Ch 54
Viewers 3k

အပိုင်း (၅၄) (က)

“လူကြီးမင်း ရှန် ၊ ရှင် အဆင်ပြေရဲ့လား”

ကျန်းယွင်ကျူးက စိုးရိမ်တကြီး မေးလိုက်လေသည်။ သူမက ရှန်ဖုန်းမင်ကို ဖက်ထားလိုက်သည်။ သူမ၏လက်က စေးကပ်နေသလို ခံစားလိုက်ရသည်။ သွေးမှန်း သိလိုက်သော်လည်း ရှန်ဖုန်းမင်၏ သွေးလား၊ တခြားသူတစ်ယောက်၏သွေးလားကိုတော့ မသိပါချေ။

ရှန်ဖုန်းမင်သည် သတိလစ်သွားပုံရသည်။

ကျန်းယွင်ကျူးက ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။ သူမ ဘာလုပ်ရမလဲ။ ရုံးတော်ကို သတင်းပို့ရမလား။ ဒါမှမဟုတ် သူ့ကို ဆေးခန်းပြ ပို့ရမှာလား။ သူ့ကို ဆေးခန်းပို့မယ်ဆိုရင် တစ်ယောက်ထဲတော့ သူ့ကို တွဲသွားနိုင်မှာမဟုတ်ဘူး။

သူမသည် စိုးရိမ်နေစဥ်မှာပင် တစ်စုံတစ်ယောက် အံ့ဩတကြီး ရုတ်တရက်မေးလာလေသည်။

“မိန်းကလေးကျန်း၊ ဘာလို့ ဒီနေရာကို ရောက်နေတာလဲ”

ယန်ရှန့်၏အသံ ဖြစ်သည်။ ကျန်းယွင်ကျူးမှာ ဝမ်းသာသွားတော့သည်။

“လူကြီးမင်း ယန် လူကြီးမင်းရှန်ကို ကြည့်ပါအုံး၊ သူ ဘာဖြစ်တာလဲ”

ယန်ရှန့်သည် ရှန်ဖုန်းမင်၏ ထူးဆန်းသည့်အခြေအနေကို သတိထားမိလိုက်လေသည်။ ကျန်းယွင်ကျူး စကားမဆုံးခင်မှာပင် သူသည် ရှန်ဖုန်းမင်ကို တွဲထားနှင့်ပြီးဖြစ်သည်။ သူက လက်ဆန့်လိုက်ပြီး ရှန်ဖုန်းမင်၏ သွေးခုန်နှုန်းကို စမ်းကြည့်လိုက်ပြီးနောက် သူ့အခြေအနေအသေးစိတ်ကို စစ်ဆေးလိုက်လေသည်။

“ သူ ဒဏ်ရာရထားတယ်၊ မိန်းကလေးကျန်း အရင်ဆုံး ကျွန်တော့်ကို ကူပြီး သူ့ကို တွဲထားပေးပါလား၊ ကျွန်တော် လှည်းတစ်စီးသွား ခေါ်ပြီး သူ့ကို ဆေးခန်း ခေါ်သွားလိုက်မယ်”

“ ဟုတ်ကဲ့၊ မြန်မြန်သွားလိုက်ပါ”

ကျန်းယွင်ကျူးက ရှန်ဖုန်းမင်ကို ပြန်ဖက်ထားလိုက်သည်။ သူမတွင် သူ့ကို တွဲထူပေးရန် အင်အားများများစားစား မရှိချေ။ သူ့ကို သည်လိုထိန်းပေးသည်နှင့်ပင် သူမသည် သူ့ကို ခက်ခက်ခဲခဲ တွဲထူပေးထားရလေသည်။

ယန်ရှန့်သည် ချက်ချင်းပြန်ရောက်လာပြီး ရှန်ဖုန်းမင်ကို တွဲကာ ခေါ်ထုတ်လာခဲ့သည်။ လမ်းကြားအဝင်ဝတွင် လှည်းတစ်စီးက ရောက်နှင့်နေသည်။

ယန်ရှန့်က ရှန်ဖုန်းမင်ကို လှည်းထဲကူတင်ပေးလိုက်ပြီး

“မိန်းကလေးကျန်း.....”

“ကျွန်မကို ရှင်နဲ့ အခြေအနေလိုက်ကြည့်ခွင့်ပေးပါ”

ကျန်းယွင်ကျူးက ပြောလိုက်၏။ သူမသည် ယန်ရှန့်က အကူအညီထပ်လိုလာမှာ စိုးရိမ်မိသည်။

“ကျေးဇူးတင်ပါတယ်”

ယန်ရှန့်က သူမကို လှည်းထဲတွင် ဝင်ထိုင်ခိုင်းလိုက်ပြီး သူတို့သည် ဆေးခန်းသို့ ဦးတည်သွားလိုက်ကြသည်။

“ဝမ်းဗိုက်ကို ထိထားတယ်၊ သူက သူ့ကိုယ်သူ အလွန်ကျွံပင်ပန်းအောင် ခိုင်းခဲ့တာပဲ၊ ကျွန်တော် သူ့ကျောပေါ်က ဒဏ်ရာကိုပဲ ဆေးထည့်ပေးထားတယ်၊ အသက်အန္တရာယ်တော့ မစိုးရိမ်ရပါဘူး”

ဆေးခန်းက သမားတော်က ရှန်ဖုန်းမင်ကို ကုသပေးလိုက်ပြီးနောက် ပြောပြလိုက်လေသည်။ ထို့နောက် သူက ဆေးညွှန်းရေးပေးလိုက်သည်။

ယန်ရှန့်က ဆေးညွှန်းကို ယူလိုက်ပြီး ဆေးသွားဝယ်လိုက်လေသည်။

သူက ရှန်ဖုန်းမင်ကို တွဲကာ လှည်းပေါ် ပြန်တင်ပေးလိုက်သည်။ ယန်ရှန့်သည် အနီးနားက တည်းခိုခန်းတစ်ခုတွင် အခန်းတစ်ခု သွားရှာလိုက်လေသည်။ သည်နေ့သည် မီးပုံးပွဲတော်နေ့ ဖြစ်သည်။ တခြားဒေသက လူချမ်းသာမိသားစုများကလည်း လုမြို့သို့လာရောက်ပြီး မီးပုံးပွဲကို ပျော်ပါးကြသည်။ တည်းခိုခန်းက အခန်းလုံးဝမရှိပေ။ သို့တိုင် ယန်ရှန့်၏ လိုသည်ထက်ပိုပေးသည့် အခန်းခကိုတော့ မဆန့်ကျင့်နိုင်ပေ။ တည်းခိုခန်းပိုင်ရှင်က သူ့အတွက် အခန်လွတ်တစ်ခု ချက်ချင်း ပြင်ဆင်ပေးလိုက်သည်။

ရှန်ဖုန်းမင်ကို အိပ်ရာပေါ်တင်ပေးလိုက်ပြီ ယန်ရှန်းက အခက်တွေ့နေသည့်မျက်နှာဖြင့် ထိုနေရာတွင် ရပ်နေလေသည်။

“ ကျွန်မ ကူညီပေးနိုင်တာ တစ်ခုခုရှိရင် ပြောလိုက်ပါ” ကျန်းယွင်ကျူးက ပြောလိုက်၏။

ယန်ရှန့်က ဝမ်းသာသည့်ဟန် ပေါ်လာပြီး

“ အမှန်အတိုင်းပြောရရင်လေ မိန်းကလေးကျန်း ကျွန်တော့မှာ အရေးကြီး ဖြေရှင်းစရာကိစ္စလေးရှိလို့ပါ၊ ဒါပေမဲ့ သူ့ကို ဒီနေရာမှာ စောင့်ရှောက်ပေးမဲ့သူ မရှိဘူးဖြစ်နေတာ၊ ကျွန်တော်လည်း မစိုးရိမ်ဘဲ မနေနိုင်ဘူး”

“ကျွန်မ လုပ်ပေးပါ့မယ်” ကျန်းယွင်ကျူးက ပြန်ဖြေလိုက်သည်။

“မိန်းကလေးကျန်းကို ကျေးဇူးတင်ပါတယ်” ယန်ရှန့်က ကျေးဇူးတင်စွာ ပြောလိုက်လေသည်။

“ရပါတယ်  ကျွန်မလည်း ဒီနေ့ည လုပ်စရာမရှိပါဘူး” ကျန်းယွင်ကျူးက လှိုက်လှိုက်လှဲလှဲ ပြောလိုက်၏။

ယန်ရှန့်သည် အလျင်စလို ထွက်သွားတော့သည်။

အခန်းထဲတွင် ကျန်းယွင်ကျူးနှင့် ရှန်ဖုန်းမင်တို့သာ ကျန်ခဲ့လေသည်။ ကျန်းယွင်ကျူးက ခုတင်ပေါ်က လူကိုကြည့်လိုက်ပြီး ဆေးအိတ်ကို ကောက်ယူလိုက်ကာ ဆေးကြိုဖို့ ထွက်သွားတော့သည်။

ခဏကြာပြီးနောက် ဆေးက အဆင်သင့် ဖြစ်သွားလေသည်။ သူမက ဆေးကို ယူဝင်လာသော်လည်း ရှန်ဖုန်းမင်က အိပ်နေသေးသည်ကို တွေ့လိုက်ရသည်။

“လူကြီးမင်းရှန်၊ လူကြီးမင်း ရှန်” သူမက နှစ်ခါလောက်အော်ခေါ်လိုက်၏။ သို့သော် ရှန်ဖုန်းမင်က နိုးမလာချေ။ ထို့ကြောင့် သူမက ပြန်ထိုင်ချလိုက်လေသည်။

ခဏကြာသွားသော်လည်း ယန်ရှန့်က ပြန်မလာသေးချေ။ သူမသည် ကျန်းချိန်နှင့် တခြားသူများက ပြန်လာချိန်တွင် သူမရှိသည်ကို သိသွားပြီး စိတ်ပူနေမှာ စိုးရိမ်မိလေသည်။ သူမက အပြင်ထွက်ကာ တည်းခိုခန်းပိုင်ရှင်းကို သွားတွေ့လိုက်ပြီး သူ့ကို ငွေနည်းနည်းပေးကာ အစေခံတစ်ယောက်အား ဖာထုန်းဘုရားကျောင်းသို့ လွှတ်ပြီး သူမ အဆင်ပြေနေကြောင်း သွားပြောခိုင်းလိုက်လေသည်။

သူမ ပြန်ရောက်လာချိန်တွင် ရှန်ဖုန်းမင်သည် ဂွမ်းစောင်တစ်ထည် ခြုံထားပြီး သူ့မျက်နှာပေါ်က သွေးစများသည် အလွန်မှ ထင်ရှားနေ၏။ လုပ်စရာမရှိတော့သဖြင့် သူမက ပဝါကို ကောက်ယူလိုက်ပြီး ရေဆွတ်ကာ ခြောက်အောင် ညစ်လိုက်ပြီး အိပ်ရာဘေးသို့ လျှောက်လာခဲ့သည်။ သူမက သူ့မျက်နှာကို သုတ်ပေးဖို့ ကြိုးစားလိုက်လေသည်။

ရလဒ်အနေဖြင့် ပဝါက သူ့မျက်နှာကို ထိလိုက်သည်နှင့်တစ်ပြိုင်နက် သူသည် ရုတ်တရက် မျက်လုံးပွင့်လာပြီး သူမ၏လက်ကို ဖမ်းဆုပ်ထားလိုက်လေသည်။

သူ့မျက်လုံးများက အလွန်မှ စူးရှပြီး သူ့လက်များက ကြောက်စရာကောင်းလောက်အောင် သန်မာနေသည်။

“လူကြီးမင်း ရှန်”

ကျန်းယွင်ကျူးက တီးတိုးခေါ်လိုက်လေသည်။

ရှန်ဖုန်းမင်၏ မျက်လုံးအိမ်က လည်သွားပြီးနောက် ဖြည်းဖြည်းချင်း ပြန်ပိတ်သွားလေသည်။ သို့သော် သူသည် ကျန်းယွင်ကျူးကို မလွှတ်ပေးလိုက်ပေ။

“လူကြီးမင်း ရှန်၊ လူကြီးမင်း ရှန်”

ကျန်းယွင်ကျူးသည် သူ တစ်ဖန် သတိပြန်လစ်သွားသည်ကို သတိထားမိလိုက်လေသည်။

ပဝါကို ချထားလိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် အတင်းဆွဲဖယ်လိုက်၏။ သို့တိုင် သူမမှာ မအောင်မြင်ခဲ့ချေ။ သူမသည် မောပန်းလာပြီး ချွေးများပင်ထွက်လာတော့သည်။

ကျန်းယွင်ကျူးက လက်လျှော့လိုက်ပြီး ထိုနေရာတွင် ထိုင်နေလိုက်တော့သည်။

သူ့လက်က သူမ၏လက်ကို ကိုင်ထားသဖြင့် သူမသည် အိပ်ရာအစွန်းတွင် ထိုင်နေရုံသာရှိတော့သည်။ သူ့ဘေးနားကပ်လုနီးနီးပင်။

ပဝါကို တဖန် ပြန်ကောက်ကိုင်လိုက်ပြီး သူမက သူ့မျက်နှာကို သုတ်ပေးလိုက်လေသည်။

သည်တစ်ကြိမ်တွင်တော့ သူသည် မတုံ့ပြန်တော့ချေ။

သူ့မျက်နှာပေါ်က သွေးများကို နည်းနည်းချင်း သုတ်ပေးလိုက်ပြီးနောက် ချောမောမျက်နှာတစ်ခုက ပေါ်လာလေသည်။ နဖူးပြင်က ချောမွတ်နေပြီး အနက်ရောင်ဆံပင်များက ဖဲသားလေးလိုဖြစ်နေကာ မျက်တောင်ရှည်များက မသိမသာကွေးတက်နေပြီး ဖယောင်းတိုင်မီးရောင်အောက်တွင် အရိပ်လေးတစ်ခု ကျနေတော့သည်။

ရှန်ဖုန်းမင်ကို လူချောလေးတစ်ယောက်ဟု အမှန်ပင် ခေါ်နိုင်သည်ဟု ကျန်းယွင်ကျူး ခံစားလိုက်ရ၏။ အိပ်နေသည့်မင်းသားလေးပင်။

သူမက သက်ပြင်းချလိုက်ပြီး ထိုနေရာတွင်မှီချလိုက်ကာ ပြတင်းပေါက် အပြင်ဘက်တွင် မကြာခဏ တက်လာသည့် မီးရှူးမီးပန်းများကို ကြည့်နေလိုက်လေသည်။

အချိန်တစ်ခုတွင် သူမသည်  အိပ်ပျော်သွားတော့သည်။

နောက်တစ်နေ့ ကျန်းယွင်ကျူးသည် နိုးလာချိန်၌ သူမသည် ချောမောသည့်မျက်နှာတစ်ခုကို တွေ့လိုက်ရပြီး သူမ၏လက်ထဲတွင်တစ်ခုခုကို ကိုင်ထားသလို ခံစားလိုက်ရလေသည်။

အနီးကပ်ကြည့်လိုက်ချိန်၌ အကြောင်းကြောင်းကြောင့် သူမသည် ခုတင်ပေါ်တွင် လဲလျောင်းနေသည်ကို တွေ့လိုက်ရတော့သည်။ သူမ ဖက်ထားသူမှာ ရှန်ဖုန်းမင် ဖြစ်နေတော့သည်။

သူသည် မနေ့ညက အိပ်နေရင်း အလွန်မှ သက်သောင့်သက်သာ မရှိလှသဖြင့် လျှောကျသွားသည်ကို ခပ်ရေးရေးလေး မှတ်မိနေသည်။ ထို့နောက်တွင်တော့...

သူမက မြန်မြန် ထရပ်လိုက်ပြီး ပြုတ်ကျမလိုဖြစ်သွားတော့သည်။ ရှန်ဖုန်းမင်က သူမ၏လက်ကို ကိုင်ထားဆဲဖြစ်နေသည်ကို သိလိုက်ရလေသည်။

အိပ်ရာဘေးတွင် ရပ်လိုက်ပြီး သူမက သေသေချာချာ စစ်ဆေးလိုက်ပြီးနောက် ရှန်ဖုန်းမင် မနိုးသေးသည်ကို တွေ့လိုက်ရတော့သည်။ သူမမှာ စိတ်အေးသွားတော့သည်။ သူမက တဖက်လူကို ခေါင်းအုံးတစ်ခုကို လုပ်ခဲ့မိတာလေ။ ပြီးတော့ သူက လူနာတစ်ယောက်။ ဒါကိုများ သိသွားလို့ကတော့ ....

ကျွီမြည်သံတစ်ခုနှင့်အတူ တံခါး ပွင့်သွား၏။ ယန်ရှန့်သည် အပြင်မှ ဝင်လာလေသည်။

ကျန်းယွင်ကျူးမှာ နှစ်ကြိမ်လောက် ရင်တုန်သွားတော့သည်။ မကောင်းတာတစ်ခုခု လုပ်ထားပြီး မိသွားသလို ခံစားလိုက်ရလေသည်။

“မိန်းကလေးကျန်း ဘာလို့ အနားမယူတာလဲ”

ယန်ရှန့်က ဝင်လာ၏။ ကျန်းယွင်ကျူး ထိုနေရာတွင် ရှိနေသေးသည်ကို တွေ့လိုက်ရသဖြင့် သူမက ရှန်ဖုန်းမင်ကို တညလုံး စောင့်ရှောက်နေခဲ့သည်ဟု ထင်သွားပြီး ချက်ချင်းပြောလိုက်ခြင်းပင်။ ထို့နောက် သူ့မျက်လုံးများက ကျန်းယွင်ကျူး၏ လက်ပေါ်သို့ ရောက်သွားတော့သည်။

“ သူ ခဏလောက် နိုးလာသေးတယ်၊ ကျွန်မ ဖယ်လို့မရလို့” ကျန်းယွင်ကျူးက မြန်မြန်ရှင်းပြလိုက်သည်။

ယန်ရှန့်က ရှန်ဖုန်းမင်၏အခြေအနေကို စစ်ဆေးလိုက်ပြီး သူ အိပ်ပျော်နေသေးကြောင်း တွေ့လိုက်ရလေသည်။

ကျန်းယွင်ကျူးက ဘေးတွင် ရပ်နေရင်း စကားလမ်းကြောင်း ပြောင်းလိုက်တော့သည်။ သူမက ယန်ရှန့်ကို မေးလိုက်၏။

“ လူကြီးမင်းရှန် ကိစ္စက အဆင်ပြေရဲ့လား”

“ပြီးတော့မှာပါ၊ ကျွန်တော် မြို့တော်ကို သွားရလောက်တယ်”

ဒါဆို ရှန်ဖုန်းမင်ကရော။

မိနစ်များစွာ ကြာပြီးနောက် ကျန်းယွင်ကျူးသည် လှည်းထဲတွင် ထိုင်နေလေသည်။ သူမ၏ဘေးက လူများကို ကြည့်လိုက်ပြီး အခြေအနေက မည်သို့များ သည်လိုဖြစ်သွားရသည့်အကြောင်းကို အနည်းငယ် ဇဝေဇဝါ ဖြစ်သွားတော့သည်။

ယန်ရှန့်က ရှန်ဖုန်းမင်ကို ဘယ်နေရာ ထိလိုက်မှန်း မသိပေ။ ရှန်ဖုန်းမင်က သူမလက်ကို လွှတ်ပေးလိုက်လေသည်။ သို့သော်....

“ယွင်ကျူး သမီး အဆင်ပြေရဲ့လား”

အမျိုးသမီးချန်နှင့် တခြားသူများက ကျန်းယွင်ကျူးကို တွေ့လိုက်ရသောအခါ အကျိုးအကြောင်း မေးကြလေသည်. သူတို့သည် မနေ့ည ကျန်းယွင်ကျူးဆီမှ သတင်းကို ရခဲ့ကြသည်။ သို့တိုက် သူတို့သည် မိန်းကလေးတစ်ယောက်တည်း တစ်ညလုံး ပြန်မလာသဖြင့် အလွန်စိတ်ပူနေကြဆဲပင်။

“အားလုံးအဆင်ပြောပါတယ်၊ အဖေ အမေ အားလုံး သိမ်းဆည်းပြီးပြီလား၊ ပြီးတာနဲ့ ပြန်ကြရအောင်” 

ကျန်းယွင်ကျုးက ပြောလိုက်၏။

“ အားလုံး ထုပ်ပိုးပြီးပါပြီ” အမျိုးသမီးချန်က ပြောလိုက်သည်။

“ဒါဆို အိမ်ပြန်ရအောင်” ကျန်းယွင်ကျူးက ဝမ်းသာစွာ ပြောလိုက်လေသည်။

အားလုံးက ပစ္စည်းများကို သယ်လိုက်ကြ၏။ ထိုလှည်းများကလည်း ထွက်ခွာရန် အဆင်သင့် ဖြစ်နေကြသည်။

သည်အခိုက်တွင် လူလေးယောက်က ထိုနေရာသို့ ရောက်လာကြ၏။ သူတို့သည် ဖူရွှမ်းနှင့် သူ့တပည့်သုံးပါး ဖြစ်လေသည်။

“ဒကာမလေး”

ဖူရွှမ်းက လက်အုပ်ချီလိုက်ပြီး နှုတ်ဆက်လိုက်လေသည်။

“ဆရာတော်” ကျန်းယွင်ကျူးက ပြန်နှုတ်ဆက်လိုက်၏။

“ ဒကာမလေး အရမ်းယဥ်ကျေးနေစရာမလိုပါဘူး၊ ဒီဘုန်းကြီးက ဒကာမလေးကို ပြောစရာရှိလို့ပါ”

ဖူရွှမ်းသည် မနေ့က ကျန်းယွင်ကျူး သူ့ကို ပေးခဲ့သည့် သက်သက်လွတ်ဟင်းများကို ချေးငှားပေးလိုက်ပြီး တခြားသူများကို လက်ဆောင်အဖြစ် ပေးလိုက်သည့်ကိစ္စကို ပြောပြလိုက်လေသည်.

“ကိုယ်တော် တကယ်အားနာမိပါတယ်”

ကျန်းယွင်ကျူးက ကိစ္စကြီးတစ်ခုဟု မမှတ်ပေ။ မည်သို့ဆိုစေ သူမသည် ဟင်းများကို ဖူရွှမ်းအား ပေးခဲ့ခြင်းပင်။ ဖူရွှမ်း မည်သို့ လုပ်မည်ကတော့ သူ့ကိစ္စပင်။

“ဆရာတော် ဒီလို ဖြစ်စရာမလိုပါဘူး၊ ဟင်းနှစ်မျိုးလေးပါပဲ၊ ဒါက ဆရာတော့်ကို တပည့်တော်က ကျေးဇူးတင်ကြောင်း ပြောချင်ရုံပါ” သူမက ပြန်ပြောလိုက်သည်။

သူမသည် ထိုစကားကို ပြောလိုက်ချိန်တွင် ဖူရွှမ်းသည် တစ်ဖန်ပြန်ပြုံးသွားတော့သည်။

“ဒကာမလေး ဒါတွေကို လမ်းမှာစားဖို့ ယူထားလိုက်ပါ၊ နောက်တစ်ခါ မိန်းကလေး ထပ်လာခဲ့ရင် ကိုယ်တော်က ဒကာမလေးကို ကောင်းကောင်းဧည့်ခံပါ့မယ်”

သူ့စကားဆုံးသွားပြီးနောက် ကျင်းယွမ်နှင့် တခြားသူများက သူတို့လက်ထဲက ပစ္စည်းများကို ကျန်းယွင်ကျူးအား ကမ်းပေးလိုက်လေသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် လက်ဖက်ခြောက်၊ ကိတ်မုန့်၊ အသီးများနှင့် တခြားပစ္စည်းများကို တွေ့လိုက်ရသည်။ တန်ဖိုးအလွန်ကြီးမားလှသည်။

“ ဘယ်ဖြစ်ပါ့မလဲ”

ကျန်းယွင်ကျူးက ပြောလိုက်၏။ သူတို့သည် တစ်ဖက်လူ၏ဘုရားကျောင်းတွင် နေခဲ့ခြင်းပင်။ ထိုအကြောင်းအရာထက် တခြားသူထံမှ များပြားလှသည့်ပစ္စည်းများကို ယူသွားရမည်တဲ့လား။

“ဒကာမလေး ကျေးဇူးပြုပြီး မငြင်းပါနဲ့၊ အမှန်အတိုင်းပြောရရင် မနေ့ညက ဒကာမလေး လုပ်ပေးခဲ့တဲ့ သက်သက်လွတ်ဟင်းလျာနှစ်မျိုးက ကိုယ်တော့်ကို အများကြီး အကူအညီဖြစ်စေခဲ့ပါတယ်၊ ဒါတွေက လက်ဆောင်တစ်ခု မဟုတ်ပါဘူး” ဖူရွှမ်းက အခြေအနေကို ထိန်းပြောလိုက်လေသည်။

သူက ထိုသို့ပြောလိုက်သဖြင့် သူမက ပစ္စည်းများကို လက်မခံခဲ့လျှင် မနေ့ညက ကိစ္စကို စိတ်ထဲ ရှိနေသည်ဟု ထင်သွားပေလိမ့်မည်။

“ဆရာတော့်ကို ကျေးဇူးတင်ပါတယ်” ကျန်းယွင်ကျူးက ပြန်ပြောလိုက်လေသည်။

ပစ္စည်းများကို လက်ခံလိုက်ပြီးနောက် ကျန်းယွင်ကျူးနှင့် တခြားသူများသည် ထွက်လာခဲ့ကြတော့သည်။

အပြင်ဘက်သို့ ရောက်သည်နှင့် လှည်းတစ်စီးက ထိုနေရာတွင် ရပ်ထားလေသည်။ ကျန်းယွင်ကျူးသည် လှည်းမောင်းသမားကို လက်ယမ်းပြလိုက်ပြီး သူ့ကို ထွက်ခွာဖို့ အချက်ပြလိုက်တော့သည်။

အမျိုးသမီးချန်နှင့် တခြားသူများက လှည်းကို မြင်သွားပြီး သိလိုစိတ်ဖြင့် မေးကြလေသည်။

“ယွင်ကျူး ဒီလှည်းက”

“ သမီး မနေ့က လူကြီးမင်းရှန်နဲ့ မထင်မှတ်ပဲ တွေ့ခဲ့တာ၊ သူ နေမကောင်းဘူး၊ လူကြီးမင်းရှန်က သူ့ကို ရက်နည်းနည်းလောက် စောင့်ရှောက်ပေးဖို့ တောင်းဆိုထားလို့ပါ” ကျန်းယွင်ကျူးက ပြောလိုက်၏။

အမျိုးသမီးချန်က ထိုအကြောင်းကို ထူးဆန်းသလို ခံစားရသော်လည်း ဘယ်နေရာမှာလဲဟု မမေးလိုက်တော့ချေ။

“ လူကြီးမင်းရှန် အဆင်ပြေရဲ့လား”

“ သမားတော်ကတော့ သူ အဆင်ပြေတယ်လို့ ပြောပါတယ်၊ အရမ်းပင်ပန်းနေလို့ပါတဲ့” 

ကျန်းယွင်ကျူးက ရှင်းပြလိုက်၏။

လှည်းဘီးသံများ တကျွီကျွီ မြည်သွားလေသည်။ လှည်းတစ်စီး၊ လားလှည်းတစ်စီး နှင့် မြည်းလှည်းတစ်စီးတို့သည် လုမြို့မှ တစ်စီးပြီးတစ်စီး ထွက်ခွာလာခဲ့ကြလေသည်။

လုစီရင်စုပြည်နယ်မြို့ကြီးကတော့ စည်ကားအသက်ဝင်ဆဲပင်။ လူတချို့ထွက်သွားလို့လည်း ပြောင်းလဲသွားလိမ့်မည်မဟုတ်ပေ။

နောက်တစ်နေ့ နေ့လယ်ခင်းတွင် ကျန်းယွင်ကျူးနှင့် တခြားသူများသည့် ချန်ရှီရွာသို့ ပြန်ရောက်လာကြတော့သည်။

အဘိုးချန်၊ ကျန်းလင်၊ ကျင်းယွင်ရွှယ်နှင့် ကျန်းဝူတို့သည် ခြံဝင်းတံခါးမှ သည်ဘက်သို့ လှမ်းကြည့်နေကြနေသည်ကို အဝေးမှနေ၍ လှမ်းမြင်နေရသည်။

“အဖေ အမေ အစ်မ” ကျန်းလင်နှင့် ကလေးများက အရှိန်နှင့် ပြေးလာကြလေသည်။

ကျန်းချိန်နှင့် အမျိုးသမီးချန်တို့သည် သူတို့ကို လွမ်းနေပြီဖြစ်ရာ လှည်းပေါ်မှ ချက်ချင်း ဆင်းလိုက်ကြသည်။

“ယွင်ကျူး ဒါဆို ငါ အရင်သွားနှင့်မယ်နော်” ရွှီချင်ရှန့်က ပြောလိုက်၏။

“အင်း ကျေးဇူးတင်ပါတယ် အစ်ကိုရွှီ” ကျန်းယွင်ကျူးက ပြောလိုက်၏။

ရွှီချင်ရှန့်က မြည်းလှည်းကို မောင်းထွက်သွားတော့သည်။

“ အစ်ကိုရွှီ ကျွန်တော့်ကို စောင့်ပါအုံး” ကုချီဖုန်းက သူ့မြည်းကို တို့လိုက်ပြီး နောက်မှ လိုက်ထွက်သွားတော့သည်။

“သူဌေး” ရွှယ်ကျင်းက ပြောလိုက်၏။

“ ရှင်လည်း အိမ်ပြန်ပြီး သွားကြည့်လိုက်ပါအုံး၊ ရှင်လည်း ဒီရက်ပိုင်းမှာ ပင်ပန်းသွားပြီ” 

ကျန်းယွင်ကျူးက ပြောလိုက်၏။

“မပင်ပန်းပါဘူးဗျာ”

ရွှယ်ကျင်းက ပြောလိုက်သည်။ သို့သော်လည်း သူသည် အမျိုးသမီးရွမ်ကို အလွန်မှလွမ်းနေပြီဖြစ်သည်။ ထို့ကြောင့် သူက စကားပြောနေသည်ကို ချက်ချင်းရပ်လိုက်ပြီး လှည်းပေါ်က ဆင်းကာ အိမ်ပြန်သွားတော့သည်။

“ အဲဒီအသားတုတ်ထိုးကင်တွေ ရောင်းကုန်သွားခဲ့တယ်လား” အဘိုးချန်က တအံ့တဩမေးလိုက်သည်။

“ ရောင်းလို့တောင် မလောက်ဘူး၊ အဲလိုမှန်းသာ သိခဲ့ရင် ပိုလုပ်သွားပါတယ်” အမျိုးသမီးချန်က နှမြောတသစွာ ပြောလေသည်။

“ ဒါဆို ငွေရှာနိုင်ခဲ့တာပေါ့”

“ ဟုတ်တာပေါ့၊ ယွင်ကျူးကပြောတယ် စီရင်စုမြို့မှ ဆိုင်လေးတစ်ခုဖွင့်ဖို့တောင် ငွေပြည့်သွားပြီတဲ့၊ ကျွန်မတို့တွေ ကျန်းလင်နဲ့ ကျန်းဝူရဲ့ကျောင်းလခလည်း ရခဲ့တယ်”

“ ကျွန်မတို့တွေ အဖေတို့အတွက်တောင် လက်ဆောင်တွေဝယ်လားသေးတယ်”

“အမေ ဘာဝယ်လာခဲ့တာလဲ” ကျန်းဝူက အလောတကြီးမေးလိုက်လေသည်။

ကျန်းယွင်ကျူး၏မျက်နှာသည် သူတို့တွေ ရယ်မောကာ စကားဖောင်ဖွဲ့နေကြသည်ကို မြင်လိုက်ရသောအခါ အပြုံးများနှင့် ပြည့်သွားတော့သည်။ လုစီရင်စုပြည်နယ်သို့ သွားခဲ့သည့် သည်ခရီးမှာ အချည်းနှီးမဖြစ်ခဲ့ပေ။

အို ဟုတ်သားပဲ။ သူမ ရှန်ဖုန်းမင်ကို မေ့တော့မလို့။

သူမက ရှန်ဖုန်းမင်ကို သယ်ပြီး ဘေးအခန်းသို့ ပို့ပေးရန် ကျန်းချိန်ကို မြန်မြန်ခေါ်လိုက်တော့သည်။

အဘိုးချန်ကို တဖန်ထပ်ရှင်းပြလိုက်ပြီးနောက် အားလုံးက လူခွဲလိုက်ကြလေသည်။

ယန်ရှန့်က ပါမလာချေ။ ကျန်းယွင်ကျူးသည် သည်တစ်ခါတော့ ရှန်ဖုန်းမင်၏မျက်နှာကို မသုတ်ပေးရဲတော့ပေ။ သူမက ထိုနေရာတွင် ထိုင်ရင်း သူ့ကို ကြည့်နေလိုက်လေသည်။

သူ ဘာလို့ လုမြို့ကို ရောက်နေတာလဲ။ သူ ဘာတွေ တွေ့ကြုံခဲ့တာလဲ။

ဒီလူ့ကို ဘယ်လိုမှ ခန့်မှန်းလို့မရဘူး။

ဒါပေမဲ့ သူလည်း ဒဏ်ရာရတတ်တယ်တဲ့။ သူက အခုလိုပဲ နေရာမှာ လိမ်လိမ်မာမာလေး လဲလျောင်းနေနိုင်တယ်တဲ့။

ရုတ်တရက်ဆိုသလို သူမသည် မနေ့ညက တစ်ညလုံး သူနှင့်အတူ အိပ်ခဲ့သည့်အကြောင်းကို စဥ်းစားမိသွားလေသည်။ သူမ၏မျက်လုံးများက သူ့ခါးပေါ်သို့ ကျရောက်သွားတော့သည်။

ရှန်ဖုန်းမင်သည် သူ့မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်ကိုတော့ သူမ သတိမထားလိုက်မိပေ။

 ...