Ch 8
Viewers 2k

အခန်း(8)


ယွီဟန်၏ ထိခိုက်မှုများမှာ အစကတည်းကပင် မပြင်းထန်သည့်အတွက်ကြောင့်လည်းကောင်း၊ ကုသမှုတွင်လည်း လိုလိုလားလား ပူးပေါင်းဆောင်ရွက်သည့်အတွက်ကြောင့်လည်းကောင်း သူ၏အရိုးအက်သွားသော ညာဘက်လက်က ဆရာဝန်များ မင်သက်သွားရလောက်သည်အထိ လျှင်မြန်သောအရှိန်ဖြင့် ကောင်းကောင်းမွန်မွန် ပြန်လည်‌ကောင်းမွန်လာ၏။ 


ဆရာဝန်များမှ ညာဘက်လက်ကို တတ်နိုင်သလောက် အသုံးမပြုရန်နှင့် ဆက်လက်၍ သတိထားရန်  အကြံပေးသော်လည်း၊ ယွီဟန်ကတော့ ငြိမ်ငြိမ်ထိုင်နေနိုင်ခြင်းမရှိပါချေ။ သူက ရှဲ့စစ်ရှင်း သူ့အတွက် စီစဥ်ထားသော ကိုယ်ရံ‌တော်များဆီသို့ အာရုံရောက်သွားပြန်သည်။ 


တကယ်တမ်းတွင် ယွီဟန် ဤနေရာသို့ရောက်နေသည်မှာ ရက်ပေါင်းများစွာကြာနေလေပြီ။ ပထမဆုံးရက်တွင် အညောင်းဆန့်ခွင့်ရလိုက်သည်မှအပ ပြန်လည် နာလန်ထူနိုင်ရန် နားခိုင်းခြင်းကိုခံနေရ၏။ 


ငြိမ်သက်စွာနေရသည်မှာ ရက်ပေါင်းများစွာကြာနေပြီဖြစ်သည့်အတွက် တစ်ခုခုလုပ်ချင်စိတ်တို့ဖြင့် ကြီးစိုးနေလေပြီ။ 


ထို့အပြင် ရှဲ့စစ်ရှင်းနှင့် ရင်ဆိုင်ရန်အတွက်လည်း တတ်နိုင်သမျှ ပို၍သန်မာလာရန် လိုအပ်လေသည်။ 


ယွီဟန် မျက်လုံးမှေးလိုက်ကာ ကိုယ်ရံတော်များကို အကဲခတ်လိုက်၏။ သူ ဖျတ်ခနဲကြည့်လိုက်ခြင်းဖြစ်သော်လည်း အကြည့်ခံလိုက်ရသော လူတိုင်းသည်ကား ကျောရိုးတစ်လျှောက် အေးစက်သွားမှုကို ခံစားလိုက်ရသည်။ 


ယွီဟန်က ထိုလူများထဲမှ အသန်မာဆုံးသူတစ်ယောက်ကိုရွေးလိုက်လေ၏။


“မင်း! ငါနဲ့ လက်ဝှေ့လေ့ကျင့်ရအောင် လာခဲ့” 


ရွေးချယ်ခြင်းခံလိုက်ရသော ကိုယ်ရံတော်မှာ ကြောက်လန့်တကြားနှင့် ငြင်းဆန်လိုခဲ့လေ၏။


“မဒမ်၊ ကျွန်တော်...” 


ယွီဟန်ငည်ကား ဆုံးဖြတ်ချက်တစ်ခုချမှတ်ပြီဆိုသည်နှင့် မည်သူမှ ထိုဆုံးဖြတ်ချက်ကို မပြောင်းလဲနိုင်ပေ။


သူ၏ မရမကတောင်းဆိုချက်ကြောင့်ပင် ရွေးချယ်ခံလိုက်ရရှာသော ကိုယ်ရံတော်မှာ တုန်လှုပ်နေပြီး ဝန်လေးသည့်ပုံဖြင့် မျက်နှာချင်းဆိုင် ရပ်လိုက်ရသည်။ သို့သော်လည်း သူ တွန့်ဆုတ်နေချိန်တွင်ပင် အလျင်အမြန်ပင် ထိုးနှက်ခံလိုက်ရ‌လေတော့သည်။ 


ယွီဟန်ကတော့  စိတ်မကျေနပ်သေးသည့်ပုံရပြီး မျက်မှောင်ကြုတ်လိုက်ကာ အော်လိုက်လေ၏။


“နောက်တစ်ယောက်!” 


တစ်ယောက်ရှုံးသွားပြီးလျှင် နောက်တစ်ယောက်က ရှေ့တိုးလာခဲ့သည်။ 


သူက ကိုယ်ရံတော်များနှင့် တစ်ယောက်ပြီး တစ်ယောက် ယှဥ်ပြိုင်တိုက်ခိုက်နေခဲ့ပြီး လူတိုင်းရှုံးနိအ့်သွားပြီးမှသာ သက်သောင့်သက်သာရှိလေသည်။ 


လင်းဟန်၏ ခန္ဓာကိုယ်က ချိနဲ့သော်လည်း ကမ္ဘာအများအပြားသို့ လှည့်ပတ်သွားလာခဲ့ကာ တောက်လျှောက် သွေးထားခဲ့သော ယွီဟန်၏ အရည်အချင်းများမှာကား ရုပ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်နေမှုဖြင့် ကန့်သတ်ခံထားရခြင်း မရှိတော့ပေ။


ပို၍ကောင်းမွန်သော ခန္ဓာကိုယ်ကို ရရှိပါက ပို၍ သင့်လျော်မည်မှာ အမှန်ဖြစ်သော်လည်း ဤအနေအထားဖြင့်လည်း နိမ့်ကျခြင်း မရှိသေးပါချေ။ 


ဗီလိန်တစ်ယောက်ကို ပြောင်းလဲခြင်းသည်ကား သူနှင့် မသင့်လျော်သည်မှာ သေချာပေါက်ပင်ဖြစ်လေ၏။


သူက လုံအောင့်ထျန်းဖြစ်လာဖို့ မွေးဖွားလာသူဖြစ်ပြီး လုံအောင်ထျန်းအဖြစ်သာ သေဆုံးမည်ဖြစ်သည်။ 


ဗီလိန်တစ်‌ယောက်ကို ပြောင်းလဲပြုပြင်ရန်ကြိုးစားနေရမည့် သူတစ်ဦး ဖြစ်လာမည်မဟုတ်ပေ။ 


သူက လက်တစ်ဖက်တည်းနှင့်သာ ကိုယ်ရံတော်အားလုံးကို အနိုင်ရသွားခဲ့သည့်အတွက် သူတို့၏ လေးစားမှုကိုလည်း ရရှိသွားခဲ့၏။ 


အစပိုင်းတွင် ကိုယ်ရံတော်များက စိတ်အတိုက်အခံဖြစ်နေသော်လည်း ဖြည်းဖြည်းချင်းနှင့် သူ့ကို အတော်လေးပင် လေးစားလာကြလေသည်။ 


ယွီဟန်သည်က စိတ်ပျင်းရိသောအချိန်မျိုးတွင်  ခေါင်မိုးထပ်တွင် လက်ဝှေ့ထိုးလေ့ကျင့်ရန်အတွက် သူတို့ကိုခေါ်သွားလေ့ရှိသည်။ 


ဤသို့ဖြင့် မကြာမီအချိန်အတွင်း၌ ခေါင်မိုးထပ်တွင် သန်မာထွားကျိုင်းသည့် လူ ၁၂ ယောက်ခန့်က “ဟား၊ ဟာ့” ဟု တပြိုင်နယ်ဟစ်ကြွေးကာ လက်သီးထိုးလေ့ကျင့်နေကြခြင်းက ဆေးရုံအမိုးထပ်၏ အလွန်ကို ခမ်းညားထည်ဝါလှသည့် မြင်ကွင်းတစ်ခုဖြစ်လာခဲ့လေသည်။ 


ပုံမှန်အားဖြင့် ယွီဟန်လုပ်သမျှအရာအားလုံးကို ရှဲ့စစ်ရှင်းထံသို့ တင်ပြရလေ့ရှိသည်။ 


ယွီဟန်လုပ်ချင်သည့်အရာမှန်သမျှကို လွတ်လွတ်လပ်လပ် လုပ်နိုင်သည်ဟု ရှဲ့စစ်ရှင်းမှ ညွှန်ကြားခဲ့သော်လည်း  ဤလှုပ်ရှားမှုများကို သူ၏ ဥက္ကဌဆီသို့ ပြန်လည်တင်ပြသောအခါတွင် ကျန်းစစ်နျဥ်၏မျက်နှာပေါ်ရှိ မျက်နှာထားမှာ ရှင်းမပြနိုင်စွာ ထူးဆန်းနေလေ၏။ 


ဤအရာကို သတိပြုမိသည့်အတွက် ရှဲ့စစ်ရှင်းက တည်ငြိမ်စွာဖြင့် မေးလာခဲ့သည်။ 


“တခြားဘာရှိသေးလဲ?” 


ကျန်းစစ်နျဥ် မျက်နှာရှုံ့မဲ့စွာနှင့်ပင်  ဖြေလိုက်မိ၏။


“ဥက္ကဌ၊ မဒမ်ကို ဆေးရုံကနေ ပြန်မခေါ်သေးဘူးဆိုရင်  မကြာခင်မှာ ဆေးရုံက လက်ဝှေ့ထိုးကွင်းအဖြစ် ပြောင်းသွားတာကို မြင်တွေ့ရပါလိမ့်မယ်” 


*


ကျန်းစစ်နျဥ်သည်ကား ထိုအကြောင်းကို အကုန်အစင် ကြားပြီးသွားလေပြီ: 


ဆေးရုံတွင်ရှိနေသော လင်းဟန်မှာ သူတို့စီစဥ်ပေးထားသော ကိုယ်ရံတော်များဖြင့် နေ့စဥ် လက်ဝှေ့လေ့ကျင့်နေတတာပြီး ထိုကိုယ်ရံတော်များက သူ့ကို ရှုံးနိမ့်နေခဲ့ရသည်။


ဥက္ကဌသာ အလွန်အေးဆေးတည်ငြိမ်မနေပါက သူ့အနေဖြင့် လင်းဟန်တစ်ယောက် ရူးသွားပြီဟုပင် ထင်မြင်မိလောက်သည်။ 


“……” 


ရှဲ့စစ်ရှင်းက ခေတ္တမျှ ငြိမ်သက်သွားသော်လည်း သူ အံ့သြသွားခြင်း မရှိပါချေ။ဒါက အဲဒီတစ်ယောက် လုပ်နိုင်မဲ့အရာမျိုးပါပဲလေ။ 


သူ ခဏမျှ တွေးတောပြီးနောက် ပြောလိုက်လေသည်။


“ဒါဆိုလည်း သူ့ကို ဆေးရုံကဆင်းခိုင်းလိုက်ကြတာပေါ့” 


ယွီဟန်ကို ဆေးရုံ၌ ဆက်ထားခြင်းသည်က အကျိုးကျေးဇူးတစ်စုံတစ်ရာမရှိမည့်အပြင် တခြားလူများ သူတို့၏အရေးကိစ္စများထဲ ဝင်ရောက်စပ်စုနိုင်ရန် ပို၍ လွယ်ကူသွားနိုင်သည်။ 


ကျန်းစစ်နျဥ်ကတော့ အတည်ပြုချက် ရရှိသွားသည့်အတွက်  ချက်ချင်းပင် စီစဥ်မှုများကို စတင်လုပ်ဆောင်လိုက်တော့သည်။ 


ကံကောင်းစွာဖြင့် ယွီဟန်က ကောင်းစွာ နာလန်ထူခဲ့သည့်အတွက် လည်သိုင်းပတ်တီးဖြုတ်ပြီးသည်နှင်သ ဆေးရုံမှဆင်းလို့ရနိုင်ခဲ့သည်။ 


ယွီဟန် ဆေးရုံမှဆင်းသည့်အချိန်တွင် ရှဲ့စစ်ရှင်းက သူ့ကိုလာမကြိုခဲ့ပေ။ ယွီဟန် မည်သည့်စကားကိုမှ မပြောနိုင်ခင် စနစ်မှ သက်ပြင်းချတော့၏။ 


အစပိုင်းတွင် ဗီလိန်ကို ပြုပြင်ပြောင်းလဲရာတွင် တိုးတက်မှုကောင်းကောင်းရရှိခဲ့သည်ဟု ထင်လိုက်သော်လည်း ထိုသည်မှာ သူ၏  ဖြစ်ချင်ရုံဆန္ဒသက်သက်သာ ဖြစ်သွားပုံရလေသည်။ 


သူနှင့် မတူစွာဖြင့် ယွီဟန်ကတော့ ထိုကိစ္စနှင့်ပတ်သတ်၍ မည်သည်ကိုမျှမခံစားရချေ။ 


သူ့အနေဖြင့် မွန်းကျပ်လှသော ဆေးရုံကြီးမှ ထွက်ခွာချင်သည်မှာ ကြာလှလေပြီ။ 


ဇိမ်ခံကားက လှပသော အိမ်ရာထဲသို့ဝင်သွားကာ နောက်ဆုံး ဗီလာတစ်ခုရှေ့တွင် ရပ်သွားလေသည်။ 


တစ်စုံတစ်ယောက်မှ သူ့အတွက် ကားတံခါးကို ဖွင့်ပေးလိုက်လေသည်။ 


ယွီဟန် အပြင်သို့ထွက်လိုက်သည်နှင့် ရုပ်ရည် ခံ့ညားလှသော သက်လတ်ပိုင်းအရွယ်  အမျိုးသားတစ်ယောက်ကို တွေ့လိုက်ရ၏။


ထိုသူသည်ကား ရှဲ့မိသားစု၏ အိမ်တော်ထိန်း၊ ဦးလေးဝမ် ဖြစ်ပေသည်။ 


လင်းဟန် ရှဲ့စစ်ရှင်းနှင့် မင်္ဂလာဆောင်လိုက်သည့်အချိန်မှစ၍ ရှဲ့စစ်ရှင်းကို အိမ်တွင် တွေ့ရခဲသည်။ တစ်လတွင် အကြိမ်ရေအနည်းငယ်မျှလောက်သာဖြစ်သည့်အတွက် အများအားဖြင့် လင်းဟန်အား အဖော်လုပ်ပေးသူမှာ ဤအိမ်တော်ထိန်းပင်ဖြစ်ချေသည်။ 


သူ လက်ခံရရှိထားသော မှတ်ဉာဏ်များကို ကြည့်လျှင် လင်းဟန်မှာ ပင်ကိုအားဖြင့် ကြင်နာတတ်ပြီး ဤအိမ်တော်ထိန်းနှင့်လည်း ဆက်ဆံရေးကောင်းတစ်ခု ရှိခဲ့သည်ဟု ထင်မြင်ရသည်။ 


“မဒမ်” 


အိမ်တော်ထိန်း ဦးလေးဝမ်၏ ရိုသေမှုရှိသော လေသံက ယွီဟန်ကို သတိပြန်ကပ်စေခဲ့လေ၏။ 


“မဒမ်”ဟုသော ဝေါဟာရကို ကြားသည့်အချိန်တိုင်း ယွီဟန်တစ်ယောက် မတတ်နိုင်ဘဲ ကျောချမ်းရလေသည်။ 


အရှင်မင်းသား၊ အရှင်ဧကရာဇ်နှင့် အမတသခင်ဟု ဂုဏ်ပုဒ်အမျိုးမျိုး အခေါ်ခံရဖူးသော်လည်း မည်သူကမျှ သူ့အား မဒမ်ဟု မခေါ်ခဲ့ဖူးပါချေ။ 


ထို့ကြောင့် ယွီဟန်လည်း အိမ်တော်ထိန်းရှေ့တွင် ဟန်ဆောင်မနေတော့ဘဲ ပြောလိုက်လေသည်။ 


“ကျွန်တော့်ကို မဒမ် မခေါ်လို့ မရဘူးလား?” 


ဦးလေဝမ်က ခေတ္တမျှ ရပ်တန့်သွားကာ ခိုင်မာသည့် လေသံဖြင့် ပြောလိုက်၏။ 


“မရပါဘူး” 


ဒါဆိုလည်း ထားလိုက်ပါတော့။


ယွီဟန်က မရမက တောင်းဆိုချင်စိတ်များ မရှိပါချေ။ 


၎င်းအခော်အဝေါ်သည်က နာမ်စားဂုဏ်ပုဒ်တစ်ခုတည်းသက်သက်သာ မဟုတ်ပါလား။  ရှဲ့စစ်ရှင်းကို အောင်အောင်မြင်မြင် ကွာရှင်းပြီးလျှင် ၎င်းနာမ်စားကို ထပ်၍ ကြားရတော့မည်မဟုတ်ပေ။ 


ယွီဟန် ဂရုမစိုက်စွာဖြင့် ဗီလာထဲသို့ လမ်းလျှောက်ဝင်သွားခဲ့၏။ 


ရှဲ့မိသားစုတွင် မြို့လည်ခေါင်၌ မြေကွက်ကြီးတစ်ခုလုံး ပိုင်ဆိုင်ထားနိုင်သည်ဟူသောအချက်ကိုကြည့်လျှင်ပင် ရှဲ့စစ်ရှင်းထံ၌ အလွန် တောင့်တင်းခိုင်မာသော ဘဏ္ဍာရေးအင်အားသာရှိရုံတင်မဟုတ်ဘဲ အံ့မခန်းလောက်သည့် ဂုဏ်အဆင့်အတန်းတစ်ခုလည်း ရှိသည်ကို ထင်ရှားစွာ သိမြင်နိုင်ပေသည်။ 


မျိုးဆက်သုံးဆက်တိုင်အောင် ရှဲ့မိသားစုက မြို့တော် A တွင် ထင်ရှားကာ သြဇာညောင်းသော မိသားစုတစ်ခုဖြစ်ခဲ့၏။


သို့သော်လည်း ရှဲ့စစ်ရှင်း၏ ဖခင်လက်ထက်တွင် စရိုက်လက္ခဏာ အကဲဖြတ်မှားသွားသဖြင့် မိသားစုအတွင်း သစ္စာဖောက်ခံလိုက်ရလေသည်။ 


သူတို့၏ စံအိမ်ကြီးမှာ ပြိုလဲသွားခဲ့ကာ ပိုင်ဆိုင်သည့်ပစ္စည်းများကလည်း ညတွင်းချင်းပျောက်ကွယ်သွားပြီး ထိုဝန်ကို မထမ်းနိုင်သော ရှဲ့စုံတွဲမှာလည်း အဆုံးစီရင်သွားခဲ့ကြတော့၏။ 


တစ်ညဟူသောအချိန်အတောအတွင်းမှာပင် မိသားစုတစ်ခု ပြိုကွဲသွားရလေသည်။ 


လူငယ်တစ်ယောက်ဖြစ်သော ရှဲ့စစ်ရှင်းမှာလည်း ဦးလေးဖြစ်သူ၏အိမ်မှ မွေးစားခံလိုက်ရသည်။  သို့သော်လည်း ထိုမွေးစားခံခဲ့ရသည့် ကာလအတွင်း ရှဲ့စစ်ရှင်းတစ်ယောက် မျှော်လင့်ချက်ကင်းမဲ့သည့် အချိန်တစ်ခုကို ဖြတ်သန်းခဲ့ရသည်ဟူသောအကြောင်းကို အတွင်းလူများက သိရှိထားခဲ့ကြသည်။


သို့သော်လည်း ထိုကဲ့သို့  ပိုင်ဆိုင်သည့်အရာ ဗလာနတ္တိဖြစ်နေခဲ့သည့်  ရှဲ့စစ်ရှင်းက နှစ်အနည်းငယ်အတွင်း မှာပင် မြို့တော် A ၏ အခွင့်ထူးခံအဆင့်သို့ ပြန်လည်ဝင်ရောက်နိုင်ခဲ့ကာ သူ ဆုံးရှုံးသွားခဲ့သော အရာဟူသမျှကို ပြန်လည်သိမ်းယူနိုင်ခဲ့သည်။ 


ဤသည်က သူ၏ အံ့မခန်း အမြင်ထက်မြက်မှုနှင့် ကြမ်းတမ်း၍ ဖိနှိပ်လွန်းသည့် နည်းလမ်းများကို ဖော်ပြနေပေ၏။ 


သူ၏ ခန့်မှန်းရခက်သော ပင်ကိုစရိုက်ကြောင့်ပင် လူအများမှ သူ့အား   ဦးစားပေးလာခဲ့ကွပြီး တစ်ချိမ်တည်းတည် ကြောက်လည်းကြောက်ရွံ့ကြသည်။ 


ယွီဟန် ဗီလာအတွင်းသို့ လမ်းလျှောက်ဝင်သွားခဲ့ကာ စံအိမ်ကြီးအား သူ၏ကိုယ်ပိုင် ပိုင်နက်ကဲ့သို့ စစ်ဆေးအကဲဖြတ်နေခဲ့ပြီး အရာအားလုံးကိုလည်း အသေးစိတ်စစ်ဆေးနေလေသည်။ 


မကြာခင်ပင် သူ၏စိတ်ထဲတွင် အကြံတစ်ခု ရလာခဲ့သည်။ယွီဟန်သည်ကား မည်သည့်စာအုပ်ကိုဖြစ်စေ မဝင်ရောက်ခင်ကတည်းက ထိုစာအုပ်ကမ္ဘာ၏ တိုက်ခိုက်နိုင်မှုစွမ်းအား ထိပ်ဆုံးနေရာအထိရောက်ရှိစေရန် ရည်မှန်းချက်ပန်းတိုင်တစ်ခု ချမှတ်တတ်လေသည်။


ထိုအထွဋ်အထိပ်သို့ ရောက်ရှိသည်နှင့်အမျှ သူ့အနေဖြင့် ပြည့်စုံသော အောင်မြင်မှုတစ်ခုကို ရရှိနိုင်မည်သာပင်။ 


ဤစာအုပ်ထဲတွင်မူ ဗီလိန်ဖြစ်သူ ရှဲ့စစ်ရှင်းက ဤကမ္ဘာ၏ ထိုထိပ်ဆုံးနေရာတွင် ရှိနေခဲ့သည်။ 


အဓိကဇာတ်ဆောင်ပင်လျှင် သူ့ကို ရှုံးနိမ့်ခဲ့ရ၏။ 


သူ့အနေဖြင့် ရှဲ့စစ်ရှင်းကိုသာ သာလွန်သွားမည်ဆိုပါက ယခင်ကမ္ဘာတွင် မြင့်မြတ်သော ဧကရာဇ်မဖြစ်လာခြင်းအတွက် အစားလျော်ကြေးအဖြစ် ရနိုင်မည့်အပြင် နောက်ထပ်ပြီးပြည့်စုံသော အောင်မြင်မှုတစ်ခုကို ရရှိနိုင်မည်ဖြစ်သည်။ 


‘လုံအောင့်ထျန်း၏ အနိုင်ယူလိုစိတ်ပြင်းပြမှုကို နိုးဆွပေးနိုင်သည်’ဟူသော  စကားက  ရှဲ့စစ်ရှင်းအတွက် ယွီဟန်၏ အမြင့်မားဆုံးသော  ချီးမွန်းစကားဖြစ်လိမ့်မည်။ 


ဦးလေးဝမ် လှည့်ကြည့်လိုက်သောအချိန်တွင် ယွီဟန်၏ စိတ်ဓာတ်ပြတ်သားမှု မီးသားများနှင့် တောက်ပနေသော မျက်လုံးများနှင့် စိတ်အားထက်သန်နေမှုကို မြင်လိုက်ရလေ၏။ 


ဦးလေးဝမ်:”?” 


သူ မတတ်နိုင်ဘဲ ရှဲ့စစ်ရှင်း၏ ယခင် ညွှန်ကြားချက်များကို သတိရလိုက်မိ၏။ 


“သူဘာပဲ လုပ်ချင်လုပ်ချင်၊ သူ့ကိုပေးလုပ်လိုက်၊  ဘာကိုမှ မတားဆီးနဲ့” 


ရှဲ့စစ်ရှင်း ဤစကားကို ပြောကြားစဥ်က သူ၏လေသံမှာ ယခင်ကထက် အေးစက်တည်ငြိမ်နေသော်လည်း ဦးလေးဝမ်အနေဖြင့် ထိုလေသံ၏ နောက်ကွယ်တွင် ကွဲပြားခြားနားနေသော အဓိပ္ပာယ်တစ်ခုရှိနေကြောင်းကို သတိထားလိုက်မိလေသည်။ 


*