Chapter6
Viewers 1k

အခန်း(၆)- ဖယ်ရိုမုန်း


သူ့အား မုကျန့်က ထပ်မံခေါ်ခိုင်းခဲ့၍ ဝမ်မင်ယွီခမျာ ဘေးတစ်ဖက်တွင် ထိုင်နေရသည်။


ဤအတောအတွင်းတွင် သူသည် ထိုအာဏာရှင်ဆိုသူ၏ ကောလဟာလများအားလုံးမှာ လုံးဝ ယုံကြည်၍မရကြောင်း တွေ့ရှိခဲ့သည်။ ဥပမာအားဖြင့် မုကျန့်ဟာ နိုင်ငံတော်အရေးကိစ္စများကို ကိုင်တွယ်ဖြေရှင်းရင်းဖြင့် အလွန်အလုပ်ရှုပ်နေပြီး သနားစရာကောင်းသော ကော်ပိုရိတ်ကျေးကျွန်တစ်ဦးနှင့်ပင် တူနေ‌ေလသည်။


သူသည် နံနက်လေးနာရီတွင် အိပ်ရာမှ နိုးထရကာ သန့်ရှင်းရေးလုပ်ပြီးသည်နှင့် အဝတ်အစားလဲ၍ တရားရုံးတော်သို့ သွားရသည်။ နံနက်ကိုးနာရီခန့်တွင် တရားရုံး‌တော်ကိ‌စ္စများ ပြီးစီးပြီးနောက် အရေးပါသော အမတ်အချို့နှင့်အတူ နိုင်ငံတော်အရေးကိစ္စများကို ဆက်လက်ဆွေးနွေးရပြန်သည်။ နေ့လည်စာစားပြီး ခဏနားပြီးနောက်တွင်မူ သူဟာ ပင်လယ်ပြင်ကြီးကဲ့သို့ စုပုံနေသည့် လျှောက်လွှာစာတမ်းများကြား ပြန်လည်ခုန်ဆင်းရပြန်ကာ ညဉ့်နက်သည်အထိ အလုပ်လုပ်ရပြန်၏။


နှိုင်းယှဉ်ကြည့်ပါက ဘေးနားတွင် အတိုင်းသား မုန့်ထိုင်စားနေရသည့် ဝမ်မင်ယွီမှာ မိမိဝန်ထမ်းများကို ခေါင်းပုံဖြတ်နေသော နှလုံးသားမဲ့သည့် ကြီးကြပ်ရေးမှူး၊‌ ငွေရှင်တစ်ဦးကဲ့သို့ပင် ခံစားလိုက်ရလေသည်။


ဝမ်မင်ယွီ တိတ်တဆိတ် သက်ပြင်းချလိုက်ပြီးနောက် ဖရဲစေ့တစ်စေ့ကို ကောက်ယူလိုက်ပြီး သွားဖြင့်ကိုက်ကာ အခွံခွာရန် ပြင်လိုက်သော်လည်း ဆူညံသံထွက်သွားမည်ကို စိုးရိမ်သောကြောင့် လက်ဖြင့်သာ အသာလေး ခွာလိုက်လေသည်။ ရလဒ်အနေနဲ့ အခန်းက တိတ်ဆိတ်လွန်းနေသောကြောင့် ထိုအသံကပင် ထင်ရှားစွာ ထွက်ပေါ်လာ‌တော့၏။


ဝမ်မင်ယွီက ဖရဲစေ့များကို ပန်းကန်ထဲသို့ ကပြာကယာ ပြန်ပစ်ချလိုက်ပြီးနောက် အလေးအနက်ဆန်သော အမူအရာဖြင့် သူ ဘာမှမလုပ်ခဲ့သလို၊ ထိုအသံက သူနှင့် လုံးဝ မပတ်သက်သလို ဟန်ဆောင်နေလိုက်၏။


အထိန်းတော်နှင့် ဝမ်မင်ယွီတို့ နှစ်ဦးစလုံး မုကျန့်ဘက်သို့ လှမ်းကြည့်လိုက်သောအခါ ထိုသူက လျှောက်လွှာစာတမ်းများကိုသာ အာရုံစိုက်နေပြီး လုံးဝ တုံ့ပြန်မှုမရှိဘဲ ဘာမှ မကြားလိုက်သကဲ့သို့ ဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။ ထိုမှသာ နှစ်ဦးစလုံး သက်ပြင်းချနိုင်ကြတော့သည်။


ထို့နောက် အထိန်းတော်က ရှေ့တိုးလာပြီး ပါးစပ်လှုပ်ရုံဖြင့် ခပ်တိုးတိုး တောင်းပန်ကာ အခြားမုန့်ပန်းကန်တစ်ချပ်ကို ဝမ်မင်ယွီရှေ့သို့ တိုးပေးလိုက်ပြီး သူအကြိုက်ဆုံး မုန့်ပန်းကန်နှင့် လဲလှယ်ပေးမည်ဟု ဆိုကာ ဖရဲစေ့ပန်းကန်ကို ကောက်ယူပြီး ထွက်သွား‌ေတာ့သည်။


ဝမ်မင်ယွီကတော့ ဧကရာဇ်ထံသို့ ဖရဲစေ့ ပို့ရဲသော နန်းတွင်းအစေခံဆီ သွားပြီး ဆုံးမသင့်သလားဟု တွေးနေ‌လေပြီ။


မကြာခင်တွင် ကုန်းကုန်းလေးတစ်ဦးက မုန့်အသစ်တစ်ပန်းကန်ကို ယူဆောင်လာခဲ့ပြန်၏။ ဝမ်မင်ယွီက တိတ်တဆိတ်ပင် နှစ်ခု‌လောက် စားလိုက်ပြီးနောက်တွင် ပါးစပ်ခြောက်လာသဖြင့် လက်ဖက်ရည် တစ်ငုံသောက်လိုက်သည်။


ဤနေရာမှ အစားအသောက်များက အလွန်ကောင်းမွန်သည်ကိုတော့ သူ ဝန်ခံရမည်။ အကယ်၍ မုကျန့်ဆိုသည့် အန္တရာယ်ရှိသော ချိန်ကိုက်ဗုံးကြီးသာမရှိခဲ့လျှင် သူ လုံးဝ ထွက်သွားချင်လိမ့်မည်မဟုတ်ပေ။


ခဏအကြာ…


မုကျန့်က ပင်ပန်းနွမ်းနယ်စွာဖြင့် နားထင်ကို ပွတ်သပ်‌နေရင်း လျှောက်လွှာစာတမ်းများထံမှ အကြည့်လွှဲကာ ခဏအနားယူရန် ရည်ရွယ်လိုက်သည်။ ထို့နောက် ဝမ်မင်ယွီရှိရာဆီသို့ ခေါင်းလှည့်ကြည့်လိုက်၏။


ဝမ်မင်ယွီဟာ ချယ်ရီမုန့်တစ်မျိုးကို ဝါးနေပြီး မျက်လုံးများပင် မှေးစင်းနေကာ ပါးပြင်များကလည်း အနည်းငယ်ဖောင်းကားလျက် အစားအသောက်ကို အပီအပြင် ခံစားနေသည်။ ရုတ်တရက် သူ့အပေါ်သို့ ကျရောက်နေသော အကြည့်တစ်စုံကို သူ ခံစားလိုက်ရသည်။ ထို့ကြောင့် ခေါင်းစောင်းပြီး မော့ကြည့်လိုက်ပြီးသည်နှင့် ချက်ချင်းဆိုသလို ပါးစပ်ပိတ်ကာ နှုတ်ခမ်းပေါ်မှ အမှုန့်များကိုလည်း အမြန်သုတ်လိုက်သည်။ ထို့နောက် သူ့နှုတ်ခမ်းထောင့်များကို ကွေးညွှတ်၍ တိတ်ဆိတ်ပြီး ချိုမြိန်သော အပြုံးတစ်ပွင့်ကို ပန်ဆင်လိုက်‌ေလသည်။ သူဟာ နွေးထွေးသော အလင်းရောင်ကို ထုတ်လွှင့်ပေးနေသည့် နေမင်းလေးတစ်ပါးနှင့်ပင် တူနေခဲ့၏။


မုကျန့်က သူ့ကို နှစ်စက္ကန့်လောက် စိုက်ကြည့်နေပြီးနောက်တွင် ထရပ်လိုက်ကာ လမ်းလျှောက်လာပြီး သူ့ဘေးရှိ ခုံပေါ်တွင် ထိုင်ချလိုက်သည်။ ပေါ့ပေါ့ပါးပါးဖြင့် နောက်သို့မှီလိုက်ပြီး မျက်လုံးများကိုပင် မှိတ်ထားလိုက်သေး၏။


ဝမ်မင်ယွီကလည်း မုန့်တစ်ကိုက်စားလိုက်ပြီး ထိုသူ့ကို တိတ်တဆိတ်သာ ကြည့်နေလိုက်သည်။


မုကျန့်က သလွန်ပေါ်တွင် လဲလျောင်းနေပြီး မျက်တောင်များကလည်း အောက်သို့ စိုက်ကျနေကာ သူ့ဆံပင်နက်များကမူ လေထဲတွင် လျော့တိလျော့ရဲ ဝဲကျနေသည်။ အနည်းငယ် ပျင်းတိပျင်းရွဲနှင့် ပေါ့‌ပါးလွတ်လပ်နေပုံ ပေါ်၏။ သူ၏နက်ရှိုင်းအေးစက်သော မျက်လုံးများကို ယခုလိုမျိုး ဖုံးကွယ်ထားသောအခါတွင်မူ သူ့မျက်နှာအမူအရာက ပျော့ပျောင်းသွားပုံ‌ရပြီး ပုံမှန်ရှိနေကျ ကြောက်မက်ဖွယ် အရှိန်အဝါမျိုး မရှိတော့ဘဲ နုပျိုလန်းဆန်းသော အငွေ့အသက်များသာ ထုတ်လွှတ်နေ‌တော့သည်။

ရိုးရိုးသားသားပြောရလျှင် အစပိုင်းတုန်းက သည်အကြောင်းကို သိရသောအခါ သူ အနည်းငယ်ပင် မယုံနိုင်ဖြစ်ခဲ့‌ရသေးသည်။ ဤမင်းဆိုးမင်းညစ်ဟာ ဆယ့်ရှစ်နှစ်သာရှိသေးပြီး သူ့ထက် နှစ်နှစ်သာ ကြီး၏။ အနာဂတ်ကမ္ဘာတွင်ဆိုလျှင် သူဟာ ကျောင်းသားတစ်ဦးသာ ဖြစ်နေဦးမည်။ ကောလိပ်ဝင်ခွင့်စာမေးပွဲပင် ဖြေဆိုထားရဦးမည်မဟုတ်ပေ။ သို့သော် ဤနေရာတွင်မူ သူသည် နန်းတက်ခဲ့သည်ကပင် နှစ်ပေါင်းများစွာရှိနေပြီဖြစ်သည့် စွမ်းဆောင်နိုင်စွမ်းရှိသော မင်းတစ်ပါးဖြစ်‌နေသည်။


သူ၏ အကြမ်းဖက်တတ်သော အကျင့်ကိုသာ ဘေးဖယ်ထားလိုက်လျှင် သည်လူဟာ အမှန်တကယ်ကို အလွန်အမင်း စွမ်းဆောင်နိုင်စွမ်းရှိသည့် ပုဂ္ဂိုလ်တစ်ဦးပင် ဖြစ်သည်။


ဝမ်မင်ယွီက သူ့နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး အိပ်‌‌ေပျာ်နေသော ထိုမျက်နှာကို ကိုယ်တိုင်‌တောင်သတိမထားမိဘဲ စိုက်ကြည့်နေမိသည်။ သည်လူက မယုံနိုင်လောက်အောင် ခန့်ညားသည်။ ဤမျှချောမောလှပသော အမျိုးသားတစ်ဦး။ ထိုကဲ့သို့ အပြစ်အနာအဆာမရှိသော မျက်နှာကို တစ်ချက်လောက် မရိုက်ရသည်ကား စင်စစ် အရှက်ရစရာတစ်ခုပင်။


ဝမ်မင်ယွီ လွန်ခဲ့သော ရက်အနည်းငယ်က ကြားသိခဲ့ရသည်မှာ ဤအာဏာရှင်ဟာ အစပိုင်းတွင် သူ့ကို သတ်ရန် ရည်ရွယ်ပြီး သူ့ဆီသို့ လာသော်လည်း နောက်ပိုင်းတွင် အကြောင်းတစ်ခုခုကြောင့် စိတ်ပြောင်းသွားခဲ့သည်ဟူ၍ ဖြစ်သည်။ ဤလူသည် ထိုသို့ ခန့်မှန်းရခက်သည်။ စိတ်ထင်တိုင်း လုပ်ဆောင်တတ်ပြီး အတိုင်းအဆလည်း လုံးဝ မရှိပေ။ သူစဉ်းစားနေသည်ကို မည်သူမှ ခန့်မှန်းနိုင်မည်မဟုတ်ပေ။


ဤအကြောင်းကို ကြားသောအခါ ဝမ်မင်ယွီခမျာ ကြောက်ရွံ့မှုလှိုင်းတစ်ခုကိုပင် ခံစားလိုက်ရသည်။ နေ့တိုင်း သည်မင်းဆိုးမင်းညစ်ကြောင့် ကြောက်လန့်နေရသည်ကိုပါ ပေါင်းထည့်လိုက်သောအခါတွင်မူ မကျေမနပ်ဖြစ်ခြင်းနှင့် မုန်းတီးမှုကို မခံစားမိဘဲ မနေနိုင်တော့ပေ။


အပြင်ပန်းတွင် ပြုံးနေသော်လည်း အတွင်းစိတ်၌ ကြိတ်၍ ကျိန်ဆဲနေသည့် Meme ပုံ က သူ့ကို အပီအပြင်ပင် ထင်ဟပ်နေတော့သည်။


ဝိုက်လက်‌သီးတစ်ချက်၊ ခြေ‌ေစာင်းကန်ချက်တစ်ချက်၊ ပြီးတော့ ပွဲသိမ်း ခြေနင်းချက်တစ်ချက်…..


ဝမ်မင်ယွီ၏ စိတ်ထဲတွင် လူ‌သေးသေးလေးက သည်မင်းဆိုးမင်းညစ်ကြီးကို ထိုးနှက်ကန်ကျောက်နှင့်နေပြီး လက်စားချေရ၍ အလွန်အင်မတန် ပျော်ရွှင်နေ‌ တော့သည်။ သို့သော်လည်း လက်တွေ့တွင် သူ ထိုသို့ လုံးဝ လုပ်ဆောင်နိုင်မည်မဟုတ်ပေ။ ထိုသို့လုပ်ဆောင်ခြင်းဟာ သေခြင်းတရားကို တောင်းဆိုလိုက်သလိုသာ ဖြစ်သွား‌လိမ့်မည်။


သူ့စိတ်ထဲတွင် တွေးနေသည်များကို မျက်နှာပေါ်တွင် လုံးဝမပြဘဲ မုကျန့်ကိုသာ အာရုံစိုက်ကြည့်နေမိသည်။ အကြောင်းမသိသည့်မည်သူမဆို ၎င်းဟာ စိတ်အားထက်သန်ပြီး ဖော်ပြရန်မသင့်လျော်သော ဇာတ်လမ်းတစ်ပုဒ်ဟုသာ ယူဆသွားမည်မှာ အသေအချာပင်။


မျက်လုံးများ‌မှိတ်၍ မှေးနေသော မုကျန့်ပင်လျှင် ပြင်းထန်သော အကြည့်စူးစူးကို ခံစားမိသွားပုံရသည်။ သူက အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီးနောက် နိုးထလာတော့မည့်ပုံ ပြလာ၏။


ဝမ်မင်ယွီလည်း ချက်ချင်းပင် ခေါင်းလှည့်သွားပြီး အသီးခြောက်များကိုသာ စားချင်ယောင်ဆောင်နေတော့သည်။


ရလဒ်အနေဖြင့် မုကျန့်ဟာ အနည်းငယ်သာ လှုပ်ရှားသွားပြီး နိုးမလာခဲ့ပေ။ ဝမ်မင်ယွီ တိုးတိုးလေးသက်ပြင်းချလိုက်ပြီး သကြားစိမ်သစ်သီးကို ချလိုက်ကာ မျက်လုံးများကို ပွတ်သပ်လိုက်မိသည်။ အချိန်ကြာကြာ စိတ်ဖိစီးနေခဲ့သောကြောင့်ပေလားသူလည်း အနည်းငယ် အိပ်ငိုက်လာခဲ့၏။


သူ့ကိုယ်သူ အားမွေးဖို့အတွက် မျက်တောင် တဖျတ်ဖျတ် ခတ်လိုက်သော်လည်း ခဏအကြာတွင်မူ စားပွဲပေါ်သို့ မှောက်ကျသွားပြီး အိပ်‌မောကျသွား‌ တော့သည်။


သူ အချိန်မည်မျှကြာကြာ အိပ်ပျော်ခဲ့သည်ကိုပင် မသိလိုက်ပေ။ နိုးလာသောအခါတွင်မူ ညမှောင်နေပြီဖြစ်‌ကြောင်း မျက်လုံးများကို ပွတ်သပ်ရင်းဖြင့် လှမ်းကြည့်လိုက်မိသည်။ ခပ်ဝေးဝေးမှ ဖယောင်းတိုင်မီးများသာ တဖျတ်ဖျတ်လင်းနေ၏။


ငါဘယ်သူလဲ? ငါဘယ်‌ရောက်နေတာလဲ?


အပြည့်အဝ နိုးမလာသေးသော ဝမ်မင်ယွီက လုံးဝ ရှုပ်ထွေးနေသည့်ပုံ ပေါ်နေသည်။


အထိန်းတော်ချုပ် ကျောက်သဲ့ချွမ်က သူ့ထံသို့ လျှောက်လာပြီး အရိုအသေပေးကာ ကြင်နာစွာဖြင့် ပြုံးပြလာသည်။


“သခင်လေးဝမ် အရှင်မင်းကြီးက သခင်လေးနိုးလာရင် ပြန်လိုက်ပို့ပေးဖို့ ကျွန်တော်မျိုးကို ညွှန်ကြားထားပါတယ်”


ဝမ်မင်ယွီက စိတ်ရှုပ်ထွေးနေဆဲပုံဖြင့် ဖြေလိုက်၏။

“ကောင်းပြီ”


ထို့နောက် သူက ကုန်းကုန်းနောက်မှ တဝါးဝါးသန်းရင်းဖြင့် ဖြည်းဖြည်းချင်း ပြန်လိုက်သွားလေသည်။


သူက လမ်းတွင်ပင် အံ့အားသင့်နေရဆဲဖြစ်သည်။ သူနိုးလာသောအခါ ထိုမင်းဆိုးမင်းညစ် ပျောက်သွားခဲ့ပြီ။ သူဘယ်‌ရောက်သွားသလဲ။ ပြန်ပြီး အလုပ်လုပ်နေသလား။ နောက်ပြီး သူအိပ်ပျော်သွားသည်ကို မြင်တာတောင် ဘာကြောင့် ဒေါသထွက်ပြီး အပြစ်မပေးခဲ့သလဲ။


တစ်ဖက်မှာ စိတ်အေးသွားရသလို တစ်ဖက်မှာလည်း ပူပန်မိသွားပြီး တစ်ဖန် ထူးဆန်းသည်ဟုလည်း ခံစားနေရပြန်သည်။


သည်မင်းဆိုးမင်းညစ်၏စိတ်က သမုဒ္ဒရာကြမ်းပြင်ရှိ အပ်တစ်ချောင်းနှင့်ပင် တူသည်။


သူ ဘယ်လိုမှ နားမလည်နိုင်ချေ။


သူ့နန်း‌ေဆာင်သို့ ပြန်ရောက်သောအခါ ကျောက်သဲ့ချွမ်က သူ့ကို နှုတ်ဆက်အရိုအသေပေးပြီး လှည့်ထွက်သွားခဲ့သည်။


ညစာစားပြီး ရေချိုးပြီးနောက်တွင် ဝမ်မင်ယွီဟာ အဆုံးမှာတော့ အိပ်ရာပေါ်သို့သာ လှဲချလိုက်မိပြန်သည်။

နေ့လည်ခင်းတွင် တစ်ရေးအိပ်ထားသောကြောင့် ဖြစ်နိုင်သည်၊ သူ့တွင် အတော်လေး အားအင်ပြည့်ဝနေပြီး ချက်ချင်း မအိပ်နိုင်သေးပေ။


သူဟာ အိပ်ရာပေါ်တွင်သာ လဲလျောင်းလျက် ဘဝကို ဆင်ခြင်သုံးသပ်နေသည်။


အာဏာရှင်၏နန်း‌ဆောင်သို့ မကြာခဏ သွားရောက်‌ နေရသည့် ဤကာလအတွင်းတွင် သူဟာ တဖြည်းဖြည်းနှင့် မသက်မသာ ခံစားလာရပြီး သံသယများနှင့် ထင်မြင်ယူဆချက်များစွာလည်း ရှိလာခဲ့၏။


ထိုမင်းဆိုးမင်းညစ် အိပ်ပျော်နေချိန်တွင်ပင် ဘေးနား၌ စောင့်ကြပ်ပေးမည့်လူများစွာ ရှိနေလိမ့်မည်ဟု တွေးထားမိခဲ့သော်လည်း စုံစမ်းမှုများနှင့် ကောက်နုတ်ချက်များအရ ထိုသို့ လုံးဝ မဟုတ်ပေ။ လျှောက်လွှာစာတမ်းများကို ပြန်လည်စစ်ဆေးနေချိန်တွင်ပင် ထိုလူ့ဘေးတွင် သူတစ်ဦးတည်းသာ နေခွင့်ပြုထား၏။


ဘာကြောင့်လဲ?


ဝမ်မင်ယွီက ထိုအတွက် အကြောင်းပြချက်တစ်ခုခု ရှိရမည်ဟု ခံစားရသည်။ လျှောက်လွှာစာတမ်းများမှာ အလွန်လျှို့ဝှက်သောကြောင့် ပုံမှန်အားဖြင့် ဧကရာဇ်က ဤကဲ့သို့သော အရာမျိုးကို တခြားလူအနားတွင် လုံးဝ လုပ်ဆောင်မည်မဟုတ်ပေ။ ထိုသည်ကပင် သူ့(ဝမ်မင်ယွီ)ကို အထူးလူတစ်ဦးကဲ့သို့ ခံစားရစေသည်။ သူ့အပေါ် တစ်နေ့တခြား လေးစားမှုပြလာသည့် အထိန်းတော်ချုပ် ကျောက်သဲ့ချွမ်၏ တုံ့ပြန်မှုက သက်သေပင် ဖြစ်၏။


ဝမ်မင်ယွီအနေနှင့် အာဏာရှင်ကြီးက သူ့ကို မြင်မြင်ချင်း ချစ်ခင်စွဲလန်းသွားသည်ဟုတော့ လုံးဝ မထင်မိပေ။ သူ့ကို အသက်ရှင်လျက် ထားသည်မှာ တခြားအရေးကြီးသော ရည်ရွယ်ချက်တစ်ခုခုအတွက် ဖြစ်လိမ့်မည်။


ဥပမာအားဖြင့် သူရှိနေလျှင် ထိုလူ့ကို အိပ်ပျော်စေနိုင်ခြင်းမျိုး ဖြစ်လိမ့်မည်။


အလားတူ အဖြစ်အပျက်များစွာ ဖြစ်ပွားပြီးနောက် ဤအချက်ဟာ အခြေခံအားဖြင့် အတည်ပြုပြီးသား ဖြစ်နေသည်။ အကြောင်းအရင်းကိုလည်း သူ သေချာ စဉ်းစားခဲ့ပြီးပြီ။ ဖြစ်နိုင်ခြေအများဆုံးမှာ သူလုံးဝ မဖြစ်စေချင်သည့် ထိုအရာဖြစ်နေသည်။ သူ့ဖယ်ရိုမုန်းများတွင် စိတ်ငြိမ်စေသော အာနိသင်ရှိနေခြင်းမျိုး ဖြစ်နိုင်၏။


ယေဘုယျအားဖြင့် ဆိုရလျှင် အယ်လ်ဖာများနှင့် အိုမီဂါများသာ ဖယ်ရိုမုန်းများကို အနံ့ခံနိုင်သည်။ သာမန်လူများက သိတောင်မသိကြပေ။ ဝမ်မင်ယွီအနေနှင့် သူငြင်းချင်လျှင်ပင် ထိုအချက်ကို ငြင်း၍ မရနိုင်ပေ။ ထိုအာဏာရှင်ကြီးကို သူ ပထမဆုံး စတွေ့သည့်အချိန်ကတည်းက တောက်လျှောက်ခံစားခဲ့ရသော အံ့အားသင့်ဖွယ် ဖိအားနှင့် ရန်လိုမှုတို့က ထိုလူဟာ အယ်လ်ဖာဖြစ်ရုံမျှမက အစွမ်းထက်ဆုံး အယ်လ်ဖာတစ်ယောက်ဟုပင် အတပ်သိလိုက်ရသည်။ 


ထိုအာဏာရှင် သူ့လျှောက်လွှာစာတမ်း‌များကို ဒေါသတကြီးဖြင့် ပစ်ချခဲ့သည့်အချိန်တုန်းက ခံစားလိုက်ရသည့် အေးစက်စက် အရှိန်အဝါနှင့် ကြောက်မက်ဖွယ် ဖိအားက သက်သေပင်ဖြစ်၏။ ထိုအချိန်က သူကြောက်လန့်‌နေမိခဲ့သော်လည်း ပြန်စဉ်းစားကြည့်သောအခါ နန်းတော်၌ ပုံမှန်ရလေ့မရှိသည့် အနံ့တစ်ခု၊ ပြင်းထန်ပြီး အစွမ်းထက်ကာ ခန္ဓာကိုယ်ထဲထိပင် ကျူးကျော်ဝင်ရောက်လာသည့် ထိုအနံ့ကို အမှန်တကယ် ရခဲ့တာဖြစ်ကြောင်း သူသဘောပေါက်သွား‌ တော့သည်။ ၎င်းက သူ့ယခင်ဘဝက ရခဲ့ဖူးသည့် ဝိုင်အနံ့နှင့် အနည်းငယ်တူသော်လည်း ထိုသို့စျေးပေါသောဝိုင်များနှင့် နှိုင်းယှဉ်၍ပင် မရချေ။ ဤအနံ့ကမူ ပိုမို ကြွယ်ဝပြီး ပြင်းထန်ကာ ဒဏ္ဍာရီလာ ဝတ်ရည်ကဲ့သို့ပင် ဖြစ်‌နေ၏။


ABO သည် သူ၏အနာဂတ်ကမ္ဘာတွင် ပုံမှန်မျှသာ ဖြစ်သော်လည်း လူသားများအနေနှင့် ABO အဖြစ်သို့ စတင်ပြောင်းလဲလာချိန်ကို ကျွမ်းကျင်သူအချို့က လေ့လာခဲ့ဖူးကြောင်းကို ဝမ်မင်ယွီ ကြားဖူးသည်။ ကျွမ်းကျင်သူများက ထိုအရာဟာ ရှေးခေတ်ကာလကတည်းက စတင်ပြောင်းလဲလာသည်ဟူသော အယူအဆကို ‌တင်ပြခဲ့သော်လည်း ထိုခေတ်ရှိ ABO အရေအတွက်မှာ နည်းပါးလွန်း၍ ရှေးလူတို့အနေနှင့် ၎င်းကို လုံးဝ သတိပြုမိခဲ့မည်မဟုတ်ပေ။

  

သတိမပြုမိသောကြောင့် သူတို့၏ ဖယ်ရိုမုန်းကိုတောင် ထိန်းချုပ်ရကောင်းမှန်း မသိကြသည်မှာလည်း သဘာဝကျနေ၏။


အာဏာရှင်ဧကရာဇ်သည် ကြောက်မက်ဖွယ်ကောင်းသော ဖိနှိပ်မှုအရှိန်အဝါကို အမြဲထုတ်လွှတ်နေတတ်သည်။ တစ်စိတ်တစ်ပိုင်းမှာ သူ၏ သတ်ဖြတ်လိုသော အရှိန်အဝါကြောင့်ဖြစ်ပြီး တစ်စိတ်တစ်ပိုင်းမှာ သူ၏ အစွမ်းထက် ဖယ်ရိုမုန်းများကြောင့် ဖြစ်သည်။ သာမန်လူများကိုပင် ခြိမ်းခြောက်နိုင်သည်အထိ ပြင်းထန်နေသည်မှာ သူ၏ ဖယ်ရိုမုန်းဖိအားက မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းကြောင်း ဖော်ပြဖို့ လုံလောက်နေ‌လေပြီ။


မုကျန့်သာ တကယ် အယ်လ်ဖာ ဖြစ်နေပါက သူတော့ ဒုက္ခရောက်ပြီ!


ဝမ်မင်ယွီဟာ လက်ဖဝါးအရွယ် နားရွက်ရှည် ယုန်လေးအဖြစ်သို့ ပြောင်းလဲသွားပြီး သူ၏ လက်လေးနှစ်ဖက်ဖြင့် ခေါင်းကို ကိုင်ကာ ခေါင်းအုံးပေါ်သို့ ခပ်ဖွဖွ ဆောင့်နေမိ‌တော့သည်။ သူ၏ နားရွက်ဖွာဖွာလေးများကလည်း ထိုလှုပ်ရှားမှုနှင့်အတူ လှုပ်ယမ်းနေတော့၏။


နောက်ဆုံးတွင် စိတ်ပျက်အားလျော့စွာဖြင့် လက်လျှော့လိုက်ပြီး အိပ်ရာပေါ်တွင် လှိမ့်ကာ လေထဲသို့ သူ့၏ခြေတိုလေးများဖြင့် ကန်ကျောက်ပစ်လိုက်‌တော့သည်။


သူ့တွင် ဘာကြောင့် ဤမျှ စိတ်တိုပြီး ရန်လိုနေရသလဲဆိုသည့် အကြောင်းပြချက်များစွာ ရှိသည်။

သူဟာ ယခု ၁၆ နှစ်ရှိပြီဖြစ်ပြီး အိုမီဂါအများစုက ပုံမှန်ဆိုလျှင် ၁၇၊ ၁၈ လောက်တွင် Heat စဝင်ကြလေသည်။ အခုခေတ်တွင် ထိန်းချုပ်ဆေးများလည်း ပေါ်သေးမည်မဟုတ်သောကြောင့် ဖြစ်သမျှကံ သူ့ဘာသာခံ၍သာ တစ်ယောက်တည်း ဖြတ်‌ကျော်ရပေမည်။ ထိုကာလ၌ နာကျင်ရမည်ကို သိသော်လည်း Heat ပြီးသွားသည်နှင့် ပိုကောင်းသွားမည်ဖြစ်သည်။


သို့သော် ထိုအချိန်၌ အယ်လ်ဖာတစ်ယောက်သာ အနားတွင် ရှိနေမည်ဆိုပါက အခြေအနေက လုံးဝဥဿုံ ပြောင်းလဲသွားပေမည်။ Heat ဝင်နေသည့် အိုမီဂါတစ်ယောက်က ပြင်းထန်ပြီး ဆွဲဆောင်မှုရှိသော ဖယ်ရိုမုန်းကို ထုတ်လွှတ်လိမ့်မည်။ ထိုဖယ်ရိုမုန်းဟာ အယ်လ်ဖာများအတွက် ပြောလျှင် အလွန်ဆွဲဆောင်မှုရှိပြီး အထူးသဖြင့် သူဟာ ယခင်က ထိန်းချုပ်ဆေးများကို မကြာခဏ အသုံးပြုခဲ့သောကြောင့် ထို Heat ကာလတွင် ဖယ်ရိုမုန်းအနံ့က ပို၍ပင် ပြင်းထန်နေမည်မှာ အသေအချာပင်။ သူ အသိမကပ်သည့်အချိန်တွင် မုကျန့်သည်လည်း အထိန်းအကွပ်မဲ့သွားမည်‌ဆိုပါက…..အားလုံး ပြီးဆုံးသွားပေလိမ့်မည်။


ရှေးခေတ်ရှိလူများမှာ heatစက်ဝန်းအကြောင်း သေချာမသိကြသောကြောင့် သူသာ Heat ဝင်ခဲ့လျှင် အပြင်းဖျားနေသည်ဟုသာ ထင်ကြလိမ့်မည်။ သို့သော် မုကျန့်နှင့်သာ ထိပ်တိုက်တွေ့လိုက်မည်ဆိုလျှင် သူက ဧကရာဇ်ကို စိတ်ကြွဆေးကျွေးပြီး ဆွဲဆောင်ထားသည်ဟု အထင်လွဲခံရနိုင်၏။


ဝမ်မင်ယွီတစ်ယောက် ခုတင်ခေါင်းရင်းမှ ခြေရင်းသို့ လှိမ့်သွားပြီးနောက်တွင် ခြေရင်းမှ ခေါင်းရင်းသို့ ပြန်၍ လှိမ့်လာပြန်သည်။ ခေါင်းအုံးကို တိုက်မိသွားချိန်၌ ထိုခေါင်းအုံးကို သူ့လက်‌ကလေးနှစ်ဖက်ဖြင့် ဖက်ထားလိုက်သည်။


သူ၏လုံးဝန်းသော မျက်လုံးဝိုင်းကြီးများကို မှေးပစ်လိုက်ပြီး ခေါင်းအုံး၏ အစွန်းကို သွားဖြင့် ကိုက်ပစ်လိုက်သည်မှာ ချစ်စရာလည်း ကောင်းသလို ကြောက်စရာလည်း ကောင်းနေပြန်သည်။


တစ်နှစ်အတွင်း သည်နန်းတော်မှ ထွက်ပြေးလွတ်မြောက်ဖို့ နည်းလမ်း ရှိကိုရှိရမည်။