The Moon Is Coming To Me
Chapter-54
လင်ချင်းဟယ်က အိပ်ယာပေါ်တွင် နှစ်ခြိုက်စွာ အိပ်မောကျနေသည့် ထောင်ရှီးကို တစ်ချက်ကြည့်လိုက်ပြီး အိပ်ခန်းထဲမှ တိုးတိတ်စွာ ထွက်လာခဲ့သည်။ ထို့နောက် အခန်းတံခါးကိုပိတ်ကာ ဖုန်းကိုကောက်ကိုင်လိုက်သည်။
“ ချင်းဟယ်၊ ထောင်ကျန်းရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ပြောတယ်…မနေ့က ထောင်ကျန်းကို ဟာ့နန်ဆေးရုံမှာ တွေ့လိုက်တယ်တဲ့…” စူးယွင်က ဖုန်းထဲမှ ပြောလာသည်။
လင်ချင်းဟယ်က ဧည့်ခန်းဘက်သို့ ထွက်လာရင်း မေးလိုက်၏။
“ သူတစ်ယောက်တည်းလား…”
စူးယွင်က…. “တွေ့တဲ့ဝန်ထမ်းကတော့ ထောင်ကျန်းကို မြင်ရုံမြင်ခဲ့တာလို့ပြောတယ်။ အစက ထောင်ကျန်းကို စကားသွားပြောမလို့ပေမယ့် ထောင်ကျန်းက မျက်နှာသိပ်မကောင်းလို့ ဘာမှမပြောဘဲ ထွက်လာခဲ့တာတဲ့…”
လင်ချင်းဟယ်က စူးယွင်ကို ကျေးဇူးတင်ကြောင်းပြောလိုက်သည်။ ဖုန်းချပြီးနောက်တွင် သူထောင်ရှီးကို သွားနှိုးမည်ကြံလိုက်သော်လည်း ထောင်ရှီးက အိပ်ခန်းထဲမှပင် ထွက်လာပြီး ဆံပင်များထိုးထိုးထောင်ထောင်နှင့် သူ့ဘေးတွင်လာရပ်နေသည်။ မို့တက်နေသော မျက်ဝန်းတစ်စုံကမူ သူ့အား ငူငူငေါင်ငေါင်နှင့် ငေးကြည့်နေ၏။
လင်ချင်းဟယ်မှာ မထိန်းနိုင်စွာ ရယ်ချလိုက်ပြီး လက်ကိုမြှောက်လျက် ထောင်ရှီး၏ဆံပင်လေးကိုဖွရင်း ပြောလိုက်၏။
“ သန့်ရှင်းရေးသွားလုပ်ချည်၊ မနက်စာက အဆင်သင့်ဖြစ်နေပြီ…”
ထောင်ရှီးက ထိုင်းမှိုင်းစွာ ခေါင်းညိတ်ပြလိုက်ပြီး ရေချိုးခန်းထဲသို့ ဝင်လာခဲ့သည်။ သူ့ကိုယ်သူ မှန်ထဲတွင် မြင်လိုက်ရသောအခါမှ မျက်နှာအကြီးအကျယ် ပျက်သွားရတော့၏။ မှန်ရှေ့တိုးကြည့်လိုက်သည့်အခါ သူ့မျက်ရစ်နှစ်ထပ်က မို့တက်ကာ ဖောင်းကားနေသည်။ ခုဏက လင်ချင်းဟယ် ရယ်နေသည်မှာ အံ့ဩစရာမရှိတော့ပေ။
သွားပါပြီ။ နေ့လယ်ကျရင် အရေးကြီးလူတစ်ယောက်နဲ့ တွေ့ဆုံဖို့ရှိတာကို ဘယ်လိုလုပ်ကြမလဲ။
သူ မြန်မြန်ဆန်ဆန် သန့်ရှင်းရေးလုပ်ပြီး ထမင်းစားခန်းတွင် လင်ချင်းဟယ်နှင့်အတူ ဈေးကြီးကြီး အဖိုးတန်မနက်စာကို စားလိုက်သည်။ ပြီးသော် သူ့မျက်လုံးကို ရေခဲထုပ်ဖြင့် တစ်မနက်လုံး ကပ်နေသည်မှာ လင်ချင်းဟယ်က မဖောင်းတော့ပါဘူးဟု ပြောယူရသည်အထိပင်။ ထို့နောက် ဆိုဖာပေါ်တွင် နှစ်ယောက်သားပူးကပ်နေရင်း အချိန်ဖြုန်းကြသည်။
ထောင်ရှီးက TV ရီမုတ်တစ်ခုကို ရှာတွေ့လိုက်ပြီး TV ဖွင့်ကြည့်ရန် ပြင်လိုက်စဉ် လင်ချင်းဟယ်၏ စကားဆိုလာသံကို ကြားလိုက်ရလေသည်။
“ အဖိုးချောင်ဆီကို ဒီနေ့လယ် ဘယ်အချိန်လောက်သွားမှာလဲ…”
သူ ရီမုတ်ကို ဘေးနားချထားလိုက်ပြီး လင်ချင်းဟယ်ကို ပြောလိုက်၏။
“ ပုံမှန်ဆိုရင် နှစ်နာရီလောက်သွားတာ။ ဒါပေမယ့် ဒီနေ့တော့ အဖိုးချောင်က ငါ့ကို ပန်းချီဆရာ အကြီးအကဲတစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်တဲ့။ အဲ့တော့ ငါ အဲ့ဒီကို တစ်နာရီလောက်သွားရမယ်…”
သူပြည်ပတွင် ကျောင်းလျှောက်လိုမှန်းသိကတည်းက ချောင်ဟယ့်နျန်မှာ အခွင့်အရေးရတိုင်း နာမည်ကြီး ပန်းချီဆရာများနှင့် မိတ်ဆက်ပေးလေ့ရှိခဲ့သည်။
လင်ချင်းဟယ်က ပြော၏။ “ ဒါဆို နေ့လယ်ရောက်ရင် ငါမင်းကို လိုက်ပို့မယ်…”
ထောင်ရှီးက သဘောတူလိုက်သည်။ အတော်ကြာ တွန့်ဆုတ်နေပြီးနောက်တွင် သူ မနေနိုင်စွာ လင်ချင်းဟယ်အား မေးလိုက်မိ၏။
“ မင်းနေ့လယ်ကျရင် မွေးနေ့ပွဲသွားဖို့ အိမ်ပြန်စရာမလိုဘူးလား…”
“ မသွားဘူး…” လင်ချင်းဟယ်က မျက်မှောင် ကြုတ်သွားသည်။ သို့သော်လည်း ချက်ချင်း ပြန်ပြေလျော့သွားပြီး ယတိပြတ်ပြောလိုက်သည်။
ထောင်ရှီးက အရေးမစိုက်ဟန်နှင့် “ဪ” ဟုပြောလိုက်သော်လည်း စိတ်ထဲတွင်မူ ကြိတ်ပျော်သွားသည်။ သူက ကော်ဖီစားပွဲပေါ်မှ ရေခွက်ကိုလှမ်းယူလိုက်ပြီး တစ်ငုံသောက်ကာ နှုတ်ခမ်းထောင့်ကို သုတ်လိုက်သည်။
“ နောက်တစ်ပတ် တနင်္ဂနွေကျရင် မင်းရဲ့အဖိုးအဖွားတွေအိမ်ကို သွားရအောင်…”
ထောင်ရှီးမှာ ထိတ်လန့်သွားရပြီး လက်ထဲတွင် ကိုင်ထားသည့်ရေခွက်မှာလည်း တုံ့ခနဲ ရပ်တန့်သွားသည်။ လင်ချင်းဟယ်၏ စကားဆက်ပြောလာသံကို သူကြားလိုက်ရ၏။
“ ဒီအပတ် အဖိုးဖန်းက ဘိုးဘွားဝတ်ပြုဆုတောင်းဖို့ သူ့ဇာတိမြို့ကို ပြန်လိမ့်မယ်။ ၃၀ရက်နေ့အထိ သူ ပြန်ရောက်ဦးမှာမဟုတ်ဘူး။ ၃၁ ရက်နေ့၊ နှစ်သစ်ကူးညကျမှ အဖိုးဖန်းတို့က ပြန်လာဖြစ်လိမ့်မယ်…”
လင်ချင်းဟယ်၏အသံက အလွန်တည်ကြည်နေသည်။ ယင်းက သူအကြိမ်ကြိမ်တွေးတောအပြီး ရရှိခဲ့သည့်အကြံဉာဏ်ဖြစ်၏။ အရှုပ်အထွေးများ ဖြစ်လာမည်စိုး၍ ဤကိစ္စကို အချိန်အကြာကြီး မဆွဲထားလိုပေ။ သူ၏ပြိုင်ပွဲကလည်း နောက်တစ်ပတ် သောကြာ ၃၀ ရက်နေ့တွင် ပြီးမည်ဖြစ်သည်။ သူ ယခုအပတ်ကတည်းက ပြင်ဆင်မှုများ ကြိုလုပ်ထားမှဖြစ်မည်။
ထောင်ရှီးက မျက်လွှာအသာချကာ လက်နှစ်ဖက်ဖြင့် ခွက်ကိုကိုင်ရင်း ပွတ်သပ်နေမိသည်။ သူက လင်ချင်းဟယ်၏စကားကို ပြန်ပြန်ဖြေမလာပေ။ ထို့အစား မေးခွန်းတစ်ခုကိုသာ မေးလာခဲ့သည်။
“ ငါ့ရဲ့အဖိုးအဖွားအကြောင်း ပြောပြလို့ရမလား…”
သူ့အဖိုးအဖွားများကို လူနာဆောင်၏အပြင်ဘက်တံခါးမှ တစ်ခေါက်သာ လှမ်းမြင်ခဲ့ဖူးသည်။ အကြမ်းဖျင်း ပုံပန်းသွင်ပြင်အရဆိုလျှင် သူ့အဖိုးက တစ်ခေါင်းလုံးနီးပါး ဆံပင်ဖြူနေပြီး ငွေရောင်ကိုင်းနှင့်မျက်မှန်ကို လည်ပင်းတွင် ချိတ်ဆွဲထားသည်။ အဖိုးက အလွန်ရင့်ကျက်တည်ကြည်ပုံရ၏။ သူ့အဖွားကမူ အလွန်လက်ရာမြောက်သော တရုတ်ရိုးရာ ချီဖေါင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ အဖွားက အလွန်ကျက်သရေရှိလှပြီး ဉာဏ်ပညာထက်မြက်ပုံရကာ အနုပညာရှင်တစ်ယောက်၏ အသွင်အပြင်မျိုးအပြည့်ရှိသည်။
“ ကောင်းပြီ…”
လင်ချင်းဟယ်က အဖိုးအဖွားတို့၏အကြောင်းကို အသေးစိတ် မိတ်ဆက်ပြောပြပေးလာ၏။
သူ့အဖိုး၏နာမည်က ဖန်းကျူချင်းဖြစ်ပြီး ဝမ်းဟွာမြို့ ဇီဝသိပ္ပံတက္ကသိုလ်မှ ပါမောက္ခကြီးတစ်ဦးဖြစ်သည်။ သူအနားမယူခင်က တက္ကသိုလ်ဌာနမှူးလည်း ဖြစ်ခဲ့ကာ တရုတ်ပြည်ရှိ ဇီဝသိပ္ပံနယ်ပယ်ကို ဦးဆောင်လမ်းပြခဲ့သူဖြစ်ပြီး များစွာသော ထူးချွန်ကျောင်းသားများကိုလည်း မွေးထုတ်ပေးခဲ့သည်။ သူ့အဖွား ယဲ့ယွီရုန်ကမူ ဘဲလေးအကပညာရှင်တစ်ယောက်ဖြစ်ကာ အကပြိုင်ပွဲများတွင် ငယ်စဉ်ကတည်းက ဆုပေါင်းများစွာ ဆွတ်ခူးနိုင်ခဲ့သူဖြစ်သည်။ သူမတွင်လည်း တပည့်ပေါင်းများစွာ ရှိခဲ့လေ၏။ လူအိုစုံတွဲနှစ်ယောက်မှာ ပန်းပျိုးသူများဟူ၍ပင် တင်စားနိုင်ပေသည်။
ထောင်ရှီးက တိတ်ဆိတ်စွာ နားထောင်နေရင်း သူနှင့် အဖိုးအဖွားတို့မှာ အလွန်အလှမ်းကွာဝေးလွန်းသည်ဟူ၍ ခံစားရလိုက်သည်။
လင်ချင်းဟယ်က တစ်ချိန်လုံး ခေါင်းငုံ့နေသော ထောင်ရှီးကို မေးဖျားလေးကနေ ကိုင်၍ ခေါင်းကိုမော့စေလိုက်သည်။ ထို့နောက် သူ့ပါးလေးကို အသာညှစ်ရင်း ပြော၏။
“ သူတို့ မင်းကို ချစ်ကြမှာပါ…”
ထောင်ရှီးက လင်ချင်းဟယ်၏လက်ဖဝါးထဲတွင် မေးလေးတင်ထားရင်း မျက်လွှာပင့်ကာ မေးလိုက်သည်။
“ တကယ်လား…”
လင်ချင်းဟယ်က အာမာခံသည်။ “ သေချာတာပေါ့။ ဘယ်သူ့မှ မင်းကိုမချစ်ဘဲ မနေနိုင်ဘူး…”
လင်ချင်းဟယ်က သူစိတ်အေးအောင် နှစ်သိမ့်ပေးနေမှန်း ထောင်ရှီးသိပါ၏။ သူ့မျက်နှာပေါ်တွင် စိုးရိမ်ပူပန်နေမှုများ ပျောက်ကွယ်သွားပြီး သူ့မေးဖျားလေးဖြင့် လင်ချင်းဟယ်လက်ဖဝါးကို ပွတ်သပ်ကာ ခပ်ပြုံးပြုံးပြောလိုက်သည်။
“ ဘယ်သူမဆိုချစ်ရအောင် ငါက ပိုက်ဆံလည်း မဟုတ်ဘဲနဲ့…”
အဆုံးတွင် နောက်တစ်ပတ် စနေနေ့၌ သူ့အဖိုးအဖွားတို့၏အိမ်ကို သွားမည်ဟု လင်ချင်းဟယ်အား ကတိပေးလိုက်သည်။
ယင်းက မဖြစ်မနေ ရင်ဆိုင်ရမည့်အရာဖြစ်သောကြောင့် ထိပ်တိုက်ရင်ဆိုင်လိုက်ရုံသာရှိသည်။
ယနေ့ နှင်းကျဆင်းမှုက ရပ်တန့်သွားသည်။ နေ့လယ်စာစားပြီး၍ သူတို့နှစ်ဦး အိမ်မှထွက်လာကြချိန်၌ အိမ်ရာဝင်းထဲရှိ ဥယျာဉ်တစ်ခုလုံးမှာ ငွေရောင်ဆီးနှင်းများဖြင့် ဖုံးလွှမ်းနေသည်ကို တွေ့လိုက်ရ၏။ ကလေးများက ဥယျာဉ်ထဲတွင် နှင်းရုပ်များလုပ်နေသည်ကိုမြင်သော် ထောင်ရှီးမှာ ဝင်ဆော့ချင်များ စိတ်တဖွားဖွားဖြစ်လာသည်။ သို့သော် အချိန်မရှိသဖြင့် အကြည့်သာလွှဲလိုက်ရပြီး လင်ချင်းဟယ်နှင့်အတူ ထွက်လာခဲ့သည်။
လင်ချင်းဟယ်က နှင်းရုပ်လုပ်နေသည့် ကလေးတစ်ယောက်ကို လှမ်းကြည့်လိုက်ပြီး ထောင်ရှီးကို ပြောလာ၏။
“နှစ်သစ်ကူးအားလပ်ရက်ကျရင် မင်းကို နှင်းလျှောစီးဖို့ခေါ်သွားမယ်…”
ထောင်ရှီး၏မျက်နှာက မာဖလာထဲတွင် တစ်ဝက်မျှ နှစ်မြှုပ်နေလျက် မျက်လုံးတောက်တောက်လေးတစ်စုံဖြင့် လင်ချင်းဟယ်ကို မော့ကြည့်လိုက်သည်။ သူက “ကောင်းပြီ”ဟု ပြောလိုက်ချင်သော်လည်း ရုတ်တရက် မျက်လုံးများက အရောင်မှိန်ဖျော့သွားလေ၏။
၃၁ ရက်နေ့တွင် သူ့အဖိုးအဖွားတို့နှင့် တွေ့ရမည်ဟူသောအတွေးက စိုးရိမ်ပူပန်မှုဖြင့် သူ့အစာအိမ်ကို အောင့်မျက်နာကျင်လာစေသည်။
လင်ချင်းဟယ်က ထောင်ရှီး၏လက်လေးကို သူ့အိတ်ထောင်ထဲ ကောက်ထည့်ရင်း ပြောလိုက်၏။
“ အဲ့ဒီအချိန်အကြောင်းပဲ အမြဲတမ်းတွေးမနေပါနဲ့။ အားလုံးက အလွယ်တကူပဲ ပြီးသွားမှာပါ…”
ထောင်ရှီးက သက်ပြင်းချလိုက်ပြီး “အင်း” ဟု အသံပြုလိုက်သည်။
နှစ်ဦးသားသည် တက္ကစီငှား၍ ချောင်မိသားစုအိမ်သို့ ထွက်လာခဲ့ကြသည်။ ကားပေါ်မှ ဆင်းဆင်းချင်းတွင် ထောင်ရှီးမှာ မနေနိုင်စွာ ပန်းဘောင်ပေါ်ကို တက်လိုက်ပြီး ဆီးနှင်းများအပေါ် နင်းလိုက်ကာ ခက်နက်နက်ခြေရာနှစ်ခု ပုံဖော်ပြုလုပ်လိုက်သည်။
“ ဒီနေ့လယ် မင်းဘယ်သွားမှာလဲ…” ထောင်ရှီးက လင်ချင်းဟယ်ကို လှမ်းမေးလိုက်သည်။
လင်ချင်းဟယ်က ထောင်ရှီးကို လက်မောင်းမှကိုင်၍ ပန်းဘောင်ပေါ်မှဆင်းစေကာ-
“ ငါ့ဦးလေးအိမ်ကို ပြန်မှာ။ မင်း သင်တန်းပြီးသွားရင် ငါမင်းကို လာကြိုမယ်…”
ထောင်ရှီးက ခေါင်းညိတ်လိုက်သည်။ ဆီးနှင်းများအပေါ် နင်းလျှောက်ရင်း ချောင်မိသားစုအိမ်ဘက်သို့ လျှောက်လာခဲ့ကာ အိမ်ထဲမဝင်ခင်တွင် လင်ချင်းဟယ်ကို လက်ဝေ့ယမ်းပြလိုက်သည်။
လင်ချင်းဟယ်က ထောင်ရှီး အိမ်ထဲဝင်ကာ တံခါးပိတ်သွားသည်အထိ စောင့်ကြည့်နေပြီးမှ တက္ကစီငှားလိုက်သည်။ တက္ကစီထဲတွင် ခရစ္စမတ်သီချင်းများ ဖွင့်ထားပြီး ကားဆရာက မေးနေကျအတိုင်းမေးသည်။
“ ဘယ်ကိုလဲ…”
“ ဟာ့နန်ဆေးရုံ…”
“ လမ်းက ဒီနေ့နည်းနည်းကြပ်လိမ့်မယ်။ ပြီးတော့ နှင်းလည်းကျထားတော့ ငါ မြန်မြန်မောင်းနိုင်မှာမဟုတ်ဘူး…”
“ ကိစ္စမရှိပါဘူး…”
လင်ချင်းဟယ်က ပြောပြီးသည်နှင့် စူးယွင်အား ဖုန်းဆက်ရန် ဖုန်းကိုထုတ်လိုက်
သည်။ သို့သော် လော်ကျန်းယင်းထံမှ ဖုန်းက အရင်ဝင်လာသည်။
ဖုန်းတစ်ဖက်ခြမ်းမှ သီချင်းသံသဲ့သဲ့ကို ကြားနေရသည်။ ဗီလာတွင် ပျော်ပွဲရွှင်ပွဲတစ်ခု ကျင်းပနေခြင်းဖြစ်ကြောင်း ထင်ရှားပေ၏။ လော်ကျန်းယင်းက ပါတီပွဲနှင့် အနည်းငယ် ခပ်ဝေးဝေးနေရာသို့ ထွက်လာပုံပေါ်ပြီး ဖုန်းတစ်ဖက်ခြမ်းမှ ပြောလာ၏။
“ ချင်းဟယ်…ဒီနေ့လယ် ပြန်မလာသေးဘူးလား။ မွေးနေ့ပွဲက စတောင်စနေပြီ။ အတန်းဖော်တွေ၊ သူငယ်ချင်းတွေ အကုန်လုံးလည်း ရောက်နေကြပြီ။ လဲ့လဲ့ရဲ့ အဖိုးနဲ့အဖွားကတောင် မင်းဘာလို့ မလာသေးတာလဲလို့ မေးနေကြတယ်…”
လင်ချင်းဟယ်က ပြတင်းပေါက်အပြင်ကို လှည့်ကြည့်လိုက်သည်။ သူ့အကြည့်များကမူ တည်ငြိမ်နေပေ၏။
“ ကျွန်တော် ဒီနေ့လယ် လုပ်စရာကိစ္စရှိတယ်။ အဖိုးဖန်းနဲ့ အဖွားယဲ့ကို နှုတ်ဆက်ကြောင်း ပြန်ပြောပေးပါဦး…”
ဖုန်းတစ်ဖက်ခြမ်းမှ တံခါးပိတ်လိုက်သံကို ကြားလိုက်ရ၏။ လော်ကျန်းယင်းက အခန်းတံခါးကို ပိတ်လိုက်ပုံရပြီး ဆူညံသံများနှင့် အဆက်ပြတ်သွားသည်။ သူမက ခဏကြာ တွန့်ဆုတ်သွားပြီး ညင်သာစွာ ဆိုလာ၏။
“ ချင်းဟယ်၊ အမေ ဒီလိုပြောလို့ သားစိတ်ရှုပ်သွားမှာ သိပါတယ်…ဒါပေမဲ့ ဒီနေ့က လဲ့လဲ့ရဲ့ မွေးနေ့လေ။ ညဆယ့်နှစ်နာရီကနေ ခုချိန်ထိ သားသူ့ဆီကို ဖုန်းတစ်ချက်မဆက်သေးဘူး။ မွေးနေ့ဆုတောင်းတောင် မပေးသေးဘူး။ လဲ့လဲ့က အမေ့ကိုမေးတယ် သားဘယ်တွေ ရောက်နေတာလဲတဲ့…သူ့ကို ဘယ်လိုပြန်ပြောရမလဲ အမေမသိဘူး…”
လင်ချင်းဟယ်က ဖုန်းကိုကိုင်ထားရင်း တိတ်ဆိတ်နေမိသည်။ ဝမ်းနည်းနာကျင်မှုအလွှာတစ်ခုက သူ့နှလုံးသားကို ရုတ်ခြည်း လွှမ်းခြုံလာသည်။
သူ ယန်သောလဲ့ကို မွေးနေ့ဆုမတောင်းပေးခြင်းက လက်သင့်မခံနိုင်ဖွယ် ကိစ္စတစ်ခုဟု သူ့အမေက ထင်သည်။ ဖန်းဆွေ့၏ကလေးအရင်းမှာ နယ်စွန်နယ်ဖျားက တောင်ပေါ်ရွာလေးတစ်ရွာတွင် ခက်ခက်ခဲခဲနေထိုင်ခဲ့ရပြီး သူ့ကို မည်သူကမှ မွေးနေ့ဆုတောင်းမပေးခဲ့ဖူးသည်ကို သူ့အမေသိသွားခဲ့ပါလျှင် မည်သို့တွေးထင်ဦးမည်နည်း။
ထိုတစ်ဒင်္ဂတွင် သူလော်ကျန်းယင်းအား အမှန်တကယ်ကို မေးခွန်းထုတ်ချင်မိသည်။ သို့တိုင် ဤသနားဖွယ်အမျိုးသမီးက စိတ်ကျရောဂါဝေဒနာမှ အပြည့်အဝ ပြန်လည်မသက်သာသေးကြောင်း သူသိပေ၏။ စွဲလန်းမှုများနှင့်သာ ဘဝကိုရှင်သန်နေခဲ့သည့် သူမမှာ ကွယ်လွန်ပြီးသားလူတစ်ယောက်အပေါ် စွဲလန်းမိရုံမျှမက မှားယွင်းသော လူတစ်ယောက်ကိုပါ ထပ်မံစွဲလန်းမိပြန်သည်။
အဆုံးတွင်မူ လင်ချင်းဟယ်က ပြောလိုက်ပါ၏။
“ လဲ့လဲ့အတွက် လက်ဆောင်ကို ကျွန်တော့်အခန်းထဲက စာရေးခုံပေါ်မှာတင်ထားတယ်။ အမေပဲ ကျွန်တော့်အစား သူ့ကိုပေးလိုက်ပါ…”
“ ရောက်ပြီ…”
ကားဆရာက ကားကို ဟာ့နန်ဆေးရုံနှင့် အနီးဆုံးတွင် ရပ်ပေးလိုက်ပြီး လင်ချင်းဟယ်ကို QR Code ပြလိုက်သည်။
လင်ချင်းဟယ်က “မဟုတ်ဘူး” ဟုပြောကာ ပိုက်ဆံအိတ်ကိုထုတ်လိုက်ပြီး ကားဆရာအား ပိုက်ဆံအရွက်တစ်ချို့ လှမ်းပေးလိုက်သည်။
ကားဆရာက အံ့ဩသွားပြီး ပိုက်ဆံလက်ခံယူရင်း အရွှန်းဖောက်ပြောလေသည်။
“ ဒီနေ့ခေတ်မှာ လူငယ်တိုင်းက ဖုန်းနဲ့ပဲငွေချေကြတာကွ။ မင်းလို ပိုက်ဆံနဲ့ငွေချေတဲ့လူတောင် မရှိသလောက်ရှားနေပြီ…”
လင်ချင်းဟယ်က ဘာမှပြန်မဖြေဘဲ “ကျေးဇူး” ဟုသာ ပြောလိုက်သည်။ သူက ပိုက်ဆံအိတ်၏ အကြည်ရောင်အကန့်လေးထဲမှ ဓာတ်ပုံကို တစ်ချက်ငုံ့ကြည့်လိုက်ပြီးနောက် ပိုက်ဆံအိတ်ကိုပြန်ပိတ်လိုက်ကာ ကားတံခါးဖွင့်၍ ကားပေါ်မှ ဆင်းသွားသည်။
ထောင်ရှီးက ချောင်ဟယ့်နျန်ခေါ်ဆောင်ရာ ခေတ်ဟောင်းကားလေးတစ်စီးထဲတွင် ရောက်နေသည်။ ချောင်ဟယ့်နျန်က သူနှင့်အတူပါလာသော လှောင်အိမ်ထဲမှ ကြက်တူရွေးကို စနောက်နေ၏။ သို့သော် ကြက်တူရွေး၏ပါးစပ်မှ မည်သည့်စကားကောင်းမှ ထွက်မလာသောကြောင့် သူက လှောင်အိမ်ကို ထောင်ရှီးဆီသို့ ပစ်ပေးလိုက်သည်။ ပြီးသော် ထောင်ရှီးကို မေး၏။
“ ပြိုင်ပွဲအတွက် ပန်းချီကားကို ပို့ပြီးပြီလား…”
ထောင်ရှီးက လှောင်အိမ်ကို အလျင်အမြန် လှမ်းယူလိုက်ရာတွင် ကြက်တူရွေးက သူ့အား “စောက်ကောင်စုတ်လေး” ဟု ဆဲရေးလာလေသည်။ သူ အမြန်ပြန်ဖြေလိုက်သည်။
“ အဲ့ဒါက…ကျွန်တော်ပို့ပြီးတာ ကြာပါပြီ။ ပထမအဆင့်မှာ ရွေးချယ်ခံရတဲ့ ပန်းချီကားတွေကို အင်တာနက်ပေါ်မှာ မကြာခင်တင်မယ်ထင်တယ်…”
ချောင်ဟယ့်နျန်က ရေဒီယိုဖွင့်လိုက်ကာ ခေတ်ဟောင်းသီချင်းတစ်ပုဒ်ကိုညည်းရင်း အရေးမကြီးစွာ ပြောလာ၏။
“ ပထမအဆင့်မှာတော့ မင်းအဆင်ပြေမှာပါ။ လောင်ကျုံးကပြောတယ် နောက်ဆုံးအဆင့်မှာ သူအကဲဖြတ်ဒိုင်လုပ်ခဲ့တယ်တဲ့…”
အဆုံးတွင် ထောင်ရှီးမှာ ဆဲဆိုနေသည့် ကြက်တူရွေးကို ငြိမ်အောင်လုပ်နိုင်လိုက်ပြီး အရွှန်းဖောက်ပြောလိုက်သည်။
“ ကျွန်တော့်ကို အကြီးအကဲကျုံးနဲ့ မိတ်ဆက်ပေးတဲ့အတွက် ကျေးဇူးပါအဖိုး။ ကျွန်တော်သာ ပထဆုရရင် လူတွေကို ချီးကျူးစကားပြောတတ်တဲ့ ကြက်တူရွေးတစ်ကောင်ကို အဖိုးအတွက် ဝယ်ပေးမယ်…”
ကျုံးချိုးရှန်က ချောင်ဟယ့်နျန်နှင့် နှစ်ပေါင်းများစွာ ခင်မင်လာခဲ့သည့် မိတ်ဆွေဟောင်းတစ်ယောက်ဖြစ်ပြီး လက်ရေးလှပညာနှင့် ပန်းချီအဖွဲ့အစည်းတွင် ရာထူးအတော်ကြီးလေသည်။ လွန်ခဲ့သည့် တနင်္ဂနွေတစ်ရက်က သူက ချောင်အိမ်ကို လာလည်သွားခဲ့သဖြင့် ယခု ချောင်ဟယ့်နျန်က ထောင်ရှီးကို သူနှင့်မိတ်ဆက်ပေးဖို့ ခေါ်သွားနေခြင်းဖြစ်သည်။
ချောင်ဟယ့်နျန်က ရယ်မောရင်း ဆူပူလိုက်သည်။
“ ဒီကောင်စုတ်လေးက ငါ့ဆီက သင်တာမဟုတ်ဘူးကွ။ ချောင်ယီထန်ဆိုတဲ့ ကလေးမသာ ငါ့စကားနားထောင်ရင် ငါ့ကြက်တူရွေးက လူတွေကိုချီးကျူးစကားပြောတဲ့နေရာမှာ ပထမဆုတောင်ရဦးမယ်…”
ကားလေးက မြို့စွန်ရှိ သီးသန့်ခြံဝန်းလေးတစ်ခုထဲသို့ မောင်းဝင်သွားသည်။ ချောင်ဟယ့်နျန်က ထောင်ရှီးကို သူ့မိတ်ဆွေဟောင်းကြီးနှင့် မိတ်ဆက်ပေးသည်။ ကျုံးချိုးရှန်မှာ ယခင်တစ်ခေါက် ချောင်အိမ်သို့ရောက်ကတည်းက ထောင်ရှီးကို သဘောကျနေခြင်းဖြစ်သည်။ သူက ထောင်ရှီး၏ပုခုံးကို ပုတ်ကာ ခပ်ပြုံးပြုံးဆိုလာသည်။
“ ငါ့ရဲ့အပေအတေ မြေးလေးလည်း ဒီနေ့အိမ်ရောက်နေတယ်။ သူ့နာမည်က ကျုံးရှန်းတဲ့… မင်းနဲ့သက်တူရွယ်တူလောက်ပဲ။ သူနဲ့သွားကစားချည်ပေါ့…”
ထောင်ရှီးက ကြမ်းပြင်မှမျက်နှာကြတ်ထိမြင့်သော ဖန်ပြတင်းပေါက်မှတစ်ဆင့် ခြံဝင်းထဲကိုကြည့်လိုက်ရာ ဂျပ်ကတ်အထူတစ်ထည်နှင့် ကောင်လေးတစ်ယောက်က နှင်းထဲတွင် ကိုယ်တကျုံ့ကျုံ့နှင့် နှင်းလူအရုပ် ဆောက်နေသည်ကို တွေ့လိုက်ရ၏။
လူအိုနှစ်ယောက်က လက်ဖက်ရည်ခန်းထဲတွင် လက်ဖက်ရည်အတူသောက်ရင်း စကားစမြည်ပြောကြမည်ကို သိသဖြင့် ထောင်ရှီးလည်း “ဟုတ်ကဲ့” ဟုပြောကာ ဖိနပ်ကောက်စီး၍ အလိုက်တသိ ထွက်လာခဲ့သည်။
ချောင်ဟယ့်နျန်နှင့် ကျုံးချိုးရှန်က လက်ဖက်ရည်ခန်းထဲတွင် ထိုင်လိုက်ကြသည်။ ကျုံးချိုးရှန်က လက်ဖက်ရည်ဖျော်ရာတွင် ဆရာတစ်ဆူဟု နာမည်ကြီးလေသည်။ ဤလက်ဖက်ရည်ခန်းလေးကို လှပသေသပ်စွာ ခင်းကျင်းပြင်ဆင်ထားပြီး ပရိဘောဂများမှာလည်း တန်ဖိုးကြီးလှသည်။ ကျုံးချိုးရှန်က လက်ဖက်ရည်ကို အချိန်ယူ၍ နှပ်လိုက်ပြီးနောက် ခွက်ထဲသို့ လောင်းချလိုက်ကာ ချောင်ဟယ့်နျန်ကို ကမ်းပေးရင်း ဆိုလိုက်၏။
“ မင်းရဲ့ဒီတပည့်လေးက အရင်က ဖန်းမျိုးရိုးနဲ့ မင်းရဲ့တပည့်မလေးနဲ့ အတော်တူတာပဲကိုး။ ငါဖြင့် ပြီးခဲ့တဲ့တစ်ခေါက်တွေ့တုန်းက နည်းနည်းတောင် အံ့ဩသွားတယ်…”
ချောင်ဟယ့်နျန်က လက်ဖက်ရည် သိပ်မသောက်တတ်သောကြောင့် တစ်ကျိုက်တည်းဖြင့် အကုန်မော့သောက်လိုက်ပြီး သက်ပြင်းချလျက်ပြောလာ၏။
“ ကံဆိုးစွာနဲ့ ငါ့တပည့်မလေးက သက်ဆိုးမရှည်ရှာဘူး။ သူ့သားနဲ့လည်း ငါတွေ့ဖူးသေးတယ်။ ပါမောက္ခဖန်းကတော့ သူ့မြေးကို ပန်းချီသင်ပေးဖို့ ငါ့ကို လာကမ်းတာပေါ့။ ငါက အဲ့ကလေးကို ပုံနည်းနည်းပါးပါးဆွဲခိုင်းကြည့်လိုက်တော့…အဲ့ကလေးက သူ့အမေရဲ့အမွေကို လုံးဝမရတာကွာ။ အဲ့ဒါနဲ့ ငါလည်း ငြင်းလိုက်ရတယ်…”
သူက မည်သူ့ကိုမှ မျက်နှာလိုက်တတ်သူမဟုတ်ပေ။ သူ့မိတ်ဆွေများ၏ သားသမီးများထဲတွင် ပန်းချီပညာကို လေ့လာသင်ယူလိုသူ မြောက်မြားစွာရှိကြသည်။ ထိုမိတ်ဆွေများက သူတို့သားသမီးများကို သူ့ထံလာရောက်အပ်နှံကြသည်။ သို့သော် သူက အဆင်မပြေဟု ခံစားရလျှင် လုံးဝလက်မခံပေ။ သူ့ဂုဏ်သတင်းကို အဘယ်နည်းနှင့်မှ အညှိုးနွမ်းမခံနိုင်ပါချေ။
“ အမေဆီက ပညာအမွေကို မရတာ အတော်စိတ်မကောင်းစရာပဲ…”
ကျုံးချိုးရှန်က ချောင်ဟယ့်နျန်အတွက် လက်ဖက်ရည်ထပ်မထည့်ပေးတော့ဘဲ သူကိုယ်တိုင်သာ ဖြည်းဖြည်းချင်းသောက်နေသည်။
“ ဒါပေမယ့်လည်း အမွေအကြောင်းတော့ ပြောမနေပါနဲ့ကွာ…ငါ့မြေးဆိုလည်း ငါ့ဆီက ဘာအမွေမှမရဘူး…”
ချောင်ဟယ့်နျန်မှာ မြေးအကြောင်းပြောသည်နှင့် ဒေါသများ တဖွားဖွားထွက်လာရပြန်သည်။ သူ့မြေးမအကြောင်းကို သူငယ်ချင်းဟောင်းကြီးအား ဖောက်သည်ချအပြီးတွင် ရုတ်တရက် လာရင်းကိစ္စကို သတိရသွားသဖြင့် အမြန်ပြောလိုက်သည်။
“ ငါ အရင်တစ်ခေါက်က ပြောခဲ့တဲ့ကိစ္စကို မေ့တော့မမေ့ဘူးမလား။ အကြံပြုထောက်ခံစာလေ…”
ကျုံးချိုးရှန်က ခပ်တိုးတိုးရယ်သည်။
“ မင်းတပည့်အတွက် အဲ့လောက်စိတ်ပူမနေပါနဲ့။ မင်းရဲ့ ထောက်ခံစာနဲ့တင် ဒီလောက် လုံလောက်နေပြီကို ငါ့ကိုပါ အကူအညီတောင်းနေပြန်တယ်…”
သူက ပြောရင်းဆိုရင်းနှင့် ယခင်ကတည်းက ပြင်ဆင်ထားပြီး စားပွဲပေါ်တင်ထားသည့် ထောက်ခံစာကို ပေးလိုက်သည်။
ချောင်ဟယ့်နျန်က ထောက်ခံစာကို လှမ်းယူကာ အစမှအဆုံးတစ်ကြိမ်ဖတ်ကြည့်ပြီးနောက် စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
ထောင်ရှီးက နှင်းဘောလုံးကြီးတစ်လုံးကို မြေကြီးပေါ်မှ ပွေ့ယူလိုက်ပြီး နှင်းလူရုပ်၏ခန္ဓာကိုယ်ပေါ် တင်လိုက်သည်။ နံဘေးမှ ကျုံးရှန်းက နှင်းလူရုပ်၏ဦးခေါင်းပိုင်းတွင် မုန်လာဥတစ်ချောင်းကို စိုက်လိုက်သည်။ ထို့နောက် စပျစ်သီးနှစ်လုံးကို ထောင်ရှီးကို လှမ်းပေးရင်း အပြုံးနှင့်ပြောလာသည်။
“ မင်းကမျက်လုံးတပ်လိုက်…”
ထောင်ရှီးက အေးစက်စက်အမူအရာနှင့် ခေါင်းခါပြလိုက်သည်။
“ မင်းပဲ ကိုယ့်ဟာကိုယ်တပ်လိုက်တော့။ ငါအထဲဝင်တော့မယ်…”
ကျုံးချိုးရှန်၏မျက်နှာကြောင့်သာ ကျုံးရှန်းဟုခေါ်သော ဤလူကို သူဖော်ဖော်ရွေရွေ ဆက်ဆံနေခြင်းဖြစ်ပြီး ဤနေရာတွင် နှင်းလူရုပ်သုံးရုပ်တောင် ပြုလုပ်ပေးနေခြင်းဖြစ်၏။ အမှန်မှာ သူ့တွင် ကျုံးဗီလာကို လျှောက်ပတ်ကြည့်ဖို့ပင် အချိန်မရှိပါချေ။
ထောင်ရှီးက နှင်းများပေါ်တွင် နင်းလျှောက်၍ ဗီလာဘက်သို့ ထွက်လာခဲ့သည်။ သူ ခဏစဉ်းစားလိုက်ပြီးနောက်တွင် လင်ချင်းဟယ်အား ဘယ်ရောက်နေပြီလဲဟု စာရိုက်ပြီးမေးလိုက်သည်။ လင်ချင်းဟယ်က လျင်မြန်စွာပြန်ဖြေလာခဲ့၏။
“ ရောက်ခါနီးပြီ…”
သူ ဖုန်းကိုငုံ့ကြည့်ရင်း မနေနိုင်စွာ ပြုံးမိသွားသည်။ သို့သော် ရုတ်တရက် သူ့ကို လက်တစ်ဖက်က လာဆွဲလေသည်။ ကျုံးရှန်းက သူ့အနားသို့ ချဉ်းကပ်လာပြီး အပြုံးနှင့် ပြောလာသည်။
“ သူငယ်ချင်း၊ WeChat အပ် ကြရအောင်…”
ထောင်ရှီးက အမူအရာမဲ့စွာ ပြောလိုက်သည်။
“ ငါ့မှာ WeChat မရှိဘူး…”
ဤလူက အနည်းငယ် ထူးဆန်းသည်ဟု သူခံစားရသည်။ သူနှင်းလူရုပ်လုပ်နေသည့်တစ်လျှောက်လုံးလည်း သူ့ကို ထူးဆန်းသောအကြည့်ဖြင့် ကြည့်နေတတ်သည်။
“………”
ကျုံးရှန်းက ထောင်ရှီး၏ဖုန်းမျက်နှာပြင်ပေါ်မှ WeChat ကို တစ်ချက်ကြည့်လိုက်ရင်း ယဉ်ကျေးသည့်နည်းဖြင့် သူ့ကို ငြင်းလိုက်ကြောင်းကို ချက်ချင်း နားလည်သွားရ၏။
ထိုအချိန်တွင် ခြေသံတစ်ချို့ ကြားလိုက်သောကြောင့် ထောင်ရှီးက လှည့်ကြည့်လိုက်ရာ လင်ချင်းဟယ်ဖြစ်နေသည်ကို တွေ့လိုက်ရလေ၏။
အချိန်က မှောင်ရီပျိုးနေပြီး ကောင်းကင်ယံကလည်း အနည်းငယ်မှိန်ဖျော့လာပြီဖြစ်၏။ သို့တိုင် ဆီးနှင်းများ ဖုံးလွှမ်းနေသော ထင်ရှူးတောအုပ်ထဲတွင် ထောင်ရှီး၏ကမ္ဘာကြီးတစ်ခုလုံး လင်းထိန်သွားသလို ခံစားလိုက်ရ၏။ သူ ကျုံးရှန်း၏လက်ကို ရုန်းဖယ်လိုက်ကာ လင်ချင်းဟယ်ထံသို့ ခပ်သွက်သွက်ပြေးသွားလိုက်သည်။
“ မင်းက ရောက်ခါနီးတာမဟုတ်ဘူး။ ရောက်တောင်ရောက်နေပြီကို…”
ထောင်ရှီးက လင်ချင်းဟယ်အား ပြုံးပြလိုက်သည်။ အကယ်၍ အပြင်လူသာမရှိပါက သူ လင်ချင်းဟယ်၏အပေါ်သို့ ခုန်တက်ပြီး နှင်းပြင်ထဲသို့ ပစ်လှဲချလိုက်မှာပင်။
လင်ချင်းဟယ်က နောက်မှ ထပ်ကြပ်မခွာလိုက်လာသော ကျုံးရှန်းကို တစ်ချက်ကြည့်လိုက်ပြီး မလှမ်းမကမ်းမှ နှင်းလူရုပ်သုံးရုပ်ကို ကြည့်ကာ ထောင်ရှီးကိုမေးလိုက်သည်။
“ ပြန်လို့ရပြီလား…”
ထောင်ရှီးက ခေါင်းညိတ်ပြကာ ဆိုသည်။
“ ငါ အဖိုးချောင်နဲ့ အဖိုးကျုံးကို နှုတ်ဆက်စကားသွားပြောလိုက်ဦးမယ်…”
“ လင်ချင်းဟယ်… မင်းက ဘယ်လိုလုပ်ရောက်လာတာလဲ…”
ကျုံးရှန်းက လင်ချင်းဟယ်ကိုတစ်လှည့် ထောင်ရှီးကိုတစ်လှည့် အံ့အားသင့်စွာ ကြည့်လိုက်သည်။
“ မင်းတို့က အချင်းချင်း သိနေကြတာလား…”
ကျုံးရှန်းမှာ အထက်တန်းပထမနှစ်တုန်းက လင်ချင်းဟယ်နှင့် ကျောင်းတူခဲ့သောကြောင့် နာမည်ကြီးလှသည့် ဤဉာဏ်ကြီးရှင်ကို မသိဘဲမနေပါချေ။ သူတို့၏နှစ်ဖက်လူကြီးများက စီးပွားရေးမိတ်ဖက်များဖြစ်ကြသော်လည်း သူနှင့်လင်ချင်းဟယ်ကမူ မရင်းနှီးပါချေ။
လင်ချင်းဟယ်က သူ့မာဖလာကို ချွတ်လိုက်ပြီး ထောင်ရှီးကို လှမ်းပေးရင်း အေးစက်စက်အသံနှင့် ပြောလိုက်သည်။
“ ငါက သူ့ကို လာကြိုပြီး အိမ်ပြန်လိုက်ပို့ပေးဖို့ ရောက်နေတာ…”
ကျုံးရှန်းမှာ ထိတ်လန့်တုန်လှုပ်စွာ ပါးစပ်အဟောင်းသားဖြစ်သွားပြီး အချိန်အတော်ကြာထိ ကြက်သေသေနေမိသည်။ သို့သော် သတိပြန်ကပ်လာချိန်၌ ထိုလူနှစ်ယောက်မှာ ဘေးချင်းယှဉ်လျက် ထွက်ခွာသွားကြလေပြီ။
ထောင်ရှီးက လူအိုနှစ်ယောက်ကို နှုတ်ဆက်စကားဆိုလိုက်ပြီး လင်ချင်းဟယ်နှင့်အတူ ကားငှား၍ သူတို့၏အိမ်လေးသို့ ပြန်လာခဲ့ကြသည်။ သို့သည့်တိုင် အပြန်လမ်းတွင် လင်ချင်းဟယ်က စကားသိပ်မပြောပါချေ။ သူမေးလျှင် ပြန်ဖြေသော်လည်း စိတ်ပါလက်ပါမရှိလှချေ။
သူတို့ အိမ်ရာဝင်းထဲသို့ ပြန်ရောက်ချိန်၌ ကောင်းကင်တစ်ခုလုံး မှောင်မည်းသွားလေပြီ။ ဥယျာဉ်သို့သွားရာလမ်းတစ်လျှောက်တွင် ထောင်ရှီးက ရုတ်တရက် ပြောလိုက်သည်။
“ ငါတို့ နှင်းလူရုပ်လုပ်ကြမလား…”
လင်ချင်းဟယ်၏ခြေလှမ်းများ ရပ်တန့်သွားသည်။ ခဏကြာသော် သူက ဆက်လျှောက်သွားပြီး အရေးမစိုက်စွာ ပြောလာသည်။
“ နှင်းတွေမှ သိပ်မရှိတော့တာ…”
ယနေ့တစ်နေ့လုံး နှင်းသိပ်မကျသောကြောင့် ဥယျာဉ်ထဲတွင် အမှန်တကယ်ကို နှင်းများသိပ်မရှိတော့ချေ။ အချို့နေရာများတွင် နှင်းများက တက်နင်းခံထားရသောကြောင့် အနည်းငယ်ပင် ညစ်ပတ်နေသည်။
ထောင်ရှီးက လင်ချင်းဟယ်၏စကားကို ဂရုမစိုက်ပါချေ။ သူက လင်ချင်းဟယ်၏လက်ကို ဆွဲ၍ နှင်းများသန့်ရှင်းနေသေးသည့် တိတ်ဆိတ်သောနေရာသို့ ခေါ်လာခဲ့သည်။
သူက ငုတ်တုတ်ထိုင်၍ လက်နှစ်ဖက်ဖြင့် နှင်းများကိုစုလိုက်ပြီး ဘောလုံးလေးတစ်လုံးအဖြစ်လုံးလိုက်သည်။ ပြီးနောက် သူ့နည်းတူ ငုတ်တုပ်ထိုင်ချလာသည့် လင်ချင်းဟယ်အား လှမ်းပြောလိုက်သည်။
“ ဒါကခေါင်း…ငါလုပ်ပြီးပြီ…”
လင်ချင်းဟယ်ကလည်း နှင်းဆုပ်များကို ဆုပ်ကိုင်လိုက်ပြီး ပိုကြီးသည့် နှင်းဘောလုံးတစ်လုံးကို လုပ်လိုက်သည်။ သူ့လက်ထဲတွင် နှင်းများကို ကိုင်ထားရင်း ထောင်ရှီးကို ကြည့်လိုက်သည်။
ထောင်ရှီးက နှင်းဘောလုံးအသေးလေးကို သူ၏နှင်းဘောလုံးအကြီးပေါ်ဆင့်တင်လိုက်ပြီးနောက် သစ်ကိုင်းခြောက်တစ်ချို့နှင့် ကျောက်တုံးများကို သွားကောက်သည်။ ပြီးသော် နှင်းလူရုပ်၏မျက်လုံးနှင့် လက်များကို တပ်လိုက်သည်။ သူက နှင်းလူရုပ်အသေးလေးကို မြေကြီးပေါ်မှ မကာ လင်ချင်းဟယ်အား မြှောက်ပြလိုက်ရင်း ဆိုလိုက်၏။
“ မင်း သူ့ကို နာမည်ပေးကြည့်…”
လင်ချင်းဟယ်က မျက်မှောင်ကြုတ်လျက် နှင်းလူရုပ်ကို မျက်လုံးများမှေးကြည့်ရင်း မဲ့ပြုံးပြုံးလိုက်သည်။
“ တော်ပြီ။ အရမ်းရုပ်ဆိုးတယ်…”’’
ရုပ်ဆိုးသည်ဟု ဆိုသော်လည်း လင်ချင်းဟယ်က နှင်းလူရုပ်ကို ယူလာပြီး ရေခဲသေတ္တာထဲတွင် ဂရုတစိုက်ထည့်ထားခဲ့သည်။ ထို့နောက်တွင် လင်ချင်းဟယ်က နေ့စဉ်နေ့တိုင်း ရေခဲသေတ္တာကို တိတ်တိတ်ကလေး ဖွင့်ကြည့်ပြီး နှင်းလူရုပ်လေး အရည်ပျော်မပျော်ကို အမြဲတမ်းစစ်ဆေးနေတတ်ကြောင်း ထောင်ရှီး တွေ့လိုက်ရလေတော့သည်။
________________________