The Moon Is Coming To Me
Chapter-59.1
ထောင်ရှီးက လင်ချင်းဟယ်နှင့်အတူ ကျောင်းဂိတ်တံခါးမှ ထွက်လာခဲ့သည်။ နှစ်ဦးသားက သူတို့၏အိမ်လေးသို့ မပြန်ဖြစ်ကြဘဲ မြို့ဟောင်းမှ ဖက်ထုပ်ဆိုင်တစ်ဆိုင်သို့ ထွက်လာခဲ့ကြသည်။
အနီးအနားတွင် ဝမ်းဟွာတက္ကသိုလ်ရှိနေသောကြောင့် လမ်းသွယ်လမ်းကြားများ၌ ကောလိပ်ကျောင်းသားများ အသွားအလာမပြတ်ရှိနေကြသည်။ လမ်းဘေးတစ်ဖက်တစ်ချက်စီတွင် ညဈေးဆိုင်လေးများဖြင့် စည်ကားလျက်ရှိနေ၏။ အသားကင်ဆိုင်များမှ သင်းပျံ့လာသော ဇီယာစေ့ရနံ့က ဆောင်းလေအေးကြားတွင် ရောယှက်မွှေးပျံ့နေသည်။
“လောင်ဆွင်းဖက်ထုပ်” ဟု ဆိုင်းဘုတ်ချိတ်ထားသည့် အနီရောင်ပလတ်စတစ်အမိုးအောက်၌ ဆံပင်ဖြူဖြူနှင့် လူအိုကြီးတစ်ယောက်သည် ရေနွေးငွေ့များတထောင်းထောင်းထနေသော ပေါင်းအိုးကြီးတစ်အိုးရှေ့တွင် ဖက်ထုပ်ပေါင်းများကို ပြုလုပ်နေသည်။ လင်ချင်းဟယ်နှင့်အတူ ကောင်လေးတစ်ယောက်ဝင်လာသည်ကို မြင်သောအခါ လူအိုကြီးက လုပ်လက်စကို ခဏရပ်လိုက်ပြီး ပြုံးကာမေးသည်။
“ အတန်းပြေးလာပြန်ပြီလား…”
“ ကျွန်တော် အတန်းမပြေးပါဘူး။ ညဘက်ခွင့်ရလို့ပါ…” လင်ချင်းဟယ်က ပြောရင်း ထောင်ရှီးကို လေလုံသည့်ထောင့်အစွန်မှ စားပွဲတစ်လုံး၌ ထိုင်စေလိုက်သည်။ ထို့နောက် တစ်ခါသုံးတူတစ်စုံကို ရေနွေးဖြင့် ဆေးလိုက်၏။
“ တူက သန့်ပါတယ်ကွ။ ဆေးစရာမလိုပါဘူး…” လူအိုကြီးမှာ လင်ချင်းဟယ်က တူများကို ဂရုတစိုက်ဆေးကြောနေသည်ကိုမြင်လျှင် မနေနိုင်စွာ လှမ်းပြောလိုက်သည်။
ထောင်ရှီးက ပလတ်စတစ်ထိုင်ခုံတွင်ထိုင်ရင်း ထိုနှစ်ယာက်သားစကားပြောနေကြသည်ကို စပ်စုစွာ ထိုင်ကြည့်နေသည်။ လင်ချင်းဟယ်လိုလူက လမ်းကြိုလမ်းကြားရှိ ဤကဲ့သို့ဈေးတန်းမျိုးသို့ လာရောက်တတ်လိမ့်မည်ဟု သူမထင်ထားခဲ့ပေ။ သူက လောင်ဆွင်းဟုခေါ်သော အဖိုးအိုနှင့်ပင် ရင်းနှီးနေသေးသည်။
လောင်ဆွင်းက ထောင်ရှီး၏အကြည့်ကို သတိထားမိသွားပြီး ကြင်နာစွာ ပြုံးပြလာသည်။ သူ့အားသေချာစွာ အကဲခတ်ပြီးနောက်တွင် လူအိုကြီးက လင်ချင်းဟယ်ကို တစ်ခုခုလှမ်းပြောလိုက်သည်။ လင်းချင်းဟယ်က ပြုံးရောင်သန်းသွားပြီး တစ်ခုခုပြန်ဖြေလိုက်သည်။
ခဏအကြာတွင် လင်ချင်းဟယ်က ဖက်ထုပ်တစ်ပန်းကန်ယူလာပြီး သူ့ရှေ့တွင်ချပေးရင်း ပြောသည်။
“ ဖက်ထုပ်တွေက အရမ်းအရသာရှိတယ်။ စားကြည့်…”
ထောင်ရှီးက ဖက်ထုပ်ပန်းကန်ကိုလှမ်းယူလိုက်ပြီး အနံ့ခံကြည့်လိုက်သည်။ လက်ဆတ်သော အနံ့မွှေးမွှေးက သူ့နှာခေါင်းထဲသို့ တစ်ခဏချင်း သင်းပျံလာသည်။ သူက လင်ချင်းဟယ် ခွံ့ကျွေးလာသည့် ဇွန်းအပြည့်ဖက်ထုပ်များကို ပလုတ်ပလောင်းစားလိုက်သည်။ အလွန်အရသာရှိ၏။ စွပ်ပြုတ်ကလည်း အရသာရှိလှသဖြင့် သူ့အစာအိမ်တစ်ခုလုံး နွေးထွေးသွားရသည်။
နံဘေးတွင် ထိုင်နေသည့် လင်ချင်းဟယ်ကို သူ အမေးစကားဆိုလိုက်သည်။
“ မင်းက ဒီကိုခဏခဏလာဖြစ်တာလား…”
လင်ချင်းဟယ်ကလည်း ဖက်ထုပ်တစ်ပန်းကန်စားနေသည်။ သူက ထောင်ရှီးကို ပြန်ဖြေမည်ပြုစဉ် ဖက်ထုပ်များလုပ်နေသည့် လောင်ဆွင်းထံမှ ရယ်သံစွက်လျက် ဖြေကြားလာသံကို ကြားလိုက်ရသည်။
“ သူခြောက်နှစ်၊ ခုနစ်နှစ်အရွယ်လောက်က အိမ်ကနေထွက်ပြေးပြီး ဒီကိုရောက်လာတယ်လေ…”
ထောင်ရှီးမှာ လင်ချင်းဟယ်ကို အံ့ဩတကြီး လှမ်းကြည့်လိုက်သည်။
“ အိမ်ကနေ ထွက်ပြေးတယ်…”
ပြီးတော့ အဲ့လောက်ငယ်ငယ်လေးနဲ့။
လင်ချင်းဟယ်က အနည်းငယ်ရှက်သွားပုံရပြီး ပြောလာ၏။
“ ငါက အိမ်ကနေ ဒီနားကိုထွက်လာပြီး ဖက်ထုပ်တစ်ပန်းကန် လာစားရုံပါ။ ပြီးတော့ အိမ်ပြန်ပြန်တယ်လေ။ အဲ့ဒါကို အိမ်ကနေ ထွက်ပြေးတယ်လို့မခေါ်ဘူး…”
လောင်ဆွင်းက ပြုံးကာ ဝင်ပြောလာသည်။
“ အဲ့ဒီဖက်ထုပ်တစ်ပန်းကန်ကို ငါသူ့ကို ခေါ်ကျွေးခဲ့တာလေ။ အဲ့တုန်းက သူဘာပြန်ပြောတယ်မှတ်လဲ…တစ်ချိန်ကျရင် သူငါ့ကို သေချာပေါက် အကြွေးပြန်ဆပ်မှာပါတဲ့…”
ထောင်ရှီးမှာ မထိန်းနိုင်စွာ ရယ်ချလိုက်သည်။ တွဲလွဲချိတ်ဆွဲထားသည့် မီးလုံးအောက်တွင် သူ့မျက်ဝန်းနက်နက်များက အပြုံးများဖြင့် တောက်ပနေသည်။ သူ လင်ချင်းဟယ်ကို မေးလိုက်၏။
“ အဲ့တုန်းက ဘာလို့ အိမ်ကနေထွက်ပြေးခဲ့တာလဲ…”
လင်ချင်းဟယ်က သာမန်ကာလျှံကာ ပြန်ဖြေလာသည်။
“ ငါ သိပ်မမှတ်မိဘူး။ ဖြစ်နိုင်တာ အိမ်နဲ့ရန်ဖြစ်လာလို့နေမှာပေါ့…”
လင်ချင်းဟယ်၏စကားကို ကြားသော် လောင်ဆွင်းက ပြုံးရုံပြုံးပြီး ခေါင်းခါသည်။
ခဏအကြာတွင် ပလတ်စတစ်အမိုးအောက်သို့ ကောလိပ်ကျောင်းသားတစ်စု ရောက်လာသောကြောင့် လူအိုကြီးမှာ နှုတ်ဆက်ရကြိုဆိုရနှင့် အလုပ်ရှုပ်သွားသည်။ ပလတ်စတစ်အမိုးအပြင်တွင် ဆောင်းလေအေးက တဝေါဝေါတိုက်ခတ်လျက်ရှိနေ၏။ သို့သော် မိုးကာအောက်တွင်မူ ရေနွေးငွေ့ကြောင့် နွေးထွေးနေသည်။
“ အဲ့ဒီတော့ မင်းဟာမင်း အိမ်ပြန်သွားတာလား။ မင်းမိသားစုက မင်းကိုလာခေါ်တာလား…” ထောင်ရှီးက သိလိုစိတ်ပြင်းစွာ မေးလိုက်သည်။
လင်ချင်းဟယ်က ခဏကြာအတွေးများသွားပြီးနောက် ပြောလာ၏။
“ ငါ့မိသားစုက ပြန်လာခေါ်တာ…”
ထောင်ရှီးက မေးစေ့ကို လက်တစ်ဖက်ဖြင့် ထောက်လိုက်ကာ အတိတ်ကဖြစ်ရပ်တစ်ခုကို ပြန်ပြောင်းပြောပြလိုက်သည်။
“ တကယ်တော့ ငါလည်း အိမ်ကနေ ထွက်ပြေးဖူးတယ်။ ဘာကြောင့်လဲတော့ မေ့သွားပြီ။ အဲ့တုန်းက ငါ တခြားတောင်ဘက်ထိကို လျှောက်သွားခဲ့တာ။ ဒါပေမဲ့ မိုးချုပ်တော့ ကိုယ့်ဟာကိုယ် အိမ်ပြန်လာခဲ့တယ်…”
လင်ချင်းဟယ်က မေးလာသည်။ “အိမ်ပြန်တဲ့လမ်းမှာ ကြောက်ခဲ့လား…”
ထောင်ရှီးက ခေါင်းညိတ်ပြကာ ပြောလိုက်သည်။
“ မိုးချုပ်တော့ တောင်ပေါ်မှာ အရမ်းမှောင်ပြီး တိတ်ဆိတ်နေတာလေ။ ခွေးဟောင်သံတွေကြားတော့ ငါ အရမ်းလန့်ပြီး ကြောက်လာတယ်။ အဲ့ဒီတုန်းကသာ ငါတစ်ညလုံးနေရဲတဲ့သတ္တိရှိခဲ့ရင် အိမ်မပြန်ဖြစ်လောက်ဘူး…”
စကားအဆုံးတွင် သူ့လက်ချောင်းများကို လင်ချင်းဟယ်၏လက်ဖဝါးပြင်ကျယ်က တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။
လင်ချင်းဟယ်က မျက်ခုံးအသာပင့်ပြီး သူ့ကို ကြည့်ကာပြောလာ၏။
“ မင်းက ငါ့ရှေ့မှာတော့ ကြောက်တဲ့ပုံမပေါ်သလိုပဲ…”
ထောင်ရှီးမှာ ဆွံ့အသွားရ၏။ ဝမ်းဟွာ အ.ထ.က(၁) သို့ ရောက်သည့်နေ့တွင် လင်ချင်းဟယ်ကဲ့သို့ ရေခဲတောင်ကြီးရှေ့၌ ဟိုခုန်သည်ပြေးနှင့် မျက်စိနောက်အောင် နေခဲ့မိသည်ကို ပြန်လည်အမှတ်ရသွားသည်။
“ ဒါကတော့ မတူဘူးလေ…” သူပြုံးလိုက်မိ၏။
လင်ချင်းဟယ်ထံသို့ ပြေးလာခဲ့ရခြင်းက သူလုပ်ခဲ့ဖူးသမျှတွင် သတ္တိအရှိဆုံးအရာဖြစ်ခဲ့သည်။
သို့သော် စိမ်းသက်နေသော အိမ်သို့ ပြန်သွားရမည်ကိုလည်း သူ ကြောက်မိသည်။ ငယ်စဉ်က အိမ်မှ ထွက်ပြေးဖူးသကဲ့သို့၊ အိမ်ပြန်ရောက်လျှင် သူ့မိသားစုက သူ့အား ရိုက်နှက်ပြီး ဆူငေါက်မှာကို ကြောက်ခဲ့သလိုပင်။ သို့သည့်တိုင် သူ့ကို မရိုက်နှက်၊ မဆူငေါက်ကြလျှင်တောင်မှ ထိုမိသားစုထဲ မဝင်ဆံ့နိုင်မှာ၊ အနှောင့်အယှက်ပေးမိမှာကို ကြောက်နေဆဲဖြစ်သည်ပင်။
ထောင်ရှီးက စွပ်ပြုတ်ပန်းကန်ကို ငေးစိုက်ကြည့်နေသည်။ လင်ချင်းဟယ်က သူ့လက်ကို ကိုင်ထားရင်း တိတ်တိတ်ကလေး နေနေပေးသည်။ ခဏကြာသော် ထောင်ရှီးက အသံတိုးတိုးနှင့် စကားဆိုလိုက်၏။ လင်ချင်းဟယ်ကို ပြောနေခြင်းမဟုတ်ဘဲ သူတစ်ကိုယ်တည်းသာ ပြောနေသည့်အလားပင်။
“ ဘာဖြစ်လို့ မင်းကို မပြောပြခဲ့တာလဲ အရင်က ငါ့ကိုမေးတယ်မလား။ ငါ ကောဖျင်ကို ကတိပေးထားလို့လို့ ဖြေခဲ့တယ်လေ။ တကယ်တော့ အဲ့လို မဟုတ်ဘူး…”
“ ဘာလို့လဲဆိုတော့ ငါကြောက်နေလို့။ အရမ်းကောင်းလွန်းတဲ့အရာတွေကို မျှော်မှန်းထားပြီး အဆုံးမှာ ငါထင်ထားသလို ကောင်းမွန်မနေမှာကို ငါ ကြောက်မိတယ်။ သူတို့ငါ့ကို စိတ်ပျက်ပြီး လက်မခံချင်ကြမှာကို ငါကြောက်တယ်။ သူတို့ ငါ့ကို အပြစ်ရှိစိတ်ကြီးနဲ့ ဆက်ဆံကြမှာကို ငါကြောက်တယ်။ ငါနဲ့ယန်သောလဲ့ကြားမှာ သူတို့ ဗျာများနေရမှာကိုလည်း ငါကြောက်တယ်…”
ဤကဲ့သို့ ကပေါက်တိကပေါက်ချာနိုင်ကာ ရှုပ်ထွေးလှသည့် သူ့အတွေးများကို လင်ချင်းဟယ်အား တစ်ခါမှ မပြောပြဖူးခဲ့ပေ။ ယင်းက သူရဲဘောကြောင်ကာ ကြောက်တတ်သော သူ၏အခြားတစ်ဖက်ခြမ်းဖြစ်နေသောကြောင့်ပင်။
လင်ချင်းဟယ်၏အကြည့်များက တစ်လျှောက်လုံး သူ့ထံ၌သာ မြဲမြံနေပြီး နွေးသောအသံဖြင့် ပြောလာ၏။
“ ငါနားလည်ပါတယ်…”
ထောင်ရှီးက ခေါင်းညိတ်သည်။ သူကျောင်းမှ ထွက်လာကတည်းက စကားသိပ်မပြောဖြစ်ခဲ့။ ယခုမူ စကားများက အမျှင်မပြတ်တော့ဘဲ ရင်ထဲရှိ အရာအားလုံးကို ဖွင့်ချလိုက်ချင်သကဲ့သို့ ဆက်လက်၍ပြောလိုက်သည်။
“ ဒီနေ့ ငါ……သူတို့နဲ့တွေ့ခဲ့ရတယ်။ တကယ်တော့ သူတို့ ငါ့ဆီလာရတဲ့အကြောင်းအရင်းကို ငါသိပြီးသားပါ။ သဘောတူစာချုပ်ကိုတော့ မမျှော်လင့်ထားခဲ့ပေမဲ့ သူတို့ဘာကြောင့် ဒီလိုလုပ်ရလဲဆိုတာ ငါနားလည်နိုင်ပါတယ်။ တကယ်လို့ ငါသာဆိုရင်လည်း သူတို့ငါ့အတွက် လုပ်ပေးကြမှာပဲ…”
လင်ချင်းဟယ်၏လက်ဖဝါးမှ အပူချိန်လေးကို သူခံစားနေရ၏။ ထိုအနွေးဓာတ်လေးက သူ့အား သတ္တိများပေးစွမ်းနေသောကြောင့် ဆက်လက်၍ ဖွင့်ဟမိသည်။
“ ကံဆိုးတာ ငါ့ခံစားချက်တွေကို မထိန်းချုပ်နိုင်လိုက်ဘူး။ ငါ့ကိုယ်ငါ ဘာဖြစ်သွားမှန်းတောင် မသိလိုက်ဘူး။ အဲ့ဒီအချိန်တုန်းက ငါ ရုတ်တရက်ကြီး နစ်နာတယ်လို့ ခံစားလိုက်ရတယ်။ ငါ သူတို့ကို အမှန်အတိုင်းအော်ပြောပြလိုက်ချင်တယ်။ ဒါပေမဲ့ ငါပြောမထွက်ခဲ့ဘူး…”
“နစ်နာသည်” ဟု ပြောလိုက်ချိန်၌ သူ့လက်ကို ဆုပ်ကိုင်ထားသည့် အကြင်လူ၏လက်များက တင်းကြပ်သွားသည်။ သူ အနည်းငယ်ပင် ရှက်လာမိ၏။ သူခေါင်းကိုဖြည်းညင်းစွာမော့လိုက်ပြီး မျက်လုံးများကို ပုတ်ခတ်လိုက်သည်။ ထို့နောက် အပြုံးများတောက်ပနေသော မျက်ဝန်းများဖြင့် လင်ချင်းဟယ်ကို ကြည့်လိုက်သည်။
သူက ပြောလိုက်၏။ “ ဒါပေမဲ့ ငါ အခုမကြောက်တော့ဘူး…”
မျှော်လင့်ချက်ကြောင့် အစပြုလာသည့် စိတ်မကျေလည်မှုများက ပို၍ကြီးမားသော မျှော်လင့်ချက်များရှိလာသောအခါ သင်ပုန်းချေလိုက်သလို ပြေပျောက်သွားသည်။ လင်ချင်းဟယ်ကို အစည်းအဝေးခန်းထဲတွင် မြင်လိုက်ရစဉ်က သူ့တွင် ရှေ့ဆက်ရမည့် အလွန်ကောင်းမွန်သော အနာဂတ်ဘဝကြီးရှိသေးကြောင်း ရုတ်တရက်သတိရသွားခဲ့သည်။
“ တကယ်မကြောက်တော့ဘူးလား…” လင်ချင်းဟယ်က သူ့ကိုကြည့်ကာ မေးသည်။
ထောင်ရှီးက ခေါင်းညိတ်ကာ အေးဆေးသောအသံဖြင့် ပြောလိုက်သည်။
“ မင်းနဲ့အတူနေရဖို့က ငါ့အတွက် အရေးအကြီးဆုံးပဲ။ ငါ အဲ့ဒီအိမ်မှာမနေဘူး။ တစ်ချိန်ကျရင်လည်း နိုင်ငံခြားသွားပြီး ကျောင်းတက်ဖို့နဲ့ အလုပ်လုပ်ဖို့အတွက် အပြင်ထွက်ရမှာပဲလေ…”
လင်ချင်းဟယ်က သူ့စကားကြောင့် မျက်ခုံးပင့်သွားပြီး ပြောလာသည်။
“ ငါနဲ့နေရဖို့က အရေးကြီးဆုံးပေါ့…။ ဒါဆို မင်းအိမ်ကပြန်ခေါ်ရင်တောင် ငါနဲ့ပဲဆက်နေရမှာနော်…”
ထောင်ရှီးက ပြုံးတုံ့တုံ့နှင့်မေးလိုက်သည်။
“ တကယ်လို့ သူတို့က ငါ့ကို အိမ်မှာ အတင်းနေခိုင်းရင်ရော…”
“ ငါကလည်း မင်းရဲ့အိမ်ပဲ မဟုတ်ဘူးလား…” လင်ချင်းဟယ်က မေးလိုက်လေ၏။
ထောင်ရှီး ကြက်သေသေသွားသည်။ သူနှင့်အကြည့်ချင်းဆုံကာ စကားဆက်ပြောလာသည့် လင်ချင်းဟယ်ကို သူ ငေးစိုက်ကာ ကြည့်လိုက်သည်။
“ အနာဂတ်မှာ သက်သေပြစရာ ဘာတရားဝင်လက်မှတ်မှ မရှိနိုင်တာမျိုး ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမဲ့ ဘာမှကွာခြားသွားမှာမဟုတ်ဘူးလေ။ ဘာသက်သေအထောက်အထားမှ မလိုအပ်ဘူး။ နားလည်ရဲ့လား…”
သူတို့နှစ်ယောက်၏ဆက်ဆံရေးကို ဤနိုင်ငံတွင် တရားဝင်အသိအမှတ်ပြုမှု ရချင်မှရနိုင်လိမ့်မည်။ အိမ်ထောင်စုစာရင်းထဲတွင်လည်း အတူတူရှိနေချင်မှ ရှိနေနိုင်လိမ့်မည်။ အကယ်၍ လုံးဝမဖြစ်နိုင်ခဲ့လျှင်ရော…
( t/n: တရုတ်မှာ same-sex marriage ကို လက်မခံပါဘူး )
မိသားစုဟူသည် ဘာသက်သေအထောက်အထားမှ မလိုအပ်ပါချေ။
ထောင်ရှီးက လင်ချင်းဟယ်ကို အချိန်ကြာမြင့်စွာ စိုက်ကြည့်နေမိပြီးမှ အဆုံး၌ သတိပြန်ကပ်လာသည်။ သူ မျက်လွှာအသာချလိုက်ပြီး နှုတ်ခမ်းဟလျက် ပြောလိုက်၏။
“ ငါ နားလည်ပါပြီ…”
သူ လင်ချင်းဟယ်၏လက်ဖဝါးပြင်ကို အသာကုတ်ခြစ်လိုက်ပြီး ခေါင်းစောင်းကာ ခပ်တိုးတိုးပြောလိုက်သည်။
“ အဲ့ဒါကြောင့် စိတ်မဆိုးနဲ့တော့နော်၊ ဟုတ်ပြီလား…”
ယနေ့ သူ့ကို ခေါ်ထုတ်မသွားခင်က လင်ချင်းဟယ်အနေနှင့် လူကြီးသူမများကို မရိုမသေဆက်ဆံခဲ့မိသည်။ သူ့ကို ခေါ်ထုတ်လာအပြီးတွင်လည်း လင်ချင်းဟယ်က ခံစားချက်မျိုသိပ်လိုက်သည့်တိုင် ရင်ထဲ၌ အစိုင်အခဲဖြစ်နေသေးမှန်း ထောင်ရှီးသိသည်။
လင်ချင်းဟယ်က ခဏကြာတိတ်ဆိတ်သွားပြီးမှ ဆက်ပြောလာသည်။
“ ငါ စိတ်မဆိုးပါဘူး…”
ဤကိစ္စကိုပြေလည်အောင် မစွမ်းဆောင်နိုင်ခြင်းကြောင့် သူ့ကိုယ်သူစိတ်ပျက်မိခြင်းသာဖြစ်သည်။ ထောင်ရှီးက ဘယ်လိုလုပ် မိသားစုမလိုရမှာလဲ။ ထောင်ရှီးကိုယ်တိုင်ထက်ပင် သူက ထောင်ရှီးကို မိသားစုစုံစုံလင်လင်နှင့် နေရစေချင်သည်။
စားပွဲဝိုင်းတစ်ခုမှ ဧည့်သည်များကို နှုတ်ဆက်နေသည့် လောင်ဆွင်းက သူတို့ရှိရာသို့ လျှောက်လာကာ ဖက်ထုပ်များထပ်ထည့်ချင်သေးလား ဟု မေးလာသည်။ ထောင်ရှီးက ခေါင်းညိတ်ပြကာ သူ့အား ကျေးဇူးတင်လိုက်သည်။ ထို့နောက် သူ ဖက်ထုပ်တစ်ပန်းကန်ကို ထပ်စားလိုက်သည်။ အဆုံးတွင် သူ ထပင်မထနိုင်တော့ပါချေ။
နှစ်ဦးသားက ဖက်ထုပ်ပေါင်းများစားပြီးသည်နှင့် ထွက်ခွာကြမည်ပြုစဉ် ထောင်ရှီးမှာ ရုတ်တရက် အသားကင်ဆိုင်မှ သင်းပျံ့လာသည့် ရနံ့လေးကို ရလိုက်ပြီး အသားကင်သွားဝယ်ပေးရန် လင်ချင်းဟယ်ကို ပူဆာလေသည်။
“ ထပ်စားနိုင်သေးလို့လား…” လင်ချင်းဟယ်က မေးလိုက်သော်လည်း ထောင်ရှီးအတွက် ထပြီး သွားဝယ်ပေးရှာသည်။ ညဘက်တွင် အသားကင်ဆိုင်က အလွန်ရောင်းကောင်းနေသည်။ အလှည့်ရောက်ရန်ပင် အချိန်အတော်အကြာ တန်းစီလိုက်ရသည်။ သူပြန်လာချိန်၌ ထောင်ရှီးနှင့် လောင်ဆွင်းက စကားပြောနေကြသည်ကို တွေ့လိုက်ရသည်။ သို့သော် ထိုနှစ်ဦးက သူ့ကိုမြင်သောအခါ စကားစရပ်သွားကြသည်။
လင်ချင်းဟယ်၏မျက်နှာက လေးပင်နေသည်ကို မြင်သောအခါ ထောင်ရှီးက ဘာဖြစ်လို့လဲဟု လှမ်းမေးလိုက်မည်ပြုစဉ် လင်ချင်းဟယ်က သူ့ထံသို့ လျှောက်လာပြီး ဖန်းကျူချင်း မူးလဲသွားသည့်အကြောင်းကို အသံတိုးတိုးနှင့် ပြောပြလာသည်။
အသားကင်စောင့်နေစဉ်က သူ စူးယွင်ထံမှ ဖုန်းလက်ခံရခဲ့ပြီး အစည်းအဝေးခန်းတွင် ဖန်းကျူချင်း မူးလဲသွားကြောင်းနှင့် ဟာ့နန်ဆေးရုံသို့ ပို့လိုက်ရကြောင်းကို ပြောပြလာသည်။ ကံကောင်းထောက်မ၍ လူအိုကြီးက စိုးရိမ်ရသည့်အခြေအနေတွင်မရှိဘဲ စိတ်လှုပ်ရှားမှုပြင်းထန်သွား၍သာ သတိလစ်သွားခြင်းဖြစ်ပြီး မကြာခင် သတိရလာမည်ဟု ဆရာဝန်က ပြောသည်။
ထိုသတင်းကို ကြားသောအခါ ထောင်ရှီးမှာ ရင်ထဲထိတ်လန့်သွားပြီး အကြောက်တရားများ စိုးမိုးလာသည်။ ဖန်းကျူချင်းသာ တစ်ခုခုဖြစ်သွားခဲ့ပါက သူ ဘာလုပ်ရမည်မှန်း မစဉ်းစားတတ်တော့ပေ။
လင်ချင်းဟယ်က သူ့လက်ကို ဆုပ်ကိုင်ကာ နှစ်သိမ့်ပေးသည်။
“ အဖိုးဖန်းက ပြန်သက်သာလာမှာပါ…”
ထိုစဉ် လင်ချင်းဟယ်၏ဖုန်းကို နောက်ထပ်ဖုန်းကောလ်တစ်ခုဝင်လာသဖြင့် ထုတ်ကြည့်လိုက်သောအခါ ယန်ကျန်းမင်ထံမှ ဖြစ်နေသည်။
ယန်ကျန်းမင်က လင်ချင်းဟယ်ကို ဖုန်းဆက်ခဲသည်။ သူနှင့် လော်ကျန်းယင်းက ဆက်ဆံရေးမကောင်းသောကြောင့် တစ်ခါတလေမှသာ သူ့သားနှင့်ပတ်သက်ပြီး အဆက်အသွယ်လုပ်ဖြစ်သည်။ ယခုတွင်မူ သူ့သားအရင်းအတွက် လင်ချင်းဟယ်ကို ဖုန်းခေါ်လာခဲ့လေသည်။ လင်ချင်းဟယ်မှာ အရွဲ့တိုက်ချင်စိတ်များပင် ပေါက်လာ၏။
တစ်ဖက်ဖုန်းမှ ယန်ကျန်းမင်၏အသံက အက်ကွဲနေသည်။ အချင်းချင်း ယဉ်ကျေးစွာ နှုတ်ဆက်ကြပြီးနောက် ယန်ကျန်းမင်က ထောင်ရှီးနှင့် စကားပြောလို့ရနိုင်မလားဟု လင်ချင်းဟယ်ကို မေးလာသည်။
လင်ချင်းဟယ်က နံဘေးမှ ထောင်ရှီးကို လှည့်ကြည့်လိုက်သည်။ ထောင်ရှီးက လင်ချင်းဟယ်ကို အသံတိုးတိုးနှင့် ပြောလိုက်၏။
“ မနက်ဖြန် ငါ ဟာ့နန်ဆေးရုံကို လာခဲ့မယ်လို့ သူ့ကိုပြောလိုက်ပါ…”
ဖန်းကျူချင်းက နေမကောင်းသောကြောင့် သူ သေချာပေါက် သွားတွေ့ပေးသင့်သည်။ ယင်းက အနှေးနှင့်အမြန် ကြုံတွေ့ရမည့်ကိစ္စဖြစ်ပြီး ရှောင်လွှဲ၍မရနိုင်ပါချေ။
လင်ချင်းဟယ်က ယန်ကျန်းမင်ကို တစ်ဆင့်ပြန်ပြောပြလိုက်သည့်အခါ ယန်ကျန်းမင်မှာ အနည်းငယ် မယုံနိုင်သလိုဖြစ်သွားသည်။ သူက ဗလုံးဗထွေးနှင့် “ကောင်းပြီ” ဟူ၍ ထပ်တလဲလဲပြောနေပြီး လင်ချင်းဟယ်အား လူနာဆောင်နံပါတ်ကို အသေးစိတ်ပြောလာသည်။ ထို့နောက် မနက်ဖြန် ထောင်ရှီးကို လာကြိုရန်လိုသေးဟူ၍လည်း မေးလာသည်။ လင်ချင်းဟယ်က ငြင်းလိုက်၏။
ဖုန်းချပြီးသည့်အခါ လင်ချင်းဟယ်က ထောင်ရှီးကို ပြောသည်။
“ မနက်ဖြန် ငါမင်းကို လိုက်ပို့ပေးမယ်…”
ထောင်ရှီးလည်း ခေါင်းညိတ်သဘောတူလိုက်သည်။
Chapter-59.2
သူတို့ အိမ်ပြန်ရောက်ပြီး ထောင်ရှီးရေချိုးခန်းထဲဝင်နေချိန်၌ လင်ချင်းဟယ်၏ဖခင်ဖြစ်သူ လင်ကျဲရှစ်က ဖုန်းခေါ်လာသည်။ ယန်ကျန်းမင် ဖုန်းမချခင်ကလည်း သူ့အမေလော်ကျန်းယင်းမှာ အခြေအနေသိပ်မကောင်းသဖြင့် လင်ကျဲရှစ်က လာခေါ်သွားရကြောင်းကို ပြောပြခဲ့သည်။
အဖြစ်မှန်ပေါ်ပေါက်လာလျှင် ဖန်းမိသားစုမှ လူအိုစုံတွဲသာမက သူ့အမေပါ အပြင်းအထန် စိတ်ထိခိုက်ရမည်မှန်း သူသိပြီးသားပင်။ ဆယ်နှစ်ကျော်ကြာ ပျိုးထောင်ခဲ့ရသည့်ကလေးက ဖန်းဆွေ့၏ကလေးအရင်းမဟုတ်မှန်း သိလိုက်ရသည့်အခါ လော်ကျန်းယင်းအနေနှင့် ယန်ကျန်းမင်ထက်ပင် ပို၍နာကျင်ခံစားရလိမ့်မည်။
လင်ကျဲရှစ်ကလည်း စူးယွင်ထံမှတစ်ဆင့် ထောင်ရှီး၏ဖြစ်ရပ်မှန်ကို သိရှိပြီးဖြစ်၏။ သူ လင်ချင်းဟယ်ကို လော်ကျန်းယင်း၏စိတ်ကျရောဂါက ပြန်ထလာကြောင်း ပြောပြလိုက်သည်။ ယခု အိမ်တွင် သူမကို သူနာပြုနှင့် စောင့်ရှောက်ထားကြောင်းနှင့် လင်ချင်းဟယ်ကို စိတ်မပူရန်ပြောသည်။
ထောင်ရှီးက ရေချိုးခန်းထဲမှ ထွက်လာပြီး သူ့ဆံပင်ကို သဘတ်ဖြင့်သုတ်ရင်း အိပ်ခန်းထဲသို့ လျှောက်လာခဲ့သည်။ လင်ချင်းဟယ်က ကြမ်းပြင်မှ မျက်နှာကြတ်ရှည်သော ပြတင်းပေါက်ရှေ့တွင် ထိုင်နေပြီး အပြင်ဘက်မှ နီယွန်မီးရောင်များကို ငေးကြည့်နေသည်။ သူက အတွေးများနေပုံရသည့်အလား မျက်နှာကတည်ကြည်နေသည်။
ထောင်ရှီး၏ခြေသံများကို ကြားသည့်အခါမှ လင်ချင်းဟယ်က သတိပြန်ကပ်လာပြီး လက်ကိုဆန့်လျက် ထောင်ရှီး၏ခါးလေးကို ဖက်လိုက်ကာ သူ့ပေါင်ခွင်ပေါ်တွင် ထိုင်စေသည်။ ထို့နောက် ဘေးတွင်ရှိနေသည့် ဆံပင်အခြောက်ခံစက်ကိုယူ၍ သူ့ဆံပင်များကို မှုတ်ပေးသည်။
ဘာကြောင့်ရယ်မသိ၊ လင်ချင်းဟယ်က အလွန်စိတ်အားထက်သန်စွာ သူ့ကို လေမှုတ်ပေးနေသည်။ ထောင်ရှီးက သမ်းဝေလိုက်ရင်း ခေါင်းကိုငိုက်စိုက်ချလိုက်သည်။ လေနွေးနွေးနှင့်အတူ သွယ်လျလျလက်ချောင်းများက သူ့ဆံပင်များကို ဖွနေသည်။
ဆံပင်မှုတ်ခြင်းအမှုပြီးသောအခါ ထောင်ရှီးက လက်မြှောက်၍ သူ့ခေါင်းကိုစမ်းကြည့်လိုက်သည်။ သူ့ဆံပင်များရှုပ်ပွနေမည်မှာ အံ့ဩစရာပင်မရှိတော့ချေ။ သူ သက်ပြင်းဖွဖွချကာ လင်ချင်းဟယ်၏ရင်ဘတ်ပေါ်ကို မှီချလိုက်ရင်း မျက်လုံးများမှိတ်လိုက်သည်။ ခဏကြာသော် သူ လင်ချင်းဟယ်ကို မေးလိုက်၏။
“ မင်းမှာ ငါ့ကို ပြောစရာရှိလို့လား…”
လင်ချင်းဟယ်က သူ့ဆံပင်များကို သပ်ရပ်အောင် လက်ဖြင့် ဖြီးသင်ပေးနေသည်။ သူ့စကားကိုကြားသောအခါ လုပ်လက်စများ ရပ်တန့်သွားပြီး တုန့်ဆုတ်စွာ ပြောလာသည်။
“ မင်းရဲ့…မွေးစားအမေက ဆေးရုံတင်ထားရတယ်…”
မကြာမီက ထောင်ကျန်း၏လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ထောင်ကျန်းကို ဟာ့နန်ဆေးရုံတွင် တွေ့ခဲ့ကြောင်း စူးယွင်ကို အစီအရင်ခံခဲ့သည်။ ထောင်ကျန်းက ကောဖျင်နှင့်အတူ ဆေးရုံတွင်ရှိနေသည်ကို သိပ်မကြာခင်ကမှ သိလိုက်ရသည်။ လင်ချင်းဟယ်မှာ ထိုကိစ္စကို သိရှိသော်လည်း ထောင်ရှီးကို အသိပေးရန် တွန့်ဆုတ်နေသဖြင့် မပြောဖြစ်ခဲ့ခြင်းပင်။
သူ၏မူလအစီအစဉ်အရ အဖြစ်မှန်ကို ဖန်းမိသားစုအား ထောင်ရှီးကို ကိုယ်တိုင် မပြောပြစေချင်ခဲ့ပါချေ။ ပြောခွင့်လည်းမပြုပေ။
ကောဖျင်က ဝမ်းဟွာမြို့တွင်ရောက်နေသည်ကို သိလိုက်ရသည်နှင့် အဖြစ်အပျက်အားလုံးကို အမှန်အတိုင်း ဖွင့်ပြောရန် သူမကို တိုက်တွန်းခဲ့သည်။ ကောဖျင်ကလည်း လက်ခံခဲ့ပြီး ဖန်းမိသားစုကိုပင် တောင်းပန်စကားဆိုခဲ့သည်။ ကောဖျင်က ဆေးရုံပေါ်ကုတင်ပေါ်မှ ထပင်မထနိုင်တော့သောကြောင့် ဗီဒီယိုသာ မှတ်တမ်းတင်လိုက်ရသည်။
ယန်သောလဲ့၏လုပ်ရပ်ကြောင့် သူ၏မူလအစီအစဉ်ပျက်စီးသွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ကောဖျင်ကို ဆေးရုံတင်ထားရသည်ကို သိလိုက်ရသည့်အခါ ထောင်ရှီး၏ခန္ဓာကိုယ်က တောင့်တင်းသွားပြီး အချိန်အတော်ကြာမှ တည်ငြိမ်စွာ မေးလိုက်သည်။
“ သူ ဘာရောဂါဖြစ်လို့လဲ…”
လင်ချင်းဟယ်က ဖြေသည်။ “ယူရီးမီးယား၊ နောက်ဆုံးအဆင့်…”
[ Uremia(ယူရီးမီးယား) = ကျောက်ကပ်အလုပ်မလုပ်နိုင်တော့သည့်ရောဂါ ]
ထောင်ရှီး မျက်လုံးများကို တင်းကြပ်စွာ မှိတ်ဆို့လိုက်ပြီး လင်ချင်းဟယ်၏ပုခုံးပေါ် မေးတင်လိုက်သည်။ ထိုတစ်ဒင်္ဂတွင် သူ့ရင်ထဲ၌ မည်သို့ခံစားနေရသည်ကိုပင် အဓိပ္ပာယ်မဖော်နိုင်တော့ပေ။ သူ့နှလုံးသားက ထုံထိုင်းကာ ရှုပ်ထွေးပွေလီနေသည်။
အတိတ်တစ်ချိန်က ကောဖျင်၏မျက်နှာကို သူပြန်မြင်ယောင်ကြည့်မိသည်။ သို့သော် လွန်ခဲ့သည့် နှစ်နှစ်ကတည်းက သူအိမ်မပြန်ဖြစ်တာ ကြာပြီဖြစ်သောကြောင့် အမြဲလိုလို ဝမ်းနည်းမှုများ စွဲထင်နေသော ကောဖျင်၏မျက်နှာက သူ့အတွေးထဲတွင် တဖြည်းဖြည်းဝေဝါးလာသည်။
သူ ကောဖျင်ကိုမုန်းလား။ သေချာပေါက်မုန်းတာပေါ့။ ဒါပေမဲ့…
ထောင်ရှီးက လင်ချင်းဟယ်၏လည်ပင်းကြားတွင် ခေါင်းမြှုပ်ထားရင်း အသက်ပြင်းပြင်းရှိုက်လိုက်သည်။ လင်ချင်းဟယ်က လက်မြှောက်ကာ ထောင်ရှီး၏ဂုတ်သားလေးကို ပွတ်သပ်ပေးသည်။ သူက သူ့ဆံပင်များကို ခပ်ဖွဖွနမ်းရှိုက်ရင်း တီးတိုးပြောလာ၏။
“ အိပ်ရအောင်…”
ထိုညက ထောင်ရှီးမှာ ကောင်းကောင်းအိပ်မပျော်ခဲ့ပေ။ တစ်ညလုံး အိပ်မက်အရှည်ကြီးတစ်ခုကို မက်ခဲ့သည်။ တစ်ခါတစ်ရံ ကောဖျင်၊ တစ်ခါတစ်ရံ ထောင်ကျန်း၊ တစ်ခါတစ်ရံ ထောင်လဲ့။ ကလေးမလေးက သူ့ကို ဖက်ကာ ငိုကြွေးရင်း တစ်ခုခုပြောနေသည်။ သို့သော် သူမ၏စကားကို သေချာမကြားလိုက်ရခင် ထောင်ရှီးမှာ လင်ချင်းဟယ်ထံမှ အနှိုးခံလိုက်ရသည်။
မနက်ခင်းတွင် ထောင်ရှီးနှင့် လင်ချင်းဟယ်က ဟာ့နန်ဆေးရုံသို့ အတူသွားကြသည်။ လူငယ်များက လူကြီးသူမများထံသို့ အလည်သွားလျှင် လက်ဆောင်များယူသွားတတ်သကဲ့သို့ သူသည်လည်း ဆေးရုံဘေးမှ သစ်သီးဝလံတစ်ချို့ကို ဝယ်ယူခဲ့သည်။
သို့သည့်တိုင် အတွင်းလူနာဌာန၏ဝင်ပေါက်ဝတွင် ထောင်ကျန်းနှင့် ထိပ်တိုက်ဆုံလိမ့်မည်ဟု မထင်ထားခဲ့ပါချေ။
ထောင်ကျန်းက ဖိနပ်အပါးတစ်ရံသာစီးထားပြီး သူ့မျက်နှာမှာ ရက်အတော်ကြာ မုတ်ဆိတ်မရိတ်ထားပုံပေါ်သည်။ သူ့ပုံစံက အလွန်ဖိုသီဖတ်သီဖြစ်နေသဖြင့် ထောင်ရှီးမှာ သူ့ကို မမှတ်မိလုနီးပါးပင်။
သူ၏မွေးအဖေက မနက်စာဖြစ်ပုံရသော ပလတ်စတစ်တစ်ထုပ်ကို လက်ထဲတွင် ကိုင်ထားသည်။ သူက ထောင်ရှီးကို တွေ့သောအခါ ကြက်သေသေသွားပြီး ထောင်ရှီး၏လက်ထဲမှ သစ်သီးခြင်းဆီ အကြည့်ရောက်သွားသည်။ ပြီးသော် အကြည့်များအေးခဲနေသည့် နံဘေးမှ လင်ချင်းဟယ်ကို ကြည့်လိုက်သည်။
ထောင်ကျန်းက လှောင်ပြုံးပြုံးကာ ပြောလာသည်။
“ နောက်ဆုံးတော့ မင်းအမေကို လာတွေ့ဖို့ သတိရပြီပေါ့…”
ထောင်ရှီးက သူ့စကားကြောင့် မျက်မှောင်ကြုတ်သွားသည်။ ထောင်ရှီး၏ အမူအရာပြောင်းသွားပုံကိုမြင်ပြီး ထောင်ကျန်းက ချက်ချင်း သဘောပေါက်သွားကာ သရော်ပြုံးပြုံးလျက် သူစိမ်းဆန်ဆန်ပြောလာသည်။
“ ဪ၊ ကြည့်ရတာ မင်းအဖေအရင်းက မင်းကို အသိအမှတ်ပြုလိုက်ပြီထင်ပါရဲ့။ သားသမီးဝတ္ထရားကို အပြေးအလွှားလာထမ်းဆောင်နေပုံပဲ…”
လင်ချင်းဟယ်၏မျက်လုံးများက ထောင်ကျန်းကို မည်းမှောင်စွာကြည့်လိုက်သည်။
ထောင်ရှီးက ထောင်ကျန်း၏စကားကို ဘာမှပြန်မချေပဘဲ တည်ငြိမ်စွာသာ ဆိုလိုက်သည်။
“ အခု ကျွန်တော့်မှာ ခင်ဗျားနဲ့ ငြင်းခုံနေဖို့ အချိန်မရှိဘူး…”
ပြောပြီးသည်နှင့် သူနှင့်လင်ချင်းဟယ်က ဓာတ်လှေကားဆီသို့ ဆက်လျှောက်သွားကြသည်။ သို့သော် ခြေလှမ်းအနည်းငယ်သာ လှမ်းရသေးချိန်၌ ဖိနပ်သံတရှပ်ရှပ်ကို ကြားလိုက်ရသဖြင့် ခြေလှမ်းများကို ရပ်တန့်လိုက်သည်။
ထောင်ကျန်းက ထောင်ရှီး၏လက်မောင်းကို လှမ်းဆွဲလိုက်သည်။ သို့သော် လင်ချင်းဟယ်က ထောင်ရှီးကို ခါးမှဖက်၍ နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ ရှောင်လိုက်သောကြောင့် သူ့လက်များက လေထဲတွင်သာ ပြုတ်ကျသွားခဲ့ရသည်။
သူက ထပ်မံမဆွဲတော့ဘဲ မျက်ခုံးသာပင့်သွားပြီး ထောင်ရှီးကို မေးလိုက်သည်။
“ ယန်သောလဲ့ဆိုတဲ့ကလေး အခုဘယ်ရောက်နေလဲ…” “ယန်သောလဲ့” ဟူသည့် ကလေးအကြောင်းကိုပြောရလျှင် သူ့ဒေါသများထွက်လာပြီး အံကြိတ်မိလုမတတ်ဖြစ်ရသည်။
ထောင်ရှီးက သူ့ကို ပြန်မေးလိုက်သည်။ “ ခင်ဗျား သူ့ကို ပိုက်ဆံတွေ သွားတောင်းနေတာလား...။ ဘာလို့ မသိတတ်ရတာလဲ…”
ထောင်ကျန်း၏မျက်နှာက ပြာနှမ်းသွားကာ မျက်လုံးထဲတွင်လည်း ဒေါသခိုးလျှံများ ပြည့်နှက်သွားသည်။
“ ငါက သူ့အဖေပါကွ။ သူ့အမေက နေမကောင်းဖြစ်နေတာ။ သူ့အမေဆေးကုဖို့အတွက် သူ ဒီလောက်တော့ ပေးသင့်တယ်မဟုတ်ဘူးလား…”
ထောင်ရှီးက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“ ကျွန်တော်မသိဘူး။ ကိုယ့်ဟာကိုယ်ပဲသွားရှာလိုက်…”
ထောင်ကျန်းက တိတ်ဆိတ်သွားသည်။ ထိုအခိုက်အတန့်တွင် သူနှစ်ပေါင်းများစွာ အဖေဟုခေါ်ခဲ့သည့်လူထံမှ ပင်ပန်းနွမ်းနယ်မှုများနှင့် စိတ်ဓာတ်ကျခြင်းများစွာကို တွေ့မြင်လိုက်ရသည်။
အဆုံးတွင် ထောင်ကျန်းက သူ့ကိုလက်သာ ဝေ့ယမ်းပြလာပြီး ချာခနဲလှည့်ကာ ထွက်ခွာသွားသည်။ သို့သော် ခြေလှမ်းအနည်းငယ် လှမ်းပြီချိန်၌ သူက ရုတ်တရက် ပြန်လှည့်လာပြီး ထောင်ရှီးကို စိတ်မရှည်စွာ ပြောလာသည်။
“ အချိန်ရရင် မင်း သူ(မ)ကို သွားတွေ့လိုက်ဦး။ သူ(မ) မင်းကို တွေ့ချင်နေတယ်…”
ထို့နောက် ထောင်ရှီးပင် လက်ခံကြောင်းမပြောရသေးခင် ခပ်သွက်သွက် ထွက်ခွာသွားလေတော့သည်။
ထောင်ရှီးမှာ ခဏကြာသည်အထိ ရပ်မြဲအတိုင်းသာ မတုန်မလှုပ်ရပ်နေမိသည်။
ဥဒဟိုသွားလာနေကြသည့် လူအများကြားတွင် လင်ချင်းဟယ်က သူ့လက်ကိုဆုပ်ကိုင်လာပြီး ဓာတ်လှေကားထဲသို့ ဆွဲခေါ်သွားသည်။ ထို့နောက် သူ့အား ကောဖျင်၏အခြေအနေကို ရှင်းပြလာသည်။
ကောဖျင်က ယူရီးမီးယားနောက်ဆုံးအဆင့်ကို ရောက်နေပြီဖြစ်သည်။ လောလောဆယ်တွင် သူမက ဆေးရုံ၌ ကျောက်ကပ်ဆေးနေရသည်။ ဆရာဝန်က ကျောက်ကပ်အစားထိုး ကုသနိုင်လျှင် ပိုကောင်းသည်ဟု ပြောခဲ့သည်။ ထောင်လဲ့က အလွန်ငယ်လွန်းသေးကာ အရေပြားလေးဖက်နာရောဂါကိုလည်း ခံစားနေရသည်။ ထောင်ကျန်းက ယန်သောလဲ့ကို အသည်းအသန်ရှာနေရသည့်အကြောင်းအရင်းက ဤကိစ္စကြောင့်ပဲ ဖြစ်ရမည်။
သို့တိုင် ယင်းက ကောဖျင်၏အကြံတော့ မဖြစ်နိုင်လောက်ဟု ထောင်ရှီး ထင်မိ၏။
ကောဖျင်က သူ့သား ကောင်းစားရေးအတွက် တစ်ပါးသူ၏လက်ထဲကိုပင် လိုလိုလားလားအပ်နှံနိုင်ခဲ့သူဖြစ်ပြီး ထိုလျှို့ဝှက်ချက်ကို ဆယ်နှစ်ကျော် ကွယ်ဝှက်နိုင်ခဲ့သူဖြစ်သည်။ သူ့သား၏ကျောက်ကပ်ကို ကောဖျင်က ယူနိုင်စွမ်းရှိပါ့မည်လား..
မည်သို့ဆိုစေ ယင်းက သူနှင့်ဘာမှမဆိုင်ပါချေ။
ဓာတ်လှေကားတံခါး ပွင့်သွားချိန်၌ ဝင်ပေါက်နှင့်မလှမ်းမကမ်းတွင် မတ်တပ်ရပ်နေသော ယန်ကျန်းမင်ကို တွေ့လိုက်ရသည်။ ကြည့်ရသည်မှာ သူရောက်လာမည်ကို ရပ်စောင့်နေခြင်းဖြစ်ဟန်တူသည်။
ယန်ကျန်းမင်က မနေ့က ဝတ်စုံကိုသာ ဝတ်ဆင်ထားဆဲဖြစ်ပြီး ဈေးကြီးအဝတ်အစားက အနည်းငယ် တွန့်ကြေနေသည်။ ပုံမှန်နွေးထွေးကြင်နာတတ်သော သူ့မျက်နှာက ယခုမူ အလွန်အမင်း နွမ်းလျနေပုံပေါ်ကာ စီးကရက်နံ့များလည်း ထွက်နေသည်။ သိသာစွာ မနေ့ညက တစ်ညလုံး အနားမယူခဲ့ရပုံပင်။ သို့သော် ထောင်ရှီးကို တွေ့သောအခါ သူက အမြန်ပြုံးပြသည်။
ထောင်ရှီး၏နာမည်ကို လှမ်းခေါ်လိုက်ချိန်၌ ယန်ကျန်းမင်မှာ တစ်မျိုးကြီးခံစားလိုက်ရသည်။ ထိုခံစားချက်က သူ ထောင်ရှီး၏လက်ထဲမှ သစ်သီးခြင်းကို လှမ်းယူလိုက်ချိန်၌ ထောင်ရှီးက “မလိုပါဘူး၊ ဦးလေးယန်” ဟု ပြောလာသောအခါ ပို၍ပင် သိသာလာခဲ့သည်။
ယန်ကျန်းမင်က တောင့်ခဲသွားသည့် သူ့လက်များကို ပြန်ရုတ်လိုက်ပြီး နှုတ်ခမ်းများ ကွေးညွှတ်၍ ခပ်ဖွဖွပြုံးကာ သူတို့နှစ်ဦးကို လူနာခန်းသို့ ဦးဆောင်ခေါ်သွားသည်။ သူက စကားပြောကောင်းသူ ဖြစ်သော်လည်း ဤတစ်ဒင်္ဂတွင် သူနှင့်စိမ်းသက်နေသည့် သားအရင်းဖြစ်သူကို ဘာပြောလို့ပြောရမည် မသိပါချေ။ သို့နှင့် ဖန်းကျူချင်း နိုးလာပြီဖြစ်ကြောင်းနှင့် သူ့ကို မစိုးရိမ်ဖို့သာ ပြောလိုက်သည်။
ထောင်ရှီးက ယန်ကျန်းမင်၏စကားကို အလိုက်သင့်ပြန်ပြောပေးပြီး မည်သည့်အရိုအသေတန်သည့်စကားမှ မပြောဖြစ်ပေ။ သို့သော် ၎င်းက ရင်းနှီးသည်ဟုလည်း မဆိုလိုပါချေ။
အမှန်အတိုင်းပြောရလျှင် ယန်ကျန်းမင်အပေါ် သူ့အမြင်က သိပ်ကောင်းသည်မဟုတ်ပေ။ သူ့အမေနှင့်ရုပ်ချင်းဆင်သော်လည်း မိုက်မဲသည့် ကွမ်းဖန်ယွင့်တစ်ယောက်နှင့်ပင် သူ့အပေါ် အမြင်မကောင်းရန် လုံလောက်နေပြီဖြစ်၏။
ဖန်းမိသားစုနှင့် ယန်မိသားစုတို့၏ အရေးကိစ္စဖြစ်နေသောကြောင့် လင်ချင်းဟယ်အနေနှင့် ဝင်ပါရန်မသင့်တော်ပေ။ သူက ထောင်ရှီး၏လက်ကို မတင်းလွန်း၊ မပျော့လွန်းသောအားဖြင့် ဆုပ်ညှစ်လိုက်သည်။
ထောင်ရှီးက ခေါင်းညိတ်ပြပြီး လင်ချင်းဟယ်၏လက်ကို လွှတ်ပေးလိုက်သည်။
ယန်ကျန်းမင်မှာ ထိုကောင်လေးနှစ်ယောက် လက်ကိုင်ထားကြသည်ကို မြင်သော်လည်း ဘာမှမပြောဘဲ လူနာခန်း၏တံခါးကိုသာ ဖွင့်လိုက်သည်။
ထောင်ရှီးမှာ ပွင့်ဟသွားသော တံခါးကိုကြည့်ရင်း ဆေးရုံက ညတစ်ညကို ရုတ်တရက်သတိရသွားသည်။ သူက လူနာခန်း၏တံခါးနောက်တွင် ပုန်းနေခဲ့ပြီး ဆေးရုံကုတင်ထက်တွင် လှဲနေသည့် ယန်သောလဲ့အတွက် မျက်ရည်များကျနေသော သူ့အဖိုးအဖွားများကို ခိုးကြည့်နေခဲ့သည်။ စင်စစ်တွင် တံခါးတစ်ချပ်သာ ခြားနေခဲ့သော်လည်း ကမ္ဘာတစ်ခုလုံးခြားနေခဲ့သလိုပင်။
ယခုတွင်လည်း တူညီသောဆေးရုံ၊ တူညီသော လူနာခန်းတံခါး၏အပြင်၌ ဖြစ်နေဆဲပင်။ သူ သက်ပြင်းရှိုက်လိုက်ကာ ခြေတစ်လှမ်းရှေ့တိုးလိုက်ပြီး အထဲမှ လူအိုစုံတွဲထံသို့ လျှောက်ဝင်သွားတော့သည်။
______