CHAPTER 10
Viewers 2k

အခန်း ၁၀ မိဘအိမ်သို့ ပြန်ရသည့်၇က်

စာရွက်၊ စုတ်တံနှင့် မှင်တို့က စျေးကြီးလွန်းလှပြီး စုတ်ချက်တစ်ချက်စီတိုင်းက ရွှေကဲ့သို့ အဖိုးတန်သောကြောင့် စုန့်တင်းရှန်းက ကောက်ရိုးစက္ကူပေါ်တွင် စာရေးရန် မီးသွေးကို အသုံးပြုခဲ့ပြီး ကျိုးယိနိုက ထိုစာလုံးများကို မြေကြီးပေါ်တွင် သစ်ကိုင်းများဖြင့် တုပကာ လိုက်ရေးသားရုံသာ တက်နိုင်ခဲ့သည်။ ထိုသို့မဟုတ်လျှင် လက်ချောင်းများကို ရေစွတ်ကာ စားပွဲပေါ်တွင် လိုက်ပြီး ရေးခြစ်ကြည့်နိုင်သည်။ ထိုကြမ်းတမ်းပြီး အရိုင်းဆန်သော စကားလုံးများကပင် သူ၏သင်ယူလိုစိတ်ကို ပိုတွန်းအားဖြစ်စေခဲ့သည်။

အသက် ဆယ့်ခုနစ်နှစ်အရွယ် ကောင်လေးတစ်ယောက်က သင်ယူရန် အလွယ်ကူဆုံး အရွယ်ဖြစ်ပြီး အသိပညာကို ရေကို စုပ်ယူသော ရေမြုပ်ကဲ့သို့ စုပ်ယူနိုင်သည်။ တစ်ရက်မပြည့်ခင်မှာပင် သူက သူ့၏နာမည်အဟောင်းနှင့် နာမည်အသစ်ကို လုံးလုံးလျားလျား ကျွမ်းကျင်သွားခဲ့သည်။ ထို့နောက် သူ၏မျက်လုံးထဲတွင် စကားလုံးများ ကခုန်နေသည်ဟု သူ ခံစားနေရပြီး စုန့်တင်းရှန်းကို စိတ်အားထက်သန်သော မျက်လုံးတောက်တောာက်များဖြင့် လှမ်းကြည့်နေခဲ့သည်။ စုန့်တင်းရှန်းက စာရေးခြင်းနည်းပညာ၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်ကာ သူ့ကို စကားများ သင်ပေးရန် သူ မျှော်တလင့်တကြီး စောင့်စားနေခဲ့သည်။

စုန့်တင်းရှန်းက သူမတို့၏အဖိုးအတန်ဆုံးသော စာရွက်ပိုင်းများကို ထုတ်ယူကာ ရှေးယခင်က မျိုးဆက်များကို သင်ကြားပေးလေ့ရှိသော စာလုံးသုံးလုံးဂန္ဒဝင်ကျမ်းကို စာရွက်ပေါ်တွင် တိတ်တဆိတ် ချရေးနေခဲ့သည်။

တကယ်တော့ သူမလည်း အဲ့စာလုံး‌တွေကို သင်ယူခဲ့ဖူးပြီး ကျွမ်းကျင်ကျင် တတ်မြောက်ခဲ့တယ်။ နောက်ပိုင်း သူမရဲ့မောင်ငယ်၊ ညီမငယ်တွေက သူတို့ရဲ့သားသမီးတွေ မြေးတွေကို စာလုံးသုံးလုံး ဂန္တဝင်ကျမ်းနဲ့ စကားလုံးတွေ သင်ကြားပေးပြီး ကဗျာအမျိုးမျိုးကို ရွတ်ဖတ်ပြတာကိုလည်း သူမ မြင်ဖူး ကြားဖူးခဲ့တယ်။ အခု သူမရဲ့အသက်တစ်ရာနီးပါး မှတ်ဥာဏ်ကြောင့် စကားလုံးတစ်လုံးစီရဲ့ စုတ်ချက်တိုင်းနဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေကို သေသေချာချာ မှတ်မိနေခဲ့တယ်။ သူမကိုယ်တိုင်လည်း သူမ အသက်ကြီးလာတဲ့နဲ့အမျှ သူမရဲ့အသိဥာဏ်က ပိုပြည့်စုံလာသလို စာအုပ်တွေက သူမရဲ့ကွန်းခိုရာဖြစ်လာပြီး သူမကို ပိုမိုကျယ်ပြန့်တဲ့ကမ္ဘာကြီးကို ခေါ်ဆောင်ပေးနိုင်တာကြောင့် သူမ မကြာခဏ စာဖတ်ဖြစ်ခဲ့တယ်။

ယခုခေတ်တွင် Pinyin မရှိသောကြောင့် သူမအတွက် ထူးထူးခြားခြား ကိုးကားစရာ မလိုပေ။ သူမက ကျိုးယိနိုအား အသံထွက်လေးခုကို ရိုးရိုးရှင်းရှင်း သင်ကြားပေးလိုက်ပြီး စကားလုံးတစ်လုံးချင်းစီကို အသံမှား ထွက်မိခြင်းမှ ရှောင်ရှားနိုင်ရန် စကားလုံးတစ်လုံးစီ၏ အသံထွက်ဖြင့် သေသေချာချာ မှတ်သားစေခဲ့သည်။

"လူတစ်ယောက် မွေးဖွားလာတဲ့အချိန်က သူ့ရဲ့စိတ်နေသဘာထား အကောင်းဆုံးပဲ။ ဆိုလိုတာက လူတစ်ယောက်က မွေးဖွားလာတဲ့အချိန်မှာ စက္ကူဖြူတစ်ရွက်လို ဖြူစင်တယ်။ သူ့မှာ လူ့သဘာဝရဲ့ညစ်ညမ်းခြင်းတွေ မရှိသေးတဲ့အတွက် သူက လုံးဝ ဖြူစင်ပြီး ကြင်နာတတ်တဲ့သူပဲ" စာသင်ကြားပေးနေသော စုန့်တင်းရှန်း၏အသံက ကြည်လင်ပြတ်သားနေပြီး သူမက စိတ်ရှည်လက်ရှည် ရှင်းပြနေခဲ့သည်။

သူမက ကျိူးယိနိုကို သင်ကြားပေးဖို့ အကောင်းဆုံးနည်းလမ်းနဲ့ သူမရဲ့နားလည်မှုတွေကို ပေါင်းစပ် အသုံးပြုခဲ့တယ်။ ဘာပဲဖြစ်ဖြစ် ကျိုးယိနိုက ပညာတတ်တစ်ယောက်ဖြစ်လာဖို့ သူမ မျှော်လင့်ထားတာမျိုး မဟုတ်ဘူး။ အခုအချိန်မှာ သူ စကားလုံးအနည်းငယ်ကို သိသွားဖို့က အရေးကြီးဆုံး အလေးအနက်ထားရမယ့် ကိစ္စပဲ။

ကျိုးယိနိုက သူမ၏ ညွှန်ကြားချက်တိုင်းကို မယိမ်းမယိုင် လိုက်နာတက်ပြီး သူ စာဖတ်နေစဉ်အတွင်း စုန့်တင်းရှန်းသင်ကြားသည့်ပုံစံအတိုင်း အသံထွက်ရွက်ဆိုနေရင်း ဤစကားလုံးများ၏ ရှုပ်ထွေးသောစုတ်ချက်များကို လက်ဟန်ဖြင့် လိုက်ရေးနေတက်သည်။

သူ့မျက်လုံးထဲမှာတော့ ဒီစကားလုံးတစ်လုံးစီရဲ့ စုတ်ချက်တစ်ခုစီတိုင်းက သူ့အတွက် မြင့်မြတ်တဲ့ အလင်းတန်းတွေ ထွက်ပေါ်နေပြီး သူ့ဘဝကို ထွန်းလင်းစေမယ့်အရာတွေပါ။ သူ ဒါတွေကို သင်ယူနေနိုင်သမျှ ကာလပတ်လုံး သူ အပြင်ကို ထွက်သွားရတဲ့အခါ သူ ဘယ်မှာပဲရှိနေ ရှိနေ လှည့်စားခံရတော့မှာ မဟုတ်သလို အနိုင်ကျင့်ခံရတော့မှာလည်း မဟုတ်ဘူး။

စာတတ်မြောက်သူက ရှားပါးလွန်းပြီး စားရေးစားဖတ်ခြင်းက လေးစားထိုက်တဲ့ အတတ်ပညာတစ်ခုလို ဖြစ်နေတဲ့ ဒီကမ္ဘာမှတော့ ဒီစာလုံးသင်္ကေတတွေကို သိနေရုံနဲ့ လေးစားစရာ ဖြစ်နေပါပြီ။

သုံးရက်မြောက်နေ့တွင် မိဘအိမ်သို့ ပြန်ချိန်ရောက်လာသောကြောင့် စုန့်တင်းရှန်းနှင့် ကျိုးယိနိုတို့ နှစ်ယောက်လုံးက အဝတ်အစားသစ်များကို ဝတ်ဆင်လိုက်ကြပြီး သူတို့၏အိမ်တံခါးကို သော့ခတ်ကာ စုန့်မိသားစု၏အိမ်ရှေ့ခြံဝင်းဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်ကြသည်။

“ဟေး တင်းရှန်း အိမ်ပြန်လာပြီလား?" အိမ်နီးနားချင်းများက စိတ်အားထက်သန်စွာ နှုတ်ဆက်နေကြသည်။ "ဟက် ဟက်၊ ကောင်လေးထျဲကျူးကို ကြည့်ကြစမ်း၊ ဘယ်လောက် တက်ကြွတဲ့ လူငယ်လေးလဲ? မင်း ယောက္ခမအိမ်ကို ပထမဆုံးအကြိမ်ပြန်လာတာ ဘာတွေ ယူလာခဲ့လဲ?"

ကျိုးယိနိုက ရှက်ရွံ့စွာဖြင့် ခြင်းတောင်းပေါ်မှ အထည်စကို မတင်ပြလိုက်ပြီး "ကျွန်တော် တောင်ပေါ်တက်ပြီး သားကောင်တစ်ချို့ရခဲ့တာကြောင့် မိဘတွေ စားဖို့ ယူလာခဲ့တယ်"

အိမ်နီးနားချင်းအဒေါ်ကြီးတစ်ယောက်က ရယ်မောနေရင်း "မင်းယောက္ခမတွေက အသားမရှားဘူးလေ။ နောက်တစ်ခါဆို ငါတို့ မြည်းစမ်းကြည့်ဖို့  ပေးလို့ရမလား?”

ကျိုးယိနို  ခြေတလှမ်းချင်း ရွေ့လျားနေပြီး သူ့နားရွက်ထိပ်ဖျားများက နီရဲနေသောကြောင့် အိမ်နီးချင်းများ၏ရယ်သံများ ထွက်ပေါ်လာပြန်သည်။ သို့သော် ကျိုးယိနိုက ထိုလှောင်ပြောင်မှုများအောက်တွင်ပင် သူ့ကိုယ်သူ ဂုဏ်ယူနေခဲ့သည်။ စုန့်တင်းရှန်းနှင့်အတူ လျှောက်လှမ်းနေရသည့် သူ့၏ခြေလှမ်းတိုင်းက သူ့အတွက် စည်းစိမ်ဥစ္စာများ သို့မဟုတ် အဆင့်အတန်းများကို လုံးဝ မတွေးမိစေဘဲ စကားလုံးများ၏ စွမ်းအားမှ ပေါက်ဖွားလာသော မိမိကိုယ်ကို တန်ဖိုးထားမှုကို တိုးပွားလာစေခဲ့သည်။

တံခါးဝတွင် စောင့်နေသည်မှာ ကြာနေပြီဖြစ်သော ဖန့်ရှီက အပြင်မှ အသံများကို ကြားသွားပြီး အပြင်ထွက်လာကာ ခပ်ရွဲ့ရွဲ့အပြုံးဖြင့် “သွား... သွားကြ နင်တို့က ဘာတွေ လာပြောနေကြတာလဲ? ငါ့အိမ်မှာ အသားရှိနေတာက နင့်ကို ဘာလို့ မကျေမနပ် ဖြစ်စေတာလဲ? ငါ့သားမက်က ငါတို့စားဖို့ အသားနည်းနည်း ယူလာပေးတာလေ။ နင်က ဘာလို့ လောဘကြီးတဲ့မျက်လုံးတွေနဲ့ စိုက်ကြည့်နေရတာလဲ? အိုး... စကားမစပ် နင်က ဝက်အဆုပ် လိုချင်တယ်လို့ မပြောခဲ့ဘူးလား? ဒီနေ့ ဝတ်သတ်ပြီး ဆိုင်ထွက်တယ်နော်၊ နင် ဘာလို့ မြန်မြန် သွားမဝယ်သေးတာလဲ?"

ထိုအဒေါ်ကြီးက လုံးဝ သည်းမခံဘဲ ပြန်လှောင်ပြောင်နေခဲ့သည်။ "အိုက်ယား... နင့်ကိုယ်နင် ကြည့်စမ်း၊ နင်က နင့်မိသားစုကို အဲ့လောက်တောင် ကာကွယ်‌ပေးနေတာလား? ငါက နင့်ရဲ့အဖိုးတန် သားမက်ကို အနိုင်ကျင့်မှာမလို့လား? သွားမယ်၊ သွားမယ်။ ငါ မသွားရင် နင်က ငါ့ကို ထပ်ပြီး ငြူစူနေဦးမယ်"

ထိုအဒေါ်ကြီး သူမစကားဆုံးသည်နှင့် ရယ်မောကာ ထွက်သွားတော့သည်။

စုန့်တင်းရှန်းက ခြံထဲသို့ ဝင်သွားပြီး ဖန့်ရှီ၏လက်မောင်းကို ပွေ့ဖက်ကာ အပြုံးလေးဖြင့် "အမေ၊ သမီးကို မလွမ်းဘူးလား? ဒီနေ့ သမီး အိမ်ပြန်လာတာဆိုတော့ အိမ်မှာ ဘာလို အရသာရှိတဲ့ဟင်းပွဲတွေ ချက်ထားလဲ?"

ဖန့်ရှီက စုန့်တင်းရှန်း၏နဖူးလေးကို ခပ်ဖွဖွပုတ်ကာ ရယ်မောလိုက်ပြီး "ဘာလို့ အပစ်ထုတ်ခံရတဲ့ ကျောက်တုံးလို လာပြောနေရတာလဲ? ငါတို့က အိမ်ရှေ့ခြံနဲ့ အနောက်ခြံမှာ နေကြတာ မဟုတ်ဘူးလား? ပြီးတော့ ဒီနှစ်ရက်အတွင်း မင်းအတွက် လုံလောက်အောင် မစားသောက်ရဘူးလား?"

ထို့နောက် သူမက "မင်းအဖေက သူ့ရဲ့သမီးအလိမ္မာလေးအတွက် ဝက်လက်ရယ်၊ အူမကြီးရယ်နဲ့ ဝက်နှလုံးရယ် ချန်ထားပေးခဲ့တယ်။ ပြီးတော့ သူက မနေ့က သိုးသူငယ်သား တစ်ခြမ်းလောက် ရဖို့ မြောက်ဘက်ကို သွားခဲ့သေးတယ်။ အိုး၊ သိုး.... အဲဒီသိုးက တကယ်စျေးကြီးတယ်။ ဒီနေ့ မင်းအဖိုးက မင်းအတွက် သိုးသားဟင်းချက်ထားတယ်"

အေးမြသော ဆောင်းရာသီတွင် သိုးသားစားရခြင်းက အလွန်ပျော်ရွှင်ဖွယ်ဖြစ်သည်။

"သိုး... ဟုတ်လား? ကောင်းလိုက်တာ!" စုန့်တင်းရှန်းက သိုးသားကို တောင့်တနေသည်မှာ ကြာပြီ ဖြစ်ကာ သူမ၏မျက်လုံးလေးများက လင်းလက်လာပြီး “အမေ၊ အနာဂတ်မှာ သမီးတို့မိသားစု သိုးနည်းနည်းလောက် မွေးမြူကြရအောင်၊ အဲ့ဒါဆိုရင် တချိန်လုံး သိုးသား စားနိုင်ပြီ”

ဖန့်ရှီ၏ ပါးစပ်က အားသွက်လျှာသွက် ရှိလှပြီး သူမသမီး၏စိတ်ကူးယဥ်မှုကို ဖြတ်တောက်လောက်သည်။ "မင်း ဘာတွေ ပြောနေတာလဲ? သိုးမွေးချင်တာလား? ဒီမှာ သီးပင်စားပင်တွေ အများကြီး ပေါက်နေတာ မင်းမမြင်ဘူးလား? သိုးတွေက သစ်ပင်အခေါက်တောင် ဝါးနိုင်တယ်။ သူတို့က တစ်ခြံလုံးရှင်းလိုက်ရင် သီးပင်စားပင်တွေ ကုန်သွားပြီး ငါတို့ စားစရာ ကျန်ပါတော့မလား? အိပ်မက် မက်နေတာကို ရပ်လိုက်တော့။ စားပွဲပေါ်မှာ စားစရာရှိတာပဲ ကံကောင်းနေပြီ၊ မင်းက အခု သိုးတစ်အုပ်တောင် လိုချင်နေသေးတယ်။ မင်းရဲ့ပေါက်ကရအတွေးတွေကို မောင်းထုတ်လိုက်စမ်းပါ”

ဖန့်ရှီက သူမသမီး၏အကျင့်ဆိုးကို အသားမကျဘဲ ဆူပူနေသော်လည်း သူမ ဆက်ပြောနေသည်နှင့်အမျှ သူမ၏လေသံက ပျော့ပျောင်းသွားပြီး သူမ၏ ဆူပူကြိမ်းမောင်းမှုများနေရာတွင် မိခင်တစ်ယောက်၏ စိုးရိမ်မှုဖြင့် အစားထိုး ဝင်ရောက်လာပြီး “အခု မင်းက အိမ်ထောင်ပြုပြီးသွားပြီ၊ အဲ့တာကိုတောင် ကလေးတစ်ယောက်လို ပြုမူနေတုန်းပဲ၊ ထျဲကျူးကတော့ မင်းကို ဘာမှ ပြောမှာ မဟုတ်ဘူး၊ ကောင်လေးထျဲကျူးက ရိုးသားတယ်။ မင်း ဒီရက်ပိုင်းမှာ သူ့ခန္ဓာကိုယ်ကို ကောင်းကောင်း ဂရုစိုက်ပေးပြီး ပိုသန်မာအောင်လုပ်ခိုင်း၊ တကယ်တော့ ဒီနေရာရဲ့အပြင်ဘက်က...."

ဖန့်ရှီက ထိုစကားများကို ပြောနေရင်း သူမကိုယ်တိုင်ပင် တုန်လှုပ်လာကာ သူမ၏စကားများက သူမ၏လည်ချောင်းထဲတွင် ပျောက်ကွယ်သွားခဲ့သည်။ သူမ ငိုချင်လာပြီး မျက်ရည်များဝဲလာသော်လည်း သူမက သူမကိုယ်သူမ ပြန်ထိန်းကာ ဝမ်းနည်းစိတ်ကို ပြန်မျိုသိပ်နေခဲ့သည်။

ဒါပေမယ့် သူမစိတ်ထဲမှာတော့ အမှန်တရားက နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေပြီးသားပါ။ သူမတို့လို လူတန်းစားအတွက် ခွန်အားကပဲ တစ်ခုတည်းသော အကွာအကွယ်ပါ။ သန်မာနေမယ်ဆိုရင် အနိုင်ကျင့်ခံရမှာ မဟုတ်ဘူး။ စစ်မြေပြင်ကို ရောက်သွားရင်တောင် ပိုသန်မာတဲ့သူက ရှင်သန်ဖို့ အခွင့်အရေး ပိုရှိလိမ့်မယ်။ စစ်ပွဲမှာ တိုက်ခိုက်ရရင်တောင် ဒဏ်ရာကင်းကင်းနဲ့ ပြန်လာဖို့ မျှော်လင့်နိုင်သေးတယ်။ ထျဲကျူး ပြန်ရောက်လာနိုင်သရွေ့ သူမသမီးလေးက ဘဝကို ကောင်းကောင်းမွန်မွန် နေထိုင်နိုင်လိမ့်မယ်။

"အမေ!" စုန့်တင်းရှန်းက သူမအမေ၏စိတ်အခြေအနေကို မြင်လိုက်သောကြောင့် သူမ၏ခြေထောက်ကို ဟန်ဆောင်ပန်ဆောင် ဆောင့်နင်းလိုက်ပြီး "အိုး၊ သမီးက အခု သူ့ကို အနိုင်ကျင့်နေလို့လား? သမီးက အဲ့လို မဟုတ်ပါဘူးနော်"

ထိုအချိန်မှာပင် တံခါး၏ကန့်လန့်ကာက ပွင့်လာပြီး နူးညံကာ သံယောဇဉ်ကြီးပုံရသည့် လီရှီက သူမတို့ကို ကြင်ကြင်နာနာ ကြည့်နေပြီး တင်းမာမှုကို ဖြိုခွင်းလိုက်သည်။ သူမက တံခါးခုံတွင် ရပ်နေကာ သူမ၏နှုတ်ခမ်းများက အရာရာကို သိမြင်နိုင်သော အမူအရာတစ်ခု ဖြစ်စေလောက်အောင် ကွေးညွှတ်နေပြီး သူမ၏ချွေးမနှင့် မြေးမလေးဆီသို့ မျက်ဝန်းတောက်တောက်များဖြင့် ကြည့်နေကာ သူမ၏ တည်ရှိနေမှုကပင် နွေးထွေးမှုကို ဖြစ်ပေါ်စေသည်။

"အာ့နွီအာ၊ ပြန်ရောက်ပြီလား?"  လီရှီ၏အသံက အသံသြဇာနှင့်ပြည့်စုံနေသော်လည်း စုန့်တင်းရှန်းကို ကြည့်နေသော တစိုက်မတ်မတ်အကြည့်က အဖွားတစ်ယောက်၏နူးညံ့ညင်သာမှုကို အပြည့်အဝ ဖော်ပြနေသည်။

"အဖွား!" စုန့်တင်းရှန်းက ဖန့်ရှီ၏လက်ကို လွှတ်လေးလိုက်ပြီး ကလေးငယ်လေးကဲ့သို့ သူမအဘွားဆီသို့ ပြေးသွားကာ "အဖွားက ဘာလို့ အပြင်ကိုထွက်လာတာလဲ? အပြင်မှာ အေးတယ်"

သူမ၏မျက်လုံးများတွင် အရိပ်တကြည့်ကြည့်အမူအရာများ ရှိနေသော်လည်း လီရှီက ဘာမှ မဖြစ်ဟန်ဖြင့် "အိုး။ ငါက  တံခါးနားမှာ ရပ်ပြီး ဟိုဟိုဒီဒီ ကြည့်နေရုံပါပဲ။ ထျဲကျူး ရောက်ဘာပြီလား"

အဘွားစုန့်က စုန့်တင်းရှန်းကို ပြောနေရင်းဖြင့် ကျိုးထျဲကျူးကို ပြုံးပြကာ လှမ်းမေးလိုက်သည်။ သူမက သူမရဲ့မြေးမက်ကို ပိုကြည့်လေလေ၊ သူ့ကို ပိုသဘောကျလေလေပဲ။

ကျိုးယိနိုက အဘွားစုန့်ကို အရိုအသေပေးလိုက်ပြီး တလေးတစား နှုတ်ဆက်လိုက်သည်။ "အဖွား"

လီရှီက ဧည့်ဝတ်ကျေပွန်သော အသံဖြင့် "လာ လာ၊ မြန်မြန် ဝင်လာကြ၊ အိမ်ထဲကို ဝင်၊ မင်းတို့အဖိုးက မင်းတို့အတွက် အရသာရှိတဲ့အစားအစာတွေ ပြင်ဆင်နေတယ်"

ကျိုးယိနိုက ခဏလောက်တုံ့ဆိုင်းနေပြီးမှ ကန့်လန့်ကာကို ဖြတ်လျှောက်လာကာ အိမ်ထဲသို့ ဝင်သွားခဲ့သည်။  ယောက်ျားလေး လုံးဝမရှိဟု တင်ရလောက်အောင် အိမ်ရှိလူတိုင်းနီးပါးက အမျိုးသမီးများ ဖြစ်နေပြီး ယောက်ျားလေးအနည်းငယ်သာ ရှိသောကြောင့် သူ့မျက်နှာ ချက်ချင်း နီရဲလာပြီး ကမန်းကတန်း ပြောလိုက်သည်။ "အဒေါ်....မရီး....ခယ်မလေး၊ အဘိုး ကျွန်တော် ဘာကူလုပ်ပေးရမလဲ?"

သူက ပြောပြီးသည်နှင့် ထိုင်ပင် မထိုင်ပဲ ပြန်ထွက်ပြေးသွားသောကြောင့်

အခန်းထဲရှိ အမျိုးသမီးငယ်များထံမှ ရယ်မောသံများ ထွက်ပေါ်လာပြန်သည်။

သူက ပင်မအခန်း၏အနောက်ဘက်သို့ ရောက်သွားပြီး ထိုနေရာတွင် စုန့်ရှင်းယိက သိုးသားတစ်ဝက်ကို ကိုင်တွယ်နေခဲ့သည်။ သူ ရောက်လာတာကို မြင်လိုက်ချိန်တွင် အဖိုးကြီးက "အာ.. မင်း ရောက်လာပြီလား? ဒီသိုးရဲ့အရိုးတွေကို ခုတ်ထစ်ဖို့ အဖိုးကို ကူညီပေးပါဦး။ ဟေး... အသက်က ကြီးလာတော့ ငါ့လက်တွေက အရင်လို မဟုတ်တော့ဘူး"

“အဖိုး(အသက်ကြီးသူကိုခေါ်တဲ့အသံ)က အသက်မကြီးသေးပါဘူး" ကျိုးယိနိုက သူ့ခြင်းတောင်းကို ချလိုက်ပြီး ထူထဲသော ဓားနောက်ပါသည့် ဓားကို ကောက်ယူကာ သိုးအရိုးများကို တစ်ပိုင်းချင်း အညီအမျှ ခုတ်ပိုင်းပေးလိုက်သည်။

“ငါ့ကို အဖိုး(အဖိုးအရင်းကိုခေါ်တဲ့အသံ)လို့ပဲ ခေါ်ပါ” စုန့်ရှင်းယိက ညည်းတွားသည့်အသံဖြင့် ‌ကျေကျေနပ်နပ် ပြောလိုက်ပြီး ခြင်းတောင်းကို ကောက်ယူကာ ဖွင့်ကြည့်လိုက်ပြီး "ဟေး တောကြက်တွေ၊ ယုန်တွေ အများကြီးပဲ။ မင်းတော်တော် ရလာပုံပေါ်တယ်။ ဒါနဲ့ စကားမစပ် ဝံပုလွေတွေ တောင်ပေါ်က ဆင်းလာတယ်လို့ မင်း ပြောခဲ့တယ်မဟုတ်ဘူးလား? မင်းက ဘာလို့ တောင်ပေါ်ကို တက်နေသေးတာလဲ?"

သိုးသားနှင့် သိုးရိုးများကို အာရုံစိုက်ကာ ခုတ်ပိုင်းနေသော ကျိုးယိနိုက  အလုပ်လုပ်ရင်း ပြန်ဖြေလိုက်သည်။ "ဒါတွေက တောင်ခြေနားက ထောင်ချောက်ကနေ ရတာပါ။ နှင်းတွေ အရမ်းထူထပ်နေတော့ တောင်ပေါ်ကို မသွားရဲဘူး။ ဒါပေမယ့် တောင်ခြေကို ထောင်ခြောက်တွေ သွားစစ်တော့ ဝံပုလွေတွေရဲ့ ခြေရာတွေကို တွေ့ခဲ့တယ်"

စုန့်ရှင်းယိက ခေါင်းညိတ်လိုက်ပြီး ဆင်ခြင်တွေးတောနေသော အမူအရာဖြင့် "ငါ ရွာက လူကြီးတော်တော်များများနဲ့ တိုင်ပင်ထားပြီးပြီ၊ အဲ့ဝံပုလွေတွေကို နှိမ်နှင်းဖို့ အနီးအနားမှာရှိတဲ့ ရွာတွေက မုဆိုးတွေကိုပါ ဖိတ်ခေါ်ပြီး တောင်ပေါ်တက်ဖို့ စီစဉ်ထားတယ်လို့ ရွာလူကြီးက ငါတို့ကို ပြောပြတယ်၊ အရမ်းအန္တရာယ်များမှာတော့ သေချာတယ်"

မူလတွင် စည်းချက်ညီသော ခုတ်ထစ်သံက သူတို့၏ စကားဝိုင်းကို ပံ့ပိုးပေးနေပြီး တင်းမာမှုများကို ပြေလျော့သွားစေကာ အလုပ်လုပ်နေသော စည်းချက်ညီသော အခြေအနေကို ဖန်းတီးပေးထားခဲ့သည်။ သို့သော်လည်း စုန့်ရှင်းယိ၏စကားကို ကြားလိုက်ချိန်တွင် ကျိုးယိနိုက စိတ်အားထက်သန်စွာဖြင့် သူ့ခေါင်းကို အမြန် မော့လိုက်ပြီး ခိုင်မာစောလေသံဖြင့် မေးလိုက်သည်။ "အဘိုး၊ ကျွန်တော် သူတို့နောက်ကို လိုက်သွားလို့ ရမလား?"

"မင်းက သူတို့နဲ့ လိုက်သွားမယ်...??" စုန့်ရှင်းယိက မျက်မှောင်ကြုတ်လိုက်သော်လည်း သူက ရယ်မောလိုက်ကာ “မင်းက ကလေးပဲရှိ....”

သို့သော်လည်း သူစကား မဆုံးခင်မှာပင် သူက ရုတ်တရက် တစ်ခုခုကို တွေးမိသွားပုံဖြင့် စကားကို ခဏရပ်ထားလိုက်သည်။

ဒါက ကလေးမဟုတ်တဲ့ ကလေးပဲ၊  ဒါက တစ်ချိန်က ဘာကိုမှ မကြောက်မရွံ့ဘဲ ကျားတစ်ကောင်ကို သတ္တိရှိရှိ သတ်နိုင်ခဲ့တဲ့ ကျိုးထျဲကျူးဆိုတဲ့ကောင်လေးပဲ။ ဟေး၊ သူရဲ့လက်ချောင်းလေးတွေမှာ သက်တမ်းရင့် မုဆိုးအများစုထက် ပိုကောင်းတဲ့ အမဲလိုက်စွမ်းရည် ရှိနေတာ မဟုတ်ဘူးလား?”

စုန့်ရှင်းယိ၏အမူအရာက ပြောင်းသွားခဲ့သော်လည်း သူက လူကြီးပီပီ ချက်ချင်း ပြန်ပြုံးလိုက်ပြီး “မင်းသွားချင်ရင် သွားလို့ ရတယ်၊ ဒါပေမယ့် မင်း ငါ့ကို ပြောနေလို့ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး၊ မင်းသွားချင်ရင် မင်းမိန်းမကို မင်း ပြောရမယ်"

ထိုသို့ပြောပြီးနောက် သူက အကြိမ်အနည်းငယ် ရယ်မောနေပြန်သည်။

ကျိုးယိနိုက ရှက်ရွံ့ဖြင့် ခေါင်းပြန်ညိတ်ပြလိုက်သည်။ သူ့မျက်နှာက နီရဲနေပြီး သူ့ခေါင်းကို ငုံ့ထားသည်မှာ မြေပြင်နှင့်ကပ်လုနီးပါး ဖြစ်နေခဲ့သည်။

စုန့်ရှင်းယိက "မင်းက အခုထိ ရှက်နေသေးတာလား? မင်းက ဘာလို့ ဒီအချိန်ကြီး တောင်ပေါ်ကို လိုက်သွားချင်ရတာလဲ? ငါတို့ မိသားစုက ငွေနဲ့ အသားတွေ မချို့တဲ့ပါဘူး"

ကျိုးယိနိုက သူ့နှုတ်ခမ်းများကို တင်းတင်းစေ့လိုက်ပြီး "တင်းရှန်းအတွက် ဝံပုလွေ အခင်းနဲ ခြုံစောင်တစ်စုံ လုပ်ပေးချင်လို့ပါ။ ညဘက်ဆိုရင် တင်းရှန်းရဲ့လက်တွေ ခြေတွေက အရမ်းအေးနေတက်တယ်၊ ဝံပုလွေအခင်းက သူ(မ)ကို နည်းနည်းတော့ သက်သာသွားစေလိမ့်မယ်"

စုန့်ရှင်းယိက မျက်ခုံးပင့်လိုက်ပြီး "ကောင်းပြီ ကလေး၊ တင်းရှန်းရဲ့လက်တွေ ခြေတွေ အေးတာကို မင်း ဘယ်လိုသိတာလဲ?"

ထိုစကားကြောင့် ကျိုးယိနို၏လက်ထဲတွင် ကိုင်ထားသောဓားက ခုတ်ချက်လွဲလုနီးပါး ဖြစ်သွားပြီး သူက ထစ်ထစ်ငေါ့ငေါ့ဖြင့် ကမန်းကတမ်း ဖြေရှင်းနေပြန်သည်။

"သူ(မ).... သူ(မ) အိပ်နေတုန်း လက်ဆန့်လိုက်လို့ စောင်အပြင်ကို ထွက်လာတယ်၊ ကျွန်တော်က အဲ့လက်ကို စောင်အောက်ကို ပြန်ထားပေးတော့ အေးနေတာကို ခံစားခဲ့မိတယ်၊ ကျွန်တော်က... အဲ့လို... အဲ့လို မလုပ်...."

စုန့်ရှင်းယိက ကျယ်လောင်စွာ ရယ်မောနေပြီး အခန်းထဲတွင် သူ့ရယ်သံများ ပဲ့တင်ထားနေကာ ကျိုးယိနိုကတော့ မြေပြင်သို့ တွင်းတူးပြီး တွားသွားချင်လောက်အောင် ရှက်ရွံ့နေခဲ့သည်။

စုန့်ရှင်းယိ၏ရယ်သံက စုန့်တင်းရှန်း၏အာရုံကို ဆွဲဆောင်လိုက်သောကြောင့် သူမက အနောက်ဘက်ခန်းသို့ လိုက်လာကာ "အဖိုး၊ အဖိုးက ဘာလို့ ဒီလောက်တောင်ပျော်နေတာလဲ?"

သို့သော်လည်း စုန့်တင်းရှန်း၏ မျက်လုံးတောက်တောက်လေးများက လှီးဖြတ်ထားသည့်သိုးသားများဆီသို့ ရောက်နေကာ ထပ်မေးလိုက်သည်။ "သိုးသားကို မုန်လာဥနဲ့ စွပ်ပြုတ်ချက်မှာလား?"

စုန့်ရှင်းယိက သူ့၏ဒုတိယမြေးမလေးကို တွေ့လိုက်သောကြောင့် နောက်ပြောင်ခြင်းကို ရပ်တန့်ကာ ဝမ်းသာအားရ ပြန်ဖြေလိုက်သည်။ "ဟုတ်တယ်၊ အဖိုးက သိုးသားကို မုန်လာဥနဲ့ စွပ်ပြုတ်လုပ်ထားတယ်၊ ဝက်နှလုံးကို ကြက်သွန်ဖြူနဲ့ကြော်ထားတယ်၊ အကုန်လုံး မင်းအကြိုက်ပဲ"

"အဖိုး၊ အဖိုးက အရမ်းကြင်နာတက်တာပဲ! အဖိုးက အကောင်းဆုံးပဲ" စုန့်တင်းရှန်းက စုန့်ရှင်းယိကို ချိုချိုသာသာ မြှောက်ပင့်လိုက်ပြီး သူမ၏စူးစမ်းချင်စိတ်ကြောင့် ထပ်စပ်စုလိုက်သည်။ "အဖိုး၊ အခုန ဘာအကြောင်းတွေ ပြောနေတာလဲ? အဖိုးက အရမ်းပျော်နေတဲ့ပုံပဲ"

စုန့်ရှင်းယိက မြေခွေးအိုကြီးကဲ့သို့ ပြုံးလိုက်ပြီးမှ သူ့မြေးမလေးကို ကြည့်လိုက်ပြီး "ငါတို့က ဘာအကြောင်းတွေ ပြောရမှာလဲ? ငါတို့လူကြီးတွေက အလုပ်ကိစ္စ စကားစမြည် ပြောနေကြတာလေ၊ မင်းလို ဇနီးသစ်က မေးဖို့ ရောက်လာတယ်ပေါ့လေ။ စကားမစပ် ထျဲကျူးက ဝံပုလွေတွေကို အမဲလိုက်ဖို့ မုဆိုးတွေနဲ့အတူ တောင်ပေါ်တက်ချင်တယ်လို့ ပြောနေတယ်"

 စုန့်ရှင်းယိ၏ လေသံက ကျိုးယိနိုကို တွင်းထဲသို့ နောက်တစ်ခါ ဆင်းပုန်းချင်စိတ်ဖြစ်လာ‌အောင် ဆွပေးနေပြန်သည်။

စုန့်တင်းရှန်းက စူးရှသော အကြည့်က ကျိုးယိနိုပေါ်သို့ ချက်ချင်း ကျရောက်သွားပြီး "ရှင်က တောင်ပေါ်တက်ဖို စဥ်းစားနေတာလား?"

ကျိုးယိနိုက သူ့ခါးကို မတ်မတ်ဆန့်ထားပြီး ပြတ်ပြတ်သားသား ဆုံးဖြတ်ထားဟန်ရှိသော အကြည့်များဖြင့် သူမ၏မျက်နှာကို ကြည့်ကာ "ငါ မင်းအတွက် ခြုံစောင်လုပ်ပေးဖို့ ဝံပုလွေအရေခွံ လိုချင်တယ်၊ ပြီးတော့ အဖိုးအဖွားနဲ့ အဖေ အမေ..."

သူ့စကားမဆုံးခင်မှာပင် စုန့်တင်းရှန်းက စနောက်ချင်ပုံဖြင့် သူမ၏နှုတ်ခမ်းလေးကို တွန့်ကွေးလိုက်ပြီး "ဒါဆို ရှင် ဝံပုလွေတစ်အုပ်လုံး သတ်ရတော့မှာ မဟုတ်ဘူးလား? ပြီးတော့ ရှင်ပြောတာက အဘိုးအဘွားနဲ့ မိဘတွေအတွက်ပဲလား? ဦးလေးနဲ့ အဒေါ်ကိုတော့ ဒီအတိုင်းကြည့်ခွင့်ပဲ ပေးမယ်ပေါ့။ အကြီးဆုံးကဦးလေးလည်း တစ်ခုလောက်ရသင့်တယ် မဟုတ်ဘူးလား?"

ထိုစကားက ပစ်မှတ်ကို ထိသွားပြီး ကျိုးယိနိုက ရှက်ရွံ့လာကာ စကားထစ်နေပြန်သည်။ "တကယ်...တကယ်လို့ ဝံပုလွေအရေခွံတစ်ခုပဲ ရှိခဲ့ရင် မင်းအတွက် အခင်းတစ်ခုပဲ ငါ လုပ်ပေးမှာပါ... အဲ့တာကို မင်းကို ညဘက်မှာ နွေးနွေးထွေးထွေး ထားနိုင်ဖို့ပါ"

စုန့်တင်းရှန်းက ကျယ်လောင်စွာ ရယ်မောနေပြီး သူမ၏ လေထဲတွင် ပဲ့တင်ထပ်နေခဲ့သည်။ ထို့နောက် သူမက လေးနက်သောအသံဖြင့် "ဘာပဲဖြစ်ဖြစ် ရှင်က ရှင့်ရဲ့ကန့်သတ်ချက်ကို သိတဲ့လူတစ်ယောက်ဆိုတာ ကျွန်မ သိပါတယ်။ ရှင့်ကို ချုပ်ချယ်ထားတာကလည်း မကောင်းဘူး။ ရှင်က တောင်ပေါ် တက်ချင်နေမှတော့ သွားလို့ရတယ်။ ဒါပေမယ့် ဒဏ်ရာတစ်ခုမှ မရဘဲ ပြန်လာရမယ်"

ကျိုးယိနိုက အလျင်အမြန် ခေါင်းညိတ်နေပြီး စုန့်တင်းရှန်း၏စူးရှသော မျက်လုံးအကြည့်အောက်မှ လွတ်မြောက်ရန် စိတ်အားထက်သန်လွန်းနေခဲ့သည်။

စုန့်တင်းရှန်းက ပြန်ထွက်မသွားသေးပဲ တောကြက်များကို အမွှေးနှုတ်နေသော စုန့်ရှင်းယိထံသို့ ချဉ်းကပ်သွားပြီး တိုးတိုးလေး ပြောလိုက်သည်။ “အဖိုး၊ သမီး ထျဲကျူးကောရဲ့နာမည်ကို ပြောင်းလိုက်တယ်” 

စုန့်ရှင်းယိ၏လက်မှ လှုပ်ရှားမှုက ရပ်တန့်သွားပြီး သူက မျက်ခုံးပင့်လိုက်ကာ "မင်းက? မင်းက သူ့နာမည်ကို ပြောင်းလိုက်တာလား...? ဘယ်လို ပြောင်းလိုက်တာလဲ?"

စုန့်တင်းရှန်းက "ယောက်ျားတစ်ယောက်ရဲ့ကတိစကားတစ်ခွန်း က ရွှေစတစ်ထောင်တန်တယ်’ တဲ့၊ အဲဒါကြောင့် ‘ယိနို’လို့ သမီး ပြောင်းပေးလိုက်တယ်၊ သူ အပြင်သွားတဲ့အခါ ပိုကောင်းသွားလိမ့်မယ်၊ ယောကျာ်းတစ်ယောက်အတွက် နာမည်က အရေးကြီးတယ်"

လူအိုကြီးက သဘောတကျရယ်မောလိုက်ပြီး ရွှင်ရွှင်မြူးမြူး အသံဖြင့် "အိုး၊ အံ့သြစရာကောင်းလိုက်တာ၊ ငါတို့ရဲ့တင်းရှန်းက အများကြီး သိနေတာပဲ၊ မင်းဦးလေး မင်းကို စာဖတ်သင်ပေးခဲ့တာ အလကား မဖြစ်ဘူးပဲ"

ထို့နောက်တွင် စုန့်ရှင်းယိက တစ်ခုခုကို တွေးမိသွားပြီး ထပ်ပြုံးလိုက်ကာ "မင်းက ဒါကို အဖိုးပါးစပ်ထဲက ထွက်လာသလို ဖြစ်ဖို့ ကြိုးစားနေတာလား?"

စုန့်တင်းရှန်းက အလျင်အမြန် ခေါင်းညိတ်လိုက်ပြီး လေးနက်တည်ကြည်သော အမူအရာလေးဖြင့် "အတိအကျပဲ၊ တနေ့မှာ လူတွေက မေးလိမ့်မယ်။ “ကျိုးယိနို မင်းနာမည်က အရမ်းကောင်းတယ်” အဲ့လိုမေးလာတဲ့အချိန် သူက “ဟုတ်တယ် ငါ့မိန်းမက ပေးထားတာ” အဲ့လို ပြန်ပြောရမှာလား? အဲဒါက ကြားလို့ကောင်းပါ့မလား? ဒါပေမယ့် “ငါ့အဖိုးက ငါ့နာမည်ကို ရွေးပေးခဲ့တာ”လို့ ပြောလိုက်ရင် ပြောပြရကျိုးနပ်တဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်လာလိမ့်မယ်။ ဂုဏ်သိက္ခာရှိတဲ့ စုန့်ရှင်းယိက ပေးတဲ့ ကြီးကျယ်ခမ်းနားတဲ့ နာမည်ကို ဘယ်သူ အထင်မကြီးဘဲ နေရဲမှာလဲ?"

စုန့်ရှင်းယိက ရယ်ရလွန်းလို့ ထွက်ကျလာသော မျက်ရည်များ ခပ်ဖွဖွ သုတ်လိုက်ပြီး "အိုး ဒါက ဘာတွေလဲ? အိုး၊ မင်းက အိမ်ထောင်ပြုလိုက်တာနဲ့ တခြားလူလိုမျိုး ပြောင်းလဲသွားတာလား? မင်းက ဘယ်တုန်းက ဒီလောက် စကားပြောကောင်းသွားရတာလဲ? မင်းရဲ့စကားတွေက ကြော့ရှင်းနေတာပဲ။ ဒါပေမယ့် မင်းက မင်းရဲ့အဖိုးကို ချီးကျူးနေတာလား? ဒါမှမဟုတ် မင်းကိုယ့်မင်း ချီးကျူးနေတာလား?"

"အဘိုးကို ချီးကျူးနေတာပါ" စုန့်တင်းရှန်းက ချစ်စဖွယ်ကောင်းသော မျက်လုံးကြီးတစ်စုံဖြင့် စုန့်ရှင်းယိကို ကြည့်ကာ သနားကရုဏာတောင်းခံနေပုံရသည်။

"ဟုတ်ပါပြီ၊ ဒါက နာမည်လေးတစ်ခုပဲ မဟုတ်ဘူးလား? အဲ့ကိစ္စအတွက် ဒီအဖိုးကို အပ်ထားလိုက်၊ အဖိုးက ရွာလူကြီးကို ပြောပြီး မင်းခင်ပွန်းရဲ့နာမည်ကို ပြောင်းပေးမယ်" ထိုသို့ ပြောပြီးနောက် စုန့်ရှင်းယိက စနောက်ချင်သည့်အမူအရာဖြင့် ဆက်ရယ်နေပြန်သည်။

"အဖိုး၊ အဖိုးက တချိန်လုံး သမီးကိုပဲ ရယ်နေတယ်။ သမီး အဖိုးနဲ့ စကားမပြောချင်တော့ဘူး”

စုန့်တင်းရှန်းက စကားပြောနေရင်း သူမ၏နှုတ်ခမ်းကာ စူကာ ခြေစောင့်လိုက်ပြီး ထပ်ပြောလိုက်သည်။ “အဖွားကိုပဲ သွားရှာတော့မယ်"

နောက်ဆုံးတွင် စုန့်တင်းရှန်းက သူမပြောချင်သည့် အဓိကအကြာင်းအရာကို ပြောခဲ့ပြီး ဆင်ခြေပေးကာ ပြန်ထွက်ပြေးသွားတော့သည်။

သူမ အိမ်ထဲသို့ ပြန်ဝင်လာချိန်တွင် အိမ်ထဲမှ အမျိုးသမီးတော်တော်များများက ‘နှစ်သစ်ကူးတွင် ပဲပိစပ်အိုး ဘယ်နှစ်အိုး လုပ်ရမလဲ’ ဆိုသည့် အရေးကြီးကိစ္စကို ဆွေးနွေးနေကြသည်။ 

ပဲပိစပ်အနှစ်ပြုလုပ်ခြင်းက မြောက်ဘက်ရှိ ကျေးလက်နေ ပြည်သူများအတွက် အရေးပါသောကိစ္စတစ်ခု ဖြစ်သည်။ ထိုအရာက သာမာန်အလုပ်တစ်ခု မဟုတ်ဘဲ အမွေအနှစ်တစ်ခု ဖြစ်ပြီး အမျိုးသမီးတစ်ယောက်၏ကျွမ်းကျင်လိမ္မာမှုကို ပြနိုင်သော အရာဖြစ်သည်။ ကျွမ်းကျင်လိမ္မာသော ဇနီးမယားတစ်ယောက် လုပ်ထားသော ပဲပိစပ်အနှစ်က အထူးမွှေးကြိုင်ပြီး ထမင်းစားသည့်အခါ ပဲအနှစ် ပန်းကန်လုံးတစ်လုံးစာ ခပ်ထည့်ထားပြီး ထမင်း၊အသီးအရွက်များနှင့်အတူ စားနိုင်သည်။ ထိုပဲပိစပ်အနှစ်တစ်ပန်းကန်က တစ်မိသားစုလုံးစာ လုံလောက်နေပြီ ဖြစ်ပြီ။ မကျွမ်းမကျင် ပြုလုပ်ထားပါက ထိုပဲပိစပ်အနှစ်က အရသာမကောင်းပဲ ‌ခြေထောက်ကဲ့သို့ ချဉ်စော်စော်အနံကြီး ရှိနေတက်သည်။ ထိုသို့သောမိန်းမများကတော့ ကဲ့ရဲ့ခံကြရပေလိမ့်မည်။

စုန့်မိသားစုမှ အမျိုးသမီးများက ထိုကိစ္စကို အလွန်ကျွမ်းကျင်ကြပြီး အိမ်နီးနားချင်းများကပင် သူတို့ပြုလုပ်သော ပဲအနှစ်ကို တစ်ခြားအရာများနှင့် လဲလှယ်စားသုံးရန် ဆန္ဒရှိသောကြောင့် နှစ်စဉ် ပဲအနှစ်အများအပြား ပြုလုပ်ကြရသည်။

"အာ့နွီအာ၊ မနက်ဖြန် အိမ်မှာ ပဲပိစပ်အနှစ် လုပ်မယ်။ ဒီနှစ် မင်း ကိုယ်တိုင်လုပ်မှာလား? ဒါမှမဟုတ် အိမ်ကနေ လာယူမှာလား?" အခန်းထဲတွင် စကားစမြည် ပြောနေသော ဖန့်ရှီက သူမ၏သမီး အခန်းထဲ ဝင်လာသည်ကို တွေ့လိုက်သည်နှင့် ဟာသလုပ်တော့သည်။ 

သို့သော် စုန့်တင်းရှန်း ပြန်မပြောရသေးခင် အဘွားစုန့်က အာသွက်လျှာသွက်ဖြင့် "ဖန့်ရှီ၊ မင်းကိုမင်း ကြည့်ဦး၊ မင်းမှာ မြေးတွေ ရှိနေပြီနော်၊ ဒါတောင်မှ မင်းက အမေတစ်ယောက်လို တည်တည်ငြိမ်ငြိမ် မနေဘဲ ဆယ်‌ကျော်သက်တွေလို စနောက်နေသေးတယ်"

သူမ၏ယောက္ခမအကြောင်းကို သိနေသော ဖန့်ရှီက ရယ်မောနေပြီး မြေပဲလက်တစ်ဆုပ်စာကို အခွံခွာကာ အေးအေးဆေးဆေး စားလိုက်ပြီးမှ "ကျွန်မ အာ့နွီကို သေသေချာချာ မေးဖို့ မလိုဘူးလား? နောင်မှာ အာ့နွီက ပဲပိစပ်အနှစ်လုပ်နည်းကို သင်ယူရတော့မယ်‌လေ၊ မဟုတ်ရင် သူ(မ)လုပ်တဲ့ ပဲအနှစ်က ခြေထောက်ကရတဲ့ အနံ့အသက်တွေလို အနံ့ဆိုးတွေ ထွက်နေလိမ့်မယ်။ အဲ့လိုသာ ဖြစ်လာရင် ထျဲကျူးတစ်ယောက် အိမ်ထဲဝင်တာနဲ့ အော့အန်နေရလိမ့်မယ်"

"အမေ!" စုန့်တင်းရှန်းက ရှက်ရွံ့စွာဖြင့် ခြေစောင့်လိုက်ပြန်သည်။ “ကျွန်မ ကိုယ်တိုင်လုပ်မယ်! ပဲပိစပ်အနှစ်တင် မကပဲ ပဲငံပြာရည်လည်း လုပ်မယ်၊ လုပ်ပြီးရင် အမေ့ကို လုံးဝ ပေးမှာ မဟုတ်ဘူး။ အဖွားအတွက်ပဲ ပေးမယ်”

"အိုး...မင်းက အရမ်းတွေ တက်နေတယ်ပေါ့၊ ပဲငံပြည်ရည်ကို ဘယ်လိုလုပ်ရမယ်တောင် သိတဉ်ပေါ့လေ?" ဖန့်ရှီတစ်ယောက် သူမ၏ပါးစပ်ထဲမှ မြေပဲများကို ပြန်ထွေးထုတ်လုနီးပါး ဖြစ်သွားရသည်။

စုန့်တင်းရှန်းက ချစ်စဖွယ် ပြုံးလိုက်ပြီး သူမ၏ခေါင်းကို ခါယ်းကာ ခန်ပေါ်သို့ တက်လိုက်ပြီး အဘွားစုန့်၏ဘေးတွင် ဝင်ထိုင်ကာ "သမီးကို လျှော့မတွက်ပါနဲ့ အမေရဲ့၊ သမီး အသက်ဆယ့်နှစ်နှစ်အရွယ်တုန်းက အဖေက သမီးကို ခရိုင်မြို့ကို ခေါ်သွားခဲ့တာ မဟုတ်ဘူးလား? အဲ့တုန်းက တစ်ယောက်ယောက်က ပဲငံပြာရည်လုပ်နည်း ပြောနေတဲ့ အသံကို သမီး ကြားခဲ့တယ်။ ဒါပေမယ် သူတို့က သမီးကို ကလေးဆိုပြီး ဂရုမစိုက်ကြဘူး။ ဒါပေမယ့် သမီး သေသေချာချာ နားထောင်ပြီး မှတ်ထားခဲ့တယ်၊ သမီး လုံးဝ ပြန်မမေ့သွားဘူး။ ဒါပေမယ့် သမီးက ငယ်သေးလို့ စမ်းကြည့်ခွင့်မရဘူး၊ အမေက ပဲပိစပ်အနှစ်တောင် မလုပ်ရဘူးလို့ ပြောခဲ့တယ်လေ။ အခု သမီး အိမ်ထောင်ကျနေပြီ၊ ကိုယ့်ဘာသာကိုယ် လုပ်လို့ရပြီ”

တကယ်တော့ အဲ့တာက စုန့်တင်းရှန်းဆိုတဲ့ သူမအတွက် ရိုးရှင်းလွန်းပြီး ကလေးကစားစရာဆိုတာက ဒီမှာရှိနေတဲ့လူတွေ အကုန်လုံး သိနိုင်ကြမှာ မဟုတ်ပါဘူး။ သူမက ငံပြာရည်အလုပ်ရုံကြီးတစ်ခုရဲ့သူဌေးဖြစ်ခဲ့ဖူးတာကြောင့် သူမ မလုပ်နိုင်တဲ့ ငံပြာရည်ဆိုတာ မရှိဘူးလေ။ သူမက ငံပြာရည်တွေ တင်မကဘဲ အသီးအရွက်ချဥ်တွေ အပါအဝင် အချဉ်ဖောက်နည်းအမျိုးမျိုးကိုလည်း သိသေးတယ်။

ဒါပေမယ့် ဒီနှစ်မှာတော့ သူမရဲ့အရည်အချင်းကို ပြသဖို့ အချိန်မရှိဘူးလို့ပဲ ဆိုရတော့မယ်။ ဖန့်ရှီနဲ့ တခြားသူတွေ လုပ်ထားတဲ့ ချဉ်ဖက်အိုးတွေကိုတောင် မစားရသေးဘူး။

"ငါကတော့ မင်းပစ္စည်းကောင်းတွေကို ဖြုန်းတီးတော့မယ်လို့ ကြိုမြင်နေတယ်!" ဖန့်ရှီက သူမ၏သမီးကို မျက်စောင်းထိုးလိုက်သည်။

အဘွားစုန့်က ရယ်မောလိုက်ပြီး နွေးနွေးထွေးထွေးဖြင့် "မင်း လုပ်ချင်ရင် မင်း လုပ်လို့ရတယ်။ အဖွားက မင်းအတွက် ပဲအနှစ်အိုးပေါင်းဖို့ အိုးနှစ်အိုးပေးမယ်။ ဒါပေမယ့် အာ့နွီအာ၊ မင်း အဖွားကို ကတိပေးရမယ်။ မင်း ဒီကိစ္စတွေကို ရှုပ်ထွေးအောင်လုပ်မိရင် နောက်နှစ်မှာ မင်းအမေဆီကနေ သင်ယူရမယ်၊ ကိုယ်ရဲ့အချိန်တွေကို မဖြုန်းတီးရဘူး နားလည်လား?" 

 "သမီး နားလည်ပါတယ် အဘွား၊ စိတ်မပူပါနဲ့၊ သမီး သေချာပေါက် လုပ်နိုင်ပါတယ်!" စုန့်တင်းရှန်းက ပြုံးနေရင်းဖြင့် စားပွဲပေါ်မှ စွန်ပလွံမုန့်ကို လှမ်းယူလိုက်ပြီး သူမပါးစပ်ထဲသို့ ထိုးထည့်လိုက်သည်။ ခဏအကြာတွင် သူမက တစ်ခုခုကို တွေးမိသွားပုံဖြင့် သရေစာတစ်ဖဲ့ကို ထပ်ယူလိုက်ပြီးမှ "ထျဲကျူးကောက ဗိုက်စာနေမလား မသိဘူး၊ ဒါကြောင့် သူ့ကို အဆာပြေဆာနည်းနည်း သွားပေးလိုက်မယ်" 

"အမေ၊ ကြည့်ပါဦး!" ဖန့်ရှီက သူမ၏ပါးစပ်ထောင့်ကို ကောင်းကင်ရောက်လုနီးပါး ပင့်တင်လိုက်ပြီး "အိမ်ထောင်ကျသွားတဲ့ သမီးက ဖိတ်ကျသွားတဲ့ ရေလိုမျိုး ဖြစ်သွားတယ်ဆိုတဲ့ စကားက တကယ် မှန်နေတာပဲ။ သူ့အမေဖြစ်တဲ့ ကျွန်မက ဒီနေရာမှာ ထိုင်နေတာ အောက်ကို ကျွံဝင်လုနီးပါးဖြစ်နေပြီ၊ အမေဖြစ်တဲ့သူကို မုန့်ကျွေးဖို့တောင် မတွေးတော့ဘူး" 

အဘွားစုန့်က ခပ်တိုးတိုး ရယ်မောနေရင်း ဖန့်ရှီ၏ရှေ့မှ မြေပဲခွံများကို လှမ်းကြည့်နေသောကြောင့် ဖန့်ရှီ၏အသံက တဖြည်းဖြည်း တိုးဝင်သွားခဲ့သည်။ 

အဘွားစုန့်က "မင်း တချိန်လုံး မရပ်မနား စားရင်း စကားပြောနေတာ မဟုတ်ဘူးလား? မင်း မြေပဲတွေ ဘယ်လောက်တောင် စားထားပြီးပြီလဲ? မင်းရဲ့ယောင်းမကို ကြည့်လိုက်၊ သူ(မ)က အလုပ်ကိုပဲ စိတ်နှစ်ပြီး တိတ်တိတ်ဆိတ်ဆိတ် နေနေတယ် တွေ့လား?"

လီရှီက သူမကို ထည့်ပြောလိုက်ချိန်တွင် ကျန်းရှီက သူမ၏ခေါင်းကို အမြန်မော့လိုက်ပြီး နှိမ့်ချတက်သော အပြုံး ချိုသာသော အသံဖြင့် "အမေ၊ ကျွန်မက အရင်ထဲက စကားအများကြီး မပြောတက်ဖူးလေ၊ အခု ဘယ်လိုပြောရမလဲ? နောက်ပြီး အာ့နွီက ဒီနေ့အိမ်ပြန်လာတာလေ၊ ကျွန်မက အကြီးဆုံးအဒေါ်အနေနဲ့ စကားနည်းနည်း ပြောမှ ဖြစ်မှာလား? အဲ့လိုဆိုရင် လူတွေက ကျွန်မကို ဘယ်လိုထင်ကြမလဲ?"

ဖန့်ရှီက သူမ၏ဟန်ဆောင်ပန်ဆောင် အမူအရာကို ဂရုပင်မစိုက်ဘဲ "ဘာတွေ ဖြစ်နေတာလဲ? အကြီးဆုံးအ‌ဒေါ်ဖြစ်တဲ့ ‌ယောင်းမက သူ့(မ)ကို ဘာမှ မပြောရဘူးတဲ့လား? သူ(မ)က အသက်ကြီးလာပြီ၊ ယောင်းမပြောချင်တာကို ပြောလို့ရတယ်၊ သူ(မ)ကို အလိုမလိုက်နဲ့တော့" 

ကျန်းရှီက ရယ်မောလိုက်ပြီး "ဟုတ်ပါပြီ၊ အခုတော့ ငါ သိသွားပြီ၊ အာ့နွီရဲ့ပွင့်လင်းတဲ့စရိုက်က ဒုတိယယောင်းမဆီကနေ အမွေရထားတာပဲ"

ဖန့်ရှီက ဟွန့်ခနဲ နှာမှုတ်လိုက်သော်လည်း ထိုစကားက သူမကို အတော်လေး ကျေနပ်စေခဲ့သည်။

သူမတို့ရဲ့အကြီးဆုံးသမီးက စုန့်ကျစ်ယွမ်နဲ့တူတာကြောင့် ရိုးသားပြီး ချစ်ခင်တွယ်တာတက်တဲ့ စိတ်ထားရှိတယ်။ ကံကောင်းထောက်မစွာနဲ့ ဒုတိယသမီးကတော့ သူမနဲ့တူပြီး ကိုယ်အမူအရာက ရဲတင်းသလို နှုတ်အမူအရာလည်းး ပွင့်လင်းပြီး ပြတ်ပြတ်သားသား ပြောဆိုပြုမူတက်တယ်။ သူမတို့ရဲ့ဒုတိယသမီးက အနာဂတ်မှာ ဘယ်သူ့ကိုမှ ဦးညွှတ်မှာ မဟုတ်သလို အနိုင်ကျင့်ခံရမှာလည်း မဟုတ်ဘူး။ ဒါက သူမအတွက် ဖြေသိမ့်စရာ တစ်ခုပဲ။

ဖန့်ရှီက သူ့မ၏ဘေးမှ အဝတ်ဟောင်းများကို ဆွဲထုတ်ကာ သေသေသပ်သပ် ချုပ်နေရင်းဖြင့် "ကျွန်မ ထျဲကျူးအတွက် ဒူးကာတစ်စုံ ချုပ်ပေးဖို့ စိတ်ကူးထားတယ်။ မနက်ဖြန် ရွာကလူတွေ တောင်ပေါ်သွားပြီး ဝံပုလွေတွေကို လိုက်ရှာကြမှာ မဟုတ်ဘူးလား? သူတို့ တကယ်လို့ ဝံပုလွေတွေ ရလာရင် ကျွန်မ သားရေအပိုင်းအစလေးတွေ လိုက်ဝယ်ပြီး ထျဲကျူးအတွက် ဒူးကားချုပ်ပေးလိုက်မယ်။ အရမ်းအေးလာရင် အအေးဒဏ်ကြောင့် သူ့ဒူးတွေ ကိုက်ခဲမှာကို ကျွန်မ စိုးရိမ်တယ်”

အဘွားစုန့်က ခပ်လှောင်လှောင် ပြုံးလိုက်ကာ "နောက်ဆုံးတော့ မင်းက မိခင်တစ်ယောက်လို ပြုမူဖို့ သတိရသွားပြီပေါ့၊ သူ့အတွက် ဒူးကာက လုပ်ပေးရမယ်။ ပြီးတော့ သူက ဘယ်ကိုသွားပြီး ဘယ်အချိန်မှ ပြန်လာနိုင်မယ်ဆိုတာ ငါတို့ မသိဘူး။ ဝံပုလွေအရေခွံရလာရင် နည်းနည်းကြီးတာလေး ဝယ်ပြီး သူ့အတွက်အင်္ကျီတစ်ထည် ချုပ်ပေးလိုက်။ ဝံပုလွေအရေက ထူပြီး ကြမ်းတော့ လမ်းတစ်လျှောက်မျာ ဆူးတွေ၊ အချွန်တွေနဲ့ တိုက်မိ၊ ခြစ်မိရင် ကာကွယ်ပေးနိုင်လိမ့်မယ်”

ထိုအချိန်တွင် အခန်းတွင်းရှိ အမျိုးသမီးများအားလုံး စကားစဲသွားကြပြီး ဖရဲစေ့နှင့် မြေပဲများကို တစ်ဖောက်ဖောက် စားနေကြသော ကလေးများ၏ အခွံခွာသံများပင် ရပ်တန့်သွားကြစ်သည်။ သူတို့က အလွန်ဉာဏ်ကောင်းကြပြီး စစ်ပွဲက လေးနက်သောအကြောင်းအရာတစ်ခုဖြစ်ကာ လူကြီးများ အရေးကြီးသည့်အရာကို ပြောနေချိန်တွင် ကလေးများက မနှောက်ယှက်သင့်ကြောင်း သူတို့ နားလည်နေကြသည်။

စုန့်တင်းရှန်းက အခန်းထဲသို့ ပြန်ဝင်လာပြီး အခန်းထဲတွင် ဘယ်သူမှ စကားမပြောနေသည်ကို တွေ့လိုက်ရပြီး လေထုက လေးလံနေလာသည်ကို နားလည်လိုက်သောကြောင့် အနည်းငယ် အံ့သြသွားခဲ့သည်။ သို့သော်လည်း သူမက ပေါ့ပေါ့ပါးပါးဟန်ဖြင့် စပ်စုလိုက်သည်။ "ဘာတွေ ဖြစ်နေကြတာလဲ၊ အဖွား၊ အားလုံးက ဘာလို့ ရုတ်တရက်ကြီး စကားမပြောကြတော့တာလဲ?"

အဘွားစုန့်က "သြော်၊ မင်းအမေ ပြောတဲ့ကိစ္စကို တွေးနေကြတာပါ၊ မင်းအမေက တောင်ပေါ်ကနေ ဝံပုလွေအရေခွံရလာရင် ထျဲကျူးအတွက် ဒူးကာ လုပ်ဖို့ တခြားသူတွေဆီကနေ အရေခွံအပိုင်းအစတွေ ဝယ်ချင်နေတယ်လေ"

စုန့်တင်းရှန်းက ခပ်ဖွဖွ ရယ်မောကာ တင်းမာသော လေထုကို ဖြိုခွဲလိုက်ပြီး "အဲ့တာက တိုက်ဆိုင်တာပဲ၊ ထျဲကျူးကော ပြောတာက သူ မနက်ဖြန် ဝံပုလွေရှာတဲ့အဖွဲ့နဲ့ တောင်ပေါ်တက်မလို့တဲ့၊ ဝံပုလွေအ‌ရေခွံရလာရင် အဖွားတို့အမေတို့အတွက် အခင်းလုပ်ပေးမယ် ပြောတယ်”

ဖန့်ရှီက လန့်ဖျပ်ပြီး "မင်း ဘာတွေ လျောက်ပြောနေတာလဲ? ဘာလို့ ဒီလိုအချိန်ကြီး သူ့ကို တောင်ပေါ်တက်ခိုင်းမှာလဲ?”

စုန့်တင်းရှန်းက တည်တည်ငြိမ်ငြိမ် ပြတ်ပြတ်သားသာဖြင့် မဆိုင်းမတွ ပြန်လည်ချေပလိုက်သည်။ 

“အမေ၊ ထျဲကျူးကောက အရည်အချင်းရှိတဲ့ လူတစ်ယောက်ပါ။ သူက သန်မာတဲ့ပြင် လျင်မြန်ဖြတ်လပ်တယ်။ ပြီးတော့ သူက မုဆိုးအိုကြီးတွေ နောက်ကနေလိုက်ပြီး အမဲလိုက်နည်းကို သင်ထားခဲ့တယ်။ အခု သူဘာသာသူတောင် အမဲလိုက်နိုင်နေပြီ။ သူ့လက်နဲ့သူ ကျားတစ်ကောင်ကိုတောင် အနိုင်ယူခဲ့သေးတာပဲ၊ ဝံပုလွေလောက်က သူ့ကို ထိခိုက်စေမှာ မဟုတ်ဘူး"

သူမသမီး၏ရဲရဲတောက်စကားများကို ကြားနေရသော်လည်း ဖန့်ရှီက အနည်းငယ် စိတ်မသက်မသာဖြစ်နေကာ မှုန်ကုန်ကုန် ဖြစ်နေသေးသည်။ စုန့်တင်းရှန်းက သူမအမေ၏ စိုးရိမ်မှု တသီတတန်းကြီးကို ခံစားမိလိုက်သောကြောင့် မျက်လွှာလေးချကာ ထပ်ပြောလိုက်သည်။ 

"သူ အရင်က သုံးခဲ့တဲ့ဓားက ဟောင်းနွမ်းနေပြီ၊ အဲ့တာကြောင့် သူ့ကို အိမ်မှာ အပိုရှိနေတဲ့ ဓားတစ်ချောင်း ပေးလိုက်ဖို့ စိတ်ကူးထားတယ်။ သူ ဝံပုလွေသားရေ ရလာရင် ဓားအစား ဝံပုလွေသားရေခြုံစောင် ပြန်လုပ်ခိုင်းလိုက်မယ်"

ဖန့်ရှီ စိတ်ကောင်းရှိသူ ဖြစ်သော်လည်း သူမက နှုတ်ကတော့ ကြမ်းတမ်းလှပြီး "အာ့နွီ၊ ဒီသေသင့်တဲ့ကောင်မလေးကတော့ ဘာကို အစားပြန်ပေးမှာလဲ? ငါတို့က မင်းကို အမြဲတမ်း မထောက်ပံ့နိုင်ဘူးလို့ ထင်နေတာလား? မင်းတို့အတွက် ဘာတွေ ပေးနိုင်မလဲဆိုတာ ငါ သွားကြည့်ဦးမယ်”

ဖန့်ရှိက သူမ၏သမီးကို ဆူပူကြိမ်းမောင်းရင်း ခန်ပေါ်မှ အမြန်ဆင်းကာ အပြင်သို့ အမြန်ထွက်သွားတော့သည်။ 

ဖန့်ရှီ ထွက်သွားပြီးနောက် မိသားစု၏အိမ်ထောင်ဦးစီးဖြစ်သော လီရှီက သက်ပြင်းချလိုက်ကာ “သမီးအမေက သမီးကို စိတ်ပူနေလို့ ဆူပူသွားတာပါ။ သူ(မ)က သမီးတို့ တစ်ခုခု ဖြစ်သွားမှာကို ကြောက်နေတာ... ဒါပေမယ့် သမီးပြောတာမှန်တယ်၊ ထျဲကျူးက သတိရှိပြီး လိမ္မာပါးနပ်တဲ့ အရည်အချင်းရှိတဲ့သူ တစ်ယောက်ပဲ၊ သူ ပြန်ရောက်လာတဲ့အခါ သမီးဘဝလေး ကောင်းကောင်းမွန်မွန် နေနိုင်မယ်လို့ အဖွား ယုံကြည်တယ်..."

စုန့်တင်းရှန်းက ညင်သာစွာ ခေါင်းညိတ်ပြလိုက်သော်လည်း သူမ၏အမူအရာတွင် ယုံကြည်မှုနှင့် မှော်လင့်ချက်များ ရောယှက်နေခဲ့သည်။  

 "အဖွား၊ သမီး သိပါတယ်" 

တကယ်တော့ ကျိုးယိနို ပြန်လာသည်ဖြစ်စေ မလာသည်ဖြစ်စေ သူမက သူမဘဝကို ကောင်းမွန်တဲ့ အခြေအနေနဲ့ နေထိုင်နိုင်မှာပါပဲ။ ရလဒ်ကဘယ်လိုပဲ ဖြစ်လာပါစေ သူမက အရာရာကို ရင်ဆိုင်နိုင်ပြီး သူမရဲ့ဘဝအတွက် သူမရဲ့ကိုယ်ပိုင်လမ်းကြောင်းကို ဖောက်ထုတ်ပြီး ရှင်သန်နိုင်ပါသေးတယ်။

ဒါပေမယ့်.... အဲ့လို ဆိုရင်တောင်မှ... အဲ့ဒီကောင်လေး....

အဲ့ဒီအရိုင်းဆန်တဲ့ ကောင်လေး.... သူက ရှားရှားပါးပါး အကြမ်းထည်လေး တစ်ခုဆိုပေမယ့် သူ ပြန်လာဖို့ သူမ မျှော်လင့်မိတာကိုတော့ သူမ မငြင်းဆန်နိုင်ပါဘူး။ 

သူမတို့တွေ ဘယ်လောက်ပဲ ပြန်းထန်တဲ့ ဘယ်လောက်ပဲ ကြာရှည်တဲ့ တောင်တန်းတွေလောက် ကပြီးမားတဲ့ မီးလျှံတွေဆိုရင်တောင် ရအောင်တိုးထွက်ပြီး ပိုမိုတောက်ပတဲ့ဘဝတစ်ခုကို အတူတကွ တည်ဆောက်ချင်ပါသေးတယ်။

......။.....။.......

ဒီစာ‌ရေးသူမှာ ပြောစရာ ရှိပါတယ်......

စုန့်တင်းရှန်း : ငါ့မှာ ဒီလောက် များပြားတဲ့ အစွမ်းအစနဲ့ အတွေ့အကြုံတွေ ရှိနေတာ ငါက ဘဝကို ကောင်းကောင်းမနေရမှာ ကြောက်နေမယ်တဲ့လား? 

ကျိုးယိနို : ငါ့ဇနီးလေး နောက်ကိုသာ လိုက်ခဲ့ကြ... အသားစားရဖို့ သေချာတယ်~ 

🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟