အပိုင်း ၆၆ (Extra-1)
Viewers 8k

လင်ချင်းဟယ်၏ဒိုင်ယာရီ - ၁


သူ့အမေ လော်ကျန်းယင်းအား ပထမဆုံးစတွေ့ခဲ့သည့်အချိန်ကို လင်ချင်းဟယ် မှတ်မိနေသေးသည်။


သူ့ကိုမွေးပြီးသည့်နောက်တွင် လော်ကျန်းယင်းမှာ စိတ်ကျရောဂါဝေဒနာကို ခံစားခဲ့ရသောကြောင့် သူက အကြီးဆုံးဦးလေး၏အိမ်တွင်သာ နေခဲ့ရပြီး လော်ကျန်းယင်းကို မမြင်ဖူးခဲ့ချေ။ သူ့အဖေ လင်ကျဲရှစ်မှာလည်း အလုပ်များလှသဖြင့် သူ့ကို ရံဖန်ရံခါမှသာ လာတွေ့လေ့ရှိသည်။


သူ့တွင် သူ့အမေ၏ဗီဇသွေးပါ၍ဖြစ်မည် ငယ်ငယ်ကတည်းက အခြားကလေးများကဲ့သို့ ကာတွန်းများကြည့်ရခြင်းကို မနှစ်သက်ခဲ့ပါချေ။ သို့သော် သီချင်းဗွီဒီယိုများကြည့်ရခြင်း၊ သူ့မိခင် စန္ဒရားတီးနေသည့်ဗွီဒီယိုများကို ကြည့်ရခြင်းကိုတော့ နှစ်ခြိုက်ခဲ့သည်။


ထိုစဉ်က လင်ချင်းဟယ်သိသမျှမှာ သူ့မေမေက ဖျားနေသဖြင့် နေပြန်မကောင်းမချင်း မေမေနှင့်မတွေ့ရဟူ၍သာ သိခဲ့လေ၏။ သူသည် ငယ်စဉ်ကတည်းက စန္ဒရားတီးခြင်းကို လေ့လာသင်ယူခဲ့သည်။ သူသာ သူ့မေမေကဲ့သို့ စန္ဒရားကို ကောင်းမွန်စွာတီးတတ်ပါက သူ့မေမေက ပျော်ရွှင်သွားပြီး နေပြန်ကောင်းလာလိမ့်မည်၊ ထိုအခါ သူ့ကိုတွေ့ရန် ဆန္ဒရှိလာလိမ့်မည်။


သူမေမေ၏အိမ်သို့ မသွားရောက်ခင်ညတွင် လင်ချင်းဟယ်လေးမှာ သူယခင်ကတည်းက ပြင်ဆင်ထားခဲ့သည့် စန္ဒရားသံစဉ်တချို့ကို တီးခတ်လေ့ကျင့်နေခဲ့သည်။ နောက်တစ်နေ့တွင် သူ၏အကြီးဆုံးဦးလေးက သူ့လက်ကိုဆွဲလျက် အဖြူရောင်နှင်းဆီဥယျာဉ်ခြံကြီးတစ်ခုကို ဖြတ်၍ သူဗွီဒီယိုတိပ်ခွေထဲတွင် မရေမတွက်နိုင်အောင် မြင်ခဲ့ဖူးသော လှပကြော့ရှင်းသည့် အမျိုးသမီးတစ်ဦးထံသို့ ခေါ်ဆောင်သွားခဲ့သည်။


သူမျှော်လင့်ထားခဲ့သလို လော်ကျန်းယင်းက သူ့ဦးလေးအကြီးဆုံးနှင့် ဒေါ်လေးကဲ့သို့ သူ့အား မပွေ့ချီခဲ့ပါချေ။


သူ့မေမေက သူ့အရွယ်ကောင်လေးတစ်ယောက်ကို ပွေ့ချီထားပြီး ထိုကောင်လေး၏ကျောကုန်းကို ပုတ်ပေးနေသည်။ ထိုကောင်လေးက သူ့အိမ်ကို သူစိမ်းဧည့်သည်လာလည်သည့်အလား သူ့ကို စပ်စပ်စုစုနှင့် လှည့်ကြည့်လာသည်။


လင်ချင်းဟယ်က ပထမဆုံးအကြိမ်အဖြစ် သူ့အမေကို ‘မေမေ’ဟု ခေါ်လိုက်သည့်အခါ အရှေ့မှအမျိုးသမီးက သူ့ကို ပြုံးပြကာ ခေါင်းညိတ်ပြလေသည်။ ထို့နောက် သူမ၏လက်ထဲမှ ကောင်လေးကို ဂရုတစိုက် အောက်ကိုချလိုက်ပြီး ကလေးနှစ်ယောက်၏လက်ကိုကိုင်ရင်း နူးညံ့စွာပြောလာခဲ့သည်။


“ ချင်းဟယ်၊ ဒါက သားရဲ့ညီလေး လဲ့လဲ့လို့ခေါ်တယ်။ အနာဂတ်မှာ မေမေနဲ့တူတူ သားရဲ့ညီလေးကို ဂရုစိုက်ပေးရမယ်နော်…”


ကွက်ခနဲပျက်ယွင်းသွားသည့် အကြီးဆုံးဦးလေး၏မျက်နှာကို လင်ချင်းဟယ် သတိမထားမိလိုက်ပါချေ။ သူဘာမှမစဉ်းစားဘဲ ညီလေးကို ချိုသာအပြုံးဖြင့် ပြုံးပြလိုက်ပြီး မင်္ဂလာပါဟု နှုတ်ဆက်လိုက်သည်။


ထိုအချိန်မှစ၍ သူ၏အချိန်အများစုကို လော်ကျန်းယင်းနှင့်ယန်သောလဲ့တို့နှင့်သာ ကုန်ဆုံးခဲ့သည်။ ထို့နောက်တွင် သူတို့သည် ဖန်းမိသားစုနှင့် လော်မိသားစုတို့နေခဲ့ဖူးသည့် ဝမ်းဟွာတက္ကသိုလ် ပါမောက္ခများနေထိုင်ရာ အဆောက်အဦးသို့ အချိန်ခဏကြာ ပြောင်းရွေ့နေထိုင်ခဲ့ကြသည်။ သို့သော်လည်း မီးဘေးကြောင့် ဗီလာသို့သာ ပြန်လည်ရွေ့ပြောင်းဖြစ်ခဲ့ကြလေသည်။


ထိုနေ့ရက်များတွင် ကိစ္စအများစုကို လင်ချင်းဟယ် တဖြည်းဖြည်း နားလည်သဘောပေါက်လာခဲ့သည်။


ဥယျာဉ်ထဲက နှင်းဆီဖြူများသည် မည်သူ့အတွက် ရည်ရွယ်၍စိုက်ပျိုးထားသလဲကို သူနားလည်ခဲ့သည်။ ဗီလာအတွင်းရှိ နံရံပေါ်မှ ပန်းချီကားမြောက်မြားစွာသည် မည်သူ့၏အမှတ်တရများဖြစ်သည် ဆိုသည့်အကြောင်းနှင့် သူ့မေမေ၏ကျန်းမာရေးအတွက် မည်သည့်ကလေးက ပို၍အရေးပါအရောက်သည်ကို သူနားလည်ခဲ့သည်။


သူ့မေမေက သူ့ကို ဘာကြောင့် လင်ချင်းဟယ်ဟု အမည်ပေးရသလဲကိုလည်း သူ နားလည်သွားခဲ့ပေသည်။


ထို့အပြင် ဤမိသားစုတွင် သူက မည်သည့်နေရာတွင် ရှိနေသလဲကိုပါ သိရှိလာခဲ့သည်။


လင်ချင်းဟယ်က သူ့အမေ ကပြဖျော်ဖြေစေချင်သည့်ဇာတ်ကောင်အတိုင်း ကပြဖျော်ဖြေခဲ့သည်။ သူ့အမေစိတ်တိုင်းကျ သူ့ ‘ညီလေး’ကို ကာကွယ်စောင့်ရှောက်ပေးပြီး သူ့အမေ၏အပြစ်ကြွေးများကို ကူဆပ်ပေးခဲ့သည်။


အကြီးဆုံးဦးလေးနှင့် အဖိုးက လင်မိသားစုသို့ ပြန်လာရန် ဖျောင်းဖျခဲ့သော်လည်း သူကမူ ငြင်းပစ်ခဲ့သည်။ သူ့မိဘများအတွက် လင်ချင်းဟယ်၏မွေးဖွားမှုက အဓိပ္ပာယ်မဲ့သည်ဟု အမြဲတစေ တွေးထင်ခဲ့ခြင်းကြောင့်ဖြစ်မည်၊ သူ့အမေအတွက် အဓိပ္ပာယ်ပြည့်ဝစေမည့် ယန်သောလဲ့ကို ပြုစုပျိုးထောင်ခြင်းလုပ်ငန်းစဉ်တွင် သူ အစဉ်တစိုက် ပါဝင်ကူညီပေးခဲ့သည်။


ဖြစ်စဉ်တစ်လျှောက်တွင် ကိစ္စမြောက်မြားစွာကို သူ သင်ယူတက်မြောက်ခဲ့သည်။ သူဂရုအစိုက်ဆုံးအရာများကို အနည်းငယ်မျှ အရေးမစိုက်သကဲ့သို့ ဟန်ဆောင်တတ်ခဲ့သည်။ သူ့မိဘအရင်းများကိုတောင်မှ မလိုအပ်သကဲ့သို့ မည်သည့်လိုအင်ဆန္ဒမျှ မရှိသူတစ်ယောက်လို ဟန်ဆောင်နေထိုင်တတ်ခဲ့သည်။


လင်ချင်းဟယ်က သူ့ကိုယ်သူ အလွန်ဥပေက္ခာပြုတတ်သူတစ်ယောက်ဟု မကြာခဏ ခံစားရသည်။ သူက ဒရမ်မာတစ်ပုဒ်ကို ကြည့်နေသည့် တည်ငြိမ်အေးစက်သော ပွဲကြည့်ပရိတ်သတ်တစ်ဦးအလား၊ လော်ကျန်းယင်းနှင့် ဖန်းမိသားစုတို့ ယန်သောလဲ့ကို ဖူးဖူးမှုတ်အလိုလိုက်နေသည်ကို အေးစက်စွာ ကြည့်ရှုနေခဲ့ရသည်။ ထိုယန်သောလဲ့မှာတော့ အလိုလိုက်ခံရလွန်းသဖြင့် ဘာတာဝန်ယူမှု၊ တာဝန်ခံမှုမှမရှိသည့် လူတစ်ယောက်ဖြစ်လာပြီး ထိုသို့ “အလိုလိုက်” ပေးခဲ့သည်ကိုတောင် လက်လွှတ်စပယ် စော်ကားပြစ်တင်ခဲ့သေးသည်။


သူဟာ အရာအားလုံးနှင့် နေသားကျနေသယောင်ရှိသော်လည်း ရံဖန်ရံခါတွင် မီးလောင်နေသည်ဟု အိပ်မက်မက်ပြီး ညကြီးသန်းခေါင် လန့်လန့်နိုးနေဆဲဖြစ်သည်။ အသက်ရှူကြပ်ဖွယ် မီးခိုးငွေ့များကြားတွင် ယန်သောလဲ့နှင့် ဆီဆေးပန်းချီကားများကို ပွေ့ဖက်လျက် ထွက်ခွာသွားသော အမေ့ကို သူမြင်ရသည်။


ဗီလာ၏ဧည့်ခန်းထဲရှိ ပုံတူပန်းချီကားချပ်ကြီးကို သူမြင်ယောင်နေဆဲဖြစ်ပြီး ဖျော့တော့သော်လည်းလှပသည့် မျက်နှာတစ်စုံကို မြင်လိုက်ရသည့်အခါတိုင်း သူ့နှလုံးသားထဲမှ အောင့်မျက်နာကျင်လာပြီး မထိန်းနိုင်စွာ မျက်မှောင်ကြုတ်မိသည်။ ပြီးလျှင် သူခြေလှမ်းမရပ်ဘဲ ထိုနေရာမှ ခပ်မြန်မြန်ထွက်ခွာသွားမည်။


ဖန်းဆွေ့သည် လင်ချင်းဟယ် တစ်ခါမှမမြင်ခဲ့ဖူးသော အမျိုးသမီးတစ်ယောက် ဖြစ်သော်လည်း သူငယ်စဉ်အချိန်ကတည်းက ကြောက်ရွံ့ခဲ့ရသူတစ်ဦး ဖြစ်ခဲ့လေ၏။


ဤပုဂ္ဂိုလ်သည် သေဆုံးသွားခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း ဤခြောက်ကပ်နေသောဗီလာထဲတွင် မကျွတ်မလွတ်နိုင်သော တစ္ဆေသရဲတစ်ကောင်လို တည်ရှိနေပြီး သူ့ဘဝတစ်ခုလုံးကို စိုးမိုးခြယ်လှယ်နေသည်။ သူ့နာမည်ကိုတောင်မှ ဤပုဂ္ဂိုလ်၏နာမည်ဖြင့် တံဆိပ်ခတ်နှိပ်ခံထားရသည်။


ဧည့်ခန်း၏အလယ်တွင် ပုံတူကားချပ်ကို တိတ်ဆိတ်စွာကြည့်နေတတ်သော လော်ကျန်းယင်းကို သူမကြာခဏ တွေ့ခဲ့ဖူးသည်။ ဝမ်းနည်းကြေကွဲပြီး အလွန်အမင်းစွဲလမ်းနေသော အကြည့်မျိုးဖြင့် တစ်ခါတစ်ရံ တစ်နေ့လယ်ခင်းလုံးပါ ရပ်ကြည့်နေတတ်သည်။


ထိုအခါမျိုးတွင် သူက ထိုဓာတ်ပုံထဲမှအမျိုးသမီး၏ သားဖြစ်သူ ယန်သောလဲ့ကို အမြန်သွားခေါ်ပြီး လော်ကျန်းယင်းအား အနားယူရန် သွားဖျောင်းဖျခိုင်းရသည်။


အရာအားလုံးက သူ့မိခင်၏စွဲလမ်းမှုကြောင့်မှန်း သိနေခဲ့သည့်တိုင် လင်ချင်းဟယ်မှာ ဖန်းဆွေ့ကို အမုန်းကြီးမုန်းခဲ့ရသည်။


အကယ်၍ ထိုအမျိုးသမီးသာ ဤမျှမိုက်ရူးဆန်ကာ ပျော့ညံ့သူတစ်ယောက်အဖြစ် ဖန်းမိသားစုနှင့် လော်ကျန်းယင်းထံမှ အလိုလိုက်ခြင်းမခံခဲ့ရပါက ဟူ၍ပင် သူ တစ်ကိုယ်ကောင်းဆန်စွာ တွေးခဲ့ဖူးသည်။ အကယ်၍ သူမသာ အသုံးမကျသော အချစ်တစ်ခုအတွက် အရာအားလုံးကို စွန့်လွှတ်ရဲသည်အထိ မိုက်ရူးရဲမဆန်ခဲ့ပါက၊ ကိုယ့်ကံကြမ္မာကိုယ် မထိန်းသိမ်းနိုင်သည်အထိ မပျော့ညံ့ခဲ့ပါက ကိစ္စအားလုံးသည် ဤကဲ့သို့အဖြစ်မျိုးနှင့် ကြုံလာရမည်မဟုတ်ချေ။


သူသည်လည်း အခြားသူများကဲ့သို့ သာမန်မိသားစုဘဝလေးကို ရကောင်းရနေလိမ့်မည်။


ကြီးပြင်းလာသောအခါတွင်မူ လင်ချင်းဟယ်မှာ စောစီးစွာ ကြွေလွင့်သွားသော ထိုအမျိုးသမီးအတွက် စိတ်မကောင်းကြီးစွာသာ ဖြစ်မိတော့သည်။


သူသည် လူကြီးများ၏ သောကများကို တစ်ချိန်လုံး စောင့်ကြည့်နေခဲ့ရသူဖြစ်၏။ လော်ကျန်းယင်း၊ ယန်ကျန်းမင်၊ အမြဲဆင်ခြင်တုံတရားနှင့် ချုပ်တည်းနိုင်စွမ်းရှိခဲ့သည့် သူ့အဖေ လင်ကျဲရှစ်တောင်မှ ဤအဓိပ္ပာယ်မရှိသော စွဲလမ်းမှုများထဲတွင် ပျော်မွေ့နစ်မွှန်းနေခဲ့ကြသည်။ ဖန်းဆွေ့မှာ အစွဲအလမ်းကြီးလှသည့် ဤလူများ၏ သားကောင်မျှသာ ဖြစ်ခဲ့လေသည်။


ဤသို့ဖြင့် လင်ချင်းဟယ်မှာ သူ့အဖေ လင်ကျဲရှစ်က ချင်းရွှေခရိုင်တွင် တိုက်ရိုက်အဝေးလွှင့်စီမံကိန်း ပြုလုပ်ရန် စီစဉ်နေကြောင်း သိလိုက်ရသည်နှင့်တစ်ပြိုင်နက် လင်ကျဲရှစ်၏ အဓိကရည်ရွယ်ချက်ကို ချက်ချင်းသဘောပေါက်ခဲ့ပေသည် -- သူ့ကဲ့သို့ပင် လော်ကျန်းယင်း၏ “ကတိကဝတ်” ကြောင့်ပင် ဖြစ်လေ၏။


သို့သော် လင်ချင်းဟယ်မှာ ဤသေးဖွဲသောစီမံကိန်းက သူ့ဘဝကို လှိုင်းဂယက်ငယ်များ ဆောင်ကြဉ်းပေးလာလိမ့်မည်ဟု လုံးဝမမျှော်လင့်ထားခဲ့ပါချေ။


လှိုင်းဂယက်ငယ်လေးက မထင်မှတ်ထားသော နည်းလမ်းဖြင့် သူ့ဘဝထဲကို ဝင်ရောက်လာပြီး သူ့ဘဝတစ်ခုလုံးကို အလုံးစုံပြောင်းလဲသွားစေခဲ့ပေသည်။


အစကနဦးတွင် လင်ချင်းဟယ်မှာ မိုင်ထောင်ချီဝေးသော အနောက်တောင်ပိုင်း တောင်တန်းဒေသမှ ဝမ်းဟွာ အ.ထ.က(၁)သို့ ပေးပို့လာသော စာစောင်များကို ဂရုစိုက်ခြင်းအလျဉ်းမရှိခဲ့ပါချေ။


အတန်းထဲမှ ကျောင်းသားတချို့ကလည်း ပေးစာများ မကြာခဏလက်ခံရရှိကြကြောင်း သူမြင်ခဲ့ဖူးသည်။ အတန်းဖော်များက ထိုစာစောင်များကို အချင်းချင်းလိုက်လုကြပြီး ကျယ်လောင်စွာအော်ဖတ်ကာ ဟာသအလား လှောင်ပြောင်ရယ်မောတတ်ကြသည်။


လင်ချင်းဟယ်က ရသမျှစာစောင်တိုင်းကို သူ့လွယ်အိတ်ထဲသို့သာ အမြဲထည့်ထားလေ့ရှိပြီး နောက်ကြာမှ လွှင့်ပစ်တတ်လေသည်။


ဤသို့ဖြင့် တစ်လ၊ နှစ်လခန့်ကြာသွားခဲ့၏။ ဝမ်းဟွာ အ.ထ.က(၁)မှ ကျောင်းသားများက ပြန်စာများ သိပ်မရေးကြခြင်းကြောင့်ဖြစ်မည် စာပို့သူမှာ တဖြည်းဖြည်း နည်း၍နည်း၍လာသည်။


လင်ချင်းဟယ်အနေနှင့် သူများထက် တမူထူးခြားနေသည့် စာစောင်များအား သတိထားမိသွားသည့်အချိန်ကို တိတိကျကျမမှတ်မိတော့ချေ။


ထိုစာစောင်များကို သူ သတိထားမိလိုက်ချိန်တိုင်း ထိုလူ၏စာစောင်များက ပျက်ကွက်ခဲ့သည်ဟူ၍ မရှိပါချေ။ တစ်ခါတစ်ရံတွင် နှစ်စောင်၊ သုံးစောင်ပါ ပို့တတ်သေးသည်။


ထိုစဉ်က ဤမိန်းကလေးမှာ စကားများလွန်းလှသည်ဟူ၍သာ သူတွေးမိခဲ့သည်။ ထို့အပြင် သူကလည်း မေတ္တာတရားကြီးမားသည့် စာတိုက်ပုံးကြီးမဟုတ်ပါချေ။


လင်ချင်းဟယ်က ထိုစာစောင်များကိုလည်း တန်းတူညီမျှစွာ လွှင့်ပစ်ခဲ့သည်။ သို့သည့်တိုင် ထိုအရောင်အသွေးတောက်ပနေသည့် ခပ်ထူထူစာစောင်ကိုတော့ တစ်ကြိမ်ထက်ပိုကြည့်ပြီးမှ လွှင့်ပစ်ဖြစ်ခဲ့သည်ပင်။


ထိုတစ်ကြိမ်ထက်ပိုသောအကြည့်ကြောင့်ဖြစ်မည်၊ သူကိုယ်တိုင်တောင် မသိလိုက်ဘဲ စာနာသနားသော အတွေးများဝင်ရောက်လာပြီး နောက်ပိုင်းတွင် ထိုတမူထူးခြားနေသည့်စာစောင်များကို အိမ်ထိအပါယူဖြစ်ခဲ့သည်။


သူက ယူရုံသာယူခဲ့ပြီး ဖွင့်မဖတ်ဖြစ်ခဲ့ပါချေ။ စာရွတ်စာတမ်းထည့်သည့် သေတ္တာထဲသို့သာ သဘောရှိသလို ထည့်ထားခဲ့သည်။ တဖြည်းဖြည်းဖြင့် သေတ္တာထဲတွင် စာစောင်များစုပြုံလာခဲ့၏။ ပန်းရောင်တစ်လှည့်၊ အပြာနုရောင်တစ်လှည့်၊ အဝါရောင်ဖျော့ရောင်နှင့် အဖြူစွတ်စွတ်အရောင်တစ်ဖုံ….ပထမဆုံးအကြိမ်အဖြစ် စာအိတ်တွင်လည်း အရောင်မျိုးစုံရှိတတ်ကြောင်း လင်ချင်းဟယ် သိခဲ့ရခြင်းပင်။


လူတစ်ယောက်သည် တစ်စုံတစ်ခုအပေါ် အနည်းငယ်မျှဖြစ်စေ စိတ်ဝင်စားမိသွားသည့်အခါ ကိုယ်တိုင်ပင်မသိလိုက်စွာ အခြားအရာများနှင့်ပါ ဆက်စပ်မိလာတတ်သည်။


တစ်နေ့တွင် သူ့အခန်းထဲဝင်၍ သေတ္တာကိုဖွင့်ကာ စာစောင်များကိုဖွင့်ကြည့်နေသော ယန်သောလဲ့ကို သူမိသွားခဲ့သည်။ မမျှော်လင့်ထားစွာ သူ ယန်သောလဲ့ကို အလွန်အမင်း ဒေါသထွက်မိခဲ့သည်။ အမြဲလိုလို ချွဲတတ်သော ယန်သောလဲ့မှာ အလွန်တုန်လှုပ်သွားသဖြင့် လော်ကျန်းယင်းကိုပင် အလန့်တကြားဖြစ်သွားစေခဲ့သည်။ လော်ကျန်းယင်းက အပြေးအလွှားရောက်လာပြီး ယန်သောလဲ့ကို သူမနောက်ထား၍ကာကွယ်ရင်း လင်ချင်းဟယ်အား အပြစ်တင်သောအကြည့်ဖြင့် ကြည့်လာခဲ့သည်။ ငယ်စဉ်အခါက သူနှင့်ယန်သောလဲ့တို့ ရန်ဖြစ်ခဲ့ကြချိန်၌ ကြည့်ခဲ့ဖူးသည့်အကြည့်မျိုးနှင့် တစ်ထပ်တည်းပင်။


လင်ချင်းဟယ်က မြန်ဆန်စွာ စိတ်ပြန်တည်ငြိမ်လာပြီး သားအမိအရင်းမဟုတ်သော်လည်း သားအမိအရင်းထက်တောင် ပိုရင်းနှီးနေသည့်နှစ်ယောက်ကို အခန်းပြင်သို့ ပို့လွှတ်လိုက်သည်။


သူ ဒေါသထွက်ရခြင်းမှာ စာစောင်များကို အရေးစိုက်လွန်းနေ၍မဟုတ်ကြောင်း သူ့ကိုယ်သူသိသည်။ ဤဗီလာထဲတွင် ဤစာစောင်များသည်သာလျှင် သူတစ်ယောက်တည်းအတွက် ဖြစ်တည်နေသည့်တစ်ခုတည်းသောအရာဖြစ်ပြီး ဝေမျှပေးရန်မလိုအပ်ပါချေ။


သူ တစ်နေ့လယ်ခင်းလုံး အခန်းတွင်းအောင်းပြီး ဒါဇင်နှင့်ချီသော စာစောင်များကို အစမှအဆုံး ဖွင့်ဖတ်ခဲ့သည်။ သို့သော် မျက်မှောင်ကြုတ်မိသည်က ခပ်များများပင်။ အဘယ်ကြောင့်ဆိုသော် စာစောင်ထဲမှ လက်ရေးမှာ ကျုနဖောင်းစာထက်ပင် ရှုပ်ယှက်ခပ်နေအောင် ရေးထားသောကြောင့် အလွန့်ကို စိတ်ရှည်ရှည်ထားကာ ဖတ်နေရသောကြောင့်ပင်။


ထိုမိန်းကလေး၏အကြိုက်က ဆိုးဝါးလှသော်လည်း အရေးအသားမှာတော့ မထင်မှတ်ထားစွာ ကောင်းမွန်နေလှသည်။ စာစောင်တိုင်းမှာ ဒိုင်ယာရီမှတ်တမ်း အစီအရင်ခံစာတစ်ခုကဲ့သို့ဖြစ်ပြီး ကျောင်းပညာနှင့် ဘဝနေထိုင်မှုအပါအဝင် သူ့အတွက် ဆုမွန်ကောင်းတောင်းခြင်း၊ နှုတ်ဆက်ခြင်းတို့သာ ပါဝင်သည်။ အစီအရင်ခံစာ၏အဆုံးတွင်မူ မက်မွန်ပွင့်ပုံလေးဆွဲထားပြီး “ထောင်” ဟူ၍ လက်မှတ်ထိုးထားသည်။


ပေးစာများကို သူတစ်ခါမှ စာမပြန်ခဲ့သော်လည်း စာထဲတွင် မကျေမနပ်ညည်းညူခြင်း၊ ဘဝင်မကျခြင်းများ စိုးစဉ်းမျှ မပါဝင်ခဲ့ပါချေ။ သူ ပြန်စာရေးသည်ဖြစ်စေ၊ မရေးသည်ဖြစ်စေ ထိုစာစောင်များက မနက်ခင်းထွက်ပြူလာသည့်နေမင်းကဲ့သို့ သူ့ထံ အချိန်မီရောက်လာနေဆဲဖြစ်ပေ၏။


ထိုစာများကိုရေးသော မိန်းကလေး၏နာမည်နှင့် ပုံပန်းသွင်ပြင်ကိုလည်း လင်ချင်းဟယ်မသိ၊ ယုတ်စွအဆုံး စိတ်လည်းမဝင်စားခဲ့ပါချေ။ သူ စာစောင်များအားလုံးကို သစ်သားသေတ္တာထဲသို့ထည့်ကာ သော့ခတ်သိမ်းထားပြီး ကျောင်းစောင့်၏ရုံးခန်းသို့ စာပို့သမား စာလာပို့မည့်အချိန်ကိုသာ အာရုံစိုက်ဖြစ်ခဲ့သည်။


နောက်ဆုံးစာစောင်ကို လက်ခံရရှိပြီးသည့်အချိန်ထိ လင်ချင်းဟယ်မှာ အိမ်စာစစ်နေသည့်အလား မတုန်မလှုပ်သောအကြည့်ဖြင့် စာပါအကြောင်းအရာများကို အေးစက်စွာ ဖတ်နေခဲ့သည်။ ပြီးသော် စာကိုစာအိတ်ထဲသို့ပြန်ထည့်၍ သစ်သားသေတ္တာထဲသို့ သော့ခတ်သိမ်းဆည်းထားလိုက်သည်။


ဘာမှမလုပ်ရဘဲ မိုင်ထောင်ချီအကွာက လူတစ်ယောက်၏ဘဝကို စိုးမိုးနိုင်သည်ဟူသော ခံစားချက်က အလွန်ကျေနပ်ဖွယ်ကောင်းသည်ကိုတော့ သူ ဝန်ခံရလိမ့်မည်။ သူအနေနှင့် ဘာမှပေးစရာမလိုဘဲ လက်ခံနေရုံသာလိုအပ်လေသည်။


ထို့အတူ သူ့ကိုယ်သူ အနည်းငယ်ပြောင်းလဲလိုက်ရုံနှင့် တစ်ဖက်လူ၏ခံစားချက်များကို ကပြောင်းကပြန်ဖြစ်စေဦးမည်။ ဥပမာ တစ်ခါတစ်ရံ ကျောင်းနောက်ကျမှလာခြင်း၊ ပြဿနာတစ်ချို့ကို တမင်ဖန်တီး၍ စတိတ်စင်ပေါ်တွင် အပြစ်ပေးခံခြင်း စသည့်နည်းများဖြင့် တိုက်ရိုက်အဝေးလွှင့်ဖန်သားပြင်ပေါ်တွင် အချိန်နည်းနည်းကြာအောင် နေပေးလိုက်သည်။ ထိုအခါ နောက်ထပ်စာရောက်လာချိန်၌ တစ်ဖက်လူ၏ကျေနပ်ဝမ်းသာနေမှုများကို အံ့ဩဖွယ်မရှိ တွေ့မြင်ရပေသည်။


ထိုကဲ့သို့ တမင်တကာ ပြောင်းလဲနေထိုင်မှုက သူ့အား ရံဖန်ရံခါ စိတ်ပျော်ရွှင်လာစေသည်။ သို့သော် သူမသိခဲ့သည်က ထိုကဲ့သို့ တမင်တကာပြောင်းလဲနေထိုင်ခြင်းမှသည် အလေ့အထတစ်ခုအဖြစ် ပြောင်းသွားတတ်ကြောင်းကိုပင်။


ဤမျှအသေးအဖွဲကိစ္စလေးအတွက် သူ့တွင် အထွေအထူးခံစားချက်ရှိလိမ့်မည်ဟု လင်ချင်းဟယ် တစ်ခါမှ မထင်ခဲ့ဖူးပါချေ။ ၎င်းမှာ နောက်နှစ်ပတ်ထိတိုင် စာစောင်များ ရောက်မလာတော့သည့်အချိန်အထိ ဖြစ်လေ၏။ အမှတ်တမဲ့ဖြင့် ဤကိစ္စအပေါ် အလွန်အကြူးအာရုံထားနေမိပြီမှန်း သူ့ကိုယ်သူ သတိထားမိလာသည်။


လင်ချင်းဟယ်က အမှုမဲ့အမှတ်မဲ့ ကြီးထွားလာသည့် မှီခိုတွယ်ငြိလိုသည့်စိတ်ကလေးကို ချက်ချင်းဖြတ်တောက်ဖြစ်ခဲ့သည်။ ထိုမှီခိုငြိတွယ်လိုစိတ်လေးမှာ သေးငယ်ကာ ကြုံတောင့်ကြုံခဲဖြစ်နေသည့်တိုင်အောင်ပင်။


ရက်အနည်းငယ်ကြာသော် ထိုကိစ္စကို အပြည့်အဝမေ့ပျောက်သွားပြီဟု လင်ချင်းဟယ် ထင်ထားချိန်၌ တရုတ်စာအတန်းတွင် ချင်းရွှေ အ.ထ.က(၁)မှ စာစီစာကုံးတစ်ပုဒ်ထဲရှိ စာကြောင်းတချို့ကို သူမြင်လိုက်ရလေသည်။ စာစီစာကုံးမှာ “လမင်းကိုပြေးလိုက်သောလူတစ်ယောက်” ဟူသော ခေါင်းစဉ်ဖြစ်ပြီး သူ့အား စာစောင်များပို့ပို့နေသောလူနှင့် အရေးအသားချင်း တစ်ထေရာတည်းတူလေသည်။


လူတစ်ယောက်၏အရေးအသားကို အပြည့်အဝဖုံးကွယ်ထား၍ မရနိုင်ပါချေ။


ထိုအခါမှ စာစောင်များ ရေးပို့နေသည့်လူမှာ ယောကျ်ားလေးတစ်ယောက်ဖြစ်ကြောင်း လင်ချင်းဟယ် သိသွားခဲ့ရသည်။ ထိုကောင်လေး၏ကလောင်စွမ်းရည်မှာ အလွန်ထက်လှ၏။ သူက စာစီစာကုံးထဲတွင် သူ့မိဘများ၏သေဆုံးမှုကိုပင် ဖန်တီးရေးသားထားပြီး စာဖတ်သူများကို မျက်ရည်ဝဲစေသည်အထိ ပရိယာယ်ဆင်နိုင်ခဲ့သည်။


လင်ချင်းဟယ်မှာ ဖြစ်ပျက်သွားသည့် ခံစားချက်ကို ပြောမပြတတ်အောင်ပင်။ အစပထမတွင် အလွန်ရယ်ချင်မိသည်။ ယောက်ျားလေးကတောင် မိန်းကလေးယောင်ဆောင်ကာ စာစောင်များပို့ရသည်အထိ သူက အလွန်ထက်မြက်လွန်းနေ၍ဖြစ်မည်။ ဤမိန်းကလေးသည် သူ့ကို စာစောင်များပို့နေသော အခြားမိန်းကလေးများကဲ့သို့ပင် အလွန်လေးစားသဘောကျနေခဲ့သည်ဟု သူထင်ခဲ့ပြီး တစ်လျှောက်လုံး အရူးလုပ်ခံခဲ့ရသည်ပင်။


သို့သော် ကြာလာသည့်အခါ သံသယစိတ်များဝင်လာသည်။ မိမိ၏လိင်ကို တမင်ဖုံးကွယ်ပြီး ပရိယာယ်ဆင်ကာ သူ့ကိုစာစောင်များပို့နေသော လူက တကယ့်စိတ်ရင်းနှင့် ဟုတ်ပါ့မည်လား။ သူ့ကို လာစနောက်နေသည်လား။


ထိုသံသယက သူ့ကို အလိုလို ဒေါသထွက်လာစေခဲ့သည်။


သူ ဘဝင်မကျစွာဖြင့် တွေးမိခဲ့သည်က သူသာ တစ်ဖက်လူကို စိတ်မထိန်းနိုင်စွာ စာပြန်မိပါက သူ့အား လှောင်ရယ်နေကြမည်လား။ ဝမ်းဟွာ အ.ထ.က(၁)က တချို့ကျောင်းသားများကဲ့သို့ သူ့ပြန်စာကို တစ်တန်းလုံးကိုပြပြီး ကျယ်လောင်စွာ အသံထွက်ဖတ်ပြလိမ့်မည်လား။


ထိုနေ့တွင် လင်ချင်းဟယ်က ညစာကျက်တန်းကို အထူးခွင့်ယူကာ ပျက်ကွက်ခဲ့သည်။ အိမ်ပြန်ရောက်သည့်အခါ စာစောင်များနှင့် စာစီစာကုံးကို ဂရုတစိုက်ပြန်လည်ဖတ်ရှုခဲ့ပြီး လူတစ်ယောက်တည်းမှဖြစ်ကြောင်း ထပ်မံအတည်ပြုခဲ့သည်။


နောက်တစ်နေ့တွင် လင်ချင်းဟယ်က သူ့အဖေ၏အတွင်းရေးမှူး စူးယွင်ကိုဖုန်းခေါ်ပြီး စာစီစာကုံး၏ မူရင်းရေးသားသူကို စုံးစမ်းပေးရန် အကူအညီတောင်းခဲ့သည်။ တိုက်ရိုက်အဝေးလွှင့် စီမံကိန်းသို့ စေလွှတ်ခံထားရသည့်စူးယွင်က သူ့ကို မြန်ဆန်စွာ အကြောင်းပြန်လာခဲ့သည်။


ဖိုင်တွဲထဲတွင် ထိုကျောင်းသား၏နာမည်က ထောင်ရှီးဖြစ်ကြောင်းနှင့် သူ၏မွေးနေ့၊ အိမ်ထောင်စုစာရင်း၊ အိမ်လိပ်စာ၊ မိသားစုဝင်အရေအတွက်၊ စာမေးပွဲရလဒ်များနှင့် မူလတန်းမှ အထက်တန်းထိ ရရှိခဲ့သည်ဆုတံဆိပ်များ….အစိုးရမှပေးအပ်သော ပညာတော်သင်ဆုမှတ်တမ်းများပါ ထိုဖိုင်တွဲစာအုပ်ထဲတွင် အသေးစိတ်ပြုစုထားလေသည်။


ဖိုင်တွဲကိုကြည့်လိုက်ရုံဖြင့် ထောင်ရှီးဟူသောကောင်လေးမှာ ဆင်းရဲသည့်မိသားစုမှ ထူးချွန်သော ကျောင်းသားကောင်းတစ်ယောက်ဖြစ်ကြောင်း သိလိုက်ရပြီး ထူးကဲသည့်ပညာပါရမီမှာ သူ့ကိုစာစောင်ထဲတွင် ထည့်ရေးပြခဲ့ဖူးသည်များနှင့် ခြားနားခြင်းမရှိပါချေ။


စူးယွင်က ထိုကောင်လေးကို ဓာတ်ပုံရိုက်ပြရန် လိုအပ်သေးလားဟု မေးသည့်အခါ လင်ချင်းဟယ်က ငြင်းဆိုခဲ့သည်။


ထိုလူက ဘယ်သူလဲ၊ မည်သို့ပုံပန်းသွင်ပြင်ရှိသလဲကို သူဂရုမစိုက်သေးပါချေ။ သူပေးခဲ့ရသည့် အာရုံစိုက်မှုတစ်ချို့အတွက် အတည်ပြုချက်ရယူနေသည်ဟူ၍သာ သူ တွေးတောခဲ့သည်။


စူးယွင်က သူ့အား ချင်းရွှေခရိုင်အတွက် တိုက်ရိုက်အဝေးလွှင့်စီမံကိန်းအကြောင်း ပြောပြလာခဲ့သည့်အခါ လင်ချင်းဟယ်မှာ ဤကျောင်းသား၏ကံကြမ္မာကို ပြောင်းလဲစေနိုင်မည့် အကြံဉာဏ်တစ်ခုကို ရုတ်တရက်တွေးမိသွားခဲ့သည်။


လင်ချင်းဟယ်အနေနှင့် မေတ္တာဂရုဏာတရားကြီးမားစွာဖြင့် လုပ်ခဲ့မိသည်လား၊ သို့မဟုတ် တစ်စုံတစ်ခုကို စမ်းသပ်ရန်အတွက် တမင်တကာကျောင်းနောက်ကျစေခြင်းကဲ့သို့ အသေးအဖွဲကိစ္စမျိုးကို လုပ်ခဲ့မိသည်လားကိုပင် သူ့ကိုယ်သူ တပ်အပ်မပြောနိုင်တော့ချေ။


သူလုံးဝမထင်မှတ်ထားခဲ့သည်မှာ သူ၏အကြံအစည်က ဆင်းရဲသည့်ကျောင်းသားလေး၏ကံကြမ္မာကို ပြောင်းလဲခဲ့စေရုံမျှမက သူ့ဘဝကံကြမ္မာကိုတောင် တဆစ်ချိုးပြောင်းလဲသွားစေခဲ့သည်ကိုပင်။


___________________