The Moon Is Coming To Me
Chapter-58.1
ထောင်ရှီးက ယန်ကျန်းမင်နှင့်အတူ အစည်းအဝေးခန်းထဲသို့ ဝင်လာခဲ့သည်။ ဖန်းကျူချင်းနှင့် စကားပြောနေသည့် ဒါရိုက်တာဖုန်က ထောင်ရှီးအား လက်ယပ်ခေါ်သည်။
“ ထောင်ရှီး၊ လာထိုင်လေ…”
ပထမဆုံးအနေနှင့် ထောင်ရှီးမြင်လိုက်ရသည်က ဆိုဖာပေါ်တွင် ထိုင်နေသည့် လူအိုစုံတွဲနှစ်ယောက်ဖြစ်၏။ သူ တံခါးဝတွင် ခြေစုံရပ်ကာ ခါးအနည်းငယ်ကိုင်း၍ “မင်္ဂလာပါ အဖိုးနဲ့အဖွား” ဟု လူအိုနှစ်ယောက်ကို ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။ ထို့နောက် လော်ကျန်းယင်းနှင့် ဒါရိုက်တာဖုန်တို့ကို အသီးသီးနှုတ်ဆက်လိုက်သည်။
ဖန်းကျူချင်းက လော်ကျန်းယင်း၏အကူအညီနှင့် မတ်တပ်ထရပ်ပြီး မျက်မှန်ကိုတပ်လိုက်သည်။ ထောင်ရှီး၏မျက်နှာကို မြင်လိုက်ရသည့်တစ်ခဏ လူအိုကြီးမှာ တုန်လှုပ်သွားလေသည်။ သူက ဇနီးဖြစ်သူယဲ့ယွီရုန်နှင့် အကြည့်ချင်းဖလှယ်လိုက်သည့်အခါ နှစ်ဦးစလုံး၏ မျက်လုံးထဲတွင် အံ့ဩတုန်လှုပ်မှုများ ထင်ဟပ်သွားကြသည်။
ထောင်ရှီးနှင့် မကြာခဏ ဆုံဖူးသည့်လော်ကျန်းယင်းက မျက်နှာပေါ်မှ ဝမ်းနည်းမှုများကို ဖုံးကွယ်လိုက်ပြီး ထောင်ရှီးကို ခပ်ပါးပါးပြုံးပြလိုက်သည်။
ထောင်ရှီးက ဒါရိုက်တာဖုန်၏ဘေးမှ ထိုင်ခုံအလွတ်ဆီသို့သွားကာ ထိုင်ချလိုက်သည်။ ဒါရိုက်တာဖုန်က သူ့ကျောကိုပုတ်ကာ မိတ်ဆက်ပေးလာသည်။
“ ထောင်ရှီး၊ ဒါက ယန်သောလဲ့ရဲ့ အဖိုးအဖွား။ သူတို့က မင်းရဲ့ပြိုင်ပွဲနဲ့ပတ်သက်ပြီး စကားပြောဖို့ ရောက်လာကြတာ…”
ဒါရိုက်တာဖုန်က ကျောင်းသားများ၏ပြဿနာများစွာကို ကိုင်တွယ်ဖြေရှင်းဖူးသည့်အတွက် ကျောင်းသားမိဘများကိုလည်း မကြာခဏခေါ်ရဖူးသည်။ ထို့ကြောင့် မိဘအုပ်ထိန်းသူများ မျက်နှာမပျက်စေရေးအတွက် ပြဿနာအကြောင်းကို သွယ်ဝိုက်သောနည်းဖြင့် ပညာသားပါပါ စကားဦးသန်းပေးလိုက်သည်။
ထိုစကားကိုကြားလျှင် ထောင်ရှီးက နှုတ်ခမ်းများကို တင်းစေ့လိုက်မိသည်။ သူ့လက်နှစ်ဖက်ကိုလည်း ပေါင်ပေါ် အသာတင်လိုက်ကာ စိုးရိမ်မှုကြောင့် တုန်ယင်နေသည့် မျက်တောင်များကို ပင့်မြှောက်၍ မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် လူအိုနှစ်ယောက်ကို ကြည့်လိုက်သည်။
သူ့အဖိုးနှင့်အဖွားကို မျက်စိရှေ့မှောက်တွင် တွေ့မြင်ရသည်က သူ့အတွက် ပထမဆုံးအကြိမ်ဖြစ်သည်။ လူအိုနှစ်ယောက်မှာ အနည်းငယ် ပင်ပန်းနေဟန်တူ၏။ ဖန်းကျူချင်း၏မျက်နှာက တည်ကြည်ကာ တိတ်ဆိတ်နေသည်။ ယဲ့ယွီရုန်ကမူ ဝမ်းနည်းနေသည့်အလား မျက်လုံးထောင့်များက အနည်းငယ် နီစွေးနေသည်။
ယန်ကျန်းမင် ဝင်လာခဲ့စဉ်က ရေသန့်စက်မှ ရေတစ်ခွက်ခပ်ခဲ့သည်။ ယခု သူက ထိုဖန်ခွက်ကို လှမ်းယူမည်ပြုစဉ် ယဲ့ယွီရုန်က သူ့ဖန်ခွက်ကိုဦးအောင်ယူလိုက်ပြီး ထောင်ရှီးထံသို့ ကမ်းပေးလိုက်သည်။
ထောင်ရှီးက အမြန်ထရပ်လိုက်သည်။ ထိုအခါ အညိုရောင်အစက်အပြောက်များ ဖုံးလွှမ်းနေသော သူ့အဖွား၏လက်တစ်စုံက အနည်းငယ် တုန်ယင်နေကြောင်း တွေ့လိုက်ရလေ၏။ သူ လက်နှစ်ဖက်ဖြင့် ယဲ့ယွီရုန်ထံမှ ရေခွက်ကို တရိုတသေလှမ်းယူလိုက်သည်။ ထို့နောက် သူ့အဖွားထံမှ ကြင်နာစွာပြောလာသံကို ကြားလိုက်ရသည်။
“ ကလေး၊ ရေအရင်သောက်လိုက်ပါဦး…”
ဘာကြောင့်ရယ်မသိ၊ “ကလေး” ဟု ခေါ်သံအဆုံးတွင် သူ ကပျာကယာ မျက်လွှာချလိုက်မိပြီး အသံတိုးတိုးနှင့် “ကျေးဇူးတင်ပါတယ်” ဟုပြောလိုက်သည်။ ထို့နောက် ထိုင်ခုံပေါ် ပြန်ထိုင်ကာ လက်နှစ်ဖက်နှင့် ဖန်ခွက်ကိုကိုင်လျက် ရေကို ဖြည်းညင်းစွာ သောက်လိုက်သည်။
သူတို့အတွက် ယန်သောလဲ့၏အကြောင်းကို တိုက်ရိုက်ပြောရန်မှာ အနည်းငယ် ကသိကအောက်နိုင်လှသည်။ ယဲ့ယွီရုန်က သူမ၏အရှေ့မှ ဤကလေးငယ်၏ စိုးရိမ်ကြောက်ရွံ့နေပုံကို မြင်သောအခါ နွေးထွေးစွာ မေးလိုက်သည်။
“ သားက ချင်းရွှေခရိုင်ကျောင်းကနေ ပြောင်းလာခဲ့တာဆို…”
ထောင်ရှီးက ယဲ့ယွီရုန်ကို မော့ကြည့်လိုက်ပြီး ခေါင်းညိတ်ပြကာ ဆိုလိုက်သည်။
“ ကျွန်တော်က ချင်းရွှေခရိုင် အ.ထ.က(၁) ကျောင်းကပါ…”
နံဘေးမှ ဒါရိုက်တာဖုန်က အပြုံးနှင့် ဝင်ပြောလာသည်။
“ ထောင်ရှီးက ချင်းရွှေခရိုင်မှာ ပထမရလို့ ဒီမှာ တစ်နှစ်ပညာသင်ခွင့်ရတာလေ။ သူ့အဆင့်တွေကလည်း အရမ်းကောင်းတယ်…”
ယဲ့ယွီရုန်က ကြင်နာစွာ ပြုံးပြပြီး ချီးကျူးသည်။
“ ထက်မြက်ပြီး စာကြိုးစားတဲ့ လူလိမ္မာလေးပဲ…”
ထောင်ရှီးမှာ သူမ၏စကားကြောင့် မျက်လုံးများ ဝိုင်းစက်သွားရ၏။
ဒါရိုက်တာဖုန်၏ ဦးဆောင်စကားကြောင်းလမ်းပေးမှုအောက်တွင် အစည်းအဝေးခန်း၏လေထုအခြေအနေက များစွာ အဆင်ပြေချောမွေ့နေသည်။ မည်သို့ဆိုစေ လာရင်းကိစ္စကိုလည်း ဆွေးနွေးရဦးမည်ဖြစ်၏။ ယန်ကျန်းမင်က ခဏကြာ အတွေးများနေပြီးနောက် ထောင်ရှီးကို မကွယ်မဝှက်ပြောလာသည်။
“ ထောင်ရှီး၊ ငါတို့ ဒီကိုရောက်လာရတဲ့ အဓိကအကြောင်းအရင်းက မင်းကို တောင်းပန်ဖို့ပါ။ ယန်သောလဲ့က ဒီလိုလုပ်လိမ့်မယ်လို့ ငါတို့မထင်ထားခဲ့ဘူး။ သူ ဒီနေ့မလာရင်တောင် မင်းကို သေချာပေါက် တောင်းပန်ခိုင်းမှာပါ…”
ယဲ့ယွီရုန်ကလည်း ဝမ်းနည်းနေသော မျက်နှာဖြင့် ထောင်ရှီးအား ပြောလာသည်။
“ အဖွားတို့မြေးက အမှားကျူးလွန်မိပါတယ်။ အဖွားတို့ အုပ်ထိန်းသူတွေအနေနဲ့လည်း သူ့ကို ကောင်းကောင်းမသွန်သင်နိုင်ခဲ့ဘူး။ အဲ့ဒါကြောင့် အဖွားတို့လည်း သားကို တောင်းပန်သင့်ပါတယ်…”
ထောင်ရှီး၏ကျောကုန်းလေး ကျုံ့ဝင်သွားပြီး လက်ထဲမှ ဖန်ခွက်ကို မျက်လွှာချကာ စိုက်ကြည့်လိုက်သည်။ သူ ဘာစကားမှ မဆိုဖြစ်ပါချေ။
ထောင်ရှီးက တိတ်ဆိတ်နေသည်ကိုမြင်လျှင် ဒါရိုက်တာဖုန်မှာ မတတ်သာတော့ပဲ ခြောက်ကပ်ကပ်ပြုံးလျက် ပြောလိုက်သည်။
“ မနက်ဖြန် ယန်သောလဲ့ ကျောင်းကိုလာတဲ့အခါ ထောင်ရှီးကို သေချာတောင်းပန်ခိုင်းလိုက်ပါ။ ကလေးတွေရဲ့ အာဃာတက ဘယ်လောက်နက်ရှိုင်းနိုင်မှာမို့လဲ…အဖုအထစ်တွေကို ဖြေလျော့လိုက်ကြပေါ့…”
သူ့စကားအဆုံးတွင် ထောင်ရှီးက ရုတ်တရက် ခေါင်းမော့လာပြီး ပြောသည်။
“ယန်သောလဲ့ တောင်းပန်တာကို ကျွန်တော်လက်မခံနိုင်ပါဘူး…”
လေသံက စိတ်ပိုင်းဖြတ်ထားသည့်အလားပင်၊ သူ့မျက်ဝန်းထဲတွင် ခေါင်းမာမှုများကို အထင်းသားမြင်နေရသည်။ အနည်းငယ်မျှပင် အလျှော့ပေးမည့်ပုံမပေါ်ပါချေ။
အစည်းအဝေးခန်းထဲမှ လေထုက ရုတ်ခြည်း တိတ်ဆိတ်သွားသည်။ မိဘအုပ်ထိန်းသူများက အချင်းချင်း ကြည့်လိုက်ကြပြီး ဒါရိုက်တာဖုန်မှာ အခက်တွေ့စွာ ခေါင်းကုတ်လိုက်မိသည်။ သူက ပါမောက္ခဖန်းနှင့် ပုဂ္ဂိုလ်ရေးရာ ရင်းနှီးမှုရှိသောကြောင့် ဤပြဿနာကို သိုသိုသိပ်သိပ်လေး ဖြေရှင်းပြီးသွားရန် ကူညီပေးချင်ခဲ့သော်လည်း ယခုမူ အနည်းငယ် အခက်တွေ့နေလေပြီ။
တစ်လျှောက်လုံး တိတ်ဆိတ်နေသည့် ဖန်းကျူချင်းက ထောင်ရှီး၏စကားကြောင့် မျက်မှောင်ကြုတ်သွားပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
“ ငါတို့ တောင်းပန်ရုံတင်မကပါဘူး၊ လဲ့လဲ့ကြောင့် မင်းဆုံးရှုံးခဲ့ရတာတွေအတွက် အတတ်နိုင်ဆုံး ပြန်ပေးဆပ်မှာပါ။ မင်း ဒီကိစ္စကို ကျေအေးပေးသရွေ့ ငါတို့ မင်းကို အလျော်အစားပြန်ပေးပါ့မယ်…”
သူတို့အချိန်ခဏကြာ စကားပြောကြအပြီးတွင် အဓိကသော့ချက်က ထောင်ရှီးအပေါ်တွင်သာ မူတည်နေကြောင်း သိလိုက်ကြသည်။ ထောင်ရှီးက ဤကိစ္စကိုကျေအေးပေးသရွေ့ ယန်သောလဲ့၏လုပ်ရပ်ကို မည်သူမှ သိတော့မည်မဟုတ်သလို ကျောင်းမှပေးမည့်အပြစ်ဒဏ်ကလည်း လျော့ပေါ့သွားနိုင်သည်။ သူတို့၏ကလေးကို စိတ်ဆိုးဒေါသထွက်ကြသည်မှာ မှန်သော်လည်း ယန်သောလဲ့ ဒုက္ခရောက်မည့် အဖြစ်ကိုတော့ လက်ပိုက်မကြည့်နိုင်ကြပါချေ။
ယဲ့ယွီရုန်မှာ ဖန်းကျူချင်း၏လေသံက အနည်းငယ် ခက်ထန်နေသည်ဟု ထင်မိသောကြောင့် ထောင်ရှီးကို ခြောက်လှန့်မိသွားမည်ကို စိုးရိမ်၍ နူးညံ့စွာပြောလိုက်သည်။
“ ကလေး၊ မင်းအတွက် ချင်းရွှေခရိုင်ကနေ လာရတာမလွယ်ကူလှဘူး။ လျော်ကြေးအနေနဲ့ မင်းအတွက် ဝမ်းဟွာ အ.ထ.က(၁)မှာ အထက်တန်းပြီးမြောက်သည်အထိ ကျောင်းဆက်တက်ဖို့ အဖွားတို့ ထောက်ပံ့ကြေးပေးနိုင်ပါတယ်။ ပြီးတော့ တက္ကသိုလ်ကြီးကနေ ဘွဲ့ရတဲ့အထိ ကုန်ကျစရိတ်အားလုံးကိုလည်း အဖွားတို့ပေးပါ့မယ်။ သား ဘယ်လိုသဘောရလဲဟင်…”
ထောင်ရှီးမှာ သူ့အဖွားထံမှ “ကလေး” ဟု ခေါ်သံကို ထပ်မံကြားလိုက်ရသည်။ သူ့ရင်ဘတ်ထဲမှ နာကျင်မှုကိုသာ ခံစားရပြီး အသက်ရှူသံများလည်း ဆို့နင့်လာသည်။
သူ ပါးစပ်ဖွင့်ကာ တစ်ခုခုပြောလိုက်ချင်ပါသော်လည်း ကြမ်းရှသည့်အရာတစ်ခုဖြင့် သူ့လည်ချောင်းကို ပိတ်ဆို့ထားသည့်အလား အသံများ ထွက်မလာနိုင်ခဲ့ပါချေ။
အုပ်ထိန်းသူမိဘများ၏ အမြင်တွင် ထောင်ရှီးက ခေါင်းငုံ့လျက် တိတ်ဆိတ်နေခြင်းမှာ တုံ့ဆိုင်းနေခြင်းဖြစ်မည်ဟု ထင်သွားကြသည်။
ဒါရိုက်တာဖုန်အနေနှင့်လည်း ဤလျော်ကြေးက အလွန်ကောင်းမွန်သည်ဟု ယူဆသည်။ စင်စစ်တွင် ထောင်ရှီး၏မိသားစုက ဆင်းရဲသောကြောင့် အနာဂတ်တွင် တက္ကသိုလ်တက်လျှင် အခက်ကြုံရမည်ပင်။ ဤမျှကောင်းမွန်သော အခွင့်အရေးကို အဘယ်နည်းနှင့်မှ လက်လွှတ်မခံသင့်ပေ။ သူ ထောင်ရှီးကို တီးတိုးပြောလိုက်သည်။
“ ထောင်ရှီး၊ မင်းစဉ်းစားကြည့်ပါဦးလား…”
ထောင်ရှီးက ခေါင်းခါသည်။ ထို့နောက် အက်ကွဲနေသောအသံဖြင့် ထပ်ပြောလာသည်။
“ ကျွန်တော် လက်မခံချင်ဘူး…”
ယဲ့ယွီရုန်မှာ ဤကလေးက အလွန်ခေါင်းမာလိမ့်မည် မမျှော်လင့်ထားသောကြောင့် သက်ပြင်းဖွဖွချကာ ယန်ကျန်းမင်ကို လှည့်ကြည့်လိုက်သည်။ ယန်ကျန်းမင်က နဖူးကို အုပ်ကိုင်ထားလျက်သာ ရှိနေပြီး ဘာတုံ့ပြန်မှုမှ ပြုမလာခဲ့ချေ။ သို့နှင့် သူမလည်း လော်ကျန်းယင်းကို ကူရာမဲ့စွာ လှည့်ကြည့်လိုက်သည်။ လော်ကျန်းယင်းက ထောင်ရှီးနှင့်ရင်းနှီးသောကြောင့် သူမထံမှ ပိုမိုကောင်းမွန်သည့် အကြံဉာဏ်များ ရမလားဟု ထင်မိ၍ပင်။
လော်ကျန်းယင်းက ထောင်ရှီး၏အနားတွင် လာထိုင်ကာ လေသံပျော့ပျော့နှင့် ဖျောင်းဖျသည်။
“ ထောင်ရှီး၊ သားက ပန်းချီဆွဲရတာကို သဘောကျလို့ နိုင်ငံခြားက ပန်းချီတက္ကသိုလ်တစ်ခုမှာ လျှောက်ချင်တယ်မလား…။ နိုင်ငံခြားမှာ ကျောင်းတက်ဖို့အတွက် အန်တီတို့က ကုန်ကျစရိတ်တွေအားလုံးကို စိုက်ပေးမယ်လေ။ သားနဲ့ ချင်းဟယ်က အရမ်းရင်းနှီးကြတယ်မလား။ ချင်းဟယ်နဲ့အတူ အမေရိကားကို အတူတူသွားကြပေါ့၊ မကောင်းဘူးလား…”
“ချင်းဟယ်”ဟူသော အမည်ကို ကြားလိုက်ရသည့်တစ်ခဏ ထောင်ရှီး၏ အမြင်အာရုံများ တစ်ခဏချင်း ဝေဝါးသွားတော့သည်။ သို့တိုင် သူက ခေါင်းမာစွာ ခေါင်းခါနေဆဲပင်။
ဖန်းကျူချင်းမှာ ဘဝတစ်လျှောက်လုံး ခေါင်းမာခဲ့သည်။ သူ့သမီးဖြစ်သူကလည်း ခေါင်းမာသည်။ သူ့ရှေ့မှ ဤကလေးမှာ သူ့ထက်ပင် ပို၍ခေါင်းမာနေသည်။ သူက ခက်ထန်နေသော သူ့မျက်နှာကြောကို လျှော့လိုက်ကာ ထောင်ရှီးကို ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“ ကလေး၊ မင်းရဲ့ဒေါသကို ငါနားလည်နိုင်ပါတယ်။ အမှန်အတိုင်းပြောရရင် ငါလည်းပဲ ဒေါသထွက်နေတုန်းပဲ။ ငါတို့မြေးက ဒီလိုယုတ်ညံ့တဲ့ကိစ္စမျိုး လုပ်လိမ့်မယ်လို့ ငါတို့ ခုထိမယုံနိုင်သေးဘူး…”
စကားပြောနေရင်းနှင့်ပင် သူက အပြင်းအထန် ချောင်းဆိုးလာသည်။ ထောင်ရှီးမှာ မနေနိုင်စွာ မျက်လွှာပင့်၍ ကြည့်လိုက်မိ၏။
ယဲ့ယွီရုန်က ခင်ပွန်းသည်ကို ရေတစ်ခွက် အမြန်ကမ်းပေးလိုက်သည်။ ဖန်းကျူချင်းက ရေတစ်ငုံ့နှစ်ငုံ့မျှသောက်ပြီးသည့်အခါ ချောင်းဆိုးရပ်သွားသည်။ ထို့နောက် ထောင်ရှီးကို ကြည့်လိုက်၏။ မှိုင်းညှို့နေပြီးသား သူ့မျက်လုံးများထဲတွင် နာကျင်မှုအရိပ်အယောင်များ ထင်ဟပ်လာပြီး ခါးသက်စွာပြောလာခဲ့သည်။
“ သူ့အမေက အစောကြီးဆုံးသွားရှာတယ်။ သူက အားနည်းပြီး ချူချူချာချာနဲ့ ကြီးပြင်းခဲ့ရရှာတာမို့ ငါတို့အားလုံးက သူ့ကို အလိုလိုက်ထားမိကြတယ်။ ဘာအကြောင်းနဲ့မှ သူ စိတ်ထိခိုက်မှာကို မလိုလားခဲ့ကြဘူး။ ဒီလိုတွေကြောင့် သူက တစ်ကိုယ်ကောင်းဆန်ပြီး ထင်ရာစိုင်းတတ်တဲ့လူ ဖြစ်လာခဲ့တယ်။ အခု သူက အမှားတစ်ခုကို ကျူးလွန်လိုက်ပြီ။ ငါတို့အုပ်ထိန်းသူတွေလည်း အမှားမကင်းပါဘူး။ ဒီအတွက် ငါတို့မင်းကို တောင်းပန်ချင်တယ်၊ ပြီးတော့ စိတ်ရင်းမှန်နဲ့လည်း အလျော်အစားပြန်ပေးချင်တယ်…”
ထောင်ရှီးက ခေါင်းငုံ့ချလိုက်ကာ ခြောက်သွေ့နေသော လည်ချောင်းထဲသို့ တံတွေးကို ခက်ခက်ခဲခဲမြိုချလိုက်သည်။ သူ့လက်ချောင်းများကို တင်းတင်းဆုပ်ထားပြီး ဖန်းကျူချင်း စကားဆက်ပြောလာသည်ကို နားထောင်နေသည်။
“ လူတိုင်းက အမှားမကင်းကြပါဘူး။ ကလေးဖြစ်ဖြစ်၊ လူကြီးဖြစ်ဖြစ် အမှားတွေ လုပ်မိတတ်ကြတယ်။ လူတိုင်းက ကိုယ့်အမှားအတွက် ပြန်ပေးဆပ်ကြရတယ်။ တစ်ချိန်က အမှားတစ်ခုအတွက် ငါ အဆမတန်ပေးဆပ်ခဲ့ရပြီးပါပြီ။ ငါ အခု အသက်တွေကြီးနေပြီ။ အချိန်လည်း ဘယ်လောက်မှမကျန်တော့ဘူး။ ငါ့ရဲ့တစ်ဦးတည်းသောမြေးကို အမှားတွေအတွက် ပြန်ပေးဆပ်နေရမှာကို ငါမကြည့်ရက်နိုင်ဘူး…”
အတိတ်ကို ပြန်လည်အမှတ်ရသွားသည့်အလား ဖန်းကျူချင်း၏ မှိုင်းညို့ညို့မျက်လုံးများက ပူဆွေးမျက်ရည်များဖြင့် ပြည့်လျှံလာသည်။ ဘေးမှယဲ့ယွီရုန်က အကြည့်လွှဲလိုက်ပြီး လက်ကိုင်ပဝါတစ်ခုထုတ်ကာ စိုစွတ်နေသည့် သူမ၏မျက်လုံးထောင့်များကို သုတ်နေသည်။
ဖန်းကျူချင်းက ဆိုဖာပေါ်မှ တုန်တုန်ယင်ယင်နှင့် ထရပ်လိုက်သည်။ မည်သူ့ကိုမှ မတောင်းပန်ခဲ့ဖူးသည့် ပါမောက္ခအိုကြီးမှာ ခါးကို ကိုင်းညွှတ်လိုက်လေသည်။ သူက တုန်ယင်နေသော လက်တစ်စုံဖြင့် ထောင်ရှီး၏လက်ထဲကို စာရွက်တစ်ရွက်ထည့်ပေးလိုက်ကာ အသနားခံသည်။
“ ကလေး၊ ငါတို့မိသားစုရဲ့ကလေးက မင်းအပေါ် အမှားလုပ်မိခဲ့တယ်။ ငါတို့ သူ့အတွက် ပြန်ပေးဆပ်ဖို့လာခဲ့တာပါ။ မင်းလိုချင်တာမှန်သမျှ တောင်းဆိုလို့ရတယ်။ ငါလို လူအိုကြီးတစ်ယောက် တတ်နိုင်တာမှန်သမျှ အကောင်းဆုံးဖြည့်ဆည်းပေးဖို့ အဆင်သင့်ပါပဲ…”
ထောင်ရှီး၏အမြင်အာရုံများ တစ်မုဟုတ်ချင်း ဝေဝါးသွားတော့သည်။ ထိုစာရွက်ပေါ်မှ စာများကို သူမမြင်ရတော့။ သူမြင်ရသည်ဟူ၍ မရပ်မနား တုန်ယင်နေသည့် လူအိုကြီး၏လက်တစ်စုံကိုသာ ဖြစ်လေသည်။
သူ့ညီမဖြစ်သူ ထောင်လဲ့ကို သူ အကြိမ်ပေါင်းများစွာ အားကျခဲ့ဖူးသည်။ အမှားလုပ်မိလျှင်တောင်၊ မတရားခံရလျှင်တောင် သူ့ကို အလိုလိုက်ကာ ကာကွယ်စောင့်ရှောက်ပေးမည့် အဖိုးအဖွားတို့က ဘေးတွင် အမြဲတမ်းရှိပေးလိမ့်မည်။ အဖိုးအဖွားတို့၏ အိုမင်းသန်မာသော လက်များဖြင့် သူ့ကို အပြစ်တင်မှု၊ ဆူပူကြိမ်းမောင်းမှု အလုံးစုံမှ ဒိုင်းကာလို ကာကွယ်ပေးပြီး သူ့အားပြောမည်။ ကလေး မကြောက်နဲ့နော်။ အဖိုးနဲ့အဖွားဆီလာ။
သူ လက်ကိုဆန့်ထုတ်ကာ သူ့အဖိုး၏လက်ထဲမှ စာရွက်ကိုလှမ်းယူလိုက်သည်။ သူ ခေါင်းငုံ့၍ မျက်တောင်များကို ခပ်ပြင်းပြင်းပုတ်ခတ်လိုက်သည်။ ထိုအခါ ဝေဝါးနေသည့် အမြင်အာရုံက ပြန်လည်ကြည်လင်လာသည်။
စာရွက်၏ ထိပ်ဆုံးစာကြောင်းတွင် စာလုံးသုံးလုံးကို ပုံနှိပ်ထားသည်။
သဘောတူစာချုပ်။
စာချုပ်ပေါ်တွင် သူတို့ကတိပေးထားသည့်အတိုင်း နစ်နာကြေးကို ရှင်းလင်းစွာ ရေးသားထား၏။ အချက်အလက်တစ်ခုစီတိုင်းက ဆင်းရဲတွင်း၌ ကြီးပြင်းလာသည့်လူတစ်ယောက်ကို စိတ်လှုပ်ရှားစေဖို့ လုံလောက်ပေသည်။ သူ့အနေနှင့် လိုချင်သည့်အရာများကိုပင် ထပ်မံဖြည့်စွက်ခွင့်ရှိ၏။
သူလက်မှတ်ထိုးလိုက်သည်နှင့် ဤမျှရက်ရောသည့် နစ်နာကြေးကြီကို ရရှိသွားမည်ပင်။
အစည်းအဝေးခန်းက ထပ်မံတိတ်ဆိတ်သွားပြန်သည်။ အဆုံးတွင် ဤကလေးက တစ်ခုခုမှားယွင်းနေကြောင်းကို လူကြီးများ သတိထားမိသွားကြသည်။ ကလေးက ခေါင်းကိုမြှုပ်နေအောင် ငုံ့ထားပြီး ကိုယ်ကိုကျုံ့ကာ ပုခုံးများက တုန်ယင်နေလျက်သားဖြင့် “သဘောတူစာချုပ်” ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။ စွန့်ပစ်ခံလိုက်ရသည့် ကလေးတစ်ယောက်ပမာ အလွန်အမင်း တိုးညှင်းလှသည့် ရှိုက်သံတိုးတိုးဖြင့် တအိအိငိုကြွေးနေခဲ့သည်။
လူကြီးများမှာ ထောင်ရှီးထံမှ ဤကဲ့သို့ တုံ့ပြန်မှုမျိုးကို မမျှော်လင့်ထားကြသည့်အလျောက် နားလည်းမလည်နိုင်ကြပါချေ။ လူကြီးများ၏အမြင်တွင် ဤမျှရက်ရောသော အလျော်အစားကို လက်ခံလိုက်ခြင်းသည် အသင့်လျော်ဆုံး ရွေးချယ်မှုဟု ထင်ကြသည်။
ယဲ့ယွီရုန်က မျက်မှောင်ကြုတ်ကာ သူ့အား စိုးရိမ်စွာ မေးလာသည်။
“ ကလေး၊ ဘာဖြစ်လို့လဲ…”
လော်ကျန်းယင်းက ထောင်ရှီးကို တစ်ရှူးတစ်ခုလှမ်းပေးလိုက်သည်။ သို့သော် ထောင်ရှီးက မယူပေ။ ထောင်ရှီးက အဘယ့်ကြောင့် ဝမ်းနည်းနေသည်မှန်းမသိသဖြင့် မဝံ့မရဲ အကြံပေးမိသည်။
“ အန်တီတို့ သားရဲ့မိသားစုနဲ့ ဆွေးနွေးကြရင် မကောင်းဘူးလားဟင်။ သားရဲ့ အမေနဲ့အဖေကို ဖုန်းခေါ်လိုက်ပါလား…”
ကျွန်တော်ရဲ့ အမေနဲ့ အဖေ။
“ကျွန်တော်….” ထောင်ရှီးက အဆုံးတွင် နှုတ်ခမ်းများ ပွင့်လာသည်။ သူတစ်ခုခုပြောလိုက်ချင်ပါသော်လည်း စကားသံများက ထွက်မလာခဲ့ချေ။
ထိုအချိန်တွင် အစည်းအဝေးခန်း၏တံခါးက ရုတ်တရက် ပွင့်သွားသည်။ အားလုံး တံခါးဘက်သို့ လှည့်ကြည့်လိုက်ကြရာ တင်းမာနေသောမျက်နှာထားဖြင့် အထဲသို့ဝင်လာသော အရပ်ရှည်ရှည်နှင့် လူငယ်တစ်ယောက်ကို တွေ့လိုက်ရသည်။ လူငယ်အကြည့်များက အားလုံး၏အလယ်တွင်ရှိနေသည့်ကလေးထံ ကျရောက်သွားပြီး သူ့ဘေးသို့ အမြန်လျှောက်သွားသည်။
“ ချင်းဟယ်…” လော်ကျန်းယင်းက အံ့ဩတကြီး မတ်တပ်ထရပ်လိုက်သည်။ “မင်းက ပေကျင်းမှာ ရှိနေရမှာမဟုတ်ဘူးလား…”
The Moon Is Coming To Me
Chapter-58.2
လင်ချင်းဟယ်က ပြန်မဖြေပေ။ သူက ထောင်ရှီး၏လက်ထဲမှ စာရွက်ကိုမြင်သွားသည်။ စာရွက်ပေါ်တွင် မခြောက်သေးသည့် မျက်ရည်စများနှင့်အတူ မင်ပျံ့နေသော “သဘောတူစာချုပ်” ဟူသည့် မပီမပြင် စာလုံးတစ်ချို့ ရှိနေသည်။
ထိုတစ်ခဏတွင် အခန်းထဲမှလူတိုင်း ဤလူငယ်ထံမှ နက်ရှိုင်းပြင်းထန်သည့် ဒေါသတရားကို ခံစားလိုက်ရသည်။ သူ့မျက်လုံးများ တစ်ခဏချင်း နက်မှောင်သွားပြီး မပြောမဆိုနှင့် ထောင်ရှီး၏လက်ထဲမှ “သဘောတူစာချုပ်”ကို ဆွဲယူလိုက်ကာ စာရွက်ကို ချက်ချင်းဆုတ်ဖြဲပစ်လိုက်သည်။
ဖန်းကျူချင်း၏မျက်နှာက ကွက်ခနဲ ပျက်ယွင်းသွားပြီး သူ့မျက်စိရှေ့တွင် ကြီးပြင်းလာခဲ့သည့် ဤကလေးကို စူးစူးရဲရဲ စိုက်ကြည့်ကာ ဒေါသစွက်နေသော အသံဖြင့် ပြောလိုက်သည်။
“ ချင်းဟယ်၊ မင်း ဒါဘာလုပ်တာလဲ…”
လင်းချင်းဟယ်၏တင်းမာနေသော မျက်နှာက အေးစက်ခက်ထန်နေသည်။ သူက လူကြီးသူမများကို အရိုအသေတန်သည့်အပြုအမူမျိုး တစ်ခါမှမလုပ်ခဲ့ဖူးပေ။ ယခုတွင်မူ သူက လေးပင်နေသည့် မျက်လုံးများဖြင့် သူတို့၏ အံ့အားသင့်နေဟန်၊ ဇဝေဇဝါဖြစ်နေဟန် မျက်နှာများကို တစ်ယောက်ချင်းလိုက်ကြည့်လိုက်သည်။ သူ၏အသံက အလွန်အမင်း အေးစက်လျက်ရှိ၏။
“ ခင်ဗျားတို့ ဘာလုပ်နေတာလဲရော သတိထားမိကြရဲ့လား…”
လော်ကျန်းယင်းမှာ လင်ချင်းဟယ်၏ ဤမျှဒေါသထွက်နေသည့်ပုံကို တစ်ခါမှ မမြင်ဖူးသောကြောင့် ကြောင်အမ်းအမ်းနှင့် ဆွံ့အသွားသည်။
ယန်ကျန်းမင်က ထရပ်လိုက်သည်။ မည်သို့ဆိုစေ ယင်းက သူ့သား၏ကိစ္စဖြစ်နေသောကြောင့် လင်ချင်းဟယ်ကို အေးအေးဆေးဆေး ရှင်းပြလိုက်သည်။
“ ငါတို့က လဲ့လဲ့မှားခဲ့တာတွေအတွက် ထောင်ရှီးကို တောင်းပန်နေကြတာ။ ပြီးတော့ ပြေပြေလည်လည် ညှိနှိုင်းနေကြတာပါ…”
ထောင်ရှီးက ဤသို့အပြင်းအထန် တုံ့ပြန်လာလိမ့်မည်ဟု သူတို့မထင်ထားခဲ့ရုံသာ။
ပြေပြေလည်လည် ညှိနှိုင်းတယ်တဲ့လား…
လင်ချင်းဟယ်က ကြမ်းပြင်ပေါ်ရှိ ဆုတ်ပြဲနေသည့် “သဘောတူစာချုပ်” ကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ထိုလူများအား ထေ့ငေါ့စွာကြည့်ရင်း မေးခွန်းထုတ်လိုက်သည်။
“ တကယ်လို့ ခင်ဗျားတို့ကလေးက တခြားလူရဲ့ အကွက်ချ လုပ်ကြံအသေရေဖျက်တာကို ခံရမယ်။ သူ့တစ်ဘဝလုံး ပုံတူသူခိုးအဖြစ် စွပ်စွဲခံရပြီး နေထိုင်သွားရမယ်။ သူ့အနာဂတ်တစ်ခုလုံးလည်း ပျက်စီးသွားရမယ်ဆိုရင်တောင်မှ ခင်ဗျားတို့က အဲ့ဒီလိုလုပ်တဲ့ တရားခံကို ခွင့်လွှတ်ပေးကြဦးမှာလား…”
ထိုစကားကိုကြားသော် လူကြီးများအားလုံး တိတ်ဆိတ်သွားကြသည်။ ယန်ကျန်းမင်က မျက်မှောင်ကြုတ်သွားသည်။ ယင်းက သူ ထောင်ရှီးကို ဘာစကားမှ ဝင်မပြောရသည့် အကြောင်းအရင်းပင်။ ယန်သောလဲ့၏လုပ်ရပ်က နောက်ခံမရှိသည့် ကလေးတစ်ယောက်၏ဘဝကို ပျက်စီးစေလုနီးပါးဖြစ်ခဲ့ကြောင်း သူ ကောင်းစွာ သိရှိပေသည်။
ထောင်ရှီးက မျက်နှာကို ကပျာကယာသုတ်လိုက်ပြီး မတ်တပ်ထရပ်ကာ လင်ချင်းဟယ်ကို ခေါင်းခါပြလိုက်သည်။
လင်ချင်းဟယ်က ထောင်ရှီး၏လက်ကိုဆွဲကာ သူ့နောက်သို့ပိုလိုက်ရင်း အေးစက်စက်အသံဖြင့် တိတ်ဆိတ်နေသည့် လူတစ်စုကို ပြောလိုက်သည်။
“ ထောင်ရှီးက ခင်ဗျားတို့ရဲ့ အလျော်အစားကိုလည်းမလိုအပ်သလို၊ ခင်ဗျားတို့လို ဆွေမျိုးတွေကိုလည်း မလိုအပ်ဘူး…”
အဆိုပါစကားက လှိုင်းလုံးကြီးထဲသို့ ကျောက်စိုင်ကြီးတစ်စိုင် ပြုတ်ကျသွားသည့်အလားပါပင်။ လူကြီးများအားလုံး လင်ချင်းဟယ်ကို ကြောင်အစွာ ကြည့်လိုက်ကြသည်။ ထိုစကားကို ရှင်းရှင်းလင်းလင်း မကြားလိုက်ကြသကဲ့သို့ သူတို့၏မျက်နှာများက ဇဝေဇဝါဖြစ်ကုန်ကြ၏။ လင်ချင်းဟယ်က ထောင်ရှီးကို ဆွဲခေါ်ကာ ထွက်ခွာသွားသည်အထိ သူတို့အားလုံး ဘာတုံ့ပြန်မှုမှ မပြုနိုင်ခဲ့ကြချေ။
လင်ချင်းဟယ်က ထောင်ရှီး၏လက်ကိုဆွဲကာ မွန်းကြပ်ဖွယ် အစည်းအဝေးခန်းထဲမှ ခေါ်ထုတ်လာပြီး အခန်းတံခါးကိုပိတ်လိုက်သည်။
တံခါးအပြင်တွင် စူးယွင်က မတ်တပ်ရပ်လျက် စောင့်နေပြီး သူတို့ထွက်လာသည်ကို မြင်သောအခါ လင်ချင်းဟယ်ကို မေးလိုက်သည်။
“ သခင်လေး သူတို့ကို အခုပြောပြလိုက်ချင်လား…”
လင်ချင်းဟယ်က ခေါင်းညိတ်ပြသည်။
ထောင်ရှီးက ခေါင်းမော့လာပြီး နီရဲစိုစွတ်နေသော မျက်ဝန်းများဖြင့် လင်ချင်းဟယ်ကို မော့ကြည့်လိုက်သည်။ လင်ချင်းဟယ်က သူ့မျက်နှာပေါ်က မခြောက်သေးသည့် မျက်ရည်စများကို လက်မလေးဖြင့် ဖိသုတ်ပေးလိုက်သည်။ ထို့နောက် သူ့လက်ကို အားဖြင့် ဆုပ်ကိုင်ကာ ပြောလာ၏။
“ မကြောက်နဲ့တော့နော်။ အခု အိမ်ပြန်ကြရအောင်…”
ထောင်ရှီးက ခေါင်းညိတ်ပြကာ လင်ချင်းဟယ်နှင့်အတူ အစည်းအဝေးခန်း၏အဝေးသို့ ထွက်သွားကြသည်။
စူးယွင်က သူတို့ထွက်ခွာသွားသည်အထိ ရပ်ကြည့်နေပြီးမှ အစည်းအဝေးခန်း၏တံခါးကို ဖွင့်လိုက်သည်။ ကြောင်အနေရာမှ သတိပြန်ကပ်လာသည့် လော်ကျန်းယင်းမှာ စူးယွင်ကို တွေ့လိုက်ရသောအခါ ဇဝေဇဝါနှင့် မေးလိုက်သည်။
“ အတွင်းရေးမှူးစူးက ဘယ်လိုဖြစ်ပြီး ဒီကိုရောက်လာတာလဲ…”
စူးယွင်က လော်ကျန်းယင်းကို ပြုံးပြကာ ပြောလိုက်သည်။
“ မစ္စလော်၊ ချင်းဟယ်က ကျွန်မကို ကိစ္စတစ်ခုကို ပြောပြဖို့ မှာသွားပါတယ်…”
နေရခက်စွာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေသည့် ဒါရိုက်တာဖုန်မှာ သူတို့တွင် အရေးကြီးကိစ္စရှိနေမှန်း သတိထားမိသဖြင့် မတ်တပ်ထရပ်လိုက်ပြီး အာလုံးကိုနှုတ်ဆက်ကာ အစည်းအဝေးအခန်းထဲမှ ခပ်သွက်သွက် ထွက်ခွာသွားလေသည်။
စိတ်ထဲလေးပင်နေသည့် ယန်ကျန်းမင်က လင်ချင်းဟယ်၏စကားများကိုသာ ထပ်တလဲလဲ ကြားယောင်နေမိသည်။ သူ စူးယွင်ထံသို့ ခြေလှမ်းအနည်းငယ် လျှောက်သွားကာ ခပ်မြန်မြန်မေးလိုက်သည်။
“ခုနက ချင်းဟယ်ပြောသွားတဲ့စကားက ဘာအဓိပ္ပာယ်လဲ…” သူ အလွန်ပင် လောကြီးနေမိသဖြင့် လင်ချင်းဟယ်၏စကားကို အခန်းအပြင်မှ စူးယွင်က မကြားနိုင်ကြောင်းကိုပင် သတိမထားမိတော့ပေ။
စူးယွင်က မျက်နှာအမူအရာမျိုးစုံနှင့် အခန်းထဲမှ လူများကို ဝေ့ကြည့်လိုက်သည်။ သူတို့လက်ခံနိုင်ပါ့မည်လားဟူ၍ သူမ အနည်းငယ် စိုးရိမ်မိ၏။ အထူးသဖြင့် အသက်ကြီးရင့်နေပြီဖြစ်သည့် လူအိုနှစ်ယောက်ပါ ရှိနေသောကြောင့်ပင်။
“ မကြာခင်သိပါလိမ့်မယ်…”
သူမက ကြောင်အစွာ စိုက်ကြည့်နေကြသည့် လူတစ်စု၏အရှေ့တွင် လက်ဆွဲအိတ်ထဲမှ လပ်တော့ပ်တစ်လုံးကို ထုတ်လိုက်သည်။ ပြီးနောက် အစည်းအဝေးခန်းထဲမှ ပရိုဂျက်တာနှင့် ချိတ်ဆက်လိုက်ကာ ဗွီဒီယိုတစ်ပုဒ်ကို ဖွင့်လိုက်သည်။
ပိတ်ကားပေါ်တွင် ပုံရိပ်များက ရှင်းလင်းနေပြီး သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးက ဆေးရုံအဝတ်အစားဖြင့် ဆေးရုံကုတင်တစ်လုံးပေါ်တွင် ထိုင်နေသည်။ အမျိုးသမီး၏ ဖျော့တော့ဝါကြင်နေသောမျက်နှာက ပုံမှန်နှင့်မတူဘဲ အနည်းငယ် ဖောရောင်နေကာ အရေပြားတွန့်နေသော သူမ၏မျက်လုံးထောင့်များတွင် ဝမ်းနည်းပူဆွေးမှုများ ရောယှက်နေ၏။
ယန်ကျန်းမင်နှင့် ဖန်းလူအိုစုံတွဲတို့အတွက် ဤအမျိုးသမီးက အသိကျွမ်းဟောင်းကြီးတစ်ယောက်ပင်။
သို့သော် ယခုမူ မည်သူမှ မမှတ်မိကြ။ ဆယ့်ခုနစ်နှစ်ကျော် ကုန်လွန်ပြီးနောက်တွင် တစ်ခေါက်သာ တွေ့ဆုံခဲ့ဖူးသည့်အမျိုးသမီးက လုံးလုံးလျားလျား ပြောင်းလဲသွားခဲ့လေပြီ။
သို့သော် ယင်းက ဗွီဒီယိုမစခင်အထိသာ။ ရင်းနှီးသလို၊ မရင်းနှီးသလိုအသံနှင့် ဤအမျိုးသမီးက နောင်တကြီးစွာ “တောင်းပန်ပါတယ်” ဟု တတွတ်တွတ်ရေရွတ်နေသည်။ ယန်ကျန်းမင်၏ မျက်လုံးများ တုန်ယင်သွားသည်။ နံဘေးတွင် ထိတ်လန့်စွာ ထိုင်နေကြသော ဖန်းကျူချင်းနှင့် ယဲ့ယွီရုန်တို့ကို သူ လှည့်ကြည့်လိုက်သည်။ လူအိုစုံတွဲနှစ်ယောက်မှာလည်း တစ်ခုခုကို သတိရသွားသည့်အလား မျက်နှာများက ဝမ်းနည်းရိပ်များ ထင်ဟပ်သွားကြသည်ကို မြင်လိုက်ရသည်။
လော်ကျန်းယင်းတစ်ယောက်တည်းသာ စိတ်ပူပန်စွာဖြင့် ကြောင်အအဖြစ်နေပြီး မနေနိုင်စွာ မေးမြန်းလိုက်သည်။
“ ဒီတစ်ယောက်ကဘယ်သူလဲ…”
သို့သော် သူမကို မည်သူမှ ပြန်ဖြေခဲ့ကြချေ။ အားလုံးက ဝမ်းနည်းပူဆွေးသော မျက်နှာများဖြင့် ပိတ်ကားကို သံသယဖြင့် စိုက်ကြည့်နေကြသည်။ သို့နှင့် သူမလည်း ဗီဒီယိုကို ဆက်ကြည့်လိုက်သည်။ အဆုံးတွင် သူမတစ်ဘဝလုံး ပုံနှိပ်ရိုက်သွင်းထားသည့် နာမည်တစ်ခုက ထိုအမျိုးသမီး၏နှုတ်မှ ထွက်ကျလာခဲ့သည်။…ဖန်းဆွေ့
ရက်စက်လှသည့် အမှန်တရားက ထိုအမျိုးသမီး၏နှုတ်ဖျားမှ အဆီအငေါ်မတည့်စွာ ထွက်ကျလာသည်။ လွန်ခဲ့သော ဆယ့်ခုနစ်နှစ် ဆီးနှင်းဖုံးလွှမ်းနေခဲ့သည့် ညတစ်ညတွင် ကလေးနှစ်ယောက်ကို မည်သို့ မွေးဖွားခဲ့ပုံ၊ သူမ၏အကြံအစည်ဖြင့် ကလေးနှစ်ယောက်၏ ကံကြမ္မာကို မည်ကဲ့သို့ လဲလှယ်ခဲ့ပုံကို ပြန်ပြောင်းပြောပြနေသည်။
လော်ကျန်းယင်း၏ နားစည်များ အူနေပြီး ဦးနှောက်က ဗလာဖြစ်သွားသည်။ ဗီဒီယိုထဲမှ အမျိုးသမီးက စကားပြောနေရင်းတစ်ဝက်တစ်ပျက် ခေါင်းငုံ့ချကာ မျက်နှာပေါ်မှ ပူဆွေးမျက်ရည်များကို သုတ်နေသည်။ သို့သော် လော်ကျန်းယင်းမှာ သူမကြားလိုက်ရသည့်စကားများကို မယုံနိုင်ပါချေ။
သူမ လူအိုနှစ်ယောက်ကို တောင့်တင်းနေသောအကြည့်ဖြင့် စိုက်ကြည့်လိုက်ပြီး နံဘေးမှ ယဲ့ယွီရုန်၏လက်ကို ကူရာမဲ့စွာ ဆုပ်ကိုင်လိုက်သည်။ သူမ ပါးစပ်ဖွင့်ကာ အဖြေတစ်ခုအတွက် မေးမြန်းလိုက်ချင်ပါသော်လည်း ယဲ့ယွီရုန်၏လက်များက သူမကဲ့သို့ အလွန်အမင်းအေးစက်ကာ တုန်ယင်နေကြောင်းကို ခံစားမိလိုက်သည်။ ဖန်းကျူချင်း၏သူငယ်အိမ်များက ပိတ်ကားပေါ်မှ အမျိုးသမီးကို စိုက်ကြည့်နေရင်း အသက်အရွယ်ရကာ ပါးရေများတွန့်နေသော မျက်နှာက ပြာနှမ်း၊ စိမ်းဖန့်နေသည်။ အားလုံး ထိတ်လန့်တုန်လှုပ်နေကြပြီး မည်သူမှ စကားမဆိုနိုင်ကြပေ။
“ သူ…သူ ပြောတာအမှန်တွေလား…”
လော်ကျန်းယင်းက တုန်လှုပ်ခြောက်ခြားစွာ ရေရွတ်လိုက်သည်။ ဗီဒီယိုထဲမှ အမျိုးသမီးက ပူဆွေးစွာ ငိုကြွေးနေဆဲပင်။ အသံတိုင်းက သူမကို တုန်လှုပ်ခြောက်ခြားလာစေသည်။ သူမ ကယောင်ချောက်ချားဖြင့် တစ်ကိုယ်တည်း မေးခွန်းထုတ်လိုက်သည်။
“ လဲ့လဲ့…လဲ့လဲ့က အားဆွေ့ရဲ့ကလေးမဟုတ်ဘူးလား…။ ဒါဆို အားဆွေ့ရဲ့ကလေးက ဘယ်မှာလဲ...သူ ဘယ်မှာလဲ…”
သို့သော် မည်သူမှ သူမကို ပြန်မဖြေခဲ့ပါချေ။ ယန်ကျန်းမင်က ခေါင်းငိုက်စိုက်ကျလျက် မျက်နှာကို လက်ဖဝါးဖြင့် အုပ်ထားသည်။ သူ့လက်ဆစ်များက ထင်းထွက်နေပြီး လက်ဖျံပေါ်မှ အပြာရောင်သွေးကြောများက ပေါက်ထွက်လုမတတ် ထောင်ထနေကာ ရင်ဘတ်မှာလည်း လှိုက်ဖိုနေသည်။
ဗီဒီယိုထဲမှ အမျိုးသမီး၏ငိုရှိုက်သံများက အဆုံး၌ ရပ်တန့်သွားသည်။ သူမ၏မျက်လုံးများက ကင်မရာကို ဖျော့တော့စွာစိုက်ကြည့်ရင်း အက်ကွဲနေသောအသံဖြင့် ပြောလိုက်လေသည်။
“ ကျန်ရစ်ခဲ့တဲ့ကလေးကို ကျွန်မ ထောင်ရှီးလို့ နာမည်ပေးခဲ့တယ်…”
ထိုစကားက အစည်းအဝေးခန်းထဲသို့ မိုးကြိုးသွားတစ်ခု ပစ်ချလိုက်သလိုပင်။
“ ကျူချင်း…”
ယဲ့ယွီရုန်က သူမ၏ကုတ်အင်္ကျီစကို ဆုပ်ကိုင်ထားရင်း ထိတ်လန့်တကြီး အော်ခေါ်လိုက်သည်။ သူမ၏ခင်ပွန်းသည်က တိုင်ဖွန်းမုန်တိုင်းထဲတွင် မိုးကြိုးကြောင့် ပြိုလဲသွားသည့် သစ်ပင်အိုကြီးတစ်ပင်လို ကြမ်းပြင်ပေါ်သို့ လဲပြိုသွားလေသည်။
ယန်ကျန်းမင်နှင့် စူးယွင်က အမြန်ထကာ အဖိုးအိုကို ထူမလိုက်ပြီး တံခါးအပြင်သို့ သုတ်သုတ်ပျာပျာ ထွက်သွားကြသည်။ လော်ကျန်းယင်းမှာ ကြက်သေသေနေပြီး ခြေလက်များ ပျော့ခွေနေသည်။ သူမက ဆိုဖာလက်ရန်းကို အားပြု၍ မတ်တပ်ထရပ်လိုက်ကာ အလောတကြီးနိုင်နေသော ခြေလှမ်းသံများနောက်သို့ လိုက်လာခဲ့သည်။
___________________