Ch 2
Viewers 930

🍉 Chapter 2



ရှန်လဲ့ယန်မှ သူ့စီနီယာအစ်ကိုအား ခြံဝင်းအတွင်းသို့ ဆွဲခေါ်သွားလိုက်သည်။



ပတ်ဝန်းကျင်၌ မည်သူမျှ မရှိသည်ကို အခွင့်ကောင်းယူ၍ သူ နတ်ဆိုးများထံမှ နှောင့်ယှက်ခြင်းကိုခံခဲ့ရပြီး လည်ပင်း အေးစက်နေခဲ့သည့် အကြောင်းအားပြောပြလေသည်။



ထို့နောက် သူ ဂိုဏ်းသို့အမြန်ဆက်သွယ်ရန်နှင့် ရွာအတွင်း စုံစမ်းစစ်ဆေးဖို့ ကျင့်ကြံသူတစ်ဦးကို စေလွှတ်ရန် စီနီယာအစ်ကိုအား အလေးအနက်အကြံပြုတိုက်တွန်းလိုက်သည်။



သူတို့အတွက်မူ နတ်ဆိုးများနှင့် ပတ်သက်သော ကိစ္စရပ်များကိုဝင်မပါဘဲ ရှောင်ရှားသည်ကပိုကောင်းပေမည်။ မည်သို့ပင်ဖြစ်‌စေ ရိက္ခာများနှင့် ဆေးဖက်ဝင်အပင်များကို ယူဆောင်လာပြီး ဖြစ်သောကြောင့် သူတို့ ရောက်လာခဲ့သည့်အတိုင်းပြန်လည် ထွက်ခွာနိုင်သည်။



ရှန်လဲ့ယန်မှ အာပေါက်မတတ်ပြောဆိုပြီးနောက် နှုတ်ဆိတ်၍ စီနီယာအစ်ကို၏အဖြေကို စောင့်ဆိုင်းနေစဉ် သူ့မျက်ဝန်းများမှာ တောက်ပနေသည်။



၎င်းထံမှ "ဒါဆို အခုပဲ ပြန်ထွက်သွားကြရအောင်" ဟူသော စကားအားမကြားရဘဲ ခေါင်းကို ခပ်ပြင်းပြင်း အခေါက်ခံလိုက်ရ သည်။



စီနီယာအစ်ကိုသည် သံမဏိဖြစ်မလာသော သံတုံးကို မုန်းတီးသကဲ့သို့ စိတ်ပျက်စွာဖြင့် ဆိုလေသည်။



"ရှန်လဲ့ယန်၊ မင်း ကျန်းမာရေး သိပ်မကောင်းဘူးဆိုတာရယ်၊ ဂိုဏ်းကိုကူညီဖို့ တောင်အောက်ဆင်းလာတာ ပထမဆုံးအကြိမ်မို့ လို့ အသားမကျသေးဘူးဆိုတာကို ငါ သိပါတယ်"



သို့သော် သူ နားချင်သည်ဆိုပါက ဤကဲ့သို့ လိမ်လည်ကာ ဆင်ခြေပေး၍ မရပေ။


"မဟုတ်ဘူး၊ ကျွန်တော်"



"နတ်ဆိုးတွေအကြောင်းကို နောက်စရာလို့ ထင်နေတာလား"



"မဟုတ်ပါဘူး"



"ခုနက အိမ်ထဲမှာ မင်း လည်ပင်းကို မျောက်တစ်ကောင်လိုကုတ်နေတာက တောင်အောက်ဆင်းလာတုန်း ကျိုင်းကောင်တွေ ကိုက်သွားတာ ဖြစ်ဖို့များတယ်"



"မဟုတ်ရပါဘူးဆို"



"မင်းပြောသလို ရွာထဲမှာ တကယ်ပဲ နတ်ဆိုးတွေ ရှိနေတယ်ဆိုရင်၊ အဲ့ဒီနတ်ဆိုးတွေက မင်းကို လာစမလား"



စီနီယာအစ်ကိုမှာ လူငယ်လေး၏ဖြူဖွေးကြည်လင်နေသော မျက်နှာကို တစ်ချက်ကြည့်လိုက်ပြီး ချောင်းဟန့်လိုက်သည်။



"အခြေအနေတွေကို နောက်ပြန်ဆုတ်ပြီး တွေးကြည့်မယ်ဆိုရင်တောင်၊ တစ်ခါတလေ နတ်ဆိုးတွေက ရုပ်ရည်ချောမောတဲ့ သခင်လေးတွေကို စနောက်တတ်ကြပေမယ့် မင်းတစ်ယောက်တည်း သတိထားမိတာမျိုးတော့ ဖြစ်မှာမဟုတ်ဘူး"



ရှန်လဲ့ယန်: "......"



"မင်းက ဂိုဏ်းရဲ့ အတန်းချိန်တွေမှာ အမြဲတမ်း အိပ်နေတော့၊ နတ်ဆိုးတွေက သူတို့ရဲ့ ကိုယ်ခန္ဓာကို ဖုံးကွယ်တာနဲ့ ရုပ်သွင်ပြောင်းလဲတာကို အကျွမ်းကျင်ဆုံးဆိုတဲ့ သင်ခန်းစာတွေကို မကြားခဲ့ရလို့ ဖြစ်မှာပါ၊ သူတို့က နတ်ဆိုးစွမ်းအင်ကို အသုံးမပြုဘူးဆိုရင် ကျင့်ကြံသူတွေတောင် လှည့်စားခံရဖို့ လွယ်ကူပြီး၊ ဝိညာဉ်အမြစ်မရှိတဲ့ သာမန်လူတွေအနေနဲ့ သိရှိဖို့ဆိုတာ ပိုပြီးတောင်ခက်သေးတယ်”



“ဒါပေမယ့် နတ်ဆိုးတစ်ကောင်က နတ်ဆိုးစွမ်းအင်ကို သုံးလိုက်ပြီဆိုတာနဲ့ ပတ်ဝန်းကျင်ရဲ့ အပူချိန်က ချက်ချင်း ကျဆင်းသွားပြီး ပေအနည်းငယ်အတွင်းမှာရှိတဲ့ သာမန်လူတွေက ဝိညာဉ် ထိခိုက်ပျက်စီးတာ၊ ဒါမှမဟုတ် စွမ်းအင်တွေ အရမ်းကုန်ခမ်းသွားတာမျိုး ဖြစ်တတ်တယ်”



“မင်း ခုနက ပြောတာက မင်းရဲ့ လည်ပင်းဘေးကို နတ်ဆိုးတစ်ကောင်က လေမှုတ်နေသလို ခံစားရပြီး လည်ပင်းနောက် ကျောက အေးစက်နေတယ်ဆိုတော့၊ နတ်ဆိုးက နတ်ဆိုးစွမ်းအင်ကို သုံးခဲ့လို့ပဲ ဖြစ်ရမယ်၊ ဒါပေမယ့် ငါက မင်းနဲ့ဒီလောက် နီးကပ်နေတာ၊ ပြီးတော့ အိမ်ထဲမှာလည်း ဒဏ်ရာရတဲ့သူတွေ အများကြီးရှိနေတာတောင် ဘယ်သူမှ လုံးဝမခံစားမိကြဘူးလေ"



ဤသို့ဆိုလျှင် သူပြောသည်ကို မည်သို့ယုံကြည်နိုင်မည်နည်းဟု ဆိုသည်။



ယွင်ရှီးဂိုဏ်းမှအပြင်ဘက်တပည့် နှစ်ဆယ်ကျော်တို့မှာ မီးလောင်ထားသော မြက်မိုးအိမ်၏အပျက်အစီးများကို ရှင်းလင်းရန် ရွာသားများအား ကူညီပေးခဲ့ကြသည်။ အဖွဲ့တစ်ဖွဲ့မှာ အိမ်သစ်များ တည်ဆောက်ရန်အတွက် သစ်ခုတ်ရန် တောင်များနှင့် တောအုပ်များထံသို့ သွားရောက်ခဲ့ကြပြီး၊ အခြားအဖွဲ့တစ်ဖွဲ့မှာမူ ဒဏ်ရာရသူများကို ပြုစုစောင့်ရှောက်ရန်၊ ရွာသားများအား အဝတ်လျှော်ရန်နှင့် ချက်ပြုတ်ရန် ကူညီပေးရန်ကျန်ရစ်ခဲ့ကြသည်။



ရှန်လဲ့ယန်သည် အငယ်ဆုံးဖြစ်ပြီး စီနီယာအစ်ကိုများနှင့် အစ်မများ၏အထူးဂရုစိုက်မှုအား ရရှိထားသူ ဖြစ်သည်။ ထို့ကြောင့် သူတာဝန်ကျသော အလုပ်မှာ မီးဖိုချောင်တွင် ရေနွေးတည်ခြင်းနှင့် စွပ်ပြုတ်လုပ်ခြင်းဟူသော အလွယ်ကူဆုံး အလုပ်ပင် ဖြစ်သည်။



ထင်းအနည်းငယ်ကို ပုံမှန်ထည့်ပေးရန်၊ ဆေးကျိုမည့် အချိန်ကို တွက်ချက်ရန်နှင့် ထို့နောက် ဆေးရည်ကိုငှဲ့ကာ ဒဏ်ရာရ သူထံသို့ ယူဆောင်သွားရန်သာ လိုအပ်သည်။



လူငယ်လေးမှ ခုံငယ်လေးတစ်ခုပေါ်တွင် ထိုင်လျက် ကွမ်းသီးဖက်ယပ်တောင်ကို ယူကာ ယပ်ခတ်နေခဲ့ပြီး နာရီဝက်ခန့် ကြာပြီးနောက် ဆေးရည်ကျိုချက်ခြင်း ပြီးစီးသွားသည်။



သူ အာရုံလွင့်ပါးနေပြီး မူရင်းစာအုပ်ထဲမှ ဇာတ်ကွက်များကို သူ့စိတ်ထဲတွင် ရှာဖွေနေခဲ့သည်။



ယွင်ရှီးဂိုဏ်းတောင်အောက်ရှိ ရွာငယ်လေးတစ်ရွာ…



ညဘက်တွင် စတင်လောင်ကျွမ်းခဲ့သော မီး



သခင်လေးကို စနောက်ရသည်အား သဘောကျသော နတ်ဆိုး။



ရှန်လဲ့ယန် သူ့ ခေါက်ယပ်တောင်ကို ညင်သာစွာယပ်ခတ်ရင်း သူ့နဖူးကို ရိုက်လိုက်မိသည်။ မူရင်းစာအုပ်ထဲတွင် ဤကဲ့သို့ ဆင်တူသောအကြောင်းအရာများ ပါဝင်ခဲ့သည်ကို သူ မှတ်မိခြင်းမရှိပေ။



ဝတ္ထုထဲတွင် ဤအပြင်ဘက်တပည့်များမှာ လမ်းသွားလမ်းလာ ဇာတ်ပို့များသာဖြစ်ပြီး စာရေးဆရာမှ ထိုသူတို့အကြောင်းကို ရေးသားရန် အပင်ပန်းခံခဲ့ခြင်းမရှိသည်လည်း ဖြစ်နိုင်သည်။



သို့သော် သူ့ခံစားချက်များ မှားယွင်းနေမည် မဟုတ်ကြောင်းကိုမူ သူ သေချာပေါက်သိနေသည်။ ရွာထဲတွင် ထူးခြားမှု တစ်စုံတစ်ရာ ရှိနေရမည်မှာ အသေအချာပင်။ သို့မဟုတ်ပါက ယနေ့ သူ့အလုပ်များ ပြီးဆုံးပြီး ရွာမှထွက်ခွာ၍ ဂိုဏ်းသို့ ပြန်ရန် ဆင်ခြေတစ်ခုခုကို ရှာဖွေရမည် ဖြစ်သည်။



ယနေ့ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို ဂိုဏ်းရှိဆရာများထံသို့ ပြောပြပြီး ကျင့်ကြံသူတစ်ဦးအား ဖိတ်ခေါ်နိုင်ခြင်း ရှိ၊ မရှိ ကြည့်ရမည်လော။



"ချစ်လှစွာသော Host"



ရှန်လဲ့ယန် သတိပြန်ဝင်လာပြီး စနစ်၏အခြေအနေကို စစ်ဆေးကြည့်လိုက်သည်။



"ချစ်လှစွာသော Host ရှောင်တုက အခုထိ ပြုပြင်ဖို့ ကြိုးစားနေတုန်းပါပဲ”



“သုံးနာရီအတွင်း ပြုပြင်မှု ပြီးစီးမယ်လို့ ခန့်မှန်းရပါတယ်”



“ပြင်ဆင်နိုင်ခြေက သုည ဒသမ ငါး ရာခိုင်နှုန်းပဲ ရှိပါတော့တယ်"



"မင်း ပြုပြင်လို့မပြီးသေးဘဲနဲ့ ရုတ်တရက်ကြီး အသံထွက်လာတယ်ပေါ့လေ၊ ပြီးတော့ ဘာလို့ ပြုပြင်နိုင်ခြေက တဖြည်းဖြည်း နည်းသွားရတာလဲ၊ မနက်တုန်းက ၁ ရာခိုင်နှုန်း ရှိသေးတယ် မဟုတ်ဘူးလား"



ရှောင်တုမှ နာကြည်းစွာဖြင့် ဆိုသည်။




 "စနစ်ရဲ့ စွမ်းရည်က ပိုမိုအားကောင်းလေလေ၊ ပြုပြင်ဖို့ ပိုခက်ခဲလေလေပါပဲ၊ Hostကို ဒီငရဲလို နေရာမျိုးဆီ ဘယ်သူက လာခိုင်းလို့လဲ၊ Hostရဲ့ အသက်ကို ကာကွယ်ဖို့ဆိုတာ တကယ်ကို ခက်ခဲလွန်းလှပါတယ်"



ရှန်လဲ့ယန်သည် ရင်ထဲတွင် တုန်လှုပ်သွားပြီး သူ့လေသံမှာ နွေးထွေးလာကာ မေးလိုက်သည်။ 



"အကျယ်တဝင့် ရှင်းပြပါဦးလား"




"ပြုပြင်လို့ မပြီးသေးရင် ကျွန်တော် ပြောပြလို့မရသေးပါဘူး"



"ဒါဆို မင်း အခုရော"



"အခုကတော့ ကျွန်တော် Host နဲ့ စကားပဲပြောပေးနိုင်ပါတယ်၊ ချစ်လှစွာသော Host"



ရှန်လဲ့ယန် မည်သည့် မျက်နှာအမူအရာမျှမပြဘဲ စနစ်နှင့် ဆက်သွယ်မှုကို ဖြတ်တောက်လိုက်လေသည်။



စနစ်သည် မည်သည့် ခိုင်လုံသော အကူအညီကိုမျှမပေးနိုင်ခဲ့သော်လည်း၊ ရွာလေးမှာ မြင်ရသကဲ့သို့ ငြိမ်းချမ်းနေခြင်း မရှိကြောင်းကိုမူ အတည်ပြုပေးနိုင်ခဲ့သည်။ မနေ့က မီးလောင်မှုသည် ရိုးရှင်းသော မတော်တဆမှုတစ်ခု မဟုတ်သည်မှာ သေချာသလောက်ဖြစ်နေသည်။



သူ ရွာထဲတွင် ဆက်လက်မနေနိုင်တော့ပေ။



ယနေ့နံနက်တွင် မသိရသော အရာတစ်ခု၏နှောင့်ယှက်ခြင်းကို ခံခဲ့ရသူမှာ သူတစ်ဦးတည်းသာ။



ထိုအရာမှ သူ့ကို အလွန်သဘောကျနေသည်လည်းဖြစ်နိုင်သည်။ ထိုသို့ဆိုလျှင် တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက သူ့ထံသို့ ပထမဆုံး လာရောက်ခဲ့လျှင် မည်သို့ ပြုလုပ်ရမည်နည်း။



ယခုအချိန်တွင် အလင်းရောင် ရှိနေဆဲဖြစ်ပြီး၊ ဆေးကျိုပြီးနောက် ဂိုဏ်းသို့ ပြန်တော့မည်ဖြစ်ကြောင်း သူ့စီနီယာအစ်ကိုအား ပြောပြရန် အချိန်နှောင်းသွားခဲ့ပြီ ဖြစ်သည်။



နာရီဝက် ကြာပြီးနောက်…



"ဝုန်း"



မင်ရည်များကဲ့သို့ မည်းမှောင်နေသော တိမ်တိုက်များလှည့်ပတ်လာပြီး ပူပြင်းနေသည့် နေမင်းကြီးကို ဝါးမြိုသွားလေသည်။



ပြင်းထန်သော လေဆင်နှာမောင်း၏ အလယ်တွင်၊ မြက်မိုးအိမ်အပြင်ဘက်ရှိ စပါးခင်းများမှာ တရှဲရှဲ အသံများ ထွက်ပေါ်လာပြီး မြေပြင်ပေါ်ရှိ စပါးပင်ပေါက်လေးများသည် အထက်သို့ လွင့်စင်သွားမတတ် ဖြစ်နေသည်။



နှင်းကဲ့သို့ ဖြူဖွေးသော လျှပ်စီးကြောင်းတစ်ခုမှ ကောင်းကင်ယံကို ထိုးဖောက်သွားပြီး တဝုန်းဝုန်း မြည်ဟည်းနေသော မိုးကြိုးသံများနှင့်အတူ မိုးသည်းထန်စွာ ရွာသွန်းလာသည်။



ရှန်လဲ့ယန် သူ့လက်ထဲရှိ ဆေးပန်းကန်လုံးကို ကြည့်လိုက်ပြီးနောက် အပြင်ဘက်ရှိ မှောင်မည်းနေသော မိုးရေစက်များကို ပြန်ကြည့်လိုက်ကာ၊ စီနီယာအစ်ကိုထံမှ ခွင့်တောင်းရန် သူ စဉ်းစားပြင်ဆင်ထားခဲ့သော စကားလုံးများကို ပြန်လည် မြိုချလိုက်ရသည်။



သူ၌ ကျင့်ကြံခြင်းအဆင့် မရှိသကဲ့သို့ ဓားပျံဖြင့်လည်း မပျံသန်းနိုင်ပေ။ မိုးရွာသောနေ့တွင် တောင်ပေါ်သို့ တက်ရမည့်လမ်းမှာ ရွှံ့ဗွက်များနှင့် ချော်နေပြီး တောရိုင်းတိရစ္ဆာန်များလည်း ပေါများလှသောကြောင့် သူတစ်ဦးတည်း ဂိုဏ်းသို့ ပြန်ရန်မှာ အလွန် အန္တရာယ်များလှသည်။



နွေရာသီ၏ရာသီဥတုမှာ ဖောက်ပြန်ပြောင်းလဲလွယ်သောကြောင့် မိုးကြိုးမုန်တိုင်းတစ်ခု ရုတ်တရက် ကျရောက်လာခြင်းသည် အံ့သြဖွယ်ရာမဟုတ်ပေ။



ဤမိုးသက်မုန်တိုင်းမှာ ရွာထဲရှိ နတ်ဆိုးများကြောင့် ဖြစ်ပေါ်လာခြင်းမဟုတ်ပါက ပိုကောင်းလိမ့်မည်ပင်။