CHAPTER 9
Viewers 2k

အခန်း ၉ အမည်ပြောင်းခြင်း

ကျိုးထျဲကျူးက သိပ်သည်းသော အမှောင်ထဲတွင် ရုတ်တရက် ထရပ်လိုက်ပြီး စုန့်တင်းရှန်းကို ဖောက်ထွင်းမြင်နိုင်သလို စိုက်ကြည့်နေကာ ရှင်းလင်းအောင် ပြန်မေးလိုက်သည်။

"မင်း ဘာပြောလိုက်တာလဲ?”

စုန့်တင်းရှန်းက နောက်သို့ အနည်းမှီနေရင်း ပြန်ဖြေလိုက်ပြီး သူမ၏လေသံက ငြိမ်သက်နေသော်လည်း နားလည်ပေးနိုင်သည့် အရိပ်အယောင်များ ပါဝင်နေသည်။

"ရှင် စာရေး၊ စာဖတ် သင်ချင်လားလို့ မေးတာ"

သူမက အတက်ပညာကို ဆာလောင်မွတ်သိပ်စိတ်ကနေ ဖြစ်ပေါ်လာတဲ့ သူရဲ့စိတ်လှုပ်ရှားမှုကို တကယ်ကို နားလည်ပေးနိုင်ပါတယ်။ ဒီခေတ် ဒီအချိန်မှာ စာဖတ်တတ်ဖို့ဆိုတာက အရမ်းကို မလွယ်ကူတဲ့အရာပါပဲ။ ဒီခေတ်ကို မပြောနဲ့၊ အရင်က သူမ နေထိုင်ခဲ့တဲ့ခေတ်မှာတောင် မိသားစုမှာ စုဆောင်းငွေမရှိရင် စာလေ့လာဖို့ မဖြစ်နိုင်ဘူး။

ဒါပေမယ့် တစ်ခုတည်းသော ကောင်းတဲ့အချက်ကတော့ သူမတို့ခေတ်က မိန်းကလေးတွေ ကျောင်းတက်ခွင့် ရနေကြပြီ။ “ပြည်ထောင်အသစ်”အတွက် တော်လှန်ခဲ့ကြပြီး လွတ်မြောက်တဲ့ကာလရဲ့နှောင်းပိုင်းမှာ အမျိုးသားရော အမျိုးသမီးပါ တူညီတဲ့ကျောင်းတွင်မှာ တူညီတဲ့ အသိပညာကို သင်ယူနိုင်ကြဖို့ ကိုယ်ပိုင်အခွင့်အရေးတွေ ရလာကြတယ်။

ပြီးတော့ သူမကလည်း အသိပညာကို သင်ယူတဲ့နေရာမှာ ဘယ်တော့မှ နောက်မဆုတ်ခဲ့ဘူး။ သူမက တရုတ်ရိုးရာအက္ခရာတွေကို တတ်ကျွမ်းရုံသာမက လက်ရေးလှကိုလည်း ကျွမ်းကျွမ်းကျင်ကျင် ရေးနိုင်တယ်၊ ပြန်တွေးကြည့်ရင်တော့ အဲ့ဒါတွေ အားလုံးက သူမ ငယ်ငယ်လေးကတည်းက ခိုင်မာတဲ့အခြေခံအုတ်မြစ်ချနိုင်အောင် သေသေချာချာ လမ်းညွှန်ပေးခဲ့တဲ့ သူမရဲ့မိဘတွေနဲ့ အကြီးအကဲတွေကြောင့်ပါ။ ကံကြမ္မာက သူမရဲ့မိဘတွေကို ဆွဲမထုတ်သွားဘဲ သူမရဲ့မိဘတွေသာ အသက်ရှင်နေသေးရင် သူမက နိုင်ငံခြားကိုတောင် ပညာတော်သင် သွားနိုင်လိမ့်မယ်လို့ သူမ ထင်တယ်။

ဒါပေမယ့် အခု အချိန်သိပ်မရတော့ဘူး။ နှစ်သစ်ကူးရောက်ဖို့ တစ်လပဲ လိုတော့တယ်။ နှင်းတွေ ထူထူထဲထဲ ရွာသွန်းခဲ့တာတောင် နှစ်ကြိမ်ရှိနေပြီ။ ကျိုးထျဲကျူးက တစ်လအတွင်း စစ်မှုထမ်းရတော့မယ်၊ အနာဂတ်မှာ သူ  ဘယ်အဖွဲ့နဲ ဘယ်နေရာတွေကို  သွားရမယ်ဆိုတာကိုလည်း ဘယ်သူမှ မသိနိုင်သေးဘူး။ မပြည့်စုံတဲ့ အသိပညာနဲ့ မရေရာတဲ့ အနာဂတ်ကို‌ လျှောက်လှမ်းရတာက မြူတွေထဲမှာ လမ်းလျှောက်ရသလို ဝိုးတဝါး ဖြစ်နေလိမ့်မယ်။ ဒါပေမယ့် စာလုံးတစ်ချို့ကို နည်းနည်းပါးပါး သိထားတာက ဘာမှ မှားစရာမရှိဘူး။ အခုခေတ်ပဲ ဖြစ်ဖြစ် ဘယ်‌ခေတ်ပဲဖြစ်ဖြစ် စာတတ်မြောက်တဲ့သူတွေကို မလေးစားတဲ့သူရယ်လို့ ဘယ်မှ ရှိလို့လဲ? အသိပညာဆိုတာမျိုးက ဘယ်လက်နက်ထက်မဆို ပိုထက်ပြီး ပို အသုံးဝင်တယ်။

"ငါ သင်ချင်တယ်!" ကျိုးထျဲကျူး၏အသံက တည်ငြိမ်နေကာ မည်သို့မျှ ချိုးဖျက်နိုင်ပုံမရသည့် ဆုံးဖြတ်ထားဟန်များ ပါဝင်နေသော်လည်း ခဏအကြာတွင်  သူစိတ်က ယိမ်းယိုင်သွားပုံရကာ သူ့၏ယုံကြည်မှုလည်း ယုတ်လျော့သွားပြီး "ဒါပေမယ့် ငါ့အသက်အရွယ်က စာသင်ဖို့ အရမ်းကြီးနေပြီ မဟုတ်ဘူးလား? နှစ်သစ်ကူးပြီးရင် ငါ အဲဒီကို သွားရတော့..."

သူ့ပခုံးပေါ်မှ တာဝန်ကို တွေးမိချိန်တွင် သူ့လေသံက လျော့ကျသွားပြီး သူက အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်နေပုံရသည်။

စုန့်တင်းရှန်း၏နှုတ်ခမ်းလေးများက အပြုံးလေးတစ်ခု ပေါ်လာသည်အထိ ကွေးညွှတ်သွားပြီး "ရှင် တကယ် သင်ချင်ရင် သင်ယူလို့ ရပါတယ်။ ကျွန်မ စကားလုံးတချို့ကို သိတယ်၊ ကျွန်မ ရှင့်ကို သင်ပေးနိုင်တယ်။ အခု လယ်လုပ်စရာလည်းမရှိတော့ လုပ်စရာအလုပ်က ဘာမှ မရှိသလောက်ပဲ၊ တစ်လဆိုတာ အချိန်အများကြီး ရပါတယ်၊ အခြေခံတွေကို သင်ယူဖို့တော့ ဖြစ်နိုင်လောက်မယ်လို့ ရှင်မထင်ဘူးလား?"

ကျိုးထျဲကျူး၏ သံသယမီးပွားများက လွှင့်စင်သွားပြီး သူက မအိပ်တော့ဘဲ အခုပင် စာရေးစာဖတ် သင်ချင်နေဟန်ရသည်။ သူ့အသံကလည်း မျှော်လင့်ချက်များ ပြည့်နေပြီး စိတ်အားထက်သန်မှုများ ပါဝင်နေကာ "အင်း သင်မယ်၊ ဘယ်တော့ စသင်မလဲ၊ ငါ လေးလေးနက်နက် သင်ယူပါ့မယ်! ငါ ကတိပေးတယ်"

စုန့်တင်းရှန်းက သူ့၏စိတ်အားထက်သန်မှုကို သဘောကျနေကာ ရယ်ချင်နေသော အသံဖြင့် "ဘာလို့ ဒီလောက် အလျင်လိုနေတာလဲ? စောစော အိပ်ကြရအောင်၊ မနက်ဖြန်မှ ဒီအကြောင်းကို ထပ်ပြောရအောင်"

သူမ ထိုသို့ ပြောလိုက်သော်လည်း စုန့်တင်းရှန်းက သူ၏ မငြိမ်မသက်ဖြစ်နေသော လှုပ်ရှားမှုများတွင် မြင်နေရသေးသည်။

ဒီကောင်လေးက ဒီည မျက်လုံးမှတ်ပြီး အိပ်ပျော်နိုင်တော့မှာ မဟုတ်ဘူး။ သူက စိတ်လှုပ်ရှားလွန်းလို့ လျှပ်စီးလက်လွန်းသဖြင့် မကြာမီ သူ ဖြတ်ကျော်ရမယ့် စကားလုံးတွေကိုတောင် အိပ်မက်မက်နေနိုင်သေးတယ်။

အမှန်တကယ်တွင်လည်း ကျိုးထျဲကျူးက အိပ်မပျော်ပေ။ သူက ကုတင်ပေါ်တွင် အချိန်အတော်ကြာအောင် လှဲလျောင်းနေပြီး မငြိမ်မသက်ဖြင့် တစ်ဘက်သို့ လှည့်လိုက်ပြန်သည်။ အိပ်စက်ခြင်းက သူ့အတွက် ခဲယဉ်းနေပြီး ငြိမ်သက်နေသော အခိုက်အတန့်များက သူ့စိတ်ကို မငြိမ်မသက် ဖြစ်နေစေသည်။ နောက်ဆုံးတွင် သူက လရောင်အောက်တွင် နူးညံ့သောအသွင်အပြင် အိပ်ပျော်နေသော စုန့်တင်းရှန်း၏ မျက်နှာလေးကို ကြည့်လိုက်မိပြန်သည်။ ထို့နောက်တွင် သူမ၏ တည်ငြိမ်သော အသက်ရှူသံကို နားထောင်ရင်း သူ့မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်ချလိုက်သည်။

သိုသော်လည်း သူ့စိတ်ထဲမှ နက်နဲသော အတွေးတစ်ခု၏ အပြင်းအထန် လှုံဆော်မှုကြောင့် သူ့မျက်လုံးများ ပွင့်လာပြီး သူ ရရှိလိုက်သည့် ကောင်းချီးများအတွက် သူ့ဘာသာသူ ဂုဏ်ယူနေမိပြန်သည်။

ငါ သူမလိုမျိုး မိန်းကလေးကောင်းတစ်ယောက်နဲ့ လက်ထပ်ခွင့်ရခဲ့တာက ငါ့ရဲ့အရင်ဘဝမှာ ငါလုပ်ခဲ့တဲ့အရာတွေကြောင့် ရတာတဲ့ ကောင်းချီးတစ်ခုပဲ။ သူမက ငါ့ရဲ့နတ်သမီးလေးပဲ၊ ငါရဲ့နတ်သမီးကို  ငါ ကောင်းကောင်း ဆက်ဆံရမယ်။ သူမကို ငါ စောင့်‌ရှောက်ပေးရမယ်။ သူမကို ငါ ကာကွယ်ပေးရမယ်။ သူမကို မြတ်နိုးရမယ်။ သူမကို အလိုလိုက်ရမယ်။

မနက်ခင်း လင်းကြက်သုံးခါတွန်ချိန်တွင် ရွာသူရွာသားအများစုက အိပ်ရာမှ နိုးလာကြပြီး ရွာက အသက်ပြန်ဝင်လာသည်။

ဆောင်းရာသီရောက်နေတာကြောင့် လူတိုင်း ဆောင်းခိုနေကြပေမယ့် အေးနေတာကို အကြောင်းပြပြီး ပျင်းရိနေနိုင်တယ်လို့တော့ မဆိုလိုဘူးလေ။ အချိန်တန်ရင်တော့ ထကြရမှာပဲ။ ဒီအချိန်မှာ တစ်စုံတစ်ယောက်ရဲ့မီးခိုးခေါင်းတိုင်ကနေ မီးခိုးမထွက်ရင် ပျင်းရိသူဆိုပြီး မေးငေါ့လှောင်ပြောင်ခံရလိမ့်မယ်။

အဲ့ဒါဆို ကျိုးထျဲကျူး‌ရော?

သူရဲ့လုံ့လဝီရိယကတော့ သူ့ကို ဘယ်သူမှ မေးခွန်းမထုတ်နိုင်လောက်အောင် တက်ကြွနေတာလေ။ သူက ပထမဆုံး ကြက်တွန်သံကို ကြားတာနဲ့ အိပ်ယာကနေ  ထသွားပြီ။

ကျိုးထျဲကျူးက အိပ်ပျော်နေသော သူ့၏သတို့သမီးလေးကို မနှောက်မိစေရန် အိပ်ရာပေါ်မှ သတိဖြင့် ဆင်းသွားခဲ့သည်။ ရေစည်ထဲမှ ရေများက တစ်ညလုံး အေးခဲနေပြီး အေးစက်နေသော်လည်း သူ့ကိုယ်သူ အပြည့်အဝ နိုးစေရန်အတွက် သူက အေးခဲနေသောရေများဖြင့်  သူ့မျက်နှာကို ဆေးကြောကာ အိပ်ချင်စိတ်ကို အအေးဓာတ်ဖြင့် တွန်းလှန်လိုက်သည်။ ထို့နောက် သူက အခန်းကို နွေးထွေးစေရန် ထင်းမီးထည့်နိုင်မည့် မြေသားမီးဖိုကို မီးစမွှေးလိုက်သည်။

ဘာပဲဖြစ်ဖြစ် သူ့ဇနီးလေးက ငယ်ရွယ်သေးတာကြောင့် သိမ်မွေ့နုနယ်တယ်လေ၊ သူ့နတ်သမီးလေးကို အေးခဲစေလို့ မဖြစ်ဘူး။ သူရဲ့ဇနီးလေး အအေးဒဏ်ကြောင့် အိပ်မရဘဲ နိုလာရင် သူပဲ စိတ်မကောင်း ဖြစ်ရလိမ့်မယ်။

ထို့နောက် သူက ရေနွေးတစ်အိုး ကျိုထားခဲ့ပြီး စုန့်လောင်စစ်၏အိမ်နောက်ဖေးရှိ ရေတွင်းမှ ရေသွား ယူရန် ရေပုံးနှင့်တံပိုးကို ယူကာ အိမ်ထဲမှ ထွက်လာခဲ့သည်။

စုန့်ကျစ်ယွမ်က သားသတ်သမား ဖြစ်သောကြောင့် ဝက်ကို သတ်ပြီးနောက်တွင် ဝက်သားများကို ဆေကြောသန့်စင်ရန် ရေများစွာ လိုအပ်သောကြောင့် သူက သူ့အိမ်နောက်ဖေးတွင် ရေတွင်းတစ်တွင်း တူးရန် ငွေနည်းနည်း သုံးခဲ့သည်။ ဤရေတွင်းက သူ့မိသားစုအတွက်သာမက ပတ်ဝန်းကျင်မှ ဆွေမျိုးများနှင့် အိမ်နီးနားချင်းများအတွက် အဆင်ပြေလှသည်။ မနက်တိုင်းတွင် သူတို့က အိမ်နောက်ဖေးတံခါးကို ဖွင့်ထားပေးပြီး ရေခပ်ချင်သော လူတော်တော်များများက ရောက်လာ တန်းစီလေ့ရှိကြသည်။

ယနေ့တွင်လည်း ထိုလူများက ရောက်နှင့်နေပြီဖြစ်ကာ ကျိုးထျဲကျူးကို မြင်သည်နှင့် သူတို့ ရယ်မဆုံးနိုင် စနောက်နေကြတော့သည်။

"ထျဲကျုး၊ မနေ့က ဘယ်လိုလဲ? အဆင်ပြေလား?"

မေးခွန်းများ တန်းစီထွက်လာပြီး စနောက်သံများ ဆူညံလာသောကြာင့် ကျိုးထျဲကျူး၏ ပါးပြင်များက နီရဲလာသည်။ သို့သော်လည်း သူက ရေယူရန် အလျင်စလို ဖြစ်မနေဘဲ ပေါက်ပြားတစ်ချောင်းကို ရှာကာ ရေတွင်းအနီးတစ်ဝိုက်ရှိ ရေခဲတုံးများကို ခြစ်ချပေးနေခဲ့သည်။ သူက အခြားသူများ ချော်မလဲစေရန် ကာကွယ်ရန် ဘေးဘက်မှ ကောက်ရိုးပုံးကို ယူဆောင်လာပြီး ခပ်ပါးပါး ဖြန့်ခင်းပေးလိုက်သည်။

သူ တိတ်ဆိတ်နေသည်ကို မြင်သောအခါ ထိုလူများက  ပို၍ ကျယ်လောင်စွာ ရယ်မောကြသည်။ သူတို့၏အပြုံးနှင့် ထူးဆန်းသောအကြည့်များက သူ့၏နားများကို ပူလောင်လာစေသောကြောင့် ကျိုးထျဲကျူးက ခေါင်းငုံ့ထားသော်လည်း သူ့၏တိတ်ဆိတ်မှုကပင် သူတို့ကို ဖျော်ဖြေပေးနေသလို ဖြစ်နေပြန်သည်။ သူတို့အထဲတွင် ငယ်ရွယ်သော အိမ်ထောင်ရှင်မများနှင့် အဒေါ်ကြီးများစွာလည်း ရှိနေပြီး သူမတို့က ကျိုးထျဲကျူးကို သူမတို့ နားလည်သည်ဟူသော အပြုံးမျိုးဖြင့် ကြည့်နေကြသည်။

နောက်ဆုံးတွင် ကျိုးထျဲကျူးက အလွန်ရှက်လာပြီး ရေကို အမြန်ခပ်ကာ ရေပုံးနှင့်တံပိုးကို ပခုံးပေါ်တင်ပြီး အိမ်သို့ အလျင်အမြန် ပြန်လာခဲ့သောလည်း ရယ်မောသံများက သူ့နောက်သို့ လိုက်ပါလာသေးသည်။ သို့သော် သူက နောက်ပြန်လှည့်မကြည့်တော့ပေ။

သူ အိမ်ပြန်ပြီး သူ့နတ်သမီးလေး နွေးထွေးစေဖို့ မီးဖိုကို စောင့်ကြည့်ပေးရဦးမယ်။ သူတို့ဘာသာ ရယ်ချင်သလောက် ရယ်ကြပါစေ၊ သူ့မှာ ပိုပြီး အရေးကြီးတဲ့လုပ်စရာတွေ ရှိနေသေးတယ်။

အိမ်တွင် စုန့်တင်းရှန်းက ရီဝေဝေဖြင့် နိုးနေပြီ ဖြစ်သည်။ အခန်း၏ နွေးထွေးမှုက နူးညံ့ပျော့ပျောင်းသော စောင်တစ်ထည်ကဲ့သို့ သူမကို လွှမ်းခြုံပေးထားပြီး အိုးထဲမှ ရေကလည်း ပူနွေးနေဆဲပင်။ ကျိုးထျဲကျူး တိတ်တိတ်လေး ပြင်ဆင်ပေးထားမှန်း သိသာနေကာ မျက်နှာသစ်လိုက်သည်နှင့် သူမကို လန်းဆန်းသွားစေပြီး သွားနှင့် ခံတွင်းကို ဆေးကြောရန်လည်း သင့်တော်နေသေးသည်။ အသေးစိတ်အချက်တိုင်းက အလေးအနက် စဥ်းစားပေးထားပုံရပြီး ထိုရိုးရိုးရှင်းရှင်း အပြုအမူများကပင် မသေချာ မရေရာသော ရင်းနှီးကျွမ်းဝင်မှုတစ်ချို့ကို သယ်ဆောင်ပေးလာခဲ့သည်။

သူမတို့အိမ်တွင် ဆောင်းရာသီအတွက် ကောင်းစွာ ထိန်းသိမ်းထားသော စားစရာများ ရှိနေပြီး ဆားနယ်ထား အသားများ၊ ဟင်းသီးဟင်းရွက်ခြောက်များနှင့် အစေ့အဆန်များကို ဂရုတစိုက် သိမ်းဆည်းထားခဲ့ကြသည်။ သို့သော်လည်း သူတို့ နေထိုင်သော ကျေးလက်ဒေသများတွင် အစားအသောက်များကို ပုံမှန်အတိုင်း ခွဲတမ်းဖြင့် စားသောက်လေ့ရှိကြသည်။ လယ်သမားများက ပင်ပန်းခက်ခဲသော စိုက်ပျိုးရာသီ၏ အလုပ်အများဆုံးအချိန်များတွင် သူတို့၏ ခွန်အားကို ပြန်လည်ဖြည့်တင်းရန်အတွက် အစားအစာ သုံးနပ် စားသောက်ကြသော်လည်းပြီး အလုပ်မများသည့်နေ့ရက်များတွင် နှစ်ကြိမ်သာ စားသောက်ကြသည်။

သို့သော် စုန့်တင်းရှန်းက သူမနှင့် ကျိုးထျဲကျူးတို့ နှစ်ယောက်လုံးက ငယ်ရွယ်နေသေးပြီး အရပ်ပိုရှည်ရန် လိုအပ်နေသေးကြောင်းကို နားလည်နေခဲ့သည်။ အစားအစာ နှစ်နှပ်က သူမတို့၏ ဖွံ့ဖြိုးမှုအတွက် အလုံအလောက် မထောက်ပံ့ပေးနိုင်သည်ကို တွေးမိသောကြောင့် စုန့်တင်းရှန်းက ကန်စွန်းဥနှင့် ပြောင်းဂျုံယာဂုအိုး တည်ကာ အသီးအရွက် အနည်းငယ် ထပ်ထည့်လိုက်သည်။

နှစ်ယောက်သား ပူပူနွေးနွေး မနက်စာကို အတူတူ စားလိုက်ကြပြီး

ကျိုးထျဲကျူးက ဂျုံယာဂုက သူ့ကို ခွန်အားပြည့်သွားစေသည်ဟု ခံစားနေရသည်။ သူက တောင်ပေါ်သို့ တက်ရန် နံရံပေါ်မှ ပုဆိန်နှင့် ကြိုးကို သွားယူလိုက်သည်။

သူ ထင်းခုတ်ဖို့ တောင်ပေါ်ကို သွားရမယ်လေ။ အခန်းကို နွေးထွေးအောင် ထားရမယ်ဆိုတော့ အဲ့အတွက် ထင်းတွေ အများကြီး ကုန်လိမ့်မယ်၊ ဒါပေမယ့် သူ့မှာ ခွန်အားတွေ အများကြီးရှိတာကြောင့် ထင်းခုတ်တာက သူ့အတွက်တော့ အသေးအဖွဲကိစ္စလေးပဲ။

"သွားလေ" စုန့်တင်းရှန်းက သူ့၏အဝတ်အစားများနှင့် အင်္ကျီကော်လံကို သပ်ရပ်အောင် ပြန်ပြင်ပေးလိုက်ပြီး နွေးထွေးစေသော အသံဖြင့် "နေ့လည်စာစားဖို့ ပြန်လာရမယ်ဆိုတာကို မမေ့နဲ့၊ နေ့လည်စာ စားပြီးရင် ရှင့်ကို စာဖတ်နည်း သင်ပေးမယ်"

"အင်း!" ကျိုးထျဲကျူး၏ မျက်နှာပေါ်ရှိ ဘယ်တော့မှ မမှေးမှိန် မပျောက်ကွယ်နိုင်ဟု ထင်နေရသော အနီရောင် အစက်အပြောက်များနှင့် တိုးညှင်းသောလေသံက သူ့ကို သစ္စာဖောက်နေပြီး ရှက်ရွံ့နေသည့် သူ့အတွေးများကို အတိအကျ ဖော်ပြနေသည်။ သူက သူမကို မကြည့်ရဲသလို ခေါင်းကိုပင် မမော့ဝံ့ဘဲ အသံတိုးတိုးဖြင့် တုံ့ပြန်ကာ ထွက်ပြေးသွားတော့သည်။

စုန့်တင်းရှန်းက မပြုံးဘဲ မနေနိုင်တော့သောကြောင့် ပြုံးလိုက်ပြီး မနေ့က သူ လဲလှယ်ထားသော အဝတ်အစားများကို လျှော်ရန် ကျိုးထျဲကျူး တည်ပေးခဲ့သော ရေနွေးများကို ယူလိုက်သည်။

အိမ်ထောင်မှု ကိစ္စတွေဆိုတာက ရင်းနှီးကျွမ်းဝင်မှုတွေကို သယ်ဆာင်ပေးနိုင်ပြီး သူမတို့ကို တဖြည်းဖြည်းနဲ့ ချည်နှောင်မယ့် ကြိုးတွေပါပဲ။

ခဏအကြာတွင် ဖန့်ရှီရောက်လာပြီး ကြည်လင်သော ဆောင်းလေက သူမနောက်မှ လိုက်ပါလာခဲ့သည်။ အိမ်တွင်းသို့ ဝင်ရောက်လာစဉ်အတွင်း သူမ၏စူးရှသော မျက်လုံးများက တစ်စုံတစ်ရာကိုမျှ မလွှတ်သွားစေဘဲ အိမ်၏နွေးထွေးမှုကို ခံစားလိုက်ရချိန်တွင် သူမ၏ကျေနပ်မှုက ထင်ရှားလာသည်။

"နိုးနေပြီလား?" ဖန့်ရှီ၏လေသံက ပေါ့ပါးသော်လည်း သူမက စုန့်တင်းရှန်းကို စူးစူးစိုက်စိုက် ကြည့်နေကာ "မနက်က ထျဲကျူး စောစောစီးစီး ရေလာယူတာကို တွေ့လိုက်တယ်၊ ဒါပေမယ့် သံသယတွေ မဖြစ်ရအောင် ဒီနှစ်ရက်အတွင်း ငါ သူ့ကို နှုတ်တောင် မဆက်ဖြစ်ခဲ့ဘူး။ ပြီးတော့ အဲ့ဒီဥာဏ်ကောင်းတဲ့ ကောင်လေးက သူ့ကို ဝိုင်းမေးတဲ့ မေးခွန်းတွေကို ရှောင်သွားခဲ့တယ်၊ မနေ့ညက..."

"အမေ၊ မနေ့ညက ဘာမှမဖြစ်ဘူး" စုန့်တင်းရှန်းက အဘွားအိုကြီးတစ်ယောက်၏ နှလုံးသားကို ပိုင်ဆိုင်ထားသော်လည်း သူမက ထိုကဲ့သို့ နောက်ပြောင်ခြင်းကို‌တော့ သည်းမခံနိုင်ဘဲ ရှက်ရွံ့နေကာ "ထျဲကျူးကောက ကျွန်မ ငယ်သေးတယ်တဲ့”

"အိုး၊ ဒါပဲလား?”  ဖန့်ရှီ၏ရယ်မောသံများ ထွက်ပေါ်လာပြီးနောက် သူမက ဒေါသထွက်နေသော ဟန်ပန်ဖြင့် “ကောင်းပြီလေ၊ ငါက သူ သည်းမခံနိုင်မှာကို စိုးရိမ်နေတာ။ ပြီးတော့ မင်း... မင်းက လက်ထပ်ပြီးတာနဲ့ မင်းရဲ့ယောက်ျားဘက်ကနေ  ခုခံကာကွယ်နေပြီပေါ့၊ မင်းက ဘာလို့ ဒီလောက်မြန်မြန် ပြောင်းလဲသွားရတာလဲ? ဒီအမေက မင်းရဲ့နှလုံးသားမှာ ဘယ်နေရာကို ရောက်သွားတာလဲ?"

ဖန့်ရှီက ပြုံးပြုံးရွှင်ရွှင်ဖြင့် သူမ သယ်ဆောင်လာသော ဝါးခြင်းတောင်းကို ချလိုက်ပြီး သူမ၏ အကြည့်များက သူမ၏ သမီးလေး၏ နှင်းဆီရောင်မျက်နှာပေါ်တွင် ရစ်ဝဲနေသည်။ စုန့်တင်းရှန်း၏ပါးပြင်များက နီရဲလာပြီး သူမက ခေါင်းငုံ့ထားရင်း သူမ၏အင်္ကျီစကို အငြိုးတကြီး ပွတ်ချေနေလေသည်။ ဖန့်ရှီ၏အပြုံးက ပိုတောက်ပလာပြီး သူမ၏နောက်ပြောင်ရယ်မောသံများကပင် မိခင်နှင့်သမီးကြားမှ နှောင်ကြိုးကို ထင်ရှားပေါ်လွင်နေစေပြီး ချစ်ခြင်းမေတ္တာနှင့် ပြောစရာမလိုလောက်သည့် နားလည်မှုတို့ အရင်းခံပါဝင်နေခဲ့သည်။

ဖန့်ရှီက သူမ၏စူးရှထက်မြတ်သော အကြည့်ဖြင့် အိမ်၏အတွင်းအပြင်တဝိုက်ကို လှည့်ပတ်ကြည့်လိုက်ပြီး အရာအားလုံးက သပ်ရပ်နေသည်ကို တွေ့လိုက်ရသောကြောင့် စိတ်အေးလက်အေးဖြင့် ခေါင်းညိတ်လိုက်ကာ "ထျဲကျူး ထင်းခုတ်ဖို့ အပြင်ထွက်သာ အမေ တွေ့လိုက်တယ်။ အိမ်မှာ မုန့်ပေါင်းနဲ့ ကောက်ညှင်းမုန့်တွေ လုပ်လို့ ယူလာခဲ့တယ်။ ခဏနေရင် မင်းအဖေနဲ့ တခြားသူတွေက အိမ်နောက်ဖေးကို သွားပြီး ဝက်စာကျွေးရတော့မယ်၊ ဒီနေ့ ငါတို့ ဝက်နှစ်ကောင် သတ်ရမှာ၊ ဒါပေမယ့် မင်းက လက်ထပ်ပြီးခါစဆိုတော့ မင်းရဲ့ခြံထဲမှာ သူတို့ကို မသတ်တာက ပိုကောင်းလိမ့်မယ် ထင်တယ်"

"အင်း" စုန့်တင်းရှန်းက ‌ခေါင်းညိမ့်ထောက်ခံလိုက်ပြီးမှ နးခံတက်သော အိမ်ထောင်ရှင်မ ပုံစံလေးဖြင့် ဆက်ပြောလိုက်သည်။ "အမေ၊ ထိုင်ပြီး ရေနွေးလေးသောက်ပါဦး"

ထို့နောက် သူမက ဖန့်ရှီ ခေါင်းမူးသွားရသည်အထိ အပြန်ပြန် အလှန်လှန် ယောက်ယက်ခတ်နေပြန်သည်။

သို့သော်လည်း ဖန့်ရှီက ဟန်ဆောင်ပန်ဆောင် လုပ်တက်သူ မဟုတ်ဘဲ ငြိမ်ငြိမ်ထိုင်နေရခြင်းကပင် သူမကို ပင်ပန်းနွမ်းနယ်စေသောကြောင့် သူမသမီး၏အကြံပြုချက်ကို လက်ခါပြလိုက်သည်။ "ဒီလို ခြေလှမ်းနှစ်လှမ်းလောက် လှမ်းလာရတာက ဘာကို ပင်ပန်းစေနိုင်မှာလဲ? ငါက မင်းကို ကြည့်ဖို့ လာခ့တာလေ။ မင်း အဆင်ပြေနေတာ သေချာမှတော့ ငါ ပြန်တော့မယ်၊ အိမ်မှာ လုပ်စရာတွေ အများကြီး ရှိသေးတယ်” စကားဆုံးသည်နှင့် ဖန့်ရှီက စုန့်တင်းရှန်း ထပ်မတားနိုင်အောင်  ခြေလှမ်းသွက်သွက်ဖြင့် ပြန်ထွက်ခွာသွားခဲ့သည်။

ခဏအကြာတွင် စုန့်ကျစ်ယွမ်က သူ့၏အကြီးဆုံးအစ်ကိုဖြစ်သူ စုန့်ကျစ်ချန်းက သူ့၏အကြီးဆုံးတူနှင့် သားကို ခြံထဲသို့ ခေါ်ဆောင်လာခဲ့သည်။ သူက စုန့်တင်းရှန်းကို အရင်နှုတ်ဆက်ပြီးနောက် အချိန်ဆွဲမနေဘဲ အိမ်နောက်ဖေးဘက်သို့ တန်းဝင်သွားခဲ့သည်။

အိမ်နောက်ဖေးတွင် မီးဖိုထားပြီး ဝတ်စာများ ကျိုထားပြီး ဖြစ်သည်။ ဝက်များအားလုံးကို ဗိုက်ပြည့်အောင် အစာကျွေးပြီးနောက်တွင် စုန့်ကျစ်ယွမ်က အဆူဖြိုးဆုံးဝက်နှစ်ကောင်ကို ရွေးကာ နားရွက်မှ ဆွဲလိုက်ပြီး ခြေလေးချောင်းကို ချည်နှောင်ကာ အဝေးသို့  သယ်ဆောင်သွားခဲ့သည်။

ဝက်များ၏ စူးစူးဝါးဝါး အော်သံများကို ကြားနေရခြင်းက  အနည်းငယ် အဆင်မပြေ ဖြစ်စေသော်လည်း ၎င်းကပင် သူတို့မိသားစု၏ ကြယ်ဝမှုနှင့် မကုန်နိုင်သော အသားများကို ကိုယ်စားပြုနေပြန်သည်။

စုန့်မိသားစုက အိမ်ရှေ့ခြံတံခါး၏အပြင်ဘက်တွင် သူတို့၏ဝက်များကို သတ်ပစ်ခဲ့သည်။ ထိုနေရာတွင် စားပွဲရှည်ကြီး နှစ်ခုကို ချထားပြီး ဆူဖြိုးသောဝက်ကြီးများကို စားပွဲပေါ် တင်ကာ ဖိထားခဲ့သည်။ ဓားဖြူတစ်ချောင်း တိုးဝင်လာချိန်တွင် အနီရောင်သွေးစီးချောင်း တစ်ခု ထွက်ပေါ်လာပြီး သွေးပူပူများက အဆင်သင့်ပြင်ဆင်ထားသော  ဇလုံကြီးများထဲသို့ စီးကျလာသည်။  ထိုသို့ ဝမ်းတွင်းကလီစာများကို စုဆောင်းနေခြင်းကပင် သူတို့မိသားစု၏ စေစပ်သေချာစွာ ကြိုးစားလုပ်ကိုင်မှုကို ဖော်ပြနေပြီး သူတို့၏ဝင်ငွေကို ကိုယ်စားပြုနေခဲ့သည်။  

အိမ်ထဲ၌ ရှိနေသော စုန့်တင်းရှန်းက အဝတ်များကို လျှော်ဖွပ်နေပြီး ‌ရေအေးများကြောင့် သူမ၏လက်များပင် နီရဲနေသော်လည်း သူမက စိုနေသော အဝတ်များ မြန်မြန် ခြောက်သွေ့စေရန် တစ်တည်ချင်း‌ သေသေချာချာ ချိတ်ဆွဲကာ အစီအရီ လှန်းထားလိုက်သည်။ ထို့နောက် သူမက  အပ်နှင့် အပ်ချည်ကို ဗီရိုထဲမှ ထုတ်ယူကာ အဝေးမှ ပျံလွင့်လာသော ဆူဆူညံညံ ရယ်မောသံများကို နားထောင်နေရင်း ကျိုးထျဲကျူး၏ အဝတ်ဟောင်းများကို ပြင်ဖာထေးပေးနေခဲ့သည်။

ကျိုးထျဲကျူး၏အဝတ်အစားအသစ်အားလုံးကို စုန့်မိသားစုမှ ပြုလုပ်ပေးထားခြင်းဖြစ်ပြီး အဓိက ကူညီပံ့ပိုးသူများမှာ အကြီးဆုံးအဒေါ်နှင့် ဖန့်ရှီတို့ ဖြစ်သည်။ သူမတို့၏ ချစ်ခြင်းမေတ္တာနှင့် ကြိုးစားအားထုတ်မှုကို ထည့်မတွက်လျှင်ပင် သူမတို့ နှစ်ယောက်လုံးက အရှည်အချင်းရှိသူများဖြစ်၍ ကျိုးထျဲကျူး၏အဝတ်သစ်များက ညတွင်းချင်း အလွယ်တကူ  စုတ်ပြဲသွားမည် မဟုတ်ပေ။ အသုံးမဝင်သူ စုန့်တင်းရှန်းပင်လျှင် သူ့အတွက် ခြေအိတ်နှင့် ဖိနပ်ခုံအချို့ ပြုလုပ်ခဲ့ပြီး အနည်းဆုံးအနေဖြင့် သူမက သူမနှင့် အချိန်အတော်ကြာအောင် ကွေးကွာနေသော ချုပ်လုပ်မှုအတက်ပညာကို ပြန်နွှေးကာ သေသေချာချာ ချုပ်ပေးခဲ့သေးသည်။ ထို့ကြောင့် သူမ၏ ချည်ကြောင်းနှင့် ချုပ်ရိုးတိုင်းတွင် အိမ်သူတစ်ယောက်၏ ဂရုစိုက်မှု၊ လက်တွေ့ကျမှုနှင့် စကားဖြင့် ဖော်ပြရန်မလိုသည့် ရုန်းကန်မှုများ ပါဝင်နေခဲ့သည်။

သို့‌သော်လည်း သူ့၏အဝတ်ဟောင်းများက အတော်ကို အခြေအနေဆိုးနေပြီး လျှော်ဖွတ်ထားလွန်းသောကြောင့်  မီးခိုးရောင်အဝတ်များပင် ဖြူဖွေးလုနီးပါး ဖြစ်နေပြီ ဖြစ်ကာ အဖာကွက်များ အများကြီး ရှိနေသေးသည်။

သူတို့ကဲ့သို့ ဆင်းရဲသည့်မိသားစုများအတွက် အဝတ်အစားများအတွက်ပင် အကြောင်းပြချက်များ ရှိကာ ရှည်လျားသော ဘဝစက်ဝန်းတစ်ခု ရှိနေခဲ့သည်။ အသစ်သုံးနှစ်၊ အဟောင်းသုံးနှစ်နှင့် အဖာသုံးနှစ်ဟု ဆိုနိုင်ပြီး ပထမသုံးနှစ်တွင် အဝတ်အသစ်များကို သုံးနှစ်ကြာ ဂုဏ်ယူစွာ ၀တ်ဆင်လေ့ရှိကြသည်။ အဝတ်အစားအသစ်များရှိနေလျှင်ပင် အလုပ်လုပ်သည့်အခါ အဝတ်ဟောင်းကိုသာ ဝတ်ဆင်လေ့ရှိကြပြီး ညစ်ပတ်ခြင်း သို့မဟုတ် ပွတ်တိုက်မှုကြောင့် ပါးလွှာသွားခြင်းတို့အတွက် စိုးရိမ်နေစရာမလိုသောကြောင့် အဝတ်ဟောင်းက သူတို့အတွက် အသင့်တော်ဆုံး ဖြစ်သည်။ စုတ်ပြဲသွားလျှင်လည်း ပြန်ဖာကာ သုံနှစ်လောက် ထပ်ဝတ်ရသေးသည်။ နောက်ဆုံး ပြုပြင်ဖာထေး၍ မရတော့သည့်တိုင်အောင် ၎င်းတို့ကို ရသလောက် ဖြတ်တောက်ပြီး ဖိနပ်‌အောက်ခံအဖြစ်  ပြုလုပ်နိုင်သောကြောင့် အကျဥ်းချုံးပြေရလျှင် မည်သည့်အရာမှ အလဟဿ အဖြစ်မခံနိုင်ကြပေ။

စုန့်တင်းရှန်းက နံနက်ခင်းတွင် အဝတ်အနည်းငယ် ဖာထေးနေခဲ့ပြီး နေရောင်မြင့်လာသဖြင့် ကောင်းကင်ကို မော့ကြည့်ကာ ကျောပြန်မတ်လိုက်ရင်း နေ့လည်စာ ပြင်ဆင်ရန် ဆုံးဖြတ်လိုက်သည်။

သူမက အစားအစာကို မကိုင်မီ သူမ၏လက်များကို အရင် ရေဆေးလိုက်ပြီးမှ မနက်က ကျန်နေသော ပြောင်းဖူးယာဂုအိုးကို ပြန်အပူပေးကာ ကန်စွန်းဥအကြီးကြီးတစ်လုံး ထပ်ထည့်လိုက်သည်။ ကန်စွန်းဥကြောင့် ပြောင်းဖူးယာဂု၏အနံက ချိုမြန်ဆွဲမက်ဖွယ်ကောင်းလာပြီးနောက်တွင် စုန့်တင်းရှန်းက ဖန့်ရှီ ယူဆောင်လာသော ပေါင်းမုန့်များနှင့် ကောက်ညှင်းမုန့်များကို ပေါင်းအိုးပေါ်တွင် ဂရုတစိုက် တင်တာ ပြန်ပေါင်းထားလိုက်သည်။ ထိုအရာက  ချွေတာသည်ဟု ထင်ရသော်လည်း နွေးထွေးစေပြီး  ချစ်ခြင်းမေတ္တာကို အပြည့်အဝ ရည်ညွှန်းပေးနိုင်သော အစားအစာတစ်မျိုးဖြစ်သည်။

သူမ အချိန်အတော်ကြာအောင် စောင့်နေပြီးနောက် ကျိုးထျဲကျူးက ထင်းစည်းကြီးတစ်စည်းနှင့် ပြန်ရောက်လာပြီး ထိုထင်းစည်းပေါ်တွင် အေးခဲနေသော ယုန်နှစ်ကောင်နှင့် တောကြက်တစ်ကောင်ကို ချိတ်ဆွဲလာခဲ့သည်။

"မင်္ဂလာပွဲမတိုင်ခင်က ထောင်ထားတဲ့ ထောင်ချောက်တွေကနေ ဒါတွေကို ဖမ်းမိခဲ့တယ်၊ အထဲမှာ တော်တော်များများ ဖမ်းမိပုံရပေမယ့် သူတို့ထဲက တချို့ကို တောကောင်ကြီးတွေက စားသွားတယ်ထင်တယ်။ ဒီသုံးကောင်ပဲ ရခဲ့တယ်"

ကျိုးထျဲကျူးက အေးခဲနေသော ယုန်များနှင့် တောကြက်ကို မြေပြင်ပေါ်သို့ ချလိုက်ပြီး “ငါ ဒီနေ့ နောက်ထပ် ထောင်ချောက်နည်းနည်း တပ်ထားခဲ့တယ်၊ မနက်ဖြန် လတ်ဆတ်တဲ့ အကောင်လေးတွေ ဖမ်းမိရင် မင်းမိဘတွေ စားဖို့ ပေးလိုက်မယ်"

"ရှင်က တော်တော်စဉ်းစားပေးတတ်တာပဲ?" စုန့်တင်းရှန်းက တံမြက်စည်းကို ကောက်ကိုင်လိုက်ပြီး သူ့ကိုပေါ်မှ အမှုန်အမွှားများကို ခါချပေးလိုက်ကာ "တောင်ပေါ်မှာ နှင်းတွေ အများကြီး ကျနေတာလား?”

“အင်း၊ နှင်းက အရမ်းထူနေပြီ” ထို့နောက် သူ့မျက်နှာတွင် အရိပ်တစ်ခု ဖြတ်ပြေးသွားကာ “တောင်ပေါ်ကနေ ဝံပုလွေတစ်ကောင် ဆင်းလာတဲ့ ခြေရာတွေကို ငါ တွေ့ခဲ့တယ်။ ခနနေရင် အဖေ့ကို သွားပြောရမယ်”

ပြောနေရင်းဖြင့် သူ့လေသံက ပိုလေးနက်လာပုံရသည်။

သူတို့မိသားစုက ဝက်တွေကို မွေးမြူကြပြီး ဝံပုလွေလို ကောက်ကျစ်တဲ့ တိရိစ္ဆာန်တွေကို အကြောက်ဆုံးပါပဲ။ အခြားတိရစ္ဆာန်တွေက ကြက်နဲ့ အိမ်မွေးတိရစ္ဆာန်တွေကို အများဆုံး ကိုက်ဖြတ်ရုံသာ လုပ်နိုင်ကြပြီး အိမ်မွေးတိရစ္ဆာန်တွေ သေဆုံးသွားရင်တောင် အနည်းဆုံးတော့ အသားတချို့ ပြန်ရနိုင်သေးတယ်။ ဒါပေမယ့် ဝံပုလွေတွေကတော့ ဝက်တွေကို နားရွက်ပါမကျန်အောင် ကိုက်ဖြတ်စားသောက်နိုင်တဲ့အပြင် ဝက်‌တွေကိုပါ တောင်ပေါ်သို့ မောင်းထုတ်လိုက်နိုင်တယ်။ အဲ့တာဆို သူတို့မိသားစုအတွက် ဘာမှ ကျန်တော့မှာ မဟုတ်ဘူး၊ ဝံပုလွေတွေက အရမ်းဥာဏ်များပြီး ကြောက်စရာကောင်းလွန်းတယ်။

"ဒီနေ့ အိမ်မှာ ဝက်သတ်ခဲ့တယ်။ ကျွန်မရဲ့မိဘတွေက ကျွန်မတို့ဆီ ဝက်သားပို့ဖို့ မကြာခင် တစ်ယောက်ယောက်ကို လွှတ်လိုက်မှာ သေချာတယ်။ အဲ့အချိန်ကြမှ ပြောလိုက်တော့၊ အခုတော့ နေ့လည်စာ စားကြရအောင်"

စုန့်တင်းရှန်းက စုန့်ကျစ်ယွမ်နှင့် ဖန့်ရှီတို့၏ အတွေးများကို စေ့စေ့စပ်စပ် သိနိုင်ပြီး သူမ မျှော်လင့်ထားသည့်အတိုင်း မကြာမီတွင် သူမ၏အကြီးဆုံးအစ်ကိုဖြစ်သူ စုန့်ကျွင်းရှန် ရောက်ရှိလာပြီး ဝက်အူချောင်းပြုတ်ပန်းကန်လုံးကြီးတစ်လုံးနှင့် ဝက်သွေးစွတ်ပြုတ် ပန်းကန်လုံးတစ်လုံးကိုလည်း သယ်ဆောင်လာခဲ့သည်။

"ဝံပုလွေတစ်ကောင်က တောင်ပေါ်ကနေ ဆင်းလာတာလား?” မထင်မှတ်သော စကားကြောင့် စုန့်ကျွင်းရှန်က ထိတ်လန့်သွားပြီး “ကောင်းပြီလေ၊ ငါ့အဖေ့ကို ပြောလိုက်မယ်၊ ဟင်းတွေ ပူနေတုန်း  စားလိုက်ကြဦး။ ငါ အရင် ပြန်လိုက်မယ်"

ထို့နောက် သူက တံခါးကို ပြန်ပိတ်ပေးကာ အမြန်ထွက်သွားခဲ့သည်။

လူငယ်စုံတွဲကလည်း အချိန်ဆွဲမနေဘဲ ဝလင်အောင် စားသောက်လိုက်ကြပြီး ခန်ပေါ်သို့ တက်သွားကြသည်။ စုန့်တင်းရှန်းက သူမတို့၏အိမ် ပြတင်းပေါက်တွင် ကပ်သည့် လျှော်ဖြူစက္ကူအကျန်ကို ထုတ်ယူလိုက်ပြီး မီးသွေးတစ်ပိုင်းကို ရှာကို အဝတ်ဖြင့် ပတ်လိုက်ပြီး လျှော်ဖြူစက္ကူပေါ်တွင် ကျိုးထျဲကျူး၏အမည်ကို ဂရုတစိုက် ရေးသားလိုက်သည်။

"ဒါ ငါ့နာမည်လား?" ကျိုးထျဲကျူးက ထိုစကားလုံးသုံးလုံးကို စိုက်ကြည့်နေပြီး သူ့မှက်နှာပေါ်တွင် ကြောက်ရွံ့မှုနှင့် မယုံကြည်နိုင်မှုများ ရောနှောနေကာ သူ့မျက်လုံးများကို ထိုနေရာမှ မခွာနိုင်တော့ပေ။

သူ့လို လူတစ်ယောက်အတွက် သူ့နာမည်ရေးထားတာကို တွေ့ဖူးဆိုတာ လုံးဝကို မလွယ်ကူဘူးလေ၊ သူ့တို့လို လူမျိုးတွေက သေတဲ့အထိ ကိုယ့်အမည်ကိုယ်တောင် မရေးတက်ဘဲ အလုပ်ရှာဖို့ သွားရင်တောင် စာချုပ်စာတမ်းတွေကို လုံးဝ မဖတ်နိုင်တာကြောင့် ဘာမှန်းညာမှန်းမသိ  လက်ဗွေနှိပ်ပေးလိုက်ရုံပဲ တက်နိုင်ကြတယ်။ ဒါပေမယ့် အခုတော့ သူက သူ့နာမည်ကို မြင်ခွင့်ရလိုက်ပြီး မကြာခင် ရေးတတ်လာတော့မယ်။ သူ ဘယ်လိုလုပ်ပြီး စိတ်မလှုပ်ရှားဘဲ နေနိုင်မှာလဲ?

စုန့်တင်းရှန်းက ခဏလောက်စဉ်းစားနေပြီးမှ တည်တံ့သော အသံတိုးတိုးဖြင့် "နောက်ဆိုရင် ရှင်က အပြင်လောကကို ထွက်သွားရတော့မယ်၊ အဲ့မှာ ရှင့်ကို ထျဲကျူးလို့ ခေါ်တာတော့ မကောင်းဘူး။ ရှင် စိတ်မရှိရင် ကျွန်မ ရှင့်ကို နာမည်ပြောင်းပေးရမလား?"

"မင်းက ငါ့နာမည်ကို ပြောင်းပေးမှာလား?" ကျိုးထျဲကျူးက သူ့ခေါင်းကို မော့လိုက်ပြီး စုန့်တင်းရှန်းကို တအံ့တသြ ကြည့်နေကာ သူ့မျက်လုံးများက  စူးစမ်းလိုစိတ်နှင့် မြတ်နိုးမှုတို့ကြောင့် တဖျပ်ဖျပ် တောက်ပလာသည်။

သူက "ကောင်းပြီလေ... ငါလည်း နာမည်ကောင်းကောင်းလေးတစ်ခု လိုချင်တယ်"

စုန့်တင်းရှန်းက သူ့ကို အမြဲတမ်း မှတ်မိအောင် ကြည့်နေပုံမျိုးဖြင့် စိုက်ကြည့်နေပြီးမှ ဂရုတစိုက်ဖြင့် တိုးတိုးလေး ပြောလိုက်သည်။ “ ‘ယောက်ျားတစ်ယောက်ရဲ့ စစ်မှန်တဲ့ ကတိက ရွှေအသပြာတစ်ထောင်တန်တယ်” လို့ လူတွေက ပြောလေ့ရှိကြတယ်။ ကျွန်မ ရှင့်ဆီကနေ ဘာမှ မတောင်းဆိုဘဲ ရှင့်ကို လက်ထပ်ခဲ့တယ်။ ကျွန်မ ရှင် ပိုက်ဆံတွေ အများကြီး ရှာနိုင်ဖို့ မတောင်းဆိုချင်ပေမယ့် ရှင် ကျွန်မဆီကို ကျန်းကျန်းမာမာနဲ့ ပြနလာဖို့ ကျွန်မ မျှော်လင့်နေမယ်၊ ကျွန်မတို့ အသက်ကြီးတဲ့အထိ အတူတူ ပျော်ပျော်ရွှင်ရွှင် နေချင်တယ်။ ဒါကြောင့် ရှင့်ရဲ့နာမည်ကို ‘ကတိတစ်ခုက ရွှေစတစ်ထောင်တန်တယ်’ လို့ အဓိပ္ပါယ်ရတဲ့ ‘ယိနိုချမ့်ကျင်း’က ‘ယိနို’ ဆိုတဲ့ စကားလုံးကို ပြောင်းပေးချင်တယ်။ ရှင့်နာမည်ကို တစ်ခါကြားတိုင်း ကျွန်မ ရှင့်ကို အိမ်မှာ စောင့်နေတယ်ဆိုတာကို တစ်ခါ သတိရဖို့ မျှော်လင့်တယ်"

ထို့သို့ ပြောပြီးနောက် သူမက  ရှေ့သို့ ကိုင်းချကာ သူမ၏လက်ကို တည်ငြိမ်စွာ ထားလိုက်ပြီး "ကျိုးယိနို" ဟူသော စကားလုံးသုံးလုံးကို စက္ကူပေါ်တွင် ရေးသားလိုက်သည်။

ရိုးရိုးအစွန်းများနှင့် ရိုးစင်းသောဆွဲသားချက်များသာပါသော ကျိုးထျဲကျူးဟူသော အမည်က လေးနက်သော ဂုဏ်အသရေနှင့် သူမ၏မျှော်လင့်ချက်များကို ဖော်ပြနေသည့် ကျိုးယိနို ဖြစ်လာခဲ့သည်။

ကျိုးထျဲကျူး မဟုတ်တော့သော ကျိုးယိနို၏မျက်လုံးများက ရုတ်တရက် နီရဲလာပြီး စာရွက်ကို သူ့၏အသက်သွေးကြောကဲ့သို့ ဆုပ်ကိုင်လိုက်ကာ မျက်ရည်များက အထိန်းအကွပ်မဲ့ စီးကျလာခဲ့သည်။

“‘ကတိတစ်ခုက ရွှေစတစ်ထောင်တန်တယ်’... ငါ ဒါကို  အမြဲတမ်း မှတ်ထားပြီး သတိရနေပါ့မယ်၊ တင်းရှန်း.... ငါ မင်းကို ဘယ်တော့မှ စိတ်မပျက်စေရပါဘူး!"

ဒီစာရေးသူမှာ ပြောစရာရှိပါတယ်....

ကျိုးယိနို : ငါ့မှာ အခု နာမည်ကောင်းကောင်း တစ်ခုရှိနေပြီ၊  ငါ့ရဲ့ဇနီး နတ်သမီးလေးက ရွေးပေးတာလေ.... ငါ အရမ်းပျော်တယ်.....

စုန့်တင်းရှန်း : ဒီအရူးလေးကတော့...

🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟