Ch 58
Viewers 3k

အပိုင်း (၅၈) (က)

ရှဲ့ချန်သည် လူအုပ်ထဲတွင် ရပ်လျက် ဆိုင်းဘုတ်ပြားပေါ်က ‘ချီရှန်းကျွီ’ ဟူသည့် စာလုံးသုံးလုံးကို အကြောင်သား စိုက်ကြည့်နေမိသည်။ စာလုံးကြီး သုံးလုံး။ စုတ်တံရဲ့အင်အားက သူ့ဘဝမှာ လိုက်မီနိုင်တဲ့အရာမျိုး လုံးဝမဟုတ်ဘူး။

အစကတော့ သူ့ပန်းချီကားကို စားသောက်ဆိုင်တစ်ခုထဲမှာ ချိတ်ဆွဲထားပြီး လူတွေက ပန်းချီကားတွေကို လှောင်ရယ်ကြမှာ စိုးရိမ်ခဲ့မိသေးတယ်။ အခုတော့ ဒါကို ကြည့်လိုက်တော့ သူ့ပန်းချီးကားကို ဒီလိုစာလုံးနဲ့ တွဲပြီး ချိတ်ထားတော့ ဂုဏ်ယူစရာတစ်ခု ဖြစ်နေပြီပဲ။

စားသောက်ဆိုင်းသည် အလွန်မှ စည်ကားနေလေသည်။ ရှဲ့ချန်က လှည့်ထွက်သွား၏။ လူအုပ်ကြီး၏နောက်တွင် ချင်ယောင်းက သူထွက်သွားသည်ကို တွေ့လိုက်ပြီးနောက် သူ့နောက် အမီ လိုက်သွားချင်ခဲ့သည်။ သူမ၏မျက်နှာပေါ်တွင် နောက်ထပ်ပန်းရောင်တစ်ခု ယှက်သွားပြီး နေရာတွင်ပင် ရပ်ကာ ခြေဆောင့်လိုက်တော့သည်။

“အားယောင်း အဲဒီစားသောက်ဆိုင်နဲ့ ခပ်ဝေးဝေးနေနော်” လင်ယွိပိုင်က သူမဘေးတွင် ဘယ်ကမှန်းမသိ ပေါ်လာပြီး စိုးရိမ်တကြီး ပြောလိုက်လေသည်။

“ဘာလို့လဲ” ချင်ယောင်းက မေးလိုက်၏။

လင်ယွိပိုင်သည် မြို့တော်သို့ အကြိမ်ကြိမ်ရောက်ခဲ့ဖူးလေသည်။ တစ်ခါတွင် သူသည် စားသောက်ဆိုင်တစ်ခုတွင် သူ့သူငယ်ချင်းများနှင့် သောက်နေကြစဥ် တစ်စုံတစ်ယောက်က ရုတ်တရက် ထအော်လိုက်လေသည်။

“ချီလင်သက်တော်စောင့်တွေ ရောက်နေတယ်”

စားသောက်ဆိုင်သည် ရုတ်ခြည်းဆိုသလို ဝရုန်းသုန်းကား ဖြစ်သွားတော့သည်။

သိလိုစိတ်ဖြင့် သူက စားသောက်ဆိုင်ထဲမှ ထရပ်လိုက်ပြီး လမ်းကို ငုံ့ကြည့်လိုက်၏။ အဝေးတစ်နေရာမှာ အနက်ရောင်ဝတ်စုံများ ဝတ်ထားသည့် လူတစ်စုသည် မြင်းကိုယ်စီနှင့် မြင်ကွင်းထဲ ဝင်လာခဲ့လေသည်။

မြို့တော်တွင် မြင်းစီးရဲကြသူများသည် သာမန်လူများ မဟုတ်ကြပေ။

ထိုအနက်ရောင်ဝတ်စုံ မြင်းစီးသမားကို ကြည့်လိုက်လျှင် သူတို့သည် သူရဲကောင်းဆန်ပြီး စိတ်ထဲတွင် အံ့ဩဖွယ် လှုံ့ဆော်မှုတစ်ခု ပေးနေလေသည်။ အထူးသဖြင့် ရှေ့ဆုံးက လူပင်။ သူသည် အေးစက်သည့် ဓားတစ်လက်ကို လူများက သူ့ကို တည့်တည့်မကြည့်ရဲအောင် ဖြစ်နေစေတော့သည်။

သူက အနီးနားက လူများ၏ တီးတိုးစကားသံများကို ကြားလိုက်ရပြီး ထိုလူက ချီလင်သက်တော်စောင့်တပ်မှူး ရှန်ဖုန်းမင် ဖြစ်နေမှန်း သိလိုက်ရသည်။

လွန်ခဲ့သည့် ရက်အနည်းငယ် လင်မိသားစုသည် မင်းကြီးက ရှန်ဖုန်းမင်ကို ဘယ်လက်ရုံး စစ်သေနာပတိချုပ်  အဆင့်တိုးပေးခဲ့ကြောင်း သတင်းရရှိခဲ့သည်။ အခုတော့ မြို့တော်သည် ဝဲဂရက်ကြီးတစ်ခုလို ဖြစ်နေတော့သည်။ သည်သေရေးရှင်းရေး ကစားပွဲထဲတွင် ရှန်ဖုန်းမင်သည် သေချာပေါက် အဓိကနေရာတွင် ပါဝင်နေခဲ့သည်။ အခုတော့ မြို့တော်က လူအားလုံးသည် သူ့ကို တွေ့ချင်နေကြသည်။ သူ့ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို စုံစမ်းနေကြပြီး သူ့သဘောထားကို နားလည်ချင်နေကြလေသည်။ ဖြစ်နိုင်လျှင် သူတို့သည် သူ့ကို သူတို့ဖက်သို့ ပါလာအောင် အကောင်းဆုံး ကြိုးစားကြလိမ့်မည်။

ကြည့်ရတာ သူ့အကြီးဆုံးဦးလေး မင်းဆရာလင်ကလည်း ရှန်အိမ်ကို အကြိမ်ကြိမ် အလည်အပတ်သွားခဲ့ပေမဲ့ သူ့ကို လုံးဝ မတွေ့ခဲ့ဘူးထင်ပါတယ်။

လင်ယွိပိုင်သည် ဝူလင်စီရင်စုမြို့၏ စားသောက်ဆိုင်လေးတစ်ခုတွင် ရှန်ဖုန်းမင်ကို တွေ့ရလိမ့်မည်ဟု ထင်မထားခဲ့မိချေ။

သူ့မျက်လုံးကိုပင် မယုံနိုင်အောင်ဖြစ်ရသည်။ သူ ဒဏ်ရာ ရခဲ့တယ်လို့ ပြောကြတယ်မလား။ ဘာလို့ သူက အရမ်းကို အကောင်းအတိုင်းကြီး ရှိနေတာလဲ။

လင်မိသားစုက အခွင့်အရေးတစ်ခု ရနိုင်ရန် လင်ယွိပိုင်သည် သူ့အကြီးဆုံးဦးလေး သို့မဟုတ် သူ့အဖေကို သည်အကြောင်း ပြောပြဖို့ရန် စဥ်းစားလိုက်လေသည်။

သို့သော် နောက်ဆုံးတွင်တော့ သူသည် လက်လျှော့လိုက်တော့သည်။

ရှန်ဖုန်းမင်က သူ့သရုပ်မှန်ကို ထုတ်ပြချင်ပုံ မရဘူးလေ။ ဒီတော့ သူက သူ့သရုပ်မှန်ကို ထုတ်ပြောလိုက်ရင် ကိုယ့်သေတွင်း ကိုယ်တူးသလို ဖြစ်နေမလားဆိုတာ ဘယ်သူသိမှာလဲ။ ခဏနေ သာမန်ထက်လွန်ကဲတဲ့ အချိန်အတောအတွင်းမှာ သူတို့ လင်မိသားစု သေရင်တောင် သေသွားနိုင်တယ်။

ဟုတ်တယ်လေ။ သူ ချင်ယောင်းကိုလည်း ဒီအကြောင်း မပြောပြနိုင်ဘူးပေါ့။ သို့နှင့် သူသည် ရှက်ရှက်နှင့်သာ စကားလမ်းကြောင်း လွဲလိုက်တော့သည်။

“အားယောင်း အဲဒီဆင်းရဲသား ပညာသင်က ဘာတွေ အဲလောက်ကောင်းနေလို့လဲ၊ ငါနဲ့ လုမြို့ကို ပြန်လိုက်ခဲ့စမ်းပါ”

ချင်ယောင်းက ရှက်ဒေါသဖြစ်သွားကာ ပြောလိုက်တော့သည်။

“ သူ ကောင်းတယ်လို့ ဘယ်သူက ပြောလို့လဲ”

လင်ယွပိုင်သည် ကူကယ်ရာမဲ့သွားတော့သည်။

ချင်ယောင်းက ရှဲ့ချန်ထွက်သွားသည့်ဖက်သို့ လိုက်ပြေးသွားလေသည်။

လင်ယွပိုင်က နောက်က ဆက်လိုက်သွားချင်ခဲ့သည်။

ချင်ယောင်းက ပြန်လှည့်ကြည့်ကာ ပြောလိုက်လေသည်။

“ ငါ့နောက် မလိုက်လာနဲ့၊ နင့်မှာ ညီအစ်မတွေအများကြီးရှိတာပဲ၊ သူတို့ဆီပဲ သွားတော့”

“အားယောင်း....”

“ ငါ့နောက် ထပ်လိုက်ခဲ့လို့ကတော့ ငါ နင့်ကို ထပ်ပြီး ယဥ်ကျေးနေတော့မှာ မဟုတ်ဘူးနော်” 

ချင်ယောင်းက လက်ဟန်ပြလိုက်လေသည်။

လင်ယွိပိုင်မှာ ထိုနေရာတွင်သာ ရပ်လိုက်ရတော့သည်။

ချင်ယောင်းက ရှေ့သို့ ဆက်လျှောက်သွားလိုက်သည်။ သူမသည် နောက်ဖေးလမ်းကြားလေးတစ်ခုသို့ အရောက်တွင် ရှဲ့ချန်က အိမ်တစ်အိမ်ထဲ ဝင်သွားသည်ကို တွေ့လိုက်ရလေသည်။

ရှဲ့ချန်က ဘာတွေများ သိပ်ကောင်းနေသည်ကိုတော့ သူမ မသိပေ။ သူမရှေ့တွင် ရပ်ကာ ထိုလူမိုက်နှစ်ယောက်ကို ခြောက်လှန့်မောင်းထုတ်ပေးခဲ့သည့်နေ့တည်းက သူမသည် သူ့ကို သည်အတိုင်းထပ်တွေ့ ချင်နေခဲ့သည်။ အထူးသဖြင့် သူ၏တွန့်ချိုးထားတတ်သည့် မျက်ခုံးများကိုပင်။ သူမသည် သူ့အတွက် ထိုမျက်ခုံးများကို ပြေလျော့သွားအောင် လုပ်ပေးချင်ခဲ့သည်။

ရှဲ့ချန်က ခြံဝင်းထဲ ဝင်သွား၏။ သို့သော် ဖြန်းခနဲ ရိုက်သံတစ်ခုကို ကြားလိုက်လေသည်။

သူသည် မီးဖိုဆောင်ထဲသို့ ဝင်ကြည့်လိုက်သည်။ သူ့မျက်လုံးများက ဒေါသကြောင့် နီရဲသွားတော့သည်။

“ နင့်ကို မှတ်ထားပါလို့ ငါပြောထားတယ်မလား၊ သွားပုန်းရဲ ပုန်းနေကြည့်လိုက်၊ နင် ဟင်းထဲမှာ ဆားတွေ အဲလောက်အများကြီး ထည့်ထားတာ၊ ငါ့ကို ဆားနဲ့ လုပ်ကြံမလို့လား”

ရှဲ့ယုံက လက်ထဲတွင် သစ်သားတုတ်တစ်ချောင်း ကိုင်ထားပြီး ခြင်းတောင်းတစ်ခုကို ရိုက်နှက်နေလေသည်။

ခြင်းတောင်းက အဆက်မပြတ် တုန်ယင်နေပြီး ခြင်းတောင်းအောက်ထဲတွင် တအိအိငိုသံတစ်ခု ထွက်နေသည်။

ရှဲ့ချန်က ရှဲ့ယုံလက်ထဲက တုတ်ကို ဖမ်းဆွဲလိုက်ပြီး အော်ဟစ်လိုက်တော့သည်။

“ ခင်ဗျား ဘာလုပ်နေတာလဲ”

ရှဲ့ယုံက  သူ ဖြစ်နေသည်ကို တွေ့လိုက်ရပြီးနောက် ဒေါသတကြီး ရေရွတ်တေော့သည်။

“ဘာလဲ၊ ငါက ငါ့သမီးကို ရိုက်တာ ၊ မင်းက ထိန်းအုံးမလို့လား၊ စမ်းကြည့်လိုက်လေ၊ ငါ မင်းကိုလည်း ရိုက်ပစ်မယ်”

သူသည် အရင်က မရိုက်ခဲ့ဖူးတာလည်း မဟုတ်ပေ။ ရှဲ့ချန် ၁၃နှစ် မပြည့်ခင်အထိ ရှဲ့ယုံသည် ရှဲ့ချန်တို့ မောင်နှမကို ဆူဆဲရိုက်နှက်ခဲ့လေသည်။ နောက်ပိုင်းတွင် ရှဲ့ချန်က စာအုပ်များကို ကူးရေးပေးကာ ကိုယ်တိုင် ငွေရှာခဲ့ပြီးနောက်မှ ပိုသန်မာလာခဲ့သည်။ ရှဲ့ယုံက သူ့ကို ရိုက်ဖို့ ကြိုးစားတိုင်း သူသည် မနိုင်တော့သဖြင့် ရှဲ့ချန်ကို ဆက်မရိုက်တော့ပေ။

“ စမ်းကြည့်လေ” ရှဲ့ချန်က အံကြိတ်ထားလိုက်သည်။

ရှဲ့ယုံက သူ့ကို ကြည့်လိုက်၏။ ရှဲ့ချန်သည် အခုတော့ သူ့ထက် ခေါင်းတစ်လုံးနီးပါး ပိုမြင့်လာခဲ့သည်။ သူသည် ပိန်ပါးသော်လည်း အရင်ကလို အရိုက်ခံ အဆဲဆိုခံသည့် ကလေး လုံးဝမဟုတ်တော့ပေ။

ရှဲ့ယုံက မြေကြီးပေါ်သို့ ဗျစ်ခနဲ တံတွေးထွေးလိုက်ပြီး ဒေါသထွက်ပြလေသည်။

“ မင်းက ဘာမလို့လဲ၊ မင်းဖတ်တဲ့ စာအုပ်တွေအားလုံးက ခွေးဗိုက်ထဲ ရောက်သွားတာလဲ၊ မင်းက ငါ့ကို ရိုက်ရဲတယ်၊ ငါ့အမြင်တော့ မင်းက မင်းရဲ့အောက်တန်းစားအမေလိုပဲ မျက်လုံးဖြူဝံပုလွေတစ်ကောင်ပဲ။

နှစ်တွေ အဲလောက်ကြာလာတဲ့အထိ ငါ့ကြောင့်သာမဟုတ်ရင် မင်းတို့နှစ်ယောက် ဒီလောက်အထိ ကြီးလာနိုင်ကြမှာလား၊ အခု တောင်ပံက မာလာပြီဆိုတော့ မင်းက အထိမခံချင်တော့ဘူးပေါ့လေ ဟမ်”

ရှဲ့လျန်ကို မွေးပြီး သိပ်မကြာခင်မှာပင် ရှဲ့ချန်၏အမေသည် ရှဲ့ယုံ၏ဒေါသကို သည်းမခံနိုင်တော့သဖြင့် တခြားတစ်ယောက်နှင့် လိုက်ပြေးသွားတော့သည်။

ထိုအချိန်ကစပြီး ရှဲ့ယုံက ရှဲ့ချန်တို့ မောင်နှမကို ဆဲဆိုရိုက်နှက်တော့သည်။

ရှဲ့ချန်က သူ့ကို ခပ်စိမ်းစိမ်းကြည့်လိုက်၏။ သူ့မျက်လုံးများသည် နီရဲနေလေသည်။ သူသည် အော်ဟစ်ပစ်လိုက်ချင်သလို တစ်ချိန်တည်းတွင်လည်း အော်ရယ်ပစ်လိုက်ချင်လေသည်။ နှစ်တွေ ဒီလောက်ကြာတဲ့အထိ သူတို့ကို မသေရုံတမယ် တစ်လုတ်နှစ်လုတ်လောက် ကျွေးတာကလွဲရင် သူက ဘယ်လို အဖေမျိုးဖြစ်ခဲ့တာလဲ၊ ရွေးချယ်စရာသာ ရှိမယ်ဆိုရင် သူက သူ့သားတော့ လုံးဝ မဖြစ်ချင်ခဲ့ပါဘူး။

“ ကျွန်တော်တို့ ခင်ဗျားဆီက စားခဲ့တာတွေ နောက်ကျရင် ကျွန်တော် ခင်ဗျားကို ပြန်ပေးမယ်၊ ခင်ဗျား ရှဲ့လျန်ကို ထပ်မထိနဲ့၊ မဟုတ်ရင်တော့ ကျွန်တော် ခင်ဗျားနဲ့ အကုန်ရှင်းရလိမ့်မယ်”

ရှဲ့ချန်သည် အမှန်အတိုင်းပြောနေခြင်းပင်။ ဒါသည် သူ့ကို နောက်ဆုံးသတိပေးလိုက်ခြင်းပင်။

“ပြန်ပေးမယ် ဟုတ်လား၊ မင်းက ငါ့ကို ဘာနဲ့ပြန်ပေးချင်တာလဲ၊ ငါက မင်းကို အသက်ပေးထားတာကွ” 

ရှဲ့ယုံက ဆူဆဲလိုက်လေသည်။

ရှဲ့ချန်၏မြင်လွှာသည် နီရဲနေတော့သည်။ သူက သည်အတိုင်း ရှဲ့ယုံကို ဝါးစားမတတ်ကြည့်နေလိုက်၏။

သူ့ကို ကြောက်လာသဖြင့် ရှဲ့ယုံက ထပ်ကျိန်ဆဲကာ သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး ပြောလိုက်လေသည်။

“ငွေရော ၊ ဒီကလေးမ ဟင်းထဲမှာ ဆားတွေအများကြီး ထည့်လိုက်တယ်၊ သူက ငါ့ကို သ-တ်ချင်နေတာ၊ ငါ အပြင်ထွက်စားမလို့”

“ငွေမရှိဘူး” ရှဲ့ချန်က ပြောလိုက်၏။

“ မင်း နေ့တိုင်း ပန်းချီဆွဲပြီး စာရေးနေတာတောင် မင်းမှာ ငွေမရှိဘူးလို့ ပြောနေတယ်ဟုတ်လား၊ မင်း အဲဒီစာအုပ်တွေကို နှစ်ပေါင်းများစွာ ဖတ်လာတာ အလကားပဲ” ရှဲ့ယုံက ပြန်ပြောလိုက်၏။

“ ကျွန်တော်က မရှိဘူးဆိုရင် မရှိလို့ပေါ့”

ရှဲ့ချန်က အေးစက်စက် ပြောလိုက်လေသည်။ စာလေ့လာခြင်းက ကုန်ကျစရိတ်များသည့် ကိစ္စတစ်ခုပင်။ နှစ်ပေါင်းများစွာ သူသည် ပန်းချီဆွဲလာပြီး စားအုပ်များကို ကူးပေးနေခဲ့ခြင်းကပင် သူ့ပညာရေးကို ထိန်းထားနိုင်ရုံလောက်သာ ရှိလေသည်။ သူ့တွင် အဘယ်မှာ ငွေပိုငွေလျှံ ရှိပါမည်နည်း။

“ မင်းက နောက်ဆိုရင် ငါ့ကို ပြန်ပေးမယ်လို့ ပြောခဲ့တယ်နော်၊ ငါ့ အမြင်တော့ မင်းမှာ ပြန်ပေးဖို့ စိတ်ကူးမရှိပါဘူး၊ ငါ ဘာလို့ မင်းတို့ဂြိုဟ်ဆိုးနှစ်ကောင်ကို မွေးလာခဲ့မိတာလဲ” ထိုသို့ပြောလိုက်ပြီး ရှဲ့ယုံက တုတ်ကို ပစ်ထုတ်လိုက်ကာ သူ့ဟာသူ ထွက်သွားတော့သည်။

ရှဲ့ချန်က ခြင်းတောင်းနားတွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး ပျော့ပြောင်းသည့် လေသံနှင့် ပြောလိုက်လေသည်။

“ သူ သွားလိုက်ပြီ၊ မကြောက်နဲ့တော့၊ အစ်ကို ရောက်လာပြီ”

ရုတ်တရက်ဆိုသလို ခြင်းတောင်းနောက်မှ သေးညပ်ညပ်ပုံရိပ်လေးတစ်ခု ထွက်လာပြီး သူ့ရင်ခွင်ထဲ ပြေးဝင်လာလေသည်။

ရှဲ့လျန်သည် တအိအိ ငိုနေလေသည်။

ရှဲ့ချန်သည် သူမ၏လက်နှင့် လက်မောင်းများပေါ်တွင် ဖုံးနေသည့် အနီကွက်များကို တွေ့လိုက်ရသည်။ သူက ဝမ်းနည်းစွာ သူမ၏ခေါင်းလေးကို သပ်ပေးလိုက်လေသည်။

“ အစ်ကို ညီမလေးကို ၄လပိုင်းကျရင် မြို့တော်ကို ခေါ်သွားမယ်နော်၊ သူ ညီမလေးကို ထပ်မတွေ့အောင် အစ်ကိုလုပ်ပေးမယ်”

ရှမင်းဆက်သည် နှစ်တိုင်း ၅လပိုင်းတွင် တော်ဝင်စာမေးပွဲကို ကျင်းပလေသည်။ ရှဲ့ချန်က ၄လပိုင်းတွင် အိမ်မှ ထွက်သွားလိမ့်မည်။ အချိန်မီ ဖြစ်လောက်ပေသည်။

“ဟင့် ဟင့်” ရှဲ့လျန်က ရှိုက်ကာ ငိုနေလေသည်။

ရှဲ့ချန်သည် သူမ ငိုသံကို သည်လိုကြားလိုက်ရသောအခါ ပိုပြီး ဝမ်းနည်းလာတော့သည်။ ရှဲ့လျန်သည် နဂိုက စကားပြောတတ်လေသည်။ သို့သော် သူမ အသက် ရှစ်နှစ် ရောက်လာချိန်တွင် အကြောင်းတချို့ကြောင့် ရုတ်တရက် စကားမပြောတော့ပေ။ သူမသည် အသံထွက်နိုင်သော်လည်း စကားမပြောနိုင်တော့ပေ။ သူက သူမကို သမားတော်ထံ အကြိမ်ကြိမ် ခေါ်သွားခဲ့သော်လည်း သမားတော်က ဘာမှလုပ်မပေးနိုင်ခဲ့ပေ။ ထို့ကြောင့် သည်အတိုင်းသာ ထားလိုက်ရတော့သည်။

သူသည် မြို့တော်သို့ ရောက်သည်အထိ စောင့်ဆိုင်းပြီးမှ ရှဲ့လျန်ကို ကုသပေးရန် နာမည်ကြီးသမားတော်တစ်ယောက်ကို ရှာပေးမည်ဟု ဆုံးဖြတ်ထားလိုက်တော့သည်။

ရှဲ့လျန်က သူ့လက်မောင်းကို ထိလိုက်ပြီးနောက် မီးဖိုဆောင်ထဲသို့ ပြေးသွားလိုက်လေသည်။ သူမက ဗီဒိုထဲက ကွဲနေသည့်ပန်းကန်လုံးတစ်ခုထဲက မုန့်ခြောက်တစ်ခုကို ထုတ်လာပြီး ရှဲ့ချန်ကို လှမ်းပေးလိုက်လေသည်။

“ အစ်ကိုမဆာပါဘူး၊ ညီမလေး စားလိုက်နော်” ရှဲ့ချန်က မုသားဖြူတစ်ခုကို ပြောလိုက်လေသည်။

ရှဲ့လျန်က နားလည်သိတတ်စွာ ခေါင်းခါပြလိုက်ပြီး သူ့ကို မုန့်ခြောက်အား ပေးလိုက်လေသည်။ အစ်ကိုက စာလေ့လာနေတာလေ။ သူ ဗိုက်ဆာလို့မဖြစ်ဘူး။ အစ်ကိုက တော်ဝင်စာမေးပွဲ အောင်သွားရင် သူမကို အဝေးကြီးခေါ်သွား နိုင်တော့မှာ။

မောင်နှမနှစ်ယောက်သည် မုန့်ခြောက်ကို စားလိုက်ကြသည်။ ရှဲ့လျန်က ရှန့်ချန်အတွက်  ပါးစပ်ထောင့်က မုန့်အစအနများကို သုတ်ပေးလိုက်သည်။ မျက်ရည်များကြားက သူမသည် ပြုံးပြလိုက်လေသည်။

သည်အခိုက်တွင် နောက်ဖေးလမ်းကြားထိပ်တွင် ရှဲ့ယုံက ချင်ယောင်း ရပ်နေသည်ကို သတိထားမိသွားလေသည်။ သူ့မျက်လုံးများသည် ချက်ချင်း လင်းလက်လာတော့သည်။ တကယ်လှတဲ့ ကလေးမပဲ။ သူမရဲ့အဝတ်အစားတွေကို ကြည့်ရတာ ချမ်းသာတဲ့မိသားစုတစ်ခုရဲ့ သမီးဖြစ်ရမယ်။

“ ဒီက မိန်းကလေး၊ ဘာလို့ ဒီကိုရောက်နေတာလဲ၊ လူလာရှာတာလား၊ ကျုပ် ကြွားတာ မဟုတ်ဘူးနော်။ ဝူလင်စီရင်စုမှာ ကျုပ်မသိတဲ့သူ လူ၊ ကျုပ်မသိတဲ့လမ်း ဆိုတာမရှိဘူး” ရှဲ့ယုံက သွားရည်တမြားမြားနှင့် ချင်ယောင်းကို စကားပြောလိုက်လေသည်။

ချင်ယောင်းသည် သူက ရှဲ့ချန်၏အိမ်မှ ထွက်လာသည်ကို တွေ့လိုက်ရသောအခါ သူသည် ရှဲ့ချန်၏အဖေ မဟုတ်လျှင် ဆွေမျိုးဖြစ်လိမ့်မည်ဟု ခန့်မှန်းကြည့်လိုက်သည်။ သူမသည် ချက်ချင်းဆိုသလို ရှက်သွားတော့သည်။

နေ့လယ် ၁နာရီ။ ဆိုင်ထဲက ဧည့်သည်အားလုံးနီးပါးသည် ပြန်သွားကြလေသည်။ ကျန်းယွင်ကျူးက အနောက်ဘက် မီးဖိုဆောင်က ထွက်လာပြီး သည်နေ့ လာရောက်အားပေးကြသူများကို ကျေးဇူးတင်စကား ပြောလိုက်လေသည်။

ပထမဆုံး သူမသည် ကုယန်ကျိုးနှင့် ထိုပညာသင်များက ကျောင်းပြန်တက်ရအုံးမည်ဖြစ်သဖြင့် သူတို့ကို ကျေးဇူးတင်စကား အရင်ပြောလိုက်လေသည်။

“ကျေးဇူးတင်ပါတယ်ရှင်” ကျန်းယွင်ကျူးက ကုယန်ကျိုးဖက် လှည့်လိုက်၏။

“ ဒီကားတွေ ပြောစရာမလိုပါဘူးဗျာ”

ကုယန်ကျိုးသည် ခါတိုင်းလိုပင် တည်ငြိမ်နေဆဲ။ သူသည် ကျန်းယွင်ကျူးက လက်ထပ်ပွဲကြောင်းလမ်းခြင်းကို ယဥ်ယဥ်ကျေးကျေး ငြင်းလိုက်ခြင်းကို စိတ်ထဲမထားသည့်နှယ်ပင်။

ကျန်းယွင်ကျူးက ပြုံးလိုက်၏။ တော်သေးတာပေါ့လေ။

သူမသည် ကုယန်ကျိုးနှင့် ထိုပညာသင်များ တစ်ယောက်စီအား အဖွဲ့ဝင်ကတ်ပေါ်တွင် နာမည်များရေးထားသည့် အပြင်ရောင်အဖွဲ့ဝင်ကတ်ကို ပေးလိုက်လေသည်။ သည်ပညာသင်များသည့် သူမ၏စားသောက်ဆိုင်တွင် လာရောက်စားသောက်လျှင် ၅% လျှော့စျေး ရနိုင်လေသည်။

ထိုပညာသင်များသည် လျှော့စျေးကတ်ကို ရလိုက်ကြသောအခါ အလွန်မှ ဝမ်းသာသွားကြလေသည်။ သူတို့သည် တခြားသူများက သည်ကတ်ကို ရဖို့ရန် ဆိုင်တွင် လျန်၅၀ စရံငွေသွင်းခဲ့သည်ကို တွေ့ခဲ့ရသည်။ သူတို့ကတော့ သည်အတိုင်း လာကူညီပေးရင်းက ကတ်ကို ရခဲ့လေသည်။

နောက်ဆိုလျှင် သူသည် သည်နေရာတွင် လာရောက်စာသောက်ကြလျှင် ငွေကို သက်သာစေရုံမကဘဲ မျက်နှာပါ ရအုံးမည်။

သည်လိုတွေးမိလိုက်ကြပြီး သူတို့အားလုံးက သည်နေ့လာခဲ့သည်မှာ အချည်းနှီးမဖြစ်ဟု ခံစားမိလိုက်ကြတော့သည်။

...

အပိုင်း (၅၈) (ခ)

“ မိန်းကလေး”

ကုယန်ကျိုးက ကျန်းယွင်ကျူးကို မတတ်သာတော့ဘဲ ပြုံးပြလိုက်လေသည်။ သူမက အမြဲတမ်း ပါးနပ်ပြီး ဉာဏ်ကောင်းတယ်လေ။ သူက သူမကို ကူညီချင်တာတောင် မလုပ်နိုင်ခဲ့ဘူး။

ထားလိုက်ပါမယ်လေ။ သူတို့အဖွဲ့သည် ထွက်လာခဲ့ကြပြီး မျက်နှာချင်းဆိုင်လမ်းပေါ်က ကျောင်းတော်ဆီသို့ သွားလိုက်ကြတော့သည်။

ထို့နောက်တွင် ကုယုံသယ်၊ အမျိုးသမီးလင်းနှင့် တခြားသူများပင်။ သူတို့လည်း အပြာရောင်အဖွဲ့ဝင်ကတ်တစ်ခု စီရခဲ့ကြသည်။

နောက်ဆုံးတွင် အာမခံဌာနခေါင်းဆောင်လီနှင့်အဖွဲ့ ဖြစ်သည်။ အဖွဲ့ဝင်ကတ်များကို ကိုင်ထားကြလေသည်။

အာမခံဌာနခေါင်းဆောင်လီက ကတ်ကိုယူလိုက်ပြီး ရယ်မောလိုက်သည်။

“ နောက်ဆိုရင် ကျုပ် မင်းရဲ့အစားအသောက်တွေ စားချင်တဲ့အခါ အများကြီး ပိုလွယ်ကူသွားပြီ”

နှစ်သစ်ကူးမတိုင်ခင် ချန်ရှီရွာတွင် ရက်ပိုင်းလောက် နေခဲ့ကြကတည်းက သူနှင့် လီယန် နှစ်ယောက်လုံးသည် ကျန်းယွင်ကျူး လုပ်ပေးခဲ့သည့် ဟင်းလျာများကို ကြိုက်သွားခဲ့ကြသည်။ ဝမ်းနည်းစရာက အလွန်ဝေးနေသောကြောင့်ပင်။ အခုတော့ အဆင်ပြေသွားတော့သည်။

“ဒါဆို ခဏခဏ လာခဲ့ပါ” ကျန်းယွင်ကျူးက လှိုက်လှဲဝမ်းသာစွာ ပြန်ပြောလိုက်သည်။

“လာမှာပေါ့”

အာမခံဌာနခေါင်းဆောင်လီက သဘောတူလိုက်ပြီးနောက် သူ့လူများကို ခေါ်ပြန်သွားလေသည်။

ဆိုင်လေးသည် ခြောက်ကပ်လာတော့သည်။ ထိုအခါမှ ကျန်းမိသားစုမှာ စားသောက်ဖို့ အချိန်ရတော့သည်။ နေ့လယ်စာကို မြန်မြန်စားလိုက်ပြီး အမျိုးသမီးချန်က တံမြက်လှဲကာ ကျန်းယွင်ကျူးက စားပွဲများကို သုတ်လိုက်သည်။ အချိန်တစ်ခုတွင် သူမသည် စားပွဲတစ်ခုတွင် ထိုင်ကာ အိပ်ပျော်သွားလေသည်။

သူမ အနှောင့်အယှက် ဖြစ်မည်စိုးသဖြင့် အမျိုးသမီးချန်က သူမ၏လှုပ်ရှားမှုကို လျှော့လိုက်ပြီး ညနေခင်းအတွက် ပါဝင်ပစ္စည်းများကို ပြင်ဆင်ရန် အနောက်ဘက်ခြံသို့ သွားလိုက်လေသည်။

စားသောက်ဆိုင်ထဲတွင် ကျန်းယွင်ကျူးတစ်ယောက်သာ ကျန်ခဲ့သည်။ သူမသည် ထိုနေရာတွင် ငြိမ်သက်စွာ မှောက်လျက်သား အိပ်နေလေသည်။ သူမ၏အသက်ရှူသံတို့က ဖြည်းညင်းနေသည်။

ရှန်ဖုန်းမင်သည် ဆိုင်ထဲ လျှောက်လာပြီး သူမ၏မျက်နှာချင်းဆိုင်ဘက်တွင် ထိုင်လိုက်ကာ သူမကို ကြည့်နေလေသည်။

သူမ၏ဘေးဖက်ပုံရိပ်က အလွန်မှလှပလေသည်။ အလင်းနှင့်အမှောင် မျဥ်းများက လိမ်ယှက်နေသည်။ သူမ၏ အသားအရေက နို့နှစ်လေးနှယ်။ သူမ၏နှုတ်ခမ်းသည် အနည်းငယ်ဟနေလေသည်။ အသက်ရှူနှုန်းနောက် လိုက်ကာ နှုတ်ခမ်းများက မသိမသာ ပွင့်လိုက်ပိတ်လိုက် ဖြစ်နေသည်။ စိုပြေနူးညံ့နေသည်။ မျက်တောင်ရှည်များက စင်းကျနေသည်။ သူမ၏မျက်လုံးများးသည် တင်းနေအောင် မှိတ်ထားသော်လည်း မျက်လုံးများကို ဖွင့်ထားလျှင် အလွန်မှ တောက်ပပြီး ဖျတ်လတ်သည်ကို သူ သိနေသည်။ လူအတိုင်းပင်။

သူမက ပင်ပန်းနေတာပဲ။ သူ သူမကို အဲလောက်အထိ မပင်ပန်းစေချင်ဘူး။ တကယ်ပါ။

ဒါပေမဲ့ သူမက ဘေးက ပန်းချီကားထဲက အပြာရောင်ကျိုးကြာငှက်လေးလိုပဲ ဆိုတာ သူ သိနေတယ်လေ။ ကောင်းကင်ပေါ်မှာ လွတ်လွတ်လပ်လပ် ပျံဝဲနေမှသာ ပျော်ရွှင်ရွင်နဲ့ တေးသီနိုင်တာ။

ကျန်းယွင်ကျူး၏ လက်တစ်ဖက်ကို စားပွဲပေါ်တွင် တင်ထားလေသည်။ လက်ချောင်းများကို ဆုပ်ထားသည်။ ကွဲထွက်နေသည့် လက်ညှိုးက ရှေ့သို့ တိုးထွက်နေသည်။ လက်ဖျားက လုံးဝန်းနေပြီး ပန်းရောင်တောက်ပနေလေသည်။

ရှန်ဖုန်းမင်သည် သူလက်ညှိုးကို ရုတ်တရက် ဆန့်ထုတ်လိုက်ပြီး သူမ၏လက်ချောင်းဖျားကို သာသာလေး သွားထိကာ ဖြည်းဖြည်းချင်း ဆက်ထားလိုက်လေသည်။

ကျန်းယွင်ကျူးသည် နာရီဝက်လောက် အိပ်ခဲ့ပြီးနောက် နိုးလာခဲ့သည်။ သူမက နိုးလာပြီး ထိုနေရာတွင် ထိုင်ကာ အချိန်ခဏလောက် ငေးငိုင်နေလိုက်ပြီးမှာ အပြည့်အဝ နိုးသွားတော့သည်။

ထို့နောက်တွင် သူမသည် လူထပ်ခေါ်ဖို့ အချိန်ကျပြီဟု ခံစားလိုက်ရတော့သည်။

ကျန်းချိန်က ရွာသို့ပြန်ကာ ပါဝင်ပစ္စည်းများကို သွားယူမည်နှင့် ကြုံလေသည်။ ထို့ကြောင့် သူမက သူနှင့် ရွှယ်ကျင်းကို အမှာစကား ပါးလိုက်လေသည်။ သူသည် အရင်က လူတစ်ယောက်ကို ထောက်ခံပေးခဲ့သည်။ အဆင်ပြေခဲ့လျှင် သူ့ကို ချီရှန်းကျွီသို့ လာရန် ကျေးဇူးပြုပြီး ဖိတ်ခိုင်းလိုက်သည်။

ရွှယ်ကျင်းက ထိုအကြောင်းပြောရန် သူမကို စောင့်နေခဲ့လေသည်။ ထိုစကားကို ကြားလိုက်ပြီး သူက ကျန်းချိန်၏ လှည်းပေါ် ချက်ချင်းတက်သွားကာ  စီရင်စုကို ပတ်သွားပြီး သူ့မိတ်ဆွေဟောင်းကို သွားခေါ်လာခဲ့တော့သည်။

သည်အချိန်တွင် ကျန်းယွင်ကျူးသည် ချီရှန်းကျွီကို သန့်ရှင်းရေး လုပ်ပြီးသွားပြီး ညအတွင် ဆိုင်ဖွင့်ရန် စောင့်နေလေသည်။

“သူဌေး ကျွန်တော်ပြောတာ သူလေ”

ရွှယ်ကျင်းက တံခါးမှ ဝင်လာသည်နှင့်တပြိုက်နက် ဝမ်းသားအားရ ပြောလိုက်သည်။ ချီရှန်းကျွီကို သည်နေ့ ဖွင့်ခဲ့သည်။ သူသည် လာကြည့်ချင်သော်လည်း မိုင်းတွင်းနားက အလုပ်ကိုလည်း မထားခဲ့နိုင်ပေ။ သူ့ကို သေလောက်အောင် စိတ်ပူနေမိစေတော့သည်။

 အခုတော့ အဆင်ပြေသွားပြီ။

ကျန်းယွင်ကျူးက သူ့နောက်ကို ကြည့်လိုက်ပြီး သုံးဆယ်ဝန်းကျင် ယောက်ျားတစ်ယောက်ကို တွေ့လိုက်လေသည်။ ထိုလူက အရပ်မြင့်ကာ ဝဖိုင့်ဖိုင့်ဖြစ်သည်။ သို့သော် သူ့မျက်နှာက သိမ်မွေ့သည်။ အထူးသဖြင့် သူ့မျက်လုံးများပင်။ ပြုံးလိုက်လျှင် တော်တော်လေး ဝမ်းသာကြည်နူးဟန်ပေါ်သည်။

သည်အချိန်တွင် တန့်သယ်ပေါင်းကလည်း ကျန်းယွင်ကျူးကို ကြည့်နေသည်။ သူသည် အံ့ဩသွားတော့သည်။ သူသည် ရွှယ်ကျင်းထံမှ ကျန်းယွင်ကျူးအကြောင်းကို ကြားခဲ့ပြီးဖြစ်သည်။ ဥပမာ သူမသည် နှစ်ဝက်အတွင်းတွင် စီရင်စုမြို့၌ စားသောက်ဆိုင်တစ်ခု ဖွင့်ခဲ့သည်။ ဥပမာ သူမသည် စားဖိုမှူးကောင်းတစ်ယောက်ဖြစ်သည်။ သူမ၏အထူးဟင်းလျားများက မကုန်နိုင်အောင် ထွက်လာတတ်သည်။ သူသည် သူမအကြောင်းကို သိချင်မိသလို သံသယတချို့လည်း ဖြစ်မိနေလေသည်။

အဓိကအကြောင်းအရင်းမှာ သည်လိုမိန်းကလေးတစ်ယောက်က မည်သို့သောပုံစံလေး ဖြစ်မည်ကို စိတ်ကူးမကြည့်နိုင်ခဲ့ပေ။

သို့သော် သူသည် ချီရှန်းကျွီနှင့် ကျန်းယွင်ကျူးတို့ကို တွေ့လိုက်ရချိန်တွင် ရွှယ်ကျင်းက ချဲ့ကားပြောနေသည် မဟုတ်ကြောင်း ရုတ်တရက် ခံစားလိုက်ရလေသည်။

ဒီချီရှန်းကျွီကို ကြည့်လေ။ လုစီရင်စုပြည်နယ်ရဲ့ မြို့မှာတောင် ဒီလောက်သားနားတဲ့ နေရာမျိုး ရှိမှာ မဟုတ်ဘူး။ ဒါက ကျန်းယွင်ကျူးရဲ့စိတ် ဘယ်လောက်တောင် နူးညံ့သိမ်မွေ့လဲဆိုတာကို ပြနေတာပဲ။

ဒီတော့ သူမက အရသာရှိတဲ့ အစားအသောက်တွေ ချက်နိုင်တယ်ဆိုတာ ကျိုးကြောင်းသင့်ပုံရတယ်။

“သူဌေးကျန်း”

တန့်သယ်ပေါင်းက တလေးတစားနှင့် နှုတ်ဆက်လိုက်လေသည်။

ကျန်းယွင်ကျူးသည် သူ့ပထမဆုံးပုံစံကို ကျေနပ်သွားပြီး ငါးမှတ် ပေးလိုက်လေသည်။ အနည်းဆုံးတော့ သူက ကြည့်ကောင်းတယ်လေ။

ထို့နောက်တွင် အချက်အပြုတ်အရည်းအချင်းကို စစ်ဆေးလိုက်သည်။

တန့်သယ်ပေါင်းက ချက်ချင်း သူ့ခါးစည်းကို ဝတ်လိုက်ပြီး မီးဖိုဆောင်ထဲသို့ ဝင်သွားလိုက်သည်။ သူသည် အရပ်မြင့်ပြီး ဝပုံရသော်လည်း သူ့လှုပ်ရှားမှုများက အလွန်မှ သွက်လက်ကာ ပျော့ပြောင်းလေသည်။ သူသည် အချိန်တိုအတွင်းတွင် အသဲကြော်တစ်ပွဲ ကြော်ပြလိုက်သည်။

သည်ဟင်းက မီးပြင်းအားပေါ်တွင် အထူးမူတည်လေသည်။ မီးအား အရမ်းများသွားလျှင် အသဲအဖျားများက အလွယ်တကူ ညိုးသွားတတ်ပြီး မီးအားနည်းလွန်းလျှင်လည်း အသဲများက မီးနံ့မရနိုင်ပေ။ သည်လိုဆို မကောင်းတော့ပေ။

တန့်သယ်ပေါင်း၏အစကေးသည့် ပြီးပြည့်စုံသည် မဟုတ်သော်လည်း ကျန်းယွင်ကျူးက သူသည် ၈မှတ်လောက် ရနိုင်သည်ဟု ခံစားမိသည်။

သူမက တန့်သယ်ပေါင်းကို ကြည့်လိုက်ပြီးနောက် ရွှယ်ကျင်းကို ကြည့်လိုက်ကာ ရုတ်တရက်ဆိုသလို ယွင်ဟယ်လို ပိတ်လိုက်ရသည့်အကြောင်းအရင်းကို ရုတ်တရက်ဆိုသလို ပထမဆုံးအနေဖြင့် အနည်းငယ် သိချင်သွားတော့သည်။ ဒီ စားဖိုမှူးနှစ်ယောက်နဲ့ဆိုရင် လုပ်ငန်းက ထူးထူးခြားခြား ဆိုးရွားမနေသ၍ ဆက်ပြီး ဖွင့်နိုင်နေသင့်တယ်လေ။

ရွှယ်ကျင်းက သူမ စဥ်းစားနေသည်ကို နားလည်သွားပုံရသည်။ သူက စိတ်လှုပ်ရှားမှုကို ဖိနှိပ်ထားလိုက်ပြီး သူမကို ရှင်းပြလိုက်လေသည်။

“သူဌေး ပေါင်ဖူလိုကို သတိထားနော်၊ သူတို့က မသန့်ရှင်းဘူး”

ကျန်းယွင်ကျူးသည် မျက်ခုံးများကို ပင့်လိုက်လေသည်။ ပေါင်ဖူလိုက ဝူလင်စီရင်စုမှ နာမည်အကြီးဆုံး စားသောက်ဆိုင်ပဲ။ သူပြောတဲ့ ‘မသန့်ရှင်းဘူး’ ဆိုတာက...

ပေါင်ဖူလိုအကြောင်း ပြောလိုက်သည်တွင် တန့်သယ်ပေါင်း၏ အမူအရာသည် ပြောင်းလဲသွားတော့သည်။ သူက ရွှယ်ကျင်းဖက်လှည့်လိုက်ပြီး အံကြိတ်ထားကာ

“ တကယ်တော့ဗျာ ယွင်ဟယ်လို ပိုင်ရှင် ကံဆိုးမိုးမှောင်မကျခင်က လူတစ်ယောက်က ကျုပ်ဆီလာပြီး ပြောခဲ့တယ်၊ ကျွန်တော်က နည်းနည်းလောက်ကူညီမယ်ဆိုရင် သူက ငွေ၁၀လျန်ပေးမယ်တဲ့၊ ကျွန်တော် သဘောမတူခဲ့ဘူး”

“ မင်း ဒီစကားကို ဘာလို့ စောစောကမပြောခဲ့တာလဲ” ရွှယ်ကျင်းက ပြောလိုက်၏။

တန့်သယ်ပေါင်းသည် အလွန်မှ ရှက်နေလေသည်။ ဘယ်သူက ဒီစကားမျိုးကို လျှောက်ပြောချင်မှာလဲ။ တစ်ခုခု ဖြစ်ခဲ့ရင် သူ မဟုတ်ရင်တောင် တခြားသူတွေက သူ့ကို သံသယဖြစ်ကြတော့မှာ။

ရွှယ်ကျင်းသည် ထိုအချက်ကို စဥ်းစားလိုက်မိပြီး သူ့ကို အပြစ်ထပ်မတင်တော့ပေ။ သူမှ ငွေမယူခဲ့တာ။ အခု သူပြောဖို့ ဆန္ဒရှိလာပြီဆိုတော့ မဆိုးပါဘူး။

“သူဌေးကျန်း သတိထားမှ ရမှာပါ”

တန့်သယ်ပေါင်းက ပြောလိုက်လေသည်။ သူသည် စားသောက်ဆိုင် မစရသေးခင်မှာပင် ပိတ်သွားမှာကို မလိုလားပေ။ ထို့အပြင် ကျန်းယွင်ကျူးလို မိန်းကလေးတစ်ယောက်က သည်လို စားသောက်ဆိုင်တစ်ခုကို တည်ထောင်ဖို့ရာ လွယ်ကူမည်မဟုတ်ဟုလည်း သူ ခံစားမိလိုက်သည်။

ပေါင်ဖူလို တဲ့လား။ ကျန်းယွင်ကျူးက စိတ်ထဲတွင် မှတ်ထားလိုက်သည်။ သူမသည် သည်အကြောင်းကို ဆက်မပြောတော့ဘဲ တန့်သယ်ပေါင်းကို ပြုံးကာ ပြောလိုက်လေသည်။

“ကျွန်မ ရှင်နဲ့ တချို့ကိစ္စ ဆွေးနွေးချင်တယ်”

တန့်သယ်ပေါင်းက သူမ ပြောလိုသည့်စကားကို ခပ်ရေးရေး ခန့်မှန်းမိလိုက်ပြီး ချက်ချင်း ခေါင်းညိတ်လိုက်လေသည်။

သူတို့နှစ်ယောက်က အပြင်သို့ ထွက်လာလိုက်ကြသည်။ ကျန်းယွင်ကျူးက ပြောလိုက်သည်။

“ ရွှယ်ကျင်း ရှင့်ကို ဘာပြောထားလဲတော့ ကျွန်မ မသိဘူး၊ ကိစ္စကို ထပ်ပြီး ရှင်းပြပါရစေ၊ ပြီးမှ ရှင်က အဆင်ပြေတယ်ဆိုရင် စာချုပ် ချုပ်ကြတာပေါ့။

“ ကျွန်မ ရှင့်ကို ငှားရတဲ့အကြောင်းအရင်းက ရှင့်ကို ရွှယ်ကျင်းရဲ့ အလုပ်တွေကို လက်လွှဲယူပြီး ရွာမှာ ချက်ပြုတ်ပေးစေချင်လို့ပါ၊။ လခကတော့ ရွှယ်ကျင်းလိုပါပဲ၊ တစ်လကို ငွေတစ်လျန်ပါ၊ ဆယ်နှစ်စာချုပ်ပါ။

အခု ကျွန်မတို့မိသားစု အများစုက စီရင်စုမြို့မှာ နေကြတာ၊ အခန်းလွတ်တွေ အများကြီး ရှိပါတယ်၊ ရှင် နေဖို့ တစ်ခန်းရွေးလို့ရတယ်။

လခကို နှစ်ဝက်တိုင်း တစ်ခါ တိုးပေးပါမယ်။

သုံးနှစ်လုပ်ပြီးရင် ရှင် ကောင်းကောင်း လုပ်နိုင်ခဲ့ရင် ကျွန်မ ရှင့်ကို စီရင်စုမြို့ဆီ ပြောင်းပေးမယ်”

ကျန်းယွင်ကျူးက အချိန်အကြာကြီး ပြောလိုက်လေသည်။ အရေးအကြီးဆုံးမှာ သည်အချက်ပင်။ ဝန်ထမ်းများအတွက် အပေါ်ဆက်တက်နိုင်ဖို့ရန် လှေကားတစ်ခု ဖန်တီးပေးရခြင်းပင်။

သေချာပါသည်။ တန့်သယ်ပေါင်းသည် ထိုစကားကို ကြားလိုက်သောအခါ ချက်ချင်း စိတ်လှုပ်ရှားလာတော့သည်။ သူသည် ရွာတွင် ဆယ်နှစ်လောက်နေရန် စဥ်းစားထားခဲ့ပြီးဖြစ်သည်။ ကျန်းယွင်ကျူးက အခု ဘာပြောလိုက်တယ်။ သုံးနှစ်ပြီးရင် သူမက သူ့ကို စီရင်စုမြို့ကို ပြောင်းပေးမယ်တဲ့လား။

ဒါဆို သူက ဘာလို့ စိုးရိမ်နေရအုံးမှာလဲ။

“သူဌေး ကျွန်တော် သေချာပေါက် ကောင်းကောင်းလုပ်ပါ့မယ်”

သူက ချက်ချင်း ကတိပေးလိုက်လေသည်။

“ကောင်းပြီ၊ အရင်ဆုံး စာချုပ်ချုပ်လိုက်မယ်၊ တစ်ရက် နှစ်ရက်နေရင် ကျွန်မ ရွှယ်ကျင်းနဲ့ ရှင့်ကို ခေါ်ခိုင်းလိုက်မယ်” ကျန်းယွင်ကျူးက ပြန်ပြောလိုက်သည်။

ခဏကြာပြီးနောက် အားလုံး ပြီးစီးသွားလေသည်။ ရွှယ်ကျင်းက တန့်သယ်ပေါင်းကို ချန်ရှီရွာသို့ ချက်ချင်း ခေါ်ပြန်သွားတော့သည်။ သူသည် ထိုဖက်ခြမ်းက ကိစ္စအားလုံးကို သူ့အား သင်ပေးရန် မစောင့်နိုင်ဖြစ်နေတော့သည်။

ကျန်းယွင်ကျူးက သူတို့နှစ်ယောက်၏ ကျောပြင်ကို ကြည့်လိုက်ပြီး ပြုံးလိုက်လေသည်။ ဝန်ထမ်းတွေက အရမ်းကို တက်ကြွတယ်။ မဆိုးဘူး။

ထို့နောက်တွင် ဆိုင်က စားပွဲထိုးနှစ်ယောက်နှင့် ဝေယျာဝေစ္စအလုပ်သမား နှစ်ယောက် ခေါ်ရန် လိုသေးသည်။ သို့မှသာ အမျိုးသမီးချန်နှင့် ကျန်းယွင်ကျူးတို့က အနားယူနိုင်လိမ့်မည်။

ကျန်းယွင်ကျူးက အနီရောင်စာရွက်ကို ကိုင်ထားပြီး ဆိုင်တံခါးတွင် ကပ်ထားရန် အလုပ်ခေါ်စာတစ်ခုကို ရေးဖို့ ပြင်လိုက်လေသည်။

သည်အချိန်တွင် ရှဲ့ချန်က ဝင်လာခဲ့သည်။ သူသည် အပြာရောင် အဝတ်အစားဟောင်းကို ဝတ်ထားဆဲပင်။ သူသည် မျက်မှောင်ကျုံ့နေပြီး အတွေးများနှင့် ပြည့်နက်နေပုံပေါ်သည်။

“ မိန်းကလေး ဒီနေ့ စာရင်းလုပ်ချင်ပါသလား” သူက မေးလိုက်၏။

ကျန်းယွင်ကျူးသည် သည်နေ့ နေ့လယ်က ငွေမည်မျှဝင်ခဲ့သည်ကို သိချင်ခဲ့သည်။ သို့သော် သည်လိုခေတ်အခါတွင် ကွန်ပျူတာက မရှိပေ။ နေ့လယ်က မှတ်ထားသည့်စာရင်းများသည် ရှုပ်ပွနေပြီး သူမကို ခေါင်းကိုက်စေလေသည်။

“ဟုတ်ကဲ့”

သူမက ချက်ချင်းဖြေလိုက်ပြီး စာရင်းစာအုပ်ကို ရှဲ့ချန်အား ကမ်းပေးလိုက်လေသည်။

ရှဲ့ချန်က စာရင်းစာအုပ်ကို ယူလိုက်ပြီး လက်တစ်ဖက်တွင် စုတ်တံကိုင်ထားပြီး ကျန်လက်တစ်ဖက်တွင် ပေသီးကို ကိုင်ထားကာ ထိုနေရာတွင် ထိုင်ချလိုက်သည်။ နေက သူ့ကိုယ်ပေါ်သို့ ဖြာကျနေပြီး သွယ်လျသည့်အရိပ်တစ်ခု ဖြစ်နေလေသည်။

ကျန်းယွင်ကျူးက သူမ၏အလုပ်ခေါ်စာကို ဆက်ရေးနေလိုက်သည်။

ရှဲ့ချန်သည် တိုက်တိုက်ဆိုင်ဆိုင် မော့ကြည့်လိုက်ပြီး သူမရေးနေသည့်စာကို တွေ့သွားသည်။ မျက်မှောင်ကျုံ့ရင်း အချိန်တော်တော်ကြာအောင် စဥ်းစားလိုက်ပြီး သူက ရုတ်တရက် ပြောလိုက်လေသည်။

“မိန်းကလေး အလုပ်သမား ခေါ်မလို့လား”

“အင်း”

ကျန်းယွင်ကျူးက ခေါင်းမော့လိုက်သည်။ ဘာလို့လဲ။ သူက စားပွဲထိုး လုပ်ချင်တာလား၊ ဒါမှမဟုတ် လက်တိုလက်တောင်းအလုပ်သမား လုပ်ချင်တာလား။

“ကျွန်တော် မဟုတ်ပါဘူး၊ ကျွန်တော်က စာမေးပွဲအတွက် ပြင်ဆင်နေတာ၊ ကျွန်တော့်မှာ အချိန်အများကြီး မရှိပါဘူး၊ ကျွန်တော့်ညီမလေးပါ၊ ဒါပေမဲ့ သူကလည်း အချိန်အကြာကြီး လုပ်နိုင်မှာ မဟုတ်ဘူး၊ ၄လပိုင်းကျရင် ကျွန်တော်နဲ့အတူတူ သူ့ကို မြို့တော်ကို ခေါ်သွားမလို့လေ” 

ရုတ်တရက် သူက ထပ်ပြောလိုက်လေသည်။ 

“တောင်းပန်ပါတယ် မိန်းကလေး၊ ကျွန်မ ဘာမှမပြောခဲ့ဘူးလို့ မှတ်ပေးပါ”

ထို့နောက် သူက ခေါင်းငုံ့ကာ စာရင်း ဆက်လုပ်နေလိုက်လေသည်။

ကျန်းယွင်ကျူးသည် သူက သူ့ညီမလေးကို အလုပ်ခိုင်းလိုသည်လား၊ မလုပ်ခိုင်းလိုသည်လား နားမလည်အောင် ဖြစ်သွားလေတော့သည်။

...