အခန်း ၈ ကြင်စဦး
အဘွားစုန့်ဖြစ်နေပြီ ဖြစ်သော လီရှီ(လီအမျိုးသမီး)က ဤဆယ်လီအကွာရှိ ရွာရှစ်ရွာတွင် အကောင်းဆုံးယောက္ခမတစ်ဦးသာ ဖြစ်ပြီး ရွာရှိလူတိုင်းဆီမှ ချီးမွမ်းခံရသော အမျိုးသမီး ဖြစ်သည်။ သူမ၏ချွေးမနှစ်ယောက်က သူမတို့ အိမ်အပြင်ရောက်သည်နှင့် သူမတို့၏ယောက္ခမက ဘယ်လောက်ကောင်းမွန်ကြောင်း အမြဲတမ်း ကြွားဝါတတ်ကြသည်။ သူမက သူမ၏ချွေးမများနှင့် ကောင်းကောင်း ပေါင်းသင်းဆက်ဆံနိုင်ရုံသာမက မြေးချွေးမများနှင့်လည်း လိုက်လျောညီထွေ ဆက်ဆံတတ်သူ ဖြစ်သည်။ သူမ၏ မြေးလေးများနှင့် မြေးမလေးများပင်လျှင် သူမနှင့် အလွန်ကောင်းသော ဆက်ဆံရေးရှိကြသည်။ နေ့တိုင်းနေ့တိုင်း တနေကုန် မတွေ့နိုင်လောက်အောင် အလုပ်များနေကြသည့် မိဘများထက် ဘာမှ လုပ်စရာ မရှိသည့် အဘွားနှင့် အတူတူနေရချိန်က များသောကြောင့် ပုံမှန်အားဖြင့် ကလေးများက သူတို့၏အဖေ၊ အမေထက် အဘွားနှင့် ပိုရင်းနှီးကြသည်။
သူမ၏ချွေးမဖြစ်သော ဖန့်ရှီကလည်း အပြောဆိုးသောသူ ဖြစ်သော်လည်း ရိုးဖြောင့်သော စိတ်ထားရှိသူဖြစ်သည်။ သူမက ပြောစရာရှိလျှင် ပွင့်ပွင့်လင်းလင်း အမြဲပြောလေ့ရှိပြီး အခြားသူများကို လှည့်စားလိုစိတ် မရှိပေ။ လီရှီက သူမ၏ထိုချွေးမအတွက် အမြဲတမ်း ကျေနပ်ခဲ့ရသည်။ သူမက ချွေးမရွေးချယ်စဥ်ကပင် ဖန့်ရှီ၏ထိုစရိုက်ကို သဘောကျခဲ့ခြင်း ဖြစ်သည်။ အထူးသဖြင့် ဤအမျိုးသမီးက သူမကိုယ်တိုင် တည်တည်ငြိမ်ငြိမ် နေတက်ပြီး အရာများစွာကို အေးအေးဆေးဆေး ကိုင်တွယ်ဖြေရှင်းနိုင်ကာ မလိုအပ်သော ပဋိပက္ခများနှင့် သွေးထိုးပေးမှုများကို ရှောင်ရှားနိုင်မည်ဟု သူမ ယုံကြည်သောကြောင့် ဖြစ်သည်။
တိုတိုပြောရရင်တော့ ဖန့်ရှီက သူမ လုံးဝ စိတ်ပူဖို့ မလိုတဲ့ လူစားမျိုးပါပဲ။
လီရှီ၏အကြီးဆုံး ချွေးမဖြစ်သော ကျန်းရှီကလည်း အလွန်ကောင်းမွန်ပြီး အလုပ်ကြိုးစားသူ ဖြစ်သည်။ သို့သော် ကျန်းရှီက အနည်းငယ် ထိုင်းမှိုင်းပြီး စကားအများကြီး ပြောလေ့မရှိပေ။
ဖန့်ရှီကလည်း မိသားစု၏အရှေ့တွင်သာ စကားအနည်းငယ် ပြောခြင်းမျိုး ဖြစ်ပြီး သူမ အိမ်တံခါးမှ ထွက်သွားသည်နှင့် သူမ မပျော်လျှင်ပင် သူမ၏မျက်နှာတွင် မဖော်ပြထားတက်ပေ။ သူမကို ဘယ်သူမှ မကြည့်ဘူးဟု ထင်ထားချိန်တွင် သူမက သူမဘာသာ တစ်ယောက်တည်း မျက်စောင်းထိုးနေနိုင်သော်လည်း အခြားသူများ ရှိနေလျှင် မည်သို့ အေးအေးဆေးဆေး နေပြရမည်ကို သူမ အသေအချာ သိထားခဲ့သည်။
ဥပမာအားဖြင့် တတိယစုန့်မိသားစု၏ ကိစ္စကို သူမ မကျေမနပ် ဖြစ်နေသော်လည်း သူမက အဘွားစုန့်ပြောသည့်အတိုင်း အပြင်ထွက်ကာ ပြသနာသွားရှာမည် မဟုတ်ပေ။ သူမက အဘွားစုန့်ရှေ့တွင် လှောင်ပြောင်စရာတစ်ခုအဖြစ်သာ ပြောနေခြင်းဖြစ်ပြီး ခဏတာလောက် ရယ်မောပြီးလျှင် သူမတို့၏ဘဝအတွက် အေးအေးဆေးဆေး ရှေ့ဆက်မည့်သူ ဖြစ်သည်။
ထိုကိစ္စများကို ကြားသိနေရသော်လည်း စုန့်တင်းရှန်းကတော့ ပြုံးရုံသာ ပြုံနေခဲ့သည်။
မိုးကောင်းကင်က သူမကို ဒီမိသားစုဆီ စေလွှတ်ခဲ့တဲ့အတွက် သူမ မိုးကောင်းကင်ကို အရမ်းကျေးဇူးတင်နေမိတယ်။ ခဏတာအတွင်း သေသေချာချာ မစဉ်းစားဘဲ ဒီကမောက်ကမ ဖြစ်ရပ်တွေကို မမြင်နိုင်ခဲ့တဲ့ မူလပိုင်ရှင်အတွက်လည်း ဝမ်းနည်းမိတယ်။ ဒါပေမယ့် ဒါက သူမအတွက် အခွင့်အရေးကောင်း ဖြစ်ခဲ့တယ်။ သူမရဲ့အရင်ဘဝက ယခင်ဘဝက အမှန်တကယ် ခက်ခဲတာကို မိုးကောင်းကင်က သိသွားလို့ သူမအတွက် ကံကြမ္မာကောင်းလေး ပေးလိုက်တာလည်း ဖြစ်နိုင်တယ်။ သူမ အသက်ကြီးလာတဲ့အထိ သူမကို ချစ်မြတ်နိုးပေးမယ့်သူတွေ ထောက်ပံ့ပေးမယ့်သူတွေ မရှိခဲ့တာကြောင့် မိုးကောင်းကင်က သူမကို သနားသွားတာ ဖြစ်နိုင်တယ်။
ဒါပေမယ့် ဒီဘဝ?
ဒီခိုးထားရတဲ့ဘဝမှာကတော့ အရာအာလုံး မတူတော့ဘူး။ ဒီဘဝမှာ သူမရဲ့မိဘတွေက အသက်ရှင်နေသေးတယ်၊ ညီအကို မောင်နှမတွေလည်း ပြည့်ပြည့်စုံစုံ ရှိနေပြီး အဘိုးအဘွားတွေကလည်း သူမကို ချစ်ကြတယ်။ သူမက ဒီ့ထက်ပိုပြီး ဘာတွေကို တောင်းဆိုနေရဦးမှာလဲ?
တတိယအဖိုးရဲ့မိသားစုလား?
သူတို့ကို မေ့လိုက်ပါတော့....
အလုံအလောက် ဝလင်အောင် စားသောက်ပြီးနောက်တွင် စုန့်တင်းရှန်းက သူမ၏ညီအစ်မငယ်လေးနှင့်အတူ သန့်စင်ခန်းသို့သွားကာ ဆေးကြောသန့်စင်ပြီး အင်္ကျီထပ်လဲပြီးမှ ပြန်လာခဲ့သည်။ ထိုအချိန်တွင် အပြင်ဘက်မှ ကောင်းကင်က မည်းမှောင်လာပြီးဖြစ်ကာ မနီးမဝေးရှိ ခြံဝန်းထဲမှ အသံများကလည်း ဧည့်ခံပွဲပြီလုနီးပါး ဖြစ်နေပြီကြောင်း သိသာစေခဲ့သည်။ စုန့်တင်းရှန်းက အဒေါ်များ၏ တိုက်တွန်းချက်ကြောင့် အနီရောင်ခေါင်းဆောင်းပုဝါကို ပြန်အုပ်ထားလိုက်ရသည်။
အနီရောင်ခေါင်းဆောင်းပုဝါကို အလွန်ကောင်းမွန်စွာ ယက်လုပ်ထား အထည်စဖြင့် ပြုလုပ်ထားသောကြောင့် ထိုခေါင်းဆောင်းကို ဖုံးအုပ်လိုက်သည်နှင့် သူမရှေ့တွင် ဘာရှိနေသည်ကို မမြင်နိုင်တော့ပေ။ ထို့ကြောင့် သူမက လက်ထဲတွင်ရှိသော ပိုက်ဆံအိတ်ကြီးကိုသာ ငုံ့ကြည့်နေရတော့သည်။ ထိုပိုက်ဆံအိတ်တွင် တောင်ဘက်မှ အနီရောင်စွန်ပလွံသီးခြောက်များ၊ မြေပဲများ၊ တောကြက်မောက်သီးခြောက်နှင့် ကြာစေ့များဖြင့် ပြည့်နေပြီး ထိုပိုက်ဆံအိတ်ပေါ်တွင် ပန်းထိုးထားသည့် ရေထဲတွင် ကစားနေသော မန်ဒရင်းဘဲတစ်စုံက ကျင်းချောင်အာ၏လက်ရာဖြစ်သည်။
ထိုအရာများ အားလုံးက သူမလျောက်လှမ်းရမည့် ခြားနားသောဘဝအသစ်အတွက်ဖြစ်ပြီး တိတ်ဆိတ်သောအရိပ်အယောင်များ ရောင်ပြန်ဟပ်နေသည့် အခိုက်အတန့်တွင် ပျော်ရွှင်မှုအငွေ့အသက်များ ရောနှောနေခြင်းက သူမအတွက် ကံကောင်းခြင်းလက်ဆောင်ဟု သတ်မှတ်နိုင်သည်။
အဝေးမှ ဆူဆူညံညံ အသံများ ထွက်ပေါ်လာပြီး အခန်းအတွင်းရှိ စားပွဲခုံများကို ပြန်ဖယ်ရှားနေပုံရသည်။ ကောင်မလေးများက ပြုံးပြုံးရွှင်ရွှင် ရယ်ရယ်မောမောဖြင့် ပြေးထွက်သွားကြပြီး သန်မာသောအမျိုးသမီးတစ်ယောက်က မျက်နှာတင်းတင်းဖြင့် တံခါးဝတွင် ရပ်နေကာ လမ်းကို ပိတ်ဆို့လိုက်သည်။ သူမက သတို့သမီးအခန်း၏ တံခါးခုံကို မဖြတ်မီ သတို့သားထံမှ စာအိတ်အနီတစ်ခုရရှိရန် တောင်းဆိုနေခဲ့သည်။
သတို့သားက စာအိတ်အနီ မပေးချင်ရင်လည်း ရပါတယ်၊ ဒါပေမယ့် သူမ ကျေနပ်ဖို့ ဆွဲဆောင်နိုင်မှ သတို့သမီးအခန်းထဲကို ဝင်နိုင်လိမ့်မယ်။
ထိုအရာက ကျိုးထျဲကျူး၏မျက်နှာကို ရှုံ့တွနေစေပြီး သူက အနှိပ်စက်ခံထားရသလို ရှုံ့မဲ့နေသော မျက်နှာဖြင့် အဒေါ်ကြီးကို ဦးညွှတ်လိုက်ကာ "ကျေးဇူးပြုပြီး... ကျေးဇူးပြုပြီး" ဟူသော စကားလုံးများကို အချိန်အတော်ကြာအောင် ထစ်ထစ်ငေါ့ငေါ့ ပြောနေသောကြောင့် လူတိုင်းကို ရယ်မောစေခဲ့သည်။
စုန့်တင်းရှန်းလည်း မရယ်ဘဲ မနေနိုင်တော့ပေ။ တကယ်တော့ သူက အသက်ဆယ့်ခုနစ်နှစ်ပဲရှိသေးတဲ့ လူငယ်လေးတစ်ယောက်ပါ၊ ခေတ်သစ်က လူအဖွဲ့အစည်းများဆိုရင် သူကို ကလေးလို့ သတ်မှတ်ထားပြီး သူ စာသင်နေရဦးမှာ အသေအချာပါပဲ၊ ဒါပေမယ့် အခုချိန်မှာတော့ သူက အရွယ်ရောက်နေတဲ့ လူတစ်ယောက်အဖြစ် သတ်မှတ်ခံရပြီး မိသားစုတစ်ခုကို စပြီး တာဝန်ယူရတော့မယ်။
ဒါပေမယ့် ပြန်စဉ်းစားကြည့်တော့လည်း သူမကိုယ်တိုင်က ဆယ့်လေးနှစ်ပဲရှိသေးတယ်၊ အဲ့ဒါကြောင့် သူမ ဒီအသက်ဆယ့်ခုနစ်နှစ်အရွယ်ကောင်လေးကို ဘာမှ လုပ်ခွင့်မပေးနိုင်သေးဘူး။ မဟုတ်ရင် နှစ်ယောက်စလုံးကို ဒုက္ခရောက်စေလိမ့်မယ်။
နောက်ဆုံးတွင် ကျိုးထျဲကျူးက အခန်းထဲသို့ ဝင်လာခဲ့ပြီး သူက ဘာလုပ်ရမှန်း မသိဖြစ်နေပုံရကာ မည်းမှောင်နေသော သူ့မျက်နှာက အညိုရောင်ပြောင်းနေပြီး သူ့မျက်လုံးများက နီရဲကာ စိုစွတ်နေလေသည်။
စုန့်တင်းရှန်းသာ အဲ့တာကို မြင်သွာခဲ့ရင် သူက ညှဉ်းပန်းနှိပ်စက်ခံထားရတဲ့ သနားစရာ ချစ်စဖွယ်ခွေးပေါက်လေးနဲ့ တူတယ်လို့ ပြောမှာ အသေအချာပါပဲ။
"ခေါင်းဆောင်းပုဝါကို ဖွင့်!!" "ခေါင်းဆောင်းပုဝါကို ဖွင့်!!" ယောက်ျားလေးတစ်ချို့မှ စတင်လိုက်ပြီး လူတိုင်းက ရွှတ်ရွှတ်နောက်နောက် အော်ဟစ်နေကြပြန်သည်။
ကျိုးထျဲကျူးက တုန်ယင်နေပြီး အနီရောင်ခေါင်းဆောင်းပုဝါကို ဖွင့်ရန် လက်ဆန့်လိုက်သည်။ သို့သော်လည်း သူ၏လက်များက တုန်ယင်နေသောကြောင့် ပထမတကြိမ်တွင် မအောင်မြင်ဘဲ ချောမွေ့နေသော အထည်စက သူ့လက်ကြားမှ ချော်ထွက်သွားပြီး လူတစ်စုက ရယ်မောကြပြန်သည်။ သူ ဒုတိယအကြိမ် ဖွင့်လိုက်ချိန်တွင် အောင်မြင်သွားပြီး နောက်ဆုံးတွင် စုန့်တင်းရှန်း၏ အနည်းငယ် ရှက်ရွံ့နေသောလည်း အပြုံးမပျက်သေးသည့် မျက်နှာလေးပေါ်လာခဲ့သည်။
သူမ၏မျက်ဝန်းကျယ်ကျယ်လေးများတွင် အပြုံးရိပ်များ ရှိနေပြီး သူမ၏နီထွေးသော နှုတ်ခမ်းလေးများက စိုစွတ်နေကာ သူမ၏လက်သေးသေးလေးက သူမ၏ပိုက်ဆံအိတ်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ သူမက သူမထက်ပို၍ ရှက်ရွံ့တုန်လှုပ်နေပုံရသော ကျိုးထျဲကျူးကို စိုက်ကြည့်နေလေသည်။
ကျိုးထျဲကျူးက သူ့၏နှလုံးခုန်သံနှင့် အသက်ရှုသံပင် သူ မခံစားနိုင်တော့သော်လည်း သူမကို မကြည့်ဘဲလည်း မနေနိုင်ပေ။ သူက သူမကို ကြည့်နေရင်း ခက်ခက်ခဲခဲ တံတွေးမျိုချလိုက်ကာ သူ့နောက်မှ ဆူညံနေသော လူများကို မောင်းထုတ်ရန် ရုတ်တရက် နောက်ပြန်လှည့်လိုက်သည်။
သူက တံခါးကို ပြင်းပြင်းထန်ထန် စောင့်ပိတ်လိုက်ပြီး စိတ်ရှုပ်ထွေးနေသော အမူအရာဖြင့် သူ့ခေါင်းကို ပြန်ကုတ်လိုက်သောကြောင့် ပြီးပြည့်စုံသောပုံစံဖြစ်နေသည့် သူ့ဆံပင်များက ရှုပ်ထွေးသွားတော့သည်။
တကယ်တော့ သူက ကလေးအရွယ်ပဲ ရှိနေသေးပြီး အခုအချိန်မှာ သူက ကားမီးရောင်နဲ့ ရုတ်တရက် အထိုးခံလိုက်ရတဲ့ သမင်လေးတစ်ကောင်လိုပဲ။
"မင်းက ငယ်သေးတယ်... ငါ အဖေနဲ့အမေကို ကတိပေးထားတယ်" ကျိုးထျဲကျူးက ခပ်တိုးတိုးရေရွတ်နေပြီး သူ့အသံကို သူပင် မကြားနိုင်လောက်ပေ။
သို့သော်လည်း တံခါးက အသံမလုံသည့်အပြင် အပြင်ဘက်တွင် စိတ်အားထက်သန်စွာ နားထောင်နေသော နားရွက်များလည်း ရှိနေသောကြောင့် သူ့စကား ဆုံးသွားသည်နှင့် အပြင်မှ ရယ်မောသံများကို ကြားလိုက်ရပြန်သည်။
စုန့်တင်းရှန်းက သူမ၏ပိုက်ဆံအိတ်ကို ခက်ခက်ခဲခဲ ဖိညှစ်ထားပြီး မရယ်မိအောင် ကြိုးစားနေပြီး ရှက်ရွံ့နေသည့်အမူအရာလေးဖြင့် သူ့ကို ခေါင်းညိတ်ပြလိုက်သည်။
ဒီကလေးက တကယ့်ကို ရိုးသားလွန်းပြီး ဉာဏ်ရည်ထက်မြက်လွန်းတယ်။ သူက တာဝန်ယူဖို့ အစွမ်းကုန်ကြိုးစားနေပုံရပြီး သူ့အမူအရာက ချစ်ဖို့ကောင်းနေတဲ့အပြင် ချိုမြိန်တဲ့ခံစားမှုကိုလည်း ရရှိစေတယ်။
ကျိုးထျဲကျူးက အပြင်ဘက်မှ ဖရိုဖရဲ ဆူညံသံများကို လျစ်လျူရှုထားနိုင်သော်လည်း ခန်ပေါ်တွင် ထိုင်နေသည့် မိန်းခလေးကိုတော့ မကြည့်ဝံ့သေးပေ။ သူက တောင့်တောင့်တင်းတင်းဖြစ်နေကာ သူ့မျက်လုံးများက အခန်းတစ်ဝိုက်ကို လှည့်ပတ်ကြည့်နေပြီး တည်ငြိမ်အောင် အသက်ရှူထုတ်နေရင်းမှ အောက်ကို ငုံ့ကြည့်နေပြန်သည်။ ထို့နောက် သူက လေထု၏တင်းမာမှုတွေကို ဖယ်ရှားပစ်ရန် ကြိုးစားနေသည့်ပုံစံဖြင့် သူ့၏ခြေဖဝါးကို အသုံးပြုကာ ကြမ်းပြင်ပေါ်ရှိ မြေပဲခွံများကို တစ်ပုံခြင်းစီ စုပုံကာ တံခါးဝတွင် ကပ်ထားလိုက်သည်။
ထိုအရာများကို လုပ်ပြီးနောက် သူက ဘာလုပ်ရမှန်း မသိပုံဖြင့် တွေဝေငေးမော နေပြန်သည်။ ခဏအကြာတွင် သူ့မျက်လုံးများက တဖျပ်ဖျပ် ခတ်လာပြီး ကုတင်ပေါ်ရှိ ကောင်မလေးဆီသို့ လှမ်းကြည့်လိုက်သော်လည်း ချက်ချင်း အကြည့်လွှဲသွားပြန်သည်။ အခန်းထဲတွင် သူမ တစ်ယောက်တည်း ရှိနေသည်မှာ လုံးလုံးလျားလျား သေချာနေသော်လည်း အခန်းက ရှိသင့်သည်ထက် များစွာ သေးငယ်သွားသလို သူ ခံစားနေရသည်။
စုန့်တင်းရှန်းက သူမ၏အမြဲတည်ငြိမ်နေတက်ကာ နူးညံ့သည့်အပြုံးလေးနှင့် ပေါ့ပေါ့ပါးပါး အကြံပေးလိုက်ကာ တိတ်ဆိတ်မှုကို ချိုးဖျက်လိုက်သည်။ "ရှင် ဘာဖြစ်နေတာလဲ? အရင် ရေချိုးလိုက်ပါလား? အပြင်ဘက်က ရေနွေးက ပူနေလောက်သေးတယ်"
သူမက သူမ၏အသံကို ချောမွေ့စွာ ထိန်းချုပ်ထားနိုင်ပြီး တစ်စုံတစ်ယောက်၏စိတ်ကို နားလည်နေသည့်ပုံဖြင့် ရှင်းရှင်းလင်းလင်း ပြောနိုင်နေသေးသည်။
"အိုး ဟုတ်တယ်" ကျိုးထျဲကျူးက သူ့၏အင်္ကျီလက်ကို မြှောက်ကာ အနံ့ခံကြည့်လိုက်သည်။
တကယ်တော့ သူကိုယ်တိုင် အများကြီး မသောက်ခဲ့ဘူး။ ဒါပေမယ့် သူ ဂရုမစိုက်မိခဲ့တာကြောင့် အခြားသူတွေဆီကနေ အနံအသက်တွေနဲ့ အဆီတွေက သူ့ဆီကို တွယ်ပါလာပြီး အဲဒီအနံ့အသက်တွေကို ချန်ထားခဲ့တယ်။ သူ တကယ် စိတ်ညစ်သွားတာကြောင့် သူ့ဘာသာသူ ရေရွတ်နေပြီး အင်္ကျီတွေကို လှန်တင်လိုက်တယ်။
သူ တံခါးဖွင့်လိုက်သည်နှင့် တပြိုင်နက် တံခါးနားသို့ကပ်ကာ ခိုးကြည့်နေကြသည့် လူအုပ်ကြီးက လဲပြိုကျကြပြီး ရယ်မောသံများ ထွက်လာပြန်သည်။
"သွား၊ သွားကြ၊ ဒီကနေ ထွက်သွားကြ!" ကျိုးထျဲကျူးက ဒေါသထွက်သွားပြီး လူတစ်ယောက်ကို လက်တစ်ဖက်ဖြင့် ဆွဲထူပေးကာ သူတို့အားလုံးကို ပြန်တွန်းလွှတ်နေခဲ့သည်။ သူက ပင်မခန်းမထဲရှိ လူများကိုပင် ခြံဝင်းဆီသို့ တွန်းပို့နေပြီး "ပြန်သွားကြတော့၊ မင်းတို့က ဘာတွေကို နားထောင်ချင်နေသေးတာလဲ? အဲဒါက ဘာကောင်းလို့လဲ? အသုံးဝင်တာတစ်ခုခု သွားလုပ်ကြ!"
"ဟား ဟား ဟား ဟား!" လူတစ်စုက အရူးအမူး ရယ်မောနေကြပြန်သည်။
အပြင်ဘက်မှ ရယ်မောသံများ ထွက်လာသောကြောင့် စုန့်တင်းရှန်း၏ နဖူးကို သူမဘာသာ ပြန်ပုတ်လိုက်ကာ သူမဘာသာ ရေရွတ်နေမိသည်။
တကယ်ကို တုံးအမိုက်မဲတဲ့ ကောင်လေးပဲ။
ကျိုးထျဲကျူးက သူတို့အားလုံးကို ခြံဝင်းထဲမှ နှင်ထုတ်ရန် မတက်နိုင်သောဖြင့် အိမ်ထဲသို့ အမြန် ပြန်ပြေးလာကာ ပင်မအခန်းတံခါးကို သော့ခတ်လိုက်သည်။ မီးဖိုပေါ်မှာ ပွက်ပွက်ဆူနေသော ရေနွေးအိုး တစ်လုံး ရှိနေပြီး အခန်းထဲတွင် အေးနေမည်ကို စိုးရိမ်သောကြောင့် မနက်စောစောကတည်းက ခန်ကိုလည်း အပူပေးထားခဲ့သည်။ ပင်မအခန်း၏နောက်ဘက်တွင် သစ်သားအင်တုံကြီးတစ်ခုရှိပြီး အရင်က အဝတ်လျှော်ရန် အသုံးပြုခဲ့သော်လည်း ယခုအချိန်တွင် ရေချိုးစည်ပြုလုပ်ရန် သင့်တော်လှသည်။
စုန့်တင်းရှန်းက အပြင်ဘက်မှာ ရေကျသံကို နားထောင်ရင်း ခန်ပေါ်မှ စွန်ပလွံသီးတစ်လုံးကို ကောက်ယူကာ ဝါးဖို့ ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။ သူမလက်ထဲတွင်ရှိသော ပိုက်ဆံအိတ်အပြင် ခန်ပေါ်တွင်လည်း မြေပဲနှင့် စွန်ပလွံသီးများဖြင့် ဖုံးလွမ်းနေသည်။ သို့သော် ဤလှပသော အဓိပ္ပါယ်ကို နှစ်အနည်းငယ်ကြာမှသာ အကောင်အထည် ဖော်နိုင်မည် ဖြစ်သည်။
စွန်ပလွံသီးခြောက်များက တော်တော်လေး အရသာ ရှိသောကြောင့် စုန့်တင်းရှန်းက တစ်လုံးပြီးတစ်လုံး ဝါးစားနေပြီး နောက်ဆုံးတွင် သူမက မတ်တပ်ထရပ်ကာ ခန်ပေါ်ရှိ ပစ္စည်းများကို သိမ်းဆည်းလိုက်သည်။
စွန်ပလွံသီးခြောက်များနှင့် မြေပဲများကို ပြန်စုလိုက်ပြီး ခန်ဘေးမှ ဗီဒိုပေါ်ရှိ ခြွေလှေ့ဇကာ လေးထဲသို့ ထည့်ထားလိုက်သည်။ ထိုဗီဒိုကို သူမတို့မိသားစုမှ ဖန်တီးထားခြင်း ဖြစ်ပြီး အလွန်ကောင်းမွန်သော မိုးမခသစ်သားဖြင့် ပြုလုပ်ထားသောကြောင့် အလွန်ချောမွေ့သည်ဟု ခံစားရစေသည်။ သူမက ခန်ပေါ်မှ ဖျာကိုလည်း သန့်ရှင်းရေး လုပ်လိုက်ပြီး အပြင်ဝတ်အသစ်များကို ပြောင်းလဲဝတ်ဆင်ကာ ခန်းဆီးအောက်ရှိ အဝတ်စင်ပေါ်တွင် ချိတ်ဆွဲထားလိုက်သည်။ ထိုဝတ်စုံကို နောက်နှစ်ရက်အကြာ မိဘအိမ်သို့ ပြန်လျှင် ပြန်ဝတ်ရမည်ဖြစ်ပြီး ယခုအချိန် ရေလျှော်လိုက်ရင် မခြောက်မည်ကို စိုးရိမ်သောကြောင့် ဒီအတိုင်းသာ ချိတ်ထားရတော့သည်။
ရွာသားများတွင် ဖယောင်းတိုင်များ မရှိကြပဲ ထောပတ်ဖြင့် ပြုလုပ်ထားသော ဖယောင်းနီများ တစ်ညလုံး တောက်လောင်နေသည့် မြင်ကွင်းက သူတို့အတွက် ဝေးကွာလှသော စိတ်ကူးယဉ်မှုသက်သက်သာ ဖြစ်သည်။ သူတို့ကလည်း သိပ်ဂရုမစိုက်ကြဘဲ မိုးလင်းသည်အထိ တညလုံး အိပ်လေ့ရှိကြသည်။ ထို့ကြောင့် ယခုအချိန်တွင် ဆီမီးခွက်လေးတစ်ခွက်ကို ခန်၏ဘေးနားမှ ဗီဒိုအနိမ့်လေးပေါ်သို့ တင်ထားသောကြောင့် အခန်းက လုံးဝ မှောင်နေခြင်းမျိုး မဟုတ်ဘဲ ခပ်ဖျော့ဖျော့ အလင်းရောင် တစ်ခု ရှိနေခဲ့သည်။
စုန့်တင်းရှန်းက သူမ၏အခန်းထဲရှိ အလင်းရောင်ကို ကြည့်နေရင်း တစ်ချိန်က သူမ ရရှိခဲ့ဖူးသော လျှပ်စစ်မီးကို ပြန်လည် တမ်းတမက်မောနေမိသည်။
သူမ လက်ကိုဆန့်ပြီး ခလုတ်ကို နှိပ်လိုက်တာနဲ့ အခန်းက နေ့ခင်းကြောင်တောင်လိုမျိုး ရုတ်တရက် တောက်ပလာလိမ့်မယ်။ အခုတော့ အဲ့လိုမဟုတ်ဘဲ မှောင်မဲနေပြီး အိမ်ထဲမှာ ဘာကိုမှ မမြင်ရဘူး။ တစ်ချိန်က သူမ သတိမပြုမိခဲ့တဲ့ ခေတ်သစ်ကမ္ဘာရဲ့ သက်တောင့်သက်သာရှိမှုကို အခုလို ဝေးကွာသွားမှ သူမ ပြတ်ပြတ်သားသား သတိပြုမိတော့တယ်။
နောက်ဆုံးတွင် အပြင်ဘက်မှ ရေကျသံ ရပ်တန့်သွားပြီး စုန့်တင်းရှန်းက "ရှင့်ရဲ့ အပြင်ဝတ်တွေကို စိမ်ထားပြီး မနက်ဖြန်မှ လျှော်လိုက်တော့လေ။ ထျဲကျုးကော၊ ရှင် ဗိုက်ဆာနေသေးလား?"
ကျိုးထျဲကျူးက သူ့၏အတွင်းဝတ်များကိုသာ ၀တ်ဆင်ထားပြီး သူ့၏အပြင်ဝတ် ချည်ဝတ်ရုံကို ချွတ်ထားပြီး ဖြစ်သည်။ စုန့်တင်းရှန်း၏ မေးသံကို ကြားလိုက်ချိန်တွင် သူက သူ့ဗိုက်ကို ပြန်ထိကြည့်လိုက်ပြီး သူ့ဗိုက်က အော်သံအနည်းငယ် ထွက်ပေါ်လာသောကြောင့် သူ့ကို ရှက်ရွံ့တုန်လှုပ်သွားစေခဲ့သည်။
သူ တကယ်လည်း အများကြီး မစားခဲ့ရဘူး။ သတို့သား ဖြစ်နေမှတော့ ဘယ်လို ထိုင်ပြီး ထမင်းကောင်းကောင်း စားနိုင်ပါ့မလဲ? သူမှာ ဘာမှန်းမသိတဲ့ အရာတွေနဲ့ ရှုပ်ယှက်ခတ်နေပြီး သူ့ရှေ့က စားပွဲတွေပေါ်မှာ ငါးကြီးတွေနဲ့ အသားတွေ အပြည့် ခင်းကျင်းထားပေမယ့် သူ တစ်ကိုက်လေးတောင်မှ မစားရတာက စိတ်မကောင်းစရာပါပဲ။
"နည်းနည်းတော့ ဗိုက်ဆာနေတယ်" သူက သူမကို ပြန်ဖြေလိုက်သော်လည်း အနည်းငယ် ရှက်ရွံ့နေသလို ခံစာနေရသေးသည်။
စုန့်တင်းရှန်းက တော်တော်များများ စားသောက်ခဲ့ပြီး ဗိုက်မဆာတော့ပေ။ သို့သော်လည်း ဖန့်ရှီက လူငယ်စုံတွဲ ရှက်ရွံ့ပြီး စားစရာများကို မစားနိုင်ခဲ့ပါက ဆာလောင်နေမည်ကို တွေးကာ ကြိုတင်ပြင်ဆင်ထားခဲ့ပြီး ဗီဒိုလေးထဲတွင် အဆာပြေမုန့်များ ထည့်ပေးထားခဲ့သည်။
"အမေက မုန့်တွေ ပြင်ထားပေးတယ်။ ရေချိုးပြီးရင် လာစားလေ"
"အင်း" ကျိုးထျဲကျူးက သူ့၏အပေါ်ဝတ်ရုံကို ဇလုံထဲတွင် စိမ်ထားလိုက်ပြီး ခေါင်းငိုက်စိုက်ဖြင့် အခန်းထဲသို့ ပြန်ဝင်လာခဲ့သည်။
"စားပွဲကို ခန်ပေါ် ယူသွားလိုက်။ အိုးထဲမှာ ရေနွေးရှိတယ်။ လက်ဖက်ရည်လည်း သောက်လိုက်ဦး..." စုန့်တင်းရှန်းက သူမ၏လူသစ်လေးအတွက် မသိမသာ စီစဉ်ပေးလိုက်သည်။
သူမ သူ့ကို မေးမနေတော့ပဲ တန်းပြီး အမိန့်ပေးလိုက်တယ်။ သူက သူမပြောတဲ့အတိုင်း လိုက်လုပ်မှာ သေချာနေတာပဲလေ။
သူမ၏ညွှန်ကြားချက်ကြောင့် ကျိုးထျဲကျူးက ဇဝေဇဝါ ဖြစ်သွားသော်လည်း သူ့လက်ထဲမှ အဝတ်များကို ချထားလိုက်ပြီး လက်ဖက်ရည်ဖျော်ရန် စားပွဲကို ခန်ပေါ်သို့ တင်လိုက်သည်။ လက်ဖက်ရည် ဖျော်ပြီးသည်နှင့် သူက အိုးကြီးထဲက ရေတစ်ခွက် ပြန်ထည့်ကာ အိုးကို မီးဖိုပေါ်တင်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူက မီးဖိုထဲသို့ ထင်းကြီးတစ်ချောင်း ထပ်ထည့်လိုက်သေးသည်။
ကျိုးထျဲကျူးက စက်ရုပ်နီးပါး တိကျမှုဖြင့် ဦးတည်ရာအရပ်ရပ်သို့ အဆက်မပြတ် ရွေ့လျားနေကာ နာရီပေါင်းများစွာ ပြေးလွှားနေခဲ့ပြီး နောက်ဆုံးတွင် သူက သူ့လက်များကို ဆေးကြောလိုက်သည်။ ထို့နောက်တွင် သူက ဖိနပ်ကိုပင် မချွတ်ဝံ့ဘဲ ခန်းနားသို့ ဖြည်းညှင်းစွာ တိုးလာပြီး ဘေးတိုက်ထိုင်ကာ ခန်စားပွဲပေါ်ရှိ ဗာဒံစေ့မုန့်နှင့် သစ်ကြားသီးမုန့်များကို လှမ်းကြည့်လိုက်သည်။
အဲ့တာက ဗာဒံစေ့မုန့်တွေလား?
ဗာဒံစေ့မုန့်တွင် သကြားသာမက ကြက်ဥလည်းပါ၀င်ပြီး ဖြူစင်သော ဂျုံမှုန့်ဖြင့် ပြုလုပ်ထားသောကြောင့် အဆင့်မြင့်မုန့်တစ်မျိုးအဖြစ် မှတ်ယူနိုင်သည်။ သာမာန်အားဖြင့် ရွာသားများက ထိုကဲ့သို့သော အဆာပြေကောင်းများကို မစားနိုင်ကြသော်လည်း စုန့်မိသားစုကတော့ တစ်လလျှင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်လောက် စားနိုင်သောကြောင့် သူတို့အတွက် အထူးအဆန်း မဟုတ်ပေ။
စုန့်တင်းရှန်းကတော့ ထိုကဲ့သို့ ကြမ်းတမ်းသော သရေစာများကို ဂရုမစိုက်ပေ။ သူမက ငယ်ငယ်ကတည်းက အရသာရှိသော အဆာပြေစားမုန့်မျိုးစုံကို စားဖူးခဲ့ပြီး နောက်ပိုင်း သူမ အသက်ကြီးလာသောအခါတွင် သူမ၏ညီမလေး ဝယ်လာသော ကိတ်မုန့်များက ခံတွင်းနှင့် ထိလိုက်သည်ကိုပင် မသိရသည်အထိ နူးညံ့ပြီး ဤမုန့်များနှင့် မတူဘဲ တိမ်များကဲ့သို့ နူးညံ့လွန်းလှသည်။ ထို့ကြောင့် အရသာ ရှိသော်လည်း အနည်းငယ် မာကျောသော ဤမုန့်များက သူမအတွက် ကောင်းမွန်သည်ဟု မသတ်မှတ်နိုင်ပေ။
သို့သော်လည်း သူမက သစ်ကြားသီးမုန့်ကိုတော့ တော်တော်လေး သဘောကျနေခဲ့သည်။ ထိုမုန့်က ကြွပ်ကြွပ်ရွရွလေးဖြစ်ကာ စားလိုက်သည်နှင့် သစ်ကြားသီး၏အရသာနှင့် အနံများ ထွက်လာနေသောကြောင့် အလွန်မွှေးကြိုင်လှသည်။
"ထျဲကျူးကော စားပါ" စုန့်တင်းရှန်းက မုန့်သေတ္တာကို သူ့ရှေ့သို့ တွန်းပို့လိုက်ပြီး "ဒီနေ့ ရှင် ကောင်းကောင်းမစားသေးဘူး မှတ်လား?"
ကျိုးထျဲကျူးက ခေါင်းငြိမ့်ပြလိုက်ပြီး မုန့်ကို ယူရန် သူ့လက်ကို မြှောက်လိုက်ပြီး ဂရုတစိုက် ကိုက်လိုက်ပြီးမှ နောက်တစ်ကိုက် ထပ်ကိုက်လိုက်သည်။ သူ့၏အခြားလက်တစ်ဖက်ကို မုန့်၏အောက်ခြေ၌ ခံထားကာ အကြွင်းအကျန် အစအနလေးကိုပင် အလေအလွင့် အဖြစ်မခံနိုင် ပုံရသည်။
စုန့်တင်းရှန်းက သူ စားနေသည့်ပုံစံကို ကြည့်နေပြီး သူမ၏နှလုံးသားထဲတွင် အချစ်များ ပြည့်လျှံလာသည်။
မဟုတ်ဘူး၊ အဲဒါက အချစ်မဟုတ်ဘူး။ စာနာတာ။ သနားတာ ကြင်နာတာလို့ ပြောရင် ပိုမှန်လိမ့်မယ်။
တကယ်တော့ ဒီကလေးက အရမ်း သနားစရာကောင်းတယ်။ သူ ငယ်ငယ်တုန်းက သူ့ဘဝက ကောင်းကင်ပေါ်မှာ ရှိခဲ့ပေမယ့် ရုတ်တရက် မြေကြီးပေါ်ကို ပြုတ်ကျသွားရပြီး ဆင်းရဲဒုက္ခတွေ ခံစားခဲ့ရတယ်။ နေ့တိုင်း လုံလုံလောက်လောက် စားရဖို့ကိုတောင် အတော်မျှော်လင့်နေရပြီး ရိုးရိုးသာမာန်အသားလေးတစ်ပိုင်းက သူ့အတွက် ဇိမ်ခံပစ္စည်းတစ်ခုပဲ။ အခု သူက အသက်ဆယ့်ခုနစ်နှစ်ဆိုတော့ သူ့ရဲ့ခန္ဓာကိုယ်က ဖွံ့ဖြိုးနေဆဲ အချိန်ပဲ။ ဒါပေမယ့် သူမရှေ့က လူက အာဟာရချို့တဲ့မှုကြောင့် အရပ်ရှည်ပေမယ့် ဝါးတိုင်လို ပိန်လှီပြီး သူ့ပါးပြင်ပေါ်က အသားတွေတောင်မှ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ ပြန်ရှိလာတာလေ။
စုန့်တင်းရှန်းက ကျိုးထျဲကျူး သူ့လက်ကို ထပ်ခါထပ်ခါ ဝှေ့ယမ်းပြီး သူ လုံးဝ မစားနိုင်တော့ဘူးဟု ပြောလာသသည်အထိ အဆာပြေတစ်ဗူးလုံးနီးပါး စားခိုင်းခဲ့သည်။ တစ်ဖက်လူက လုံးဝ စားနိုင်တော့ဘဲ သူ့မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်လာမှ သူမ လက်လျှော့ပေးလိုက်သည်။
"အိပ်ကြမယ်" သူမက မုန့်သေတ္တာကို ခန်ဘေးမှ ဗီဒိုထဲသို့ ပြန်ထည့်လိုက်ပြီး kang စားပွဲကို ခန်ပေါ်မှ ပြန်ချရန် ကျိုးထျဲကျူးကို ရှင်းရှင်းလင်းလင်း အမိန့်ပေးလိုက်သည်။ ထို့နောက် သူမက "စောစောအိပ်ရာဝင်ပြီး စောစောထရမယ်၊ မဟုတ်ရင် အမေက တံခါးလာခေါက်လိမ့်မယ်"
“အိပ်…” ကျိုးထျဲကျူးက နောက်ဆုံးတွင် သူ၏ ပုံမှန်အမူအရာသို့ ပြန်လည်ရောက်ရှိသွားပြီး သူ့မျက်နှာက အနည်းငယ် နီလာပြန်သည်။
"ရှင့်လည်း ရှင့်ဘာသာ အိပ်၊ ကျွန်မလည်း ကျွန်မဘာသာ အိပ်မယ်။ ကျွန်မ ခန်ရဲ့ခေါင်ရင်းဘက်မှာ အိပ်ချင်တယ်၊ အဲ့ဘက်က ပိုနွေးတယ်" စုန့်တင်းရှန်းက အိပ်ယာခင်းနှင့် စောင်ကို ထုတ်ယူလိုက်သည်။
ရာသီဥတု အေးလာရင် ဒီကလေးမလေးရဲ့ ခြေလက်တွေ အေးလာတတ်တာကြောင့် သူမက နွေးထွေးတဲ့ နေရာမှာ အိပ်ရတာကို နှစ်သက်တယ်လေ။ သူမက ဘာကိုမှ ဖုန်းကွယ်နေမှာ မဟုတ်ဘူး။
"အိုး" ကျိုးထျဲကျူးက အိပ်ယာခင်းနှင့် စောင်ကို အလျင်အမြန် ကူဖြန့်ပေးလိုက်ပြီး ဆီမီးခွက်ကို မှုတ်ကာ မီးငြှိမ်းလိုက်သည်။ သူက ဆီမီးခွက်ကို အလျင်စလို မှုတ်လိုက်ခြင် မဟုတ်ဘဲ မီးမမှုတ်မီ သူ့၏ဇနီးငယ်လေး အိပ်ရာဝင်ပြီးသည်အထိ စောင့်ပေးခဲ့သေးသည်။
နောက်ဆုံးတွင် အမှောင်ထဲ၌ လူနှစ်ယောက်၏ ခပ်ဖျော့ဖျော့ အသက်ရှုသံများကိုသာ ကြားနေရတော့သည်။
"ထျဲကျူးကော..." စုန့်တင်းရှန်းက ခဏလောက် စဉ်းစားနေပြီးမှ ရုတ်တရက် ထမေးလိုက်သည်။ "ရှင် စာဖတ်တက်ဖို့ သင်ချင်လား?"
🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟