အခန်း(5)
ယွီဟန်မှ လင်းယွီချန်၏မျက်နှာကို လက်သီးတစ်ချက်ပစ်သွင်းလိုက်သည်ကို မည်သူမျှ မမြင်လိုက်ရပါချေ။
ချက်ချင်းပင် လင်းယွီချန်၏ အရှေ့သွားက မြေပြင်ပေါ်သို့ ကျွတ်ထွက်သွားတော့သည်။
လင်းယွီချန်သည်ကား လုံးလုံးလျားလျားပင် ကြက်သေ သေနေခဲ့ရသည်။ ယွီဟန်၏ လက်သီးမှာ သူ့မျက်နှာအပေါ်သို့ မကျရောက်မှီအချိန်တွင် ရှောင်ရှားရန် အချိန်ပင်မရလိုက်ချေ။
လက်သီးချက်မှ ထွက်ပေါ်လာသော လေရှိန်ပင်လျှင် သူ့အသားပေါ်တွင် စပ်ဖျဥ်းဖျဥ်း ဖြစ်ကျန်နေခဲ့၏။
သူ၏မျက်နှာမှာ လက်သီးချက်ကြောင့် တစ်ဖက်သို့ လည်ထွက်သွားလေသည်။ သူ၏ပါးစပ်ထဲမှနေ၍ ပူနွေးသော အရည်များသည်လည်း မြေပြင်ပေါ်သို့ တစ်စက်ပြီးတစ်စက် ကျလာခဲ့သည်။
ထိုအချိန်တွင် အလွန်တောက်ပသော ကြယ်ပျံတစ်ခု ပျံထွက်သွားသကဲ့သို့ သူ၏ပါးစပ်အတွင်းမှအရာတစ်ခုသည်လည်း ပျံထွက်သွားသည်ဟု ခံစားလိုက်ရသည်။
“ငါ ဘယ်ဘက်လက်ပဲ သုံးလိုက်တာ မင်းကံကောင်းတယ်လို့ မှတ်သင့်တယ်”
လွန်ခဲ့သာ နှစ်ရက်ခန့်က ယွီဟန်တစ်ယောက် လှေကားပေါ်မှ ပြုတ်ကျသောကြောင့် ညာဘက်လက်ကျိုးသွားသဖြင့် လည်သိုင်းပတ်တီး စီးထားရသည်။
သို့သော်…..
ယွီဟန်မှာ သူ၏ လက်သီးဆုပ်ကို ပြန်ရုပ်သိမ်းလိုက်ရင်းဖြင့် အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။
ဤခန္ဓာကိုယ်မှာ အတော်လေးကို အားနည်းနေသေးသည်။ ဘယ်ဘက်လက်နှင့် တစ်ချက်တည်း ထိုးရုံဖြင့် သွားနှစ်ချောင်းထက်ပို၍ ကျွတ်အောင် မထိုးနိုင်သေးပေ။ ကြည့်ရသည်မှာ သူ၏ခန္ဓာကိုယ်ကို တတ်နိုင်သမျှမြန်မြန် စတင် လေ့ကျင့်မှရပေတော့မည်။
“မင်း!.”
နောက်ဆုံးတွင် လင်းယွီချန် တုံ့ပြန်လာခဲ့လေသည်။ မြေပြင်ပေါ်တွင် ရှိနေသောသွေးများနှင့် ထိုသွေးများကြာထဲရှိ သူ၏ အဖြူရောင်အရှေ့သွားအား မြင်တွေ့လိုက်ရသောအခါ သူ့မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုတ်သည့် အရိပ်အရောင်များ ပြည့်နှက်သွားပြီးနောက် မျက်ဖြူလန်၍ မေ့လဲသွားလေတော့သည်။
လင်းယွီချန်တစ်ယောက် မြေပြင်ပေါ်သို့ လဲကျသွားသည်ကို မြင်လိုက်ရသဖြင့် ယွီဟန်မှာ နောင်တအနည်းငယ်ပါသောအသံဖြင့် ပြောလိုက်မိ၏။
“အာ.. ပျော့ညံ့လိုက်တာ”
အသံကြောင့် ရောက်လာကြသော တံခါးဝရှိ ကိုယ်ရံတော်များမှာလည်း မင်သက်နေခဲ့ကာ ယွီဟန်စကားပြောလိုက်သည့်အချိန်မှသာ ရုတ်တရတ်သတိဝင်လာကာ ထိတ်လန့်သွားကြလေသည်။
“ဒီလူက သွေးမြင်တာနဲ့ မေ့လဲသွားတယ်၊ သူ့ကို သယ်သွားဖို့ လူတစ်ယောက်ယောက်ရှာလိုက်”
တစ်ဖက်လူမှာသွေးမြင်လိုက်ရသောကြောင့် မေ့လဲသွားခြင်းသာဖြစ်လေသည်။ ကံကောင်းသည်မှာ သူတို့က ဆေးရုံအတွင်း၌ရှိနေသည့်အတွက် လင်းယွီချန် မူးလဲသွားလျှင်ပင် ကိစ္စကြီးကြီးမားမားမဟုတ်ပေ။
ကိုယ်ရံတော်နှစ်ဦးက လင်းယွီချန်ကို လူသေအလောင်းတစ်ခုကဲ့သို့ သယ်ဆောင်သွားခဲ့ကြလေ၏။
သူနာပြုတစ်ဦးသည်လည်း ကြမ်းပြင်အား သန့်ရှင်းရေးလုပ်ရန် ရောက်လာခဲ့သည်။ အချိန်သိပ်မကြာခင်မှာပင် ဆေးရုံအခန်းတစ်ခုလုံးသည် မည်သည့်အရာတစ်ခုမှ မဖြစ်ခဲ့သကဲ့သို့ သန့်ရှင်းသွားလေသည်။
ယွီဟန် ဂုဏ်ယူဝင့်ကြွားစွာနှင့် စနစ်ကို မေးလိုက်သည်။
“ဒီလောင်ကျစ်က အခုလေးတင် အရမ်းမိုက်မနေဘူးလား”
စနစ်: {…..}
စနစ်: {ခဏလောက် ကျွန်တော့်ကို စကားမပြောပါနဲ့လား}
သူ့အနေဖြင့် ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်တော့ဘဲ ဤနေရာမှာပင် ယွီဟန်ကို ဆဲဆိုမိသွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်လေသည်။
ယွီဟန်ကတော့ စိတ်ကြည်လင်နေသည့်ဟန်ဖြင့် တစ်ခဏမျှ ဆက်၍ရယ်မောနေခဲ့၏။
စနစ်မှာ အသက်ပြင်းပြင်းရှု၍ နောက်ဆုံး စိတ်ငြိမ်သွားသည့်အချိန်တွင် လေသံချိုချိုလေးဖြင့် စကားပြောလိုက်သည်။
{Host.. မင်း လင်းယွီချိန်ကို ထိုးလိုက်လို့ ဖြစ်လာနိုင်မယ့် အကျိုးဆက်တွေကို စဥ်းစားပြီးသွားပြီလား}
ယွီဟန်မှာ ခေတ္တမျှ အမှန်တကယ်ပင် စဥ်းစားသည့်ပုံဖြင့် ပြောလာသည်:
“ငါ နေလို့ကောင်းသွားလိမ့်မယ်”
စနစ်: {…….}
စနစ်: {မဟုတ်ဘူး! လင်းယွီချန်က ဉာဏ်နီဉာဏ်နက်များပြီး အရမ်းယုတ်မာတာ၊ မင်း သူ့ကို ထိုးလိုက်တဲ့ကိစ္စနဲ့ပတ်သတ်ပြီး ပြဿနာအကြီးအကျယ်ရှာလိမ့်မယ်၊ host ပြဿနာတက်မှာနော်}
ယွီဟန်: “အဲဒီလိုဆိုရင် အရမ်း ကောင်းတာပေါ့”
ယွီဟန်သည်ကား အခြားလူများက သူ့ကို ကူညီလေ့ကျင့်ရန်အတွက် ရောက်မလာမည်ကိုပင် စိုးရိမ်နေခြင်းဖြစ်သည်။
ဆေးရုံခန်းထဲတွင် လှောင်ပိတ်ခံထားရသည်မှာ သေချင်လောက်သည်အထိ ပျင်းစရာ ကောင်းလွန်းသည်။
စနစ်: {…..}
လုံအောင်ထျန်းဌာနခွဲမှ ရောက်လာသော host က ပြဿနာတတ်မည်ကို မကြောက်တတ်ကြောင်း သူ မေ့သွားလုနီးပါးဖြစ်သွားခဲ့သည်။
ထိုမေးခွန်းကို မေးရန် မလိုအပ်ပေ။
ယွီဟန်အတွက်ကတော့ ဤကဲ့သို့ အနှောင့်အယှက်အသေးအဖွားလေးများကို ဂရုစိုက် မနေပါချေ။ လုံအောင့်ထျန်းဖြစ်စဥ်ကဆိုလျှင် သူ့ထံသို့ ပြဿနာများမလာမည်ကိုပင် စိုးရိမ်ခဲ့ရ၏။
သူ ခဏမျှတွေးပြီးနောက် တံခါးဝရှိ ကိုယ်ရံတော်ကို လက်ပြလိုက်ကာ ပြောလိုက်သည်။
“ငါ့အတွက် တစ်ခုခုလုပ်ပေးစမ်းပါ”
ယွီဟန် ကိုယ်ရံတော်ထံသို့ ညွန်ကြားချက်အနည်းငယ်ကို တီးတိုးပြောလိုက်သည်။
စနစ်မှာ အကုန်လုံးကို နားစွန်နားဖျားကြားလိုက်ရသည့်အတွက် စိတ်မထိန်းနိုင်ခဲ့ဘဲ ပြောမိပြန်သည်။
{Host.. မင်းက တော်တော်လေးကို အကြင်နာမဲ့တာပဲ}
ယွီဟန် အနည်းငယ်ရယ်မောလိုက်လေသည်။
*ရက်ပေါင်းများစွာကြာပြီနောက် ဤအခေါက်သည်က ရှဲ့စစ်ရှင်း ဆေးရုံသို့ ဒုတိယမြောက် လာရောက်ခြင်းဖြစ်သည်။
ယခင်တစ်ခေါက်မှာ ယွီဟန်၏ လှေကားပေါ်မှ ပြုတ်ကျမှုကို ကိုင်တွယ်ဖြေရှင်းရန်ဖြစ်သည်။ ဤတစ်ခေါက်ကတော့ ယွီဟန်မှ လင်းယွီချန်ကို ထိုးနှက်လိုက်သောကြောင့်ဖြစ်လေသည်။
လင်းမိသားစုက ရှဲ့စစ်ရှင်းထံသို့ ဖုန်းဖြင့်ဆက်သွယ်ခဲ့သည်။ ထိုအခါမှသာ ယွီဟန်က လင်းယွီချန်၏ အရှေ့သွားနှစ်ချောင်းကို အမှန်တကယ် ကျိုးအောင်ထိုးနှက်ခဲ့သည်ကို သိရှိခဲ့ရ၏။
ထို့အပြင် ယွီဟန်သည်က ထိုမျှလောက်နှင့် မရပ်တန့်သေးချေ။ သူက တစ်ဖက်လူ၏ ကျိုးသွားသော သွားကို သေသေချာချာ ထုပ်ပိုး၍ လင်းမိသားစုထံသို့ ပြန်လည်ပို့ပေးခဲ့သေးသည်။
ပြောကြသည်မှာ ထိုသွားကိုမြင်လိုက်ရသည့်အချိန်တွင် လင်းယွီချန်မှာ အတော်ပင် ဒေါသထွက်သွားပြီးနောက် အိမ်တွင်ရှိသော အရာဝတ္ထုအချို့ကို ရိုက်ချိုးခဲ့သည်ဟုပင်။
သူ၏ ယဥ်ကျေးသိမ်မွေ့လှပါသည်ဟူသော ပုံမှန် မျက်နှာဖုံးပင် လုံးလုံး ကွာကျခဲ့လေသည်။
ရှဲ့စစ်ရှင်း ဤအကြောင်းကို အသေးစိတ်ကျကျသိနေရခြင်းမှာ ယွီဟန်က ထိုသွားကို သူ၏လူများမှတစ်ဆင့် ပို့ခိုင်းစေခဲ့သောကြောင့်ဖြစ်သည်။
သူတို့က ထိုအဖြစ်အပျက်များ ဖြစ်ခဲ့သည့် နေရာတွင် ရှိခဲ့သောကြောင့် လင်းယွီချန်၏ အပြင်ပန်းမျက်နှာဖုံး ပျက်စီးသွားပုံ အလုံးစုံကို မျက်မြင်တွေ့ရှိခဲ့ရခြင်းဖြစ်သည်။
လင်းပါးပါးမှ ယဥ်ကျေးစွာဖြင့် ပြောလာလေသည်။
“ဥက္ကဌရှဲ့၊ လင်းဟန်က အခုဆိုရင် ရှဲ့မိသားစုရဲ့ မိသားစုဝင်တစ်ယောက်ဖြစ်နေပါပြီ၊ သူ လင်းယွီချန်ကို ထိုးလိုက်တော့ ကျွန်တော်တို့အနေနဲ့ ဒီကိစ္စကို ဘယ်လိုမျိုး ကိုင်တွယ်ဖြေရှင်းသင့်တယ်လို့ ဥက္ကဌမြင်ပါသလဲ”
ရှဲ့စစ်ရှင်းလည်း သတိပြန်ဝင်လာကာ ပြောလိုက်သည်။
“အမ်၊ ကျွန်တော်လည်း အဲဒီအဖြစ်အပျက်အကြောင်းကို ကြားပြီးပါပြီ”
လင်းပါးပါးလည်း တစ်မျိုးတစ်ဖုံ စိတ်ကျေနပ်သွားလေသည်။
“ဆိုတော့ ဥက္ကဌ ဘယ်လိုထင်လဲ..”
လင်းပါးပါး၏ ရည်ရွယ်ချက်များက ထင်ရှားပေသည်။ သူတို့ ကုမ္ပဏီအတွင်းမှ စီမံကိန်းကြီးတစ်ခု၏ ရင်းနှီးမြုပ်နှံသူတစ်ဦးမှာ ရုတ်တရတ် နှုတ်ထွက်သွားသောကြောင့် သူတို့ထံတွင် ငွေရင်းနှီးမြှပ်နှံမှုများ လိုအပ်လာခဲ့ကာ လင်းယွီချန်၏ ကုမ္ပဏီ၌ ပြဿနာများနှင့် ကြုံတွေ့နေရ၏။
ကောလဟလများမှ ပြောကြသည်မှာ ထိုရင်းနှီးမြုပ်နှံသူမှာ ရှဲ့စစ်ရှင်း အမြင်ကြည်စေရန်အတွက် စိတ်အားထက်သန်သည့်အတွက် သူတို့ကုမ္ပဏီမှ နှုတ်ထွက်ခဲ့ဟုပင် ဖြစ်ပေသည်။
လင်းယွီချန်မှာ ယွီဟန်အား ထိုအကြောင်းကိစ္စနှင့်ပတ်သတ်၍ အကူအညီတောင်းရန် ချဥ်းကပ်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ရှဲ့စစ်ရှင်းဘက်မှ ထိုရင်းနှီးမြုပ်နှံသူအား အခွင့်အရေးတစ်ခုပေးကာ လင်းယွီချန်၏ စီမံကိန်းတွင် ပြန်၍ရင်းနှီးမြုပ်နှံရန် ဖျောင်းဖျပေးလိုက်လျှင် ကုမ္ပဏီအခြေအနေသည် တည်ငြိမ်သွားနိုင်သည်။
သို့မဟုတ်လျှင် အခက်အခဲကြီးကြီးမားမားများဖြင့် ရင်ဆိုင်ရလိမ့်မည်။
“ခင်ဗျားသားရဲ့ အခြေအနေအတွက်လည်း စိတ်မကောင်းပါဘူး၊ ဒါပေမဲ့...”
ရှဲ့စစ်ရှင်း တမင်သက်သက် ရပ်တန့်လိုက်ကာ လင်းပါးပါး စိတ်မရှည်စွာဖြင့်မေးလာမည်ကို လှုံ့ဆော်ပေးလိုက်၏။
“မင်း ဘာလိုချင်လို့လဲ၊ လင်းဟန်အတွက်ကတော့ မင်းရဲ့သဘောအတိုင်းပဲလေ၊ မင်းလုပ်ချင်တာမှန်သမျှလုပ်လို့ရတယ်...”
သူ စကားပြော၍ မပြီးသေးခင်မှာပင် ရှဲ့စစ်ရှင်းမှ ဖြတ်ပြောလိုက်လေသည်။ သူ၏လေသံမှာ တည်ငြိမ်နေသော်လည်း ထိုထဲတွင် ခံစားချက် မပါမှုကိုကြားရဖို့ငှာ မခက်ခဲလှချေ။
“ကျွန်တော့်အနေနဲ့ ဒီကိစ္စအပေါ် လင်းဟန်ရဲ့ ထင်မြင်ချက်ကို မေးရဦးမယ်”
လင်းပါးပါး: “?”
လင်းပါးပါး ဆက်၍ မပြောနိုင်ခင်မှာပင် ရှဲ့စစ်ရှင်းဘက်မှ ပြတ်ပြတ်သားသား ဖုန်းချလိုက်သောကြောင့်တစ်ဖက်တွင်ရှိနေသော ပါးပါးလင်းအား တွေဝေသွားစေခဲ့လေသည်။
လင်းဟန်ရဲ့ အမြင်ကို မေးမယ်။
ဘယ်တုန်းက လင်းဟန်ရဲ့စကားကို ရှဲ့စစ်ရှင်း စပြီး နားထောင်ခဲ့တာလဲ။
အထူးသဖြင့် ရှဲ့စစ်ရှင်းက လင်းဟန်ကို သဘောမကျလို့ သူတို့တွေက သူစိမ်းလိုတွေ ဖြစ်နေရမှာမဟုတ်ဘူးလား။
ဖုန်းချလိုက်ပြီးသည့်နောက်တွင် ရှဲ့စစ်ရှင်း၏မျက်နှာထားမှာ ရေခဲကဲ့သိုပင် ခံစားချက်ကင်းမဲ့သွားလေသည်။
ဒီတစ်မိသားစုလုံးက သူတော်ကောင်းယောင် ဆောင်နေတဲ့သူတွေချည်းပဲ။
ရှဲ့စစ်ရှင်းမှာ လင်းမိသားစုနှင့်ပတ်သတ်လျှင် အထင်အမြင်ကောင်းများ မရှိပါချေ။
လင်းဟန်ကို သူနှင့်လက်ထပ်ရန် အကောက်ကြံခဲ့သည့် လင်းယွီချန်ပဲဖြစ်စေ၊ လင်းဟန်၏ အလေးမထားဘဲ မထီမဲ့မြင်ပြုတတ်သော မိဘနှစ်ပါးပင်ဖြစ်စေ၊ သို့မှမဟုတ် လင်းဟန်ကိုယ်တိုင်နှင့် ပတ်သတ်၍ဖြစ်စေ၊ သူတို့အတွက် ဂရုစိုက်မှု တစ်စုံတစ်ရာပင် မရှိခဲ့ချေ။
ဤကဲ့သို့ အပြုအမူကို ရိုးရိုးရှင်းရှင်းပင် မုန်းတီးစက်ဆုပ်ဖွယ်ရာကောင်းသည်ဟုသာ မြင်လေသည်။
ရှဲ့အိမ်ထောင်စုထဲတွင် လင်းဟန်တစ်ယောက် ခက်ခဲသောအခြေအနေတစ်ခုအား ရင်ဆိုင်နေရခြင်းကို လင်းမိသားစုမှ သိသော်လည်း သူတို့၏အရှုပ်ထုပ်များကို လင်းဟန်ဘက်မှ ဖြေရှင်းပေးရန် တောင်းဆိုရဲသေးသည်။
အကြိမ်ရေ မည်မျှလောက်ပင် သူမြင်တွေ့ခဲ့ရပါစေ၊ အစဥ်အမြဲလိုပင် အဓိပ္ပာယ်မရှိဟု ခံစားခဲ့သည်။သို့သော် စာအုပ်ကူးပြောင်းသူတစ်ယောက်မှ လင်းမိသားစု၏ တောင်းဆိုချက်များကို ငြင်းဆန်ကာ လင်းယွီချန် အိမ်တွင် သောင်းကျန်သောအဆင့်အထိ ဒေါသထွက်စေခဲ့သည်မှာ ယခုအကြိမ်က ပထမဦးဆုံးဖြစ်လေသည်။
ရှဲ့စစ်ရှင်းအနေနှင့် ဤစာအုပ်ကူးပြောင်းသူများအားလုံးသည်က စဥ်းစားဉာဏ်မရှိသော လူများဖြစ်သည်ဟု မူလကထင်ခဲ့မိသည်။
သို့သော် သတိပြုမိရန် ထိုက်တန်သည့် သူတစ်ဦးနှစ်ဦးတော့ ရံဖန်ရံခါ ကြုံတတ်လေသည်။
ဤသည်လည်း ရှဲ့စစ်ရှင်း သူ့ထံသို့ သွားရောက်ဖို့ရာအတွက် ဆန္ဒဖြစ်လာခြင်း၏ အကြောင်းအရင်းဖြစ်ပေသည်။
ယွီဟန်၏ ရှင်းပြချက်ကို သူ၏နားအစုံဖြင့် ကြားချင်မိ၏။
ဤတစ်ခေါက်တွင်မူ ရှဲ့စစ်ရှင်းက ယွီဟန်၏အခန်းသို့ လမ်းပြပေးရန် မည်သူ၏အကူအညီမှ မလိုအပ်ဘဲ ရောက်သွားလေသညာ။
တံခါးပေါက်ဝရှိ ကိုယ်ရံတော်က ရိုကျိုးစွာ ခါးညွတ်လိုက်ပြီး ပြောလိုက်၏။
“ဥက္ကဌ၊ မဒမ်က အခန်းထဲမှာပါ”
“အင်း”
ယွီဟန်တစ်ယောက် ခုတင်ပေါ်တွင် တရားထိုင်နေသည်ကို ထပာမြင်လိမ့်မည်ဟု မျှော်လင့်ရင်း ရှဲ့စစ်ရှင်း တံခါးကို တွန်းဖွင့်လိုက်၏။
သို့သော်လည်း အံ့သြစရာ ကောင်းစွာပင် ခုတင်ပေါ်တွင် တစ်ယောက်မှ ရှိမနေသကဲ့သို့ ဆေးရုံခန်းတစ်ခန်းလုံးကလည်း ဗလာဖြစ်နေခဲ့လေသည်။
*