အပိုင်း ၅၅
Viewers 9k

The Moon Is Coming To Me

Chapter-55


‌“ထောင်ရှီး၊ နင့်ရဲ့ ပန်းချီက CAC ပထမအဆင့်မှာ အရွေးခံလိုက်ရတယ်…”


ချောင်ယီထန်ထံမှ ဖုန်းကိုလက်ခံရချိန်၌ သူက မနက်ဖြန် ပေကျင်းတွင် ပြိုင်ပွဲသွားပြိုင်ရမည့် လင်ချင်းဟယ်အတွက် ခရီးဆောင်အိတ်ကို ပြင်ဆင်ပေးနေချိန်ဖြစ်သည်။ သူ ဖုန်းကိုင်ထားရင်း ကြမ်းပြင်ပေါ် ငုတ်တုပ်ထိုင်ချ၍ တစ်ခုခုပြောရန် ပါးစပ်ကိုဖွင့်လိုက်သော်လည်း ချောင်ယီထန်၏စိတ်လှုပ်ရှားနေသည့် အသံများသာ သူ့နားထဲ တရစပ် ဝင်ရောက်လာလေသည်။


“ ငါနင့်ကို ပြောပြမယ်။ ဒီနှစ် ငါတို့ကျောင်းမှာ ဆန်ကာတင်စာရင်းဝင်တဲ့လူဆိုလို့ နင်တစ်ယောက်တည်းရှိတာ။ နင်က ငါတို့ပန်းချီအတန်းရဲ့ နံပါတ်တစ် ဘုံရန်သူဖြစ်လာတော့မယ်ထင်တယ် ဟားဟား…”


“ ဒါပေမဲ့ ဒေါသအထွက်ဆုံးကတော့ အမျိုးသမီးနတ်ဆိုး ကျန်းလိန်ဖြစ်လောက်မှာဟ။ သူ့တပည့်တစ်ယောက်မှ ဆန်ကာတင်စာရင်းထဲမဝင်ဘူးလေ…”


“ နင်ဆုရရင် ငါ့ကို မုန့်ဝယ်ကျွေးရမှာနော်။ တကယ်ဆို ငါက နင့်ရဲ့နှစ်ကိုယ့်တစ်စိတ် သူငယ်ချင်းလေ၊ ဟုတ်တယ်ဟုတ်…”


……..


ထောင်ရှီးက ကြမ်းပြင်ပေါ်မှ ထလိုက်ပြီး အလွန်စိတ်လှုပ်ရှားနေသည့် ချောင်ယီထန်ကို အလေးအနက် ကျေးဇူးတင်လိုက်သည်။ ချောင်ယီထန်က သူ၏တည်ငြိမ်နေသော အသံကိုကြားလျှင် သက်ပြင်းချသည်။


“ နင်ကပါ ဘာလို့ လင်ချင်းဟယ်နဲ့ တဖြည်းဖြည်းတူလာရတာလဲ…သတင်းကောင်းကြားတာတောင်မှ နင်က တည်ငြိမ်နေနိုင်သေးတယ်။ အဲ့လို ဟန်ဆောင်နေစရာမလိုပါဘူးနော်…"


လင်ချင်းဟယ်၏အမြဲလိုလို တည်ငြိမ်အေးဆေးနေသည့် မျက်နှာလေးကို မြင်ယောင်ကြည့်ရင်း ထောင်ရှီးမှာ ပြုံးရွှင်သွားရ၏။ ချောင်ယီထန်နှင့် ခဏကြာ ဖုန်းပြောနေပြီးနောက်တွင် သူ ဖုန်းချလိုက်သည်။


လင်ချင်းဟယ်က သူပြင်ပေးထားသည့် ခရီးဆောင်အိတ်ကို အောက်ချလိုက်ရင်း သူ့အား လှမ်းမေးသည်။


“ မင်းက ဆန်ကာတင်စာရင်းမှာ ဝင်သွားတာလား…”


ထောင်ရှီးက ခေါင်းညိတ်ပြသည်။ သို့သော် သူ့မျက်နှာတွင် မည်သည့်ပျော်ရွှင်မှုမျိုးမှ ရှိမနေချေ။ သူက ပြောလိုက်၏။


“ အနိုင်ရဖို့အများကြီးလိုပါသေးတယ်။ တကယ်ဆို ဆန်ကာတင်စာရင်းမှာ ဝင်တဲ့လူတွေလည်း အများကြီးရှိတာပဲလေ…”


CAC ပြိုင်ပွဲကို အဆင့်နှစ်ဆင့်ဖြင့် ပိုင်းခြားထာသည်။ ပြိုင်ပွဲဝင်သူ အလွန်များပြားခြင်းကြောင့် ပထမအဆင့်တွင် ပန်းချီကား ၁၀၀ ကိုသာ ရွေးချယ်ပြီး ပြိုင်ပွဲ၏တရားဝင်ဝက်ဆိုဒ်၌ လူသိရှင်ကြားတင်ကာ အများပြည်သူအား မဲပေးစေမည်ဖြစ်သည်။ သို့သော် မဲပေးစနစ်က ပြိုင်ပွဲကို လူစိတ်ဝင်စားမှုများလာအောင် ပြုလုပ်ခြင်းသာဖြစ်ပြီး မဲရလဒ်က အကျိုးသက်ရောက်မှု သိပ်မရှိချေ။ နောက်ဆုံးရလဒ်အတွက် အကျွမ်းကျင်ဆုံး အကဲဖြတ်ဒိုင်များက အကဲဖြတ်စစ်ဆေးကြမည်ဖြစ်သည်။ ထိုအကဲဖြတ်ဒိုင်ထဲမှ အများစုမှာ အတွေ့အကြုံရင့်သန်ပြီး ဂုဏ်သတင်းကြီးမားသော ပန်းချီပညာရှင်များဖြစ်ကြလေ၏။


ထောင်ရှီးက သူ့ကွန်ပျူတာဖြင့် CAC ဝက်ဆိုဒ်ကိုရှာကြည့်လိုက်ရာ သူ၏ပြိုင်ပွဲဝင်ပန်းချီကားက နံပါတ် ၈၂ တွင် ရှိနေကြောင်း တွေ့လိုက်ရ၏။ ယနေ့ညသန်းခေါင်ယံကျော်လျှင် မဲပေးရမည့်ချန်နယ်ကို တရားဝင်ဖွင့်လှစ်ကြမည်ပင်။


သူ ကွန်ပျူတာကို ပြန်ပိတ်လိုက်ပြီး လင်ချင်းဟယ် အောက်ချလိုက်သည့် အနက်ရောင်ခရီးဆောင်အိတ်ပေါ် တက်ထိုင်ကာ ခရီးဆောင်၏လက်ကိုင်ကို ကိုင်ပြီး ခြေထောက်များကို လင်ချင်းဟယ်၏ရှေ့၌ ချထားလိုက်သည်။ သူခေါင်းမော့ကာ လင်ချင်းဟယ်ကို စိတ်အားထက်သန်စွာ ကြည့်ရင်း ပြောလိုက်သည်။


“ ငါ ကျောင်းမသွားချင်တော့ဘူး။ မနက်ဖြန်ကျ ငါ့ကိုပါ ခရီးဆောင်အိတ်နဲ့အတူ ခေါ်သွားတော့…”


လင်ချင်းဟယ်က အတွေးများသွားပြီး အလေးအနက်ပြောလာသည်။


“ ငါ့မင်းအတွက် ခွင့်ယူပေးမယ်။ အခုချိန် လက်မှတ်ဝယ်ဖို့က သိပ်နောက်မကျသေးပါဘူး…”


ပြောပြီးသည်နှင့် သူက ဖုန်းကို တကယ်ကြီးထုတ်လိုက်ပြီး လက်မှတ်ဝယ်ရန်ပြင်နေသည်။


ထောင်ရှီးမှာ လန့်ဖျပ်သွားပြီး လင်ချင်းဟယ်၏လက်ကို အမြန်လှမ်းဆွဲလိုက်ကာ မျက်လုံးအပြူးသားနှင့် ပြောလိုက်သည်။


“ ငါက မင်းကို စနေတာပါ။ ငါအတန်းပျက်လို့ မဖြစ်ဘူး…”


သို့သော် လင်ချင်းဟယ်က အတည်ပေါက်ကြီးဖြစ်နေ၏။ သူက မျက်ခုံးပင့်၍ ထောင်ရှီးကိုကြည့်လိုက်ပြီး ရုတ်တရက် ခရီးဆောင်အိတ်ကို တွန်းလိုက်သည်။ ထောင်ရှီးမှာ လန့်ဖျပ်သွားပြီး လက်ကိုင်ကိုဖက်ထားလိုက်သည်။ သို့သော် လင်ချင်းဟယ်က သူ့ကို ကလေးလေး ကားတွန်းသလို ဧည့်ခန်းတစ်ဝိုက်၌ လှည့်ပတ်တွန်းပေးနေသည်။


ထောင်ရှီးမှာ ထိုသို့ဆော့ကစားရသည်ကလည်း အလွန်စိတ်ဝင်စားစရာကောင်းလှသည်ဟု တွေးမိပြီး သူ့အား အကြိမ်အနည်းငယ်ခန့် လှည့်ပတ်တွန်းခိုင်းလိုက်သည်။


နောက်တစ်နေ့တွင် ထောင်ရှီးက တက္ကစီငှား၍ ကျောင်းသို့တစ်ယောက်တည်းလာခဲ့သည်။ လင်ချင်းဟယ်က မနက်စောစော လေယျာဉ်ချိန်ရှိသောကြောင့် နှစ်ယောက်သားမှာ မနက်စာသာ အတူစားလိုက်ကြရသည်။


နှစ်ဆုံးစာမေးပွဲ နီးကပ်လာပြီဖြစ်သောကြောင့် ကျောင်းတစ်ကျောင်းလုံးမှာ ဖိအားများနေကြသည်။ တရစပ်ဖြေနေရသော စာမေးပွဲကြီး၊ စာမေးပွဲငယ်များက ကျောင်းသားများကို ဝရုန်းသုန်းကားဖြစ်စေသည်။ သို့သော်လည်း CAC ဝင်ခွင့်ကျရှုံးခဲ့သော ပန်းချီအတန်းမှ ကျောင်းသားများတော့ မပါဝင်ချေ။ ပန်းချီအတန်းမဟုတ်သော ဒုတိယနှစ် တန်းခွဲ(၁)မှာ CAC အကြောင်း ကြားတောင်မကြားဖူးကြပါချေ။ သို့သော်လည်း ကျိုးချန်မှာ ပန်းချီအတန်းမှဆရာက နေ့လယ်ခင်းတွင် ထောင်ရှီးအား ဂုဏ်ပြုစကားလာပြောကာ အားပေးနေသည်ကို တွေ့မိသွားလေသည်။


ထောင်ရှီးမှာ ဗိုက်ဆာနေသော်လည်း ကျိုးချန်က သူ့ကို ဆွဲခေါ်ပြီး မိနစ်နှစ်ဆယ်ခန့် စကားပြောနေလေသည်။ သူ့နားစည်တစ်ခုလုံး “မင်းတော်တယ်”၊ “လူတော်လေး” ၊ “အလားအလာကောင်းတယ်” ဟူသော စကားများဖြင့်သာ ပြည့်လျှံနေပြီး သူ့ခမျာ ဗိုက်ဆာလွန်း၍ ငိုချမိတော့မတတ်ပင် ဖြစ်လာသည်။ ကျိုးချန်က အဆုံးမှ ထောင်ရှီးထမင်းမစားရသေးကြောင်း သတိရသွားပြီး သူ့ကို အမြန်လွှတ်ပေးလိုက်သည်။


ထောင်ရှီးက ကန်တင်းသို့ ခပ်သုတ်သုတ် ထွက်လာခဲ့သည်။ သူ ကန်တင်းထဲဝင်ချိန်၌ အထဲမှထွက်လာသော ယန်လောလဲ့၊ ရွှီကျီးချီတို့နှင့် ပက်ပင်းဆုံလေသည်။ ယန်သောလဲ့က ခံစားချက်မဲ့သော မျက်နှာနှင့် သူ့အားတစ်ချက်ကြည့်လာသည်။ ရွှီကျီးချီ၏မျက်လုံးများကမူ အနည်းငယ် ရှောင်တိမ်းလိုဟန်ဖြစ်နေ၏။ ထိုနှစ်ဦးက သူ့ကိုခပ်သွက်သွက်ကျော်ကာ ထွက်သွားကြသည်။


ထောင်ရှီးမှာ ထိုနှစ်ဦး၏နောက်ကျောကို လှည့်ကြည့်လှည့်ကြည့်ဖြင့် သူ့အစားစာကတ်ကို ထုတ်ကာ စားစရာသွားယူလိုက်သည်။ ထမင်းကို ခပ်သွက်သွက်စားပြီးနောက် စာသင်ခန်းထဲသို့ ပြန်လာခဲ့ကာ နောက်ဆုံးတန်းက သူ့ခုံတွင် ပုံမှန်အတိုင်း ဝင်ထိုင်လိုက်သည်။ သို့သော် အတန်း၏လေထုအခြေအနေမှာ တစ်ခုခုမှားယွင်းနေကြောင်းကို သူ သတိထားမိလိုက်လေသည်။


အတန်းဖော်များက သူ့အား ကွက်ကြည့်ကွက်ကြည့်ဖြင့် ကြည့်နေကြပြီး သူနှင့်အကြည့်ချင်းဆုံသည်နှင့် ချက်ချင်းခေါင်းငုံ့သွားကြသည်။ လီရှောင်ယွမ်နှင့် ပိချန်ဖေးကဲ့သို့ သူနှင့် ရင်းနှီးသောကျောင်းသားများက သူ့ကို မြင်သည်နှင့် စိုးရိမ်တကြီး မျက်နှာထားများဖြင့် အပြေးရောက်လာကြသည်။


“ ရှီးကော၊ မင်းရဲ့ CAC ပြိုင်ပွဲက ဘယ်လိုဖြစ်ရတာလဲ…”


ပိချန်ဖေးက ထောင်ရှီးကို စာသင်ခန်း၏အပြင်ဘက် ကော်ရစ်တာသို့ ဆွဲခေါ်လာသည်။ သူ့မျက်နှာက ခါတိုင်းကဲ့သို့ ပြောင်စပ်စပ်မျက်နှာပေးမျိုးဖြစ်မနေဘဲ မျက်ခုံးနှစ်ခုက ထိစပ်တော့မတတ် တွန့်ချိုးနေသည်။


“ ဘာဖြစ်လို့လဲ…” ထောင်ရှီးမှာ ပိချန်ဖေး၏စကားကြောင့် အံ့အားသင့်သွားပြီး မျက်မှောင်များကြုတ်သွားရသည်။


လီရှောင်ယွမ်က ဘေးပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်ပြီး မည်သူမှရှိမနေကြောင်း အတည်ပြုပြီးသည့်အခါမှ သူ့ဖုန်းကို ထောင်ရှီး၏လက်ထဲသို့ ထည့်ပေးလိုက်ပြီး အသံတိုးတိုးနှင့်ပြောသည်။


“ ဒီ Weibo ပို့စ်ကိုကြည့်လိုက်။ အခုဆို ရှဲတဲ့လူတွေ အရမ်းများနေပြီ…”


ထောင်ရှီးက ဖုန်းကိုလှမ်းယူကာ ကြည့်လိုက်သည်။


၎င်းက စာအရှည်ကြီးရေးသားထားသော Weibo ပို့စ်တစ်ခုဖြစ်၏။ ပို့စ်တင်ထားသည်မှာ မိနစ်အနည်းငယ်ခန့်ကဖြစ်သည်။ ပို့စ်တင်သူ၏အကောင့်က အဝါရောင် V နှင့်ဖြစ်ပြီး ID မှာမူ “ဝမ်းဟွာအနုသုခုမ တက္ကသိုလ်မှ အကြောင်းအရာများ” ဟူ၍ဖြစ်၏။ ယင်းမှာ အတည်ပြုချက်ရရှိထားသော အကောင့်တစ်ခုဖြစ်ကြောင်း သိသာပေ၏။


[ အဝါရောင် V account ဆိုတာက Verified လုပ်ထားပြီးသား account ကိုပြောတာပါ]


Weibo ခေါင်းစဉ်မှာ မျက်စိကိုဖမ်းစားနိုင်သည့် ခေါင်းစဉ်မျိုးဖြစ်သည်။


“ CAC ဆန်ကာတင်စာရင်း နံပါတ် ၈၂ ပန်းချီကားက ရွှေဖလားပြိုင်ပွဲမှာ ပထမဆုရတဲ့ပန်းချီကားကို ခိုးကူးချထားတယ်”


ထောင်ရှီး၏မျက်လုံးများ မှေးကျဉ်းသွားပြီး အောက်ကိုဆက်ကြည့်လိုက်သည်။ စာအောက်တွင် သူ့ပန်းချီကားနှင့် သူတစ်ခါမှပင် မကြားဖူးသော ရွှေဖလားပြိုင်ပွဲ၏ပထမဆုရ ပန်းချီကားကို နှိုင်းယှဉ်ပြထားသည်။ ပန်းချီနှစ်ခုမှာ အရောင်အနည်းငယ် ကွာဟသည်မှအပ တစ်ထပ်တည်းတူလုနီးပါးပင်။ ပန်းချီကောက်ကြောင်းဖွဲ့စည်းပုံနှင့် ဖန်တီးမှုက တစ်ထေရာတည်းဖြစ်နေ၏။ မတူညီသော ပြိုင်ပွဲနှစ်ခုမှ ပန်းချီကားများသာ မဟုတ်ပါက ပန်းချီအကြောင်းနားမလည်သည့် လူအများစုမှာ ပန်းချီကားနှစ်ခုကို ဆော့ဝဲလ်ဖြင့် ပြန်လည်ပြင်ဆင်ထားသည်ဟုပင် ထင်ကြမည်ဖြစ်သည်။


အမည်မသိပို့စ်တင်သူက ပန်းချီကားနှစ်ခု၏ မူရင်းဆွဲသားသူများကို တိုက်ရိုက်အမည်မတပ်ထားဘဲ အတိုကောက် TX နှင့် FYD ဟူ၍သာ သုံးထားပြီး ပန်းချီနှစ်ခု၏ ထုတ်ဝေသည့် အချိန်ကို နှိုင်းယှဉ်ပြထားသည်။ သိသာစွာပင် ရွှေဖလားပြိုင်ပွဲ၏ ပထမဆုက လွန်ခဲ့သည့် တစ်ပတ်ကတည်းက ကြေညာခဲ့ပြီးဖြစ်ကာ CAC ၏ ဆန်ကာတင်စာရင်းကိုမူ မနေ့ကမှ ကြေညာထားခြင်းဖြစ်သည်။ ပန်းချီနှစ်ခု၏ထုတ်ဝေမှုအချိန်ကို တွက်ဆကြည့်ပါက ကြားထဲတွင် သိသိသာသာကို အချိန်ကွာဟနေသည်။


ပို့စ်တင်သူက FYD ၏ တက္ကသိုလ်မှကျောင်းသားဟောင်းဖြစ်ကြောင်း၊ FYD က ဆင်းရဲသောနောက်ခံမိသားစုမှ ဆင်းသက်လာကြောင်း၊ ပညာရေးတွင် မည်မျှထူးချွန်ပြီး အကျင့်စရိုက်ကောင်းမွန်ကြောင်း၊ ရွှေဖလားပြိုင်ပွဲတွင် ပထမဆုရအောင် မည်မျှကြိုးစားခဲ့ရကြောင်း…တမင်ရန်စသော စကားများကို ပုံကြီးချဲ့ကာ ရေးထားသည်။


ထောင်ရှီးက ထိုအဓိပ္ပာယ်မရှိသည့် စာများကို ဖတ်မနေဘဲ Weibo ကောမန့်ကိုသာ ဖွင့်ကြည့်လိုက်သည်။ ကောမန့်များက ထောင်ဂဏန်းပင် ကျော်နေလေပြီ။ အဆက်အသွယ်အားကောင်းသူများက အချက်အလက်များကို ချရေးထားခဲ့ပြီး ဆွဲသားသူနှစ်ဦး၏အမည်ကို တိုက်ရိုက်ဖော်ထုတ်ထားသည်။ FYD ၏အမည်မှာ ဖုန်းယာ့သုန်းဖြစ်လေသည်။


“ ငါပဲ မျက်စိမှားတာလား။ ဒါက ပုံခိုးတာတောင် မဟုတ်တော့ဘူး။ ‌copy နဲ့ paste လုပ်ထားတာကြီးမလား…”


“ CAC လို အထင်ကရပြိုင်ပွဲကြီးက ဒီလိုပန်းချီမျိုးကို ဆန်ကာတင်စာရင်း ဝင်ခိုင်းလိုက်တယ်ပေါ့။ ဒိုင်တွေရဲ့ ဦးနှောက်က ခွေးစားသွားတာလား။ ငါ အခုပဲမေးလ်ပို့ပြီးကို တိုင်ဦးမယ်…”


“ ဒီပန်းချီက တော်တော်ကောင်းပါတယ်။ ဒါပေမဲ့ ငါနားမလည်တာက ဒီပန်းချီဆွဲတဲ့သူက ဘာဖြစ်လို့ ရွှေဖလားလို ပြိုင်ပွဲသေးသေးလေးမှာပဲ ဝင်ပြိုင်တာလဲ…CAC လို ပြိုင်ပွဲကြီးမှာ ဝင်ပြိုင်သင့်တာမလား…”


“ ငါစုံစမ်းကြည့်တော့ ပုံခိုးတဲ့လူက ဝမ်းဟွာ အ.ထ.က(၁)က အထက်တန်းကျောင်းသားတစ်ယောက်တဲ့။ ဒီလိုဂုဏ်သတင်းကြီးတဲ့ ကျောင်းတစ်ကျောင်းက ဘာလို့ ဒီလိုကျောင်းသားမျိုးကို မွေးထုတ်ပေးလိုက်တာလဲ…”


“ ဝမ်းဟွာ အ.ထ.က(၁)ကျောင်းမှာ ကျောင်းတက်နိုင်ဖို့က မလွယ်ဘူး။ ဘယ်သိမလဲ သူ့မိဘတွေက နောက်ကွယ်ကလူတစ်ယောက်ကိုငှားပြီး အဲ့လူက လက်လွတ်စပယ်နဲ့ တခြားလူရဲ့ပုံကို ခိုးလာတာနေမှာပေါ…”


……


ကောမန့်များက ထိုအထိ အဆင်ပြေနေသေးသည်။ ထို့နောက်တွင်တော့ တဖြည်းဖြည်းနှင့် မိုက်မိုက်ရိုင်းရိုင်းများပါ ဆဲဆိုလာကြသည်အထိ ဆိုးရွားလာသည်။ ပြင်းထန်သော စွပ်စွဲချက်များနှင့် ဝေဖန်ပြစ်တင်မှုများက ထောင်ရှီးကိုသာ တစ်ဖက်သတ်တိုက်ခိုက်နေကြခြင်းဖြစ်၏။ ထောင်ရှီးက နောက်ခံအသိုင်းအဝိုင်းကြီးမားသည်ဟူ၍ပင် တိကျသေချာသော အချက်အလက်များနှင့် ကောလဟာလများဖြန့်နေကြသည်။


ဆင်းရဲသော ကောလိပ်ကျောင်းသားလေးက နောက်ခံအသိုင်းအဝိုင်း တောင့်တင်းသော နာမည်ကြီးကျောင်းမှ အထက်တန်းကျောင်းသားတစ်ယောက်၏ ပုံခိုးကူးခြင်းကိုခံလိုက်ရပြီး အရှိန်အဝါကြီးမားသော ပြိုင်ပွဲတွင် ဆန်ကာတင်စာရင်းဝင်ခဲ့သည်။ ယင်းက ဆတ်ဆတ်ထိမခံသော လူထုကို မီးမြိုက်လိုက်နိုင်ပြီး ဝမ်းဟွာအထက်တန်းကျောင်းမှ ကျောင်းသားမိဘများက သူတို့သားသမီးများကို စာရွက်စာတမ်းအတုများဖြင့် ကူညီပေးနေသည်ဟူ၍ပင် သတင်းအမှားများ ပျံ့နှံ့သွားလေသည်။


အားလုံးက ကောလဟာလများသာဖြစ်သော်လည်း မည်သူကမှ မှန်သည်၊ မှားသည် ဂရုမစိုက်ကြပါချေ။ အင်တာနက်ပေါ်မှ မလိုတမာစိတ်က ရူးသွပ်ကာ ဈေးပေါလှသည်။ သူတို့က သူတို့စိတ်ပျော်ဖို့အတွက် တခြားလူကို တိုက်ခိုက်ဖို့သာ ပစ်မှတ်ထားကြပြီး အမှန်တရားက ဘာဖြစ်ဖြစ် အရေးမကြီးပါချေ။


ထောင်ရှီးက Weibo ပို့စ်ကို မျက်နှာသေဖြင့် ကြည့်ရင်း account အကြီးနှင့် သုံးလေးယောက်ကပါ ရှဲထားသည်ကို တွေ့လိုက်ရသည်။ စကားလုံးများက ပြင်းထန်လာပြီး ယမ်းမှုန့်များဖြင့် ပြည့်နှက်နေသည်။ ထို့အပြင် နောက်ဆုံးအတည်ပြုချက်ထွက်မလာသေးသောကြောင့် လူထု၏စိုးရိမ်မှုများကိုလည်း မြင့်တက်လာစေခဲ့သည်။


“ ရှီးကော၊ ငါတို့ မင်းကို လုံးဝယုံတယ်။ တစ်ယောက်ယောက်က မင်းကို အကောက်ကြံတာပဲဖြစ်ရမယ်…”


ပိချန်ဖေးက မခံမရပ်နိုင်စွာ ပြောလာသည်။ သူ့စိတ်ထဲတွင် ထောင်ရှီးက ယခုလိုကိစ္စမျိုးကို မလုပ်လောက်ဟု သေချာသည်။


လီရှောင်ယွမ်မှာ ထောင်ရှီးက မကောင်းသောမှတ်ချက်များကို မြင်သွားမည်စိုးသဖြင့် ထောင်ရှီး၏လက်ထဲမှ ဖုန်းကို အမြန်ပြန်ယူလိုက်သည်။ အမှန်တွင် သူ့မှာ ဘာတွေဖြစ်နေလဲကို သေချာနားမလည်သေးသော်ငြား ထောင်ရှီးကို အားပေးစကားပြောလိုက်သည်။


“ ဟုတ်တယ်။ ငါတို့ တန်းခွဲ(၁)က မင်းဘက်မှာရှိတယ်…”


ထိုနှစ်ယောက်သားက ထောင်ရှီးကို ဝိုင်း၍ နှစ်သိမ့်ပေးလာကြပြီး သူ၏ကျောကို အပြန်ပြန်အလှန်လှန်ပုတ်ကာ အားပေးစကားပြောနေကြသည်။ သူတို့မှာ ထောင်ရှီး ဝမ်းနည်းနေမည်ကို စိုးရိမ်နေကြသော်လည်း တစ်ဖက်လူကမူ အစမှအဆုံးထိ တစ်လျှောက်လုံးတည်ငြိမ်နေသည်ကို သတိထားမိလိုက်လေ၏။ သူက Weibo ပို့စ်ကို ဖတ်စဉ်ကသာ မျက်မှောင်အနည်းငယ်ကြုတ်နေခဲ့သည်။


ထိုစဉ်က ထောင်ရှီး၏ဆဲလ်ဖုန်းက အသံမြည်လာသည်။ သူ ထုတ်ကြည့်လိုက်သောအခါ ဖုန်းခေါ်ဆိုလာသူမှာ လင်ချင်းဟယ်ဖြစ်နေသည်။ အရှေ့မှလူနှစ်ယောက်ကို ကျေးဇူးတင်စကားဆိုလိုက်ပြီးနောက် သူက ဖုန်းကိုကိုင်ကာ ခပ်ဝေးဝေးသို့ ထွက်လာခဲ့သည်။


“ ထောင်ရှီး၊ ငါ မင်းအတွက် ခွင့်ယူပေးထားတယ်။ အခု တက္ကစီငှားပြီး အိမ်ကိုအရင်ပြန်။ ဖုန်းကိုလုံးဝမကြည့်နဲ့။ အိမ်မှာ ငါ့ကိုစောင့်နေ။ နေ့လယ်ခင်းလောက်က ငါပြန်လာခဲ့မယ်။ ဘာဖြစ်နေလဲ ငါအကုန်သိပြီးပြီ။ မကြောက်နဲ့…မကြာခင် အားလုံးဖြေရှင်းပြီးသွားမှာပါ…”


လင်ချင်းဟယ်၏စကားသံက အနည်းငယ် အလောတကြီးနိုင်နေသည်။ သို့တိုင် လေသံကမူ ယခင်အတိုင်း တည်ငြိမ်နေဆဲပင်။


ထောင်ရှီးက ကော်ရစ်တာထောင့်ချိုးသို့ ထွက်လာကာ လသာဆောင်အပြင်မှ သစ်ကိုင်းခြောက်များကို ကြည့်ရင်း လင်ချင်းဟယ်အား ပြောလိုက်သည်။


“ မပြန်လာခဲ့နဲ့။ မနက်ဖြန် စာမေးပွဲကိုသာ စိတ်အေးအေးနဲ့ဖြေ။ ဒီကိစ္စကို ငါဖြေရှင်းနိုင်တယ်…”


လင်ချင်းဟယ်က စကားရပ်သွားပြီး စောဒကတက်လိုက်၏။ “ ငါ လေယျာဉ်လက်မှတ်ဝယ်ပြီးသွားပြီ…”


ထောင်ရှီးက ပင့်သက်ရှိုက်လိုက်ပြီး တိတ်ဆိတ်သွားကာ ခဏကြာမှ ခေါင်းမာစွာ ပြောလိုက်သည်။


“ ငါမင်းကို ပြိုင်ပွဲပြီးမှ ပြောပြချင်ခဲ့တာက ပြိုင်ပွဲမှာ မင်းကို သက်ရောက်မှုမရှိစေချင်လို့ပဲ။ တကယ်လို့ မင်းအခု ပြန်လာခဲ့ရင် ငါစီစဉ်ထားသမျှက အလဟဿဖြစ်ကုန်တော့မှာ…”


သူ့စကားဆုံးဆုံးချင်းတွင် သူ့ပုခုံးကို တစ်စုံတစ်ယောက်က လာပုတ်လေသည်။ သူ ခေါင်းလှည့်ကာ ကြည့်လိုက်သော် မျက်နှာထားတည်တည်နှင့် ချောင်ယီထန်ကို တွေ့လိုက်ရသည်။ သူမက အသံတိုးတိုးနှင့် ပြောလာသည်။


“ အဖိုးက နင့်ကို အခေါ်လွှတ်လိုက်တယ်…”


ထောင်ရှီးက ခေါင်းညိတ်ပြလိုက်ကာ လင်ချင်းဟယ်ကို စကားဆက်ပြောလိုက်သည်။


“ တကယ် ငါ့ကို ယုံပါ။ ငါ ဂရုစိုက်ပြီး လုပ်ပါ့မယ်။ မင်းသာ စိတ်အေးအေးနဲ့ စာမေးပွဲကိုဖြေနော်။ မင်း တစ်နိုင်ငံလုံးအဆင့် ပထမဆုရတာကို ငါမြင်ချင်သေးတယ်…”


သူ လင်ချင်းဟယ်ကို မိနစ်အတော်ကြာ အကြိမ်ကြိမ်ဖျောင်းဖျနေသည့်တိုင် လင်ချင်းဟယ်က လက်ခံချင်သေးပုံမရချေ။ သို့သော်လည်း သူက WeChat ကနေ လူတစ်ယောက်၏လုပ်ငန်းလိပ်စာကတ်ပြားကို ပို့ပေးလာသည်။ ထိုလူ၏အမည်မှာ စူးယွင်ဖြစ်လေ၏။


ထောင်ရှီးက WeChat ကိုဖွင့်လိုက်သည့်အခါ သူ့အတန်းဖော်များထံမှ မက်ဆေ့ချ်များစွာ ဝင်နေကြောင်းကို တွေ့လိုက်ရ၏။ အချို့က သူ့ကိုယုံကြောင်း ပြောထားကာ၊ အချို့က သူ့ကို အားပေးစကားပြောကြသည်။ အချို့ကမူ သူ့အစား မကျေမနပ်ဖြစ်နေကြသည်။


သူ အနည်းငယ် အံ့အားသင့်သွားရသည်။ သူ ဤအတန်းသို့ရောက်သည်မှာ ခြောက်လတောင်မရှိသေးသော်လည်း အတန်းဖော်များ၏ ယုံကြည်မှုများကို ရရှိနေလိမ့်မည်ဟု မထင်ထားခဲ့ပါချေ။


သူ တက္ကစီငှားလိုက်ပြီး စူးယွင်၏ WeChat ကို အပ်လိုက်သည်။ စူးယွင်က ဖုန်းယာ့သုန်း၏ ကိုယ်ရေးအချက်အလက်များနှင့် အရင်က ပန်းချီများအပါဝင် သတင်းအချက်အလက်တစ်ပုံတစ်ပင်ကို သူ့ထံ ပို့ပေးလာသည်။ သူ အစမှအဆုံးထိ သေချာဂရုတစိုက် ဖတ်ကြည့်သည်။ ဤလူက အမှန်တကယ်ကို ဆင်းရဲနွမ်းပါးသော ကျောင်းသားတစ်ယောက်ဖြစ်ပြီး ဝမ်းဟွာ အနုသုခုမတက္ကသိုလ်တွင် ဒုတိယနှစ်တက်ရောက်နေသည်။ ထို့အပြင် ပန်းချီပြိုင်ပွဲများစွာတွင်လည်း ယှဉ်ပြိုင်ခဲ့ဖူးသည်။ သူ့ကိုယ်ရေးအကျဉ်းကိုကြည့်လိုက်သည်နှင့် သိပ်မဆိုးဟု ဆိုရမည်။


ချောင်ယီထန်က ဘေးတွင်ထိုင်၍ Weibo ပို့စ်မှ ကောမန့်များကို ဖတ်နေသည်။ ယခုအခါ ကောမန့်များက နှစ်ဆဖြစ်သွားပြီဖြစ်၏။ နောက်ဆုံးကောမန်များဆိုလျှင် ဆိုးဆိုးဝါးဝါးကို ဆဲရေးထားကြသည်။ သူမမှာ မျက်လုံးများနီရဲလာပြီး ထိုကောမန့်များကို ဆွဲဖြဲချင်စိတ်ပေါက်လာသည်။ သို့သော် ခဏစဉ်းစားပြီးနောက်တွင် စိတ်ကိုပြန်ထိန်းလိုက်ကာ အသံတိုးတိုးနှင့် ဆဲရေးလိုက်သည်။


ထောင်ရှီးက ချောင်ယီထန်ကို ခေါင်းစောင်းကြည့်ကာ စိတ်အေးလက်အေးပြောလာသည်။


“ အဲ့ဒါတွေမကြည့်နဲ့တော့။ သူတို့ဆဲချင်ဆဲကြပါစေ…”


ချောင်ယီထန်မှာ ဆွံ့အသွား၏။ ဒေါသအထွက်ဆုံးဖြစ်နေသင့်သည့် ဤလူက တည်ငြိမ်နေကာ ထိတ်ပျာမှုအနည်းငယ်မှပင် ရှိမနေပါချေ။ သူမက ဒေါသထွက်စွာပြောလိုက်သည်။


“ နင် စိုးရိမ်စိတ်လေးတောင် မဖြစ်ဘူးလား…ခုဏက နင် လင်ချင်းဟယ်နဲ့ဖုန်းပြောနေတုန်းက တည်ငြိမ်နေတာမြင်တော့ လင်ချင်းဟယ် စိတ်ပူနေမှာစိုးလို့ တည်ငြိမ်ချင်ယောင်ဆောင်နေတာလို့ ထင်ခဲ့တာ။ တကယ်တော့ နင်က နည်းနည်းလေးမှ စိတ်ပူမနေဘူးပဲ…”


သူမမှာ စိုးရိမ်ပူပန်လွန်း၍ သေမတတ်ဖြစ်နေလေပြီ။ ပန်းချီဒီဇိုင်းကို ခိုးယူခြင်းက ရှင်းလင်းရန် မလွယ်ကူဆုံးကိစ္စဖြစ်သည်။ ထိုသို့သတင်းတစ်ခေါက်ထွက်လိုက်သည်နှင့် တစ်ဘဝလုံးစာ ဂုဏ်သတင်းညှိုးနွမ်းသွားပြီဖြစ်၏။ ထောင်ရှီးက ပြည်ပနိုင်ငံတွင် ကျောင်းလျှောက်ရန် စီစဉ်နေသည်။ အကယ်၍ သူသာ CAC ပြိုင်ပွဲ ထိုသို့နာမည်ပျက်မျိုးရသွားခဲ့ပါက မည်သည့်ကျောင်းမှ သူ့ကို လက်ခံတော့မည်မဟုတ်ချေ။


“ ကျွန်တော်မှ အမှားမလုပ်ထားတာ…”


ထောင်ရှီးက ချောင်ယီထန်ကို ပြုံးပြလိုက်သည်။ သူ ကားနံရံကိုကျောမှီရင်း မျက်လုံးပင့်ကာ ရွှေဖလားပြိုင်ပွဲ၏ပထမဆုရသည့် ပန်းချီကားကို ဖုန်းဖြင့်ကြည့်လိုက်သည်။ အတန်ကြာသည်အထိ စေ့စေ့ပေါက်ပေါက်ကြည့်ပြီးသော် WeChat လိပ်စာစာရင်းထဲတွင် လူတစ်ယောက်၏ WeChat ID ကို ရှာတွေ့သွားသည်။ ထိုလူ၏ moments ထဲသို့ ဝင်ကြည့်လိုက်သည့်အခါ ဆယ်ဖီပုံများထဲမှ ပန်းချီပုံတစ်ချို့ကိုလည်း တွေ့လိုက်ရလေသည်။


________________________