အပိုင်း ၆၇ (Extra-2)(End)
Viewers 8k

လင်ချင်းဟယ်၏ဒိုင်ယာရီ-၂


 

အဆုံးတွင် လင်ချင်းဟယ် စာပြန်ရခဲ့သည်။ စာရေးသည့်လူမှာ မည်သူမည်ဝါဖြစ်ကြောင်း အစောကြီးကတည်းက ဖော်ထုတ်ခံလိုက်ရပြီမှန်း မသိရှာသေးပါချေ။ စာထဲတွင် ထိုသူက ခွင့်ယူပြီး သူ့ညီမလေးကို ဆေးရုံတွင်စောင့်ပေးနေရသောကြောင့် စာရေးရန်အချိန်မရှိလိုက်ကြောင်း ရှင်းပြထားသည်။ ထို့နောက် ထောက်ပံ့ကြေးစီမံကိန်းအကြောင်း ပျော်ရွှင်စွာပြောပြလာပြီး ဝမ်းဟွာ အ.ထ.က(၁)တွင် ပညာသင်ခွင့်ရရန် ရေကုန်ရေခမ်းကြိုးစားမည်ဖြစ်ကြောင်း ကတိပေးလာသည်။


လင်ချင်းဟယ်မှာ စာကို ခါတိုင်းထက် ပိုကြာအောင် ဖတ်နေမိသည်။ မျက်မှောင်ခပ်ကြုတ်ကြုတ်ဖြင့် စာဖတ်ပြီးသွားသည့်နောက်တွင် စူးယွင်ပို့ထားသည့် ချင်းရွှေ အ.ထ.က(၁)မှ ရီပို့ကတ်ကို ဖွင့်ကြည့်လိုက်သည်။ ထိုအခါ သူ့မျက်မှောင်များ ပိုကြုတ်သွားတော့၏။


အဆင့် ၂၀။ လွန်ခဲ့သည့်လက စာမေးပွဲထက် သုံးနေရာသာတက်လာခဲ့သည်။

 

သုံးဆင့်သာတက်လာနိုင်သည်အထိ ညံ့ဖျင်းလွန်းသည်။ ဤနှုန်းနှင့်ဆိုလျှင် ပထမရဖို့ လမ်းမမြင်ပေ။

 

လင်ချင်းဟယ်၏နှလုံးသားထဲတွင် အနည်းငယ် တုန်လှုပ်သွားသည်။ ထောက်ပံ့ကြေးကို ထိပ်ဆုံးသုံးနေရာစာအထိ တိုးလိုက်ရင်ကောင်းမည်လားဟု သူ အချိန်တစ်ခုကြာ အသေအချာတွေးနေမိ၏။ သို့သော် ထိုအကြံအစည်ကို သူ အေးစက်စွာပင် ပယ်ဖျက်ပစ်လိုက်၏။

 

ချင်းရွှေ အ.ထ.က(၁)မှာတောင် ပထမ မရနိုင်လျှင် သူ့အတွက် ကြိုးစားနေသည်ဟု ပြောရန် အဘယ်မှာ အရည်အချင်းပြည့်မှီတော့မည်နည်း။

 

ထိုအချိန်မှစ၍ စူးယွင်မှာ ထိုကျောင်းသား၏ အပတ်စဥ်စာမေးပွဲရလဒ်များနှင့် လစဥ်စာမေးပွဲရလဒ်များကို လင်ချင်းဟယ်အား အချိန်မီ အီးမေးလ်ပို့ပေးရလေတော့သည်။ သူမမှာ ဇဝေဇဝါဖြစ်မိသော်လည်း ထုတ်တော့မမေးဖြစ်ပေ။ သို့သော် ရံဖန်ရံခါတွင် တိုက်ရိုက်အဝေးလွှင့်စီမံကိန်းနှင့်ပတ်သက်ပြီး လင်ချင်းဟယ်ထံမှ မေးခွန်းများ အမေးခံရတတ်သည်။ ချင်းရွှေ အ.ထ.က(၁)က တိုက်ရိုက်အဝေးလွှင့်အတန်းများကို သေချာဂရုစိုက်လေ့ကျင့်ရဲ့လား၊ စာအသင်အပြက မည်ကဲ့သို့နည်း စသဖြင့်ပင်။

 

လူတိုင်းက လင်ချင်းဟယ်ကဲ့သို့ ပါရမီမပါသဖြင့် ချင်းရွှေ အ.ထ.က(၁)မှာ တိုက်ရိုက်ထုတ်လွှင့်မှု အတန်းနောက်ကို လျှောလျှောရှူရှူ မလိုက်နိုင်ကြကြောင်း စူးယွင်က အထပ်ထပ်ရှင်းပြခဲ့သည်။ ထို့အပြင် ဤကျောင်းသားလေး၏ တိုးတက်မှုအမြန်နှုန်းက ဉာဏ်ကြီးရှင်ဟုပင် ပြောလို့ရနေပြီဖြစ်၏။


တစ်လခန့်ကြာသော် ကျောင်းသားလေး၏ အဆင့်က ထိပ်ဆုံးငါးယောက်ထဲကို တစ်ဟုန်ထိုး တက်လာခဲ့ပြီး လင်ချင်းဟယ်မှာလည်း သူ့ရီပို့ကတ်အကြောင်းကို မေးခွန်းထပ်မထုတ်လာတော့ပေ။ 


သို့သော်လည်း အထက်တန်းပထမနှစ်ပြီးဆုံးခါနီးလာသည်နှင့်အမျှ လင်ချင်းဟယ်အဖို့ စာစောင်များ ရရှိသည့်အရေအတွက်က နည်းသည်ထက်နည်းလာခဲ့သည်။ စာသင်နှစ်ပြီးဆုံးခါနီး တစ်လအလိုတွင်မူ စာလေးတစ်စောင်တောင်မှ မရတော့ပါချေ။

 

ထိုကိစ္စကို လင်ချင်းဟယ်အနေနှင့် ဗွေမယူခဲ့ပေ။ မည်သို့ဆိုစေ နှစ်ဆုံးစာမေးပွဲနီးလာပြီဖြစ်၍ စာရေးရန်အချိန်မရှိသည်မှာ သဘာဝကျပါ၏။ 

 

အစောင့်ခန်းမှ လုံခြုံရေးအစောင့်ကတောင် သူ့ကိုမြင်သည်နှင့် "ဒီနေ့စာမရောက်ဘူး" ဟု ပြောပြောနေသဖြင့် လင်ချင်းဟယ်မှာ စိတ်ပင်ရှုပ်လာရသည်။


အထက်တန်းပထမနှစ်၏ နှစ်ဆုံးစာမေးပွဲကို ဝမ်းဟွာ အ.ထ.က(၁)နှင့် ချင်းရွှေ အ.ထ.က(၁) ကျောင်းနှစ်ကျောင်းလုံး တစ်ပြိုင်တည်းကျင်းပကြသည်။ 


နောက်ဆုံးစာမေးပွဲပြီးဆုံးသွားသည့်အချိန်က ညနေခင်းဖြစ်၏။ လင်ချင်းဟယ်မှာ ဆူညံပွက်လောရိုက်နေသော စာမေးပွဲခန်းထဲမှ ထုံးစံအတိုင်း ထွက်လာခဲ့ပြီး အနောက်ဘက်ကောင်းကင်ကို မျက်စိတစ်ဆုံး မော့ကြည့်လိုက်သည်။ ဆည်းဆာချိန်နေစကြာက တမြေ့မြေ့လောင်ကျွမ်းနေ၏။


လင်ချင်းဟယ်မှာ ဝမ်းဟွာကျောင်း၏အမှတ်စာရင်းကိုမရခင် ချင်းရွှေ အ.ထ.က(၁)၏ နောက်ဆုံးစာမေးပွဲအမှတ်စာရင်းကို အရင်ရရှိခဲ့သည်။


အမှတ်စာရင်း၏ထိပ်ဆုံးမှ နာမည်ကိုမြင်လိုက်ရသည့်တစ်ခဏ လင်ချင်းဟယ်မှာ မဖော်ပြနိုင်သောခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။ သူအလိုရှိပါက မည်သည့်အရာကိုမဆို အလွယ်တကူလုပ်ဆောင်နိုင်ခဲ့ခြင်းကြောင့် ဖြစ်မည်ထင်၏။ ယခုကိစ္စကမူ သူကိုယ်တိုင် ထိန်းချုပ်နိုင်စွမ်းမရှိသည့် တစ်ခုတည်းသော အရာဖြစ်နေလို့နေသည်။ သို့သည့်တိုင် တစ်စုံတစ်ယောက်က သူ့အတွက် ရေကုန်ရေခမ်းကြိုးစားကာ ဖြစ်အောင်လုပ်ပေးခဲ့သည်။


ထိုစဉ်အချိန်က လင်ချင်းဟယ်မှာ သူနှင့် ဘာမှမသက်ဆိုင်သည့်လူတစ်ယောက်က အဘယ့်ကြောင့် သူ့အတွက် အကောင်းဆုံးကြိုးစားပေးနိုင်သနည်းကို နားမလည်ခဲ့ပါချေ။ သို့တိုင် ထိုကဲ့သို့လူမျိုးကို ပိုင်ဆိုင်ရသည်က ကောင်းမွန်သည့်အရာပင် ဖြစ်လိမ့်မည်။ သူ့ဘဝနှင့် ထိုလူ၏ဘဝလမ်းကြောင်းက မတူညီနေသည့်တိုင်အောင်ပင်။ 


ထိုတစ်ဒင်္ဂတွင် လင်ချင်းဟယ်မှာ အလွန်သေချာသော အကြံအစည်တစ်ခုကို တွေးမိခဲ့သည်။ စက်တင်ဘာလရောက်၍ ထိုကောင်လေး ဝမ်းဟွာ အ.ထ.က(၁)သို့ တရားဝင်ပြောင်းလာခဲ့လျှင် အခွင့်ကြုံပါက ထိုကောင်လေးနှင့် သူငယ်ချင်းလုပ်ရန် သူဆန္ဒရှိသည်။ ထိုကောင်လေးကို အကူအညီတချို့လည်း ဖြည့်ဆည်းပေးရန် ဆန္ဒရှိသေးသည်။


အကယ်၍ ထိုကောင်လေးသာ သူ့ထံ သတင်းကောင်းအကြောင်းကို စာရေးပို့ခဲ့ပါလျှင် ဂုဏ်ပြုသည့်အနေနှင့် ပြန်စာရေးပို့ပေးရန်ပင် ဆန္ဒရှိခဲ့လေသည်။


အဆုံးသတ်တွင်မူ နှစ်ဆုံးစာမေးပွဲ မဖြေခင်လမှစ၍ သုံးလတိုင်တိုင် စာစောင်များ ရောက်မလာခဲ့ပါချေ။


ထိုလူက အပျော်လွန်ပြီး သူ့ကို စာရေးရန်ပင် မေ့လျော့နေသည်လား။ လင်ချင်းဟယ်မှာ စိတ်မကြည်မသာဖြစ်နေသည်ကို ဝန်မခံချင်ခဲ့ပေ။ သို့သော် မပျော်မရွှင်ဖြစ်နေသည်ကတော့ အမှန်ပင်။


ဤစိတ်မကြေလည်မှုက နွေရာသီကျောင်းပိတ်ရက်တစ်လျှောက်လုံး စုပြုံနေခဲ့ပြီး ယခင်က ကြိုစီစဥ်ခဲ့သည့် သူ့အကြံအစည်များအားလုံးကိုလည်း ပြန်ရုတ်သိမ်းပစ်လိုက်လေသည်။


ကျောင်းစဖွင့်သည့် စက်တင်ဘာလနံနက်ခင်းတွင် လင်ချင်းဟယ်က ကျောင်းစောစောသွားရန် ရည်ရွယ်ထားသော်လည်း လော်ကျန်းယင်း၏ဟန့်တားခြင်းကို ခံလိုက်ရသည်။ လော်ကျန်းယင်းက ယန်သောလဲ့မှာ အနည်းငယ်နေထိုင်မကောင်းဖြစ်နေသဖြင့် ကျောင်းသို့မသွားချင်ကြောင်း သူ့ကို ပြောပြလာသည်။


လင်ချင်းဟယ်လည်း ယန်သောလဲ့၏အခန်းထဲကိုဝင်သွားလိုက်ပြီး ယန်သောလဲ့ကို ဟန်ဆောင်လှည့်စားခွင့်ပေးလိုက်ကာ ကျောင်းပထမဆုံးနေ့တွင် ခွင့်တိုင်ပေးမည်ဟု ကတိပေးလိုက်သည်။


“ ချင်းဟယ်၊ လဲ့လဲ့အတွက် မှတ်စုရေးပေးဖို့မမေ့နဲ့နော်။ ဆရာက ထိုင်ခုံပြောင်းခိုင်းရင်တောင် မင်းရဲ့ဘေးခုံကို လဲ့လဲ့အတွက် နေရာဦးပေးထားနော်။ လဲ့လဲ့က တန်းခွဲ(၁)ကို ဝင်ခွင့်ရဖို့ တအားကြိုးစားခဲ့ရတာ…”


မထွက်ခွာခင်တွင် လော်ကျန်းယင်းက သူ့ကို မှာကြားလိုက်သည်။


လင်ချင်းဟယ်၏ ခြေလှမ်းများ ရပ်တန့်သွားပြီး စိတ်ဆိုးဒေါသထွက်ခြင်းမရှိဘဲ ခေါင်းညိတ်သဘောတူလိုက်သည်။


ယန်သောလဲ့အတွက် မှတ်စုထုတ်ပေးရခြင်း၊ စာပြန်သင်ပေးရခြင်းက သူ့အတွက် ထုံးစံလိုပင် ဖြစ်နေလေပြီ။ ယင်းက သူအတန်းမကျော်ဘဲ တစ်တန်းပြီးတစ်တန်း မှန်မှန်တက်ခဲ့ရသည့် အကြောင်းအရင်းထဲမှ တစ်ခုလည်းဖြစ်လေသည်။


“ မင်း ဒီနေ့မှ ဘာဖြစ်လို့အလျင်လိုနေတာလဲ…”


လင်ချင်းဟယ်က တောင့်ခနဲဖြစ်သွားပြီး စကားတစ်ခွန်းသာပြောလိုက်သည်။


“ ကျွန်တော်ကျောင်းနောက်ကျတော့မယ်…”


ကျောင်းဖွင့်သည့်ပထမဆုံးနေ့ဖြစ်သောကြောင့် လမ်းမပေါ်တွင် ကားကြပ်နေမည်မှာ မြေကြီးလက်ခတ်မလွဲပင်။ ကားဒရိုင်ဘာက ပုံမှန်အတိုင်းပင် လင်ချင်းဟယ်ကို ကျောင်းလိုက်ပို့ပေးသည်။ သူ ကျောင်းဂိတ်ပေါက်သို့ရောက်သောအခါ ကျောင်းတက်ခေါင်းလောင်းပင် မြည်သွားခဲ့ပြီဖြစ်၏။


တစ်စုံတစ်ယောက်က သူ့အား သုံးလကြာ စာတစ်စောင်မှ မပို့လာသောကြောင့် စိတ်ဆိုးနေဆဲဖြစ်သော်လည်း ထိုကောင်လေးက အခြားကျောင်းသားများကဲ့သို့ပင် ဝမ်းဟွာကျောင်းအဆောင်သို့ ရွေ့ပြောင်းလာပြီးဖြစ်သည်ကို သူ အတန်းပိုင်ဆရာမှတစ်ဆင့် ကြားသိခဲ့ရပြီးဖြစ်သည်။


ထောင်ရှီးအတွက်ဆိုလျှင် လင်ချင်းဟယ်က ပုံပန်းသွင်ပြင်ကို လုံးဝဥဿုံ ဂရုမစိုက်ပါချေ။ တောင်တန်းဒေသတွင် တွေ့မြင်နေကျဖြစ်သည့် သာမန်ရုပ်ရည်မျိုးဟုသာ သူပုံဖော်မြင်ယောင်ထားသည်။ မည်သို့ဆိုစေ သူက လူတစ်ယောက်၏ရုပ်ရည်ကိုကြည့်၍ ဘယ်သောအခါမှ အကဲမဖြတ်ဖူးပါချေ။


စက်တင်ဘာလအစတွင် ကောင်းကင်ယံကကြည်လင်ကာ လေပြည်လေညှင်းကလည်း လတ်ဆတ်နေသည်။ လင်ချင်းဟယ်က ရေခဲစိမ် ဓာတ်ဆားရေဘူးကိုကိုင်၍ နေပူပူထဲမှ စာသင်ခန်းထဲသို့ ဝင်လာပြီး တံခါးနားတွင် ခြေလှမ်းများ ရပ်လိုက်သည်။


စတိတ်စင်ပေါ်ရှိ ကျိုးချန်နှင့် အသားဖြူဖြူကောင်လေးတစ်ယောက်က သူ့ကို တစ်ပြိုင်တည်းလိုလို လှည့်ကြည့်လာကြသည်။


ဤရုပ်ရည်ကြည့်ကောင်းသည့်ကောင်လေးက မည်သူလဲကို လင်ချင်းဟယ် အလိုလိုသိလိုက်သည်။ ကောင်လေးက ဗီလာရှိ ပုံတူဓာတ်ပုံထဲမှ လူတစ်ယောက်နှင့် အလွန်ဆင်တူသော မျက်ဝန်းတစ်စုံဖြင့် သူ့အားကြည့်နေခဲ့သည်။ သူ့မျက်ဝန်းထဲတွင် အံ့ဩခြင်းအရိပ်အယောင်များ တိတ်တဆိတ် ပြည့်နှက်သွားရသည်။ 


လင်ချင်းဟယ်က မသိမသာမျက်မှောင်ကြုတ်ကာ အကြည့်လွှဲလိုက်ပြီး သူ့အား ကရားရေလွှတ် မြည်တွန်တောက်တီးနေသည့် ကျိုးချန်ကို ဝတ်ကျေတန်းကျေ တုံ့ပြန်စကားပြောလိုက်သည်။


နောက်ပိုင်းတွင် လင်ချင်းဟယ် ထိုမြင်ကွင်းကို ပြန်တွေးမိချိန်တိုင်း ထိုစဉ်က သူ့နှလုံးသားထဲမှ ရှုပ်ထွေးနေသည့်ခံစားချက်များကို သတိရမိနေဆဲဖြစ်လေ၏။ 


သူက ဖန်းဆွေ့နှင့်အလွန်တူလွန်းသည်။ မသိလျှင် ဖန်းဆွေ့၏သားအရင်းလိုပင်။


ယင်းက ထောင်ရှီးအပေါ် သူ၏ပထမဆုံးအမြင်ဖြစ်ပြီး နောက်ပိုင်း သူတို့၏ပတ်သက်မှုက နက်ရှိုင်းလာသောအခါ ထိုအမြင်ကို ရည်ရွယ်၍ဖြစ်စေ၊ မရည်ရွယ်၍ဖြစ်စေ သူ ဘေးခေါက်ထားခဲ့သည်။


သို့တိုင် ထိုအရာက ရှေ့ဖြစ်ဟောကိန်းဖြစ်နေလိမ့်မည်ဟု သူမထင်ထားခဲ့ပါချေ။ သူ၏ပထမဆုံးအမြင်က နောက်ပိုင်း ပေါ်ထွက်လာမည့် အမှန်တရားနှင့် တစ်ထပ်တည်းတူညီနေခဲ့ပေသည်။


“ မင်းက အတန်းဖော်အသစ်လေးရဲ့ မိတ်ဆက်စကားပြောတာကို လွတ်သွားတယ်။ လာ၊ ငါမင်းကို မိတ်ဆက်ပေးမယ်။ ဒီအတန်းဖော်အသစ်လေးရဲ့နာမည်က ထောင်ရှီးတဲ့၊ ချင်းရွှေတစ်ခရိုင်လုံးမှာ ပထမရတဲ့သူ။ သူက ရှေ့လျှောက်မှာ မင်းရဲ့ထိုင်ခုံဖော်ထိုင်ခုံဖက် ဖြစ်လာနိုင်မယ်လို့ထင်လား...”


ကျိုးချန်က နှုတ်ဆိတ်လျက် ကြောင်တောင်တောင်ဖြစ်နေသည့် ကောင်လေးကိုဆွဲကာ လင်ချင်းဟယ်ဘက်သို့ တွန်းပို့ပေးလိုက်သည်။


“ မထင်ဘူး ”


လင်ချင်းဟယ်က အေးစက်စွာ ငြင်းပစ်ခဲ့သည်။ သူက အခြားသူများနှင့် နီးနီးကပ်ကပ် မနေချင်ပါချေ။ ယန်သောလဲ့ ရောက်လာသည့်အခါ ပြဿနာရှာမည်ကိုလည်း မမြင်ချင်ပေ။


မျက်နှာထိမျက်နှာထားဖြင့် ကျိုးချန်က သူ့ကို ဖျောင်းဖျနေပြီး သူ့ကို မျက်လုံးမှိတ်ကာ အချက်ပြသည်။


စတိတ်စင်ပေါ်မှ ကောင်လေးက ခေါင်းငုံ့ကာ နှုတ်ခမ်းကိုတင်းစေ့ထားပြီး သနားစဖွယ်ပုံစံလေး ဖြစ်နေသည်။ 


ဤကောင်လေးက ဟန်ဆောင်နေမှန်း လင်ချင်းဟယ် သိလိုက်သောကြောင့် အနည်းငယ် ရယ်ချင်သွားသည်။ ပုံမှန်ဆိုလျှင် စိတ်ကြီးဝင်နိုင်လွန်းသည့်သူ့ကို မျက်ဖြူလှန်ပြပြီး ဆဲရေးတိုင်းထွာလာလိမ့်မည်။


အဆုံးတွင် လင်ချင်းဟယ်က ကျိုးချန်၏စည်းရုံးမှုကို မယုတ်မလွန်သာ တုံ့ပြန်လိုက်ပြီး သူ့ထိုင်ခုံသို့ သွားထိုင်ကာ သူ၏ထိုင်ခုံဖော်အသစ်လေးကို မျက်စိစုံမှိတ်၍ လက်ခံလိုက်တော့သည်။


လွန်ခဲ့သည့်သုံးလက စာစောင်ပေါင်း ၆၈ စောင်ရရှိခဲ့သော လင်ချင်းဟယ်အနေနှင့် ထောင်ရှီး၏ ပင်ကိုယ်စရိုက်ကို စာစောင်မှတစ်ဆင့် အနည်းအကျဉ်း သိရှိနေခဲ့ပြီးဖြစ်သည်။


ထောင်ရှီးက အလွန်သန်မာသည့်စိတ်ထားမျိုးနှင့် လူတစ်ယောက်ဖြစ်လိမ့်မည်ဟု သူထင်သည်။ သူ့တွင် ရည်မှန်းချက်တစ်ခုရှိလျှင် မဖြစ်ဖြစ်အောင် ရယူနိုင်စွမ်းရှိသည်။ ထို့ကြောင့် အားနည်းတွန့်ဆုတ်ပုံစံမျိုး လုပ်ပြခြင်းက အများအားဖြင့် ဟန်ဆောင်မှုသာဖြစ်လိမ့်မည်။


တစ်ချိန်တည်းတွင် ထောင်ရှီးက တသီးတသန့်နေတတ်သူဖြစ်လိမ့်မည်ဟု လင်ချင်းဟယ် ထင်ခဲ့မိသည်။ သူက စာစောင်ထဲတွင် အခြားအတန်းဖော်များ၊ သူငယ်ချင်းများအကြောင်းကို ရေးလေ့ရေးထမရှိပေ။ သူ့ညီမလေးအကြောင်းမှလွဲ၍ မိသားစုအကြောင်းကိုလည်း ရေးလေ့မရှိပါချေ။


လက်တွေ့ဘဝတွင် သူက လူအများနှင့် ဆက်သွယ်မှုအားမကောင်းခြင်းကြောင့် ဖြစ်မည်။ အင်တာနက်ပေါ်တွင်သာ တက်ကြွပြီး လက်တွေ့ဘဝတွင် နှုတ်ဆိတ်နေတတ်သည့် အချို့လူများကဲ့သို့ပင်။ ထောင်ရှီးက အင်တာနက်မသုံးသောကြောင့် လင်ချင်းဟယ်ကိုရေးပို့သည့် စာထဲတွင်သာ ဖျတ်လတ်တက်ကြွနေခြင်း ဖြစ်ဟန်တူသည်။


သူ့ကို စာရေးနေသည့်အချိန်တွင်သာ ထောင်ရှီးက ပျော်ရွှင်တက်ကြွမှုများ ပေါ်လာခဲ့ခြင်းဖြစ်မည်။


သို့သည့်တိုင် အဖြစ်မှန်က လင်ချင်းဟယ်၏အကဲဖြတ်မှု မှားယွင်းသွားပြီဖြစ်ကြောင်း ပြောပြခဲ့လေသည်။


လင်ချင်းဟယ်က ထိုင်ခုံတွင်ထိုင်ပြီးသည်နှင့် ဉာဏ်စမ်းစာအုပ်ကိုထုတ်ကာ နားကြပ်တပ်၍ စာစလေ့လာသည်။ သူ့မျက်ဝန်းထောင့်ကမူ ထောင်ရှီးက သူ့ဘယ်ဘယ်ရှိ ထိုင်ခုံတွင် ညင်သာစွာ ထိုင်ချလိုက်ကြောင်း မြင်လိုက်ရသည်။ ထိုသူက တရုတ်ဘာသာစကား စာအုပ်ကို လွယ်အိတ်ထဲမှ ထုတ်လိုက်ပြီး စာရေးခုံပေါ်တင်လိုက်သည်။ ညာဘက်လက်ကမူ အနက်ရောင်ဂျယ်လ်ဘောပင်ကို သာမန်ကာလျှံကာ ကိုင်ထားသည်။ သူ၏လက်က ဖြူအုနေသဖြင့် သွေးကြောပြာပြာများကိုပင် အထင်းသားမြင်နေရသည်။


တစ်ခုခုပြောစရာရှိသကဲ့သို့ ထောင်ရှီး၏အကြည့်များက သူ့ထံ ရောက်ရောက်လာကြောင်း လင်ချင်းဟယ် သတိထားမိသည်။ သို့တိုင် ထိုသူက ထုတ်မပြောခဲ့ပါချေ။


အတန်းပိုင်ဆရာ အတန်းထဲမှ ထွက်သွားသည်နှင့်တစ်ပြိုင်နက် စာသင်ခန်းက ဆူညံလာပြန်သည်။ အရှေ့ခုံတွင် ထိုင်နေသော ပိချန်ဖေးက စပရင်ကဲ့သို့ နောက်လှည့်လာပြီး ထောင်ရှီးကို မေးခွန်းများမေးနေသည်။ ချင်းရွှေ အ.ထ.က(၁)မှ စာရေးပို့ကြသည့်အကြောင်းအရာသို့ ရောက်သောအခါ ထောင်ရှီး၏ခန္ဓာကိုယ်က တောင့်ခနဲဖြစ်သွားသည်ကို လင်ချင်းဟယ် သတိထားမိလိုက်သည်။ ထိုတစ်ဒင်္ဂတွင် ဘာအမူအရာမှမပေါ်စေဘဲ ထောင်ရှီးကို သူ လှည့်ကြည့်လိုက်သည်။


ခဏကြာသော် သူတို့ခုံသို့ လူတစ်ယောက်ပြီးတစ်ယောက် ရောက်လာသည်။ ထောင်ရှီးက ညာလက်ထဲတွင် ဘောပင်တစ်ချောင်းကိုင်ထားရင်း ပြုံးရယ်လျက် ကျောင်းသားများနှင့် လိုက်လျောညီထွေစွာ ပြောဆိုဆက်ဆံနေသည်။ သူက ကျောင်းသားအများစု၏နာမည်ကို ပြောနိုင်ရုံတင်မကဘဲ ပေါ့ပေါ့ပါးပါးပင် ရယ်မောနေသည်။


တဖြည်းဖြည်း ဆူညံလာသော ပတ်ဝန်းကျင်က လင်ချင်းဟယ်အား စိတ်ရှုပ်လာစေသည်။ သူ မျက်မှောင်ကြုတ်ကာ ဖုန်းကိုကောက်ကိုင်လိုက်ချိန်၌ ဖုန်းဝင်လာသည်နှင့်တိုက်ဆိုင်သွားပြီး ဖုန်းဖြေရန် စာသင်ခန်းအပြင်သို့ ထွက်လာခဲ့သည်။


တရုတ်စာအတန်းချိန်တွင် ဟယ့်ဝမ်ကျောင်းက ထောင်ရှီး၏ ထူးကဲပြောင်မြောက်သည့် “လမင်းကိုပြေးလိုက်သောလူတစ်ယောက်”ဟူသော စာစီစာကုံးအကြောင်းကို ပြောလာသည်။ ထိုစာစီစာကုံးကြောင့်သာ လင်ချင်းဟယ်အနေနှင့် ထောင်ရှီး၏ပုံစံအမှန်ကို သိနိုင်ခဲ့ခြင်းဖြစ်သည်။ ထိုတစ်ဒင်္ဂတွင် သူ့ဘေး၌ ထိုင်နေသည့်လူက ရှက်ကိုးရှက်ကန်းဖြစ်သွားသည်ကို သူ သတိပြုမိလိုက်သည်။


လင်ချင်းဟယ်မှာ မိန်းကလေးအဖြစ်ဟန်ဆောင်ပြီး စာများရေးခဲ့ကြောင်း ထောင်ရှီး သူ့ကို ဝန်ခံလာမည့်အချိန်ကို ကြိုတွေးပြီး စိတ်ထဲ၌ ရယ်မိသွားသည်။


ခဏအကြာတွင်မူ ဟယ့်ဝမ်ကျောင်းက လင်ချင်းဟယ်ဘက်သို့ စကားဦးလှည့်လာပြီး သူ၏သရုပ်ဖော်စာစီစာကုံးက ခံစားချက်မဲ့နေသည်ဟု ပြောလာသည်။ ဤကဲ့သို့ ဝေဖန်မှုမျိုးကို လင်ချင်းဟယ် ကျင့်သားရနေပြီဖြစ်သော်လည်း သူ့ဘေးကလူထံမှ ဘွင်းဘွင်းရှင်းရှင်း ရယ်သံကို ကြားလိုက်ရလေသည်။ 


လင်ချင်းဟယ်က ထောင်ရှီးကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။ ထိုအခါ ထိုလူမှာ အပြစ်ကင်းစင်သော မျက်နှာထားဖြင့် သူ့အား ကြောက်ကြောက်လန့်လန့် လှည့်ကြည့်လာသည်။ မျက်နှာထားကမူ သူ စိတ်ဆိုးဒေါသထွက်အောင် တမင်ဆွပေးနေသည့် အရိပ်အယောင်များနှင့်ပင်။


သူ အကြည့်ပြန်လွှဲလိုက်ပြီး ထောင်ရှီးကို အပြစ်ကင်းစင်ကာ တသီးတသန့်နေတတ်သူဟု အဘယ်ကြောင့်များ ထင်ခဲ့ရသနည်းဟု သူ့ကိုယ်သူ ပြန်မေးနေမိလေသည်။ ထောင်ရှီး ဤနေရာနှင့်နေသားမကျမှာ၊ အနိုင်ကျင့်ခံရမှာ၊ ဖယ်ကြဥ်ခံရမှာကိုပင် သူ စိတ်ပူနေခဲ့သေးသည်။


ရက်အနည်းငယ်ခန့်အကြာတွင် ထောင်ရှီး၏စရိုက်ကို လင်ချင်းဟယ် ထပ်မံနားလည်လာခဲ့သည်။ သူက တသီးတသန့်မနေဘဲ အခြားသူများနှင့် လိုက်လျောညီထွေ နေတတ်သည်။ လင်ချင်းဟယ်ထံမှ အေးစက်စက် ဆက်ဆံခံရလျှင်ပင် တည်ငြိမ်စွာ ရင်ဆိုင်နိုင်စွမ်းရှိသည်။


ဤကဲ့သို့ စရိုက်မျိုးရှိသူက အပြိုင်အဆိုင်များသော အတန်းထဲတွင် အနိုင်ကျင့်ခံရမည့်သူမျိုး မဟုတ်ပါချေ။ ထောင်ရှီးက ဝမ်းဟွာ အ.ထ.က(၁)တွင် အေးချမ်းစွာ နေရလိမ့်မည်ဟု လင်ချင်းဟယ် ထင်ထားခဲ့သော်လည်း ထိုနေ့တွင် အလှည့်အပြောင်းတချို့ ဖြစ်လာခဲ့သည်။


ထောင်ရှီးက ယန်သောလဲ့နှင့် ပထမဆုံးစတွေ့သည့်နေ့တွင် အဘယ်ကြောင့်များ ရုတ်တရက်ကြီး စိတ်လွှတ်သွားခဲ့ရသနည်းကို လင်ချင်းဟယ် အတော်ကြာသည့်တိုင် စဉ်းစားမရခဲ့ပါချေ။


ထိုနေ့မှ၍ ထောင်ရှီး၏ ရုတ်တရက်ပြောင်းလဲမှုများကို သူ သတိထားမိလာခဲ့သည်။ ရံဖန်ရံခါတွင် ထောင်ရှီးက စိတ်အားငယ်သည့်ပုံစံမျိုး ဖြစ်နေတတ်ပြီး ယန်သောလဲ့နှင့် တွေ့သည့်အခါတွင်မူ ရန်လိုနေတတ်သည်။


လင်ချင်းဟယ်နှင့် မျက်နှာချင်းဆိုင်ရလျှင်လည်း ထောင်ရှီးက ယခင်ကလို တည်ငြိမ်မနေတော့ဘဲ အထိခိုက်လွယ်လာကာ သံသယများလည်း လွန်ကဲလာသည်။


မှတ်စုစာအုပ်ကို ထောင်ရှီးအား မငှားဘဲ ယန်သောလဲ့ကို ပေးလိုက်ခြင်းကြောင့်လားဟု လင်ချင်းဟယ် ထင်လိုက်သော်လည်း ထိုဖြစ်နိုင်ချေကို သူ ပယ်ဖျက်လိုက်သည်။


ထိုနေ့ ကာယချိန်တွင် ထောင်ရှီးက သူ ဘတ်စကတ်ဘောကစားသည်ကို ကြည့်ချင်နေသည်ဟု ခံစားမိသဖြင့် လင်ချင်းဟယ်လည်း ပိချန်ဖေး၏ကမ်းလှမ်းမှုကို လက်ခံခဲ့သည်။


ဘတ်စကတ်ဘော ကစားပွဲက သိပ်တော့ စိတ်ဝင်စားစရာမကောင်းပါချေ။ လင်ချင်းဟယ်မှာ ကစားပွဲကို အာရုံစိုက်၍မရပေ။ ထောင်ရှီး၏အကြည့်များက သူ့ထံသို့ တစ်ချိန်လုံး လိုက်ပါနေကြောင်း သူ ခံစားမိနေသည်။ ယင်းက ထောင်ရှီး၏ဘေးတွင် ယန်သောလဲ့ ပေါ်မလာခင် အချိန်အထိပင်။ ထိုနှစ်ယောက်က စကားအနည်းငယ် ပြောကြပြီးနောက်တွင် ထောင်ရှီး၏ လောလောလတ်လတ် တိုးတက်လာသည့် စိတ်အခြေအနေက ရုတ်တရက် ညှိုးငယ်သွားပြန်သည်။


လင်ချင်းဟယ်က ထိုအကြည့်များကို အာရုံစိုက်နေသောကြောင့် မတော်တဆဖြင့် ဘတ်စကတ်ဘောလွင့်သွားသည့်အခါ ဖြစ်ကြောင်းကုန်စင်ကို သေချာမြင်လိုက်ရသည်။ ဘတ်စကတ်ဘော၏မူလလမ်းကြောင်းက ယန်သောလဲ့ဆီသို ဦးတည်လွင့်သွားခြင်းပင်။


သို့သော် ထောင်ရှီးက ယန်သောလဲ့အတွက် ကာပေးလိုက်သည်။ သူ ရှောင်တိမ်းသည်ဖြစ်စေ၊ ယန်သောလဲ့ကို ဆွဲလိုက်သည်ဖြစ်စေ လုပ်လိုက်၍ရသော်လည်း သူက ဘောလုံးကို တမင်အတိုက်ခံလိုက်လေသည်။


ထောင်ရှီး တမင်လုပ်မှန်း လင်ချင်းဟယ် သိသည်။ သူ စိတ်ရှုပ်ကာ ဘဝင်မကျဖြစ်သွားသည်။


ကျောင်းဆေးခန်းမှ ပြန်လာသည့်လမ်းတွင် တော်လှပြီဟု ထင်နေသည့်ထောင်ရှီး၏ လှည့်စားမှုများကို သူ တစ်စစီဖော်ထုတ်ပစ်လိုက်သည်။ ဆယ်ကျော်သက်ကောင်လေးမှာ အပြစ်လုပ်မိနေစဉ် မိသွားသည့် ကလေးတစ်ယောက်လို တစ်ခဏချင်း မျက်နှာဖြူဖျော့သွားသည်။ သူက အချိန်ကြာမြင့်စွာ တိတ်ဆိတ်နေခဲ့ပြီး အထစ်ထစ်အငေါ့ငေါ့ဖြင့် သူနှင့် သူငယ်ချင်းဖြစ်ချင်ကြောင်း ပြောလာခဲ့သည်။


လင်ချင်းဟယ်က ဤအကြောင်းပြချက်ကို လက်မခံချင်ခဲ့ပေ။ ထောင်ရှီးက မိမိကိုယ်မိမိ ထိခိုက်အောင်လုပ်ခဲ့၍ သူ ဒေါသထွက်မိသည်။ ထို့အပြင် ဤမျှအသေးအဖွဲကိစ္စလေးကို စိတ်ထဲထည့်နေသည့် သူ့ကိုယ်သူလည်း ဒေါသထွက်မိသည်။ 


ထောင်ရှီးကို ဝမ်းဟွာ အ.ထ.က(၁)တွင် ကောင်းကောင်းစာသင်ပြီး သူ့ဘဝကိုပြောင်းလဲစေနိုင်မည့် အခွင့်အရေးကို တန်ဖိုးထားစေချင်ခဲ့သည်။


အကယ်၍ ထောင်ရှီးက သူနှင့် သူငယ်ချင်းဖြစ်ချင်ဆိုလျှင်တောင် သူ့အာရုံစိုက်မှုကိုရရှိရန် အဘယ်မှာ ဤကဲ့သို့ကိစ္စမျိုးကို လုပ်စရာလိုအပ်မည်နည်း။


လင်ချင်းဟယ်က ထောင်ရှီးကို စိုက်ကြည့်လိုက်သည်။ ထိုမျက်လုံးစိုစိုများက မကျေနပ်ချက်များကို ဖုံးကွယ်လိုသည့်အလား မျက်လွှာချကာ သူ့အကြည့်များကို ရှောင်ဖယ်နေသည်။


လင်ချင်းဟယ် ခဏတွန့်ဆုတ်သွားသော်လည်း အဆုံး၌ တန်းခွဲ(၁)တွင် ဆက်နေနိုင်ရန် စာသေချာကြိုးစားပြီး အဓိပ္ပာယ်မရှိသောအရာများ မလုပ်ရန် မာမာထန်ထန် ပြောလိုက်သည်။


ပို၍အရေးကြီးသည့်အချက်မှာ ပြောစရာတစ်ခုခုရှိလျှင် သူ့ကို တိုက်ရိုက်လာပြောရန်နှင့် သူနားထောင်ပေးမည် ဖြစ်ကြောင်းကိုပင်။ 


ထောင်ရှီးကို ယန်သောလဲ့အား ပစ်မှတ်ထားနေခြင်းမှ ရပ်တန့်ပြီး စာကိုသေချာလုပ်ရန် လင်ချင်းဟယ်မျှော်လင့်ခဲ့သည်။

 

သို့သော် လင်ချင်းဟယ် ထင်မထားခဲ့သည်မှာ ထောင်ရှီးက ထိုနေ့မှစ၍ စာကိုတကယ်ကြီး အပြင်းအထန်လေ့လာနေပြီး သူ့ကိုမူ မရှိသည့်လေအလား ဆက်ဆံနေခဲ့သည်။ 


တစ်ချိန်လုံး ခေါင်းတငုံ့ငုံ့ဖြင့် အဖြေလွှာစာရွက်များလေ့ကျင့်ပြီး အတန်းဆင်းသည်နှင့် စာသင်ခန်းထဲမှ ဒရောသောပါးထွက်ပြေးသွားတတ်သော ထောင်ရှီးကို လင်ချင်းဟယ် အေးတိအေးစက် စောင့်ကြည့်နေခဲ့သည်။ မသိလျှင် ဘေးတွင် ထိုင်နေသည့်သူက ကြမ်းကြုတ်သည့်နတ်ဘုရားတစ်ပါး ဖြစ်နေသည့်အလားပင်။ နေ့လယ်ခင်းနားချိန်တွင်တောင်မှ ထောင်ရှီးက ကိုယ့်နေရာကိုယ် ထိုင်ရမည့်အစား အတန်းဖော်မိန်းကလေးကို ကျောက်သင်ပုန်းပေါ်တွင် ပုံကူဆွဲပေးပြီး အချိန်ဖြုန်းနေသည်။


လင်ချင်းဟယ်မှာ သူကိုယ်တိုင်ပင် နားမလည်နိုင်အောင် ဒေါသများထွက်လာခဲ့သည်။ သူ၏နောက်ဆုံးစကားက ထောင်ရှီး၏ကိုယ်ပိုင်ပုံရိပ်ကို ထိခိုက်စေခဲ့ဟန်တူကြောင်း သူသိပေ၏။ သို့သော် သူ အေးစက်စွာပင် နေမြဲနေခဲ့ပြီး ထောင်ရှီးအား ကိုယ့်ကိုယ်ကိုယ် သုံးသပ်စေချင်ခဲ့သည်။


တစ်ပတ်ခန့်ကြာသွားသည်အထိ ဤလူက သူ့ကို ကပ်ရောဂါတစ်ခုလို ရှောင်ဖယ်နေဆဲဖြစ်၏။ ယင်းက ထိုင်ခုံနေရာများ ပြောင်းကြရမည့် တစ်ပတ်တာ၏နောက်ဆုံးနေ့အထိ ဖြစ်လေ၏။ အဆုံးတွင် ထောင်ရှီးက သူ့ကို တစ်ခုခုပြောချင်နေကြောင်း လင်ချင်းဟယ် သတိထားမိသွားသည်။ သို့တိုင် ထိုသူက လုံးဝထုတ်ပြောမလာခဲ့ပါချေ။


ဤသို့ တွန့်ဆုတ်တွန့်ဆုတ်နှင့် စိတ်သောကရောက်နေပုံက လင်ချင်းဟယ်ကိုပါ တစ်စိတ်တစ်ပိုင်း ကူးစက်လာပြီး အာရုံများလွင့်နေစေခဲ့သည်။


ခဏကြာသော် ထောင်ရှီးက မှတ်စုစာရွက်ကို ဆုတ်ဖြဲပြီး ခေါင်းငုံ့၍ တစ်ခုခုရေးနေသည်ကို သူ မြင်လိုက်ရသည်။ ထို့ကြောင့်ပင် အတန်းဆင်း၍ ယန်သောလဲ့ သူ့ကိုလာခေါ်သည့်တိုင် မလိုအပ်သော အိမ်စာကို ခဏကြာအောင် ရေးနေခဲ့သည်။ သို့သော် ထောင်ရှီးက  စာသင်ခန်းအပြင်သို့ထွက်ခွာသွားပြီး မှတ်စုကို သူ့အား မပေးခဲ့ပါချေ။


ချိုးရှစ်ဆောင်၏ အပေါ်ဆုံးထပ် ဖျော်ဖြေရေးခန်းမထဲတွင် လင်ချင်းဟယ်က တီးဝိုင်းအဖွဲ့သားများနှင့်အတူ ဤစာသင်နှစ်အတွက် တာဝန်ပေးအပ်ထားသည့် 'မယ်ရီခရစ္စမတ် မစ္စတာလောရန့်'၏ တေးသွားကို လေ့ကျင့်နေခဲ့သည်။ ယင်းက သူအလွန်သဘောကျသော တေးသွားဆိုလည်းဟုတ်သည်။


သူ စန္ဒရားတီးနေစဥ် အမှတ်တမဲ့ဖြင့် တံခါးအပြင်ကို လှည့်ကြည့်လိုက်သောအခါ မှောင်မှောင်မည်းမည်းထောင့်လေးတွင် မှန်သားပြင်ကြားမှတစ်ဆင့် သူ့အား ငေးကြည့်နေသည့် ထောင်ရှီးကို တွေ့လိုက်ရလေသည်။ 


ထိုမျက်ဝန်းများက ကြည်လင်သန့်ရှင်းသည့် တောင့်တမှုများဖြင့် ပြည့်လျှံနေခဲ့သည်။ တံခါးတစ်ချပ်သာ ခြားနေသည့်တိုင် အခြားကမ္ဘာတစ်ခုမှ လက်လှမ်းမမီနိုင်သော အရာတစ်ခုကို မျှော်ငေးကြည့်နေသကဲ့သို့ပင်။ 


လင်ချင်းဟယ်က အကြည့်များကို အမြန်ပြန်ရုတ်သိမ်းလိုက်ပြီး စန္ဒရားခလုတ်များကို တည်ငြိမ်စွာ အကြည့်ပို့လိုက်ကာ တေးသွား၏ အမြင့်ဆုံးသံစဥ်ကို လက်ချောင်းသွယ်သွယ်များဖြင့် ဆက်လက်တီးခတ်လိုက်သည်။ အမှားတစ်ခုလုပ်မိသွားသည့်သူ့ကို ဂီတမှူးက တစ်ချက်လှည့်ကြည့်ကာ သတိပေးလာသည်။


သူ တံခါးဘက်ကို ပြန်လှည့်ကြည့်လိုက်သည့်အခါ မကြာသေးခင်ကမှ ရှိသေးသည့် ထိုလူ၏ပုံရိပ်လေးက ပျောက်ကွယ်လို့သွားလေပြီ။ 


လင်ချင်းဟယ်က လေ့ကျင့်ရာမှ စောစောပြန်လာခဲ့သည်။


ဖျော်ဖြေရေးခန်းမတွင် ထောင်ရှီး၏ မျှော်လင့်တောင့်တကာ ကြောက်ရွံ့နေသည့် အကြည့်များကို တွေ့လိုက်ရသည့်တစ်ခဏ သူ့နှလုံးသားက ပျော့ပျောင်းသွားကြောင်းကိုတော့ ဝန်မခံချင်လည်း ဝန်ခံရပေမည်။ 


လင်ချင်းဟယ် စာသင်ခန်းထဲသို့ ပြန်လာခဲ့ချိန်၌  ထောင်ရှီးကို တစ်ယောက်တည်း တွေ့လိုက်သည့်အခါ မအံ့ဩမိပေ။ ထို့အတူ ထောင်ရှီး၏သဘောထားက သူ့အပေါ်  မာကျောနေသည်ကိုလည်း မအံ့ဩမိပေ။ 


ထောင်ရှီး၏ လေသံမာမာကို သူ ခွင့်လွှတ်ပေးလိုက်ပြီး အဖြေလွှာများကို တစ်ခုပြီးတစ်ခု အမှတ်စစ်ပေးလိုက်သည်။ ပြီးသော် တန်းခွဲ(၁)တွင်နေရန် သူ့အမှတ်များက မည်မျှကွာဟလွန်းသေးကြောင်း သုံးသပ်ပြပြီး မည်သို့တိုးတက်အောင်လုပ်ရမည်ကိုလည်း ပြောပြလိုက်သည်။


ထောင်ရှီးက မြန်ဆန်စွာ ယဥ်ပါးလာသည်ကို လင်ချင်းဟယ် သတိထားမိလိုက်သည်။ သူ့ပုခုံးပေါ်မှ ဆူးချွန်များသည်လည်း တဖြည်းဖြည်းပြေလျော့လာပြီး စားပွဲပေါ်လှဲကာ လက်မောင်းနှစ်ဖက်ပေါ်ခေါင်းတင်၍ လင်ချင်းဟယ်ကို လိုက်ကြည့်နေသည်။ မေးစေ့ဖြင့် အချိန်အကြာကြီးထောက်ထားသောကြောင့် သူ့လက်ဖျံပေါ်တွင် နီနီရဲရဲအကွက်တစ်ကွက် ဖြစ်ပေါ်နေသည်။ သူက လင်ချင်းဟယ်၏လက်ထဲမှ အဖြေလွှာစာရွက်ကို စူးစိုက်စွာလိုက်ကြည့်နေပြီး ရံဖန်ရံခါတွင်မူ မျက်တောင်ထူထူများကို ပင့်မြှောက်၍ လင်ချင်းဟယ်ကို ခိုးကြည့်တတ်သည်။


လင်ချင်းဟယ်နှင့် အကြည့်ချင်းဆုံသွားလျှင် ထောင်ရှီးက အကြည့်လွှဲသွားပြီး အဖြေလွှာများကို ပြန်ကြည့်ကာ ကျိုးနွံသောလေသံဖြင့် နားလည်ပြီဖြစ်ကြောင်း ပြောလေသည်။ 


ထောင်ရှီးက အလွန်လိမ္မာသော အိမ်မွေးတိရစ္ဆာန်လေးတစ်ကောင်လို လင်ချင်းဟယ် ခံစားလိုက်ရသည်။ သူလည်း စိတ်အခြေအနေကောင်းမွန်သွားပြီး ထောင်ရှီးကို ဘာပြောချင်နေလဲဟူ၍ သူ့ဘက်ကစပြီးမေးလိုက်သည်။ သူနှင့်ထိုင်ခုံဖော်ဆက်လုပ်ချင်ကြောင်း ထောင်ရှီး၏တောင်းဆိုမှုကို သူလက်ခံလိုက်ပြီး သင်ခန်းစာများကို ကူရှင်းပြပေးခဲ့သည်။


ထိုနေ့မှစ၍ ထောင်ရှီးက စရောက်စဥ်က ပုံစံအတိုင်း ပြန်ပြောင်းလဲသွားသည်။ ထို့အပြင် သူခိုးဟုအစွပ်စွဲခံရစဥ်ကလည်း လင်ချင်းဟယ်က ထိုကိစ္စကို မြန်မြန်ဆန်ဆန် ဖြေရှင်းပေးနိုင်ခဲ့သည်။ 


လင်ချင်းဟယ်၏ မူလရည်ရွယ်ချက်မှာ ထောင်ရှီးကို စာကောင်းကောင်းလေ့လာနိုင်ရန်အတွက် ပတ်ဝန်းကျင်ကောင်းတစ်ခု ဖန်တီပေးရန်သာဖြစ်သည်။ မည်သို့ဆိုစေ ထောင်ရှီး မည်မျှအင်အားစိုက်ထုတ်နေသည်ကို ပုဂ္ဂိုလ်ရေးအရ သိမြင်သူက သူတစ်ဦးတည်းသာရှိပြီး ထောင်ရှီးကို ဤနေရာထိရောက်လာအောင် ပံ့ပိုးပေးခဲ့သူကလည်း သူကိုယ်တိုင်သာ ဖြစ်လေသည်။


နောက်ပိုင်းတွင် ပန်းချီကလပ်မှ သူ့သူငယ်ချင်းများကို ထောင်ရှီးအား ဂရုစိုက်ပေးရန် သူမှာကြားခဲ့သည်။ ထို့အပြင် အင်္ဂလိပ် အကြားစွမ်းရည်တိပ်ခွေကိုလည်း သူကိုယ်တိုင် တစ်ညလုံး အသံသွင်းပေးခဲ့သည်။ ထောင်ရှီး၏ဂုဏ်သိက္ခာကို လေးစားသမှုဖြင့် အသံသွင်းစက်ကိုသာ အသုံးပြုခဲ့ပေ၏။ 


ထောင်ရှီးသာ စာလေ့လာခြင်း၌ အာရုံအပြည့်အဝစိုက်ပြီး သူရည်ရွယ်ထားသည့်အတိုင်း နေထိုင်ပါက သူစိတ်ကျေနပ်နိုင်လိမ့်မည်ဟု လင်ချင်းဟယ်ထင်ခဲ့ဖူးသည်။ 


သို့သော် ထောင်ရှီး၏ အာရုံအပြောင်းအလဲဖြစ်သွားရုံနှင့် လင်ချင်းဟယ်၏စိတ်ထဲ ကယောက်ကယက်ဖြစ်လာကြောင်း သူ့ကိုယ်သူ သတိထားမိလာသည်။


စာအကြောင်း ဆွေးနွေးသည်ဖြစ်ပါစေဦး ထောင်ရှီး အခြားလူများနှင့် အလွန်ရင်းရင်းနှီးနှီးနေခြင်းကို သူမမြင်ချင်ပါချေ။ ထောင်ရှီးက ဟွမ်းချင်အပေါ် အမြင်ကောင်းရှိနေသည်ကို မြင်ရသည့်အခါ ဘာကြောင့်ရယ်မသိ သူ စိတ်အလွန်တိုလာခဲ့သည်။ 


ယင်းက ထောင်ရှီး စာအပေါ်အာရုံမစိုက်ဘဲ တခြားလူများအပေါ် အာရုံရောက်နေခြင်းကြောင့် မဟုတ်ကြောင်း လင်ချင်းဟယ် တဖြည်းဖြည်းနားလည်ခဲ့သည်။


သူက ထောင်ရှီး၏စိတ်အာရုံအားလုံး သူ့အပေါ် မရှိနေခြင်းကို သည်းမခံနိုင်ခြင်းသာ ဖြစ်လေသည်။ 


_______ပြီးပါပြီ_______


Story လေးပြီးဆုံးသွားပါပြီရှင် ...


Story လေးရဲ့နောက်မှာ Buy me coffee ဆိုတဲ့ chapters (အလွတ်)လေးတွေထည့်ထားပါတယ် ...

စာရေးသူရဲ့ ဘာသာပြန်ဆိုမှုကို စိတ်ကျေနပ်မှုရှိတယ်ဆိုရင် buy me coffee chapters လေးကိုဝယ်ပြီး support ပေးလို့ရပါတယ်ရှင် 💜


အားပေးဖတ်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင် ...


See U AGAIN 😘