အခန်း(10): မင်း အတော်လေး ဆိုးဝါးတဲ့ သွေးထွက်သံယိုဘေးဒုက္ခကို ကြုံတွေ့ရလိမ့်မယ်(1)
(T/n__ ဒီတစ်ပုဒ်ကို အရေးအသားလေး ပြောင်းထားပါတယ်နော်)
ထျန်းမင်မှ တိုက်ရိုက်ထုတ်လွှင့်မှုအား ရုတ်တရက်ပိတ်လိုက်ခြင်းက တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေခဲ့ကြသော အင်တာနက်သုံးစွဲသူများကို ပိုလို့ပင် ဖရိုဖရဲ ဖြစ်လာစေခဲ့သည်။ လူတွေအများကြီးသည်လည်း ထိုအိမ်မွေးတိရစ္ဆာန်လေးနှစ်ကောင်အား အလွန်အမင်း စိတ်ပူနေခဲ့ကြပြီ။
ထျန်းမင်၏ သူငယ်ချင်းအုပ်စုထဲမှ လူအနည်းငယ်နှင့် သူ့ကို ကာကွယ်ပေးနေဆဲဖြစ်သည့် ကုကျစ်စုန့်၏ အနက်ရောင်ပရိသတ်(black fan) များမှာလည်း ဒေါသထွက်နေသည့် အင်တာနက်သုံးစွဲသူများ၏ ဒေါသတကြီး ဆွဲဖြဲသည်ကို ခံလိုက်ကြရလေသည်။
တိုက်ရိုက်ထုတ်လွှင့်မှုကင်မရာရှေ့တွင် ရှိနေသည့် ကုကျစ်စုန့်မှ သူတို့၏မှတ်ချက်များကိုဖတ်ရှုရင်း နှစ်သိမ့်ပေးလိုက်သည်။
“စိတ်မပူပါနဲ့ .. သူတို့တွေ ဘာမှမဖြစ်နိုင်ပါဘူး”
ထျန်းမင်၏ တိုက်ရိုက်ထုတ်လွှင့်မှုနှင့် ပတ်သတ်၍ မကျေမနပ်ပြောဆိုမှုများက ရှင်းလင်းနေစရာ မလိုအပ်ချေတော့။
သူသည်ကား နေထိုင်စားသောက်ရေးအတွက် ချစ်စရာကောင်းသော အိမ်မွေးတိရစ္ဆာန် ဗီဒီယိုလေးများအပေါ် မှီခိုနေခဲ့ရသည့်သူသာ ဖြစ်ပေသည်။ အကယ်၍ သူသာ လူအများမြင်တွေ့နိုင်စေရန် စခရင်ပေါ်တွင် ပြသရသည့် သူ့၏အိမ်မွေးတိရစ္ဆာန်နှစ်ကောင်ကိုသာ ကိုယ်ထိလက်ရောက်အနိုင်ကျင့်ခဲ့မည်ဆိုပါက အလွန် ရူးသွပ်ရာ ကျပေလိမ့်မည်။
ထို့ကြောင့် ပုံမှန်ဆိုလျှင် ထျန်းမင်ကား မည်သူမျှ ဂရုမစိုက်သည့် လေလွင့်တိရစ္ဆာန်များကိုသာ လျို့ဝှက်စွာနှိပ်စက်လေ့ရှိသည်။
အိမ်မွေးတိရစ္ဆာန်နှစ်ကောင်မှာ သူ့အား ကြောက်ရွံ့နေခဲ့ကြသော်လည်း ယခုလိုမျိုးအပြင်းအထန် တုန့်ပြန်ခဲ့ခြင်းမျိုး မရှိခဲ့ဖူးပေ။ သူတို့တွေ ထျန်းမင်အား ရုတ်တရက်ကြောက်ရွံ့သွားရခြင်း၏ အဓိက အကြောင်းအရင်းမှာကား ထျန်းမင်၏အနားတွင် ရစ်ဝဲလျှက်ရှိနေသည့် တိရစ္ဆာန်တစ္ဆေများကို အာရုံခံနိုင်သွားခဲ့သောကြောင့်သာ ဖြစ်ချေသည်။
လူသားများ၌ အသက်မီးဝိဉာဥ်သုံးခုရှိသည်။ ဘယ်ဘက်ပခုံးပေါ်တွင်ရှိသည့် ဝိဉာဥ်မီးမှာ လူသားခန္ဓာကိုယ်၏ ယင်စွမ်းအင်ဖြင့် ဆက်သွယ်ထားခဲ့သည်။ လူသားများ ကြောက်လန့်သွားခဲ့ပြီဆိုပါက ထိုဘယ်ဘက်ဝိဉာဥ်မီးတောက်က အားနည်းသွားတတ်ပေသည်။ ဤအချိန်ကာလမျိုးကား တစ္ဆေများအတွက် တိုက်ခိုက်ရလွယ်ကူစေပြီး ခန္ဓာကိုယ်ကို အပိုင်စီးဖို့အတွက်လည်း လွယ်ကူသွားစေလိမ့်မည်။
ထျန်းမင်၏ အတိတ်နှင့် ဆိုးဝါးသောလုပ်ရပ်များမှာ ကုကျစ်စုန့်ဆီမှ ဖော်ထုတ်ခြင်း ခံလိုက်ရသည်။ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသော လူပေါင်းများစွာ၏ အမျက်ဒေါသထွက်နေသော အန္တရာယ်ကို ရင်ဆိုင်နေရသောကြောင့် သူ့၏စိတ်များကို အလွန်တရာ တင်းကြပ်သွားစေပြီး ကြောက်လန့်မှုများကို ဖြစ်စေခဲ့သည်။
ဤကဲ့သို့အခြေအနေတွင် သူ့၏ဘယ်ဘက် ပခုံးပေါ်မှ ဝိဉာဥ်မီးသည်လည်း ချက်ချင်းဆိုသလို အချက်သုံးချက်အားဖြင့် အားနည်းသွားခဲ့သည်။
သူ့၏အနီးတဝိုက်တွင် ရစ်ဝဲနေခဲ့သော မကောင်းဆိုးဝါးဝိဉာဥ်များသည်လည်း သူ့၏ခန္ဓာကိုယ်အတွင်း ဝင်ရောက်စီးနင်းကာ သူ့ကို တိုက်ခိုက်ဖို့ အသင့်ဖြစ်နေခဲ့ကြပြီ။
တစ္ဆေသုံးကောင်၏ အနီးကပ်ကျူးကျော်မှုကြောင့် စိတ်ခံစားချက်ထိလွယ်ရှလွယ်ဖြစ်လွန်းသည့် ကြောင်နှင့် ခွေးကို ကြောက်လန့်စေခဲ့သည်။
သို့သော်လည်း တစ်ချိန်တည်းတွင် ထိုတစ္ဆေများမှ ထိုအကောင်လေးများကို ကာကွယ်ပေးနေခဲ့ကြပေ၏။
ဤမတော်တဆမှုက နေရောင်အောက် အလင်းရောင်ထဲတွင် မီးမောင်းထိုးပြခဲ့သကဲ့သို့ ထင်ရှားပေါ်လွင်လာခဲ့ပြီး ပေါက်ကွဲသွားခဲ့ချေပြီ။ ထျန်းမင်အတွက်တော့ ဤပြဿနာကို မည်ကဲ့သို့ ရှင်းပြပြီး သူ့ကိုယ်သူ မည်သို့ပြန်လည်ဖြူစင်အောင် ပြန်သန့်ရှင်းစေရမလဲဆိုသည့်အတွေးများကြောင့် ပူပန်သောကရောက်နေခဲ့လိမ့်မည်။
ထို့ကြောင့် ဤတိရစ္ဆာန်ငယ်လေးနှစ်ကောင်အား နောက်ထပ် တစ်စုံတစ်ရာဖြစ်ပွားစေဖို့ လုပ်ဆောင်နိုင်ချင်း မရှိတော့ချေ။
ကုကျစ်စုန့် ဗေဒင်ဟောသည့်အချိန်တွင် နောက်ထပ် မေးခွန်းနှစ်ခုအား ပို၍တွက်ချက်ခဲ့ကာ ကြောင်နှင့် ခွေး၏ အသက်လမ်းကြောင်းမှာ လုံးဝပြောင်းလဲသွားသည်ကို တွေ့ခဲ့ရသည်။
မူရင်းဇာတ်ကြောင်းအရဆိုလျှင် မူလခန္ဓာကိုယ်မှာ ဤပရိုဂရမ်သို့ လာရောက်ခြင်းမရှိခဲ့ပေ။
ထို့ကြောင့် တိရစ္ဆာန်တွေအပေါ် ထျန်းမင်၏ ရက်စက်မှုသည်လည်း ဖော်ထုတ်ခံခဲ့ရခြင်းမရှိဘဲ ထိုသူက သူတို့လေးများကို သေသည်အထိ ပိုက်ဆံရဖို့သာ အသုံးပြုခဲ့သည်။
နောက်ထပ် မတူညီသောနေရာများမှ တိရစ္ဆာန်လေးများသည်လည်း အင်တာနက်ပေါ်တွင် မမြင်နိုင်သည့်နေရာများ၌ များစွာသော ညှင်းဆဲနှိပ်စက်မှုများကို ခံစားရင်း သေဆုံးသွားခဲ့ကြရရှာသည်။
ယခုမူကား သူတို့၏အသက်လမ်းကြောင်းမှာ ပို၍ ခိုင်မာလာခဲ့ကာ နောင်အနာဂတ်တွင်လည်း ထျန်းမင်၏လက်ထဲမှ လွတ်မြောက်ခဲ့ပြီး သူတို့အား အမှန်တကယ် ချစ်မြတ်နိုးပေးမည့် သခင်များဖြင့် တွေ့ဆုံသွားရပေလိမ့်မည်။
“ ကောင်းပြီ.. ပထမပရိသတ်အတွက် ဗေဒင်ဟောတာက ဒီမှာပဲ အဆုံးသတ်လိုက်ကြရအောင်.. ပရိုဂရမ်အဖွဲ့ရဲ့ စည်းမျဥ်းအရ ကျွန်မက ပထမအပိုင်းမှာ မလာခဲ့ဘူးဆိုတော့ ပထမပိုင်းအတွက် အစားထိုးတဲ့အနေနဲ့ နောက်ထပ် ဟောပြောမှုတစ်ခု ထပ်လုပ်ပေးပါ့မယ်”
ကုကျစ်စုန့် ပြောလိုက်၏။“အခု ဒီဟောပြောမှုကို စိတ်ဝင်စားတဲ့ ပရိသတ်တွေထဲက ဘယ်သူမဆို ပါဝင်တဲ့ ခလုတ်ကို နှိပ်ပြီး ကံစမ်းလို့ရနိုင်ပါတယ်..
ဒါပေမဲ့ ခင်မင်ရင်းနီးစွာနှင့်အသိပေးလိုက်ပါ့မယ်.. ပါဝင်ချင်တယ်ဆိုရင် ဒါကိုတော့ သတိထားပေးပါ.. တကယ်လို့ မင်းတို့မှာ ဖော်ထုတ်ခံလို့မရတဲ့ လျှို့ဝှက်ချက်တွေရှိရင် ပါဝင်ဖို့ မစဥ်းစားတာကောင်းလိမ့်မယ်.. နောက်ဆက်တွဲတွေကိစ္စတွေက မင်းတို့ကိုယ်တိုင် တာဝန်ယူရမှာပါ”
ထျန်းမင်၏ အဖြစ်အပျက်ပြီးသွားသည့်နောက်တွင် ကုကျစ်စုန့်၏ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲတွင်ရှိနေသည့် ကြည့်ရှုသူ ပရိတ်သတ်များမှာ ရှိုးပွဲကိုကြည့်ရမည့်အစား ကိုယ့်ကိုယ်ကိုယ် သံသယဝင်လာခဲ့ကြသည်။
ဒီအနီနှင့်အနက် မင်းသမီးက ... ကြည့်ရတာ စွမ်းရည်အချို့တော့ ရှိတဲ့ပုံပဲ?!
ဤသည်ကသာ ဇာတ်ညွှန်းရေးဆွဲထားခြင်း ဖြစ်ခဲ့ပါက ပရိုဂရမ်အဖွဲ့မှ အလွန်အကြူး လုပ်ထားခဲ့သည်ဟု ဆိုရပေလိမ့်မည်။
အိမ်ထောင်ရေးဖောက်ပြန်မှု၊ ပလက်စတစ်ဆာဂျရီ၊ တိရစ္ဆာန်တွေအပေါ် ညှင်းဆဲနှိပ်စက်မှု ...
ထျန်းမင် သူ့ကိုယ်သူ ဖျက်စီးချင်စိတ် ပေါ်လာတဲ့အထိ သူတို့တွေက ပိုက်ဆံတွေ ဘယ်လောက်တောင် သုံးထားကြလို့လဲ?!
ထိုအချိန်တွင် ထျန်းမင်၏ အဖြစ်အပျက် ဗီဒီယိုမှတ်တမ်းများနှင့် ဓာတ်ပုံများမှာလည်း အင်တာနက်ပေါ်၌ ပျံ့နှံ့သွားခဲ့ကြပြီ။
သတင်းကို တွေ့မြင်ခဲ့ကြသည့် လူများမှာ ကုကျစ်စုန့်၏ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲသို့ ထပ်မံ ဝင်ရောက်လာခဲ့ကြပြန်သည်။ ဒုတိယအကြိမ် ကံတရားတွက်ချက်ဟောပြောခြင်းတွင် ကြည့်ရှုရန်ဝင်လာခဲ့ကြသည့် အင်တာနက်သုံးစွဲသူအရေအတွက်များနှင့် ဟောပြောမှုကို လာက်ခံလိုသည့် စာရင်းသွင်းသူများမှာ လျော့ကျမသွားခဲ့ဘဲ ပို၍သာ တိုးလာခဲ့သည်။
လူသောင်းပေါင်းများစွာမှ ဟောပြောမှုတွ ပါဝင်ရန် စာရင်း သွင်းလာခဲ့ကြသည်။
[ ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်က လင့်ခ်ပို့ပေးလာလို့ ဒီကိုရောက်လာတာ.. သူပြောတဲ့အတိုင်းဆို ဒီတိုက်ရိုက်ထုတ်လွှင့်သူက ဗေဒင်ဟောတာ အရမ်းတော်တယ်တဲ့ တကယ်ပဲလား]
[ရဲဘော်တို့ ငါ ‘မျက်လုံးကြီးကောင်လေး’ဆိုတဲ့ groupတစ်ခု ဖွဲ့ထားတယ်.. တချို့ကျယ်မေ့တွေက “ချင်းဖုန်း ယွဲ့မင်”ရဲ့ သူ့ကိုယ်သူ ဘဝင်ဟပ်နေတဲ့အခြေအနေကနေ ဖောက်ခွဲလိုက်တဲ့အထိ ဖြစ်စဥ်တစ်ခုလုံးကို မှတ်တမ်းယူထားကြတယ်
တချို့က သူ့ရဲ့အိမ်မွေးတိရစ္ဆာန်ဗီဒီယိုလေးတွေကို စုဆောင်းနေကြတယ်.. ဒီနေရာမှာ ပြဿနာကြီးကြီးမားမား တစ်ခုရှိနေပုံပဲ..
ငါကတော့ ခွဲခြမ်းစိတ်ဖြာရင်းနှင့် တော်တော်လေး စိတ်ဝင်စားနေပြီ]
[...ဒါက အရမ်းရွံစရာကောင်းလွန်းတယ်၊ မင်းက ပြဿနာရဲ့အမှန်တရားကိုတောင် မသိဘဲနဲ့ ဗေဒင်ဟောတဲ့ စွမ်းရည်အတုအပေါ် မှီခိုပြီး လူတစ်ယောက်ကို ဖျက်စီးလိုက်တယ်ပေါ့? မင်းလိုလူမျိုးက တစ်သက်လုံး အနက်ရောင်အနုပညာရှင်ဖြစ်နေတာ အကောင်းဆုံးပဲ]
[မင်းက သိသိသာသာကြီးကို မင်းပြိုင်ဘက်ရဲ့ပရိတ်သတ်ကို ပစ်မှတ်ထားနေတာ မဟုတ်ဘူးလား? အင်တာနက်ဆိုတာ ဥပဒေအပြင်ဘက်မှာရှိတဲ့ နေရာတစ်နေရာမဟုတ်ဘူးနော်၊ ငါကတော့ မင်းကို တရားရုံးထဲကို ဆွဲခေါ်ခံရတာကို မြင်ဖို့ စောင့်နေပြီ!]
ကုကျစ်စုန့် ရယ်မောလိုက်၏။
အကယ်၍ သူမသာ ပရိုဂရမ်၏ စည်းမျဥ်းများကို လိုက်နာနေရန် မလိုအပ်ပါက ထိုလူများ၏ ကံတရားကို ဟောလိမ့်မည်မဟုတ်ချေ။
သူမ၏ ကမ္ဘာတွင် မရေတွက်နိုင်လောက်သော လူများမှ သူမဆီကို တိုးကပ်လာချင်နေခဲ့ကြပြီး သူတို့အတွက် ကံတရားကိုဟောပြောပေးစေချင်ခဲ့ကြသည်။ ယခုခေတ် ငွေကြေးအားဖြင့် သူတို့က သူမအား ဒေါ်လာသောင်းနဲ့ချီပြီး ကမ်းလှမ်းကြပေလိမ့်မည်။
ထျန်းမင်နဲ့ ဤအနက်ရောင်ပရိတ်သတ်များမှာ သူမအား မြင်တွေ့ရဖို့ မထိုက်တန်ချေ။ သူမမှ အရာအားလုံးကို ဖော်ထုတ်နေရသည့် အကြောင်းရင်းမှာ ထိုမတရားနည်းလမ်းဖြင့် နာကျင်စွာသေဆုံးသွားခဲ့ရသည့် ဝိဉာဥ်များအတွက် တရားမျှတမှုရှာဖွေရန်သာ ဖြစ်ပေသည်။
သူမ မှတ်ချက်များအား လျစ်လျူရှုလိုက်ပြီး လည်ချောင်းကို အစိုဓာတ်ရစေရန်အတွက် ရေနှစ်ငုံလောက်သောက်လိုက်၏။
နာရီဝက်ပြည့်ပြီးနောက်တွင်တော့ ဗေဒင်ဟောပေးရမည့် ဒုတိယပရိတ်သတ်အား ရွေးပြီးပြီ ဖြစ်သည်။
ကုကျစ်စုန့် မေးမြန်လိုက်သည်။
“’ချစ်စရာကောင်းတဲ့ ရှောင်ထျန်း’ဆိုတဲ့ နာမည်နှင့် ပရိတ်သတ် ဒီမှာ ရှိလား?”
စက္ကန့်များစွာကြာပြီးသွားသော်လည်း မည်သူကမျှ တုန့်ပြန်လာခြင်း မရှိခဲ့တာကြောင့် သူမ နောက်တစ်ကြိမ်ထပ်မေးရန် တွေးတောလိုက်စဥ်တွင် တုံ့ဆိုင်းတွန့်ဆုတ်နေဟန်ရသည့် အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
ချစ်စရာကောင်းတဲ့ ရှောင်ထျန်း : “ရှိပါတယ်၊ ရှိပါတယ် ဒါက...အာ ကျွန်တော် ခင်ဗျားကို ဘယ်လိုခေါ်ရမလဲ၊ ကျွန်တော်က အမျိုးသမီးအနုပညာရှင်တစ်ယောက်ကို ပထမဆုံးအကြိမ် စကားပြောဖူးတာဆိုတော့ နည်းနည်းလောက် စိတ်လှုပ်ရှားနေတာ”
ကုကျစ်စုန့် : “???”
အလွန် လန်းဆန်းသည့်လေယူလေသိမ်းတို့ ပါဝင်နေခဲ့သည့် အမျိုးသားတစ်ယောက်၏ အသံကိုကြားလိုက်ရသည်ကြောင့် ကုကျစ်စုန့်တစ်ယောက် တစ်ဖက်လူ၏ နာမည်အား နောက်တစ်ကြိမ် စိုက်ကြည့်လိုက်မိကာ ခဏလောက် တိတ်ဆိတ်သွားခဲ့ရပေသည်။
“.... မင်းကြိုက်သလို ခေါ်လို့ရပါတယ်”
[?? ဒီချစ်စရာကောင်းတဲ့ ရှောင်ထျန်း.. မင်းကတော့ တကယ့်ကို တော်တာပဲ][ချစ်စရာကောင်းတဲ့ ရှောင်ထျန်း လို့ခေါ်တဲ့ နာမည်ကိုမြင်လိုက်ရကတည်းက တစ်ခုခု မှားနေပြီဆိုတာကို ငါ သိသားပဲ! (ခွေးခေါင်း)]
“အဟမ်း ညီအစ်ကိုတို့.. ငါ ရှင်းပြတာကို နားထောင်ပါဦး.. ဒါက ဂိမ်းထဲမှာ တောရိုင်းဘုရင်ကြီးကနေ မင်းကို ဆွဲခေါ်သွားစေဖို့အတွက် လုပ်ထားတဲ့ လှည့်စားမှုတစ်ခုပဲ မဟုတ်ဘူးလား? မင်းတို့တွေလည်း အရင်တုန်းက အခုလိုမျိုး တစ်ခါမှ မလုပ်ခဲ့ဘူးဆိုတာ ငါမယုံဘူး!”
‘ချစ်စရာကောင်းတဲ့ ရှောင်ထျန်း’မှ အနည်းငယ် ရှက်ရွံ့စွာဖြင့် ပြောလာခဲ့လေ၏။
“ဒါဆို ကျွန်တော် စုန့်ကျဲလို့ ခေါ်မယ်နော်”
သူသည်ကား အပျော်သဘောအားဖြင့် ပွဲကြည့်ဖို့အတွက် သက်သက်ဖြင့် ရောက်ရှိလာသည့် လူတစ်ယောက်သာဖြစ်ချေသည်။
တိုက်ရိုက်ထုတ်လွှင့်မှု ဆော့ဖ်ဝဲအတွက် အကောင့်သည်လည်း မကြာသေးခင်ကမှ ဖွင့်ထားခဲ့သည်သာ ဖြစ်ပြီး သောင်းဂဏန်းအတွင်းမှာ တစ်ယောက်တည်းသာ ရရှိနိုင်သည့် ကံကောင်းမှုကို ကြုံတွေ့ရပြီး အရွေးခံရသည်အထိ ကံကောင်းလိမ့်မည်လို့ ထင်မထားခဲ့ပါချေ။
ထို့ကြောင့် တချို့လူများက သူ့ကို အပြစ်တင်၊စနောက်မှုတွေ လုပ်နေခဲ့ကြသေည်လည်း သူသည်ကား အလွန် စိတ်လှုပ်ရှားနေဆဲသာဖြစ်နေလေ၏။
ကူကျစ်စန်း မေးလိုက်သည်။
“ မင်းသဘောကျသလို ခေါ်လို့ရတယ်.. ကိစ္စမရှိဘူး.. ဒီတော့ မင်း ဗီဒီယိုကောလ် ပြောင်းချင်လား အသံနှင့်ပဲ ပြောချင်လား?”