အပိုင်း ၆၂
Viewers 8k

The Moon Is Coming To Me

Chapter-62


နှစ်သစ်၏မနက်စောစောတွင် ယန်ကျန်းမင်က ထောင်ရှီးကို ကားဖြင့်လာခေါ်ကာ မြို့အစွန်အဖျားရှိ သုသာန်သို့ လိုက်ပို့ပေးလေသည်။ မနေ့ညအပြန်လမ်းတွင် ထောင်ရှီးက ဖန်းဆွေ့၏အုတ်ဂူသို့ သွားချင်ကြောင်းပြောခဲ့သည်။


သုသာန်က တောင်တန်းနှင့်မြစ်ကို ပိုင်းခြားထားသလို တည်ရှိသည်။ မနက်အစောကြီးဖြစ်နေသည့်အတွက် အဖြူရောင်မြူများအုပ်ဆိုင်းလျက်ရှိရာ သုသာန်ကိုပင်မမြင်ရသလောက်ပင်။ ထောင်ရှီးက ယန်ကျန်းမင်၏နောက်မှလိုက်ကာ ဖန်းဆွေ့၏အုတ်ဂူထံ ရောက်ရှိသွားလေသည်။


ထောင်ရှီးက အုတ်ဂူခြားနေသည့် သူ့အမေကို ပထမဆုံးအကြိမ်တွေ့ဖူးပြီဖြစ်သည်။


ယန်ကျန်းမင်က အနောက်ဘက်ခပ်လှမ်းလှမ်းသို့သွားရပ်ကာ ထောင်ရှီးသူ့မိခင်နှင့် စကားပြောရန် ရှောင်ပေးလိုက်သည်။


ထောင်ရှီးက ဖန်းဆွေ့၏အုတ်ဂူပေါ်သို့ အဖြူရောင်နှင်းဆီပန်းတစ်စည်းကို တင်လိုက်သည်။ နှင်းကဲ့သို့ဖြူဖွေးနေသော နှင်းဆီပွင့်ချပ်များပေါ်တွင် နှင်းစက်ကလေးများ တွဲခိုနေကြသည်။ သူက ကမ္မည်းတိုင်ရှေ့တွင် ထိုင်ချလိုက်ပြီး ကျောက်တုံးပေါ်ရှိ ရေးထွင်းထားသောစာများကို လက်ချောင်းများဖြင့် အသာအယာထိတွေ့လိုက်သည်။


ကမ္မည်းတိုင်ပေါ်ရှိ ဖန်းဆွေ့၏ဓာတ်ပုံမှာ မကြာသေးခင်ကမှ လဲလှယ်ထားပုံပေါ်သည်။ လှပသောမျက်ဝန်းတစ်စုံက သူမအားလာရောက်ကြည့်ရှုသူတိုင်းကို နူးညံ့စွာပြန်၍ကြည့်နေလေသည်။ သူမကိုလာကြည့်သူများက တစ်နှစ်ပြီးတစ်နှစ်ပို၍အသက်ကြီးလာကြသော်လည်း ဓာတ်ပုံထဲရှိအမျိုးသမီးမှာမူ ဖူးသစ်စအရွယ်တွင်သာရပ်တန့်လျက်ရှိလေသည်။


ထောင်ရှီးက ဓာတ်ပုံအတွင်းရှိ သူ့မိခင်၏ပုံကို အတန်ကြာငေးကြည့်နေမိသည်။


“အမေ...ကျွန်တော်လာတွေ့တယ်။ အမေ ကျွန်တော့်ကို​တွေ့ရလားဟင်...”


အုတ်ဂူအနီးတစ်ဝိုက်၌ လေတိုးသံနှင့် ငှက်ကလေးများ၏တေးဆိုသံအချို့သာလျှင် ကြားနေရ၏။ ထောင်ရှီးက အတန်ကြာတိတ်ဆိတ်နေပြီးနောက်


“...ကျွန်တော် အိမ်ပြန်ရောက်ပါပြီ...”


“အဖိုးနဲ့အဖွားက ကျွန်တော့်အပေါ်အရမ်းကောင်းကြတယ်။ မနေ့ညက သူတို့နဲ့အတူတူ ညစာစားခဲ့တယ်လေ။ အဖွားက ကျွန်တော့်အတွက် ဟင်းတွေအများကြီးချက်ကျွေးတယ်...”


“ အဖွားကပြောတယ်။ ကျွန်တော် ဆန်အရက်ကြိုက်တာအမေနဲ့တူလို့တဲ့။ ဒါပေမယ့်...ကျွန်တော်က အမေ့ထက်တစ်ခွက်ပိုသောက်နိုင်တယ်သိလား..”


“ကျွန်တော် အဆင်ပြေပြေရှိနေပါတယ်။ ကျွန်တော့်မှာ သဘောကျရတဲ့လူရှိနေပြီ။ သူက ကျွန်တော့်ကိုအရမ်းချစ်တယ်။ ကျွန်တော် ဒီနေရာကို သူ့ကြောင့်ရောက်လာခဲ့တာလေ။ သူကပဲ ကျွန်တော့်ကို အိမ်ပြန်ရောက်အောင် ပို့ပေးခဲ့တာ...”


“ကျွန်တော် အဖိုးချောင်ဆီမှာ ပန်းချီသင်နေတယ်။ သူ့မှာအရမ်းတော်တဲ့ တပည့်မလေးတစ်ယောက်ရှိခဲ့ဖူးတယ်လို့ ကျွန်တော့်ကိုခဏခဏပြောတယ်။ အဲ့ဒါ အမေ့ကိုပြောတာမှန်း ကျွန်တော်သိသားပဲ။ အနာဂတ်မှာ အမေ့ခြေရာကိုနင်းနိုင်အောင်လို့ ကျွန်တော် အစွမ်းကုန်ကြိုးစားပါ့မယ်…”


“အမေ...ကျွန်တော့်ကို ကောင်းကင်ဘုံကနေ အမြဲကောင်းချီးပေးလို့ ကျေးဇူးတင်ပါတယ်...”


“အမေ့ကိုအရမ်းသတိရတယ်..​.အဲ့ဒီမှာပျော်ပျော်ရွှင်ရွှင်ရှိနေဖို့ ကျွန်တော်ဆု​တောင်းပါတယ်....”


မြူထုများက ပြိုကွဲသွားပြီဖြစ်ကာ ပါးလျသောနေရောင်ခြည်က ထောင်ရှီးရပ်နေသောနေရာသို့ နွေးထွေးစွာကျဆင်းလာသည်။ ထောင်ရှီးက ကမ္မည်းတိုင်ကိုအရိုအသေပေးကာ ယန်ကျန်းမင်ထံသို့ ထွက်လာခဲ့သည်။


အိမ်အပြန်လမ်းတွင် သူတို့သားအဖနှစ်ဦးလုံး စကားမဆိုမိကြချေ။ ယန်ကျန်းမင်က ကားမောင်းနေသော်လည်း ယခုတစ်ခါတော့ သီချင်းမဖွင့်တော့။ ရုတ်တရက် ထောင်ရှီးက သူ့ကိုမေးလာသည်။


“ဘာလို့ မက်မွန်ပွင့်စမ်းချောင်းလဲ...”


အလာလမ်းတွင် ဖန်းဆွေ့မိသားစုနှင့်ဝေးရာသို့ ထွက်သွားရသည့်အကြောင်းရင်းကို ယန်ကျန်းမင်ထံမှ သိရှိခဲ့ရပြီးပြီဖြစ်သည်။


လွန်ခဲ့သည့်နှစ်များစွာက ယန်ကျန်းမင်မှာ ဖန်းကျူချင်း ဂုဏ်ယူရသည့် တပည့်တစ်ဦးဖြစ်ခဲ့လေသည်။ ယန်ကျန်းမင်၏မိဘများက စောစီးစွာကွယ်လွန်သွားကြသည့်အလျောက် ဖန်းကျူချင်းတို့ဇနီးမောင်နှံကသာ သူ့အားဂရုစိုက်ပေးခဲ့ရသည်။ ဤသို့ဖြင့် ဖန်းဆွေ့နှင့်ယန်ကျန်းမင်တို့ အရွယ်ရောက်လာသည့်အခါ တစ်ဦးပေါ်တစ်ဦး မေတ္တာသက်ဝင်မိကြလေသည်။ ၎င်းက လှပသောအချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်သင့်သော်ငြား ယခုလိုအဆုံးသတ်ခဲ့ရလေသည်။


ယန်ကျန်းမင်နှင့်ဖန်းဆွေ့တွင် တစ်ဦးနှင့်တစ်ဦး အမုန်းပွားရန်အကြောင်းမရှိသလို သစ္စာဖောက်သည့်ဇာတ်ကြောင်းမျိုးလည်းမပါရှိပေ။ အားလုံးက ချစ်ခြင်းမေတ္တာဟူသည့် ခေါင်းစဉ်အောက်တွင်သာ မျက်ရည်ဝေခဲ့ရခြင်းဖြစ်လေသည်။ ဤသို့ဖြင့် ဖန်းဆွေ့က ကံကြမ္မာ၏ဝဲဂယက်အတွင်း သက်ဆင်းခဲ့ရသည်။ ဖန်းဆွေ့က ယန်ကျန်းမင်၏ကလေးကို လွယ်ထားခဲ့ရသည့်အခါ သူမက ထိုကလေးကိုမွေးဖွားရန် ဆန္ဒရှိသော်လည်း ဖန်းကျူချင်းတို့က သဘောမတူခဲ့ကြချေ။ သူမ၏အချစ်ဆုံးသူငယ်ချင်းကို အကူအညီတောင်းသည့်အခါတွင်လည်း ငြင်းပယ်ခံခဲ့ရကာ သူမ၏ချစ်သူကလည်း တုံ့ဆိုင်းဟန်ပြလာသည့်အတွက် မိသားစုနှင့်ဝေးရာသို့ ထွက်သွားခဲ့ခြင်းဖြစ်လေသည်။


[T/N: လက်မထပ်ရသေးဘဲ ကိုယ်ဝန်ရလို့ထင်တယ်]


ဒါပေမယ့် ဘာလို့ မက်မွန်ပွင့်စမ်းချောင်းလဲ...


ထောင်ရှီးက ထိုမေးခွန်းအား ယန်ကျန်းမင်ကိုမေးသည့်အခါ ကားကလမ်းဘေးတွင် ထိုးရပ်သွား၏။ ယန်ကျန်းမင်က စတီယာတိုင်ပေါ် မျက်နှာမှောက်ချလိုက်သည်။ သူ့လက်ပေါ်ရှိသွေးကြောများက ထင်းထွက်လာကာ ပြင်းထန်သောနာကျင်မှုနှင့် နောင်တတရားတို့ကို တောင့်ခံနေရပုံပေါ်လေသည်။


အကြာကြီးကြာပြီးသည့်နောက် ယန်ကျန်းမင်က အက်ရှသောအသံဖြင့် စကားဆိုလာသည်။


“ ငါက ရှူခင်းလှတဲ့နေရာတွေကိုသွားရင် ဓာတ်ပုံရိုက်လေ့ရှိတယ်။ သူ...သူက မက်မွန်ပွင့်စမ်းချောင်းက မက်မွန်ပွင့်တွေကို သဘောအကျဆုံးပဲ။ နောက်ကျရင် သူ့ကို အဲ့ဒီနေရာမှာ ပန်းချီဆွဲဖို့ ငါကိုယ်တိုင်လိုက်ပို့ပေးမယ်လို့ ကတိပေးခဲ့ဖူးတယ်...”


ထိုဓာတ်ပုံများက မက်မွန်စမ်းချောင်းကို အချိန်တိုအတွင်း လူသိများစေခဲ့သော ဓာတ်ပုံများဖြစ်ခဲ့သည်။ ထို့အပြင် သူဂုဏ်အယူရဆုံး ဓာတ်ပုံများလည်းဖြစ်ခဲ့သည်ပင်။


ဖန်းဆွေ့ပျောက်သွားသည့်အခါ သူတို့အားလုံး သူမသွားတတ်မည့်နေရာမှန်သမျှကို ပိုက်စိပ်တိုက်ရှာဖွေခဲ့ကြသည်။ သို့သော် ယန်ကျန်းမင်မှာ မက်မွန်ပွင့်စမ်းချောင်းကို လုံးဝမတွေးခဲ့မိချေ။ သူက ဖန်းဆွေ့၏မျှော်လင့်တကြီးမျက်ဝန်းများနှင့် ပေါ့ပေါ့တန်တန်ပေးခဲ့သည့် သူ၏ကတိကို မေ့လျော့နေခဲ့လေသည်။


ထောင်ရှီးက တိတ်ဆိတ်နေဆဲပင်။


သူက မက်မွန်ပွင့်စမ်းချောင်းတွင် ယန်ကျန်းမင်အလာကို စောင့်မျှော်နေရှာမည့် ဖန်းဆွေ့၏ပုံရိပ်ကို မြင်ယောင်မိသည်။ သူမဘဝ၏နောက်ဆုံးအချိန်အထိ သူမအားအိမ်ပြန်ဖို့လာခေါ်မည့် ထိုအမျိုးသားကိုမတွေ့သွားခဲ့ရချေ။


“ တောင်းပန်ပါတယ်...”


ယန်ကျန်းမင်က နီရဲနေသော မျက်လုံးများဖြင့် ထောင်ရှီးကို ကြည့်ရင်း ရုတ်တရက်ပြောလာခဲ့သည်။


“ ငါသူ့ကို ရှာဖို့ မက်မွန်ပွင့်စမ်းချောင်ကို မသွားခဲ့မိဘူး။ နောက်ပြီး မင်းကိုလည်း မက်မွန်ပွင့်စမ်းချောင်းမှာ လာမရှာမိခဲ့ဘူး…”


ထောင်ရှီးက ယန်ကျန်းမင်၏စကားများကို လျစ်လျူရှုလိုက်ကာ ကားမှန်ပြတင်းကိုသာချလိုက်သည်။ တောင်ပေါ်မှတိုက်ခတ်လာသောလေများက သူ့ထံသို့ အေးမြစွာဝင်ရောက်လာသော်လည်း ထောင်ရှီးနှလုံးသားမှာ တစ်စုံတစ်ခုနှင့်ပိတ်ဆို့ထားသကဲ့သို့ တင်းကျပ်လျက်ရှိနေသည်။


သူက တောင်းပန်စကားများကို မရေမတွက်နိုင်အောင် ကြားခဲ့ရပြီးပြီဖြစ်သည်။ သို့သော် မည်သည့်စကားကမှ သူ့မိခင်အားပြန်ခေါ်မပေးနိုင်သလို ဆယ့်ခုနစ်နှစ်တာကာလကိုလည်း ပြန်၍ယူမပေးနိုင်ချေ။


ထို့အပြင် ကောဖျင်ပေးခဲ့သော ထောင်ရှီးဟူသည့်အမည်မှာလည်း သူ့ဘဝအားကံကြမ္မာ၏ဆော့ကစားသွားမှုကို တံဆိပ်ခတ်ထားသည့် အနာဂတ်ဟောကိန်းကဲ့သို့ပင်။


အပြန်လမ်းတစ်လျှောက်လုံး ကားထဲ၌ တိတ်ဆိတ်မှုသာကြီးစိုးနေခဲ့သည်။


ထောင်ရှီးက အိမ်သို့ပြန်ရောက်သည့်အခါ ဧည့်ခန်းရှိဆိုဖာပေါ်တွင် ခဲပြာရောင်ဆွယ်တာကိုဝတ်ဆင်ထားသည့် လင်ချင်းဟယ်ကိုတွေ့လိုက်ရသည်။ လင်ချင်းဟယ်၏လက်ထဲတွင် စာအုပ်တစ်အုပ်ရှိနေကာ သူပြန်အလာကို စာဖတ်ရင်းစောင့်နေပုံရသည်။


ထောင်ရှီးက ဖိနပ်ကိုအမြန်လဲဝတ်လိုက်ကာ လင်ချင်းဟယ်ထံလျှောက်သွားလိုက်သည်။ သူက ဘာမှမပြောသလို လင်ချင်းဟယ်ကလည်း တစ်ခွန်းမှမမေးချေ။ အနားသို့ရောက်သည်နှင့် သူ့အားဆီးကြိုပွေ့ဖက်လိုက်လေသည်။


ထောင်ရှီးက နွေးထွေးပြီးနူးညံ့သည့်ဆွယ်တာထဲတွင် သူ၏မျက်နှာကိုနစ်မြှုပ်စေကာ လင်ချင်းဟယ်၏လက်မောင်းများအတွင်းသို့ သူ့တစ်ကိုယ်လုံးပစ်ဝင်လိုက်သည်။ သူက မိုးသက်လေပြင်းဒဏ်ခံလာရသည့် ငှက်ကလေးတစ်ကောင် အသိုက်ရှာတွေ့သွားသကဲ့သို့ အသက်ကိုတစ်ဝကြီးရှူရှိုက်လိုက်မိသည်။ သူ့နှလုံးသားအတွင်းရှိ တင်းကျပ်နေမှုများမှာလည်း အတန်ငယ်လျော့ပါးသွားလေသည်။


“နေ့လယ်ခင်းကျရင် စက်ဘီးလျှောက်စီးကြမလား...” လင်ချင်းဟယ်က မေးလိုက်သည်။


ထောင်ရှီးက ခေါင်းညိတ်လိုက်၏။ သူ အိမ်မှာမနေချင်ပေ။


ယနေ့မှာ ဆောင်းရာသီတွင် ရှားရှားပါးပါး နေသာနေသည့် လှပသောနေ့ရက်တစ်ရက်ဖြစ်လေသည်။ သူတို့က စက်ဘီးကိုယ်စီနှင့် ဝမ်းဟွာမြို့တစ်လျှောက် လှည့်ပတ်သွားခဲ့ကြသည်။ လင်ချင်းဟယ်က ထောင်ရှီးကို သူ၏မူလတန်းကျောင်း၊ အလယ်တန်းကျောင်းနှင့် မူကြိုကျောင်းအထိ လိုက်လံပြသပေးသည်။


သူတို့ မူကြိုသို့​ရောက်သည့်အခါ ကလေးများကျောင်းဆင်းချိန်နှင့်အချိန်တိုက်သွားသည်။ ထောင်ရှီးနှင့်လင်ချင်းဟယ်သည်လည်း မူကြိုဝင်ပေါက်နားတွင်ရပ်နေသည်ဖြစ်ရာ ကလေးလာကြိုသောမိဘများက သူတို့နှစ်ဦးကို ကွက်ကြည့်ကွက်ကြည့်လုပ်နေကြလေသည်။


ထောင်ရှီးနံဘေးတွင် ရပ်နေသောအဖွားအိုက မေးလာသည်။


“သားက ညီလေးကိုလာကြိုတာလား...ညီမလေးကိုလာကြိုတာလား...”


ထောင်ရှီးနှုတ်မှ လွှတ်ခနဲထွက်သွားသည်။


“ကျွန်တော်က အတန်း ၁မှာတက်နေတဲ့ ညီလေးကိုလာကြိုတာပါ...”


အဖွားက စိတ်လှုပ်ရှားသွားကာ သူမ၏မြေးမသည်လည်း အဆိုပါအတန်းတွင်ဖြစ်ကြောင်း ပြောလာသည်။ ထို့နောက် သူမ၏မြေးမလေးအမည်မှာ ယွင်ယွင်ဖြစ်ကြောင်းမိတ်ဆက်လာပြီး ထောင်ရှီး၏ညီလေးအမည်ကိုလည်း မေးမြန်းလေသည်။


ထောင်ရှီးက ခဏတွေးလိုက်ပြီးနောက် ပြုံးကာပြောသည်။


“ကျွန်တော့်ညီလေးနာမည်က လင်ချင်းဟယ်ပါ။ အဖွားရဲ့မြေးဆီက အဲ့ဒီလိုနာမည်မျိုးပြောတာ ကြားဖူးလားမသိဘူး...”


ဘေးနားတွင်ထိုင်နေသောလင်ချင်းဟယ်က ထောင်ရှီးကိုလှည့်ကြည့်လာသည်။


“အိုး...နာမည်ကောင်းလေးပဲ...အဖွားမြေးဆီကတော့ တစ်ခါမှပြောသံမကြားဖူးဘူးကွယ်...”


ထို့နောက် အဖွားက လင်ချင်းဟယ်ကိုဆက်မေးလေသည်။


“ဒီကလူချောလေးကရော ညီလေးကိုကျောင်းလာကြိုတာပဲလား...”


လင်ချင်းဟယ်က ခေါင်းညှိတ်လိုက်ကာ “ဟုတ်ကဲ့...” ဟု ပြောလိုက်၏။ ထို့နောက် သူက အဖွားထံမှမေးခွန်းကိုပင်မစောင့်တော့ပဲ အလေးအနက်ဆက်ပြောလိုက်သည်။


“ကျွန်တော့်ညီလေးနာမည်က ထောင်ရှီးပါ...”


ထောင်ရှီးက အလွန်ပျော်ရွှင်သွားကာ ပြုံးလိုက်ရင်း “ကျွန်တော်တို့ ညီလေးတွေက အတန်းတူတူပဲလေ...”


“ကောင်းတယ်...ကောင်းတယ်...အကိုကြီးတွေက ဒီလိုရင်းနှီးနေမှတော့ ညီလေးတွေကလည်း တစ်ယောက်နဲ့တစ်ယောက် သင့်သင့်မြတ်မြတ်ရှိနေမှာပဲ....”


အဖွားက အားကျစွာပြောသည်။ ထိုစဉ်သူမ၏မြေးမလေး၏အသံကို ကြားလိုက်ရသည့်အတွက် အလျင်အမြန်ရှာရင်း ပြေးကြိုလိုက်လေသည်။


လင်ချင်းဟယ်တို့နှစ်ဦးက စက်ဘီးပေါ်ကိုယ်စီတက်ကာ သုတ်ခြေတင်တော့သည်။ လမ်းတွင် ထောင်ရှီးက အားရပါးရရယ်မောနေလေရာ လင်ချင်းဟယ်က အကြိမ်ရေအနည်းငယ်ခန့် သူ့ကိုကြည့်လာသည်။ ထို့နောက် သူက လင်ချင်းဟယ်အား ရုတ်တရက်မေးလေသည်။


“ ဟေး...မင်းကဒီလောက်တော်တာ။ ဘာလို့အတန်းကျော်မတက်တာလဲ...”


လင်ချင်းဟယ်၏မှတ်ဉာဏ်မှာ သုံးလေးတန်းကျော်တက်ရန်အတွက် ပြသနာမရှိချေ။


လင်ချင်းဟယ်က ပြန်ဖြေသည်။ “ငါအလယ်တန်းရောက်တော့ ဆရာမက အတန်းကျော်တက်ဖို့ပြောတယ်။ ဒါပေမယ့် ငါ့အမေကလက်မခံခဲ့ဘူး...”


“ကံကောင်းလို့...မင်းအတန်းကျော်မတက်ခဲ့လို့သာပဲ...” ထောင်ရှီးက စုတ်သတ်လိုက်ကာ လင်ချင်းဟယ်အား တောက်ပစွာပြုံးပြလိုက်သည်။


“မဟုတ်ရင် ငါမင်းနဲ့တူတူ မူကြိုဘယ်တက်ရပါ့မလဲ...”


လင်ချင်းဟယ်က ထိုစကားကြောင့်ပြုံးလိုက်ရင်း လော်ကျန်းယင်း အဘယ့်​ကြောင့် အတန်းကျော်တက်ခွင့်မပြုခဲ့ရသည်ကို ထောင်ရှီးဆက်မမေးသည်မှာ ကံကောင်းသည်ဟုတွေးနေမိသည်။


နောက်တစ်စက္ကန့်တွင် ထောင်ရှီးက အလေးအနက်ပြောလာ၏။


“မင်းအမေနေပြန်ကောင်းရင် သူ့ဆီသွားလည်ရအောင်...”


သူ၏အဖြစ်မှန်ကိုသိသွားပြီးသည့်နောက်တွင် လော်ကျန်းယင်းက ဆေးရုံတက်ကာကုသမှုခံယူရသည်အထိ အကြီးအကျယ်ထိတ်လန့်သွားမှန်း ထောင်ရှီးသိထားလေသည်။.


စက်ဘီးလက်ကိုင်ပေါ်ရှိ လင်ချင်းဟယ်၏လက်ချောင်းများ တင်းကျပ်သွားလေသည်။ သူက ထောင်ရှီးဘက်မှစ၍ လော်ကျန်းယင်းထံသွားလည်ဖို့ပြောလာလိမ့်မည်ဟု မထင်ထားချေ။ ခဏအကြာတွင် ပြန်၍ပြောလိုက်သည်။


“ ကောင်းပြီ။ သူလည်း မင်းကိုတွေ့ချင်နေမယ်ထင်တယ်....”


​ဤသို့ဖြင့် သူတိုနှစ်ဦး မြစ်ကမ်းဘေးတစ်လျှောက် စက်ဘီးနင်းလာခဲ့သည်။ ညနေမှောင်ရီပျိုးချိန်မှ အိမ်ဘက်သို့ ပြန်ရောက်လာကြလေသည်။ ထောင်ရှီးက အတော်လေးညောင်းသွားပြီဖြစ်ကာ သူ့ခြေထောက်များက လေးလံနေသည်။ လင်ချင်းဟယ်၏အသက်ရှူနှုန်းမှာမူ ပုံမှန်သာဖြစ်နေလေသည်။


သူက မယုံနိုင်ဟန်ဖြင့် လင်ချင်းဟယ်အနားကပ်နင်းလိုက်ကာ “ငါမင်းကို နောက်ကျရင် မက်မွန်ပွင့်စမ်းချောင်းကိုခေါ်သွားမယ်...အဲ့မှာတောင်တက်တဲ့အခါကျရင် မင်းငါ့နောက်ကျန်ခဲ့မှာအသေအချာပဲ....”


လင်ချင်းဟယ်က ထောင်ရှီး၏ ပန်းရောင်သန်းနေသောမျက်နှာကို တစ်ချက်ကြည့်ရင်းပြုံးလိုက်သည်။


“ခွန်အားက နေရာပြောင်းရုံနဲ့ပြောင်းမသွားပါဘူး...”


ထောင်ရှီးက စက်ဘီးကိုရပ်ကာ လင်ချင်းဟယ်ကိုငေးကြည့်လိုက်သည်။ သူက လင်ချင်းဟယ် ထိုစကားကို ရည်ရွယ်ချက်ရှိရှိပြော​နေမှန်းသိသော်လည်း ဘာကိုဆိုလိုချင်မှန်းနားမလည်ချေ။


ထိုအချိန်တွင် ခပ်လှမ်းလှမ်းရောက်နေပြီဖြစ်သော လင်ချင်းဟယ်ကလည်း စက်ဘီးကိုရပ်လိုက်ကာ နေဝင်ချိန်ရှုခင်းကိုငေးရင်း သူ့ကိုရပ်စောင့်နေလေသည်။


ထောင်ရှီးက ထိုပုံရိပ်အား အတန်ကြာငေးကြည့်ကာ လင်ချင်းဟယ်ကိုအမီလိုက်ရန်အတွက် စက်ဘီးကိုအရှိန်တင်လိုက်တော့သည်။


နှစ်သစ်ကူးအားလပ်ရက်အဆုံးသည် အဆင့်အလိုက် အတန်းနေရာချထားမှုများကိုသတ်မှတ်ပေးမည့် နှစ်ဆုံးစာမေးပွဲမတိုင်မီ အခြားရက်ရှည်အားလပ်ရက်များ ရှိတော့မည်မဟုတ်ကြောင်း ဆိုလိုခြင်းဖြစ်လေသည်။


ဝမ်းဟွာ အ.ထ.က(၁)ကျောင်း၊ တန်းခွဲ(၁) ကျောင်းသားများသည် နှစ်ကုန်စာမေးပွဲတွင်ကောင်းကောင်းမဖြေနိုင်မည်ကို စိတ်ပူလျက်ရှိကြသည်။ ထောင်ရှီးသည်လည်း စာမေးပွဲအတွက် အာရုံစိုက်၍ ပြင်ဆင်နေလေသည်။


ပိချန်ဖေးက ထောင်ရှီးနားကပ်ကာ တန်းခွဲ(၂) ရှိ ရွှီကျီးချီနှင့်ယန်သောလဲ့တို့ ကျောင်းထုတ်ခံရကြောင်း အတင်းကပ်ပြောလာသည်။ သူ့အန်တီလေး ပိအောက်ရွှယ်ပြောသည့်စကားအရ CAC ပြိုင်ပွဲနှင့်ပတ်သတ်သောအကြောင်းအရာက သူတို့၏မှတ်တမ်းများ၌ မှတ်တမ်းတင်ခံခဲ့ရသည်ဟူ၍ပင် သိရှိရလေသည်။


ထောင်ရှီးက မည်သို့ပင်ငြင်းနေစေကာမူ ယန်သောလဲ့၏ဖခင်က ထောင်ရှီးထံမုန့်များပို့ပေးနေဆဲဖြစ်သည်ကို ပိချန်ဖေးကရှင်းရှင်းလင်းလင်းတွေ့နေရသည်။ သို့သော် သူတို့နှစ်ဦး၏ဆက်ဆံရေးက ပြေလည်ရန်လမ်းမရှိသလိုပင်။


မကြာခင်မှာပင် CAC ပြိုင်ပွဲ၏ နောက်ဆုံးရလဒ်များ ထွက်ပေါ်လာသည်။ မျှော်လင့်ထားခဲ့သည့်အတိုင်းပင် ထောင်ရှီးက နိုင်ငံအတွင်းပထမဆုရရှိခဲ့၏။ ၎င်းမှာ မုန်တိုင်းကိုဖြတ်ကျော်ပြီးမှရရှိခဲ့သော အကောင်းဆုံးရလဒ်ဖြစ်သည်။ သူက ဆုကြေးငွေကို အသုံးပြုကာ အတန်းဖော်များအား ပံ့ပိုးကူညီမှုအတွက်ကျေးဇူးတင်သည့်အနေဖြင့် ပိတ်ရက်၌ညစာလိုက်ကျွေးခဲ့သည်။


စာမေးပွဲအတွက်ပြင်ဆင်နေရသဖြင့် ရူးချင်နေခဲ့သည့် အထက်တန်းကျောင်းသားတစ်စုမှာ ညစာစားပြီးသည်နှင့် ကာရာအိုကေဘားတွင် တစ်ညတာ ကုန်ဆုံးခဲ့ကြသည်။ ယောက်ျားလေးများက သူတို့ကို ထိန်းချုပ်မည့်မိဘနှင့်ဆရာများမရှိသည်ကို အခွင့်ကောင်းယူရင်း ဘီယာပုလင်း ၃၀ ကျော်ကို မှာယူလိုက်သည်။ ထောင်ရှီးလည်း သူတို့နှင့်အတူသောက်ချင်သော်ငြား လင်ချင်းဟယ်က ခွင့်မပြုပေ။ သူက မက်မွန်ဆိုဒါပုလင်းကိုသာ ထောင်ရှီးလက်ထဲသို့ ထည့်ပေးလေသည်။


သီးသန့်ခန်းတွင် အပူပေးစက်ဖွင့်ထားကာ ရောင်စုံမီးများသည်လည်း ပြိုးပြိုးပြက်ပြက်လင်းလက်​နေသည်။ ဘီယာနှင့်ဖျော်ရည်နံ့တို့ ရောထွေးနေသော လေထုထဲတွင် ရယ်မောသံများကမကြာခဏထွက်ပေါ်လာလျက်ရှိနေ၏။


ထောင်ရှီးက ဆူညံသောမြင်ကွင်းကိုငေးကြည့်လိုက်သည်။ မနှစ်ကဤအချိန်တွင် ချည်သားအင်္ကျီဟောင်းကို ဝတ်ဆင်ထားသည့် လူတစ်ယောက်သည် အိပ်ဆောင်အပြင်ဘက်ရှိ ဝရန်တာတွင် ဓာတ်မီးတစ်လက်နှင့် ဝမ်းဟွာ တိုက်ရိုက်ထုတ်လွှင့်မှုအတန်းမှ အိမ်စာများကို အအေးဒဏ်ကြောင့် သွားချင်းရိုက်သည်အထိ လေ့လာနေခဲ့၏။ ထိုစဉ် ထောင်ရှီး၏အတွေးထဲတွင် သူ၏လမင်းထံသွားလိုသော ဆန္ဒတစ်ခုသာရှိခဲ့လေသည်။


ထို့နောက် သူ့မျက်စိရှေ့တွင်ကခုန်နေသော ဝမ်းဟွာ အမှတ် ၁ အထက်တန်းကျောင်း၏ အတန်းဖော်များနှင့် သူ့အနားရှိ ချောမောသောလူငယ်ကို ကြည့်လိုက်မိသည်။ လင်ချင်းဟယ်က ကြိုးမဲ့နားကြပ်တစ်စုံကို တပ်ဆင်ထားကာ ကာရာအိုကေဘားအစား စာကြည့်တိုက်တစ်ခု၌ရှိနေသကဲ့သို့ သူ၏လက်ချောင်းသွယ်သွယ်ကြားရှိ တက်ဘလက်ကို ငုံ့ကြည့်နေသည်။


ထောင်ရှီးက တက်ဘလက်ကိုလိုက်ကြည့်မိသည့်အခါ မနေ့ညက လင်ချင်းဟယ် သူ့ကိုရေးခိုင်းထားသည့် TOEFL စာမေးပွဲအတွက်စာစီစာကုံးကို အမှတ်ခြစ်နေခြင်းဖြစ်ကြောင်းတွေ့လိုက်ရသည်။ စာစစ်နေရင်း ဘေးနားတွင် မှတ်စုတိုများလည်းထုတ်ပေးထားကာ အဖြေလွှာတွင် မင်နီရာအများအပြားပါ ရှိနေ​လေသည်။


“…..လင်လောင်ရှီး၊ ငါအသစ်တစ်ပုဒ်ထပ်ရေးမယ်လေ..”


ထောင်ရှီးက အနေခက်ဟန်ဖြင့်ပြောသည်။


လင်ချင်းဟယ်က သူ့ကိုယ်သူ ထောင်ရှီးဦးခေါင်းနှင့်ကွယ်လိုက်သည်။ သူက လက်ကိုမြှောက်ကာ ထောင်ရှီး၏မေးဖျားကိုဆုပ်ကိုင်လိုက်ပြီး အလေးအနက်ပြောလာ၏။


"ငါစာစီစာကုံးတစ်ပုဒ်ရေးထားတယ်....မင်း အဲ့ဒီကနေကိုးကားလို့ရတယ်...”


“…….”


ထောင်ရှီးက တစ်ခုခုပြန်ပြောခါနီးတွင် ပိချန်ဖေးနှင့်အတန်းခေါင်းဆောင်တို့က သူ့ကို ဆိုဖာပေါ်မှ သီချင်းဆိုသည့်စင်​မြင့်ဆီသို့ ဆွဲခေါ်သွားသည်။ ပိချန်ဖေးက မိုက်ခရိုဖုန်းတစ်ခုကို ထောင်ရှီးလက်ထဲထည့်ပေးသည့်အခါ အတန်းဖော်များက စတင်အော်ကြတော့သည်။


"တစ်ပုဒ်လောက်ဆိုပါ..တစ်ပုဒ်လောက်...”


ထောင်ရှီးက စိတ်ကောင်းဝင်နေသည်။ ထို့ကြောင့် အရင်ကကြားဖူးခဲ့သော သူအရမ်းကြိုက်သည့် အင်္ဂလိပ်သီချင်းဟောင်းတစ်ပုဒ်ကိုဖွင့်လိုက်၏။ ထိုသီချင်းမှာ  "Fly Me to the Moon" ဖြစ်လေသည်။


ထောင်ရှီးက သာယာသောတီးလုံးသံကိုအမှီပြုကာ အသံဖော့၍ဆိုလိုက်သည်။ မည်သူကမှ ရယ်မောခြင်းမပြုလေရာ ထောင်ရှီးပို၍ အားတက်သွားခဲ့သည်။


လင်ချင်းဟယ်က အင်္ဂလိပ်စာစီစာကုံးကို စစ်နေရာမှရပ်တန့်လိုက်သည်။ အလင်းရောင်ခပ်မှိန်မှိန်ဖြာကျနေသည့် မီးရောင်စုံကြားရှိလူငယ်လေးကိုငေးကြည့်ရင်း သူ၏ပုံမှန်အေးစက်သောမျက်နှာက အာရုံစူးစိုက်မှုနှင့်အတူ နူးညံ့လာလေသည်။


သီချင်းဆိုပြီးနောက် ထောင်ရှီးကလင်ချင်းဟယ်နား ပြန်ထိုင်လိုက်သည်။ လင်ချင်းဟယ်မှာ တက်ဘလက်ပေါ်တွင် ရေးနေဆဲပင်ဖြစ်လေသည်။


“လင်လောင်ရှီး..ပါတီပွဲမှာ အိမ်စာဆက်စစ်နေဦးမယ်ဆိုရင် ငါမင်းရဲ့ဖုန်းစခရင်ကို သိမ်းလိုက်မှာနော်...”


ထောင်ရှီးက စိတ်ဆိုးဟန်ဆောင်လျက် တက်ဘလက်ကိုကြည့်လိုက်သည်။ ၎င်းတွင်ပေါ်နေသည်မှာ သူ၏အမှားများပြည့်နေသော စာစီစာကုံးမဟုတ်ပဲ လှပသပ်ရပ်သောလက်ရေးများနှင့် အင်္ဂလိပ်စာပိုဒ်တစ်ခုသာဖြစ်သည်ကို တွေ့လိုက်ရလေသည်။


“You are all I long for. All I worship and adore...”


အဲ့ဒါ သူခုနကဆိုသွားခဲ့တဲ့သီချင်းရဲ့ စာသားမဟုတ်လား...နောက်တစ်ကြောင်းက……


လင်ချင်းဟယ်က သူ့ထံကမ်းပေးလိုက်သည်။ “မင်းကို ဒါပေးချင်လို့...”


တက်ဘလက်ထက်ရှိစာသားများကိုကြည့်ရင်း ထောင်ရှီး၏ပါးပြင်က ပူနွေးသွားလေသည်။


အရက်မူး​နေသည့်အုပ်စုကို သူတို့၏ကားများအတွင်း လိုက်ပို့ပေးပြီးသကာလ ထောင်ရှီးနှင့်လင်ချင်းဟယ်က အတူတူအိမ်ပြန်ခဲ့ကြသည်။ ထောင်ရှီးက လမ်းတစ်လျှောက်လုံး ပျော်ရွှင်စွာသီချင်းညည်းလာခဲ့ကာ ရေချိူးပြီးအိပ်ရာဝင်သည်အထိ တီးတိုးဆိုညည်းနေဆဲဖြစ်သည်။ ထို့နောက် လင်ချင်းဟယ်၏လက်မောင်းများကြားခိုဝင်ရင်း ကျန်ရှိသောဆုကြေးငွေကိုစစ်ဆေးကြည့်လိုက်သည်။


ပထမဆု၏ဆုကြေးငွေက အလွန်ပင်များပြားလေရာ အခုထိတော်တော်များများကျန်ရှိသေးသည်။ ထောင်ရှီးက ကျန်ရှိသောဆုငွေဖြင့် လင်ချင်းဟယ်နှင့် သူ၏မိသားစုအားလက်ဆောင်ပေးရန် အသေးစိတ်တွက်ချက်နေသည်။ ထိုစာရင်းထဲတွင် သူ့ဆရာဖြစ်သူ ချောင်ဟယ့်နျန်လည်း ပါဝင်လေသည်။


လင်ချင်းဟယ်က ထောင်ရှီးကိုလက်တစ်ဖက်ဖြင့်ဖက်ထားရင်း အခြားတစ်ဖက်က စာအုပ်တစ်အုပ်ကိုလှန်လှောဖတ်ရှုနေသည်။ ရံဖန်ရံခါ ထောင်ရှီး၏စကားကို ဝင်ထောက်ပေးလေသည်။


ရုတ်တရက် ထောင်ရှီးက တစ်စုံတစ်ခုအားတွေးနေသကဲ့သို့ တိတ်ဆိတ်သွားလေသည်။


လင်ချင်းဟယ်က ထိုအရာကိုသတိပြုမိသည့်အတွက် ထောင်ရှီး၏ဖုန်းကိုလှမ်းကြည်လိုက်ရာ ဝမ်ဟွားမြို့၏ ရာသီဥတုခန့်မှန်းချက်ကို ကြည့်နေခြင်းဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။ ရက်အနည်းငယ်တွင် အအေးလှိုင်းထပ်မံဖြတ်သန်းမှာဖြစ်ပြီး နှင်းများထူထပ်စွာ ကျဆင်းလာပေလိမ့်မည်။


သူက လက်ကိုမြှောက်၍ ထောင်ရှီး၏နားသံသီးလေးကို ထိလိုက်ကာ


“ဘာတွေတွေးနေတာလဲ...”


ထောင်ရှီးက အတွေးနစ်နေရာမှသတိပြန်ဝင်လာကာ လင်ချင်းဟယ်၏ လက်မောင်းများကြား ခိုဝင်လိုက်သည်။ “ငါ့ ညီမလေးအကြောင်းတွေးနေတာ...အရင်တခါ ငါပို့ပေးလိုက်တဲ့ပစ္စည်းတွေ ရရဲ့လားလို့လေ....”


အရင်တစ်ခါအအေးလှိုင်းဖြတ်စဉ်က အနွေးထည်များနှင့်စောင်များကို ကောဖျင်ထံပို့ပေးခဲ့သည်။ ထောင်လဲ့အတွက်လည်းပါလေသည်။.


ထိုစဉ်က ကောဖျင်နေမကောင်းဖြစ်နေမှန်း သူ မသိခဲ့ချေ။


လင်ချင်းဟယ်က ထောင်ရှီးစိတ်ပူနေသူမှာ ထောင်လဲ့တစ်ဦးတည်းမဟုတ်ကြောင်း ရိပ်မိလေသည်။ သူက ထောင်ရှီး၏ခါးကိုတင်းတင်းပွေ့ဖက်လိုက်ကာ ပို၍နီးကပ်စေလိုက်သည်။


“ဟာ့နန်ဆေးရုံကို သွားချင်လား...”


အရင်တစ်ခါ ထောင်ကျန်းနှင့်ဆေးရုံမှာတွေ့စဉ်က ထောင်ရှီးကို ကောဖျင်ထံလာတွေ့ရန် ပြောခဲ့သည်။ ထောင်ရှီးက အပြင်ဘက်တွင်ဂရုမစိုက်ဟန်ပြစေကာမူ တကယ်တမ်းတွင် ကောဖျင်ကိုစိုးရိမ်နေမှန်း လင်ချင်းဟယ်သိလေသည်။


ထောင်ရှီးက လင်ချင်းဟယ်ဘက်သို့ ကိုယ်ကိုလှည့်လိုက်ကာ သူ့နဖူးကို တစ်ဖက်လူ၏ရင်ခွင်တွင် မှီလိုက်သည်။ ထို့နောက် သူ့လက်ချောင်းကလေးများဖြင့် လင်ချင်းဟယ်၏ ညဝတ်အင်္ကျီစကို ခပ်ဖွဖွဆုပ်ကိုင်လာသည်။


“ငါ သူ့ကိုသွားတွေ့ချင်တာမဟုတ်ပါဘူး။ တစ်ချို့အရာတွေကို အဆုံးသတ်ဖို့လိုအပ်တယ်ထင်ရုံပါပဲ...”


လင်ချင်းဟယ်က ညဝတ်အင်္ကျီပေါ်ရှိ ထောင်ရှီး၏လက်ချောင်းများကို အုပ်ကိုင်လိုက်ကာ ပြောလိုက်၏။


“သွားတွေ့လိုက်ပါ....”


သူတို့တွင် ရှေ့ဆက်ရမည့်အနာဂတ် များစွာကျန်ရှိသေးသည်။ အတိတ်ကို ဖက်တွယ်ထားဖို့မလိုအပ်ချေ။


______________________