အပိုင်း ၆၅ (End)
Viewers 8k

The Moon Is Coming To Me

Chapter-65.1 [Final]


တစ်နှစ်ခွဲကြာပြီးနောက်....


ဇွန်လလယ်တွင် တစ်နိုင်ငံလုံး၏ ကောလိပ်ဝင်ခွင့်စာမေးပွဲ၏ရလဒ်များ ထွက်ပေါ်လာလေသည်။ ဝမ်းဟွာ အ.ထ.က(၁)ကျောင်းမှ ကျောင်းသားများရော ဆရာများပါ စိတ်အားတက်ကြွနေကြသည်။ အဘယ့်ကြောင့်ဆိုသော် ယခုနှစ်စီနီယာအတန်းတွင် ပထမဆုံးအနေဖြင့် ပြည်နယ်အဆင့်ပထမရရှိသူ နှစ်ဦးထွက်ပေါ်လာခဲ့သည်။


တစ်ဦးမှာ ဤစီရင်စုမှ လင်ချင်းဟယ်ဖြစ်ပြီး ကျန်တစ်ဦးမှာ အရှေ့တောင်စီရင်စုမှ ထောင်ရှီးဖြစ်လေသည်။


အတွင်းသတင်းများအရ ထောင်ရှီးမှာ ချင်းရွှေ အမှတ် ၁ ကျောင်းမှ ကျောင်းသားတစ်ဦးဖြစ်ကြောင်းသိရ၏။ ဝမ်းဟွာ အမှတ် ၁ ကျောင်းတွင် တိုက်ရိုက်ထုတ်လွှင့်မှုပရိုဂရမ်အရ နှစ်နှစ်တာပညာသင်ပြီးနောက် ကောလိပ်ဝင်ခွင့်ဖြေရန် မူလပညာသင်ခဲ့သည့်နေရာသို့ ပြန်သွားခဲ့ခြင်းဖြစ်လေသည်။


ထိုကိစ္စနှင့်ပတ်သတ်၍ အငြင်းပွားမှုများကြုံရသည့်အခါ ဝမ်းဟွာကျောင်း၏ ကျောင်းအုပ်ကြီးက အောက်ပါအတိုင်းကောက်ချက်ချလိုက်သည်။


“ဘာပဲဖြစ်ဖြစ် သူလည်း ဝမ်းဟွာ အမှတ် ၁ ကျောင်းမှာ ပညာသင်ခဲ့တာပဲလေ...”


ထို့ကြောင့် ဝမ်းဟွာကျောင်း၏ ကျောင်းဝင်​ပေါက်တံခါးတစ်ဖက်စီတွင် ကျောင်းသားနှစ်ဦး၏ဓာတ်ပုံများကို အနီရောင်ဘောင်များအတွင်းထည့်သွင်း၍ ပြသထားလေသည်။ သူတို့နှစ်ဦး၏ဓာတ်ပုံများအလယ်၌ "သတင်းကောင်းကြေငြာခြင်း” ဟူသည့်စာသားကို အနီရောင်စာလုံးများဖြင့် ရေးဆွဲထား၏။ တစ်စုံတစ်ယောက်က မင်္ဂလာပွဲအတွက်ပြင်ဆင်ပုံနှင့်တူနေသည်ဟု ထင်မြင်ချက်ပေးလေရာ ထောင်ရှီး ကျောင်းသွားဖို့ပင် အနည်းငယ်ရှက်သွားခဲ့ရသည်။


သတင်းစာတိုက်အမျိုးမျိုးမှ သတင်းထောက်များနှင့် ဂုဏ်သိက္ခာကြီးမားသည့် ကျောင်းများ၏ ဝင်ခွင့်လွှာများက ကျောင်းသို့အစုလိုက်အပြုံလိုက် ရောက်လာကြသည်။ သို့သော် အချည်းနှီးသာဖြစ်သွားခဲ့၏။ အတန်းမှူးကျိုးချင်ထံမှတဆင့် အဆိုပါကျောင်းသားနှစ်ဦးလုံးက ပင်လယ်ရပ်ခြားနိုင်ငံများရှိ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်အသီးသီးတွင် ကျောင်းလျှောက်ထားပြီးဖြစ်ကြောင်း သိရှိလိုက်ရသည်။ တစ်ဦးက အနုပညာကျောင်းတွင် သင်ကြားမှာဖြစ်ပြီး ကျန်တစ်ဦးက သင်္ချာဘာသာရပ်ကို သင်ကြားမှာဖြစ်လေသည်။


တစ်ချိန်ထဲတွင် ဖန်းမိသားစုက ထောင်ရှီးအတွက် သက်ဝင်လှုပ်ရှားသည့်ဂုဏ်ပြုပွဲတစ်ခု စီစဉ်ပေးခဲ့ကြသည်။ သူတို့နှင့် နှစ်ပေါင်းများစွာသိကျွမ်းလာသည့် ဆွေမျိုးမိတ်သင်္ဂဟများကို ပွဲသို့တက်ရောက်ရန် ဖိတ်ကြားခဲ့ကြသည်။ ထောင်ရှီးပေါ်ပေါက်လာပုံကို မနှစ်က သီးသန့်ပွဲတစ်ခုကျင်းပကာ ထုတ်ဖော်ပြောကြားခဲ့ပြီးဖြစ်လေသည်။ အားလုံးက သက်ပြင်းတစ်ချချဖြစ်ခဲ့ကြရ၏။ သူတို့ကသိခါစတွင် ဖန်းမိသားစုအတွက် ခက်ခဲမည်ဟုထင်ကာ စိတ်မကောင်းခဲ့ရသည်။ ယခုမူ ထိုမြေးက မိသားစုဂုဏ်ကိုပင် ဆောင်ကြဉ်းပေးနေလေရာ ဖန်းကျူချင်း၏ကံကောင်းမှုအတွက် ဂုဏ်ပြုစကားများဆို၍မဆုံးဖြစ်နေကြလေသည်။


ထောင်ရှီးထိုစဉ်က ဆွေမျိုးများ၏အတင်းအဖျင်းများကို စိတ်ထဲမထားခဲ့ချေ။ သူ၏ငယ်ဘဝအကြောင်းက ချောင်ဟယ့်နျန်ကို အလွန်ပင်ခံစားရစေခဲ့သည်။ ကံကြမ္မာမှာ အံ့သြစရာကောင်းလှ၏။ ဖန်းဆွေ့က သူဂုဏ်အယူရဆုံးတပည့်ဖြစ်သလို သူမ၏သားဖြစ်သူကလည်း မတော်တဆသူ့တပည့်ဖြစ်လာခဲ့ရသည်။ ချောင်ယီထန်က ထိုအကြောင်းကိုသိသွားသည့်အခါ သူမ၏အတွေးများကို ထောင်ရှီးဘယ်လိုမှလိုက်မမီနိုင်ခဲ့ချေ။ သူမက ထိုဇာတ်ကြောင်းအား ည ၈နာရီတွင်ပြသသော မိသားစုခွေးသွေးဇာတ်လမ်းအဖြစ် ရေးချလာလေသည်။


အဆိုပါစားသောက်ပွဲကြီးအား တစ်နေကုန်ဆင်နွှဲပြီးသည့်နောက် ထောင်ရှီးအတော်လေးပင်ပန်းသွားကာ ပြုံးပြရလွန်းသဖြင့် မျက်နှာကြောများပင် တောင့်တင်းနေလေသည်။ လင်ချင်းဟယ်က သူ့အားပွေ့ချီကာ ရေချိုးရန်ခေါ်သွား၏။


“မင်းကိုအားကျတယ်...မိသားစုထမင်းဝိုင်းလေးနဲ့တင်ပြီးသွားရော...ငါ့မှာတော့ ပြပွဲကြီးလိုပဲ...ဘေးကလူတွေအကုန်ဝိုင်းကြည့်ခံနေရတာ...”


ထောင်ရှီးက မျက်ဝန်းများမှိတ်ကာ တစ်ဖက်လူ၏ပုခုံးပေါ်သို့ သူ့နဖူးကိုမီချလိုက်ကာ လင်ချင်းဟယ် သူ့ခန္ဓာကိုယ်အား ဆပ်ပြာတိုက်ပေးသည်ကို ခွင့်ပြုပေးထားလေသည်။


တကယ်တမ်းတွင် ဖန်းကျူချင်း လူအများကြီးဖိတ်ရသည့်အကြောင်းရင်းကို သူနားလည်လေသည်။ သူက ထောင်ရှီးကို ဆွေမျိုးများက အသိအမှတ်မပြုမှာ စိုးရိမ်နေခြင်းဖြစ်၏။


လင်ချင်းဟယ်က သူ့မျက်စိရှေ့ရှိ ဆပ်ပြာမြှုပ်များဖုံးလွှမ်းနေသော ပြပွဲက​လေးကို ကြည့်လိုက်သည်။ သူက ထောင်ရှီး၏ညှပ်ရိုးကို ရေမြှုပ်တုံးနှင့်ပွတ်တိုက်ရင်း “ညစာစားပြီးပြီလား...”


“မစားရသေးဘူး...” ထောင်ရှီးက ခေါင်းခါရင်း အဖိုးအိုလေးလိုသက်ပြင်းချလိုက်သည်။


“ဆွေမျိုးထဲမှာရှိတဲ့ အငယ်လေးတွေအကုန်လုံးက ငါ့မှတ်စုတွေကိုလိုချင်နေကြတယ်လေ...ငါခုဆိုအတန်းတစ်တန်းတောင်ဖွင့်လိုရနေပြီ။ မင်းကိုလည်း သင်ခိုင်းမယ်...ပြီးတော့ နံပါတ် ၁ အတန်းလို့နာမည်ပေးမယ်...ငါတို့သေချာပေါက်ပိုက်ဆံအများကြီးရှာနိုင်မှာပဲ...”


လင်ချင်းဟယ်က ရယ်မောလိုက်သည်။ ယခုဆိုလျှင် ထောင်ရှီး၌ ပိုက်ဆံမရှားတော့ချေ။ သို့သော် ငယ်စဉ်ကလေးဘဝတစ်လျှောက်လုံး ခက်ခက်ခဲခဲ ဖြတ်သန်းလာရသဖြင့် သူပြောသမျှစကားတိုင်းတွင် ပိုက်ဆံအကြောင်းအမြဲပါဝင်နေလေသည်။


“ဟေး...ငါတို့အတန်းတစ်ခုဖွင့်ကြရင်ကောင်းမလား...” ထောင်ရှီးက စိတ်လှုပ်ရှားစွာပြောသည်။


“ ငါ တခြားလူတွေကိုမသင်ပေးပါဘူး...” လင်ချင်းဟယ်က လူကြီးလူကောင်းဟန်ပန်ဖြင့်ပြောသည်။


“အိုး…လင်လောင်ရှီးက ကျွန်တော့်ရဲ့ သီးသန့်ဆရာပေါ့...ဟုတ်လား...” ထောင်ရှီးက မျက်ဝန်းထောင့်များကွေးညွှတ်သွားသည်အထိ ပြုံးလိုက်သည်။


ရေချိုးပြီးနောက် ထောင်ရှီးတစ်ကိုယ်လုံးက လင်ချင်းဟယ် တဘက်ဖြင့် ပတ်ပေးခြင်းခံလိုက်ရသည်။ ထို့နောက် သူက တစ်ခုခုမှားယွင်းနေမှန်းသတိရသွားကာ လင်ချင်းဟယ်၏လက်ကိုမြန်မြန်ဖိကိုင်ရင်း ခေါင်းခါပြလိုက်၏။


“ငါ ဒီနေ့အရမ်းပင်ပန်းနေတာ...အားတောင်သိပ်မရှိတော့ဘူး...”


လင်ချင်းဟယ်က မျက်ခုံးပင့်လိုက်ကာ “မင်း ဘာမှအားစိုက်စရာမလိုဘူးလေ...”


ထောင်ရှီးက ပြောစရာစကားမဲ့သွားကာ အနည်းငယ်ရှက်သွားသည်။ “ငါ မနက်ဖြန်အပြင်သွားဖို့ ဘာမှမပြင်ဆင်ရ​သေးဘူး...”


နောက်ဆုံးတွင် လင်ချင်းဟယ်က သူ၏နှုတ်ခမ်းများကိုသာ ဖိကိုက်လိုက်ပြီး ညဝတ်အင်္ကျီဝတ်ခွင့်ပေးလိုက်သည်။


ထောင်ရှီး အိပ်ခန်းထဲသို့လျှောက်ဝင်လိုက်သည့်အခါ အသစ်စက်စက်ချောဆီတစ်ဘူးကို တွေ့လိုက်ရသည်။ သူ့မျက်နှာရှိအနီရောင်က လည်တိုင်အထိပင် ကူးစက်သွား၏။ ရုတ်တရက် သူဆယ့်ရှစ်နှစ်ပြည့်သည့်မွေးနေ့ပွဲအပြီးတွင် လင်ချင်းဟယ်နှင့် ပထမဆုံးအတူတူနေခဲ့သည့်ညကို ပြန်လည်တွေးမိသွားသည်။ ထိုည၏အတွေ့အကြုံမှာ လင်ချင်းဟယ်အပေါ် သူ၏အမြင်ကို အတော်လေးပြောင်းလဲသွားစေခဲ့သည်။


သူလည်း ထိုကိစ္စကိုနှစ်သက်လေသည်။ သို့သော် ကောလိပ်ဝင်ခွင့်လောက် ဘယ်အရာမှအရေးမကြီးသဖြင့် သူတို့နှစ်ဦးက တစ်နှစ်လုံးစောင့်ထိန်းခဲ့ကြကာ အကြိမ်အရေအတွက်များများမလုပ်ခဲ့ကြချေ။


ထောင်ရှီးက မြင်ယောင်လာသည့်ပုံရိပ်များကို ခေါင်းခါ၍ရှင်းလင်းလိုက်ကာ လင်ချင်းဟယ်နှင့်အတူ မနက်ဖြန်အတွက် အဝတ်များထုပ်ပိုးလိုက်၏။


မနက်ဖြန်တွင် သူတို့နှစ်ဦးက ချင်းရွှေခရိုင်သို့သွားကြမှာဖြစ်သည်။ ထောင်ရှီး၏ ပြည်နယ်အဆင့်ပထမနေရာသည် ဝမ်းဟွာ အမှတ်(၁)အထက်တန်းကျောင်းကို ပျော်ရွှင်စေရုံသာမက ချင်းရွှေ အမှတ် (၁) အထက်တန်းကျောင်းကိုလည်း ပျော်ရွှင်စေလေသည်။ ကျောင်းအုပ်ကြီးက ဗြောက်အိုးများကို ကျောင်းအရှေ့၌ချိတ်ဆွဲထားကာ ဝမ်းဟွာကျောင်းမြင်ကွင်းထက် ပို၍အသက်ဝင်နေလေသည်။


တိုက်တိုက်ဆိုင်ဆိုင်ပင် တိုက်ရိုက်ထုတ်လွှင့်မှု ပရောဂျက်၏ ဒုတိယမြောက်အထိမ်းအမှတ်ပွဲနှင့်လည်း ကြုံကြိုက်၍နေလေသည်။ ထောင်ရှီးက ချင်းရွှေအမှတ် (၁) အထက်တန်းကျောင်းမှတဆင့် တိုက်ရိုက်ထုတ်လွှင့်သည့်ပရောဂျက်နှင့်အတူ ပထမဆုံးအထက်တန်းဘွဲ့ရခဲ့သည့် ကျောင်းသားဖြစ်သည်။ ကြားရသည့်သတင်းများအရ ယခုနှစ်အတန်းရှိကျောင်းသားအများစုမှာ ပထမတန်းတက္ကသိုလ်များသို့ဝင်ခွင့်ရခဲ့ပြီး အချို့ဝင်ခွင့်တင်းကျပ်သောတက္ကသိုလ်များသို့ပင် အမှတ်မီသူများရှိလေသည်။ ထို့ကြောင့် ချင်းရွှေခရိုင်အရာရှိများ၏ မျက်နှာများတောက်ပနေကြကာ ဆင်းရဲမှုကို အဓိကလျှော့ချပေးနိုင်သည့် ပညာရေးဖွံဖြိုးတိုးတက်မှုများကို ဖြစ်စေခဲ့သည့်အတွက် ရာထူးတိုးမည့်အလားအလာများပင် ရှိနေကြလေသည်။


ထိုထက်ပိုအရေးကြီးသည့်ကိစ္စမှာ ထောင်ရှီး၏အိမ်ထောင်စုစာရင်းပြောင်းလဲရန်ဖြစ်သည်။ သူက ကျောင်းစာများနှင့်အလုပ်ရှုပ်နေသည့်အတွက် ခုထိမပြောင်းရသေးချေ။ ဖန်းမိသားစု၏ အိမ်ထောင်စုဇယားအောက်သို့ ထောင်ရှီးကိုထည့်သည့်အပေါ် ယန်ကျန်းမင်ကဘာမှမပြောချေ။


သူတို့နှစ်ယောက်ထုပ်ပိုးပြီးသည့်အချိန်မှာ ဆယ်နာရီပင်ထိုးတော့မှာဖြစ်သည်။ ထောင်ရှီးက ယန်ကျန်းမင်နှင့် ဖန်းကျူချင်းတို့၏လက်ဆောင်များကို ဖောက်ကြည့်လိုက်သည်။ အဖိုးနှင့်အဖွား၏လက်ဆောင်မှာ ထောင်ရှီးအရင်ကတည်းကလိုချင်နေခဲ့သည့် ရှုခင်းပန်းချီတစ်ချပ်ဖြစ်သည်။ ၎င်းက လွယ်လွယ်နှင့်မရနို​င်ချေ။


ယန်ကျန်းမင်၏လက်ဆောင်မှာမူ ပြိုင်ကားတစ်စီးပေးခဲ့သည်။ ထောင်ရှီးက ပြောစရာစကားမရှိဖြစ်သွား၏။ သူ့တွင် ကားလိုင်စင်မရှိသလို မကြာခင်နိုင်ငံခြားသို့ ကျောင်းသွားတက်တော့မှာဖြစ်သည်။ ဤပြိုင်ကားက ဖုန်တက်၍ကျန်ခဲ့ရတော့မှာပင်။ မနှစ်က သူ၏ဆယ့်ရှစ်နှစ်ပြည့်မွေးနေ့တွင်လည်း ယန်ကျန်းမင်ထံမှ အကောင်းစားဝတ်စုံတစ်စုံနှင့်အတူ “ဆယ်ကျော်သက်အချစ်နဲ့ ကျောင်းစာကို မျှမျှတတဘယ်လိုညှိယူရမလဲ” ဟူသည့်စာအုပ်ကို လက်ဆောင်ပေးခဲ့လေသည်။


သူ့မှာ ဘာမှချိန်ညှိစရာမှမလိုတာ...ဒီတိုင်း စာကြိုးစားရင်း ရည်းစားထားလို့ရတာပဲလေ...


ထောင်ရှီးက ကားသော့နှင့်အတူ နောက်ထပ်စာအုပ်တစ်အုပ်ကိုပါ ယန်ကျန်းမင်၏လက်ဆောင်သေတ္တာထဲတွင် တွေ့လိုက်ရသည်။ စာအုပ်၏နာမည်မှာ “လူငယ်များသိထားရမည့် အရာများ” ဖြစ်သည်။ အဖုံးကိုကြည့်ရုံနှင့်ပင် စာအုပ်ထဲတွင်မည်သည့်အကြောင်းအရာများရေးထားကြောင်း သိရှိနိုင်လေသည်။


ထောင်ရှီး၏မျက်နှာက နီရဲသွားကာ စာအုပ်ကိုခပ်ဝေးဝေးတွန်းလိုက်မိသည်။ လင်ချင်းဟယ်က ထိုစာအုပ်အားဖွင့်ဖတ်လိုက်ရင်း ကောက်ခါငင်ခါထပြောလာသည်။ “ဦးလေးယန်က မနှစ်ကလည်းငါ့ကို စာအုပ်တစ်အုပ်ပေးခဲ့တယ်...”


“ဘာစာအုပ်လဲ...” ထောင်ရှီးက အလန့်တကြားမေးလိုက်၏။


လင်ချင်းဟယ်က ထုတ်ပြောရခက်နေဟန်ဖြင့် “တာဝန်ယူတတ်တဲ့လူတစ်ယောက်ဖြစ်လာဖို့ ဘာတွေလိုအပ်လဲ” ဆိုတဲ့စာအုပ်...”


“…”


ထောင်ရှီးက အလျှင်အမြန်စကားလွှဲလိုက်ကာ လင်ချင်းဟယ်ကိုမေးလိုက်၏။ “လော်မားမား တရုတ်ကိုဘယ်တော့ပြန်လာမှာလဲ...”


လင်ချင်းဟယ်က ကလေးများနှင့်မသင့်တော်သည့်စာအုပ်ကို ပြန်လည်ချလိုက်ကာ “လာမယ့်အင်္ဂါနေ့လေယာဉ်နဲ့ ပြန်လာမှာ...”


လော်ကျန်းယင်းက သူမကိုချည်နှောင်ထားသည့်ကြိုးများထံမှ ရုန်းထွက်နိုင်ခဲ့ပြီဖြစ်သည်။ သူမက လင်ကျဲရှစ်အား ကွာရှင်းပေးလိုက်ပြီးနောက် ပြောင်မြောက်သောစန္နယားပညာရှင်တစ်ဦးအဖြစ် ပြန်လည်မွေးဖွားလာခဲ့သည်။ သူမက ကမ္ဘာအနှံ့တွင် စန္နယားဖျော်ဖြေမှုများပြုလုပ်နေပြီဖြစ်သည်။ သူမက ထောင်ရှီးနှင့်လင်ချင်းဟယ်အတွက် သူမလည်ပတ်ခဲ့သောမြို့များ၏ ပို့စကဒ်များကို နှစ်ခုစီအမြဲပို့ပေးကာ ထိုနေရာရှိရှုခင်းများအကြောင်း ပြောပြလေ့ရှိသည်။


“အိုး...အဲ့ဒီ့အချိန်လောက်ဆို ငါတို့လည်းပြန်ရောက်နေလောက်ပြီပဲ...ညစာအတူစားကြတာပေါ့...”


ထောင်ရှီးကပြောလိုက်သည်။


လင်ချင်းဟယ်က အင်း ဟုအသံပြုလိုက်၏။


“ထောင်လဲ့က အထက်တန်းဝင်ခွင့်ဖြေနေရတော့ ငါနဲ့လျှောက်လည်နိုင်မှာမဟုတ်လောက်ဖူး...စိတ်မကောင်းစရာပဲ...” ထောင်ရှီးက နောင်တရဟန်ဖြင့်ပြောသည်။


“သူမ စာမေးပွဲပြီးရင် ငါတို့တူတူခရီးတစ်ခုသွားကြတာပေါ့...” လင်ချင်းဟယ်က ထောင်ရှီးရှေ့မှ လက်ဆောင်များကို ရှင်းလင်းရင်းပြောလိုက်သည်။


ထောင်ရှီးက တစ်စုံတစ်ခုကိုတွေးမိလိုက်ကာ နှုတ်ခမ်းထောင့်လေးများကွေးညွှတ်သွား၏။


“သူတတိယမီးသီးမဖြစ်ချင်ဘူးလို့ ငါ့ကိုပြောဖူးတယ်...ထားလိုက်တော့...နောက်မှပဲ သူမရဲ့အတန်းဖော်တွေနဲ့ နွေရာသီစခန်းချခရီးထွက်ပါစေ...”


ထောင်လဲ့က ဂျူနီယာအထက်တန်းဒုတိယနှစ်တွင် ဘော်ဒါကျောင်းသို့ပြောင်းရွှေ့ခဲ့ပြီး အားလပ်ရက်များတွင် ထောင်ရှီးတို့ထံသို့လာလည်တတ်သည်။ မိန်းကလေးက မြို့ပေါ်ရောက်လာသည်နှင့် ကမ္ဘာကြီးအကြောင်း ပိုမိုကျယ်ပြန့်စွာသိရှိလာတော့သည်။ တစ်​နေ့တွင် ထောင်လဲ့က ထောင်ရှီးကို​မေးခဲ့သည်။


“ကိုကို...ချင်းဟယ်ကော က ညီမလေးရဲ့ခယ်မလား...”


ထောင်ရှီးက လင်ချင်းဟယ်အား ထောင်လဲ့ဤကဲ့သို့ခေါ်ဆိုလိုက်ပုံကို အလွန်ပင်ကျေနပ်အားရဖြစ်​နေခဲ့သည်။ ရလဒ်အ​နေဖြင့် ထိုညတွင် အိပ်ယာထဲ၌ ထောင်လဲ့၏ခယ်မဖြစ်သူက သူ့အားသင်ခန်းစာကောင်းကောင်းပေးလေသည်။


ထောင်ရှီးက ခရီးဆောင်သေတ္တာအားပြင်ဆင်ပြီးသည်နှင့် လင်ချင်းဟယ်အပေါ်သို့ ကျွမ်းကျင်စွာ ခုန်တက်လိုက်သည်။ ထို့နောက် တစ်ဖက်လူ၏ပုခုံးပေါ်မေးတင်လျက် သမ်းဝေရင်း “အိပ်ကြမယ်လေ...မနက်ဖြန်ကျရင် အစောကြီးထရဦးမှာ...”


လင်ချင်းဟယ်က ထောင်ရှီးကို အိပ်ခန်းထဲသို့သယ်သွားပေးလိုက်သည်။ ထိုစဉ်ထောင်ရှီးက တစ်စုံတစ်ခုအားသတိရသွားကာ အလျှင်အမြန်မေးလိုက်၏။


“စကားမစပ် ဒီတစ်ခါညစာစားပွဲမှာရော အဖိုးလင်မင်းကိုတစ်ခုခုပြောသေးလား...”


“မပြောပါဘူး...” လင်ချင်းဟယ်က ထောင်ရှီးကို အိပ်ယာပေါ်နေရာချပေးရင်းပြောသည်။ “နောက်တစ်ခါ မိသားစုညစာစားတဲ့ရက်ကျရင် မင်းကိုခေါ်လာဖို့ပြောလိုက်တယ်...”


ထောင်ရှီးက မယုံနိုင်အောင်ပင် ပျော်ရွှင်သွားရသည့်အတွက် အိပ်ယာထက်မှထထိုင်လိုက်သည်။


“အဖိုးလင်က ငါတို့ကိုမကန့်ကွက်ဘူးလား...”


လင်ချင်းဟယ်က အကူအညီမဲ့ဟန်ဖြင့်ပြုံးလိုက်ကာ “အဖိုးက မကန့်ကွက်ပါဘူး...”


“ဒါဆို လုံးဝသဘောတူညီမှုရသွားပြီပေါ့...” ထောင်ရှီးက လင်ချင်းဟယ်အားထပ်မံ၍ခုန်အုပ်လိုက်ကာ သူ၏လက်များဖြင့် တစ်ဖက်လူ၏လည်ပင်းကို ရစ်ပတ်လိုက်သည်။


လင်ချင်းဟယ်က ထောင်ရှီး၏ခါးကို သူ့လက်မောင်းများဖြင့်ပွေ့ဖက်လိုက်ကာ အိပ်ယာပေါ်ဖိချလိုက်၏။ သူက ပြုံးလျက်ခေါင်းညိတ်ပြလာလေသည်။


သူတို့၏ဆက်ဆံရေးကို နှစ်ဖက်မိဘများက အထက်တန်းနောက်ဆုံးနှစ်၏ ဒုတိယစာသင်နှစ်ဝက်ကတည်းက သိရှိသွားခဲ့ခြင်းဖြစ်သည်။ မသိစရာလည်းအကြောင်းမရှိပေ။ သူတို့က တစ်အိမ်ထဲအတူတူနေထိုင်ကြပြီး ဘယ်​နေရာသွားသွား တပူးပူးတတွဲတွဲနှင့်ပင် ဖြစ်လေသည်။


အရင်ဆုံးသိရှိသွားသူက ဖန်းမိသားစု၏အကြီးအကဲများဖြစ်ကြသည်။ ဖန်းကျူချင်းက အစပိုင်းတွင် ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့သည်။ လင်ချင်းဟယ်ကို သဘောမကျ၍မဟုတ်ပဲ ထောင်ရှီးကအလွန်ငယ်ရွယ်သေးသည့်အတွက် ခက်ခဲကြမ်းတမ်းသည့်လမ်းကို မလျှောက်စေချင်ခြင်းသာဖြစ်လေသည်။ သို့သော် ယဲ့ယွီရုန်က သူ့အား ငိုယိုကာပြောခဲ့သည်။


“ဖန်းဆွေ့လိုအဖြစ်မျိုး သူ့ကိုကြုံစေချင်လို့လား...”


ဖန်းကျူချင်း နှုတ်ဆိတ်သွားခဲ့ရသည်။


လင်ချင်းဟယ်၏အဘိုးဖြစ်သူ လင်ဝေလျန်သည်လည်း ထိုကိစ္စအားသိရှိသွားခဲ့သည်။ မြင့်မားသောအဆင့်အတန်းနှင့် အချိန်ကြာမြင့်စွာနေခဲ့သည့်အဖိုးအိုက ရှေးရိုးဆန်ကာ အပေးအယူလုပ်ရန်မလွယ်ကူချေ။ သူက လင်ချင်းဟယ်အား ကျောင်းထွက်ရန်ပင်ခြိမ်းခြောက်ခဲ့သည်။ လင်ဝေလျန်ကန့်ကွက်သည်ဟုကြားသည်နှင့် လွန်လွန်ကဲကဲကာကွယ်တတ်သည့် ဖန်းကျူချင်းက သူ့မြေးဖြစ်သူအား တစ်ဖက်အသိုင်းအဝိုင်းအထင်သေးနေသည်ဟု ယူဆကာ လင်ဝေလျန်ထံသို့သွားရောက်ခဲ့သည်။ ထို့နောက် သူငယ်ချင်းဟောင်းကြီးနှစ်ဦး အကြီးအကျယ်စကားများကြလေသည်။ လင်ကျဲရှစ်ကလည်း သူ၏သားဖြစ်သူအား သူ့ကဲ့သို့ စိတ်ညစ်ညူးဖွယ်အိမ်ထောင်ရေးကို မပိုင်ဆိုင်စေချင်ကြောင်း ပြောဆိုကာ ဝင်ရောက်ဖြန်ဖြေခဲ့သည်။


သို့သော် အဆုံးသတ်၌ လင်ချင်းဟယ်က သူ့အဘိုးအိမ်သို့ ကိုယ်တိုင်သွားရောက်ခဲ့၏။ ထို့နောက် သူတို့နှစ်ဦးက တစ်ညလုံးစကားပြောခဲ့ကြသည်။ လင်ချင်းဟယ် အဘိုးဖြစ်သူအား မည်သို့ပြောလိုက်သည်မသိ။ အဘိုးအို၏အမြင်က ပျော့ပျောင်းသွားခဲ့လေသည်။ ထို့နောက် လင်ချင်းဟယ်အား ကျောင်းပြောင်းရန် ထပ်မပြောတော့ပဲ သူတို့နှစ်ဦးအတူနေသည့်ကိစ္စကိုလည်း မျက်လုံးမှိတ်၍ခွင့်ပြုလိုက်တော့သည်။


ဤတစ်ကြိမ်တွင်မူ ထောင်ရှီးကို လင်မိသားစုညစာစားပွဲသို့ ဖိတ်ခေါ်နေခြင်းဖြစ်ရာ တရားဝင်ခွင့်ပြုလိုက်ခြင်းဖြစ်၏။


အဆိုပါသတင်းကောင်းကြောင့် ထောင်ရှီးက အိပ်ချင်စိတ်ပြယ်သွားလေသည်။ သူက လင်ချင်းဟယ်၏ပေါင်ပေါ်ထိုင်လိုက်ကာ လင်မိသားစုညစာစားချိန်၏ အလေ့အကျင့်များကို မေးမြန်းရန်ပြင်လိုက်သည်။ သို့သော် လင်ချင်းဟယ်က သူ့အား အိပ်ယာပေါ်သို့ ထပ်မံဖိကပ်လိုက်သည်။


လင်ချင်းဟယ်က ထောင်ရှီး၏လက်နှစ်ဖက်ကို ခေါင်းပေါ်တွင်ချုပ်ကိုင်လိုက်ရင်း နီးကပ်စွာငုံ့ကိုင်းလာခဲ့သည်။ သူ၏အသက်ရှူသံက ပူပြင်း​နေကာ အသံနိမ့်နိမ့်ဖြင့်မေးလာ၏။


“ဒီည ဘာမှလုပ်ဖို့အစီအစဉ်မရှိဘူးလား...”


ထောင်ရှီးက လည်တိုင်ကိုပင့်မကာ လင်ချင်းဟယ်၏နှုတ်ခမ်းများကိုနမ်းရင်း မေးခွန်းကိုဖြေလိုက်သည်။


စားပွဲပေါ်တင်ထားခဲ့သည့် အသစ်စက်စက်ဝယ်ထားသောပစ္စည်းကို အသုံးပြုချိန်ရောက်လာပြီဖြစ်လေသည်။


နောက်တစ်နေ့မနက်တွင် သူတို့က လေဆိပ်သို့အတူဆင်းခဲ့ကြသည်။ လေကြောင်းခရီးဆုံးသည့်အခါ ဘတ်စ်ကားကိုအကြာကြီးစီးရပြန်၏။ ချင်းရွှေခရိုင်သို့ရောက်ချိန်တွင် ညနေပင်အတော်စောင်းနေပြီဖြစ်သည်။


သူတို့က ချင်းရွှေ အမှတ် ၁ ကျောင်းသို့ရောက်သည့်အခါ ပြည်နယ်ပထမအဆင့်ရသော ကျောင်းသား၏ ဂုဏ်ပြုစာတမ်းကို ကျောင်းဝင်ပေါက်၌ချိတ်ဆွဲထားကြောင်း တွေ့လိုက်ရသည်။ အနီရောင်ဂုဏ်ပြုစာတမ်းက လေအဝှေ့တွင် တလွင့်လွင့်ကခုန်နေလေသည်။ ထောင်ရှီးက လင်ချင်းဟယ်အား ကျောင်းအနှံ့လိုက်ပြပေးခဲ့သည်။ သို့သော် နွေရာသီကျောင်းပိတ်ရက်မဟုတ်သေးသည့်အတွက် စာသင်ခန်းထဲတွင် ကျောင်းသားများအပြည့်ရှိနေကာ အင်္ဂလိပ်စာဖတ်သံများက တစ်ချက်တစ်ချက်ပျံ့လွင့်လာလေသည်။


သူတို့နှစ်ဦးက နေဝင်ချိန်ရောက်သည်အထိ ကျောင်း၏နေရာအနှံ့သွားရောက်ခဲ့ကြသည်။ ထောင်ရှီးက ပထမထပ်ရှိ စာသင်ခန်းကိုညွှန်ပြ​ကာ လင်ချင်းဟယ်အားပြောလိုက်၏။ “ငါ ပထမနှစ်တုန်းက အဲ့ဒီ့အခန်းမှာစာသင်ရတာလေ...နွေရာသီဆို တအားပူတာမှ ငရဲလိုပဲ...ပြီးတော့ အဲယားကွန်းလည်းမရှိဘူး...”


လင်ချင်းဟယ်က အဆိုပါစာသင်ခန်းသို့ကြည့်လိုက်ရာတွင် စာသင်ခန်း၏ ပြတင်းပေါက်မှန်များပေါ်၌ ဆီဆေးပန်းချီကဲ့သို့ထင်ဟပ်နေသော နေဝင်ချိန်၏တိမ်တိုက်များကိုသာ တွေ့လိုက်ရလေသည်။


နှစ်နှစ်အကြာက သူ၏ထောင်ရှီးသည် ခါးသီးသောအေးခဲမှုဒဏ်နှင့် နွရောသီ၏ပူပြင်းမှုကိုအံတုကာ သူ့ထံသို့စာရေးခဲ့သည်။


ဒီ နှစ်နွေရာသီကျရင်ရော စာသင်ခန်းအားလုံးကို လေအေးပေးစက်တပ်ပေးတော့မှာ... လင်ချင်းဟယ်က အစိုးရကချင်းရွှေခရိုင်အတွက် ရန်ပုံငွေချထားပေးကြောင်းနှင့် လင်မိသားစုကလည်း တစ်တပ်တစ်အားပါဝင်အားဖြည့်ပေးထားကြောင်း ပြောပြသည်။


“မိုက်တယ်ကွာ...ငါနဲ့လွဲသွားတာပဲ...” ထောင်ရှီးက အားကျဟန်ဖြင့် သက်ပြင်းချလိုက်သည်။


သူတိုနှစ်ဦးက ခရိုင်မြို့ရှိဟော်တယ်တွင် တစ်ညတာတည်းခိုကြလေသည်။ နောက်တစ်နေ့တွင် ထောင်ရှီးက လင်ချင်းဟယ်အား သူ၏မွေးရပ်မြေဖြစ်သော မက်မွန်ပွင့်စမ်းချောင်းသို့ ခေါ်ဆောင်သွားခဲ့သည်။


အချိန်အခါအားဖြင့် ရွာသားများက တောင်ကြားတွင်စိုက်ပျိုးထားသည့် ဆန်စပါးစိုက်ခင်းများကိုရိတ်သိမ်းရင်း အလုပ်များနေကြသည့် ရာသီဖြစ်လေသည်။ စပါးစေ့များကိုစိုက်ပျိုးနေသည့် အမျိုးသမီးကြီးတစ်ဦးက လယ်ကန်သင်းရိုးပေါ်ရှိ ထောင်ရှီးကိုသတိပြုမိသွားခဲ့သည်။ ထောင်မိသားစု၏ကလေးမှာ ကောဖျင်က အခြားမိသားစု၏ကလေးနှင့် လဲလှယ်ထားခြင်းဖြစ်သည်ဟူသည့်သတင်းကို အားလုံးသိရှိပြီးကြပြီဖြစ်သည်။ သူမက ထောင်ရှီးကိုနှုတ်ဆက်ကာ သူ၏အောင်မြင်မှုများကို မနားတမ်းချီးကျူးပြောဆိုတော့သည်။


အမျိုးသမီးနှင့်စကားစမြည်ပြောပြီးနောက် ထောင်ရှီးက လင်ချင်းဟယ်အား တောင်ပေါ်သို့ခေါ်သွားခဲ့သည်။ သူက တသွင်သွင်စီးဆင်းနေသည့်စမ်းချောင်းများ၊ သစ်တောများအတွင်း တေးသီဆိုနေသော အင်းဆက်များနှင့် အိမ်ခေါင်မိုးများမှ တလူလူထွက်ပေါ်နေသည့် မီးခိုးများအထိ လင်ချင်းဟယ်အားပြသခဲ့သည်။ ထောင်ရှီးနေထိုင်ခဲ့သည့်အိမ်သို့ သွားရာလမ်းတစ်လျှောက်တွင် ထောင်ရှီးပြောပြသည့် သူ၏ကလေးဘဝအသေးစိတ်အကြောင်းကို ဂရုတစိုက်နားထောင်ရင်း လိုက်ပါလာခဲ့သည်။


ဤတစ်ကြိမ် မက်မွန်ပွင့်စမ်းချောင်းသို့ပြန်လာချိန်တွင် ထောင်ရှီး၏ခံစားချက်က အပြည့်အဝပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ ဤနေရာသည် သူ့အိမ်ဟုသတ်မှတ်ခဲ့ဖူးသည့် နေရာဖြစ်သည်။ တောင်တန်းများက ပျော်စရာများဖြင့် ပြည့်နှက်နေခဲ့ဖူးသည်။ ထို့နောက် ဤနေရာက သူ့၏အကျဉ်းထောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။ တောင်တန်းများက သူ မကျော်ဖြတ်နိုင်သည့် ကျောက်တုံးနံရံကြီးများ ဖြစ်လာခဲ့သည်။ ယခူမူ ၎င်းသည် သူ့ဘဝစာမျက်နှာ၏ စာကြောင်းတစ်ကြောင်းအဖြစ်သာ ကျန်ရှိတော့လေသည်။ သူဖြတ်ကျော်ခဲ့ပြီးသော ရွက်လွှင့်ခရီးတစ်ခုသာဖြစ်လေသည်။


သူ မပြောင်းချင်ခဲ့သော နာမည်ကဲ့သို့ပင် ၎င်းမှာသူ့ဘဝ၏ ဖျက်၍မရနိုင်သော သေရာပါအမှတ်ပင်ဖြစ်သည်။ သူ့ကိုဖျက်ဆီးခဲ့သလို အားဖြည့်ပေးခဲ့သည့် ခါးသက်သောလက်ဖက်ရည်တစ်ခွက်ဖြစ်သည်။ အစပိုင်းတွင်ခါးသက်သော်ငြား ချိုမြိန်သောအရသာသာလျှင် စွဲမြဲကျန်ရစ်ခဲ့လေသည်။


သူတို့နှစ်ဦးက တောင်ပေါ်တွင် ရောက်တတ်ရာရာလျှောက်သွားခဲ့ကြသည်။ အပြန်လမ်းတွင် အမဲရောင်ကျောက်တိုင်များနှင့် အဖြူရောင်နံရံများရှိသော လယ်သမားအိမ်တွေ့ခဲ့ရသည်။ အိမ်မှာ အချိန်အတော်ကြာပစ်ပယ်ခံထားရဟန်ရှိသည်။ အိမ်အပေါက်ဝရှိသစ်သားတံခါးမှာ ပျက်စီးနေပြီး တံစက်မြိတ်တွင်လည်း ပေါင်းပင်များထူထပ်စွာပေါက်ရောက်နေကာ အမိုးစွန်းများတွင်မူ ပင့်ကူအိမ်များက တွဲလောင်းကျနေလေသည်။


ထောင်ရှီးက ရပ်တန့်ကာကြည့်နေသည့်အတွက် လင်ချင်းဟယ်က ထောင်ရှီးနေထိုင်ခဲ့သည့်အိမ်မှန်း သိရှိသွားလေသည်။


“ ငါ ဒီလိုအချိန်ဆို လက်ဖက်ခြောက်တွေလှမ်းနေကျလေ...ညနေကျတော့ပြန်ရုတ်တယ်...နောက်တစ်နေ့ မနက်ကျတော့ တစ်ခါထပ်လှန်းတယ်...” ထောင်ရှီးက ပေါင်းပင်များပေါက်ရောက်နေသည့်နေရာကို ညွှန်ပြရင်းပြောလိုက်သည်။


လင်ချင်းဟယ်က သေချာနားမလည်သည့်အတွက် ပြန်၍မေးလိုက်သည်။ “လက်ဖက်ရည်သောက်ဖို့ လက်ဖက်ခြောက်လှန်းတာလား...”


ထောင်ရှီးက ရယ်မောရင်းပြောလာသည်။ “မင်း ဒါကိုမသိဘူးမလား...နေခြောက်လှန်းပြီးသား လက်ဖက်ခြောက်ကို ဒီအတိုင်းသောက်လို့မရဘူးလေ...လက်ဖက်ခြောက်စက်ရုံကို အရင်ပို့ရတယ်...”


လင်ချင်းဟယ်က မျက်ခုံးပင့်လိုက်ကာ ဘာမှဆက်မမေးတော့ချေ။


သူတို့နှစ်ဦးရှေ့ဆက်သွားတော့မည့်အချိန်တွင် ထောင်ရှီးက လင်ချင်းဟယ်၏လက်မောင်းကို ဆွဲယမ်းကာ ပြောလိုက်သည်။ “ဘယ်လိုလုပ်မလဲ...ငါလမ်းမလျှောက်နိုင်တော့ဘူး...”


လင်ချင်းဟယ်က ထောင်ရှီး၏လက်ကလေးကို ငုံ့ကြည့်ရင်း သူ့နှုတ်ခမ်းထောင့်တွင် အပြုံးသေးသေးလေးဖြစ်ပေါ်လာသည်။ “မင်းပြောတော့ မင်းကတောင်တက်တာ အရမ်းကျွမ်းတယ်ဆို...”


နှုတ်ကထိုသို့ပြောသော်ငြား သူကကိုယ်ကိုကိုင်းညွှတ်ကာ ထောင်ရှီး၏ခြေထောက်ကိုဖမ်းကိုင်ရင်း လူငယ်လေးကိုကျောပိုးလိုက်သည်။ ထို့နောက် ပုံမှန်အရှိန်နှင့် တောင်ပေါ်မှဆင်းလာခဲ့လေသည်။


နေခြည်ဖျော့ဖျော့က တောင်၏ညာဘက်ခြမ်းတွင် ဖြာကျနေကာ လေသည်လည်းငြိမ်သက်နေလေသည်။ ထောင်ရှီးက ကြောင်မြှီးပင်တစ်ပင်ကို လက်တွင်လွှဲယမ်းကာ လင်ချင်းဟယ်၏ပုခုံးပေါ်မေးတင်လျှက် လိုက်ပါလာသည်။ သူက တစ်ဖက်လူအား နောက်ကနေကလိထိုးနေလေရာ လင်ချင်းဟယ်က သူ၏ပေါင်အားညှာတာမှုကင်းမဲ့စွာဖြင့် ဆိတ်ဆွဲလိုက်လေသည်။


တကယ်တမ်းတွင် သူ ဆက်၍မလျှောက်နိုင်တော့ခြင်းမဟုတ်ပဲ ငယ်စဉ်အချိန်က သူ့အားတောင်ပေါ်မှ ကျောပိုး၍ခေါ်သွားကာ မြစ်များကိုဖြတ်သန်းရင်း တောင်၏အခြားတစ်ဖက်သို့ပို့ဆောင်ပေးမည့် ကျောပြင်ကျယ်တစ်ခုအား အလွန်အမင်းတောင်းတခဲ့မိသည်ကို အမှတ်ရသွားခဲ့ခြင်းဖြစ်သည်။


ထိုကြောင့် သူထိုအရာအား ရည်ရွယ်ချက်ရှိရှိပြုလုပ်ခဲ့ခြင်းပင်။


သုံးရက်မြောက်နေ့တွင်မူ သူတို့လျှောက်လည်ရန်အချိန်မရတော့ချေ။ ချင်းရွှေအမှတ် ၁ ကျောင်းက တိုက်ရိုက်ထုတ်လွှင့်မှု ပရောဂျက်၏ နှစ်နှစ်ပြည့်အထိမ်းအမှတ်နှင့် ဂုဏ်ပြုပွဲအခမ်းအနားကို ထိုနေ့မနက်၌ကျင်းပမည်ဖြစ်ကြောင်း သတ်မှတ်လိုက်၍ဖြစ်သည်။


အခမ်းအနားက အကျဉ်းချုံးကျင်းပခြင်းမဟုတ်ချေ။ ဧည့်သည်တော်များထဲတွင် မြို့၏အကြီးပိုင်းများ၊ ဝမ်းဟွာကျောင်းမှ အတန်းမှူးများနှင့် လင်မိသားစု၏ပရောဂျက်မှကိုယ်စားလှယ်များအားလုံး တက်ရောက်ကြလေသည်။ ထို့အတူ ပြည်နယ်ပထမအဆင့်ရသော ထောင်ရှီးလည်းပါဝင်လေသည်။


နံနက်စောစောတွင် ထောင်ရှီးက လင်ချင်းဟယ်ကို ထိပ်တန်းကျောင်းသားမိသားစု၏ကိုယ်စားလှယ်အဖြစ် ချင်းရွှေ အမှတ် ၁ အထက်တန်းကျောင်းသို့ ခေါ်ဆောင်သွားခဲ့သည်။ သူတို့နှစ်ဦးအား ဆရာများနှင့်ကျောင်းသားများက စိတ်အားထက်သန်စွာဖြင့် ချီးကျူးကြိုဆိုခဲ့ကြသည်။ ထောင်ရှီးက သူ့ရင်ဘတ်ပေါ်တွင် အနီရောင်ပန်းပွင့်ကြီးကိုထိုးစိုက်ကာ မြင်းစီးနေရသည်ဟု ခံစားလိုက်ရသည်။

The Moon Is Coming To Me


Chapter-65.2


ထောင်ရှီးက မတွေ့ရတာကြာပြီဖြစ်သော ဆရာဖြစ်သူဖုန်းယွမ်အားတွေ့လိုက်ရသည်။ ထိုဆရာက သူ့အား ဝမ်းဟွာ အမှတ် ၁ ကျောင်းတွင်တက်ရောက်နိုင်ရန် ညလုံးပေါက်စာသင်ပေးခဲ့သူဖြစ်သည်။ ဆရာက ထောင်ရှီးကိုတွေ့သည့်အချိန်တွင် အလွန်ပျော်ရွှင်သွားကာ မျက်ဝန်းများနီရဲလာလေသည်။ သူက ထောင်ရှီး၏ပုခုံးကို ခပ်ပြင်းပြင်းပုတ်လိုက်ကာ သူ့အောင်မြင်မှုများအတွက် ချီးကျူးခဲ့သည်။ အနာဂတ်တွင်လည်း စာပိုကြိုးစားရန်နှင့် တောင်တန်းများဆီသို့ ခဏခဏအချိန်လာမဖြုန်းရန် မှာကြားလေသည်။


ဆရာတပည့်နှစ်ယောက်တွေ့ကြသည့်အခိုက် ထောင်ရှီးနှာခေါင်းထဲတွင် စပ်ဖျဉ်းဖျဉ်းခံစားလိုက်ရသည်။ ဆရာနှင့်ခဏစကားစမြည်ပြောပြီးနောက် ထောင်ရှီးက အခမ်းအနားကျင်းပရာနေရာသို့ ဆရာ၏ဦးဆောင်မှုနောက်မှ လိုက်ခဲ့လေသည်။


သူက အမှာစကားပြောရမှာဖြစ်သဖြင့် ဟောပြောပွဲခန်းမ၏စင်မြင့်ပေါ်၌ နေရာချထားပေးခြင်းခံရလေသည်။ လင်ချင်းဟယ်ကမူ စင်အောက်ရှိ ပရိတ်သတ်ထိုင်ခုံတွင်ထိုင်နေသည်။ သူ၏ကြည့်ကောင်းသောရုပ်ရည်ကြောင့် စင်မြင့်ပေါ်ရှိမိန်းကလေးများက လည်တဆန့်ဆန့်​ဖြင့် လင်ချင်းဟယ်အားကြည့်နေကြသည်ကို ထောင်ရှီးတွေ့လိုက်ရသည်။


ထောင်ရှီးနံဘေးတွင် သူနှင့်ရင်းနှီးသော လင်မိသားစု၏အတွင်းရေးမှူးဖြစ်သူ စူးယွင်ထိုင်သည်။ စူးယွင်က ဝေးလံစာသင်ခန်းပရောဂျက်ကို တာဝန်ပေးခံရကာ လင်မိသားစုကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့ခြင်းဖြစ်လေသည်။ သူတို့နှစ်ဦး တစ်ယောက်နှင့်တစ်ယောက် နှုတ်ဆက်ပြီးချိန်တွင် ကျောင်းအုပ်ကြီး၏မိန့်ခွန်းဖြင့် အစည်းအဝေးကို စတင်ခဲ့သည်။


ထို့​နောက် ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များက စင်မြင့်ပေါ်တွင် အလှည့်ကျမိန့်ခွန်းပြောကြလေသည်။ ထောင်ရှီးက အနည်းငယ်ပျင်းရိလာသည့်အတွက် ဖုန်းကိုတိတ်တဆိတ်ထုတ်ကာ လင်ချင်းဟယ်နှင့် စာပို့နေလေသည်။


သို့သော် မကြာမီမှာပင် သူမိန့်ခွန်းပြောရမည့်အလှည့်သို့ရောက်ရှိလာသည်။ “တိုက်ရိုက်ထုတ်လွှင့်မှုပရောဂျက်ရဲ့ ပထမဆုံးကျောင်းသားတစ်ဖြစ်လဲ ပြည်နယ်ပထမအဆင့်ရရှိတဲ့ ထောင်ရှီးကို မိန့်ခွန်းပြောရန်ဖိတ်ခေါ်အပ်ပါတယ်...” ခန်းမတစ်ခုလုံးက ဆူနာမီလှိုင်းလုံးကြီးကဲ့သို့ လက်ခုပ်သြဘာသံများဖြင့် ညံသွားကာ ကျောင်းသားအားလုံးမတ်တပ်ရပ်၍ ချီးမြှောက်ကြလေသည်။


ထောင်ရှီးက မိမိကိုယ်ကိုဂုဏ်ယူမိလေသည်။ သူ ဒီလောက် လူသိများလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။ သူက မတ်တပ်ရပ်ကာ စင်မြင့်အလယ်ရှိမိန့်ခွန်းပြောရာနေရာသို့ သြဘာသံများအကြား တည်ငြိမ်စွာလျှောက်သွားလေသည်။ ထောင်ရှီးက မိုက်ခရိုဖုန်းကို အသံညှိပြီးနောက် စင်မြင့်အောက်ရှိ တိတ်ဆိတ်စွာစောင့်ဆိုင်းနေကြသော ကျောင်းသားထုကြီးကိုကြည့်လိုက်မိသည်။ သူတို့က လေးစားမှုများပြည့်နှက်နေသည့်မျက်ဝန်းများဖြင့် သူပြောလာမည့်စကားအား မျှော်လင့်တကြီး စောင့်ဆိုင်းနေကြသည်။


ထိုအခိုက်အတန့်တွင် လွန်ခဲ့သည့်နှစ်နှစ်အကြာက သူသည် ချင်းရွှေ အမှတ် (၁) ကျောင်း၏ အနည်းငယ်ယိုယွင်းစပြုနေသော စာသင်ခန်းထဲတွင်ထိုင်နေသည့် သူ့ပုံရိပ်ကိုပြန်လည်အမှတ်ရသွားသည်။ သူသည်လည်း မိုင်ထောင်ချီဝေးသည့်နေရာမှ လင်ချင်းဟယ်အား ဤကဲ့သို့ပူလောင်တောက်ပသည့် မျှော်လင့်ချက်အပြည့်မျက်ဝန်းများဖြင့် ငေးကြည့်နေခဲ့ဖူးသည်။


ယခုမူ လင်ချင်းဟယ်က ပရိတ်သတ်ကြားထဲတွင်ထိုင်နေကာ သူ့အာနူးညံ့စွာငေးကြည့်နေလေသည်။


ရုတ်တရက် သူ၏မျက်ဝန်းများနီရဲလာကာ အသက်ပြင်းပြင်းတစ်ချက်ရှိုက်လို​က်သည်။ ထိုနောက် ပြင်ဆင်ထားခဲ့သည့်မိန့်ခွန်းကို စတင်ပြောကြားလိုက်၏။ သူက ခန့်ညားသောစကားလုံးများ၊ ကိုးကားချက်များကိုအသုံးမပြုခဲ့ချေ။ ငယ်ရွယ်သောကျောင်းသားများအား သူ၏အတွေ့အကြုံများကိုသာမျှဝေခဲ့သည်။ ဘဝတွင်စိတ်အနှောင့်အယှက်ဖြစ်စရာများ မည်မျှကြုံရပါစေ၊ နှလုံးသား၌ ခိုင်မာသောဆုံးဖြတ်ချက်ရှိနေသရွေ့ ရှေ့ဆက်လျှောက်ရမည့်လမ်းကိုတွေ့နိုင်မည်ဖြစ်ကြောင်း အဓိကထား၍​ပြောဆိုခဲ့သည်။


မိန့်ခွန်းအဆုံးသတ်တွင် ချင်းရွှေအမှတ် (၁) ကျောင်း၏ကျောင်းသားများအတွက် ဆုတောင်းပေးလေသည်။


“ခေါင်းကိုငုံ့ရင်းစာသင်ကြားနေစဥ်မှာ ကောင်းကင်ပေါ်ကလမင်းကိုလည်း မော့ကြည့်မိဖို့မမေ့ပါစေနဲ့...အားလုံး ကျွန်တော့်လိုပဲ ကိုယ်ပိုင်လမင်းကိုရှာတွေ့နိုင်ပါစေ...မင်းရဲ့လမင်းဆီကိုသွားနေသရွေ့ အတူတောက်ပနိုင်မယ့်နေ့ကို ရောက်လာပါလိမ့်မယ်...”


ထောင်ရှီးက အားလုံး၏စိတ်အားတက်ကြွနေသော လက်ခုပ်သံများအကြားတွင် သူ့ထိုင်ခုံထံပြန်လာခဲ့သည်။ ထိုင်ပြီးသည်အထိ သူက အနည်းငယ် စိတ်လှုပ်ရှားနေဆဲဖြစ်လေသည်။ နံဘေးရှိစူးယွင်က သူ့ကိုလှည့်ကြည့်ကာ ချီးကျူးလာသည်။


“မင်းပြောသွားတာအရမ်းကောင်းတာပဲ...အစ်မလို နှစ်ချီပြီးအလုပ်လုပ်ခဲ့တဲ့လူတောင်မှ စီနီယာအထက်တန်းကိုပြန်ဆင်းပြီး စာကြိုးစားချင်စိတ်ပေါ်ပေါက်လာတယ်... “


ထောင်ရှီးက ပြုံးရုံသာပြုံးနေခဲ့သည်။


အခမ်းအနားက အစီအစဉ်အတိုင်း ဆက်လက်ကျင်းပသွားသည်။ ယခုစာသင်နှစ်တွင် ချင်းရွှေခရိုင်တွင်ကျင်းပသည့် နှစ်ဆုံးစာမေးပွဲ၏ ထိပ်ဆုံးသုံးယောက်က ဝမ်းဟွာ အမှတ်(၁) ကျောင်းတွင် ပညာသင်ယူခွင့်ရမှာဖြစ်သည်။ ထိုကျောင်းသားသုံးဦးသည်လည်း မိန့်ခွန်းတက်၍ပြောကြကာ တစ်ဦးချင်းစီက အလွန်စိတ်လှုပ်ရှားနေကြသည်။


ထောင်ရှီးက စင်မြင့်ပေါ်ရှိကျောင်းသားများကိုကြည့်ကာ စူးယွင်ကို တီးတိုးကပ်ပြောလိုက်၏။


“ဒီလိုကောင်းမွန်ပြီးရှားပါးတဲ့အခွင့်အရေးကို ဖမ်းဆုပ်နိုင်တယ်ဆိုတာ သူတို့အရမ်းကံကောင်းတာပဲနော်...”


သင်က ရေတွင်းနက်ထဲသို့ကြိုးတစ်ကြိုးချပေးလိုက်ရုံဖြင့် ရေတွင်းအောက်ခြေရှိလူများက တွယ်တက်လာနိုင်မှာဖြစ်သည်။ သူ့ကဲ့သို့ တောင်ပေါ်ဒေသများမှ ကျောင်းသားအနည်းငယ်သည် ဝမ်းဟွာကျောင်းတွင် ပညာသင်ကြားနိုင်မည့်ကြိုးစကို ဖမ်းဆုပ်နိုင်ခဲ့လေပြီ။ သူတို့၏ ကံကြမ္မာကို အပြည့်အဝပြောင်းလဲနိုင်ခြင်းပင် ဖြစ်ကောင်းဖြစ်နိုင်လေသည်။


“သူတို့ရဲ့ကံကြမ္မာကောင်းအတွက် မင်းကိုကျေးဇူးတင်ကြလိမ့်မယ်...” စူးယွင်က ပြုံးလျက်ပြောလာသည်။


ထောင်ရှီးက နှစ်စက္ကန့်မျှတောင့်သွားကာ စူးယွင်ကို နားမလည်ဟန်ဖြင့်မေးလိုက်သည်။


“ဒါက သူတို့ကိုယ်တိုင် ကြိုးစားလို့ရလာတဲ့အသီးအပွင့်ပဲလေ...ကျွန်တော့်ကိုဘာလို့ကျေးဇူးတင်ရမှာလဲ...”


စူးယွင်က ထောင်ရှီးကိုအလန့်တကြားကြည့်လာသည်။ “မင်း မသိဘူးလား...”


“ဘာကိုလဲ...”


စူးယွင်က သူမစကားမှားသွားကြောင်း သတိပြုမိသွားသည်။ သူမက ပရိတ်သတ်ကိုဝေ့ဝဲကြည့်လိုက်၏။ ပရိတ်သတ်အများအပြားထဲတွင် နံဘေးရှိဆရာတစ်ဦးနှင့် စကားပြောနေသည့် လင်ချင်းဟယ်ကို တစ်ချက်ကြည့်ရုံနှင့်ပင် သူမတွေ့လိုက်ရသည်။.


သူမက ထုတ်မပြောချင်သော်ငြား ထောင်ရှီးကဆက်မေးလေသည်။ “အစ်မ ဘာကိုသိထားတာလဲဟင်...”


စူးယွင်က ရေးကြီးခွင့်ကျယ်ကိစ္စမဟုတ်ဟု သတ်မှတ်လိုက်ကာ ထောင်ရှီးကို တီးတိုးကပ်ပြောလိုက်သည်။


“လင်အုပ်စုက ချင်းရွှေခရိုင်ရဲ့ပထမဆုရှင်ကို ဝမ်းဟွာကျောင်းအထိပြောင်းပေးဖို့ အစကမရည်ရွယ်ခဲ့ဘူး...မင်းအတွက်ရည်ရွယ်ပြီး အဲ့ဒီစနစ်သစ်ကိုထ​ပ်ထည့်ပေးခဲ့တာ...အခုတော့ဒါက အစဉ်အလာတစ်ခုလိုဖြစ်သွားပြီပေါ့...ဒါ့ကြောင့် သူတို့မင်းကိုကျေးဇူးတင်သင့်တယ်လို့ အစ်မကပြောတာ...”


ကြိုတင်မှန်းဆချက်တစ်ခုက ထောင်ရှီး၏စိတ်ထဲတွင် ရုတ်တရက်ပေါ်ပေါက်လာကာ သူ့နှလုံးသားသည်လည်း ပြင်းထန်စွာခုန်ပေါက်လာသည်။ သို့သော် နားလည်ရခက်သောအမူအရာဖြင့် “အစ်မ ပြောချင်တာကို ကျွန်တော်နားမလည်ဘူး...”


ဤသည်မှာ လင်မိသားစုအစကတည်းကစီစဉ်ထားသည့် ပြည်သူသက်သာချောင်ချိရေး ပညာရေးအစီအစဉ်မဟုတ်ဘူးလား...


အဆိုပါကျောင်းပြောင်းသည့်ပရောဂျက်မှာ လင်ကျဲရှစ်ကအဆိုပြုခဲ့ခြင်းဖြစ်ကြောင်း သူ့အဖိုးထံမှတဆင့် မနှစ်ကတည်းက ထောင်ရှီးသိခဲ့ရသည်။ ထိုသူအားပြန်ပေးဆပ်သည့်အနေဖြင့် ထောင်ရှီးက လင်ကျဲရှစ်ကို အဖိုးအနေဖြင့်အသိအမှတ်ပြုသင့်ကြောင်း ဖန်းကျူချင်းကပြောသည့်အခါ လင်ကျဲရှစ်က ထောင်ရှီးသည် အနာဂတ်တွင် သူ့သားဖြစ်လာမည်ဖြစ်ကြောင်းပြောကာ အပြုံးနှင့်ငြင်းဆန်ခဲ့၏။ ထိုစဉ်က ဖန်းကျူချင်းပင် ဇဝေဇဝါဖြစ်နေခဲ့လေသည်။


ထိုအကြောင်းကိုသိသိချင်း ထောင်ရှီးက အလွန်ပင်ရှော့ခ်ရသွားကာ ခံစားသွားခဲ့ရသည်။ သူ့စိတ်ကူးထဲတွင်ပုံဖော်ထားသည့် ဆံပင်ဖြူဖွေးနေမည့်အဘိုးအိုမှာ လင်ချင်းဟယ်၏ဖခင် ဖြစ်နေခဲ့လေသည်။ သူက လင်ချင်းဟယ်ကိုပင် "တွေ့လား...ဘုရားသခင်နဲ့မင်းအဖေက ငါတို့ကိုဆုံစည်းစေခဲ့တာ...”ဟူ၍ ကျေးဇူးတင်စွာပြောခဲ့သေးသည်။ လင်ချင်းဟယ်က ပြုံးလျက် သူ့ကိုကံကောင်းသည်ဟုပြောခဲ့၏။ သူကလည်း “သေချာတာပေါ့...မဟုတ်ရင်ဒီကိုဘယ်ရောက်လာပါ့မလဲ…” ဟူ၍ပင် ပြန်လည်ပြောခဲ့သေးသည်။


ယခုမူ စူးယွင်ပြောသည့်စကားတိုင်းက အခမ်းအနားကျင်းပနေသည့်အသံကိုကျော်လွန်၍ သူ့နှလုံးသားကိုရိုက်ခတ်လာ၏။


“အဲ့ဒီ ကျောင်းပြောင်းတဲ့အစီအစဥ်ကို ချင်းဟယ်စီစဉ်ခဲ့တာလေ...ပထမတော့ဘာကြောင့် မှန်းမသိခဲ့ဘူး...နော​က်တော့သူက မင်းရဲ့အမှတ်စာရင်းတွေကြည့်ချင်တယ်လို့ အစ်မကိုပြောလာတယ်...အဲ့ဒီအခါကျမှ သူက မင်းအတွက်ရည်ရွယ်ပြီး စီစဉ်ခဲ့မှန်းသိတာ...”


“ဒါပေမယ့် မင်းကလည်းစာကိုအစွမ်းကုန်ကြိုးစားပြီး ပထမရအောင်လုပ်နိုင်ခဲ့တယ်...သူ့ကိုစိတ်မပျက်စေခဲ့ဘူး...”


“ပြီးတော့ မင်းနှစ်ဝက်စာမေးပွဲပြီးတုန်းက ကျောင်းကနေထောက်ပံ့ကြေးပေးတယ်ဆိုတာလေ...အဲ့ဒါလည်းချင်းဟယ်ရဲ့ကိုယ်ပိုင်ပိုက်ဆံပဲ...”


“…”


စင်မြင့်ပေါ်မှကျောင်းသားများက သူတို့၏ခံစားချက်များကို ပျော်ရွှင်စွာမျှဝေနေကြသည်။ ဆရာများနှင့် ဝမ်းဟွာအမှတ် (၁) ကျောင်းကိုကျေးဇူးတင်စကားများပြောဆိုကာ အနာဂတ်တွင် စာကိုဆက်လက်ကြိုးစားသွားမည်​ဖြစ်ကြောင်း သနိဌာန်ချကြ၏။ လွန်ခဲ့သည့်နှစ်နှစ်ကထောင်ရှီးကဲ့သို့ပင်။


သို့သော် ထောင်ရှီး အခုလောလောဆယ် ဘာကိုမှမကြားနိုင်ပေ။ သူက ငေးကြောင်ကြောင်ဖြစ်နေပြီး နှလုံးသားမှာလည်း လျှင်မြန်စွာခုန်ပေါက်လျှက် အဆုံးမရှိသော တိမ်တိုက်များပေါ်သို့ရောက်သွားသလိုခံစားနေရလေသည်။ ထိုစဉ် သူ့ခန္ဓာကိုယ်တစ်ခုလုံးပေါ့ပါးသွားကာ မိုင်ထောင်ပေါင်းများစွာအထက် လှပသောတိမ်တိုက်များ ဝန်းရံထားသည့် ငွေရောင်လမင်းကို မြင်တွေ့လိုက်ရသည်။


အဆုံးသတ်လက်ခုပ်သံနှင့်အတူ ရှည်လျားသည့်အခမ်းအနားက အောင်မြင်စွာပြီးဆုံးသွား​လေသည်။ ကျောင်းသားများက ခန်းမအတွင်းမှ ဒီရေအလားပြေးထွက်သွားကြသည်။ ထောင်ရှီးသည်လည်း စင်မြင့်ပေါ်မှအမြန်ဆင်းကာ လူအုပ်ကိုဖြတ်၍ လင်ချင်းဟယ်အားရှာရန်ကြိုးစားလျှက်ရှိ၏။


သို့သော် သူစင်ပေါ်မှဆင်းလျှင်ဆင်းချင်း ဂျူနီယာကျောင်းသားအုပ်စု၏ ဝန်းရံခြင်းခံလိုက်ရသည်။ ငယ်ရွယ်၍အပြစ်ကင်းသော ကောင်လေးကောင်မလေးများက သူ့အားအပြုံးများနှင့်ကြည့်နေကြကာ မေးခွန်းများအဆက်မပြတ်မေးတော့သည်။


ထိုအုပ်စုထဲမှ အရပ်ရှည်ရှည်နှင့်ကောင်လေးတစယောက်က သူ့ရှေ့သို့ရောက်လာကာ စိတ်လှုပ်ရှားစွာပြောလေသည်။


“စီနီယာထောင်ရှီး...ကျွန်တော် စီနီယာ့ကို မိန့်ခွန်းထဲမှာကျေးဇူးတင်စကားပြောပြီးပြီဆိုပေမယ့် လူကိုယ်တိုင်တွေ့ပြီးတော့လည်း ကျေးဇူးတင်ချင်သေးလို့ပါ...”


ထောင်ရှီးက ထိုကောင်လေးကိုကြည့်လိုက်သည့်အခါ ခုနကလေးမှ မိန့်ခွန်းပြောသွားသူမှန်း သတိထားမိသွားသည်။ သို့သော် သူဘာတွေပြောသွားခဲ့မှန်း ထောင်ရှီးတကယ်မသိလို​က်ချေ။


ကောင်လေး၏မျက်နှာက နီရဲလာကာ အလွန်ရှက်ရွံ့နေဟန်ဖြင့် ပြောလာသည်။


“စီနီယာ...ကျွန်တော့်ကိုမှတ်မိလား...အရင်ကျွန်တော်အနိုင်ကျင့်ခံရတုန်းက စီနီယာတစ်ခါကယ်ပေးခဲ့ဖူးတယ်လေ...”


ထောင်ရှီးက ပို၍ပင်ရှုပ်ထွေးသွားခဲ့၏။ သူက ဂျူနီယာအထက်တန်းနှစ်၏မှတ်ဉာဏ်များကို ကိုယ်တိုင်မေ့ဖျောက်ပစ်ခဲ့ခြင်းဖြစ်ရာ သူ့ရှေ့ကလူကိုလုံးဝမမှတ်မိချေ။


“မမှတ်မိဘူးဆိုရင်လည်း ကိစ္စမရှိပါဘူး...” ကောင်လေးက အလျှင်အမြန်ဆက်ပြောလာသည်။ “ကျွန်တော် စီနီယာ့ကို အမြဲအမှတ်ရနေတာပါ...ကျွန်တော်အရင်က စာလုပ်ရတာကိုစိတ်မဝင်စားတဲ့အတွက် ညံဖျင်းတဲ့အဆင့်တွေပဲရခဲ့တယ်...ဒါပေမယ့် ကျွန်တော် စီနီယာ့ကိုတိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်မှာ တွေ့လိုက်ရပြီးတဲ့နောက် စီနီယာ ဝမ်းဟွာ အမှတ် (၁) ကျောင်းကိုပြောင်းသွားတယ်လို့ သိခဲ့ရတယ်...အဲ့ဒါကြောင့် ကျွန်တော် စာကြိုးစားတော့မယ်လို့ ဆုံးဖြတ်ချက်ချဖြစ်ခဲ့တာပါ... အခု ဒီ​နေရာကိုရောက်နိုင်ခဲ့ပါပြီ...ဒါကြောင့် ကျွန်တော် စီနီယာ့ဆီကိုကျေးဇူးတင်စကားလာပြောတာပါ...”


ကောင်လေးက လျှာခလုတ်တိုက်မတတ် အမြန်ပြောသွားခြင်းဖြစ်လေရာ အနားရှိကျောင်းသားများက သူ့ကိုရယ်မောကြလေသည်။ သူ့မျက်နှာလေးက ပို၍နီမြန်းလာခဲ့သည်။


ထောင်ရှီးလည်း သူတို့နှင့်အတူ လိုက်ပါရယ်မောလိုက်၏။ သူက စီနီယာအကိုကြီးအသွင်ပြောင်းသွားကာ ကောင်လေး၏ပုခုံးကိုပုတ်ရင်း အားပေးလိုက်သည်။


“ဝမ်းဟွာ အမှတ် (၁) ကျောင်းမှာ ပညာသင်ခွင့်ရတဲ့အခွင့်အရေးကို ကောင်းကောင်းတန်ဖိုးထားပြီးတော့ မိခင်တက္ကသိုလ်ကိုကျေးဇူးဆပ်နိုင်အောင် ကြိုးစားပါ...”


ကောင်လေးက အလျှင်အမြန်ခေါင်းညှိတ်ကာ လက်သီးတင်းတင်းဆုပ်လျက်ပြောလေသည်။


“ကျွန်တော် သေချာပေါက်ကြိုးစားပါ့မယ်...”


လူစုက တဖြည်းဖြည်းကျဲပါးသွားကာ ထောင်ရှီးသည်လည်း လွတ်လပ်သွားလေသည်။ ​နေ့အလင်းရောင်က ပြတင်းပေါက်များမှတဆင့် ဝင်ရောက်လာကာ အိုဟောင်းသောခန်းမကြီးကို လင်းထိန်စေလျက်ရှိ၏။ ပရိတ်သတ်များထိုင်ခုံရှိ လင်ချင်းဟယ်က လက်ပိုက်လျက် ခပ်ဖျော့ဖျော့ပြုံးရင်း သူ့ကိုကြည့်နေလေသည်။


ထောင်ရှီးက အသက်ပြင်းပြင်းရှူရှိုက်လိုက်ကာ လင်ချင်းဟယ်ထံ ဖြည်းညင်းစွာ လျှောက်သွားလိုက်သည်။


လင်ချင်းဟယ်က ထောင်ရှီး၏မျက်ဝန်းများတွင် အရည်ကြည်တစ်ချို့ခိုတွဲနေသည်ကို တွေ့လိုက်ရသည်။ သူက မျက်ခုံးပင့်လိုက်ကာ


“ ကျောင်းသားတစ်ယောက်ဆီက ကျေးဇူးစကားကြားရတာ ဒီလောက်ပျော်သွားတာလား...”


ကျောင်းသားက ထောင်ရှီးအားကျေးဇူးတင်စကားပြောနေသည့်မြင်ကွင်းကို လင်ချင်းဟယ်လည်း တွေ့မိခဲ့၏။


ထောင်ရှီးက သူ့နှလုံးသားတွင်းရှိ ဒီရေလှိုင်းကြီးအားဖိနှိပ်လိုက်ကာ နှုတ်ခမ်းထောင့်လေးများတွန့်ကွေးလာရင်း "ငါ့ကြောင့် စာကြိုးစားဖြစ်သွားတဲ့လူတွေကိုတွေ့ရတာပဲလေ...ငါအရမ်းပျော်တာပေါ့...”


သူက ခဏရပ်လိုက်ရင်း နှုတ်ခမ်းထောင့်လေးများသည်လည်း ပို၍နက်ရှိုင်းစွာတွန့်ကွေးသွားခဲ့သည်။


“မင်းအတွက် ငါစာကြိုစားခဲ့သလိုပဲပေါ့...အဲ့ဒီနှစ်ခုက တူတူပဲမဟုတ်လား...”


“မတူပါဘူး...” လင်ချင်းဟယ်က ပြတ်ပြတ်သားသားငြင်းလိုက်သည်။


“ဘာကွာလို့လဲ...”


လင်ချင်းဟယ်က မျက်ခုံးပင့်၍မေးကိုအတန်ငယ်မော့လိုက်ရင်း “သူက မင်းကိုဖမ်းနိုင်မှာမဟုတ်ဘူး...”


သူ့အမူအရာတွင် ထောင်လွှားမှုအနည်းငယ်ပါဝင်နေသည်။


ထောင်ရှီးက ပျော်ရွှင်သွားကာ ပြုံးရင်းပြောလိုက်သည်။ “အဲ့ဒီဂျူနီယာလေးက ငါ့ကိုလိုက်ဖို့စိတ်ကူးမရှိပါဘူးနော်...”


ထိုအဖြစ်အပျက်နှစ်ခုက သေချာပေါက်မတူညီနိုင်ပေ။


မည်သူမှ သူ့လောက်ကံကောင်းမှာမဟုတ်။ သူကအလွန်ကံကောင်းသည့်အတွက် တစ်စုံတစ်ယောက်က သူ့အတွက် လာဘ်လာဘကို တိတ်တဆိတ်ဖန်တီးပေးခဲ့ခြင်းဖြစ်လေသည်။


လင်ချင်းဟယ်နှင့်ထောင်ရှီးတို့က ခန်းမအပြင်ဘက်သို့ ဘေးချင်းယှဉ်လမ်းလျှောက်၍ ထွက်လာခဲ့ကြသည်။ လမ်းတစ်လျှောက်တွင် ကျောင်းသားကျောင်းသူများက သူတို့အား ခိုးကြောင်ခိုးဝှက်ကြည့်နေကြလေသည်။ အချို့ရဲရင့်သောကျောင်းသူများကမူ "စီနီယာ...မင်္ဂလာပါ...”ဟူ၍နှုတ်ဆက်ကာ ပြေးကြသည်။


နေ့လည်ခင်းတွင် သူတို့က ပျင်းရိဖွယ်နေ့လည်စာကို ခရို​င်ခေါင်းဆောင်များနှင့်အတူစား​​ကြကာ ဓာတ်ပုံများရိုက်ကြ၏။ သူတို့ကျောင်းမှပြန်ထွက်လာချိန်တွင် နေ့တစ်ဝက်ပင်ကျိုးနေပြီဖြစ်သည်။ ထောင်ရှီးက လင်ချင်းဟယ်ကိုခေါ်ကာ ချင်းရွှေခရိုင်၌လုပ်ရမည့် နောက်ဆုံးအရာ​ဖြစ်သော အိမ်ထောင်စုဇယားကိစ္စကို အလျင်အမြန်ဆောင်ရွက်တော့သည်။


၎င်းမှာ မတူညီသောနေရာနှစ်ခု၏ အိမ်ထောင်စုဇယားများပါဝင်နေသည့်အတွက် ထောင်ရှီးထင်ထားသည်ထက်ပင် ပြဿနာပို၍များကာ စာရွက်စာတမ်းကိစ္စများကိုလည်း အချိန်ပေး၍ပြင်ဆင်ရလေသည်။


ရဲစခန်းက သန့်ရှင်းကာသပ်ရပ်နေ၏။ လင်ချင်းဟယ်က ထောင်ရှီးကို ပြတင်းပေါက်နားရှိထိုင်ခုံတွင်ထိုင်စေကာ သူကနံဘေးတွင် ဝင်ထိုင်လိုက်သည်။ ဝန်ထမ်းက စာရွက်စာတမ်းအားလုံးကို ကွန်ပြူတာထဲသို့ထည့်သွင်းလိုက်ပြီး အခြားအိမ်ထောင်စုဇယားတစ်ခုသို့ အသေးစိတ်ပြောင်းရွှေ့နေသည်။


ထောင်ရှီးက အခြားလူလက်ထဲရှိ သူ၏မှတ်တမ်းများကိုကြည့်လိုက်သည်။ ကံကြမ္မာပိတ်သိမ်းခဲ့သည့်သူ၏စာအုပ်က နောက်ဆုံးတွင်ပွင့်လာခဲ့ပြီဖြစ်ရာ ဤနေရာသည် သူနှင့်ဘာမှမသက်ဆိုင်တော့ချေ။ ဆယ်နှစ်ကျော်အမှတ်တရများက သူ့မျက်စိရှေ့တွင် မြူထူသောမနက်ခင်း၏ ပုံရိပ်များကဲ့သို့ ဝိုးတဝါးထင်ဟပ်လာသည်။ သို့သော် အချို့မြင်ကွင်းများကမူ ထင်ထင်ရှားရှား ကျန်ရှိနေ​လေသည်။


သူကြီးပြင်းခဲ့သည့် မက်မွန်ပွင့်စမ်းချောင်းတွင် ချင်းရွှေမြစ်တစ်လျှောက်လုံး မက်မွန်ပွင့်များဝေဝေဆာဆာ ဖူးပွင့်နေကာ ဝေသာလီဗျိုင်းများက လယ်ကွင်းများပေါ်တွင် ဖြတ်ကာပျံသန်းနေကြသည်။ သူ ထင်းတဲအတွင်း ပန်းချီဆွဲနေရင်း ဘဝအမှန်ကို မထင်မှတ်ပဲသိလိုက်ရချိန်မှစ၍ တောင်ပေါ်တွင်သာ နေ့ရက်များကိုကုန်ဆုံးခဲ့သည်။


အထက်တန်းပထမနှစ်တက်စဉ်က ဟောင်းနွမ်းနေသောစာသင်ခန်းများနှင့် မြက်ခြောက်များကို မီးစွဲလောင်သည်အထိ ပူပြင်းလှသောနွေရာသီအထိ ထောင်ရှီးအတွေးထဲ ဝင်ရောက်လာခဲ့သည်။ သူ လင်ချင်းဟယ်အား ပထမဆုံးအကြိမ် ဖန်သားပြင်ပေါ်တွင် မြင်ဖူးခဲ့စဉ်မှစ၍ သူ၏နှလုံးသားသဲကန္တာရတွင် ငွေရောင်လမင်းသာခဲ့ခြင်းဖြစ်လေသည်။


ဝမ်းဟွာကျောင်းရှိ ကြီးမားကျယ်ပြန့်သော ဖျော်ဖြေရေးခန်းမအကြောင်း တွေးမိချိန်တွင် မိုးကုတ်စက်ဝိုင်းမှ လှပစွာဖြာကျလာသည့် ဆည်းဆာရောင်ခြည်သည် ပုစွန်ဆီရောင်အလင်းတန်းအဖြစ်ဖြင့် မြင့်မားသောပြတင်းပေါက်များမှတဆင့် စန္နယားအနက်ရောင်နံဘေးတွင် နမ်းရှိုက်နေသည့်သူတို့နှစ်ဦးအပေါ်သို့ ကျဆင်းလာသည့်ပုံရိပ်ကိုပါ တစ်ဆက်ထဲမြင်ယောင်လာမိသည်။


သူ၏ဆယ့်ခုနစ်နှစ်မွေးနေ့၏ ခရစ္စမတ်နေ့တွင်မူ သူတို့နှစ်ဦးက ကြမ်းပြင်မှမျက်နှာကျက်ထိမြင့်မားသော ပြတင်းပေါက်များရှေ့တွင် ဘေးချင်းယှဥ်လျှက်ထိုင်ကာ တောက်ပသော နီယွန်မီးများနှင့် ကျဆင်းနေသည့်နှင်းများကို အတူတူကြည့်ခဲ့ကြသည်။ ထိုစဉ်က သူ့မျက်ဝန်းထောင့်ရှိမျက်ရည်စက်များကို လင်ချင်းဟယ်ကအနမ်းဖြင့်ခြောက်သွေ့စေကာ သူ့ကိုပြောခဲ့သည်။ “ထောင်ရှီး...ငါမင်းကို အိမ်ပြန်ပို့ပေးပါ့မယ်...ဟုတ်ပြီလား...”


သူတို့နှစ်ဦး အိမ်ထောင်စုဇယားရလာချိန်တွင် ညနေပင်စောင်းပြီဖြစ်သည်။ သူနှင့်လင်ချင်းဟယ်က ရဲစခန်းမှအတူတူထွက်လာကြကာ ရေငွေ့ရိုက်နေသည့်မှန်တံခါးကို တွန်း၍ဖွင့်လိုက်သည်။ အပြင်ဘက်ရှိပူပြင်းသောနေက သူတို့အားလာရောက်ရိုက်ခတ်လာ၏။


သူတို့က ရေခဲစိမ်ဆိုဒါနှစ်ပုလင်းကိုဝယ်ကာ ဘေးချင်းယှဉ်လျက် တိတ်ဆိတ်သောညနေခင်းလမ်းကြားများတွင် ရောက်တတ်ရာရာလျှောက်နေမိကြ၏။ နေဝင်ချိန်က ကောင်းကင်၏အစွန်အဖျားများနှင့် တောင်တန်းများကို သန္တာရောင်ယှက်သမ်းနေစေ၏။ ဆည်းဆာရောင်ခြည်က အပြာရောင်ကျောက်ခင်းလမ်းပေါ်ရှိ မေပယ်ရွက်ကြွေများပေါ် စွန်းထင်းနေကာ သူတို့၏အရိပ်များသည်လည်း ထိုလမ်းပေါ်တွင် တစ်ဦးနှင့်တစ်ဦး နီးကပ်စွာတည်ရှိနေလေသည်။


ထောင်ရှီးက တောင်တန်းများကြားရှိ နေဝင်ချိန်ကိုငေးကြည့်ကာ နံဘေးရှိလူကုိပြောလိုက်သည်။


“ငါက ကိုယ့်ကိုယ်ကို အရမ်းကံဆိုးတယ်ထင်ခဲ့တာ...ဒါပေမယ့် နောက်တော့ အရမ်းကံကောင်းတယ်လို့ ခံစားရတယ်...ငါ့ဘဝမှာ အကောင်းဆုံးလို့တွေးထားခဲ့တဲ့ အရာသုံးခုရှိတယ်...ဘာတွေလဲမင်းသိလား...”


“ဘာတွေလဲ...” လင်ချင်းဟယ်က နူးညံ့စွာမေးသည်။


“ပထမဆုံးတစ်ခုက မင်းကိုတွေ့တာ...ဒုတိယတစ်ခုက ဝမ်းဟွာကျောင်းမှာ ပညာသင်ခွင်ရတာ...နောက်ဆုံးတစ်ခုကတော့ အဖိုးချောင်ရဲ့တပည့်ဖြစ်တာ...”


သူက ပြောနေရင်းရပ်လိုက်ကာ လင်ချင်းဟယ်ကိုလှည့်ကြည့်လိုက်သည်။ ထောင်ရှီးက နေဝင်ချိန်ကို မျက်နှာမူလျက်ဖြစ်သွားသည့်အတွက် ဆည်းဆာရောင်ခြည်က သူ့မျက်ဝန်းများထဲတွင် စက်ဝန်းငယ်လေးကဲ့သို့ ဖြာကျ၍နေလေသည်။


“အခုတော့ ငါ့ရဲ့ကံကောင်းမှုအားလုံးက ပထမဆုံးတစ်ခုကြောင့်ဖြစ်လာခဲ့မှန်း နားလည်သွားပါပြီ....”


မင်းကို စပြီးမြင်ဖူးခဲ့တယ်...မင်းနဲ့တွေ့ဆုံခဲ့ရတယ်...ဝမ်းဟွာကျောင်းကို သွားခဲ့ရတယ်...ချောင်ဟယ့်နျန်ရဲ့ တပည့်ဖြစ်လာခဲ့ရတယ်...ပြီးတော့ ဆယ့်ခုနစ်နှစ်ကြာဝေးကွာနေရတဲ့ မိသားစုဆီကိုပြန်သွားနိုင်ခဲ့တယ်...ဒီကံကောင်းမှုတွေက အားလုံးမင်းကြောင့်ငါပိုင်ဆိုင်ခဲ့ရတာပါ...


လင်ချင်းဟယ်က ထောင်ရှီးကိုငုံ့မိုးကြည့်လိုက်ကာ သူ၏နီရဲနေသောမျက်ဝန်းထောင့်ကလေးကို လက်မဖြင့်ပွတ်သပ်လိုက်ရင်း မျက်တောင်ရှည်များကို လက်ချောင်းထိပ်ကလေးဖြင့် ထိတွေ့လိုက်သည်။ ထို့နောက် သူကမေးလိုက်၏။


“ငါ့ဘဝမှာ ကံအကောင်းဆုံးဖြစ်ရပ်က ဘာလဲမင်းသိလား...”


“ဘာများပါလိမ့်...”


“မင်း ငါ့ဆီရေးခဲ့တဲ့စာကို ဖွင့်ဖတ်ခဲ့မိတာပါပဲ...” လင်ချင်းဟယ်၏ နှုတ်ခမ်းထောင့်လေးများ မြင့်တက်သွားကာ “အဆုံးသတ်မှာတော့ ငါအဲ့ဒီစိတ်ကူးယဥ်ထားတာတွေအပြည့်နဲ့စာကို လွှင့်မပစ်ရက်ခဲ့ဘူးလေ...အဲ့ဒီစာက ကိုယ့်ကိုကံကောင်းခြင်းတွေယူလာပေးခဲ့တာပေါ့...”


ထောင်ရှီးက မပြုံးပဲမနေနိုင်ခဲ့ချေ။


နွေရာသီ၏လေပြည်ညှင်းက ပွေ့ပိုက်ထားသော ဆည်းဆာရောင်ခြည်အောက်တွင် လက်တစ်ဖက်က သူ၏မေးဖျားကို ကြင်နာစွာဖေးမလာ၏။ ထောင်ရှီးက မျက်ဝန်းများကို ဖြည်းညှင်းစွာမှိတ်လိုက်ရင်း သူ့ရှေ့ရှိလူထံမှ အနမ်းကိုစောင့်မျှော်နေလေသည်။


တစ်ခါက သူသည် ရေတွင်းနက်ထဲကျရောက်နေခဲ့ပြီး လမင်းကိုမျှော်ကြည့်နေခဲ့ရသည်။ ထို့နောက် ကြိုးတစ်ချောင်းကိုမှီခိုလျှက် ရေတွင်းနံရံကိုဖက်တက်ကာ လမင်းထံသို့ရှေးရှု၍ မိုင်ထောင်ပေါင်းများစွာကို တွန့်ဆုတ်မှုမရှိ လျှောက်လှမ်းခဲ့လေသည်။


သို့သော် ကျဆင်းလာသည့်ကြိုးက မတော်တဆကံကောင်းမှုမဟုတ်ခဲ့။


သူ လမင်းထံ ခရီးပြင်းနှင်နေချိန်မှာ


လမင်းသော်တာကလည်း သူ့ဆီ လှမ်းလာနေခဲ့သတဲ့။


_____________________________________