CHAPTER 7
Viewers 2k

အခန်း ၇ ပျော်ရွှင်ဖွယ်သမယ

စုန့်ထောင်ဟုန်၏ပြသနာများက နောက်ခံပုံရိပ်များအဖြစ် ရှိနေခဲ့သော်လည်း စုန့်တင်းရှန်း၏မင်္ဂလာပွဲက မှိန်ဖျော့မသွားခဲ့ပေ။ ၎င်းက အာရုံစူးစိုက်ရန် အဖြစ်အပျက်များကို ရှာဖွေမျှော်လင့်နေသည့် ကျေးလက်ဒေသခံများအတွက် ရွှင်မြူးဖွယ်အခိုက်အတန့်သာ ဖြစ်သောကြောင့် လူတိုင်းက စိတ်ဝင်စားကြသည်မှာ ပုံမှန်သာ ဖြစ်သည်။ ကျိုးထျဲကျူး၏မိသားစုတွင် အကြီးအကဲများနှင့် ဆွေမျိုးများမရှိသော်လည်း ထိုအရာက သူ့၏နေ့ထူးရက်မြတ်အတွက် အဟန့်အတားဖြစ်စေနိုင်သော အရာမဟုတ်ပေ။ ရွာထဲမှ စိတ်အားထက်သန်မှုနှင့် အင်အားများ အပြည့်ရှိ‌နေသည့် ပျော်တက်ရွှင်တက်သော လူငယ်တစ်စုက ကျိုးထျဲကျူးကို ပံ့ပိုးပေးရန် စုရုံးရောက်ရှိလာပြီး အသေးစိတ်တိုင်းကို ပြီးပြည့်စုံအောင် တက်တက်ကြွကြွ ကူဉီပေးကြသည်။

သို့သော် ထိုမီးပွားကို မီးတောက်ဖြစ်လာစေသည့် အဓိကအကြောင်းရင်းမှာ ကျိုးထျဲကျူးက သူ့၏စည်းစိမ်ဥစ္စာများကို  ပေါ်ပေါ်ထင်ထင် ဖော်ပြလာသောကြောင့် ဖြစ်သည်။ သူက သူ့၏တင်တောင်းလက်ဆောင်များကို ကွယ်ဝှက်ထားခြင်းမရှိဘဲ အမှန်တကယ် များပြားလွန်းနေသောကြောင့် ဖြစ်သည်။ သူက ဝင်းလဲ့တောက်ပနေသော ငွေလျန်နှစ်ဆယ်၊ ခံ့ညားထည်ဝါသော ငန်းတစ်စုံနှင့် ငါးမူခန့်ရှိသော လယ်မြေကောင်းတစ်ကွက်ကို စုန့်တင်းရှန်းအတွက် ထိမ်းမြားလက်ဆောင် ပေးအပ်ခဲ့သည်။ ထိုလယ်ကွက်ကပင် ငွေဆယ်လျန်ကျော် တန်ဖိုးရှိပြီး စုန့်တင်းရှန်း၏ ပေါများသော ခန်းဝင်ပစ္စည်းများပေါင်းထည့်လိုက်လျှင် ပစ္စည်းများကပင် စုစုပေါင်း လျန်နှစ်ဆယ်ကျော်ခန့် အဖိုးတန်နေသည်။ ထိုအရာက သာမန်အဖြစ်အပျက်မဟုတ်ဘဲ သိသာထင်ရှားသော မြင်ကွင်းတစ်ခု ဖြစ်လာစေခဲ့သည်။

မင်္ဂလာပွဲအတွက် စီးတန်းလှည့်လည်မှုကပင် ရွာ၏အစဉ်အလာကို ကျော်လွန်ခဲ့ပြီး ကျိုးထျဲကျူး ယာယီနေထိုင်သည့် ဝက်များထားရာ ခြံဝင်းသို့ မရောက်မီ  ရွာကို နှစ်ကြိမ်ခန့် လှည့်ပတ်သွားလာခဲ့ကြသောကြောင့်  ထိုကြီးကျယ်ခမ်းနားသော ထည်ဝါမှုကို မည်သူမျှ လျစ်လျူမရှုနိုင်တော့ပေ။

ထိုခြံဝင်းက မူလကတည်းက ကျယ်ပြောသည့်နေရာဖြစ်ကာ အလင်းရောင် ကောင်းစွာ ရရှိသည့် နေရာ ဖြစ်သည်။ ယခုအခါ ပွဲလမ်းသဘင်၏ အငွေ့အသက်ကို ဖြာထွက်စေသော အဆင်တန်ဆာများကို ဂရုတစိုက် ပြင်ဆင်ထားခဲ့သည်။ အိမ်ရှေ့ခြံ၏နေရာတစ်ဝက်ကို ဖဲကြိုးနီဖြင့် ချည်ထားသော တိုင်များထားရှိရန် အသုံးပြုထားပြီး ကျန်တစ်ဝက်ကို ဖရဲစေ့နှင့် မြေပဲများ ပြည့်နေသော စားပွဲအများအပြား ခင်းကျင်းထားသည်။ မျက်ဝန်းတောက်တောက်လေးများရှိသည့် ကလေးတစ်စုက ရယ်ရယ်မောမောဖြင့် စားပွဲများနားတွင် ရစ်ဝိုင်းနေကာ စားစရာများကို သူတို့၏အင်္ကျီအိတ်လေးများထဲသို့ အပြည့်ဖြစ်နေကြသည်။ ထို့နောက် သတို့သမီးကို မြင်နိုင်ရန် အတွင်းဘက်သို့ ပြူတစ်ပြူတစ် သွားချောင်းနေကြပြီး လှစ်ခနဲ လှစ်ခနဲ ပြန်ထွက်ပြေးကြပြန်သည်။

အခန်းနှစ်ခန်းပါသည့် ရိုးရှင်းသော အိမ်၏အတွင်းပိုင်းတွင်လည်း လှုပ်ရှားမှုများ ပြည့်နှက်နေသည်။ လှပသော ရင်သပ်ရှုမောဖွယ် မျက်နှာဇာပုဝါလေးကို လွှမ်းခြုံထားသည့်  စုန့်တင်းရှန်းက အရှေ့ဘက်ခန်းတွင် ရှိနေပြီး သူမက ခန်ပေါ်တွင် ထိုင်နေကာ  အသက်ကြီးသော အိမ်ထောင်သည်အမျိုးသမီးကြီးများနှင့် မိန်းမပျိုလေးများက သူမကို ဝိုင်းရံထားပြီး တခစ်ခစ်ရယ်မော နေကြသည်။

ထိုအချိန်တွင် အပြင်ဘက် ပင်မအခန်း၌ ကျိုးထျဲကျူးက ဧည့်သည်များကို ဧည့်ခံနေသည်။ ဧည့်သည်များက လက်ဖက်ရည်သောက်ပြီး မင်္ဂလာဆောင်သကြားလုံးများ စားပြီးနောက် စုန့်ရှင်းယိ၏အိမ်နောက်ဖေးတွင် ပြင်ဆင်ထားသည့် ဧည့်ခန်းမဆောင်သို့  ပျော်ပျော်ရွှင်ရွှင် သွားကြ‌တော့သည်။

ထိုခြံဝင်းတွင်လည်း အနီရောင်ပန်းဆိုင်းများဖြင့် အလှဆင်ထားသောကြောင့် သက်ဝင်တက်ကြွသော အငွေ့အသက်ကို အပြည့်အဝ ခံစားနိုင်သည်။ ရာသီဥတုက သည်းမခံနိုင်လောက်အောင် အေးနေသော်လည်း ပွဲ၏အငွေ့အသက်ကို လျော့ကျသွားအောင် မဟန့်တားနိုင်ပေ။ အပြင်တွင် ပွဲမကျင်းပနိုင်သောကြောင့် တစ်အိမ်လုံး ဧည့်သည်များဖြင့် ပြည့်နှက်နေကာ အခန်းတိုင်းတွင် လူများ ပြည့်နေပြီး အသံများ လျှံထွက်နေသည်။

ခြံဝင်းကတော့ တစ်ရှဲရှဲတောက်လောင်နေ့သည့် မီးဖိုများနှင့် ဧည့်သည်များအတွက် ဟင်းပွဲများကို မမောမပန်း ချက်ပြုတ်နေသည့် စားဖိုမှူးများ၏ ပိုင်နယ်မြေအဖြစ်သို့ ပြောင်းလဲပေးထားခဲ့သည်။ သတို့သမီး၏ဖခင်ဖြစ်သော စုန့်ကျစ်ယွမ်က ဝက်သားသတ်သမားဖြစ်သောကြောင့် သူတို့၏အိမ်တွင် အသားပြတ်လပ်ခြင်း မရှိပေ။ ချက်ပြုတ်သူသည် ခြံထဲတွင် မီးဖိုတစ်ခု တပ်ဆင်ထားသည်။ ထို့အပြင် သူက ကုန်ကျစရိတ်ကို နှမြောခြင်းမရှိဘဲ ယခုတကြိမ်အတွက် ဝက်တစ်ကောင်ပင် သတ်ကာ အသားများကို လုံလောက်စွာ ထောက်ပံ့ပေးထားသည်။ ထို့အပြင် သူက သူ့၏ကိုယ်ပိုင် ချက်နည်းပြုတ်နည်းများကို စားဖိုမှူးများထံသို့ လွှဲပြောင်းပေးထားပြီး မည်သူမျှ ဗိုက်ဆာနေမည် မဟုတ်ကြောင်း အာမခံထားသည်။

၎င်းက စုန့်တင်းရှန်းအတွက်  သီးသန့်အလိုလိုက်ခြင်းမျိုး မဟုတ်ဘဲ သူ့သမီးများအပေါ်ထားသော သူ့၏တန်းတူဆက်ဆံမှုသာ ဖြစ်သည်။ သူ့၏အကြီးဆုံးသမီး အိမ်ထောင်ကျချိန်တွင် သူက ဝက်တခြမ်းစာ ကျွေးမွေးဧည့်ခံခဲ့ပြီး ယခုအကြိမ်တွင်တော့ အဓိကအားဖြင့် သူ့၏ဒုတိယသမီးလေးက နစ်နာခံစားရသည်ဟု ခံစားမိသောကြောင့် အနည်းငယ် ပိုအားစိုက်ထားခြင်း ဖြစ်သည်။၏

ထို့အပြင် ဤအချိန်တွင် ကျိုးထျဲကျူး၏မိသားစုတွင် မည်သူမျှ မရှိခြင်းကြောင့် စုန့်ကျစ်ယွမ်က လူကြီးသူမများနှင့် တိုင်ပင်ပြီး နှစ်ရက်တာ ဧည့်ခံပွဲကို တစ်ရက်အဖြစ် ပေါင်းစည်းကာ ခမ်းနားထည်ဝါသော မမေ့နိုင်ဖွယ်ပွဲတစ်ခုဖြစ်အောင် ကျင်းပရေးက သူ့ကိစ္စဟု ခံယူထားခဲ့သည်။

ထို့ကြောင့် ဤမင်္ဂလာပွဲက သာမာန် မင်္ဂလာပွဲတစ်ခုမျှသာ မဟုတ်တော့ဘဲ ၎င်းက အနီရောင် လွှမ်းသော ရိုးရာဓလေ့၊ တက်ကြွသော လူမူအသိုင်းအဝိုင်းနှင့် ကျေးလက်၏ရဲရင့်သော စိတ်စေသနာတို့ကို ဖော်ပြနေသော သက်သေပြချက်တစ်ခု ဖြစ်လာခဲ့သည်။

စုန့်တာ့နွီ(စုန့်မိသားစု၏သမီးကြီး) ဖြစ်သော စုန့်ယွိလန်ကလည်း သူမ၏ခင်ပွန်းမိသားစုနှင့်အတူ ရောက်လာပြီးတော့ အတွင်းနှင့် အပြင်ကို ကူညီပေးခဲ့သည်။ သူမ၏ယောက်ျားက တခြားရွာမှ ဖြစ်ပြီး သူ့မျိုးရိုးနာမည်ကလည်း ရှဖြစ်ကာ လက်တွေ့ကျကျ တွက်ချက်နိုင်သူ ဖြစ်သည်။ သူတို့နှင့် ရှရှို့စွေ့၏မိသားစုများက ရှမျိုးရိုးများဖြစ်ကာ ဆွေမျိုးတော်စပ်သည်ဟု ပြောနိုင်သော်လည်း မျိုးဆက်ငါးဆက်ကြာမြင့်ခဲ့ပြီ ဖြစ်၍ ပုံမှန်နေ့များတွင် အသွားအလာ မရှိကြတော့ပေ။ လမ်းပေါ်တွင် တွေ့ဆုံမိပါက ပေါ့ပေါ့ပါးပါး ခေါင်းညိတ်ရင်း ဆွေမျိုးဟု အသ်အမှတ်ပြကြရုံသာ ဖြစ်သည်။

ယခုတကြိမ်တွင် ရှမိသားစု၏လုပ်ရပ်များက အနည်းငယ် လွန်နေကြောင်း သူတို့လည်း ကြားထားခဲ့သည်။ ယခု စုန့်မိသားစု၏ ခြံဝင်းအတွင်းသို့ ရောက်လာပြီး မင်္ဂလာအခမ်းအနား အပြင်အဆင်ကို ကြည့်ကာ သူတို့၏တွယ်ကပ်တက်သော ဆွေမျိုးများနှင့် နှိုင်းယှဥ်လိုက်သည်နှင့် သူတို့၏သားကို မှန်ကန်သောလူနှင့် အိမ်ထောင်ပြုပေးခဲ့သည်ဟု ခံစားလိုက်ရသည်။

သို့တိုင်အောင် သေမတက် ငြင်းခုန်နေသော တီးတိုးစကားသံများလည်း ရှိနေသေးသည်။

ကြီးကျယ်မြင့်မြတ်တဲ့ ရှရှို့စွေ့က ဘာလို့ လှပလွန်းတဲ့ တင်းရှန်းကို စွန့်လွှတ်ပြီး စုန့်လောင်စန်းရဲ့မိသားစုက ထောင်ဟုန့်ကို လက်ထပ်လိုက်ရတာလဲ? သူက ဘာကို လိုချင်နေမှန်း မသိဘူး။ သေချာတာကတော့ သူမရဲ့ရုပ်ရည်ကြောင့်တော့  မဖြစ်နိုင်ဘူး။ ဘယ်သူက ချောမောလှပတာကို မက်မောနေမှာလဲ? မိန်းခလေးတစ်ယောက်က ဘယ်လောက်ပဲ ရုပ်ရည်ချောမောနေပါစေ၊ ဘယ်လောက်ပဲ လှနေပါစေ နေ‌ရောင်အောက် ရက်တွေအများကြီး အလုပ်လုပ်လိုက်တာနဲ့ နူးညံစိုစွတ်တဲ့ လက်တွေတောင် ခြောက်သွေ့ကြမ်းတမ်း သွားလိမ့်မယ်။ သူတို့ရွာသားတွေအားလုံးက အဓိက စဥ်းစားတာက မိန်းမတစ်ယောက်က ဘယ်လောက် ကြိုးကြိုးစားစား အလုပ်လုပ်နိုင်မလဲ? ကလေးကောင်းကောင်း မွေးနိုင်မလား? အဲ့တာတွေကို စောင့်ကြည့်ပြီး မိန်းမတစ်ယောက်ရဲ့တန်ဖိုးကို အကဲဖြတ်ကျတယ်။ ကျန်တာတွေကတော့ အသေးအမွှားလို့ သတ်မှတ်နိုင်ပြီး သိပ်အရေးမပါလှဘူး။

 ဤတစ်ကြိမ်တွင် ကျိုးမိသားစုမှ အခြားမိသားစုဝင် လက်တစ်ဆုပ်စာခန့် ရောက်ရှိလာသော်လည်း ကျိုးလောင်စန်း၏ တတိယအိမ်ခွဲကတော့ မည်သူမျှ ရောက်မလာခဲ့ပေ။ သူတို့၏ အာဃာတများနှင့် ရင့်သီးသော ခါးသီးမှုများက ရွာသားများ၏ လျှာများကို ယားယံလာစေပြီး၊ အတင်းအဖျင်းက ထင်းခြောက်နှင့် မီးတွေသွားသကဲ့သို့ တဟုန်းတုန်း တောက်လောင်စေခဲ့သည်။

တကယ်တော့ သူတို့လည်း ဒုက္ခရောက်နေတာပါပဲ၊ လူတော်တော်များများက သူတို့ရဲ့နောက်ကျောကို ဓားနဲ့ ထိုးခဲ့ကြတယ်။ သူတို့က သူတို့သားအကြီးဆုံး စာသင်နေတာကို ထိခိုက်မှာကို ကြောက်နေလို့သာပေါ့၊ မဟုတ်ရင် ငွေလျန်နှစ်ဆယ်နဲ့ မြေငါးမူကို ဘယ်လိုလုပ် ပေးချင်မှာလဲ ဆန္ဒရှိမှာ မဟုတ်ပါဘူး။ တကယ်တော့ အဲ့အရာတွေနဲ့ဆိုရင် သူတို့နေ့ပေါင်းများစွာ စားသောက်နိုင်သေးတယ်။ ဒါပေမယ့် သူ့ရဲ့ရန်သူတွေက  သူ့ကျဆုံးမယ့်အချိန်ကို စောင့်မျှော်နေတာကိုလည်း သူ သိတယ်။ တတယ်တော့ အဲ့ရန်သူတွေကလည်း သူရဲ့ဆွေမျိုးတွေအပြင် တခြားသူတွေ မဟုတ်ဘူး။

အခုအချိန်မှာ သူ့ရဲ့အာကြမ်းလျှာကြမ်းနဲ့ ရုန်းရင်းကြမ်းတမ်းတဲ့ မိန်းမကတော့ တံခါးကို မှီပြီး လမ်းပေါ်မှာ ပျော်ပျော်ရွှင်ရွှင် သွားလာနေကြတဲ့ လူတွေကို တစ်ယောက်ချင်းစီ လိုက်ကြည့်နေတယ်။

လူအများ တွေးထင်ထားသည့်အတိုင်း သူမက ကျိုးထျဲကျူး ကောင်းကောင်းမွန်မွန် နေထိုင်နေရသည်ကို မမြင်ချင်သည်မှာလည်း အမှန်တကယ်ပင် ဖြစ်သည်။ ကျိုးမိသားစုမှ  တတိယချွေးမက တံခါးကို မှီနေရင်း သွားလာနေသော လူများကို ကြည့်ကာ လှောင်ပြောင်ကျိန်ဆဲနေပြန်သည်။

“ခဏလေးနဲ့ သေတော့မယ့် တစ္ဆေတစ်ကောင်အတွက် ဘာလို့ ဒီလောက်ဒုက္ခခံနေကြတာလဲ?”

"တော်တော့၊ အထဲကို ပြန်ဝင်"

သူမ၏စကားက သူ့ကို ပါးဖြတ်ရိုက်လိုက်သလို ခံစားလိုက်ရသောကြာင့် သူက သူ့မိန်းမကို အော်ကာ တံခါးကို စိတ်ပျက်လက်ပျက် ဆောင့်တွန်းလိုက်သည်။  

သူက အမှားတစ်ခုခု လုပ်မိတယ်လို့ ခံစားရပြီး အပြစ်ရှိစိတ်ကြောင့် ထိတ်လန့်တုန်လှုပ်နေပေမယ့် နောက်ဆုံးမှာတော့ သူ့သားသမီးတွေက အရေးကြီးဆုံးပါပဲ။ တကယ်လို့ ကျိုးထျဲကျူးက ပြန်မလာရင် ဘာမှ မဖြစ်စေမယ့် စစ်သားဖြစ်လာပြီး ပြန်ရောက်လာရင် သူတို့အတွက် ဒုက္ခဖြစ်စေမှာ မဟုတ်ဘူးလား? တကယ်တော့ သူက နောင်တရစိတ်ကြောင့် သူ့မိန်းမကို တားမြစ်နေတာ မဟုတ်ဘဲ သူ့သားသမီးတွေရဲ့ ရှင်သန်မှုကိုပဲ ဦးစားပေးခဲ့တာပါ။

သို့သော်လည်း သူ့မိန်းမက အတောမသတ်နိုင်သေးဘဲ

ခြံဝင်းထဲသို့ ပြန်လှည့်လာရင်း မျက်လုံးပြူးဖြင့် လှောင်ပြောင်နေသေးသည်။ သူမ၏ အသံက ဆောင်းလေကဲ့သို့ အေးစက်ပြီး ဓားကဲ့သို့ ထက်ရှနေပုံရကာ "ငါတို့က သူ့ကို ကျွေးမွေးပြုစုပြီး အ၀တ်ဆင်ပေးခဲ့တယ်၊ သူက ငါတို့ရဲ့ အစားအသောက်တွေကို စားသောက်ပြီး မျက်စိတမှိတ်အတွင်းမှာ ငါတို့ကို ဂရုမစိုက်တော့ဘူး။ ဒီလိုတွေ ဖြစ်လာမယ်မှန်း ကြိုသိခဲ့ရင် ငါ အဲ့ထဲက သူ့ကို လည်ပင်းညှစ်သတ်လိုက်တယ်၊ သူ နှစ်ပေါင်းများစွာ စားခဲ့တဲ့ စားစရာတွေကို ချွေတာနိုင်တဲ့အပြင် ဒီလို ဒုက္ခတွေလည်း ရှိလာမှာ မဟုတ်ဘူး”

"မိန်းမ! မင်း ပါးစပ်ကို ပိတ်ထားစမ်း” ကျိုးလောင်စန်းက ကူကယ်ရာမဲ့ အော်ဟစ်လိုက်ပြီး သူ့ဦးရေပြားပင် ယားယံနေသည်။ "မင်းက ဒီလိုစကားတွေကို လူတွေ ကြားသွားစေချင်နေတာလား? မြို့မှာ ကျောင်းတက်နေတဲ့ ငါတို့သားကို ဒုက္ခပေးချင်နေတာလား?”

သို့သော်လည်း သူ ထိုသို့ ပြောနေချိန်မှာပင် သူမ၏ ကြမ်းတမ်းသော ရယ်မောသံများက သူ့နားထဲတွင် ပဲ့တင်ထပ်နေကာ သူ ပရမ်းပတာအခြေအနေကို ထိန်းချုပ်ရန် ကြိုးပမ်းနေသော်လည်း မုန်တိုင်းမလာမီ အချိန်အနည်းငယ်သာ လိုတော့သည်ဟုသော ခံစားချက်ကို သူ ခံစားနေမိသည်။

ကျိုးထျဲကျူးက မိသားစုခွဲရန် ပြဿနာ ရှာချိန်တွင် သူလည်း သဘောမတူဘဲ ပြတ်ပြတ်သားသား ငြင်းဆိုခဲ့သည်။ သို့သော်  ကျိုးထျဲကျူးက လွယ်လွယ်နှင့် နောက်မဆုတ်ခဲ့ပေ။ သူက သူတို့၏သားအကြီးဆုံးကို ရှာရန် ကျောင်းတော်သို့ တန်းတန်းမတ်မတ် သွားမည်ဟု မတုံ့ဆိုင်း ပြန်ပြောလာခဲ့သည်။ နောက်ဆုံးတွင် ထိုကျောင်းမှ လူများက ပညာတတ်ပြီး အသိဥာဏ်ပို များသောကြောင့် အရာရာကို ခွဲခြားသိမြင်နိုင်ပြီး သူတို့၏ပြသနာကို ကြားဝင် စွက်ဖက်ကာ မှန်ကန်သော ဆုံးဖြတ်ချက်များ ချပေးနိုင်သည့် စွမ်းရည်များ ရှိနေကြသည်။

တကယ်လို့သာ အဲ့လို ပြသနာတွေဖြစ်လာရင် ကျိုးထျဲကျူးကို ကဲ့ရဲ့ဝေဖန်တဲ့ လူက ဘယ်နှစ်ယောက်လောက်ရှိမယ်ထင်လဲ? အများစုက သူတို့ကျိုးမိသားစုတစ်ခုလုံးကို လောဘကြီးတဲ့ ဝံပုလွေတွေလို့ စွပ်စွဲကြမှာ မဟုတ်ဘူးလား?

“ရှင်က ကြောက်နေတာလား?” ကျိုးလောင်စန်း၏ဇနီးက မျက်နှာတင်းတင်းဖြင့် သူ့ကို စူးစူးရှရှ စိုက်ကြည့်နေကာ “တခြားသူတွေက အဲ့ဒိမျက်လုံးဖြူဝံပုလွေကို လှုံ့ဆော်နေတယ်လို့ ငါ ထင်တယ်”

ပြောနေရင်းဖြင့် သူမ၏ဒေါသက လျော့ကျသွားပုံရပြီး သူမ၏လေသံကလည်း အနည်းငယ် တိုးသွားခဲ့သည်။

“ရိုးရိုးသားသား ပြောရရင် ကျိုးထျဲကျူးက ကျစ်စာခဲကို တောင်ကုန်းတစ်ခု ဖြစ်အောင် ဖန်တီးချင်နေတာ။ အဲ့ဒီကျေးဇူးကန်းတဲ့ ကောင်လေးကို တစ်စုံတစ်ယောက်က လှည့်စားခဲ့တာပဲ ဖြစ်ရမယ်။ အဲ့လိုမှ မဟုတ်ရင် သူက ဘာလို့ မိသားစုခွဲဖို့ ဒီလောက် ခုန်ပေါက် နေမှာလဲ? ငါတို့က သူ့ကို တပ်ထဲဝင်ဖို့ ပြောခဲ့လို့လား? အဲဒီတုန်းက သူ ဒေါသတောင် မထွက်ခဲ့ဘူးလေ”

"ဒါဆို နောက်ကွယ်မှာ ရှိနေတာ ဘယ်​သူလဲ?" ကျိုးလောင်စန်းက အခန်းထဲသို့ ဝင်​သွားပြီး  ကာ သူ့၏ အမည်းရောင်​ ဖြစ်သည်အထိ ညစ်ပေနေသော ​ခြေအိတ်စုတ်များ ပေါ်လာသည်အထိ သူ့၏ဟောင်းနွမ်းနေသော ဖိနပ်​ကို ချွတ်နေရင်း ငြီးတွားလိုက်သည်။

"ဒါပေမယ့် သူ့ဆီကို တစ်ယောက်ယောက် လာတာ‌တော့  မဖြစ်နိုင်ပါဘူး"

ကျိုးလောင်စန်း၏ဇနီးက သူ့၏ ညစ်ပတ်ပေရေနေသော ခြေထောက်ကို တွန်းဖယ်ရင်း နှာခေါင်းရှုံကာ ခန်ပေါ်သို့ တက်လာခဲ့သည်။

"ဘာလို့ မဖြစ်နိုင်​ရမှာလဲ? သူ အဲဒီငွေပုံကြီးကို သယ်သွားမှတော့ တယောက်ယောက်က အဲဒါကို ကြံစည်နေမယ်လို့ ရှင် မတွေးမိဘူးလား? လယ်ငါးမူကို ထည့်မပြောရင်တောင် သူဆီကို   လျန်နှစ်ဆယ် ပါသွားသေးတယ်”

"မင်းရဲ့အသံကို လျှော့စမ်းပါ!" ကျိုးလောင်စန်းက တုန်လှုပ်သွားပြီး သူ့ဇနီး၏ပါးစပ်ကို သူ့လက်တစ်ဖက်ဖြင့် အုပ်ကိုင်ကာ သူမကို ထိတ်လန့်တကြား စိုက်ကြည့်နေသည်။

အရင်နှစ်တွေမှာ သူ ကျိုးထျဲကျူး ငွေတွေနဲ့အတူ ပြန်ခေါ်လာတုန်းက မိသားစုခွဲထွတ်ဖို့ ငရဲကျသလို ပြသနာ ရှာခဲ့တာက သူ့မိန်းမ မဟုတ်ဘူးလား? သူမက မိသားစု ခွဲရလောက်တဲ့အထိ တွန်းတွန်းတိုက်တိုက် ပြသနာရှာခဲ့ပြီး သူတို့ရဲ့ညစ်ပတ်နေတဲ့ ရွှံ့အိမ်လေးကို  အုတ်အိမ် ပြန်ဆောက်ခဲ့သည်။ အဲအပြုအမူတွေကြောင့် သူ့နောက်ကွယ်မှာ လူဘယ်နှစ်ယောက်က သူ့ကို ဆဲဆိုကြိမ်းမောင်းခဲ့မှန်းတောင် မသိနိုင်ခဲ့ဘူး။ အဲ့အဖြစ်အပျက်က သူ့အတွက် ခါးသီးတဲ့အရသာကို ချန်ထားခဲ့ပြီး တီးတိုးဝေဖန်သံတွေနဲ့ ကျိန်ဆဲသံတွေက သူတို့နောက်ကို နှစ်အတော်ကြာအောင် လိုက်နေခဲ့တယ်။

အဲ့အချိန်ကတည်းက သူ့ရဲ့ညီအစ်ကိုတွေက သူ့ကို စကားအနည်းအကျဉ်းပဲ ပြောကြတော့တယ်။ သူတို့ ပြောဆိုဆက်ဆံတဲ့ အချိန်က ကောက်နှံရိပ်သိမ်းပြီး ဝင်ငွေကို ရလာတဲ့အချိန်လောက်ပဲ ရှိတော့တယ်။ တစ်ခါတလေကျရင် ကျိုးထျဲကျူးနဲ့အတူ ယူလာတဲ့ ပစ္စည်းတွေရဲ့ အကြွင်းအကျန်တွေ ရှိ မရှိ မေးတက်ကြတယ်။

ကျိုးထျဲကျူး ပါလာတဲ့ ပစ္စည်းတွေ အကြောင်းပြောရရင် ကျိုးလောင်စန်းက ကျောက်စိမ်းဆွဲသီးကို သူ့မိန်းမ မသိအောင် ကျိုးထျဲကျူးအတွက် ချန်ပေးထားခဲ့တယ်။ ကျန်တဲ့ ရွှေသော့ခလောက်တွေ၊ ငွေသော့ခလောက်တွေ၊ ငွေလက်ကောက်တွေနဲ့ ငွေစက္ကူတွေကို သူ့မိန်းမက သိမ်းယူသွားခဲ့တယ်။ နှစ်တွေကြာလာတော့ အများစုက သူတို့ ဖြုန်းတီးလို့ ပျောက်ကွယ်သွားပြီး သိပ် မကျန်တော့ဘူး။

အဲ့တာကြောင့် ကျိုးထျဲကျူးက မိသားစု ခွဲဖို့ ပြောတဲ့အချိန်မှာ သူတို့မှာ  ပိုက်ဆံမရှိဘူးလို့ အခိုင်အမာ ကျိန်ဆို နိုင်ခဲ့တာလေ။ နောက်ဆုံးတော့ ငွေလျန်နှစ်ဆယ်ကို ခြစ်ကုတ်ရှာဖွေပေးလိုက်ရတာကြောင့် သူတို့မှာ ဘာမှ မကျန်တော့ဘူး။

တကယ်တော့ သူ့မိန်းမက စီးပွားရေးကို အမှန်တကယ် နားလည်တဲ့သူပါ။ သူမက ထက်မြက်သလို စကားပြောလည်း ကောင်းတာကြောင့် ဆီထွက်ကောင်းတဲ့ ဆီကြိတ်ဆုံလို လည်ပတ်နိုင်တယ်။ သူမက စီးတဲ့ရေ ဆည်တဲ့ကန်သင်းလို စုဆောင်းရှာဖွေနိုင်တယ်၊ သူမက  ဆုံးဖြတ်ချက်ကောင်းတွေချနိုင်တာကြောင့် သူတို့ရဲ့ ကံကြမ္မာကို ဖြုန်းတီးတဲ့သူတွေနဲ့ မတူဘဲ တိုးတက်အောင် လုပ်နိုင်တယ်။ သူမက ငွေဒင်္ဂါးတစ်ပြားတိုင်းကို ချစ်မြတ်နိုးပြီး တစ်ပြားကနေ နှစ်ပြားခွာနေတက်တယ်။

သူမက လိမ္မာပါးနပ်လွန်းပြီး စုဆောင်းတက်တာကြောင့် သူတို့ရဲ့စုဆောင်းငွေတွေနဲ့ အမိုးအကာအတွက် အုတ်အိမ်တစ်လုံး၊ အမြတ်အစွန်းအတွက် မြေသြဇာကောင်းတဲ့ မြေမူနှစ်ဆယ်ကျော်၊ လစဉ်ပုံမှန် ငှားရမ်းခ ရနေတဲ့ မြို့ထဲက ဈေးဆိုင်ငယ်လေးတစ်ခု ဖြစ်ပေါ်လာခဲ့တယ်။ လူရည်မလည်တဲ့သူတွေ နေထိုင်တဲ့ ရွာလေးတစ်ရွာမှာတော့ သူတို့မိသားစုက ကောင်းကောင်းနေထိုင်နိုင်ခဲ့ပြီး တောက်ပတဲ့ စံနမူနာတစ်ခုအနေနဲ့ ရပ်တည်နိုင်ခဲ့ကြတယ်။

ဒါပေမယ် သူမက သူမရဲ့သားတွေကို

အရမ်း အလိုလိုက်တယ်။ အကြီးဆုံးသားက စာသင်ဖို့လို့ အကြောင်းပြပြီး ပိုက်ဆံတွေ လောင်းထည့်နေရတယ်။ ဒုတိယသားလား? သူက ပိုပြီးတော့တောင် နှလုံးသားမဲ့သေးတယ်၊ သူက စားဖို့ သောက်ဖို့ပဲ သိပြီး အနာဂတ်အတွက် တွေးတောတာထက် ဘဝကို မကျေမနပ် ဖြစ်နေပြီး ပျင်းရိနေတဲ့သူပဲ။ အဲ့ဒီသားနှစ်ယောက်ကြောင့် သူတို့ ခက်ခက်ခဲခဲ ရှာဖွေထားတဲ့ ငွေအများစုက မီးရှို့ပစ်လိုက်သလို ပျောက်ကွယ်သွားခဲ့တယ်။ အခု သူတို့ဆီမှာ ငွေအများကြီး မကျန်တော့ဘူး။

"ရှင်က ဘယ်သူ ကြားသွားမှာကို ကြောက်ပြီး အသံတိုးခိုင်းနေတာလဲ? ဒီအိမ်မှာ ကျွန်မတို့အပြင် တခြားလူတွေ ရှိသေးလို့လား?" ကျိုးလောင်စန်း၏ဇနီးက ရေရွတ်လိုက်သည်။

သူတို့၏ သားသမီးများက နေရာအနှံ ပြန့်ကျဲနေပြီး သားတစ်ယောက်က အိမ်မက်များကို လိုက်ဖမ်းရင်း စာအုပ်များထဲတွင် မြှုပ်နှံထားကာ မြို့ထဲတွင် နေထိုင်နေသည်။ နောက်တစ်ယောက်က အရောင်းအ၀ယ်ဟု အကြောင်းပြကာ ကိုးရိုးကားရား လျှောက်သွားနေသည်။ အကြီးဆုံးသမီးက အိမ်ထောင်ကျသွားပြီဖြစ်ပြီး အငယ်ဆုံးသမီးက သူမ၏အဖွားအိမ်တွင် နေထိုင်ကာ အိမ်ပြန်လာရန် ငြင်းဆန်နေခဲ့သည်။ တစ်ချိန်က လူစည်ကားခဲ့သော ခြံဝင်းက ယခုအခါ ကျိုးလောင်စန်းနှင့် သူ၏ကြောက်မက်ဖွယ်ကောင်းသော ဇနီးတို့သာ ကျန်နေတော့သည်။

သို့သော်လည်း သူမက ငြိမ်သက်စွာ ထိုင်နေရမည့်သူ မဟုတ်ပေ။ သူမ ထိုင်နေလျှင်ပင် သူမ၏စိတ်က အဆက်မပြတ် လှည့်ပတ်နေပြီး ပူးပေါင်းကြံစည်မှုများနှင့် အကြံအစည်များ ပြည့်နှက်နေသည်။

“အဲ့တာက စုန့်မျိုးရိုးတွေပဲ၊ ကျွန်မ ရှင့်ကို ပြောပြမယ်" သူမက အာဃာတအပြည့်ဖြင့် စွပ်စွဲလိုက်သည်။

“ကျိုးထျဲကျူးရဲ့ ဆူပူအုံကြွမှုမှာ တစ်ခုခုမှားနေတယ်လို့ ကျွန်မ ထင်နေခဲ့တာ၊ အခုတော့ သူတို့က ဒီအရှုပ်အထွေးရဲ့နောက်ကွယ်မှာ ရှိနေကြတာပဲ၊ သူတို့က သူတို့ရဲ့ဒုတိယသမီးကို အသုံးချပြီး အဲ့အဲဒီကျေးဇူးကန်းတဲ့ မြွေပွေးကောင်ကို လက်ထပ်စာချုပ်နဲ့ ချုပ်နှောင်ဖို့ ကြိုးစားနေကြတာ”

မိန်းမများ၏ဆဋ္ဌမအာရုံက အတော်လေး အားကောင်းသည်ဟုပင် ပြောရမည် ဖြစ်သည်။ ထို့ကြောင့် များသောအားဖြင့် တိတ်ဆိတ်နေတက်သော ကျိုးလောင်စန်းက လေးလေးနက်နက် တွေးနေရင်း မျက်မှောင်ကြုတ်လိုက်ကာ “သူတို့က ဘာကြောင့် အဲ့လို နှိုးဆော်ပေးရတာလဲ? စုန့်လောင်စစ်မိသားစုက ဒုတိယသမီးက အခုမှဆယ့်လေးနှစ်ပဲ ရှိသေးတယ်။ သူ(မ) လက်ထပ်ဖို့ အလျင်မလို သေးဘူးလေ။ နောက် နှစ်နှစ်လောက်အထိ စောင့်ရင်တောင် အဆင်ပြေနေဦးမှာပဲ”

အဆီများ ပြည့်နေသော ကျိုးမိသားစုမှ တတိယချွေးမ၏ မျက်လုံးများက မှေးကျဥ်းသွားပြီး "သူ(မ)အတွက် မျှော်လင့်ချက်ကုန်နေတာ မဟုတ်ရင် ကျိုးထျဲကျူးကို ဘာလို့ ချည်နှောင်မှာလဲ? ဘယ်သူက ဘာကိုမှ  မတပ်မက်သလို ဟန်ဆောင်နေတာလဲ?”

ကျိုးလောင်စန်းက သူ့ပခုံးတွန့်ကို တွန့်လိုက်ပြီး ပြန်ငြင်းဆန်လိုက်သည်။ သူ၏လေသံက တည်ငြိမ်နေသော်လည်း သူက အခိုင်အမာဖြင့် "ဒီကောင်လေး ထျဲကျူးကို မင်း မတွေ့ဖူးလား? ဒီကောင်လေးမှာ အရည်အချင်းရှိတယ်၊ သူက လယ်လုပ်နိုင်တဲ့အပြင် အရမ်းလည်း သန်မာတယ်၊  သူက တောင်ပေါ်ကနေ ကျားတစ်ကောင် ပြန်ယူလာနိုင်ပြီး ငွေလျန်တစ်ရာကျော်နဲ ရောင်းနိုင်ခဲ့တယ်။ သူ စစ်သားအဖြစ် အမှုထမ်းပြီး ပြန်မလာရင်တော့ သူတို့အတွက် ဘာမှ မထူးသွားဘူး။ သူက သန်မာတဲ့ သူဆိုတော့ သူ ပြန်လာနိုင်လို့  စုန့်ရှစ်ယီးအတွက် ဝက်တွေ သတ်ပေးနိုင်ရင်တောင် သူတို့အတွက် လုပ်အားကောင်းဖြစ်လာလိမ့်မယ် ထင်တယ်"

ကျားကို တွေးလိုက်မိချိန်တွင် ကျိုးလောင်စန်း၏ဇနီးက ဒေါသထွက်လာပြီး သူမ၏မျက်နှာကို နီမြန်းလာကာ “အဲ့ကျား! အိုး၊ အဲဒါကို ပြောတောင် မပြောနဲ့။ သူက အသုံးမကျတဲ့ ကျေးဇူးကန်းတဲ့ကောင်ပဲ။ သူက ကျားတစ်ကောင်ကို ဖမ်းနိုင်ပေမယ့် သူ ကျွန်မတို့အတွက် ဘာပြန်ယူခဲ့လဲ? ယုန်တွေနဲ့ ငှက်တွေပဲ၊ သူက ကျွန်မက သူတို့ မကျွေးလောက်ဘူးလို့ ထင်နေလို့လား? ယခုလည်း သူက စစ်ဘေးကနေ အသက်ရှင်လျက် ပြန်လာဖို့ တွေးနေတာလား? ဟား ဟား! ဘယ်သူမှ စစ်မြေပြင်ကနေ မလွတ်မြောက်နိုင်ဘူး။ ဒီဆယ်လီနဲ့ ရှစ်ရွာ ပတ်လည်မှာ ဘယ်သူမှ ပြန်မလာနိုင်တာကို ရှင် မမေ့နဲ့၊ အဲ့တာကို ထားလိုက်တော့၊ ကျွန်မ စားစရာတစ်ခုခု လိုချင်တယ်။ ဒီလိုပေါက်ကရစကားတွေ ပြောရတာက ကျွန်မကို ရင်ပူစေတယ်!”

ထိုနေရာမှ သူမ၏မုန်တိုင်းက ပြီးဆုံးသွားပြီး သူမ၏ဒေါသက ခြံဝင်းအတွင်းသို့ ပြောင်းရွှေ့သွားကာ ဆူညံသံများ ပဲ့တင်ထပ်နေသော်လည်း ကျိုးလောင်စန်းက ထိုနေရာတွင် ကျေကျေနပ်နပ် တိတ်တိတ်ဆိတ်ဆိတ် ကျန်ရစ်နေခဲ့သည်။

တစ်ဖက်တွင်မူ ကျိုးလောင်စန်း၏မိသားစုကို မည်သူကမျှ ဂရုမစိုက်ကြပေ။ ယနေ့က ကျိုးထျဲကျူးအတွက် နေ့ကောင်းလေးတစ်နေ့ ဖြစ်ပြီး သူ့၏ခြေတစ်လှမ်းအတွင်းတွင် သူ့၏နွေဦးကာလ ရှိနေခဲ့သည်။ မကြာသေးမီက သူ ကိုယ်အလေးချိန် အနည်းငယ် တိုးလာသောကြောင့် သူ ထိုင်လိုက်သည့်အချိန်တွင် သူ့၏အဝတ်အစားအသစ်က သူ့ကို ပို၍ မတ်မတ် ထိုင်မိစေပြီး သူနှင့်တတိုင်းတည်း ချုပ်ထားသလို ကွက်တိ ဖြစ်နေခဲ့သည်။ သူမျက်နှာတွင် ရှက်ရွံ့မှုများ ရှိနေပြီး သူ့မျက်နှာက တဖြည်းဖြည်း နီလာကာ ယခု အခါသမယအတွက် သူ ဝယ်လာခဲ့သော သလဲသီးခွံအောက်မှ အစေံလေးများကဲ့သို့ နီရဲတောက်ပနေသည်။ ရဲရင့်မှုနှင့် ပြတ်သားမှုတို့က တည်မြဲသော အထင်ကြီးမှုကို ချန်ထားနိုင်သည့် အရာများပင် ဖြစ်သည်။

ကျေးလက်တွင် အိမ်ထောင်ပြုသည့်အခါ အနီရောင် သို့မဟုတ် အစိမ်းရောင်ကိုသာ ဝတ်ရမည်ဆိုသော စည်းမျဥ်းစည်းကမ်းများကို သိပ်အလေးမထားကြပေ။ အခြေခံအားဖြင့် အဝတ်အစားအသစ်များ ဝတ်နိုင်လျှင် အဆင်ပြေနေပြီ ဖြစ်သည်။ သို့သော်လည်း ကျိုးထျဲကျူးကတော့ ပြီးစလွယ် မလုပ်ခဲ့ပေ။

တစ်ဖက်တွင်လည်း သတို့သမီးဖြစ်သော စုန့်တင်းရှန်းက သူ့၏လွှမ်းမိုးမှုအောက်ကို ရောက်မသွားခဲ့ပေ။ သူမက သူမမိခင်၏မင်္ဂလာဝတ်စုံအဟောင်းမှ ပြန်ချုပ်ထားသော ကြက်သွေးရောင်ဝတ်စုံကို ၀တ်ဆင်ထားပြီး ထိုအရာက လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း စွဲမက်ဖွယ်ကောင်းပြီး ဆွဲဆောင်မှုရှိသော အရောင်ဖြစ်သည်။ ထိုကဲ့သို့သော အနီရောင်အဝတ်အစားများကို သာမာန်နေ့ရက်များတွင်  မဝတ်ဆင်ကြပေ။ အခြေခံအားဖြင့်တော့ လက်ထပ်ပြီး ပထမသုံးရက်အတွင်းမှာသာ ၀တ်ဆင်ကြပြီး သုံးရက်နောက်ပိုင်းတွင် သူတို့၏နေ့စဉ်အဝတ်အစားများကို ပြောင်းလဲဝတ်ဆင်လေ့ရှိကြသည်။ ထို့ကြောင့် သူမ၏ ဝတ်စုံက သူမမိခင်၏ ဝတ်စုံဟောင်းကို ပြန်ပြင်ဆင်ထားသော်လည်း အင်္ကျီအရောင်က အတော်လေးတောက်ပနေသေးသည်။

သို့သော်လည်း ကျိုးထျဲကျူးက သလဲသီးအနီရောင် မျက်နှာအုပ်ပုဝါကို ဝယ်ယူခဲ့သည်။ ထိုတောက်ပသောအထည်များက စျေးကြီးသော်လည်း သူက စုန့်တင်းရှန်းအတွက် ဝယ်ပေးခဲ့သည်။ ၎င်းပေါ်တွင် သန့်စင်သောကြာပန်းဖြူလေးတစ်ပွင့် ပန်းထိုးထားပြီး သူလို ငါလို မဖြစ်စေဘဲ တောက်ပသော ခံစားချက်ကို ပေးစွမ်းနေခဲ့သည်။ မည်သို့ပင်ဖြစ်စေ မီးတောက်ကဲ့သို့ တောက်ပနေသည့် အဝတ်အစားအစားများကပင် ရဲရင့်တက်ကြွပုံ ပေါ်နေစေပြီ ဖြစ်သည်။

ထိုအရာက အလွန်ကောင်းမွန်နေပြီ ဖြစ်ကာ ထောင်ဟုန် လက်ထပ်ပြီးချိန်တွင်ပင် အနီရောင်မျက်နှာအုပ် ပုဝါကို မဝတ်ဆင်နိုင်ခဲ့ပေ။ သူမက သူမ၏မျက်နှာကို ယပ်တောင်သေးသေးလေးဖြင့် အုပ်ထားပြီး ရှရှို့စွေ့၏အိမ်ထဲသို့ မြည်းလေးကို စီးကာ နှိမ့်နှိမ့်ချချ ဝင်သွားရခြင်းဖြစ်သည်။

စုန့်တင်းရှန်းက သူမကိုယ်သူမ ပိုင်ဆိုင်သူ ဖြစ်ပြီး သူမ လုပ်ချင်ရာကို လုပ်နိုင်သလို သူမ၏မိသားစုကလည်း သူမကို ထောက်ပံ့ပေးနိုင်သည်။ ထို့ကြောင့် သူမ၏မိသားစုက သူမအတွက် ဓလေ့ထုံးတမ်းအစဉ်အလာနှင့် ပြည့်စုံပြီး အောင်ပွဲခံနိုင်သည့်ပုံစံကို ဖန်တီးပေးခဲ့ကြသည်။ သူမ၏ မိသားစုက သူမအတွက် အနီရောင်ကန့်လန့်ကာများဖြင့် အလှဆင်ထားသော နွားလှည်းအသစ်တစ်စီး ပြင်ဆင်ပေးခဲ့ကြသည်။ ပြူးကျယ်သော မျက်လုံးများဖြင့် ကြည့်နေပြီး တိုးတိုးလေး ဝေဖန်နေကြသော ရွာရှိ အမျိုးသမီးငယ်တိုင်း မနာလိုဖြစ်ရလောက်အောင် ခမ်းနားထည်ဝါသော အခါသမယတစ်ခု ဖြစ်လာခဲ့သည်။

ပွဲပြီးသောအခါ တစ်စုံတစ်ယောက်က စုန့်တင်းရှန်းထံသို့ စားပွဲတစ်ခု လာပို့ပေးခဲ့သည်။

စုန့်တင်းရှန်း၏ သူမ၏ခေါင်းဆောင်းကို ဖယ်ထားပြီးဖြစ်ကာ ခန်ပေါ်တွင် တင်ပျဉ်ခွေထိုင်ရင်း စကားစမြည်ပြောနေခဲ့သည်။ ယနေ့တွင် သူမ အိပ်ယာမှ စောစော ထခဲ့ရပြီး ဖန့်ရှီက စုန့်တင်းရှန်း၏မျက်နှာကို သန့်ရှင်းရေးလုပ်ပေးရန်နှင့် ဆံပင်ဖြီးပေးရန်အတွက် သူမ၏မိခင်မိသားစုဘက်မှ ကံကောင်းစေသော တစ်စုံတစ်ဦးကို ဖိတ်ခေါ်ပေးခဲ့သည်။ ထိုအမျိုးသမီးက သူမ၏မျက်နှာကို ဆေးကြောပေးပြီး ဆံပင်ကို ထုံးဖွဲ့ပြီးချိန်တွင် မိသားစုတစ်စု၏ချစ်လှစွာသော သမီးလေးပျိုလေးက အခြားတစ်ယောက်၏သတို့သမီးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

တခြားသူများဆိုလျှင် ငိုချင်နေကြမည် ဖြစ်သော်လည်း ဖန့်ရှီကတော့ မငိုနိုင်ဘဲ သူမ၏သမီးလေးအတွက် အလွန်ပျော်ရွှင်နေခဲ့သည်။ ထုံးတမ်းစဥ်လာအရ စုန့်တင်းရှန်း၏အစ်ကိုကြီးက သူမကို ကျောပိုးကာ လိုက်ပို့စဥ်တွင် ဖန့်ရှီက နှစ်ကြိမ်လောက် ငိုချင်ယောင်ဆောင်ခဲ့သော်လည်း ကြာကြာ ဟန်မဆောင်နိုင်ခဲ့ပေ။ တစ်ဖက်သို့ လှည့်လိုက်သည်နှင့် သူမ၏နှုတ်ခမ်းများတွင် ထိန်းမနိုင်သိမ်းမရ ဖြစ်နေသည့် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ သတို့သမီးလေးက တောက်ပနေပြီး သူမ၏ဘဝအသစ်ကို စတင်ရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။

ဖန့်ရှီကတော့ မပျော်ဘဲ မနေနိုင်ပေ။

သူမရဲ့သမီးက အိမ်ထောင်ကျသွားပြီလို့ ပြောနိုင်ပေမယ့် ရိုးရိုးသားသားပြောရရင် အိမ်ထောင်ပြုတာနဲ့ အိမ်ထောင်မပြုတာ ဘာကွာလို့လဲ? တစ်နေ့တာလုံး အတူတူ ရှိနေကြမှာပဲ မဟုတ်ဘူးလား? လအနည်းငယ်ကြာပြီးရင် သူမရဲ့သမီးလေးက သူမတို့ရဲ့အိမ်ခေါင်မိုးအောက်ကို တစ်ဖန်ပြန်လာနိုင်ဖွယ် ရှိနေသေးတယ်။

ကျိုးထျဲကျူးအတွက်ကတော့... ထားလိုက်ပါတော့.... ဒီကလေးကို မေ့ထားလိုက်မယ်။ သူက ယောက်ျားပဲ သူ ဆန္ဒရှိတဲ့အတိုင်း လုပ်ပါစေတော့။ သူ့ကိုယ်သူ ပြုပြင် ပြောင်းလဲဖို့ သူ့ရဲ့ခွန်အားတွေကို အသုံးချပြီး ကြိုးစားတာကလည်း အလဟသတော့ ဖြစ်သွားမှာ  မဟုတ်ပါဘူး။

သမီးပျိုလေးက အိမ်ထောင်ကျပြီးလျှင် သူမ၏မိဘများ အိမ်သို့  ပြန်လာရန် မလွယ်ကူတော့ပေ။ ထို့ကြောင့် သတို့သမီးက အိမ်ရှေ့ခြံသို့ မလာတော့ပေ။ သို့သော်လည်း ထိုအရာက ပွဲ၏စည်ကားမှုကို မထိခိုက်စေခဲ့ပေ။ အိမ်ရှေ့ခြံတွင် ဟင်းပွဲများဖြင့် ပြည့်လျှံနေသော စားပွဲများကို ခင်းကျင်းထားပြီး  အရသာရှိသောအသားလုံးများ၊ တို့ဟူးနှင့် ဝက်သားပြုတ်၊ အရသာရှိသော သွေးဝက်အူချောင်း၊ ဝက်သားကင် စသည်တို့ကို တည်ခင်းထားပြီး စားပွဲတိုင်းတွင် လတ်ဆက်သော ငါးတစ်ကောင်ပင် ရှိနေခဲ့သည်။

“ကြက်မရှိရင် ဧည့်ခံပွဲ မဖြစ်ဘူး၊ ငါး မရှိတဲ့ စားသောက်ပွဲလည်း မရှိဘူး” ဟူသည့် ဆိုရိုးအတိုင်း ဤစားပွဲများပေါ်တွင် ကြက်သားနှင့် ငါးများ ပေါများကြွယ်ဝလှသဖြင့် လာရောက်သူတိုင်း ပြုံးရယ်နေကြသည်။

သူတို့အားလုံးက သူမ၏မိသားစုမှ ဖြစ်သောကြောင့် ဖန့်ရှီက လွတ်လွတ်လပ်လပ် ပြောဆိုနိုင်သည်။ ထို့ကြောင့် သူမက သူမ၏အိမ်ထောင်သည်အကြီးဆုံးသမီးကို ဆွဲခေါ်ပြီး "မင်းရဲ့တတိယအဘိုးမိသားစုက ဘာလက်ဆောင်တွေ ပေးကြလဲ?"

  အလိုက်သိသော သမီးဖြစ်သည့် စုန့်ယွိလန်က အပြုံးလေးဖြင့် ချက်ချင်း ပြန်ဖြေလိုက်သည်။ "လက်ဆောင်အနေနဲ့ ခရီးဆောင်အိတ်အတွက် အဖုံးတစ်စုံ ပေးခဲ့ပါတယ်"

ဖန့်ရှီက "အဲ့တာ အကုန်ပဲလား? ဘာကျန်သေးလဲ"

စုန့်ယွိလန်က  ခပ်တိုးတိုး ရယ်မောလိုက်ပြီး "အမေက နောက်ထပ် ဘာကို မျှော်လင့်နေသေးတာလဲ? အိတ်တစ်ဖုံးတစ်စုံပဲ၊ သူတို့မိသားစုက တခြားလူတွေအားလုံး ဒီကို လာကြတယ်၊ တတိယအဘိုးနဲ့ တတိယအဘွားကတော့ မလာဘူး၊ ဒါပေမယ့် သူတို့အ၀တ်အစားတွေထဲမှာ တစ်ခုခုကို သယ်သွားပြီး ပြန်သွားတာကို နှစ်ခါ သုံးခါလောက် တွေ့လိုက်ရတယ်”

“ဟက်” ဖန့်ရှီက ဘာမှ ထပ်မပြောတော့ဘဲ သူမ၏ယောက္ခမကို မော့ကြည့်လိုက်သည်။

အဘွားစုန့်က ထိုအကြည့်ကို ဖမ်းမိသွားပြီး ဒေါသထွက်နေသော မျက်နှာပေးဖြင့် “ဒီနေ့လိုမျိုး နေ့ထူးနေ့မြတ်မှာ မင်းက ငါနဲ့ ငါ့ခင်ပွန်းကို ပြသနာတက်စေချင်လို့ ငါ့ကို လာကြည့်နေတာလား? သူ့ကို ဘာမှ မပေးတာတောင် မင်းက သူတို့ကို ဘယ်လိုမျိုး ပြန်ဆက်ဆံနိုင်လို့လဲ"

ဖန့်ရှီက သူမနှုတ်ခမ်းကို ဆူလိုက်ပြီး "ကျွန်မက အဲလို ပြောချင်တာ မဟုတ်ပါဘူး၊ အာ့နွီအာအတွက် စိတ်မကောင်းလို့ပါ"

အဘွားစုန့်က "မင်းရဲ့ အကြံအစည်တွေကို ဘယ်သူက မမြင်ရလို့လဲ၊ ဒီနေ့ မင်းကို ငါ သတိမပေးဘူးဆိုရင် မင်းက တတိယဦးလေးအိမ်က ယူလာတာတွေကိုတောင် မင်း သွားပေးကြည့်တော့မှာ မဟုတ်ဘူးလား? တကယ်တော့ ငါတို့အိမ်က မင်းရဲ့တတိယဦးလေး မိသားစုနဲ့ နီးစပ်လို့ ပြောနိုင်တယ်၊ ဒါပေမယ့် ဘယ်တုန်းကများ ခင်ခင်မင်မင် နေခဲ့ဖူးလို့လဲ? ငါက မင်းကို လိမ္မာပါးနပ်တယ်လို့ ထင်ထားပေမယ့် အခုတော့ မင်းက ငတုံးပဲ”

“အမေ…” ယောက္ခမဖြစ်သူက ကြိမ်းမောင်းလိုက်သောကြောင့် ဖန့်ရှီက ဘာမှ ထပ်မပြောတော့ဘဲ အသားလုံးများကိုသာ ကောက်စားနေတော့သည်။

အဘွားစုန့်က “တကယ်တော့ ငါတို့က သစ်ပင်တွေက အကိုင်းအခက်တွေလိုပဲ ကွဲကွာသွားကြပြီ။ စုန့်မိသားစုရဲ့ဘိုးဘေးကြီး ထားခဲတဲ့ စကားတွေက အရမ်းမှန်တယ်၊ အခု ငါတို့ ခွဲခွာပြီး ကြပြီ၊ ကိုယ့်ဘဝနဲ့ကိုယ် နေကြရအောင်၊ သူတို့နဲ့ ရန်ဖြစ်စရာ အကြောင်း မရှိဘူး၊  ပြုံးတယ်ဆိုရုံ ပြုံးပြလိုက်တာက လုံလောက်တယ်၊ အဘိုးကြီး၊ ရှင်‌ရော ဘယ်လို ထင်လဲ"

စုန့်ရှင်းယိက "မင်းက ပြသနာကို ဘယ်လို ဖြေရှင်းရမယ်ဆိုတာကို သိတယ်။ ဒါပေမယ့် ငါ့ရဲ့တတိယအစ်ကို မိသားစုက လုပ်ခဲ့တာတွေကတော့ သိက္ခာမဲ့လွန်းတယ်”

သူမ၏ယောက္ခမ ပြောလိုက်သည့်စကားကြောင့် ဖန့်ရှီက ရယ်ချင်သွားပြီး အဘွားစုန့်က “နောက်ထပ် ဘာလုပ်ရမှာလဲ? ဒါက ရှင့်ရဲ့ တတိယအစ်ကို မဟုတ်ဘူးလား? ရှင် အပြင်ထွက်ပြီး သူ့ကို သွားရိုက်နှက်နိုင်လို့လား? တော်တော့၊ ငါးနဲ့ အသားတွေကတောင် ရှင့်ပါးစပ်ကို မပိတ်နိုင်ဘူးလား? စားရအောင်!"

🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟