Ch 21
Viewers 2k

Chapter 21



“ဘာ!”


စုန့်လီချင်းတစ်ယောက် သူနားကြားမှားတာများလားဟု ထင်မိသွားသည်။


“ငါပြောတာက မင်း ကျွင်းချီယွိကို စွန့်ပစ်လိုက်၊ နောင်အနာဂတ်မှာ ငါနဲ့တူတူနေ၊ ငါနဲ့ဆိုရင် မင်းဘယ်တော့မှ စိတ်မပျက်စေရဘူး”


စုန့်လီချင်းက ပေရှင်းရှု၏ အလေးအနက်ပုံစံကို ကြည့်ပြီး အဓိပ္ပာယ်မရှိဘူးဟု တွေးလိုက်သည်။


“မနောက်ပါနဲ့၊ ခင်ဗျား ကျွန်တော်နဲ့ ဘယ်နှစ်ခါများ တွေ့ဖူးလို့လဲ၊ ကျွန်တော် ဘယ်သူလဲဆိုတာကိုရော ခင်ဗျားသိလို့လား”


“မင်းဘယ်သူလဲ ငါမသိဘူး ဒါပေမယ့် ငါ့မှာ မင်းအကြောင်းသိဖို့ တစ်သက်စာအချိန်တွေ အများကြီးရှိတယ်၊ မင်းက အိမ်ရှေ့စံမင်းသားရဲ့ အ‌စေခံပဲဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ် အရေးမကြီးဘူး၊ ခုနက ညီလာခံခန်းမမှာ မင်းအဲဒီလိုပြောပြီးကတည်းက ငါအတည်ပြုလိုက်တဲ့ အချက်တစ်ချက်ရှိတယ်”


ပေရှင်းရှုက ခပ်တည်တည်ပဲ ပြောလိုက်သည်။


“စုန့်လီချင်းဆိုတဲ့မင်းက ငါတစ်သက်လုံး ရှာနေခဲ့ရတဲ့သူပဲ”


“ပါးစပ်ပိတ်ထား!”


စုန့်လီချင်း သူပြောတာတွေကို နားမထောင်ချင်သလို သူဆက်ပြောမှာကိုလည်း မလိုလားပေ။


“ကျေးဇူးပြုပြီး ခင်ဗျားရဲ့ စကားတွေကို ပြန်ရုတ်သိမ်းပေးပါ၊ နန်းတော်ထဲမှာ လူတွေအများကြီးရှိတယ် စကားပြောတာ သတိထား၊ အိမ်ရှေ့စံမင်းသားရဲ့ နားထဲရောက်သွားရင် ခင်ဗျားရဲ့အသက် ပါသွားလိမ့်မယ်!”


“ကျွင်းချီယွိကို ငါကြောက်မနေဘူး”


ပေရှင်းရှုက မလျှော့တမ်းပြောသည်။


“ငါမင်းကို သူ့ဆီကနေ ဓားပြတိုက်ပြီးလုယူနေတာ မဟုတ်ဘူး…မင်းက အိမ်ရှေ့စံမင်းသားရဲ့ အစေခံအနေနဲ့ အနှစ်သက်မခံရဘူးမဟုတ်လား၊ ငါထင်တာတော့ မင်း လွန်ခဲ့တဲ့ ရက်အနည်းငယ်ကထက် ပိုပိန်လာသလိုပဲ၊ ကျွင်းချီယွိက ခေါင်းမော့ရင်ကော့ပြတဲ့သူကိုပဲ ချစ်တာ မင်းကို ဒီလိုမြင်ရတာ ငါရင်နာတယ်”


ဒီစကားက စုန့်လီချင်း၏ နာနေသောနေရာကို သွားထိမိသည်။


“ခင်ဗျား ဘာသိလို့လဲ၊ သူက ခဏတာ စိတ်လွတ်ပြီး လမ်းမှားရောက်သွားတာ၊ တစ်နေ့ကျရင် သူ့စိတ်က ပြောင်းလဲလာလိမ့်မယ်”


သူဘာလို့ ဒီလောက် မခံမရပ်နိုင် ဖြစ်နေရတာလဲဆိုတာကို ပေရှင်းရှု မသိပေ။ သူက သူ့ကို နာကျင်အောင် လုပ်သည့် သူကိုတောင် ကာကွယ်ပေးရန် အစွမ်းကုန်ကြိုးစားနေသည်။


“ကျွင်းချီယွိက ဟူနွီအာရဲ့ ရှားပါးဆန်းပြားတာကို ကြွားလုံးထုတ်ပြီး တကယ့် ရတနာကိုကျ ပယ်ချလိုက်တယ် ရယ်စရာပဲ! အဲဒီတုန်းက ငါဘယ်လိုခံစားနေရလဲဆိုတာကို မင်းသိလား၊ မနာလိုနေတာ၊ သူ့ရဲ့အာဏာနဲ့ နောက်ခံအင်အားကို မနာလိုတာ မဟုတ်ဘူး၊ သူ မင်းကို သူ့ဘေးနားမှာ ထားနိုင်တာကိုပဲ မနာလိုတာ…သူက မင်းကို ဘယ်လိုများ ဒီလောက် ပြတ်သားအောင် လုပ်နိုင်ရတာလဲ”


“သူက…”


စုန့်လီချင်း ပြောမထွက်။ ဘာ‌ကြောင့်လဲဆိုတော့ သူ့အချစ်က နက်နက်ရှိုင်းရှိုင်းကို အမြစ်တွယ်နေပြီဖြစ်တာကြောင့် ရုန်းမထွက်နိုင်တော့တာဖြစ်သည်။


“သူနဲ့ကျွန်တော်ရဲ့ ကံကြမ္မာက ခင်ဗျားထင်သလို အပေါ်ယံမဟုတ်ဘူး”


“ကံကြမ္မာမှာလည်း အဆုံးသတ်ဆိုတာရှိတယ်” 


ပေရှင်းရှုက ခေါင်းမာမာနှင့် ပြောသည်။ 


“ငါတို့ရဲ့ ကံကြမ္မာကျတော့ အခုမှ စမှာလေ”


စုန့်လီချင်းက အဓိပ္ပာယ်မရှိသလို ခံစားလိုက်ရသည်။


“ကျွန်တော်တို့မှာ ဘာကံကြမ္မာရှိလို့လဲ!”


ပေရှင်းရှုက သူ့လက်ကောက်ဝတ်ကို မြှောက်ပြပြီး တောက်တောက်ပပ ပြုံးလိုက်သည်။


“အနည်းဆုံးတော့ ငါတို့က… လူနာအချင်းချင်းလို့ သတ်မှတ်လို့ရတယ်မလား”


“…”


စုန့်လီချင်းတစ်ယောက် ဆွံ့အသွားရသည်။


“ဒါဆို ကျွန်တော့်မှာ ကျောက်ပေါက်မာရှိတယ်ဆိုရင် တစ်ကမ္ဘာလုံးက ကျောက်ပေါက်မာရှိတဲ့သူတွေကို လိုက်ရှာရမှာပေါ့၊ အခု သွားလို့ရပြီလား၊ ကျွန်တော့်နား လိုက်ကပ်မနေပါနဲ့တော့”


စုန့်လီချင်းက သူ့ရထားလုံးပေါ် တက်လိုက်ပြီး လိုက်ကာချပစ်လိုက်သည်။


“သွားမယ်! ချီလင်အိမ်တော်ကို ပြန်ကြစို့!” 


စုန့်လီချင်းက မြင်းထိန်းအား လောဆော်လိုက်သည်။ 


“ငါအတည်ပြောနေတာ…”


ပေရှင်းရှုက သူထွက်ခွာသွားတာကို ဘာမှမတတ်နိုင်ဘဲ ကြည့်နေရသည်။


ပထမတော့ သူ စုန့်လီချင်းကို တခြားပြည့်တန်ဆာကောင်လေးများနှင့် အတူတူပဲဟု ထင်ခဲ့ပြီး နှလုံးသားအောက်ခြေကနေကို အထင်သေးခဲ့သည်။ သို့သော် အကြိမ်အနည်းငယ်လောက် ဆုံတွေ့ပြီးနောက်မှာ ပထမဆုံးအနေနဲ့ သူ့ရင်ဘတ်ထဲတွင် ကြယ်ပွင့်လေးများ ရှိနေသည်ကို တွေ့ရှိသွားခဲ့ပြီး သူ့အတွင်းစိတ်မှာ မပြောပြနိုင်လောက်အောင် လှပတာကို သိလိုက်ရသည်။


ဝမ်းနည်းစရာကောင်းတာက စုန့်လီချင်းက အမြဲတမ်း ရှောင်ဖယ်ရှောင်ဖယ်လုပ်တာပဲ။


ပွဲတော်ထဲပြန်ရောက်ချိန်၌ ပေရှင်းရှု၏ နှလုံးသားက စုန့်လီချင်းနောက် လိုက်ပါသွားခဲ့သည်။ အစားအသောက်တွေက ပေါ့ရွှတ်ရွှတ်နှင့် အရသာမရှိတော့။ စုန့်လီချင်းမှာ ညှို့ဓာတ်ရှိသော အရာတစ်ခုကဲ့သို့ ရှာဖွေစူးစမ်းချင်လာအောင် သူ့အားဆွဲဆောင်နေလေသည်။ ပြီးနောက် သူက အလွန်သနားစရာကောင်းလှသည်။ သူ၏ အေးတိအေးစက် အသွင်အပြင်နှင့် အထီးကျန်ဆန်နေသည့် မျက်လုံးတွေကို တွေးလိုက်ရုံနှင့်တင် ပေရှင်းရှု အလွန်စိတ်ပူမိသည်။


သူက အခုချိန်မှာ ဘယ်သူ့ဆီမှ မအပ်နှံရသေးပေ။ ဒါဆို 

သူက သူ့ကယ်တင်ရှင် ဖြစ်နိုင်လောက်သည်။


“လုံလန်မင်းသား!”


“ဟင်”


ပေရှင်းရှု သတိပြန်ဝင်လာတော့ ဧကရာဇ်ရွှမ်ဘေးနားက ကုန်းကုန်းက သူ့ကိုကြည့်နေသည်။


“အိုး အိုး”


သူ အမြန်ထပြီး အစေခံကိုင်ထားသော လက်ဆောင်ပဏ္ဏာပုံးကိုယူကာ ဧကရာဇ်ရွှမ်ထံ ကိုယ်တိုင်ဆက်သလိုက်သည်။ ကုန်းကုန်းက ပုံးကိုလက်ခံယူပြီး ဖွင့်ကာ ဧကရာဇ်ရွှမ်အား ပြလိုက်သည်။


ပေရှင်းရှုက အချိန်ကိုက်လက်ယှက်လျက် ဆိုလိုက်သည်။ 


“လုံလန်နိုင်ငံတော်က ရေခဲကျောက်စိမ်းအိုးတစ်စုံ၊ ကျွဲနွားသိုးအကောင်ငါးထောင်စီနဲ့ မြင်းတစ်ထောင်ကို ဆက်သပါတယ်၊ ကျင်းနိုင်ငံတော် ထာဝရစည်ပင်ဝပြောပါစေ၊ ဧကရာဇ်မင်းမြတ် သက်တော်ရာကျော် ရှည်ပါစေလို့ ဆုတောင်းပါတယ်”


ဧကရာဇ်ရွှမ် အချက်ပြလိုက်တော့ ကုန်းကုန်းက လက်ဆောင်ပဏ္ဏာစာရင်းအား ဖတ်ပြသည်။


ပေရှင်းရှု ကျေးဇူးတင်စကားပြောပြီးနောက်မှာ သူ ဘယ်လိုလက်ဆောင်မျိုး ပြန်ယူသင့်လဲဆိုတာကို လုံးဝမသိပေ။


သူ တွန့်ဆုတ်နေမိသည်။ ဒီအချိန်မှာ ဖွင့်ပြောလိုက်သင့်လား။


“လုံလန်မင်းသားက အလုပ်များနေတုန်းပဲလား” 


ဧကရာဇ်ရွှမ်က မေးသည်။


နောက်ဆုံးတော့ ပေရှင်းရှု သူ့စိတ်ထဲက စေ့ဆော်မှုအား ထိန်းမထားနိုင်တော့ပေ။


သူက ခန်းမထဲ ဒူးထောက်လိုက်ပြီး ခခယယ အရိုအသေပေးလိုက်သည်။ သူ့ဂုဏ်ပုဒ်နှင့် အဆင့်အတန်းအရ သူက ကျင်းကော်ဧကရာဇ်အား အကြိမ်တိုင်း အလွန်အကျွံ အရိုအသေပေးစရာမလိုပေ။


“တူတော်မှာ တောင်းဆိုမှုတစ်ခု ထပ်ရှိပါတယ်၊ ဧကရာဇ်မင်းမြတ် ဖြည်းဆည်းပေးလိမ့်မယ်လို့ တူတော်မျှော်လင့်ပါတယ်!”


“ဟမ်၊ ပြောလေ”


ဧကရာဇ်ရွှမ်က သူဘယ်လိုတောင်းဆိုမှုမျိုး လုပ်မလဲဆိုတာကို မသိတာကြောင့် သူ့သဘောထားအား ချက်ချင်းမဖော်ပြသေး‌ပေ။


ပေရှင်းရှုက ညှို့ညှို့မှိုင်းမှိုင်းနှင့် ခေါင်းညိမ့်ပြလိုက်သည်။ 


“တူတော်က ဧကရာဇ်မင်းမြတ်နဲ့ အိမ်ရှေ့စံမင်းသားဆီကနေ လူတစ်ယောက်ကို တောင်းချင်ပါတယ်”


“လူလား”


ဧကရာဇ်ရွှမ် ပဟေဠိဖြစ်သွားပြီး ပြုံးရင်းမေးလိုက်သည်။


“ကျင်းကော်က ဘယ်အပျိုတော်ကများ မင်းကို ဒီလို ကြီးကျယ်တဲ့ တောင်းဆိုမှုမျိုး ကိုယ်‌တော့်ဆီတောင်းဆိုအောင် လုပ်နိုင်ရတာလဲ၊ မင်းကိုပေးဖို့ ကိုယ်တော့်မှာ မင်းသမီးတော့မရှိဘူး၊ ဟားဟား”


ပေရှင်းရှုက ခေါင်းမော့ပြီး လျှောက်တင်လိုက်သည်။


“သူက မင်းသားမင်းသမီး မဟုတ်ပါဘူး…တူတော်ရှာနေတာက ခုနက နန်းတော်ထဲမှာရှိတဲ့ အဆင့်ခုနစ်အရာရှိ အိမ်ရှေ့စံရဲ့ အစေခံ စုန့်လီချင်းပါ!”


ဒီစကား ထွက်လာတာနှင့် နန်းတော်ထဲက ကျင်းကော်အမတ်တွေအားလုံး အသက်ရှူမှားသွားပြီး မန်ချူးမင်းဆက်၏ အရပ်ဘက်နှင့် စစ်ဘက်အမတ်များအားလုံး အသံတိတ်သွားကြသည်။


ကျွင်းချီယွိက ရုတ်တရက် ထရပ်ပြီး  စူးစူးဝါးဝါး ကြည့်လိုက်သည်။


ဝိုင်ခွက်ကိုင်ထားသော အမတ်အိုကြီးတစ်ယောက်က ဝိုင်သောက်မယ်အလုပ်မှာ သူ့လက်တွေက လေထဲအေးခဲသွားရသည်။ လက်ချောင်းအိုတွေက ဝိုင်ခွက်အား မြေပြင်ပေါ် ဘန်းခနဲ ပြုတ်ကျသွားစေသည်။


ဝိုင်ခွက်လိမ့်ကျသည့် အသံက ခန်းမထဲ ပဲ့တင်ထပ်သွားသည်။


“အတင့်ရဲလိုက်တာ!” 


ဧကရာဇ်ရွှမ်ဘေးနားမှ ကုန်းကုန်းက အော်လိုက်သည်။


ဧကရာဇ်ရွှမ်က လက်မြှောက်ကာ ပေါ့ပေါ့ပါးပါးမေးလိုက်သည်။


“မင်းကို ငါမေးမယ်၊ စုန့်လီချင်းကို မင်း ဘာလုပ်ချင်တာလဲ”


“တူတော်က…သူ့ရဲ့ အရည်အချင်းကို တန်ဖိုးထားတယ်၊ သူက တင့်တယ်ပြီး ကျက်သရေရှိတယ် တူတော်သူ့ကို…ပထမဆုံး မြင်မြင်ချင်းမှာတင် ချစ်မိသွားတယ်လို့ သဘောထားလို့ရပါတယ်”


လူတိုင်းလူတိုင်းက ဘာလို့ တုန်လှုပ်နေပြီး တိတ်ဆိတ်နေသည်ကို ပေရှုင်းရှုမသိ။ ကျွင်းချီယွိမျက်နှာမှာလည်း နှင်းခဲများ အပြည့်ပင်။


ပေရှင်းရှုက ထပ်ပြောသည်။


“သူက အိမ်ရှေ့စံရဲ့ အစေခံ၊ ရုံးတော်က ခန့်အပ်ထားတဲ့ အရာရှိမှန်း သိပါတယ်၊ ဒါကြောင့် မပျက်ကွက်ရဲပါဘူး၊ တူတော်က ကြီးမားတဲ့ လက်ဆောင်ပဏ္ဏာပေးကမ်းဖို့ ဆန္ဒရှိပါတယ်၊ ဧကရာဇ်မင်းမြတ် ဒီကံကြမ္မာကောင်းကို ပေးသနားပါလို့ တောင်းဆိုပါတယ်၊ ဒါက ကျွန်တော်တို့ လုံလန်နဲ့ တာ့ကျင်းတို့ နှစ်နိုင်ငံ လက်ထပ်ပေါင်းစည်းပွဲပါပဲ” 


ခန်းမကြီးက ချောက်ခြားဖွယ် တိတ်ဆိတ်နေသည်။


ဝမ်ကောရန်က အိမ်ရှေ့စံရှေ့မှာတင် အိမ်ရှေ့စံမိဖုရားကို အလစ်သုတ်နေတာ။ ဒါမျိုး အရင်တုန်းက တစ်ခါမှမရှိခဲ့ဖူးဘူးလို့ ထင်တယ်။ ဒီပေရှင်းရှုက တော်တော့်ကို သတ္တိရှိတာပဲ။


နောက်ဆုံးတော့ အတွေ့အကြုံရှိသော ဧကရာဇ်ရွှမ်ကပဲ ဒေါသမထွက်ဘဲ အရှက်ပြေအောင် ရယ်သံနှောပြီး ဖြေရှင်းလိုက်သည်။


“မင်းက ကျင်းကော်ကို အခုမှ ပထမဆုံး ရောက်ဖူးတာဆိုတော့ လီချင်းကို ငါကတိပေးပြီး လက်ထပ်ပေးပြီးပြီဆိုတာကို မသိလောက်ဘူး၊ မင်း ခြေတစ်လှမ်း နောက်ကျသွားပြီ”


“ဘယ်လို! လက်ထပ်ပြီးပြီဟုတ်လား” 


ပေရှင်းရှုတစ်ယောက် မယုံနိုင်ပေ။


မိန်းမစိုးချုပ်က ပြတ်ပြတ်သားသား ပြောသည်။


“လုံလန်မင်းသား၊ အိမ်ရှေ့စံမင်းသား အစေခံ စုန့်လီချင်းက အိမ်ရှေ့စံမင်းသားရဲ့ မိဖုရားပါ၊ ဧကရာဇ်မင်းမြတ်ကိုယ်တိုင် ဒီလက်ထပ်ပွဲကို ပေးသနားခဲ့တာပါ” 


“အိမ်ရှေ့စံမိဖုရား!”


ပေရှင်းရှုတစ်ယောက် မိုးကြိုးပစ်ခံလိုက်ရသလို အချိန်အတော်ကြာအောင် စကားမပြောနိုင် ဖြစ်သွားရသည်။


“အိမ်ရှေ့စံမိဖုရား… သူက ကျွင်းချီယွိရဲ့ အိမ်ရှေ့စံမိဖုရား… ဘာလို့…ဘာလို့ ဘယ်သူမှ ငါ့ကို မပြောကြတာလဲ”


သူ ခန်းမထဲ ရပ်နေတာက ဟာသတစ်ခုလို လှောင်ပြောင်စရာ ဖြစ်လာခဲ့သည်။ သူ့တစ်ကိုယ်လုံး ထုံကျင်နေပြီး လက်ချောင်းတွေက မသိစိတ်အရ တုန်ယင်နေသည်။ သူ့နှလုံးသားမှာလည်း ဓားနှင့်မွှမ်းခံရသလို နာကျင်နေသည်။


ဒါဆို… စုန့်လီချင်းက ဘယ်တော့မှ သူ့အပိုင် မဖြစ်နိုင်တော့ဘူးလား။


ဧကရာဇ်က စုန့်လီချင်းအား လက်ထပ်ပွဲချီးမြှင့်ခဲ့ပေမယ့် အိမ်ရှေ့စံမင်းသားကျွင်းချီယွိက သူ့ကို ကောင်းကောင်းမွန်မွန် မဆက်ဆံတာကြောင့် သူမသိခဲ့ပေ။ ကျွင်းချီယွိက အစကတည်းက ဆန့်ကျင်ခဲ့သောကြောင့် အမတ်များနှင့် အစေခံများက အိမ်ရှေ့စံမိဖုရားကိစ္စကို လျှို့ဝှက်ထားခဲ့ကြခြင်းဖြစ်သည်။။ အထူးသဖြင့် အိမ်ရှေ့စံရှေ့မှာဆိုလျှင် ကံဆိုးမှုအား မထိမိအောင် ရှောင်ခဲ့ကြသည်။


သူ့အဆင့်အတန်းနှင့်သာဆိုလျှင် စုန့်လီချင်းအား မီးထဲရေထဲမှ ကယ်တင်နိုင်မယ်ဟု ပေရှင်းရှု ထင်ထားခဲ့သည်။


သူ၏ စိတ်လိုက်မာန်ပါအပြုအမူက စုန့်လီချင်းထံ ဘေးအန္တရာယ်များ သယ်ဆောင်လာပေးလိမ့်မည်ဟုတော့ သူလည်းမမျှော်လင့်ထားခဲ့‌ချေ။

__________________________________________________________________________