အပိုင်း ၅၆
Viewers 8k

The Moon Is Coming To Me

Chapter-56.1


ချောင်ယီထန်မှာ ထိပ်ဆုံးသို့ ရောက်ရှိသွားသော ထို Weibo ပို့စ်ကြည့်ရင်း လမ်းတစ်လျှောက်လုံး ရင်တထိတ်ထိတ်နှင့် စိုးရိမ်နေခဲ့ရသည်။ ကောမန့်တွင် လူများသည်ထက်များလာပြီး ထောင်ရှီးအား အရမ်းကာရော စော်ကားမော်ကား ပြောဆိုထားကြသည်။ သည့်အပြင် ဝမ်းဟွာ အ.ထ.က(၁) ကျောင်းနှင့် CAC ပြိုင်ပွဲစီစဉ်သူများကိုပါ ပြစ်တစ်ရှုံ့ချနေကြလေ၏။


သူမ ထောင်ရှီးကို လှည့်ကြည့်လိုက်သော် ထောင်ရှီးက ကားနောက်ခုံပေါ်ကျောမှီကာ မျက်လုံးများမှိတ်လျက် အနားယူနေသည်။ သူမမှာ ဖုန်းကို ဒေါသတကြီး ပိတ်ပစ်လိုက်သည်။ ဤကောင်လေးက လင်ချင်းဟယ်၏ဓာတ်ကူးသွားတာပဲဖြစ်ရမည်၊ ဤမျှကြီးမားသော ကိစ္စကိုပင် လျစ်လျူရှုနေနိုင်သည်။


အဆုံးတွင် တက္ကစီက ချောင်အိမ်သို့ရောက်ရှိသွားခဲ့သည်။ ချောင်ယီထန်နှင့် ထောင်ရှီးလည်း ကားပေါ်မှ ဆင်းလိုက်ကြ၏။ သူမက ထောင်ရှီးကို ဆွဲထုတ်ပြီး သူမ၏အဖိုးကိုအကြောင်းစုံတင်ပြကာ အဖြေရှာရန် အိမ်တံခါးထဲသို့ ဝင်လာခဲ့သည်။ သို့သော် ချောင်ဟယ့်နျန်က ထောင်ရှီးကို မြင်သည်နှင့် နားရွက်ကိုလိမ်ဆွဲရင်း ဆူငေါက်လေတော့သည်။


“ ကောင်စုတ်လေး၊ ပြိုင်ပွဲအတွက် ပုံကြမ်းတွေကို သူများရှေ့မှာမဆွဲပါနဲ့၊ အပြင်မသွားခင် ပန်းချီကားကို သေချာအုပ်ထားခဲ့ပါ၊ ဖြစ်သလို မထားခဲ့ပါနဲ့လို့ ငါမင်းကို ဘယ်နှခါပြောထားလဲ…။ ဒါပေမဲ့ နားမထောင်ခဲ့ဘူးမလား…။ အခုတော့ကောင်းရော…မင်းပုံကို သူများက ခိုးသွားရုံတင်မကဘူး ဖြတ်ရိုက်တာခံပါခဲ့ရပြီမလား…”


ထောင်ရှီး၏မျက်နှာပေါ်မှ တည်ငြိမ်မှုများမှာ ပျောက်ခြင်းမလှပျောက်ကုန်ပြီး သက်ညှာပေးရန် ကပျာကယာတောင်းပန်ရတော့သည်။


“ ကျွန်တော်မှားပါတယ်။ ကျွန်တော်မှားပါတယ်အဖိုး…”


ဧည့်ခန်းထဲတွင် ကြက်တူရွေးကို စနောက်နေသည့် ကျုံးချိုးရှန်က အပြင်ထွက်လာပြီး ထောင်ရှီးကို အေးဆေးစွာ ပြောလာသည်။


“ ငါ ဒီနှစ် အကဲဖြတ်ဒိုင်လူကြီးအဖွဲ့ရဲ့ ဥက္ကဋ္ဌနဲ့ စကားပြောကြည့်ပြီးပြီ။ ခနနေ မင်း သူတို့နဲ့ ဗီဒီယိုကွန်ဖရင့် လုပ်တဲ့အခါ သူတို့ကို သက်သေအထောက်အထားတွေနဲ့ ပန်းချီကားအတွက် အကြံဉာဏ်ရလာပုံကိုပါ ပြောပြလိုက်ပါ။ သူတို့ နားလည်သွားကြပါလိမ့်မယ်…”


ချောင်ဟယ့်နျန်က ထောင်ရှီး၏နားရွက်ကို လွှတ်လိုက်ပြီး သူ့ကျောကုန်းကို တစ်ချက်ရိုက်လိုက်ပြန်သည်။


“မင်းလုပ်ထားတဲ့ မူပိုင်ခွင့်လက်မှတ်ကို သွားယူချည်သွား…”


ထောင်ရှီးက အပေါ်ထပ်ကို ခပ်သုတ်သုတ် ပြေးတက်သွားသည်။


ချောင်ယီထန်မှာ လက်ရှိအခြေအနေကို နားမလည်နိုင်သေးဘဲ သူမ၏အဖိုးနှင့် ဘာကြောင့်မှန်းမသိ ရောက်နေသည့် ကျုံးချိုးရှန်ကို ကြည့်ရင်း ကြောင်အမ်းအမ်းနှင့် မေးလိုက်သည်။


“ ဘာမူပိုင်ခွင့်လက်မှတ်လဲ…”


ထောင်ရှီးက မူပိုင်ခွင့်လက်မှတ်နှင့်အတူ အပေါ်ထပ်မှ ပြန်ဆင်းလာပြီး CAC ပွဲစီစဉ်သူအဖွဲ့၏ အကဲဖြတ်ဒိုင်လူကြီးများနှင့် ဗီဒီယိုကွန်ဖရင့်တက်ရောက်ရန်အတွက် ကျုံးချိုးရှန်ကို မေးစရာရှိတာ မေးမြန်းနေသည်။ အဆုံးတွင် ချောင်ယီထန်မှာ သူမ၏အဖိုးထံမှ အကြောင်းစုံကို သိရှိလိုက်ရသည်။


လွန်ခဲ့သည့် လဝက်ခန့်က ထောင်ရှီးသည် ပြိုင်ပွဲအတွက် ပုံကြမ်းကိုဆွဲပြီးပြီးချင်း ချောင်အိမ်သို့ ရောက်လာခဲ့သည်။ ထို့နောက် ချောင်ဟယ့်နျန်နှင့်အတူ ပန်းချီကား၏ မူပိုင်ခွင့်ကို မှတ်ပုံတင်ခဲ့သည်။ ပန်းချီကားပြီးစီးသွားသည်နှင့် ပန်းချီဖန်တီးသူမှာ မူပိုင်ခွင့်ကို အလိုအလျောက် ပိုင်ဆိုင်သွားလေပြီ။ သို့သော်လည်း ထိုမူပိုင်ခွင့်ကို လူသိရှင်ကြား ထုတ်ပြမထားပါက ပန်းချီကားမှာ ဖန်တီးသူ၏ မူရင်းလက်ရာဖြစ်ကြောင်းကို သက်သေပြရခက်ခဲသွားတတ်၏။ ထိုဟာကွက်ကို အခွင့်ကောင်းယူ၍ တစ်ပါးသူ၏ကြိုးစားအားထုတ်မှုကို ခိုးယူကြခဲ့သည့် ဥပမာများလည်း မရေမတွက်နိုင်အောင် ရှိခဲ့သည်။


ထောင်ရှီးက ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်သောကြောင့် သူ့ပန်းချီကို လူသိရှင်ကြား ကြိုတင်ထုတ်ပြ၍ မရနိုင်ခဲ့ပေ။ သို့သော် သူက မူပွင်ခွင့်ကို မှတ်ပုံတင်ထားခဲ့သဖြင့် အခြေအနေက ကွဲပြားသွားခဲ့သည်။ မူပိုင်ခွင့်လက်မှတ်ထဲမှ ပန်းချီကားပြီးစီးသည့်ရက်စွဲသည် ရွှေဖလားပြိုင်ပွဲမှ ဖုန်းယာ့သုန်း၏ ပန်းချီကို ထုတ်ပြန်ကြေညာသည့်ရက်စွဲထက် များစွာပိုစောလေသည်။ ထို့အပြင် ဖုန်းယာ့သုန်းက မည်သည့်သက်သေအထောက်အထားကိုမှ သူ့ထက်စော၍ မကြေညာခဲ့ဖူးပါချေ။


ဤမျှသာမကသေး ထိုနေ့က ထောင်ရှီးမှာ ချောင်ဟယ့်နျန်နှင့်အတူ ကျုံးချိုးရှန်ဆီသို့ သွားရောက်လည်ပတ်ဖြစ်ခဲ့လေ၏။ ဤပန်းချီဆရာ အကျော်အမော်ကြီးမှာ CAC အကဲဖြတ်ဒိုင်လူကြီးအဖွဲ့၏ ဥက္ကဋ္ဌနှင့် အကြံပေးပုဂ္ဂိုလ်အဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ ယခုလို CAC ထံသို့ တိုင်ကြားစာများစွာ လက်ခံရရှိနေချိန်၌ ကျုံးချိုးရှန်သာ ထောင်ရှီးအား အာမခံချက်ပေးမထားပါက ပြည်သူလူထု၏ဖိအားကြောင့် ထောင်ရှီး၏ပန်းချီကားကို ထုတ်ပယ်ပစ်လိုက်ကြမည်မှာ သေချာသလောက်ရှိလေသည်။


အစည်းအဝေးက နာရီဝက်ခန့်ကြာမြင့်သည်။ အစည်းအဝေးတစ်လျှောက်လုံးတွင် ထောင်ရှီးက အကဲဖြတ်ဒိုင်လူကြီးများနှင့် ကင်မရာရှေ့တွင် တစ်နှစ်ယောက်တည်းစကားပြောရသည်။ ကျုံးချိုးရှန်ကမူ ခပ်ဝေးဝေးတွင် ထိုင်လျက် လှမ်းအကဲခတ်နေသည်။


ယခုနှစ် ဒိုင်လူကြီးအဖွဲ့၏ ဥက္ကဋ္ဌဖြစ်သူ ထန်ရှန်းမှာ ကျုံးချိုးရှန်၏တပည့်ဖြစ်သော်လည်း ကိုယ်ရေးကိုယ်တာ ခံစားချက်ဖြင့် ထောင်ရှီးအား မျက်နှာသာပေးခြင်းမပြုဘဲ မျက်နှာတည်တည်ဖြင့်သာ မေးခွန်းများစွာကို မေးနေခဲ့သည်။ ဖြစ်စဉ်တစ်လျှောက်လုံးတွင် ထောင်ရှီးက တည်ငြိမ်အေးဆေးစွာပင် သူ၏ဖန်တီးမှုအကြံဉာဏ်ကို ခရေစေ့တွင်းကျပြောပြနိုင်ခဲ့ပြီး “သက်သေအထောက်အထား” များစွာကိုလည်း တင်ပြနိုင်ခဲ့သည်။


သက်သေအထောက်အထားများထဲမှ တစ်ခုက အကဲဖြတ်ဒိုင်လူကြီးများ၏မျက်နှာပေါ်မှ သံသယများကို ကင်းရှင်းသွားစေသည်။ ထန်ရှန်းကပင် ထောင်ရှီးအား အရွှန်းဖောက်ပြောလာခဲ့၏။


“ မင်းက သိပ်ငယ်သေးပေမယ့် အကုန်လုံးကို သေချာပြင်ဆင်ထားခဲ့တာပဲ။ အခုလိုဆို မင်းကို အသေရေဖျက်နေကြတဲ့လူတွေ ဘာစကားမှ ပြောနိုင်ကြမှာမဟုတ်တော့ဘူး…”


အစည်းအဝေးပြီးသွားသောအခါ ချောင်ယီထန်က စာကြည့်ခန်းထဲသို့ ကမန်းကတန်း ဝင်လာကာ ထောင်ရှီးကို မေးသည်။


“ ဒိုင်လူကြီးအဖွဲ့က ဘာပြောလဲ...။ သူတို့ နင့်ကို ယုံကြတယ်မလား…”


ထောင်ရှီးက ခေါင်းညိတ်ပြကာ တည်ငြိမ်စွာပြောလိုက်သည်။


“ ကျွန်တော့်ပန်းချီကားက ဆက်ပြိုင်လို့ရတယ်…”


ချောင်ယီထန်မှာ သက်ပြင်းမောကြီးချလိုက်မိပြီး ခုန်ပေါက်မိလုမတတ် ပျော်ရွှင်သွားရသည်။


“ ကောင်းတယ်။ နင် ဆီမီးဖိုင်နယ်အထိ ဆက်ပြိုင်လို့ရပြီ…”


ထောင်ရှီးက ကျုံးချိုးရှန်ကို တလေးတစား ကျေးဇူးတင်လိုက်သည်။ ယခုကိစ္စက ကျုံးချိုးရှန်၏ အကူအညီကြောင့်သာ အဆင်ပြေသွားခဲ့ခြင်းဖြစ်၏။ ကျုံးချိုးရှန်က ထောင်ရှီး၏ပုခုံးကို ကြင်နာစွာပုတ်ကာ အပြုံးနှင့် ဆိုလာ၏။


“ အင်တာနက်ပေါ်က ကိစ္စကိုတော့ ငါမင်းကို မကူညီနိုင်တော့ဘူး။ မင်း ကိုယ့်ဟာကိုယ် ဖြေရှင်းနိုင်လိမ့်မယ်လို့ ငါယုံတယ်…”


ထောင်ရှီးက ကျုံးချိုးရှန်ကို အောက်ထပ်မှဧည့်ခန်းသို့ လိုက်ပို့ပေးပြီးနောက် စာကြည့်ခန်းထဲသို့ ပြန်လာကာ Weibo ပို့စ်အား တန်ပြန်တိုက်ခိုက်ရမည့် အစီအစဉ်ကို ချောင်ယီထန်နှင့်အတူ တိုင်ပင်လေသည်။


“ ဒီမူပိုင်ခွင့်လက်မှတ်ရှိတာနဲ့တင် လုံလောက်နေပြီလေ။ ဖုန့်ယာ့သုန်းမှာ နင့်ထက်အရင် ထုတ်ပြန်ဖူးတဲ့ သက်သေအထောက်အထားမှ မရှိတာ…”


ချောင်ယီထန်က ကွန်ပျူတာရှေ့တွင်ထိုင်လျက် Weibo ပို့စ်အရှည်ကြီးတစ်ခုကို ရေးနေပြီး ပထမရေးသွင်းချက်ထဲတွင် မူပိုင်ခွင့်လက်မှတ်ပုံကို ထည့်ရင်း ပြောလာသည်။


“ ဒါပေမဲ့ သူ မဟုတ်တမ်းတရားတွေ ဆက်ပြောလာနိုင်တယ်။ သူ့ရဲ့ပန်းချီပုံကြမ်းကို အထောက်အထားမချန်မိခဲ့တာက သူ့ရဲ့ပေါ့ဆမှုကြောင့်ပါတို့ဘာတို့ပေါ့။ ပြီးရင် ဒုံးရင်းဒုံးရင်းအတိုင်းပဲ ပြန်ဖြစ်နေလိမ့်မယ်…”


ထောင်ရှီးက ဘေးတွင် မေးထောက်ထိုင်ရင်း တည်ငြိမ်စွာ ခွဲခြမ်းစိတ်ဖြာပြနေသည်။


ချောင်ယီထန်က မျက်မှောင်ကြုတ်သွားပြီး တစ်ဒင်္ဂမျှ အတွေးများသွားသည်။ ထောင်ရှီး၏စကားက မှန်၏။ ဥပဒေအရဆိုလျှင် ထောင်ရှီးတွင် မူပိုင်ခွင့် အပြည့်အဝရှိသောကြောင့် တစ်ဖက်လူကို ဥပဒေချိုးဖောက်မှု၊ အသေရေဖျက်မှုဖြင့် တိုက်ရိုက်တရားစွဲဆိုနိုင်သည်။ သို့သော် တစ်ဖက်လူက ရေတပ်အမြောက်အမြားကို ဝယ်ယူထားသည်မှာ သိသာပြီး သူ့ကိုယ်သူ အပြစ်ကင်းသူအဖြစ်ဟန်ဆောင်ကာ အင်တာနက်ပေါ်တွင် သွားပုတ်လေလွင့်သတင်းများ ဆက်လွှင့်နေသည်။ ယင်းက ထောင်ရှီး၏ မူပိုင်ခွင့်မှတ်ပုံတင်ထွက်လာခဲ့ပါက မဟုတ်မမှန်သတင်းများ လုပ်ကြံပြောဆိုရန် ကြိုတင်အကွက်ချစီစဉ်ထားခြင်းဖြစ်နိုင်သည်။ စင်စစ်တွင် ယခင်ကလည်း ထိုကဲ့သို့သောအဖြစ်အပျက်မျိုး ကြုံခဲ့ဖူးသည်ပင်။


သူမ အပြင်းအထန်တွေးတောနေစဉ် ရုတ်တရက်ဆိုသလို ထောင်ရှီးက မောက်စ်ကို ကိုင်လိုက်ပြီး သူကိုယ်တိုင် ဖန်တီးရေးဆွဲထားသည့် ပန်းချီကားကို ဖွင့်လိုက်သည်။ ပန်းချီကားက ကွန်ပျူတာစခင်ရင်တစ်ခုလုံးကို ပြည့်နှက်သွားလေ၏။


“ ပန်းချီကို သေချာကြည့်ကြည့်၊ တစ်ခုခုရှာတွေ့လား…” ထောင်ရှီးက နှုတ်ခမ်းများ ကွေးညွှတ်စွာပြုံးရင်း သူမကို လှည့်ကြည့်လိုက်သည်။


ချောင်ယီထန်က ပန်းချီကားကို တွေဝေစွာ စိုက်ကြည့်လိုက်၏။ ယင်းက “မိမိ” ဟုအမည်ရသော စိတ္တဇဆန်ဆန် ဆီဆေးပန်းချီကားဖြစ်သည်။ ဤပန်းချီကို သူမ အကြိမ်ပေါင်းများစွာလည်း ကြည့်ခဲ့ဖူး၏။ ဆီဆေးပန်းချီကား၏ အသွင်သဏ္ဌာန်မှာ ရှုပ်ထွေးနေသော မျက်နှာပြင်ပေါ်တွင် မညီညာသောမျည်းကြောင်းများ၊ ဂျီဩမေတြီသင်္ကေတများက အရှိန်ဖြင့် ရွေ့လျားရင်း အချင်းချင်း တိုက်မိနေကြပုံဖြစ်၏။ ဒြပ်ပေါင်းစုဆေးရောင်စုံများစွာကို အခြေခံ၍ မိမိကိုယ်မိမိနှင့် စကြဝဠာကို စူးစမ်းရှာဖွေနေသည့်ပုံကို ပုံဖော်ထားခြင်းဖြစ်ပေသည်။


ချောင်ယီထန်က ခဏကြာ စူးစိုက်ရှာဖွေအပြီးတွင် ပန်းချီကား၏ ညာဘက်အောက်ထောင့်ရှိ မျဉ်းကြောင်းမှ တစ်စုံတစ်ခုကို ရုတ်တရက် သတိထားမိသွား၏။ ၎င်းက အလွန့်ကို အရွယ်အစားသေးငယ်လှပြီး ပန်းချီနှင့် ရောယှက်နေကာ သေချာမကြည့်ပါက မြင်ရမည်မဟုတ်ပါချေ။


“ ဒါက…” ချောင်ယီထန်က ပန်းချီကား၏ညာဘက်အောက်ထောင့်ကို လက်ညှိုးထိုးပြလိုက်သည်။


ထောင်ရှီးက ကုလားထိုင်နောက်ကို ကျောမှီလိုက်ပြီး အေးအေးလူလူပင် ပြောလာ၏။


“ အဲ့ဒါ Morse code နဲ့ရေးထားတဲ့ ကျွန်တော့်ရဲ့လက်မှတ်ပဲ…”


ချောင်ယီထန်မှာ သူမ Morse code ကိုနားလည်နိုင်ကြောင်း ရုတ်တရက် သတိရသွားသည်။ ညာဘက်အောက်ထောင့်တွင် မျဉ်းကြောင်းများ၏အထူနှင့်အလျားက အစီအစဉ်မကျစွာရှိနေသော်လည်း Morse code အရ အင်္ဂလိပ်အက္ခရာငါးလုံးကို ပုံဖော်နေ၏- TAOXI ဟူ၍ပင်။


ဆီဆေးပန်းချီဆရာများက လက်မှတ်ကို ပုံစံအမျိုးမျိုးဖြင့် ရေးထိုးတတ်ကြသည်။ အချို့ပန်းချီဆရာများက ပန်းချီကား၏ထောင့်တွင် လက်မှတ်ရေးထိုးလေ့ရှိကြပြီး  အချို့ကမူ ပန်းချီကားပါပစ္စည်းများနှင့် အပြောက်အမွမ်းများပေါ်တွင် ရေးထိုးတတ်လေ့ရှိကြ၏။ ဥပမာအားဖြင့် Vam Gogh ၏ နေကြာပန်း ဆီဆေးပန်းချီကားတွင် လက်မှတ်ကို ကြွေထည်ပန်းအိုးပေါ်၌ ရေးထိုးထားလေသည်။ ထောင်ရှီးက နာမည်ကို တိုက်ရိုက်ရေးထိုးထားခြင်းမရှိဘဲ ပန်းချီထဲတွင်သာ Morse code ဖြင့် ရေးထိုးခဲ့ခြင်းဖြစ်သည်။


ချောင်ယီထန်က ကွန်ပျူတာမှတစ်ဆင့် ဖုန်းယာ့သုန်း၏ပန်းချီကားကို အလျင်အမြန်ရှာကြည့်လိုက်သည်။ ပန်းချီကား၏ညာဘက်အောက်ထောင့်ကို ပုံကြီးချဲ့၍ ကြည့်အပြီးတွင် ဤလူက ထောင်ရှီး၏ပန်းချီကို တစ်သဝေမတိမ်း ခိုးကူးထားပြီး ထောင်ရှီး၏ လက်မှတ်ကိုပါ ထည့်ဆွဲထားကြောင်း တွေ့လိုက်ရလေ၏။


“ ဒီနာမည်က အကဲဖြတ်ဒိုင်လူကြီးအဖွဲ့ ကျွန်တော့်ကိုယုံရတဲ့ အဓိကအကြောင်းအရင်းပဲ…”


ထောင်ရှီးက “ပန်းချီအတု” ပေါ်မှ လက်မှတ်ကိုကြည့်ရင်း အူမြူးစွာပြောလိုက်သည်။


ပန်းချီကို ခိုးယူ၍ရသလို၊ အစားထိုး၍လည်း ရနိုင်သည်။ လူသိရှင်ကြားကြေညာသည့် ရက်စွဲကပင် မရှင်းမလင်းဖြစ်နေနိုင်သေးသည်။ သို့သော် ဖန်းတီးသူ၏လက်မှတ်ကိုတော့ ကပြောင်းကပြန်လုပ်၍ မရနိုင်သလို၊ ထိုနာမည်ကလည်း ကာယကံရှင်မှလွဲ၍ မည်သူ့အပိုင်မှမဟုတ်ပါချေ။


ချောင်ယီထန်မှာ ကုလားထိုင်ပေါ်ကို ပစ်လဲချလိုက်ပြီး အူလှိုက်သည်းလိုက်ရယ်တော့သည်။


“ ဖုန်းယာ့သုန်းက ပန်းချီကို ပုံတူကူးပြီး ဆွဲထားတယ်သာဆိုတယ်…လက်မှတ်ကိုပါ တကယ်ကြီး တစ်ထေရာတည်း ဆွဲထားတာပဲ။ နည်းနည်းလေးတောင် မပြောင်းထားဘူး…”


ထောင်ရှီးက ရေတစ်ငုံသောက်လိုက်ရင်း ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။


“ ဒီပန်းချီက သူဆွဲတာမဖြစ်နိုင်ဘူး။ သူ့ရဲ့အရင်က ပန်းချီကားတွေကို ကျွန်တော်ကြည့်ပြီးပြီ..”


တစ်ခါက ပန်းချီဆရာမ ပြောခဲ့ဖူးသလိုပင် ပန်းချီဆွဲခြင်းနှင့် စာရေးခြင်းက အတူတူပင်ဖြစ်၏။ လူတစ်ယောက်က လက်ရေးလက်သားကို မည်မျှပင် ဖျက်ပြီးရေးထားပါစေ ကြည့်လိုက်သည်နှင့် သိရှိနိုင်သည်။ တစ်သက်လုံးအကျင့်ပါလာသည့် အချို့စာလုံးများကို ပြောင်းလဲပစ်၍မရနိုင်ပါချေ။ ပန်းချီဆွဲခြင်းကလည်း ထို့နည်းတူပင်။


“ သူမဟုတ်ရင် ဘယ်သူဖြစ်မှာလဲ…” ချောင်ယီထန်က ကြက်သေသေသွားပြီး ခေါင်းစောင်းလျက် တွေးနေမိသည်။ “တကယ်ဆို သူက နင့်ကိုသိတောင်မသိတဲ့ ကောလိပ်ကျောင်းသားတစ်ယောက်လေ။ နင့်ရဲ့ ပန်းချီကို ဘယ်သူ့ဆီက ရမှာလဲ…”


ထောင်ရှီးက လက်နှစ်ဖက်ကို ယှက်ကာ ရင်ဘတ်ပေါ်တင်လိုက်သည်။


“ မှန်တယ်။ သူဘယ်ကရတာလဲ…”


ချောင်ယီထန်က အစမှအဆုံးထိ ကြောက်စရာကောင်းလောက်အောင် တည်ငြိမ်နေခဲ့သော ထောင်ရှီးကို လှည့်ကြည့်လိုက်သည်။ သူမက မျက်လုံးများ မှေးကျဉ်းကာ မေးလိုက်၏။


“ နောက်ကွယ်ကလူကို နင်သိနေပြီးသားမို့လား…”


သူမအနေနှင့် နားမလည်နိုင်သည့် ကိစ္စတစ်ခုလည်းရှိနေ၏။ ပြိုင်ပွဲအတွက် ပန်းချီကားပုံကြမ်းကို ဆွဲပြီးသည်နှင့် ချက်ချင်းမူပိုင်ခွင့်မှတ်ပုံတင်ခဲ့သူ၊ ပန်းချီပြီးစီးသွားသည့်အခါ CAC အကဲဖြတ်ဒိုင်လူကြီးအဖွဲ့၏ ဥက္ကဋ္ဌဟောင်း ကျုံးချိုးရှန်နှင့် သွားရောက်တွေ့ဆုံခဲ့သူ၊ မိမိ၏ကိုယ်ပိုင်နာမည်ကိုပင် ပန်းချီကားထဲတွင် Morse code အနေနှင့်ထည့်ရေးကာ ဘာခြေရာလက်ရာမှမချန်ခဲ့သူ….ဤလူက အလွန်အမင်း သတိကြီးစွာပြုမူခဲ့သည်ပင်။ သို့သော် ဤမျှ သတိကြီးစွာပြုမူခဲ့သည့်လူ၏ ပန်းချီကားက အဘယ့်ကြောင့်များ တိုက်တိုက်ဆိုင်ဆိုင် သတင်းပေါက်ကြားသွားခဲ့ရသနည်း။


ကြိုတင်နိမိတ်ဖတ်ထားသည့်အလားပင်။


ထောင်ရှီးက ခေါင်းခါပြလိုက်ပြီး အပြစ်ကင်းသည့်အမူအရာဖြင့်-


“ ကျွန်တော်မသိဘူး…”


ချောင်ယီထန်မှာ သင်္ကာမကင်းဖြစ်နေသော်လည်း ဤသို့သာ ဆိုလိုက်၏။


“ နောက်မှဆက်စုံစမ်းကြမယ်။ လောလောဆယ် ဒီဖုန်းယာ့သုန်းရဲ့ မျက်နှာကို ဖြတ်ရိုက်ကြစို့…”


နှစ်ယောက်သားက Webio ပို့စ်အရှည်ကြီးကို စတင်ရေးကြ၏။ ထောင်ရှီးက ရှင်းလင်းချက်များကို ကိုယ်တိုင်ရေးသားပြီး ချောင်ယီထန်က ကွန်ပျူတာပေါ်မှ အချက်အလက်၊ အထောက်အထားများကို ကူညီစုစည်းပေးသည်။ မူပိုင်ခွင့်လက်မှတ်အပြင် ပန်းချီကားစဆွဲသည့်နေ့မှစ၍ နေ့စဉ်ရက်ဆက်ရိုက်ကူးထားသည့် ပန်းချီပုံကြမ်းအဆင့်ဆင့်ကိုပါ ထည့်သွင်းထား၏။ ပန်းချီပုံကြမ်းတစ်ခုစီတွင် တပ်ထားသည့် ရက်စွဲတိုင်းက ပန်းချီကား၏ ပထမဆုံးပုံကြမ်းမှ ပန်းချီပြီးစီးသည်အထိ အဆင့်ဆင့် ဖန်တီးရေးဆွဲခဲ့ပုံကို ရှင်းရှင်းလင်းလင်း ဖော်ပြနေသည်။


ညခင်းရှစ်နာရီတွင် အသစ်ဖွင့်လှစ်ထားသည့် Weibo အကောင့်မှ ခေါင်းစဉ်ခုနစ်လုံးနှင့် စာပိုဒ်အရှည်ကြီးတစ်ခုကို တင်ခဲ့သည်။ -- “ခိုးကူးသူ ဖုန်းယာ့သုန်းထံသို့”


စာပိုဒ်အရှည်ကြီးထဲတွင် မျိုးစုံသော သက်သေအထောက်အထားများကို ရှင်းလင်းစွာ ဖော်ပြထားသည်။ မူပိုင်ခွင့်လက်မှတ်များ၊ ပန်းချီရေးဆွဲခဲ့ပုံ အဆင့်ဆင့်ကို မှတ်တမ်းတင်ထားသော ဓာတ်ပုံများ၊ ပန်းချီထဲတွင် ဖုံးကွယ်ထားသော လက်မှတ်နှင့် ပန်းချီဆွဲရန် စိတ်ကူးစိတ်သန်းရရှိလာပုံများ…ထပ်မံ၍ ထောင်ရှီး၏မိသားစုနောက်ခံအကြောင်းကိုပါ ရှင်းလင်းထားသည်။ သို့သော် ချောင်ယီထန်အကြံပေးသလို သူ့မိသားစုက ဆင်းရဲကြောင်းကိုတော့ စာထဲတွင်ထည့်ရေးရန် ထောင်ရှီးက သဘောမတူခဲ့ပေ။ သူက တိုက်ရိုက်ထုတ်လွှင့်မှုစီမံကိန်းမှ စကော်လားရှစ်ရပြီး ဝမ်းဟွာ အ.ထ.က(၁)တွင် ပညာသင်ကြားခွင့်ရခဲ့ပုံကိုသာ ရိုးရှင်းစွာ ဖော်ပြထားခဲ့သည်။


စာပိုဒ်၏နောက်ဆုံး စာကြောင်းမှာ- ကျွန်တော် ဖုန်းယာ့သုန်းနှင့် လုပ်ကြံအသေရေဖျက်သူအားလုံးကို တရားဥပဒေအရ အရေးယူသွားပါမည်။


ဖုန်းယာ့သုန်းကို သက်ညှာနေစရာ ဘာအကြောင်းမှမရှိပါချေ။


အသစ်စက်စက် Weibo ပို့စ်မှာ လူစိတ်ဝင်စားခြင်းကိုမခံရသေးပေ။ ကံကောင်းစွာဖြင့် စူးယွင်က အွန်လိုင်းတွင် လူထုဆက်ဆံရေးရှိသည့်ကုမ္ပဏီများကို ကူညီဆက်သွယ်ပေးလိုက်သည့်အခါမှ သက်ဆိုင်ရာနယ်ပယ်တွင် လွှမ်းမိုးမှုကျယ်ပြန့်သည့် ဘလော့ဂါအများအပြားက ဤ Weibo ပို့စ်ကို ပြန်တင်ကြတော့သည်။ ထို့အပြင် စူးယွင်က ဤကိစ္စကို အစီအရင်ခံရန် အွန်လိုင်းမီဒီယာများကိုပါ ဆက်သွယ်ထားလေသည်။


ကျယ်ပြန့်သော အွန်လိုင်းကြေညာချက်များကြောင့် ဤ Weibo ပို့စ်ကို ပြန်တင်ကြသူများနှင့် ကောမန့်များက တစ်ဟုန်ထိုး တိုးလာပြီး Weibo ပေါ်တွင် ခဏအတွင်း နာမည်ကြီးသွားတော့သည်။ ယခင် အသေဖျက်သည့် Weibo ပို့စ်ထက် အဆပေါင်းများစွာ လူပိုသိသွားလေသည်။


Weibo ပို့စ်တစ်ခုလုံးမှာ အကျိုးသင့်အကြောင်းသင့်နှင့် တည်ငြိမ်ချောမွေ့စွာသာ ရေးသားထားပြီး ဒေါသများ၊ တမင်ချဲ့ကားရေးထားခြင်းများ အလျဉ်းမပါရှိပါချေ။ သက်သေများက ထင်ရှားနေသောကြောင့် တစ်ချက်ကြည့်လိုက်ရုံနှင့် ဤကိစ္စကြီးကို သေချာရှင်းလင်းစွာ သိသွားလေမည်။ လုပ်ကြံရေးထားသည့် Weibo ပို့စ်က လုံးလုံးလျားလျားကို ဇောက်ထိုးမိုးမျှော်ဖြစ်သွား၏။ ပုံတူခိုးခံရသူဟု ယူဆထားသည့်လူက ခိုးကူးသူဖြစ်နေပြီး ကြွယ်ဝသော နောက်ခံအသိုင်းအဝိုင်းရှိသည်ဟု ကောလဟာလထွက်ခဲ့သူအထက်တန်းကျောင်းသားလေးက ဆင်းရဲသောကျောင်းသားလေးတစ်ယောက် ဖြစ်နေကာ ကိုယ်ပိုင်ကြိုးစားမှုနှင့် အရည်အချင်းကြောင့် ဤအဆင့်ထိ တက်လာနိုင်ခဲ့သူဖြစ်နေသည်။


ရုပ်ရှင်ဆန်ဆန်အလှည့်အပြောင်းက အင်တာနက်သုံးစွဲသူများ၏ အာရုံကို ဖမ်းစားသွားနိုင်ပြီး အကြိတ်အနယ် ဆွေးနွေးခန်းဖွင့်နေကြတော့သည်။ အထူးသဖြင့် ပန်းချီကားထဲမှ Morse code လက်မှတ်က သွားပုတ်လေလွင့်သတင်းများနှင့် သံသယများကို အပြတ်အသတ် ရှင်းလင်းလိုက်နိုင်သည်။ မိမိ၏ပန်းချီထဲတွင် သူတစ်ပါး၏နာမည်ကို ရေးထိုးရလောက်အောင်ထိ မည်သူမှ မတုံးအကြပါချေ။


“ ငါကဖြင့် ခိုင်လုံတဲ့ အထောက်အထားလေးများရမလားလို့ ထင်မိတာကိုဟယ်။ ခုတော့ ရလဒ်က ပြောင်းပြန်ကြီးဖြစ်သွားတယ်တဲ့လား…။ ချက်ကျလက်ကျနဲ့ကို ပြောင်းပြန်လှန်ပစ်လိုက်တာပဲ။ ငါကဖြင့် နေ့ခင်းတုန်းက ဖုန်းယာ့သုန်းဘက်ကနေ တိုင်ကြားစာတွေပို့ပြီး ဆဲဆိုထားလိုက်ရတာ။ ခုတော့ ယင်ကောင်တွေ စားမိသလိုပဲ ရွံစရာကောင်းချက်…”


“ နေ့ခင်းတုန်းက ရေးမိခဲ့တဲ့ ကောမန့်တွေအတွက် တောင်းပန်ပါတယ်။ ဒီစာထဲက သက်သေတွေက နေ့ခင်းတုန်းက Weibo ပို့စ်ထက် အများကြီးပိုပြည့်စုံတယ်။ အထူးသဖြင့် လက်မှတ်ပဲ။ ဖုန်းယာ့သုန်း၊ အရူးကောင်…သူများဆီက ပန်းချီကို ခိုးရုံတင်မကဘူး သူများနာမည်ကိုပါ ခိုးထားတယ်။ သူ့မိဘတွေတော့ သူ့သားက နာမည်ပြောင်းထားတာမှန်းသိရင် ဒေါသတွေထွက်ကုန်ကြတော့မှာပဲ…”


“ ဖုန်းယာ့သုန်းက တကယ်အကျိုးနည်းတဲ့ကောင်ပဲ။ ကောလိပ်ကျောင်းသားဖြစ်နေပြီး ကိုယ့်ဟာကိုယ် တီထွင်ကြံဆနိုင်စွမ်းကဖြင့်မရှိဘဲနဲ့ အထက်တန်းကျောင်းသားရဲ့ပုံကို ခိုးချပြီး အရှုပ်အယှက်တွေက လုပ်လိုက်သေးတယ်။ ဒီလိုဗီလိန်မျိုးကလည်း ရှိသေးတာလား…”


“ ဒီအထက်တန်းကျောင်းသားက အရမ်းတော်တယ်။ တကယ်လို့ သူသာ လက်မှတ်ကို ချန်မထားခဲ့ရင် ဖုန်းယာ့သုန်းနဲ့ ဦးနှောက်သေနေတဲ့ အင်တာနက်သုံးစွဲသူတွေရဲ့ ရှင်းပစ်တာကို ခံလိုက်ရမှာပဲ…”


“ ဒီအထက်တန်းကျောင်းသားလေးက ဆင်းရဲတဲ့ခရိုင်ကနေ ပထမရလို့ ဝမ်းဟွာ အ.ထ.က (၁) ကျောင်းမှာ ပညာသင်ခွင့်ရခဲ့တာတဲ့။ ဒီနေ့ ဖုန်းယာ့သုန်းရဲ့လုပ်ရပ်သာ အောင်မြင်သွားခဲ့ရင် သူ့ကို အရင်နေရာဆီ ပြန်ပို့လိုက်ကြပြီး သူ့ဘဝကလည်း ပျက်စီးသွားမှာပဲ။ ဖုန်းယာ့သုန်းကို တရားစွဲဖို့ လေးလေးနက်နက် တိုက်တွန်းချင်ပါတယ်။ ဒီလိုလူ့အမှိုက်မျိုးက နိုင်ငံရဲ့ပညာရေးထောက်ပံ့မှုတွေနဲ့ မထိုက်တန်ဘူး…”


“ ဖုန်းယာ့သုန်းရဲ့ အရင်က ဆုတွေကလည်း အတုတွေများလားလို့ ငါသံသယဝင်မိတယ်။ တစ်ယောက်လောက် စစ်ဆေးကြည့်ပေးပါဦး…”


“ ဝမ်းဟွာ အနုသုခုမတက္ကသိုလ်လိုကျောင်းမျိုးမှာ ဘယ်လိုလုပ်ပြီး ဖုန်းယာ့သုန်းလို ဆန်ကုန်မြေလေးတွေရှိနေရတာလဲ…။ သူ့ကိုသာ ကျောင်းမထုတ်ပစ်ရင် တခြားလူတွေကို ဆက်ပြီးဒုက္ခပေးနေဦးမှာပဲ…”

…………

The Moon Is Coming To Me 


Chapter- 56.2


အရူးလုပ်ခံလိုက်ရသည့် အင်တာနက်သုံးစွဲသူများမှာ အလွန်ဒေါသထွက်သွားကြသည်။ လုပ်ကြံရေးထားသည့် Weibo ပို့စ်အောက်တွင် ပြစ်တင်ရှုံ့ချသည့် ကောမန့်များဖြင့် ပြည့်နှက်သွားလေ၏။ ဖုန်းယာ့သုန်း၏ Weibo ကိုလည်း ထိုကောမန့်များတွင် ဖော်ထုတ်လိုက်ကြသည်။ အင်တာနက်သုံးစွဲသူများက သူ့ Weibo Acc ရှိ ပို့စ်တိုင်းတွင် ဆဲရေးကြိမ်းမောင်းထားကြပြီး နောက်ဆုံးတင်ထားသည့် ဆယ်ဖီပို့စ်ဆိုလျှင် ဆိုးဆိုးဝါးဝါးပင် ဆဲဆိုထားကြလေသည်။


ဝမ်းဟွာ အနုသုခုမတက္ကသိုလ်၏ တရားဝင် Weibo Acc မှာလည်း ကပ်ဘေးမှ ကင်းလွတ်ခြင်းမရှိပါချေ။ ထုံးစံအတိုင်း ညပျော်အွန်လိုင်းသုံးသူများက စိတ်အားထက်သန်စွာဖြင့် ကောမန့်များရေးနေကြဆဲပင်။ အင်တာနက်သုံးစွဲသူအများအပြားက ဖုန်းယာ့သုန်းကို ကျောင်းမှ ထိထိရောက်ရောက် အပြစ်ပေးရန် တောင်းဆိုထားကြသည်။ အချို့ဆိုလျှင် ကျောင်းထုတ်ဖို့ပါ ပြောထားကြပြီး ကျောင်း၏ တရားဝင် Weibo Acc မှ အက်မင်ကို ကောမန့်များ ဖွင့်ဖတ်ရန် တစ်ညလုံး ခြိမ်းခြောက်နေကြလေသည်။


မကြာမီတွင် CAC ပြိုင်ပွဲ၏ တရားဝင် Weibo Acc မှ အရေးတကြီး ကြေညာချက်တစ်ခု ထုတ်ပြန်လာခဲ့သည်။ မတိုင်မီက လက်ခံရရှိထားသည့် တိုင်ကြားစာများကို ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်းနှင့် ထောင်ရှီးအား ပြိုင်ပွဲတွင် ဆက်လက်ယှဉ်ပြိုင်စေမည်ဖြစ်ကြောင်းကို ကြေညာထားလေသည်။ နာမည်သိပ်မကြီးသော ရွှေဖလားပြိုင်ပွဲ၏ တရားဝင် Weibo ကလည်း ဖုန်းယာ့သုန်း၏ ပထမဆုကို ပြန်လည်ရုတ်သိမ်းကြောင်း ညတွင်းချင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။


သို့သော် ဒေါသထွက်နေကြသည့် အင်တာနက်သုံးစွဲသူများမှာ ဆုရုတ်သိမ်းခြင်းလောက်နှင့် မကျေနပ်နိုင်ကြပေ။ တစ်စုံတစ်ယောက်က လွန်ခဲ့သော နှစ်နှစ်အတွင်း ဖုန်းယာ့သုန်း ယှဉ်ပြိုင်ခဲ့သည့် ပြိုင်ပွဲဝင်ပန်းချီများကို ရှာတွေ့သွားခဲ့သည်။ ပန်းချီအများစုမှာ အမှန်တကယ်ကို ပြည်တွင်းပြည်ပမှ ဖန်တီးသူများ၏လက်ရာကို ပုံတူခိုးယူထားခြင်းများဖြစ်နေပြီး အထင်ကြီးစရာ ကိုယ်ရေးအကျဉ်းမှာလည်း အတုအယောင်သာ ဖြစ်နေသည်။ အချို့လူကများက ပုံတူကူးခံရသည့် မူရင်းဖန်တီးသူများကို ဆက်သွယ်တိုင်ကြားလိုက်ကြသည်။ ထိုပန်းချီဆရာများထဲမှ တစ်ယောက်ကလည်း ဖုန်းယာ့သုန်းကို တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ကြေညာခဲ့လေသည်။


ကိစ္စများအားလုံးပြီးစီးသွားချိန်၌ ကိုးနာရီပင် ထိုးလုနေလေပြီ။ ချောင်ယီထန်က Weibo ပို့စ်နှစ်ခုမှ ကောမန့်များကိုကြည့်ရင်း ခွက်ထိုးခွက်လန်ရယ်မောနေသည်။ ထောင်ရှီးက ချောင်ဟယ့်နျန်နှင့် ကျုံးချိုးရှန်ကို အင်တာနက်ပေါ်မှ အခြေအနေကို ရှင်းပြလိုက်သည်။ ထိုအခါမှ လူအိုကြီးနှစ်ယောက်မှာ စိတ်သက်ရာရနိုင်တော့သည်။ ကျုံးချိုးရှန်က ထရပ်ကာ ပြန်တော့မည်ဖြစ်ကြောင်း နှုတ်ဆက်သည်။


ထောင်ရှီးက ကျုံးချိုးရှန်ကို ခြံတံခါးပေါက်ဝထိ လိုက်ပို့ပေးပြီး လူအိုကြီး ကားထဲဝင်၍ ထွက်ခွာသွားသည်အထိ လိုက်ကြည့်ပြီးမှ စိတ်သက်သာရာရစွာ သက်ပြင်းအရှည်ကြီး ချလိုက်သည်။ တစ်နေ့လုံး တင်းမာနေခဲ့သည့် သူ့အာရုံကြောများလည်း ပြေလျော့သွားတော့၏။


သူက ခြံထဲတွင် တစ်ယောက်တည်း တိတ်ဆိတ်စွာရပ်နေရင်း ကျောဆန့်ကာ ခေါင်းမော့၍ ညကောင်းကင်ယံကို မော့ကြည့်လိုက်သည်။


နှင်းကျပြီးခါစဖြစ်သောကြောင့် ကောင်းကင်က သိပ်ကြည်လင်မနေပေ။ လမင်းကြီးကလည်း လွင့်မျောနေသော တိမ်မျှင်မျှင်များကြားတွင် တစ်ဝက်တစ်ပျက် ပုန်းခိုနေပြီး မှုန်ရီမှိုင်းဝေနေပေ၏။


သူ ရုတ်တရက်ကြီး လင်ချင်းဟယ်ကို လွမ်းလာသည်။ တစ်နေ့လုံး အလုပ်ရှုပ်နေခဲ့သောကြောင့် လင်ချင်းဟယ်နှင့် WeChat တွင် ခဏတဖြုတ်လေးသာ စကားပြောချိန်ရှိခဲ့သည်။


ထိုစဉ် ဖုန်းမြည်လာသောကြောင့် ထောင်ရှီးက ဖုန်းကိုထုတ်ကြည့်လိုက်ရာ လင်ချင်းဟယ်ထံမှ ဖုန်းခေါ်လာခြင်းဖြစ်နေသည်။


“ အကြောင်းစုံပြောရရင်တော့ ငါကိုယ့်ဟာကိုယ် ဖြေရှင်းနိုင်ခဲ့တယ်နော်…”


ထောင်ရှီးက ကျောက်တုံးစားပွဲပေါ်သို့ ခုန်တက်ကာ ထိုင်ချလိုက်ပြီး မေးဖျားလေးကို အနည်းငယ်ပင့်လျက် ပြောလိုက်သည်။ သူ့လေသံထဲတွင် ကျေနပ်ဂုဏ်ယူနေမှုများက ဖုံးကွယ်ထား၍ မရနိုင်အောင်ပင်။


လင်ချင်းဟယ်၏အသံက လေးနက်နေဆဲပင်။


“ ဒီကိစ္စက အပြည့်အဝ ဖြေရှင်းပြီးသွားတာမျိုး မဟုတ်သေးဘူး။ ဖုန်းယာ့သုန်းနဲ့ နောက်ကွယ်က ကြိုးကိုင်တဲ့လူကို တရားဆွဲဖို့ ငါရှေ့နေကို ဆက်သွယ်လိုက်မယ်…”


သူက စကားခဏရပ်သွားပြီးမှ လေးနက်စွာ ဆက်ပြောလာခဲ့သည်။


“ နောက်ကွယ်က ကြိုးကိုင်တဲ့လူကို မင်းဘာလုပ်ချင်လဲ…”


ထောင်ရှီးက မျက်လွှာချလိုက်ပြီး အတန်ကြာ တိတ်ဆိတ်နေပြီးနောက်မှ ပြောလာခဲ့၏။


“ ငါ သူ့ကိုလည်း တန်ရာတန်ကြေး ပြန်ခံစားစေချင်တယ်ဆိုရင်ရော မင်းအတွက် ခက်ခဲမှာလား…”


ကြိုးကိုင်သူကို မည်သူဟု မပြောခဲ့သော်လည်း လင်ချင်းဟယ်က အလိုလိုနားလည်ခဲ့သည်။


ဖုန်းယာ့သုန်းက အယောင်ပြသက်သက်သာဖြစ်သည်ပင်။ သူ့ပန်းချီကို ခိုးသွားသူ၊ ပုံတူပွားသူနှင့် ဖုန်းယာ့သုန်းကို ငှားရမ်းထားသူ…စသည့်မေးခွန်းများက သူ့အတွက် ရှင်းလင်းနေပြီးသားပင်။


လင်ချင်းဟယ်က တုံ့ဆိုင်းမနေဘဲ ပြောလာသည်။


“ ငါအနေနဲ့ကတော့ မင်းလုပ်ချင်တာကို ဆက်ပြီးလုပ်သွားဖို့ပဲ ပြောချင်တယ်။ ငါ့အတွက် ခက်ခဲမှာကို စိတ်မပူပါနဲ့…”


ဘယ်အခြေအနေပဲရောက်ရောက် သူ့ဘက်တွင်သာ ရပ်တည်ပေးမည်ဟု လင်ချင်းဟယ်ပြောဖူးသည့်စကားကို သူ အမှတ်ရသွားသည်။ သူ ခေါင်းမော့ကာ ကောင်းကင်ထက်က မှုန်ဝါးနေသော လမင်းသော်တာကို မော့ကြည့်လိုက်သည်။ သူ့ခြေလက်များ တုန်ယင်လာသည်အထိ ရယ်ချမိလိုက်ပြန်၏။


“ ဟုတ်ပါပြီ။ ဒါဆို ပြိုင်ပွဲမှာ စိတ်အေးအေးနဲ့ ဖြေခဲ့နော်။ မင်းပြန်လာမှာကို ငါစောင့်နေမယ်…”


နှစ်ဦးသားက ခဏကြာ ဆက်စကားပြောဖြစ်ကြသည်။ ထောင်ရှီးတွင် ပြောစရာများ မရေမတွက်နိုင်အောင် ရှိနေသော်လည်း အဆုံးတွင် ဘာမှစကားမှ ထွက်မလာဘဲ လင်ချင်းဟယ်နည်းတူ တိတ်ဆိတ်နေမိပြီး တစ်ဦး၏အသက်ရှူသံကိုတစ်ဦး နားထောင်နေကြသည်။


ချောင်ယီထန်က အလွန်ရယ်ရသော ကောမန့်တစ်ခုကို တွေ့ပြီး‌ ထောင်ရှီးအားပြရန် ခြံထဲသို့ အပြေးထွက်လာခဲ့သည်။ သူမမြင်လိုက်ရသည်မှာ ထောင်ရှီးက ကျောက်သားစားပွဲပေါ်ထိုင်လျက် ဖုန်းပြောနေသည်ကိုပင်။ သူက လက်တစ်ဖက်ကို စားပွဲပေါ်ထောက်ထားရင်း ကလေးတစ်ယောက်လို ခြေထောက်များလှုပ်ယမ်းကာ မျက်နှာပေါ်တွင်လည်း တည်ငြိမ်ကာ ဖြူစင်သောအပြုံးလေး ဖြစ်ထွန်းနေ၏။ မှီခိုအားကိုးလိုဟန် အရိပ်အယောင်များက သူ၏မျက်ခုံးမျက်လုံးများတွင် ကိန်းအောင်းနေပြီး ယနေ့ သူမတွေ့မြင်ခဲ့ရသည့် အလွန်အမင်း တည်ငြိမ်အေးစက်နေခဲ့သော လူတစ်ယောက်နှင့် အင်မတန်ကွာခြားနေသည်။


သူမ အတွေးရေယာဉ်ထဲ နစ်မြောသွားသည်။ ထောင်ရှီးကို လင်ချင်းဟယ်က စပွန်ဆာပေးထားပြီး အကာအကွယ်ပေးနေရသည့် လူတစ်ယောက်ဟုသာ သူမ အမြဲတမ်း မှတ်ယူထားခဲ့သည်။ ယနေ့ဖြစ်ရပ်မှာပင် သူမ၏ပထမဆုံး တုံ့ပြန်မှုမှာ လင်ချင်းဟယ်ကဲ့သို့ ဤကောင်လေးကို ကာကွယ်ပေးရန်သာဖြစ်ခဲ့သည်။ သို့သော် သူမ ယခုမှ ရုတ်တရက် နားလည်သွားခဲ့ရသည်မှာ ထောင်ရှီးသည် ဘယ်တုန်းကမှ အားနည်းပျော့ညံ့ခဲ့သူမဟုတ်သလို တစ်ပါးသူ၏အကူအညီကိုလည်း မှီခိုအားထားရန် လိုအပ်သူ မဟုတ်ခဲ့ပါချေ။ သူ ဤနေရာထိ လျှောက်လှမ်းလာနိုင်ခဲ့သည်အကြောင်းအရင်းမှာ သူကိုယ်တိုင်က ထက်မြက်ကာ ရဲရင့်နေခဲ့ပြီးသား ဖြစ်နေလို့ပင်။


တစ်ညလုံး အုတ်အော်သောင်းတင်း ဖြစ်ကြအပြီးတွင် အဖြစ်မှန်က ပေါ်ပေါက်လာခဲ့သည်။ “ဝမ်းဟွာအနုသုခုမတက္ကသိုလ်မှ အကြောင်းအရာများ” ဟူသော အမည်မသိပို့စ်တင်သူက Weibo ပို့စ်ကို ညတွင်းချင်းပြန်ဖျက်သွားခဲ့သည်။ ထို့အပြင် ဆိုရှယ်မီဒီယာ ပလက်ဖောင်းကလည်း သူတို့သည် တင်ပြချက်ပို့စ်များကိုသာ လက်ခံခြင်းဖြစ်ကြောင်း ပို့စ်ထဲမှ ဖော်ပြချက်အကြောင်းအရာများက ပလက်ဖောင်းနှင့်မသက်ဆိုင်ကြောင်း အထူးကြေညာချက်ကိုလည်း ထုတ်ပြန်ခဲ့လေသည်။


ပြန်တင်သူများနှင့် ဘလော့ဂါများ၊ အွန်လိုင်းမီဒီယာအများအပြား၏ တိုင်ကြားချက်များကြောင့် ဤကိစ္စက တစ်စတစ်စနှင့် အင်တာနက်သုံးစွဲသူများ၏ အာရုံစိုက်စရာဖြစ်လာခဲ့သည်။ ဒေါသမပြေသေးကြသည့် အင်တာနက်သုံးစွဲများက CAC ပြိုင်ပွဲ၏ မဲပေးရာဝက်ဆိုဒ်ကို အုပ်စုလိုက်ကြီးရောက်လာကြကာ ထောင်ရှီး၏ နံပါတ် ၈၂ ပန်းချီကားကို မဲပေးကြတော့သည်။ ဤသို့ဖြင့် ဝက်ဆိုဒ်ဆာဗာမှာ နာရီအတော်ကြာပင် ကမောက်ကမဖြစ်သွားခဲ့ရ၏။


ထောင်ရှီးက ထိုကိစ္စကိုမသိသလို၊ စိတ်လည်းမဝင်စားပါချေ။ နောက်တစ်နေ့မနက်တွင် သူက ထုံးစံအတိုင်း ကျောင်းသို့သွားသည်။ သူစာသင်ခန်းထဲသို့ ဝင်ဝင်ချင်းပင် အတန်းဖော်များက သူ့ကို ဝိုင်းအုံလာကြပြီး “မသမာသူကို အနိုင်ပိုင်းလိုက်နိုင်သူ” ဟူ၍ အောင်ပွဲခံနေကြကာ ကာယကံရှင်ထက်ပင် ပို၍ ပျော်ရွှင်အူမြူးနေကြသည်။


“ ငါပြောသားပဲ ရှီးကောက လုပ်နိုင်မှာပါဆို…” ပိချန်ဖေးက ထောင်ရှီး၏ပုခုံးကို ရိုက်ရင်းပြောသည်။


“ ငါဖြင့် မနေ့ညက ဇောက်ထိုးမိုးမျှော်ဖြစ်သွားတဲ့ အခြေအနေကိုကြည့်ပြီး စောက်ရမ်းပျော်တာပဲ။ ငါရဲ့ အော်ဖစ်ရှယ်အကောင့်နဲ့တောင် အဲ့အရူးကောင် ဖုန်းယာ့သုန်းကို သွားဆဲထားသေးတယ်…”


ကျင်းကျင်းကလည်း တစ်ညလုံးမအိပ်ဘဲ ထိုကိစ္စကို စောင့်ကြည့်နေခဲ့ဟန်သည်။ သူမက မျက်တွင်းဟောက်ပက်ဖြင့် ထောင်ရှီးကို ပြုံးပြကာပြောလာသည်။


“ ဒီကိစ္စက တကယ်စိတ်လှုပ်ရှားကောင်းတယ်။ မနေ့ နေ့လယ်ကဆို ငါဖြင့် မြင်မြင်ချင်း ဒေါသတွေထွက်တာဆိုတာ။ နင် မဖြေရှင်းနိုင်မှာတောင် ငါစိုးရိမ်နေခဲ့တာ။ ကံကောင်းလို့ နင်က သေချာပြင်ဆင်ထားတော့ ဟိုကောင် ဘာမှမတတ်နိုင်ဘဲ မျက်နှာချည်းဖြတ်ရိုက်ခံလိုက်ရတာပေါ့…”


လီရှောင်ယွမ်က အတွေးအများဆုံးလူဖြစ်သည့်အလျောက် အပျော်ကိုခဏဘေးချိတ်၍ ထောင်ရှီးကို တွေးတွေးဆဆနှင့် မေးလိုက်သည်။


“ Weibo ပို့စ်ကို ဖျက်လိုက်ကြပြီဆိုတော့ သူတို့က ဖင်ပိတ်ငြင်းကြရင်ရော…”


ထောင်ရှီးက ပြုံးကာပြောလိုက်သည်။


“ အဲ့ဒါကိစ္စမရှိဘူး။ ရှေ့နေက သက်သေအထောက်အထားတွေ အကုန်လုံးကို စုထားပြီးပြီ။ သူတို့ ပို့စ်ကိုဖျက်လိုက်ရင်တောင် အသုံးမဝင်ဘူး…”


ထိုအခါမှ အားလုံး စိတ်သက်သာရာရသွားကြပြီး ထောင်ရှီးအတွက် မဲပေးရန် ဆက်လက်ဆွေးနွေးကြတော့သည်။


အတန်းခေါင်းဆောင် လီရှောင်ယွမ်က အတန်းထဲမှလူများကို စုစည်းပြီး ထောင်ရှီးအတွက် မဲပေးရန် နှိုးဆော်ပြီးဖြစ်၏။ နာမည်ကျော်ကျောင်းသား ပိချန်ဖေးကမူ “CAC မဲပေးရေးအသင်း”ကို ဖွဲ့လိုက်ပြီး မဲပေးရမည့်လင့်ခ်ကို အခြားကျောင်းသားများထံသို့ပါ ဖြန့်ဝေလိုက်သည်။ အမြဲလိုလို တစ်ယောက်တည်းနေတတ်သူ ဟွမ်းချင်ပင် သူမ၏မစ်တီးဆိုင် တံခါး၌ မဲပေးရမည် QR code ကို ကပ်ထားခဲ့လေသည်။


မဲပေးခြင်း၏ အကျိုးသက်ရောက်မှုက အနည်းငယ်သာရှိကြောင်း ထောင်ရှီးသိသော်ငြား သူ့အတန်းဖော်များကို စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်စကားပြောခဲ့သည်။ သူက စာအိတ်နီအထပ်လိုက်ကိုပင် ဂရုထဲ၌ ကျဲပေးလိုက်ရာ တစ်စက္ကန့်ပင် မကြာလိုက် စာအိတ်နီများ အကုန်ပြောင်သွားလေသည်။ ဤသို့ဖြင့် သူ့ WeChat ထဲတွင် ပိုက်ဆံဘယ်လောက်မှ မကျန်တော့ချေ။


အမှန်တကယ်တွင် နားကြပ်သူခိုးဟု စွပ်စွဲခံရပြီးကတည်းက အတန်းသားများက ထောင်ရှီးကို သတိထားမိနေခဲ့ကြသည်။ ယခုအခေါက်တွင် ဖြစ်စဉ်တစ်လျှောက်လုံးတွင် အတန်းသားများအားလုံးက သူ့ဘက်၌သာ ရပ်တည်ပေးခဲ့ကြသည်။ ၎င်းက သူမမျှော်လင့်ထားသည့် အရာဖြစ်ပြီး နှလုံးသားကို အလွန်ထိရှစေခဲ့သည်။


မနက်ခင်းအတန်းလွှတ်ချိန်၌ ကျိုးချန်က စာသင်ခန်းထဲကို ရောက်လာပြီး ထောင်ရှီးကိုခေါ်ကာ လူခြေတိတ်သော ထောင့်တစ်နေရာ၌ စကားပြောလေသည်။


“ စိတ်မပူပါနဲ့။ ကျောင်းက ဒီကိစ္စကို သေချာစုံစမ်းနေတယ်။ ကျောင်းအုပ်ကြီးချောင်ကလည်း မင်းဘက်က အပြည့်အဝရပ်တည်ပေးမယ်လို့ ဒီမနက်အစည်းအဝေးပွဲမှာ သေချာပြောလိုက်တယ်။ မင်း အကူအညီလိုရင် ငါ့ကိုသာလာပြော။ ငါကျောင်းကို တင်ပြပေးမယ်…” ကျိုးချန်က ထောင်ရှီးကို ပြောသည်။


ကျောင်းအုပ်ကြီးချောင်က ဤကိစ္စကို အလွန်အာရုံစိုက်ထားသည်။ ထောင်ရှီးက သူ့ဖခင်၏တပည့်ဖြစ်နေခြင်းကတစ်ကြောင်း ဤကိစ္စ၏သက်ရောက်မှုမှာ ကျယ်ပြန့်သည်ထက်ကျယ်လာပြီး ရှုပ်ထွေးလာခြင်းကတစ်ကြောင်းကြောင့်ပင်။ အကယ်၍ ထောင်ရှီးသာ သက်သေအထောက်အထားများ မပြနိုင်ခဲ့ပါက ဝမ်းဟွာ အ.ထ.က(၁)ကျောင်း၏ ဂုဏ်သတင်းကိုလည်း ထိခိုက်မှုရှိလာလိမ့်မည်။ ထိုသို့ဆိုလျှင် ထောင်ရှီး၏ကိုယ်ရေးအချက်အလက်အရ အစိုးရကခွင့်ပြုပေးခဲ့သည့် တိုက်ရိုက်အဝေးလွှင့်စီမံကိန်းနှင့်လည်း ငြိစွန်းမိလိမ့်မည်။ မည်သည့်ကျောင်းမှ ဤစီမံကိန်းကို အစွန်းအထင်းမဖြစ်စေလိုပါချေ။


ထို့အပြင် ဤကိစ္စက အလွန်မသင်္ကာဖွယ်ကောင်းသည်။ ဝမ်းဟွာ အ.ထ.က(၁)မှ ကျောင်းသား၏ ပန်းချီကားကို ဘယ်လိုဖြစ်ပြီး ဘာမှမသက်ဆိုင်သည့် ဝမ်းဟွာ အနုသုခုမတက္ကသိုလ်ကျောင်းသားက ပုံတူခိုးသွားရသနည်း။ မည်သူက ထောင်ရှီး၏ ပန်းချီကို ခိုးသွားခဲ့သနည်း။ ဤပြဿနာကို နက်နက်နဲနဲတွေးကြည့်လေ တစ်ခုခုမှားယွင်းနေကြောင်း သတိထားမိလေပင်။


“ ထောင်ရှီး၊ သေချာပြန်စဉ်းစားကြည့်ပါဦး။ မင်းပန်းချီဆွဲနေတဲ့အချိန်တုန်းက မင်းကို ဘယ်သူဆယ်သွယ်လာသေးလဲ…။ ကျောင်းပြင်မှာရော ပန်းချီဆွဲဖူးသေးလား…”


ကျိုးချန်က သူရော၊ ကျောင်း၏အကြီးအကဲများပါ သိချင်နေသည့် မေးခွန်းကို မေးလိုက်သည်။


ထောင်ရှီးက ကျိုးချန်ကို မော့ကြည့်ကာပြောလိုက်သည်။


“ ကျွန်တော် ပန်းချီကို အဆောင်မှာပဲဆွဲခဲ့တာ။ ပြီးတော့ ပန်းချီကားကိုလည်း အမြဲတမ်း အဆောင်မှာပဲ ထားခဲ့တယ်…”


“ အဆောင်မှာပဲလား…”


ကျိုးချန်မှာ အတွေးများသွားသည်။ ထောင်ရှီးကို အဆောင်ဝင်စဉ်က နေရာချထားပေးခဲ့သူမှာ သူကိုယ်တိုင်သာဖြစ်သည်။ ထောင်ရှီး နေသားမကျမည်စိုးသဖြင့် သူ သေချာလေးပင် ဂရုစိုက်ပေးခဲ့သေးသည်။ ထောင်ရှီးတွင် အခန်းဖော်နှစ်ယောက်ရှိသည်ကို သူ မှတ်မိသည်။ တန်းခွဲ(၂)မှ ကျောင်းသားတစ်ယောက်နှင့် ပန်းချီအတန်းမှ ကျောင်းသားတစ်ယောက်ပင်။ မည်သူပဲဖြစ်ဖြစ် ပထမဆုံးအမြင်က ပန်းချီအတန်းမှကျောင်းသားဟု သံသယဝင်ကြမည်ပင်။


သူ၏သံသယကို သတိထားမိဟန်ဖြင့် ထောင်ရှီးက ပြောလာသည်။


“ ဖန်းယန့်မဖြစ်နိုင်ဘူး။ သူလည်း ပန်းချီကို လေ့လာနေတယ်ဆိုပေမဲ့ သူနဲ့ကျွန်တော်က ဆက်ဆံရေးကောင်းတယ်…”


ထောင်ရှီးက သံသယရှိသူကို သိရှိထားပြီးသားဖြစ်ကြောင်း ကျိုးချန်မှာ တစ်ခဏချင်း နားလည်သွားရလေ၏။ သူ လေးလေးနက်နက်ခေါင်းညိတ်ကာ ပြောလိုက်၏။


“ ငါတို့ကျောင်းက ကျောင်းသားတစ်ယောက်က အိပ်ဆောင်မှာ မင်းရဲ့ပန်းချီကို ခိုးသွားတယ်လို့ မင်းသံသယဝင်ရင် ကျောင်းက သူ့ကို လုံးဝသက်ညှာပေးမှာမဟုတ်ဘူး။ ငါ အခုပဲ ကျောင်းအုပ်ဆရာကြီးကို စကားသွားပြောပြီး ဒီကိစ္စကို ချက်ချင်းစုံစမ်းခိုင်းလိုက်မယ်…”


ထောင်ရှီးက ကျိုးချန်ကို ကျေးဇူးတင်စကားဆိုလိုက်သည်။ မကြာမီပင် အတန်းတက်ခေါင်းလောင်းမြည်လာသဖြင့် လူအများကြားတွင် တိုးဝှေ့၍ စာသင်ခန်းဆီသို့ပြန်လာခဲ့သည်။ တန်းခွဲ(၂)ရှေ့မှ ဖြတ်လာခဲ့ချိန်၌ သူ အတန်း၏တံခါးကို တစ်ချက်လှည့်ကြည့်ခဲ့သည်။


ရွှီကျီးချီက ပထမဆုံးအတန်းတွင် ထိုင်နေသည်။ သူနှင့် အကြည့်ချင်းဆုံးသွားချိန်၌ ရွှီကျီးချီ၏မျက်နှာက ရုတ်ခြည်း ဖြူလျော်သွားပြီး မျက်လုံးများက တုန်လှုပ်သွားသည်။


ထောင်ရှီးက နှုတ်ခမ်းစွန်းများပင့်ကာ ရွှီကျီးချီကို ပြုံးပြလိုက်သည်။ ထို့နောက် အကြည့်များကို ပြန်ရုတ်သိမ်း၍ တန်းခွဲ(၁)သို့ ဆက်လက်လျှောက်လာခဲ့သည်။

____________________