အခန်း(၇) အိပ်မက်
အိပ်ရာဝင်ခါနီး၌ အတွေးများခဲ့မိသောကြောင့် ဝမ်မင်ယွီတစ်ယောက် မုကျန့်အကြောင်း အိပ်မက်ဆိုး မက်ပါတော့သည်။ ‘နေ့ခင်းဘက်တွေးသမျှ ညဘက်မှာ အိပ်မက် ပြန်မက်တယ်’ဆိုတာ တကယ်မှန်ပေသည်။
သူ့အိပ်မက်ထဲတွင် သူဟာ နားရွက်ကျ ယုန်ငယ်လေးတစ်ကောင်ပဲဖြစ်ပြီး ရွှေရောင်လှောင်အိမ်တစ်ခုထဲ၌ ပိတ်မိနေသည်။ ထိုလှောင်အိမ်က ပန်းပုအနုစိတ်များဖြင့် အလွန်ပင် လှပနူးညံ့ကာ ခမ်းနားထည်ဝါလှ၏။
သူ ဝေ့ပတ်ကြည့်ရင်း လက်ကလေးဖြင့် လှောင်အိမ်တံခါးကို ကုတ်ခြစ်ကာ ထွက်ပြေးရန် ကြိုးစားနေမိသည်။ သို့သော် လှောင်အိမ်ကို လုံးဝဖွင့်မရသည့်အပြင် သူ့ဆီသို့ လျှောက်လာနေသည့် အရပ်ရှည်ရှည် ပုံရိပ်တစ်ခုကိုသာ မြင်လိုက်ရ၏။
ထိုသူက မုကျန့်ပင်။
ထိုသူက လက်လှမ်း၍ လှောင်အိမ်ကို ကောက်ကိုင်လိုက်ပြီးနောက် ကောက်ကျစ်သော မျက်လုံးများဖြင့် ဝမ်မင်ယွီကို စိုက်ကြည့်လာသည်။ ထို့နောက် လှောင်သံတစ်ခုဖြင့် ဆို၏။
“ဟမ့်! ထွက်ပြေးဖို့ ကြိုးစားနေတာလား။ မင်း ဘယ်လိုပြေးမလဲဆိုတာ သိရတဲ့အထိ ကိုယ် မင်းကို ပိတ်လှောင်ထားပစ်လိုက်မယ်”
ဝမ်မင်ယွီမှာ ထွက်မပြေးနိုင်သည့်အပြင် သူ၏ ယုန်အသွင်ကိုတောင် ဖော်ထုတ်မိသွားသည်ကို သိလိုက်ရသောအခါ၌ တုန်လှုပ်သွားရတော့၏။
မုကျန့်က သူ့ကို အိပ်ရာဘေးသို့ ခေါ်သွားသည်။ လမ်းတစ်လျှောက်လုံးတွင်လည်း လှောင်အိမ်ထဲထည့်ခံထားရသည့် ဝမ်မင်ယွီ၏ ကိုယ်လေးဟာ လေထဲတွင် တောက်လျှောက် လူးလွင့်နေခဲ့ပြီး မြင့်လွန်းလှသဖြင့် ယုန်ငယ်လေးမှာ ကြောက်ရွံ့နေရသည်။ ကြောက်လွန်း၍ လှောင်အိမ်တံခါးကိုတောင် လက်ဖဝါးလေးများဖြင့် ကုတ်တွယ်ထားမိပြီး နှင်းကဲ့သို့ ဖြူဖွေးသော အမြီးလုံးလုံးလေးမှာလည်း တဆတ်ဆတ် တုန်ယင်နေ၏။
အိပ်ရာဘေးရှိ ခုံပုလေးပေါ်တွင် စတော်ဘယ်ရီသီး ပန်းကန်တစ်ခု ရှိနေသည်။ အသီးများက ရဲရဲနီကာ ပြည့်ရွှန်းနေပြီး စားချင်စဖွယ် ရနံ့များလည်း ထုတ်လွှတ်နေေသး၏။
ဝမ်မင်ယွီလေးမှာ စတော်ဘယ်ရီသီးများနှင့် သိပ်ဝေးမနေ၍ ဆက်သည်းမခံနိုင်တော့ဘဲ သူ့လက်ဖဝါးလေးဖြင့် လှမ်းယူနိုင်အောင် ကြိုးစားတော့သည်။ သို့သော် သူ့လက်တိုလေးများက ဘယ်လိုမှ မမီနိုင်ပေ။ သူဟာ ခေါင်းလေးကို ထုတ်ကာ လှောင်အိမ်အနောက်ကနေပြီး စတော်ဘယ်ရီသီးများကို သနားစဖွယ် ငေးကြည့်နေရုံသာ တတ်နိုင်တော့၏။ ထိုပုံလေးမှာ အလွန်ချစ်ချင်စဖွယ်လည်း ကောင်းနေသည်။
“စားချင်လို့လား”
မုကျန့်အသံက သူ့ခေါင်းပေါ်မှ ထွက်ပေါ်လာသည်။
ဝမ်မင်ယွီက အားရပါးရနှင့် ခေါင်းတဆတ်ဆတ် ညိတ်ပြလိုက်သောအခါ မုကျန့်က စတော်ဘယ်ရီသီးတစ်လုံးကို သူ့လက်ထဲ ထည့်ပေးလိုက်သည်။ ထိုဝမ်မင်ယွီလေးမှာ နားရွက်ကျ ယုန်ငယ်လေးဖြစ်ေနသည့်အတွက် လက်ဖဝါးအရွယ်သာ ရှိပြီး စတော်ဘယ်ရီသီးတစ်လုံးကတောင် သူ့အတွက် အတော်ကြီးနေ၏။ ထို့ကြောင့် သူဟာ အသီးကို လက်ဖဝါးနှစ်ဖက်လုံးဖြင့် ကိုင်၍ စားနေရသည်။
သူ တစ်ကိုက်ကိုက်လိုက်သည်နှင့် စတော်ဘယ်ရီသီးမှ အရည်များ ပန်းထွက်လာ၏။ သူက လျှာလေးဖြင့် လျက်၍ အရည်များကို စုပ်ယူလိုက်ပြီး ပျော်ရွှင်စွာဖြင့် ပါးစပ်ဖျားများကိုပင် သပ်၍ အရသာခံနေသေးသည်။ ထို့နောက် စတော်ဘယ်ရီသီးကို တစ်ဖဲ့ပြီးတစ်ဖဲ့ ကုန်အောင် စားလိုက်ေတာ့၏။
မုကျန့်က သူ့ဘေးတွင် ထိုင်ကာ မေးကို လက်ဖြင့် ထောက်ပြီး သူစားနေသည်ကို ကြည့်နေသည်။ စားပြီးသွားသောအခါတွင် မုကျန့်က လတ်ဆတ်ပြီး အရည်ရွှမ်းသော စတော်ဘယ်ရီသီးတစ်လုံး ထပ်ပေးလာပြန်၏။ ထိုသို့ သုံးလုံးခန့် စားပြီးနောက် ဝမ်မင်ယွီမှာ ဗိုက်ပြည့်သွားကာ ကျေနပ်နေသည့်ပုံပေါက်ပြီး သူ့ဗိုက်ကလေးသည်ပင် အနည်းငယ် ပူထွက်နေသည်။
မုကျန့်က သူ့ဗိုက်လုံးလေးကို ပြုံးစစဖြင့် ညင်သာစွာ ပွတ်သပ်လာရင်း အဓိပ္ပာယ်ပါပါ ဆိုသည်။
“မင်း ဗိုက်ပြည့်ပြီမလား? ဒါဆို အခု ကိုယ့်အလှည့်ပဲ”
ဝမ်မင်ယွီမှာ စားပြီးနောက် ဗိုက်လေး၍ ကြောင်စီစီဖြစ်နေပြီး နားမလည်သည့်ပုံစံဖြင့် သူ့(မုကျန့်)ကိုသာ တွေဝေစွာ ကြည့်နေသည်။ နောက်တစ်စက္ကန့်တွင်မူ မုကျန့်က လှောင်အိမ်ကို ဖွင့်ပြီး သူ့ကို ကုတ်မှဆွဲ၍ ထုတ်လိုက်တော့သည်။
သူဟာ မုကျန့်လက်ဖဝါးပေါ်တွင် ထိုင်နေရပြီး သူ မော့ကြည့်လိုက်သောအခါ မုကျန့်၏ မျက်လုံးများနှင့် ဆုံသည်။ ထိုမျက်လုံးများက လုံးဝကို မှောင်မိုက်နေပြီး ရူးသွပ်စွဲလန်းသော စိတ်ခံစားချက်များဖြင့် အရိုင်းဆန်နေ၏။ မသိလျှင် အကြာကြီး စောင့်မျှော်ခဲ့ရသော သားကောင်ကို တစိမ့်စိမ့် စိုက်ကြည့်နေသည့် ရက်စက်ကြမ်းကြုတ်သော သားရဲကြီးတစ် ကောင်ကဲ့သို့ဖြစ်ပြီး သူ့တစ်ကိုယ်လုံးကိုပင် မြိုချချင်နေသည့်အလား။
...!!
ဝမ်မင်ယွီတစ်ယောက် ချွေးစေးများဖြင့် စိုရွှဲလျက် အိပ်မက်မှ အလန့်တကြား နိုးလာသည်။ ကြောက်စိတ်ဖြင့် သူ၏ ဆံနွယ်များပင် အတောင့်လိုက် ထောင်နေသည့်အတိုင်း။
မျက်လုံးကို ဖျတ်ခနဲ ဖွင့်လိုက်မိချိန်တွင် ဖြူဖွေး၍ ခန့်ညားသော မျက်နှာတစ်ခုနှင့် တန်းတိုး၏။
မုကျန့်
ဝမ်မင်ယွီမှာ သူက အိပ်မက်ဆိုးထဲတွင် ရှိနေသေးပြီး မနိုးသေးဟုပင် အချိန်ခဏလောက်အထိ ခံစားလိုက်ရ၏။ သူဟာ မုကျန့်လက်ထဲတွင် အမှန်တကယ်ကို ပိတ်လှောင်ခံထားရသည်ပင်။
သို့နှင့် စိမ့်ခနဲ ကျောချမ်းသွားရကာ နှလုံးခုန် ရပ်မတတ်ပင် ဖြစ်သွားတော့၏။
“ကိုယ်တော်တောင် ရုံးတော်ညီလာခံ ပြီးသွားပြီ မင်းက အခုထိ မနိုးသေးဘူး။ အိပ်ရတာ သိပ်ကို ကောင်းနေတာလား”
မုကျန့်က အိပ်ရာအစွန်းတွင် ထိုင်နေပြီး သူ့ကို ကြည့်ရင်း အေးစက်သော လေသံဖြင့် ပြောသည်။
ဝမ်မင်ယွီက နောက်ဆုံးတွင် အသိစိတ် ပြန်ဝင်သွားပြီး မျက်တောင်နှစ်ချက် ခတ်လိုက်ကာ အိပ်ရာမှ အလျင်အမြန် ထလိုက်သည်။ ထို့နောက် သူ့အဝတ်အစားများကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်ဆင်ပြီး မင်းဆိုးမင်းညစ်ကြီးကို ရင်ဆိုင်ဖို့အတွက် အားတင်းလိုက်၏။ သူက ခပ်ပြုံးပြုံးဖြင့် ဆိုလိုက်သည်။
“အရှင်မင်းကြီးရဲ့ ကျေးဇူးေတာ်ကြောင့်ပါ။ ကျွန်တော် အရှင်မင်းကြီးကို တွေးနေမိလို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတာပါ”
မုကျန့်၏ မျက်နှာအမူအရာက မပြောင်းလဲသွားပေ။
“ဟုတ်လား... ကိုယ်တော့်ကို တွေးနေတာပေါ့လေ…ဒါပေမဲ့ မင်းကြည့်ရတာ အိပ်မက်ဆိုးက လန့်နိုးလာတဲ့ပုံပါ။ ကိုယ်တော်က မင်းအိပ်မက်ထဲမှာ အရမ်းကြောက်စရာ ကောင်းနေလို့လား”
ဝမ်မင်ယွီ ခပ်ဟဟ ရယ်လိုက်ပြီး အဲဒါက တော်ရုံတန်ရုံ ကြောက်စရာကောင်းတာတောင် မဟုတ်ဘူးလို့ ကြိတ်တွေးလိုက်သည်။ သူ့ပုံက ယုန်သားကင်တစ်ပန်းကန်နဲ့ ဘာမှကွာမှာ မဟုတ်။ သူသာ ဒီထက်ပိုပြီး နောက်ကျမှ နိုးလာခဲ့ရင် အရိုးတောင် ကျန်တော့မှာ မဟုတ်ပေ။
ဝမ်မင်ယွီက ပြန်မဖြေသောကြောင့် ဤစကားကို တိတ်တဆိတ် သဘောတူလိုက်သကဲ့သို့ ဖြစ်နေပြီး မုကျန့်၏ မျက်နှာက မှောင်မည်းသွားကာ မခံချင်စိတ်ဖြင့် ဒေါသထွက်လာတော့သည်။
ကံကောင်းထောက်မစွာဖြင့် ဝမ်မင်ယွီက ရှင်းပြချက်တစ်ခုကို ကြိုတင် စဉ်းစားထားပြီးဖြစ်သည်။ သူက ခေါင်းကို အလေးအနက်ပုံဖြင့် ခါယမ်းလိုက်ပြီး ရိုးသားသော မျက်လုံးများဖြင့် ဆိုသည်။
“လုံးဝ မဟုတ်ပါဘူး။ ကျွန်တော်မျိုး အိပ်မက်ထဲမှာ ကြောက်စရာကောင်းနေတာက တခြားသူတွေပါ။ အရှင်မင်းကြီးကတော့ ခန့်ညားပြီး သိပ်ကို သူရဲကောင်းဆန်ပါတယ်။ အရှင်မင်းကြီးက ကျွန်တော်မျိုးကို အန္တရာယ်ထဲက ကယ်တင်ေပးပြီး မကြောက်တော့အောင်တောင် နှစ်သိမ့်ပေးခဲ့ပါတယ်။ ကျွန်တော်မျိုး မျက်လုံးဖွင့်ဖွင့်ချင်း အရှင်မင်းကြီးကို မြင်လိုက်ရမှ ချက်ချင်းလက်ငင်း စိတ်အေးသွားရတာပါ”
မုကျန့်သည် တိတ်ဆိတ်နေမြဲဖြစ်သော်လည်း သူ့ပတ်ဝန်းကျင်ရှိ ကြမ်းတမ်းသော အရှိန်အဝါကမူ သိသိသာသာပင် လျော့ကျသွား၏။ သူ၏ဖြေရှင်းချက်ကို အတော်လေး ကျေနပ်နေပုံရသည်။
ဝမ်မင်ယွီကလည်း ၎င်းကို သတိထားမိလိုက်သည်။
အချိန်ကြာကြာ အတူတူနေလာပြီးနောက်တွင် ဝမ်မင်ယွီက မုကျန့်၏ စိတ်နေစိတ်ထားကို တဖြည်းဖြည်း နားလည်လာတော့သည်။ အကယ်၍ သူ့အနေနှင့် မဆင်မခြင်ပြောဆိုပြီး ထိုလူကို ရန်လုပ်နေလျှင်တောင် ထိုလူက လုံးဝ ဒေါသထွက်မှာမဟုတ်သလို သူ့ကို သတ်ပစ်ဖို့လည်း စိတ်ကူးမရှိပေ။ သို့သော် သူသာ ကြောက်ရွံ့တုန်လှုပ်ပြီး ချိတုံချတုံ ဖြစ်နေမည်ဆိုပါက ထိုလူ့ပုံက အေးစက်ပြီး စိတ်မရှည်ဖြစ်လာမည့်အပြင် ကြောက်မက်ဖွယ်အရှိန်အဝါကိုပါ ထုတ်လွှတ်တော့မည်ဖြစ်သည်။
တော်တော်တော့ ထူးဆန်းတယ်... အင်မတန်ကို မြင့်မြတ်ပြီး သာလွန်တဲ့ ဧကရာဇ်တစ်ပါးအနေနဲ့ သူက လူတွေရဲ့ အထင်ကြီးလေးစားမှုနဲ့ ကြောက်ရွံ့မှုကိုပဲ လိုချင်ရမှာမဟုတ်ဘူးလား? ဒါမှမဟုတ် သူ့ကို ကြောက်တဲ့သူတွေပဲ များနေလို့ ကွဲပြားတဲ့ အသစ်အဆန်းတစ်ခုခုကို လိုချင်တာများလား?
မည်သို့ပင်ဆိုစေကာမူ ဝမ်မင်ယွီအနေနှင့် သည်မင်းဆိုးမင်းညစ်ကြီးကို ကိုင်တွယ်ဖြေရှင်းနိုင်မည့် နည်းလမ်းတစ်ခုကို နားလည်ခဲ့သည်ပင်…မြှောက်ပင့်ခြင်း။ မည်သည့် အခြေအနေတွင်မဆို ထိုသူ့ကို ချီးမွမ်းမြှောက်ပင့်လိုက်ရုံဖြင့် သူလိုချင်သည့် အရာကို ရရှိနိုင်မည်ဖြစ်သည်။
သို့သော် ဤသို့သော အာဏာရှင်ကြီးနှင့် ရင်ဆိုင်ရသည်မှာ သိပ်တော့မလွယ်ကူပေ။ ဝမ်မင်ယွီမှာ အမြဲတစေ ချိုသာစွာ ပြုံးပြနေရသော်လည်း ခြေထောက်များကမူ ကြောက်လွန်း၍ တဆတ်ဆတ် တုန်နေလေသည်။ ယခုလို အိပ်မက်ဆိုးက လန့်နိုးလာချိန်၌ ပို၍ပင် တုန်ယင်နေသေး၏။ ထိုလူသိသွားမှာစိုး၍ လက်များဖြင့်ပင် ထိန်းကာ ကိုင်ထားရလေသည်။
မုကျန့် သတိထားမိလား၊ မမိဘူးလား မသိရသော်လည်း သတိမထားမိရန်သာ သူမျှော်လင့်မိသည်။
မုကျန့်သည် သပ်ရပ်သောဝတ်စုံဖြင့် အိပ်ရာအစွန်းတွင် ထိုင်နေသည်။ ဝမ်မင်ယွီကမူ ခါးအထိသာ ပိုးထည်စောင်ဖြင့် ခြုံထားဆဲဖြစ်ပြီး ညအိပ်ဝတ်ပါးပါးေလးကိုသာ ဝတ်ထားရသဖြင့် အတော်ပင် မသက်မသာ ခံစားနေရသည်။
ဝမ်မင်ယွီက ပါးတစ်ဖက်မှ ပါးချိုင့်လေးပေါ်လာအောင် ပြုံးလိုက်ပြီး အနည်းငယ် ရှက်ရွံ့နေသည့်ပုံစံလေးဖြင့် အလွန်ပင် ချစ်စရာကောင်းေနသည်။
“ကျွန်တော်မျိုး မျက်နှာလည်း မသစ်ရသေးဘူး၊ အဝတ်အစားလည်း မလဲရသေးဘူး။ အရှင်မင်းကြီးရှေ့မှာ ဒီလိုပုံစံနဲ့ ရှိနေတာ တကယ်ကို မယဉ်ကျေးရာ ရောက်ပါတယ် အရှင်မင်းကြီး…”
သူက စကားဆုံးအောင် မပြောလိုက်သော်လည်း အဓိပ္ပာယ်မှာ ရှင်းလင်းနေသည်။ မုကျန့်ကို ထွက်သွားခိုင်းခြင်း ဖြစ်၏။
မုကျန့်သည် ထိုစကားကို ကြားသော်လည်း ထွက်မသွားဘဲ လက်လှမ်းကာ ဝမ်မင်ယွီ၏ လည်ပင်းနောက်ဘက်ဆီကိုပင် ကိုင်လိုက်ေသး၏။ ထို့နောက် ဒွိဟဖြစ်ဖွယ်အမူအရာဖြင့် ညင်သာစွာ ပွတ်သပ်နေခဲ့ပြီး ခဏအကြာတွင်မူ ခပ်ဖွဖွ ဆွဲညှစ်လိုက်ပြန်သည်။
“အိပ်မက်လေး မက်တာတောင် ဒီလောက် ကြောက်နေတာ။ မင်းက သိပ်ကို နုတာပဲ”
ဝမ်မင်ယွီက မုကျန့်ပြောသည့် စကားတစ်ခွန်းမှတောင် နားမထောင်နိုင်တော့ဘဲ အံ့ဩတုန်လှုပ်သွားရသည်။ အကြောင်းမှာ အိုမီဂါဂလင်းများသည် လည်ပင်းနောက်ဘက်တွင် တည်ရှိပြီး ကြယ်တာရာခေတ်တွင် ၎င်းသည် လျှို့ဝှက်ပြီး အထူးခြားဆုံးနေရာတစ်ခုဖြစ်ကာ အလွန်ရင်းနှီးသူများကသာ ထိတွေ့ခွင့်ရှိေလသည်။ မုကျန့်၏ လက်ချောင်းများက ထိုနေရာကို ပွတ်သပ်လိုက်ေလရာ ဝမ်မင်ယွီ၏ အာရုံတစ်ခုလုံး ချက်ချင်း ဆွဲဆောင်ခံလိုက်ရတော့သည်။ တစ်ခါမှ မခံစားဖူးသော စူးရှရှ ခံစားချက်သည် သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားပြီး လက်များနှင့် ခြေထောက်များပင် အားပျော့သွားရကာ သူ့ကိုယ်ခန္ဓာသည်လည်း ထိန်းမနိုင်အောင် တုန်ယင်လာေတာ့၏။
လည်ပင်းကို ကျုံ့ပြီး မုကျန့်၏ လက်ကို ရှောင်တိမ်းဖို့ အလိုလို ကြိုးစားလိုက်သော်လည်း မုကျန့်၏ လက်မှာ အတော်လေးကို သန်မာပြီး အေးစက်နေသည်။ ထိုလက်က သူ့လည်ပင်းနောက်ဘက်ကို ဖြည်းညှင်းစွာ ပွတ်သပ်နေသဖြင့် မြွေတစ်ကောင်က လျှာနှင့် လာလျက်နေသကဲ့သို့ပင် ခံစားလိုက်ရကာ သူ့ကို မလှုပ်ရဲအောင်အထိ ကြောက်ရွံ့သွားစေသည်။
မုကျန့်က အချိန်အတော်ကြာ ထိတွေ့နေခဲ့ပြီးမှ ထရပ်ကာ ထွက်သွားေလသည်။
ဝမ်မင်ယွီ အိပ်ရာပေါ်တွင် ထိုင်နေရင်း အချိန်အတော်ကြာသည်အထိ သတိပြန်မဝင်နိုင်သေးပေ။ သူ့နှလုံးသားသည် ရင်ဘတ်ထဲမှ ပွင့်ထွက်ေတာ့မတတ် အလွန်အမင်းကို ခုန်နေသည်။ သူ့မျက်တောင်ဖျားေလးများက တုန်ယင်နေပြီး နဖူးတွင်လည်း ချွေးပါးပါးလေး စို့နေကာ နားထင်ရှိ ဆံနွယ်များကိုပင် စိုစွတ်သွားစေသည်။ နှင်းကဲ့သို့ ဖြူဖွေးသော လက်ချောင်းထိပ်ေလးများက တစ်စုံတစ်ရာကို တင်းခံထားရသကဲ့သို့ စောင်များကို တင်းတင်းဆုပ်ကိုင်ထားသည်။
မုကျန့် အဝေးကို ထွက်သွားပြီး သူ့အသက်ရှူသံလည်း အလွန် ဖျော့တော့သွားမှသာ သတိပြန်ဝင်လာပြီး သက်ပြင်းမောကြီး ချလိုက်တော့သည်။
စန်းရှီက ရေဇလုံတစ်လုံး ယူလာပြီး သူမျက်နှာသစ်ရန် ကူညီပေးလာသည်။ သူ့(စန်းရှီ)ပုံက သိသိသာသာကို စိတ်ချမ်းသာနေပြီး ရွှင်မြူးစွာဖြင့် ပြောလာသည်။
“သခင်လေး အရှင်မင်းကြီးက သခင်လေးကို အရမ်းချစ်တာပဲ။ သခင်လေး အိပ်မက်ဆိုး မက်တာကို မြင်တော့ တကယ့်ကို ညင်ညင်သာသာလေးနဲ့ နှစ်သိမ့်ပေးပြီး ချော့နေတာ”
ဝမ်မင်ယွီတောင် နည်းနည်း ရှုပ်ထွေးသွားရ၏။ ခုနက ဖြစ်ပျက်ခဲ့တာကို ပြန်စဉ်းစားကြည့်ပြီး ဒီမင်းဆိုးမင်းညစ်က သူ့ကို ဘယ်နေရာမှာများ နှစ်သိမ့်ပေးခဲ့ပါလိမ့်လို့ တွေးလိုက်မိတာဖြစ်သည်။
အိပ်မက်လေးတစ်ခုကြောင့် ကြောက်လန့်နေတယ်ဆိုပြီး အပိုလုပ်သလို ပြောသွားတာက သူ့ကို အသုံးမကျဘူးဆိုပြီး စော်ကားသွားတာပဲ မဟုတ်ဘူးလား...
စန်းရှီ တစ်ယောက်တည်း ထူးဆန်းတဲ့ ကောက်ချက်တွေချပြီး အတွေး လွန်နေတယ်လို့တောင် ဝမ်မင်ယွီ သံသယဝင်လာမိသည်။
စန်းရှီက အဝတ်စိုတစ်ခုကို လက်နှစ်ဖက်ဖြင့် ကမ်းပေးရင်း ပြုံးစစ ပြောလာသည်။
“သခင်လေး…ရှက်သွေးဖြာနေတာပဲ”
သူ ဖန်တီးပြောဆိုနေခြင်း မဟုတ်ပေ။ ဝမ်မင်ယွီ၏ မျက်နှာမှာ အမှန်တကယ်ကို အနီရောင်ပြေပြေလေး သန်းနေလေသည်။ ကျောက်စိမ်းကဲ့သို့ ဖြူဖွေးနေသည့် သူ့အသားအရေနှင့် ယှဉ်လိုက်သောအခါတွင် နွေဦးမက်မွန်ပွင့်လေးများကဲ့သို့ မြင်သူတိုင်း၏အာရုံကို ဖမ်းစားနိုင်နေ၏။
ထိုကဲ့သို့သော အလှလေးတစ်ဦးအတွက် ဧကရာဇ် ဒီလောက် စိတ်လှုပ်ရှားပြီး နှစ်သက်နေရခြင်းမှာ အံ့ဩစရာပင် မရှိပေ။
စန်းရှီမှာ သခင်ဖြစ်သူအတွက် အလွန်ပျော်ရွှင်နေတော့သည်။
ဝမ်မင်ယွီက အပျော်လွန်နေသော စန်းရှီကို ကြည့်ပြီး သူ့အစေခံလေး တစ်စုံတစ်ခုကို တော်တော်လေး အထင်လွဲနေကြောင်း သိလိုက်သော်လည်း ရှင်းပြရန်နည်းလမ်းမရှိသောကြောင့် ထိုအတိုင်းသာ ထားလိုက်တော့၏။
ဝမ်မင်ယွီ အိပ်ရာမှ ထလိုက်သောအခါ သူ့ ခြေထောက်များက အနည်းငယ် အားနည်းနေဆဲပင်။ ခြေမခိုင်ဘဲ လဲကျတော့မလိုပင် ဖြစ်သွား၏။ စန်းရှီက အမြန်ကူတွဲပေးရန် ကြိုးစားခဲ့သော်လည်း အဆုံးတွင် ဝမ်မင်ယွီဟာ သူ့ဘာသာ ခုတင်တိုင်ကို အချိန်မီ လှမ်းကိုင်၍ ထိန်းလိုက်ရလေသည်။
စန်းရှီ သက်ပြင်း အသာချလိုက်သော်လည်း သူ့စိတ်ထဲတွင် စိုးရိမ်စိတ် အနည်းငယ် ကျန်နေသေးသည်။
သခင်လေးက အင်မတန် နူးညံ့သိမ်မွေ့ပြီး ဖျော့တော့လွန်းေနတယ်...နောက်ပိုင်းကျရင် ဧကရာဇ်ဆီက အချစ်ကြမ်းတာကို ဘယ်လိုလုပ်ပြီး ခံနိုင်ပါ့မလဲ။
ကံကောင်းထောက်မစွာနှင့် ဝမ်မင်ယွီက ထိုအတွေးကို မသိလိုက်ပေ။ မဟုတ်ပါက ရှက်လွန်း၍ နေရာမှာတင် ချက်ချင်း တွင်းတူးပြီး သေပစ်လိုက်နိုင်သည်။
မျက်နှာသစ်၊ အဝတ်လဲပြီး ပြင်ဆင်ပြီးနောက်တွင် ဝမ်မင်ယွီဟာ ထုံးစံအတိုင်း မုကျန့်ထံသို့ သွားရပြန်သည်။
ဝမ်မင်ယွီဟာ အရင်ကတည်းက သည်မင်းဆိုးမင်းညစ်ကြီးကို သိပ်မတွေ့ချင်ဘူးဆိုသော်လည်း ယခုတွင်မူ အိပ်မက်ဆိုးပါမက်ထားသည့်အပြင် နိုးနိုးချင်း မုကျန့်၏မျက်နှာကြီးကိုလည်း မြင်ထားရ၍ ပိုလို့တောင် အလိုမကျဖြစ်သွားရပြီး အစားအစာများတောင် အရသာမရှိတော့ပေ။
သူထိုင်ေနသည့်ရှေ့တွင် သစ်သီးသကြားလုံးတစ်ပန်းကန် ရှိနေ၏။ ပုံမှန်ဆိုလျှင် သူ့အနေနှင့် အရသာခံကာ စားနေမည်ဖြစ်သော်လည်း ယနေ့တွင်မူ သူဟာ အတွေးများကြား နစ်မြုပ်နေကာ နံရံကိုသာ စိုက်ကြည့်နေမိသည်။
ညက အိပ်မက်နှင့် ယနေ့နံနက်က အဖြစ်အပျက်များသည် သူ့အား အန္တရာယ်ကို ကြိုတင်သတိပေးနေသကဲ့သို့ ခံစားရသည်။ နောက်ထပ် မနှောင့်နှေးသင့်တော့ပေ။ ဗီဇအတိုင်း ထိန်းချုပ်မခံရအောင်နှင့် သူ့ကိုယ်သူကာကွယ်ဖို့အတွက် သူဟာ ယခင်ကတည်းက အယ်လ်ဖာ ဖယ်ရိုမုန်းများကို ခုခံနိုင်အောင် လေ့ကျင့်ခဲ့ပြီးဖြစ်သည်။
ထိုလုပ်ငန်းစဉ်ဟာ ခက်ခဲကြမ်းတမ်းခဲ့သော်လည်း အသုံးဝင်ကြောင်း သက်သေပြ၍ရခဲ့သည်။ သူဟာ အယ်လ်ဖာများရှေ့တွင်ပင် လုံးဝ ဖော်ထုတ်မခံရဘဲ ဘီတာတစ်ဦးအဖြစ် ဟန်ဆောင်နိုင်ခဲ့သည်ပင်။
သို့သော် ယခုအခါတွင်မူ သူ့အပေါ် မုကျန့်၏သက်ရောက်မှုဟာ အနည်းငယ် ကြီးမားလွန်းနေသည်ဟု သူနားလည်လိုက်သည်။ သူတို့နှစ်ဦး၏ဖယ်ရိုမုန်းများ ဤမျှ လိုက်ဖက်နေခြင်းမှာလည်း ကံဆိုးမှုတစ်ခုပင် ဖြစ်လိမ့်မည်။ ထိုအရာက Heat ကာလကို ပိုလို့တောင် အန္တရာယ်များသွားေစနိုင်သည်။
နန်းတော်၏လမ်းကြောင်းများကို တတ်နိုင်သမျှ အမြန်ဆုံး ရင်းနှီးအောင်လုပ်ဖို့ လိုအပ်ေနပြီဟု ဝမ်မင်ယွီ တွေးလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ထွက်ပြေးမည့် အစီအစဉ်က ခက်ခဲသောကြောင့် စောစော ပြင်ဆင်ထားလေ ပိုကောင်းလေ ဖြစ်၏။
ဒါဆိုရင် အဓိက မေးခွန်းကတော့ နန်းတော်ကြီးထဲ စိတ်ရှိသလို လှည့်လည်သွားလာခွင့်ပြုဖို့အတွက် ဒီမင်းဆိုးမင်းညစ်ကြီးကို ဘယ်လိုပုံစံနဲ့ သဘာဝကျကျလေး၊ သိမ်သိမ်ေမွ့မွေ့လေး တောင်းဆိုရမှာလဲ။
ဝမ်မင်ယွီဟာ စိတ်အနှောင့်အယှက် ဖြစ်လာလေလေ၊ သူ့မျက်နှာအမူအရာကလည်း ခါးသီးလာလေလေဖြစ်ပြီး နံရံကိုသာ နာကြည်းမှုအပြည့်ဖြင့် စိုက်ကြည့်နေေတာ့၏။ သူ့အာရုံနှင့်သူ ဖြစ်နေ၍ မုကျန့်၏ အကြည့် သူ့အပေါ် ကျရောက်နေသည်ကိုပင် သတိမထားမိလိုက်ပေ။
သူ စိတ်မပါလက်မပါဖြစ်နေပုံကို တွေ့သွားပြီး မုကျန့်က အေးစက်စက် မေးလာသည်။
“ဘာတွေ ဒီလောက် တွေးနေတာလဲ”
ဝမ်မင်ယွီ ရုတ်တရက် အသိဝင်လာသော်လည်း မုကျန့်၏ စကားသံကို မကြားလိုက်သောကြောင့် ကြောင်တောင်တောင်ဖြင့်သာ ပြူးကြည့်နေသည်။ ဤမျှ လှပပြီး သိမ်မွေ့သည့် မျက်နှာပေါ်တွင် ထိုအမူအရာမျိုး လုပ်ထားသည့်အခါ မည်သူမှ အပြစ် ဆိုရက်လိမ့်မည်မဟုတ်။
သို့သော် မုကျန့်၏ အကြည့်က နက်ရှိုင်းသွားပြီး အလွန်အမင်း မကျေမနပ်ဖြစ်နေပုံဖြင့် ခုနက ပြောခဲ့သည့် စကားကို ထပ်ပြောလာသည်။ လေသံမှာ အေးစက်၍ ခက်ထန်နေ၏။
ဤတစ်ကြိမ်တွင် ဝမ်မင်ယွီ သေချာကြားလိုက်သည်မှာ မှန်သော်လည်း အမှန်အတိုင်း ပြန်မဖြေရဲသည်မှာလည်း အသေအချာပင်။ ထိုအစား သူက ရွှင်လန်းစွာ ပြောလိုက်သည်။
“ဒီနေ့ နေ့လည်စာ ဘာစားရမလဲလို့ တွေးနေတာပါ~”
မုကျန့်၏ အမူအရာက နားလည်ရန်ခက်ခဲသောကြောင့် သူ့အပြောကို ယုံသွားလား၊ မယုံဘူးလားဆိုသည်မှာ မသေချာပေ။ သို့သော် သူ(မုကျန့်)က ဒေါသတော့ ထွက်မနေပေ။ ထိုအစား ဝမ်မင်ယွီလက်ထဲသို့ စာလွှာတစ်ခု ပစ်ပေးလာသည်။
“မင်း ဒီလောက်အားနေမှတော့ ကိုယ်တော်နဲ့အတူ လာထိုင်ပြီး ဒီစာလွှာတွေ ဖတ်ပြလေ”
၎င်းသည် လျှို့ဝှက်အချက်အလက်ဖြစ်သင့်သော်လည်း ဤမျှလွယ်ကူစွာဖြင့် သူ့လက်ထဲသို့ ရောက်ရှိလာပြီး ဤသည်မှာလည်း ထိုမင်းဆိုးမင်းညစ်ကိုယ်တိုင်က ပစ်ပေးလိုက်ခြင်းပင်ဖြစ်သည်။ ဝမ်မင်ယွီ တုန်လှုပ်သွားရပြီး အနည်းငယ်ပင် စိုးရိမ်စိတ်များ ဖြစ်ပေါ်လာကာ ထိုစာလွှာကို ကျစ်ကျစ်ေတာက် ပူနေသော အာလူးတစ်လုံးကဲ့သို့ လွှင့်ပစ်လိုက်ချင်စိတ်သာ ရှိနေေတာ့၏။
ဒီမင်းဆိုးမင်းညစ်ကြီးကတော့ တကယ်ပဲ မဆင်မခြင်နဲ့ ကျိုးကြောင်းဆီလျော်မှုကို မရှိဘူး။
ဝမ်မင်ယွီက သတိကြီးကြီးနှင့် မေးမြန်းလိုက်သည်။
“ကျွန်တော် ဒီစာလွှာတွေ ဖတ်လို့ရတာ သေချာရဲ့လား အရှင်မင်းကြီး”
မုကျန့်က စိတ်ပြောင်းမည့်ပုံမပေါ်ဘဲ သဘာဝကျကျသာ ပြန်ေမးသည်။
“မင်းကို ဘာလို့ ပြလို့မရရမှာလဲ”
ကောင်းပြီလေ။
ဝမ်မင်ယွီက စာလွှာကို တစ်ချက်ကြည့်လိုက်ပြီး ပထမဆုံးအနေနှင့် ပြောင်မြောက်လွန်းသည့် လက်မှုပညာကို အရင် ချီးကျူးလိုက်သည်။ ထို့နောက် ဖွင့်၍ ဖတ်လိုက်သောအခါ…..။
သူ လုံးဝ ကြောင်တောင်တောင် ဖြစ်သွားရသည်။
စာလွှာထဲက စာတစ်လုံးကိုမှ သူ မဖတ်တတ်ပေ။
ကံကြမ္မာအလှည့်အပြောင်းကြောင့် သူ ကူးပြောင်းလာပြီးနောက်တွင် သူဟာ စာမတတ်ပေမတတ် တစ်ယောက် ဖြစ်နေလေသည်။
ယခုအချိန်တွင် ဝမ်မင်ယွီဟာ သုံးနှစ်ကလေးလောက်တောင် အဖြစ်မရှိပေ။
ဤသည်မှာ ကြားသမျှလူတိုင်းကိုပင် ဝမ်းနည်းပက်လက်ဖြစ်သွားစေလောက်မည့် ရင်နာစရာဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်နေသည်။
ဝမ်မင်ယွီက အသံတစ်သံမှ မထွက်နိုင်ဘဲ အချိန်အတော်ကြာ အေးခဲသွားရသည်။ ထို့ကြောင့် မုကျန့်က မော့ကြည့်လာပြီး မေးလာတော့၏။
“ဘာလို့ မဖတ်သေးတာလဲ”
ဝမ်မင်ယွီက ရှုပ်ထွေးနေပုံပေါ်ပြီး စတားနက် မှာ မြင်ဖူးသည့် စာကြောင်းတစ်ကြောင်းကိုတောင် ရုတ်တရက် သတိရလိုက်သည်။
ညီအစ်ကိုတွေက မင်းကို သစ္စာဖောက်ရင် ဖောက်လိမ့်မယ်။ ချစ်သူက မင်းကို ထားခဲ့ရင် ထားခဲ့လိမ့်မယ်။ ဒါပေမဲ့ သင်္ချာကတော့ မင်းကို လုံးဝ သစ္စာဖောက်မှာ မဟုတ်ဘူး။ လုံးဝပဲ။
ထိုစည်းမျဉ်းက စာအရေးအဖတ်မှာလည်း အတူတူပင် ဖြစ်လိမ့်မည်။
ဒီစာလုံးတွေကို မသိရင် လုံးဝ မသိဘူးပဲ။ လုံးဝ သိသလို ဟန်ဆောင်လို့ မရဘူး။
ဝမ်မင်ယွီဟာ ထူးချွန်တဲ့ ကျောင်းသားတစ်ဦးဖြစ်ခဲ့ပြီး အတန်းထဲတွင်လည်း ထိပ်ဆုံးအမှတ်တွေပဲ ရရှိခဲ့ကာ ပညာသင်ဆုများတောင် ရခဲ့သေးသည်ပင်။ ယခုအချိန်၌ သူပြောရတော့မည့်စကားက သူ့ကို အလွန်ရှက်ရွံ့စေ၍ မျက်နှာတစ်ပြင်လုံးပင် နီရဲနေေတာ့၏။ သူက ခေါင်းကို အသာငုံ့၍ စာလွှာကို လှမ်းပေးလိုက်ပြီး ခက်ခက်ခဲခဲဖြင့် ပြောလိုက်ရတော့သည်။
“ဒီစာလုံးတွေ….ကျွန်တော်….မဖတ်တတ်ဘူး”
မုကျန့်မြင်လိုက်ရသည့် ပထမဆုံးအရာမှာ ဝမ်မင်ယွီ၏ နားရွက်ရဲရဲများသာ ဖြစ်သည်။ ဖြူဖွေးနေသည့်အသားအရေတွင် နားရွက်ရဲရဲလေးများက ဆွဲလိမ်၍ ဆော့ချင်စဖွယ် ဖြစ်နေ၏။
နှစ်ယောက်ကြားတွင် အချိန်အတန်ကြာ တိတ်ဆိတ်သွားသည်။
တုံ့ပြန်သံမကြားရ၍ ဝမ်မင်ယွီ မော့ကြည့်လိုက်သောအခါ မုကျန့်က သူ့ကို အထူးတဆန်း စိုက်ကြည့်နေသည်ကို တွေ့လိုက်ရလေသည်။
အကြည့်ချင်းစုံသွားသောအခါ မုကျန့်က မေးလာသည်။
“မင်း စာမဖတ်တတ်ဘူးလား”
သူ့လေသံက မဖြစ်နိုင်သည့်အရာကို ကြားလိုက်ရသကဲ့သို့ တအံ့တဩဖြစ်နေသည်။
ထိုအသံကြောင့် ဝမ်မင်ယွီ၏ နှလုံးသားထဲ မြားတစ်စင်းစိုက်သွားသလိုပင် ခံစားလိုက်ရ၏။
သိပ် အံ့ဩသွားလား?
ယုံချင်ယုံ မယုံချင်နေ။ ငါလည်း ငါ့ကိုယ်ငါ စာမတတ်ပေမတတ်ဆိုတာ အခုမှ သိတာပဲ။