အခန်း(12)ကြောင်နက်၏ လက်စားချေခြင်း(1)
“အရမ်းဆိုးဝါးတဲ့ ဒုက္ခတစ်ခု?”
စုန့်ထန်က သူ့၏ကံကောင်းမှုကြောင့် နှစ်စက္ကန့်လောက် ပျော်ရွှင်သွားခဲ့သော်လည်း နောက်ဆက်တွဲကြားလိုက်ရသည့် သတင်းအသစ်ကြောင့် မူးဝေသွားရပြန်သည်။
ပထမတွင်တော့ ထိုအရာမှာ မဖြစ်နိုင်လောက်ဟု သူထင်မြင်ခဲ့မိသေးသည်။ သို့သော်လည်း ကုကျစ်စုန့်၏ တိကျမှန်ကန်သော ကံကြမ္မာဟောပြောသည့် စွမ်းရည်အား ပြန်လည်တွေးမိသွားချိန်မှာတော့ ထိတ်လန့်တကြားဖြစ်သွားခဲ့ပြီး တွေးတောမိလိုက်ချေသည်:
ဒီလို ကံကြမ္မာမျိုးက သူ့ဆီမှာ ဖြစ်နိုင်သေးတာလား?!
နောက်တစက္ကန့်အကြာတွင် သူရုတ်တရက် နိုးကြားလာခဲ့ပုံရပြီး တစ်စုံတစ်ခုအား မှတ်မိသွားခဲ့ကာ သူ့၏မျက်လုံးများသည်လည်း ပြူးကျယ်သွားခဲ့ရပေသည်။
“တောက်ကျန့်.. တောက်ကျန်ပြောတာ မနက်ဖြန်လား? မနက်ဖန်အကြောင်းကို ပြောနေတာလား?!”
“အမှန်ပဲ၊ ကပ်ဆိုးက မနက်ဖြန်မှာ ဝင်လာလိမ့်မယ်”
ကုကျစ်စုန့် ခေါင်းညိတ်လိုက်၏။
“မင်းမှာ ဓာတ်ပုံတစ်ပုံရှိလား၊ ရှိရင် ငါ့ဆီကို အခုပို့လိုက်လေ ၊ ပိုတိကျတဲ့အခြေအနေကိုမြင်ရဖို့အတွက် ငါ မင်းနဲ့တိုက်ရိုက်ဆက်နွယ်နေတဲ့အရာတစ်ခုခု လိုအပ်တယ်”
“ကောင်းပါပြီ! ကောင်းပါပြီ! ကောင်းပါပြီ!”
စုန့်ထန် ဓာတ်ပုံတစ်ပုံအား လျှင်မြန်စွာ ပို့ပေးလိုက်ကာ မသက်မသာ ခံစားနေရချေသည်။
ကုကျစ်စုန့် ဓာတ်ပုံရရှိပြီးသည်နှင့် ရိုက်ကူးရေးအဖွဲ့ဆီသို့ သီးသန့်စာပို့ကာ ဓာတ်ပုံကို ပုံအဖြစ်ထုတ်နိုင်မည့် ပရင့်တာတစ်လုံးလောက် ရှိနိုင်မလားဟု မေးမြန်းခဲ့သည်။
စတူဒီယိုထဲတွင်ရှိနေသည့် လီချန်ဟဲတစ်ယောက်ကား လက်ရှိတွင် ရှုပ်ထွေးသော အမူအရာမျိုးရှိနေခဲ့ပေသည်။ သူက အစပိုင်းမှာကတည်းက ကုကျစ်စုန့်၏ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းအား အာရုံစိုက်နေခဲ့သောကြောင့် ထိုတောင်းဆိုမှုအား ကြားသည်နှင့် ချက်ချင်းပဲ တစ်စုံတစ်ယောက်ကို ညွှန်ကြားကာ ပုံထုတ်ပေးဖို့ စီစဥ်ခဲ့သည်။
ဓာတ်ပုံအား လတ်လတ်ဆတ်ဆတ် ထုတ်ယူလာပြီးသည့်နောက်တွင် ကုကျစ်စုန့်မှ ကောမန့်ဧရိယာအတွင်း အုံကြွနေသော မေးခွန်းအား ဖြေပေးလိုက်ချေသည်။
“...ကျွန်မက သူ့ရဲ့ကံဆိုးမှုနဲ့ ကံကောင်းမှုကို တွက်ချက်ဖို့ ကံတရားကိုဟောပြောတဲ့ပညာရပ်ကို သုံးခဲ့တာပါ၊ တွက်ချက်ခြင်းပညာရပ်ကပဲ ကြိုတင်ဟောကြားချက်အတွက် တစ်ခုတည်းသော နည်းလမ်းတစ်ခုမဟုတ်ဘူး၊ ‘ရှောက်ကျစ် ဗေဒင်ပညာရပ်များ’ထဲမှာလည်း တူညီတဲ့ နည်းလမ်းတွေရှိတယ်.. ကောင်းပြီ၊ အခု ပုံလည်းထုတ်လာခဲ့ပြီးပြီဆိုတော့ ဆက်လိုက်ရအောင်”
သူမက ဓာတ်ပုံအား ယူလိုက်ကာ သူမ၏လက်ဖဝါးကြားတွင် တင်းကျပ်စွာ ဖိချလိုက်ပြီး မျက်လုံးတွေကိုလည်း အချိန်ခဏမျှမှိတ်ထားခဲ့သည်။ ခဏလောက်ကြာပြီးနောက် မျက်လုံးကို ပြန်ဖွင့်လာခဲ့ပြီး ပြောလာခဲ့ပေ၏။
“မနက်ဖြန် မင်းမှာ အရမ်းအရေးကြီးတဲ့ အခွင့်အလမ်းတစ်ခု ရှိလာလိမ့်မယ်၊ အဲဒီအခွင့်အရေးက မင်းရဲ့ကံကြမ္မာကောင်းချီးနဲ့ ကပ်ဘေးတို့ရဲ့ကြားက အပြောင်းအလဲလမ်းဆုံပဲ၊
မင်းရဲ့ ဒီဘဝအတွက် ပျော်ရွှင်မှုတွေအကုန်ကလည်း ဒီအပြောင်းအလဲရဲ့အပေါ်မှာ မူတည်နေပေမဲ့ ကံမကောင်းစွာနဲ့ ငါခံစားမိတဲ့အဖြေကတော့ သိပ်ပြီးမကောင်းလှဘူး၊ နောက်တစ်ခုနှင့် ကြည့်ကြည့်ရအောင်”
ကုကျစ်စုန့်က သူမစုဆောင်းထားခဲ့သည့် ကြေးပြားများအား ထုတ်ယူလိုက်ပြီး ၎င်းတို့ကို သုံးကြိမ်တိုင်တိုင် မြှောက်လိုက်သည်။ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲတွင်ရှိနေကြသည့် ပရိတ်သတ်များအားလုံးသည်လည်း ထိုရလဒ်များက ဆိုးရွားနေကြောင်းကို တွေ့မြင်နိုင်ခဲ့၏။
ရလဒ်နှစ်ကြိမ်သည်ကား လုံးဝဆိုးရွားနေခဲ့ပြီး နောက်ဆုံးတစ်ကြိမ်တွင်တော့ ကြေးပြားများက ယင်အဖြေနှစ်ခုနှင့် ယန်အဖြေတစ်ခုအဖြစ် ပြသနေခဲ့သည်။
“ကောင်းပြီ၊ ဒါက တကယ်ကို ကံမကောင်းလွန်းနေတာပဲ၊ ဒီကပ်ဘေးက ကြီးမားလွန်းတဲ့ဘေးအန္တာရယ် ကပ်ဘေးမဟုတ်ရတဲ့ အကြောင်းအရင်းကတော့ ဒါက မင်းကို အသက်သေစေမဲ့ အန္တရယ်မဟုတ်လို့ဘဲ.. ဒီကိစ္စကြောင့် မင်းကို ဒုက္ခိတဖြစ်စေရုံလောက်ပဲ ဖြစ်စေလိမ့်မယ်၊
မနက်ဖြန်မှာရရှိလာမဲ့ မင်းရဲ့အခွင့်အလမ်းက တွန်းတိုက်မိတာကနေ ထိခိုက်ဒဏ်ရာရနိုင်တာမျိုးနှင့် ဆက်စပ်နေတဲ့ ပြင်းထန်တဲ့အားကစားတစ်မျိုးမျိုးပဲဖြစ်ရမယ်”
‘ဒုက္ခိတ ဖြစ်စေရုံလေးပဲ??!’
စုန့်ထန်၏မျက်နှာသည်ကား လုံးဝကို တောင့်တင်းနေခဲ့ပေပြီ။ သူ့မျက်နှာနှင့် နှုတ်ခမ်းများကလည်း အနည်းငယ် ဖြူဖျော့သွားခဲ့ရပြီ။
သူ့၏ ထိုကဲ့သို့အမူအရာကို မြင်တွေ့လိုက်ရချိန်တွင် အစပိုင်း၌ မယုံကြည်ခဲ့သည့် ပရိတ်သတ်များသည်ပင် နှလုံးသားထဲ၌ ဗုံများတီးခတ်နေသလို စိတ်လှုပ်ရှားလာကြတော့သည်။
သူမရဲ့ ခန့်မှန်းချက်က နောက်တစ်ကြိမ် ထပ်မှန်တာများ ဖြစ်နိုင်လောက်မလား?
“ဟုတ်တယ်၊ အဲလိုမျိုးပဲ...ကျွန်တော်က မြို့တော်ဘတ်စကက်ဘောအသင်းရဲ့ အသင်းသားတစ်ယောက်ပါ၊ မနက်ဖြန်မှာ ပြည်နယ်ကိုယ်စားပြုအသင်းအတွက် လေ့ကျင့်ရေးပွဲရှိတယ် ၊
တကယ်လို့ ကျွန်တော်သာ အရွေးခံလိုက်ရမယ်ဆိုရင် ကျွန်တော်က စောင့်ကြည့်သူစာရင်းထဲကို ဝင်နိုင်ပြီး ကျွမ်းကျင်အားကစားသမားတစ်ယောက် ဖြစ်လာတော့မှာ”
စုန့်ထန် ပြောလာခဲ့သည်။
“ဒါက မမှားနိုင်ဘူး”
ကုကျစ်စုန့် ကြေးပြားများအား ပြန်လည်သိမ်းဆည်းလိုက်သည်။“မင်းအနေနဲ့ လတ်တလောအချိန်အတွင်း နှာခေါင်းနဲ့ မျက်ခုံးအလယ်တွေမှာ ဝက်ခြံပေါက်သေးလား? အဲဒီနေရာက အသက်နန်းတော်နှင့် ဒုက္ခ၊ ကံဆိုးမှုတွေရဲ့ နန်းတော်နေရာတွေပဲ၊
များသောအားဖြင့် အညစ်အကြေးတွေက အဲဒီနေရာတွေမှာ ပုန်းအောင်းပြီး စုပေါင်းလာချိန်မှာ အသက်နန်းတော်ကို ယောင်ယမ်းစေပြီး ဒဏ်ရာရစေတယ်၊ ဒါက ငါပြောချင်တဲ့ အဓိပ္ပါယ်ပဲ”
စုန့်ထန်တစ်ယောက် သူ မနေ့ညတုန်းက ညှစ်ခဲ့မိသည့် ဝက်ခြံအနည်းငယ်လောက်အား ပြန်လည်တွေးမိခဲ့ရကာ ငိုချင်လာရလေသည်။
“တောက်ကျန့်.. ကျေးဇူးပြုပြီး ကျွန်တော့်ကို ကူညီပါဦး! ကျွန်တော် မသန်မစွမ်း ဖြစ်ချင်ဘူး”
စုန်ထန်ကား အားကစားပိုင်းတွင် အလွန် အရည်အချင်းရှိသည့် ကျောင်းသားတစ်ယောက်ဖြစ်လေ၏။ ထိုသို့သာမဟုတ်ခဲ့ပါက ဤကဲ့သို့ ငယ်ရွယ်သည့် အသက်အပိုင်းအခြားတွင် မြို့တော်အဆင့်အသင်းထဲသို့ ဝင်ရောက်နိုင်လိမ့်မည်မဟုတ်ပေ။
သူ အားကစားသမားဖြစ်ချင်ခဲ့သည်။ အကယ်၍ သူ့၏ခန္ဓာကိုယ်သာ မသန်မစွမ်းဖြစ်သွားခဲ့ပါက သူ၏ဘဝတစ်ခုလုံး ပျက်စီးသွားရပေလိမ့်မည်!
ကုကျစ်စုန့် ပြောလိုက်သည်:
“တကယ်လို့ မင်းသာ မနက်ဖြန်ပြိုင်ပွဲကို ရှောင်လိုက်မယ်ဆိုရင် ဒီဒုက္ခကပ်ဘေးကလည်း သူ့အလိုလို ပျောက်ကွယ်သွားလိမ့်မယ်”
“ဒါပေမဲ့ ... ဒါပေမဲ့ ဒါက အရေးကြီးတဲ့ပွဲစဥ်ပဲ”
ယခုလို သူ့ရဲ့အရည်အချင်းကို ထုတ်ဖော်ပြသခွင့်ရရှိမည့် အခွင့်အရေးသည်ကား ရှားပါးလွန်းလှပေ၏။ အကယ်၍ သူ လက်ရှိအကြိမ်အတွက် အခွင့်အရေးကို လွဲချော်သွားခဲ့ပါက နောက်တစ်ကြိမ်ဆိုသည်မှာ ဘယ်အချိန် ဘယ်ကာလမှန်း မသိနိုင်တော့ပါချေ။
သူ့၏ဆရာနှင့် နည်းပြများမှာလည်း သူနှင့်ပတ်သတ်၍ အလွန်အမင်း မျှော်လင့်ထားခဲ့ကြသည်။ သူတို့က သူ့အတွက် နေရာတစ်ခုကို ခိုင်ခိုင်မာမာ ညွှန်းထားပေးခဲ့ကြသေးသည်။
သူသာ ဤကဲ့သို့ရယ်မောဖွယ်ရာကောင်းလှသည့် အကြောင်းပြချက်များကြောင့် ထိုနေရာအား ဖြုန်းတီးလိုက်မိပါက ထိုသူတို့အား အလွန်အမင်းစိတ်ပျက်သွားစေလိမ့်မည်။ အကယ်၍ နောက်တစ်ကြိမ် အခွင့်အရေးပြန်ရလာလျှင်တောင် ဘယ်သောအခါမှ ညွှန်းပေးနိုင်လောက်တော့မည်မဟုတ်ပေ။
တစ်ဖက်တွင် ကံကြမ္မာပြောင်းလဲနိုင်သည့်ကံကောင်းခြင်းနှင့် အခြားတစ်ဖက်တွင်တော့ သူ့၏ကျန်းမာရေး ဖြစ်နေသောကြောင့် စုန့်ထန်တစ်ယောက် ရုန်းကန်ရမှုနှင့် နာကျင်မှုများအကြားသို့ ကျရောက်သွားခဲ့ရတော့သည်။
[မင်း ခန္ဓာကိုယ်က အရေးအကြီးဆုံးအရာပဲ၊ ‘ချစ်စရာကောင်းတဲ့ ရှောင်ထျန်း’ မင်းရဲ့မိသားစုက ချမ်းသာတယ်လေ၊ အိမ်ကို ပြန်ပြီး မင်းမိသားစုရဲ့လုပ်ငန်းကိုပဲ ဆက်ခံလိုက်ပါလား]
[မဟုတ်ဘူး၊ အားကစားကျောင်းသားတစ်ယောက်အတွက် သူ့ဘဝရဲ့ အရေးကြီးဆုံးပန်းတိုင်က အားကစားသမားတစ်ယောက်ဖြစ်လာဖို့ပဲ!
ပြီးတော့ သူ့မှာ တောက်ပနေတဲ့အနာဂတ်ရှိချင်ရှိနေမှာပဲ၊ ကုကျစ်စုန့်က တစ်ခုခုဖြစ်လာမယ်လို့ပြောတာနဲ့ပဲ အဲဒါကဖြစ်လာလိမ့်မယ်လို့ ထင်နေတာလား? ငါလည်း တစ်ခါတစ်လေ နှာခေါင်းပေါ်မှာ ဝက်ခြံပေါက်တာပဲ၊ ငါ ဘာလို့မသန်မစွမ်း မဖြစ်သွားတာလဲ]
စုန့်ထန်မှ ရုန်းကန်လိုစွာနဲ့ ပြောလာခဲ့ပြန်၏။
“ကုတောက်ကျန့် ဒါကို ဖယ်ရှားနိုင်မဲ့ နည်းလမ်း မရှိတော့ဘူးလား “
ကုကျစ်စုန့် ခေါင်းကိုခါရမ်းလိုက်သည်။
“ပျက်စီးခြင်းက နေရာမှာ ရောက်နှင့်နေပြီ.. မင်း ခြေချလိုက်တာနဲ့ အဲဒါက ပေါ်ထွက်လာလိမ့်မယ်”
အကယ်၍ သူမသာ သူမ၏အရင်အချိန်တုန်းကကဲ့သို့ စွမ်းအားကြီးနေဆဲဖြစ်နေခဲ့ပါက ဤကပ်ဘေးအား ဖယ်ရှားပေးနိုင်လိမ့်မည်ဖြစ်သော်လည်း သူမ ဝင်ထားခဲ့သည် ခန္ဓာကိုယ်သည်ကား အတော်လေးကို သုံးစားမရနိုင်ဖြစ်နေခဲ့ပေ၏။
အလွန်ဆုံး သူမ၏အစွမ်းမှ သုံးဆယ်ရာခိုင်နှုန်းအဆင့်လောက်ကိုသာ လုပ်ဆောင်နိုင်လိမ့်မည်။ သူမတွင်လည်း ကံမကောင်းသော ခန္ဓာကိုယ်ရှိနေခဲ့ပြီး သူတစ်ပါး၏ ကံဆိုးမှုအားချေဖျက်နိုင်လောက်သည်အထိ ဝိဉာဥ်စွမ်းအားအများကြီးကို ထုတ်လွှတ်ပေးနိုင်ခြင်း မရှိလောက်သေးပါချေ။
သို့သော်လည်း ဤကောင်ငယ်လေးနှင့် ပတ်သတ်၍ သူမ၏ အမြင်သည်ကား မဆိုးလှသောကြောင့် သူမ ကူညီဖို့အတွက် တွေးတောပေးနိုင်သည်။
မှတ်ချက်မျက်နှာပြင်များထဲမှ မှတ်ချက်တစ်ခုကတော့ မှန်ကန်ပေသည်။ သူမ တွက်ချက်နေစဥ်အတွင်း စုန့်ထန်က အလွန်သန်မာသည့်အကြောင်းကို ရှာတွေ့ခဲ့ရသည်။ ထို့အပြင် အလွန်ကောင်းမွန်သည့် ကံကြမ္မာမျိုးလည်းရှိနေခဲ့ပြီး ဒီကပ်ဘေးကိုသာ ကျော်လွှားနိုင်ခဲ့ပါက သေချာပေါက် အလွန်တော်သည့် ဘတ်စကက်ဘော ကစားသမားတစ်ယောက် ဖြစ်လာလိမ့်မည်။
သူက နိုင်ငံ့အသင်းကိုရောက်သည်အထိ တိုးတက်သွားနိုင်ပြီး ကမ္ဘာ့ချန်ပီယံရှစ်အဆင့်ပြိုင်ပွဲများသို့ ဝင်ရောက်ကာ နိုင်ငံအား ဂုဏ်ဆောင်နိုင်မည့် ကောင်းချီးလည်း ရှိနေသေးသည်။
ဤအချက်ကို အာရုံစိုက်ကာ တွေးတောကြည့်လိုက်ပြီးနောက် ကုကျစ်စုန့် ထပ်ပြောခဲ့သည်။
“ဒီလိုဆိုရင်ရော ဘယ်လိုလဲ၊ ဒီနေ့ပရိုဂရမ် ရိုက်ကူးရေးပြီးသွားတဲ့အချိန်မှာ မင်း ငါ့ဆီကို သီးသန့်မတ်ဆေ့ချ့်ကနေ စာပို့ထားလိုက်၊ ငါ မင်းရဲ့ကံကြမ္မာကို ပြောင်းလဲပေးဖို့ တခြားနည်းလမ်းတွေ သုံးပေးမယ်”
စုန့်ထန်၏ ထိုင်းမှိုင်းနေသာမျက်လုံးများက မျှော်လင့်ချက်အား နောက်တစ်ကြိမ်ပြန်တွေ့လာရသကဲ့သို့ ချက်ချင်းတောက်ပလာခဲ့တော့သည်။
“ကျေးဇူးတင်ပါတယ် တောက်ကျန့်! ဒါဆို ကျွန်တော် တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းမှာ ထိုင်ထ လုပ်ပြီး စောင့်နေပါ့မယ်!”
*တိုက်ရိုက်ထုတ်လွှင့်ပြီး ဗေဒင်ဟောပြောမှုနှစ်ခု ပြီးသွားသည့်နောက်မှာတော့ နောက်ထပ် အချိန်တစ်နာရီကျော်ခန့် ကုန်ဆုံးသွားခဲ့ပြီး မနက်ခင်းတွင် နောက်ထပ်ရိုက်ကူးစရာ အခန်းများ မကျန်ရှိတော့ချေ။
ပရိုဂရမ်ရိုက်ကူးရေးအသင်းသားများက ကုကျစ်စုန့်ဆီသို့ နားကျပ်မှတဆင့် လှမ်းပြောလာခဲ့ကြသည်။ သူတို့က ကုကျစ်စုန့်အား ပရိတ်သတ်များနှင့် နောက်ထပ် စကားပြောချင်သေးလားဆိုသည့်အကြောင်းကို မေးလာခဲ့ကြခြင်းဖြစ်ချေသည်။
သူမ၏တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ ကြည့်ရှုနှုန်းနှင့် အောင်မြင်ကျော်ကြားမှုကအလွန်အမင်းမြင့်မားလွန်းနေခဲ့ပေ၏။ သူမ၏ အခန်းမှာ ဒုတိယနေရာတွင်ရှိနေသည့် ဧည့်သည်တော်နှင့် ကြည့်ရှုနှုန်းနှစ်ဆမျှ ကွာခြားနေခဲ့ကာ ကိန်းဂဏန်းနှင့်ဆိုပါက တစ်ဖက်လူထက် သုံးသိန်းထက်ကျော်လွန်နေခဲ့ပြီး ကြည့်ရှုနှုန်းအမြင့်ဆုံးပထမနေရာတွင် ရှိနေခဲ့သည်။
ဤဝိဉာဥ်ရေးရာကိစ္စရပ်များ ပရိုဂရမ်အစီအစဉ်၏ စနစ်အရ ပြိုင်ပွဲဝင်များကို အဆင့်ဆင့် ထုတ်ပယ်သည့် ပုံစံကို ကျင့်သုံးလေ့ရှိသည်။
အပိုင်းတစ်ခုချင်းစီတွင် အနည်းဆုံးတော့ လူတစ်ယောက်လောက်ကတော့ အပယ်ခံရလိမ့်မည်။ ပရိုဂရမ်အစီအစဉ်အတွင်းမှ ပြိုင်ပွဲဝင်များ၏ တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း အောင်မြင်ကျော်ကြားသည့် ရေပန်းစားမှုမှာ နောက်ဆုံးသောအဆုံးအဖြတ်အတွက် ကြီးမားသည့်အပိုင်းတွင် ပါဝင်သည်။
နောက်ဆုံးတွင်တော့ ပရိုဂရမ်အဖွဲ့သည်လည်း ရေပန်းစားမှုနှင့် ကြည့်ရှုသည်ပရိတ်သတ်များကို လိုအပ်နေသေးပြီး နာမည်ကျော်ကြားသည့် ကစားသမားများကတော့ အလွယ်တကူ ဖယ်ရှားခံရမည်မဟုတ်ပေ။
တခြားသောပြိုင်ပွဲဝင်များမှာ ပရိသတ်ကိုဆက်သွယ်ပြီး ကံကြမ္မာဟောပြောမှုအား တစ်ကြိမ်သာ လုပ်ခဲ့ရသည်။ သူတို့တွေက ကုကျစ်စုန့်ထက်အရင် ဟောပြောမှု ပြီးသွားခဲ့သော်လည်း တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်လိုက်ရမည့်အစား လူထူ၏ စိတ်အားထက်သန်မှုအား ထိန်းသိမ်းနိုင်ရန်အတွက် ပရိတ်သတ်များနှင့် စကားပြောဆိုနေကြဆဲဖြစ်လေသည်။
သို့သော်လည်း ကုကျစ်စုန့်သည်ကတော့ သူမ အနားယူလို့ရနိုင်ပြီဆိုသည့် စကားကို ကြားလိုက်ရသည်နှင့် ပရိတ်သတ်များ၏ အခြေအနေကို လုံးဝတွေးတောနေခြင်းမရှိပါဘဲ တိုက်ရိုက်ထုတ်လွှင့်မှုအား ချက်ချင်း ပိတ်လိုက်တော့သည်။
ကင်မရာပိတ်သွားသည်နှင့် သူမက ထိုင်ခုံနောက်မှီဆီသို့ ပျင်းရိစွာမှီချလိုက်သည်။ အခန်းထဲတွင် သူမ၏တိုက်ရိုက်ထုတ်လွှင့်မှုအား ကြည့်နေသည့် သူမ၏လက်ထောက် ရှောင်ကျိုးကလည်း ချက်ချင်း ထရပ်လာခဲ့ကာ သူမအား တစ်ရှုးနှင့် ရေဘူး ကမ်းပေးလာချေသည်။
သူမ ခေါင်းမော့ကြည့်လိုက်သည်နှင့် ရှောင်ကျိုး၏မျက်လုံးများအတွင်း၌ လေးစားအားကျမှုများနှင့် တောက်ပနေကြောင်းကို တွေ့လိုက်တော့သည်။
“စုန့်ကျဲ.. ကျဲက တကယ်ကို အံ့သြစရာကောင်းတာပဲ!”