အခန်း(၅)စပျစ်သီးများ
ဝမ်မင်ယွီ ထိုအသံထွက်လာရာအရပ်သို့ မသိစိတ်အရ အလိုလို လှည့်ကြည့်လိုက်သည့်အခါ သွေးရောင်လွှမ်းနေသော မျက်ဝန်းများနှင့် နဖူးပေါ်တွင်လည်း အကြောအပြိုင်းပြိုင်းတို့နှင့်အတူ ရက်စက်ကြမ်းကြုတ်မှု၊ အေးစက်မှုတို့ ပြည့်နှက်နေသည့် မုကျန့်၏ ရုပ်ပျက်ဆင်းပျက် မျက်နှာထားကို တွေ့လိုက်ရသဖြင့် အလွန်အံ့အားသင့်သွားရသည်။ သူ၏ ပုံစံမှာ တစ်စုံတစ်ယောက်ကို သတ်ပစ်တော့မည့်အလား။
ဝမ်မင်ယွီ၏ နှလုံးခုန်သံပင် တစ်ချက်မျှ ရပ်တန့်သွားပြီး သူ့မှာ ချက်ချင်းပင် ပုန်းကွယ်သွားချင်မိသည်။ အပြစ်တင်ခံရမည့် မောင်ကံဆိုးတစ်ယောက် ဖြစ်မလာစေရန် မုကျန့်၏ သတိထားမိခြင်းကို မခံရစေဖို့သာ ဆုတောင်းနေမိ၏။
သို့သော် အရာအားလုံးမှာ မြန်ဆန်လွန်းလှလေသည်။ မုကျန့်က သူ့ကို ချက်ချင်းပင် သတိထားမိသွားပြီး ဒေါသများ ပြည့်နှက်နေသော အကြည့်များဖြင့် စိုက်ကြည့်ကာ သူ့အနားသို့ လျှောက်လှမ်းလာတော့၏။
ကြီးမားသော ဖိအားကြီးမှာ ပင်လယ်လှိုင်းလုံးကြီးများ တစ်ခုပြီးတစ်ခု ရိုက်ခတ်လာသည့်နှယ် အသက်ရှူပင် ကျပ်လာစေလျက်။ ပေါင်ချိန်ထောင်ပေါင်းများစွာရှိသော အလေးတုံးကြီး ရုတ်တရက် ပိကျလာသည့်အလား မတ်တတ်ရပ်ရန်ပင် ခက်ခဲလာကာ ခြေထောက်များ ပျော့ခွေလဲကျမသွားအောင်တောင် အတင်းထိန်းထားရလေသည်။
ဝမ်မင်ယွီခမျာ ခန္ဓာကိုယ်တစ်ခုလုံး အားအင်ချည့်နဲ့နေသဖြင့် လဲမကျသွားစေရန် ထိုင်ခုံပေါ်တွင်သာ ဆက်ထိုင်နေရ၏။
စက္ကန့်အနည်းငယ်အတွင်းမှာပင် မုကျန့်က သူ၏ရှေ့မှောက်သို့ ရောက်ရှိလာ၏။ အရပ်အမောင်း မြင့်မားလှသော ခန္ဓာကိုယ်ကြီးက အလင်းကို ကာဆီးထားသဖြင့် ဝမ်မင်ယွီ၏အပေါ်သို့ အရိပ်ကြီးတစ်ခုသာ ကျရောက်နေလေသည်။
ဤမျှ နီးကပ်သော အကွာအဝေးတွင် ခံစားရသော ဖိအားမှာလည်း ပို၍ ပြင်းထန်လာလေပြီ။
ဝမ်မင်ယွီမှာ တောင့်တင်းသွားရပြီး နောက်ထပ် ဘာဖြစ်လာမည်ကို အလွန်အမင်း ထိတ်လန့်နေမိလျက်ပင်။
မုကျန့်က လူသတ်လိုသော အငွေ့အသက်များ လွှမ်းခြုံလျက် ချဉ်းကပ်လာသဖြင့် ကြောက်မက်ဖွယ်ကောင်းသော တစ်စုံတစ်ခု ဖြစ်ပျက်တော့မည်ဟုပင် ထင်ရ၏။ ထို့နောက် ဝမ်မင်ယွီ၏ အနားသို့ ငုံ့ကိုင်းကာ လက်ကို ဆန့်ထုတ်လိုက်တာကြောင့် ဝမ်မင်ယွီမှာ သူ့ကို လည်ပင်းညှစ်သတ်တော့မည်ဟုပင် ထင်သွားကာ အလွန်အမင်း ကြောက်လန့်သွားရသည်။ တစ်ကိုယ်လုံးရှိ အမွေးအမျှင်များအားလုံး ထောင်ထသွားပြီး ချက်ချင်း ခုန်ထကာ ထွက်ပြေးချင်စိတ်များပါ ပေါက်နေသော်လည်း ထိုလက်မှာ အခွံနွှာထားသော စပျစ်သီးတစ်လုံးကိုသာ ကောက်ယူ၍ စားလိုက်သည်ကိုသာ တွေ့လိုက်ရ၏။
...?
ဝမ်မင်ယွီ လုံးဝကို ဆွံ့အသွားရလေပြီ။
ဤသည်မှာ ဗီဒီယိုဂိမ်းတစ်ခုကို အဆုံးသတ်အထိ ကစားပြီးနောက် အသေခံရတော့မည်ဟု တွေးထင်ရင်း နောက်ဆုံးတံခါးကို ဖွင့်လိုက်ချိန်၌ အလွန်ခက်ခဲကြမ်းတမ်းသော Boss ကြီးနှင့် ရင်ဆိုင်ရတော့မည်ဟု မျှော်လင့်ထားသော်လည်း တကယ်တမ်း အတွင်း၌မူ နူးအိနေသော ဂျယ်လီလုံးလေးတစ်လုံးသာ အိပ်ချင်မူးတူးဖြင့် ပျင်းရိစွာ အိပ်စက်နေသည်ကို တွေ့လိုက်ရသကဲ့သို့ပင်။
"ဟူး~"
မှန်းချက်နှင့် နှမ်းထွက်မှာ ကွာခြားလွန်းလှသဖြင့် သူ မည်သို့တုံ့ပြန်ရမည်ကိုပင် မေ့လျော့နေမိ၏။
မကြာမီမှာပင် မုကျန့်ဟာ သူနွှာထားသော စပျစ်သီး တစ်ဝက်ခန့်ေလာက်ကို စားပြီးသွားေလပြီ။ ဝမ်မင်ယွီ ဘာမှမလုပ်ဘဲ ငြိမ်နေသဖြင့် စိတ်အနှောင့်အယှက် ဖြစ်သွားဟန်ဖြင့် သူ့လက်ကောက်ဝတ်ေလးကို လှမ်းဆွဲကာ အခွံမနွှာရသေးသော စပျစ်သီးများပေါ်သို့ တင်ပေးလိုက်ပြီး အေးစက်စွာ အမိန့်ပေးလာသည်။
"ဆက်လုပ်လေ"
ဝမ်မင်ယွီ: "...အာ"
သူတို့ဟာ စပျစ်သီး အခွံနွှာခြင်းကို တကယ်ပင် ဆက်လုပ်နေကြလျက်။
သို့သော် တစ်ယောက်က စပျစ်သီးအား တစ်လုတ်ကို တစ်လုံးနှုန်းနဲ့ စားနေလျှင် ကျန်တစ်ယောက်က မည်သို့ အမီလိုက်၍ အခွံနွှာပေးနိုင်မည်နည်း?
မကြာမီမှာပင် မုကျန့်က အခွံနွှာထားသော စပျစ်သီးအားလုံးကို စားပြီးသွားသဖြင့် သူ၏ အကြည့်များက ဝမ်မင်ယွီ၏ လက်ချောင်းေလးများပေါ်သို့ ကျရောက်လာေတာ့သည်။
ဝမ်မင်ယွီမှာ တောင့်တင်းသွားပြီး အမြန်နှုန်းကို မြှင့်ရန် ကြိုးစားသော်လည်း စိုက်ကြည့်ခံနေရသဖြင့် ပို၍ပင် စိတ်လှုပ်ရှားလာကာ အခွံကို ကောင်းစွာ မနွှာနိုင်ဘဲ ဖြစ်နေရ၏။
ဝမ်မင်ယွီ၏ လက်များမှာ အလွန်လှပလေသည်။ လက်ဆစ်များမှာ အချိုးအစားကျကာ ရှည်လျားပြီး ဖြူဝင်းနေလျက်။ ခရမ်းရင့်ရောင် စပျစ်သီးကို ကိုင်ထားသည့်အခါ သူ၏လက်မှာ ကျောက်စိမ်းဖြူကဲ့သို့ ပိုမိုနုနယ်ချောမွေ့ပုံ ပေါက်နေ၏။ ကြည့်မိသူတိုင်းဟာ သူ့ကို အလုပ်ခိုင်းရန်ပင် ဝန်လေးကြပေလိမ့်မည်။ သို့သော် မုကျန့်မှာမူ ထိုသို့သောလူမျိုး မဟုတ်သည်မှာ အထင်အရှားပင်။
ဝမ်မင်ယွီ စပျစ်သီး၏ နောက်ဆုံး အခွံလေးကို နွှာရန် ကြိုးစားနေစဉ်မှာပင် မုကျန့်က စိတ်မရှည်တော့ဟန်ဖြင့် သူ၏လက်ကို ဆွဲယူကာ ပါးစပ်နားသို့ ကပ်၍ စပျစ်သီးကို စားပစ်လိုက်ေလသည်။
စပျစ်သီးမှာ ဝမ်မင်ယွီ၏ လက်ချောင်းများကြားတွင် ရှိနေသဖြင့် မုကျန့်အတွက် ကိုက်စားရန် လွယ်ကူနေသည်။ ဝမ်မင်ယွီမှာ သူ၏ လက်ထိပ်လေးများကို နွေးထွေးစိုစွတ်သော အရာတစ်ခု ထိတွေ့သွားသည်ကို ရှင်းလင်းစွာ ခံစားလိုက်ရ၏။ အလွန်ပူနွေးလွန်းသဖြင့် လက်ကို ပြန်ဆွဲလိုက်ချင်သော်လည်း လက်ကောက်ဝတ်ကို အကိုင်ခံထားရသဖြင့် မလှုပ်သာပေ။
ပို၍ ဆိုးသည်မှာ မုကျန့်ဟာ တမင်တကာလော သို့မဟုတ် မတော်တဆလော မသိရဘဲ စပျစ်သီးကို စားပြီးနောက် သူ၏ လက်ထိပ်မှ စပျစ်ရည်များကိုပါ လျှာဖြင့် သိမ်းကျုံးကာ လျက်ယူလိုက်ခြင်းပင်။
ထိုနူးညံ့သော အထိအတွေ့ကြောင့် သူ့မှာ တစ်ကိုယ်လုံးပင် ယားကျိကျိ ဖြစ်သွားရသည်။
ဝမ်မင်ယွီသည် သူ၏လက်ချောင်းလေးများကို မသိစိတ်ဖြင့် အနည်းငယ် ကွေးလိုက်မိပြီး မျက်တောင်များမှာလည်း တုန်ရီနေလျက်။
မုကျန့်မှာမူ စပျစ်သီးကို စားနေသော်လည်း သူ၏ မျက်လုံးများကတော့ ဝမ်မင်ယွီကိုသာ စိုက်ကြည့်နေ၏။ သားကောင်ကို ဝါးမျိုပစ်ချင်နေသော သားရဲကြီးတစ်ကောင်အလား။
ကြီးမားသော အန္တရာယ်အငွေ့အသက်ကြီးတစ်ခု ဝမ်မင်ယွီ၏ စိတ်ထဲတွင် ပေါက်ကွဲထွက်လာေတာ့သည်။ မုကျန့်က စပျစ်သီးကို စားပြီးသော်လည်း သူ၏လက်ကို မလွှတ်ပေးသေးဘဲ လက်ချောင်းလေးများကိုပါ စားပစ်တော့မည့်အလား ကိုက်ထားေလ၏။
ဝမ်မင်ယွီခမျာ အတင်းအဓမ္မ ရုန်းကန်ခြင်းလည်း မပြုဝံ့ပေ။
"အရှင်... ကျွန်တော် အရှင့်အတွက် စပျစ်သီးတွေ ဆက်ပြီး နွှာပေးပါ့မယ်"
မုကျန့်က သူ့ကို နှစ်စက္ကန့်မျှ စိုက်ကြည့်နေပြီးမှ လက်ကို ဖြည်းညှင်းစွာ လွှတ်ပေးလိုက်သည်။ ဝမ်မင်ယွီမှာ ချက်ချင်းပင် လက်ကို ပြန်ဆွဲယူကာ စပျစ်သီးတစ်လုံးကို ကောက်ကိုင်လိုက်ပြီး အလွန်အလုပ်ရှုပ်နေဟန်ဖြင့် အာရုံစိုက်နေမိ၏။
မုကျန့်မှာမူ စပျစ်သီးများ စားပြီးနောက်တွင် မျက်ဝန်းထဲရှိ သွေးရောင်များမှာ ပျောက်ကွယ်သွားပြီး မှိုင်းညှို့အေးစက်သော အမူအရာမှာလည်း နူးညံ့သွားကာ ပုံမှန်အတိုင်း တည်ငြိမ်သော အမူအရာ ပြန်ဖြစ်သွားေတာ့၏။
ထို့နောက် မတ်တပ်ရပ်ကာ တံခါးဝသို့ လျှောက်သွားပြီး ကျောက်သဲ့ချွမ်အား ညွှန်ကြားချက်အချို့ ပေးနေလေသည်။
သူ ထွက်ခွာသွားသည်နှင့် ဝမ်မင်ယွီမှာ တိတ်တဆိတ် သက်ပြင်းချလိုက်မိပြီး ခန္ဓာကိုယ်မှာလည်း ပျော့ခွေသွားကာ စားပွဲပေါ်တွင်သာ မလှုပ်မယှက် လှဲနေချင်တော့၏။
တံခါးဝဆီမှ စကားပြောသံသဲ့သဲ့ကို ကြားနေရသည်။ ပြတ်တောင်းပြတ်တောင်း ဖြစ်နေသော်လည်း ဝမ်မင်ယွီမှာ မုကျန့်က တစ်စုံတစ်ယောက်ကို သတ်ရန် အမိန့်ပေးနေသည်အား နားစွန်နားဖျား ကြားလိုက်ရလေ၏။
စောစောက သူ ဖတ်လိုက်သော လျှောက်တင်လွှာနှင့် ဆက်စပ်နေသူ တစ်ဦးဦး ဖြစ်ပေလိမ့်မည်။
ဝမ်မင်ယွီမှာ ထိုအကြောင်းကို ဆက်မတွေးရန်နှင့် နားမထောင်ရန် မိမိကိုယ်ကိုယ် သတိပေးလိုက်ရသည်။ များများသိထားခြင်းက သူ့အတွက် ကောင်းကျိုးရှိမည် မဟုတ်ပေ။
မုကျန့် ပြန်ရောက်လာသည့်အခါ လျှောက်တင်လွှာများကိုသာ ဆက်လက်ဖတ်ရှုနေပြီး စပျစ်သီးကိုပင် ထပ်မစားတော့ဘဲ ဝမ်မင်ယွီကိုသာ စားခိုင်းလိုက်၏။
ဝမ်မင်ယွီသည်လည်း အားနာမနေတော့။ သူ စောစောက ကြောက်လွန်း၍ အသက်ထွက်လုနီးပါးပင် ဖြစ်ခဲ့ရရာ စိတ်အေးလက်အေး ဖြစ်သွားစေရန် တစ်ခုခု စားထားဖို့ လိုအပ်သည် မဟုတ်ပါလား။
စပျစ်သီးတစ်လုံးကို ပါးစပ်ထဲသို့ ထည့်ကာ ကိုက်လိုက်ချိန်၌ စပျစ်ရည်များမှာ ပါးစပ်ထဲတွင် စိမ့်ထွက်လာ၏။ သူ ထင်ထားသည့်အတိုင်းပင် အလွန်ချိုမြိန်ပြီး အရသာရှိလှသည်။
ဝမ်မင်ယွီမှာ အရသာရှိလှသော အစားအစာကြောင့် စိတ်သက်သာရာရသွားပြီး မျက်လုံးလေးများကိုပင် မှေးစင်းလိုက်မိ၏။
စပျစ်သီး အနည်းငယ် စားပြီးနောက်တွင်မှ မုကျန့် သူ့လက်ချောင်းကို ကိုက်ခဲ့သည်ကို သတိရသွားမိသည်။ယခု သူ့ လက်ပေါ်တွင် တစ်ခုခု ကျန်နေပေလိမ့်မည်...
(တံတွေးပေနေမယ်လို့ တွေးမိသွားတာပါ)
ဝမ်မင်ယွီ၏ အမူအရာမှာ ခဏတာ ကြောင်အမ်းသွားပြီး ခံစားချက်များမှာလည်း ရှုပ်ထွေးနေမိလျက်။ ဆက်စားရမလား မစားရဘူးလား သူ ဝေခွဲမရ ဖြစ်နေသည်။
စက္ကန့်အနည်းငယ်မျှ တုံ့ဆိုင်းနေပြီးနောက် လက်ကိုင်ပဝါဖြင့် သူ၏ လက်ချောင်းများကို တိတ်တဆိတ် သုတ်လိုက်၏။ သူ၏ လက်ထိပ်ပေါ်မှ သွားရာကို ခဏမျှ စိုက်ကြည့်နေပြီးနောက် မျက်နှာလွှဲလိုက်ကာ ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်၍ ဆက်လက် စားသောက်နေတော့သည်။
သူ စပျစ်သီးစားပြီးသည့်အခါတွင်မူ မုကျန့်က သူ့ကို ပြန်ခိုင်းလိုက်၏။
ထိုနေ့မှစ၍ ဝမ်မင်ယွီ အဆောင်တော်သို့ လာသည့် အခါတိုင်း စားပွဲပေါ်၌ တော်ဝင်အချိုပွဲများနှင့် သစ်သီးဝလံများကို အမြဲတစေ တွေ့ရတတ်ေလသည်။ ထို့နောက်တွင် ထိုစားစရာအများစုမှာ သူ၏ ဝမ်းဗိုက်ထဲသို့သာ ရောက်ရှိသွားကြလေတော့၏။