Chapter 34
“အလည်ထွက်မယ်၊ အဆင်ပြေပါ့မလား”
“အင်း မြို့စားကြီးရဲ့ ခွင့်ပြုချက်ရမှ အဆင်ပြေတာဆိုပေမဲ့ အခု ယောလ်က အရုပ်လေးမှမဟုတ်တော့တာ၊ လူဖြစ်သွားပြီဆိုတော့ အဆင်ပြေလောက်ပါတယ်”
“နော်!”
သူ၏ ပျော်ရွှင်မြူးတူးနေသော စိတ်ကို မနည်းထိန်းထားကာ တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ဖြေလိုက်လေသည်။
ပြန်စဉ်းစားကြည့်ကာမှ အက်ရှ်အိမ်တော်သို့ စရောက်ကတည်းက တစ်ခါမှ အပြင်သို့ အလည်မထွက်ဖူးပေ။
မိုက်ကီရယ်နှင့်အတူ နန်းတော်နှင့် မြို့စားအယ်ဆာရင်း အိမ်တော်သို့ ရောက်ဖူးသော်လည်း ထိုအရာကို အလည်ထွက်သည်ဟု မပြောနိုင်ပေ။
သို့သော် အပြင်ထွက်လည်ခြင်းသည်လည်း အမျိုးမျိုးရှိလေသည်။ သူယခုလေးတင် အကုန်စားပစ်လိုက်သည့် အရသာရှိသောမုန့်အချိုများထွက်ဝယ်၍ စားခြင်းလား၊ သို့မဟုတ် မြို့ထဲသို့ လမ်းလျှောက်ထွက်ခြင်းလား၊ ဘယ်ဟာဖြစ်ဖြစ် သူသဘောကျလေသည်။
ယောလ်တစ်ယောက် အပျော်လွန်ကာ မိုက်ကီရယ်ပြန်လာလျှင် သူ့ထံမှ ခွင့်ပြုချက်တောင်းဖို့ မစောင့်နိုင်တော့ပေ။
***
“မိုက်ကီရယ် မိုက်ကီရယ်”
မိုက်ကီရယ် ပြန်ရောက်ရောက်ခြင်းပင် ယောလ်မှာ သူ့အား တွယ်ကပ်နေတော့လေသည်။ မိုက်ကီရယ်တစ်ယောက် ယောလ်၏ ပျော်ရွှင်မြူးတူးနေသည့်ပုံစံကို ကြည့်ကာ တစ်ခုခုဖြစ်နေမှန်း သဘောပေါက်လိုက်သည်။
“ဘာဖြစ်နေတာလဲ”
“ကျွန်တော် ပြောစရာတစ်ခုရှိတယ်၊ အာ ဒါပေမဲ့ ရေအရင်ချိုးလိုက်ဦး ဘယ်လောက်ကြာကြာ ကျွန်တော်စောင့်နိုင်ပါတယ်၊ အေးအေးဆေးဆေးလုပ်ပါ”
ယောလ်မှာ သူ့စိတ်ထဲကမပါသော စကားများကိုပြောနေမှန်း မိုက်ကီရယ်သိသဖြင့် သူပြောသည်ကို နားထောင်ပြီးနောက် ဟက်ဟက်ပက်ပက် ရယ်မောလိုက်မိ၏။ ယောလ်၏ ပန်းရောင်ဆံပင်များကြားထဲမှ နားရွက်ကလေးများမှာ ညှိုးကျနေလေသည်။
“ရပါတယ် ပြောပါ၊ ငါ့ကို ဘာပြောစရာ ရှိလို့လဲ”
“ကျွန်တော် အပြင်ထွက်လည်ချင်လို့”
“မရဘူး”
“ဟာ ခင်ဗျားက လွန်လွန်းပါတယ်ဗျာ”
ယောလ်၏မျက်နှာလေးမှာ ချက်ချင်းပင် ဝမ်းနည်းသည့် အမူအရာဖြစ်သွားတော့၏။
မိုက်ကီရယ်ချက်ချင်းပြန်ဖြေလိုက်သည့် အဖြေကြောင့် သူ့မှာ ဘာပြန်ပြောရမှန်းပင်မသိချေ။ သူ့ မျက်လုံးပြာပြာလေးများသည် တုန်လှုပ်ကာ မျက်ရည်များဖြင့် ပြည့်လာလေသည်။
ယောလ်၏ အတွေးထဲတွင် မိုက်ကီရယ့်အား အသွေးအသားမပါ ခံစားချက်မရှိသည့် လူတစ်ယောက်အဖြစ်သာ မြင်နေတော့သည်။ တခြားသူတစ်ယောက်၏ တောင်းဆိုချက်ကို ဘာကြောင့်များ အကြင်နာကင်းမဲ့စွာ ငြင်းဆိုနိုင်ရတာလဲဟု တွေးမိနေ၏။
“နည်းနည်းလောက်တော့ စဉ်းစားပေးလို့ရပါတယ်ဗျာ၊ ချက်ချင်းကြီး ငြင်းပစ်ဖို့မှ မလိုတာကို”
“မင်းဒီတစ်ခေါက်အပြင်ထပ်ထွက်ရင် ပြဿနာမတက်ဘူးလို့ ဘယ်သူပြောနိုင်လဲ မရဘူး”
“ကျွန်တော် ဘယ်တုန်းက ပြဿနာတစ်ဖူးလို့လဲဗျ၊ တစ်ခါမှလည်း ပြဿနာ မရှာဖူးပါဘူး”
ယောလ်တစ်ယောက် မတရားခံရသည့်သူပီပီ ကွန်ပလိန်းပြန်တက်နေသော်လည်း မိုက်ကီရယ့်ပုံမှာ စိတ်ပြောင်းသွားမည့်ပုံ မပေါ်ပေ။
ယောလ်သည် အရင်ညစာစားပွဲတွင် ဖြစ်ပျက်ခဲ့သောအရာကို ပြဿနာဟု မထင်ပေ။ သို့သော် မိုက်ကီရယ့်အနေနှင့်တော့ ပြန်တွေးကြည့်တိုင်း ခေါင်းကိုက်စရာပင်။
“ကျွန်တော်လည်း အပြင်လောကကြီးကို ကြည့်ချင်တယ်လေဗျာ၊ အဲ...အဲ့ မုန့်အချိုလေးကိုလည်း ဝယ်ချင်တယ်၊ ဈေးလည်း သွားဝယ်ချင်တယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ဒီအိမ်တော်ကြီးထဲက ထွက်ချင်တယ်ဗျာ”
“မင်းက အပြင်ကို ကြည့်ချင်တာလား”
“ဟုတ်တယ်၊ ဒီအိမ်တော်ထဲကနေကြည့်တာကို ပြောတာမဟုတ်ဘူးနော်၊ ရထားလုံး ပြတင်းပေါက်ကနေလည်း မဟုတ်ဘူးဗျ”
ထိုကဲ့သို့ပြောကာ ယောလ်တစ်ယောက် မိုက်ကီရယ့်ဆီက အဖြေတစ်ခုခုကို မျှော်လင့်မိနေသည်။
မိုက်ကီရယ့်မေးခွန်းများအပြီးမှာပင် ယောလ်၏ မျက်လုံးများသည် ယခုချက်ချင်း အပြင်ထွက်နေရသကဲ့သို့ ပျော်ရွှင်နေ၏။
မိုက်ကီရယ့်နှလုံးသားသည်လည်း ယောလ်၏ အရောင်တောက်တောက် မျက်လုံးများကြောင့် ပျော်ရွှင်နေလေသည်။
“မိုက်ကီရယ် ကျေးဇူးပြုပြီး နော််.. နော်လို့”
ယောလ်၏ အသနားခံသည့်ပုံကို ကြည့်ကာ မိုက်ကီရယ် အကြံတစ်ခုရသွားသည်။
“ကောင်းပြီ”
“ဟင် တကယ်လား”
“တကယ်ပေါ့ ပြောနေတာကြာတယ်၊ လာ သွားစို့”
“ဟုတ် မိုက်တယ် မိုက်တယ်”
“မိုက်တယ်”ဟူသည့် စကားက ဘာအဓိပ္ပာယ်မှန်း မိုက်ကီရယ် မသိပေ။ သို့သော် ကောင်းသည့် အဓိပ္ပာယ်မှန်းတော့သိသည်။ ထို့နောက် စိတ်ကျေနပ်မှုအပြည့်ဖြင့် ပျော်ရွှင်မြူးတူးနေသော ယောလ်ကို လှည့်ကြည့်မိလိုက်လေသည်။
လူအများစုက သူ့အား မျက်စိဒေါက်ထောက်ကာ ကြည့်နေမှန်း မိုက်ကီရယ်သိသည်။ ထို့ကြောင့် ယောလ်နှင့် အပြင်အတူတူထွက်ပါက လူအများမှာ ယောလ် ဘယ်သူလဲ ဆိုသည်ကို သိချင်ကြလိမ့်မည်။ ထို့အပြင် သူ့အား မကောင်းသောကောလဟာလများနှင့် ကဲ့ရဲ့ကြမည်ကိုလည်း သူသိသည်။
သို့သော် အရုပ်တစ်ရုပ် မဟုတ်တော့သည့် ယောလ်အား အမြဲတမ်း ဖွက်ပေးထားရန်မှာ မဖြစ်နိုင်မှန်း သူသိ၏။
ယောလ်အား အမြဲတမ်း ဖွက်မထားချင်ဘူးဟု ငြင်းလျှင် သူ လိမ်ရာကျလိမ့်မည်။ သို့သော် ထိုအရာသည် မဖြစ်နိုင်သည့်အပြင် ယောလ်လည်း လုံးဝ သဘောမကျမည့် အရာပင်။ ထို့ကြောင့်လည်း သူလုပ်ပေးနိုင်သည်မှာ ယောလ်သဘော အတိုင်းလိုက်လုပ်ပေးရန်မှလွဲ၍ တခြားမရှိတော့ပေ။
ထို့နောက် မိုက်ကီရယ်လည်း သူပြန်ရောက်ကာစက ချွတ်ကာ ချိတ်ထားသည့် ကုတ်အင်္ကျီကို ဖြုတ်ကာ ဝတ်လိုက်၏။
ထိုစဉ် ယောလ်တစ်ယောက် သူ့အား ခေါင်းလေး စောင်း၍ အံ့ဩသည့်မျက်လုံးများဖြင့် ကြည့်ကာ
“အာ မဟုတ်မှလွဲ မိုက်ကီရယ်ရော လိုက်မလို့လားဟင်”
“အဲဒါဆို မင်းက တစ်ယောက်တည်း သွားမလို့လား”
“အဲ အစတုန်းကတော့ ကျွန်တော်လည်း အဲလိုထင်ထားတာ”
“ယူရီ၊ မင်းကို ငါတစ်ယောက်တည်း လွှတ်မယ်ထင်နေတာလား”
“နိုး လုံးဝမထင်ပါဘူး”
“ကောင်းတယ်၊ သိရင်ပြီးတာပဲ”
မိုက်ကီရယ့်အဖြေကြောင့် ယောလ်၏ အပျော်လေးများ နည်းနည်းပင် ပျောက်သွားသလိုပင်။ သို့သော်လည်း သိပ်မကြာခင်မှာပင် ပျော်ရွှင်မြူးကြွလာပြန်သည်။
မိုက်ကီရယ်နှင့် အတူတူသွားလျှင် သူ့ကြောင့် လွတ်လွတ်လပ်လပ်နေရမည် မဟုတ်မှန်းသူသိသည်။ သို့သော် ထိုသို့ မသွားလို့ကလည်း မဖြစ်ပေ။ အဘယ်ကြောင့်ဆိုသော် သူတစ်ယောက်တည်းသာဆို လမ်းပျောက်မည်မှာ အမှန်ပင်။
ထို့အပြင် သူ့တွင် ပိုက်ဆံတစ်ပြားမှမရှိပေ။ ထို့ကြောင့် မိုက်ကီရယ့်နားမှီကာ သူ့ပိုက်ဆံအိတ်ထဲမှ ခြစ်ချုတ်သုံးရမည်ဖြစ်သည်။
ထိုအရာများကို တွေးမိကာ တစ်ယောက်တည်းမသွားရ၍စိတ်ညစ်နေသည့် သူ့အတွေးလေးများ ပျောက်ကွယ်သွားလေသည်။
ယောလ်တစ်ယောက် မိုက်ကီရယ်နှင့် အပြင်အတူတူသွားဖို့ကို လက်သင့်ခံလိုက်ရ၏။
ရထားလုံးပေါ် တက်ဖို့ပြင်လိုက်သည်နှင့် သူ၏ခြေလှမ်းများသည် ပေါ့ပါးနေကာ မျက်နှာတွင်လည်း ပီတိအပြုံးများဖြင့် ပြည့်နှက်နေသည်။
အိုလော့ဗ် အိမ်တော်သည် အလွန်ကျယ်ဝန်းလှသဖြင့် အဝင်လမ်းကပင် အလွန်ရှည်လျားလှသည်။ ထို့ကြောင့် လမ်းလျှောက်ထွက်ဖို့ရန် မဖြစ်နိုင်ပေ။ ထို့အပြင် အိမ်တော််မှ မြို့သို့ အတော်ဝေးလှသည်။ ထို့ကြောင့် ရထားလုံးဖြင့်သာ သွားရန်ဆုံးဖြတ်လိုက်ကြသည်။
“အစ်..အစ်ပဟန် လား ဟုတ်တယ်၊ လယ်ဗီဝယ်လာတဲ့ မုန့်အချိုလေးလေ အရမ်းစားလို့ကောင်းတယ်၊ အဲဒါလေး ဝယ်ချင်လို့”
“ဟုတ်ပြီလေ”
“အမ် ဘာရှိသေးလဲ အာဟုတ်ပြီ၊ အဲနေရာမှာ လက်လုပ် ကြက်ဥပူတင်းလေးတွေရောင်းတယ်လို့လည်းကြားတယ်၊ မိုက်ကီရယ်လည်း စားကြည့်ရမယ်နော်”
“ရစေရမယ်”
“အာ..ပြီးတော့..အဲမှာ ခေါက်မုန့်ဆိုင်လည်း ရှိတယ်ကြားတယ်၊ အဲဆိုင်က အစ်ပဟန် ဆိုင်နဲ့နီးတယ်ပြောတယ် ကျွန်တော်အဲဒါလည်း စားကြည့်ချင်တယ်”
“အင်း စားတာပေါ့”
ရထားလုံးစထွက်သည်နှင့် ယောလ်မှာ သူစားချင်သည်များအား တန်းစီထိုင်ပြောနေတော့၏။
မိုက်ကီရယ်သည် ပုံမှန်ဆိုလျှင် မုန့်အချိုများကို လုံးဝမကြိုက်ပေ။ သို့သော် ယောလ်က အရမ်းကြိုက်သဖြင့် သူ အတူတူလိုက်စားပေးရန် သဘောတူလိုက်လေသည်။ ထို့သို့သဘောတူပေးလိုက်သော် ယူရီ့ အသံသည် ပိုမိုပျော်ရွှင်ပုံ ပေါက်လာတော့၏။
မြို့ထဲသို့ သွားနေသောလမ်းတွင် ရထားလုံးပေါ်၌ ယောလ်သည် မြို့ထဲရောက်လျှင် သူလုပ်ချင်၊ စားချင်သည့် အရာများကို တစ်ဖွဖွပြောနေလေ၏။
မိုက်ကီရယ်တစ်ယောက် သေချာ နားထောင်ဟန် မပေါ်သော်လည်း ယောလ်ပြောသမျှ စကားလုံးတိုင်းကို မှတ်မိသည်။ သူ့ကိုယ်သူလည်း မယုံနိုင်ဖြစ်နေလေသည်။ ကြီးကြီးမားမားပြောင်းလဲသွားခြင်း မဟုတ်သော်လည်း သူ့အရင်ပုံစံနှင့် မတူသည်ကို မိုက်ကီရယ် သတိထားမိနေ၏။
သူအတွေးလွန်နေတုန်းမှာပင် ရထားလုံးသည် မြို့အဝင်သို့ ရောက်နေလေပြီ။
“ဒါဝတ်ထားလိုက်”
“ဒါပေမဲ့ ရာသီဥတုက အေးမှ မအေးတာ”
“အအေးပတ်မှာစိုးလို့ ဝတ်ခိုင်းတာမဟုတ်ဘူး၊ ဂျေးမများနဲ့”
မိုက်ကီရယ် ပေးလိုက်သည်မှာ ခြေမျက်စိအထိပင် ဖုံးသည့် ကုတ်အင်္ကျီအရှည်တစ်ထည်ပင်။ ယောလ်ခမျာ ဤကို့ယို့ကားယားနိုင်သော ကုတ်အင်္ကျီအား မျက်မှောင်ကျုံ့ကာ ကြည့်နေလေသည်။ ယောလ်ဘယ်လိုပင် ဖြစ်ပျက်နေပါစေ၊ မိုက်ကီရယ်ကတော့ ပုံမှန်အတိုင်းသာ ကြည့်နေလေ၏။
“ဒါကြီးက သက်သောင့်သက်သာရှိမဲ့ပုံမှ မပေါ်တာဗျ”
“မဝတ်ရင် ပိုပြီးတော့တောင် သက်သောင့်သက်သာ မရှိဘဲနေမယ်နော်”
“အဲဒါဆို ဝတ်ရမှာပေါ့နော်”
ယောလ်တစ်ယောက် မိုက်ကီရယ်နှင့် ယှဉ်မပြောတော့ရန် ဆုံးဖြတ်လိုက်သည်။ သူ့ပုံစံက ပြန်မပြောနားမထောင်သော ကလေးနှင့်မတူပဲ စိတ်ကောက်နေသော ကောင်မလေးနှင့် တူနေလေ၏။
ယောလ်လည်း ထိုကုတ်အင်္ကျီအား ဝတ်လိုက်လေသည်။
မဝတ်ခင်တည်းက ကြိုခန့်မှန်းမိသော်လည်း တကယ်တမ်း ဝတ်လိုက်သည့် အချိန်တွင် ပို၍ပင် စိတ်ရှုပ်ဖို့ ကောင်းနေလေသည်။
ထို့နောက် မိုက်ကီရယ်က ထပ်ပြီး ခေါင်းစွပ်အရှည်တစ်ခုကို ဆောင်းပေးလိုက်ချိန်တွင်တော့ ယောလ်ခမျာ ရေကန်ထဲသို့ ပြုတ်ကျသွားသောကြောင် တစ်ကောင်ကဲ့သို့ ဒေါသထွက်သွားလေသည်။
“ကျွန်တော်ဒါကြီး မဝတ်ချင်ဘူး”
“မင်းဝတ်ချင်လား မေးမိလို့လား”
“အဲလိုတော့ မဟုတ်ဘူးလေဗျာ ဒါပေမဲ့…”
“အဲဒါဆို ဝတ်ထားပြီး တိတ်တိတ်လေးနေ”
“သိပါပြီ”
ယောလ်ခမျာ သူမဝတ်ချင်သည့် ကုတ်အင်္ကျီအရှည်ကြီးသာမက ခေါင်းစွပ်အရှည်တစ်ခုပါ ထပ်ဝတ်လိုက်ရသဖြင့် မိုက်ကီရယ့်အား အနိုင်ကျင့်လွန်းသည့် လူဆိုးကောင်ဟုပင် သတ်မှတ်လိုက်သည်။ သူ့မှာ ပါးကလေးများပင် ဖောင်းတက်လာလေသည်။
ယောလ်မကြိုက်လောက်မှန်း သိသော်လည်း မိုက်ကီရယ်တွင် သူ့အားကုတ်အင်္ကျီအရှည်နှင့် ခေါင်းစွပ်ဝတ်ခိုင်းရသည့် အကြောင်းပြချက်ကောင်းကောင်းရှိ၏။
ယောလ်အား လူသိပ်မသိသော်လည်း မိုက်ကီရယ့်ကိုတော့ လူတော်တော်များများ မှတ်မိကြ၏။ ထို့ကြောင့် အက်ရှ်မြို့စားကြီးက တခြားလူတစ်ယောက်ဖြင့် မြို့အနှံ့လျောက်သွားနေပါက လူအများပြောစရာ ဖြစ်ပေလိမ့်မည်။
သာမန်ကောလဟာလတစ်ခုသာဆိုလျှင် သူဂရုစိုက်မည်မဟုတ်ပေ။ သို့သော် မကောင်းသည့် ကောလဟာလဖြစ်ဖို့ အခွင့်အရေးက ပိုများလေသည်။ လူများ၏ပါးစပ်ဖျား ရောက်လေလေ အပုတ်ချဖို့ ပိုများလေလေဖြစ်သည်။
သူ့အကြောင်း ဘယ်လောက်ပင် မကောင်းသတင်းပြောပြော သူ ဂရုမစိုက်သော်လည်း ယူရီ့အား အပုတ်ချလျှင် သူသည်းခံနိုင်လိမ့်မည်မဟုတ်ပေ။ ထို့ကြောင့်ပင် ယောလ်အား သူမကြိုက်သည့် အဝတ်များကို အတင်းဝတ်ခိုင်းနေရခြင်းပင်။
သူကိုယ်တိုင်လည်း ဝတ်ရုံတစ်ခုကို ဝတ်ထားကာ သူ့မျက်နှာတစ်ဝက်နှင့် နက်မှောင်သည့် ဆံပင်များကို ဖုံးအုပ်ထားသည်။
“ဝိုးး လူတွေ အများကြီးပဲ”
ယောလ်တစ်ယောက် လမ်းမပေါ်မှ လူများကို ကြည့်ကာ အံ့ဩနေလေသည်။
နှစ်ယောက်သားဆင်းသည့်နေရာသည် မြို့တော်တွင်သာမက ဝိုက်ဒီဖီးယား အင်ပါယာတစ်ခုလုံးတွင် လူအများဆုံးနေရာဖြစ်သော ပိုကဗွန်းလမ်းပင်ဖြစ်သည်။ ထိုလမ်းတွင် စားသောက်ဆိုင်များ၊ မုန့်ဆိုင်များသာမက အလှပြင်ဆိုင်များလည်း အများအပြားရှိလေသည်။
လူများသည်မှာတော့ အမှန်ပင်။ သူတစ်ချက် သတိလွတ်သွားသည်နှင့် သူ့အရှေ့က လူ၏ ကုတ်အင်္ကျီစကို တက်နင်းမိလိုက်နိုင်သည်။
ထိုကဲ့သို့ တက်မနင်းမိအောင် သတိထားလျောက်ရင်းနှင့် ယောလ်တစ်ယောက် မိုက်ကီရယ်၏ လက်မောင်းကို တင်းကျပ်စွာ ကိုင်ထားမိလိုက်တော့လေသည်။