အပိုင်း ၆၃
Viewers 8k

The Moon Is Coming To Me

Chapter-63


ထောင်ရှီးက ဟန်းနန်ဆေးရုံသို့ လင်ချင်းဟယ်ကိုလိုက်ပါခွင့်မပြုချေ။ သူက နောက်တစ်နေ့မနက်၌ ကောဖျင်ရှိသော အတွင်းလူနာခန်းထံသို့ သွားလေသည်။ လူနာခန်းထဲတွင် ထောင်ကျန်းကိုမတွေ့ရ။ ကောဖျင် တစ်ယောက်သာရှိသည်။


အမျိုးသမီး၏ပိန်ပါးသော ခန္ဓာကိုယ်က အိပ်ယာထဲတွင်နစ်မြုပ်​နေသည်။ သူမမျက်နှာက ချောင်ကျနေကာ အရင်ကပုံရိပ်နှင့်တခြားစီပင်။ တံခါးသံကြားသည့်အခါ သူမက ဖြည်းညင်းစွာလှည့်ကြည့်လာ၏။


ကောဖျင်၏ မျက်ဝန်းများတွင် ဝမ်းနည်းမှုများယှက်သန်းလာသည်။ သူမက နှုတ်ခမ်းကိုဖွင့်ဟ၍ခေါ်လိုက်သည်။


“ထောင်ရှီး...”


ထောင်ရှီးက စကားတစ်ခွန်းမှမတုံ့ပြန်ပဲ ဆေးရုံကုတင်သို့သာ လျှောက်သွားလိုက်၏။


သူတိုနှစ်ဦးက ထောင်ရှီးအမှန်တရားကိုသိသွားသည့် အချိန်မှစ၍ တစ်ဦးနှင့်တစ်ဦး စကားများများစားစား မ​ပြောဖြစ်ကြတော့ချေ။ ဝမ်းနည်းမှုများပြည့်နှက်နေသည့် မျက်ဝန်းတစ်စုံက သူ့ကိုကြည့်နေလေသည်။ ထောင်ရှီးကမူ ထိုသို့အကြည့်ခံရခြင်းအပေါ် ရွံရှာမှုသာခံစားရလေသည်။


သူက ကောဖျင်၏မျက်ဝန်းများ အနည်းငယ်ပြုံးလာသည်ကို တွေ့လိုက်ရ၏။


“မင်း ငါ့ကိုလာတွေ့တယ်နော်...”


“ကျွန်တော် ထောင်လဲ့အတွက်လာတာ...” ထောင်ရှီးက သစ်သီးများကိုစားပွဲပေါ်တင်လိုက်ရင်း ပြန်ဖြေသည်။


ကောဖျင်က ထိုစကားကိုကြားသည်နှင့် ခေါင်းညိတ်လိုက်ကာ “ထောင်လဲ့က အဖွားအိမ်မှာ...ကျောင်းပျက်မှာစိုးလို့ ဒီကိုခေါ်မလာခဲ့ဘူး...”


“ကျွန်တော် သူ့ကိုဒီကိုခေါ်ထားလိုက်မယ်...”


ယန်ကျန်းမင်က ကောင်းမွန်သည့် အလယ်တန်းကျောင်းတစ်ကျောင်း ရှာပေးမည်ဟု ကတိပေးထားသည်။ ထောင်လဲ့က နောက်စာသင်နှစ်တွင် ထိုကျောင်းသို့ပြောင်းရွှေ့နိုင်မှာဖြစ်၏။


ကောဖျင်က အကြာကြီးတိတ်ဆိတ်သွားပြီးနောက် တိုးဖွစွာပြောလာသည်။


“မင်းလိုအစ်ကိုမျိုးရှိတာ သူအရမ်းကံကောင်းတာပဲ...”


ထို့နောက် သူမက ဆေးသွင်းပိုက်တန်းလန်းနှင့်လက်ကိုမကာ ကုတင်ဘေးရှိ အံဆွဲကိုဖွင့်ရန် ကြိုးစားလိုက်သည်။


“ပထမအံဆွဲထဲမှာ သစ်သားသေတ္တာလေးရှိတယ်...အဲ့ဒါကိုထုတ်ပေးပါ...”


ထောင်ရှီး အံဆွဲကိုဖွင့်လိုက်သည့်အခါ လက်တစ်ဝါးသာသာခန့်ရှိသော သစ်သားသေတ္တာလေးကိုတွေ့လိုက်ရသည်။ ၎င်းက သစ်သားအပိုင်းအစများဖြင့် ပြုလုပ်ထားဟန်ပေါ်ကာ အိုဟောင်းနေပြီဖြစ်သည်။


သူက သေတ္တာကိုဖွင့်ကြည့်လိုက်သည့်အခါ မသေမသပ်ရက်လုပ်ထားသည့် အဆောင်လက်ပတ်ကလေးကို တွေ့လိုက်ရသည်။


ထောင်ရှီးက အေးချမ်းမှု၏ပြယုဂ်ဖြစ်သော အဆောင်လက်ပတ်ကလေးကို အတန်ကြာစိုက်ကြည့်ပြီးနောက် ကောဖျင်ကိုမော့ကြည့်လိုက်၏။


“မင်းအမေက လက်သွယ်သွယ်လေးတွေနဲ့ ပန်းချီဆွဲတဲ့နေရာမှာ အရမ်းတော်တာ။ ဒါပေမယ့် ​လက်ပတ်ရက်တာကိုတော့ အကြာကြီးသင်လိုက်ရတယ်...ဒါလေးက သူကိုယ်တိုင်လုပ်ထားတာလေ...”


ကောဖျင်က ထောင်ရှီး၏လက်တွင်းမှ လက်ပတ်ကိုကြည့်ရင်း အတိတ်တွင်နစ်မျောသွားပုံရသည်။


“သူ့ကိုပထမဆုံးစမြင်တုန်းက ကမ္ဘာပေါ်မှာ ဒီလောက်လှတဲ့သူရှိပါလားဆိုပြီး ငါအရမ်းအံ့သြခဲ့ရတယ်။ သူ့ရဲ့မျက်လုံးတွေက စမ်းရေလိုကြည်လင်နေပြီးတော့​ ငါ့ကိုနူးနူးညံ့ညံ့ပြုံးပြနေခဲ့တာလေ...”


“သူက ငါ့ကို အိမ်မှာနေခွင့်ပြုဖို့တောင်းဆိုခဲ့တယ်။ သူ့မှာလည်းကိုယ်ဝန်ကြီးနဲ့မှန်း ငါသိလိုက်ရတယ်လေ။ အဲ့ဒီတုန်းက ငါတို့ကိုယ်ဝန်သည်အချင်းချင်း ဂရုစိုက်နိုင်လိမ့်မယ်အထင်နဲ့ ငါသူ့ကို ခိုလှုံခွင့်ပေးခဲ့တယ်။ သူမက အိမ်ထဲရောက်တာနဲ့ ပိုက်ဆံတွေအများကြီးထုတ်ပေးတော့တာပဲ...ငါလိမ်သွားမလားတောင် မစိုးရိမ်ခဲ့ဘူး...”


“အဲ့ဒီ့တုန်းက တခြားအိမ်ကချွေးမတွေက ငါ့ကိုအရမ်းအားကျခဲ့ကြတယ်...မြို့ကြီးပြကြီးက မျိုးရိုးမြင့်တစ်ယောက်ကို တွေ့ဆုံခွင့်ရလို့လေ။ ငါလည်း သူတို့နဲ့အတွေးတူခဲ့တယ်...ငါက မက်မွန်ပွင့်စမ်းချောင်းအပြင် ဘယ်ကိုမှမသွားဖူးဘူးလေ။ မင်းအမေက ငါမြင်ဖူးသမျှထဲမှာ အံ့သြစရာအကောင်းဆုံးအမျိုးသမီးပဲ။ ငါက သူနဲ့သူငယ်ချင်းဖြစ်ဖို့ မဝံရဲပေမယ့် သူကတော့ ငါ့ကို သူငယ်ချင်းအဖြစ် အသိအမှတ်ပြုခဲ့တယ်…”


ထောင်ရှီးက သူငယ်ချင်းဟူသည့်စကားကိုကြားချိန်တွင် တောင့်ခဲသွား၏။ သူက အေးစက်စက်မေးလိုက်သည်။


“သူက ခင်ဗျားကိုသူငယ်ချင်းလိုသဘောထားခဲ့တယ်...ခင်ဗျားဘာကြောင့် အဲ့ဒီလိုလုပ်ခဲ့ရတာလဲ...”


သူမက ခင်ဗျားကိုယုံကြည်ခဲ့တယ်။ ခင်ဗျားကတော့ သူအသက်စွန့်ပြီးမွေးဖွားခဲ့တဲ့ကလေးကို ခင်ဗျားရဲ့ကလေးနဲ့ အစားထိုးပြီး သူမရဲ့မိဘတွေကိုပေးလိုက်တယ်လေ...


ကောဖျင်၏အ​ကြည့်က ထောင်ရှီး၏လက်ပတ်ထံမှ ဆေးရည်တစ်စက်စက်ကျနေသည့် ဆေးပြွန်ထံသို့ လွှဲဖယ်သွားသည်။ သူမက ဆက်ပြောလာ၏။


“ငါက ပညာကောင်းကောင်းမသင်ခဲ့ရဘူး...အဲ့ဒီတော့ မင်းအမေပြောတဲ့စကားတော်တော်များများကိုရော သူမဆွဲတဲ့ပန်းချီကားတွေကိုရော နားမလည်ခဲ့ဘူး...ငါသူမနဲ့ပတ်သတ်ပြီးနားလည်တာဆိုလို့ သူမင်းအပေါ်ထားတဲ့အချစ်ပဲရှိတယ်....”


“သူက မင်းကို ကောင်းမွန်တဲ့နာမည်မှည့်ပေးခဲ့တယ်...ပုံတွေဆွဲပေးတယ်...မင်းကြီးလာရင်ဖတ်ဖို့ စာရေးပေးတယ်...နောက်ကျရင် မင်းကိုနေရာအနှံ့ခေါ်သွားပြီး ပန်းချီဆွဲတတ်အောင်သင်ပေးမယ်လို့ပြောတယ်...အဲ့ဒီအချိန် ငါစဉ်းစားမိတာ ငါရော ငါ့ကလေးကို ဘာတွေပေးနိုင်မလဲပေါ့...ငါအဲ့ဒါကိုတစ်ခါမှ မတွေးခဲ့ဖူးဘူး...ငါတို့ရဲ့ကလေးတွေက ရွာမှာကြီးပြင်းရတဲ့အတွက် စာကောင်းကောင်းသင်ခွင့်မရကြဘူး...သူတို့က ငါ့လိုပဲကြီးပြင်းလာပြီး အချိန်တန်ရင်အိမ်ထောင်ကျသွားကြတာပဲ...ငါတို့က ဒီနည်းနဲ့ပဲသံသရာလည်နေကြတာ...”


“မင်းရဲ့အမေက မိဘတစ်ယောက်ရဲ့ဝတ္တရားအကြောင်း ငါ့ကိုသင်ပြပေးခဲ့တယ်...ငါစဉ်းစားပြီးရင်းစဉ်းစားတယ်...ငါ့ကလေးအတွက် ဘာများပေးနိုင်မလဲပေါ့....”


“အဲဒီနေ့မှာတော့ ငါ့ကလေးကအရမ်းအားနည်းတဲ့အတွက် ကြာကြာအသက်ရှင်နိုင်မှာမဟုတ်​ဘူးလို့ သူတို့ကပြောကြတယ်။ ငါအဲ့ဒါကိုလုံးဝလက်မခံနိုင်ခဲ့ဘူး...ဒါပေမယ့် ငါဘာများတတ်နိုင်မှာလဲ...ငါ့မှာသူ့ကိုပေးစရာ ဘာမှမရှိဘူးလေ…”


“အဲ့ဒါကြောင့် မင်းအဖေနဲ့အဖိုးတို့ မင်းတို့ဆီရောက်လာတဲ့အခါ ငါ မင်းအစား ငါ့ကလေးကိုထည့်ပေးလိုက်တယ်...ငါကိုယ်တိုင်လုပ်ပေးထားတဲ့ အနီရောင်လက်ပတ်ကလေးကိုချည်ပေးပြီးတော့ပေါ့…”


“ယန်သောလဲ့လက်က လက်ပတ်က ခင်ဗျားလုပ်ပေးတာလား...”


ထောင်ရှီးက မေးခွန်းထုတ်ရင်း စကားကိုဖြတ်ပြောလိုက်သည်။ သူထပ်ပြီး နားထောင်နိုင်စွမ်းမရှိတော့ချေ။ အရာအားလုံးက တခြားလူတစ်ဦး၏ကံကြမ္မာကို သူမ၏ကလေးအတွက်လုယူပေးခဲ့သည့် မိခင်မေတ္တာဟု ခေါင်းစဉ်တပ်ထားသော တစ်ကိုယ်ကောင်းဆန်မှုသက်သက်ပင်ဖြစ်သည်။


သူက ကုလားထိုင်မှထကာ ထွက်သွားရန်ပြင်လိုက်သည်။ ထိုစဉ် ကောဖျင်က သူမ၏လက်ကိုအားယူ၍ဆန့်ထုတ်လိုက်ပြီး ထောင်ရှီးကိုဆွဲထားခဲ့လေသည်။


“ထောင်ရှီး...ငါတောင်းပန်ပါတယ်...ငါက မင်းအမေ မင်းအတွက်ထားခဲ့တဲ့အရာရာတိုင်းကို ခိုးယူခဲ့မိပါတယ်...ငါမင်းကို ခွင့်လွှတ်ဖို့မတောင်းဆိုဝံ့ပါဘူး...ငါမကြာခင်သေပြီး ငရဲကိုသွားရတော့မှာပါ။ သေပြီးရင်တောင် မင်းအမေနဲ့ ကောင်းကင်ဘုံမှာ မတွေ့နိုင်တော့ဘူး။ ဒါကြောင့် မင်းသူ့ရဲ့အုတ်ဂူကိုရောက်ရင် ငါ့ကိုခွင့်လွှတ်ဖို့ပြောပေးနိုင်မလားဟင်...”


ထောင်ရှီးက သူ့လက်ကိုလာကိုင်သည့် ကောဖျင်၏လက်ကို အေးစက်စက် ကြည့်လိုက်သည်။ ထိုလက်များဖြင့် ထောင်လဲ့အားထွေးပွေ့သကဲ့သို့ သူ့ကိုလည်းထွေးပွေ့စေချင်ခဲ့ဖူးသည်။


ထောင်ရှီးက တည်ငြိမ်စွာပြန်ဖြေလိုက်သည်။


“ကျွန်တော်တောင် ခင်ဗျားကိုခွင့်မလွှတ်နိုင်တာ...ကျွန်တော့်အမေက ခွင့်လွှတ်မှုကို ဘာလို့မျှော်လင့်နေတာလဲ…”


ကောဖျင်၏လက်က ပြုတ်ကျသွားခဲ့သည်။ သူမ၏နှုတ်ခမ်းများက တစ်စုံတစ်ခုကိုပြောချင်နေသကဲ့သို့ တုန်ယင်သွားသည်။ သို့သော် မည်သည့်စကားမှထွက်မလာခဲ့ချေ။


ထောင်ရှီးက ကုတင်ပေါ်ရှိ အမျိုးသမီးကို နောက်ဆုံးအကြိမ်ကြည့်လိုက်သည်။ ထိုအမျိုးသမီးထံမှအချစ်ခံရရန် သူမျှော်လင့်ခဲ့ဖူးသလို နောက်ပိုင်းတွင် သူမအပေါ် မုန်းတီးရွံရှာခဲ့ရသည်။ သူက သူမစိတ်ထိခိုက်စေမည့်စကားများကို မပြောတော့ချေ။


“မြန်မြန်နေကောင်းအောင်လုပ်ပါ...ထောင်လဲ့က ခင်ဗျားကိုစောင့်နေတယ်...”


ထို့နောက် လက်ပတ်ကိုယူကာ ဆေးရုံခန်းအတွင်းမှ ထွက်လာခဲ့သည်။


​ထောင်ရှီးက ကောဖျင် ဤကဲ့သို့အမှားကြီးကျူးလွန်ခဲ့ပါလျက် အပြစ်မကင်းစိတ်နှင့် အဘယ့်ကြောင့် သူ့အပေါ်ဂရုတစိုက်မရှိခဲ့ရသနည်းဟု မေးချင်ခဲ့သည်။ ယခုမူမလိုတော့ချေ။


သူ ကောဖျင်ထံသွားရောက်ခဲ့ခြင်းမှာ သူတို့၏ဆယ်နှစ်တာသားအမိသံယောဇဉ်အား ဖြတ်ပစ်လို၍ဖြစ်သည်။


ထောင်ရှီးက အထပ်မြင့်အဆောက်အအုံရှိ အတွင်းလူနာဆောင်မှထွက်လာခဲ့သည်။ မနက်ဆယ်နာရီရှိပြီဖြစ်ရာ နေရောင်က အရှေ့တောင်အရပ်မှနေ၍ လူသွားလမ်းပေါ်သို့ဖြာကျနေလေသည်။ ထောင်ရှီးက နေရောင်ကိုလက်ဖြင့်ကာလိုက်သည်။ ထို့နောက် လူကူးမျဉ်းကြားကို မီးစိမ်းသည်နှင့်ဖြတ်ကူးကာ လူအုပ်ကြားထဲ တိုးဝင်ပျောက်ကွယ်သွားတော့သည်။


ဝမ်းဟွာမြို့တွင် အအေးလှိုင်းဖြတ်ပြန်လေသည်။ ရာသီဥတုခန့်မှန်းချက်အရ နောက်နေ့မနက်မှနှင်းများထူထပ်စွာကျဆင်းမည်ဖြစ်သော်ငြား ညသန်းခေါင်ယံကတည်းက နှင်းကျလာလေသည်။ နောက်တစ်နေ့တွင် မြို့တော်တစ်ခုလုံး ဆီးနှင်းများဖုံးလွှမ်းနေလေသည်။


နောက်တစ်နေ့ ထောင်ရှီးနိုးလာသည့်အခါ ကောဖျင်က အဆောက်အဦးပေါ်မှခုန်ချသွားကြောင်း လင်ချင်းဟယ်ထံမှ သိရှိခဲ့ရသည်။


ကောဖျင်က သူမကိုယ်ပေါ်ရှိ ဆေးထိုးအပ်များနှင့်ပိုက်များကို ခက်ခက်ခဲခဲဖြုတ်ချကာ နံနက်အစောပိုင်းလောက်တွင် အတွင်းလူနာဆောင်အပေါ်ထပ်မှ ခုန်ချသွားခြင်းဖြစ်လေသည်။ လူနာစောင့်နေရာရှိ ထောင်ကျန်းက သတိမပြုခဲ့မိချေ။


မြေပြင်က ဆီးနှင်းများထူထပ်စွာဖုံးလွှမ်းနေသော်ငြား ဤမျှအမြင့်မှခုန်ချခြင်းမှာ အသက်ရှင်နိုင်စရာအကြောင်းမရှိချေ။


ဆေးရုံများတွင် အထပ်မြင့်မှလူနာများခုန်ချခြင်းမျိုးက နှစ်တိုင်းလိုလိုဖြစ်ပွားလေ့ရှိသည်။ ရောဂါကြောင့်ဖြစ်ပေါ်သော နာကျင်မှုကို လူတိုင်းခံနိုင်ရည်မရှိကြချေ။ တစ်ချို့က သတ်သေရန်ရွေးချယ်တတ်ကြလေသည်။


ထောင်ရှီးက ကောဖျင်ထိုကဲ့သို့လမ်းအားရွေးချယ်ခဲ့သည်မှာ သူမ၏ရောဂါ​ကြောင့်မဟုတ်မှန်းသိလေသည်။ သူမက ဝမ်းဟွာမြို့သို့ ရောဂါကုရန်ရောက်လာခြင်းမဟုတ်ဘဲ သူမ၏သားနှင့်တွေ့ရန်ရောက်လာခြင်းဖြစ်သည်။


သို့တိုင် ယန်သောလဲ့က သူမအား တစ်ကြိမ်ကလေးပင်သွားရောက်တွေ့ဆုံခြင်းမရှိခဲ့ပါချေ။


ကောဖျင်က ယန်သောလဲ့အတွက် တခြားလူ၏ကံကြမ္မာကို ခိုးယူပေးခဲ့သည်။ ယခုမူ သူမ၏သေခြင်းကို ပေးအပ်ခဲ့၏။


လင်ချင်းဟယ်က ထောင်ရှီးကိုအကဲခတ်နေသည်။ ထောင်ရှီးက ထိုသတင်းအားကြားခါစတွင် အံ့သြဟန်ပေါ်သော်လည်း ​ခဏအကြာ၌ပြန်လည်တည်ငြိမ်သွားလေသည်။ မျှော်လင့်မထားသည့်ကိစ္စဖြစ်သော်ငြား သူက ကောဖျင်အတွက်ဘာမှမခံစားရချေ။


ထောင်ရှီးက ပြတင်းပေါက်နားရှိ သိုးမွှေးကော်ဇောပေါ်သို့လျှောက်သွားကာ ထိုနေရာ၌ထိုင်ချရင်း အပြင်ဘက်တွင်ကျဆင်းနေသည့်နှင်းများကို ငေးကြည့်နေမိသည်။


လွန်ခဲ့သည့်ဆယ့်ခုနစ်နှစ်က ဤကဲ့သို့နှင်းများထူထပ်စွာကျဆင်းနေချိန်တွင် ကလေးနှစ်ဦး၏ကံကြမ္မာကို လဲလှယ်ခံခဲ့ရသည်။ ယခုမူ အားလုံးကတဖြည်းဖြည်း နေရာတကျပြန်ဖြစ်သွားကာ ထိုလုပ်ရပ်ကိုကျူးလွန်ခဲ့သူကမူ သူမ၏ဘဝကိုနှင်းများအကြား အဆုံးသတ်ပစ်လိုက်လေသည်။


၎င်းက လူအချို့အား ကံကံ၏အကျိုးကိုတွေးမိစေလိမ့်မည်။ သို့သော် ဆယ့်ခုနစ်နှစ်တာ အချစ်၊ အမုန်း၊ နောင်တ၊ ခါးသီးမှုများမှာ ကံအကြောင်းတရားတစ်ခုထဲနှင့် ဖော်ပြ၍မရနိုင်ချေ။


အသက်ရှင်နေခဲ့သူများက ကံကြမ္မာ၏လှည့်စားမှုကြောင့် ဖြစ်ပေါ်ခဲ့သည့်အက်ကြောင်းများကို ပြန်လည်ဖာထေးကြရလိမ့်မည်။


ထောင်ရှီးက ဘာကိုမှဆက်လက်၍မတွေးချင်တော့ချေ။ သူ့အသက်ဆယ့်ခုနစ်နှစ်အထိ ကောဖျင်နှင့်အတူ ဖြတ်သန်းခဲ့ရပြီး သူမအား အမေ ဟုဆယ့်ငါးနှစ်မျှ ခေါ်ဆိုခဲ့ရသော်လည်း အဆုံးသတ်တွင်မူ အမှတ်ရစရာဘာမှမကျန်ခဲ့ချေ။ အရင်ကမုန်းတီးမှုများသည်လည်း သူ့ရှေ့တွင်ကျဆင်းနေသည့် နှင်းများနှင့်အတူ ကွယ်ပျောက်သွားပြီဖြစ်သည်။


လင်ချင်းဟယ်က ထောင်ရှီးအနားတွင်လာထိုင်သည်။ ထို့နောက် ထောင်ရှီး၏လက်အေးအေးလေးကို ဆုပ်ကိုင်လိုက်၏။


အတန်ကြာပြီးနောက် ထောင်ရှီးကသူ့ကိုပြောလာသည်။


“ငါ့ညီမလေးမှာ အမေမရှိတော့ဘူး...”


လင်ချင်းဟယ်က ထောင်ရှီး၏မျက်ဝန်းထောင့်ကို လက်မဖြင့်အသာပွတ်သုတ်ပေးလိုက်သည်။ ထို့နောက် ထောင်ရှီးကို သူ့လက်မောင်းများနှင့်ရစ်ပတ်လိုက်ကာ


"သူ့မှာ အကိုနှစ်ယောက်တောင် ရှိတယ်လေ...”


ထောင်ရှီးက ကောဖျင်၏အသုဘကိုမသွားချေ။ ဈာပနပွဲအပြီးတွင် ထောင်ကျန်းက အရိုးပြာအိုးကိုသယ်သွားလေသည်။ ယန်သောလဲ့ကိုလည်း မက်မွန်ပွင့်စမ်းချောင်းသို့ ရိုက်ဟယ်နှက်ဟယ်ဖြင့် ပြန်ခေါ်သွားကြောင်း ကြားသိလိုက်ရသည်။


ဖန်းကျူချင်းနှင့်ယဲ့ယွီရုန်က ကောဖျင်၏အဖြစ်ဆိုးကိုကြားသိရချိန်တွင် သက်ပြင်းရှည်ကြီးကိုသာချလိုက်မိကြသည်။ သူတို့က ကောဖျင်ကိုတရားစွဲချင်ခဲ့သော်လည်း သူမ၏ရောဂါကြောင့် ယာယီဆိုင်းငံ့ထားခြင်းဖြစ်သည်။ ယခုမူ လူကသေသွားပြီဖြစ်ရာ တရားစွဲနေ၍လည်းဘာမှမထူးတော့ချေ။


ထောင်ရှီးက ချင်းရွှေအလယ်တန်းကျောင်းမှ ဆရာတစ်ဦးကိုအကူအညီတောင်း​ပြီးသည့်နောက် ထောင်လဲ့ကိုဖုန်းခေါ်ခဲ့သည်။ ကလေးမလေးက ဖုန်းထဲတွင် သည်းထန်စွာ အောင်ငိုလေတော့သည်။ ထောင်လဲ့ခမျာ သူမမိခင်၏သတ်သေမှုနှင့် သူမအစ်ကိုမှာ အစ်ကိုရင်းမဟုတ်ကြောင်းကို တစ်ပြိုင်တည်းသိလိုက်ရခြင်းဖြစ်သည်။ သူမအရွယ်ကလေးတစ်ဦးအတွက် မခံစားနိုင်စရာပင်။


“ကိုကို...ဒီကိုပြန်မလာတော့ဘူးလား...”


ထောင်လဲ့က ငိုနေရင်းမေးရှာသည်။


“ ညီမလေး အဲ့ဒီလူကိုတွေ့တယ်။ သူက ညီမလေးကို မုန်းနေတာ။ ညီမလေးရော သူ့ကိုမုန်းတယ်။ ညီမလေး သူ့ကို အစ်ကိုအဖြစ် မသတ်မှတ်နိုင်ဘူး...”


ယန်သောလဲ့က ထောင်လဲ့အပေါ်မည်သို့ဆက်ဆံမည်ကို တွေးကြည့်၍ပင်မရချေ။


“ကိုကို ပြန်မလာဖြစ်တော့ဘူးဆိုပေမယ့် ကိုကိုက ညီမလေးရဲ့အစ်ကိုပါပဲ။ ညီမလေးကလည်း ကိုကို့ရဲ့ညီမလေးဖြစ်နေဦးမှာပဲ…”


ထောင်ရှီးက ထောင်လဲ့ကိုအချိန်အတော်ကြာချော့မော့လိုက်ရသည်။ သူက သူမအား ဤမြို့သို့ပြောင်းလာရန်နှင့် သူမ၏ရောဂါအတွက် ဆေးကိုမှန်မှန်သောက်ရန် အထပ်ထပ်မှာကြားပြီးကာမှ ဖုန်းချလိုက်လေသည်။


ကိစ္စများကိုဖြေရှင်းပြီးနောက် ထောင်ရှီးက လင်ချင်းဟယ်နှင့်အတူ ဖန်းဆွေ့၏အုတ်ဂူထံသွားရောက်ခဲ့သည်။ သူက ဖန်းဆွေ့သူ့အတွက်ရက်ပေးခဲ့သောလက်ပတ်နှင့် လင်ချင်းဟယ်ပေးထားသည့် အ​ဆောင်လက်ပတ်တို့ကို လက်ကောက်ဝတ်၌ ဝတ်ဆင်ထားလေသည်။


ထိုသူနှစ်ဦးမှာ သူ့ဘဝထဲသို့ ကောင်းချီများယူဆောင်ပေးခဲ့ကြသူများပင်။


ဂူကိုလှည်းကျင်းပြီးနောက် တောင်ပေါ်မှပြန်ဆင်းလာချိန်တွင် ထောင်ရှီးကလင်ချင်းဟယ်အား မေးမြန်းလိုက်သည်။ “မင်း. ငါ့အမေကိုတစ်ခုခု ကပ်ပြောခဲ့တယ်မဟုတ်လား...”


ထောင်ရှီး ဖန်းဆွေ့၏ ကမ္မည်းတိုင်ပေါ်ရှိနှင်းများအား ရှင်းလင်းနေချိန်တွင် လင်ချင်းဟယ်က သူမ၏ အုတ်ဂူကိုလေးနက်တည်ငြိမ်စွာစိုက်ကြည့်နေမှန်း တွေ့လိုက်ရသည်။


လင်ချင်းဟယ်က သူ့ကုတ်အင်္ကျီထဲလက်နှိုက်ကာ အဖြူရောင်ဦးထုပ်တစ်လုံးကိုထုတ်ရင်း ထောင်ရှီး၏ခေါင်းပေါ်ကို ဆောင်းပေးလိုက်သည်။


“မင်း သူ့ကို ငါ့အကြောင်းအများကြီးပြောထားတယ် မဟုတ်လား။ ငါ့မှာလည်းပြောစရာတွေရှိတာပေါ့...”


“ဘာတွေပြောခဲ့တာလဲ...ငါ့မကောင်းကြောင်းတွေတော့မပြောခဲ့ပါဘူးနော်...”


လင်ချင်းဟယ်က သိုးမွှေးဦးထုပ်လေးဖြင့်ဝန်းရံနေသည့် ထောင်ရှီး၏မျက်နှာလေးကိုငေးကြည့်ရင်း‌ ပြောလိုက်သည်။


“မင်းမှာ မကောင်းတာဘာရှိလို့လဲ...”


ထောင်ရှီးက ဦးထုပ်ရှိအမွှေးများကြောင့် အနည်းငယ်ယားယံလာသည့်အတွက် ဦးထုပ်ကိုနောက်တွန်းလိုက်ကာ “မရှိဘူးလေ...ငါကိုယ်တိုင်တောင် ငါ့မှာဘာချို့ယွင်းချက်ရှိသလဲရှာမရဘူး...”


ထောင်ရှီးက လင်ချင်းဟယ်၏အပြုံးကိုမျက်ဝန်းထောင့်မှတဆင့် မြင်လိုက်ရသည်။ သူက လင်ချင်းဟယ်စကားလွှဲနေမှန်း သတိပြုမိသွားကာ “ဆိုတော့...မင်းဘာပြောခဲ့လဲ...”


လင်ချင်းဟယ်က ဦးထုပ်ထပ်ဆောင်းပေးရင်းပြောသည်။


“ဒီတိုင်း မင်းကိုမွေးဖွားပေးလို့ ကျေးဇူးတင်ကြောင်းပါပဲ...”


“အိုး...အဲ့လိုလား...” ထောင်ရှီးက လင်ချင်းဟယ်နောက်မှလိုက်လာခဲ့သည်။ ထိုစဉ် လေတစ်ချက်အဝေ့၌ အဖြူရောင်အမွှေးများက သူ့ကိုယားကျိကျိဖြစ်စေပြန်၏။ လင်ချင်းဟယ် သူ့ခေါင်းပေါ်သို့ ဦးထုပ်ထပ်ဆောင်းပေးထားမှန်း သတိပြုမိသွားလေသည်။


“မင်း ဒီဦးထုပ်ကိုအရမ်းကြိုက်တာပဲလား...”


“အဲ့ဒါက ချစ်ဖို့ကောင်းတယ်...”


“အိုး...” ထောင်ရှီးက အနည်းငယ်ရှက်သွားကာ အရှေ့သို့အနည်းငယ်ခုန်တက်လိုက်သည်။ သို့သော် ဦးထုပ်အားမချွတ်တော့ချေ။


လင်ချင်းဟယ်က နောက်သို့တစ်ချက်ပြန်ကြည့်လိုက်၏။ သုသာန်က အစိမ်းရောင်တောင်ကုန်းပေါ်တွင် နှင်းများအကြား တိတ်ဆိတ်ငြိမ်သက်လျှက်ရှိသည်။ ဖန်းဆွေ့၏အုတ်ဂူကို ရှင်းလင်းစွာမမြင်ရတော့သော်လည်း သူမက သူတို့ကိုပြုံး၍ကြည့်နေဟန်တူ​လေသည်။


__________________________