Ch 3
Viewers 932

🍉 Chapter 3



သူ ကျိုချက်ထားသော ဆေးရည်ကို ဒဏ်ရာရသူများ နားနေသည့် မြက်မိုးအိမ်ဆီသို့ ပို့ပေးလိုက်သည်။



စီနီယာအစ်ကိုမှ ဒဏ်ရာရသူများအား တာဝန်ကျေပွန်စွာဆေးထည့်ပေးနေစဉ် သူ ဆေးရည်ယူလာသည်ကို မြင်၍ မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာသည်။



"ဒီမိုးသက်မုန်တိုင်းက ရုတ်တရက်ကြီး ဝင်လာတာ၊ မင်း ဆေးရည်ယူလာတုန်းက မိုးရေတွေ ရွှဲမသွားဘူးမလား"



ရှန်လဲ့ယန်သည် သူ့ဦးထုပ်ကို ချွတ်လိုက်ရာ သူ့အဝတ်အစားများပေါ်တွင် ရေခိုးရေငွေ့များ စွန်းထင်းနေသော်လည်း အတွင်းခံအထိ စိုစွတ်သွားခြင်း မရှိသောကြောင့် ကြီးကြီးမားမား ပြဿနာမဟုတ်ပေ။



သူ ပြုံးပြပြီး ဆေးရည်ကို ကမ်းပေးလိုက်သည်။



ဒဏ်ရာရသူအများစုမှာ လူငယ်များနှင့် လူလတ်ပိုင်းများဖြစ်ကြပြီး ကလေးငယ် တစ်ဦးတည်းသာ ပါဝင်သည်။ အချို့မှာ ခြေလက်များတွင် မီးလောင်ဒဏ်ရာများ ရရှိထားသဖြင့် မလှုပ်ရှားနိုင်ကြဘဲ၊ အချို့မှာမူ မျက်နှာပြင် တစ်ခုလုံးနီးပါး ပျက်စီးနေသောကြောင့် အလွန်တရာကြောက်မက်ဖွယ်ကောင်းလှသည်။



သို့သော်လည်း စီနီယာအစ်ကိုမှ သူတို့အား ဆေးရည်တိုက်သောအခါ အခန်းထဲရှိ မည်သူမျှ နာကျင်စွာ အော်ဟစ်ခြင်းမရှိကြပေ။ အသက်ငါးနှစ်၊ ခြောက်နှစ်ခန့်သာ ရှိသေးပုံရသော ကလေးငယ်ပင်လျှင် မျက်ရည်ဝဲနေသော မျက်လုံးများဖြင့် သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ဆေးရည်ကို တိတ်တဆိတ် စတင်သောက်သုံးလေသည်။



"သူတို့က ......"



စီနီယာအစ်ကိုမှ ပြောလိုက်သည်။



"သူတို့လည်ချောင်းတွေက မီးလောင်တုန်းက အဆိပ်ငွေ့တွေကြောင့် ထိခိုက်သွားလို့ လောလောဆယ် အသံမထွက်နိုင်ကြသေး ဘူး၊ အစကတော့ မနေ့က မီးလောင်တဲ့ အခြေအနေ အတိအကျကို သူတို့ကိုမေးချင်ခဲ့တာ၊ ဒါပေမယ့် အခု သူတို့ကစကားလည်း မပြောနိုင်ဘူး၊ စာလည်းမရေးနိုင်ကြဘူးဆိုတော့ လက်လျှော့လိုက်ရတာပဲ”



“အဲဒီကလေးလေးအတွက်တော့ တကယ် နှမြောစရာကောင်းပါတယ်၊ အသက်က ငါးနှစ်ပဲ ရှိသေးတာကို ခြေထောက်တစ် ဖက်က အဲဒီလောက်အထိ မီးလောင်ခံထားရတာဆိုတော့ ပျောက်နိုင်ပါ့မလားတောင် မသိဘူး"



ရှန်လဲ့ယန် တခဏမျှ စဉ်းစားလိုက်ပြီး သူ၏အိတ်ကပ်ကို စမ်းကြည့်ရာ သစ်သီးယိုထုပ်ငယ် တစ်ထုပ်ကို တွေ့ရှိသွားသည်။



ထို့နောက် သူ ကုတင်ရှေ့တွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး သစ်သီးယိုကို ကလေးငယ်ထံသို့ ကမ်းပေးလိုက်သည်။



ထို့ကြောင့် စီနီယာအစ်ကိုမှ ချီးကျူးလိုက်သည်။



"ဆေးသောက်ဖို့အတွက် ကလေးကို သစ်သီးယိုလေးနဲ့ ချော့ရမယ်ဆိုတာကို သိနေပြီဆိုတော့၊ ငါတို့ရဲ့ ဂျူနီယာညီလေးက လူကြီးဖြစ်နေပြီပဲ"



ရှန်လဲ့ယန်မှာ သူ၏ စွဲမက်ဖွယ် မျက်ဝန်းများကို ကွေးညွတ်လိုက်သည်။ သူသည် ချောမောသူဖြစ်သဖြင့် လူများအား ရင်းနှီးမှု ခံစားရစေရန် လွယ်ကူလှသည်။



"ကုံးတန်၊ မင်း သစ်သီးယို စားချင်လား"



ရွာသည် ဆင်းရဲနွမ်းပါးလှပြီး ပုံမှန်နေ့ရက်များတွင် စားစရာ သရေစာဟူ၍မရှိပေ။



ကလေးငယ်၏ မျက်လုံးများမှာ ရုတ်တရက် ပြူးကျယ်သွားပြီး ခေါင်းကို ဆက်တိုက် ညိတ်ပြလေသည်။



"ဒါဆို အစ်ကိုက မင်းကို မေးခွန်းတစ်ခုမေးမယ်၊ မင်း ဖြေပေးရမယ်နော်၊ အဲဒါဆိုရင် ဒီသစ်သီးယိုထုပ်ကို မင်းကိုပေးမယ်၊ မင်း လည်ချောင်းနာနေလို့ စကားမပြောနိုင်လည်း ကိစ္စမရှိဘူး၊ ခေါင်းညိတ်တာ ဒါမှမဟုတ် ခေါင်းခါတာပဲ လုပ်ပြ"



ရှန်လဲ့ယန်မှ ကုံးတန်၏ ခေါင်းအား ပွတ်သပ်ပေးလိုက်သည်။



သူသည် အသံကို နှိမ့်ထားလိုက်ပြီး တိုးတိုးလေး မေးလိုက်သည်။



"ရွာထဲမှာ မီးဘေးရှောင်ဖို့ မြေအောက်ခန်းရှိလား"



ဤကဲ့သို့သော တောင်ပေါ်ရွာငယ်လေးများတွင် တောင်ပေါ်ဓားပြများရန်မှ ပုန်းအောင်းရန် လျှို့ဝှက်မြေအောက်ခန်းများ မကြာခဏ ရှိတတ်ကြောင်း မူရင်းစာအုပ်ထဲ၌ ဖော်ပြထားသည်ကို သူ မှတ်မိနေသည်။



ဤမိုးသက်မုန်တိုင်းမှာ တခဏနှင့် ရပ်တန့်သွားမည့် အရိပ်အယောင် မရှိပေ။ သူ ဂိုဏ်းသို့ ပြန်၍ မရနိုင်သောကြောင့် အနည်းဆုံး အန္တရာယ်ကြုံလာပါက ပုန်းအောင်းနိုင်မည့် နေရာတစ်ခုကို ရှာဖွေထားရမည်ဖြစ်သည်။



သူ့မိသားစုမှ မြေအောက်ခန်းအကြောင်းကို အပြင်လူများအားမပြောပြရန် မှာထားခဲ့သောကြောင့် ဖြစ်ဟန်တူကာ ကလေးငယ်မှာ ခဏမျှ တုံ့ဆိုင်းနေသည်။



သို့သော် အဆုံးတွင်မူ သစ်သီးယို၏မြူဆွယ်မှုကို မတွန်းလှန်နိုင်တော့ဘဲ ခေါင်းကို အမြန် ညိတ်ပြလိုက်သည်။



ရှန်လဲ့ယန်မှ သစ်သီးယိုအား ဖြုတ်၍ ကလေးငယ်၏ပါးစပ်ထဲသို့ ခွံ့ကျွေးလိုက်သည်။



သူသည် သူ့အိတ်ကပ်ထဲမှ မြေပဲတစ်ဆုပ်ကို ထုတ်ယူလိုက်ပြီး တစ်ဖက်လူ၏မျက်စိရှေ့တွင် လှုပ်ယမ်းပြလိုက်သည်။



ကောက်ကျစ်သော အပြုံးလေးဖြင့် ပြောလိုက်သည်။



"ကုံးတန်၊ အဲဒီ မြေအောက်ခန်းက ဘယ်မှာလဲ၊ အစ်ကို့ကို လမ်းညွှန်ပြပေးပါဦး"



ကလေးငယ်မှာ သူ့လက်ကို ဆန့်ထုတ်၍ မြက်မိုးအိမ် အပြင်ဘက်ရှိ ခြံဝင်းကို လက်ညှိုးထိုးပြလေသည်။



မြေအောက်ခန်း၏အဝင်ဝမှာ ခြံဝင်းထဲတွင် ရှိနေသည်။



ရှန်လဲ့ယန်မှ မြေပဲအားလုံးကို ကုံးတန်ထံသို့ ထိုးထည့်ပေးလိုက်ပြီး မတ်တတ်ရပ်ကာ သူ့စီနီယာအစ်ကိုအား ကြည့်လိုက်သည်။



"ညအိပ်ဖို့ နေရာရသွားပြီ"



စီနီယာအစ်ကို "......"



စီနီယာအစ်ကိုသည် သူ့ကိုယ်သူ ရေရွတ်လိုက်သည်။



"ဂျူနီယာညီလေးက လူကြီးဖြစ်နေပြီလို့ ငါ ဘယ်လိုလုပ် ခံစားမိသွားတာပါလိမ့်၊ တကယ်ကို ပင်ပန်းပြီး ခေါင်းတွေ ရှုပ်ကုန်တာပဲ ဖြစ်မယ်"



ထိုသို့ပြောပြီးနောက် ရှန်လဲ့ယန်ကို ဂရုမစိုက်ဘဲ ကျောပေးကာ ထွက်လာခဲ့လေသည်။



ညဘက်သို့ ရောက်ရှိလာသည်။



အပြင်ဘက်တွင် မိုးသည်းထန်စွာ ရွာသွန်းနေသောကြောင့် သူတို့နှင့်အတူ ပါလာသော အပြင်ဘက်တပည့်များမှာ အနီးအနားတွင်သာ အနားယူကြပြီး မြက်မိုးအိမ်သို့ စုဝေးရန် ရောက်မလာကြပေ။



ယခုလေးတင် မီးလောင်မှု ဖြစ်ပွားခဲ့သောကြောင့်လော မသိပေ။ ရွာထဲတွင် ဖယောင်းတိုင် တစ်တိုင်မျှပင် ထွန်းညှိထားခြင်း မရှိလဲ ပြတင်းပေါက်မှ အပြင်သို့ ကြည့်လိုက်သောအခါ ကြီးမားကျယ်ပြန့်လှသော ညဉ့်ယံကိုသာ မြင်တွေ့ရပြီး ပြင်းထန်သောလေကြောင့် သောင်းကျန်းနေသော မိုးသည်းထန်မှုနှင့်အတူ ညဉ့်ယံသည် အသက်ဝင်နေသကဲ့သို့ နေရာအနှံ့ လှိုင်းထန်နေသည်။



ဆေးရည်သည် အိပ်ပျော်စေရန်နှင့် နာကျင်မှုကို သက်သာစေရန် အစွမ်းသတ္တိရှိသောကြောင့် ဒဏ်ရာရသူများမှာ အိပ်ပျော်သွားကြပြီဖြစ်ပြီး အခန်းတွင်း၌ တိတ်ဆိတ်ငြိမ်သက်နေသည်။



သူ၏စီနီယာအစ်ကိုမှ အနားယူရန် မြေပြင်ပေါ်တွင် ကောက်ရိုးဖျာများနှင့် အိပ်ယာများကို ခင်းကျင်းထားသည်ကို သူ မြင်လိုက်ရပြီး ခြံဝင်းဘက်သို့ လက်ညှိုးထိုးကာ ဆိုသည်။



 "ဒါဆို ကျွန်တော် မြေအောက်ခန်းကို သွားတော့မယ်နော်"



စီနီယာအစ်ကို၏မျက်နှာမှာ ခဏမျှ ရုန်းကန်နေရသကဲ့သို့ ဖြစ်သွားပြီး မေးလိုက်သည်။



"မင်းက သူများရဲ့ မြေအောက်ခန်းကို သွားမှာလေ၊ အဲဒါ အဆင်ပြေပါ့မလား"



"သွားအိပ်ရုံသက်သက်ပါပဲ"



“ငါ မင်းနဲ့အတူ လိုက်ခဲ့မယ်"



ရှန်လဲ့ယန်မှ စောင်ကို ကောက်ကိုင်လိုက်ပြီး ဆိုသည်။



"စီနီယာအစ်ကိုလည်း ရွာထဲမှာ တစ်ခုခု ထူးခြားနေတယ်လို့ ထင်နေတာလား"



သူသည် ခေါင်းကို အခေါက်ခံလိုက်ရပြီး နာကျင်စွာဖြင့် အသံထွက်သွားသည်။



 "ရွှီး" 



"တစ်ခုခု ထူးခြားတာ မဟုတ်ဘူး၊ မင်းက သူများ မြေအောက်ခန်းထဲက စားစရာတွေကို လျှောက်မွှေနေမှာဆိုးလို့"



"ကျွန်တော်က ဘယ်လိုလုပ် အဲဒီလို လူမျိုး ဖြစ်ရမှာလဲ"



စီနီယာအစ်ကိုမှ လေးလေးပင်ပင်ဖြင့် ပြောလိုက်သည်။



"မင်း အခုလေးတင် ကုံးတန်ကို သရေစာတွေနဲ့ လိမ်ခဲ့တာလေ"



ရှန်လဲ့ယန် "......"



သူမှ စီနီယာအစ်ကိုအား ဂရုမစိုက်သော နောက်စေ့ကိုသာ ထားရစ်ခဲ့ပြန်လေသည်။



မြေအောက်ခန်း၏အဝင်ဝသည် အပျက်အစီးပုံ အောက်တွင်ရှိပြီး မီးခံနိုင်သော ကျောက်ပြာပြားတစ်ခုမှ အဝင်ဝကို ဖိထားသည်။



လှေကားတိုလေးတစ်ခုမှ ဆင်းသွားပြီးနောက် အခန်းတစ်ခန်းစာခန့် အရွယ်အစားရှိသော ဗလာကျင်းနေသည့် မြေအောက်ခန်းသို့ ရောက်ရှိသွားမည် ဖြစ်သည်။



ရှန်လဲ့ယန်သည် မီးခတ်တံကို ညှိလိုက်ပြီး မြေအောက်ခန်းထဲတွင် ထားရှိသော အရာများကို ကြည့်လိုက်ရာ ရေစည်ကြီး အနည်းငယ်နှင့် ဆန်မှုန့် အနည်းငယ်အပြင်၊ လူများကို ခုတ်ထစ်ရန် အသုံးပြုနိုင်သော တံစဉ်များ၊ ပေါက်ပြားများနှင့် အခြား လယ်ယာသုံး ကိရိယာများကို မြင်တွေ့ရသည်။



ရှန်လဲ့ယန်မှ တံစဉ်တစ်ခုကို ကောက်ကိုင်လိုက်ပြီး အလေးချိန်ကို စမ်းကြည့်လိုက်သည်။



လက်ထဲတွင် လက်နက်ရှိနေသဖြင့် အနည်းနှင့်အများဆိုသလို လုံခြုံမှု ခံစားချက်တစ်ခု ရရှိသွားသည်။



စီနီယာအစ်ကိုသည် ဘေးဘက်ရှိ အိပ်ယာပေါ်တွင် လှဲချလိုက်ပြီး မေးလေသည်။



"မင်း မအိပ်သေးဘူးလား"



သူ ယနေ့ညတွင် သေချာပေါက် အိပ်မည်မဟုတ်ပေ။



မီးငြိမ်းသွားပြီးနောက် ရှန်လဲ့ယန်မှာ လက်ထဲတွင် တံစဉ်ကို ကိုင်လျက် တိတ်ဆိတ်စွာ ထိုင်နေကာ စီနီယာအစ်ကို၏ တခူးခူး မြည်နေသော ဟောက်သံများကို နားထောင်နေသည်။



ခဏအကြာတွင် သူ ပြောလိုက်သည်။



"စီနီယာအစ်ကို၊ ခင်ဗျားလည်း မအိပ်သေးဘူးမလား၊ ခဏလောက် စကားပြောရအောင်"



စီနီယာအစ်ကို: "ငါ့နာမည်က ကျန်းဟွိုင်မင် မဟုတ်ဘူး"



"ခင်ဗျား တကယ် မအိပ်သေးတာပဲ"



"မင်း အမှောင်ကို ကြောက်နေပြီး မပြောရဲတာလား"



"ကျွန်တော် စဉ်းစားနေတာ၊ အဲဒီမီးလောင်သွားတဲ့ အိမ်တွေက ဒီမီးဘေးရှောင် မြေအောက်ခန်းနဲ့ အရမ်းနီးတာပဲနော်"



ရွာသူကြီးကဲ့သို့ ယိုင်နဲ့နဲ့ လမ်းလျှောက်နေရသော အဘိုးအိုပင်လျှင် ဤနေရာသို့ လာရန် အချိန်သိပ်မယူရပေ။ အကယ်၍ လူငယ်များနှင့် လူလတ်ပိုင်းများသာ လာမည်ဆိုပါက စက္ကန့်သုံးဆယ်ခန့်သာ ကြာမြင့်မည် ဖြစ်သည်။



သို့ဆိုလျှင် မီးလောင်မှုအတွင်း ဤမျှလောက် ဒဏ်ရာရပြီး သေဆုံးသွားနိုင်မည်‌လော။



သန်းခေါင်ယံ လူတိုင်း အိပ်မောကျနေစဉ်တွင် မီးလောင်မှု ဖြစ်ပွားခဲ့သည် ဆိုလျှင်ပင် မီးစလောင်သည်နှင့် တစ်စုံတစ်ယောက်မှ မီးလောင်ခံရသဖြင့် ကျယ်လောင်စွာ အော်ဟစ်မည်ဖြစ်ပြီး လုံးဝလှုပ်ရှားမှုမရှိဘဲ နေမည်မဟုတ်ပေ။



စီနီယာအစ်ကို၏ အသံတွင် အိပ်ချင်မူးတူး ဖြစ်နေမှုများ အပြည့်ပါဝင်နေလေသည်။



"မီးစလောင်ပြီးတော့ လူတိုင်း ခဏလောက် ထိတ်လန့်သွားပြီး ဒါကို မေ့သွားတာ ဖြစ်နိုင်တယ်၊ သူတို့က မထွက်ပြေးချင်လို့တော့ မဖြစ်နိုင်ပါဘူး"



ရှန်လဲ့ယန် စကားပြောရန် ပြင်လိုက်စဉ်မှာပင် စီနီယာအစ်ကိုမှ သူ၏ပခုံးကို ရုတ်တရက် ဖိချလိုက်ပြီး တည်ကြည်လေးနက်စွာဖြင့် ဆိုသည်။



"ရှန်လဲ့ယန်၊ မြေအောက်ခန်း အပြင်ဘက်မှာ တစ်ယောက်ယောက်အော်နေတာ မင်း ကြားလိုက်လား"



"ဟင်"



"ကျွန်တော် ကောလိပ်မှာ အင်္ဂလိပ်စာ နားထောင်စွမ်းရည်က တစ်ဝက်လောက် မှားနေတာဆိုတော့ ကျွန်တော် မကြားရဘူး"



"တစ်ယောက်ယောက် တကယ် အော်နေတာ"



စီနီယာအစ်ကိုသည် ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး ဆိုသည်။



 "ငါတို့ အပြင်ထွက်ပြီး သွားကြည့်ရမယ်"



ရှန်လဲ့ယန် တံစဉ်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး သူ၏ဘေးရှိ ပေါက်ပြားကို စီနီယာအစ်ကိုထံသို့ ကမ်းပေးလိုက်သည်။



"ဟုတ်ပြီ၊ ဒါဆို အရင်သွားကြည့်ရအောင်"


လှေကားထစ်များထံ လျှောက်သွားပြီး အဝင်ဝရှိ ကျောက်ပြာပြားအနီးသို့ ရောက်သောအခါ ယခုတစ်ကြိမ်တွင် ရှန်လဲ့ယန်လည်း ကြားလိုက်ရလေသည်။ အပြင်ဘက်တွင် ကျယ်လောင်စွာ အော်ဟစ်နေကြသူများ တကယ်ပင် ရှိနေပြီး ရင်ကွဲနာကျဖွယ် ကလေးငယ်များ၏ ငိုကြွေးသံများနှင့် ရောနှောနေသည်။



"မီး မီးထပ်လောင်နေပြန်ပြီ၊ တစ်ယောက်ယောက် လာကြပါဦး တစ်ယောက်ယောက်"



မိုးသည်းထန်စွာ ရွာသွန်းနေသော နေ့တစ်နေ့တွင် ထင်းပင်လျှင် လောင်ကျွမ်းနိုင်မည် မဟုတ်ပေ။ အိမ်ထဲတွင် မည်သူကမျှ မီးမမွှေးထားသည်ကိုပင် ဆိုဖွယ်ရာ မရှိတော့ချေ။ မည်ကဲ့သို့ မီးလောင်နိုင်မည်နည်း။



‘အသံကို နားထောင်ကြည့်ရသလောက် မီးက တော်တော် သေးပုံရတယ်’



ကလေးငယ်၏ ငိုကြွေးသံမှာ သနားစရာ ကောင်းလှသည်။



စီနီယာအစ်ကို၏ လေသံမှာ ပိုအရေးတကြီး ဖြစ်နေပြီး သူ ကျောက်ပြာပြားကို ဖွင့်ရန် ကြိုးစားရင်း လက်ကို ဆန့်ထုတ်လိုက်သည်။



 "အဲဒီ ငိုသံက ကုံးတန် ဖြစ်ရမယ် မဟုတ်လား၊ မီးလောင်နေတယ်၊ ငါတို့ မီးသွားငြှိမ်းဖို့ ကူညီရမယ်"



"စီနီယာအစ်ကို၊ ခဏလေး စောင့်ပါဦး”



"မီးလောင်နေတဲ့ အချိန်မှာ ဘယ်လိုလုပ် စောင့်ဖို့ အချိန်ရမှာလဲ"



ရှန်လဲ့ယန်မှ စီနီယာအစ်ကို၏အင်္ကျီလက်အား ဆွဲကိုင်လိုက်ပြီး အနည်းငယ် အေးစက်နေသော သူ့အသံကို ထိန်းချုပ်လိုက်သည်။



"ခင်ဗျား မေ့နေပြီလား၊ သူတို့ရဲ့လည်ချောင်းတွေက အဆိပ်ငွေ့တွေကြောင့် အသံဝင်နေပြီး အသံတောင် မထွက်နိုင်ကြတာလေ၊ ဘာလို့ သူတို့က အကျယ်ကြီးအော်ဟစ်နေရတာလဲ၊ ဘယ်လိုလုပ်ပြီး ငိုကြွေးနေနိုင်ရတာလဲ"