The Moon Is Coming To Me
Chapter-57.1
အင်တာနက်ပေါ်မှ အငြင်းပွားမှုများက ဤမျှနှင့်ရပ်တန့်မသွားခဲ့ပါချေ။ မနက်ကိုးနာရီတွင် ဝမ်းဟွာ အနုသုခုမတက္ကသိုလ်၏ တရားဝင် Weibo Acc မှ ကျောင်းတွင်းအရေးပေါ်အစည်းအဝေးခေါ်ယူပြီး ဖုန်းယာ့သုန်း၏ကိစ္စနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ထောင်ရှီးအား ကူညီရန် လင်ချင်းဟယ် ငှားပေးခဲ့သည့် ရှေ့နေကလည်း ဖုန်းယာ့သုန်းကို တရားစွဲဆိုသွားမည်ဖြစ်ကြောင်း Weibo တွင် ပို့စ်တင်ခဲ့သည်။
ဤကိစ္စက မမျှော်လင့်ထားစွာ တဖြည်းဖြည်း ကြီးထွားသည်ထက် ကြီးထွားလာခဲ့သည်။ ကျောင်း၏ဖိအားနှင့် တရားစွဲဆိုမှုတို့ကြောင့်ဖြစ်မည် နံနက်ဆယ်နာရီခန့်တွင် အင်တာနက်သုံးစွဲသူများ၏ တံတွေးခွက်ထဲပက်လက်မျောနေသည့် ဖုန်းယာ့သုန်း၏ Weibo Acc မှ တုံ့ပြန်မှုပြုလာခဲ့၏။
သူ၏ Weibo ပို့စ်ထဲတွင် ဤပန်းချီက သူကိုယ်တိုင်ဆွဲထားခြင်းမဟုတ်ကြောင်းကို ဝန်ခံခဲ့သည်။ သို့ရာတွင် တစ်စုံတစ်ယောက်က သူ့အား ပန်းချီကားကို ပို့ပေးပြီး ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ခိုင်းစေခဲ့ခြင်းဖြစ်လေသည်။ သူက အခြားလူထံမှ လှည့်စားခံလိုက်ရခြင်းသာဖြစ်သည်။ တစ်ဖက်လူအား ပုံတူကူးချသူဟု စွပ်စွဲသိက္ခာချရန် ထို Weibo ပို့စ်ကို အမည်ဝှက်ဖြင့် ရေးသားခဲ့သူက သူမဟုတ်ပါချေ။ ဖုန်းယာ့သုန်းက Weibo မှတစ်ဆင့် သူ့ကိုယ်သူ ကာကွယ်ရန် အတတ်နိုင်ဆုံးကြိုးစားနေပြီး နောက်ကွယ်က ကြိုးကိုင်သူဟု ယူဆရသည့် Weibo တစ်ခုကိုလည်း @ (mention) ခေါ်ခဲ့လေသည်။
အင်တာနက်သုံးစွဲသူများက ထို Weibo Acc ကို နှိပ်ဖွင့်ကြည့်လိုက်ရာ အကောင့်မှာ မှတ်ပုံတင်ထားပြီးသားဖြစ်နေပြီး ဝမ်းဟွာမြို့၊ ချင်းဟွာပန်းချီအဖွဲ့အစည်းမှ ဒုဥက္ကဋ္ဌ၏ ပရိုဖိုင်းပုံဖြစ်နေလေ၏။
“ ရှီးကော၊ မင်း ကွမ်းဖန်ယွင့်ဆိုတဲ့တစ်ယောက်ကို သိလား…”
ပိချန်ဖေးမှာ အင်တာနက်သုံးချင်စိတ်ကို တစ်မနက်ခင်းလုံး အောင့်အည်းထားရပြီး နေ့လယ်ခင်းနားချိန်ရောက်မှ အတင်းအဖျင်းများကို အားပါးတရ စပ်စုချိန်ရတော့၏။ အင်တာနက်သုံးစွဲသူများက ဆယ်ဖီပုံများအပြည့်နှင့် ကွမ်းဖန်ယွင့်ဟုခေါ်သော အမျိုးသမီး၏ Weibo ကို ဖော်ထုတ်ထားကြသည်။
ထောင်ရှီးကလည်း ဖုန်းသုံးနေသည်။ သို့သော် သူက အတင်းအဖျင်းများကို အပျင်းပြေကြည့်နေခြင်းမဟုတ်ဘဲ လင်ချင်းဟယ်ထံမှ ပြန်စာကို စိုးရိမ်တကြီး စောင့်နေခြင်းသာဖြစ်၏။ တစ်နိုင်ငံလုံးဆိုင်ရာ သင်္ချာဉာဏ်စမ်းစာမေးပွဲကို ယနေ့မနက်တွင် ကျင်းပခဲ့သည်။ ယခုအချိန်လောက်ဆို စာမေးပွဲပြီးလောက်ချေပြီ။ သူက WeChat စကားပြောခန်းကို ကြည့်ရင်း အမှုမဲ့အမှတ်မဲ့ ပြန်ဖြေလိုက်သည်။
“ သိတယ်လေ။ ငါက အဲအဖွဲ့အစည်းထဲ ဝင်ထားတာပဲကို…”
ပိချန်ဖေးမှာ စိတ်ကူးထဲတွင် ဇာတ်လမ်းတစ်ပုဒ်ပါ ဆင်မိသွားသည်။ ဒုဥက္ကဋ္ဌက ပါရမီရှိသည့် အသင်းသားလေးကို မနာလိုဖြစ်ပြီး သေချာအကွက်ချကာ လုပ်ကြံစွပ်စွဲခဲ့ခြင်းပဲ ဖြစ်ရမည်။ သူ Weibo ကို ဆက်လက်ဆွဲကြည့်လိုက်သော် ရုတ်တရက်ဆိုသလို ပါးစပ်အဟောင်းသား ဖြစ်သွားရလေသည်။
“ တစ်ယောက်က ထပ်ဖော်ထုတ်ထားတာ တွေ့တယ်ရော်။ ကွမ်းဖန်ယွင့်က မင်ဝေးသိပ္ပံနည်းပညာ ဥက္ကဋ္ဌရဲ့ ရည်းစားတဲ့…”
ကွမ်းဖန်ယွင့်၏ Weibo က ဆယ်ဖီပုံများ၊ PDAs များဖြင့်သာ ပြည့်နှက်နေသည်။ ဖရဲသီးစားရန် ဆန္ဒပြင်းပြနေကြသည့် အင်တာနက်သုံးစွဲသူများက သူမ၏ရည်းစားကို ဖော်ထုတ်လိုက်ကြသည်။ သူမ၏အသက်အရွယ်အရဆိုလျှင် ရည်းစားဆိုသည်ထက် အငယ်အနှောင်းသာဖြစ်လိမ့်မည်ဟု ထင်ကြေးပေးထားကြသည်။
[PDAs = Public Display of Affections ]
“ မင်ဝေးသိပ္ပံနည်းပညာလား…” ထောင်ရှီးက ဘာတုံ့ပြန်မှုမှ မပြုပေ။
“ မင်းမသိဘူးလား။ မင်ဝေးသိပ္ပံနည်းပညာက တော်တော်ကြီးတဲ့ ဆေးကုမ္ပဏီတစ်ခုလေ။ ပြီးတော့ ဥက္ကဋ္ဌက….” ပိချန်ဖေးက ပါးစပ်ကို လက်ဖြင့်အုပ်လိုက်ပြီး ထောင်ရှီး၏အနားသို့ တိုးကပ်ကာ အသံတိုးတိုးနှင့် ပြောလိုက်သည်။ “….ငါတို့နဲ့ ဘေးချင်းကပ်လျက် တန်းခွဲ(၂)က ယန်သောလဲ့ရဲ့ အဖေလေ…”
ထောင်ရှီးက “ဪ” ဟုသာ ပြောလိုက်ပြီး ဘာမှတ်ချက်မှမပြုလာပေ။ သူက လင်ချင်းဟယ်၏ WeChat ကိုသာ ဆက်ကြည့်နေသည်။ ရုတ်တရက် ဖုန်းမျက်နှာပြင်က အဝင်ကောလ်သတိပေးချက်အဖြစ် ပြောင်းလဲသွားသည်။ သူ့မှာ ထိတ်ခနဲပင် လန့်သွားရပြီး ထိုင်ခုံမှထကာ ဖုန်းတစ်လုံးနှင့်အတူ စာသင်ခန်း၏အပြင်ဘက် စင်္ကြံသို့ ခပ်သွက်သွက် ပြေးထွက်လာခဲ့သည်။
“ စာမေးပွဲက ပြီးသွားပြီလား…”
လင်ချင်းဟယ်ဘက်တွင် အနည်းငယ်ဆူညံနေသည်။ သူက “အင်း”ဟုသာ အသံပြုလာပြီး စာမေးပွဲတွင် ဖြေနိုင်၊ မဖြေနိုင်ကို မပြောလာဘဲ အခြားကိစ္စတစ်ခုသာ ပြောလာခဲ့သည်။
“ ငါ နေ့လယ်လောက် ဝမ်းဟွာကို ပြန်လာခဲ့မယ်။ ညနေရောက်ရင် မင်းကို ကျောင်းလာကြိုမယ်…”
ထောင်ရှီးက ကြောင်အသွားကာ မေးလိုက်၏။
“ မင်း ဒီနေ့လယ် ပေကျင်းမှာ အင်တာဗျူးဖြေရဦးမှာ မဟုတ်ဘူးလား…”
ဤတစ်ခေါက် လင်ချင်းဟယ်၏ ပေကျင်းခရီးစဉ်က အချိန်ဇယားများ ပြည့်ကျပ်နေခဲ့သည်။ မနက်ပိုင်းတွင် စာမေးပွဲဖြေပြီးသည်နှင့် နေ့လယ်ခင်းတွင် အမေရိကန်ပါမောက္ခများနှင့် အင်တာဗျူးနှစ်ခုဖြေရဦးမည်ပင်။ သူ၏အစီအစဉ်က မနက်ဖြန်မှ ပြန်လာရန်သာဖြစ်သည်။
“ အင်တာဗျူးကို ငါနောက်ရက်ရွေ့လိုက်တယ်…”
ထောင်ရှီးမှာ တစ်ခုခုမူမမှန်ဟု ခံစားလိုက်ရ၏။ လင်ချင်းဟယ်က ဤကဲ့သို့ အလွယ်တကူ အစီအစဉ်ဖျက်တတ်သည့် လူမျိုးမဟုတ်ပါချေ။ သူ တွေးတွေးဆဆနှင့် ပြောလိုက်သည်။
“ အလောတကြီး ပြန်လာရအောင် အရေးကြီးကိစ္စရှိလို့လား…။ ငါ့ကြောင့်ဆိုရင်တော့ မင်းစိတ်ပူစရာမလိုပါဘူး။ ငါ ကိုယ့်ဟာကိုယ် ဂရုစိုက်နိုင်ပါတယ်…”
လင်ချင်းဟယ်က တိတ်ဆိတ်သော နေရာတစ်နေရာသို့ ထွက်လာဟန်တူသည်။ သူ့အသံက ပို၍ရှင်းလင်းလာပြီး လေးနက်နေသည်။
“ ထောင်ရှီး၊ မနက်ဖြန်မနက်ကျရင် ငါမင်းကို မင်းရဲ့အဖိုးနဲ့အဖွားတွေနဲ့တွေ့ဖို့ ခေါ်သွားချင်တယ်…”
ထောင်ရှီးက ပင့်သက်ရှိုက်လိုက်သည်။ သူ့လက်ချောင်းများက ဖုန်းကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်မိပြီး ညင်သာစွာမေးလိုက်သည်။
“ ဘာဖြစ်လို့လဲ…။ ငါတို့ စနေနေ့မှ သွားကြမယ်လို့ ပြောထားတယ်မဟုတ်ဘူးလား…”
ထိုမြင်ကွင်းကို မြင်ယောင်မိလိုက်ရုံနှင့် သူ စိုးရိမ်စိတ်များ ဝင်လာရသည်။
လင်ချင်းဟယ်က တိတ်ဆိတ်သွားပြီး ခဏကြာမှပြောလာခဲ့သည်။
“ ငါ တခြားဘာမှ ထပ်မဖြစ်စေချင်တော့ဘူး…”
လင်ချင်းဟယ်၏ မိမိကိုယ်မိမိ အပြစ်တင်ဟန်စွက်နေသည့်အသံကို ထောင်ရှီးကြားလိုက်ရသည်။ သူ အောက်နှုတ်ခမ်းကို ဖိကိုက်လိုက်မိ၏။ ခဏကြာ တုံ့ဆိုင်းနေပြီးနောက်တွင် သူ ပြန်ပြောလိုက်သည်။
“ အင်းပါ။ ငါ မင်းစကားကို နားထောင်ပါ့မယ်…”
ဖုန်းချပြီးသောအခါ သူ Weibo ကို ဖွင့်၍ ကွမ်းဖန်ယွင့်၏အကောင့်ကို လိုက်ရှာလိုက်သည့်အခါ အကောင့်မှာ ဖျက်သွားပြီဖြစ်ပြီး ID မှာလည်း code များသာ ပြနေသည်။
ဖုန်းယာ့သုန်း၏ ကွမ်းဖန်ယွင့်အကြောင်း ဖော်ထုတ်လိုက်ခြင်းက သူ ခန့်မှန်းထားသည့်အတိုင်းပါပင်။ သို့သော် ကွမ်းဖန်ယွင့် ဘာဆက်လုပ်မလဲကို သူ ပိုသိချင်လာသည်။
ကွမ်းဖန်ယွင့်က ယန်သောလဲ့ကို အကြိုက်ဆောင်နိုင်ရန် သူ့အား ပုံခိုးကူးသူအဖြစ် လုပ်ကြံစွပ်စွဲခဲ့သည်။ ယခုမူ အခြေအနေများက ဤမျှကြီးထွားလာပြီဖြစ်ရာ မည်သို့မျှ နောက်ပြန်လှည့်၍ မရနိုင်တော့ချေ။ သူမအနေနှင့် ယန်ကျန်းမင်၏ “သား”ကို ကာကွယ်ပေးပြီး အဆုံးထိ ဖုံးကွယ်ထားပေးမည်လား…။
ထို့အပြင် သူနှင့် အမြဲလိုလို ကတောက်ကဆဖြစ်ရပြီး ယန်သောလဲ့ကို ဖားယားနေသည့် ရွှီကျီးချီကလည်း ပန်းချီကို သူမခိုးကြောင်း အကြောက်အကန်ငြင်းမည်ဦးလား။ ကျောင်း၏အကြီးအကဲများ စုံးစမ်းတွေ့ရှိသွားသည့်အချိန်တွင်ရော ယန်သောလဲ့ကို ဖုံးထားပေးဦးမည်လား…။
ထောင်ရှီးက ဖုန်းကို သူ့အိတ်ကပ်ထဲ ပြန်ထည့်လိုက်သည်။ စာသင်ခန်းထဲသို့ ပြန်ဝင်လာခဲ့ပြီးမှ သူ ကော်ရစ်တာဘက်သို့ ပြန်ထွက်လာခဲ့သည်။ တန်းခွဲ(၂) ထဲသို့ ဝင်ရန်ပြင်နေသည့် ကျောင်းသားတစ်ယောက်ကို သူ လှမ်းဆွဲလိုက်ကာ ခေါက်ထားသည့် စာရွက်တစ်ရွက် ပေးလိုက်သည်။
“ မင်းတို့အတန်းထဲက ရွှီကျီးချီကို ဒီစာပေးပေးပါလား…”
ကျောင်းသားက သဘောတူလိုက်ပြီး စာသင်ခန်းထဲသို့ အမြန်ဝင်သွားသည်။
ထောင်ရှီးက ကော်ရစ်တာလက်ရန်းကိုမှီကာ ခေါင်းငုံ့လျက် Weibo ကိုကြည့်ရင်း စောင့်နေသည်။ ခဏအကြာတွင် ရွှီကျီးချီက ထွက်လာပြီး သူ့ကို မှုန်ကုတ်ကုတ်ကြည့်လာသည်။ ထို့နောက် အနီးတစ်ဝိုက်ကို အကဲခတ်ကြည့်လိုက်၏။ အနားတွင် ဖြတ်သွားဖြတ်လာမရှိသည်ကို တွေ့ရတော့မှ မျက်နှာထားသုန်သုန်မှုန်မှုန်နှင့် သူ့ကို ပြောလာသည်။
“ မင်း ဘာကိုဆိုလိုတာလဲ…”
ထောင်ရှီး၏ အကြည့်များက လက်သီးတင်းတင်းဆုပ်ထာသည့် ရွှီကျီးချီ၏လက်များအပေါ် ကျရောက်သွားသည်။ သူ ဘာစကားမှမပြောဘဲ လှည့်ထွက်လာကာ ကော်ရစ်တာအဆုံးရှိ စာသင်ခန်းလွတ်တစ်ခုသို့ လျှောက်လာခဲ့သည်။ ရွှီကျီးချီက ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် သူ့နောက်မှ ဖြည်းဖြည်းချင်းလိုက်လာခဲ့သည်။
စာသင်ခန်းလွတ်ထဲတွင် စားပွဲခုံနှင့် ကုလားထိုင်တစ်ချို့ရှိနေပြီး နံရံထောင့်တွင်မူ ခြေကျိုးနေသည့် ထိုင်ခုံတစ်လုံးရှိနေသည်။ ထောင်ရှီးက ထိုထိုင်ခုံကို အကြည့်ပို့လိုက်၏။ ရွှီကျီးချီက စိုးရိမ်စိတ်များဖြင့် အခန်းတံခါးကို ပိတ်လိုက်သည်။ ထောင်ရှီးက သူ့ကို လေသံတိုးတိုးနှင့်ပြောသည်။
“ ရွှီကျီးချီ၊ ငါ့ပစ္စည်းတွေကို မထိပါနဲ့လို့ ငါ အရင်ကတည်းက မင်းကို ပြောဖူးတယ်ထင်တယ်နော်…”
ရွှီကျီးချီက ကျိုးနေသည့်ထိုင်ခုံကို ကြည့်ရင်း ကိစ္စတစ်ခုကို ရှင်းရှင်းလင်းလင်း သတိရသွားသည်။ သူ အလိုလိုပင် ခြေနှစ်လှမ်းနောက်ဆုတ်လိုက်မိကာ ထောင်ရှီးကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
“ ဘယ်သူက မင်းပစ္စည်းတွေကို ထိနေလို့လဲ…။ မဟုတ်တာတွေ လာစွပ်စွဲမနေနဲ့…”
ထောင်ရှီးက ခြေတစ်လှမ်းရှေ့တိုးလိုက်ကာ ရွှီကျီးချီ၏ရှောင်တိမ်းလိုဟန် မျက်လုံးများကို တည့်တည့်စိုက်ကြည့်လိုက်သည်။
“ ငါ့မှာ အကျင့်ဆိုးတစ်ခုရှိတာ မင်းမသိဘူး။ ငါ့ပစ္စည်းတွေဆိုရင် ဘယ်နေရာမှာပဲထားထား၊ ဘယ်လိုပဲထားထား သေချာမှတ်မိနေတတ်တယ်…”
ရွှီကျီးချီက မလှုပ်မယှက်ရပ်နေပြီး နှုတ်ခမ်းကို တင်းစေ့ထားသည်။ ခဏကြာတိတ်ဆိတ်နေပြီးမှ သူက မျက်နှာကိုဘေးသို့လွှဲရင်း ပြောလာသည်။
“ မင်း ဘာတွေပြောနေတာလဲ ငါမသိဘူး…”
“ ဒါဆို ငါမင်းကို မှတ်မိအောင်လုပ်ပေးမယ်…” ထောင်ရှီးက အိတ်ကပ်ထဲသို့ လက်ထည့်ကာ ဖုန်းကိုဆုပ်ကိုင်လိုက်သည်။ ထို့နောက် ခေါင်းစောင်းကာ တွေးတော၍ ပြောလိုက်၏။
“ ဒီဇင်ဘာ ၁၇ ရက်၊ ဖန်းယန့် ခွင့်ယူပြီး အိမ်ပြန်သွားတဲ့နေ့က ငါ အဆောင်ကိုနောက်ကျမှ ပြန်ရောက်လာခဲ့တယ်။ အဲ့ဒီနေ့က အဆောင်မှာ မင်းတစ်ယောက်တည်း ရှိနေခဲ့တာမလား…”
ရွှီကျီးချီ၏မျက်နှာက တောင့်တင်းသွားသည်။ ထိုနေ့က သူမှတ်ထားသည့်နေ့ပင်။ သူ့နှလုံးသားမှာ ဒရမ်တစ်ခုလို တုန်လှုပ်လာသည်။ သို့သော်လည်း အမူအရာမပျက်အောင် အတတ်နိုင်ဆုံး ထိန်းချုပ်လိုက်၏။
“ ဘာကိုဆိုလိုတာလဲ…။ ဖန်းယန့်လည်း တစ်ခါတလေ အိပ်ဆောင်မှာ တစ်ယောက်တည်း ကျန်ခဲ့တာပဲလေ…”
ထောင်ရှီးက ခပ်ဖွဖွပြုံးကာ တည်ငြိမ်စွာဆိုလိုက်သည်။
“ မင်းသတိမထားမိဘူးလား။ ငါ ပန်းချီဆွဲပြီးတဲ့အချိန်တိုင်း ပန်းချီထောက်တိုင်ကို အမြဲတမ်း ပိတ်စအဖြူရောင်နဲ့ အုပ်ထားတတ်တယ်ဆိုတာကိုလေ။ ဒါပေမယ့် အဲ့ဒီနေ့ ငါပြန်လာတော့ ပိတ်စက ပြုတ်ကျနေတယ်။ အိပ်ဆောင်ထဲမှာ ဖန်းယန့်လည်းမရှိဘူးဆိုတော့ ပိတ်စကိုဖယ်လိုက်တာ ဘယ်သူများလဲ…”
ရွှီကျီးချီမှာ မျက်လုံးထဲမှ ထိတ်လန့်သွားမှုများကို ဖုံးကွယ်ရန်အလို့ငှာ မျက်လွှာချလိုက်သည်။ ခဏကြာ စိတ်ငြိမ်သွားသည်အခါမှ သူက သရော်ပြုံးပြုံးသည်။
“ အဲ့ဒါကို သက်သေလို့ခေါ်တယ်ပေါ့…”
ထောင်ရှီးက ထိုမေးခွန်းကို မဖြေဘဲ ဆက်မေး၍သာမေးလိုက်သည်။
“ မင်း ယန်သောလဲ့ကို ဆက်သွယ်လို့မရဘူးမဟုတ်လား…”
ရွှီကျီးချီ၏မျက်နှာက မည်းမှောင်သွားပြီး ဘာစကားမှ ပြန်မပြောနိုင်ခဲ့ချေ။ မနေ့ညက အခြေအနေများ ပြောင်းပြန်လှန်သွားအပြီးတွင် သူ ယန်သောလဲ့ကို မက်ဆေ့ချ်များ ဆက်တိုက်ပို့ခဲ့ပြီး ဖုန်းပါဆက်ခဲ့သည်။ သို့သော် မည်သည့်တုံ့ပြန်ချက်မှ မရရှိခဲ့ပါချေ။ ယနေ့တွင်လည်း ယန်သောလဲ့က ကျောင်းမလာခဲ့ချေ။ ခဏကြာလျှင် သူ ကျောင်းသားရေးရာဌာနသို့ သွားကာ ဒါရိုက်တာဖုန်ထံမှ စစ်ဆေးမှုကို ခံယူရတော့မည်ဖြစ်သည်။
ထောင်ရှီးက တစ်လှမ်းပြီးတစ်လှမ်းရှေ့တိုးလာကာ ဖြည်းဖြည်းချင်း ဆက်ပြောလိုက်သည်။
“ ရွှီကျီးချီ၊ မင်းကို ယန်သောလဲ့ကလုပ်ခိုင်းခဲ့တယ်ဆိုတာ ငါသိတယ်။ မင်းတင်မဟုတ်ဘူး သူ့အဖေရဲ့ ရည်းစားကိုရောပဲ။ အခု သူ့ကို ဖုန်းယာ့သုန်းက ဖော်ထုတ်လိုက်ပြီ။ ယန်သောလဲ့အတွက် သူမင်းကို အပြစ်ပုံချလိုက်နိုင်တယ်လို့ မထင်မိဘူးလား…”
ပေါင်ပေါ်က ရွှီကျီးချီ၏လက်ချောင်းများ တင်းကြပ်သွားပြီး မျက်နှာမှာလည်း တောင့်တင်းသွားသည်။
“ ဒီကိစ္စက တဖြည်းဖြည်း ကြီးသထက်ကြီးလာပြီ။ ကျောင်းကလည်း စုံစမ်းစစ်ဆေးနေကြတယ်။ မင်း ဆက်ပြီးဖုံးထားလို့ရမယ်များ ထင်နေတာလား…”
ထောင်ရှီး၏မျက်လုံးများက ရွှီကျီးချီ၏ဖြူရော်နေသောမျက်နှာသို့ အကြည့်ရောက်သွားသည်။ သူက အေးစက်နေသော အသံဖြင့် ပြောလိုက်သည်။
“ နောက်ဆုံး ငါ့ပန်းချီတွေကို ခိုးတဲ့လူက မင်းပါဆိုတာကို သိသွားခဲ့ရင်…ကျောင်းက မင်းကို ဘာလုပ်မယ်လို့ထင်လဲ။ အပြစ်ပေးတာလား…ဒါမှမဟုတ် ကျောင်းကနေ ထုတ်ပယ်တာလား…”
ရွှီကျီးချီ၏မျက်လုံးများ အပြင်းအထန် တုန်လှုပ်သွားကာ တံတွေးကို ခက်ခက်ခဲခဲမြိုချလိုက်ရင်း ကတိုက်ကရိုက် ပြောလာခဲ့သည်။
“ သူတို့ မင်းရဲ့ပန်းချီကို အဲ့လိုလုပ်လိမ့်မယ်မှန်း ငါမသိခဲ့ဘူး…”
ထောင်ရှီးက အိပ်ကပ်ထဲမှ သူ့ဖုန်းကို ဆုပ်ညှစ်လိုက်ကာ မယုံသင်္ကာဟန်ဖြင့် ဆက်မေးလိုက်သည်။
“ မင်းတကယ်မသိဘူးလား…”
ရွှီကျီးချီ၏မျက်နှာက နီရဲသွားပြီး အလျင်အမြန် ကန့်ကွက်လိုက်သည်။
“ ငါက မင်း CAC မှာ ဝင်ပြိုင်မယ်ဆိုတဲ့အကြောင်းကိုပဲ ယန်သောလဲ့ကို ပြောပြခဲ့တာ။ သူက မင်းရဲ့ပန်းချီကို ကြည့်ချင်တယ်ပြောပြီး ငါ့ကို ဓာတ်ပုံရိုက်ပြခိုင်းတယ်။ အဲ့ဒါနဲ့ ငါလည်း ရိုက်ပြီးပို့ပေးလိုက်မိတယ်။ သူ အဲ့လိုလုပ်လိမ့်မယ်ဆိုတာ ငါတကယ်မသိတာပါ…”
ထောင်ရှီးမှာ စိတ်ထဲမှ ခြောက်ကပ်ကပ်ရယ်လိုက်မိသည်။ ရွှီကျီးချီက ဝန်ခံလိုက်ပြီဖြစ်သောကြောင့် ဘာမှဆက်ပြောစရာမရှိတော့သဖြင့် လှည့်ထွက်သွားရန်ပြင်လိုက်သည်။ သို့သော် ရွှီကျီးချီက သူ့လက်မောင်းကိုဆွဲလာကာ တောင်းဆိုသောအသံဖြင့် ပြောလာ၏။
“ ထောင်ရှီး၊ ငါ ဝမ်းဟွာ အ.ထ.က(၁)ကနေ ထွက်ရလို့မဖြစ်ဘူး။ ငါ့မိဘတွေသိရင် မိုးမီးလောင်လိမ့်မယ်…”
ထောင်ရှီးက ခြေလှမ်းများကို ရပ်လိုက်ပြီး ရွှီကျီးချီ၏လက်ကို ပုတ်ချလိုက်ကာ အေးစက်စက်ကြည့်ရင်း ပြောလိုက်သည်။
“ မင်းတို့ ငါ့ကို အပုတ်ချဖို့ကြံစည်တုန်းကရော ငါလည်း ဝမ်းဟွာ အ.ထ.က(၁)ကနေ ထွက်သွားရနိုင်တယ်ဆိုတာကို ဘာလို့မတွေးခဲ့တာလဲ…”
ရွှီကျီးချီမှာ ဖြူဖျော့နေသော နှုတ်ခမ်းများကို ဖွင့်လိုက်သော်လည်း ဘာစကားမှ ပြန်မပြောနိုင်ခဲ့ချေ။
The Moon Is Coming To Me
Chapter-57.2
နေ့လယ်ခင်းတွင် ထောင်ရှီးက ပုံမှန်အတိုင်းပင် ညနေငါးနာရီထိ အတန်းများတက်နေခဲ့သည်။ သို့သော် အင်္ဂလိပ်အတန်းချိန်ပြီးခါစတွင် ကျိုးချန်က အနောက်တံခါးမှ ဝင်လာပြီး သူ့ကို ခေါ်ထုတ်သွားသည်။
ထောင်ရှီးလည်း ကျိုးချန်နောက်မှ စာသင်ခန်း၏အပြင်သို့ ထွက်လာခဲ့၏။ ကျိုးချန်က သူ့ကို ရုံးခန်းသို့ ဦးဆောင်ခေါ်သွားရင်း ပြောသည်။
“ နေ့လယ်တုန်းက နိုင်ငံရေးပညာဌာနရဲ့ ဒါရိုက်တာဖုန်က ရွှီကျီးချီကို ခေါ်တွေ့ခဲ့တယ်။ သူ့စကားတွေက မင်းပေးတဲ့ အသံဖိုင်နဲ့ သိပ်တော့မကွာလှဘူး။ အဲ့လိုနဲ့ ဒါရိုက်တာဖုန်က ယန်သောလဲ့ကို သွားရှာခဲ့တယ်။ ဒါပေမဲ့ ယန်သောလဲ့က မနေ့ညကတည်းက ခွင့်ယူထားပြီး ကျောင်းမလာဘူး…”
ထောင်ရှီးမှာ ပြုံးသာပြုံးမိသည်။ ယခုလိုအချိန်မှ ယန်သောလဲ့က သူရဲဘောကြောင်ပြီး ပုန်းနေသတဲ့လား…
ကျိုးချန်မှာ ဤကိစ္စက တန်းခွဲ(၂)မှ ယန်သောလဲ့နှင့်ပါ ပတ်သတ်နေလိမ့်မည်ဟု မထင်ထားသဖြင့် ခေါင်းပါတဆစ်ဆစ်ကိုက်လာရသည်။
“ ဒါရိုက်တာဖုန်က ယန်သောလဲ့ရဲ့ မိဘတွေကို ဆက်သွယ်ထားတယ်။ အခုသူတို့ အစည်းအဝေးခန်းထဲမှာ ရောက်နေကြပြီ…”
သူစကားမဆုံးသေးခင် ထောင်ရှီး၏ခြေလှမ်းများ ရုတ်ခြည်း ရပ်တန့်သွားသည်။ သူ့မျက်ခုံးများ အစွမ်းကုန်တွန့်ချိုးသွားပြီး မျက်လုံး၏အောက်ခြေမှ စိုးရိမ်ကြောင့်ကြနေဟန် အကြည့်များကိုလည်း အထင်းသားမြင်နေရသည်။
ထောင်ရှီးက ယန်သောလဲ့၏မိဘများနှင့် ရင်ဆိုင်ရမည်ကို ကြောက်ရွံ့နေခြင်းဖြစ်မည်ဟု ကျိုးချန်ကထင်လိုက်ကာ သူ့ကို နှစ်သိမ့်ပေးလာသည်။
“ စိတ်မပူပါနဲ့၊ ဒီကိစ္စမှာ ယန်သောလဲ့က အမှားလုပ်ထားတဲ့လူလေ။ သူ့မိဘတွေက မင်းကို ကောင်းကောင်းမွန်မွန် တောင်းပန်ဖို့ လာကြတာပါ။ သူတို့မင်းကို အခက်တွေ့အောင် မလုပ်ပါဘူး…”
ထောင်ရှီး ပင့်သက်တစ်ချက်ရှိုက်လိုက်ကာ ဖြည်းညင်းစွာ ခေါင်းညိတ်ပြလိုက်သည်။
ယန်ကျန်းမင်တစ်ယောက် ဝမ်းဟွာ အ.ထ.က(၁)ကျောင်းသို့ အပြေးအလွှားရောက်လာချိန်၌ လော်ကျန်းယင်းနှင့် ဖန်းမိသားစုမှ လူအိုစုံတွဲနှစ်ယောက်မှာ ရောက်မလာကြသေးချေ။ ဒါရိုက်တာဖုန်က သူ့ကို ပျူငှာစွာကြိုဆိုပြီး အစည်းအဝေးခန်းထဲသို့ ခေါ်လာခဲ့သည်။ ယန်ကျန်းမင်မှာ စီးကရက်ကို မီးညှိလိုက်ပြီး တစ်ရှိုက်နှစ်ရှိုက် ဖွာရှိုက်လိုက်သည်။ အမြဲတစေ သိမ်မွေ့နွေးထွေးခဲ့သော သူ့မျက်နှာမှာ ယခုမူ လေးလံထိုင်းမှိုင်းနေပေ၏။
ယနေ့ နေ့လယ်တွင် ကွမ်းဖန်ယွင့်က သူမဖော်ထုတ်ခံလိုက်ရသည်ကို သိသိချင်း သူ့အား ဖုန်းဆက်ပြီး ဖြစ်ကြောင်းကုန်စင်ကို ပြောပြလာသည်။ -- ယန်သောလဲ့တွင် ထောင်ရှီးဟုခေါ်သော ကျောင်းသားနှင့် မည်သို့သော ရန်ငြိုးမျိုးရှိနေသည်မသိပေ၊ ထောင်ရှီး၏ CAC ပြိုင်ပွဲဝင်ပန်းချီကားကို သူမအား ပေးပြီး ပုံတူကူးခိုင်းခဲ့သည်။ ထို့နောက် နောက်ခံအသိုင်းအဝိုင်း သိပ်မရှိသော ကောလိပ်ကျောင်းသားတစ်ယောက်ကို ငှားရမ်းကာ ပုံတူပန်းချီကားကို ရွှေဖလားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်စေခဲ့သည်။
ရည်ရွယ်ချက်က ထင်ရှားပေ၏။ သူ့သားက ဘာကြောင့်များ ဤသို့လုပ်ရသလဲကို သူနားမလည်နိုင်ပေ။ သူ့သားက ပုံတူကူးသူဟု လုပ်ကြံစွပ်စွဲ၍ အတန်းဖော်ဖြစ်သူ၏ပြိုင်ပွဲကို ပျက်စီးစေချင်ခဲ့သည်။ ထို့ထက် နက်နက်နဲနဲတွေးတောလိုက်လျှင် သူ့သားက ထိုကျောင်းသား၏ ပန်းချီဖန်တီးမှုအနုပညာ အနာဂတ်ကို ဖျက်ဆီးလိုခဲ့ခြင်းဖြစ်လေ၏။
“ ကျန်းမင်၊ ကျွန်မမှာ ထောင်ရှီးကို ရန်ငြိုးထားစရာ ဘာအကြောင်းမှမရှိပါဘူး။ ရှင့်သားကြောင့်သာ ကျွန်မဒီလိုလုပ်ခဲ့တယ်ဆိုတာ ရှင် မသိချင်ယောင်ဆောင်ပါနဲ့။ အခုကျွန်မကို တရားစွဲကြတော့မယ်။ ကျွန်မ ဒါတွေအားလုံးကို ရှင့်သားအစား တာဝန်မခံနိုင်ဘူးနော်။ ရှင်သေချာစဉ်းစားကြည့်ပါဦး…”
ထိုစဉ်က ယန်ကျန်းမင်မှာ ကွမ်းဖန်ယွင့်၏ ဆူညံနေသောငိုယိုသံကို နားထောင်ရင်း နဖူးမှသွေးကြောများပင် ပေါက်ထွက်လုမတတ်ဖြစ်လာခဲ့သည်။ သူ့စိတ်ကိုသူ ငြိမ်အောင်ထိန်းရင်း သူမကို မီဒီယာပလက်ဖောင်းပေါ်မှ ပို့စ်များအားလုံးကို ဖျက်ပစ်လိုက်ရန်နှင့် ဘာမှတုံ့ပြန်မှုမလုပ်ရန်သာ ပြောလိုက်သည်။
ယန်သောလဲ့၏လုပ်ရပ်ကြောင့် သူဒေါသအလွန်ထွက်ရပြီး ထိုကလေးကို ချက်ချင်းဆွဲကာ ရိုက်နှက်ပစ်လိုက်ချင်သည်။ ထို့အပြင် ကွမ်းဖန်ယွင့်က ယန်သောလဲ့အလိုကျ လုပ်ခွင့်ပြုလိမ့်မည်ဟူ၍လည်း သူမထင်ထားခဲ့ပေ။
အဆုံးတွင် ယန်ကျန်းမင်မှာ စိတ်ငြိမ်သွားပြီး အင်တာနက်ပေါ်တက်၍ အခြေအနေကို နားလည်အောင် ရှာဖွေကြည့်လိုက်သည်။ အခြေအနေမှာ အလွန့်ကိုရှုပ်ထွေးနေပြီး ဖုန်းယာ့သုန်းကို နှုတ်ပိတ်ပြီး ဖြေရှင်းရန်လည်း အလွန်နောက်ကျသွားခဲ့လေပြီ။
မည်သို့ပင်ဆိုစေ သူ ကျောင်းသို့သွားကာ ယန်သောလဲ့ကို တိုက်ရိုက်မေးမြန်းရန် စီစဉ်ထားသည်။ သို့သော်လည်း ခဏအကြာတွင် ယန်သောလဲ့၏အတန်းပိုင်ဆရာထံမှ ဖုန်းဝင်လာခဲ့သည်။ အတန်းပိုင်ဆရာက ယန်သောလဲ့၏ဖြစ်စဉ်အကြောင်းကို လေသံအေးအေးဖြင့် ပြောပြလာပြီး ယန်သောလဲ့ကို ကျောင်းသို့ခေါ်လာခဲ့ရန် ပြောလာခဲ့၏။ ထိုအခါမှ ယန်သောလဲ့က ကျောင်းမှာမရှိမှန်း သူသိရတော့သည်။ ဤသို့ဖြင့် သူ့အား အဆက်အသွယ်လုပ်ခဲသည့် လော်ကျန်းယင်းကို ဖုန်းခေါ်လိုက်သည်။ လော်ကျန်းယင်း၏ပြောစကားအရ ယန်သောလဲ့က စိတ်အခြေအနေမကောင်းသဖြင့် သူ့သူငယ်ချင်းအိမ်သို့ ထွက်သွားသည်ဟု သိလိုက်ရသည်။
ယန်ကျန်းမင်မှာ ဒေါသကို လုံးဝထိန်းမရတော့ပေ။ ယန်သောလဲ့ကို အလိုလိုက်လွန်းသည့် ဖန်းမိသားစု၏လူအိုစုံတွဲနှင့် လော်ကျန်းယင်းကို သူ အရင်ကတည်းက သဘောမကျခဲ့ချေ။ သူတို့၏အလွန်အကြူးအလိုလိုက်မှုကြောင့် ယန်သောလဲ့က ယခုအမှားကျူးလွန်လိုက်လေပြီ။ သူ စိတ်မထိန်းနိုင်တော့ဘဲ ယန်သောလဲ့လုပ်ခဲ့သည့် ကိစ္စကောင်းလေးများအကြောင်းကို လော်ကျန်းယင်းအား ပြောပြလိုက်သည်။ မထင်မှတ်ထားစွာ လော်ကျန်းယင်းက ဖန်းအိမ်သို့ ရောက်နေသည့်အချိန်နှင့် တိုက်ဆိုင်သွားသောကြောင့် လူအိုစုံတွဲကပါ ထိုအကြောင်းကို သိရှိသွားသည်။ ထိုသုံးဦးသားက တုန်လှုပ်သွားကာ ယန်သောလဲ့က ဤသို့လုပ်လိမ့်မည်ဟု မယုံကြည်ကြပေ။
အစည်းအဝေးခန်း၏တံခါးက ပွင့်လာသည်။ လော်ကျန်းယင်းက လူအိုစုံတွဲနှစ်ယောက်ကို တွဲလျက် ရောက်လာသည်ကို ယန်ကျန်းမင် တွေ့လိုက်ရသည်။ သို့သော် ယန်သောလဲ့ကိုမူ မတွေ့သောကြောင့် အက်ကွဲနေသောအသံဖြင့် သူ မေးလိုက်သည်။
“ ယန်သောလဲ့ဘယ်မှာလဲ…။ သူ့ကို ဘာလို့မခေါ်လာတာလဲ…”
လော်ကျန်းယင်းက နွမ်းနယ်နေသော မျက်နှာဖြင့် ပြောလာသည်။
“ ငါ လဲ့လဲ့ကို သူ့သူငယ်ချင်းအိမ်မှာ သွားခေါ်ရင်းနဲ့ ဒီအကြောင်းကို မေးကြည့်ခဲ့တယ်။ ဒါပေမဲ့ လဲ့လဲ့က ဝန်မခံဘူး။ သူ ငါနဲ့ကျောင်းကို မလိုက်ချင်ဘူးတဲ့…အဲ့ဒါကြောင့် ငါမခေါ်ခဲ့လိုက်ဘူး…”
ထိုစဉ်က သူမမှာ ယန်သောလဲ့ စိတ်ထိခိုက်မည်စိုးသဖြင့် ဂရုတစိုက်နှင့် ချော့မော့ကာမေးခဲ့သည်။ သို့သော် ယန်သောလဲ့က ငိုယိုကာ အကြောက်အကန်ငြင်းဆိုခဲ့သည်။ သူမမှာ အလွန်စိတ်ပင်ပန်းလာသဖြင့် ဆက်မမေးဝံ့တော့ဘဲ ယန်သောလဲ့ကို ကျောင်းသွား၍ အကြောင်းစုံရှင်းပြရန် ဖျောင်းဖျခဲ့သည်။ သို့သော် ယန်သောလဲ့က ဘယ်လိုလိုပြောပြော သဘောမတူဘဲ သူ့သူငယ်ချင်း၏အိမ်မှ လုံးဝထွက်မလာခဲ့ပေ။ သူမလည်း လက်လျှော့လိုက်ပြီး ကျောင်းသို့သွားရန် အလျင်လိုနေသည့် လူအိုနှစ်ယောက်ကိုသာ ခေါ်လာခဲ့ခြင်းဖြစ်သည်။
ယန်ကျန်းမင်မှာ ဤလူနှစ်ယောက်က အင်မတန် တရားလွန်သည်ဟု ခံစားလိုက်ရသည်။ သူ တစ်ခုခုပြောမည်ပြုစဉ်တွင် ဖန်းကျူချင်းက သူ၏တောင်ဝှေးကို ခပ်ပြင်းပြင်းဆောင့်ချလိုက်သည်။ အမြဲတစေ တည်ငြိမ်နေခဲ့သည့် သူ့မျက်နှာက ယခုမူ စိမ်းဖန့်နေပြီး ယန်ကျန်းမင်အား ခက်ထန်စွာ မေးခွန်းထုတ်လာခဲ့သည်။
“ မင်းရဲ့ရည်းစားက ဘာကောင်းကျိုးတွေလုပ်ခဲ့လဲ ကြည့်စမ်းပါ။ မင်းရည်းစားကို လဲ့လဲ့နဲ့မပတ်သက်ဖို့ ငါဘယ်နှခါပြောခဲ့သလဲ…”
သူ့နံဘေးမှ ဇနီးဖြစ်သူ ယဲ့ယွီရုန်မှာလည်း စိုးရိမ်ဒေါသများထွက်နေသည်။ သို့သော် သူမခင်ပွန်းသည်၏ ခန္ဓာကိုယ်အတွက်လည်း စိတ်ပူသောကြောင့် ချိုသာစွာ ဖျောင်းဖျလိုက်သည်။
“ အရင်ထိုင်လိုက်ပါဦး။ ပြီးမှ တစ်ခုခုနားလည်မှုလွဲနေတာလားဆိုတာ ဆရာ့ကို အကြောင်းစုံမေးကြည့်ရအောင်ပါ။ လဲ့လဲ့က လူလိမ္မာလေးဆိုတာ ကျွန်မယုံတယ်။ လဲ့လဲ့က ဒီလိုလုပ်မယ့်လူမျိုးမှ မဟုတ်တာ…”
လော်ကျန်းယင်းက ဖန်းကျူချင်းကို ဆိုဖာပေါ် ထိုင်နိုင်အောင် ကူတွဲပေးလိုက်ပြီး အဖိုးအိုကို နှစ်သိမ့်လိုက်သည်။
“ လဲ့လဲ့ကလည်း သူမလုပ်ဘူးလို့ပြောတယ်။ တစ်ခုခုနားလည်မှုလွဲနေတာပဲ ဖြစ်မှာပါ…”
ယန်ကျန်းမင် ဖုန်းခေါ်လာချိန်၌ သူမမှာ အလွန်ဆောက်တည်ရာမရဖြစ်သွားခဲ့သည်။ ယန်သောလဲ့က ထောင်ရှီးကို မုန်းတီးနေကြောင်း သူမ သိရှိထားသည့်အတွက် ယန်သောလဲ့က အမှားလုပ်ထားသည်ဟုပင် သံသယဝင်မိခဲ့သည်။ သို့သော် ယန်သောလဲ့၏အကြောက်အကန် ငြင်းဆန်နေမှုက သူမ၏သံသယများကို လွင့်ပြယ်သွားစေခဲ့သည်။ သူမပြုစုပျိုးထောင်ထားသည့်ကလေးက ဤကဲ့သို့လုပ်ရပ်မျိုးလုပ်လိမ့်မည်ဟု သူမ မယုံကြည်ပါချေ။
တစ်ချိန်လုံး တိတ်ဆိတ်နေသည့် ယန်ကျန်းမင်မှာ စီးကရက်ကို အောက်ချလိုက်ပြီး တွန့်ချိုးနေသည့် မျက်ခုံးများကို ဆုပ်နယ်လိုက်သည်။ ဤသုံးယောက်က ယုံမည်မဟုတ်မှန်း သူသိပြီးသားပင်။ ကွမ်းဖန်ယွင့်က တုံးအသော်လည်း ယခုကိစ္စနှင့်ပတ်သက်ပြီး သူ့ကို လိမ်ညာမည်မဟုတ်ကြောင်းကိုတော့ သူသေချာသိသည်။
“ ထားလိုက်တော့…ဒါရိုက်တာဖုန်လာတဲ့အထိ စောင့်ကြတာပေါ့…”
ခဏအကြာတွင် ဒါရိုက်တာဖုန်က အစည်းအဝေးခန်းထဲသို့ ဝင်လာခဲ့သည်။ ဒါရိုက်တာဖုန်က ကျောင်းသားမိဘလေးယောက်ကို ပျူငှာစွာနှုတ်ဆက်လိုက်ပြီး တစ်ယောက်စီအတွက် ရေငှဲ့ပေးသည်။
ဖန်းကျူချင်းက ခဏမဆိုင်းဘဲ အကြောင်းစုံကို မေးမြန်းလိုက်၏။ ဒါရိုက်တာဖုန်ကလည်း ထောင်ရှီး၏ CAC ပြိုင်ပွဲဝင်ပန်းချီကို ခိုးကူးပန်းချီဟု ယိုးစွပ်ခံရသည့်မှစ၍ နောက်ဆုံး အဖြစ်မှန်ပေါ်ပေါက်လာသည်အထိ ခရေစေ့တွင်းကျပြောပြလိုက်သည်။
“ ဒါပေမဲ့ အဲ့ဒါငါ့မြေးနဲ့ ဘာဆိုင်လို့လဲ…”
ဖန်းကျူချင်းက မျက်နှာတင်းတင်းနှင့် မေးလိုက်သည်။ ထောင်ရှီးဟူသည့် နာမည်နှင့် ကျောင်းသားကို သူမသိပါချေ။ ထို့အတူ သူက အသက်ကြီးပြီဖြစ်သောကြောင့် အင်တာနက်ပေါ်မှ ကိစ္စများကိုနားမလည်ချေ။
ဒါရိုက်တာဖုန်က ကျောင်းသားများ၏ ပြဿနာပေါင်းစုံကို ဖြေရှင်းဖူးသူဖြစ်သောကြောင့် မိဘများက သားသမီးဖြစ်သူဘက်မှသာ ရပ်တည်တတ်ကြကြောင်းကို သိရှိထားပြီးသားဖြစ်သည်။ ထို့ကြောင့် ဤစကားကို ကြားရသောအခါ သူက ဒေါသထွက်ခြင်း အလျဉ်းမရှိပေ။ ထို့အစား ထောင်ရှီး၏ပန်းချီကားကို ဓာတ်ပုံခိုးရိုက်ခိုင်းခဲ့သူက ယန်သောလဲ့ဖြစ်ကြောင်း ရွှီကျီးချီက ဝန်ခံခဲ့ကြောင်းကို သူတို့အား ပြောလိုက်သည်။ ဖုန်းယာ့သုန်းကလည်း ကွမ်းဖန်ယွင့်၏ ခိုင်းစေမှုကြောင့် လုပ်ခဲ့ခြင်းဖြစ်လေသည်။
ဖန်းကျူချင်းက တိတ်ဆိတ်သွားပြီး တောင်ဝှေးကို ကိုင်ထားသည့် သူ့လက်မှာလည်း အားလျော့သွားသည်။ ယဲ့ယွီရုန်ကမူ သက်ပြင်းဖွဖွသာချကာ ဘာစကားမှ ပြောမလာခဲ့ချေ။
လော်ကျန်းယင်းက ကွမ်းဖန်ယွင့်၏နာမည်ကို ကြားသည်နှင့်မျက်မှောင်ကြုတ်သည်။ သူမက ယန်ကျန်းမင်ကို လှည့်ကြည့်လိုက်ပြီး သင်္ကာမကင်းသော မျက်နှာဖြင့် အေးစက်စွာမေးလိုက်သည်။
“ ကွမ်းဖန်ယွင့်က လဲ့လဲ့ကို လုပ်ခိုင်းတာများဖြစ်နေမလား…”
လော်ကျန်းယင်းက ဤမျှမျက်လုံးကန်းနေလိမ့်မည်ဟု ယန်ကျန်းမင် မထင်ထားခဲ့ပါချေ။ သူ စိတ်မရှည်သောလေသံဖြင့် ပြောလိုက်သည်။
“ ဖန်ယွင့်က ထောင်ရှီးကိုတောင် ကောင်းကောင်းမသိဘူး။ သူက ဘာလို့ထောင်ရှီးကို နစ်နာအောင်လုပ်ရမှာလဲ…။ သူနဲ့လဲ့လဲ့ အပြန်အလှန်ပို့ထားတဲ့စာတွေကိုလည်း ကျွန်တော့်ကို အကုန် ပြပြီးပြီ။ သူ့ကို ခိုင်းတဲ့လူက လဲ့လဲ့ကိုယ်တိုင်ပဲ…”
အတန်းဖော်တစ်ယောက်၏မွေးနေ့ပါတီတွင် ယန်သောလဲ့က ကွမ်းဖန်ယွင့်ကို ပိုက်ဆံချေးပြီး ထောင်ရှီးကို သင်ခန်းစာပေးရန် အကူအညီတောင်းခဲ့သေးကြောင်းကိုတော့ သူ ထုတ်မပြောမိအောင် အတော်ထိန်းလိုက်ရသည်။ ထိုအကြောင်းကိုသာသိပါက ထိုလူအိုနှစ်ယောက် စိတ်မခိုင်မှာစိုးရသည်။
သို့ပေသည့် ယန်ကျန်းမင်၏စကားက ကွမ်းဖန်ယွင့်ကို ကာကွယ်နေသည့်ပုံပေါ်သောကြောင့် ဖန်းကျူချင်းက ဒေါသတကြီး ပြောလိုက်သည်။
“ မင်းရှာထားတဲ့မိန်းမကိုလည်း ကြည့်ပါဦး။ သူ့ကြောင့်သာ မဟုတ်ရင် လဲ့လဲ့က ဒါမျိုးတွေကို နားတောင်လည်ပါ့မလား…”
ယန်ကျန်းမင်မှာ စိတ်ရှုပ်စွာ နဖူးကိုထောက်ထားလိုက်မိသည်။ နှစ်တွေကြာလာသည်နှင့်အမျှ ဖန်းကျူချင်းနှင့် စကားတစ်ခွန်းနှစ်ခွန်းလောက် ကောင်းကောင်းမွန်မွန်ပြောဖို့ပင် သူ့အတွက် အလွန်ခက်ခဲလာရသည်။ လူအိုကြီး၏ သူ့အပေါ် မကျေနပ်ချက်များက တစ်ရက်နှစ်ရက်တည်း မဟုတ်ခဲ့ပေ။ သူဘာမှ ပြန်ချေပမနေတော့ဘဲ လူအိုကြီးကို စိတ်ကြိုက်ဒေါသထွက်ခွင့် ပေးထားလိုက်သည်။
လော်ကျန်းယင်းမှာ မယုံနိုင်ဖြစ်နေဆဲ။ သူမက ခဏကြာ ကြောင်အနေပြီး အပြင်းအထန် ထိုးနှက်ခံလိုက်ရသည့်ပမာ တတွတ်တွတ်ရေရွတ်လာသည်။
“ လဲ့လဲ့က ဘယ်လိုလုပ်ပြီး……”
ယဲ့ယွီရုန်၏မျက်နှာအမူအရာမှာလည်း တည်တံ့နေပြီး နှလုံးခုန်သံများက ကပြောင်းကပြန်ဖြစ်နေသည်။ လော်ကျန်းယင်းက မယုံကြည်နိုင်မှန်း သူမသိသဖြင့် ရင်ဘတ်ကိုဖိ၍ သက်ပြင်းသာချမိသည်။
“ ကလေးက စိတ်ရှုပ်နေတုန်းမို့ အမှားလုပ်မိတာဖြစ်မှာပါ။ ကျွန်မတို့လူကြီးတွေ အမှားလည်းပါတယ်။ ကျွန်မတို့ ကောင်းကောင်းမသွန်သင်ခဲ့လို့ဖြစ်ရတာပါ။ ဒါရိုက်တာဖုန်ရော ဒီကိစ္စကို ဘယ်လိုဖြေရှင်းရင်ကောင်းမယ်လို့ ထင်ပါသလဲ…”
ဒါရိုက်တာဖုန်မှာ အလွန်နေရခက်နေခဲ့သည်။ အဆုံးတွင် သူ့ကို သတိရသေးသည့် တစ်ယောက်ရှိလာသောကြောင့် အမြန်ပြန်ဖြေလိုက်သည်။
“ ဒီကိစ္စက နည်းနည်းအရေးကြီးတယ်။ နောက်ဆက်တွဲ ပြဿနာတွေကိုတော့ ကျောင်းကဆက်ပြီးကိုင်တွယ်ပါလိမ့်မယ်။ ကျွန်တော်အကြံပေးချင်တာကတော့ ယန်သောလဲ့ကို ထောင်ရှီးဆီသွားပြီး တောင်းပန်းခိုင်းလိုက်ပါ။ ပြီးမှ ထောင်ရှီးရဲ့ သဘောထားကို ဆွေးနွေးကြည့်ကြရင် ပိုကောင်းပါလိမ့်မယ်…”
ဒါရိုက်တာဖုန်၏ဆိုလိုရင်းကို ယန်ကျန်းမင်က နားလည်၏။ သူက ခဏကြာတွေးတောနေပြီးနောက်တွင် မေးလိုက်သည်။
“ ထောင်ရှီးရဲ့ မိဘတွေကိုရော ခေါ်လို့မရဘူးလား…မိဘတွေအချင်းချင်း ဆွေးနွေးရင် ပိုပြီးသင့်တော်မလားလို့လေ…”
ဖန်းကျူချင်းကလည်း ယန်ကျန်းမင်၏စကားကို ကြုံတောင့်ကြုံခဲ ထောက်ခံလာသည်။
“ ဟုတ်တယ်။ ကလေးတွေက ကောင်းကောင်းမဆုံးဖြတ်နိုင်ကြဘူးလေ…”
ဒါရိုက်တာဖုန်က ပြန်ဖြေလာ၏။ “ ထောင်ရှီးက ချင်းရွှေခရိုင်ရဲ့ တိုက်ရိုက်အဝေးလွှင့် စီမံကိန်းကြောင့် ကျွန်တော်တို့ကျောင်းကို ရောက်လာခဲ့တဲ့ကျောင်းသားပါ။ သူ့ရဲ့မိဘတွေက ဒီမှာမရှိဘူး။ ပြီးတော့ ကျွန်တော်မှာတို့လည်း သူ့မိဘတွေနဲ့ အဆက်အသွယ်မရှိဘူး…”
လော်ကျန်းယင်းမှာ သတိပြန်ကပ်လာသည်။ သူမ၏မျက်နှာက မှိုင်းညှိုးသွားရင်း ခေါင်းညိတ်ပြကာ ပြောလိုက်သည်။
“ ကျွန်မထောင်ရှီးကိုသိတယ်။ သူက ချင်းရွှေခရိုင်ကဆိုတာ မှန်ပါတယ်…”
ကျန်လူသုံးယောက်လုံး တိတ်ဆိတ်သွားကြသည်။ အဘယ်ကြောင့်ဆိုသော် ချင်းရွှေခရိုင်ဟူသည် သူတို့ ဘယ်တော့မှ ပြန်အစမဖော်ချင်ကြသည့် နေရာဖြစ်နေသောကြောင့်ပင်။ ယန်သောလဲ့ပတ်သက်မိသည့်လူက ချင်းရွှေခရိုင်မှ ဖြစ်နေလိမ့်မည်ဟု သူတို့မမျှော်လင့်ထားခဲ့ပါချေ။
အဆုံးတွင် ယန်ကျန်းမင်ကသာ ဒါရိုက်တာဖုန်ကို ပြောလိုက်သည်။
“ ကျေးဇူးပါ၊ ကျွန်တော်တို့ အရင်တိုင်ပင်လိုက်ကြပြီးမှ ဒါရိုက်တာဖုန်ကို ပြန်ပြောပါ့မယ်…”
“ ကောင်းပါပြီ။ ခင်ဗျားတို့ ထောင်ရှီးကို တွေ့ချင်ရင် ကျွန်တော်ခေါ်ပေးလို့ရပါတယ်…”
ဒါရိုက်တာဖုန်က နှုတ်ဆက်စကားဆိုကာ အပြင်သို့ထွက်လာခဲ့ပြီး အစည်းအဝေးခန်း၏တံခါးကို ပိတ်လိုက်သည်။ အခန်းထဲမှ ငြင်းခုံနေသံများကို မရေမရာ ကြားလိုက်သောအခါ သူ ခေါင်းသာခါမိသည်။
ထောင်ရှီးက ကျိုးချန်ခေါ်ဆောင်ရာ အစည်းအဝေးခန်း၏တံခါးရှေ့သို့ ရောက်ရှိလာသည်။ သူက ခြေထောက်ဘေးတွင် တစ်ဖက်တစ်ချက်စီချထားသည့် သူ့လက်များကို လက်ဆစ်များဖြူဆုတ်လာသည်အထိ တင်းတင်းဆုပ်ထားလိုက်သည်။
ရောက်ရှိလာသည့် ကျောင်းသားမိဘများထဲတွင် သူ့အဖေ၊ အဖိုးအဖွားနှင့် လင်ချင်းဟယ်၏အမေပါ ပါဝင်ကြောင်းကို ကျိုးချန်မှတစ်ဆင့် သူ သိခဲ့ရပြီးဖြစ်၏။
မူလက မနက်ဖြန် လင်ချင်းဟယ်နှင့်အတူမှ သူ့အဖိုးအဖွားများနှင့် တွေ့ဆုံရန် စီစဉ်ထားခဲ့သည်။ သို့သော်လည်း သူ့ဆွေမျိုးသားချင်းများကို ဤကဲ့သို့အခြေအနေမျိုး၌ ဆုံတွေ့ရမည်ဟု အဘယ်မှာ မျှော်လင့်ထားပါ့မည်နည်း။
ကျိုးချန်က အစည်းအဝေးခန်း၏တံခါးကို ခေါက်လိုက်သောအခါ ထောင်ရှီးမှာ ကျောကိုမတ်လိုက်မိပြီး လည်ချောင်းကိုရှင်းလိုက်သည်။ တံခါးခေါက်သံတစ်ချက်စီက သူ့နှလုံးသားကို အပြင်းအထန် ထုနှက်နေသည့်အလားပါပင်။
အထဲမှ ခြေသံများနှင့်အတူ တံခါးက ဖွင့်ဟသွားသည်။
ယန်ကျန်းမင်၏ နွမ်းနယ်နေသော မျက်နှာထက်မှ ကြင်နာသည့်အပြုံးတစ်ခုကို ထောင်ရှီး တွေ့လိုက်ရသည်။
“ ထောင်ရှီး၊ ဝင်ခဲ့လေ…”
_______________________
-Note -
နောက်တစ်ပိုင်းကတော့ အားလုံးမျှော်နေတဲ့အပိုင်းပါပဲ။