အပိုင်း ၅၃
Viewers 8k

The Moon Is Coming To Me

Chapter-53


ထောင်ရှီးအတွက် ဤကဲ့သို့ ကျယ်လောင်စွာ အော်မငိုဖြစ်ခဲ့သည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်သည်။ အချိန်မည်မျှကြာအောင် ငိုနေမိခဲ့သည်ကိုပင် ကိုယ်တိုင် သတိမထားမိတော့ပေ။ သူ ခံစားမိသမျှမှာ လင်ချင်းဟယ်က သူ့အား တင်းကြပ်စွာ ဖက်ထားပြီး သူ့ကျောလေးကို ညင်သာစွာ ပုတ်ပေးကာ သူငိုနေသည်ကို စိတ်ရှည်လက်ရှည် ချော့မြှူပေးနေခဲ့သည်ကိုပင်။


သူက ရှိုက်သံများထွက်ပြီး အသက်ကောင်းကောင်းမရှူနိုင်တော့သည်အထိ ငိုကြွေးနေခဲ့သည်။ မျက်ရည်များလည်း ဆက်ထွက်စရာမရှိတော့အောင် ခမ်းခြောက်ကုန်လေပြီ။ လင်ချင်းဟယ်က သူ့ပုခုံးနှစ်ဖက်ကိုကိုင်ကာ နီရဲမို့တက်နေသော သူ့မျက်လုံးများကို ညင်သာစွာ နမ်းရှိုက်လာခဲ့သည်။ ထို့နောက် နွေးထွေးသော အသံဖြင့် ဆိုလာ၏။


“ မငိုနဲ့တော့လေ။ ကိတ်မုန့်စားပြီး အတူတူဆုတောင်းကြရအောင်…”


ထောင်ရှီးက နာကျင်ကာ စေးကပ်နေသော သူ့မျက်လုံးများကို ကြိုးစား၍ ဖွင့်လိုက်သည်။ လင်ချင်းဟယ်အား မျက်နှာချင်းဆိုင်လိုက်ရချိန်၌ တစ်ဖက်လူ၏မျက်လုံးများကလည်း နီရဲနေကြောင်း တွေ့လိုက်၏။ သူရှိုက်ငင်ကာ ရင်ဘတ်က နိမ့်ချည်မြင့်ချည်ဖြစ်နေလျက် ခေါင်းညိတ်ပြလိုက်သည်။


လင်ချင်းဟယ်က ထောင်ရှီး၏မျက်လုံးများကို ကြည့်လိုက်သည်။ ထိုမျက်လုံးလှလှလေးများက ငိုထားသည့်အတွက်ကြောင့် စိုစွတ်နေသည်။ မျက်တောင်များမှာလည်း မျက်ရည်ကြောင့် စေးကပ်နေပြီး မျက်ဝန်းစိုစိုများနှင့် မျက်ဆံနက်နက်တို့က နွေးထွေးသောအလင်းရောင်အောက်တွင် တလက်လက်တောက်ပနေကြသည်။


သူ မထိန်းနိုင်စွာ ထောင်ရှီး၏မျက်လုံးထောင့်လေးကို အနမ်းခြွေလိုက်မိပြန်ပြီး သူ့လက်ကောက်ဝတ်လေးကို ဆုပ်ကိုင်လိုက်သည်။ ပြီးနောက် သူ့ကို ကော်ဇောပေါ်ကနေ ဆွဲထူကာ ထစေလိုက်သည်။


ထောင်ရှီးလည်း လင်ချင်းဟယ်ခေါ်ဆောင်ရာအတိုင်း ရေချိုးခန်းထဲသို့ နာခံစွာ လိုက်လာခဲ့သည်။ လင်ချင်းဟယ်က ပဝါလေးကို ရေနွေးဖြင့် ရေစွတ်ပြီး သူ့မျက်နှာနှင့်မျက်လုံးများကို ဂရုတစိုက်သုတ်ပေးသည်။ ထိုအခါ သူက ကလေးတစ်ယောက်ကဲ့သို့ပင် မျက်လုံးမှိတ်ကာ မျက်နှာလေးမော့ပေးလိုက်ပြီး ရေစိုစိုပဝါဖြင့် လင်ချင်းဟယ်သုတ်ပေးနေသည်ကို ငြိမ်ခံနေလိုက်သည်။ သူ့ရှိုက်သံများမှာလည်း ရံဖန်ရံခါ ပြတ်တောင်းပြတ်တောင်း ထွက်နေဆဲပင်။


ပြီးသော် လင်ချင်းဟယ်က သူ့ကို ထမင်းစားခန်းထဲသို့ ခေါ်သွားပြီး ရေနွေးနွေးလေးတစ်ခွက်ကို လက်ထဲထည့်ပေးလာသည်။ သူက ရေခွက်လေးကို လက်နှစ်ဖက်ဖြင့် လှမ်းယူကာ သောက်လိုက်သည်။ ရေသောက်ပြီးသွားသည့်အခါမှ ပြတ်တောင်းပြတ်တောင်းရှိုက်သံများက အနည်းငယ် သက်သာသွားသည်။


သုညနာရီကျော်သွားပြီဖြစ်သောကြောင့် ပြတင်းပေါက်အပြင်ဘက်မှ နီယွန်မီးရောင်များလည်း အတော်များများမှိတ်ကုန်ကြပြီး သိပ်သည်းနေသော နှင်းမိုးများသာ အဆက်မပြတ်ကျဆင်းနေသည်။ ဆယ်ကျော်သက်ကောင်လေးနှစ်ယောက်က ပြတင်းပေါက်ဘေးမှ ကော်ဇောဆီသို့ လက်ချင်းတွဲလျက်ပြန်လာခဲ့ကြပြီး ဘေးချင်းကပ်ကာ ထိုင်လိုက်ကြပြန်သည်။


အမှန်တကယ်တွင်မူ နှစ်ဦးစလုံး၌ မေးစရာမေးခွန်းများစွာ ရှိနေကြသော်လည်း ဤအခိုက်အတန့်တွင် အချင်းချင်းနားလည်စွာဖြင့် ကြားလေမသွေးအောင်သာ ပူးကပ်၍ နေဖြစ်ကြသည်။


ထောင်ရှီးက ခြေထောက်လေးကို ပိုက်ကာ ဒူးပေါ်မေးတင်ရင်း ကော်ဖီစားပွဲအောက်မှ ဖယောင်းတိုင်ဘူးကို ထုတ်ယူနေသော လင်ချင်းဟယ်အား ငေးကြည့်နေသည်။ ဖယောင်းတိုင်များက ကိတ်မုန့်ပေါ်တွင် တစ်တိုင်ပြီးတစ်တိုင် စိုက်ထူခြင်းခံလိုက်ရ၏။


သူက လင်ချင်းဟယ်၏မျက်နှာကိုတစ်လှည့် ဖယောင်းတိုင်စိုက်နေသော လင်ချင်းဟယ်၏လက်များကိုတစ်လှည့် ငေးကြည့်နေသည်။ အချိန်အကြာကြီး ငိုခဲ့သောကြောင့် သူ့ဦးခေါင်းတစ်ခုလုံး ဟာလာဟင်းလင်းဖြစ်နေသည်။ သို့သော် သူ့မျက်ဝန်းများကမူ တိမ်ကင်းစင်သော ကောင်းကင်ယံကဲ့သို့နှယ် ကြည်လင်ဝင်းပနေပေ၏။


ကိတ်မု့န်ပေါ်တွင် ဖယောင်းတိုင် ဆယ့်ခုနစ်တိုင်ကို စိုက်ထူ၍ ပြီးစီးသွား၏။ လင်ချင်းဟယ်က မီးခြစ်ကိုထုတ်လိုက်ပြီး ထောင်ရှီးကို ညင်သာစွာမေးလိုက်သည်။


“ ကိုယ့်ဟာကိုယ် မီးညှိချင်လား…”


ထောင်ရှီးက ခေါင်းခါပြလိုက်ပြီး ဗလုံးဗထွေးအသံဖြင့် ပြောလိုက်၏။


“ မင်း မီးညှိပေးတာကိုပဲ ကြည့်ချင်တယ်…”


သူ့အတန်းဖော်များ၏မွေးနေ့ပွဲတွင် မွေးနေ့ရှင်နှင့်အနီးကပ်ဆုံးလူများကသာ ကိတ်မုန့်ပေါ်မှ ဖယောင်းတိုင်များကို မီးညှိပေးကြသည်ကို သူ သတိထားမိခဲ့သည်။


လင်ချင်းဟယ်က “ဟုတ်ပြီ” ဟု တုံ့ပြန်သံပြုကာ ဖယောင်းတိုင် ဆယ့်ခုနစ်တိုင်ကို တစ်တိုင်ချင်း မီးညှိလိုက်သည်။ နွေးထွေးသော ဝါကျန့်ကျန့် ဖယောင်းတိုင်မီးရောင်လေးများက တစ်စုတစ်ဝေးတည်း ထွန်းလင်းလာကြပြီး သူတို့နှစ်ဦး၏ သူငယ်အိမ်ထဲတွင် တနွဲ့နွဲ့ ယိမ်းနွဲ့နေကြ၏။


သူက နံဘေးမှ မတ်တပ်မီးအိမ်လေးကို လှမ်းပိတ်လိုက်သည်။ ထိုအခါ လိမ္မော်ရောင် ဖယောင်းတိုင်မီးရောင်အောက်တွင် သူတို့နှစ်ဦး၏အရိပ်များက တငြိမ့်ငြိမ့်လှုပ်ရှားနေကြသည်။


“ မျက်လုံးမှိတ်ပြီး ဆုတောင်းလိုက်…”


လင်ချင်းဟယ်က အသံတိုးတိုးနှင့် ညင်သာစွာ ပြောလာပြီး ထောင်ရှီးနှင့် မျက်နှာချင်းဆိုင်လိုက်သည်။ သူ၏ ရှည်လျားကော့စင်းနေသော မျက်တောင်ရှည်များက အလင်းနှင့်အမှောင်ကြားတွင် သိမ်မွေ့စွာ ငိုက်စိုက်ကျနေကြသည်။


ထောင်ရှီးက လင်ချင်းဟယ်အား မှင်သက်စွာငေးကြည့်နေမိ၏။ ခဏအကြာတွင် သူ့အကြည့်များကို ဖြည်းဖြည်းချင်း လွှဲလိုက်ကာ ကိတ်မုန့်နှင့် ဖယောင်းတိုင်များသို့ အကြည့်ပို့လိုက်သည်။ သူ ဖယောင်းတိုင်များကို တွေဝေစွာ စိုက်ကြည့်နေမိရင်း မျက်လုံးများက ရုတ်တရက် စိုစွတ်လာခဲ့ပြန်သည်


လင်ချင်းဟယ်မှာ နှလုံးသားက နာကျင်သွားရပြီး သူ့အား နူးညံ့သောအသံဖြင့် မေးလာသည်။


“ ဘာဖြစ်လို့လဲ…”


ထောင်ရှီးက ခေါင်းခါပြပြီး လင်ချင်းဟယ်၏ လက်ကိုသာ ဆုပ်ညှစ်လာသည်။ ထို့နောက် လှုပ်ယိမ်းနေသော ဖယောင်းတိုင်မီးရောင်များရှေ့တွင် သူ့မျက်လုံးများကို မှိတ်လိုက်သည်။


ချစ်ရတဲ့မေမေ၊ ကောင်းကင်ဘုံမှာ နေကောင်းကျန်းမာပါရဲ့လား။


မေမေ့ရဲ့သားအတွက် တစ်ကြိမ်လောက်ထပ်ပြီး ကောင်းချီးပေးလို့ရနိုင်မလား။


ကျွန်တော်နဲ့ လင်ချင်းဟယ်ကို ဘဝတစ်လျှောက်လုံး ပျော်ရွှင်ကျန်းမာစေဖို့ ကောင်းချီးပေးပါ။


ကျွန်တော်တို့ တွဲထားတဲ့လက်တွေ ဘယ်တော့မှ ကွဲကွာမသွားစေဖို့ ကောင်းချီးပေးပါ။


ထောင်ရှီးက မျက်လုံးများကိုပြန်ဖွင့်လိုက်သည်။ ဆယ်ခုနစ်တိုင်သော ဖယောင်းတိုင်များက မီးတောက်လေးဖြင့် လောင်ကျွမ်းအရည်ပျော်နေသည်။ ၎င်းက မှိန်ဖျော့သော မီးတောက်လေးသာဖြစ်သည့်တိုင် လွန်ခဲ့သည့် ဆယ့်ခုနစ်နှစ်တာကာလကို အလင်းရောင် ပေးစွမ်းနေသကဲ့သို့ပင်။


သူ ‌ခေါင်းလှည့်ကာ လင်ချင်းဟယ်အား လှည့်ကြည့်လိုက်ပြီး ခပ်ဖွဖွပြုံးပြလိုက်သည်။


လင်ချင်းဟယ်က သူ့အား စူးစိုက်ကြည့်နေကာ နှုတ်ခမ်းစွန်းတွင် အပြုံးတစ်ပွင့်နှင့် မေးလာသည်။


“ ဆုတောင်းပြီးပြီလား…”


ထောင်ရှီးက ခေါင်းညိတ်ပြကာ လင်ချင်းဟယ်၏လက်ကို မလွတ်တမ်းဆုပ်ကိုင်ထားလိုက်ပြီး ပြောလိုက်၏။


“ ဖယောင်းတိုင်အတူတူ မှုတ်ကြရအောင်…”


“ ကောင်းပြီ…”


နှစ်ယောက်သား ကိတ်မုန့်အနားသို့ ခေါင်းချင်းဆိုင် တိုးကပ်လိုက်ကြသည်။ ယိမ်းထိုးကာ တစ်ရိပ်ရိပ်လင်းလက်နေသည့် ဖယောင်းတိုင် ဆယ့်ခုနစ်တိုင်က မီးငြိမ်းသတ်သွားသည်။ ဆောင်းညတစ်‌ည၏ သက်ပြင်းရှိုက်သံတစ်သံ ကဲ့သို့ပင်။


“ ပျော်ရွှင်စရာမွေးနေ့လေးပါ…”


လင်ချင်းဟယ်က ထောင်ရှီးအား ထပ်မံပြောလာပြန်၏။


စကားဆုံးသည်နှင့် သူ့ခေါင်းကို စောင်းကာ အရှေ့သို့တိုးလိုက်သည်။


ပြတင်းပေါက်အပြင်တွင် နှင်းမိုးများက ထူထဲစွာ ကျဆင်းနေဆဲဖြစ်ပြီး အိမ်ခေါင်းမိုးများပေါ်တွင် ဆွတ်ဆွတ်ဖြူသော ဆီးနှင်းများဖြင့် ဖုံးအုပ်သွားသည်။ ပြတင်းပေါက်ရှေ့တွင် ဘေးချင်းယှဉ်လျက်ထိုင်နေကြသော ဆယ်ကျော်သက်ရွယ် ကောင်လေးနှစ်ယောက်မှာ အသက်ရှူသံချင်း ရောယှက်လုမတတ် ပြင်းပြစွာ နမ်းရှိုက်နေကြသည်။ ရေကန်အလယ်သို့ တဖြုတ်ဖြုတ်ကျဆင်းနေသည့် ဆီးနှင်းပွင့်ချပ်များပမာ၊ ရေကန်ဘောင်တွင် လှိုင်လှိုင်ဖူးပွင့်နေသော ချယ်ရီပန်းဦးများပမာ။ အနမ်းများက ပူနွေးပြင်းရှနေကာ ကြာရှည်လှသည်ပင်။


အဆုံးတွင် ထောင်ရှီးက ကိတ်မုန့်တစ်ပိုင်းလေးသာ စားလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် လင်ချင်းဟယ်က ညဘက်အချိုအစားများလျှင် ကျန်းမာရေးအတွက် မကောင်းနိုင်ဟု ပြောလာသောကြောင့်ပင်။ ညနေက ရိုက်ခဲ့သည့် ဓာတ်ပုံကို လင်ချင်းဟယ်နှင့်အတူ အယ်ဘမ်ပေါ်တွင် ကပ်လိုက်ပြီး ပုံအောက်တွင် ဘောပင်ဖြင့် “၁၇” ဟု ရေးလိုက်သည်။


ကိစ္စအားလုံးပြီးသွားချိန်၌ အချိန်အတော်လင့်နေလေပြီ။ ထောင်ရှီးက အိပ်ခန်းထဲရှိ ရေချိုးခန်းထဲသို့ဝင်ကာ ရေထပ်ချိုးလိုက်သည်။ သူ ပြန်ထွက်လာချိန်၌ လင်ချင်းဟယ်က ညအိပ်ဝတ်စုံနှင့် အိပ်ယာပေါ်တွင် ထိုင်နေပြီး ဖုန်းငုံ့ကြည့်နေသည်။ ကြည့်ရသည်မှာ အခြားရေချိုးခန်းထဲမှ ရေချိုးပြီးထွက်လာဟန်တူသည်။


ထောင်ရှီးမှာ မို့တက်နေသော မျက်လုံးများဖြင့် လင်ချင်းဟယ်၏ မီးခိုးရောင်ညအိပ်ဝတ်စုံကို အကြိမ်ကြိမ်စိုက်ကြည့်လိုက်သည်။ သူက ဖိနပ်စီးကာ အိပ်ယာနားသို့ လျှောက်လာပြီး လင်ချင်းဟယ်၏ဘေးတွင် ဝင်ထိုင်လိုက်ကာ ဣန္ဒြေမပျက်မေးလိုက်သည်။


“ ငါ ဘယ်မှာအိပ်ရမှာလဲ…”


လင်ချင်းဟယ်က ဖုန်းကိုချလိုက်ပြီး သူ့ကို ခါးမှဆွဲပွေ့၍ ပေါင်ပေါ်တင်လိုက်သည်။ ထို့နောက် သူ့အား အနည်းငယ် မော့ကြည့်ကာ ပြောလာ၏။


“ ဒီမှာ အိပ်ခန်းတစ်ခန်းပဲ ပြင်ထားတယ်…”


ထောင်ရှီးက လင်ချင်းဟယ်၏ပေါင်ခွင်ပေါ်ကို ခွထိုင်လိုက်သည်။ လင်ချင်းဟယ်၏လည်ပင်းကို လက်နှစ်ဖက်ဖြင့် သိုင်းဖက်လိုက်ရင်း အိပ်ယာပေါ်မှ ခေါင်းအုံးနှစ်လုံးကို ကြည့်လိုက်သည်။ သူက “ပြင်ထားသည်” ဟူသော စကားကို သတိမထားမိလိုက်ဘဲ မျက်နှာနီနီနှင့် မေးလိုက်သည်။


“ ဒါဆို တခြားအခန်းနှစ်ခန်းကရော ဘာအတွက်လဲ…”


တံခါးပိတ်ထားသည့် အခန်းနှစ်ခန်းကို သူ မြင်ခဲ့သည်။


အချိန်က ညနှစ်နာရီရှိပြီဖြစ်သောကြောင့် လင်ချင်းဟယ်က အတွေးများသွားပြီး ခဏကြာမှ ထောင်ရှီးအား ပြောလိုက်၏။


“ ငါ အခု မင်းကို လိုက်ပြပေးမယ်…”


ထောင်ရှီးက ခေါင်းတဆတ်ဆတ်ညိတ်ပြလိုက်သည်။ သူ သိချင်နေသည်မှာ ကြာလှလေပြီ။


သူ လင်ချင်းဟယ်နောက်မှ အိပ်ခန်းအပြင်သို့ ခပ်သုတ်သုတ် လိုက်သွားသည်။ ပထမဆုံးအခန်းက စန္ဒရားအခန်းဖြစ်၏။ ထောင်ရှီးက အခန်းအလယ်မှ အနက်ရောင် စန္ဒရားကြီးတစ်လုံးနားသို့ လျှောက်လာပြီး စန္ဒရာကြီးကို လှည့်ပတ်ကာကြည့်လိုက်သည်။ စန္ဒရားအဖုံးကို ဖွင့်ကြည့်လိုက်ချင်သော်လည်း ပြန်ချုပ်တည်းလိုက်ကာ မေးလိုက်၏။


“ မင်းက နေ့တိုင်း စန္ဒရားတီးလေ့ကျင့်တာလား…”


လင်ချင်းဟယ်က ပြောလာ၏။ “မဟုတ်ဘူး။ တစ်ခါတလေမှပဲ လေ့ကျင့်ဖြစ်တာပါ…”


သူက စန္ဒရားအဖုံးကို ဖွင့်လိုက်ပြီး ညလက်ဖြင့် ခလုတ်တစ်ချို့ကို နှိပ်ကာ နုတ်အတိုလေးကို အစမ်းတီးလိုက်သည်။ ထို့နောက် ထောင်ရှီးကို မေး၏။


“ မင်း ဘာနားထောင်ချင်လဲ…”


ထောင်ရှီးက တစ်ခဏမျှ စဉ်းစားလိုက်ပြီး ပြောလိုက်၏။


“ ဟတ်ပီးဘတ်ဒေးသီချင်း…”


လင်ချင်းဟယ်က အမှန်တကယ်ကို ထိုင်ချလိုက်ပြီး “ ဟတ်ပီဘတ်ဒေး” သီချင်းကို တီးခတ်ပေးလာသည်။ သို့တိုင် ပြုပြင်ထားသည့် အခြားဂီတနုတ်များကိုပါ ထည့်၍တီးခတ်နေသဖြင့် ရင်းနှီးနေကျ ရိုးရိုးရှင်းရှင်း တေးဂီသံက တဖြည်းဖြည်း စိမ်းသက်လို့လာကာ နားထဲသို့ သာယာနာပျော်ဖွယ် စီးဝင်သွားသည်။


ထောင်ရှီးက လင်ချင်းဟယ်ဘေးတွင် ဝင်ထိုင်လိုက်ပြီး အသစ်စက်စက်ဖြစ်လုနီးပါး သီချင်းသံကို စန္ဒရားခလုတ်ခုံပေါ်တွင် တီးခတ်နေသော သွယ်လျလျလက်ချောင်းများအား ငေးကြည့်နေသည်။


“ ဒီသီချင်းက အသစ်နီးပါးပဲ။ သူ့ကို နာမည်အသစ်ပေးသင့်တယ်…”


သီချင်းဆုံးသွားသောအခါ ထောင်ရှီးက ခေါင်းလေးစောင်းလျက် အတွေးနယ်ချဲ့နေသည်။ သူ့လက်ချောင်းများကမူ စန္ဒရားခလုတ်ပေါ်ကို အလျဉ်းသင့်သလို နှိပ်နေလေ၏။


လင်ချင်းဟယ်က သူ့လက်များကို ပြန်ရုတ်လိုက်ပြီး ထောင်ရှီးကို ကြည့်လျက် ပြောလာသည်။


“ အဲ့ဒါက ‘ ဟတ်ပီးဘတ်ဒေး၊ မစ္စတာထောင်ရှီး’ လို့ခေါ်တယ်…”


“ မယ်ရီခရစ္စမတ်၊ မစ္စတာလောရန့်” ဟူသော သီချင်းနာမည်ကို ထောင်ရှီးအမှတ်ရသွားမိသည်။ ဤနာမည်ကို သူ အလွန်ကျေနပ်သွား၏။ သူ့နှုတ်ခမ်းစွန်းများ ပြုံးသွားကာ ပြောလိုက်လေ၏။


“ ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်။ မစ္စတာလင်ချင်းဟယ်…”


နှစ်ဦးသားသည် စန္ဒရားခန်းထဲမှ ထွက်လာခဲ့ပြီး ကျန်တစ်ခန်းသို့ လျှောက်လာခဲ့ကြသည်။ ထောင်ရှီးက သိချင်စိတ်ပြင်းပြစွာ မေးလိုက်သည်။


“ ဒီအခန်းက စာကြည့်ခန်းလား၊ အိပ်ခန်းလား…”


လင်ချင်းဟယ်က သူ့စကားကို ပြန်မဖြေဘဲ တံခါးကိုသာ တိုက်ရိုက်ဖွင့်လိုက်သည်။ ထောင်ရှီးက မျက်လွှာပင့်ကာ အထဲကိုလှမ်းကြည့်လိုက်သည်။ ထိုတစ်ဒင်္ဂတွင် တံခါးရှေ့၌ တောင့်ခဲသွားပြီး ခေါင်းတစ်ခုလုံး ဗလာကျင်းသွားသည်။


၎င်းက ကျယ်ဝန်းသော စတူဒီယိုတစ်ခုဖြစ်နေသည်ပင်။ အခန်းတွင်း၌ အလင်းရောင်ကောင်းစွာ ရရှိစေရန်အလို့ငှာ ကြမ်းပြင်မှ မျက်နှာကြတ်ထိမြင့်သော မှန်ပြတင်းပေါက်များဖြင့် ကာရံထားသည်။ စတူဒီယိုခန်းထဲတွင် အရွယ်အစားအစုံနှင့် ပန်းချီဒေါက်တိုင် သုံးခုရှိနေပြီး၊ ခုံတန်းရှည်ကြီးများ၊ ပုံဆွဲဘုတ်ပြားများ၊ မီးအိမ်များ၊ ပုံဖော်သည့်ခွက်များ၊ ပိတ်စအပျော့သားများ….များစွာသော ‌ဆေးရောင်စုံဘူးများ၊ စုတ်တံများ၊ ပန်းချီစာရွက်များနှင့် အခြားသော ပန်းချီနှင့်သက်ဆိုင်သည့် ကိရိယာများစွာကိုလည်း ဗီရိုတစ်ခုထဲတွင် ထည့်ထားသည်။ ပန်းချီနှင့်သက်ဆိုင်သည့် ပစ္စည်းကိရိယာများအားလုံးနီးပါး အဆင်သင့်ရှိနေခဲ့ပေသည်။


တစ်ဖက်က နံရံပေါ်တွင်မူ တောင်ကြားလေးထဲမှ စမ်းချောင်းလေးထဲတွင် မက်မွန်ပွင့်များ မျောပါနေသည့် ရေဆေးပန်းချီပုံလေးကို ချိတ်ဆွဲထားသည်။ ထိုပန်းချီကားလေးမှာ သူ တစ်ချိန်က ဇီဝနဉာဏ်ရွှင်စွာ “လင်ဟွားမန်ရှီး” ဟု အမည်မှည့်ပေးခဲ့ဖူးသည့် ပန်းချီကားလေးဖြစ်လေ၏။


ထောင်ရှီး၏ မျက်လုံးများ တုန်ယင်လာသည်။ သူ့မျက်စိရှေ့က ကမ္ဘာလောကကြီးတစ်ခုလုံး မီးရှူးမီးပန်းများ၊ နီယွန်မီးရောင်များ ပြိုးပြိုးပြက်ပြက် တောက်ပသွားသကဲ့သို့ပင် ခံစားလိုက်ရသည်။


သူ အတန်ကြာအောင် အံ့အားသင့်မှင်သက်နေပြီးနောက်တွင် ရုတ်တရက် လင်ချင်းဟယ်၏ခါးကို သိုင်းဖက်လိုက်ပြီး သူ့နဖူးကို ပုခုံးထက်အပ်ထားလိုက်ကာ သူ့ဆံပင်များ ရှုပ်ပွသွားသည်အထိ တိုးဝှေ့ပွတ်သပ်လိုက်သည်။


အဆက်မပြတ်ပွတ်သပ်နေမှုကြောင့် လင်ချင်းဟယ်မှာ ယားကျိကျိဖြစ်လာရကာ အသံထွက်၍ ခပ်ဖွဖွရယ်လိုက်သည်။ ညအိပ်ဝတ်စုံ ခပ်ပါးပါးမှတစ်ဆင့် တစ်ဖက်လူ၏ ရင်ခုန်သံများကို သူခံစားမိနေ၏။ သူက မေးလိုက်၏။


“ မင်းအခု ဘယ်နေရာမှာ အိပ်နေတာလဲရော သိရဲ့လား…”


ထောင်ရှီးက “အင်း” ဟုအသံပြုရင်း သူ့ခေါင်းလေးကို မော့ကာ လင်ချင်းဟယ်ကို စိုက်ကြည့်ပြီး ပြောလိုက်၏။


“ ငါပြောဖူးတာကို မင်း မမေ့ပါဘူးနော်။ ငါ အနာဂတ်မှာ ပိုက်ဆံတွေအများကြီးရှာပြီး ခြံလေးပါတဲ့ အိမ်အကြီးကြီးတစ်အိမ်ဝယ်မှာ ဆိုတာကိုလေ။ အဲ့ဒီအခါကျရင် ငါဝယ်တဲ့အိမ်မှာ မင်းလိုက်နေရမယ်…”


လင်ချင်းဟယ်က သူ့နောက်စေ့လေးကို ပွတ်သပ်ပေးကာ ပြောလာသည်။


“ ဟုတ်ပါပြီ။ မင်းစကားကို နားထောင်ပါ့မယ်…”


ထောင်ရှီးက ပန်းချီခန်းထဲသို့ အကြိမ်အနည်းငယ် လှည့်ပတ်ကြည့်နေပြီးနောက်တွင် လင်ချင်းဟယ်နှင့်အတူ အိပ်ခန်းဆီသို့ ပြန်လာခဲ့သည်။ သူ အိပ်ယာကြီးကို ပြန်မြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် ရှက်ရွံစိတ်များက ပြန်လည်ရောက်ရှိလို့လာသည်။


လင်ချင်းဟယ်နှင့်အတူနေပြီး အတူအိပ်ခွင့်ရလာလိမ့်မည်ဟု လုံးဝမထင်ထားခဲ့ဖူးပါချေ။


“ အိပ်ယာအပြောင်းအလဲကြောင့် မအိပ်တတ်တာမျိုးရှိလား…”


ထောင်ရှီးမှာ လင်ချင်းဟယ်၏ အမေးစကားကို ကြားလိုက်ရသောကြောင့် မြန်မြန်ဆန်ဆန် ပြန်ဖြေလိုက်သည်။


“ ဟင့်အင်း ၊ မရှိပါဘူး…”


သူက ကောက်ရိုးအိပ်ယာတွင်လည်း အိပ်ခဲ့ဖူးသလို၊ လူဆယ်ယောက်အိပ်ခန်းထဲမှ ပျဉ်ချပ်များကျိုးပဲ့နေသည့် ကုတင်တွင်လည်း အိပ်ခဲ့ဖူးသည်။ ဤမျှ ကြီးမားကာ နူးညံ့အိစက်သော အိပ်ယာမျိုးတွင် ယခုမှပထမဦးဆုံးအကြိမ် အိပ်ဖူးသည်ဖြစ်ရာ သူ့မှာ အိပ်ယာပေါ်တွင် လူးလှိမ့်ပစ်ချင်စိတ်များ‌ ပေါ်ပေါက်လာသည်။


ထောင်ရှီးက တွေးလျှင်၊ တွေးသည့်အတိုင်း လုပ်တတ်သူဖြစ်၏။ သူက ဖိနပ်ကိုချွတ်လိုက်ပြီး အိပ်ယာပေါ်တက်ကာ လူးလှိမ့်ပစ်လိုက်သည်။ ဟိုလှိမ့်ဒီလှိမ့်ဖြင့် လှိမ့်နေအပြီးတွင် အဆုံး၌ လင်ချင်းဟယ်၏လက်မောင်းထဲသို့ လှိမ့်ဝင်သွားလေသည်။


လင်ချင်းဟယ်က သူ့ခါးလေးကို ကောက်ပွေ့လိုက်ပြီး သူ့အား ခပ်ပြုံးပြုံးကြည့်နေ၏။ ထို့နောက် သူ့နဖူးလေးကို ညင်သာစွာ နမ်းရှိုက်ရင်း ပြောလာသည်။


“ အိပ်ယာဝင်တော့၊ နောက်ကျနေပြီ…”


ထောင်ရှီးက လင်ချင်းဟယ်၏လက်ထဲတွင် တစ်ဒင်္ဂမျှ ငြိမ်ကျသွားပြီး သူတစ်ချိန်လုံး ချုပ်တည်းထားခဲ့သည့် မေးခွန်းကို ထုတ်မေးလိုက်သည်။


“ မင်း ဘယ်လိုသိသွားတာလဲ…”


အဖြစ်အပျက်အားလုံးကို ဘာမှမပြောရသေးဘဲ သိသွားခဲ့သည်။


လင်ချင်းဟယ်က တစ်ဖက်လှည့်ကာ မီးပိတ်လိုက်သည်။ အိပ်ခန်းက အမှောင်ထုထဲသို့ ချဉ်းနင်းဝင်ရောက်သွားသည်။ သူ စောင်ခြုံလိုက်ကာ ထောင်ရှီးကို သူ့လက်မောင်းထဲ ပွေ့ဖက်ထားလိုက်ပြန်သည်။


သူက စုံထောက်တစ်ယောက်ငှားပြီး စုံစမ်းစစ်ဆေးရန် မက်မွန်ပွင့်စမ်းချောင်းသို့ စေလွှတ်ခဲ့သည့်အကြောင်းကို အကြမ်းဖျင်းရှင်းပြလိုက်သည်။ သို့တိုင် ထိုအဖွားအိုပြောပြခဲ့သည့် အကြောင်းအရာအသေးစိတ်နှင့် ထောင်ကျန်း၏အကြောင်းကိုမူ ထိန်ချန်ထားခဲ့သည်။


ထောင်ရှီးက လင်ချင်းဟယ်ကို အငေးသားနှင့် နားထောင်နေသည်။ ယခင်ကဖြစ်ရပ်တွင်လည်း လင်ချင်းဟယ်က သူမှန်း လက်ရေးကတစ်ဆင့် သိရှိသွားခဲ့ခြင်းဖြစ်၏။ လင်ချင်းဟယ်က အင်မတန်ထက်မြက်ကာ ဉာဏ်ပြေးလွန်းသည်ဟု ခံစားရလေလေ၊ သူ့မှာ တဖြည်းဖြည်းနှင့် ထိတ်လန့်လာရလေပင်။


“ ဒီတစ်လျှောက်လုံး ဘာဖြစ်လို့ မပြောပြခဲ့တာလဲ…” လင်ချင်းဟယ်က ခပ်အေးအေးအသံဖြင့် သူ့အား မေးလာသည်။


ထောင်ရှီးက တိတ်ဆိတ်သွားပြီး ခဏကြာမှ ဆိုလာခဲ့၏။


“ ငါ… အရွယ်မရောက်ခင်အချိန်ထိ အမှန်တရားကို မပြောပါဘူးလို့…ငါရဲ့မွေးစားအမေကို ကတိပေးထားခဲ့တယ်…”


သို့တိုင် အမှန်စင်စစ်တွင်မူ ကောဖျင်၏တောင်းဆိုမှုကို သူ စိတ်ထဲသိပ်ထည့်မထားခဲ့ပေ။


တကယ့်အကြောင်းအရင်းမှန်ကို သူ သာလျှင်သိသည်။


ထောင်ရှီးကို ဖက်ထားသည့် လင်ချင်းဟယ်၏လက်များက ရုတ်တရက်တင်းကြပ်သွားသည်။ ကံကောင်းထောက်မ၍ အိပ်ခန်းက မည်းမှောင်နေသောကြောင့် တစ်ဦးမျက်နှာတစ်ဦးကို မမြင်နိုင်ပါချေ။ မြန်ဆန်လာသော သူ့အသက်ရှူသံများကို ချုပ်တည်းရင်း အက်ရှနေသောအသံဖြင့် ဆိုလိုက်သည်။


“ သူက မင်းကို ဒီလိုတောင်းဆိုဖို့ အရည်အချင်းမပြည့်မီဘူး။ ပြီးတော့ မင်းလည်း မင်းစကားကိုတည်စရာမလိုပါဘူး…”


ထောင်ရှီးက “အင်း” ဟု အသံပြုရင်း ဆက်ပြောလိုက်သည်။ “ အဲ့ဒါကြောင့် ငါမင်းကို ပြောပြမလို့ပဲလေ။ ဒါပေမယ့် မင်းက အရင်သိသွားလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး…”


သူ တဖြည်းဖြည်း အိပ်ငိုက်လာပြီး မျက်ခွံများလည်း လေးလံလာသည်။ သို့သည့်တိုင် တစ်ချိန်တည်းတွင် အလွန်စိတ်လှုပ်ရှားနေပြီး လင်ချင်းဟယ်နှင့် စကားဆက်ပြောချင်နေဆဲဖြစ်၏။ ခဏအကြာတွင် လင်ချင်းဟယ်က သူ့နဖူးကို ခပ်ဖွဖွ အနမ်းခြွေလာပြန်ပြီး နူးညံ့စွာပြောလာသည်။


“ အိပ်တော့၊ ကောင်းသောညပါ…”


ထောင်ရှီးက လင်ချင်းဟယ်၏လည်ပင်းကို ဆွဲဖက်ကာ သူ့နဖူးကို ခပ်ဖွဖွနမ်းရှိုက်ရင်း အိပ်မှုံစုတ်ဖွားနှင့် ပြောလိုက်သည်။


“ ကောင်းသောညပါ။ ဒါပေမဲ့ ငါအိပ်မပျော်လောက်ဘူး…”


သို့ဖြစ်စေကာမူ အငိုလွန်၍ ပင်ပန်းသွားခြင်းကြောင့်လား သို့မဟုတ် လျှို့ဝှက်ချက်အတွက် အဆုံးတွင် စိတ်အေးသွားရခြင်းကြောင့်လား မသိပေ၊ ထောင်ရှီးက ဆယ်မိနစ်မပြည့်ခင်မှာပင် အိပ်ပျော်သွားခဲ့သည်။


ထို့အစား လင်ချင်းဟယ်ကမူ တစ်ညလုံး အိပ်မပျော်ခဲ့ပါချေ။ အမှောင်ထဲတွင် သူ့မျက်လုံးများ ပြူးကျယ်နေခဲ့ပြီး ထောင်ရှီး၏အသက်ရှူသံကိုနားထောင်ရင်း သူ့မျက်နှာက ညှိုးနွမ်းနေလေ၏။


သူက‌ ထောင်ရှီးကို အိမ်ခေါ်သွားမည်ဟု ပြောခဲ့သော်လည်း ထိုအိမ်တွင် ဆွေမျိုးရင်းချာများ တစ်မိုးအောက်တည်း၌ အတူနေထိုင်လိုက်ရုံဖြင့် ပြီးသွားနိုင်သည့် ရိုးရိုးရှင်းရှင်း ကိစ္စမဟုတ်မှန်း သူသိပေ၏။


သူက ထောင်ရှီးကို ထိုမိသားစုတွင် အသိအမှတ်ပြုခံရအောင် သေချာပေါက် လုပ်ပေးမည်မှန်သော်လည်း ထောင်ရှီးက ထိုမိသားစုအသစ်ကို ပြန်သွားချင်ပါ့မည်လား။ ဆယ့်ခုနစ်နှစ်ကြာ မတွေ့ခဲ့ဖူးသည့် ဆွေမျိုးများနှင့် သူ မည်သို့ဝင်ဆံ့အောင် နေထိုင်မည်နည်း။ မိသားစုဝင်အချင်းချင်းတောင် ပဋိပက္ခဖြစ်နေကြသည့်အပြင် ဆယ်နှစ်ကျော်ကြာ ပြုစုပျိုးထောင်လာခဲ့သည့် ယန်သောလဲ့ကလည်း ကြားညှပ်အနေနှင့်ပါသေးသည်။


ထိုမိသားစုအသစ်တွင် ရွေ့ပြောင်းနေထိုင်သည့်ကာလအတွင်း ထောင်ရှီး၏ ထိခိုက်ဝမ်းနည်းလွယ်သော စိတ်အခြေအနေကို သက်ရောက်မှုရှိစေလိမ့်မည်လား။


သူ သေချာစဉ်းစားမှ ဖြစ်မည်။ မည်သို့ဆိုစေ သူက ဖန်းမိသားစုနှင့် ယန်မိသားစုအတွက် အပြင်လူတစ်ယောက်သာဖြစ်ပြီး ဘာမှဝင်စွပ်ဖက်ခွင့်မရှိပါချေ။


ထို့ကြောင့် သူအနေနှင့် ထောင်ရှီးအတွက် အိမ်လေးတစ်လုံး ပေးအပ်ကာ ဒုတိယမိသားစုဘဝလေးကို ဖန်တီးပေးဖို့သာ တတ်နိုင်သည်။


ထိုဆွေမျိုးများက ထောင်ရှီးအား လက်မခံကြဟူ၍ပင် သူ အဆုံးအစွန်ထိ တွေးထားသည်။


ထိုသို့ဆိုလျှင် သူ ဝမ်းမြောက်ဝမ်းသာစွာ ထောင်ရှီး၏ တစ်ဦးတည်းသော မိသားစုဝင် ဖြစ်ပေးမည်။


_____________________