Ch 11
Viewers 2k

အခန်း( 11): မင်း အတော်လေး ဆိုးဝါးတဲ့ သွေးထွက်သံယိုဘေးဒုက္ခကို ကြုံတွေ့ရလိမ့်မယ်(2)




 




‘ချစ်စရာကောင်းတဲ့ ရှောင်ထန်း’မှ ရယ်မော၍ ပြောလာခဲ့သည်။




 




  “ဗီဒီယိုကောဘက်ကို ပြောင်းရအောင် ဗီဒီယိုကောဘက်ကို ပြောင်းရအောင်..  တီဗွီမှာ ပါလာဖို့ဆိုတာ ရှားပါးတဲ့ အခွင့်အရေးပဲလေ.. ကျွန်တော် လူသိများသွားတာလည်း ဖြစ်ချင်ဖြစ်လာနိုင်တာပဲ”




 




“ဝိဉာဥ်ရေးရာ”ပရိုဂရမ်၏ ပရိသတ်ဟောင်းတစ်ယောက်အနေဖြင့် သူသည်ကား ဤပရိုဂရမ်၏လုပ်ဆောင်ချက်များနှင့် ရင်းနှီးကျွမ်းဝင်မှုရှိလေ၏။ ထို့ကြောင့် သူ့ဖုန်းထဲမှ စာမျက်နှာပေါ်တွင်ပေါ်လာသည့် သီးသန့်အသိပေးစာအား လက်မှတ်ရေးထိုးပြီးသည်နှင့်  သူ့၏မွေးနေ့ နေ့နာမ်ရှစ်မျိုးအား ကုကျစ်စုန့်ဆီသို့ ပို့ပေးလိုက်ကာ ကင်မရာကို ဖွင့်လိုက်လေသည်။




 




ထို့နောက်တွင်တော့ ချက်ချင်းဆိုသလို တိုက်ရိုက်ထုတ်လွင့်မှုအခန်း၏ တစ်ဖက်မျက်နှာပေါ်တွင် ကောင်လေးတစ်ယောက်၏ မျက်နှာက ပေါ်ထွက်လာခဲ့ချေသည်။ 




 




ထိုသူ၏ရုပ်ရည်ပုံပန့်သွင်ပြင်အရ  အသက်နှစ်ဆယ်ဝန်းကျင်လောက်ဟု ထင်ရပြီး ရှပ်အင်္ကျီလက်တိုကို ဝတ်ဆင်ထားခဲ့သည်။




 




သူ့၏ရုပ်ရည်နှင့် ခန္ဓာကိုယ်ကို ကြည့်၍ ပြောရမည်ဆိုပါက ယောကျ်ားပီသသည့်သူအဖြစ် သတ်မှတ်၍ရနိုင်ပေသည်။ 




 




ထို့အတွက် တိုက်ရိုက်ထုတ်လွင့်မှု မျက်နှာပြင်ပေါ်၌ သူ့အား ရယ်မောစနောက်သည့်မှတ်ချက်များက ရုတ်တရက် များပြားစွာ ပေါ်ထွက်လာတော့သည်။




 




[မျက်နှာပြင်ရဲ့  တစ်ဖက်ကိုဖြတ်ကျော်ပြီး ကြည့်လိုက်ရင် ‘ချစ်စရာကောင်းတဲ့ ရှောင်ထျန်း’က မင်းထက်တောင် ပိုကြီးတဲ့ ယောကျာ်းတစ်ယောက်ဖြစ်နေလိမ့်မယ်လို့ ဘယ်သူက ထင်းထားခဲ့မိမှာလဲ]




 




ကုကျစ်စုန့်၏ နှုတ်ခမ်းများကလည်း အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားခဲ့ပြီး တစ်ဖက်လူကို မေးခဲ့သည်။




 




“မင်း ဘာကို တွက်ချင်တာလဲ?”




 




“စုန့်ကျဲ.. ကျဲ တွက်ချင်တာကို တွက်ပေးလို့ရပါတယ်၊ ကျွန်တော့်မှာ ဆိုးဝါးတဲ့ အကျင့် ဒါမှမဟုတ် မကောင်းတာတွေ လုပ်ထားတာမျိုးလည်း မရှိဘူး ၊ ကျွန်တော်က လုံးဝ အပြစ်ကင်းပါတယ်”




 




လူငယ်လေးက ပြုံးလိုက်ပြီး ရှက်ရွံ့စွာဖြင့် ပြောလာခဲ့ပြန်၏။




 




“ ဒါပေမဲ့ ကျွန်တော်က အတော်လေး ကံမကောင်းဘူး၊ တကယ်လို့ ကျဲသာ ကျွန်တော့်ကို ကူညီနိုင်ရင် ကျွန်တော် ချစ်သူကောင်မလေး ဘယ်တော့လောက်ကို ရနိုင်မလဲဆိုတာလေး တွက်ပေးရင် အကောင်းဆုံးဖြစ်မှာပဲ”




 




ကုကျစ်စုန့် ခေါင်းညိတ်လိုက်ပြီး သူ့၏မျက်နှာကို သေသေချာချာ စစ်ဆေးကြည့်လိုက်သည်။




 




“ဒီပရိသတ်အကြောင်းကို ပြောရရင် သူ့ရဲ့ကံကြမ္မာထဲမှာ မြေဓာတ်သဘော ရှိနေပြီး အသက်နန်းတော်ထဲမှာတော့ စေတန်ရှိနေတယ်၊ ငါ ခန့်မှန်းတာမှန်မယ်ဆိုရင် မင်းက တောင်တန်းနဲ့ တောင်ကုန်းတွေ ဝန်းရံထားတဲ့နေရာမှာ မွေးလာတာပဲဖြစ်ရမယ်၊




 




ဒါကြောင့် မင်းက အရမ်းကို ခွန်အားရှိပြီး ကောင်းချီးပေးခံထားရတာပဲ၊  မင်းရဲ့နာမည်မှာလည်း မြေကြီးဓာတ်သဘောတွေပါဝင်နေလိမ့်မယ်၊ 




 




ကမ္ဘာမြေနဲ့ လူက တသားတည်း ဖြစ်နေခဲ့တယ်၊ မင်းက ဒီနှစ်နဲ့ဆိုရင် 21 နှစ်ဖြစ်ရမယ်၊ မင်းမျက်နှာပေါ်ကို ကြည့်ပြီး ခွဲခြားရမယ်ဆိုရင် မင်း ကျောင်းသားပဲ ရှိသေးတယ်၊




 




ပြီးတော့ မင်းမှာ လက်ရှိသင်ကြားနေတဲ့လေ့လာမှုတွေကို ဆက်လုပ်သွားဖို့  ခိုင်မာတဲ့ရည်ရွယ်ချက်တစ်ခုရှိတယ်” 




 




သူမ၏ စကားများကိုကြားတော့ ‘ချစ်စရာကောင်းတဲ့ ရှောင်ထျန်း’၏မျက်လုံးများက ပြူးကျယ်သွားခဲ့သည်။




 




“သေစမ်း! စုန့်ကျဲ .. ကျဲက အရမ်းအံ့သြစရာကောင်းတာပဲ၊ ကျွန်တော့်ရဲ့မွေးရပ်မြေက တုံချန်လေ ၊ ပြီးတော့ အဲဒီနေရာက အသေအချာကို တောင်တွေနဲ့ ဝိုင်းရံထားတာ၊




 




နောက်ပြီး ကျွန်တော့်ရဲ့နာမည်က စုန့်ထန်ပါ၊ ဒီတော့ ကျွန်တော့်ရဲ့နာမည်မှာ မြေဓာတ်ပါတယ်၊ ကျွန်တော်က ကိုယ်ကာယတက္ကသိုလ်က တတိယနှစ်ကျောင်းသားဖြစ်ပြီးတော့ အခု ကျွန်တော်က ဘွဲ့လွန်ဝင်ခွင့်အတွက် စာမေးပွဲကို ဖြေမလို့လုပ်နေတာ”




 




သူက ပိုပြီးပြောလေလေ ပို၍စိတ်လှုပ်ရှားလာလေလေ ဖြစ်နေခဲ့ပြီ။  သူက မထိန်းချုပ်နိုင်စွာဖြင့် သူ့၏မျက်နှာကို ထိလိုက်ကာ ရှက်ရွံ့စွာနှင့် မေးလာပြန်သည်။




 




“ ကျွန်တော်ရဲ့မျက်နှာက တောဆန်နေလို့လား၊ စုန့်ကျဲက ကျွန်တော့်နာမည်မှာ မြေဓာတ်ပါနေတာက အစ  ပြောနိုင်တာပဲ”




 




အချို့သောလူများက ကုကျစ်စုန့်၏ဟောပြောချက်များနှင့် ပတ်သတ်ပြီး သံသယဝင်လာကြသလို စိတ်ရှုပ်ထွေးမှုတွေကိုလည်း ဖော်ပြလာကြသည်။




 




ကုကျစ်စုန့် ဤအခွင့်အရေးကိုယူပြီး လောကုတ္တရာပညာရပ်များ၏ ဗဟုသုတအသိပညာများအား လူအနားလည်အောင် ရှင်းပြပေးလိုက်လေသည်။




 




“လောကုတ္တရာပညာတွေမှာ စွမ်းရည် ငါးမျိုးရှိတယ်လို့ ကျွန်မ ပြောခဲ့တယ်နော်၊ ဒီအထဲမှာ ‘အသက်ရှင်သန်မှု’ ၊ ‘ပြောင်းလဲသွားတဲ့အဆင့်’ နဲ့ “ကံတရားကိုဟောပြောခြင်း’ စတာတွေ ပါဝင်ပြီး သူတို့တွေက တစ်ခုနဲ့တစ်ခု ဆက်စပ်နေတယ်၊




 




ဒီတော့ မင်းသာ ဗေဒင်လက္ခဏာပညာနဲ့ ရုပ်လက္ခဏာကိုဖတ်ရှုတဲ့ပညာရပ်မှာ တစ်ဖက်ကမ်းခတ်အောင် ကျွမ်းကျင်နေမယ်ဆိုရင် လူသားတွေရဲ့ဘဝကိုမပြောနဲ့ လောကကြီးရဲ့ အတိတ်နဲ့ ပစ္စုပန်ရဲ့အကြောင်းကိုတောင် ဟောကိန်းထုတ်ပြီး ပြောပြနိုင်လိမ့်မယ်၊




 




ဒီကိစ္စနှင့် ပတ်သတ်ပြီး ထူးဆန်းတာ ဘာမှ မရှိပါဘူး” 




 




ကံကြမ္မာကို ဟောပြောခြင်းဆိုသည်က ကျယ်ပြန့်လွန်းပြီး နက်နဲသိမ်မွေ့လွန်းသည့် ပညာရပ်အခွဲပေါင်းများစွာရှိသည်။ ထိုပညာရပ်များကို တောက်ဓမ္မဂိုဏ်းများ၏ သန်မာမှုအင်အားအပေါ်မူတည်ပြီး လေ့လာသိရှိနိုင်ပေသည်။ဤအသိပညာရပ်များအားလုံးကို နားလည်ခြင်းအားဖြင့် သေခြင်းနှင့် ရှင်ခြင်းအား အဆုံးအဖြတ်ပေးနိုင်သည့် ကောင်းကင်ဘုံ၏ ဥပ‌ဒေရပ်များကိုလည်း အသေအချာ သိရှိနိုင်ပေလိမ့်မည်။




 




သို့သော်လည်း ထိုသို့ပြုလုပ်နိုင်သူများမှာ အလွန်အမင်းရှားပါးလွန်းလှပြီး တောက်ဓမ္မဂိုဏ်းများအား ဦးဆောင်ခဲ့သည့် ဘိုးဘေးများနှင့် နှစ်သန်းပေါင်းများစွာအကြာမှသာ ပေါ်ထွက်လာခဲ့သည့် ကုကျစ်စုန့်မှလွဲပြီး မည်သူကမျှ မလုပ်နိုင်ခဲ့ပေ။




 




သူမက အမှန်တရားကိုသာ ပြောလိုက်ခြင်းဖြစ်သော်လည်း တိုက်ရိုက်ထုတ်လွှင့်မှုကိုကြည့်ရှုနေကြသည့် အင်တာနက်အသုံးပြုသူများမှ သူမ လိမ်လည်ဖြီးဖြန်းပြီးပြောနေသည်ဟုသာ ထင်မှတ်နေခဲ့ကြတာကြောင့် ကုကျစ်စုန့် အများကြီး မရှင်းပြတော့ဘဲ ဆက်ပြောလိုက်သည်:




 




“မင်းဝိဉာဥ်က တောက်ပပြီး မင်းမျက်လုံးတွေကလည်း တောက်ပနေတယ်၊ မင်းရဲ့ မိသားစုအခြေအနေက အရမ်းကောင်းနေလိမ့်မယ်၊ မင်းက ကလေးဘဝကတည်းက ချမ်းသာကြွယ်ဝပြီး ပျော်ရွှင်စရာဘဝမှာ နေထိုင်ခဲ့ရတာဘဲ၊




 




မင်းမျက်ခုံးတွေက ထူပြီး စီးဆင်းနေတဲ့ရေလိုမျိုး ပြားချပ်နေတယ်၊ အဲဒါက မင်းရဲ့မိသားစုက ဆက်ဆံရေးမှာ အတော်လေးလိုက်ဖက်ညီပြီး ကောင်းမွန်ကြောင်းကိုပြနေတယ်၊




 




မင်းရဲ့မိဘတွေနှင့် မင်းမိသားစုရဲ့အသက်အရွယ်ကြီးနေတဲ့သူတွေရော အကုန်လုံးက အသက်ရှင်နေပြီး မင်းက မိသားစုထဲမှာ တစ်ဦးတည်းသော ကလေးဖြစ်လိမ့်မယ်




 




မင်းရဲ့ နန်းတော်အိမ်ရာက ပြားပြီး ကျဥ်းမြောင်းတယ်၊ ဆိုလိုချင်တာက မင်းက ‌နောင်အနာဂတ်မှာ မချမ်းသာပေမဲ့ ကောင်းမွန်တဲ့ဘဝကို ဆက်ပြီး ထိန်းသိမ်းထားနိုင်သေးတယ်၊




 




မင်းရဲ့ကြယ်ကံကြမ္မာနဲ့ ပေါင်းလိုက်ရင် အနာဂတ်မှာ မင်းလုပ်ချင်တဲ့ အလုပ်က မင်းရဲ့လေ့လာနေတဲ့ပညာရေးနဲ့ အတော်လေး နီးစပ်တယ်”




 




ကုကျစ်စုန့် တစ်စုံတစ်ခု ပြောလိုက်သည့်အချိန်တိုင်း စုန့်ထန်က သူ့၏ခေါင်းကို တစ်ချက်ညိတ်ပြလာခဲ့လေသည်။




 




“ ကျွန်တော်က ကျွန်တော့်ရဲ့ မျိုးဆက်မှာ တစ်ဦးတည်းသော ကလေးပဲ၊ ကျွန်တော့်မှာ ပိုက်ဆံနည်းနည်းရှိတယ်၊ ကျွန်တော်က အနာဂတ်မှာ အောင်မြင်တဲ့အားကစားသမားတစ်ယောက်ဖြစ်လာတဲ့အထိ ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင်လုပ်ချင်နေတာ”




 




ဒီတစ်ကြိမ်တွင်တော့ စုန့်ထန်တစ်ယောက် လေးစားမှုများနှင့် လွှမ်းမိုးခံလိုက်ရပြီး နေရာမှာတင်  ကုကျစ်စုန့်အပေါ်အခေါ်အဝေါ်များကို ပြောင်းလဲခဲ့ကာ လေးလေးနက်နက်ဖြင့် ပြောလာခဲ့ချေသည်။




 




“ညီအစ်ကိုတို့ ကျွန်တော်က  ပရိုဂရမ်အဖွဲ့ကနေ ငှားရမ်းထားတဲ့ ပရိသတ်မဟုတ်ဘူးဆိုတာ အာမခံပါတယ်၊ ကျွန်တော်က ဒီတိုက်ရိုက်လွှင့်သူကိုလည်း အရင်တုန်းက မသိပါဘူး၊ ဒီကုတောက်ကျန့်က တကယ့်ကို အစစ်အမှန် ကံကြမ္မာဟောပြောနိုင်တဲ့ဆရာသခင်တစ်ယောက်ပဲ”




 




“မင်း ဂရုစိုက်တဲ့ မက်မွန်ပန်းပွင့်လေးအတွက်ကတော့ ငါ မင်းရဲ့ အိမ်ထောင်ရေးနန်းတော်ထဲမှာ ဘယ်လိုဆက်သွယ်မှုကိုမှ မမြင်ရဘူး၊ ဆိုလိုတာက မင်း တစ်ခါမှ မချစ်ဖူးဘူးလို့ ပြောချင်တာပဲ”




 




စုန့်ထန် သက်ပြင်းချပြီး ပြောလာခဲ့လိုက်လေ၏။




 




“ဘယ်သူက မဟုတ်ဘူးလို့ ငြင်းနိုင်မှာလဲ!




 




ပြောရရင် ကျွန်တော့်ကိုကျွန်တော် ရုပ်ဆိုးတယ်လို့ မထင်မိပေမဲ့ ကျွန်တော်က မွေးလာကတည်းက တစ်ကိုယ်တည်းသမားအဖြစ်ပဲ ရှိနေခဲ့ရတာ!”




 




ကုကျစ်စုန့်၏ အမူအရာက အနည်းငယ်ထူးဆန်းသွားရသည်။




 




“ဒါပေမဲ့ ငါမြင်တဲ့အတိုင်းဆိုရင် မင်းရဲ့အချစ်ရေးကံကြမ္မာက အရမ်းကောင်းနေတယ်.. မင်းရဲ့အနားမှာ မင်းအတွက် သင့်တော်တဲ့ ပါတနာတွေ အမြဲတမ်း ပေါ်ပေါက်လာလေ့ရှိတယ်.. ဒါပေမယ့် အဲဒီအချစ်ပန်းပွင့်တွေ အကုန်လုံးကို ဖြတ်ချလိုက်တဲ့သူက မင်းကိုယ်တိုင်ပဲ”




 




စုန့်ထန်: “???”




 




“မဖြစ်နိုင်တာ”




 




ကုကျစ်စုန့်း ဗလာဖြစ်နေသည့်အမူအရာဖြင့် ပြောလိုက်မိသည်။




 




“လူတွေက မင်းကို အားလပ်ရက်တွေမှာ အားလားလို့  မေးကြတယ်၊  ဒါပေမဲ့ မင်းက အိမ်မှာပဲ ဂိမ်းကစားချင်တယ်လို့  ဖြေခဲ့တယ်၊




 




လူတွေက မင်းကို ဘယ်ချောကလက်အရသာကို  ကြိုက်လဲလို့ မေးခဲ့ကြပေမဲ့ မင်းက ငါ ချောကလက်မကြိုက်ဘူးလို့ ဖြေခဲ့တယ်၊ လူတွေက မင်းကို‌ မေးကြတယ်...”




 




“ရပ်လိုက်တော့!!!” 




 




စုန့်ထန်တစ်ယောက် ပြိုလဲကျသွားရသည်။ သူ့အနေဖြင့် ငယ်ရွယ်ပြီး အားအင်ပြည့်ဝနေသေးသည့် အချိန်များတုန်းက ထိုကဲ့သို့ တုံးအသည့်အရာများ လုပ်နေခဲ့မိသည်ဖြစ်ကြောင်း သူ သတိပြုမိသွားခဲ့ရချေပြီ။




 




တိုက်ရိုက်ထုတ်လွှင့်မှု မျက်နှာပြင်ပေါ်မှ မှတ်ချက်များကတော့ သူတစ်ပါး၏ ကံမကောင်းမှုကို လှောင်ပြောင်မှုများဖြင့် ပြည့်နှက်နေခဲ့ပြီး စုန့်ထန်သည်ကတော့ ထိုမှတ်ချက်များအား ကြည့်ရှုပြီးနောက်မှာ ပို၍ပင် စိတ်ဓာတ်ကျလာရပေ၏။




 




“ဒါဆို ကျွန်တော် ဘာလုပ်သင့်လဲ? တောက်ကျန့် ကျွန်တော်က ငယ်ရွယ်ပြီး တုံးအ,မိုက်မဲခဲ့မိတာပဲ၊ ကျွန်တော် အဲဒီဂိမ်းတွေကိုပဲ ရတနာလို တန်ဖိုးထားခဲ့မိတယ်၊ ဒါကြောင့် ကျွန်တော့်ရဲ့ အနာဂတ်ဇနီးလေးကို လက်လွှတ်ခဲ့ရပြီထင်တယ်”




 




“အဲလိုလည်း မဟုတ်သေးဘူး” 




 




ကုကျစ်စုန့် ပြုံးလိုက်လေ၏။




 




“မင်းမှာ အခု မက်မွန်ပွင့်ရှိနေပါပြီ.. ဒါပေမဲ့ မင်းကိုယ်တိုင် မရိပ်မိသေးဘူးဖြစ်နေခဲ့တာ”




 




စုန့်ထန်: “တကယ်လား? အဲဒါက ဘယ်မှာလဲ?!”




 




“အဲဒီလူက မင်းရဲ့နှလုံးသားထဲမှာ ချစ်ကြိုက်ချင်နေခဲ့တဲ့ မိန်းကလေးပဲလေ၊ သူမက အရမ်းကောင်းမွန်တဲ့ မိန့်ကလေးဖြစ်ပြီး ... သူမကလည်း မင်းကို ကြိုက်နေတယ်”စုန့်ထန်၏အမူအရာများက အချိန်ခဏတာလောက် ကြောင်အမ်းဆွံ့အနေသကဲ့သို့ ဖြစ်သွားခဲ့ရပြီး ဝမ်းနည်းနေသည့်အမူအရာမှ ချက်ချင်းဆိုသလို ပျော်ရွှင်တက်ကြွသွားခဲ့ကာ  ရူးနှမ်းနှမ်းဖြင့် ပြုံးလိုက်လေသည်။




 




မှတ်ချက် အနည်းငယ်ခန့် ဖြတ်သန်းပြီးနောက် သူက ပျော်ရွှင်စွာ ပြောလာခဲ့ချေသည်။




 




“ကျေးဇူးတင်ပါတယ် တောက်ကျန့်! တောက်ကျန့်ရဲ့ လမ်းညွှန်မှုနဲ့ဆိုရင် ကျွန်တော် ဒီတစ်ခေါက်တော့ အခွင့်အရေးကို ရအောင်ယူလိုက်တော့မယ်! ဟီးဟီး ကျွန်တော့်ဘဝက တော်တော်လေးကောင်းနေတုန်းပဲ!  လုံးဝ ဆိုးနေတာမဟုတ်ဘူး!”




  




 




“ဒါပေမဲ့ မင်းရဲ့ဘဝထဲမှာ ကပ်ဆိုးတစ်ခုရှိနေသေးတယ်” 




 




ကုကျစ်စုန့် ခဏမျှ ရပ်တန့်လိုက်သည်။




 




“ဒီကပ်ဘေးက အရမ်းကို အရေးကြီးတယ်၊ မင်းသာ အဲဒီကပ်ဘေးကို ချောချောမွေ့မွေ့ကျော်လွှားနိုင်ခဲ့ရင် မင်းရဲ့ အနာဂတ်မှာ နောက်ထပ် စိတ်ပူစရာကိစ္စမျိုး ရှိလာတော့မှာ မဟုတ်ဘူး၊




 




ဒါပေမယ့် မင်းသာ မကျော်လွှားနိုင်ခဲ့ရင်တော့ မင်းရဲ့ ကံကောင်းခြင်းတွေက အဆိုးဘက်ကို ပြောင်းလဲသွားမှာဖြစ်ပြီး မင်းရဲ့တစ်ဘဝလုံးကို သက်ရောက်စေလိမ့်မယ်”




 




“ဒီကပ်ဘေးက မနက်ဖြန်မှာဖြစ်ပေါ်လာမယ်လို့ ပြနေခဲ့တာဆိုတော့ တော်တော်လေး တိုက်ဆိုင်လွန်းတာပဲ..  ဒီက ပရိသတ်  မင်း အတော်လေး ဆိုးဝါးတဲ့ သွေးထွက်သံယိုဘေးဒုက္ခကို ကြုံတွေ့ရနိုင်ချေရှိနေတယ်”




 




**