Chapter 22
စုန့်လီချင်းက ချီလင်အိမ်တော်ကို အရင်ဆုံး ပြန်လာခဲ့ပြီး ခေါင်းကိုက်သက်သာအောင် နို့ပျားရည်ချိစ့်များ ပြင်ဆင်ထားခဲ့သည်။ ကျွင်းချီယွိတစ်ယောက် ပြည်ထောင်ပေါင်းစုံပွဲတော်မှ ပြန်လာလျှင် အရက်မူးပြီး မသက်မသာဖြစ်မှာပဲဟု သူတွေးမိခဲ့သောကြောင့်ဖြစ်သည်။
ကျွင်းချီယွိသည် သန်းခေါင်ယံမတိုင်ခင် ပြန်လာမှာမဟုတ်ဘူးဟု တွေးထားသောကြောင့် ကျွင်းချီယွိ၏ အဝတ်အစားများကို သူပြန်သိမ်းလိုက်သည်။ အဝတ်များမှရသော ကျွင်းချီယွိ၏ ကိုယ်သင်းနံ့ဟာ စုန့်လီချင်းအား စိတ်သက်သာရာရစေသည်။
ရှောင်တိ ဝင်လာသည့်အချိန်တွင် သူလန့်ပြီး စုန့်လီချင်းအား တားလိုက်သည်။
“သခင်လေး၊ အမြဲတမ်း ကိုယ်တိုင်မလုပ်ပါနဲ့၊ ကျွန်မအလုပ်တွေကို သခင်လေးလုပ်နေရင် ကျွန်မက ဘာလုပ်ရတော့မှာလဲ”
“ဘာပဲဖြစ်ဖြစ် ငါလည်းအားနေတာပဲဟာ”
စုန့်လီချင်းက ပြုံးပြီးပြောလိုက်သည်။
သူ မျက်လွှာချပြီး စဉ်းစားနေသည်။ ဘယ်လိုပဲဖြစ်ဖြစ် သူဒါတွေကို အချိန်အကြာကြီး လုပ်နိုင်မှာမဟုတ်ပေ။
တစ်နေ့နေ့မှာတော့ ကျွင်းချီယွိက သူ့ကြင်နာမှုတွေကို တွေးမိပြီး သူ့ကို သတိရကောင်းရလောက်ပါရဲ့။
ရှောင်တိကတော့ သူ စိတ်ဓာတ်ကျနေသည်ဟုပဲ ထင်နေခဲ့သည်။
“အရှင့်သားရဲ့ ဒီလိုစိတ်မျိုးနဲ့တောင် သခင်လေးက သူ့အပေါ်ကို အရမ်းကြင်နာတာပဲ”
စုန့်လီချင်းက နှုတ်ခမ်းကိုစေ့ပြီး အပြုံးလေးဖြင့်ပြောလိုက်သည်။
“သူက အရင်ကဆို ငါ့အပေါ် အရမ်းကောင်းခဲ့တာ…တစ်ခါတစ်လေကျ သူကငါ့အတွက် ဆိုးသွမ်းတဲ့ ညီငယ်လေးလိုပဲ၊ ဒါ ဘာများပါလိမ့်”
စုန့်လီချင်းက ရွှေရောင်ပိုးချည်နှင့် အနီရောင်ပိုးထည်တို့ဖြင့် လုပ်ထားသော ပန်းထိုးအိတ်လေးတစ်လုံးကို ကောက်ကိုင်လိုက်သည်။ အိတ်အပေါ်တွင် တရုတ်ဘဲငန်း၊ ဌက်နှင့် သစ်ကိုင်းပုံစံတို့အား ထိုးထားပြီး အထဲတွင်တော့ တစ်ခုခုရှိနေသည်။
“အိုး၊ အရှင့်သားက ဒါကို လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်က ပြန်ယူလာတာ”
ရှောင်တိက ပြန်ဖြေသည်။
“ဒီပန်းထိုးပုံစံက သခင်လေးအတွက်ပဲ ဖြစ်ရမယ်လို့ ကျွန်မထင်တယ်”
စုန့်လီချင်း၏ နှလုံးသားက ဂနာမငြိမ်ဖြစ်သွားပြီး မျှော်လင့်ချက်တချို့ ပေါ်ပေါက်လာခဲ့သည်။
“သူ တစ်ခါမှ မပြောခဲ့ဖူးပါဘူး”
စုန့်လီချင်းက သူ့ပစ္စည်းတွေကို လက်မဆော့ချင်သလို မျှော်လင့်ချက်လည်း သိပ်မထားရဲတာကြောင့် ပြန်ထားဖို့ပဲ စီစဉ်လိုက်သည်။
“ဘာပဲဖြစ်ဖြစ်၊ ဒါက သခင်လေးအတွက် လက်ဆောင်လေ၊ ဖွင့်ကြည့်လိုက်ရင် ဘာလဲသိလိမ့်မယ်”
ရှောင်တိက စိတ်ဝင်တစားပြောသည်။
စုန့်လီချင်းလည်း လှုံ့ဆော်မှုကို မခံနိုင်တော့ဘဲ အနီရောင်အိတ်လေးအား ဖွင့်လိုက်သည်။ အထဲတွင်တော့ ငန်းဥအရွယ် ကြက်သွေးရောင်ကျောက်တစ်လုံး ရှိနေသည်။ ကြည်လင်ပြောင်လက်ကာ အရည်လဲ့နေပြီး အပြစ်အနာအဆာလည်း မရှိပေ။ အရောင်တောက်တောက်ကျောက်လေးကို ပဲနီလေးပုံစံ ထွင်းထုထားသည်။ ထိုအပေါ်တွင်တော့ စာကြောင်းနှစ်ကြောင်း ထွင်းထားကာ တစ်ကြောင်းမှာ ကျွင်းချီယွိဖြစ်ပြီး နောက်တစ်ကြောင်းမှာ စုန့်လီချင်းဖြစ်သည်။
“ကျွန်မပြောသားပဲ”
ရှောင်တိက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“ဒါက သခင်လေးအတွက် လက်ဆောင်ပဲ”
စုန့်လီချင်းက အပျော်လွန်သွားတာကြောင့် မိန်းမောတွေဝေသွားပြီး တွေးဖို့ကိုတောင် မေ့သွားသည်။
သူ့နှလုံးသားက တဒုန်းဒုန်းခုန်နေကာ ရုတ်တရက် အရာအားလုံးက လက်တွေ့မကျသလို ခံစားလိုက်ရသည်။
ကျွင်းချီယွိရဲ့ နှလုံးသားထဲ တကယ်ပဲ သူရှိနေတာများလား။ အတင်းအကြပ် လက်ထပ်ထိမ်းမြားလိုက်ရလို့သာ ခုခံနေခဲ့တာလား။
“ဒါဆိုဘာလို့ သူကဒီအကြောင်း မပြောခဲ့တာလဲ”
စုန့်လီချင်း ဝေခွဲမရဖြစ်နေသည်။
“အရှင့်သားက သခင်လေးရဲ့ မွေးနေ့မှာ အံ့ဩသွားအောင် တိတ်တိတ်လေး ကျောက်စိမ်းပန်းပုပညာရှင်ကို ထုထွင်းခိုင်းထားတာပဲ ဖြစ်ရမယ်”
ရှောင်တိက ရယ်လိုက်ပြီး အားကျစွာ ပြောလိုက်သည်။
“ကောင်းလိုက်တာ၊ အရှင့်သားက မိုက်မဲတဲ့ပုံပေါက်ပေမယ့် တကယ်တမ်းကျတော့ အတွင်းထဲမှာ ဒီလိုစိတ်မျိုးရှိနေတာပဲ”
“မင်းကတကယ်ပဲ ပြောရဲဆိုရဲလွန်းတယ်”
ဒါက ဆူပူတာဖြစ်ပေမယ့် တကယ်တမ်းမှာ စုန့်လီချင်း၏ နှုတ်ခမ်းထောင့်စွန်းများမှာ ကော့တက်နေခဲ့ပြီး အလွန်တရာ ရှက်နေမိသည်။
အရာအားလုံးကို မျှော်လင့်ခဲ့ရတာ တန်သည်ဟု သူစတင်ခံစားလာရသည်။
အချိန်တွေ နည်းနေပြီဆိုရင်တောင်မှ ကျွင်းချီယွိ သူ့ကို ချစ်နေသရွေ့ နောက်လာမည့်နေ့ရက်များမှ အလဟသ ဖြစ်မည်မဟုတ်တော့ပေ။
“သခင်လေး၊ ဒါက ဘာလဲ”
ရှောင်တိက အိတ်ထဲက လက်တစ်ဆုပ်စာ ဆံပင်တွေကို လက်ညှိုးထိုးပြီး မေးလိုက်သည်။
စုန့်လီချင်း ခဏစဉ်းစားပြီး ပြန်ဖြေလိုက်သည်။
“ဒါက တစ်နှစ်သားအရွယ်မှာ ဖြတ်ထားတဲ့ မွေးဆံပင်လေးတွေလေ၊ အရင်က ချူးလူမျိုးတွေရဲ့ ဓလေ့တစ်ခုလို့ ကြားဖူးတယ် မိဘတွေက ဒီဆံပင်လေးတွေကို သိမ်းထားပြီး ကလေးကြီးလာလို့ လက်ထပ်တဲ့အခါ ခင်ပွန်းသည်နဲ့ ဇနီးသည်က ဆံပင်လေးတွေကို အတူတကွ ချည်နှောင်ကြတယ်၊ ဒါကြောင့် ဒါကို ဆံပင်ကြိုးထုံးလို့ ခေါ်တယ်၊ ဘယ်တော့မှမခွဲဖို့ ရည်ရွယ်တာပေါ့”
“သခင်လေး၊ သခင်လေးဆံပင်နဲ့ အရှင့်သားဆံပင်ကို အမြန်ချည်နှောင်လိုက်ပါ”
ရှောင်တိက တိုက်တွန်းလိုက်သည်။
စုန့်လီချင်းက ခေါင်းကို ဖြည်းဖြည်းချင်း ခါလိုက်သည်။
“ငါက အစားအစာတွေ အများကြီးစားပြီး ကြီးပြင်းလာခဲ့တာ၊ ငါ့အဖေနှစ်ယောက်က ငါ့ကို နှစ်နှစ်သားအရွယ်မှာ မွေးစားခဲ့တာ၊ မွေးဆံပင်လေးတွေက ဘယ်ကရပါ့မလဲ”
စုန့်လီချင်းက ဆုံးရှုံးသွားသလို ခံစားလိုက်ရသည်။
ဒီဆက်ဆံရေးမှာ အစကတည်းက နောင်တများရှိနေစေရန် ကံကြမ္မာက စီရင်ထားခြင်း ဖြစ်နိုင်သည်။ တစ်စုံတစ်ဦးကလည်း ပျက်ကွက်နေခဲ့သည်။
ရှောင်တိက သူယူလာသော ကတ်ကြေးဖြင့် ကျွမ်းကျင်စွာလုပ်ဆောင်လိုက်သည်။
“အဲလောက် အရေးမကြီးပါဘူး၊ ဆံပင်ဖြစ်နေရင်ကို ရပါပြီ”
သူ့လှုံ့ဆော်မှုကြောင့် စုန့်လီချင်းက ဆံပင်အနက်လေးတစ်ချောင်းကို ဖြတ်လိုက်ပြီး ကျွင်းချီယွိ၏ ဆံပင်နှင့် ချည်နှောင်လိုက်သည်။
ကြိုးနီဖြင့်ချည်နှောင်ထားသော ဆံပင်လေးများကိုကြည့်၍ သူ မရှင်းပြနိုင်သည့် စိတ်လှုပ်ရှားမှုအား ခံစားလိုက်ရကာ ငိုချင်လာမိသည်။ သူတို့၏ ဆံပင်များမှာ ဤဘဝတွင်တော့ ချည်နှောင်ပြီးပြီလို့ ယူဆလို့ရပြီ။
သခင်နှင့်အစေခံ နှစ်ယောက်စလုံးက ပျော်ရွှင်မှုထဲ နစ်မြောနေကြပြီး ကျွင်းချီယွိ နောက်မှ ရောက်လာခြင်းကို မသိလိုက်ကြပေ။
“ချီယွိ”
စုန့်လီချင်းမှာ ရှက်ရွံ့နေလေသည်။
“မင်းဘာလို့ ဒီလောက်အစောကြီး ပြန်လာတာလဲ”
မမျှော်လင့်ထားစွာဖြင့် ကျွင်းချီယွိက အသံတစ်သံမှမထွက်ဘဲနေ နေကာ စုန့်လီချင်းကိုသာ စိုက်ကြည့်နေသည်။
စုန့်လီချင်းက သူမျက်နှာမကောင်းခြင်းကို သိလိုက်သည်။ သူ့မျက်နှာသည် မည်းမှောင်နေကာ မျက်လုံးနက်နက်များက နက်ရှိုင်းလှသည့် ချောက်နက်ကြီးလိုပင်။ သူ့တစ်ကိုယ်လုံးဟာလည်း အအေးဓာတ်များ ထုတ်လွှတ်နေသကဲ့သို့ ထင်ရသည်။
“တောင်း... တောင်းပန်ပါတယ်၊ ငါ မင်းပစ္စည်းတွေကို ခွင့်ပြုချက်မရဘဲ မလုပ်သင့်ဘူး…”
စုန့်လီချင်းက ကြက်သွေးရောင်ပဲနီကျောက်လေးနှင့် မွေးဆံပင်လေးများကို အနီရောင်အိတ်ထဲ ပြန်ထည့်လိုက်သည်။
ကျွင်းချီယွိကတော့ တိတ်ဆိတ်ဆဲ တိတ်ဆိတ်မြဲပင်။ သူ့မျက်လုံးများမှာ..မုန်းတီးမှုများက ပေါက်ကွဲထွက်နေပြီး ဘာကြောင့်လဲတော့ စုန့်လီချင်းမသိပေ။
“ချီယွိ၊ ငါတို့နှစ်ယောက်ရဲ့နာမည်တွေ ထွင်းထားတာကို တွေ့တယ်…ရှေးဓလေ့ထုံးစံအရ ငါတို့ရဲ့ဆံပင်တွေကို အတူတူချည်နှောင်ထားလိုက်တယ်”
စုန့်လီချင်း အစတုန်းက ပျော်နေခဲ့ပေမယ့် ကျွင်းချီယွိ၏ ယခုလိုပုံစံကြောင့် သူ သတိကပ်သွားပြီး အပြုံးက မှိန်ဖျော့သွားကာ တုန်ယင်လာသည်။
“အထဲကပစ္စည်းက ငါ့အတွက်လား”
ဖြန်း!!
စုန့်လီချင်း တုံ့ပြန်ချိန်မရလိုက်ပေ။ ရိုက်ချက်တစ်ချက်က သူ့မျက်နှာပေါ် ကျရောက်လာပြီး ကြမ်းပြင်ပေါ် အရှိန်ဖြင့်လွင့်စင်ကာ လဲကျသွားပြီး တံတောင်ဆစ်ရိုးကျိုးသွားသည်။
သူ့နားထဲ တဝီဝီမြည်နေပြီး ခဏလောက် ညည်းညူမိသွားတာကြောင့် ကျွင်းချီယွိ သူ့အား လက်ညှိုးထိုးပြီး ဆဲဆိုနေတာတွေကို မကြားလိုက်ရပေ။
“အရှက်မရှိတဲ့ ပြည့်တန်ဆာကောင်!”
စုန့်လီချင်းမျက်လုံးတွေ ခဏလောက် မှောင်မိုက်သွားသည်။ သူ့ပါးပြင်ဟာ ပူနွေးနေကာ ရောင်မရောင်တော့ မသိပေ။ သူ့လက်ဖဝါးနှင့် ထိကြည့်လိုက်သည့် အခိုက်အတန့်တွင် မခံမရပ်နိုင်သော နာကျင်မှုကို ခံစားလိုက်ရသည်။
ရှောင်တိက ဒီရုတ်တရက် အပြောင်းအလဲကြောင့် ကြောက်လန့်တကြားငိုလိုက်မိပြီး လဲကျနေသော စုန့်လီချင်းကို ထူဖို့သွားလိုက်သည်။ ကျွင်းချီယွိက ဒေါသထွက်နေတုန်းပဲရှိသေးသည်ကို တွေ့လိုက်ရပြီး ရှေ့တိုးလာသောကြောင့် သူ ကျွင်းချီယွိရှေ့မှာ ဒူးထောက်လိုက်ရသည်။
“အရှင့်သား! အရှင့်သား! ဒီလို မလုပ်ပါနဲ့…”
ရှောင်တိက ခါးခါးသီးသီး တောင်းပန်သည်။
“ထွက်သွား!!”
ကျွင်းချီယွိက သူ့ကိုစကားလုံးနှစ်လုံးပဲ ပြောလိုက်သည်။ ထို့နောက် သူ့အစေခံများက ရှောင်တိအား အခန်းအပြင်ဘက်သို့ ဆွဲထုတ်သွားခဲ့သည်။
အခန်းထဲ၌ စုန့်လီချင်းနှင့် ကျွင်းချီယွိ နှစ်ယောက်တည်းသာ ကျန်ခဲ့သည်။
စုန့်လီချင်းက နာကျင်နေရာမှ ပြန်လည်သက်သာလာပြီး ကျွင်းချီယွိအား ကြောက်လန့်တကြား ကြည့်လိုက်မိသည်။
ဤသည်မှာ ကျွင်းချီယွိ သူ့ကို ပထမဆုံးအကြိမ် ရိုက်နှက်ခြင်းပင်။ ယခင်ကဆို ကျွင်းချီယွိ ဘယ်လောက်ပဲ ဒေါသထွက်ထွက် သူ့ကို တစ်ခါမျှ မရိုက်ခဲ့ဖူးပေ။
တကယ်တမ်း ခန္ဓာကိုယ်က နာကျင်မှုဟာ နှလုံးသားမှ နာကျင်မှုနှင့် ယှဉ်လျှင် အကွာကြီးပင်။
တချို့သော အောက်ခြေစည်းများကို တစ်ခါလေး ထိမိလိုက်သည်နှင့် ကျွင်းချီယွိက သူ့ကိုလုံးဝ သနားညှာတာမှာမဟုတ်ဘူး ဆိုတာကို သက်သေပြနေသည်။
ဒီလက်ဝါးရိုက်ချက်က ခုနလေးတင် စုန့်လီချင်း ထွန်းညှိလိုက်သည့် မျှော်လင့်ချက်ကလေးကို ဖျက်ဆီးပစ်လိုက်ပြီး သူ ခဲရာခဲဆစ် အနိုင်ရထားသော နှလုံးသားကို ရေခဲဓားဖြင့် ထိုးဖောက်ပစ်လိုက်သည်။
“ချီယွိ…”
စုန့်လီချင်းက ဘာလို့လဲဟု မေးလိုက်ချင်သော်လည်း သူ့ပါးစပ်ထောင့်မှာ အက်ကွဲနေပြီး ပါးစပ်ဟဖို့ အလွန်ခက်ခဲနေသည်။
ကျွင်းချီယွိက သူ့ထံ လျှောက်လာပြီး ဖြည်းဖြည်းချင်း ဒူးထောက်လိုက်သည်။
ဒီတစ်ခါမှာတော့ သူ ဘာမှ ထပ်မလုပ်တော့ဘဲ စုန့်လီချင်း၏ လည်ပင်းကိုသာ ညှစ်လိုက်သည်။
“ဘယ်တုန်းကလဲ”
ကျွင်းချီယွိက အံကြိတ်ပြီး ရက်ရက်စက်စက် မေးလေသည်။
“ဟမ်”
စုန့်လီချင်းက လည်ပင်းညှစ်ခံထားရတာကြောင့် အသက်ရှူကြပ်နေသည်။ သူ့တွင် အမြင်အာရုံပြဿနာ ရှိနေကာ အနက်ရောင်မြူခိုးတစ်ထပ်က ဖုံးလွှမ်းထားသလိုပင်။ ကျွင်းချီယွိ၏ မျက်နှာအား ရှင်းရှင်းလင်းလင်းမမြင်ရဘဲ သူ၏ အေးစက်စက်အသံကိုသာ ကြားနေရသည်။
“ပြောစမ်း၊ မင်း ဘယ်တုန်းက ပေရှင်းရှုနဲ့ ဖောက်ပြန်ခဲ့တာလဲ”
“မဟုတ်ဘူး…ငါမလုပ်ဘူး”
စုန့်လီချင်း၏ အသံမှာ တုန်ယင်နေသည်။ သူ နောက်ကိုရှောင်လိုက်ပြီး နံရံထောင့်တွင်မှီကာ ဘောလုံးလေးလိုကွေးသွားပြီး တုန်ယင်နေလေသည်။
သူ၏ မျက်နှာကြည်ကြည်ကိုကြည့်ရင်း ကျွင်းချီယွိမှာ အလွန်တရာ မကောင်းဆိုးဝါးဆန်နေခဲ့သည်။
“မင်းနဲ့ ချီမြောင်နဲ့ မရှင်းမရှင်းဖြစ်ကတည်းက ငါ မင်းကို သတိထားခဲ့သင့်တာ၊ အခွင့်အရေးရတာနဲ့ မင်းမျက်နှာက ယောက်ျားတွေကို မြှူဆွယ်နေတာပဲ၊ အဖေနဲ့သားက အတူတူပဲဆိုတာ တကယ်မှန်တယ်၊ မင်းဖေဖေလေးဆီက ဘာတွေ သင်ယူခဲ့တာလဲ၊ ကိုယ်ရည်သွေးတာပဲ မဟုတ်လား၊ မင်းတို့သားအဖ နှစ်ယောက်စလုံးက ပြည့်တန်ဆာအိမ်က စက်ဆုပ်စရာကောင်းတဲ့ အမှိုက်တွေပဲ”
_________________________________________________________________________