အပိုင်း (၅၃) (က)
ဘုရားပွဲသွားရသည့် ရည်ရွယ်ချက်မှာ စားဖို့ သောက်ဖို့နှင့် ပျော်ရဖို့ပင်။ ထို့ကြောင့် တချို့က အိမ်တွင် မနက်စာစားပြီးသည်နှင့် ထွက်လာကြလေသည်။ သူတို့သည် ဘုရားပွဲက အရသာရှိသည့် အစားအစာများအားလုံးကို မြည်းစမ်းကြည့်ရန် ဗိုက်ဆန့်မှာကြောက်ကြသည်။
မနက်ခင်းတွင် အစောကြီးထွက်လာခဲ့ပြီးနောက် သူတို့သည် ဘုရားပွဲသို့ ခြေကျင်ဖြစ်စေ လှည်းဖြင့်ဖြစ်စေ ရောက်လာပြီး ဗိုက်ဆာသွားကြတော့သည်။
သည်အချိန်မှာပင် ကျန်းယွင်ကျူး၏လက်ထဲက အသားတုတ်ထိုးက ကင်ထားတာ ကျက်လုနီးပါး ဖြစ်နေသည်။ ကြီးမားသည့် အသားတုတ်ထိုးကင်တစ်ချောင်းသည် ဆီများ တစ်စက်စက်ကျနေ၏။ ဆီက မီးသွေးမီးပေါ် ကျသွားပြီး တစ်ကျက်ကျက်မြည်သံတစ်ခု ထွက်လာလေသည်။ တခါတရံ မီးတောက်တစ်ခုက ရုတ်တရက် ထတောက်လာတတ်ပြီး အသားကင်ကို ပိုပြီး ဆီရွှဲလာစေတော့သည်။
သည်အချိန်တွင် ဇီယာနှင့် ငရုတ်သီးမှုန့် လက်တစ်ဆုပ်ကာကို ဖြူးလိုက်ပြီးနောက်တွင် နှာခေါင်းထဲ ထိုးဖောက်သွားလောက်သည့် ရနံ့က သွားရည်ကျစရာဖြစ်သွားတော့သည်။
“ ဒါက ဘာအသားတုတ်ထိုးလဲ၊ ဘယ်လောက်လဲ”
ကလေးချီထားသည့် ယောက်ျားတစ်ယောက်က မေးလာ၏။ သူ့ဘေးတွင် မိန်းမတစ်ယောက်က ရပ်နေလေသည်။ မိသားစုသုံးယောက် ဘုရားပွဲသို့ လာကြပုံရသည်။
“ အသားတုတ်ထိုး သုံးမျိုးရှိပါတယ်၊ ဝက်သားတုတ်ထိုးက တစ်ခု ၈ ဝမ်၊ အမဲသားတုတ်ထိုးက တစ်ခု ၁၄ ဝမ် ၊ သိုးသားတုတ်ထိုးက တစ်ခု ၁၅ ဝမ်ပါ၊ ဒီမှာ ကောက်ညင်းတောင့်နဲ့ အသားကင်အူချောင်းတွေလည်း ရပါတယ်၊ ကောင့်ညင်းတောင့်တစ်ကင်က ၄ ဝမ်ပါ၊ အူချောင်းကင် တစ်ခုကတော့ ၆ဝမ်ပါ” ကျန်းချိန်က ချက်ချင်းရှင်းပြလိုက်သည်။
အစပိုင်းတွင် သူသည် အနည်းငယ်စိုးရိမ်နေမိသေးသည်။ သို့သော် နောက်ပိုင်းတွင်တော့ သူသည် လုံးဝတည်ငြိမ်သွားပြီး ထိုလူကို ပြုံးကာ မေးလိုက်လေသည်။
“ ဘာအကင် လိုချင်လဲ”
ထိုလူက ခေါင်းငုံ့လိုက်ပြီး သူ့မိန်းမနှင့် ကလေးကို မေးလိုက်သည်။ မိန်းမက တုတ်ထိုးကင်ကို အနည်းငယ် စျေးကြီးသည်ဟု ထင်သည်။ သို့သော် ယောကျ်ားက ပြောလိုက်၏။
“ အနံ့က မွှေးနေတာပဲ၊ ပြီးတော့ နှစ်သစ်ကူးလေ၊ နည်းနည်းပါးပါးဝယ်ပြီး စားကြည့်ရအောင်”
ကလေးက အမျိုးသမီး၏လက်ကို ဖမ်းဆွဲလိုက်ပြီး ချစ်စဖွယ်မျက်လုံးဖြင့် ကြည့်နေလေသည်။ သူလည်း စားချင်သည်။
အမျိုးသမီးက ဘာပြောနိုင်ပါမည်နည်း။ ဝယ်လိုက်ပေါ့။
“အမဲသား တုတ်ထိုးကင်တစ်ချောင်း၊ ဝက်သားတုတ်ထိုးကင်တစ်ချောင်း နဲ့ ကောက်ညှင်းတောင့်ကင်တစ်ချောင်း ပေးပါ”
ကလေးက ဝက်သားတုတ်ထိုးကင် စားချင်သည်။ မိန်းမက အမဲသားကြိုက်သည်။ ယောက်ျားက သူကိုယ်တိုင်အတွက်တော့ သည်ကောက်ညှင်းတောင့်ကင်ကို အရင်က တစ်ခါမှမမြင်ဖူးချေ။ စိတ်ဝင်စားဖို့ကောင်းပြီး စျေးလည်းချိုသည်။
“ကောင်းပါပြီ”
ကျန်းချိန်က တုတ်ထိုးကင်သုံးချောင်းကို မြန်မြန်ယူလိုက်ပြီး သူတို့ကို လှမ်းပေးလိုက်လေသည်။
ကျန်းယွင်ကျူးတို့အဖွဲ့ရော င်းနေသည့် အသားတုတ်ထိုးကင်များသည် အကင်ကြီးမျိုးဖြစ်သည်။ တစ်ခုဆိုလျှင် လက်ဖျံလောက်ရှည်သည်။ တုတ်ထိုးကင်တစ်ခုကို ကိုက်လိုက်လျှင် ဆီများက စို့ကာထွက်လာသည်။ ဟင်းခတ်အမွှေးအကြိုင်နှင့် ရောထားသည့် အသားနံ့က ပါးစပ်ထဲတွင် ပေါက်ထွက်သွားလေသည်။ သွားနှင့်လျှာနှစ်ခုလုံးက ကျေနပ်မှုကို ခံစားရသည်။
တစ်ကိုက်လောက် ကိုက်လိုက်ပြီးနောက်တွင် အမျိုးသမီး၏မျက်လုံးများ ကွေးသွားပြီး ငွေကုန်ရကျိုး နပ်သည်ဟု ခံစားလိုက်ရလေသည်။
အခုတော့ တစ်စုံတစ်ယောက်က ဦးဆောင်လိုက်သဖြင့် နောက်တစ်ယောက်လည်း ဝယ်ဖို့ ချက်ချင်း ရောက်လာလေသည်။ ဝဖိုင့်ဖိုင့်ယောက်ျားတစ်ယောက်က ဝက်သားတုတ်ထိုးနှစ်ချောင်း မှာသည်။ တစ်ကိုက် ကိုက်လိုက်ပြီးနောက် သူက သိုးသားတုတ်ထိုးကင် သုံးချောင်း ချက်ချင်းမှာလိုက်သည်။
အမဲသားတုတ်ထိုးကင် နှစ်ချောင်းဝယ်သွားသည့် မိန်းကလေးနှစ်ယောက်လည်း ရှိသည်။ သူတို့သည် ပါးစပ်ကို လက်ကိုင်ပဝါနှင့် ကွယ်ကာ တဖျတ်ဖျတ်လက်နေသည့် မျက်လုံးများနှင့် စားခဲ့ကြသည်။
ဝတ်စုံပြည့် ဝတ်ထားသည့် ဗလတောင့်တောင့် ယောက်ျားတချို့လည်း ပါသည်။ သူတို့သည် တစ်ယောက်ကို တုတ်ထိုးကင် ၅ချောင်းမှာလိုက်ပြီး အနီးနားက လက်ဖက်ရည်ဆိုင်သို့ သွားလိုက်ကြသည်။ သူတို့သည် စားရင်း သောက်လိုက်ကြလေသည်။ အာပေါင်အာရင်းသန်သန်ဖြင့် သူတို့သည် အသားတုတ်ထိုးကင် မည်မျှကောင်းကြောင့် ချီးကျူးလိုက်ကြပြီး သူဌေးကို နောက်ထက် သိုးသားတုတ်ထိုးကင် ဆယ်ချောင်းမှာခိုင်းလိုက်သည်။
ထိုနေရာတွင် ခရီးသွားသည့်လှည်းတစ်စီးက ရပ်လိုက်သည်။ အစေခံတစ်ယောက်က ရောက်လာပြီး တစ်မျိုးကို တုတ်ထိုးကင်နှစ်ချောင်းစီ ဝယ်သွားကာ လှည်းထဲကို တရိုတသေနှင့်ပေးလိုက်လေသည်။
...
ဘုရားစျေးပွဲတွင် လူမျိုးပေါင်းစုံရှိလေသည်။ ကျန်းယွင်ကျူးတို့ အဖွဲ့က ပိုပိုပြီး နာမည်ကြီးလာခဲ့သည်။
အထူးသဖြင့် ဘုရားစျေးပွဲ၏ နေ့လယ်ခင်းတွင် ဖြစ်သည်။ လူများ ပိုပိုများလာခဲ့သည်။ သူတို့လမ်းဘေးဆိုင်လေးအတွက် နောက်ကျမှ ရောက်လာသူများသည် တန်းစီရတော့သည်။
“ အဲဒီမီးဖိုကိုလည်း မီးမွှေးလိုက်”
ကျန်းယွင်းကျူးက စကားပြောဖို့ အချိန်ရသွားသည်။
ထို့ကြောင့် သူမက မီးဖိုတစ်ခု ၊ ရွှယ်ကျင်းက မီးဖိုတစ်ခု ရသွားသည်။ သူတို့နှစ်ယောက်၏ လက်များသည် လုံးဝမရပ်ကြပေ။ ထိုအခါမှ ဝယ်လိုအားကို လိုက်နိုင်လာတော့သည်။
ကျန်းယွင်ကျူးသည် သည်လိုဖြစ်လာနိုင်သည်ကို မျှော်လင့်ထားခဲ့ပြီး အမျိုးအစားအများကြီး မလုပ်ခဲ့ပေ။ ရောင်းရအကောင်းဆုံး တုတ်ထိုးကင် ငါးမျိုးကိုသာ လုပ်ခဲ့သည်။ အခုတော့ ကျန်းချိန်၊ အမျိုးသမီးချန်၊ ကုချီဖုန်းနှင့် ရွှီချင်ရှန့်ကပင် လာကူနေရသည်။ သူတို့သည် အလွန် အလုပ်များလွန်းလှသဖြင့် သူတို့ခြေထောက်များက တစ်နေရာတည်းတွင် ဘယ်တော့မှ ရှိမနေကြပေ။
ညပိုင်း ဖာထုန်းဘုရားကျောင်းသို့ ပြန်ရောက်သည်နှင့် အားလုံးသည် စကားပြောဖို့ရန်ပင် အလွန်ပင်ပန်းသွားကြတော့သည်။ သို့တိုင် သူတိုအားလုံး၏မျက်နှာပေါ်တွင် အပြုံးများက ရှိနေဆဲပင်။
နောက်တစ်နေ့တွင် သူတို့သည် ပိုစောစောသွားလိုက်ကြပြီး နေရာယူလိုက်ကြသည်။ အင်အားများက အမြင့်ဆုံးဖြစ်နေ၏။
သည်လိုနှင့် ၁လပိုင်း ၁၅ရက်နေ့ ရောက်လာတော့သည်။ ဟုတ်ပါသည်။ သည်ကာလအတွင်းတွင် ကိစ္စအများအပြား ဖြစ်ခဲ့ကြသည်။ ဥပမာ ကျန်းယွင်ကျူးသည် ရောင်းချဖို့ တုတ်ထိုးကင်များ မလောက်တော့သည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် သူမက ချက်ချင်း စျေးတင်ရောင်းလိုက်သည်။ နောက်ဥပမာတစ်ခုမှာ တစ်ရက်တွင် သူတို့သည် စောစောလာခဲ့ပါလျက် နေရာကို တခြားသူများက ဦးသွားကြသည်။ သူတို့သည် ဘေးတွင်သာ ရောင်းလိုက်ရသည်။
ဥပမာ တစ်စုံတစ်ယောက်က သူတို့၏လုပ်ငန်း ကောင်းနေသည်ကို မြင်သွားပြီး အနီးအနားတွင် ဆိုင်ခင်းကာ တုတ်ထိုးကင်ရောင်းကြသည်။
နောက်ဥပမာတစ်ခုမှာ ဝတ်ကောင်းစားလှ ဝတ်ထားသည့် လူငယ်လေးတစ်ယောက်က သူတို့၏ တုတ်ထိုးကင်ကို စားပြီး ၅လျန်တန်ဖိုးရှိသည့် ငွေတစ်စကို သည်အတိုင်းပေးခဲ့သည်။
လုပ်ငန်းအခြေအနေက သည်လိုဖြစ်ခဲ့သည်။ လူတစ်ယောက်သည် လူမျိုးပေါင်းစုံ ကိစ္စပေါင်းစုံ ကြုံတွေ့နိုင်လေသည်။
“ သိုးသားတုတ်ထိုးကင်တစ်ချောင်း၊ ကောက်ညှင်းတောင့်ကင်တစ်ချောင်း စုစုပေါင်း ၁၉ ဝမ်ပါ”
ကျန်းချိန်က နောက်ဆုံးတုတ်ထိုးကင်နှစ်ချောင်းကို ကလေးတစ်ယောက်အားပေးလိုက်လေသည်။
အားလုံး၏ အားကျသည့် အကြည့်အောက်တွင် ကလေးက စပြီး စားလိုက်တော့သည်။
“သူဌေး တကယ်ပဲ တုတ်ထိုးကင်တွေ မရှိတော့ဘူးလား”
“အမေ ကျွန်တော် တုတ်ထိုးကင်စားချင်တယ်”...
လူများက ဆိုင်လေးကို ဝိုင်းထားကြပြီး ကျန်းယွင်ကျူးကို မေးကြလေသည်။
သည်မနက်အခြေအနေက မကောင်းသည်ကို တွေ့လိုက်ရသဖြင့် ကျန်းယွင်ကျူးက စျေးထပ်တင်လိုက်လေသည်။ သို့သော် သည်နေ့တွင် လူများ အလွန်များပြားနေပြီး တုတ်ထိုးကင်ဝယ်ကြသူများလည်း အများအပြားပင်။ အထူးသဖြင့် နေ့လယ်ခင်းပင်။ တုတ်ထိုးကင် အများကြီး မကျန်တော့သည်ကို ကြားလိုက်ရချိန်တွင် နဂိုက နှစ်ခုပဲ ဝယ်မည့်လူတချို့က သုံးခုဝယ်သွားကြသည်။ သို့နှင့် လူတော်တော်များများကလည်း ထိုသို့ လိုက်လုပ်ကြလေသည်။ တုတ်ထိုးကင်များကို မြန်မြန်သည်ထက် မြန်မြန်ရောင်းကုန်သွားစေတော့သည်။
နေ့လယ် ၁နာရီတွင် တုတ်ထိုးကင်များအားလုံး ကုန်သွားတော့သည်။
“ အားလုံးကို ကျေးဇူးတင်ပါတယ်၊ တကယ် မရှိတော့လို့ပါရှင်” ကျန်းယွင်ကျူးက အားလုံးကို ပြောပြလိုက်သည်။
“သူဌေး အခုမှ မနက်အစောကြီးပဲ ရှိသေးတယ်၊ တုတ်ထိုးကင်တွေကို ပြန်သွားယူခိုင်းလိုက်ပါလား”
တချို့က အကြံပေးကြသည်။ အမှန်ပင်။ သည်နေ့ညသည် မီးပုံးပွဲတော်ဖြစ်လေသည်။ ထိုအချိန်တွင် အမှန်ပင် လူစည်ကားလှသည်။
ကျန်းချိန်နှင့် အမျိုးသမီးချန်တို့က စိတ်လှုပ်ရှားသွားကြသည်။ သို့သော် ကျန်းယွင်ကျူးက ခေါင်းခါပြလိုက်၏။ အသားတုတ်ထိုးသည် မကင်ခင် ကြိုတင်ပြီး နှပ်ထားရသေးသည်။ သူတို့သည် အလျင်စလို လုပ်လို့ရသည်ဆိုလျှင်တောင် အချိန်မရှိတော့ပေ။ အခုတော့ အားလုံးက အဆင်ပြေနေလေသည်။ ရည်ရွယ်ချက်ကလည်း အောင်မြင်သွားပြီ။ သူတို့သည် အများကြီးနောက် လိုက်မိလျှင် အလျင်လိုပြီး အမှားလုပ်မိနိုင်သည်။ သည်လိုဆိုလျှင်တော့ မကောင်းပေ။
“ဒါဆိုသူဌေး မနက်ဖြန်လာအုံးမှာလား”
သူတို့လာမည်ဆိုလျှင် မနက်ဖြန် ဘုရားပွဲ မရှိတော့လျှင်တောင် သူတို့က တုတ်ထိုးကင်ကို လာဝယ်ကြလိမ့်မည်။
“ဒါမှမဟုတ် သူဌေး လုမြို့မှာ လမ်းဘေးဆိုင်လေးဖြစ်ဖြစ် ဆိုင်ကြီးဖြစ်ဖြစ် မရှိဘူးလား”
ကျန်းယွင်ကျူးက တစ်ဖန် ခေါင်းသာခါပြရပြန်သည်။ နောက်ပိုင်းတွင် အားလုံး၏နှမြောသတသည့် အကြည့်အောက်တွင် သူမက ကျန်းချိန်နှင့် တခြားသူများနှင့်အတူ ပစ္စည်းများကို သိမ်းဆည်းလိုက်ပြီး ဖာထုန်း ဘုရားကျောင်းသို့ ပြန်လာခဲ့လိုက်သည်။
“ အမေတို့တွေ အခုပြန်ကြတော့မလား” အမျိုးသမီးချန်က မေးလိုက်၏။ သူမသည် ပြန်လည်းပြန်ချင်သလို ပြန်လည်းမပြန်ချငပေ။
ကျန်းယွင်ကျူးက ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ပြုံးကာ ပြောလိုက်လေသည်။
“မနက်ဖြန် မနက်စောစောမှ ပြန်ရအောင်လေ၊ သမီးတို့တွေ လုမြို့ကို ရောက်နေပြီပဲ၊ ဒီနေ့က ၁၅ရက်နေ့ ပြီးတော့ မီးပုံးပွဲတော်လေ၊ အားလုံးပဲ သွားလည်ကြပါ”
ထိုသို့ပြောလိုက်ပြီး တစ်ယောက်ကို ငွေတစ်လျန်စီ ထုတ်ပေးလိုက်လေသည်။
“ဒါက ဘာလဲ” ရွှီချင်ရှန့်နှင့် ရွှယ်ကျင်းတို့က ပြောလိုက်၏။
ရွှီချင်ရှန့်သည် ယာဥ်ငှားခ ယူထားပြီးသားဖြစ်လေသည်။ ရွှယ်ကျင်းကလည်း လခရထားပြီးဖြစ်သည်။ သူတို့နှစ်ယောက်လုံးက ငွေကို လက်မခံကြပေ။
“ အားလုံးက အလုပ်ကြိုးစားပေးခဲ့တဲ့အတွက် ကျွန်မတို့ ငွေရှာနိုင်ခဲ့တာလေ၊ ပျော်ရွှင်မှုကိုလည်း အားလုံးကို ဝေမျှရမှာပေါ့”
ကျန်းယွင်ကျူးက ပြန်ပြောလိုက်သည်။ သည်ရက်ပိုင်းတွင် ရွှီချင်ရှန့်သည် အများကြီးကူညီပေးခဲ့သည်။ ရွှယ်ကျူးကို သူမက ငှားထားသည်ဆိုသော်လည်း သူသည် နှစ်သစ်ကူး ၅ရက်နေ့ကတည်းက သူမနှင့်အတူ အလုပ်များခဲ့ရသည်။ အချိန်ပိုကြေးကို သတ်မှတ်မထားခဲ့ပေ။
သူမက သူတို့လက်ထဲသို့ ငွေများကို အတင်းထည့်ပေးလိုက်သည်။
သူမက ပေးချင်သဖြင့် ရွှီချင်ရှန့်နှင့် ရွှယ်ကျင်းတို့ကလည်း မျက်နှာပေါ်တွင် ပျော်ရွှင်သည့် အမူအရာဖြင့် လက်ခံလိုက်ကြသည်။
သူမက ကုချီဖုန်းကို ငွေ၁လျန်ပေးလိုက်သည်။ သည်ရက်ပိုင်းတွင် သူသည် အများကြီးကူညီပေးခဲ့သည်။ အသံများ ဝင်သည်အထိ စျေးအော်ရောင်းပေးခဲ့သည်။
ငွေ ၁ လျန်ကို ကိုင်ထားရင်း ကုချီဖုန်းသည် ကြယ်ပင်လယ်ကြီးကို မြင်လိုက်ရသယောင်။
အမျိုးသမီးချန်နှင့် ကျန်းချိန်တို့သည်လည်း သူတို့၏ဝေစုကို ရခဲ့ကြသည်။
အလုပ်ပြီးသွားပြီး ငွေရပြီးနောက် အားလုံးက အနားယူရင်း ဝမ်းသာနေကြလေသည်။ သူတို့သည် နောက်ထပ် ဘယ်ကိုသွားမည်ကို စတင်တိုင်ပင်လိုက်ကြသည်။
ရွှယ်ကျင်းက ရှန်းခယ့်လိုရှိ သူ့ဆရာထံ သွားလည်ရန် တစ်ခုခုဝယ်သွားချင်သည်။ သူသည် လုမြို့သို့ ရောက်နေပြီဖြစ်သဖြင့် လူကြီးသူမထံ သွားမလည်လျှင် ရိုင်းရာကျမည်။
ကုချီဖုန်းက ရောက်တုန်း မီးပုံးကြည့်ရင်း လုမြို့ကို ပတ်ကြည့်ချင်သဖြင့် ရွှီချင်ရှန့်ကို ဆွဲသွားလေသည်။ သူပြန်ရောက်သွားလျှင် တခြားသူများကို ပြောပြနိုင်လိမ့်မည်။ မေးခွန်းများကို မဖြေနိုင်ဘဲနှင့်တော့ မပြန်နိုင်ပေ။ ရှက်ဖို့ကောင်းသည်။
“အဖေ အမေတို့လည်း သွားလေ”
ကျန်းယွင်ကျူးက ကျန်းချိန်နှင့် အမျိုးသမီးချန်တို့ကို ပြောလိုက်သည်။
သူတို့နှစ်ယောက်က ဝမ်းသာနေကြသည်။ ပထမအချက်မှာ သူတို့သည် လုမြို့ကို လည်ပတ်ကြည့်ချင်သည်။ ဒုတိယတစ်ချက်မှာ သူတို့သည် အဘိုးချန်နှင့် ကလေးများကိုလည်း ပျော်အောင်လုပ်ရန်အတွင် ပစ္စည်းအသစ်လေးတချို့ကို ဝယ်ပေးချင်သည်။
“ အတူတူသွားကြမယ်လေ” အမျိုးသမီးချန်က ပြောလိုက်၏။
“အမေတို့ သွားကြပါ၊ သမီး နားချင်လို့”
ကျန်းယွင်ကျူးက ပြန်ဖြေလိုက်သည်။ သူမက သူတို့နှင့်မတူပေ။ လုမျိုနှင့် အလွန်မှ ရင်းနှီးခဲ့သည်။ သူမတွက် ကြည့်စရာဘာမှမရှိပေ။ ရက်ပေါင်းများစွာ အလုပ်လုပ်ခဲ့ပြီးနောက် သူမက ပင်ပန်းနေပြီ။ သည်အချိန်လေးတွင် သူမသည် တစ်ရေးလောက် ကောင်းကောင်းလေးအိပ်ချင်သည်။
“အပြင်မထွက်ခင် အမျိုးသမီးချန်က ကျန်းယွင်ကျူးကို ထပ်မေးလိုက်သည်။
“ သမီးတကယ် အမေတို့နဲ့ မလိုက်ဘူးလား”
“မလိုက်တော့ပါဘူး” ကျန်းယွင်ကျူးက ပြောလိုက်၏။
ထိုအခါမှ အမျိုးသမိးချန်က ကျန်းချိန်နှင့် ထွက်သွားပြီး လူအုပ်ထဲတွင် ပျောက်ကွယ်သွားတော့သည်။
အခန်းသည် ခြောက်ကပ် တိတ်ဆိတ်သွားတော့သည်။ ကျန်းယွင်ကျူးသည် အမှန်ပင် အိပ်ရာပေါ်တွင် လှဲချလိုက်ပြီး ဂရုမစိုက်တော့ဘဲ အိပ်လိုက်တော့သည်။
သူမ နိုးလာသည့်အချိန်တွင် အပြင်ဘက်၌ မှောင်နေပြီဖြစ်သည်။ သူမသည် သည်အခိုက်တွင် အင်အားအပြည့်ဖြစ်နေလေသည်။ ပထမဆုံး သူမက ပိုက်ဆံအိတ်ကို ထုတ်လိုက်ပြီး သေသေချာချာ ရေတွက်လိုက်သည်။ စုစုပေါင်း ၅၈လျန် ရှိသည်။ ကုန်ကျစားရိတ် ၂၅လျန် နှုတ်လိုက်လျှင် သူမသည် သည်တစ်ကြိမ်တွင်အသားတင် အမြတ်၃၃လျန် ရှာနိုင်ခဲ့သည်။
ဟုတ်တာပေါ့။ သူမသာ ရွှယ်ကျင်းနဲ့ တခြားသူတွေကို ၁လျန်ဆီ မပေးခဲ့ရင် ပိုပြီး ရှာနိုင်ခဲ့မှာ။ ဒါပေမဲ့ ဒါဆိုရင် အဓိပ္ပာယ်မရှိတော့ဘူးလေ။
၅၈လျန်ဆိုတာ ဆိုင်တစ်ဆိုင် ငှားဖို့ရယ်၊ ကျောင်းလခပေးဖို့ ထက်တောင်ပိုနေသေးတယ်၊ ဆိုင်ကိုတောင်အလှဆင်ဖို့ ငွေရှိသွားပြီ။
ပြန်ရောက်တာနဲ့ သူက ဆိုင်တစ်ဆိုင်ငှားပြီး ဆိုင်ဖွင့်ရမယ်။
ကျေနပ်စွာဖြင့် ကျန်းယွင်ကျူးက သူမ၏ပိုက်ဆံအိတ်ကို သိမ်းထားလိုက်တော့သည်။ အချိန်ကို ကြည့်လိုက်ပြီး သူမက မီးဖိုဆောင်ထဲသွားကာ ကျေးဇူးတင်စကားပြောရင်း နှုတ်ဆက်ရင်း သဘောဖြင့် ဖူရွှမ်းအတွက် သက်သက်လွတ်ဟင်းနှစ်မျိုး ပိုလုပ်ပေးဖို့ ဆုံးဖြတ်လိုက်သည်။ စမှတ်နှင့် ဆုံးမှတ်ဟု စဥ်းစားနိုင်လေသည်။
မီးဖိုဆောင်သို့ ရောက်လာချိန်တွင် မီးဖိုဆောင်ထဲကလူများက သူမကို မှတ်မိနေပြီး သူမက ဖူရွှမ်းအတွင် သက်သက်လွတ် အစားအသောက်များကို ချက်ပေးမည်ဖြစ်ကြောင်း သိလိုက်ရသဖြင့် သူတို့သည် သူမကို စိတ်ကြိုက်လုပ်ခွင့်ပေးလိုက်ကြသည်။
ကျန်းယွင်ကျူးက မီးဖိုဆောင်ထဲက ပစ္စည်းများကို ကြည့်လိုပြီး စိတ်ထဲက ‘ဖာထုန်းဘုရားကျောင်းလို့ မပြောရဘူး’ဟု မှတ်ချက်ပေးလိုက်လေသည်။ ဘုရားကျောင်းက သက်သက်လွတ် အစားအသောက်များကြောင့် နာမည်ကြီးသည်။ ဆောင်းလယ်ကာလမှာပင် သည်နေရာ၌ လတ်ဆတ်သည့် ပါဝင်ပစ္စည်းများစွာ ရှိနေသည်။
သူမသည် လက်ယားလာတော့သည်။ သို့သော် သူမ၏စေတနာကို ပြန်တုံ့ပြန်ရန်အတွက် သူမက အဖိုးတန်သက်သက်လွတ် ဟင်းနှစ်မျိုးကို လုပ်ပေးဖို့ ဆုံးဖြတ်လိုက်လေသည်။
...
အပိုင်း (၅၃) (ခ)
တစ်ခုမှာ ဝမ်ရှီ တိုဟူး ဖြစ်သည်။ သည်ဟင်းသည် နာမည်ကြီးဖြစ်သည်။ အကြောင်းမှာပင် တိုဟူးနှင့် တခြားပါဝင်ပစ္စည်းများကို ဆံချည်မျှင်တမျှ ပါးလွှာနေအောင် လှီးဖြတ်ရသောကြောင့်ပင်။ သာမန်စားဖိုမှူးများက ကြိုးစားပြီး အရည်အချင်းမရှိခဲ့လျှင် လုပ်နိုင်မည်မဟုတ်ပေ။
မူလက ဝက်ပေါင်ခြောက်နှင့် ကြက်သာစွပ်ပြုတ်ရည်ကို သည်ဟင်းထဲတွင် ထည့်ပေးရသည်။ ကျန်းယွင်ကျူးတွင် သည်ဟင်းကို သက်သက်လွတ်ဖြစ်အောင်လုပ်ပြီး အရသာ လုံးဝ ပြောင်းလဲမသွားအောင် လုပ်ရန်နည်းလမ်းရှိသည်။
ဒုတိယတစ်ခုမှာ ရဟန္တာ၁၈ပါးဖြစ်သည်။ နာမည်ကြီး သက်သက်လွတ်ဟင်းလျာတစ်ခု ဖြစ်သည်။
ကုန်ကြမ်းပစ္စည်း ၁၈မျိုးကို ပြင်ဆင်ရသည်။ တောင်ပို့မှို၊ ကောက်ရိုးမှိုနှင့် ကြွက်နားရွက်မှိုသည်တို့ကို ပြင်ဆင်ရပြီး သူတို့ကို ဟင်းတစ်မျိုးဖြစ်အောင် မွှေကြော်ပေးရသည်။ ချက်ပြုတ်ပြီးသည့် အရောင်အဆင်းမှာ တောက်ပသော်လည်း ရှုပ်ပွမနေချေ။ အရသာအနေဖြင့် ကုန်ကြမ်းပစ္စည်းတစ်ခုစီ၏ အရသာကို ထိန်းသိမ်းထားပြီး အရသာတစ်ခုနှင့် ပေါင်းစပ်နိုင်ရာ ရဟန္တာ၁၈ပါး ကဲ့သို့ပင်။
သည်ဟင်းနှစ်မျိုးတွင် ဒုတိယတစ်ခုက ပထမတစ်ခုထက် ပိုပြီး ရိုးရှင်းသည် ထင်ရသည်။ အမှန်တွင်တော့ ဒုတိယတစ်ခုက အခက်ခဲဆုံးပင်။ စုစုပေါင်း ပါဝင်ပစ္စည်း ၁၈မျိုးရှိသည်။ ပါဝင်ပစ္စည်းတစ်ခုစီကို အချိန်အဆ မှန်ကန်အောင်ထည့်ရပြီး မီးအပူကိုလည်း နည်းနည်းလေးမှ လျှော့လို့မရပေ။ ကျန်းယွင်ကျူးဖြစ်နေလျှင် သည်ဟင်းကို လုပ်ရသည်က ကံပေါ် မူတည်လေးသ်ည။
တစ်ခါတလေ အဆင်ပြေတတ်သော်လည်း တခါတလေကျတော့ အဆင်မပြေချေ။ဟိုနေရာ သည်နေ့တွင် အမှားတစ်ခုက ရှိနေတတ်သည်။ ကံအားလျော်စွာ သူမသည် သည်နေ့တော့ ကံကောင်းသွားပြီး တစ်ကြိမ်တည်းနှင့် အောင်မြင်သွားခဲ့သည်။
သေချာပါသည်။ စိတ်ပျော်ရွှင်နေသည့်လူများက ဘာလုပ်လုပ် အဆင်ပြေနိုင်ကြသည်။
ကျန်းယွင်ကျူးက မျက်ခုံးပေါ်က ချွေးကို သုတ်လိုက်ပြီး ဟင်းနှစ်မျိုးကို အစားအသောက်ဘူးထဲ ထည့်လိုက်ပြီး ဖူရွှမ်းကို သွားတွေ့လိုက်သည်။
သို့သော် သူမသည် ပြီးခဲ့သည့်အခေါက်က သူမကို လက်ခံပေးခဲ့သည့် ကိုရင်လေး ကျင်းယွမ်ကို တွေ့လိုက်ချိန်တွင် ဖူရွှမ်းက အခုလောလောဆယ် အလုပ်များနေပြီး သူမကို တွေ့ရန် အချိန် မရှိလောက်ဟု ပြောပြလိုက်သည်။
ဟုတ်ပါသည်။ ၁၅ရက်နေ့ဖြစ်သည်။ ဘုရားကျောင်းတွင် လုပ်စရာအများအပြား ရှိမှာသေချာသည်။
“ ဒကာမလေး အရေးကြီးကိစ္စရှိလို့လား” ကျင်းယွမ်က မေးလိုက်၏။
“ မရှိပါဘူး၊ တပည့်တော် နောက်ထပ်ဟင်းနှစ်မျိုး လုပ်ခဲ့တာ၊ ဆရာတော်ဖူရွှမ်းကို ဖိတ်ပြီး မြည်းခိုင်းချင်လို့ပါ၊ တပည့်တော်တို့ကို သည်ရက်ပိုင်းမှာ လက်ခံထားပေးတာကို ကျေးဇူးတင်စကား ပြောချင်လို့ပါ၊ ပြီးတော့ တပည့်တော်တို့ မနက်ဖြန် မနက်စောစော ပြန်တော့မှာမလို့ပါ”
ကျန်းယွင်ကျူးက မြန်မြန်ရှင်းပြလိုက်သည်။
“ကိုယ်တော် ဆရာတော့်ကို ပြောပြလိုက်ပါ့မယ်” ကျင်းယွမ်က အစားအသောက်ဘူးကို ယူကာ ပြန်ဖြေလိုက်လေသည်။
“ကျေးဇူးတင်ပါတယ်”
ကျန်းယွင်ကျူးက လှည့်ထွက်သွားလိုက်သည်။ မည်သို့ဆိုစေ သူမသည် သူမ၏စိတ်ရင်းကို ဖော်ပြခဲ့ပြီးဖြစ်သည်။
ကျင်းယွမ်က အစားအသောက်ဘူးကို ယူကာ ဖူရွှမ်းကို သွားတွေ့ရန် ပြန်ဝင်သွားလိုက်သည်။
သည်အခိုက်တွင် ဖူရွှမ်းသည် စိုးရိမ်တကြီး ဟိုသည် လျှောက်နေလေသည်။ သူ့တွက် ကျန်းယွင်ကျူးနှင့် တွေ့ရန် အဘယ်မှာ အချိန်ရှိပါမည်နည်း။
သည်နေ့ အလွန်ရေးကြီးသည့် ဧည့်သည်နှစ်ယောက်က ဘုရားကျောင်းသို့ လာခဲ့သည်။ သူက မီးဖိုဆောင်ဝန်ထမ်းများကို သူတို့အတွက် သက်သက်လွတ်အစားအသောက် ပြင်ဆင်ခိုင်းလိုက်သည်။ သို့သော် ဟင်းနှစ်မျိုးကို ယူလာချိန်တွင် ဧည့်သည်နှစ်ယောက်က နှစ်လုတ်လောက်စားပြီး ရပ်လိုက်ကြသည်။
ကျောင်းထိုင်ကိုယ်တော်က သည်ဧည့်သည်နှစ်ယောက်ကို မေးစရာရှိသေးသဖြင့် သူ့ကို ခဏခဏ မျက်စပစ်ပြနေသည်။ သို့သော် သူက ဘာတတ်နိုင်ပါမည်နည်း။
“ဆရာတော် ဟိုဒကာမလေးက သူတို့မနက်ဖြန် မနက်ပြန်တော့မယ်လို့ ပြောပါတယ်၊ သူက တပည့်တော်ကို ဆရာတော့်ကို နှုတ်ဆက်တဲ့အကြောင်း ပြောခိုင်းလိုက်ပါတယ်၊ ပြီးတော့ အဲဒီဒကာမလေးက သက်သက်လွတ်ဟင်းနှစ်မျိုးကို လုပ်ပေးလိုက်ပါတယ်” ကျင်းယွမ်က အစားအသောက်ဘူးကို ကိုင်ထားရင်း ပြောလိုက်လေသည်။
ဖူရွှမ်းသည် စိတ်ထဲတွင်လုံးဝ မထားပေ။ ထင်းတဲထဲတွင် ရက်ပိုင်းလေးလောက် နေခဲ့ခြင်းပင်။ အသေးအမွှားကိစ္စ ဖြစ်သည်။ သို့သော် သူသည် ရုတ်တရက်ဆိုသလို အစားအသောက်ဘူးကို ကြည့်လိုက်လေသည်။
တင့်တယ်လှသည့် ဇင်ဗုဒ္ဓဘာသာ အခန်းထဲတွင် ဖာထုန်းဘုရားကျောင်း ကျောင်းထိုင်ဘုန်းကြီးက လူနှစ်ယောက်နှင့် မျက်နှာချင်းဆိုင်ထိုင်နေသည်။
သည်လူနှစ်ယောက်သည် အသက် ၄၀- ၅၀ ဝန်းကျင်ခန့်ရှိသည်။ သူတို့နှစ်ယောက်လုံးသည် အသားအရေ စိုပြေကြပြီး ဟန်အပြည့်ရှိကြသည်။
လုမြို့တွင် လင်မျိုးရိုး နှစ်ခုရှိလေသည်။ သည်လင်မျိုးရိုးနှစ်ခုသည် အန်းဖင်နယ်စား၏ လင်မိသားစုနှင့် အိမ်ရှေ့မင်းသား၏ မင်းဆရာ ဟွာယင်းကျောင်းတော်ကို ဖွင့်ထားသည့် လင်မိသားစုတို့ဖြစ်လေသည်။
လင်မိသားစု၏ အကြီးဆုံးသခင်ကြီးက မြို့တော်တွင် အရာရှိတစ်ယောက်ဖြစ်သည်။ သူသည် အိမ်ရှေ့မင်းသား၏ မင်းဆရာရာထူးကို ယူထားရသည်။ နှစ်သစ်ကူးတွင် တော်ဝင်ရုံးတော်၌ အားလပ်ရက်ရလာပြီး သူသည် လုမြို့သို့ပြန်လာကာ ဆွေမျိုးများထဲ အလည်လာခြင်းပင်။
လင်မိသားစု၏ ဒုတိယသခင်ကြီးသည် လွန်ခဲ့သည့်နှစ်အနည်းငယ် ရုံးတော်တွင် အရာရှိတစ်ယောက် ဖြစ်ခဲ့သည်။ သို့သော် နောက်ပိုင်းတွင် သူသည် အရာရှိလောကကို မနှစ်သက်တော့ပေ။ ထို့ကြောင့် သူက ပြန်လာပြီး ကျောင်းအုပ် လုပ်ခဲ့လေသည်။
သူတို့နှစ်ယောက်လုံးးသည် အသိပညာကြွယ်ဝကြပြီး ဇင်ဗုဒ္ဓဘာသာ အယူအဆကို နှစ်သက်ကြသည်။ ထို့ကြောင့် သည်နေ့ သူတို့သည် ဖာထုန်းဘုရားကျောင်းတွင် ဗုဒ္ဓဘာသာအကြောင်းကို လာရောက်ဆွေးနွေးကြခြင်း ဖြစ်သည်။
သူတို့သုံးယောက်သည် စကားပြောလိုက်ကြပြီးနောက် ညနေစာ စားချိန်ရောက်လာခဲ့သည်။
အကြီးဆုံးသခင်ကြီးလင်က ပြန်ချင်သည်။ ဖာထုန်းကျောင်းထိုင်ဘုန်းကြီးက ဘုရားကျောင်းက သက်သက်လွတ် အစားအသောက်များကို မြည်းကြည့်ရန် သူ့ကို ဖိတ်လိုက်သည်။
ဒုတိယသခင်ကြီးလင်က ဘုရားကျောင်းမှ သက်သက်လွတ်အစားအသောက်က အလွန်နာမည်ကြီးကြောင်း ပြောပြသည်။ မည်သို့ဆိုစေ နောက်ကျနေပြီဖြစ်သည်။ အပြန်ခရီးက သခင်ကြီးလင်အတွက် လွယ်ကူလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် မသွားခင် စမ်းကြည့်သွားသည်က ပိုကောင်းလေသည်။
အကြီးဆုံးသခင်ကြီးလင်လည်း ဆက်နေလိုက်သည်။
တစ်ခုမှာ တခြားအကြောင်းပြောလိုက်လျှင် သူသည် နန်းတွင်းကိစ္စများကို မစဥ်းစားပဲ မနေနိုင် ဖြစ်ရခြင်းပင်။ မွှန်းကြပ်နေသဖြင့် သူသည် အဘယ်မှာ စားချင်စိတ်တို့ ရှိပါမည်နည်း။ ထို့ကြောင့် သက်သက်လွတ်ဟင်းနှစ်ပွဲကို တည်ခင်းပေးလိုက်ချိန်တွင် သူသည် နှစ်လုတ်သာစားပြီး ဆက်မစားချင်တော့ပေ။ ထိုအဖြစ်က ဖူရွှမ်းကို စိုးရိမ်ရစေတော့သည်။
သည်အချိန်တွင် ကိုရင်လေးက နောက်ထက်ဟင်းနှစ်မျိုး ယူလာပေးခဲ့သည်။
တစ်ခုမှာ ရနံ့များ လှိုင်နေအောင် သင်းနေသည့် ကျောက်စိမ်းဖြူစွပ်ပြုတ် ဖြစ်လေသည်။ အရောင်အသွေးမှာ အလွန်မှ မျက်စိပသာဒဖြစ်လှသည်။
ဖာထုန်းကျောင်းထိုင်ကိုယ်တော်သည် အံ့ဩသွားတော့သည်။ ပထမဟင်းက ဝမ်ရှီတိုဟူး များလား။ ဒါပေမဲ့ ဒီဟင်းကို သက်သက်လွတ်ဟင်းဖြစ်အောင် ချက်ပြုတ်လို့ ရလို့လား။ ဒါကို သူ ပထမဆုံးအကြိမ် မြင်ဖူးတာပဲ။
နောက်တစ်ခုက ဘာပါလိမ့်။ တစ်ချက်ကြည့်လိုက်တာနဲ့ ဟင်းအမယ်ပေါင်း ၁၂မျိုးကျော်တယ်။ အားလုံးကို ရောကြော်လိုက်ရင် အရသာတွေ ရှုပ်ထွေးကုန်တော့မှာမလား။
ဒါပေမဲ့ ဧည့်သည်တွေရှေ့မှာလည်း သူ ဒီကိစ္စကို ပြောလို့မဖြစ်လေဘူး။
အကြီးဆုံးသခင်ကြီးလင်နှင့် ဒုတိယသခင်ကြီးလင်တို့သည် သည်ဟင်းနှစ်ပွဲကို အလွန်မှ ဆန်းသစ်သည်ဟု ထင်မိသဖြင့် ချက်ချင်း မြည်းကြည့်လိုက်ကြလေသည်။
ဝမ်ရှီတိုဟူးသည် အမှန်ပင် ဝမ်ရှီတိုဟူးပင်။ အသားတစ်ခုမှ မပါပေ။ ထို့ထက်ပိုအရေးကြီးသည်က အရသာမှာ တစ်ထပ်တည်းဖြစ်နေခြင်းပင်။
မွှေကြော်ဟင်းက ပိုတောင်ကောင်းသေးသည်။ ရှုပ်ပွနေသည်ဟု ထင်ရသော်လည်း အမှန်တွင်တော့ အဖက်ဖက်က ဟာကွက်မရှိအောင် လိုက်ဖက်လွန်းလှသည်။
အကြီးဆုံးသခင်ကြီးလင်သည် ချက်ချင်း အတွေးများစွာရောက်လာပြီး ကျန်နှစ်ယောက်ကို စကားစပြောလိုက်လေသည်။
အခန်းထဲက အခြေအနေမှာ ချက်ချင်းဆိုသလို ပိုပြီး အေးဆေးသက်သာလာတော့သည်။ အပြင်တွင် ဖူရွှမ်းက လှမ်းကြည့်လိုက်ပြီး စိတ်အေးသွားကာ သက်ပြင်းချလိုက်တော့သည်။
ဖာထုန်းဘုရားကျောင်းမှ ထွက်လာပြီးနောက် အပြင်ဘက်တွင် နေရာတိုင်း၌ နီလွင်လွင်သစ်ပင်များနှင့် ငွေရောင်ပန်းများ ရှိနေကြသည်။ မဆုံးနိုင်သည့် ရယ်မောသံများနှင့် ပျော်ရွှင်မှုများလည်း ရှိနေကြသည်။ အကြီးဆုံးသခင်ကြီးလက်က လှည်းထဲတွင် ထိုင်နေသော်လည်း မျက်မှောင်ကျုံ့ထားလေသည်။
“အစ်ကိုကြီး မင်း မလုပ်နိုင်တော့ဘူးဆိုရင်လည်း ပြန်လာပြီး ကျွန်တော်နဲ့ စာလာသင်ပါ”
ဒုတိယသခင်ကြီးလင်က သူ့ကို နှစ်သိမ်းပေးလိုက်သည်။
“ မင်းကြီးဆီက လစာယူထားမှတော့ မင်းကြီးရဲ့ပူပန်မှုတွေကိုလည်း မျှယူရမှာပေါ့၊ အားလုံးကသာ မင်းလိုဖြစ်နေရင် ရုံးတော်မှာ သစ္စာဖောက်တွေ လိုချင်တဲ့ပုံဖြစ်သွားမှာမလား၊ အချိန်တန်ရင်း နိုင်ငံက ပျက်စီးတော့မှာကို မင်းက အိမ်ထဲမှာပဲ ပုန်းရင်း စာလုပ်ရင်းနဲ့ စိတ်အေးနေနိုင်သလား” သခင်ကြီးလင်က ပြစ်တင်ဆုံးမလေသည်။
ဒုတိယသင်ခင်ကြီးလင်က စကားမပြောရဲတော့ပေ။ သူသည် ရုံးတော်အတွင်းက အာဏာလုပွဲကြီးကို ကြောက်ရွံ့သည်ကို ဝန်ခံပါသည်။
အိမ်ရှေ့မင်းသားနဲ့ မင်းသားခြောက်တို့က နှစ်ပေါင်းများစွာ တိုက်ခိုက်လာခဲ့တာလေ။ လူတွေ ဘယ်နှစ်ယောက်တောင် သေသွားကြပြီလဲ။
“ပြီးခဲ့တဲ့အခေါက်က မင်းသားခြောက်က လက်နက်တွေကို တိတ်တိတ်လေးလုပ်ခဲ့တယ်လို့ အစ်ကို ပြောခဲ့တယ်မလား၊ သူ့ကို ဘာလို့ တစ်နှစ်ပဲ အပြင်ထွက်ခွင့်ပိတ်ထားတာလဲ” ထိုအကြောင်းကို စဥ်းစားလိုက်မိပြီး ဒုတိယသခင်ကြီးလင်က မေးလိုက်၏။
“ မင်း သတင်းက နောက်ကျနေပြီ၊ မင်းကြီးက မင်းသားခြောက်ကို ထိန်းသိမ်းထားဖို့ အမိန့်ကို ပြန်ရုပ်သိမ်းလိုက်ပြီ” အကြီးဆုံးသခင်ကြီးလင်က စိုးရိမ်ပူပင်ကာ ပြောလိုက်လေသည်။
ဒုတိယသခင်ကြီးလင်မှာ ထိုသတင်းကို ကြားပြီး ထိတ်လန့်သွားတော့သည်။
“ ဘယ်လိုဖြစ်ရတာလဲ”
အကြီးဆုံးသခင်ကြီးလင်က သူ့မျက်ခုံးများကို လက်ဖြင့် ညစ်ထားလိုက်ပြီး
“ ငါက ဘယ်လိုသိမှာလဲ၊ မင်းကြီးကို ခန့်မှန်းလို့မှမရတာ”
ဒုတိယသခင်ကြီးလင်သည် ထိုအခိုက်တွင် ဆွန့်အသွားတော့သည်။
“ တော်ဝင်ပညာရှင်ရှန်က ငါတို့ဘက်မှာ ရပ်တည်နိုင်ရင်တော့ သိပ်ကောင်းမှာပဲ” သခင်ကြီးလင်က ရုတ်တရက် မှတ်ချက်ပေးလေသည်။
ပြီးတော့ ဟိုတပ်မှူးလေး။ ဒုတိယသခင်ကြီးလင်က စိတ်ထဲတွင် ထပ်ပြောလိုက်၏။ ဒါပေါ့လေ။ တော်ဝင်ပညာရှင်ရှန်နဲ့ ရှန်ဖုန်းမင်တို့က တစ်ယောက်ထဲလိုပါပဲ။
“မင်းသားခြောက်ရဲ့ကိစ္စကို ချီလင်သက်တော်စောင့်တပ်က မကိုင်တွယ်ဘူးလား”
ဒုတိယသခင်ကြီးလင်က ပြောလိုက်သည်။
“မနှစ်က စစ်ဆေးရေးမှူးလီရဲ့အမှုကို ချီလက်သက်တော်စောင့်တပ်က ကိုင်တွယ်ခဲ့တယ်လေ”
အကြီးဆုံးသခင်ကြီးလင်က သူ့ကိုလှမ်းကြည့်လိုက်၏။ စစ်ဆေးရေးမှူးလီသည် အိမ်ရှေ့မင်းသားဖက်က ဖြစ်လေသည်။
ဒုတိယသခင်ကြီးလင်က ဘာမှ ဆက်မပြောတော့ပေ။ သူသည် ရုံးတော်အတွင်းက သည်လိုကိစ္စများကို လုံးဝသဘောမကျပေ။
“ မင်းက လုမြို့မှာဆိုတော့ အန်းဖင်နယ်စားအိမ်တော်က အခုတလော ဘယ်လိုနေလဲ”
အကြီးဆုံးသခင်ကြီးလင်က နောက်ဆုံးတော့ သည်အကြောင်းကို ထုတ်ပေးလိုက်တော့သည်။
ဒုတိယသခင်ကြီးလင်က အောင့်သက်သက်ဖြင့် ပြုံးလိုက်၏။ သူသည် ဘာကိုမှ မသိပေ။ သူသည် အခုတလောတွင် ‘ ကိစ္စများကို မကြားမိအောင် ပြတင်းပေါက်အပြင်ဘက်တွင် ထားပြီး ပညာရှိများ၏ ‘စာအုပ်များထဲတွင် စိတ်နှစ်ထားးလေသည်။
အကြီးဆုံးသခင်ကြီးလင်က ဒေါသထွက်ထွက်ဖြင့် ရှုံ့မဲ့သွားတော့သည်။
သည်အချိန်တွင် ကျန်းယွင်ကျူးက ဗိုက်ပြည့်သွားပြီဖြစ်သည်။ အမျိုးသမီးချန်နှင့် တခြားသူများ ပြန်မလာကြသေးသည်ကို တွေ့လိုက်ရသဖြင့် သူမက အပြင်ထွက်လမ်းလျှောက်ဖို့ ဆုံးဖြတ်လိုက်သည်။ သည်နေ့သည် မီးပုံးပွဲတော်နေ့ဖြစ်သည်။ ညမထွက်ရအမိန့် မရှိပေ။ အပြင်ဘက်တွင်တစ်ညလုံး သက်ဝင်လှုပ်ရှားနေလိမ့်မည်။
သူမသည် အပြင်ဘက်သို့ ရောက်လာချိန်တွင် နေရာတိုင်း၌ မီးပုံးများနှင့် ပန်းဆိုင်း ပန်းဆွဲများ ချိတ်ဆွဲထားသည်။ အလင်းရောင်က တောက်ပစွာ လင်းထိန်နေလေသည်။ လူစည်ကားလွန်းလှသဖြင့် လူများသည် ပခုံးချင်းပင်ထိနေကြတော့သည်။ ထိုမြင်ကွင်းက အချိန်နှင့်နေရာတို့သည် အစီအစဥ်မကျဘဲ ဖြစ်နေသည့်ခံစားချက်ကို ပေးနေသည်။
မကြာခဏဆိုသလို လမ်းဘေးက မီးပုံးများကို ကြည့်ရှုရင်း သူသည် တစ်လမ်းလုံး ဆက်လျှောက်လာခဲ့လိုက်သည်။
ရုတ်တရက်ဆိုသလို လက်အနွေးပေးသည့်ပစ္စည်းကို သူမ စိတ်ဝင်စားသွားတော့သည်။ သူမက လျှောက်သွားလိုက်၏။
လက်အနွေးပေးသည့်ပစ္စည်းသည် လက်နွေးအောင် လက်နှစ်ဖက်လုံးကို အထဲတွင်ထည့်ထားနိုင်သည့် ဂွမ်းသားအစွပ်လေး ဖြစ်လေသည်။
သည်ဆိုင်ရှင်က အသက်၂၀ ဝန်းကျင် အမျိုးသမီးတစ်ယောက် ဖြစ်သည်။ သူမလုပ်ထားသည့် လက်အနွေးပစ္စည်းလေးက အလွန်မှခမ်းနားပြီး လှပလေသည်။ ကျန်းယွင်ကျူးသည် သူမ၏ လက်များက အေးနေသည်ကို ခံစားနေရသဖြင့် သူမက တစ်ခုလောက် ဝယ်လိုက်ပြီး ဆက်လျှောက်လာခဲ့လိုက်သည်။
လုမြို့၏ လူအရှုပ်ဆုံးလမ်းပေါ်တွင် ဝမ်ယွဲ့လို ရှိသည်။ သည်အဆောက်အအုံသည် ၅ထပ်မြင့်လေသည်။ အဆောက်အအုံပေါ်တွင် ရပ်နေလျှင် လုမြို့၏ လှပသည့် ရှုခင်းတစ်ခုလုံးကို အပေါ်စီးမှ မြင်နိုင်သည်။ ထိုနေရာသည် အမြဲလိုလို စာပေပညာရှင်၊ လက်ရေးလှချစ်သူများ၊ ဂုဏ်သရေရှိလူများနှင့် ကုန်သည်များက လာရောက်စုရုံးကြသည့် နေရာတစ်ခုဖြစ်လေသည်။
သည်နေ့သည် မီးပုံးပွဲတော်နေ့ဖြစ်သည်။ ပိုပြီး စည်ကားနေ၏။
၅ထပ်ကို တက်ချင်လား။ အားတော့နာပါတယ်။ ပြည့်သွားပါပြီခင်ဗျာ။
“ ဘယ်သူက အဲလောက်ချမ်းသာပြီး အာဏာရှိလဲလို့ စဥ်းစားနေတာ၊ အစ်ကိုထင်အန်း ဖြစ်နေတာကိုး”
လူတချို့က ၅ထပ်ဆီသို့ တက်လာသော်လည်း တာဝန်ခံက သူလုပ်ချင်လျှင်တောင် သူ့ကို မတားရဲပေ။ ထို့ကြောင့် သူသည် သည်အတိုင်း ပြန်လှည့်လာခဲ့လိုက်တော့သည်။
သည်လူများကို လရောင်နှယ် ဖြူဖွေးသည့် ဘရိုကိတ်သားဝတ်ရုံနှင့် မက်မွန်ပွင့်လို မျက်နှာမျိုးရှိသည့် လူတစ်ယောက် ဦးဆောင်လာခဲ့သည်။ တခြားလူမဟုတ်ဘဲ လုမြို့ရှိ နာမည်ကြီးအထက်တန်းစား သားတစ်ယောက်ဖြစ်သည့် လင်ယွိပိုင် ဖြစ်နေလေသည်။
ဟုတ်ပါသည်။ သူ့မျိုးရိုးနာမည်မှာ လင် ဖြစ်သည်။ ‘လင်’မိသားစု နှစ်ခုထဲက တစ်ခုဖြစ်သည်။
၅ထပ်တွင်တွင် အစကတည်းက လူများရှိနေကြသည်။ မင်းမျိုးမင်းနွယ်တချို့လည်း ရှိနေကြသည်။ ခေါင်းဆောင်သည် ဓားလို မျက်ခုံး၊ ကြယ်ရောင်မျက်လုံး၊ နှာခေါင်းနှင့် ထင်ရှားသည့် မျက်နှာပိုင်ဆိုင်ထားကာ အပြာရောင်ဘရိုကိတ်သား အဝတ်အစားကို ဝတ်ဆင်ထားသည်။ သူသည် လင် မိသားစုနှစ်ခုထဲ နောက်ထက် လင် မျိုးနွယ်၊ နယ်စားအန်းဖင်အိမ်၏ အကြီးဆုံးသခင်လေး လင်ထင်အန်း ဖြစ်လေသည်။
လင်ထင်အန်းသည် လင်ယွိပိုင်နှင့် တခြားသူများကို တွေ့လိုက်သောအခါ သူ့နှုတ်ခမ်းထောင့်က မသိမသာ တွန့်သွားလေသည်။
“ ဪ အစ်ကိုယွိပိုင်ဖြစ်နေတာကိုး၊ ဘာကိစ္စရှိလို့လဲ၊ မင်းရဲ့ဖင် ထပ်မနာတော့ဘူးလား”
သိပ်မကြာခင်က လင်ယွိပိုင်သည် ဒုတိယသခင်ကြီးလင်၏ ရိုက်နှက်ခြင်း ခံခဲ့ရလေသည်။ သူသည် လင်ယွိပိုင်ကို ရန်စလို၍ သည်အကြောင်းကို ဆွဲထုတ်လိုက်ခြင်းပင်။
လင်ယွိပိုင်၏အမူအရာသည် ချက်ချင်းပြောင်းလဲသွားတော့သည်။
အဖွဲ့နှစ်ခုသည် သူတို့နေရာတွင် ရပ်နေကြသည်။ ဘယ်သူကမှ အောက်ထပ်သို့ မဆင်းချင်ကြသဖြင့် သူတို့သည် အပေါ်ထက်တွင် နှုတ်ရေးအားဖြင့် ယှဥ်ပြိုင်နေကြလေသည်။
စကားပြောနေရင်း ရုတ်တရက်ဆိုသလို လင်ထင်အန်းဘက်က တစ်စုံတစ်ယောက် ထုတ်ပြောလိုက်၏။
“ ဒီလောက်လှတဲ့နေ့မျိုးမှာ ကဗျာမရှိ ဘာမရှိဖြစ်နေတာ ဘယ်ကောင်းပါ့မလဲ၊ ကျွန်တော်တို့တွေ အတူတူ ကဗျာစပ်ကြပြီး ခံစားကြမလား” သူသည် ထိုစကားကို ပြောရင်း လင်ယွိပိုင်ကို ကြည့်လိုက်လေသည်။
လင်ယွိပိုင်သည် လင်မိသားစုတွင် မွေးဖွားလာသော်လည်း စာပေအသိပညာ မရှိသလောက် နည်းပါးမှန်း အားလုံးက သိကြသည်။ မိန်းကလေးများကို ဆွဲဆောင်နိုင်သည့် လှပသည့်မျက်နှာတစ်ခုသာ ရှိလေသည်။
လင်ယွိပိုင်က နှာခေါင်းရှုံ့လိုက်၏။ သူက သူတို့ကို ကြောက်ရမတဲ့လား။
“ ခေါင်းစဥ်ကဘာလဲ” တစ်ယောက်က မေးလိုက်၏။
အားလုံးက ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး ကောင်းကင်ထက်က တောက်ပသည့်လမင်းကို တွေ့သွားကြလေသည်။ တစ်ယောက်က တောက်ပသည့်လအကြောင်း စပ်ဆိုရန် အကြံပြုလိုက်သည်။ တချို့က အလွန်မှလွယ်ကူသည်ဟု ပြောကြသည်။ သူတို့သည် အဝေးက အလင်းရောင်များကို တွေ့လိုက်ကြချိန်တွင် တချို့က အလင်းရောင် အကြောင်း စပ်ဆိုဖို့ ပြောကြသည်။ တချို့က ငြင်းကြသည်။
သည်အခိုက်တွင် လူတစ်ယောက်က အဝေးတစ်နေရာကို ရုတ်တရက် လက်ညှိုးထိုးလိုက်ပြီး ပြောလိုက်လေသည်။
“ ကျွန်တော်တို့တွေ မိန်းမလှလေးတွေကိုအကြောင်းပဲ စပ်ဆိုကြမလား”
အားလုံးက သူညွှန်ပြလိုက်သည့်ဖက်ကို ကြည့်လိုက်ကြ၏။ လေထဲတွင် မီးရှူးမီးပန်းများက အခက်လိုက် ပွင့်ထွက်လာပြီး ပါးလွှာသည့် တယ်သီးရောင် ဝတ်စုံဝတ်ဆင်ထားသည့် မိန်းမလှလေးတစ်ယောက်က အလင်းရောင်အောက်တွင် ရပ်ပြီး ကောင်းကင်က မီးရှူးမီးပန်းများကို မော့ကြည့်နေလေသည်။
သူမသည် တိမ်သဖွယ် အနက်ရောင်ဆံနွယ်များကို ပိုင်ဆိုင်ထားသည်။ သူမ၏မျက်လုံးအိမ်က ရေလို ရွှန်းလဲ့နေသည်။ သူမသည် မီးရောင်အောက် မီးပုံးအရိပ်ထဲတွင် အေးချမ်းစွာရပ်နေလေသည။ အားလုံးသည် ရုတ်တရက်ဆိုသလို ‘ ရုတ်တရက် မင်းရဲ့နောက်ကို လှည့်ကြည့်လိုက်တဲ့အခါ လူက မီးရောင်မှိန်မှိန်လေးအောက်မှာ ရှိနေလေရဲ့’ ဟူသည့်ခံစားချက်ကို ခံစားလိုက်တော့သည်။
ရုတ်ခြည်းဆိုသလို မီးရှူးမီးပန်းများက ဖြာထွက်လာခဲ့သည်။ အားလုံးက တဖန် စူးစိုက်စွာ ငေးကြည့်လိုက်ကြသည်။ သို့သော် ထိုနေရာတွင် ထိုလူက မရှိတော့ပေ။
သည်အချိန်တွင် ကျန်းယွင်ကျူးက ဘေးလမ်းကြားလေးထဲသို့ ချိုးဝင်သွားလိုက်သည်။ သူမသည် ခုနက လရောင်ရနံ့တစ်ခုကို ရလိုက်သယောင်။
သူမသည် ထိုအနံ့ကို လူတစ်ယောက်ဆီကသာ ရခဲ့လေသည်။
လမ်းကြားလေးက အနည်းငယ် မည်းမှောင်နေ၏။ သူမက ထိုနေရာတွင် ရပ်လိုက်ပြီး ဝင်သွားရမည်လား၊ လှည့်ပြန်လာရမည်လား တွေဝေနေမိသည်။
ရုတ်တရက် အထဲက အသံတစ်ခု ထွက်လာ၏။ သည်ဘက်က လာပုံရသည်။
သူမသည် လမ်းကြားထဲက မြန်မြန်ထွက်သွားချင်လိုက်လေသည်။
သည်အခိုက်တွင် အေးစက်သည့်အလင်းတစ်ခုက သူမကို တိုက်ခိုက်လာ၏။ ဘာဖြစ်နေမှန်း မသိလိုက်ခင်မှာပင် အော်သံတစ်ခု ထွက်လာခဲ့လေသည်။ ထိုအေးစက်သည့်အလင်းကလည်း မြေကြီးပေါ် ကျသွားသည်။
ထို့နောက်တွင် အေးစက်သည့်အလင်းတချို့ တချို့နှင့် အော်သံတချို့ ထွက်လာလေသည်။ လမ်းကြားထဲတွင် ဘာအသံမှ မရှိတော့ပေ။ သို့သော် သွေးနံ့များက ပြင်းထန်လွန်းရာ ကြောက်မက်ဖွယ်ပင်။
ကျန်းယွင်ကျူးသည် လမ်းကြားအပြင်ဘက်သို့ ပြန်ဆုတ်သွားရမည်။ အပြင်ဘက်တွင် လူအများကြီး ရှိပြီး သူမကို လုံခြုံသည့် ခံစားချက်တစ်ခုပေးလိမ့်မည်။
သူမက လမ်းကြားထဲကို ဂရုတစိုက် သတိနှင့် ကြည့်လိုက်၏။ မီးရှူးမီးပန်းတစ်ခုက ပေါက်ထွက်လာသည်။ အလင်းရောင်က ဖျတ်ခနဲလင်းလာချိန်တွင် သူမသည် မြေပေါ်တွင် ပြန့်ကျဲနေသည့် သွေးများနှင့် နံရံကို တစ်ဝက်မှီထားသည့် လူတစ်ယောက်ကို တွေ့လိုက်ရလေသည်။ သူ့ခန္ဓာကိုယ်က သွေးအလိမ်းလိမ်း ဖြစ်နေသော်လည်း သူသည် အသက်ရှင်နေသေးသည်။ ကျန်လူများအားလုံးကတော့ အသက်မရှိတော့ပေ။
“ လူကြီးမင်းရှန် လား”
ကျန်းယွင်ကျူးသည် ရှန်ဖုန်းမင် ဖြစ်နေမည်ဟု လုံးဝမျှော်လင့်မထားခဲ့ချေ။ သူ ဘာလို့ ဒီကိုရောက်နေတာလဲ။ ပြီးတော့ နေရာတိုင်းမှာ လူသေတွေချည်းပဲ။
အထဲဘက်က မည်သူမှ ပြန်မဖြေချေ။
ကျန်းယွင်ကျူးသည် ခဏလောက် တွေဝေနေပြီးမှ လမ်းကြားလေးထဲ ဝင်သွားတော့သည်။
“လူကြီးမင်း ရှန်”
သူမက လက်ဖြင့် ရှန်ဖုန်းမင်ကို ထိလိုက်၏။ ရုတ်တရက်ဆိုသလို ရှန်ဖုန်းမင်က သူ့ကိုယ်ကိုသူ သူမပေါ်သို့ မှီချလိုက်လေသည်။ သူမမှာ အားတော်တော်များများ ထုတ်ကာ ထိန်းထားလိုက်သဖြင့် လဲကျမသွားခဲ့ပေ။
...