Ch 10
Viewers 1k

၆၀ ခုနှစ်က မုဆိုးမလေး 


အပိုင်း ၁၀




ထိုအမျိုးသား၏ မိတ်ဆက်စကားကြောင့် လော့လန် ခေတ္တမျှ ကြောင်အသွားခဲ့ကာ သူက သူမကို ဘလိုင်းဒိတ်တွေ့မည့် ရှု့ယင်းလျန်ဟု မှားယွင်းထင်မှတ်နေကြောင်း သူမ သဘောပေါက်လိုက်သည်။



"ကျွန်မ ကျွန်မက ရှု့ယင်းလျန် မဟုတ်ပါဘူး" လော့လန်က နားလည်မှုလွဲနေသည်ကို ပြင်ဆင်ရန် ကြိုးစားလိုက်သော်လည်း စနစ်မှာ စိတ်လှုပ်ရှားမှုဖြင့် ဆူညံနေပြီး အခြေအနေကို ရှင်းလင်းရန် သူမ၏ ကြိုးပမ်းမှုများကို လုံးဝ လျစ်လျူရှုထားခဲ့သည်။



'အား အား နားလည်မှု လွဲကုန်ပြီ၊ သူ့ကို အဲ့ဒီအတိုင်းပဲ ဆက်ထင်နေခိုင်းလိုက်စမ်းပါ၊ နားလည်မှုလွဲမှ ဇာတ်လမ်းက ပိုကောင်းမှာ'



လော့လန်သည် စနစ်၏ အူကြောင်ကြောင်လုပ်ရပ်များကို လျစ်လျူရှုရန် ရွေးချယ်လိုက်ပြီး အနောက်သို့ ဆုတ်ခွာရန် ကြိုးစားလိုက်သည်။ ဘာဆက်ဖြစ်မည်ကို သိလိုစိတ်ပြင်းပြနေသော လူအုပ်ကြီးကိုကြည့်ခြင်းအားဖြင့် တစ်စုံတစ်ယောက်က သူမကို အရှေ့သို့ တွန်းပို့လိုက်ကြောင်း ထင်ရှားနေသည်။ ဘေးမှ ကြည့်ရှုနေသူ အများအပြားမှာ စူးစမ်းလိုစိတ်နှင့် မျှော်လင့်ချက်များဖြင့် မျက်လုံးများအရောင်တောက်ကာ ဤပွဲကို ကြည့်ရှုခံစားနေကြသည်မှာ သိသာလှသည်။



"ဟေ့... ရှု့ယင်းလျန် မရှိတော့ဘူး၊ လော့လန် နင်က သူ့နေရာမှာ အစားထိုးဖို့ အသင့်တော်ဆုံးပဲ"



လူအုပ်ထဲမှ တစ်စုံတစ်ယောက်က အော်ပြောလိုက်ရာ လူစုလူဝေးက သူမကို ထွက်မသွားနိုင်အောင် လမ်းပိတ်ဆို့လိုက်ကြသည်။ သူမက အတင်းအဖျင်းနားထောင်ရန်သာ လာခဲ့ခြင်းဖြစ်ပြီး ပါဝင်ပတ်သက်ရန် မဟုတ်သော်လည်း ယခုအခါ မမျှော်လင့်ဘဲ ဗဟိုချက်မသို့ ရောက်ရှိနေပြီဖြစ်သည်။ သူမသည် အခြေအနေကို ထိန်းချုပ်ရန် ဆုံးဖြတ်လိုက်သည်။



"ဆောရီးပါ... ကျွန်မက ဒီအတိုင်း လာကြည့်တာပါ၊ ရှု့ယင်းလျန်ကို ရှာဖို့ ကျွန်မ ကူညီပေးပါ့မယ်"



ထိုအမျိုးသားထံမှ တုံ့ပြန်မှုကို မစောင့်ဘဲ သူမ လှည့်ထွက်ကာ ထွက်ပေါက်ဆီသို့ ဦးတည်သွားလိုက်သည်။ သူမ၏ တည်ငြိမ်သော အမူအရာကြောင့် တင်းမာမှုအချို့ လျော့ပါးသွားပုံရပြီး လူအုပ်ကြီးက သူမအတွက် လမ်းဖယ်ပေးလာကြသည်။ သူမ ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် အောင်သွယ်ဖြစ်သူက အပြေးအလွှား ရောက်ချလာသည်။



"တောင်းပန်ပါတယ်၊ အရမ်း တောင်းပန်ပါတယ်ရှင်၊ ခဏလောက် စောင့်ပေးပါဦး၊ ကောင်မလေး မကြာခင် ရောက်လာတော့မှာပါ"



ထိုအမျိုးသားက ခေါင်းအနည်းငယ်ညိတ်ပြလိုက်ပြီး သူ့အကြည့်များက လော့လန်ဆီသို့ ရောက်ရှိလာသည်။ သူမသည် လူအုပ်ကြားမှ တိုးထွက်လာပြီးနောက် အပြင်စည်းဘက်တွင်နေလျက် ဆက်စောင့်ကြည့်နေလိုက်သည်။ စနစ်က သူမကို အနားသို့ ပိုကပ်သွားရန် အမောတကော တိုက်တွန်းနေဆဲဖြစ်သည်။



'ပိုနီးအောင်သွားစမ်းပါ၊ ဒါမှ ပိုစိတ်ဝင်စားဖို့ ကောင်းမှာ'



'ငါသာ ထပ်တိုးသွားရင် ငါပါဇာတ်လမ်းထဲ ပါသွားလိမ့်မယ်'



'အဲ့ဒါလည်း စိတ်ဝင်စားဖို့ ကောင်းတာပဲလေ'



'တိတ်တိတ်နေစမ်းပါ'



လော့လန်သည် ဘာတွေဖြစ်နေသလဲဆိုသည်ကို သိရှိနိုင်ရန် ရင်းနှီးသော အဒေါ်ကြီးတစ်ဦးအနားသို့ ကပ်သွားလိုက်သည်။ သူမက ဘလိုင်းဒိတ်ကို ကြိုတင်စီစဉ်ထားပြီး ချောမွေ့မည်ဟု ယူဆထားသော်လည်း ဤကဲ့သို့ ရုတ်တရက် အပြောင်းအလဲဖြစ်သွားခြင်းမှာ ပုံမှန်မဟုတ်ပေ။



"ရှု့ယင်းလျန်က ဘာဖြစ်လို့လဲ"



"သူ ထွက်ပြေးသွားပြီ၊ သူ့အစ်ကိုရယ်၊ မောင်လေးရယ်၊ ဝမ်းကွဲမောင်နှမ တစ်သိုက်ရယ် အကုန်လုံး လိုက်ရှာနေကြတယ်၊ လောင်ဝမ်အိမ်မှာ ရုန်းရင်းဆန်ခတ်တွေ ဖြစ်ကုန်ကြပြီ"



"ရှု့ယင်းလျန်နဲ့ ဝမ်ယင်းကွေ့တို့လား"



"ဟုတ်တယ်... အသံထွက်နေတာတော့ အဲ့လိုပဲ၊ ဝမ်ယင်းကွေ့လည်း ပျောက်နေတယ်ဆိုတော့ သူတို့နှစ်ယောက် အတူတူ ထွက်ပြေးသွားကြတာ ဖြစ်ဖို့များတယ်"



ဤခေတ်ကာလတွင် သင့်လျော်သော မိတ်ဆက်စာ သို့မဟုတ် စားနပ်ရိက္ခာလက်မှတ်များ မပါဘဲ ခရီးသွားလာရန်မှာ မဖြစ်နိုင်သလောက်ပင်။ အကယ်၍ ရှု့ယင်းလျန်နှင့် ဝမ်ယင်းကွေ့တို့ တကယ်ထွက်ပြေးသွားကြသည်ဆိုလျှင် မှန်ကန်သော စာရွက်စာတမ်းများနှင့် အရင်းအမြစ်များ မရှိဘဲ ကြာကြာမနေနိုင်သောကြောင့် မကြာမီ ပြန်ရောက်လာကြလိမ့်မည်။

 


လော့လန် အခြေအနေကို စဉ်းစားသုံးသပ်ကြည့်နေစဉ် ဖြစ်ပျက်သွားပုံများကြောင့် အနည်းငယ် ရယ်ချင်စိတ် ဖြစ်ပေါ်လာမိသည်။ သူမက လာရောက်လေ့လာရုံသာဖြစ်သော်လည်း ယခုအခါ ရုတ်တရက်ဖြစ်ပေါ်လာသော ဘလိုင်းဒိတ် ဇာတ်လမ်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်နေလေပြီ။ ညနေခင်းတွင် မည်သို့ဆက်ဖြစ်လာမည်၊ နောက်ထပ် အံ့သြစရာများ ရှိလာဦးမည်လားဟု သူမ တွေးတောနေမိသည်။



"ရှု့မိသားစုနဲ့ ဝမ်မိသားစုကြားထဲမှာ ဘာအငြိုးအတေးတွေ ရှိလို့လဲ"



"ရှု့ယင်းလျန်ရဲ့ အဘိုးနဲ့ ဝမ်ယင်းကွေ့ရဲ့ အဘိုးတို့က အိမ်သာနံရံတစ်ခုကိစ္စနဲ့ပတ်သက်ပြီး အကြီးအကျယ် ရန်ဖြစ်ခဲ့ဖူးကြတယ်၊ ရှု့ယင်းလျန်မျက်နှာပေါ်က အမာရွတ်က အဲ့ဒီတုန်းက ရခဲ့တာလေ"



"သြော်... အဲ့လိုကိုး"



"ဟုတ်တယ်၊ သူတို့နှစ်ယောက်က အဆင်ပြေနေတာ ကြာလောက်ပြီ၊ ဒါပေမဲ့ မိသားစုတွေက သဘောမတူကြဘူးလေ၊ သူ့အဖေကတော့ ပြန်တွေ့တာနဲ့ ခြေထောက်ချိုးပစ်မယ်ဆိုပြီး ဆူပူကြိမ်းမောင်းနေတယ်"



"သူ့အဘိုး ဆုံးသွားပြီပဲဟာကို အငြိုးထားနေကြတုန်းလား"



"ဘယ်လိုလုပ် အငြိုးမထားဘဲ နေမလဲ၊ သွေးကြွေးလို့ သတ်မှတ်ထားကြတာလေ"



လော့လန်သည် ထိုကဲ့သို့သော အငြိုးအတေးကို နားမလည်နိုင်အောင် ဖြစ်ရသည်။ ကိစ္စသေးသေးလေးတစ်ခုသာ ဖြစ်သည်။ မိသားစုနှစ်စုကြား ရန်ပွဲမျှသာ။ ယခုအခါ ကလေးချင်း စိတ်ဝင်စားနေကြပြီဖြစ်ရာ ကိစ္စများကို ဖြေရှင်းရန် အချိန်ကောင်းဖြစ်သည်။ အငြိုးအတေးဟောင်းများကို ဖက်တွယ်ထားခြင်းက ကလေးနှစ်ယောက်အတွက် အိမ်ပြန်စရာမရှိအောင် လုပ်နေသလိုသာ ဖြစ်စေသည်။



စနစ်က သူမကို ရှေ့တိုးရန် တိုက်တွန်းနေသဖြင့် အမှတ်ရရှိရေးအတွက် သူမ လူအုပ်ထဲသို့ ပြန်လည်တိုးဝင်လိုက်သည်။ သူမ မည်သူနှင့် တိုက်မိသည်ကို သတိမထားလိုက်ဘဲ ရင်းနှီးနေသော အဝတ်အစားကို ရုတ်တရက် မှတ်မိလိုက်သည်။ မော့ကြည့်လိုက်ရာ နက်ရှိုင်းသော မျက်ဝန်းတစ်စုံနှင့် ဆုံတွေ့လိုက်ရသည်။



ကာယကံရှင် ရောက်လာပြီဖြစ်၍ သူမ လျင်မြန်စွာ ဘေးဖယ်ပေးလိုက်သည်။ ထိုအမျိုးသားက သူမကို တစ်ချက်လှမ်းကြည့်ပြီး ရှု့မိသားစုအိမ်မှ ထွက်ခွာသွားရာ အောင်သွယ်က အနောက်မှလိုက်ပါလျက် မရပ်မနား ရှင်းပြနေခဲ့သည်။



"ကောလာဟလတွေကို နားမထောင်ပါနဲ့၊ ရှု့မိသားစုက ကောင်မလေးက သူ့အဘွားဆီ သွားတာပါ၊ သူ့အဘွားက ရုတ်တရက် ချော်လဲသွားလို့..."



အသံများ တဖြည်းဖြည်း ဝေးကွာသွားသည်နှင့် ဘေးမှ ကြည့်ရှုနေသူများက အခြေအနေကို ကျယ်လောင်စွာ ဆွေးနွေးလာကြသည်။ ခဏအတွင်းမှာပင် ထိုအမျိုးသား၌ လျှို့ဝှက်ရောဂါ ရှိနေသည်ဟူသော ကောလာဟလမှာ နေရာအနှံ့ ပျံ့နှံ့သွားပြီး ဇာတ်လမ်းများက ပို၍ပို၍ ချဲ့ကားပြောဆိုလာကြတော့သည်။



အမျိုးသမီးတစ်ဦးက နှမြောတသဖြစ်သော အကြည့်ဖြင့် ပြောလိုက်သည်။



"သူက တောသူသတိုးသမီးကို လာရှာတာ အံ့သြစရာ မဟုတ်တော့ပါဘူး၊ မြို့သားဖြစ်တော့ရော ဘာဖြစ်လဲ၊ သူ့ကိုယူရတာက တစ်သက်လုံး မုဆိုးမဘဝနဲ့ နေရသလို ဖြစ်နေမှာ၊ ဘဝကြီးက တော်တော်ပျင်းစရာကောင်းမှာ"



"ဟုတ်တယ်... ဒါပေမဲ့ ဒီလူက တော်တော်ချောတာနော်၊ နှမြောစရာပဲ"



"အတူတူနေတာက ရုပ်ရည်တစ်ခုတည်း ကြည့်ရတာမှ မဟုတ်တာ၊ ရုပ်ချောတာတစ်ခုတည်းနဲ့ အသုံးမဝင်ဘူး၊ စကားပြောဖို့နဲ့ အဖော်ပြုပေးဖို့ လိုသေးတယ်၊ အဲ့ဒါတောင် သူ မလုပ်နိုင်ဘူးဆိုရင် သူနဲ့အတူနေလို့ ဘာအဓိပ္ပာယ်ရှိမှာလဲ"



လော့လန် ဘာမျှမပြောသလို ပျံ့နှံ့နေသော ထင်မြင်ချက်များကိုလည်း သဘောမတူပေ။ စရိုက်လက္ခဏာနှင့် စွမ်းဆောင်ရည်တို့သည် လူတစ်ဦး၏ အမှန်တကယ် တိုင်းတာစရာ ပေတံများဖြစ်သည်။ လူမှုပတ်ဝန်းကျင်မှာ မငြိမ်မသက်မှုကိုတိုး စေသည့် ပေတေလေလွင့်လျက် အပျင်းကြီးသူများမှာ အသုံးမဝင်လှပေ။



ကာယကံရှင် ထွက်သွားသည်နှင့် စိတ်မရှည်သော ကြည့်ရှုသူအချို့ ထွက်ခွာသွားကြပြီး အချို့မှာမူ ဖြစ်ထွန်းမှုများကို စောင့်ဆိုင်းရင်း ကျန်ရစ်ခဲ့ကြသည်။



လော့လန်သည် အမှတ်များအတွက် ဆက်နေခဲ့ပြီး သူမ၏အစ်မ နောက်ကျမှ ရောက်လာသည်ကို တွေ့လိုက်ရသည်။ ညီအစ်မနှစ်ဦးသည် ဝင်ပေါက်ရှိ သစ်ပင်အောက်တွင် ထိုင်ကာ ညနေခင်းကို ခံစားရင်း အေးအေးလူလူ စကားစမြည် ပြောနေကြသည်။ သူမက ဖြစ်ပျက်ခဲ့သမျှကို အစ်မဖြစ်သူအား ပြောပြရာ လော့မေက ခေါင်းခါလိုက်သည်။



"ရှု့ယင်းလျန်နဲ့ အဲ့ဒီကောင်လေးက တွဲနေကြတာ ကြာလှပြီ၊ သူ့မိဘတွေလည်း သိပါတယ်၊ ဘာကိစ္စ အငြိုးအတေးဟောင်းတွေကို ဖက်တွယ်ထားရတာလဲ၊ ချစ်သူနှစ်ဦးကို ခွဲပစ်လိုက်သလိုပဲ ဖြစ်နေတာ"



"တကယ်တော့ ဒီနေ့လာတဲ့လူက ပိုကောင်းမယ်လို့ ကျွန်မ ထင်တယ်၊ ရုပ်ရည်၊ နေထိုင်မှု၊ အလုပ်အကိုင်နဲ့ ကဏ္ဍစုံမှာ လယ်သမားသက်သက်ဖြစ်တဲ့ ဝမ်ယင်းကွေ့ကို ယူတာထက်စာရင် သူက ပိုသာပါတယ်"



"အိမ်ထောင်ဖက် ရွေးချယ်တယ်ဆိုတာ ကိုယ်ပိုင်သဘောကျနှစ်သက်မှုပါပဲ၊ တစ်ယောက်ယောက်ကို သဘောကျရင် သူနဲ့ပတ်သတ်တဲ့ အရာအားလုံးက ကောင်းတယ်လို့ ခံစားရတယ်၊ သဘောမကျဘူးဆိုရင်တော့ အခြေအနေတွေ ဘယ်လောက်ကောင်းကောင်း ဆွဲဆောင်မှုမရှိဘူး"



အဲ့ဒီလိုမျိုးလား... လော့လန်က ပြန်မပြောဘဲ ပြုံးလျက် ခေါင်းခါလိုက်သည်။ ဟိုတုန်းက သူမ၏ လက်တွဲဖော်ဟောင်းအကြောင်း သူမ ကောင်းကောင်းသိသည်။ မင်္ဂလာမဆောင်ခင်က ကတိတွေအများကြီး ပေးခဲ့ပေမယ့် လမ်းတစ်ဝက်မှာ သူ ဖောက်ပြန်ခဲ့သေးတာပဲ။ သံယောဇဉ်နဲ့ သဘောကျနှစ်သက်မှုကိစ္စတွေက နောက်ဆုံးတော့ လက်တွေ့ဆန်မှုကသာ အဓိကကျသည်။



အမျိုးသားတစ်ဦး၏ အသံမှာ ကြမ်းတမ်းပြီး ဒေါသများ ပြည့်နှက်နေခဲ့သည်။ ပေါက်ကွဲလုနီးပါးဖြစ်နေသော မီးရှူးမီးပန်းတစ်ခုနှင့် တူနေသည်။



"ခွေးမလေး... ဒီနေ့ နင့်ကို ငါ မသတ်မိတာ ကံကောင်းတယ်မှတ်"



"အဖေ... အဖေ သမီးကို လွှတ်၊ သမီး ယင်းကွေ့ကလွဲပြီး ဘယ်သူ့ကိုမှ မယူဘူးလို့ ပြောထားတယ်လေ၊ သမီးက သူ့အပိုင် ဖြစ်နေပြီ၊ သမီးတို့ ဒီနေ့ပဲ လက်ထပ်စာရင်း သွားသွင်းခဲ့ကြပြီ၊ သမီးတို့က တရားဝင် လင်မယားတွေ ဖြစ်နေပြီ"



ရှု့ယင်းလျန်က သတ္တိရှိပေသည်။ ဒီအချိန်မှာမှ ဗုံးအကြီးစားကြီးတစ်လုံးကို ထုတ်ပြလိုက်ခြင်းဖြစ်သည်။ သူမ၏ မိသားစုမှာ တုန်လှုပ်ခြောက်ခြားပြီး ဘာလုပ်ရမှန်းမသိ ဖြစ်ကုန်ကြသည်။ သူမ၏ဖခင်မှာ အမှန်တကယ် ဒေါသအမျက်ခြောင်းခြောင်းထွက်သွားပြီး တံခါးဝမှ တုတ်တစ်ချောင်းကို ကောက်ယူလိုက်သည်။



ဝမ်ယင်းကွေ့သည် အခြေအနေ မကောင်းသည်ကို မြင်လိုက်သဖြင့် လျင်မြန်စွာ ဝင်ရောက်ဟန့်တားပြီး နှစ်သိမ့်စကားများကို တစ်ခွန်းပြီးတစ်ခွန်း ပြောဆိုလေသည်။



"အဖေ... အဖေ စိတ်မဆိုးပါနဲ့၊ စိတ်လျှော့ပါ..."



"ထွက်သွားစမ်း ဘယ်သူက မင်းအဖေလဲ၊ မင်းလို သားမက် ငါ့မှာ မရှိဘူး"



“ဟေ့.. လောင်ရှု့” ဝမ်ယင်းကွေ့အဖေသည် ဝမ်မိသားစုနှင့် ဆွေမျိုးတော်စပ်သော ပါတီ အတွင်းရေးမှူးကို ခေါ်လိုက်သည်။ ထိုသူသည် ကျေးရွာခေါင်းဆောင်ဖြစ်သည့်အတွက် လောင်ရှု့မှာ မျက်နှာသာပေးသည့်အနေဖြင့် တုံ့ဆိုင်းသွားရသည်။



"ဒီနှစ်ယောက်က နိုင်ငံတော်က အသိအမှတ်ပြုတဲ့ လက်ထပ်စာရင်း သွင်းပြီးနေကြပြီ၊ မင်းက ဘာလဲ... ဥပဒေချိုးဖောက်ချင်တာလား"



"ငါ... ဘာပဲဖြစ်ဖြစ် ငါ အသိအမှတ်မပြုနိုင်ဘူး"



"မင်းက ဥပဒေထက် ပိုကြီးလို့လား၊ မြို့ပေါ်တက်ပြီး သင်တန်းသွားတက်ချင်သေးတာလား၊ မင်းရဲ့ အတွေးအခေါ်တွေ မှားနေပြီ၊ တစ်ယောက်ထဲက ဘယ်တော့မှ အများ သဘောတူညီချက်ကို ကျော်လွန်လို့မရဘူး"



ပါတီ အတွင်းရေးမှူးပီပီ အပြစ်တင်သည့်ပုံစံဖြင့် ပြောဆိုလိုက်သည်။ ဒီလိုခေါင်းစဉ်တွေ တပ်လို့ရတဲ့ ခေတ်ကာလမျိုးက ဘယ်လိုခေတ်မျိုးလဲ။ စာသိပ်မဖတ်ဖူးသော်လည်း ကျေးရွာအစည်းအဝေးများစွာ တက်ရောက်ဖူးသော လောင်ရှု့မှာ သဘောပေါက်သွားပြီး အခြေအနေကို ကုစားရန် လျင်မြန်စွာ ကြိုးပမ်းခဲ့သည်။



"နိုင်ငံတော်ရဲ့ လက်မှတ်ကို အသိအမှတ်မပြုဘူးလို့ ငါ မပြောမိပါဘူး၊ ဒီသမီးကို အသိအမှတ်မပြုဘူးလို့ပဲ ပြောတာ။ ငါ့သမီးက မိဘစကား နားမထောင်ဘူးဆိုရင် ငါ အသိအမှတ်မပြုဘူး၊ အဲ့ဒါက ဥပဒေနဲ့ မငြိစွန်းဘူး"



ထိုစကားတစ်ခွန်းတည်းနှင့်ပင် ပါတီ အတွင်းရေးမှူးအား ပါးစပ်ပိတ်သွားစေရန် လုံလောက်သွားသည်။ ယခင်က ကြားဝင်စေ့စပ်ပေးရန် ကြိုးစားခဲ့ဖူးသော်လည်း လောင်ရှု့မှာ အိမ်သာထဲက ကျောက်တုံးလိုမျိုး နံလည်းနံ မာလည်းမာ ဖြစ်နေသဖြင့် သူ ဘာမှမတတ်နိုင်ခဲ့ပေ။



လော့လန်သည် ဘေးမှနေ၍ တိတ်တဆိတ် ကြည့်နေလိုက်သည်။ ယနေ့တွင် သတို့သမီးဖြစ်ရမည့် ရှု့ယင်းလျန်မှာ ညစ်ပတ်ပေရေနေပြီး အရှက်ရနေပုံပေါ်သည်။ သတို့သား ဝမ်ယင်းကွေ့မှာလည်း ပျော်ရွှင်သည့်ပုံ လုံးဝမပေါ်ပေ။ အဓိကအချက်မှာ လောင်ရှု့၏ စကားများပင်ဖြစ်သည်။ သူသည် သမီးဖြစ်သူနှင့် တကယ်ပင် အဆက်အသွယ်ဖြတ်ရန် ရည်ရွယ်ထားပုံရသည်။



စနစ် - 'ဝိုး မိသားစုနဲ့ အဆက်အသွယ်ဖြတ်ပြီး သူ့ကို ယူတယ်ပေါ့၊ နောက်ကျရင် နောင်တရမလား မသိဘူး'



လော့လန် - 'သူ ရွေးချယ်ခဲ့တဲ့ လမ်းပဲ၊ ဒူးထောက်ပြီး သွားရမယ်ဆိုရင်တောင် သူ လျှောက်ရမှာပေါ့၊ အခုလောလောဆယ်တော့ အဆင်ပြေပုံပါပဲ၊ သူတို့ ဒုက္ခတွေကို အတူတူ မျှဝေခံစားနေကြတာပဲ'



စနစ် - 'လူ့စိတ်ဆိုတာ အပြောင်းလဲအမြန်ဆုံးပဲ'



လော့လန် - 'နင့်ကို ဘယ်သူ ညာသွားလို့လဲ'



စနစ် - 'နင့်အတွေးတွေက ခုန်ပျံနေတာပဲ'



လော့လန် - 'ငါ ခန့်မှန်းတာ မှားလို့လား'



စနစ် - 'ဒီဇာတ်လမ်း ဘယ်လိုပြီးသွားမလဲ ခန့်မှန်းကြည့်ပါလား'



လော့လန် - 'နင်က အကုန်သိပြီးသားကို ဘာလို့ ငါ့လာမေးနေတာလဲ၊ နင်က ငါ့ကို အမှတ်ပေးမှာလည်း မဟုတ်ဘဲနဲ့'



စနစ် - 'နင်က သိပ်လက်တွေ့ဆန်လွန်းတယ်'



လော့လန်သည် စနစ်နှင့် ဆက်မငြင်းခုံတော့ပေ။ တစ်ခါတစ်ရံတွင် စနစ်သည် အရှိန်အဝါကျဆင်းလာသော မင်းမျိုးမင်းနွယ်တစ်ဦးနှင့် တူသည်ဟု သူမ ခံစားရသည်။ တစ်ခါတစ်ရံကျတော့လည်း အတော်လေး ကြောင်တောင်တောင်နိုင်သည်ဟု ထင်ရသည်။ သူ စွမ်းအင်ကို ဘာအတွက် လိုအပ်မှန်း သူမ မသိသော်လည်း သူမအတွက် လက်ဆုပ်လက်ကိုင်ပြနိုင်သော အကျိုးအမြတ်များ ရနေသရွေ့ အဆင်ပြေသည်။



သူမ စုဆောင်းထားသော အမှတ်များသည် စစ်ဘက်သုံးကုတ်အင်္ကျီတစ်ထည်နှင့် ရှစ်ပေါင်လေးသော ရှင်းကျန်းဝါဂွမ်းစောင်တစ်ထည် လဲလှယ်ရန် လုံလောက်နေပြီဖြစ်သည်။ ဒီဆောင်းတွင်းအတွက် သူမ စိတ်ပူစရာမလိုတော့ပေ။ ဓာတ်ဗူးတစ်လုံးနှင့် ရေနွေးအိတ်တစ်လုံး လဲလှယ်နိုင်ရန်အတွက် နောက်ထပ် နည်းနည်းလောက် ထပ်စုရန်သာ လိုတော့သည်။



"အဖေ"



 စနစ်နှင့် သူမ စကားပြောနေသည့် ခဏတာအတွင်းတွင် လောင်ရှု့က သမီးဖြစ်သူကို အိမ်ပြင်သို့ တွန်းထုတ်လိုက်ပြီဖြစ်သည်။ ရှု့ယင်းလျန်မှာ ဝန်လေးနေသော မျက်နှာထားဖြင့် သူမ၏ ဖခင်နှင့် အစ်ကိုဖြစ်သူတို့ ဤမျှအထိ ရက်စက်ကြလိမ့်မည်ဟု မယုံကြည်နိုင်အောင် ဖြစ်နေသည်။ "ထွက်သွား... ရှု့မိသားစုအိမ်ထဲကို နင် ဘယ်တော့မှ ခြေမချရတော့ဘူး"



ထိုသို့ပြောပြီးနောက် လောင်ရှု့က အိမ်ထဲသို့ ပြန်ဝင်သွားပြီး သားအကြီးဆုံးက တံခါးကို ပိတ်လိုက်သည်။ လူတိုင်း၏ မျက်စိရှေ့တွင်ပင် တံခါးပိတ်သွားခဲ့သည်။ ရှု့ယင်းလျန်သည် ငိုရှိုက်ကာရင်း ဝမ်ယင်းကွေ့နောက်သို့ လိုက်ပါသွားပြီး ဘေးမှကြည့်ရှုသူများလည်း နှစ်ယောက်တစ်တွဲ သုံးယောက်တစ်တွဲဖြင့် တဖြည်းဖြည်း လူစုခွဲသွားကြသည်။



လော့လန်သည် အစ်မဖြစ်သူနှင့်အတူ စနစ်က သူမကို ပွိုင့်များ ထည့်ပေးသည်အထိ စောင့်ဆိုင်းပြီးမှ စိတ်လျှော့ကာ အစ်မဖြစ်သူနှင့် စကားစမြည် ပြောခဲ့သည်။ သူမအပေါ် စနစ်၏ ညည်းညူသံများကို လျစ်လျူရှုထားသော်လည်း သူမ စိတ်ပျော်ရွှင်နေပြီး ပေါ့ပါးသွက်လက်စွာ လမ်းလျှောက်နေသည်။



"လန်အာ ရှု့ယင်းလျန် နောင်ကျရင် နောင်တရမယ်လို့ နင် ထင်လား"



"ဘာပဲပြောပြော ပျော်စရာကောင်းရမယ့် မင်္ဂလာကိစ္စမှာ ငိုကြယိုကြနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ကုန်တာဆိုတော့ ဒီအစက သိပ်ကံမကောင်းလှဘူး"



ညီအစ်မနှစ်ယောက် စကားပြောရင်း သူတို့သွားလိုရာသို့ အမြန်ရောက်ရှိသွားကြသည်။ လော့လန်သည် သူမ၏ တဲအိမ်သို့ပြန်ကာ ရေချိုးပြီး အိပ်လိုက်သည်။ နောက်တစ်နေ့ အလုပ်သွားရန် သူမ စောစောထရမည်။ သူမ စောစောနိုးလာပြီး ဂျုံခင်းထဲတွင် အလုပ်လုပ်ရန် အဆင်သင့်ဖြစ်နေပြီပင်။ ဂျုံခင်းအလုပ်မှာ သိပ်မပင်ပန်းဘဲ အေးအေးဆေးဆေး လုပ်နိုင်သည့် အလုပ်ကောင်းတစ်ခုဖြစ်သည်။



နေ့လယ်စာစားရန် အိမ်ပြန်ရောက်သောအခါ အစ်မဖြစ်သူက မမျှော်လင့်ဘဲ သူမ၏ တဲအိမ်ရှေ့သို့ ရောက်လာသည်။



"နင် ပြန်ရောက်ပြီလား၊ လာ လာ... ငါ့အိမ်ဘက် သွားကြစို့"



"ဘာလုပ်ဖို့လဲ"



"နင့်ကို ပြောစရာရှိလို့"



"အခုပြောလိုက်လို့ မရဘူးလား၊ ဘာလို့ ထူးထူးခြားခြား လုပ်နေရတာလဲ"



လော့မေသည် အလုပ်သိမ်းလာကြသော လူများကို ဝေ့ဝဲကြည့်လိုက်သည်။ "သွားကြစို့၊ ဟိုရောက်ရင် နင် သိလာမှာပါ"



လော့လန်သည် ဆက်မမေးတော့ဘဲ အစ်မဖြစ်သူနောက်သို့ လိုက်သွားခဲ့သည်။ အိမ်ထဲသို့ ဝင်လိုက်သည်နှင့် သက်လတ်ပိုင်း အမျိုးသမီးတစ်ဦး ထိုင်နေသည်ကို တွေ့လိုက်ရသည်။ ဤသူမှာ အရင်နေ့က အောင်သွယ်ဖြစ်သည်။ ဘာတွေဖြစ်ကုန်တာလဲ။ သူမအတွက်ပါ အောင်သွယ်လာလုပ်ပေးတာလား။ အစ်မဖြစ်သူ၏ အမူအရာကို ကြည့်ရသည်မှာ အတော်လေး ကျေနပ်နေပုံရသည်။ ဘယ်သူဖြစ်နိုင်မလဲ။



"ဒါ လန်အာ မဟုတ်လား၊ အို... တာ့ကျိုးက ညီမလေးကို သဘောကျသွားတာ မဆန်းပါဘူး၊ တကယ်ပဲ လှတာကိုး"



နေပါဦး... တာ့ကျိုးဆိုတာ မနေ့က ပြောသွားတဲ့နာမည် မဟုတ်ဘူးလား။ တကယ်ပဲ သူများလား။ လော့လန်က မေးခွန်းထုတ်လိုသော မျက်နှာထားဖြင့် ရှိနေသော်လည်း မေးစရာမလိုလိုက်ဘဲ ထိုအမျိုးသမီးက တိုက်ရိုက်ပင် ဖြေလိုက်သည်။



"ဟုတ်ပါတယ်၊ မနေ့က လာတဲ့လူ ကျိုးချင်းရှန်ပါ၊ ညီမလေး မြင်ဖူးတဲ့လူလေ"



သူမ ခန့်မှန်းတာ မှန်သွားသည်။ အောင်သွယ်ပြောနေသည်မှာ အမှန်ပင် မနေ့က အရပ်ရှည်ရှည်နှင့် အမျိုးသားအကြောင်း ဖြစ်သည်။ အစ်မဖြစ်သူက တောက်ပသော မျက်လုံးများဖြင့် သူမကို ကြည့်နေပြီး တစ်ခုခု ပြောချင်သော်လည်း ဖွင့်မပြောနိုင်ဖြစ်နေသည်။ ညီမဖြစ်သူက ပြတ်သားသူဖြစ်ပြီး ကိုယ်ပိုင်ရွေးချယ်မှု ပြုလုပ်သင့်သည်။



"သူ့မိသားစု အခြေအနေတွေက ဘယ်လိုလဲ၊ သူက ဘာလို့ ကျေးလက် လာပြီး အိမ်ထောင်ဖက်ရှာရတာလဲ"