အပိုင်း ၆၀
Viewers 9k

The Moon Is Coming To Me

Chapter-60.1


‌ထောင်ရှီး လူနာခန်းထဲသို့ဝင်လာချိန်၌ ဆေးရုံကုတင်ပေါ်တွင် လှဲနေသော ဖန်းကျူချင်းနှင့် ဘေးတွင်ထိုင်နေသည့် ယဲ့ယွီရုန်တို့က သူ့အား လှည့်ကြည့်လာကြသည်။


လူအိုနှစ်ယောက်၏မျက်လုံးများနှင့် ဆုံတွေ့လိုက်ရသည့်တစ်ခဏ သူ တသိမ့်သိမ့်တုန်ယင်သွားရသည်။ ခံစားချက်များလည်း ရုတ်တရက်ကြီးလေးလံပြီး နေရထိုင်ရခက်လာခဲ့သည်။


သူ အတန်ကြာ နေရာတွင်ရပ်လျက် ကြက်သေသေနေမိပြီး ဘာပြောလို့ပြောရမည်မသိချေ။ ကံကောင်းထောက်မ၍ ဘေးမှ ယန်ကျန်းမင်က သူ့လက်ထဲမှ သစ်သီးခြင်းတောင်းကို ကူသယ်ပေးလာပြီး အိပ်ယာပေါ်ချလိုက်ကာ ဖန်းကျူချင်းအား ပြောလိုက်သည်။


“ ဒါက အဖေ့အတွက် ထောင်ရှီး ဝယ်လာပေးတာ…”


ယဲ့ယွီရုန်က ကုလားထိုင်ပေါ်မှ အလျင်စလိုထရပ်လိုက်သည်။ ထောင်ရှီးကို တွေ့လိုက်ရကတည်းက သူမ၏မျက်ဝန်းများက နီရဲနေသည်။ သူမက ထောင်ရှီးထံသို့ ခြေနှစ်လှမ်းရှေ့တိုးလာသည်၊ သို့သော် သူ့ရှေ့တည့်တည့်သို့ မသွားရဲသဖြင့် သူ့ကို နူးညံ့စွာသာ လက်ယပ်ခေါ်လိုက်၏။


“ ကလေး၊ ဒီနားလာထိုင်….”


ဖန်းကျူချင်းက လူနာဝတ်စုံကို ဝတ်ဆင်ထားလျက်ရှိပြီး လက်ဖျံတွင် အပ်တွဲလောင်းနှင့်ဆေးသွင်းနေရဆဲဖြစ်ကာ နာမကျန်းဖြစ်နေသောမျက်နှာက ဖြူဖတ်နေသည်။ တစ်ညတည်းနှင့် အိုစာသွားသလိုပင်။ ထောင်ရှီးရောက်လာသည်ကို မြင်လိုက်ရသည့်အခါ ဆေးသွင်းထားသည့်သူ့လက်က အဆက်မပြတ်တုန်ယင်လာသည်။


ထောင်ရှီးက လူသုံးယောက်၏အကြည့်အောက်တွင် ဆေးရုံကုတင်ဘေးရှိ ကုလားထိုင်သို့သွားကာ ထိုင်ချလိုက်သည်။


ယန်ကျန်းမင်က နောက်ထိုင်ခုံတစ်လုံးကိုယူကာ ယဲ့ယွီရုန်အား ထိုင်စေသော်လည်း ယဲ့ယွီရုန်က မထိုင်ပေ။ သူမက တစ်ဖက်လှည့်လိုက်ပြီး မျက်ရည်များကို လက်ခုံဖြင့်သုတ်လိုက်သည်။ ထို့နောက် ရေနွေးတစ်ခွက်ကို ငှဲ့ကာ ထောင်ရှီးအား လှမ်းပေးလိုက်ရင်း မနက်စာစားပြီးပြီလား၊ ဗိုက်ဆာနေလားဟု မေးလေသည်။


ယမန်နေ့ အစည်းအဝေးခန်းထဲကအတိုင်းပင် ထောင်ရှီးက ဖန်ခွက်ကို လက်နှစ်ဖက်ဖြင့် လှမ်းယူလိုက်ပြီး ကျေးဇူးတင်စကားပြောလိုက်သည်။


လူအိုနှစ်ယောက်၏ ဂရုတစိုက်နှင့် စောင့်ကြည့်နေသည့်အကြည့်များကို သူ သတိထားမိ၏။ ထို့အတူ ထိုအကြည့်များနောက်မှ လေးလံနက်ရှိုင်းသည့် အပြစ်ရှိစိတ်များကိုလည်း သတိထားမိသည်။ သူ တစ်ယောက်ပြီးတစ်ယောက်ကို လက်ခံစကားပြောပေးလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူ အနည်းငယ် ငြင်းဆန်ပုံပြလိုက်လျှင် ယဲ့ယွီရုန် မျက်ရည်ကျလာမည်ကို စိုးရိမ်သောကြောင့်ပင်။


ယဲ့ယွီရုန် သူ့အတွက် ငှဲ့ပေးထားသည့် ရေနွေးကို ခေါင်းငုံ့၍ တစ်ငုံသောက်လိုက်သည်။


နောက်ဆုံးတွင် ယဲ့ယွီရုန်က သူ့ဘေး၌ လာထိုင်လေ၏။ လူအိုနှစ်ယောက်အကြည့်များက သူ့ထံသို့ ကျရောက်လာပြန်သည်။ ထိုမျက်လုံးများက လေးလံလှသည်ဟု ထောင်ရှီးခံစားလိုက်သည်။ သူ လက်ကိုလိမ်ကျစ်၍ တစ်ခုခုပြောရန် ကြိုးစားလိုက်သော်လည်း ဘာပြောရမည်မှန်းမသိပါချေ။


သူနှင့် သွေးသားချင်းအနီးဆုံးလူများဖြစ်ကြသည့်တိုင် အစိမ်းသက်ဆုံးလူများလည်း ဖြစ်နေသည်။


ဤကသိကအောက်ဖြစ်ဖွယ် အခြေအနေကြီးနှင့် နှစ်စက္ကန့်ခန့်ကြာ ကုန်လွန်ပြီးနောက်တွင် ဖန်းကျူချင်းက စကားစပြောလာသည်။ အဖိုးအိုမှာ စကားပြောရန် ရုန်းကန်နေရပုံပေါ်သော်လည်း အတတ်နိုင်ဆုံးလည်ချောင်းကို ရှင်းလိုက်ပြီး ပုံမှန်မိဘများကဲ့သို့ ထောင်ရှီးအား မေးလိုက်သည်။


“ ဆရာ့ဆီကနေ ခွင့်တိုင်လာခဲ့တာလား…”


ထောင်ရှီးက ခေါင်းညိတ်ပြကာ ပြောသည်။ “ ကျွန်တော် ခွင့်ယူလာခဲ့တာ…”


လူအိုနှစ်ယောက်မှာ သူတို့မျက်စိရှေ့မှ ဆယ့်ခုနစ်နှစ်အရွယ်ကောင်လေးကို စေ့စပ်စွာအကဲခတ်ကြည့်မိကြသည်။ ကောင်လေး၏မျက်လုံးလေးများက သူတို့သမီးဖြစ်သူနှင့် အင်မတန်တူလှသည်ပင်။ ယမန်နေ့က အစည်းအဝေးခန်းထဲတွင် ပထမဆုံးမြင်လိုက်ရသည့်အခိုက် သူတို့နှစ်ဦးစလုံး လွန်စွာတုန်လှုပ်သွားခဲ့ရသည်။ ယခုမူ စေ့စေ့စပ်စပ်ကြည့်လေ ပြောမပြနိုင်သော နာကျင်မှုများသာ လွှမ်းမိုးလာလေလေပင်။


ယဲ့ယွီရုန်က အကြည့်မလွဲဘဲ လက်ကိုင်ပဝါတစ်ထည်ကို ထုတ်လိုက်ပြီး သူမ၏မျက်ဝန်းထောင့်များကို သုတ်လိုက်သည်။ ထို့နောက် လက်ဆန့်၍ ထောင်ရှီး၏လက်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။ ထောင်ရှီးမှာ မရုန်းဖြစ်ဘဲ မျက်လွှာသာချလိုက်သည်။


ယဲ့ယွီရုန်က ထောင်ရှီး၏လက်များကို ငုံ့ကြည့်လိုက်သည့်အခါ သူမ၏မျက်ဝန်းများ နီရဲသွားရပြန်သည်။ ဤသွယ်လျလျလက်များက သူမ၏သမီးကဲ့သို့ပင် ပန်းချီစုတ်တံကိုင်ရန်သာ သင့်လျော်ပြီး ဆင်းရဲဒုက္ခအနည်းငယ်မျှပင် မခံစားရသင့်ပါချေ။ လွန်ခဲ့သည့် ဆယ့်ခုနစ်နှစ်တာကာလတွင် သူ့မြေးလေး ဖြတ်သန်းခဲ့ရမည်ဘဝကို သူမမှာ စိတ်ကူးနှင့်ပင် မတွေးကြည့်ဝံ့ပေ။


အချိန်အကြာကြီး တိတ်ဆိတ်နေအပြီးတွင် သူ့အဖွား၏တုန်ယင်စွာ စကားဆိုလာသံကို သူ ကြားလိုက်ရသည်။


“ ကလေး၊ ဒီနှစ်တွေမှာ...ဒီနှစ်တွေတစ်လျှောက်လုံးမှာ အဖွား သားအပေါ် မှားခဲ့မိပါတယ်…”


သူမ၏စကားမဆုံးခင်တွင် ညို့မှိုင်းနေသော မျက်ဝန်းများထဲမှ မျက်ရည်စက်များက ထောင်ရှီး၏လက်ခုံပေါ်သို့ တပေါက်ပေါက်စီးကျလာသည်။


ထောင်ရှီးမှာ ရေနွေးပူလောင်သွားသကဲ့သို့ ခန္ဓာကိုယ်ကို ကျုံ့လိုက်မိသည်။ သူ့မျက်လုံးများမှာလည်း အနည်းငယ် စပ်ဖျဉ်းဖျဉ်း ဖြစ်လာခဲ့၏။


အဆုံးတွင် သူအသံတိတ် ခေါင်းခါပြလိုက်သည်။


“ အဲ့ဒီမိသားစုက သားကို ကောင်းကောင်းဆက်ဆံကြရဲ့လား…”


ယဲ့ယွီရုန်မှာ အမေးချင်ဆုံး မေးခွန်းတစ်ခုကို မထိန်းနိုင်စွာ မေးမြန်းလိုက်သည်။ သူမက ထောင်ရှီးကို မျှော်လင့်တကြီးကြည့်နေပြီး အသံမှာလည်း အလွန့်ကို မျှော်လင့်စောင့်စားနေသည့်ဟန်။


ဆေးရုံကုတင်ထက်တွင် ထိုင်နေသည့် ဖန်းကျူချင်းကလည်း ထောင်ရှီးကို ညှိုးငယ်စွာကြည့်နေသည်မှာ တစ်ပုံစံတည်းတူသော မေးခွန်းကို အသံတိတ်မေးမြန်းနေဟန်ပင်။


ထောင်ရှီးမှာ ဤမေးခွန်းကို မည်သို့ဖြေရမည် မသိပေ။ ဆယ့်ခုနစ်နှစ်သော အချိန်ကာလများက သူ့ဦးနှောက်ထဲတွင် တဖျတ်ဖျတ် ပုံရိပ်ပြန်ပေါ်လာသည်။ ခံစားချက်များစွာက တစ်ခုပေါ်တစ်ခုဆင့်ကာ အုံဖွဲ့နေပြီး သူ့လျှာနှင့် လည်ချောင်းထဲတွင် တစ်ဆို့နေသည်။ အဆုံး၌ သူ တစ်ခွန်းတည်းသာ ပြန်ဖြေလိုက်သည်။


“ ကျွန်တော် ကောင်းကောင်းဖြတ်သန်းနိုင်ခဲ့ပါတယ်…”


သို့သော် ဤအဖြေက လူအိုနှစ်ယောက်ကို အနည်းငယ်မျှပင် စိတ်သက်သာရာ ရစေပုံမပေါ်ပါချေ။ လူအိုနှစ်ယောက်လုံး တိတ်ဆိတ်သွားကြပြီး ဘေးတွင် ရပ်နေသည့် ယန်ကျန်းမင်ပါ စကားမပြောလာတော့ပေ။


ယမန်နေ့ညက စူးယွင်ပြောပြသောကြောင့် ထောင်ရှီး၏ဘဝအကြောင်းကို သူတို့ အတော်များများ သိထားကြပြီးသားဖြစ်၏။ သူတို့မှာ လင်မိသားစု၏အတွင်းရေးမှူးက အဘယ်ကြောင့် ဤမျှသိထားရသလဲကို အံ့ဩရန်ပင် မတွေးမိခဲ့ပါချေ။


ထိုမိသားစုက မည်မျှဆင်းရဲကြောင်း၊ မွေးစားအဖေက အပြင်တွင်သာ တစ်ချိန်လုံးအလုပ်ထွက်လုပ်နေပြီး ရောဂါသည်ညီမလေးတစ်ယောက်ရှိကြောင်း၊ ထောင်ရှီးက အဆင့်များကောင်းပြီး တစ်ခရိုင်လုံးပထမရသဖြင့် လင်မိသားစု၏ထောက်ပံ့ကြေးစီမံကိန်းကြောင့် ဝမ်းဟွာ အ.ထ.က(၁)တွင် ကျောင်းတက်ခွင့်ရခဲ့ကြောင်း သိခဲ့ရသည်။ ထို့အပြင် ထောင်ရှီးက သူ့မိခင်၏ပန်းချီပညာအမွေကိုလည်း ဆက်ခံရရှိထားကြောင်းနှင့် နှစ်များစွာ ခေတ်နောက်ကျခဲ့ရသည့်တိုင် နိုင်ငံတကာပြိုင်ပွဲများတွင် ဆန်တကာတင် ရွေးချယ်ခံထားရသည်ကိုပါ သိရှိလိုက်ရလေသည်။


ကလေးတစ်ယောက်၏ ကောင်းမွန်သည့်ဘဝက မိဘများ၏အထောက်အပံ့မပါဘဲ မရရှိနိုင်ပါချေ။ သူတို့၏ကလေးက အကြမ်းတမ်းဆုံးလမ်းကို လျှောက်ခဲ့ရသော်လည်း ထူးချွန်ပြောင်မြောက်သည့် လူတစ်ယောက်ဖြစ်လာခဲ့သည်။


သို့သည့်တိုင် ထိုလမ်းသည် သာယာဖြောင့်ဖြူးသောလမ်းတစ်လမ်း ဖြစ်ခဲ့သင့်သည်ပင်။


သူတစ်ယောက်တည်း ဤလမ်းမပေါ်တွင် ဆယ်ခုနစ်နှစ်တိုင် လျှောက်လှမ်းခဲ့ရပြီး တောင်တန်းများ၊ တံတားများစွာကို ကျော်ဖြတ်ခဲ့ရသည်။ အန္တရာယ်များ၊ အခက်အခဲပေါင်းများစွာကို ဖြတ်သန်းခဲ့ရပြီး အိမ်ကိုအရောက်လှမ်းလာခဲ့သည့်တိုင် သူတို့ပြုစုပျိုးထောင်ထားသည့်ကလေးက သူ၏တောက်ပနေသည့်အနာဂတ်ကို ဖျက်ဆီးပစ်လုနီးပါးဖြစ်ခဲ့သည်။


လူကြီးများဖြစ်သည့် သူတို့ကိုယ်တိုင်ကလည်း သဘောတူစာချုပ်တွင် အတင်းအကြပ်လက်မှတ်ထိုးခိုင်းခဲ့သေးသည်။ ရက်ရောလှသည်ဟု သူတို့ထင်ထားခဲ့သည် သဘောတူစာချုပ်ပါ လျော်ကြေးငွေများက သူမွေးဖွားစဉ်ကတည်းက ရသင့်ရထိုက်ခဲ့သည့် အရာများဖြစ်နေခဲ့သည်။ သို့သော် သူတို့လူကြီးများက အတင်းအကြပ်အပေးအယူလုပ်ရန် အကြောင်းပြချက်တစ်ခုအဖြစ် အသုံးချခဲ့သည်။ အလွန်မိုက်မဲပြီး ပြက်ရယ်ပြုဖွယ် လုပ်ရပ်ပင်။


ကောဖျင်ကို မုန်းသည်ထက် သူတို့ကိုယ်သူတို့ ပိုမုန်းမိသည်။


ယခုမူ သူတို့၏ကလေးက သူတို့ထံသို့ ဦးစွာ လာရောက်နှုတ်ဆက်ပြီး ကောင်းကောင်းဖြတ်သန်းခဲ့ရပါသည်ဟူ၍ သူတို့အား ပြောပြနေသည်။


ယဲ့ယွီရုန်မှာ တစ်ဖက်သို့လှည့်လိုက်ပြီး ဆက်မမေးနိုင်တော့ပါချေ။ ဖန်းကျူချင်း၏အရေးအကြောင်းများ တွန့်နေသော မျက်နှာက ပြာနှမ်းသွားပြီး ညှိုးငယ်နေသော မျက်ဝန်းများမှာလည်း စိတ်ထိခိုက်မှုများ၊ နောင်တများဖြင့် ကိန်းဝပ်အနည်ထိုင်သွားသည်။ သူက အပ်တွဲလောင်းနှင့်လက်တစ်ဖက်ကို မြှောက်လိုက်ပြီး ထောင်ရှီးထံသို့ တုန်တုန်ယင်ယင်နှင့် ကမ်းလာသည်။


ထောင်ရှီးက ခဏတွန့်ဆုတ်နေပြီးနောက် ဖန်းကျူချင်း၏လက်ကို ပြန်လည်ဆုပ်ကိုင်လိုက်သည်။ ဆံပင်များဖြူဆွတ်နေသော သူ့ရှေ့က အဖိုးအိုထံမှ အက်ကွဲနေသည့်အသံဖြင့် ပြောလာသံကို သူကြားလိုက်ရသည်။


“ ကလေး၊ အဖိုး တောင်းပန်ပါတယ်။ အဖိုးကို အပြစ်တင်နိုင်တယ်၊ မုန်းလည်းမုန်းနိုင်ပါတယ်။ အဖိုးသမီးလေးနဲ့ အဖိုးမြေးလေးအတွက် အဖိုးတောင်းပန်ပါတယ်။ သူ့သားလေးကို ကောင်းကောင်းမွန်မွန် ပြုစုပျိုးထောင်ပြီး ကျန်းကျန်းမာမာ၊ ပျော်ပျော်ရွှင်ရွှင်နဲ့ ကြီးပြင်းရစေပါမယ်လို့ သမီးကို ကတိပေးခဲ့ပေမယ့် သူ့သားလေးကို အပြင်မှာ တစ်ယောက်တည်း နှစ်တွေအကြာကြီး ဒုက္ခခံရအောင် ပစ်ထားခဲ့မိတယ်။ နောက်ဆုံး အိမ်တံခါးရှေ့ကို ပြန်လာခဲ့တာတောင်မှ မတရားသဖြင့် ဒုက္ခခံရအောင်လုပ်ခဲ့မိတယ်…”


စကားပြောရင်းနှင့်ပင် သူက မျက်ရည်များစီးကျလာတော့သည်။ သမီးဖြစ်သူ သေဆုံးချိန်မှလွဲ၍ ပြုံးခဲ၊ ငိုခဲသော ဤပါမောက္ခအိုကြီးမှာ ထောင်ရှီး၏လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ရင်း သူ့ကို ခေါင်းငုံ့၍တောင်းပန်နေရှာသည်။


အိုမင်းနေသော လက်တစ်စုံ၏ အထိန်းအကွပ်မဲ့စွာ တုန်ယင်နေပုံကို ထောင်ရှီး ခံစားလိုက်ရ၏။ ဦးခေါင်းထက်မှ ပျံ့နှံ့လာသော လေးပင်လှသည့် ဝမ်းနည်းစိတ်များက သူ့တစ်ကိုယ်လုံးသို့ လွှမ်းခြုံလာပြီး သူ့နှလုံးသားကို ထုံထိုင်းသွားစေသည်။ ထို့အတူ သူ့အသက်ရှူသံများပင် နှေးကွေးလေးပင်လာရ၏။


သူ သက်ပြင်းတစ်ချက်ရှိုက်လိုက်ကာ အတတ်နိုင်ဆုံး စိတ်ကိုငြိမ်ငြိမ်ထားလျက် အဖိုးအိုကို ပြောလိုက်သည်။


“ အဖိုး ကျွန်တော့်ကို တောင်းပန်စရာမလိုပါဘူး။ ကျွန်တော် အဖိုးကို မနာကြည်းသလို မုန်းလည်းမမုန်းခဲ့ဘူး။ တကယ်ပြောတာ…ဒီနှစ်တွေမှာ ကျွန်တော် တကယ့်ကို ကောင်းကောင်းမွန်မွန် ဖြတ်သန်းခဲ့ရတာပါ…”


သို့သော် လူအိုနှစ်ယောက်မှာ ခံစားချက်ပြင်းထန်နေဆဲပင်။ ယဲ့ယွီရုန်မှာ စိတ်မထိန်းနိုင်တော့ဘဲ လက်ကိုဆန့်ထုတ်ကာ အရှေ့မှ ဆက်ကျော်သက်လူငယ်လေးကို သူမ၏ရင်ခွင်ထဲသို့ ပွေ့ဖက်လိုက်တော့သည်။


ထောင်ရှီးက မရုန်းဘဲ ယဲ့ယွီရုန်၏လက်မောင်းများထဲသာ တောင့်တောင့်ကြီး တိုးဝင်လိုက်သည်။ သူအရင်က အဖွားထံမှ တစ်ခါမှအဖက်မခံခဲ့ရဖူးပေ။ ယခုမူ လူကြီးတစ်ယောက်ထံမှ ပထမဆုံးပွေ့ဖက်ခံရသည့် ကလေးတစ်ယောက်ကဲ့သို့ လက်များ၊ ခြေထောက်များကို ဘယ်နေရာထားရမည်မသိစွာနှင့် ကူရာမဲ့နေသည်။


ယဲ့ယွီရုန်က သူ၏တောင့်တင်းနေသော ကျောကုန်လေးကို ညင်သာစွာ ပုတ်ပေးလာသည်။ သူ့အဖွားက ညီမလေးထောင်လဲ့ကို ချီပိုးခဲ့ဖူးသည့်အတိုင်းပင်။ အဖွားထံမှ ငိုရှိုက်သံနှင့်အတူ စကားဆိုလာသံကို သူ ကြားလိုက်ရသည်။


“ အဖွားတောင်းပန်ပါတယ်။ အဖွားမြေးလေးကို အိမ်မြန်မြန်မခေါ်လာနိုင်တာ အဖွားရဲ့အမှားပါ။ အဖွားမြေးလေးက အိမ်ပြန်ချင်နေတာ၊ အဖွားက မသိခဲ့ဘူး။ သူ့ကို တစ်ယောက်တည်း အချိန်တွေအကြာကြီး ပစ်ထားခဲ့မိတယ်…”


ထောင်ရှီး၏လည်စလုတ်က ရုတ်တရက် အပြင်းအထန်လှုပ်ရှားလာပြီး မျက်လုံးများကို တင်းတင်းကြပ်ကြပ် မှိတ်ဆို့လိုက်သည်။ သူ့မျက်ဝန်းအိမ်ထဲမှ မျက်ရည်များ စီးကျလာကာ အဖွား၏အင်္ကျီကို စိုစွတ်သွားစေသည်။


ယန်ကျန်းမင်မှာ မျက်စိရှေ့မှ လူအိုနှစ်ယောက်နှင့် ကလေးတစ်ယောက်ကိုကြည့်ရင်း နီရဲနေသော သူ့မျက်လုံးထဲမှ မျက်ရည်များ စီးကျလာသည်။


ဘဝတစ်ခုတွင် ဆယ့်ခုနစ်နှစ်တာအချိန်က မည်မျှ ကြာညောင်းနိုင်သနည်း။ ဤလူအိုကြီး၏ လက်ကျန်သက်တမ်းက နောက်ထပ်ဆယ့်ခုနစ်နှစ် ရှည်လျားနိုင်ပါ့ဦးမည်လား…။ ကံကြမ္မာ၏ ရက်စက်စွာ ကျီစားမှုကြောင့် ကုန်လွန်ခဲ့သည့် ဆယ်ခုနစ်နှစ်တာသည် ဘယ်သောအခါမှ ပြန်ရောက်လာမည်မဟုတ်တော့ပါချေ။


သူ့အဖွားကိုဖက်ပြီး မည်မျှကြာအောင် ငိုကြွေးမိခဲ့သည်ကိုပင် ထောင်ရှီး သတိမထားမိတော့။ နောက်ဆုံးတွင် သူနှင့် ယန်ကျန်းမင်က စိတ်ပြန်လည်တည်ငြိမ်လာပြီး လူအိုနှစ်ယောက်ကို နှစ်သိမ့်လိုက်သည်။ ယဲ့ယွီရုန်က မျက်ရည်များကို သုတ်လိုက်ကာ သူ့လက်ကိုဆုပ်ကိုင်လျက် မေးခွန်းများစွာကို မေးနေခဲ့သည်။ သူ့ငယ်ဘဝအကြောင်း၊ သူဖျားနာခဲ့ဖူးသလား၊ ကောင်းကောင်းစားသောက်ခဲ့ရသလား၊ ကျောင်းတွင် အနိုင်ကျင့်ခံရသလား….


စင်စစ်တွင် ထိုအတိတ်ဖြစ်ရပ်များက ပြန်ပြောင်းတွေးတောချင်စရာပင် မရှိပါချေ။ ထောင်ရှီးက ထူးထူးခြားခြားဖြစ်ပျက်ခဲ့သည့် အရာတစ်ချို့ကိုသာ ရွေးနုတ်၍ သူတို့ကို ရိုးရိုးရှင်းရှင်း ပြန်ပြောပြလိုက်သည်။


သူတို့သည် ကောဖျင်ကို ထည့်မပြောကြသလို၊ ယန်သောလဲ့ကိုလည်း ထည့်မပြောခဲ့ကြပါချေ။ ပထမတစ်ယောက်က သူတို့အတွက် အရိုးထဲအသားထဲမှ မုန်းတီးရသူဖြစ်ပြီး ကျန်တစ်ယောက်ကမူ သူတို့ကိုယ်တိုင် ပျိုးထောင်ခဲ့ရသည့် ကလေးတစ်ယောက်ဖြစ်နေသည့်အတွက် သူ့တို့၏စိတ်ထဲတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေဆဲဖြစ်သည်။


ထောင်ရှီးက လူကြီးများ၏ရှောင်ဖယ်နေမှုကို သတိပြုမိသော်လည်း ဘာမှမပြောဖြစ်ပေ။ လူအိုနှစ်ယောက်နှင့် အချိန်အတော်ကြာ စကားစမြည်ပြောပြီးနောက်တွင် ဖန်းကျူချင်း၏ပင်ပန်းနေဟန်ကို သတိပြုမိသောကြောင့် သူက နှုတ်ဆက်ကာ ပြန်မည်ပြင်လိုက်သည်။ သူ မတ်တပ်ထရပ်လိုက်ရုံရှိသေး လူနာခန်းတံခါး၏ ရုတ်တရက် ပွင့်သွားသံကိုကြားလိုက်ရသည်။


သူ လှည့်ကြည့်လိုက်ရာ တံခါးနားတွင်ရပ်နေသော ယန်သောလဲ့နှင့် မျက်လုံးချင်း ထိပ်တိုက်ဆုံတွေ့သွားကြသည်။

The Moon Is Coming To Me


Chapter- 60.2


ယန်သောလဲ့က ထောင်ရှီးကို နှစ်စက္ကန့်မျှစိုက်ကြည့်နေပြီးနောက် လူနာခန်းထဲမှ အခြားလူသုံးဦးထံသို့ အကြည့်ပို့လိုက်သည်။ သူ့မျက်နှာပေါ်တွင် မည်သည့်ခံစားချက်မှရှိမနေပေ။ နောက်တစ်စက္ကန့်ကြာသောအခါ သူက ခြေကိုကြွကာ ထွက်သွားမည်ပြုသည်။


“ ယန်သောလဲ့…” ဆေးရုံကုတင်ထက်မှ ဖန်းကျူချင်းက ခက်ထန်စွာအော်ခေါ်လိုက်သည်။ အော်အပြီးတွင် သူက အပြင်းအထန် ချောင်းစဆိုးလာသည်။


ယန်သောလဲ့က တောင့်တောင့်ကြီး ရပ်သွားပြီး နောက်ကိုလှည့်မကြည့်လာပေ။


ယဲ့ယွီရုန်က ရှေ့တိုးကာ ယန်သောလဲ့ကို ဖမ်းဆွဲလိုက်မည်ပြုသော်လည်း ဖန်းကျူချင်းက ချောင်းတဟွတ်ဟွတ်ဆိုးလာသောကြောင့် သူမမှာ ခေါင်းငုံ့ကာ ဖန်းကျူချင်းကို သက်သာအောင် အရင်လုပ်ပေးလိုက်ရသည်။ သို့သော် ယန်ကျန်းမင်က အရင်ဦးအောင်ခြေလှမ်း၍ ယန်သောလဲ့၏လက်မောင်းကို လှမ်းဆွဲလိုက်ပြီးဖြစ်ကာ အေးစက်စွာ ပြောလိုက်သည်။


“ ဘယ်အချိန်အထိ ပုန်းနေဦးမလို့လဲ…”


သူ၏မူလရည်ရွယ်ချက်မှာ ရှောင်ပြေးနေသည့် ယန်သောလဲ့ကို အမှားဝန်ခံဖို့ မေးမြန်းစစ်ကြောရန်ဖြစ်သော်လည်း ယန်သောလဲ့က လုံးလုံးလျားလျား နားလည်မှုလွဲသွားသည်။ သူက ယန်ကျန်းမင်၏လက်ကို ဆောင့်ရုန်းလိုက်ပြီး ယန်ကျန်းမင်ကိုကြည့်ကာ သရော်သည်။


“ ခင်ဗျားသားက ဒီမှာရောက်နေပြီမဟုတ်ဘူးလား…။ ဒါမှမဟုတ် ဆွေပြမျိုးပြ အသိအမှတ်ပြုပွဲ ကျင်းပဖို့အတွက် ခင်ဗျားသားရဲ့သက်သေအထောက်အထားတွေကို သူ့ဆီလွှဲပြောင်းပေးဖို့ ကျွန်တော့်ကို တမင်ခေါ်လိုက်တာလား…”


ယန်ကျန်းမင်၏မျက်နှာက အလွန်အမင်း အရုပ်ဆိုးသွားသည်။ သူမနေ့က ယန်သောလဲ့နှင့် အဆက်အသွယ်ရခဲ့ပြီး ဖန်းကျူချင်း နေမကောင်းကြောင်းနှင့် ဆေးရုံကိုလာခဲ့ရန် ပြောခဲ့၏။ သို့သော် ယန်သောလဲ့က ငြင်းခဲ့သည်။ သူက ယနေ့ဆေးရုံသို့ ရောက်လာပြီး ထောင်ရှီးနှင့် ထိပ်တိုက်ဆုံလိမ့်မည်ဟု မထင်ထားခဲ့ပါချေ။


သူ ဒေါသကိုပြန်ထိန်းလိုက်ကာ ယန်သောလဲ့ကို အလေးအနက်ထား၍ ပြောလိုက်သည်။


“ အဲ့ဒီအကြောင်း အရင်မပြောနဲ့ဦး။ မင်းလုပ်ထားတဲ့ ကိစ္စကောင်းလေးတွေအကြောင်းကို အရင်ပြောမယ်။ ထောင်ရှီးကို ပုံတူကူးချသူလို့ အကောက်ကြံစွပ်စွဲတယ်။ သူများရဲ့ ပြိုင်ပွဲကို ပျက်စီးရာပျက်စီးကြောင်းလုပ်တယ်။ မင်း သူ့ကို တောင်းပန်သင့်တယ်မဟုတ်ဘူးလား…”


ဖန်းကျူချင်းမှာ အဆုံးတွင် ချောင်းဆိုးရပ်သွားပြီး ဝမ်းနည်းမှုများထက် ဒေါသထွက်ခြင်းက ပိုအလေးသာလာခဲ့သည်။ အဖိုးအို၏မျက်နှာမှာ ပုံမှန်ထက် ပို၍ပြာနှမ်းနေပြီး တုန်တုန်ယင်ယင်နှင့် ယန်သောလဲ့ကို လက်ညှိုးထိုးကာ အော်ဟစ်လိုက်သည်။


“ မြန်မြန်လာတောင်းပန်စမ်း…”


အဖိုးအိုမှာ အမှန်တကယ်ကို ဒေါသမီးဟုန်းဟုန်းတောက်နေသည်။ ယန်သောလဲ့က ထောင်ရှီး၏အဖြစ်မှန်ကို ယခင်ကတည်းက သိရှိထားပြီးသားဖြစ်လောက်မည်။ ယန်သောလဲ့က အဘယ့်ကြောင့်များ သူ့ကိုဘာဒုက္ခမှမပေးသည့် အတန်းဖော်တစ်ယောက်ကို အကောက်ကြံရပါသလဲဟု သူ စဉ်းစားမရဖြစ်ခဲ့သည်။ ယခုမှ အရာအားလုံးရှင်းလင်းသွားသည့်အခါ လူအိုကြီးမှာ ယခင်ထက် ပို၍ပင် ဒေါသထွက်ရသည်။


သူ့ကို ကလေးဘဝကတည်းက မေတ္တာများပေးခဲ့သည့် အဖိုးအိုကို ယန်သောလဲ့မှာ အရွဲ့တိုက်သည့်စကားများ ပြန်မပြောရဲပါချေ။ သူက နှုတ်ခမ်းကိုသာ တင်းတင်းဖိကိုက်ထားပြီး နက်မှောင်နေသောမျက်လုံးများဖြင့် ကြမ်းပြင်ကို မလှုပ်မယှက်ရပ်ကြည့်နေသည်။


ယဲ့ယွီရုန်မှာ အဆုံး၌ သည်းမခံနိုင်တော့သဖြင့် တောင်းတောင်းပန်ပန်နှင့် ဖျောင်းဖျရတော့သည်။


“ လဲ့လဲ့၊ ကိုယ်လုပ်ခဲ့တဲ့ အမှားအတွက် ဝန်ခံပြီးတောင်းပန်တတ်ရမယ်လေ။ သားက အမှားကြီးတစ်ခုလုပ်ထားတာ ထောင်ရှီးကို ကောင်းကောင်းမွန်မွန်‌ တောင်းပန်သင့်တယ်…”


ထောင်ရှီးက လူနာခန်းထဲတွင် ရပ်လျက် ဤဟာသပြဇာတ်ကို အေးစက်စက်ကြည့်နေသည်။ သူ့လက်တစ်ဖက်ကို အိတ်ထောင်ထဲ ထိုးထည့်ကာ ဖုန်းကိုကိုင်ထားပြီး စောစောမပြန်သွားမိသည်ကို နောင်တရမိသည်။


ယန်ကျန်းမင်က စိတ်လျှော့လိုက်ပြီး စကားထပ်မပြောလာတော့ချေ။ ယဲ့ယွီရုန်က ဆက်လက်ဖျောင်းဖျနေဆဲပင်။ သုံးမိနစ်ခန့်ကြာသောအခါ ယန်သောလဲ့က အဆုံးတွင် ခေါင်းမော့လာပြီး ထောင်ရှီးကို ကြည့်လာ၏။ သူက ထောင်ရှီး၏ရှေ့သို့ ဖြည်းဖြည်းချင်း လျှောက်လာပြီး ခြေတစ်လှမ်းအကွာ၌ ရပ်တန့်လိုက်သည်။


ထောင်ရှီးက သူ့ရှေ့မှ သွေးဆုတ်ဖြူရော်နေသည့်လူကို တည်ငြိမ်စွာ စိုက်ကြည့်လိုက်သည်။ တစ်ချိန်က ဤလူကို သူ တည့်တည့်မကြည့်ရဲခဲ့ချေ။ တစ်စက္ကန့်ထက် ပိုစိုက်ကြည့်မိလျှင် သူ့မျက်လုံးထဲမှ နာကြည်းမုန်းတီးမှုများနှင့် ရန်လိုစိတ်များကို ဖုံးကွယ်ထား၍မရနိုင်မှာ စိုးရိမ်ခဲ့သည်။ ယခုတွင်မူ ထိုမျက်လုံးတစ်စုံက ကောဖျင်နှင့်အလွန်အမင်း ဆင်တူနေကြောင်း သိလိုက်ရပြီး အတိတ်တစ်ချိန်က သူကဲ့သို့ပင် ပြင်းထန်သော နာကြည်းမုန်းတီးမှုများ ပြည့်လျှမ်းနေလေသည်။


“ မင်း ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာမဟုတ်လား…”


ယန်သောလဲ့၏ သွေးဆုတ်ဖြူရော်နေသော နှုတ်ခမ်းများက လှုပ်ရှားလာသည်။ သူ့အသံက မကျယ်သော်လည်း အားလုံးကြားနိုင်ရန် လုံလောက်လေသည်။


ထောင်ရှီးက မျက်မှောင်ကြုတ်သွားပြီး ယန်သောလဲ့ကို အေးစက်စက်မျက်လုံးများဖြင့် ကြည့်ကာ ဘာမှပြန်မပြောပေ။


“ ယန်သောလဲ့…”


ဖန်းကျူချင်းမှာ နှလုံးခုန်ရပ်လုနီးပါးပင်။ ယန်သောလဲ့က ရူးမိုက်နေဆဲဖြစ်လိမ့်မည်ဟု သူမထင်ထားခဲ့ပါချေ။ ယဲ့ယွီရုန်မှာလည်း စိတ်ပင်ပန်းစွာ သက်မောသာချမိသည်။


မည်သို့ဆိုစေ ဤကလေးက ငယ်စဉ်တောင်ကျေးဘဝကတည်းက သူတို့ပြုစုပျိုးထောင်ခဲ့ရသည့် ကလေးဖြစ်သည်။ သူတို့အနေနှင့် မည်မျှပင်စိတ်ဆိုးစိတ်ပျက်ပါစေ ဆယ်ခုနစ်နှစ်ကြာ သံယောဇဉ်က တစ်ညတည်းနှင့် ပျက်သုဉ်းမသွားနိုင်ပါချေ။ သူတို့ ထောင်ရှီးကို ထပ်မံမထိခိုက်စေချင်တော့။ ထို့အတူ ယန်သောလဲ့ကိုလည်း ထောင်ရှီးနှင့် ဆက်တိုက်ညှိနှိုင်းမရဖြစ်ပြီး လမ်းမှားကို ဆက်မသွားစေလိုတော့ပေ။


နောက်ဆိုလျှင် သူတို့ ယန်သောလဲ့ကို ကာကွယ်ပေးနိုင်စွမ်း ရှိတော့မည်မဟုတ်ပါချေ။


ယန်သောလဲ့က လူကြီးနှစ်ယောက်၏ စိုးရိမ်တကြီးသတိပေးမှုကို မကြားချင်ယောင်ဆောင်လိုက်သည်။ သူက ထောင်ရှီးကို စိုက်ကြည့်ရင်း တစ်ခုခုကိုသတိရသွားဟန်ဖြင့် ပိုင်နိုင်စွာ ဆိုလာသည်။


“ ဟိုးအရင်ကတည်းက မင်းသိနေခဲ့ပြီးသားပဲ။ ဝမ်းဟွာ အ.ထ.က(၁)ကျောင်းကို မင်းရောက်လာပြီး ငါ့ကို ပထမဆုံးတွေ့တဲ့နေ့တည်းက မင်း သိနေခဲ့ပြီးသား…”


သူက စကားခဏရပ်လိုက်ပြီး နှုတ်ခမ်းတွင် အပြုံးတစ်ခုကိုချိတ်ဆွဲလျက် ဆက်ပြောလေသည်။


“ မင်းက ရည်ရွယ်ချက်ရှိရှိနဲ့ လင်ချင်းဟယ်ကို လိုက်ကပ်တယ်။ ရည်ရွယ်ချက်ရှိရှိနဲ့ ယန်ကျန်းမင်ကို ချဉ်းကပ်တယ်။ ပြီးတော့ ရည်ရွယ်ချက်ရှိရှိနဲ့ ငါ့ရှေ့တည့်တည့်မှာ ပန်းချီပြိုင်ပွဲဝင်ချင်တဲ့အကြောင်း၊ ချောင်ဟယ့်နျန်ရဲ့ တပည့်ဖြစ်တဲ့အကြောင်း လော်မားမားကို ပြောပြတယ်။ ဘာလို့လဲဆိုတော့ အဲ့ဒါက ငါ့အတွက် ခံပြင်းရအခက်ဆုံးကိစ္စတွေဆိုတာ မင်းသိနေလို့ပဲ။ မင်းက ရည်ရွယ်ချက်ရှိရှိနဲ့ ပြိုင်ပွဲဝင်ပန်းချီကို အဆောင်က ရွှီကျီးချီရဲ့ရှေ့မှာ ဆွဲပြတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီညက ငါ ကွမ်းဖန်ယွင့်နဲ့ ပြောနေခဲ့တဲ့စကားတွေ မင်းကြားခဲ့လို့ပဲ။ ဟုတ်တယ်မလား…”


ယန်သောလဲ့က စကားပြောနှုန်းက တဖြည်းဖြည်းမြန်ဆန်လာသည်။ စကားအဆုံးတွင် သူ့ရင်ဘတ်က နိမ့်ချည်မြင့်ချည်နှင့် လှိုက်ဖိုနေပြီး ထောင်ရှီး၏ခန္ဓာကိုယ်ကို ထိုးဖောက်ပစ်ချင်သကဲ့သို့ မျက်လုံးများက ထောင်ရှီးအား စူးရဲစွာကြည့်နေသည်။


“ မင်း ဘာအရူးစကားတွေပြောနေတာလဲ…”


ယန်ကျန်းမင်မှာ နဖူးမှသွေးကြောများပင် ထောင်ထလာသည်။ သူ သည်းမခံနိုင်စွာ ရှေ့ထွက်လာပြီး ယန်သောလဲ့၏လက်ကို လှမ်းဆွဲလိုက်သည်။ သို့သော် ယန်သောလဲ့က ဆောင့်ရုန်းလိုက်ပြန်သည်။


ယန်သောလဲ့က မျက်လုံးတွင် သွေးကြောမျှင်များထင်းလျက် ထောင်ရှီးကို ကြည့်ရင်း ကယောင်ချောက်ချားနှင့် ဆက်ပြောသည်။


“ ဟိုးအရင်ကတည်းက မင်းမှာ အခွင့်အရေးတွေ အများကြီးရှိပါလျက် လုံးဝထုတ်မပြောခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ မင်း မနာလိုနေခဲ့လို့ပဲ။ မင်းကို အားလုံးက အသိအမှတ်ပြုလိုက်ကြရင်တောင်မှ သူတို့ငါ့ကိုမောင်းမထုတ်ပစ်နိုင်ကြမှာ မင်းစိုးရိမ်တယ်။ အဲ့ဒါကြောင့် ငါ့ကို လက်တုံ့ပြန်ဖို့ အကွက်ကျကျစီစဉ်ခဲ့တာ…ဟုတ်တယ်မလား…”


ဖန်းကျူချင်းမှာ ထိုအဓိပ္ပာယ်မဲ့သည့် စကားများကို ကြားလိုက်ရသည့်အခါ အပြင်းအထန်ချောင်းဆိုးလာပြန်သည်။ ယဲ့ယွီရုန်မှာလည်း စိုးရိမ်ဒေါသများ ထွက်လာခဲ့၏။ သူမဘဝတွင် ယန်သောလဲ့ကို တစ်ခါမှ မဆူမငေါက်ဖူးပါချေ။ ယခုမူ သူမ အလွန်စိတ်ပျက်စွာဖြင့် ဆူငေါက်လိုက်သည်။


“ လဲ့လဲ့၊ မင်းငယ်ငယ်လေးကတည်းက အဖွားတို့မင်းကို ဒီလိုမသင်ခဲ့ဖူးပါဘူး။ ကိုယ့်အမှားကို ဘာဖြစ်လို့ သူများကို လိုက်အပြစ်တင်နေရတာလဲ…။ ဘယ်သူ့မှလည်း မင်းကို အမှားလုပ်ဖို့ အတင်းအကြပ်တိုက်တွန်းခဲ့တာမဟုတ်ဘူး…”


သို့သော် ယန်သောလဲ့က မကြားနိုင်တော့ချေ။ ထောင်ရှီးက သူ့ကိုတမင်သက်သက် လက်တုံ့ပြန်စီစဉ်သည်ဟုသာ ဇွတ်မှိတ်ယုံကြည်နေပြီး ထောင်ရှီးကို ဝန်ခံခိုင်းနေသည့်အလား ရှုတည်တည်နှင့် စိုက်ကြည့်နေပြန်သည်။


သို့သော် ထောင်ရှီးက တစ်လျှောက်လုံးတည်ငြိမ်နေ၏။ ယန်သောလဲ့၏အဖန်တလဲလဲ ထပ်နေသည့် မေးခွန်းများကို သူ လျစ်လျူရှုလိုက်ပြီး စကားတစ်ခွန်းသာ ပြောလိုက်သည်။


“ ယန်သောလဲ့၊ မင်းရဲ့အမေအရင်းကို မင်းသွားတွေ့သင့်တယ်…”


ယန်သောလဲ့၏သူငယ်အိမ်များ ရုတ်ခြည်းကျုံ့ဝင်သွားသည်။ အလွန်အမင်း စက်ဆုပ်ရွံ့ရှာဖွယ် အရာတစ်ခုကို ကြားလိုက်ရသည့်အလားပင်။ သူက အံ့ကြိတ်လျက် ပြောလာသည်။


“ ထောင်ကျန်းက ငါ့ကိုပြောခိုင်းလိုက်တာလား။ သူ(မ)ကို ပြန်ပြောလိုက်စမ်းပါ…သူ(မ)သေရင်တောင်မှ ငါလာမတွေ့ဘူးလို့…”


ထောင်ရှီးက မြွေများ၊ ကင်းများတွေ့သလို ခါးခါးသီးသီးဖြစ်နေသည့် ယန်သောလဲ့၏ပုံစံကိုကြည့်ရင်း ဆေးရုံကုတင်ထက်တွင် သူမသား၏အလာကို စောင့်ဆိုင်းနေမည့် အမျိုးသမီးကို မြင်ယောင်မိသောအခါ နှလုံးသားထဲတွင် ဝမ်းနည်းမှုတစ်ချို့က ချဉ်းနင်းဝင်ရောက်လာသည်။


“ မင်းအတွက် ငါ့နာမည်ကိုခိုးယူပြီး ငါ့ဘဝရဲ့ဆယ့်ခုနစ်နှစ်တာအချိန်ကို မင်းကို ပေးခဲ့တဲ့ မင်းအမေအတွက် ငါ နည်းနည်းတော့ စိတ်မကောင်းဖြစ်မိတယ်။ ဒါပေမဲ့ မင်းက ဘဝကို ဒီလိုရယ်စရာကောင်းအောင် ရှင်သန်နေတာပဲ…”


“ ငါက ရယ်စရာကောင်းတယ်တဲ့လား…”


ယန်သောလဲ့က ထိုစကားကြောင့် ဆတ်ဆတ်ထိမခံ ဒေါသထွက်သွားပုံရပြီး ဒေါသူပုန်ထစွာ အော်ပြောလာသည်။


“ ငါကရော ဒီနာမည်နဲ့ ဒီလိုဘဝကို သိပ်လိုချင်တယ်များ ထင်နေတာလား…”


သူက လူကြီးသုံးယောက်၏မျက်နှာများကို ဝေ့ကြည့်လိုက်ရင်း ပြုံးထေ့ထေ့နှင့်ပြောသည်။


“ သေပြီးသားလူတစ်ယောက်ရဲ့အရိပ်ကို ငါ့ဆီမှာ အမြဲတမ်းလာရှာနေကြတယ်။ ဒီလိုဘဝမှာနေရတာ ငါ့အတွက် လုံလောက်တာထက် ပိုနေပြီ…”


ထိုစကားကိုကြားသောအခါ လူကြီးသုံးယောက်လုံး မျက်နှာများပျက်ယွင်းသွားကြသည်။


“ ယန်သောလဲ့၊ မင်းဘာတွေပြောနေလဲရောသိရဲ့လား…” ယန်ကျန်းမင်က မျက်မှောင်ကြုတ်ကာ အေးစက်စွာ စကားဖြတ်ပြောလိုက်သည်။


“ မဟုတ်လို့လား…”


ယန်သောလဲ့က ယန်ကျန်းမင်ကို စူးရဲစွာ ကြည့်လိုက်သည်။


“ သူနဲ့မတူလို့ ခင်ဗျား ကျွန်တော့်ကို အမြဲတမ်း စိတ်ပျက်နေတာမလား…”


သူက အချိန်ကြာမြင့်စွာ မြိုသိပ်ထားရသည့်အရာများကို အခွင့်ရချိန်၌ အကုန်ဖွင့်ထုတ်ရန်ပြင်နေသည်။ ထို့နောက် ဖျော့တော့စွာပြုံးလျက် တစ်ကိုယ်တည်းပြောသည်။


“ ဟုတ်တယ်။ ကျွန်တော်က သူနဲ့မတူဘူး။ ကျွန်တော်က ပန်းချီမဆွဲနိုင်ဘူး။ ချောင်ဟယ့်နျန်ကလည်း တပည့်အဖြစ်လက်ခံဖို့ ငြင်းခဲ့တယ်။ ဒါပေမဲ့ ကျွန်တော် ဘာတတ်နိုင်မှာလဲ…ကျွန်တော် ဘာတတ်နိုင်ဦးမှာလဲ…ကျွန်တော် အချိန်အကြာကြီး ကြိုးစားပြီးသင်ယူခဲ့တယ်။ ဒါပေမဲ့ မလုပ်နိုင်ခဲ့ဘူး။ ခင်ဗျားတို့အားလုံးက ဘာမှမဖြစ်ပါဘူးလို့ ပြောနေကြပေမယ့် ခင်ဗျားတို့ မျက်နှာပေါ်က စိတ်ပျက်နေတဲ့အမူအရာတွေကို ဖုံးကွယ်ထားလို့မရဘူး…”


ယန်သောလဲ့၏ရင်ဘတ်က အပြင်းအထန် လှိုက်ဖိုနေသည်။ သူ့မျက်လုံးများက နီရဲနေကာ ဖြူဖျော့နေသည့်မျက်နှာကလည်း မျက်ရည်များ တရစပ်စီးကျနေသည်။


“ လဲ့လဲ့၊ ငါတို့မဟုတ်….” ယဲ့ယွီရုန်မှာ သူမဆယ့်ခုနစ်နှစ်လုံး အလိုလိုက်အကြိုက်ဆောင်ပြီး ဂရုတစိုက်ပျိုးထောင်ခဲ့ရသည့် ကလေးကို မယုံနိုင်သောအကြည့်ဖြင့် ကြည့်လိုက်သည်။ ဤကလေးက သူမတို့အပေါ် ဤမျှမကျေမနပ်ချက်များ ကြီးမားနေလိမ့်မည်ဟု မထင်ထားခဲ့မိပါချေ။


သို့သော် ယန်သောလဲ့က မကျေနပ်ချက်များကို ဆက်လက်ဖွင့်ထုတ်နေသည်။ ငိုရလွန်း၍ သူ့မျက်နှာမှာလည်း ပုံပျက်ပန်းပျက်ဖြစ်နေလေပြီ။


“ အဲ့ဒီဆွေမျိုးတွေက နောက်ကွယ်မှာ ကျွန်တော့်ကို သားအရင်းမဟုတ်ဘူး…ကလေးချင်းမှားလာတာလို့ ဟာသလုပ်ကြတယ်။ ခင်ဗျားတို့အားလုံးက အဲ့ဒါမဟုတ်တမ်းတရားတွေ၊ စိတ်ထဲမထားနဲ့လို့ ပြောကြတယ်။ ဒါပေမဲ့ ကျွန်တော်ကြောက်နေတယ်ဆိုတာ ဘယ်သူသိခဲ့လို့လဲ…”


“ ဆေးရုံမှာ သွေးစစ်ရတိုင်း ခင်ဗျားတို့တွေ တိတ်တိတ်ကလေး မျိုးရိုးဗီဇစစ်ဆေးမှုသွားလုပ်ကြမှာကို ကြောက်ခဲ့ရတယ်။ ကျွန်တော်က သားအရင်းမဟုတ်ဘူးဆိုတဲ့ အိပ်မက်ဆိုးတွေ အချိန်တိုင်း အချိန်တိုင်းမက်ခဲ့တယ်။ တကယ်လို့ အဖြစ်မှန်ကိုသိသွားကြရင် အားလုံးက ကျွန်တော့်ကို စွန့်ပစ်သွားကြမှာ…”


ယန်သောလဲ့က သူ့လက်ကိုမြှောက်ကာ ထောင်ရှီးကို လက်ညှိုးထိုးပြလိုက်ပြီး အကျည်းတန်စွာပြုံးလျက် ပြောလိုက်သည်။


“ အခု ခင်ဗျားတို့လိုချင်နေတဲ့ ယန်သောလဲ့အစစ်က ပြန်ရောက်လာပြီ။ ကျွန်တော့်ကို ဆက်ပြီးစိတ်ပျက်နေစရာမလိုတော့ဘူး။ ကောင်းတယ်မလား…”


လူအိုနှစ်ယောက်မှာ ယန်သောလဲ့ကို မျက်လုံးနီနီများဖြင့် ကြည့်ရင်း မျက်ရည်များကျနေတော့သည်။ သူတို့မှာ အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေကြပြီး ပါးစပ်ဖွင့်လိုက်သော်လည်း ဘာစကားမှမပြောနိုင်ကြချေ။ ယန်ကျန်းမင်ကလည်း မျက်မှောင်ကြုတ်သွားပြီး ဘာစကားမှမဆိုနိုင်တော့ပေ။


ယဲ့ယွီရုန်မှာ စိတ်ထိခိုက်စွာဖြင့် ယန်သောလဲ့၏မျက်နှာကို တစ်ရှူးနှင့် သုတ်ပေးရန် ထရပ်လာသည်။ သို့သော် အသံတိတ်နေသည့် ထောင်ရှီးထံမှ စကားသံထွက်လာခဲ့လေ၏။


“ မင်းက ကိုယ့်အမှားကို သူများအပေါ်အပြစ်ပုံချပြီး မင်းရဲ့အဖွားအဖိုးတွေကို အပြစ်ရှိစိတ်တွေ ဝင်လာအောင်လုပ်နေတာမလား။ တစ်ကမ္ဘာလုံးက မင်းအပေါ် အမှားကျူးလွန်ထားသလိုမျိုးလေ…”


ယန်သောလဲ့၏ငိုရှိုက်သံများက ရပ်တန့်သွားသည်။


ထောင်ရှီးက ငိုကြွေးခြင်းနှင့် အရွဲ့တိုက်ခြင်းသာ လုပ်တတ်သည့် ကလေးသူငယ်တစ်ယောက်ကို ကြည့်သည့်အလား ယန်သောလဲ့ကို ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။


“ လွန်ခဲ့တဲ့ဆယ်နှစ်ကျော်မှာ သူတို့မင်းကို ဘယ်လိုဆက်ဆံခဲ့လဲဆိုတာ မင်းစိတ်ထဲမှာ သေသေချာချာသိပြီးသား။ မင်း နှစ်ပေါင်းများစွာ အဖိုးအဖွားလို့ခေါ်ခဲ့တဲ့လူတွေကို မင်းအပေါ် အမှားကျူးလွန်ဖူးတယ်လို့ မင်းပြောရဲလား…”


ယန်သောလဲ့က နှုတ်ခမ်းကိုကိုက်ထားပြီး ဘာမှမပြောနိုင်တော့ပေ။


ဖန်းကျူချင်းက သက်ပြင်းချသည်။ ယဲ့ယွီရုန်ကလည်း တစ်ဖက်လှည့်ကာ မျက်ရည်များသုတ်နေသည်။ ယန်သောလဲ့၏စကားများက သူတို့ကို အမှန်တကယ် နာကျင်စေသည်။


“ မင်း သူတို့နဲ့နှစ်တွေအကြာကြီး နေခဲ့ဖူးတယ်။ မင်းကိုမြေးအရင်းမဟုတ်မှန်း သိတာတောင်မှ သူတို့မင်းကို မစွန့်ပစ်ရက်ကြဘူး။ ဒါတွေကို မင်းမသိတာမဟုတ်ဘူး။ မင်းက ငါ့ကို နည်းနည်းလေးတောင်မှ ဝေမျှပေးရမှာ မကျေနပ်တာ၊ မလိုလားတာလေ… ဟုတ်တယ်မလား…”


ထောင်ရှီးက ယန်သောလဲ့ကို တည့်တည့်စိုက်ကြည့်လိုက်သည်။ သို့သော် ယန်သောလဲ့က တိတ်ဆိတ်နေပြီး ဘာစကားမှမဆိုသေးချေ။


ထောင်ရှီး ယန်သောလဲ့ထံသို့ ခြေတစ်လှမ်းရှေ့တိုးလိုက်သည်။ ထိုမျက်နှာပေါ်က မုန်းတီးနာကြည်းမှုများကို ကြည့်ရင်း သူ အေးစက်စွာပြောလိုက်သည်။


“ ယန်သောလဲ့၊ သူတို့မင်းကို စိတ်ပျက်တာက ငါ့အမေနဲ့မတူလို့မဟုတ်ဘူး။ သူတို့ ဂရုတစိုက်ပြုစုပျိုးထောင်ပြီး ချစ်ခြင်းမေတ္တာတွေအပြည့်ပေးခဲ့ရတဲ့မင်းက တစ်ကိုယ်ကောင်းဆန်ဖို့နဲ့ နာကြည်းမုန်းတီးဖို့အတွက်ပဲ သင်ယူနိုင်ခဲ့လို့ပဲ။ မင်းက ငါ့ကို မနာလိုတဲ့လူလို့ ပြောတယ်။ ဒါဆို မင်းကရော ဘယ်နေရာမှာ မနာလိုတာများလဲ…”


ယန်သောလဲ့က ထောင်ရှီးကို မျက်လွှာပင့်ကြည့်လိုက်သည်။


ထောင်ရှီးက ယန်သောလဲ့၏မျက်လုံးထဲမှ အမုန်းတရားများကို မမြင်ချင်ယောင်ဆောင်လိုက်၏။ သူ ဤပြဇာတ်တွင် ဝင်ဖျော်ဖြေနေရသည်ကို အလွန်အမင်း ငြီးငွေ့လာလေပြီ။ ထို့ကြောင့် လူအိုနှစ်ယောက်ကို နှုတ်ဆက်စကားပြောကာ လူနာခန်း၏အပြင်သို့ ထွက်လာခဲ့သည်။


လူနာခန်းထဲမှ ထွက်လာပြီးမကြာခင် ယန်ကျန်းမင်က အနောက်မှလိုက်လာပြီး သူ့လက်မောင်းကို လှမ်းဆွဲလာသည်။ သို့သော် ချက်ချင်းပြန်လွှတ်ပေးလိုက်၏။


ထောင်ရှီးက ရပ်လိုက်ပြီး ယန်ကျန်းမင်ကို လှည့်ကြည့်ကာ ယဉ်ကျေးစွာမေးလိုက်သည်။


“ ပြောစရာရှိလို့လား…”


ယန်ကျန်းမင်က ထိုအေးစက်နေသည့် မျက်လုံးများကိုကြည့်ရင်း ခံစားချက်များ ရှုပ်ထွေးသွားရသည်။ သူ ထောင်ရှီးကို မျှော်လင့်တကြီးလေသံဖြင့် ပြောလိုက်သည်။


“ အိမ်ကိုပြောင်းလာခဲ့ပါ။ ငါရော၊ အဖိုးနဲ့အဖွားရော မင်းပြန်လာဖို့ မျှော်လင့်နေကြတယ်။ ပြီးတော့ အိမ်မှာလည်း မင်းအတွက် အခန်းစီစဉ်ထားပြီးပြီ…”


လူနာခန်းထဲမှ ငိုရှိုက်သံသဲ့သဲ့ ထွက်လာသည်။ ထောင်ရှီးက မတုန်မလှုပ်ရပ်နေကာ ဘာစကားမှ ပြန်မဖြေဖြစ်ပေ။


ထောင်ရှီး တိတ်ဆိတ်နေသည်ကို မြင်လျှင် ယန်ကျန်းမင်ကို ထပ်ပေါင်းကာ ပြောလာသည်။


“ မင်း အိမ်မှာမနေချင်ဘူးဆိုရင်လည်း ငါ့မှာ အိမ်တစ်အိမ်ဝယ်ထားတာရှိတယ်။ ဒီတော့ မင်းရဲ့စိတ်ကူးကိုပြောကြည့်ပါ။ မင်းနဲ့အဆင်ပြေမယ်ဆိုရင် ငါစီစဉ်ပေးပါ့မယ်။ မင်းမှာ အိမ်ပြန်လာဖို့ ဆန္ဒရှိတယ်ဆိုရင်ပေါ့…”


ယင်းက သူတို့၏မူလအကြံအစည်ဖြစ်၏။ သူတို့၏ကလေးကို အဘယ်နည်းနှင့်မှ အပြင်တွင်နေခွင့်မပြုနိုင်ပါချေ။ ပထမအနေနှင့် ထောင်ရှီးကို ဖန်းမိသားစုအိမ်တွင် နေခိုင်းမည်။ အကယ်၍ ထောင်ရှီးက နေသားမကျပါက ယန်ကျန်းမင်ဝယ်ထားသည့် အိမ်တစ်လုံးတွင် ထောင်ရှီးကို နေခွင့်ပြုရန် အဆင်သင့်ပြင်ဆင်ထားသည်။ ထို့အပြင် အနာဂတ်တွင်လည်း ထိုပိုင်ဆိုင်မှုများက ထောင်ရှီး၏အပိုင်သာ ဖြစ်လေမည်။


ထောင်ရှီး လက်ခံလိမ့်မည်ဟုသာ ယန်ကျန်းမင်က မျှော်လင့်ထားခဲ့သည်။ သို့သော် ထောင်ရှီး၏မျက်လုံးများက ကော်ရစ်တာအစွန်သို့ အကြည့်ရောက်သွားလေ၏။ ထိုတစ်ဒင်္ဂတွင် သူ့မျက်ဝန်းများက ညခင်းကြယ်များကဲ့သို့ ရုတ်ခြည်း လင်းလက်တောက်ပသွားလေသည်။ ယန်ကျန်းမင်မှာ ခဏကြာ မိန်းမောတွေဝေမိသွားသည်။ တစ်ချိန်က ဖန်းဆွေ့သည်လည်း ဤကဲ့သို့မျက်ဝန်းတောက်တောက်များဖြင့် သူ့အား ကြည့်ခဲ့ဖူးသည်။


“ ကျေးဇူးပါ။ ဒါပေမဲ့ ဒုက္ခမခံပါနဲ့…”


ထောင်ရှီး၏စကားဆိုလာသံကို ယန်ကျန်းမင်ကြားလိုက်ရသည်။ ထို့နောက် သူ့အား နှုတ်ဆက်ကာ ကော်ရစ်တာအစွန်ဘက်သို့ ခပ်သွက်သွက် ထွက်ခွာသွားလေသည်။


_______________________