အခန်း(၁၁)စာရင်းရှင်းတမ်း
မုကျန့်က ရုတ်တရက်ရောက်လာပြီး သူ၏ အေးစက်စက်နှင့် စွပ်စွဲလိုသည့် လေသံကြောင့် အမျိုးသမီးဟို့မှာ ချက်ချင်းပင် ထိတ်လန့်သွားရကာ မျက်နှာတစ်ခုလုံးပင် ဖြူဖျော့သွားပြီး ချွေးစေးများ စို့လာသည်။ မုကျန့် ရောက်လာလိမ့်မည်ဟု သူမ လုံးဝ မမျှော်လင့်ထားခဲ့ပေ။ သူမ ပြောလိုက်မိသည့် စကားများကိုပင် ပြန်ရုတ်သိမ်းချင်ေနပြီး ကိုယ့်ပါးကိုယ် ပြန်ရိုက်ချင်လောက်အောင်အထိပင် နောင်တရနေသည်။ သူမခမျာ ခေါင်းပင် မမော့ဝံ့ဘဲ တုန်ယင်စွာဖြင့် ထိုင်ခုံပေါ်မှ အလျင်အမြန် ဆင်းကာ ဒူးထောက်၍ ခွင့်လွှတ်ပေးရန် တောင်းပန်ေတာ့သည်။
"အရှင်မင်းကြီး ခွင့်လွှတ်တော်မူပါ... ကျွန်တော်မျိုးမ လုံးဝ ပြဿနာ မရှိပါဘူး...ခုနက မင်ယွီနဲ့ စကားပြောနေတုန်း စိုးရိမ်စိတ်နဲ့ နည်းနည်း စိတ်လှုပ်ရှားမိသွားတာပါ... မင်ယွီကလည်း ကျွန်တော်မျိုးမရဲ့သားပဲမို့ သူ့အတွက် အကောင်းဆုံးကိုပဲ ကျွန်ေတာ်မျိုးမ အမြဲ မျှော်လင့်ပေးချင်ေနတာပါ..."
အမျိုးသမီးဟို့မှာ ကြောက်လန့်တုန်လှုပ်နေပြီး အသံပါ တုန်ယင်နေကာ စကားပင် ကောင်းကောင်း မပြောနိုင်တော့ဘဲ အပေါ်ယံသက်သက် ဗလာဆင်ခြေများကို ပေးနေမိလေ၏။
သို့သော်လည်း အကာအကွယ်ပေးခံနေရသည့် ဝမ်မင်ယွီမှာလည်း သူမ,ထက် သာလွန်သည့် စိတ်အခြေအနေမျိုး ရှိမနေသည်ကိုတော့ သူမ မသိချေ။ မုကျန့် ရောက်လာသည့် အချိန်မှစ၍ သူ၏ ဦးရေပြားမှာ ကျင်တက်သွားပြီး အပ်ပုံပေါ်ဖင်ခုထိုင်နေမိသကဲ့သို့ ခံစားရကာ ချက်ချင်း ခုန်ထပြီး လှည့်ပြေးချင်စိတ်ပင် ပေါက်နေသည်။
မြို့စားကတော်ကို ရင်ဆိုင်နေတုန်းက အေးစက်ပြီး ရက်စက်တဲ့ အရှိန်အဝါတွေ ဘယ်ရောက်ကုန်ပြီလဲ?
သေလိုက်ပါတော့! ဒီဧကရာဇ်က သူနဲ့ စာရင်းလာရှင်းတာပဲ!
ဝမ်မင်ယွီ၏ စိတ်ထဲတွင် ထိတ်လန့်ဖွယ် အချက်ပေးသံတစ်ခု မြည်ဟီးသွားပြီး ထိုအတွေးတစ်ခုတည်းသာ သူ့စိတ်ကို စိုးမိုးနေတော့သည်။ သို့သော် သူ မလှုပ်ရှားနိုင်ခင်မှာပင် မုကျန့်က သူ့နောက်သို့ နှစ်လှမ်း လှမ်းလာပြီး သူ့ပခုံးပေါ် လက်တင်ကာ မလှုပ်နိုင်အောင် ဖိထားလိုက်ေတာ့သည်။
အေးစက်စက် အသံတစ်ခု အပေါ်စီးမှ ထွက်ပေါ်လာ၏။
“ဒါပေမဲ့ ငါကိုယ်တော် ခုနက ကြားလိုက်ရတာကတော့ ဒီလို မဟုတ်ပါဘူး”
ထိုသို့ပြောရင်း မုကျန့်က အနည်းငယ် ပြုံးပြလိုက်ရာ ပို၍ပင် ကျောချမ်းစရာကောင်းသွားပြီး မပြုံးဘဲ နေသည်ထက်ပင် ပို၍ ကြောက်မက်ဖွယ်ကောင်းနေသည်။
“ဧကရာဇ်ကိုတောင် လိမ်ဝံ့တယ်ပေါ့”
ကြီးလေးသော စွပ်စွဲချက်ကြီးကြောင့် အမျိုးသမီးဟို့မှာ အသက်ရှူရပ်လုမတတ် ဖြစ်သွားပြီး မူးမေ့လဲကျလုနီးပါးပင်။ သူမက အပြင်းအထန် ငြင်းဆိုပြီး မြေပြင်ပေါ်သို့ လုံးဝ ပုံကျသွားသည်။ အစောပိုင်းက သူမ၏ထောင်လွှားသည့် အမူအရာအားလုံး အစအနပင် ရှာမရတော့။
မုကျန့်က နန်းတွင်းအစေခံများကို အမျိုးသမီးဟို့ ဝမ်မင်ယွီအား ခုနက ပြောခဲ့သည့် စကားများကို ပြန်ပြောခိုင်းလိုက်၏။ သူတို့ ပြန်ပြောလေလေ၊ အမျိုးသမီးဟို့မှာ ပို၍ တုန်ယင်လာလေလေ ဖြစ်သည်။
“မင်း ပြောမှပဲ ငါကိုယ်တော် သတိရတော့တယ်။ မြို့စားကွမ်းယန်နဲ့ သူ့လက်အောက်ငယ်သားတွေက ဒီရက်ပိုင်း ခဏခဏကို အမှားတွေ လုပ်နေကြတာပဲ။ သူတို့ကြည့်ရတာ အသက်ကြီးလာတော့ နည်းနည်း တွေဝေလာကြပုံပဲ။ အနားယူဖို့ အချိန်တန်နေပြီ။ သူတို့ရဲ့မျိုးဆက် လူငယ်တွေထဲမှာလည်း ဘယ်သူမှ ဒီတာဝန်ေတွကို ထမ်းဆောင်နိုင်မယ် မထင်ဘူး။ ရာထူးတွေ အကုန်ပြန်သိမ်းပြီး သူတို့ရဲ့ စွမ်းရည်တွေ ပိုပြီး ထက်မြက်အောင် လုပ်ဖို့ အခွင့်အရေးပေးတာ ပိုသင့်တော်လိမ့်မပေါ့"
ဧကရာဇ်၏ ပေါ့ပေါ့ပါးပါး စကားအနည်းငယ်ဖြင့် မြို့စားကွမ်းယန်ခမျာ သူ၏ ရာထူးနှင့် ဘွဲ့အမည်ကိုပါ အသိမ်းခံလိုက်ရတော့သည်။ မြို့စားကွမ်းယန် မရှိတော့သည်နှင့် သူ၏ မိသားစုသည်လည်း ချက်ချင်းပင် အထက်တန်းစားအသိုင်းအဝိုင်းမှ လုံးဝ ထွက်သွားရမည်ဖြစ်ကာ သာမန်လူများသာ ဖြစ်သွားပေမည်။ ဤသည်ကား သူတို့အတွက် အလွန်ကြီးမားသော ထိုးနှက်ချက်တစ်ခု ဖြစ်၏။
အမျိုးသမီးဟို့မှာ သူမ၏ ဝိညာဉ်ပင် ခန္ဓာကိုယ်ထဲမှ ထွက်သွားသကဲ့သို့ လုံးဝ ထိတ်လန့်သွားရတော့သည်။ နန်းတော်သို့ ရောက်လာပြီးနောက် သူမ၏ တရားမဝင် သားအား မိသားစုအတွက် အကျိုးကျေးဇူးများများ ရှာဖွေပေးဖို့ မစည်းရုံးနိုင်ခဲ့သည့်အပြင် ပိုင်ဆိုင်ထားသည့် အရာအားလုံးကိုပါ ဆုံးရှုံးသွားရသည့်အဖြစ်အား သူမ နားမလည်နိုင် ဖြစ်နေေတာ့၏။
ဧကရာဇ်အား အမိန့်ကို ပြန်လည် ရုတ်သိမ်းပေးရန် တောင်းပန်ချင်မိသော်လည်း နန်းတွင်းအစေခံများက သူမကို စကားပြောခွင့်ပင် မပေးဘဲ အတင်းအကြပ် ဆွဲထုတ်သွားခဲ့ကြသည်။
နန်းတော်မှ ပြန်လာသည့်လမ်း၌ သူမဟာ ငယ်စဉ်တုန်းက ဝမ်မင်ယွီအား သူမ မည်သို့မည်ပုံ အနိုင်ကျင့်ခဲ့ပုံနှင့် ညှင်းပန်းနှိပ်စက်ခဲ့ပုံများကို မြင်ယောင်လာေတာ့သည်။ ထို့နောက် မကြာသေးခင်ကတင် သခင်လေးအမူအရာနှင့် မောက်မာပြခဲ့သည့် ဝမ်မင်ယွီနှင့် သူ၏ နောက်တွင် ရပ်နေသည့် မင်းကြီး၏ ပေါ့ပေါ့ဆဆ အကြည့်ကိုလည်း မြင်ယောင်လာသည်။ ထိုအကြည့်ထဲ၌ အေးစက်ခက်ထန်သည့် သတ်ဖြတ်လိုစိတ်လည်း ပါဝင်နေခဲ့၏။
သူမသာ ဝမ်မင်ယွီကို မနာလိုပြီး အစေခံတွေကို အနိုင်ကျင့်ခိုင်းတာမျိုး မလုပ်ခဲ့မိရင် အခုချိန်မှာ ဝမ်မင်ယွီက မြို့စားအိမ်တော်ကို ကူညီေလာက်မလားလို့ မတွေးမိဘဲ မနေနိုင်။
မဟုတ်ဘူး! ဒါ လုံးဝ သူမ အမှား မဟုတ်ဘူး! ဒီလိုမှ မဟုတ်ရင် ဒီသတင်းကို အိမ်တော်ကလူတွေသာသိရင် သူမနဲ့ သူမရဲ့ သားကိုပဲ အပြစ်တင်ကြမှာ...ဟုတ်တာပေါ့! ဒါ သူမ အမှားမှ မဟုတ်တာ! မြို့စားကိုယ်တိုင်တောင် သူ့ရဲ့ တရားမဝင်သားကို မမုန်းခဲ့လို့လား... နိမ့်နိမ့်ပါးပါး ဘဝနဲ့ မွေးဖွားလာတာကိုက သူ့ကို လူချစ်လူခင်နည်းသွားစေတဲ့ သဘာဝပဲလေ။ သူ့မွေးမိခင်ရဲ့ အနေအထားအရဆိုရင် သူ့ကို မြို့စားအိမ်တော်ရဲ့ သားတစ်ဦးအနေနဲ့ မွေးဖွားပေးခွင့်ရလိုက်တာကိုက တော်တော် ဂုဏ်ရှိသွားစေပြီမဟုတ်လား...ဒီလိုမှ မဟုတ်ရင် အဲဒီ ခွေးသူခိုးက ဘယ်လိုလုပ် နန်းတော်ထဲဝင်ပြီး ဒီလို အဆင့်အတန်းမျိုးထိရနိုင်မှာတဲ့လဲ! ဝမ်မင်ယွီက သူတို့ကို ထာဝရတောင် ကျေးဇူးတင်နေသင့်တာ!
တကယ်တော့ မြို့စားမိသားစုက ဝမ်မင်ယွီကို မင်းဆိုးမင်းညစ်ကြီး သတ်ချင်သတ်၊ ဖြတ်ချင်ဖြတ်ဆိုပြီး နန်းတော်ထဲ ပို့လိုက်သည့်အကြောင်းကိုမူ သူမက လျစ်လျူရှုလိုက်ကာ အမည်းကို အဖြူပြောင်းပြီး အမှန်တရားကို ပြောင်းပြန်လှန်ချင်နေသည်။
အမျိုးသမီးဟို့၏ အပြုအမူမှာ ထူးဆန်းေနပြီး တစ်ချိန်တည်းမှာ ငိုလိုက်၊ ရယ်လိုက်၊ ဒေါသထွက်လိုက်နှင့် အရူးတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။ သို့သော် သူမကို ခေါ်ဆောင်သွားသည့် နန်းတွင်းအစေခံများမှာ သူမကို မမြင်ရသည့် လေလို သဘောထားနေသည့်အလား လုံးဝ တုံ့ပြန်ခြင်း မရှိကြပေ။
တစ်ဖက်တွင်...
ဝမ်မင်ယွီလည်း အလွန် စိတ်လှုပ်ရှားနေပြီး သူ့တစ်ကိုယ်လုံး တင်းမာနေသည်။ အမျိုးသမီးဟို့ကို ဆွဲထုတ်ခိုင်းလိုက်ပြီးနောက် မုကျန့်က နန်းတွင်းအစေခံများကိုပါ ပြန်လွှတ်လိုက်ပြီး ဝမ်မင်ယွီ၏ ပခုံးမှ ဖိ၍ လှည့်လိုက်ပြီး သူနှင့် မျက်နှာချင်းဆိုင်စေသည်။
မုကျန့်က အနည်းငယ် ကိုင်းညွတ်လိုက်ရင်း သူ့ကို စူးစိုက်ကြည့်လာသည်။ ထိုမျက်လုံးများတွင် မည်သည့် ခံစားချက်မျှ မဖော်ပြထားသော်လည်း ဝမ်မင်ယွီကမူ ထိုအကြည့်ထဲ၌ စာကြောင်းတစ်ကြောင်းကို ဖတ်နိုင်နေလေသည်။
အခု မင်းအလှည့်ပဲ။
ဝမ်မင်ယွီမှာ ရုတ်တရက် ခေါင်းေမွးများပင် ထောင်လာသလို ခံစားလိုက်ရပြီး မျက်ရည်ပင် ကျလုနီးပါး ဖြစ်လာသည်။ သေခြင်းတရားနှင့် အလွန်နီးကပ်နေသော်လည်း အသက်ရှင်လိုစိတ်ပြင်းပြနေေသးသောကြောင့် သူ့ကိုယ်သူ ကယ်တင်ဖို့ အနည်းငယ် ရုန်းကန်ရန် ကြိုးစားလိုက်၏။ ပြီးခဲ့သည့်ညအကြောင်းကို မုကျန့် ပြောမလာစေရန်အတွက် သူက စကားလမ်းကြောင်း ပြောင်းလိုက်ပြီး အပြုံးတုလေးဖြင့် ပြောလိုက်သည်။
“အရှင်မင်းကြီးက ကျွန်တော့်ကို ကူညီဖို့များ တကူးတက လာခဲ့တာလား။ ကျွန်တော် အလွန်အင်မတန်ကို ပျော်ရွှင်ရပါတယ်ဗျာ~”
မုကျန့်က ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်သည်။
“တစ်စိတ်တစ်ပိုင်းတော့ ပါတယ်။ ဒါပေမဲ့ မင်းက အကူအညီတောင် လိုပုံမရဘူးပဲ။ တော်တော် စကားတတ်ပြီး အဲဒီ မိန်းမကိုတောင် တကယ် ဒေါသထွက်သွားအောင် လုပ်နိုင်ခဲ့တာပဲမဟုတ်လား”
ဝမ်မင်ယွီက မဟုတ်သည့်အတိုင်း ဟန်ဆောင်ကာ မျက်လုံးများကို အောက်ချပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။
“အဲဒါ ဟန်ဆောင်တာပါ။ သူက ငယ်ငယ်လေးကတည်းက ကျွန်တော့်ကို မကောင်းဆက်ဆံခဲ့တာမို့ ကျွန်တော့်မှာ အရမ်းကို ကြီးမားတဲ့ အရိပ်မည်းကြီး ကျန်ခဲ့တုန်းပဲ။ သူ့ကို မြင်တိုင်း ကြောက်နေတုန်းပါ”
"ဟုတ်လား...ဒါဆို သူ ဖြစ်ထိုက်တာ ဖြစ်သွားတာေပါ့။ နာမည်ဂုဏ်သတင်းနဲ့ စည်းစိမ်ကို လိုက်စားတဲ့သူတွေက သူတို့ ပိုင်ဆိုင်ထားတာတွေ ဆုံးရှုံးရမှာကို အကြောက်ဆုံးပဲ၊ သူတို့က မင်းကို ခုတုံးတစ်ခုလိုတောင် သဘောထားခဲ့ကြတာကိုတော့ ထည့်ပြောစရာေတာင် မလိုတော့ဘူး"
ထိုသို့ မုကျန့်က ခံစားချက်မဲ့စွာဖြင့် ပြောလိုက်သည်။ ဝမ်မင်ယွီ၏ ပခုံးပေါ်ရှိ သူ့လက်မှာ ဒီတိုင်းငြိမ်ငြိမ်ေလး တင်ထားသည့်ပုံရသော်လည်း အမှတ်တမဲ့ဆိုသလို ဝမ်မင်ယွီ၏ လည်တိုင်ကို ထိမိသွားကာ ညင်သာစွာ ပွတ်သပ်လိုက်သကဲ့သို့ပင်။
ဝမ်မင်ယွီ ယားယံသလို ခံစားရပြီး အနည်းငယ် တုန်ယင်သွားသော်လည်း တွန့်တော့မတွန့်သွားခဲ့။ မုကျန့် ဘာကြောင့် မြို့စားကွမ်းယန်ကို ရုတ်တရက် အပြစ်ပေးလိုက်သလဲကို သူ မသိသော်လည်း ၎င်းက သူ့ဒေါသကို အမှန်တကယ်ပင် ဖြေဖျောက်ပေးခဲ့ပြီး အနည်းငယ် စိတ်သက်သာရာ ရစေခဲ့၏။
ခဏအကြာတွင် မုကျန့်၏ အကြည့်ဟာ ဝမ်မင်ယွီထံ ပြန်ရောက်လာခဲ့ပြီး သူ့နှလုံးသားကိုပင် တင်းမာသွားစေသည်။
ထင်ထားသည့်အတိုင်း မုကျန့်က ထိုအကြောင်းကို ဆက်ပြောလာတော့၏။
“ဒါကတော့ လမ်းကြုံကိစ္စလေးပါ...တကယ်တော့ ကိုယ်တော် ဒီကို လာတာက မင်းကို မနေ့ညကအကြောင်း ပြောပြဖို့ပဲ...”
"အာ! ပြောရင်းဆိုရင်းနဲ့ အရှင်မင်းကြီး ဗိုက်ဆာနေလောက်ရောပေါ့!"
ဝမ်မင်ယွီက သူ ဘာပြောတော့မလဲဆိုတာ ခန့်မှန်းမိသွားပြီး ဆက်မပြောစေချင်၍ စားပွဲပေါ်မှ မုန့်တစ်ခုကိုယူကာ မုကျန့်ပါးစပ်ထဲသို့ ထိုးထည့်လိုက်လေသည်။
"ဒီသစ်ခွနံ့ ကိတ်မုန့်က အရမ်း အရသာရှိတာပဲ။ ကျွန်တော် အရမ်း ကြိုက်တာ တကယ်!"
မုကျန့်၏ ပါးစပ်ထဲတွင် ပန်းရနံ့ချိုချိုများ ချက်ချင်း ပြည့်သွားေတာ့သည်။ သူ မျက်မှောင်ကြုတ်လိုက်မိသော်လည်း မထွေးထုတ်ခဲ့ပေ။ ရှုပ်ထွေးသော အမူအရာဖြင့် မျိုချလိုက်ပြီးနောက် ဝမ်မင်ယွီ၏ လက်များကို ဆုပ်ကိုင်ကာ လက်တစ်ဖက်တည်းဖြင့် ထိန်းထားလိုက်သည်။ ဝမ်မင်ယွီ ဆက်ပြောချင်နေသည်ကို မြင်သောအခါ ကျန်လက်တစ်ဖက်ဖြင့် သူ့ပါးစပ်ကိုပါ ပိတ်ပစ်လိုက်၏။
မုကျန့် ပြုံးလိုက်သည်။
"မင်း တခြား ဘာများ ပြောချင်သေးလို့လဲ"
ဝမ်မင်ယွီ စကားပြောခွင့်မရတော့ဘဲ ပြန်ပေးဆွဲခံထားရသည့်လူလို အသံသေးလေးနှစ်သံသာ ထွက်နိုင်တော့၏။
သူ မတားနိုင်တော့သော အချိန်မှ မုကျန့်က တည့်တိုးပြောလာတော့သည်။
"မနေ့ညက မင်း မူးရူးပြီး ကိုယ်တော့်ကို ခွေးဧကရာဇ်ဆိုပြီး ဘယ်နှကြိမ်လောက်တောင် ဆဲဆိုနေခဲ့လဲသိလား"
ဝမ်မင်ယွီ၏ မျက်လုံးများ မိုက်ခနဲ ဖြစ်သွားရသည်။ အရက်က သူ့ကို ဖျက်ဆီးလိုက်ပြီဟုလည်းကောင်း၊ ကံကြမ္မာက သူ့ကို ဆန့်ကျင်နေသည်ဟုလည်းကောင်း ခံစားလိုက်ရတော့၏။
ဝမ်မင်ယွီ၏ စိတ်ပျက်အားလျော့နေသည့် အမူအရာလေးက မုကျန့်ကို စိတ်ပျော်ရွှင်သွားစေပြီး သူ့မျက်လုံးများတွင်ပင် အပြုံးရိပ်များ သန်းလာတော့သည်။ သူ၏ နဂိုအေးစက်စက်အရှိန်အဝါများလည်း လျော့သွားကာ ပို၍ ညင်သာလာ၏။ သို့သော် ဝမ်မင်ယွီက သတိမထားမိပေ။
"မင်း ဘာပြောချင်သေးလဲ?"
ဝမ်မင်ယွီ မျက်တောင် နှစ်ချက် ခတ်လိုက်ပြီး သူ၏ စိတ်ထဲတွင် အတွေးများစွာ လှည့်ပတ်နေသည်။ သတိလက်လွတ်ဖြင့် တစ်ခုခုပြောရန် ပါးစပ်ဖွင့်လိုက်သော်လည်း မုကျန့်၏လက်က သူ့ပါးစပ်ကို ပိတ်ထားဆဲ ဖြစ်ကြောင်း မေ့သွား၏။ ရလဒ်အနေဖြင့် သူ၏ နှုတ်ခမ်းဖျားက မုကျန့်လက်ဖဝါးကို ဖွဖွကလေး ထိမိသွားပြီး သူ၏ အာငွေ့လေးကလည်း မုကျန့်လက်ဖဝါးကို အနည်းငယ် စိုစွတ်သွားစေခဲ့သည်။ ဖော်ပြ၍ပင် မရနိုင်သော ထူးခြားသည့် အခြေအနေကို ဖန်တီးလိုက်မိ၏။
မုကျန့်မျက်လုံးများ မှောင်မိုက်သွားပြီး ဝမ်မင်ယွီပါးစပ်ကို ဖုံးအုပ်ထားသည့် လက်ကိုလည်း အလိုလို တင်းကျပ်လိုက်မိပြီးမှ ဖြည်းညင်းစွာ ပြန်လွှတ်ပေးလိုက်သည်။ မုကျန့်က ဝမ်မင်ယွီဘေးတွင် ထိုင်လိုက်ပြီး သူ့ကို တစ်ခုခုပြောလာဖို့ စောင့်ဆိုင်းနေသည်။ 'မင်းရဲ့ ဆင်ခြေဆင်လက်တွေကို စောင့်နေမယ်' ဟု ပြောချင်သည့် သဘောမျိုးပင်။
ဝမ်မင်ယွီမှာ ထိုအကြည့်များ၏ နောက်ကွယ်က အဓိပ္ပာယ်ကို နားလည်၍ စိတ်ပိုင်းဆိုင်ရာ ဖိအား အနည်းငယ်ပင် ခံစားလိုက်ရသည်။
သက်ပြင်း တစ်ချက် ရှူသွင်းလိုက်ပြီးနောက် သူ ခုနက ခံစားခဲ့ရသည့် နူးညံ့သော ခံစားချက်များကို လျစ်လျူရှုကာ ဆင်ခြေပေးရန် စတင်လိုက်သည်။ မုကျန့်က သူ အရက်မူးနေစဉ် လျှောက်ပြောခဲ့သည့် စကားများကို ရှင်းရှင်းလင်းလင်း ကြားခဲ့ပြီးဖြစ်၍ ငြင်းဆိုရန်မဖြစ်နိုင်ပေ။ ဤသည်မှာ အခြေအနေကို ကယ်တင်ရန် တစ်ခုတည်းသော နည်းလမ်းဖြစ်၏။
"အရှင်မင်းကြီး ကျွန်တော် အရှင်မင်းကြီးကို စော်ကားဖို့ လုံးဝ ရည်ရွယ်ခဲ့တာ မဟုတ်ပါဘူး။ ခွေးတွေဆိုတာ လူသားတွေရဲ့ အကောင်းဆုံး သူငယ်ချင်းတွေပဲ မဟုတ်လား။ သူတို့က ထက်မြက်ပြီး လျင်မြန်တယ်၊ အံ့ဩစရာကောင်းတဲ့ အရည်အချင်းတွေလည်း အများကြီးရှိတယ်။ အရှင်မင်းကြီးကကျတော့လည်း တိုင်းပြည်ကို ကြိုးစားပမ်းစား အုပ်ချုပ်ပြီး ပြည်သူတွေကိုလည်း ချစ်ခင်တယ်။ နောက်ပြီး အရှင်မင်းကြီးက စိတ်ကောင်းလည်းရှိပြီး ပညာလည်းရှိတဲ့ အုပ်စိုးရှင် တစ်ဦးပါပဲ။ ကျွန်တော် ‘ခွေးဧကရာဇ်’ (လေသံတိုးတိုးလေး) လို့ ပြောလိုက်တာက တကယ်တော့ အရှင်မင်းကြီးကို ချီးမွမ်းနေတာပါ ...တကယ်ပါ"
ဝမ်မင်ယွီက ပြောနေရင်း မုကျန့်၏ တုံ့ပြန်မှုကိုလည်း ခိုးကြည့်နေသည်။ ထိုသူ စကားပြောတော့မည်ကို မြင်သောအခါ စာမေးပွဲ ပြီးခါနီးပြီဖြစ်၍ ဘာပဲဖြစ်ဖြစ် စာအနည်းငယ် ထပ်ရေးလိုက်လျှင် နှစ်မှတ်လောက် ပိုရနိုင်မည်ဟု တွေးကာ ဝမ်မြင်ယွီက ဆက်ပြောလိုက်လေသည်။
"ခွေးတွေဆိုတာ သူငယ်ချင်းကောင်းတွေတင်မကဘဲ မိသားစုဝင်ဆိုလည်း ဟုတ်တာပါပဲ။ သူတို့က ကျွန်တော်တို့နဲ့ အမြဲ အတူရှိနေပေးပြီး အတူအိပ်၊ အတူစားနဲ့ အမြဲအတူအဖော်လုပ်ပေးနေတာ။ ကျွန်တော်က ခွေးတွေကို တကယ့်ကို အရမ်းအရမ်းချစ်တာပါ"
သူက ထိုအကြောင်းကိုပဲ ထပ်ခါတလဲလဲ ပြောနေပြီး မုကျန့်သူ့ကို မယုံမည်ကိုလည်း စိုး၍ အမှန်ဖြစ်ကြောင်းကိုပါ အလေးထားပြောဆိုနေသေးသည်။ မုကျန့်ကိုလည်း စိတ်လှုပ်ရှားစွာ စိုက်ကြည့်နေသေး၏။
မုကျန့်က တည်ငြိမ်စွာဖြင့် သူ၏ ဆင်ခြေများကို နားထောင်ပြီးနောက် နောက်ဆုံးတွင် လျစ်လျူရှုဟန်ဖြင့် ပြောလိုက်သည်။
"ဒါဆို မင်းက မင်းရဲ့ ခွေးနဲ့ အတူ အိပ်ရတာ ကြိုက်တယ်ပေါ့"
ဝမ်မင်ယွီ အံ့အားသင့်သွားသည်။ သူပြောသမျှကို နားထောင်ပြီးနောက် မုကျန့်က ဤသို့ ပြောလာမည်ဟု မထင်မှတ်ထားခဲ့ပေ။
ဒီလူ့ရဲ့ အဓိက အချက်ကို နားလည်စွမ်းကတော့ တကယ်ပဲ......
အနည်းငယ်စိတ်ရှုပ်သွားရသော်လည်း ဝမ်မင်ယွီ ခဏတာ ရပ်တန့်လိုက်ပြီးနောက် အားတက်သရော ခေါင်းညိတ်လေသည်။
"ဟုတ်တာပေါ့! ကျွန်တော် အရမ်းကို ကြိုက်တာပေါ့ဗျာ!"
မုကျန့်: "နားလည်ပြီ"
ဝမ်မင်ယွီ နားမလည်နိုင် ဖြစ်နေသည်။
ဒါဆို မင်းက တကယ်ပဲ ဘာကို နားလည်သွားပြန်တာလဲ?
မုကျန့်၏ ဆိုလိုရင်းကို နားမလည်ဆဲဖြစ်သော်လည်း အဆုံးတွင် သူ အသက်ရှင်ခဲ့ပေသည်။ ဧကရာဇ်ကို ဆဲခဲ့မိသည့် ဘေးဆိုးကြီးမှ လွတ်မြောက်ခဲ့ခြင်းမှာ ထူးခြားလွန်းသော ကံကောင်းမှုကြီးပင် ဖြစ်၏။ ယခုမှ ဝမ်မင်ယွီ သက်ပြင်းမောကြီး ချနိုင်တော့သည်။
အရာအားလုံး အရင်အတိုင်းပဲ၊ ဘာမှ မဖြစ်ခဲ့သလိုပဲ ဟန်ဆောင်လိုက်ကြတာပေါ့။
ဝမ်မင်ယွီဟာ သူ့ကိုယ်သူ လှည့်စားရာတွင်လည်း ပါရမီအလွန်ရှိကြောင်း ရုတ်တရက် သဘောပေါက်လိုက်သည်။
သူ့အတွက် အသက်အန္တရာယ် ခြိမ်းခြောက်မှုကို ဖြေရှင်းပြီးနောက် သူဟာ မုကျန့်နှင့်အတူ ထမင်းစားခဲ့ပြီး နန်းဆောင်သို့ ပြန်လာခဲ့သည်။ စိတ်သက်သာရာ ရပြီး ဝန်ထုပ်ဝန်ပိုးများ ကင်းဝေးသွားသဖြင့် သူ လုပ်ချင်သမျှမှာ ခုတင်ပေါ်သို့ ခုန်တက်၍ နားရွက်ရှည် ယုန်လေးအဖြစ် ပြောင်းလဲပြီး အိပ်ရာပေါ်၌ ပျော်ရွှင်စွာ လူးလှိမ့်နေရန်သာ ဖြစ်လေသည်။
စန်းရှီက သူ့ကို အဝတ်အစားလဲပေးပြီး အိပ်ရာဝင်စေကာ ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြောလာသည်။
"သခင်လေး အရှင်မင်းကြီးက ဒီနေ့ သခင်လေးရဲ့ ဒေါသကို ဖြေဖျောက်ပေးဖို့ တကူးတကတောင် လာခဲ့တာပဲ။ ကျွန်တော် သခင်လေးအတွက် တကယ့်ကို ဝမ်းသာတာပဲဗျာ"
ဝမ်မင်ယွီလည်း ဒီအကြောင်းကို တွေးခဲ့ဖူးသော်ငြား မုကျန့်အနေနှင့် ဤသို့လုပ်ပေးရမည့် အကြောင်းအရင်းမရှိနေပေ။ သူကတော့ မုကျန့် စိတ်ကူးပေါက်ရာလျှောက်လုပ်သည်ဟုသာ ထင်၏။ အဘယ်ကြောင့်ဆိုသော် မင်းဆိုးမင်းညစ်များသည် သူတို့ စိတ်ထင်သလိုသာ လုပ်တတ်ကြပြီး မြို့စားကွမ်းယန်ကလည်း တကယ့်ကို တရားလွန်လာ၍ ဧကရာဇ်က သူတို့ကို အပြစ်ပေးချင်ခဲ့ခြင်း ဖြစ်နိုင်သည်။ သို့သော် ထိုသူက အနေအထိုင်မတတ်ဘဲ နေရာရဖို့ သူ့ကိုယ်သူဖော်ထုတ်ပြီး ဧကရာဇ်ကိုတောင် မျက်စိနောက်သွားစေခဲ့သေး၏။ ၎င်းသည် မင်းဆိုးမင်းညစ်ကြီးကို စိတ်အနှောင့်အယှက် ဖြစ်သွားေစခဲ့သောကြောင့် မုကျန့်က စိတ်ကူးပေါက်ပေါက်ဖြင့် သူ့ကို ချက်ချင်း ရှင်းပစ်လိုက်ခြင်းပင် ဖြစ်သည်။
ဝမ်မင်ယွီ ခေါင်းညိတ်ပြလိုက်၏။
"အင်း ငါလည်း အရမ်း ပျော်တယ်"
ကိုယ်နဲ့မတည့်တဲ့လူ ဒုက္ခရောက်နေတာက ကောင်းတဲ့ကိစ္စပဲပေါ့။ ပျော်ရွှင်မှုဆိုတာ ဒီလို ရိုးရိုးလေးပဲလေ။
စန်းရှီမှာ စိတ်လှုပ်ရှားလာသည်နှင့်အမျှ စကားများ စပြောလာတော့သည်။
"သခင်လေးအတွက် အရာရာ ဒီလောက် ချောချောမွေ့မွေ့ ဖြစ်သွားတာ အရမ်းကောင်းပါတယ်။ အရှင်မင်းကြီးက မောင်းမဆောင်ကို မကြိုက်ဘူးလေ၊ အဲဒါက အမြဲတမ်း ဗလာဖြစ်နေတာမို့ တစ်ခါတလေ...”
ထိုခဏ၌ စန်းရှီသည် သူ စကားမှားသွားကြောင်း ရုတ်တရက် သဘောပေါက်သွားပြီး မျက်နှာပင် ဖြူဖျော့သွားကာ ပါးစပ်ကို အမြန် ပိတ်လိုက်ရသည်။
ဝမ်မင်ယွီက သာမန်ကာလျှံကာ နားထောင်နေရင်းနှင့်မှ စန်းရှီ ရုတ်တရက် ရပ်လိုက်သောကြောင့် ပို၍ စိတ်ဝင်စားသွားတော့သည်။
တွေးကြည့်မှ နန်းတော်ထဲမှာ တခြား ကိုယ်လုပ်တော်တွေ၊ မောင်းမတွေအကြောင်းလည်း တစ်ခါမှ မကြားဖူးဘူး။
သူက အလိုလို မေးမိသွား၏။
"ဘာလို့လဲ?"
စန်းရှီက မပြောလိုဟန်ဖြင့် ခေါင်းခါလိုက်ပြီး ဘာပြောရမှန်း မသိအောင် ဖြစ်နေသည်။
ဤသို့သော တုံ့ပြန်မှုကို မြင်သောအခါမှ ဝမ်မင်ယွီက ၎င်းမှာ တော်ဝင်လျှို့ဝှက်ချက် အချို့ ပါဝင်နေရမည်ဟု တွေးလိုက်မိသည်။ လျှို့ဝှက်ချက်များစွာကို သိထားသူများဟာ အများအားဖြင့် အသက်ရှည်ရှည် မနေရတတ်၊ ထို့ကြောင့် သူသည်လည်း သူ၏ စူးစမ်းလိုစိတ်ကို ပြတ်ပြတ်သားသား နှိမ်နင်းလိုက်ပြီး စန်းရှီကိုလည်း ဒီတစ်ကြိမ် လွှတ်ပေးလိုက်ပြီး နောင်တွင် စကားပြောသည့်အခါ ပို၍ သတိထားရန် သတိပေးလိုက်ေလသည်။
စန်းရှီက အလျင်အမြန် ခေါင်းညိတ်လိုက်ပြီး သူ မပြောပြ၍ ဝမ်မင်ယွီကို စိတ်ဆိုးသွားမည်ကိုလည်း ကြောက်ကာ အသံတိုးတိုးဖြင့် ရှင်းပြသည်။
"ကျွန်တော် မပြောပြချင်တာ မဟုတ်ပါဘူး။ ဒီကိစ္စက နန်းတော်ထဲမှာ တားမြစ်ထားတဲ့ ကိစ္စဖြစ်ပြီး ကျွန်တော်လည်း သိပ်မသိလို့...”
ဝမ်မြင်ယွီက ချက်ချင်း ဖြတ်ပြောလိုက်သည်။
"ငါလည်း မသိချင်ပါဘူး တကယ်"
ထို့နောက် စန်းရှီက ဖယောင်းတိုင်မီးများကို ငြှိမ်းလိုက်ပြီး သခင်လေးအား အိပ်မက်လှလှမက်စေရန် ဆုတောင်းေပးကာ နန်းဆောင်ထဲမှ ထွက်ခွာသွားေတာ့သည်။
ထိုညက ဝမ်မင်ယွီ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခဲ့လေသည်။ လက်ဖဝါးအရွယ်မျှ နားရွက်ရှည်ယုန်လေးဟာ အမွေးလုံးလေးကဲ့သို့ ကွေးထားပြီး လျှာတသပ်သပ်၊ ခြေတိုလေး တလှုပ်လှုပ်နှင့် ဖြစ်နေသည်မှာ အိပ်မက်ထဲမှ စားစရာကို အလွန်သဘောခွေ့နေပုံပင်။