၆၀ ခုနှစ်က မုဆိုးမလေး
အပိုင်း ၉
ထိုယောက်ျား၏ သဘောထားကိုကြည့်ပြီး အောင်သွယ်ရော လော့လန်အစ်မပါ ကျေနပ်သွားကြသည်။ သူက သင့်တော်ပုံရပြီး လော့လန်သာပျော်ရင် ဆောင်းတွင်းအတွက် စိတ်ပူစရာမလိုတော့ပေ။
လော့လန်၏ ဆောင်းတွင်းလိုအပ်ချက်များအတွက် စိုးရိမ်ပူပန်နေခဲ့သော လော့လန်၏အစ်မမှာ ယခုအခါ ပျော်ရွှင်စွာဖြင့် ညီမဖြစ်သူကို နေရာချပေးပြီး နှစ်ဦးကြား ကြားခံဆက်သွယ်ပေးသူအဖြစ် စတင်ဆောင်ရွက်လေတော့သည်။
"ရှင်တို့ရဲ့ ကုန်ထုတ်လုပ်ရေးတပ်ဖွဲ့ဆီ ကျွန်မ တစ်ခါမှ မရောက်ဖူးဘူး၊ လူဦးရေက ကျွန်မတို့ဆီကထက် ပိုများလား"
ထိုအမျိုးသားက ခေါင်းညိတ်ပြလိုက်သည်။ "ဟုတ်ကဲ့... ကျွန်တော်တို့ တပ်ဖွဲ့မှာ အဖွဲ့ခွဲ ၁၈ ခုရှိတယ်၊ အလယ်တန်းကျောင်း ရှိတဲ့နေရာပါ"
"ကျွန်မတို့နဲ့ တူတူပဲပေါ့၊ ကျွန်မတို့ တပ်ဖွဲ့မှာလည်း အလယ်တန်းကျောင်း ရှိတယ်"
"မကြာသေးခင်နှစ်တွေက ကျွန်တော်တို့ဆီမှာ စိုက်ပျိုးရေးအထွက်နှုန်း ကောင်းခဲ့တယ်၊ မနှစ်က နှစ်ကုန်တုန်းကလည်း အမြတ်အစွန်းတော်တော်များများ ပေါ်အောင်လုပ်နိုင်ခဲ့တယ်။ ငွေစာရင်းရှင်းတမ်းတွေကိုလည်း သေသေချာချာ ရှင်းပြီးပါပြီ"
"တကယ်လား... ရှင်တို့မှာ မောင်နှမ ဘယ်နှစ်ယောက်ရှိလဲ၊ အတူတူနေတုန်းလား ခွဲနေကြပြီလား"
"ကျွန်တော်တို့ အိမ်ခွဲလိုက်ကြပြီ၊ အခု မိဘတွေက ကျွန်တော်နဲ့ အတူနေကြတယ်၊ အဖေက ကျန်းမာရေးကောင်းတုန်းဆိုတော့ အလုပ်လုပ်နိုင်သေးတယ်၊ အမေကတော့ အိမ်မှုကိစ္စတွေ ကူလုပ်ပေးပြီး ကလေးထိန်းပေးတယ်၊ ကျွန်တော်က အခန်းနှစ်ခန်းနဲ့ သီးသန့်ခွဲနေပြီး ကလေးတွေကတော့ အမေနဲ့ အတူနေကြတယ်"
ကုန်ထုတ်လုပ်ရေးတပ်ဖွဲ့နှင့် မိသားစုအကြောင်း အသေးစိတ် အချက်အလက်များကို ရှင်းလင်းစွာ ပြောပြထားသည်။ ကျေးလက်ဒေသများတွင် ကုန်ထုတ်လုပ်ရေးအဖွဲ့တစ်ခုစီသည် ယူနစ်တစ်ခုအနေဖြင့် လည်ပတ်ကြသည်။ အချို့အဖွဲ့များမှာ မြေဆီလွှာညံ့ဖျင်းပြီး အထွက်နှုန်းနည်းပါးသဖြင့် ဝင်ငွေအပေါ် သက်ရောက်မှုရှိသည်။ သို့သော် သူတို့အဖွဲ့၏ မြေမှာမူ ညီညာပြန့်ပြူးပြီး မြေဆီသြဇာကောင်းမွန်သဖြင့် ကွန်မြူနတီတစ်ခုလုံးတွင် အကောင်းဆုံးနေရာများထဲမှ တစ်ခုဖြစ်သည်။
လော့လန်၏အစ်မမှာ အတော်လေး ကျေနပ်သွားခဲ့သည်။ သူမက အတွေးလွန်နေသယောင်ရှိပြီး တကယ်တမ်းတွင် စနစ်နှင့် ဆက်သွယ်နေသော လော့လန်ကို လှမ်းကြည့်လိုက်သည်။ စနစ်သည် ထိုအမျိုးသားကို အကဲခတ်စစ်ဆေးမှုအဆင့်မြင့်မြင့်ဖြင့် ဝေဖန်သုံးသပ်ချက် ပေးနေသည်။
"ရုပ်ရည် အသင့်အတင့်လောက်ပဲရှိပြီး အသက် ၄၀ နီးပါး ပေါက်နေတဲ့ အသက် ၃၀ ကျော်အမျိုးသားပဲ၊ သူ့မှာ သားတစ်ယောက် သမီးတစ်ယောက် ရှိတာဆိုတော့ နင်က မိထွေးနေရာကနေ နေရမှာ၊ ပြီးတော့ သူ့အဝတ်အစားတွေကို ကြည့်ဦး အဆင်မပြေလိုက်တာ သူများဆီက ငှားဝတ်လာတာ သေချာတယ်၊ ကောင်းကွက်တွေပဲ ပြောနေပြီး မကောင်းတဲ့အချက်တွေကိုတော့ ရှောင်ကွင်းသွားတယ်"
ဤကြည့်ရှုတွေ့ဆုံပွဲအတွက် မျှော်လင့်ချက် သိပ်မထားသော်လည်း စနစ်၏ မှတ်ချက်စကားများကို သူမ သဘောကျနေမိသည်။ ဒီကောင်က စံချိန်စံညွှန်း တော်တော်မြင့်တာပဲ။
'သူက တကယ်ပဲ အဲ့လောက်တောင် ဆိုးလို့လား'
'နင်နဲ့ မလိုက်ဖက်ဘူး'
သူမ၏အစ်မက လှမ်းခေါ်လိုက်ရာ လော့လန်လည်း အလိုအလျောက် အပြုံးဖြင့် လှည့်ကြည့်လိုက်သည်။
"လန်အာ"
"ဟမ်... ဘာပြောမလို့လဲ အစ်မ"
"အစ်မကတော့ အဆင်ပြေမယ်ထင်တာပဲ၊ နင်တို့နှစ်ယောက် အချိန်နည်းနည်းလောက် အတူကုန်ဆုံးကြည့်ပါလား"
အောင်သွယ်လုပ်သူကလည်း ကြားမှ ဝင်ပြောလေသည်။"ဟုတ်တယ်... မနက်ဖြန်ကျရင် သူ့အိမ်ဘက်ကို အလည်သွားကြည့်လိုက်ပါလား၊ သူ့အိမ်က ကျယ်ဝန်းသလို သူ့အမေကလည်း သပ်ရပ်တဲ့သူဆိုတော့ အိမ်က သန့်ရှင်းနေတာပဲ"
"မေ့လိုက်ပါ" သူမတွင် စိတ်ဝင်စားမှုမရှိသဖြင့် တိုက်ရိုက်သာ ငြင်းပယ်ရန် ဆုံးဖြတ်လိုက်သည်။
"ကျွန်မ ပြန်တော့မယ်၊ အလုပ်က ပြန်လာတုန်းက လဲထားတဲ့အဝတ်အစားတွေကို မလျှော်ရသေးဘူး၊ ရှင်တို့ကို ဒီအထိ ရောက်လာအောင် ဒုက္ခပေးမိတဲ့အတွက် တောင်းပန်ပါတယ်"
သူမသည် စကားပြောရင်း မတ်တပ်ရပ်ကာ တံခါးဆီသို့ ဦးတည်သွားခဲ့သည်။ ထိုအမျိုးသားမှာ အံ့သြသွားပုံရပြီး ဤမျှ တဲ့တိုးဆန်သော ငြင်းပယ်မှုကို မျှော်လင့်မထားခဲ့ချေ။ မြန်ဆန်လွန်းလှသည်။ သူကတော့ သူ့ကိုယ်သူ သိပ်မဆိုးလှဘူးဟု ထင်မှတ်ထားခဲ့သည်။
"ဟဲ့... လော့လန်" အောင်သွယ်လုပ်သူက သူမကို တားရန် လက်လှမ်းလိုက်သည်။ "ဘာလို့ ငြင်းရတာလဲ"
"ကျွန်မ... ကျွန်မ မိထွေးလုပ်ဖို့ ယုံကြည်မှုမရှိဘူး"
"..."
ထိုအမျိုးသားက အချိန်မီ ဝင်ပြောလိုက်သည်။ "ကျွန်တော့်မိဘတွေက ကလေးတွေကို ဂရုစိုက်ပေးမှာပါ၊ ခင်ဗျား သဘောမကျဘူးဆိုရင် သူတို့ မရှိဘူးလို့သာ သဘောထားလိုက်ပါ"
"ဟင့်အင်း... ကျွန်မတို့က မလိုက်ဖက်ပါဘူး၊ ရှင့်အချိန်တွေကို မဖြုန်းချင်တော့ဘူး၊ ကျွန်မ သွားတော့မယ်"
လော့လန်က ထိုသို့ပြောပြီး ထွက်ခွာရန် လှည့်ထွက်သွားသည်။ အောင်သွယ်က တားရန်ကြိုးစားသော်လည်း မရချေ။ ကာယကံရှင်ကိုယ်တိုင်က စိတ်မဝင်စားသဖြင့် ဤမင်္ဂလာကိစ္စကို ဖျက်သိမ်းလိုက်ရသည်။ မပြန်မီတွင် လော့လန်၏အစ်မက ကွတ်ကီးမုန့်ထုပ်ကို ပြန်ယူသွားရန် မမေ့မလျော့ ထည့်ပေး၏။
ထိုအမျိုးသားက ငြင်းဆန်ရန် ကြိုးစားသော်လည်း သူမက အတင်းအကျပ်ပင် သူ့လက်ထဲ ထိုးထည့်ပေးလိုက်သည်။ သူမက ညီမဖြစ်သူ၏ စိတ်သဘောထားကို ကောင်းစွာသိပြီး ဤကိစ္စ အဆင်ပြေတော့မည်မဟုတ်ကြောင်း နားလည်လိုက်သည်။ သူမအနေဖြင့် မကောင်းသတင်း ထွက်ပေါ်လာမည်ကို ရှောင်ရှားလိုခြင်းဖြစ်သည်။
ဧည့်သည်များကို ပြန်ပို့ပြီးနောက် လော့လန်၏အစ်မ လော့မေတစ်ယောက် တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ ညီမဖြစ်သူအတွက် စိတ်ပူနေဆဲဖြစ်သော်လည်း သူမ ဒေါသမထွက်ပေ။ မိထွေးဖြစ်ရခြင်းမှာ လွယ်ကူသော အလုပ်တစ်ခုမဟုတ်ချေ။ လော့လန် သဘောမတူပါက အခြားအိမ်ထောင်ဖက်ကို ရှာရုံသာရှိသည်။ လော့လန်က အသက် ၂၄ နှစ်သာ ရှိသေးသည်။ ဤမျှ လိမ္မာရေးခြားရှိသော မိန်းကလေးတစ်ယောက်အနေဖြင့် သင့်တော်သော လက်တွဲဖော် ရှာမတွေ့နိုင်စရာ အကြောင်းမရှိဟု သူမ ယုံကြည်သည်။
အစ်မဖြစ်သူက ဆက်ပြီး ဆူပူကြိမ်းမောင်းခြင်း မရှိသည့်အတွက် လော့လန် အံ့သြသွားသည်။ မြစ်ကမ်းဘေးတွင် အဝတ်လျှော်နေစဉ် လော့မေက လော့လန်၏ ကြောင်တောင်တောင်ဖြစ်နေသော မျက်နှာထားကိုကြည့်ကာ ရယ်မောလိုက်သည်။
"နင် ငါ့ကို ဘာလို့ လှမ်းကြည့်နေတာလဲ၊ ငါ ဆူမှာကြောက်လို့လား"
"ဟုတ်တယ်လေ အစ်မ၊ အစ်မက ကျွန်မကို တရားဟောဖို့ ကြံနေတာလားလို့"
"ငါက နင့်ကို ဘာကိစ္စ ဆူရမှာလဲ၊ တကယ်တော့ နင်လုပ်တာ အကုန်မှန်ပါတယ်၊ ယောက်ျားတစ်ယောက်က ဖောက်ပြန်တယ်ဆိုရင် မိန်းမလုပ်သူက ဘာကိစ္စ သည်းခံနေရမှာလဲ၊ နင် သဘောမကျတဲ့ ယောက်ျားဆိုရင်လည်း မယူနဲ့ပေါ့၊ အလွန်ဆုံးရှိလှ ဆောင်းတွင်းရောက်ရင် ငါတို့နဲ့ ကုတင်တစ်ခုတည်းမှာ အတူတူ လာအိပ်ပေါ့"
"စိတ်မပူပါနဲ့၊ ကျွန်မ တဲအိမ်လေးထဲမှာ ဆောင်းတွင်းကို ဖြတ်သန်းဖို့ နည်းလမ်းရှိပါတယ်"
"မရပါဘူး...” သူမသည် လော့လန်၏ စကားကို သဘောတူခဲ့သော်လည်း ယခုတစ်ကြိမ်တွင်မူ ချက်ချင်း ငြင်းဆန်လိုက်သည်။ “တဲအိမ်လေးက ဆောင်းတွင်းအတွက် ဘယ်လုံလောက်မှာလဲ၊ အကာအကွယ်ကောင်းကောင်း မရှိ၊ မီးဖိုမရှိဘဲနဲ့ နေရောင်လည်း မရနိုင်ဘူး၊ နင် ဆောင်းတွင်းကို ဘယ်လိုကျော်ဖြတ်မလဲ၊ ငယ်ငယ်က အရမ်းဆင်းရဲလို့ အခု အသက် ၂၀ ကျော်တဲ့အထိ အိပ်ရာထဲ ရှူးပေါက်နေတုန်း ကောင်လေးတစ်ယောက်တောင် ရှိသေးတာ"
"ကလေးငယ်တွေရှိရင်တော့ ပြဿနာရှိတာပေါ့၊ ကလေးတွေက ဒဏ်မခံနိုင်တော့ ဖျားနာကုန်မှာ၊ အဲ့ဒါကို ကျွန်မ နားလည်ပါတယ်၊ ဒါပေမဲ့ ကျွန်မက လူကြီးလေ... အိပ်ရာထဲမှာ ရေနွေးအိတ်ထည့်ထားပြီး စောင်တွေ ပိုခြုံထားလိုက်ရင် သေချာပေါက် အဆင်ပြေမှာပါ"
"ရေနွေးအိတ် ထည့်ထားရင်တောင် အခန်းက အရမ်းအေးနေဦးမှာ၊ နင်က ရေကို ခဏခဏ လဲနေမှာမို့လို့လား"
"ဓာတ်ဗူးနှစ်လုံး ဝယ်ထားပြီး ရေများများ ကျိုထားလိုက်မယ်လေ"
"ဓာတ်ဗူးဝယ်ဖို့က စက်မှုလက်မှတ်ကူပွန်တွေ လိုတယ်လေ၊ နင်က ဘယ်ကနေ ရမှာလဲ"
"ကျွန်မဆီမှာ တစ်ခုရှိပြီးသားပါ၊ နောက်ထပ်တစ်လုံးပဲ ဝယ်ဖို့လိုတာ၊ စိတ်မပူပါနဲ့၊ အဲ့ဒီကိစ္စတွေအတွက် ကျွန်မမှာ နည်းလမ်းရှိပါတယ်"
"ခေါင်းမာတဲ့ ကလေးမ... နင်သာ အိမ်ထောင်မပြုဘူးဆိုရင် ဆောင်းတွင်းရောက်ရင် ငါနဲ့ပဲ လာနေရမယ်၊ ဘာမှ ပြန်မပြောနဲ့တော့"
"အစ်မကလည်း" သူမ၏ မကျေနပ်မှုကို ပြသသည့်အနေဖြင့် အသံဆွဲကာ ခေါ်လိုက်သည်။
"ငြင်းနေလည်း အလကားပဲ၊ အအေးမိပြီး ဖျားတာထက်စာရင်တော့ အရှက်ရတာက ပိုကောင်းပါတယ်၊ ဒါ့အပြင် နင့်ခဲအိုနဲ့ သူ့မိဘတွေက စီစဉ်ပေးမှာပါ၊ နင့်ကို သူတို့နဲ့ ကုတင်တစ်ခုတည်းမှာ အတူအိပ်ခိုင်းမှာ မဟုတ်ပါဘူး"
ဤကိစ္စများကို ဆွေးနွေးရန် စောလွန်းနေသေးသည်။ ရိတ်သိမ်းချိန်ပြီးနောက် ရာသီဥတုမှာ ပူပြင်းနေဆဲဖြစ်ပြီး ဆောင်းဝင်ရန် လအနည်းငယ် လိုသေးသည်။ ဤလများအတွင်း စစ်ဘက်သုံးကုတ်အင်္ကျီအထူစား၊ ဓာတ်ဗူးများနှင့် ဂွမ်းစောင်နွေးနွေးတစ်ထည် ဝယ်ယူနိုင်ရန် သူမ ပိုက်ဆံစုနိုင်သည်။ ဆောင်းရာသီ ရောက်လာချိန်တွင် သူမ ကောင်းစွာပြင်ဆင်ထားသည်ကို အစ်မဖြစ်သူ မြင်တွေ့ပါက ပြောစရာစကား သိပ်ရှိတော့မည် မဟုတ်ပေ။
"မနက်ဖြန် ကွန်မြူနတီဈေးနေ့ပဲ၊ ငါ နင့်ကို လာခေါ်ပြီး အတူတူသွားကြတာပေါ့"
"အိုကေ"
မူလက သူမ၏ အမှတ်များကို အသုံးပြု၍ ဂျုံမှုန့်ဝယ်ကာ ပိုက်ဆံစုရန် စီစဉ်ထားခဲ့သည်။ သို့သော် ယခုအခါ စနစ်တွင် အရာအားလုံးရှိပြီး အမှတ်များဖြင့် တိုက်ရိုက်လဲလှယ်နိုင်ကြောင်း သူမ သိသွားပြီဖြစ်သည်။ စနစ်မှ ပစ္စည်းများမှာ အရည်အသွေးမြင့်မားပြီး ဈေးနှုန်းသက်သာကာ လက်မှတ်အမျိုးမျိုး ပေးစရာမလိုသောကြောင့် သူမ၏ အမှတ်အားလုံးကို စုဆောင်းထားရန် ဆုံးဖြတ်လိုက်သည်။
လက်ထဲတွင် ငွေအပြည့်အစုံရှိနေသဖြင့် ယနေ့တွင် ငွေစုဘဏ်၌ ယွမ်တစ်ရာ အပ်နှံပြီး ကျန်ငွေများကို အရေးပေါ်အတွက် သိမ်းထားရန် စီစဉ်ထားသည်။ သူမ၏ မိဘများက မင်္ဂလာဦးကြေး ပေးခဲ့ပြီး သူမ၏ ပစ္စည်းများကို ယောက္ခမအိမ်တွင် သိမ်းဆည်းထားခဲ့သည်။ ရှု့မိသားစုညီအစ်ကိုများထံမှလည်း ယွမ်ရှစ်ဆယ်ကျော် ရရှိခဲ့ရာ ၎င်းမှာ အတော်အတန်များပြားသော ပမာဏဖြစ်သဖြင့် အရေးပေါ်အတွက် စုဆောင်းထားလိုခြင်းဖြစ်သည်။
သူမသည် ဘလိုင်းဒိတ်တွေ့ချိန်က ဝတ်ဆင်ခဲ့သော အဝတ်အစားသစ်ကို ဝတ်ဆင်ထားဆဲဖြစ်ပြီး ငွေစုဘဏ်တွင် ပိုက်ဆံသွားအပ်ကာ အစ်မဖြစ်သူနှင့်အတူ ဈေးသို့ ထွက်လာခဲ့သည်။
ဈေးထဲတွင် နေ့စဉ်သုံး စားသောက်ကုန်များဖြင့် ပြည့်နှက်နေသည်။ အစ်မဖြစ်သူက ကလေးအတွက် အဝတ်အစားတစ်ထည် ဝယ်ယူရန် ဈေးအကြာကြီးဆစ်နေပြီး ဈေးကြီးလွန်းသဖြင့် မဝယ်တော့ရန်ပင် ဆုံးဖြတ်လုနီးပါး ဖြစ်နေသည်။ ဈေးသည်က သူမကို ပြန်ဆွဲထားပြီး ပြောလိုက်သည်။
"ဟေး ဟေး ဈေးကြီးတယ် ထင်နေတုန်းလား၊ ဒီအင်္ကျီကို ကြည့်ပါဦး၊ အသစ်နီးပါးပါပဲ၊ အသစ်တွေထက် မညံ့ဘူး၊ လက်ခတွေ အထည်လက်မှတ်တွေ ပေးစရာမလိုတော့ တန်မှတန်ပါ"
"ကျွန်မပေးတဲ့ဈေးနဲ့ မရရင်လည်း ထားလိုက်ပါတော့"
လော့မေက ထွက်ခွာရန် ပြင်လိုက်ပြီး လော့လန်လည်း အနီးကပ် လိုက်ပါသွားသည်။ ဈေးဆစ်သည်ဆိုတာ ဤကဲ့သို့ပင်ဖြစ်သည်။ ပစ္စည်းအပေါ် အလွန်အမင်း စိတ်ဝင်စားကြောင်း မပြသသင့်ပေ။ ဈေးသည်က မရောင်းချင်ပါက ရှေ့ဆက်သွားပြီး အခြားဆိုင်များမှ ရွေးချယ်ဝယ်ယူရုံသာ ဖြစ်သည်။
"မသွားပါနဲ့ဦး အစ်မရယ်၊ ဈေးညှိကြတာပေါ့"
အပြန်အလှန် ပြောဆိုပြီးနောက် သူမ မျှော်မှန်းထားသော ဈေးနှုန်းဖြင့် အဝတ်အစားကို ဝယ်ယူနိုင်ခဲ့သည်။ လော့မေသည် ကလေးများနှင့် ခင်ပွန်းသည်အတွက် အဝတ်အစားဝယ်ရန်သာ အာရုံစိုက်နေပြီး သူမကိုယ်တိုင်အတွက် တစ်ခုခုဝယ်ရန် မေ့လျော့နေသည်။
"အစ်မ... ကိုယ့်ဖို့လည်း တစ်ခုခုဝယ်ဦးလေ၊ အစ်မရဲ့ ဝါဂွမ်းကုတ်အင်္ကျီက ဟောင်းလွန်းနေပြီ၊ နေရာတကာ ဖာထေးထားရတာ၊ နွေးလည်း မနွေးတော့ဘူး၊ အဲ့ဒါဝတ်ပြီး အစ်မ တုန်နေတာလေ"
"ငါ အဆင်ပြေပါတယ်"
အိမ်ထောင်သည် အမျိုးသမီးများ၏ဘဝက တကယ်ပင် ခက်ခဲလှသည်။ လော့လန်သည် အစ်မဖြစ်သူ၏ လုပ်ရပ်ကို သဘောမတူပေ။ ပိုက်ဆံစုသည်ဆိုရာတွင် ကိုယ့်ကိုယ်ကိုယ် ချိုးခြံချွေတာခြင်းမျိုး မဖြစ်သင့်ပေ။ ခဲအိုဖြစ်သူသည်လည်း ယောက်ျားသားကြီး ဖြစ်သည့်အားလျော်စွာ အအေးဒဏ်ကို ကြံ့ကြံ့ခံနိုင်သင့်သည်။
အစ်မဖြစ်သူက သူမ၏ အမြင်ကို သဘောတူမည်မဟုတ်ကြောင်း သိသဖြင့် သူမ ဘာမျှမပြောတော့ပေ။ လျှောက်ကြည့်ပြီးနောက် သူမအတွက် ဘာမှမဝယ်ဖြစ်ဘဲ အစ်မဖြစ်သူက ပိုက်ဆံကုန်သွားပြီလားဟု မေးလာသည်။
"ဟင့်အင်း... ဝယ်စရာ ဘာမှမရှိလို့ပါ"
စနစ်ထဲမှ ပစ္စည်းများက ဒီအပြင်က ပစ္စည်းတွေထက် ပိုကောင်းသည်။ ဝယ်ချင်လျှင် စနစ်နှင့်သာ လဲလှယ်လိုက်မည်။
ဈေးထဲတွင် အစ်မဖြစ်သူမှာ အသားလုံးဟင်းရည်တစ်ခွက် ဝယ်သောက်ရန်ပင် ပိုက်ဆံမသုံးချင်ခဲ့ပေ။ ညီအစ်မနှစ်ယောက်သည် ရေအေးဖြင့်သာ မုန့်ခြောက်များကို စားခဲ့ကြရသည်။ နေ့လယ်ခင်းခန့်တွင် အိမ်သို့ ပြန်ရောက်သောအခါ ရွာထဲ၌ သတင်းအသစ်တစ်ပုဒ် ထွက်ပေါ်နေသည်။
ညနေစောင်းအချိန်တွင် ရွာတစ်ရွာလုံး အတင်းအဖျင်းစကားများဖြင့် ဆူညံနေသည်။ ရှု့မိသားစု၏ သမီးဖြစ်သူအတွက် အလားအလာရှိသော အိမ်ထောင်ဖက်တစ်ဦးအကြောင်း ပြောဆိုနေကြသည်ကို လော့လန် ကြားလိုက်ရသည်။
ထိုအမျိုးသားမှာ မြို့မှဖြစ်ပြီး တည်ငြိမ်သော အလုပ်အကိုင်ရှိသူဖြစ်သည်ဟု ဆိုကြသည်။ သို့သော် ဒဏ်ရာရရှိထားမှုကြောင့် သူ့ပုဂ္ဂိုလ်ရေးဘဝကို ထိခိုက်စေနိုင်သည့် ထုတ်ဖော်မပြောနိုင်သော အခြေအနေတစ်ခု ရှိနေကြောင်း ကောလာဟလများ ထွက်ပေါ်နေသည်။
"ဘယ်ကနေ ကြားလာတာလဲ"
အတင်းပြောနေသော အမျိုးသမီးက အနားသို့ တိုးကပ်လာသည်။
"မမေးနဲ့... နားသာထောင်"
"အခြေအနေတွေ ကောင်းတယ်ဆိုရင်တောင် အမျိုးသားဘက်က တာဝန်မကျေပွန်နိုင်ဘူးဆိုရင် အထီးကျန်တဲ့ဘဝက တန်ပါ့မလား"
လော့လန် အံ့အားသင့်သွားသော်လည်း မှတ်ချက်မပေးရန်သာ ရွေးချယ်လိုက်သည်။ သို့သော် စနစ်ကမူ ပိုကြားသိလိုစိတ် ပြင်းပြနေသည်။ နောက်ဆက်တွဲ သတင်းများကို သိရှိရန် တောင်းပန်နေသကဲ့သို့ပင် ဖြစ်နေသည်။ သူ၏ စိတ်လှုပ်ရှားမှုမှာ သိသာထင်ရှားလှသည်။
'ဟေး... ဟေး... သတင်းအရင်သွားစုံစမ်းကြစို့၊ နင့်ထမင်းစားချိန် နောက်မကျစေရပါဘူးလို့ ကတိပေးပါတယ်'
စနစ်၏ စိတ်အားထက်သန်မှုကို ကြည့်ပြီး လော့လန် သဘောကျကာ မေးလိုက်သည်။ 'နင်ရော မစားဘူးလား'
'ငါက စနစ်လေ အစားအစာ မစားဘူး၊ စွမ်းအင်ပဲ လိုတာ စွမ်းအင်၊ ငါ့စွမ်းအင်တွေ ပြည့်ဖို့အတွက် မြန်မြန် သွားစုံစမ်းပေး'
'နင် စွမ်းအင်လိုသလို ငါလည်း လိုတာပဲ၊ မလောပါနဲ့... လူတောင် မရောက်သေးဘူး'
'နေရာကောင်းကောင်း ရအောင်ယူနော်၊ မပြောနိုင်တဲ့ရောဂါ ရှိနေတဲ့လူက ဘလိုင်းဒိတ်တွေ့ချိန်ကို ဘယ်လိုကိုင်တွယ်မလဲဆိုတာ ငါကြည့်ချင်လို့'
'ငါက ဟင်းချက်မြန်ပါတယ်၊ စိတ်မပူနဲ့၊ နင် သတင်းစုံစမ်းဖို့ နောက်မကျစေရဘူး'
'ရမှတ် နှစ်ဆပေးမယ်'
"ရမှတ်က အဓိက မဟုတ်ဘူး'
'သုံးဆ'
'...'
'ငါးဆ'
'ကောင်းပြီလေ သတင်း အရင်သွားစုံစမ်းလိုက်မယ်'
'ငါ့မှာ ကိုယ်ပိုင်အစီအစဉ်ရှိတယ်၊ အတင်းအဖျင်းနားထောင်ဖို့အတွက် ငါ့အစီအစဉ်ဖျက်ပြီး အစာငတ်ခံရမယ်ဆိုရင်တော့ ဈေးကောင်းကောင်း ပေးရမှာပေါ့'
လော့လန်သည် အစားအသောက်များကို ချထားလိုက်ပြီး တဲအိမ်ကို သော့ခတ်ကာ အပြင်ထွက်လာခဲ့သည်။
လူအုပ်ကြီး စုဝေးနေသော ရှု့မိသားစုအိမ်သို့ သူမ သွားရောက်စဉ် ရွာထဲတွင် စည်ကားနေသည်။ ရင်းနှီးသော မျက်နှာများက သူမကို ချက်ချင်း နှုတ်ဆက်ကြပြီး ဤဘလိုင်းဒိတ်နှင့်ပတ်သက်သည့် လေတိုးသံများကို စတင်မျှဝေကြသည်။
"သူ အထဲမှာရှိတယ်၊ ငါ အခုပဲ ချောင်းကြည့်လိုက်တာ၊ ရုပ်ကတော့ တော်တော်ချောတယ်... ဒါပေမဲ့..."
လော့လန်က တိတ်တိတ်နေရန် အချက်ပြပြီး ဖြတ်ပြောလိုက်သည်။
"ရှူး... ငါတို့က အပြင်ဘက် တည့်တည့်မှာနော်၊ သိပ်အများကြီး မပြောကြနဲ့"
သူမသည် တံခါးပေါက်မှတစ်ဆင့် တစ်ချက်ကြည့်ရန် လည်ပင်းကို ဆန့်ထုတ်လိုက်ရာ ထိုအမျိုးသား၏ ကျောပြင်ကိုသာ မြင်လိုက်ရသည်။ သူသည် ထိုင်နေသော်လည်း မြင့်မားသော အရပ်အမောင်းနှင့် ကျယ်ပြန့်သော ပခုံးများက ကြံ့ခိုင်သန်စွမ်းမှုကို ဖော်ပြနေသည်။ စစ်ဝတ်စုံနှင့် မတ်မတ်ထိုင်နေသော ဟန်ပန်က စည်းကမ်းသေဝပ်မှုကို အကြံပြုနေသည်။
"ဟေး ရှု့ယင်းလျန် ဘယ်မှာလဲ"
"ဘယ်သူသိမှာလဲ ဘာပဲဖြစ်ဖြစ် ငါတို့အားလုံးက ဒီမြို့သားအကြောင်း စိတ်ဝင်စားနေကြတာ၊ သူက ဘာလို့ ကျောပဲ ပေးထားတာလဲ"
"မတိုးကြနဲ့ မတိုးကြနဲ့"
လူအုပ်ကြီးသည် မြို့ပြလူကြီးလူကောင်းကို ကြည့်ရှုရန် ဆန္ဒပြင်းပြနေကြပြီး အထူးသဖြင့် သူ၏ ခန့်ညားထည်ဝါသော ကျောပြင်ကို စိတ်ဝင်စားနေကြသည်။ လူအုပ်၏ တွန်းတိုက်မှုကြောင့် လော့လန်တစ်ယောက် ထိုအမျိုးသား၏ အရှေ့တည့်တည့်သို့ ရောက်ရှိသွားခဲ့သည်။
ထိုအမျိုးသားသည် သူ့ဘေးပတ်ဝန်းကျင်မှ ရုန်းရင်းဆန်ခတ်ဖြစ်မှုကို သတိထားမိလိုက်သည်။ သူသည် ပုံမှန်အားဖြင့် တည်ငြိမ်အေးဆေးသူဖြစ်သော်လည်း သူ့ရှေ့မှောက်တွင် လှပသော မျက်နှာလေးတစ်ခုကို မြင်လိုက်ရသဖြင့် မော့ကြည့်လိုက်မိသည်။
သူ မတ်တပ်ရပ်ကာ ယဉ်ကျေးစွာ ပြုံးပြလိုက်သည်။ သူ၏ ပုံမှန် တင်းမာသော အမူအရာသည် ကြောက်လန့်စရာ ကောင်းနိုင်သဖြင့် အမျိုးသမီးများနှင့် ဆက်ဆံရာတွင် နူးညံ့ညင်သာစွာ ဆက်ဆံရန် ရဲဘော်များက အကြံပေးထားသောကြောင့် ဖြစ်သည်။
"မင်္ဂလာပါ ကျွန်တော်က ကျိုးချင်းရှန်ပါ၊ အသက် ၂၉ နှစ်ပါ၊ စစ်တပ်ကနေ အနားယူထားတာ မကြာသေးပါဘူး၊ လောလောဆယ် သံမဏိစက်ရုံရဲ့ လုံခြုံရေးဌာနမှာ အလုပ်လုပ်နေပါတယ်"