အခန်း(4)
ရှဲ့စစ်ရှင်းက ဆေးရုံသို့လာကာ ယွီဟန်ကို ထပ်မံတွေ့ဆုံခြင်းမရှိတော့ပေ။
သို့သော်လည်း ယွီဟန်အနေဖြင့် ထိုအကြောင်းများကို ဂရုမစိုက်ချေ။ လက်ရှိ သူနှင့်သက်ဆိုင်သည့် အရာတစ်ခုတည်းမှာ သူ့ခန္ဓာကိုယ်ကို မည်သို့ အားဖြည့်ရမည်နည်းဆိုသည့်အချက်ပင် ဖြစ်သည်။
သူ့ဆီသို့ လာရောက်သည့် ဧည့်သည်သည်ကား လင်းမိသားစု၏ သခင်လေးအတုသာ ဖြစ်ချေသည်။ တစ်နည်းအားဖြင့် လင်းဟန်၏ မတရားအမှုဆင်ခံရခြင်းနောက်ကွယ်မှ ကြိုးကိုင်သူလည်းဖြစ်သည့် လင်းယွီချန်ပင်။
လင်းယွီချန်၏ အမြင်အရ လင်းဟန်ဆိုသည့် ကျေးလက်ရွာသားက ဤကဲ့သို့ အခန်းကောင်းတစ်ခန်းထဲတွင်နေဖို့ရာအတွက် လုံးလုံးမှ မထိုက်တန်ပေ။
သူက အခန်းကို စစ်ဆေးပြီးသည့်နောက်မှ နောက်ဆုံးတွင် ဆေးရုံခုတင်ပေါ်တွင် ထိုင်နေသော ယွီဟန်ကို လှည့်ကြည့်လိုက်လေသည်။
ယွီဟန်၏ ညာဘက်လက်တွင် စီးထားသော ကျောက်ပတ်တီးကို မြင်သည့်အခါတွင် လင်ယွီချန်က အံ့သြသွားဟန်ဖြင့် မေးလာသည်။
“ရှဲ့စစ်ရှင်း မင်းကို ရိုက်လိုက်တာလား”
ယွီဟန်၏ နှုတ်ခမ်းထောင့်စွန်းလေးများက အနည်းငယ်လောက် အပေါ်သို့ တက်သွားလေ၏။
“မင်း ဘယ်လိုထင်လို့လဲ”
ယွီဟန်မှ ငြင်းပယ်ခြင်းမရှိသည်ကို ကြားလိုက်ရသော လင်ယွီချန်မှာ ဤအခြေအနေမှာ အဟုတ်အမှန်ဖြစ်နိုင်သည်ဟု မသိစိတ်မှ ထင်လိုက်လေ၏။
အမှန်တွင် ရှဲ့စစ်ရှင်းသည် အာဏာကြီးပြီး ပိုက်ဆံချမ်းသာသလောက် ထွုသူက ဒေါသအလွန်ကြီးအားတတ်သည်ကို လူအများမှသိထားကြလေသည်။
လင်းဟန် သူ့ကို လက်ထပ်ပြီးသည့်အချိန်မှစ၍ တစ်နေ့မှ အကောင်းမနေရသေးခြင်းဖြစ်နိုင်သည်။ ရိုက်နှက်ခံရသည်မှာလည်း ပုံမှန်ပင်ဖြစ်နေလောက်လေသည်။
လင်းယွီချန်က လင်းဟန်ကို မတရားအမှုဆင်ချိန်စဉ် လင်းဟန်ကို ရှဲ့စစ်ရှင်းထံသို့ ပို့ချင်ခဲ့သည်မှာလည်း ဤသို့ အနှိပ်စက်ခံစေချင်သည့်အတွက်ကြောင့်ပင် မဟုတ်ပါလား။
လင်းဟန်က ဆေးရုံကုတင်ပေါ်သို့ မှီနေခဲ့လေသည်။ နှစ်ပေါင်းများစွာကြာ ဖျားနာနေခဲ့သည့်အတွက် သူ၏ အသားအရောင်မှာ သာမန်လူတစ်ယောက်နှင့်ယှဥ်လျှင် အလွန်ကို ဖျော့တော့နေ၏။
သူ၏ လှပပြီး ကျောက်မျက်ရတနာများသဖွယ် ကြည်လင်နေသော မျက်ဝန်းများသည်လည်း နူးညံ့သိမ်မွေ့သည်မှတစ်ပါး အခြားသောခံစားချက်များကို မပြသနေပေ။
အမှန်ပင်။ လင်းဟန်ကဲ့သို့ လူတစ်ယောက်သည်ကား ကြိုးကိုင်ဖို့ရာအတွက် အမြဲတစေ အလွယ်ကူဆုံးဖြစ်နေတတ်သည်ပင်။
သူက မည်သူ၏ တောင်းဆိုချက်ကိုမှ ငြင်းပယ်ခြင်းမရှိသလို အနိုင်ကျင့်ဖို့ရာအတွက်လည်း လွယ်ကူလွန်းလှသည်။
ထို့ကြောင့်လည်း လင်ယွီချန် သူ့ထံသို့ လာရဲခြင်းဖြစ်လေသည်။
“ဟန်တိတိ၊ ကောရဲ့ ကုမ္ပဏီက ပြဿနာလေးတွေ နည်းနည်း တက်နေတယ်၊ မင်း ရှဲ့စစ်ရှင်းဆီကို သွားပြီး ကူညီပေးဖို့ ပြောပေးစမ်းပါ”
ဤသည်က တောင်းဆိုချက်တစ်ခုပင် မဟုတ်ဘဲ အမိန့်ပေးချက်တစ်ခုပင်။
အဘယ်ကြောင့်ဆိုသော် လင်းဟန်က သူ့ကို ငြင်းပယ်မည်မဟုတ်သည်ကို လင်းယွီချန် သေချာနေသောကြောင့်သာ ဖြစ်သည်။
လင်းယွီချန် သူ့ကို ကောင်းကောင်းသိသည်။ လင်းဟန်ကဲ့သို့ သဘောကောင်းသူတစ်ယောက်က သူ စိတ်ကျေနပ်စေရန် အတွက် အလောတကြီးလုပ်ပေးမည့်သူဖြစ်သည့်အတွက် ခြိမ်းခြောက်ဖို့ရန်လည်း မလိုအပ်လှပေ။
သူက ဆေးရုံခန်းထဲရှိ နူးညံ့အိစက်နေသော ကုလားထိုင်ပေါ်သို့ ထိုင်ချလိုက်ပြီး စားပွဲပေါ်မှ သစ်သီးအချို့ကို ပေါ့ပေါ့ပါးပါးဟန်ဖြင့် ကောက်ယူစားသောက်ကာ လင်းဟန် သဘောတူလာမည့်အချိန်ကို စိမ်ပြေနပြေ စောင့်နေလေ၏။
သို့သော်လည်း ခေတ္တခဏမျှကြာသောအခါတွင် ခုတင်ပေါ်တွင်ထိုင်နေသော လင်းဟန်မှ ပြောလာသည်ကို ကြားလိုက်ရလေသည်။
“ဘာလို့လုပ်ပေးရမှာလဲ”
ကောင်လေး၏ အသံမှာ ပုလဲများပြည့်နှက်နေသော ပန်းကန်ပြားထဲသို့ ကျောက်စိမ်းပြုတ်ကျသွားသောအသံကဲ့သို့ သာယာငြိမ့်ညောင်းနေကာ တည်ငြိမ်နေလေ၏။
လင်ယွိချန်မှာ ကြက်သေသေသွားရသည်။
သူ ဘာကို ကြားလိုက်မိပါလိမ့်??
ယွီဟန် သူ့ကို ရယ်ချင်စိတ်ဖြင့် စောင့်ကြည့်နေခဲ့သည်။
တစ်ဖက်လူ၏ စကားကို ကောင်းကောင်း မကြားလိုက်ရသကဲ့သို့ အူကြောင်ကြောင်ဖြစ်နေသော မျက်နှာထားကြောင့် ယွီဟန်က သဘောထားကောင်းစွာနှင့်ပဲ နောက်ထပ်တစ်ကျော့ ပြန်မေးပေးလိုက်သည်။
“ဘာလို့လုပ်ပေးရမှာလဲ ဟုတ်လား”
လင်းယွီချန် အလျင်အမြန်ပင် ဣန္ဒြေဆည်လိုက်သည်။
လင်းဟန်က အကြောင်းရင်းကို သိချင်တာများလား။
လင်းယွီချန် မျက်မှောင်ကြုတ်လိုက်လေသည်။
“ဒါ စီးပွားရေးနဲ့ဆိုင်တဲ့ ပြဿနာတစ်ခုပဲ၊ မင်းသိဖို့ မလိုပါဘူး”
လင်းဟန်သည်က စီးပွားရေးနှင့်ပတ်သတ်လျှင် မည်သည့်အရာကိုမှ မသိသော တုံးအအ တစ်ယောက်ဖြစ်ကြောင်းကို လူတိုင်း သိကြလေသည်။
အကယ်၍ သူရှင်းပြလျှင်ပင် နားလည်နိုင်မည်မဟုတ်ပေ။
“အကြောင်းပြချက်တောင် မပေးနိုင်ဘဲနဲ့ ငါက မင်းကို ကူညီပေးရမယ်ပေါ့”
ယွီဟန် ပျင်းရိပျင်းတွဲဖြင့် ပြောလိုက်၏။
“လူတစ်ယောက်က နည်းနည်းပါးပါးတော့ ကိုယ့်ကိုယ်ကိုယ် သိရမှာပေါ့၊ ကူညီပေးတာကို လိုချင်ရင် ကောင်းကောင်းမွန်မွန်ဆက်ဆံသင့်တယ်မလား”
“??”
လင်းယွီချန်မှာ သူနှင့် မရင်းနှီးသော အပြုအမူကြောင့် အံ့အားသင့်သွားကာ အမှန်တရားကို ရှေ့နောက်မစဥ်းစားဘဲ ပြောချလိုက်၏။
“မင်းရဲ့ ဘယ်မျက်လုံးက ငါ မင်းကို အကူအညီတောင်းနေတယ်လို့ မြင်လိုက်တာလဲ”
ယွီဟန် နည်းနည်းလောက် စိတ်ကျေနပ်သွားခဲ့သည်။“ငါ့ဆီက အကူအညီတောင်းနေတာမဟုတ်ဘူးလား၊ အဲဒါဆိုရင် ပိုလွယ်သွားတာပေါ့ ၊ ငါလည်း မင်းကို မကူညီဘူးလေ”
သူ့အနေဖြင့် လင်းယွီချန်ကို မည်သို့ ငြင်းပယ်ရမည်ကို စဥ်းစားဖို့ရာအတွက် ပျင်းလွန်းသည့်အတွက် တစ်ဖက်လူ၏စကားကြောင့် အဆင်ပြေသွားရလေလေသည်။
လင်းယွီချန်:”....”
လင်းယွီချန်တစ်ယောက် ယွီဟန်၏ တုံးတိ ငြင်းပယ်ချက်ကြောင့် အံ့အားသင့်သွားကာမျက်နှာထားကလည်း တစ်ချက်မျှ မဲ့သွားလေသည်။
သို့သော်လည်း သူ၏ ကောင်းမွန်လှသော သရုပ်ဆောင်စွမ်းရည်များကြောင့် မျက်နှာအား အပြုံးတစ်ပွင့်ဖြင့် လျင်မြန်စွာ ဖုံးကွယ်လိုက်နိုင်လေသည်။
“ ဟန်တိတိ၊ မင်း ကောကို စိတ်ဆိုးနေတုန်းလား၊ ကော လုပ်ခဲ့တာက မှားတယ်ဆိုတာကို ဝန်ခံပါတယ်၊ ဒါပေမဲ့ မင်းလည်း အဲဒီကနေ အကျိုးအမြတ်ရခဲ့တာပဲမဟုတ်ဘူးလား”
စနစ်က ယွီဟန်နားလည်စေရန် ချက်ချင်းရှင်းပြလိုက်၏။
{လင်းဟန်က လင်းယွီချန် ပေးလိုက်တဲ့ ဝိုင်ကိုသောက်ပြီး အိပ်ပျော်သွားတဲ့အချိန်မှာ ရှဲ့စစ်ရှင်းရဲ့ အိပ်ရာပေါ်ကို ပို့ခံလိုက်ရတာ}
ယွီဟန်: “ငါသိပါတယ်”
ထို့ကြောင့်ပင် ဤလူကို မုန်းတီးစက်ဆုပ်ဖွယ်ကောင်းသည်ဟု သူ မြင်နေခြင်းဖြစ်သည်။
လင်းယွီချန်က ဤသို့ ပြုလုပ်နေချိန်တွင်ပင် အမှားတစ်စုံတစ်ရာကို လုပ်မိထားသည်ဟုပင် မခံစားရပေ။
အဘယ်ကြောင့်ဆိုသော် ရှဲ့စစ်ရှင်းမှာ မြို့တော် A ၏ ထိပာဆုံးသိာ့ထိုးဖောက်နေသည့် သူဌေးလက်သစ်ဖြစ်ကာ လူအများကြီးမှ ဆက်နွှယ်ချင်ကြသည့် လူမျိုးဖြစ်နေ၍ပင်။
ရှဲ့စစ်ရှင်းကို လက်ထပ်ထားသည့် လင်းဟန်က သူ့ကို စိတ်ကျေနပ်အောင် လုပ်ပေးနေရမည့်အစား အချိန်တိုင်းငိုကြွေးနေသည့်အတွက် သူကသာ သုံးစားမရခြင်းဖြစ်သည်။
သူ ဆက်ပြောလိုက်သေးသည်။
“မင်း ငါ့ကိုကူညီရင် မားနဲ့ ပါးဆီကို မင်းအတွက် ကောင်းကြောင်းတွေ ပြောပေးမယ်၊ မင်း သူတို့နဲ့ ဆက်ဆံရေးကို အမြဲတမ်း ပြင်ချင်ခဲ့တာမဟုတ်ဘူးလား၊ ငါ ကူညီပေးလိုက်တာနဲ့ သူတို့က မင်းကိုသေချာပေါက် ခွင့်လွှတ်ပေးကြလိမ့်မယ်”
လင်းယွီချန် သက်ပြင်းချကာ ပြောလာပြန်သည်။
“အမှန်တော့ ဒီနှစ်တွေထဲမှာ မားနဲ့ပါးက မင်းအကြောင်းကို တွေးနေကြတာ၊ သူတို့က မင်းကိုရှာတွေ့ခဲ့လို့ အရမ်းကို ဝမ်းသာနေကြတာ ၊ ဒါပေမဲ့ မင်းရဲ့လုပ်ရပ်တွေက သူတို့ကို နာကျင်စေခဲ့တာလေ”
ယွီဟန်: “....”
သူ့စိတ်ထဲတွင် မေးခွန်းပေါင်းများစွာ ပေါ်လာလေသည်။
ဒီလူ ဘာတွေ ရေရွတ်နေတာလဲ။
ဘယ်တုန်းကများ သူ့ကို ကူညီပါမယ် ပြောလိုက်မိလို့လဲ။
စနစ်လည်း ဝင်ပြောလိုက်၏။
{Host, သူ့ကို ကူညီဖို့ သဘောတူလိုက်သင့်တယ်နော်၊ ပြီးရင် ရှဲ့စစ်ရှင်းနဲ့ စကားပြောလိုက်လေ၊ ဒါက ရှဲ့စစ်ရှင်းနဲ့ ဆက်ဆံရေးကို ပိုကောင်းမွန်အောင် ပြင်လို့ရမယ့် အခွင့်အလမ်းကောင်းပဲ”
အတိတ်တွင်တော့ ယခင် host တိုင်းက လင်းယွီချန်၏ တောင်းဆိုချက်များကို လိုက်လျောကာ ရှဲ့စစ်ရှင်းနှင့် ဆက်ဆံရေးတစ်ခု တည်ဆောက်ခဲ့ကြသည်။
တကယ်တမ်းတွင် ရှဲ့စစ်ရှင်းသည်ကား ပင်ကိုစရိုက်ကပင် တသီးတခြားနေတတ်သည့်အတွက် သူနှင့်ဆက်နွှယ်ဖို့ရာ အကြောင်းပြချက်တစ်စုံတစ်ရာ လိုအပ်လေသည်။
ဆက်နွှယ်မှုတစ်ခုရှိသည်နှင့်အမျှ အဓိကဗီလိန်ကို ပြောင်းလဲနိုင်ဖို့ရာမှာ အာမခံချက်အပြည့်ဖြစ်လာလိမ့်မည်။
ယွီဟန်မှာ ဇဝေဇဝါဖြစ်သွားရသည်။
“လိုအပ်လို့လား”
လင်းယွီချန်မှာ သူ့ကိုလည်း မတရားအကောက်ကြံသေးသည်။ ထို့အပြင် အကောက်ကြံခံရသည့်သူဘက်မှ သူ့ကို ကူညီပေးလိမ့်မည်ဟုလည်း ထင်နေသေးသည်။
သူ့၏ဦးနှောက်က မည်သည့်အရာများကို တွေးတောနေသည်လဲ။
Host ၏ စိတ်ခံစားချက် ပြောင်းလဲသွားပုံကို သတိထားလိုက်မိသော စနစ်လည်း အနည်းငယ် ကြောက်ရွံ့သွားရလေ၏။
{Host ၊ ဘာတွေလုပ်ဖို့ ကြံစည်နေတာလဲ}
ယွီဟန်မှာ စနစ်ကို ညင်သာစွာ ပြောလိုက်လေသည်။
“လုံအောင့်ထျန်းဌာနခွဲမှာ ငါ့ကို လာပြီး ရှုပ်ချင်တဲ့ အလကားလူတွေက ဘာဖြစ်သွားလဲသိလား”
စနစ်: {?}
စနစ်:{Error!!!}
………
ရှဲ့စစ်ရှင်းတစ်ယောက် ယွီဟန် သူ့ကို ဆက်သွယ်လာမည်ကို စောင့်မျှော်နေခဲ့သည်။
အကြိမ်ကြိမ်အခါခါ ဝင်စားပြီးသည့်နောက်တွင်သူသည်ကား ဇာတ်ကြောင်း၏ နေရာအကုန်လုံးနှင့် စေ့စေ့စပ်စပ် ရင်းနှီးနေလေပြီ။
ဤအချိန်တွင် လင်းယွီချန်၏ ကုမ္ပဏီ၌ ပြဿနာများဖြစ်ပေါ်သောကြောင့် လင်းဟန်ရှိရာ ဆေးရုံသို့ အကူအညီတောင်းရန် သွားလိမ့်မည်ကို သူသိသည်။
ထို့ကြောင့် လင်းယွီချန် ဆေးရုံသို့ထွက်သွားသည်ဟု ကိုယ်ရံတော်များထံမှ ရှဲ့စစ်ရှင်းကြားလိုက်ရပြီးနောက် ယွီဟန် သူ့ကို ဆက်သွယ်လာမည့်အချိန်ကို စောင့်နေခြင်းဖြစ်သည်။
သူ့အနေဖြင့် အချိန်ကို အတိအကျတွက်ချက်ထားပြီးပြီဖြစ်ပြီး ထိုစာအုပ်ကူးပြောင်းသူအသစ်မှ မည့်သို့သော အကြောင်းပြချက်များဖြင့် လင်းယွီချန်ကို ကူညီပေးရန် ဖျောင်းဖျမည်ကို သိချင်နေမိ၏။
ခေတ္တမျှကြာသောအခါ ကျန်းစစ်နျန်က ရုံးခန်းတံခါးကို တွန်းဖွင့်ဝင်လာသည်။ သူ၏ မျက်နှာထားမှာမူ အနည်းငယ် ခန့်မှန်းရခက်နေလေသည်။
ကျန်းစစ်နျန် ချီတုံချတုံဖြစ်နေခဲ့သည်။
“ဥက္ကဌ….”
ရှဲ့စစ်ရှင်း: “ပြော”
ဥက္ကဌ၏ အေးစက်လှသော အကြည့်အောက်တွင် ကျန်းစစ်နျန်မှာ အနည်းငယ်တုံ့ဆိုင်းသွားခဲ့ရသည်။
“ဥက္ကဌ ကြိုခန့်မှန်းထားသလိုပဲ လင်းမိသားစုရဲ့ သခင်လေးအတုက သူ့ကုမ္ပဏီက အရှုပ်အထွေးကို ဥက္ကဌကို ကူညီဖြေရှင်းခိုင်းဖို့ မဒမ်ဆီကို သွားခဲ့ပါတယ်”ယခုအချိန်ထိ ဇာတ်ကြောင်းင သူ ကြိုခန့်မှန်းထားသကဲ့သို့ အတိအကျကို လည်ပတ်နေခဲ့လေသည်။
ရှဲ့စစ်ရှင်းမှာ ခေါင်းညိတ်လိုက်သည်။
“သူ ဘာပြောသေးလဲ?”
ကျန်းစစ်နျန်: “မဒမ်က လင်းယွီချန်ရဲ့အရှေ့သွားကျွတ်ထွက်လောက်အောင် လက်သီးတစ်ချက်ထိုးလွှတ်လိုက်တယ်လို့ ပြောပါတယ်”
ရှဲ့စစ်ရှင်း:”...”
……………………
စာရေးသူမှာ ပြောစရာရှိပါတယ်။
ဇာတ်ကြောင်း လမ်းညွှန်ချက်: စနစ်
အပြုအမှု လမ်းညွှန်: ယွီဟန်
စနစ်: ယင်းယင်းယင်း QAQ
ယွီဟန်: ငါ့နာမည်ရဲ့နောက်မှာ ‘မြင့်မြတ်သော ဧကရာဇ်’ဆိုတာလေးထည့်ပေးဦး၊ ကျေးဇူးပဲ။
*