အခန်း(၈) အမွေးပွယုန်လေး
စာမတတ်ဘူးဟု ပြောလိုက်သည်နှင့် မုကျန့်၏ တုံ့ပြန်မှုမှာ သူ့အတွက် ဆရာတစ်ဦးစီစဉ်ပေးခြင်းဖြစ်လိမ့်မည်ဟု ဝမ်မင်ယွီ လုံးဝ မထင်ခဲ့ပေ။ စာလွှာများကို အမြန် ဖတ်နိုင်ဖို့အတွက် စာဖတ်နည်းကို မြန်မြန်တောင် သင်ခိုင်းနေသည်ပင်။
မုကျန့်က သူ့ကို ဘာလို့ ဒီလောက် စာဖတ်စေချင်မှန်း တကယ်ကို နားမလည်နိုင်ပေ။ တခြား စာတတ်တဲ့ ယုံကြည်ရသူ တစ်ယောက်ကို ရှာလိုက်တာက ပိုမကောင်းဘူးလား...
မည်သို့ပင်ဆိုစေ ဒါက ဝမ်မင်ယွီအတွက်တော့ ကောင်းသောကိစ္စဖြစ်သည်။
သိပ်မရင်းနှီးသည့် ဤခေတ်တွင် ကျွမ်းကျင်မှု ပိုရှိလေလေ၊ သူ့ဘာသာသူ အသက်ရှင်ရပ်တည်ဖို့ ပိုလွယ်လေလေပင်။
“ကျေးဇူးအထူးတင်ပါတယ် အရှင်မင်းကြီး! အရှင်က အရမ်းကြင်နာတတ်တာပဲ!”
ဤတစ်ကြိမ်မှာတော့ ဝမ်မင်ယွီက ဟန်ဆောင်နေခြင်း မဟုတ်။ သူက မုကျန့်၏ အကူအညီအတွက် စိတ်ရင်းနှင့် ကျေးဇူးတင်မိခြင်း ဖြစ်သည်။ ဝမ်မင်ယွီက မုကျန့်ကို ကြယ်ပွင့်လေးများကဲ့သို့ မျက်လုံးလေးတလက်လက်ဖြင့် တောက်ပစွာ ကြည့်လိုက်ပြီး သူ့အပြုံးကလည်း အထူးချိုမြိန်နေသည်။ တစ်ကိုက်ကိုက်လိုက်သည်နှင့် အရသာ စိမ့်ထွက်လာမည့် အချိုမုန့်အိအိလေးနှင့်ပင် တူနေ၏။
မုကျန့်ပင် အနည်းငယ် တအံ့တအဩ ဖြစ်သွားရပြီး နှစ်ခါလောက် သေချာ ကြည့်လိုက်ပြီးမှ အကြည့်လွှဲလိုက်လေသည်။
“သင်ဖို့ ဘယ်လောက်ကြာမှာလဲ? တစ်လလား?”
ဝမ်မင်ယွီ တောင့်တင်းသွားရ၏။
ဒီမင်းဆိုးမင်းညစ်ကြီးက သူ့ကို သိပ်ပြီး အထင်ကြီးလွန်းနေတာလား... စာလုံးအသစ်တွေကို တစ်လအတွင်း ကျွမ်းကျင်အောင် သင်ယူရမယ်တဲ့လား... ဒီသခင်လေးကတော့ မလုပ်နိုင်ဘူးကွ!
“တစ်လက နည်းနည်းများ….”
ဝမ်မင်ယွီ၏ အပြုံးက မသက်မသာ ဖြစ်သွားသည်။
မုကျန့်က ခေါင်းအသာညိတ်ပြ၏။
“တစ်လဆိုတာ တကယ်ပဲ သိပ်ပြီး မသင့်တော်ဘူး”
ဝမ်မင်ယွီက သူ့စိတ်ထဲတွင် တွေးလိုက်သည်။
‘မှန်တာပေါ့၊ တစ်လတည်းဆိုတာ လူေတာင် မဆန်ေတာ့ဘူး’
သို့သော် မုကျန့်က ဆက်ပြောလာသည်။
“သိပ်ကို ကြာသွားလိမ့်မယ်။ လဝက်လောက်ဆို လုံလောက်ပြီ”
ဝမ်မင်ယွီ: “......”
ဒါ တမင် သူ့ကို လာပြောင်နေတာမလား! ဟုတ်တယ်မလား! မှန်တယ်မလား!
ခွေးဧကရာဇ်ကြီး!
ငတုံးကောင်ကြီး!
လုံးဝကို မျှော်လင့်ချက်မရှိတော့တဲ့ ကောင်ကြီး!
ဝမ်မင်ယွီ၏ မျက်နှာက ပြုံးနေဆဲဖြစ်သော်လည်း စိတ်ထဲတွင် ဒေါသတကြီး အတွေးများဖြင့် ပြည့်နေလေပြီ။ သည်မင်းဆိုးမင်းညစ်ကြီး၏ စိန်ခေါ်မှုကြောင့် သူဟာ စိတ်တိုနေသော အမွေးပွ ယုန်လုံးလေးအဖြစ်ပင် ပြောင်းလဲသွားတော့သည်။
မုကျန့်က သူ့ကို တစ်နေ့လျှင် (၅) နာရီ လေ့လာဖို့ စီစဉ်ပေးထားပြီး ထိုအချိန်အတွင်း သူ့ဆီ မလာရန် မှာကြားခဲ့သည်။ သို့သော် မုကျန့်ကတော့ ဝမ်မင်ယွီ ဘယ်လောက်အထိ တတ်မြောက်နေပြီလဲဆိုတာ စစ်ဆေးဖို့ လျှပ်တပြက် လာစစ်ဆေးနေမည်ဖြစ်သည်။
ထိုသို့ကြားပြီးနောက် ဝမ်မင်ယွီခမျာ လုံးဝကို မျှော်လင့်ချက် မဲ့သွားရသည်။
ကိုယ်ပြုသည့်ကံပဲ့တင်သံ ကိုယ့်ထံပြန်လာမည် ဟုဆိုရမလား...သူက ကြယ်တာရာခေတ်မှာ အထက်တန်းကျောင်းမပြီးခဲ့သေးလို့များ.. အခု ရှေးခေတ်က အာဏာရှင်ကြီးတစ်ပါးရဲ့ ကြီးကြပ်မှုအောက်မှာ ထပ်ပြီး စာပြန်လေ့လာရတော့မယ်....
[သူအဲ့မှာ စာမလုပ်ရလို့ ကံက ဒီမှာပါ စာထပ်လုပ်ခိုင်းတဲ့သဘောမျိုးပါ]
သူသာ ကောင်းကောင်းမသင်ယူပါက ကွပ်မျက်ခံရနိုင်သေး၏။ ထို့ကြောင့် သူ၏ တတ်မြောက်မှုစွမ်းရည်က အလွန်မြင့်မားနေမှဖြစ်မည်။
နောက်တစ်နေ့၌ ဝမ်မင်ယွီဟာ သူ၏ ဆရာနှင့် တွေ့ရလေသည်။ ထိုသူက တော်ဝင်ကျောင်းတော်မှ စေလွှတ်လိုက်သည့် လက်ရေးလှဆရာတစ်ဦးဖြစ်၏။
ရှေးခေတ်၌ "博士"ပေါ်ရှစ် (ပါရဂူPh.D) ဆိုသည့် ဝေါဟာရမှာ အဓိပ္ပာယ် ကွဲပြားခြားနားသည်။ ဤသည်မှာ ပညာရပ်ဘွဲ့ မဟုတ်ဘဲ အစိုးရ ရာထူးတစ်ခုသာ ဖြစ်၏။ တော်ဝင်ကျောင်းတော်မှာ ရှေးခေတ်၏ အမြင့်ဆုံးသော ပညာရေး စီမံခန့်ခွဲမှုနှင့် သင်ကြားရေး အဖွဲ့အစည်းတစ်ခုဖြစ်သည်။ "书学博士"ရှူရွှယ်ပေါ်ရှစ် (လက်ရေးလှပါရဂူ) တစ်ယောက်ဖြစ်လာဖို့နှင့် တော်ဝင်ကျောင်းတော်၌ စာလုံးရေးနည်း သင်ကြားပေးရသည့် တာဝန်ကိုယူဖို့ဆိုလျှင် သဘာဝကျစွာပင် ဤနယ်ပယ်တွင် ကျွမ်းကျင်မှုနှင့် ထူးခြားသော စွမ်းရည်များ ရှိဖို့ လိုအပ်ပေသည်။ပေသည်။
လက်ရေးလှဆရာ ကုံးရွှယ်က အသက်လေးဆယ်ကျော် အမျိုးသားတစ်ဦးဖြစ်သည်။ အစိုးရဝန်ထမ်းဝတ်စုံကို ဝတ်ဆင်ထားပြီး တည်ငြိမ်အေးဆေး၏။ ရုတ်တရက် စာမတတ်သည့်သူတစ်ယောက်ကို သင်ပေးဖို့ တာဝန်ပေးလိုက်သည့်အခါမှာပင် သူက မည်သို့သော မကျေနပ်မှု သို့မဟုတ် မနှစ်သက်မှုကိုမှ မပြခဲ့ေပ။ ထိုအစား သူဟာ သိပ်ကို ရောင့်ရဲတတ်ပြီး စာသင်ရာတွင်လည်း အသေးစိတ် စေတနာပါပါ သင်ပေးလေသည်။
ဧကရာဇ်ရှေ့တွင် ကောင်းကောင်းပြောပေးဖို့ မျှော်လင့်ချက်နှင့် ဝမ်မင်ယွီကို ဖားယားခြင်းမျိုးလည်း မလုပ်သကဲ့သို့ သည်အရွယ်ထိ စာမတတ်ပေမတတ် ဖြစ်နေသည့်အပေါ်တွင်လည်း အထင်သေးရိပ် မပြခဲ့ပေ။
သူ၏ အမူအကျင့်က သူ တခြားသော ကျောင်းသားများကို သင်ပေးသည့် အမူအရာနှင့် လုံးဝ မကွာခြားပေ။ပြိုင်စံရှားပညာရှင် စိတ်ဓာတ်ကို ပိုင်ဆိုင်ထားသည့်လူဖြစ်၏။
ဝမ်မင်ယွီက ဒီလိုပုံစံနှင့် ဆရာကို သဘောကျ၍ ကြိုးကြိုးစားစား သင်ယူခဲ့သည်။ သင်ခန်းစာထဲမှာ လုံးလုံးလျားလျား နစ်မြုပ်သွားသည့်အခါ နန်းတော်ပတ်ပတ်လည်ကို လည်ပတ်မည့် သူ၏ မူလအစီအစဉ်ကိုတောင် မေ့သွားခဲ့၏။ ထို့အပြင် သူက ဒီကာလအတွင်း မင်းဆိုးမင်းညစ်ကြီးကိုလည်း မတွေ့ရသည့်အတွက် သည်ကိစ္စကို ထုတ်ပြောရန် မတတ်နိုင်ခဲ့ပေ။
ဝမ်မင်ယွီကို မင်းဆိုးမင်းညစ်ကြီးက မကြာခဏ အခေါ်တော်လွှတ်သည့်အပြင် သတ်လည်းမသတ်၊ ကောင်းကောင်းမွန်မွန်လည်း ထားသည့်အတွက် မျက်နှာသာပေးခံေနရပုံ ပေါ်နေသည်။ ထို့ကြောင့် နန်းတွင်းအစေခံများ၏ သဘောထားများလည်း သိသိသာသာ ပြောင်းလဲလာ၏။
အစပိုင်းတွင် မုကျန့်က ဝမ်မင်ယွီကို တခြားသူများနှင့်မတူဘဲ ကွဲပြားစွာ ဆက်ဆံသည်ကိုပင် အထိန်းတော်ချုပ်ကြီးနှင့် တခြားသူများက သိပ်ဂရုမစိုက်ခဲ့ကြပေ။ မည်သို့ဆိုစေ ဧကရာဇ်က စိတ်လိုက်မာန်ပါ လုပ်တတ်သူ ဖြစ်၏။ သူက အခုချိန်၌ ဝမ်မင်ယွီကို ကြိုက်နှစ်သက်နေပုံရသော်လည်း အချိန်မရွေး ကောက်ကာငင်ကာ ဒေါသထွက်ပြီး သူ့ကို သတ်ပစ်နိုင်ေသးသည်ပင်။ ထို့ကြောင့် နန်းတွင်းအစေခံများက ဝမ်မင်ယွီကို အပြေးအလွှားသွားပြီး ဖားယားဖို့ အလျင်စလို မလုပ်ခဲ့ကြပေ။
သို့သော် အချိန်ကြာလာသည်နှင့်အမျှ မုကျန့်က ဝမ်မင်ယွီထံသို့ မကြာခဏ ဆက်လာေနခဲ့ပြီး သူ၏ မျက်နှာသာပေးမှုကလည်း မလျော့နည်းသွားခဲ့ေပ။ သူ့အတွက် ဆရာတစ်ဦးတောင် စီစဉ်ပေးခဲ့ေသးသည်။ ထိုအခါကျမှ နန်းတွင်းအစေခံများက ဝမ်မင်ယွီက သူတို့ကို သတိထားမိလာဖို့ ကြိုးစားလာခဲ့ကြတော့၏။
အထူးသဖြင့် မူလက ဝမ်မင်ယွီ၏ ဘေးတွင် အလုပ်အကျွေးပြုရန် တာဝန်ပေးခံထားရသည့် နန်းတွင်းအစေခံလေးဟာ ဝမ်မင်ယွီကို မကြာခင် သေတော့မည့်လူ၊ အနာဂတ်မရှိသည့်လူဟု ထင်မိေသာကြောင့် တခြားနေရာတွင် အလုပ်လုပ်ရန် ထွက်ပြေးသွားခဲ့ဖူးသည်။ ယခုတွင် သူက ပြန်လာပြီး ဝမ်မင်ယွီ၏ ရှေ့၌ ဒူးထောက်ကာ သစ္စာခံနေပြန်သည်။
သို့သော် ဝမ်မင်ယွီမှာ စန်းရှီက သူ့အပေါ် လုံလုံလောက်လောက် ဂရုစိုက်ပေးနေပြီဖြစ်၍ တခြားအစေခံအပေါ် အာရုံမရှိေတာ့ပေ။
စိတ်ရှည်ပြီး သည်းခံတတ်မည်ဟု ထင်ရသည့် ဤသခင်လေးက စိတ်မာပြီး ပြောရခက်သည့်သူဖြစ်လိမ့်မည်ဟု ယိုဖု မထင်ထားခဲ့ပေ။ သူက အံ့ကြိတ်၍ သူ့မျက်နှာသူ အကြိမ်ကြိမ် ရိုက်နှက်ကာ ခွင့်လွှတ်ပေးရန် တောင်းဆိုလေသည်။ မသိလျှင် ဝမ်မင်ယွီက နန်းတွင်းအစေခံများကို နှိပ်စက်အနိုင်ကျင့်တတ်သူကြီးအလားပင်။
ထိုလူ၏ ရုတ်တရက်အရူးထမှုကြောင့် ဝမ်မင်ယွီပင် ကြောင်အသွားရလေသည်။ သူဟာ မိဘမရှိဘဲ တစ်ကိုယ်တည်း ရပ်တည်နေရသည့် ကျောင်းသားလေးတစ်ဦးမျှသာ ဖြစ်သော်လည်း အချိန်ပိုင်းအလုပ်ပေါင်းစုံတွင် လူပေါင်းစုံနှင့် တွေ့ဖူးလေသည်။ ထို့ကြောင့် ယိုဖုက သူ အလျှော့ပေးလာအောင် တမင်တကာ လုပ်နေမှန်း သိလိုက်သည်။
ယိုဖု ဘာကြောင့် ထွက်ပြေးသွားခဲ့သည်ကို ဝမ်မင်ယွီ နားလည်ပေးနိုင်သော်လည်း သူက ထိုသို့သော လူကို သူ့ဘေးနားတွင် ဆက်ပြီးထားလိမ့်မည်ဟု မဆိုလိုပေ။
ဆုံးဖြတ်ချက်မချခင် ဖြစ်လာနိုင်ခြေရှိသည့် အကျိုးဆက်များကို အရင်တွေးတောရမည်။
ယိုဖုက သူ ဘာကြောင့် မေ့မေ့ပျောက်ပျောက်နဲ့ အလွယ်တကူ ခွင့်လွှတ်မယ်လို့ တစ်ထစ်ချ တွေးနေရတာလဲ?
ဝမ်မင်ယွီသည် သူ့ထံမှ အလုပ်အကျွေးပြုသည်ကို မလိုအပ်သော်လည်း အဝေးကိုလည်း မောင်းမထုတ်ချင်ပေ။ ထိုသူသာ ဆန္ဒရှိပါက ဤနေရာတွင် အလုပ်လာလုပ်နိုင်သည်။ သို့သော် ခက်သည်မှာ ယိုဖုက အိမ်မှုကိစ္စ မလုပ်ချင်ဘဲ စန်းရှီကဲ့သို့ သူ၏ လက်ပါးတော်အစေခံမျိုး ဖြစ်ချင်နေသည်။
ဆူညံသံကြောင့် စိတ်အနှောင့်အယှက်ဖြစ်လာ၍ ဝမ်မင်ယွီက သူ့ကို အပြင်ခေါ်ထုတ်သွားဖို့ အမိန့်ပေးလိုက်တော့သည်။ ယိုဖုက တခြားသူများကို စူးစိုက်ကြည့်လိုက်ပြီး ‘သခင့်ကို ကူညီနိုင်တယ်’ဟု ပြောကာ တံခါးအပြင်ဘက်၌ အတင်းအကျပ် ဒူးထောက်တောင်းဆိုပြန်၏။
ဘာကူညီနိုင်မှာလဲ? ဧကရာဇ်ရဲ့ မျက်နှာသာရဖို့ပဲ ကူညီနိုင်မှာလေ။
ဒါပေမဲ့ ဝမ်မင်ယွီကလည်း အဲဒါကြီးကိုပဲ မလိုချင်တာလေ...သူက အခုလို သိပ်လည်းမနီး သိပ်လည်းမဝေးဘဲ နေတာ အကောင်းဆုံးလို့ ခံစားနေရတယ်...
ဒါမှ မင်းဆိုးမင်းညစ်ကြီးဆီက ရုတ်တရက် ကွပ်မျက်တာကို မခံရမှာ.... နောက်ပြီး ဧကရာဇ်ကြီးကို အိပ်ရာထဲအထိ အလုပ်အကျွေးပြုဖို့အတွက် မျက်နှာသာပေးခံရမှာကြီးကိုလည်း လိုချင်မနေပါဘူး....
နောက်ဆုံးတွင် ကျောက်သဲ့ချွမ်က အခင်းဖြစ်ရာနေရာကို ရောက်လာပြီး ထိုအဖြစ်အပျက်ကို တွေ့သွားတော့သည်။ သူ၏ မျက်နှာက ချက်ချင်းပြောင်းလဲသွားပြီး ယိုဖုကို ဆွဲထုတ်သွားဖို့အတွက် နောက်လိုက်များကို အမိန့်ပေးလိုက်လေသည်။ ထို့နောက် ဖြစ်သမျှအကြောင်းစုံအား ဧကရာဇ်ထံ တိုင်ကြားလိုက်၏။
ပုံမှန်ပြောရလျှင် ဤမျှသေးငယ်သည့် ကိစ္စလေးကို ဧကရာဇ်ထံအထိ တိုင်ကြားရန် မလိုအပ်ပေ။ သို့သော် ဤကာလအတွင်း သူလေ့လာတွေ့ရှိသည့်အချက်များပေါ်မူတည်၍ ဧကရာဇ်က သည်အကြောင်းကို သိချင်နေလိမ့်မည်ဟု ထင်မိသောကြောင့် တိုင်ကြားလိုက်ခြင်းဖြစ်သည်။
သူ၏ တိုင်ကြားချက်ကို ကြားပြီးနောက် မုကျန့်က ဖတ်လက်စ စာလွှာကို ပစ်ချကာ ရှားရှားပါးပါးဆိုသလို ချီးကျူးလာသည်။
“ကောင်းကောင်း ကိုင်တွယ်ခဲ့တာပဲ”
အချိန်ခဏတာမျှ ဧကရာဇ်က သူ့လုပ်ရပ်ကို ချီးကျူးလိုက်သည်ဟု ကျောက်သဲ့ချွမ်ထင်လိုက်ကာ ၎င်းဟာ သူ၏ တာဝန်ဖြစ်ကြောင်း ပြန်ဖြေရန်ပင် ပြင်လိုက်သေး၏။ သို့သော် ဧကရာဇ်က သခင်လေးဝမ်ကို ပြောနေခြင်း ဖြစ်မည်ဟု ရုတ်တရက် သတိရလိုက်သောကြောင့် အသာပြန်ငြိမ်နေလိုက်သည်။ မကြာခင်တွင် သူ့ခေါင်းထက်မှ ဧကရာဇ်၏ အသံ ထွက်ပေါ်လာပြီး သူ့အတွေးကို အတည်ပြုပေးလိုက်တော့၏။
“ဝမ်မင်ယွီအနားမှာ သူ့ကို ထပ်မမြင်ချင်ဘူး”
“...နားလည်ပါပြီ…အရှင်မင်းကြီး…”
ကျောက်သဲ့ချွမ်က တရိုတသေ တုံ့ပြန်လိုက်ပြီးနောက် ယိုဖုကို နန်းတွင်းအစေခံတို့၏ အဝတ်အစားများ လျှော်ရသည့်နေရာသို့ ချက်ချင်း ပြောင်းရွှေ့ပစ်ရန် အမိန့်ပေးလိုက်သည်။
အနောက်တံခါးကနေ အမြင့်ကိုတက်ဖို့ ကြိုးစားချင်တာက လူ့သဘာဝပါပဲ.... ဒါပေမဲ့ ဒီလောက် ပေါ်ပေါ်ထင်ထင်ကြီး အမြင့်တက်ဖို့ ကြိုးစားတာ... အားနည်းသူကို နင်းခြေတာ.. သူ့သခင်ကိုတောင် ခြိမ်းခြောက်တာကတော့ အလွန်ကို မိုက်မဲပြီး ကိုယ်တိုင်ရော တခြားသူတွေကိုပါ ထိခိုက်စေမှာပဲ...
သခင်လေးဝမ်သာ စိတ်ပျော့ပြီး ထိုလူ့ကို ဘေးတွင် ခေါ်ထားခဲ့လျှင် နောင်တွင် ထိုလူက မလုပ်သင့်သည့်အရာကိုပါ လုပ်လာနိုင်သည်။ ထိုအချိန်မှသာ ဧကရာဇ်ကိုယ်တိုင် ကိုင်တွယ်ရမည်ဆိုလျှင် သူ့(ယိုဖု)ကံကြမ္မာက မတွေးရဲစရာကောင်းလောက်အောင် ဆိုးရွားသွားလိမ့်မည်ဟု ကျောက်သဲ့ချွမ်က တွေးနေမိသည်။
ဤဖြစ်ရပ်ပြီးနောက် ကျောက်သဲ့ချွမ်က နန်းတွင်းအစေခံ အဖွဲ့သစ်တစ်ခုကို ခေါ်လာခဲ့ပြီး ဝမ်မင်ယွီ၏ နန်းေဆာင်ထဲက အခြား ရည်ရွယ်ချက်ရှိနေသည့်သူ အားလုံးကို အစားထိုးပစ်လိုက်သည်။
အထိန်းတော်များနှင့် နန်းတွင်းအစေခံများအားလုံး မြေပြင်တွင် ဒူးထောက်ထားကြပြီး ချောင်ဝမ်မင်က ဦးညွှတ်၍ တရိုတသေ ပြောလာသည်။
“ကျွန်တော်မျိုးတို့က သခင်ေလးကို တခြား ရည်ရွယ်ချက်မရှိဘဲ စိတ်ရင်းအပြည့်၊ ခိုင်မာတဲ့ သစ္စာတရားနဲ့ အလုပ်အကျွေးပြုပါမယ်”
ဤတခမ်းတနားလုပ်ရပ်ကြီးကြောင့် ဝမ်မင်ယွီမှာ ခေတ္တမျှပင် ကြောင်အသွားလေသည်။ စန်းရှီလည်း အံ့ဩသွားရပေမဲ့ မကြာခင်တွင် သူ့၏စိတ်ခံစားချက်တို့က ဝမ်းသာမှုနှင့် စိုးရိမ်မှုတို့ ရောယှက်ကုန်၏။ သူ၏သခင်ဖြစ်သူကို ဧကရာဇ်က မျက်နှာသာပေး၍ ပျော်ရွှင်ရပြီး တစ်ဖန် တခြားအစေခံများက သူ့နေရာကို အစားထိုးသွားမည်ကိုလည်း စိုးရိမ်နေသည်။ ကံကောင်းထောက်မစွာဖြင့် သခင်လေးဝမ်က သူ့ကို ဘေးမှာပဲေနဖို့ မှာလိုက်တာကို ကြားလိုက်ရလေသည်။ ထိုအခါမှ သူ့မှာ သက်ပြင်းမောချနိုင်သွားပြီး သခင်လေးကိုလည်း အလွန် ကျေးဇူးတင်သွားမိသည်။
ဝမ်မင်ယွီကမူ စန်းရှီတွေးနေသကဲ့သို့ ဧကရာဇ်က သူ့ကို မျက်နှာပေးသည်ဟု မထင်မိဘဲ စိတ်ကူးပေါက်၍ လုပ်နေသည်ဟုသာ ခံစားနေရလေသည်။ ထို့အပြင် နန်းတော်ထဲတွင် ဘာပဲလုပ်လုပ် ထိုမင်းဆိုးမင်းညစ်ကြီး၏ အကြည့်အောက်မှ လွတ်မည်မဟုတ်ပေ။ သူ ဘာလုပ်လုပ် မျက်လုံးတစ်စုံက အမြဲတစေ စောင့်ကြည့်နေသလို ခံစားရတာဟာ စိတ်မသက်မသာ ဖြစ်စရာကောင်းသည့် အမှန်တရားတစ်ခုပင်ဖြစ်၏။
ဝမ်မင်ယွီ ဤသို့ ထင်သည်မှာ မမှားပေ။
ဧကရာဇ်က သူ့ကို ဂရုစိုက်သည်ဟု ထင်ပြီး ကျောက်သဲ့ချွမ်က သူနှင့်သက်ဆိုင်သမျှ အရာအားလုံးကို သတိထားေစာင့်ကြည့်ပြီး နေ့စဉ်နှင့်အမျှ ဧကရာဇ်ထံသို့ သတင်းပို့နေသည်။
ကျောက်သဲ့ချွမ် ပါးစပ်မှ သခင်လေးဝမ်အကြောင်း ပြောသည့်အခါတိုင်း ဧကရာဇ်က မည်သည့်စကားမှ မဆိုသော်ငြား အကြောင်းအရာတစ်ခုလုံးကို စိတ်ရှည်ရှည်နှင့် နားထောင်နေလေ့ရှိသည်။
အထူးသဖြင့် ဒီရက်ပိုင်းမှာ သခင်လေး ဝမ်က စာေလ့လာနေရသည်နှင့် အလုပ်များနေ၍ ဧကရာဇ်ကို လာမတွေ့ခဲ့ေပ။ ထို့ကြောင့် သခင်လေးဝမ်၏ ကိစ္စများအကြောင်း ပြောသည့်အခါ ဧကရာဇ်က မေးခွန်းတချို့တောင် ပြန်မေးတတ်၏။
ဆယ်ရက်ကြာပြီးနောက်...
မုကျန့်က စာလွှာကို ဖတ်နေရင်း ရုတ်တရက်ဆိုသလို စိတ်အနှောင့်အယှက်ဖြစ်သွားရပြီး ထိုစာလွှာကို ပစ်ချ၍ ထထွက်သွားလေသည်။
နန်းတွင်းစာကြည့်တိုက်၏ တံခါးဝတွင် ရပ်နေရင်း ကျောက်သဲ့ချွမ် အံ့ဩတကြီး ဖြစ်သွားရသည်။
“...အရှင်မင်းကြီး?”
မုကျန့်က သူ့ကို တစ်ချက်တောင် လှည့်မကြည့်ဘဲ တည့်တည့်လျှောက်သွား၏။
“ဝမ်မင်ယွီဆီ သွားမယ်။ ဒီလောက်ရက်တွေ ကြာသွားပြီ၊ သူ ဘယ်လောက်ထိ တတ်မြောက်ေနပြီလဲဆိုတာ ငါကိုယ်တော် သိချင်တယ်”
ကျောက်သဲ့ချွမ်မှာ ထူးထူးဆန်းဆန်းဆိုသလို ပြောစရာစကားပင် ဆွံ့အသွားရပြီး နောက်လိုက်များကို ထမ်းစင်တစ်ခု အမြန်ယူလာဖို့သာ အမိန့်ပေးလိုက်ရသည်။
ဆယ်ရက်ပဲ ရှိသေးတာ၊ ဘယ်လောက် ကြာေသးလို့လဲ။
သခင်လေးက ဘယ်လောက်များများ တတ်မြောက်နိုင်မှာ မလို့လဲ။
အရှင်မင်းကြီးက လူကို မြင်ချင်နေရုံပဲ မဟုတ်ဘူးလား။
ဧကရာဇ်၏ ရုတ်တရက် ရောက်ရှိလာမှုကြောင့် နန်းဆောင်တစ်ခုလုံး ပြာယာခတ်သွားပြီး အစေခံများက နှုတ်ဆက်ရန် အလျင်အမြန် ဒူးထောက်ချလိုက်ကြသည်။
စာသင်ပေးနေသည့် ကုံးရွှယ်ပင် ရပ်လိုက်ပြီး တရိုတသေ ဦးညွှတ်လိုက်သည်။
စားပွဲမှာ ထိုင်ပြီး စာရေးလေ့ကျင့်နေသည့် ဝမ်မင်ယွီကလည်း ထရပ်ပြီး ဦးညွှတ်ဖို့ ပြင်လိုက်သည်။ သို့သော် မုကျန့်က လက်ဝှေ့ယမ်းပြပြီး ဒူးထောက်ဖို့ မလိုကြောင်း ပြသည်။ ထို့ကြောင့် ဝမ်မင်ယွီက မုကျန့်ကို ပြုံးသာပြလိုက်၏။
ဤမြင်ကွင်းကို မြင်ပြီးနောက် ကုံးရွှယ်က တုန်လှုပ်သွားပြီး သူ၏ အံ့အားသင့်မှုကိုပင် မဖုံးကွယ်နိုင်တော့ချေ။
“စာလေ့လာရတာ ဘယ်လိုလဲ”
မုကျန့်၏ တည်ငြိမ်သော လေသံက သူ့ကို ချက်ချင်း သတိပြန်ဝင်လာစေသည်။ သူက မုကျန့်နှင့် ဝမ်မင်ယွီတို့ကြားက ထူးဆန်းသည့် အငွေ့အသက်ကို ဆက်ပြီး ဂရုမစိုက်တော့ဘဲ သူ၏ အာရုံစိုက်မှုကို စာေလ့လာခြင်းဆီ ပြန်ပို့လိုက်သည်။ စကားပြောလိုက်သည်နှင့် သူ့မျက်နှာပေါ်တွင် စိတ်သက်သာရာရသွားသည့် အပြုံးတစ်ခုက အလိုလို ပေါ်လာတော့သည်။
“သခင်လေးက အလိုလိုကို ဉာဏ်ကောင်းပြီး မြင်သမျှကို မှတ်မိနိုင်စွမ်းရှိတယ်။ သူ့ရဲ့စာလေ့လာနှုန်းက ကျွန်တော်မျိုး ထင်ထားတာထက်တောင် မြန်နေပါသေးတယ်။ ကျွန်တော်မျိုးရဲ့ သင်ကြားရေး အစီအစဉ်ကိုတောင် ခဏခဏ ပြန်ပြီး ချိန်ညှိခဲ့ရတယ်။ နောက်ထပ် လဝက်လောက်ဆိုရင် ဂန္တဝင်ငါးအုပ်နဲ့ စာအုပ်လေးအုပ် စပြီး သင်လို့ ရလောက်ပါပြီ”
ဆရာတိုင်းက ဉာဏ်ကောင်းပြီး ကြိုးစားသည့် ကျောင်းသားအားလုံးကို သဘောကျကြသည်။ အစပိုင်းမှာ ကုံးရွှယ်က ဆရာတစ်ယောက်၏ တာဝန်အရသာ သင်ကြားပေးခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ဝမ်မင်ယွီက အံ့ဩစရာကောင်းလောက်သည့် အမြန်နှုန်းနဲ့ အသိပညာများ စုပ်ယူနိုင်နေသည်ကို တွေ့ခဲ့ရလေသည်။ ထိုမှသာ သူက တဖြည်းဖြည်းချင်း ပို၍ အလေးအနက်ဖြစ်သွားခဲ့ပြီး ဤကျောက်ရိုင်းတုံးလေးကို တလက်လက်တောက်ပပြီး ထက်သွားအောင် သွေးပေးချင်သွားတော့၏။
လူတိုင်းက ချိုသာသည့် စကားလုံးများ ကြားရသည်ကို နှစ်သက်ကြသည်ပင်။ ဝမ်မင်ယွီက ချီးမွမ်းခံလိုက်ရ၍ ဝမ်းသာေနပြီး မျက်လုံးများကလည်း တောက်ပနေတော့၏။ တင်းတင်းစေ့ထားသည့် နှုတ်ခမ်းထောင့်များမှာ ကျေနပ်ဂုဏ်ယူမှု အရိပ်အယောင်လေး ရှိနေပြီး မမြင်နိုင်သည့် အမြီးလေးတစ်ချောင်းပင် ပျော်ရွှင်စွာ ယမ်းခါနေသကဲ့သို့။
မုကျန့်က တစ်ချက်ကြည့်လိုက်ပြီး သူ့ဘေးမှာ ချထားသည့် သူ့လက်ချောင်းများက တစ်ခုခုကို ထိတွေ့ချင်သလိုမျိုး လေထဲတွင် မချင့်မရဲ ကွေးလိုက်သည်။
“သူ့ကို စာသင်ပေးဖို့ တော်တော်လေး ကြိုးစားခဲ့တာပဲ အမတ်ကြီး၊ မင်းကို ကိုယ်တော် ဆုချီးမြှင့်သင့်တာပေါ့”
ကုံးရွှယ်က ကျေးဇူးတင်စွာ ဦးညွှတ်လိုက်ပြီး သူ့တာဝန်အရ,သာ ဖြစ်ကြောင်း ပြောလိုက်လေသည်။
ထို့နောက် မုကျန့်က လက်ကို ဝှေ့ယမ်းပြ၍ ထွက်သွားရန် ပေါ့ပေါ့ပါးပါးပင် အချက်ပြလိုက်သည်။ ကျောက်သဲ့ချွမ်က သူ့(ကုံးရွှယ်)ကို ဟောခန်းထဲမှ အပြင်သို့ ခေါ်ထုတ်လာသည်အထိ အနည်းငယ် တွေဝေနေဆဲဖြစ်၏။
ဒီနေ့ သင်ခန်းစာတွေက…သင်လို့ မပြီးသေးဘူးလေ
ကျောက်သဲ့ကချွမ်က ပြုံး၍ ဆိုသည်။
“ကြိုးစားေပးမှုအတွက် ကျေးဇူးတင်ပါတယ် ဆရာကုံး”
အတွေးရေယာဉ်မှ ပြတ်တောက်သွားသော ကုံးရွှယ်က လက်အသာရမ်းပြ၍ တုံ့ပြန်သည်။
“ဒါက ခက်ခဲတာ မဟုတ်ပါဘူး၊ မခက်ခဲပါဘူး”
သူက ဘာဖြစ်သွားမှန်းပင် သေချာနားမလည်လိုက်ဘဲ အလုပ်မှ စောဆင်းလာရပြီး သူ့ဇနီးနှင့် ကလေးများဆီသို့သာ ပြန်သွားလေသည်။
ဝမ်မင်ယွီနှင့် မုကျန့်သာ အခန်းထဲ၌ ကျန်ခဲ့လေ၏။
မုကျန့်က ဖြည်းဖြည်းချင်း လျှောက်လာပြီး ဝမ်မင်ယွီ ဒီရက်ပိုင်း စာရေးလေ့ကျင့်နေသည့် ရွှမ်စက္ကူကို ကောက်ယူလိုက်သည်။ အစပိုင်းတွင် စာလုံးများက ပဲပင်ပေါက်လို လိန်ပိန်နေလိုက်၊ အလုံးလိုက် အတစ်လိုက်ဖြစ်နေလိုက်နှင့် ဖတ်၍ပင် မရသော်လည်း စုတ်တံအသုံးပြုနည်းကို သေချာသိသွားသည့်နောက်ပိုင်းတွင် စာလုံးများက အချိုးအဆစ်ေပါ်လာပြီး ပုံသဏ္ဌာန် စတင်ဖြစ်ပေါ်လာသည်။
လှပသည်ဟု ဆို၍မရသော်လည်း အခုမှ စလေ့လာနေသည့်သူတစ်ဦးအတွက် ပြောရလျှင် အရည်အချင်းရှိသည်ဟု ပြော၍ရသည်။ အချိန်သာ သေချာပေးပါက လက်ရေးလှနယ်ပယ်တွင် အောင်မြင်မှုများစွာ ရနိုင်ပေသည်။
မုကျန့်ကြည့်နေစဉ် ဝမ်မင်ယွီသည်လည်း အနောက်ကနေ မသိလိုက်မသိဘာသာ တကောက်ကောက် လိုက်နေမိသည်။
မုကျန့် လှည့်ကြည့်လိုက်သောအခါ သူနှင့် အကြည့်ချင်းဆုံသွား၏။
ဝမ်မင်ယွီက ဘာစကားမှမပြောဘဲ မျှော်လင့်တကြီးသာ ကြည့်နေသည်။ သူ့မျက်လုံးများက တလက်လက်တောက်ပနေကာ “ကျွန်ေတာ့်ကို ချီးကျူးပေးပါ!” ဟု တောင်းဆိုနေသည့်အလား။
ထိုအကြည့်က အမှားရှာရန် ပြင်နေသည့် မုကျန့်ကို တိတ်ဆိတ်သွားစေခဲ့ပြီး ခေတ္တအကြာမှသာ နက်ရှိုင်းသည့်အသံဖြင့် ပြောလိုက်သည်။
“လက်ခံလို့ ရပါတယ်”
ထိုစကားကို ကြားလိုက်ရသည့်အခါ ဝမ်မင်ယွီရဲ့ စိတ်ခံစားချက်က ပို၍ပင် တိုးတက်လာသည်။ မုကျန့်က မင်းဆိုးမင်းညစ်ကြီးတစ်ဦးဖြစ်ပြီး ပုံမှန်အားဖြင့် မျက်နှာအမူအရာမဲ့ကာ တစ်သီးတစ်သန့် နေတတ်လေသည်။ ထိုမုကျန့်က သူ့ကို ချီးမွမ်းလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ေပ။ ဆရာကုံးဆီက ဧကရာဇ်၏ စာလုံးရေးနည်းအကြောင်း အကြိမ်ပေါင်းများစွာ ချီကျူးသံကိုပဲ ကြားဖူးသည်ဖြစ်၍ သူ့၏ အရေးအသားအပေါ် မုကျန့်၏ ထင်မြင်ချက်ကို သိချင်ခဲ့ရုံသာ ဖြစ်၏။ ဤသို့သော ရလဒ်ကို သိပ် မမျှော်လင့်ထားခဲ့ပေ။ မုကျန့်၏ စိတ်နေစိတ်ထားနှင့်ဆိုလျှင် “လက်ခံနိုင်ပါတယ်” ဟု ပြောလိုက်ခြင်းကပင် “သိပ်တော်တယ်”ဟု ဆိုလိုလိုက်ခြင်း ဖြစ်သည်။
ဝမ်မင်ယွီ သူ့ကိုယ်သူ နည်းနည်းလေး ဂုဏ်ဆာမိသွားတာကိုတောင် မထိန်းနိုင်လိုက်ပေ။