The Moon Is Coming To Me
Chapter-64.1
စာသင်နှစ်၏အဆုံးတွင် ထောင်ရှီးတို့တစ်သိုက် ဝမ်းဟွာ အ.ထ.က(၁)ကျောင်း၏ စာမေးပွဲခန်းတွင် ထပ်မံ၍ထိုင်ကြရပြီဖြစ်သည်။ အရင်နှစ်ဝက်စာမေးပွဲနှင့်ယှဉ်ပါက ထောင်ရှီးယခု စိတ်ရောကိုယ်ပါ တည်ငြိမ်နေ၏။
စာမေးပွဲပြီးသည့်အခါ ယန်ကျန်းမင်က သူ့ကိုဖန်းအိမ်သို့လိုက်ပို့ပေးသည်။ ယဲ့ယွီရုန်က ဟင်းပွဲများစွာချက်ပြုတ်ကာ ထောင်ရှီး၏စာမေးပွဲပြီးသောအထိန်းအမှတ်နှင့် ဆောင်းရာသီအားလပ်ရက်၏ ကဏ္ဍသစ်ကို မိသားစုအတူတကွကြိုဆိုလိုက်ကြသည်။
စာမေးပွဲပြီးနောက် သုံးရက်အကြာတွင် ရမှတ်များထွက်လာသည်။ ထောင်ရှီးက အဆင့် ၄၂ မှ ၂၁ ထိတက်လာခဲ့သည်။ လင်ချင်းဟယ်ကမူ ပထမနေရာ၌ မြဲမြံလျက်ရှိသည်။ သူ၏အဆင့်တက်လာပုံက ကျောင်းသားအားလုံးနီးပါးကို လှုံဆော်နိုင်ခဲ့သည်။ ချင်းရွှေခရိုင်မှ ရောက်လာသောကျောင်းသားက ထိပ်ဆုံးအယောက် ၂၀ ထဲပင် ဝင်တော့လေမည်။
အချိန်ကြာလာရင် သူကလင်ချင်းဟယ်နဲ့ယှဉ်နိုင်တော့မည်လား...
ထောင်ရှီးက ရလဒ်အတွက်အရမ်းကျေနပ်နေသည်။ သို့သော် လင်ချင်းဟယ်နှင့်အတူ ဂုဏ်ပြုပွဲမကျင်းပရသေးခင်မှာပင် ယန်ကျန်းမင်က သူ့အား လာခေါ်သွားလေသည်။ သူ၏အဖွားဖြစ်သူက အရင်နေ့ကထက်ပို၍များပြားသော ဟင်းပွဲများပြင်ဆင်ထားသည်။ ထောင်ရှီးက နေရခက်နေခြင်းမျိုမရှိတော့ချေ။ သူက အဖိုးအိမ်မှာပင်ညအိပ်လိုက်သည်။
မိဘဘိုးဘွားများ၏ သူနှင့်ရင်းရင်းနှီးနှီးနေလိုကြသော ခံစားချက်ကို ထောင်ရှီးအပြည့်အဝ နားလည်လေသည်။ သူတို့က သဲတစ်ပွင့်ချင်းစီ စုဆောင်းကာ ရဲတိုက်ဆောက်လုပ်ရန် ကြိုးပမ်းနေကြခြင်းဖြစ်လေသည်။
နောက်တစ်နေ့တွင် ထောင်ရှီးက လင်ချင်းဟယ်အတွက် လက်ဆောင်အများအပြားထုပ်ပိုးကာ အိမ်ပြန်လာခဲ့သည်။ သူတို့နှစ်ဦး အတူနေသည့်ကိစ္စအပေါ် လူကြီးနှစ်ယောက်စလုံး ဘာမှမပြောကြချေ။ ယန်ကျန်းမင်က အကျဉ်းချုပ် ရှင်းပြထားပုံရသည်။.
သူ အိမ်ပြန်ရောက်လာသည့်အခါ လင်ချင်းဟယ်က လော်ကျန်းယင်း စိတ်ရောဂါမှ ပြန်လည်နာလန်ထူလာပြီဖြစ်ကြောင်း ပြောပြလာသည်။
“အန်တီလော် အဆင်ပြေရဲ့လား...” ထောင်ရှီးက လက်ဆောင်သေတ္တာကိုကိုင်ကာ ဆိုဖာပေါ်တွင် တင်ပလ္လင်ချိတ်ထိုင်ရင်း မေးလိုက်သည်။
လင်ချင်းဟယ်က ကော်ဖီစားပွဲပေါ်ရှိကတ်ကြေးကို ထောင်ရှီးထံလှမ်းလိုက်ရင်း ပြန်ဖြေလာ၏။
“ သက်သာပါတယ်...မနက်ဖြန်ဆို ဆေးရုံဆင်းတော့မှာ...”
ထောင်ရှီးက စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းချလိုက်ကာ လက်ဆောင်ဘူးပေါ်ရှိ ဖဲကြိုးကို ကတ်ကြေးဖြင့်ညှပ်လိုက်သည်။
“ငါ့အမေက မင်းကိုတွေ့ချင်နေတယ်...”
“သေချာပေါက်တွေ့ရမှာပေါ့...ငါတို့မနက်ဖြန်သွားကြမယ်လေ...”
ထောင်ရှီးက ကတ်ကြေးကိုချကာ လင်ချင်းဟယ်ကိုလှမ်းကြည့်လိုက်သည်။ လင်ချင်းဟယ်မှာ တည်ငြိမ်နေသော်ငြား သူ့မျက်ဝန်းများကမူ တွန့်ဆုတ်ဟန်ပေါ်နေ၏။
ထောင်ရှီးက လင်ချင်းဟယ်ရှေ့သို့ သွားထိုင်လိုက်ကာ တစ်ဖက်လူ၏ဒူးပေါ် မေးတင်လိုက်သည်။
“ဘာတွေစိုးရိမ်နေတာလဲ...”
လင်ချင်းဟယ်က ထောင်ရှီး၏မျက်ဝန်းနက်နက်များကို ငုံကြည့်လိုက်ရင်းကာ မျက်ဝန်းထောင့်လေးကို သူ့လက်မနှင့် အသာအယာထိတွေ့လိုက်သည်။
“ဘာမှမဟုတ်ပါဘူး...”
ထောင်ရှီးက အနည်းငယ်ယားယံလာသည့်အတွက် မျက်တောင်ခတ်လိုက်ရာ သူ၏မျက်တောင်ရှည်များက လင်ချင်းဟယ်၏လက်မနှင့် ရှပ်တိုက်ထိသွားလေသည်။
စင်စစ်တွင် လင်ချင်းဟယ်မည်သည်ကို စိုးရိမ်နေမှန်း ထောင်ရှီးသိရှိပေ၏။ သူက လော်ကျန်းယင်းကို တွေ့ရုံတင်တွေ့မှာမဟုတ်ပဲ သူ့ရင်တွင်းရှိသံသယအချို့ကိုလည်း မေးခွန်းထုတ်ဦးမှာ ဖြစ်လေသည်။
နောက်နေ့တွင် ထောင်ရှီးက သစ်သီးအချို့ကိုဝယ်ကာ ယန်သောလဲ့အရင်ကနေခဲ့ဖူးသည့် လင်မိသားစုဗီလာသို့သွားကာ လော်ကျန်းယင်းနှင့်တွေ့ဆုံသည်။ လင်ချင်းဟယ်လည်း သူနှင့်အတူပါလာသည်။
ဗီလာ၏အတွင်းပိုင်းကို အနုပညာဆန်စွာအလှဆင်ထားသော်လည်း လူသူကင်းမဲ့လျက်ရှိသည်။ ထောင်ရှီးပထမဆုံးမြင်လိုက်ရသည့်အရာမှာ ဧည်ခန်းတွင်ချိတ်ဆွဲထားသည့် ဆီဆေးပန်းချီကားကြီးကို ဖြစ်သည်။ ပန်းချီကားထဲတွင် အဖြူရောင်ဂါဝန်နှင့်အမျိုးသမီးတစ်ယောက်က ခရမ်းရောင်ပန်းပွင့်များကြားတွင် ထိုင်၍နေလေသည်။ သူမ၏ပြုံးယောင်သမ်းနေသောမျက်ဝန်းများက အပြစ်ကင်းကာ ချစ်ခြင်းမေတ္တာများထုံမွှမ်းလျှက်ရှိသည်။
ထိုပန်းချီကားမှာ သူ့မိခင်ဖန်းဆွေ့၏ ပုံတူပန်းချီဖြစ်ကြောင်း ထောင်ရှီး သတိပြုမိလိုက်သည်။
လော်ကျန်းယင်းကိုစောင့်ရှောက်ပေးရသည့် သူနာပြုက အပေါ်ထပ်မှဆင်းလာကာ ထောင်ရှီးကိုပြောလိုက်သည်။
“မဒမ် နိုးနေပါပြီ။ ကျေးဇူးပြုပြီး အပေါ်တက်သွားပေးပါ...”
လင်ချင်းဟယ်က ထောင်ရှီးကိုပြောသည်။ “ငါမင်းကို ဧည့်ခန်းထဲမှာစောင့်နေမယ်...”
လော်ကျန်းယင်း ထောင်ရှီးနှင့် သီးသန့်စကားပြောချင်မည်မှန်း သူသိလေသည်။
ထောင်ရှီးက ခေါင်းညိတ်ကာ လှည့်ထွက်တော့မည့်အချိန်တွင် လင်ချင်းဟယ်က လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်သည်။
“အကယ်၍ သူစိတ်အခြေအနေမကောင်းသေးရင် ငါ့ကိုချက်ချင်း လှမ်းခေါ်လိုက်နော်...”
ထောင်ရှီးက သူနာပြုနောက်မှ ဒုတိယထပ်သို့ လိုက်သွားလိုက်သည်။ ဧည့်ခန်းတွင်သာမက အပေါ်ထပ်သို့သွားရာလမ်းတစ်လျှောက်တွင်လည်း ဖန်းဆွေ့၏ပန်းချီကားများကို ချိတ်ဆွဲထားလေသည်။ ဗီလာတစ်ခုလုံးက ဖြတ်သန်းလာသောဘဝတစ်လျှောက်၏ အမှတ်တရများနှင့်သာ ပြည့်နှက်နေလေသည်။
သူနာပြုက အခန်းတံခါးတစ်ခုကိုဖွင့်လိုက်သည့်အခါ ဆေးနံဖျော့ဖျော့ကို ထောင်ရှီး ရှူရှိုက်လိုက်မိသည်။
အခန်းရှိမှန်တံခါးများတွင် ထူထဲသော အနက်ရောင်လိုက်ကာများကိုချထားကာ မီးအိမ်ရှည်တစ်ခု၏ မှိန်ပျပျအလင်းရောင်သာ ဖြာကျလျက်ရှိသည်။ ထောင်ရှီးက အိပ်ယာပေါ်တွင်လှဲနေသည့် လော်ကျန်းယင်းကိုတွေ့လိုက်ရသည်။ အမျိုးသမီးစန္နယားပညာရှင်တစ်ယောက်၏ ကြော့ရှင်းမှုများက သူမထံတွင် ပျောက်ဆုံးနေလေသည်။
လော်ကျန်းယင်းက အားနည်းကာ ထိခိုက်လွယ်ပုံပေါ်နေသည်။ ထောင်ရှီးကိုမြင်သည့်အခါ သူမ၏မှိန်ဖျော့သောမျက်ဝန်းများက တောက်ပသွား၏။ ထို့နောက် အားတင်း၍ပြုံးပြကာ
“ထောင်ရှီး...ဒီမှာလာထိုင်...”
ထောင်ရှီးက သူမအား ယဉ်ကျေးစွာ နှုတ်ဆက်လိုက်ကာ အိပ်ရာဘေးရှိ ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။
လော်ကျန်းယင်းက သူမရှေ့ရှိ ဆယ်ကျော်သက်လေးကို ငေးကြည့်နေလေသည်။ သူမ၏မျက်ဝန်းများမှာ ဗလာဖြစ်နေသော်ငြား တစ်စုံတစ်ခုနှင့်ပြည့်နှက်နေသလိုပင်။
ထောင်ရှီးက လော်ကျန်းယင်း၏အကြည့်အောက်၌ မနေတတ်ဖြစ်လာသည့်အတွက် တိတ်ဆိတ်မှုကို ဖြိုခွင်းရန်ပြင်လိုက်သည်။ ထိုစဉ် လော်ကျန်းယင်း၏မျက်ဝန်းအတွင်းမှ မျက်ရည်များဖြိုင်ဖြိုင်ကျလာကာ နာကျင်စွာငိုကြွေးတော့သည်။
ထောင်ရှီးက ထိတ်လန့်သွားကာ တစ်ရှူးအချို့ကို သူမအတွက်ယူပေးလိုက်သည်။ သို့သော် လော်ကျန်းယင်းက ထိုတစ်ရှူးများကိုမယူချေ။ သူမက မျက်နှာကိုလက်ဝါးဖြင့်အုပ်လျက် မျက်ရည်သုတ်ရန် ကြိုးစားသော်ငြား မျက်ရည်များကရပ်တန့်မသွားခဲ့ဘဲ ဆက်လက်၍သာကျဆင်းလာ၏။ အတန်ကြာမှ သူမကပြောလာသည်။
"အန်တီ အပြည့်အဝပြန်မကောင်းသေးတော့ ခံစားချက်တွေမထိန်းနိုင်ပဲဖြစ်သွားတယ်...”
ထောင်ရှီးက ရပါတယ် ဟုပြန်ပြောလိုက်သည်။ သူက လော်ကျန်းယင်း၏ကျန်းမာရေးအကြောင်းသိသော်လည်း မည်ကဲ့သို့နှစ်သိမ့်ရမည်မှန်းမသိချေ။
ငိုပြီးသည့်နောက် လော်ကျန်းယင်းကပြန်၍တည်ငြိမ်လာသည်။ သူမက ထောင်ရှီးကို ခေါင်းမော့၍ကြည့်လိုက်ကာ “မင်းက အားဆွေ့နဲ့သိပ်တူတာပဲ...”
ထောင်ရှီးက သိလိုစိတ်ပြင်းပြစွာမေးလိုက်သည်။ “ကျွန်တော့်အမေက ဘယ်လိုလူမျိုးလဲ...”
လော်ကျန်းယင်းက ထောင်ရှီး၏ပုံရိပ်ကိုဖြတ်၍ အခြားလူတစ်ဦးကို အမှတ်ရသွားဟန်တူသည်။ သူမက ဖန်းဆွေ့နှင့်အတူဖြတ်သန်းခဲ့ရသည့် သူမတို့၏ငယ်ဘဝအကြောင်းကို မမောနိုင်မပန်းနိုင်ပြန်ပြောလာသည်။ ထိုအချိန်များက အလွန်ပျော်စရာကောင်းခဲ့ပုံရ၏။ အတိတ်ကိုပြန်ပြောနေသည့်တစ်လျှောက်လုံး လော်ကျန်းယင်း၏မျက်နှာထက်တွင် ဖျော့တော့သည့်အပြုံးတစ်ခု ရှိနေလေသည်။
ထောင်ရှီးက လော်ကျန်းယင်းပြောသမျှကို အလေးအနက်နားထောင်လေသည်။ သူနှင့်လင်ချင်းဟယ်ကဲ့သို့ လော်ကျန်းယင်းသည်လည်း ဖန်းဆွေ့အပေါ်သဘောကျခဲ့သည်ဟူသည့် သံသယမှာလည်း ပို၍ခိုင်မာလာလေသည်။
ဖန်းဆွေ့၏ကိုယ်ဝန်အကြောင်းပြောချိန်၌မူ လော်ကျန်းယင်း၏ခံစားချက်များ ထပ်မံ၍ဗြောင်းဆန်လာပြန်သည်။ သူမက မျက်နှာကိုလက်ဝါးဖြင့်အုပ်လိုက်ရာ လက်ချောင်းကြားမှ မျက်ရည်များစီးကျလာသည်။
ထောင်ရှီးက သူမအားနှစ်သိမ့်ရန်ကြိုးစားလိုက်သည့်အခါ လော်ကျန်းယင်းက ရေနစ်နေသူတစ်ဦး သစ်သားလှေအားဖက်တွယ်ရန် ကြိုးစားသကဲ့သို့ ထောင်ရှီး၏လက်အားဆုပ်ကိုင်ကာ တောင်းပန်ပါတယ် ဟုထပ်ခါတလဲလဲ ပြောနေလေသည်။
“ အန်တီလော်၊ ကျွန်တော့်ကိုတောင်းပန်စရာမလိုပါဘူး...”
ထောင်ရှီးက သူ့လက်များမှနာကျင်မှုကြောင့် အနည်းငယ်မျက်မှောင်ကြုတ်မိသွားသည်။
သို့သော် လော်ကျန်းယင်းက ခေါင်းတွင်တွင်ခါကာ ထောင်ရှီး၏လက်ကို ဆုပ်ကိုင်ထားရင်း ဗလုံးဗထွေးပြောလေသည်။
“မဟုတ်ဘူး၊ အန်တီက အားဆွေ့အပေါ်ရော...အားဆွေ့ရဲ့ကလေးအပေါ်မှာပါ အပြစ်ကျူးလွန်ခဲ့မိတဲ့သူပါ...အန်တီတောင်းပန်ပါတယ်…”
ထောင်ရှီးက နာကျင်မှုထဲနစ်မြုပ်နေသည့် လော်ကျန်းယင်းကိုကြည့်ရင်း သူ့နှလုံးသားထဲတွင် မသက်မသာ ခံစားလာရသည်။ သူမအနည်းငယ်တည်ငြိမ်သွားသည့်အခါ သူက စကားလွှဲရန်ပြင်လိုက်၏။ သို့သော် သူ့ကိုကြည့်နေသော လော်ကျန်းယင်း၏မျက်ဝန်းများက ရုတ်တရက် တောက်ပလာကာ သူမ၏မျက်ရည်အပြည့်မျက်ဝန်းများကြား အလင်းရောင်တစ်ခုပေါ်လာသည်။ သူမက ကိုယ့်ကိုယ့်ကိုယ်နှစ်သိမ့်ရန် နည်းလမ်းရှာတွေ့သွားပုံဖြင့် စိတ်လှုပ်ရှားစွာပြောလေသည်။
“ထောင်ရှီး၊ အန်တီ လွန်ခဲ့တဲ့ဆယ်နှစ်တာတစ်လျှောက်လုံး မင်းအပေါ်တာဝန်မကျေခဲ့တဲ့အတွက် ပြန်ပေးဆပ်ပါ့မယ်...အန်တီ့ကို သားရဲ့အမေဖြစ်ခွင့်ပေးနိုင်မလားဟင်...”
သူမက ထောင်ရှီးငြင်းလိုက်လျှင် ယခုပင်လဲပြိုသွားတော့မည့်ဟန်ဖြင့် မျှော်လင့်တကြီးကြည့်နေသည်။
ထောင်ရှီးက ရင်ထဲတွင်သက်ပြင်းချလိုက်၏။ လော်ကျန်းယင်းအတွက်မူ သူမ၏အပြစ်ရှိစိတ်မှလွတ်မြောက်စေသူမှာ ဖန်းဆွေ့၏ကလေးသာ ရှိလေသည်။ အရင်က ယန်သောလဲ့အားအပေါ် ဖြည့်ဆည်းပေးခဲ့သလို သူ့အားဖြည့်ဆည်းပေးချင်နေခြင်းဖြစ်သည်။
ထောင်ရှီးက ခေါင်းကိုခါယမ်းကာ ငြင်းဆန်လိုက်သည်။
“အန်တီလော်...ကျွန်တော့်အပေါ်မှာ အမေနဲ့ပတ်သတ်ပြီး အကြွေးတင်သလိုခံစားနေရမှန်းနားလည်ပါတယ်...” သူက ခဏရပ်ပြီးဆက်ပြောသည်။
“ဒါပေမယ့် ကျွန်တော်က အန်တီလော့်ရဲ့ကလေးမဟုတ်ဘူးလေ...”
လော်ကျန်းယင်းက ထောင်ရှီး၏ဆိုလိုရင်းကို နားမလည်ဟန်ဖြင့် အလောတကြီးပြောလာသည်။ “အဲဲ့ဒါကအရေးမကြီးပါဘူး...သားကို အန်တီ့သားအရင်းလိုသဘောထားနိုင်ပါတယ်...အားဆွေ့ကလေးက အန်တီ့ကလေးပဲပေါ့...”
လော်ကျန်းယင်း၏စိတ်တွင်း၌ ဗလောင်ဆူနေလေသည်။ သူမက ထောင်ရှီး၏လက်ကို အားထည့်၍ဆုပ်ကိုင်လိုက်ကာ “ထောင်ရှီး...ဒီကိုပြောင်းခဲ့ပါလားဟင်...သား ချင်းဟယ်နဲ့အတူတူ နေလို့ရတယ်လေ...ချင်းဟယ်က သားရဲ့အကိုဖြစ်ပေးပြီး သားကိုအန်တီနဲ့အတူ စောင့်ရှောက်ပေးလိမ့်မယ်...”
ထောင်ရှီးက နေမကောင်းဖြစ်နေသည့် အမျိုးသမီးကိုငေးကြည့်ရင်း သူ့နှလုံးသားထဲတွင် ဝမ်းနည်းမှုလှိုင်းလုံးကြီးမြင့်တက်လာလေသည်။ သူက လော်ကျန်းယင်း၏မေးခွန်းကိုပြန်မဖြေဘဲ ညင်သာစွာပြောလိုက်သည်။
“အန်တီလော်၊ အန်တီလော်အတွက် ချင်းဟယ်ကဘာလဲ...”
လော်ကျန်းယင်းက သူ့အား နားမလည်ဟန်ဖြင့်ကြည့်လာသည်။
ထောင်ရှီးက တုံဆိုင်းနေသော်လည်း ပြောစရာရှိသည်ကိုပြောရန် ဆုံးဖြတ်ချက်ချလိုက်သည်။
“ချင်းဟယ်က အန်တီ့ရဲ့ကလေးပါ...ကျွန်တော်က ကျွန်တော့အမေရဲ့ကလေး ဖြစ်နေသလိုမျိုးပေါ့။ ကျွန်တော့်အမေအပေါ် အန်တီအပြစ်ရှိသလိုခံစားရတာအတွက် သူ့မှာတာဝန်မရှိသလို...ကျွန်တော့်အပေါ်ဖြည့်ဆည်းပေးဖို့လည်း သူ့မှာတာဝန်မရှိပါဘူး..လွန်ခဲ့တဲ့ဆယ်နှစ်ကျော်အတွင်း ချင်းဟယ်အပေါ်မှာ အန်တီတာဝန်ပျက်ကွက်ခဲ့တာပါ...ကျွန်တော့်အပေါ်မှာမဟုတ်ဖူး...အန်တီသိရဲ့လား...”
သူက လော်ကျန်းယင်းကို ကြည့်ရင်းပြောလိုက်သည်။ သူ့လက်ကိုင်ထားသည့် လော်ကျန်းယင်း၏လက်က ချွန်ထက်သောအရာတစ်ခုခုနှင့်ထိမိသကဲ့သို့ အလျင်အမြန်ရုတ်သွားလေသည်။
ထောင်ရှီးက လော်ကျန်းယင်း ဤမေးခွန်းကိုမဖြေချင်မှန်း နားလည်သည်။ သူက လော်ကျန်းယင်း၏အေးစက်နေသောလက်ဖဝါးကို သူ၏လက်ဖဝါးနှင့်ပြန်လည်ဆုပ်ကိုင်ကာ နွေးထွေးစေသည်။ ထို့နောက် ညင်သာစွာပြောလာ၏။
“အန်တီက ကျွန်တော့်အမေရဲ့အချစ်ဆုံးသူငယ်ချင်းပါ... မေမေကကောင်းကင်ဘုံကနေ အန်တီ တစ်ဘဝလုံးအပြစ်ရှိစိတ်နဲ့ နေသွားမှာကို မြင်ချင်မယ်လို့ထင်နေတာလား..သူမရဲ့အချစ်ဆုံးသူငယ်ချင်းကို သူမ ရှိစဉ်တုန်းကလိုပဲ မိသားစုနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေတာကိုပဲ မြင်ချင်လိမ့်မယ်....”
လော်ကျန်းယင်းက ထိုစကားကိုကြားသည့်အခါ သူမ၏လည်ချောင်းထဲတွင် တစ်စုံတစ်ခုတစ်ဆို့နေသလို ခံစားလိုက်ရပြီး မျက်ရည်များ တလိမ့်လိမ့်ကျလာခဲ့ရသည်။
သူမက တစ်ချက်ရှိုက်လိုက်ကာ “ဒါပေမယ့် အန်တီ့မှာ နည်းလမ်းမရှိ…”
တစ်နေ့ထက်တစ်နေ့ပိုမိုများပြားလာသည့် နောင်တများမှလွတ်မြောက်ရန် ဤနည်းလမ်းသာရှိလေသည်။
ထောင်ရှီး သက်ပြင်းအသာချလိုက်သည်။
“လော်မားမား...”
လော်ကျန်းယင်းက ခေါင်းကိုမော့လိုက်သည်။ သူမ၏အမြင်မှာ မျက်ရည်များနှင့်ဝေဝါးသွားသည့်အတွက် မျက်တောင်ခတ်လိုက်မိသည်။ ဆယ်ကျော်သက်လေးက သူမအားညင်သာစွာ ပြုံးပြနေလေသည်။
“ကျွန်တော့်အမေဖြစ်ပေးချင်တဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်...ကျွန်တော်နဲ့လင်ချင်းဟယ်အတွက် ကျန်းမာတဲ့အမေတစ်ယောက်ဖြစ်ပေးနိုင်မလားဟင်...”
အိပ်ယာပေါ်တွင် မီးတိုင်ရှည်၏ ဝါဖန့်ဖန့်အလင်းရောင်က ဖြာကျနေလေသည်။ လော်ကျန်းယင်းက အတန်ကြာငိုပြီးသည့်နောက်တွင် ထောင်ရှီးကိုပြန်၍ဖြေလိုက်သည်။
“ကောင်းပါပြီကွယ်...”
သူက လော်ကျန်းယင်းအိပ်မောကျသွားသည်အထိ သူမ၏လက်ကိုကိုင်ထားပေးခဲ့လေသည်။ ထို့နောက် အခန်းတွင်းမှထွက်လာခဲ့၏။
The Moon Is Coming To Me (Chapter-64.2)
ထောင်ရှီးက ကော်ရစ်တာတစ်လျှောက် တစ်ဦးထဲလမ်းလျှောက်လာရင်း ဖန်းဆွေ့၏ဓာတ်ပုံကို ရပ်ကြည့်လိုက်မိသည်။
လင်ချင်းဟယ်က ဖန်းဆွေ့အားလွမ်းဆွတ်မှုများဖြင့် ပြည့်နှက်နေသည့်နေရာတွင် အခြားကလေးတစ်ဦးကို အချစ်ပိုနေသည့် မိခင်ကိုကြည့်ရင်း ကြီးပြင်းခဲ့ရခြင်းဖြစ်သည်။ သူက ဖန်းဆွေ့ကိုရော ဖန်းဆွေ့၏ကလေးကိုပါ မုန်းတီးနေလောက်၏။
သို့သော် အဆုံးသတ်တွင်တော့ ဖန်းဆွေ့၏သားအရင်းနှင့် ချစ်ကြိုးသွယ်ခဲ့ရသည်။
ထောင်ရှီးက သူ့နှလုံးသားတွင်းရှိခံစားချက်ကို မည်ကဲ့သို့ပြောရမည်မှန်းပင်မသိ။ ဖက်ထုပ်ဆိုင်က လောင်ဆွင်း၏စကားများသာ သူ့နားထဲကြားယောင်လာသည်။
ထိုညက ဖက်ထုပ်ဆိုင်ထဲတွင် လင်ချင်းဟယ်အသားကင်သွားဝယ်ချိန်ကို အခွင့်ကောင်းယူကာ ထောင်ရှီးက လောင်ဆွင်းအား လင်ချင်းဟယ် ခြောက်နှစ်သားအရွယ်က အိမ်မှထွက်ပြေးခဲ့ပုံကို မေးမြန်းခဲ့သည်။ လူအိုကြီးက သူ့အား ယုံကြည်စွာဖြင့် အရာအားလုံးပြောပြခဲ့၏။
လွန်ခဲ့သည့်ဆယ်နှစ်ကျော်က တစ်ခုသောညနေခင်းတွင် အလွန်ချောမောသည့် ကလေးတစ်ဦးက လောင်ဆွင်း၏ဆိုင်နားတွင် တဝဲလည်လည်ဖြစ်နေခဲ့သည်။ ကလေးမှာ သနားဖွယ်ကောင်းနေလေရာ လူအိုကြီးက သူ့အားဆိုင်တွင်းခေါ်ယူ၍ ဖက်ထုပ်တစ်ပန်းကန်ခေါ်ကျွေးခဲ့သည်။
ကလေးက သိသာစွာပင်ဆာလောင်နေခဲ့သော်လည်း တစ်စုံတစ်ဦးကိုစောင့်နေသကဲ့သို့ လမ်းတစ်ဖက်ကို မကြာခဏငေးကြည့်ရင်း ခပ်ဖြည်းဖြည်းသာ စားသောက်နေလေသည်။
လောင်ဆွင်းက အားလပ်နေလေရာ ထိုကလေးအနားသို့သွားထိုင်ရင်း မိဘများထံမှ အဆူခံလာရ၍ ထွက်ပြေးလာခဲ့ခြင်းပေလားဟူ၍ မေးမြန်းလေသည်။
ကလေးကမူ ခေါင်းကိုခါယမ်းကာ ဖက်ထုပ်ကိုသာ တစ်ဇွန်းချင်းစားသောက်နေလေသည်။
လောင်ဆွင်းက မိဘများအလိုမလိုက်၍ အိမ်ကထွက်ပြေးမည်ဟု ခြိမ်းခြောက်သည့်ကလေးများစွာကို မြင်ဖူးလေသည်။ သူတို့ထဲမှအများစုမှာ အိမ်နှင့်နှစ်မိုင်လောက်ဝေးသည်နှင့် ကိုယ့်ဟာကိုယ်ငိုယိုကာ ပြန်ပြေးလာတတ်ကြသည်။ ထို့ကြောင့် သူက ကလေးငယ်အား နှစ်သိမ့်လိုက်သည်။
“အမေနဲ့အဖေက မင်းကိုဆူတယ်ဆိုတာ မင်းကောင်းဖို့အတွက်ပါပဲ...သူတို့ကမင်းကိုအရမ်းချစ်လို့ဆူတာပါ...”
ကလေးက အတန်ကြာတိတ်ဆိတ်သွားကာ “သားမေမေက သားကိုမချစ်ဘူး...”
ကလေး၏အသံမှာ လေးနက်နေပြီး အလွန်ဝမ်းနည်းနေပုံပေါ်သည်။ လောင်ဆွင်းက အထိတ်တလန့်ဖြင့် ပါးစပ်ကိုအုပ်လိုက်ကာ “ဘယ်လိုအမေမျိုးက ကိုယ့်သားသမီးကိုမချစ်ပဲနေမှာလဲ...သူငယ်ချင်းလေး...အခုလောက်ဆို မင်းကိုမတွေ့လို့ မင်းအမေအရမ်းစိတ်ပူနေလောက်ပြီ...”
ကလေးက ဘာမှမပြောတော့ချေ။ လောင်ဆွင်းက ရဲကိုခေါ်ရန်တွေးနေစဉ် လျှင်မြန်စွာပြေးလာသည့် သူ့တူမဖြစ်သူကို တွေ့လိုက်ရသည်။ သူမက ဖက်ထုပ်စားနေသည့် ကလေးငယ်ကိုတွေ့သောအခါ စိတ်သက်သာရာရသွားဟန်ဖြင့် ကလေးကိုဖက်ရင်းငိုတော့သည်။
လောင်ဆွင်းတူမမှာ တက္ကသိုလ်အနီးရှိအိမ်တစ်အိမ်တွင် ကလေးထိန်းအဖြစ်အလုပ်လုပ်နေခြင်းဖြစ်သည်။ ထိုကလေးမှာ သူမထိန်းရသည့်ကလေးဖြစ်ကြောင်းသိရချိန်တွင် လောင်ဆွင်းက သူမအား အဖြစ်အပျက်ကိုမေးမြန်းတော့သည်။
သူမသည်လည်း မကျေနပ်ချက်များအား မြိုသိပ်ထားခဲ့ရသည်မှာ အတော်လေးကြာမြင့်လှပြီဖြစ်သဖြင့် ဦးလေးဖြစ်သူအား ဖြစ်ကြောင်းကုန်စင်ကို ရင်ဖွင့်တော့သည်။
ကလေး၏မိခင်မှာ စန္နယားကပညာရှင်တစ်ဦးဖြစ်သည်။ သူမက ကောင်းမွန်စွာပြင်ဆင်ထားသည့် ဗီလာတွင်မနေပဲ တက္ကသိုလ်ပါမောက္ခတစ်ဦး၏အိမ်သို့ ကလေးနှင့်အတူ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ ထို့နောက် အနီးအနားတွင်နေထိုင်သော လောင်ဆွင်း၏တူမဖြစ်သူအား ကလေးထိန်းအဖြစ်ငှားရမ်းခဲ့လေသည်။
ထိုအဆောက်အဦးမှာ အိုမင်းလှပြီဖြစ်သည်။ ကလေးထိန်းက အောက်ထပ်သို့ဆင်းကာ ပစ္စည်းဝယ်ချိန်တွင် လျှပ်စစ်ရှော့ဖြစ်ကာ အဆောက်အဦးပေါ်တွင် မီးလောင်လေသည်။ ကံကောင်းစွာပင် နေ့လယ်ခင်းဖြစ်နေသည့်အလျှောက် အဆောက်အဦးပေါ်ရှိ နေထိုင်သူများကို လျင်မြန်စွာကယ်ထုတ်နိုင်ခဲ့သည်။
ကလေးထိန်းပြန်လာချိန်တွင် မီးသတ်ကားများရောက်ရှိနေပြီဖြစ်သည်။ သူမက အလုပ်ရှင်သားအမိအတွက် စိတ်ပူသွားခဲ့လေသည်။ သို့သော် အိမ်နီးချင်းများက ကလေးတစ်ဦးကိုချီလျက် ပြေးထွက်လာသည့် သူမ၏အလုပ်ရှင်အမျိုးသမီးကို မြင်မိကြောင်း ကလေးထိန်းကိုပြောကြသည်။
မကြာခင်မှာပင် ဖြူဖျော့နေသည့်မျက်နှာနှင့် သူမ၏အလုပ်ရှင်အမျိုးသမီးကို ပန်းချီကားတစ်ချပ်အား ပိုက်လျှက်သားနှင့်တွေ့ခဲ့ရသည်။ နံဘေးတွင်မူ သူနာပြုတစ်ဦးက ကြောက်လန့်၍အော်ငိုနေသည့်ကလေးတစ်ဦးကို နှစ်သိမ့်နေလေသည်။
ကလေးထိန်းက သက်ပြင်းချတော့မည့်ဆဲဆဲတွင် ငိုနေသောကလေးမှာ သူမအလုပ်ရှင်၏ကလေးမဟုတ်ဘဲ သူမတို့အိမ်သို့ မကြာခဏလာရောက်ဆော့ကစားလေ့ရှိသည့် လဲ့လဲ့ဟူသောကလေးသာ ဖြစ်လေသည်။ သူမ၏နှလုံးသားက လည်ချောင်းမှ ခုန်ထွက်တော့မတတ်ဖြစ်သွားကာ မီးသတ်သမားထံသို့အပြေးသွား၍ လေးထပ်တွင်အပြင်မထွက်နိုင်သေးသည့် ကလေးတစ်ဦးရှိနေသေးကြောင်း ပြောကြားလေသည်။
မီးသတ်သမားက မျက်နှာတွင်မီးခိုးများပေကျံနေသည့် ကလေးငယ်ကို ခေါ်ဆောင်လာခဲ့သည်။ ထိုကလေးက သူ့မေမေနှင့်ညီလေးက အခန်းထဲတွင်ပိတ်မိနေကြောင်းပြောရင်း မီးသတ်သမား၏ပုခုံးပေါ်တွင် အော်ဟစ်ငိုယိုနေလေသည်။ ကလေးထိန်းက ထိုမြင်ကွင်းအားကြည့်ရင်း မျက်ရည်များအဆက်မပြတ်ကျဆင်းလာခဲ့ရသည်။
“သူ အခန်းထဲမှာအိပ်နေတုန်း မီးခိုးတွေကြောင့်လန်နိုးလာခဲ့တာလေ...သူက သူ့အမေနဲ့ညီလေး အခန်းတစ်ခုခုထဲမှာ ပိတ်မိနေတယ်ထင်ပြီးတော့ တံခါးတွေကိုလိုက်ခေါက်နေခဲ့တာ...သူ့အမေက တခြားကလေးကိုချီပြီးထွက်ပြေးနှင့်လိမ့်မယ်လို့ သူဘယ်လိုလုပ်တွေးမိပါ့မလဲ...အဲ့ဒီ့အမျိုးသမီးက အသုံးမဝင်တဲ့ပန်းချီကားကိုကျသယ်ဖို့သတိရပြီးတော့ သူ့ရဲ့သားအရင်းကိုကျ မေ့ထားခဲ့တယ်လေ...”
ကလေးထိန်းက ထိုအကြောင်းအရာများကို လင်ချင်းဟယ်ကြားမှာစိုးရိမ်ဟန်ဖြင့် လောင်ဆွင်းကို တီးတိုးကပ်ပြောလိုက်သည်။
“သူမဘာတွေးနေမှန်း သမီးနားမလည်နိုင်ဘူး...ကိုယ့်သွေးသားကိုကျ ဆိုးဆိုးဝါးဝါးဆက်ဆံပြီး တခြားကလေးကိုကျတော့ ရတနာလိုသဘောထားနေတာ...သူမစိတ်ရောဂါအထူးကုနဲ့ပြနေရမှန်း သမီးလည်းသိပါတယ်...ဘယ်လိုပဲဖြစ်ဖြစ် ဦးလေးရယ်...ကိုယ့်သွေးသားကို ဒီလိုတော့မလုပ်သင့်ဘူးမဟုတ်လား...”
အဆိုပါဇာတ်ကြောင်းတစ်ခုလုံးကိုနားထောင်ပြီးနောက် လောင်ဆွင်းက သက်ပြင်းရှည်ကြီးသာချလိုက်မိသည်။ သူက အခြားလူများ၏လုပ်ရပ်များကိ မဝေဖန်လိုချေ။ သူ့အကြည့်က ဖက်ထုပ်စားသောက်နေသည့် ကလေးထံကျရောက်သွားကာ အနားသို့လျှောက်သွားရင်း မေးလိုက်သည်။
“စားချင်သေးလား...အဖိုးမင်းအတွက် နောက်တစ်ပန်းကန်ထပ်ထည့်ပေးမယ်လေ...”
ကလေးက ခေါင်းခါလိုက်ပြီးနောက် ယဉ်ကျေးစွာပြန်ဖြေသည်။ “ ကျေးဇူးပါ...အဖိုး...သား ဗိုက်ပြည့်သွားပါပြီ...”
လောင်ဆွင်းက ကလေး၏အနားသို့သွားထိုင်လိုက်ကာ ခေါင်းလေးကိုပုတ်ပေးလိုက်သည်။
“လူတွေက နေမကောင်းဖြစ်တဲ့အချိန်မှာ ကိစ္စတော်တော်များများကို မေ့သွားတတ်ကြတယ်...သားမေမေက နေမကောင်းလို့ သားကိုမေ့သွားတာပါ...သူကသားကိုချစ်ပါတယ်...”
ကလေးကဘာမှပြန်မပြောပေ။ သို့သော် သူ၏မျက်တောင်လေးများကမူ အောက်သို့စိုက်ကျသွားလေသည်။
သူပြောသည့်စကားမှာ အဖြစ်မှန်နှင့်အလွန်ကွာဝေးနေမှန်း လောင်ဆွင်းသဘောပေါက်လေသည်။ မည်သည့်မိသားစု၏မိခင်ကမှ သူတို့၏ကလေးကို မေ့သွားရိုးထုံးစံမရှိချေ။ ထိုကဲ့သို့မိခင်ကမေ့ထားခဲ့သည့် ကလေးကိုမြင်ရခြင်းမှာ သူ့အတွက်အလွန်လည်းမလွယ်ကူပေ။ လူအိုကြီးစွန်းက ခဏတွေးပြီး ဆက်ပြောလိုက်သည်။
“သားမေမေအပြင် သားကိုချစ်မယ့် တခြားလူတွေရှိလာနိုင်တာပဲလေ...”
ကလေးက သူ့ကိုမော့ကြည့်ကာ အလေးအနက်မေးလာသည်။ “ဒါဆို သားကဖိုးဖိုးရဲ့အချစ်ဆုံးဖြစ်လာမှာလားဟင်...မေမေက ညီလေးကိုချစ်သလိုမျိုးလေ...”
သူက အချစ်ဆုံးဟူသည့်စကားကို သုံးခဲ့သည်။ အခြားကလေးများလိုပင် လင်ချင်းဟယ်သည်လည်း အချစ်ဆုံး၊ အကောင်းဆုံးဟူသည့်အရာများကို မက်မောတတ်လေသည်။
လောင်ဆွင်းက ညီလေးဆိုသူမှာ ထိုကလေး၏မိခင် မီးဘေးမှလွတ်အောင်ပြေးစဥ်က ချီထားခဲ့သည့်ကလေးကိုပြောခြင်းမှန်း ရိပ်စားမိလိုက်သည်။
“သားမေမေက ညီလေးကိုပိုချစ်တော့ သားကညီလေးကိုမုန်းလား...”
ဘေးနားရှိကလေးထိန်းက ဦးလေးဖြစ်သူအား ကလေးကို ထိုကဲ့သို့မမေးရန် မျက်နှာရိပ်မျက်နှာကဲပြနေလေသည်။
ကလေးက ခဏတာတိတ်ဆိတ်သွားကာ ခေါင်းခါလိုက်သည်။
“ညီလေးက မေမေ့ကိုပျော်အောင်လုပ်ပေးနိုင်တော့ မေမေကညီလေးကိုပိုချစ်တာပေါ့...”
လူအိုကြီး၏နှလုံးသားက သက်သာရာရသွားသည်။ သူက ဇွန်းနှင့်ပန်းကန်ကိုသိမ်းဆည်းလိုက်ရင်း ကလေးငယ်အား ထပ်မံစနောက်လိုက်သည်။
“အဆင်ပြေသွားမှာပါ...နောက်ကျရင် ကမ္ဘာလုံးမှာ မင်းကိုအချစ်ဆုံးဆိုတဲ့လူကို မင်းတွေ့ရလိမ့်မယ်...”
ကလေး၏ ပယင်းသဏ္ဍာန်မျက်ဝန်းလေးများက တောက်ပသွားကာ..."ဘယ်အချိန်ကျရင်လဲ...”
“မင်းအရွယ်ရောက်လာရင်ပေါ့...” လောင်ဆွင်းက ပြုံးလျက်ပြောသည်။ သူ့တွင်လည်း လင်ချင်းဟယ်နှင့်ရွယ်တူ မြေးကလေးတစ်ဦးရှိလေသည်။
နံဘေးရှိတူမဖြစ်သူက အထွန့်တက်လိုက်သည်။
“ ဦးလေး...ကလေးက ခုမှငယ်ငယ်လေးရှိသေးတယ်...လျှောက်မပြောပါနဲ့...”
သို့သော် ကလေးက လူအိုကြီး၏စကားကို ယုံကြည်ခဲ့လေသည်။
လောင်ဆွင်းက တူမဖြစ်သူ၏လက်ကိုဆွဲကာ ထိုကလေးပြန်သွားသည်ကို မျက်စိတဆုံးလိုက်ကြည့်နေခဲ့မိသည်။
ထို့နောက် ကလေး၏မိသားစုက ထိုအဆောက်အဦးမှပြောင်းရွှေ့သွားကာ ကလေးထိန်းသည်လည်း အလုပ်ထွက်ခဲ့လေသည်။ သို့သော် သူတို့တူဝရီးနှစ်ယောက်ဆုံတိုင်း ချောမောသည့်ကလေးအကြောင်း မကြာခဏစကားစပ်မိကြလေသည်။
သို့သော် သူ့ဆိုင်သို့ထိုကလေးထပ်မံလာရောက်လိမ့်မည်ဟု လောင်ဆွင်းမမျှော်လင့်ထားခဲ့ချေ။ သူက ကလေးဆန်သည့်မေးခွန်းများ ထပ်မံ၍မမေးတော့သလို အိမ်ကလည်းထပ်မံ၍ထွက်ပြေးခြင်းမပြုတော့။ ထို့အပြင် အိမ်သို့ပြန်သည့်အခါ ဖက်ထုပ်နှစ်ပွဲအမြဲဝယ်သွားတတ်လေသည်။
လူအိုကြီး၏စကားများကိုနားထောင်ရင်း ထောင်ရှီး၏မျက်ဝန်းများ နီရဲလာခဲ့ရသည်။
သူက လော်ကျန်းယင်း ယန်သောလဲ့အားဆက်ဆံပုံမှာ အလွန်ညင်သာသလောက် လင်ချင်းဟယ်အပေါ်၌မူ အလွန်အေးစက်လွန်းသည်ဟု အကြမ်းဖျဉ်းယူဆခဲ့မိသည်။ သို့သော် လင်ချင်းဟယ် ကလေးဘဝကတည်းက ဤမျှအထိခံစားခဲ့ရလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။
လော်ကျန်းယင်း၏စိတ်ကျန်းမာရေးအခြေအနေကို သူသိသော်ငြား သူမကိုမည်သည့်နည်းနှင့်မျှ နားလည်ပေးလို့မရပေ။
အကယ်၍ သူသာလင်ချင်းဟယ်နဲ့ ငယ်ငယ်ကတူတူနေခဲ့ရရင် လင်ချင်းဟယ်ရဲ့အမေကိုလုယူခဲ့တဲ့လူက သူဖြစ်သွားခဲ့မှာလား...
အားလုံးဝိုင်းအလိုလိုက်တာကိုခံရရင် သူကိုယ်တိုင်ကရော ယန်သောလဲ့လိုစရိုက်မျိုး ရှိသွားခဲ့မှာလား...
ထောင်ရှီးက ထပ်မံမတွေးရဲတော့ချေ။ သူက မျက်နှာကိုလက်ဖြင့်ပွတ်လိုက်ကာ ခံစားချက်များကိုထိန်းညှိလိုက်သည်။ လှေကားပေါ်မှတဆင့် ဧည့်ခန်းထဲ၌ သူ့ကိုစောင့်နေသည့် လင်ချင်းဟယ်ကိုတွေ့လိုက်ရသည်။
ထောင်ရှီး၏ခြေသံကိုကြားသည့်အခါ လင်ချင်းဟယ်က လှေကားပေါ်မော့ကြည့်လျက် သူ့အားပြုံးပြလာသည်။.
ထိုအခိုက်အတန့်တွင် လင်ချင်းဟယ်ကိုကြည့်ရင်း သူ့အားလိုက်ရှာမည့်မိခင်အား ဖက်ထုပ်ဆိုင်ထဲတွင် စောင့်မျှော်နေခဲ့မည့် ကလေးငယ်ကို မြင်ယောင်လာမိသည်။ ထောင်ရှီး၏မျက်ဝန်းက စပ်ဖျဉ်းဖျဉ်းဖြစ်လာကာ လင်ချင်းဟယ်ထံအမြန်လျှောက်သွားပြီး ထိုသူ၏လက်ကို တင်းကျပ်စွာဆုပ်ကိုင်လိုက်မိသည်။
လင်ချင်းဟယ်က ထောင်ရှီး၏ခံစားချက်ကို သတိပြုမိသွားဟန်ဖြင့် သူ၏မျက်ဝန်းများထဲစိုက်ကြည့်ကာ ဂရုတစိုက်မေးလာသည်။ “ဘာဖြစ်လို့လဲ...ငါ့အမေက မင်းကိုတစ်ခုခုပြောလိုက်လို့လား...”
ထောင်ရှီးက လင်ချင်းဟယ်၏ပုခုံးထက်သို့ သူ၏ဦးခေါင်းကိုမှီချလိုက်ရင်း တစ်ဖက်လူ၏လည်တိုင်ကို တိုးဝှေ့လိုက်သည်။ “ငါဘယ်သူလဲသိလား...”
လင်ချင်းဟယ်က ကြောင်အသွားကာ ရည်ရွယ်ချက်ရှိရှိ စနောက်လိုက်သည်။ “မင်းကထောင်ရှီးလေ...”
ထောင်ရှီးက ခေါင်းခါလိုက်၏။
လင်ချင်းဟယ်က ခဏစဉ်းစားလိုက်ပြီးနောက် ထောင်ရှီးသူ့အား ကျီစယ်နေသည်ဟု ထင်လိုက်မိသည်။ “မင်းကငါ့ရဲ့ ကလေးလေးလေ...”
ထောင်ရှီးက ပျော်ရွှင်စွာဖြင့် ခြေဖျားထောက်လိုက်ကာ လင်ချင်းဟယ်၏နားရွက်နားသို့ တီးတိုးကပ်ပြောလိုက်သည်။
“သူငယ်ချင်းလေးလင်ချင်းဟယ်...ငါက ဒီကမ္ဘာကြီးပေါ်မှာ မင်းကိုအချစ်တကာ့အချစ်ဆုံး...ဂရုအစိုက်ဆုံးနဲ့.အလေးအထားဆုံးလူလေ...”
ထောင်ရှီးပြောပြီးချိန်တွင် လင်ချင်းဟယ်က ကြောင်အနေကာ ဘာမှမတုံ့ပြန်နိုင်ခဲ့ချေ။ သူ၏ပယင်းရောင်မျက်ဝန်းများက ရေကန်တွင်လရိပ်ထင်နေသကဲ့သို့ တောက်ပလျက်ရှိလေသည်။
သူက လင်ချင်းဟယ်၏ခါးကိုဆွဲဆိတ်လိုက်ရင်း “မင်း လက်ခံ…”
ထောင်ရှီး၏မေးခွန်းမဆုံးသေးခင်မှာပင် သူက ညင်သာစွာအနမ်းခံလိုက်ရသည်။ ထို့နောက် နူးညံ့သိမ်မွေ့သောအနမ်းမှတဆင့် တပ်မက်ပြင်းပြသောအနမ်းအဖြစ် တဖြည်းဖြည်းအသွင်ပြောင်းလာခဲ့သည်။ သူ၏ နှုတ်ခမ်းနှင့်လျှာမှာ အရည်ပျော်လုမတတ်ပင်။ သို့သော် လင်ချင်းဟယ်သူ့အား နမ်းရှိုက်နေပုံမှာ သဲကန္တာရအား ရက်ပေါင်းများစွာဖြတ်သန်းလာသူတစ်ဦးက ရေတစ်သွင်သွင်စီးဆင်းနေသည့် စမ်းချောင်းကလေးအားနမ်းရှိုက်နေသကဲ့သို့ မြတ်နိုးတန်ဖိုးထားမှုများစွာ ပါဝင်၍နေလေသည်။
“ ငါ ဂုဏ်ယူစွာနဲ့ လက်ခံပါတယ်...”
_____________________