင် ဘေးသို့အကြည့်ရောက်သွားရာ စင်ပေါ်တွင် အဖြူနှင့်အနက်ရောင် ခံတွင်းဆေးခွက် နှစ်ခွက်ကို တွေ့လိုက်ရသည်။ ခွက်တစ်ခုစီတွင် အနက်ရောင်သွားတိုက်တံတစ်ချောင်းနှင့် အဖြူရောင်သွားတိုက်တံတစ်ချောင်းစီရှိနေသည်။


ရေချိုးရင်းဖြေသိမ့်ခဲ့ရသည့် ရင်ခုန်သံများက ရုတ်တရက်ဆိုသလို ကဆုန်ပေါက်မြန်ဆန်လာပြန်သည်။


ထောင်ရှီးက ရေချိုးခန်းထဲတွင် အတော်ကြာအောင် အချိန်ဆွဲနေပြီးမှ တံခါးဖွင့်၍ အပြင်ထွက်လာခဲ့သည်။ ပြီးသည်နှင့် လင်ချင်းဟယ်အနားကို ခပ်သုတ်သုတ်ပြေးသွားပြီး အိပ်ခန်းကျယ်ကြီးကို အပြင်ဘက်မှ တစ်ချက်လှမ်းကြည့်လိုက်သည်။ သူက အိပ်ခန်းထဲဝင်ကြည့်လိုက်ပြီး အခန်းတစ်ဝိုက်ကို စေ့စေ့စပ်စပ် အကဲခတ်ကြည့်လိုက်၏။


အိပ်ခန်းက လင်ချင်းဟယ်ကဲ့သို့ပင် ခပ်အေးအေးနှင့် အပြင်အဆင်များများစားစား မပါချေ။ အိပ်ခန်း၏ဘေးဘက်တစ်ခြမ်းလုံးတွင် ကြမ်းပြင်မှမျက်နှာကြတ်ထိ ရှည်သော ပြတင်းပေါက်များဖြင့် ကာရံထားပြီး လိုက်ကာနှင့် တစ်ဝက်တစ်ပျက်အုပ်ထားသည်။ အိပ်ခန်း၏အလယ်တွင်မူ မဲနယ်ရောင်အခင်းနှင့် အိပ်ယာကြီးတစ်ခုရှိနေပြီး အိစက်နူးညံ့နေမည့်ပုံပေါ်လေ၏။


သူ အိပ်ယာကို အကြည့်ရောက်သွားသောအခါ ခေါင်းရင်းတွင် ခေါင်းအုံးနှစ်လုံး ပြင်ဆင်ထားကြောင်း သတိပြုမိလိုက်၏။


ထောင်ရှီးမှာ ပူလောင်လာသော သူ့မျက်နှာကို လက်ဖြင့် ပွတ်သုတ်လိုက်သည်။ ရုတ်တရက် ခြေသံများကြားလိုက်ရ၍ လှည့်ကြည့်လိုက်ရာ အခန်းထဲဝင်လာသော လင်ချင်းဟယ်ကိုတွေ့လိုက်ရပြီး ထိုလူက သူ၏ညအိပ်ဝတ်စုံကို အကဲခတ်ကြည့်ရင်း ပြောလာ၏။


“ ဆယ့်နှစ်နှာရီထိုးခါနီးပြီ...”


ထောင်ရှီးမှာ မျက်လုံးများပင် ပြူးကျယ်သွားပြီး တွေးလက်စအတွေးများလည်း ပျောက်ခြင်းမလှ ပျောက်ကွယ်လို့သွားရသည်။


“ မင်းရေချိုးတာ အတော်ကြာသွားတယ်။ နောက်မှ မင်းကို တခြားအခန်းတွေ လိုက်ပြတော့မယ်…”


လင်ချင်းဟယ်က လေသံအေးအေးဖြင့်ပြောလာပြီး လိပ်တက်နေသည့် ထောင်ရှီး၏အင်္ကျီကော်လာကို သပ်သပ်ရပ်ရပ် ပြုပြင်ပေးလိုက်သည်။ ပြီးသော် သူ့လက်ချောင်းများကို ဖြူဖွေးသွယ်လျနေသည့် ညှပ်ရိုးလေးများမှ ဖယ်ခွာလိုက်လေ၏။


ထောင်ရှီးမှာ ညှပ်ရိုးနေရာတွင် ယားယံလာပြီး မျက်နှာကလည်း ပူလောင်လာသည်။ သူခပ်သွက်သွက်ဆိုလိုက်၏။


“ ဒါဆို ငါတို့အခု ကိတ်မုန့်စားလို့ရပြီလား…”


လင်ချင်းဟယ်က ရယ်ချင်နေသည့်ပုံနှင့် သူ့လက်ကောက်ဝတ်ကိုဆွဲကာ ဧည့်ခန်းထဲသို့ ခေါ်ဆောင်သွားသည်။ လမ်းတစ်လျှောက်တွင် တံခါးပိတ်ထားသည့် အခန်းနှစ်ခန်းကို သူတစ်ချက်လှည့်ကြည့်ခဲ့သည်။


ဧည့်ခန်းထဲမှ မျက်နှာကြတ်မီးကို ပိတ်ထားသော်လည်း သကြားကိတ်မုန့်၏ ပတ်ချာလည်မှ မီးလုံးများကိုမူ ဖွင့်ထားဆဲဖြစ်၏။ ပြတင်းပေါက်အပြင်မှ ကျယ်ပြောသော ကြယ်ပင်လယ်ကဲ့သို့ ညရှုခင်းကလည်း နီယွန်မီးရောင်များဖြင့် တဖျတ်ဖျတ်တောက်ပနေသည်။


ထောင်ရှီးက ပြတင်းပေါက်ဘေးရှိ သိုးမွေးကောဇောပေါ်မှ ကော်ဖီစားပွဲလေးကို အကြည့်ပို့လိုက်သည်။ စားပွဲလေးပေါ်တွင် ခရင်အပြည့်နှင့် အဖြူရောင်ကိတ်မုန့်လေးတစ်လုံးတင်ထားသည်။ သူဖိနပ်ကိုခပ်သွက်သွက်ချွတ်ကာ ကော်ဇောပေါ်တက်လိုက်ပြီး ကိတ်မုန့်ဘေးတွင် ငုတ်တုပ်ထိုင်ချလိုက်သည်။ ကိတ်မုန့်မှ ချိုအီအီအမွှေးရနံ့လေးကိုပင် သူရနေလေပြီ။


ဤကိတ်မုန့်က ကြည့်လိုက်သည်နှင့် အရသာရှိမည့်ပုံပင်။


ထောင်ရှီးက ကော်ဖီစားပွဲဘေးတွင် ခြေချိတ်ထိုင်ချကာ ဖယောင်းတိုင်ကို ဟိုဟိုသည်သည် ဝေ့ဝဲရှာဖွေလိုက်သည်။ ထိုအခါ အဖုံးအဖြူရောင်နှင့် မှတ်စုစာအုပ်ကဲ့သို့ စာအုပ်လေးတစ်အုပ်ကို တွေ့လိုက်ရသည်။


ထောင်ရှီးက အံ့ဩသွားကာ သူ့ဘေးတွင် လာထိုင်သည့် လင်ချင်းဟယ်ကို မော့ကြည့်လိုက်ရင်း မှတ်စုစာအုပ်လေးကို လက်ညှိုးထိုးပြကာ မေးလိုက်၏။


“ အဲ့ဒါက ဘာလဲ…”


လင်ချင်းဟယ်က သူလက်ညှိုးညွှန်ရာကို တစ်ချက်ကြည့်လိုက်သည်။ သူ့မျက်နှာက အနည်းငယ် နေရခက်သွားဟန်ဖြင့် ခဏကြာတိတ်ဆိတ်သွားပြီးမှ ဆိုလာသည်။


“ မင်းအတွက် မွေးနေ့လက်ဆောင်…”


ထောင်ရှီး၏မျက်လုံးများ တောက်ပသွားကာ မှတ်စုစာအုပ်ကို လှမ်းယူလိုက်ပြီး အပြုံးတစ်ပွင့်နှင့် မေးလိုက်၏။


“ ငါအခု ဖွင့်ဖတ်ကြည့်လို့ရပြီလား…”


လင်ချင်းဟယ်က နာရီကိုတစ်ချက်ကြည့်လိုက်သည့်အခါ ၁၂ နာရီထိုးဖို့ မိနစ်နှစ်ဆယ်လောက်သာ လိုတော့သည်။ သူ တွန့်ဆုတ်တွန့်ဆုတ်နှင့် “ အင်း ” ပြောလိုက်သည်။ ပြီးသော် ဘေးက မတ်တပ်မီးအိမ်လေးကို ဖွင့်လိုက်သည်။ ထိုအခါ နေရာတစ်ဝိုက်က ချက်ချင်းလင်းကျင်းသွားလေသည်။


ထောင်ရှီးက မှတ်စုစာအုပ်ကိုကောက်ကိုင်၍ လင်ချင်းဟယ်ပေါ်ကို မှီချလိုက်သည်။ စာအုပ်အဖုံးက အဖြူရောင်သားရေအမာသားနှင့်ဖြစ်ပြီး အနားစွန်းလေးများက အနည်းငယ် ချွန်မြနေသည်။ သူ ပထမစာမျက်နှာကို လှန်လိုက်သောအခါ ခေါင်းစဉ်နေရာတွင် စာလုံးအချို့ရေးထားသည်ကို တွေ့လိုက်ရ၏။


ဆယ့်ခုနစ်နှစ်အရွယ် ထောင်ရှီးအတွက်။


သုညနာရီကျော်ပြီးမှ ဤစာအုပ်ကို ဖွင့်ဖတ်သင့်သည်မှန်း ထောင်ရှီး နားလည်လိုက်လေသည်။ သူလင်ချင်းဟယ်ကို ရှက်ဝဲဝဲနှင့် လှည့်ကြည့်လိုက်သည်။ သို့သော်လည်း စိတ်မထိန်းတော့သဖြင့် နောက်စာမျက်နှာတစ်ရွက်ကို ဆက်လှန်လိုက်လေသည်။


သူ့အတွက် လင်ချင်းဟယ် ရေးပေးထားသည့် စာတစ်ချို့ကိုမြင်ရလိမ့်မည်ဟု ထင်ခဲ့သော်လည်း စာရွက်ပေါ်မှ အကြောင်းအရာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရချိန်၌ သူ ကြက်သေသေသွားရသည်။


ဒုတိယစာမျက်နှာပေါ်တွင် ဓာတ်ပုံလေးတစ်ပုံကပ်ထား၏။


ဤစာအုပ်လေးက မှတ်စုစာအုပ် ဟုတ်ပုံမရပါချေ။ ကိုယ်တိုင်လုပ် ဓာတ်ပုံအယ်လ်ဘမ်လေးတစ်ခုသာ ဖြစ်ရမည်။


သက်တမ်းအနည်းငယ်ကြာနေပုံရသော ဓာတ်ပုံထဲတွင် နူးညံ့သည့်စောင်လေးဖြင့် လွှမ်းခြုံထားသော ကလေးငယ်လေးတစ်ယောက် ရှိနေသည်။ ကလေးလေး၏မျက်လုံးများက ကြည်လင်နေပြီး လက်သေးသေးလေးနှစ်ဖက်ကို ရင်ဘတ်ပေါ်တင်ထားသည်။ ပါးစပ်ထဲတွင်မူ ချိုလိမ်လေးတစ်ခုကိုက်ထားပြီး နှုတ်ခမ်းများက ပြုံးနေပုံရသည်။


ဓာတ်ပုံ၏အောက်တွင်မူ ဘောပင်ဖြင့် ‘၁’ ဟုရေးထားသည်။


ထောင်ရှီးက လင်ချင်းဟယ်ကို လည်ပြန်ကြည့်လိုက်သည်။ မျက်လုံးချင်းဆုံသည်နှင့် လင်ချင်းဟယ်က ချက်ချင်းမျက်နှာလွှဲသွားပြီး ချောင်းဟန့်ကာ ပြောလာ၏။


“ အဲ့ဒါ ငါတစ်နှစ်အရွယ်တုန်းက ဓာတ်ပုံ…”


ထောင်ရှီး အံ့ဩသွားသည်။ သူလင်ချင်းဟယ်ကို မျက်လုံးအပြူးသားနှင့် စိုက်ကြည့်လိုက်သော် လင်ချင်းဟယ်၏ နားရွက်များက တဖြည်းဖြည်းနီရဲလာလေသည်။ သူ မထိန်းနိုင်စွာ ရယ်ချလိုက်ပြီး ခေါင်းပြန်ငုံ့၍ ကလေးလေး၏ပုံကို သေချာဂရုတစိုက် ပြန်ကြည့်လိုက်သည်။ မှန်၏။ ကလေးကလေးက လင်ချင်းဟယ်နှင့်အတော်တူသည်။ ထိုမျက်ဝန်းတစ်စုံက ငယ်စဉ်ကတည်းက အလွန်လှပခဲ့ပုံပင်။


ဤအယ်ဘမ်၏ရည်ရွယ်ချက်ကို သူ ရေးတေးတေးလေး ခံစားမိလိုက်သည်။ သူမျက်တောင်များ ခပ်မြန်မြန်ပုတ်ခတ်လိုက်ကာ ခေါင်းငုံ့၍ ကလေးငယ်၏ပုံလေးကို ဆက်ကြည့်လိုက်သည်။ သူအချိန်အကြာကြီး ကြည့်နေမိပြီးမှ ဓာတ်ပုံပေါ်မှ ကလေးလေး၏မျက်နှာလေးကို ညင်သာစွာ ပွတ်သပ်၍ နောက်စာမျက်နှာကို ဖြည်းဖြည်းချင်းလှန်လိုက်သည်။


နောက်စာမျက်နှာကလည်း ဓာတ်ပုံတစ်ပုံသာဖြစ်သည်။ ပုံထဲမှ ကလေးလေးက တော်တော်ထွားလာသည်။ ကလေးလေးက ခပ်အိအိ ရေမြှုပ်အခင်းလေးတစ်ခုပေါ်တွင် ထိုင်နေပြီး လက်ထဲတွင် ကားလေးတစ်စီးကို ကိုင်လျက် ဆော့ကစားနေသည်။ သူ့ဘေးရှိ ဆိုဖာပေါ်တွင်မူ တည်ငြိမ်ရင့်ကျက်သော အမျိုးသားတစ်ယောက်က သတင်းစာထိုင်ဖတ်နေသည်။ သို့သော် သူ့မျက်လုံးများက ကြမ်းပြင်ပေါ်မှ ကလေးငယ်ကို လှမ်းအကဲခတ်နေသည်။ မျက်ခုံးမျက်လုံးများကို ကြည့်ခြင်းအားဖြင့် ကလေးလေး၏အဖေဖြစ်ဟန်တူသည်။


ဓာတ်ပုံ၏အောက်တွင်မူ ‘၂’ ဟုရေးထားသည်။ ဤပုံလေးက လင်ချင်းဟယ် နှစ်နှစ်အရွယ်က ပုံလေးဖြစ်သည်။


ထောင်ရှီးမှာ ဓာတ်ပုံထဲမှ ကလေးလေးကို အသည်းယားစွာကြည့်ရင်း နှုတ်ခမ်းများပြုံးသွားကာ ပြောလိုက်၏။


“ မင်းက မင်းအဖေနဲ့အရမ်းတူတာပဲ…”


လင်ချင်းဟယ်က မနေနိုင်စွာ ဓာတ်ပုံကို လှည့်ကြည့်လာပြီး ပြော၏။


“ အဲ့ဒါ ငါ့ရဲ့အကြီးဆုံး ဦးလေး…”


သူက စကားခဏရပ်ပြီးမှ ဆက်ပြောလာသည်။ “ငါက အသက်ငါးနှစ်ထိ အကြီးဆုံး ဦးလေးရဲ့အိမ်မှာပဲ နေခဲ့တာ…”


ထောင်ရှီးမှာ အံ့ဩသွားပြီး ဤကိစ္စ၏နောက်ကွယ်တွင် တစ်ခုခုရှိလိမ့်မည်ဟု မရေမရာခံစားမိလိုက်သည်။


သူက ခေါင်းပြန်ငုံ့လိုက်ပြီး ဓာတ်ပုံတစ်ပုံစီကို အချိန်အကြာကြီးဆွဲ၍ ဆက်ကြည့်လိုက်သည်။ ၅ နှစ်အရွယ် လင်ချင်းဟယ်လေးက သူငယ်တန်းကျောင်းမှ ခုံတန်းလျားတစ်ခုတွင် ငူငူငေါင်ငေါင်နှင့် ထိုင်နေသည်။ ၆နှစ်အရွယ် လင်ချင်းဟယ်လေးက လွယ်အိတ်ပိစိလေးတစ်လုံးနှင့် မူလတန်းကျောင်းရှေ့တွင် စူပုတ်စွာ မတ်တပ်ရပ်နေသည်။ ၇ နှစ်အရွယ် လင်ချင်းဟယ်လေးက အဝါရောင်ဦးထုပ်လေးတစ်လုံးဆောင်းလျက် နက္ခတ်တာရာပြခန်းကို လည်ပတ်ကြည့်ရှုနေသည်။ ၈နှစ်အရွယ် လင်ချင်းဟယ်လေးက ခါးမတ်မတ်ထိုင်လျက် အဖိုးဖြစ်သူနှင့်အတူ စစ်တုရင်ကစားနေသည်။ ၉နှစ်အရွယ် လင်ချင်းဟယ်လေးက စာရေးခုံပေါ်တွင် အင်္ဂလိပ်ဝတ္ထုများဖတ်နေသည်…..


တစ်စတစ်စကြီးပြင်းလာသော ကောင်လေး၏ပုံရိပ်များကို သူ တစ်ပုံချင်းကြည့်နေမိသည်။ ရင်ခွင်ပိုက်ကလေးအရွယ်မှ ပြေးလွှားခုန်ပေါက်နိုင်သည့် ကောင်ငယ်လေးအဖြစ်၊ ထို့နောက် အရပ်ရှည်သည်ထက်ရှည်လာကာ မျက်နှာပေါက်နှင့် အမူအရာများက ယခုလင်ချင်းဟယ်နှင့် တဖြည်းဖြည်း ဆင်တူလာခဲ့သည်။


အထူးသဖြင့် ၁၆ နှစ်အရွယ် လင်ချင်းဟယ်ပင်။ ဓာတ်ပုံမှာ မနှစ်ကဖြစ်ပြီး လင်ချင်းဟယ်က ဖျော်ဖြေရေးခန်းမထဲ၌ ရှိနေခဲ့ဟန်တူသည်။ သူက အနက်ရောင်ဝတ်စုံပြည့်ကို ဝတ်ဆင်ထားလျက် စန္ဒရားရှေ့တွင် ထိုင်ကာ သိမ်မွေ့လေးနက်သော ဘေးတစ်စောင်းမျက်နှာဖြင့် စန္ဒရားတီးခတ်နေသည်။ ယင်းက သူနှင့် ရင်းနှီးနေသော လင်ချင်းဟယ်၏အသွင်အပြင်ပင် ဖြစ်လေ၏။


ဤဓာတ်ပုံအယ်ဘမ်မှတစ်ဆင့် သူ မြင်ခွင့်မရခဲ့သော လင်ချင်းဟယ်၏ဆယ့်ခြောက်နှစ်တာအချိန်များကို ရိုးတိုးရိပ်တိပ် မြင်တွေ့ခွင့်ရခဲ့ပေသည်။


ယင်းက အနည်းငယ်မျှသာ ဖြစ်နေသည့်တိုင်အောင်ပင်။


သို့သည့်တိုင် ဤမျှလောက်ကပင် သူ့အား အလွန်အမင်း ပျော်ရွှင်လာစေပြီး အတိတ်ကိုလွမ်းဆွတ်သွားစေသည်။


ထောင်ရှီးက ၁၆ နှစ်အရွယ် လင်ချင်းဟယ်ကို ခေါင်းငုံ့ကြည့်လိုက်သည်။ အချိန်အတော်ကြာမှ သူ သက်ပြင်းဖွဖွချလျက် နောက်စာမျက်နှာကို လှန်လိုက်သည်။


နောက်စာမျက်နှာမှာ ရင်းနှီးနေသော စာသင်ခန်းတစ်ခန်း၏ပုံဖြစ်၏။ နောက်ဆုံးတန်းမှ စာရေးခုံပေါ်တွင် ဆယ်ကျော်သက်ကောင်လေးတစ်ယောက်က လက်ပေါ်ခေါင်းမှောက်လျက် အိပ်ပျော်နေသည်။ ပြတင်းပေါက်အပြင်ဘက်မှ ရွှေအိုရောင်နေရောင်ခြည်က ဆယ်ကျော်သက်ကောင်လေး၏ ခေါင်းလုံးလုံးလေးနှင့် ကျောင်းယူနီဖောင်းပေါ်သို့ ဖြာကျနေသည်။ ကောင်လေး၏ မျက်ခွံအောက်မှ မျက်တောင်ရှည်များမှာလည်း နေရောင်ခြည်ထဲတွင် ရွှေရောင်တောက်လဲ့နေသည်။


ကျောင်းယူနီဖောင်းအင်္ကျီအောက်တွင် ဆယ်ကျော်သက်ကောင်လေး၏ ညာဘက် လက်ကောက်ဝတ်လေးက ပေါ်နေသည်။ ထိုလက်ကောက်ဝတ်ပေါ်တွင်မူ စိမ်းပြာရောင်ကျောက်နှင့် အနီရောင်လက်ပတ်လေးတစ်ခုကို ဝတ်ဆင်ထားသည်။


ဓာတ်ပုံအောက်မှ နံပါတ်ကမူ ၁၇ ဟူ၍ပင်။


လင်ချင်းဟယ်သည် ထောင်ရှီးအား သူ့အသက်ဆယ့်ခုနစ်နှစ်တွင် တွေ့ဆုံခဲ့သည်။


ထောင်ရှီးမှာ သူ့ကိုယ်တိုင်၏ပုံကိုကြည့်ရင်း မျက်တောင်များ ခပ်ကြမ်းကြမ်းပုတ်ခတ်လိုက်သည်။ အချိန်အတော်ကြာသွားသောအခါမှ ခေါင်းမော့၍ သူ့ဘေးမှ လင်ချင်းဟယ်ကို လှည့်ကြည့်လိုက်သည်။


သူ ရယ်ချပစ်လိုက်ချင်ပါသော်လည်း လည်ချောင်းထဲမှ အသံများက အနည်းငယ် တုန်ရီနေသည်။


“ ငါ အိပ်ငိုက်နေတုန်း ငါ့ပုံကိုခိုးရိုက်ထားတယ်ပေါ့။ နောက်တစ်ခါကျရင် ငါမင်းပုံကို ပြန်ခိုးရိုက်မှာ…”


လင်ချင်းဟယ်က လက်များကို ခပ်တင်းတင်း ယှက်ဖြာလိုက်သည်။ မတ်တပ်မီးအိမ်မှ ဝါကျန့်ကျန့်မီးအလင်းရောင်က သူ၏မီးခိုးရောင် ဆွယ်တာထဲကို ထိုးထွင်းစိမ့်ဝင်နေ၏။ သူက မျက်လွှာချရင်း အချိန်ခဏကြာ တိတ်ဆိတ်နေပြီးနောက် ခေါင်းစောင်းကာ ဓာတ်ပုံအယ်ဘမ်ကို အကြည့်ပို့လိုက်သည်။ ထို့နောက် သူ့ကို ကြည့်နေသော ထောင်ရှီးနှင့် အကြည့်ချင်းဆုံလိုက်သည်။ ရှည်လျားကော့စင်းနေသော မျက်တောင်ရှည်များက သူ့မျက်ဝန်း၏အနက်ရှိုင်းဆုံးမှ သိမ်မွေ့နူးညံ့သော အကြည့်များကို တစ်ဝက်တစ်ပျက် ဖုံးကွယ်ထားလေသည်။


“ မင်း ပေါ်ပေါ်ထင်ထင်ပဲ ရိုက်လို့ရပါတယ်…”


ထောင်ရှီးက ပြုံးသည်။


ထို့နောက် ခေါင်းပြန်ငုံ့ကာ နောက်စာမျက်နှာတစ်ရွက်ကို လှန်လိုက်သည်။ သို့သော် နောက်စာမျက်နှာတိုင်းမှာ ဗလာသက်သက်သာ ဖြစ်နေသည်ကို တွေ့လိုက်ရလေ၏။ နောက်ထပ်နောက်ထပ်သော ဓာတ်ပုံအသစ်များကို စောင့်မျှော်နေသည့်အလားပင်။ ၁၇ နှစ်အရွယ် လင်ချင်းဟယ်၏ အရိပ်အယောင် တစ်စိုးတစ်စလေးမျှ ရှိမနေပါချေ။


သူက အယ်ဘမ်၏အနားစွန်းလေးကို လက်ဖြင့် အသာပုတ်ရင်း လင်ချင်းဟယ်ကို နှာသံပေါက်နေသော အသံဖြင့် မေးလိုက်သည်။


“ မင်းရဲ့ ၁၇ နှစ်ပုံကရော ဘယ်မှာလဲ…ဘာဖြစ်လို့ ငါပုံပဲပါတာလဲ…”


လင်ချင်းဟယ်က ယှက်သွယ်ထားသည့် လက်များကို အနည်းငယ် ဖြေလျော့လိုက်ပြီး သူ့အား ကြည့်လာသည်။


“ မင်းငါ့ကို နေ့တိုင်း တွေ့နေရတာပဲ မဟုတ်ဘူးလား…”


ထောင်ရှီးမှာ နားဝေတိမ်တောင်ဖြစ်သွားပြီး “အမ်…” ဟုပင် အသံထွက်လိုက်မိသည်။ လင်ချင်းဟယ် ဆိုလိုသည့်စကားကို သူနားမလည်ပါချေ။


လင်ချင်းဟယ်က နံဘေးမှ စာအိတ်လေးကို လှမ်းယူလိုက်ပြီး ယနေ့ညရိုက်ခဲ့သည့် ဓာတ်ပုံတစ်ပုံကို အယ်ဘမ်၏လွတ်နေသော စာမျက်နှာပေါ်တွင် ကပ်လိုက်သည်။ သူက ထောင်ရှီးကို ကြည့်ကာ ဤအယ်ဘမ်ကို လက်ဆောင်အဖြစ်ပေးရသည့်အကြောင်းရင်းကို အလေးအနက် ရှင်းပြလာခဲ့သည်။


“ ဆယ့်ခုနစ်နှစ်ကစပြီး ငါတို့တွေ နှစ်တိုင်းနှစ်တိုင်း အတူတူရှိနေတော့မှာ။ ဒါပေမဲ့ လွဲချော်သွားခဲ့တဲ့ ဆယ်ခြောက်နှစ်အတွက် ငါ မင်းကို ပြန်ကုစားပေးချင်တယ်…”


ထောင်ရှီး၏မျက်လုံးများ ရုပ်ခြည်းတုန်ယင်သွားသည်။ သူ ခေါင်းငုံ့ကာ အသစ်စက်စက် ဓာတ်ပုံကို ငုံ့ကြည့်လိုက်သည်။ ဓာတ်ပုံထဲတွင် လင်ချင်းဟယ်က သူ၏မျက်လုံးထောင့်လေးကို ညင်သာစွာ နမ်းရှိုက်နေသည်။ အယ်ဘမ်ပေါ်မှ သူ့လက်ချောင်းများ ကွေးကောက်သွားပြီး နှလုံးခုန်ကလည်း အဆီးအတားမရှိ မြန်ဆန်လာသည်။


လင်ချင်းဟယ် ဆိုလိုသည့် “လွဲချော်သည်” ဟူသော စကားကို သူ နားမလည်ပေ။ သူထင်နေသည့် “လွဲချော်ခြင်း” ကို ပြောနေသည်များလား..


လင်ချင်းဟယ်၏မျက်လုံးများက သူ့မျက်နှာပေါ်သို့ အကြည့်ရောက်လာသည်။ ထိုမျက်လုံးများက လေးပင်နေကာ ခရစ္စမတ်အကြိုတွင် ကမ္ဘာမြေပြင်ပေါ်သို့ သိပ်သည်းစွာ ကျဆင်းလာသည့် နှင်းမိုးများပမာ သိပ်သည်းကာ တိတ်ဆိတ်နေလှ၏။


မတ်တပ်မီးအိမ်လေးက ကွက်လပ်ငယ်လေးကို ဝါကျန့်ကျန့်မီးအလင်းရောင်ဖြင့် နွေးထွေးစွာ လွှမ်းခြုံပေးနေသည်။


ထောင်ရှီးက အဝါ‌ရောင်မီးအလင်းရောင်ဖြင့် လွှမ်းခြုံနေသော လင်ချင်းဟယ်ကို လှည့်ကြည့်လိုက်သည်။ သူ အသက်ကိုညင်သာစွာရှူရင်း လက်ချောင်းများမှာလည်း အယ်ဘမ်၏အနားစွန်းကို အလိုလို ပွတ်သပ်နေမိသည်။


ဤတစ်ဒင်္ဂတွင် လင်ချင်းဟယ်က တစ်ခုခုကို သိထားသည်ဟု သူ ခံစားလိုက်ရ၏။ သို့သော် ထိုဖြစ်နိုင်ခြေကို တွေးကြည့်ရုံနှင့် သူ အလွန်ကြောက်လန့်လာရ၏။ သူဘာကိုကြောက်နေမိမှန်းမသိပေ။ အဘယ်ကြောင့် သူ့မျက်လုံးများက ပူပြင်းသည့်အရာတစ်ခုခု ထိုးထွက်လာတော့မည့်အလား ပူလောင်လာရသည်ကို သူ ပို၍ပင် မသိပါချေ။


သူတို့နှစ်ဦးက နူးညံ့သော ကော်ဇောပေါ်တွင် ဘေးချင်းကပ်လျက် ထိုင်နေကြသည်။ နီးကပ်လွန်းသဖြင့် တစ်ယောက်၏ခန္ဓာကိုယ်မှ အပူချိန်ကို ခံစားနေရပြီး အသက်ရှူသံများကိုလည်း ကြားနေရသည်။


လင်ချင်းဟယ်က မျက်နှာလွှဲကာ ပြတင်းပေါက်အပြင်မှ နီယွန်မီးရောင်များနှင့် ကျဆင်းနေသော နှင်းစက်များကို အကြည့်ပို့ရင်း သူ့အား ညင်သာစွာ မေးလာခဲ့သည်။


“ အပြိုင်စကြဝဠာရှိတယ်ဆိုတာကို မင်းယုံလား…”


ထောင်ရှီးက ဓာတ်ပုံအယ်ဘမ်ကို လက်ထဲတွင် ပိုက်ထားရင်း ငူငူငေါင်ငေါင်ဖြင့် ခေါင်းခါပြလိုက်သည်။


လင်ချင်းဟယ်က ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ခေါင်းလှည့်၍ သူ့ကို ကြည့်လာသည်။ အမြဲလိုလို တည်ငြိမ်နေသော သူ့မျက်ဝန်းများထဲတွင် မီးအလင်းရောင်လေးက အနည်းငယ် လှုပ်ယိမ်းနေသည်။ သို့တိုင် သူ စကားဆိုလာချိန်၌မူ အသံက အနည်းငယ် အက်ကွဲနေပေ၏။


“ ငါ အရင်က မယုံခဲ့ဘူး။ ဒါပေမဲ့ အခုတော့ အဲ့လိုအပြိုင်စကြဝဠာမျိုး တည်ရှိပါစေလို့ ဆုတောင်းမိတယ်။ အဲ့ဒီကမ္ဘာမှာ အရာအားလုံးက မူလလမ်းကြောင်းနဲ့ မသွေမဖယ်ဘဲ…မင်းက ငါ့ဘေးမှာ အမြဲတမ်း ရှိနေမယ်။ ငါတို့က အတူတူကြီးပြင်းလာကြမယ်။ ပြီးတော့ ခရစ္စမတ်ရောက်တိုင်း မင်းကို ချစ်တဲ့လူတွေနဲ့အတူ ငါက မင်းအတွက် လက်ဆောင်တွေ ယူလာပေးမယ်။ ပြီးရင် ငါတို့ကလေးလေးကို ပျော်ရွှင်စရာမွေးနေ့ပါလို့ ပြောမယ်…”


ထောင်ရှီး၏ မျက်တောင်များ အပြင်းအထန်တုန်ယင်လာသည်။ သူ ဓာတ်ပုံအယ်ဘမ်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်မိသည်။ ဆယ့်ခြောက်နှစ်တာသော အချိန်များကို ဆုပ်ကိုင်ထားလိုသည့်အလားပါပင်။ ချွန်မြသော သားရေအဖုံး၏အစွန်းက သူ့လက်ဖဝါးကို နစ်ဝင်သွားသည်။ သို့သော် သူ သတိမထားမိပါချေ။


သူ ပါးစပ်ကိုဖွင့်လိုက်သည်။ သို့သော် ဆွံ့အနေသည့်အလား ဘာအသံမှထွက်မလာခဲ့ပါချေ။ အတော်ကြာ ကြိုးပမ်းလိုက်ပြီးနောက်မှ အက်ကွဲနေသည့် ရှိုက်သံတစ်သံသာ ထွက်လာခဲ့သည်။


လင်ချင်းဟယ်က တစ်ကိုယ်လုံးတုန်ယင်ကာ ရှိုက်သံများထွက်နေရှာသော ကောင်လေးကိုကြည့်ရင်း သူ့နှလုံးသားကို ဓားတုံးတုံးတစ်ချောင်းဖြင့် မွှန်းနေသည့်အလား တဆစ်ဆစ်နာကျင်လာရသည်။ သူက ထောင်ရှီး၏လက်ထဲမှ အနားစွန်းချွန်ချွန်များနှင့် ဓာတ်ပုံအယ်ဘမ်ကို ဆွဲထုတ်ရန် ကြိုးပမ်းလိုက်သော်လည်း ထောင်ရှီးက အားကုန်သုံး၍ ထိုအယ်ဘမ်ကို မြဲမြံစွာ ဆုပ်ကိုင်ထားလေသည်။


လင်ချင်းဟယ်က လက်ကိုဆန့်တန်း၍ ထောင်ရှီးကို ပွေ့ဖက်လိုက်ပြီး သူ့ပေါင်ပေါ်၌ ထိုင်စေသည်။ ထို့နောက် အက်ကွဲနေသော အသံဖြင့်ပြောသည်။


“ တောင်းပန်ပါတယ်။ ဒီကမ္ဘာမှာ ငါမင်းနဲ့ နှစ်တွေအကြာကြီး လွဲချော်ခဲ့ရတယ်။ မင်းရဲ့မွေးနေ့ပေါင်းများစွာကိုလည်း ပျက်ကွက်ခဲ့မိတယ်…”


ထောင်ရှီး၏မြင်ကွင်းတစ်ခုလုံး ဝေဝါးသွားတော့သည်။ မင်းငါ့ကို တောင်းပန်စရာမလိုပါဘူးဟု ပြောလိုက်ချင်သော်လည်း စကားသံများက ထွက်မလာနိုင်ခဲ့ပါချေ။ သူ အပြင်းအထန်ချောင်းဆိုးလိုက်ပြီး မျက်ရည်များကျမလာအောင် အတတ်နိုင်ဆုံးချုပ်တည်းကာ ခေါင်းကို တသွင်သွင်ခါယမ်းပြလိုက်သည်။


လင်ချင်းဟယ်၏မျက်လုံးများမှာလည်း နီရဲနေပြီး ထောင်ရှီးကို ဖက်ထားရင်း သူ့မျက်ဝန်းထောင့်လေးကို ညင်သာစွာ နမ်းရှိုက်လိုက်သည်။ သူ့နှုတ်ခမ်းပေါ်တွင် ပူနွေးသော မျက်ရည်လေးတစ်စက် ဖိတ်စင်လာ၏။


ပြတင်းပေါက်အပြင်ဘက်တွင် ဆီးနှင်းများက သိပ်သည်းစွာ ကျဆင်းနေဆဲဖြစ်ပြီး ကမ္ဘာကြီးပေါ်က အလုံးစုံသော အရှုပ်အထွေးများကို တိတ်ဆိတ်စွာ ဖုံးအုပ်လွှမ်းခြုံနေသည်။ လွန်ခဲ့သော ဆယ့်ခုနစ်နှစ်အကြာက တောင်တစ်ဝက်အထိ ဖုံးလွှမ်းကျဆင်းနေခဲ့သည့် ဆီးနှင်းများပမာပင်။


သို့ပေသည့် ဆီးနှင်းများက တစ်ချိန်ချိန်တွင် အရည်ပျော်စမြဲဖြစ်ပြီး သူရိန်နေမင်းကလည်း တစ်ချိန်တွင် ထွက်ပေါ်လာရစမြဲပင်။ ထိုအခါ သစ်လွင်တောက်ပသော ကမ္ဘာလောကကြီးက နိုးထအသက်ဝင်လာပေမည်။


“ ထောင်ရှီး၊ ငါမင်းကို အိမ်ပြန်ခေါ်သွားပေးမယ်၊ ဟုတ်ပြီလား…”


ထောင်ရှီးမှာ လုံးဝထိန်းချုပ်မထားနိုင်တော့။ မျက်ရည်များက သူ့မျက်ဝန်းထဲမှ တစ်ပေါက်ပေါက် စီးကျလာသည်။ “ကောင်းပြီ” ဟု ပြန်ဖြေလိုက်ချင်သော်လည်း နှုတ်ခမ်းများက တသိမ့်သိမ့်တုန်ယင်နေသောကြောင့် ပါးစပ်သာ လှုပ်ရှားသွားခဲ့သည်။


အဆုံးတွင် သူက အယ်ဘမ်ကို လွှတ်ချလိုက်လေသည်။ သူ လင်ချင်းဟယ်၏လည်ပင်းကို သိုင်းဖက်လိုက်ကာ ပုခုံးပေါ်ခေါင်းမြှုပ်ထားရင်း ကလေးတစ်ယောက်လို အော်ငိုနေခဲ့သည်။ အနည်းငယ်မျှပင် ချုပ်တည်းထားခြင်း အလျဉ်းမရှိတော့ဘဲ မျက်ရည်များ မကုန်ခမ်းနိုင်တော့သည့်အလား ရှိုက်ကြီးတငင် ငိုကြွေးနေခဲ့သည်ပင်။ လင်ချင်းဟယ်၏ပုခုံးပေါ်မှ အင်္ကျီစဟာလည်း မျက်ရည်များဖြင့် စိုစွတ်သွားသည်။


နာရီလက်တံက ဆယ့်နှစ်နာရီအတိသို့ ညွှန်ပြသွားပြီး နောက်ထပ်သော နှင်းဖုံးသည့် ခရစ္စမတ်အချိန်အခါသို့ ကျရောက်လာလေသည်။ ချိုမွှေးသော ကိတ်မုန့်ရနံ့လေးက ငြိမ်သက်နေသော ဧည့်ခန်းထဲဝယ် ဝေ့လည်နေပြီး ရောင်စုံသော ပူဖောင်းများနှင့် မီးရောင်လဲ့လဲ့များက နဂါးငွေ့တန်းတစ်ခုကဲ့သို့ပင် တဖိတ်ဖိတ်တောက်ပနေကြသည်။


လင်ချင်းဟယ်က ရင်ခွင်ထဲမှာလူကို တင်းကြပ်စွာ ထွေးပိုက်ထားလိုက်ပြီး မျက်လုံးများမှိတ်လျက် နူးညံ့စွာ ပြောလိုက်သည်။


“ ကိုယ့်ကလေးလေး၊ ပျော်ရွှင်စရာမွေးနေ့ နဲ့ ပျော်ရွှင်စရာခရစ္စမတ်လေးပါ…”


ဤကလေးလေးက  “ပျော်ရွှင်ချမ်းသာခြင်း” ဟူသော အမည်ကို လက်လွှတ်ဆုံးရှုံးခဲ့ရသည့်အတွက် သူ့တစ်ဘဝလုံးနှင့်ရင်း၍ သူ့အတွက် ဆုမွန်ကောင်းတောင်းပေးမည်။


သူ့ကလေးလေး ထောင်ရှီးရဲ့နေ့ရက်တိုင်းမှာ အစဉ်အမြဲ ဝမ်းသာပျော်ရွှင်ရပါစေ။


______________________