အခန်း(17) မိသားစုတစ်ခု ဖျက်ဆီးခံရတဲ့အချိန်မှာ မိသားစုအတွင်းက ကလေးတွေကိုပါ အန္တရာယ်ဖြစ်လာစေလိမ့်မယ်(1)
“သွေးတွေစွန်းထင်းနေတဲ့ ပစ္စည်းတစ်ခုကိုတောင် ခေါင်းပေါ်မှာ တင်ရဲတာပဲ”
တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြသည့် ပရိတ်သတ်များထက် ပိုပြီး အံ့ဩထိတ်လန့်သွားခဲ့ရသည့်သူကတော့ ကုကျစ်စုန့်၏နောက်ကနေ လိုက်ပါရိုက်ကူးနေခဲ့သည့် ကင်မရာမင်းပင်ဖြစ်ချေသည်။
အေးစက်စိုထိုင်းပြီး အထိအတွေ့မကောင်းလှသည့် မကောင်းဆိုးရွားအငွေ့အသက်လေပြင်းများက သူ့၏မျက်နှာကို ပွတ်သတ်ဖြတ်သန်းသွားသည်ကို သူကိုယ်တိုင်ခံစားမိလိုက်ရ၏။ သူ၏ကင်မရာကို ကိုင်ထားသည့် လက်များမှာလည်း မထိန်းချုပ်နိုင်စွာဖြင့် တုန်ယင်လာရပေပြီ။
အချိန်များအလွန်အမင်း ကြာမြင့်ပြီးမှသာ ထိုအခြေအနေမှ ပြန်လည်တည်ငြိမ်သွားခဲ့ရပြီး စိတ်များကလည်း ငြိမ်သက်သွားရသည်။
တိုက်ခတ်နေသည့်လေပြင်းများ ငြိမ်သက်သွားသည့်အချိန်တွင် ကုကျစ်စုန့်က သူမ၏ ဝတ်စုံအရှေ့ဘက်ကို လက်ဖြင့် အသာခါလိုက်ပြီး မျက်လွှာကို ပင့်,မကာ အရှေ့သို့မော့ကြည့်လာခဲ့ချေသည်။
မကြာသေးခင်အချိန်တုန်းက နတ်ဘုရားကို ပင့်ဆောင်ဆင့်ခေါ်ခဲ့သည်ဟု ပြောထားခဲ့သည့် နတ်ဆရာမသည်ကား လက်ရှိတွင် အလွန်အမင်းကြောက်ရွံ့နေဟန် ရှိနေခဲ့သည်။ သူမ၏ မျက်ဝန်းများက ထိတ်လန့်မှုကြောင့် ပြူးကျယ်နေခဲ့ပြီး မြေပေါ်တွင်ကြောက်ရွံ့တုန်လှုပ်စွာ လဲပြိုကျနေခဲ့သည်။
“သရဲ! ဒီမှာ သရဲတွေရှိနေတယ်!!”
တိုက်ရိုက်ထုတ်လွင့်မှုကို ကြည့်ရှုနေခဲ့ကြသည့်လူများအတွက်တော့ ထိုအရာကို မမြင်နိုင်လောက်သော်လည်း သူမကတော့ အရိပ်မည်းအစုအဝေးကြီးကို အသေအချာ မြင်တွေ့လိုက်ရပေ၏။
ထိုအရိပ်မည်းများ သူမ၏ဘေးမှ ဖြတ်သွားသည့်အချိန်တုန်းက ခြေဖျားမှသည် ဦးရည်ပြားအထိ အေးစိမ့်သွားတဲ့ ခံစားချက်ကို ရရှိခဲ့ပြီး သူမ၏ဆံပင်မွှေးများတောင်မှ ထောင်ထသွားသကဲ့သို့ ခံစားမိခဲ့ချေသည်။
ကုကျစ်စုန့် : “.. ဒီပရိုဂရမ်က သရဲတွေကိုဖမ်းပြီး မကောင်းဆိုးရွားတွေကိုနှင်တဲ့ အကြောင်းအရာတွေကို ပြသတာမဟုတ်ဘူးလား”
နတ်ဆရာမက ထိုစကားကိုကြားတော့ ရုတ်တရက်တိတ်ဆိတ်သွားခဲ့ရသည်။ သူမက ခေါင်းကို အသာလှည့်ကြည့်လိုက်ချိန်တွင် မဝေးကွာသည့်နေရာတစ်ခုမှ သူမဘက်ကို တည့်မတ်စွာချိန်ရွယ်ပြီး ရိုက်ကူးနေပုံရသည့် ကင်မရာကို တွေ့ရှိလိုက်ရသည်။
ဤအချိန်ကိုရောက်မှ သူမအနေဖြင့် အသေအချာ မစဉ်းစားမိခဲ့ဘဲ ကိုယ့်ကိုယ်ကိုယ် ချောက်ထဲသို့ ရောက်သည်အထိ တွန်းပို့လိုက်မိသည်ကို သဘောပေါက်သွားခဲ့ရသည်။
တကယ်တမ်းတွင် သူမက စစ်မှန်သည့်နတ်ဆရာမတစ်ယောက် မဟုတ်ပါချေ။ သူမသည်ကား ငယ်ရွယ်စဉ်အချိန်များတုန်းက သူနာပြုဆရာမတစ်ယောက်အဖြစ် သက်မွေးဝမ်းကြောင်းမှုပြုခဲ့ချေသည်။
အကြောင်းရင်းတစ်ခုခုကြောင့် သူမ၏ မွေးရပ်မြေမြို့သို့ ပြန်ရောက်လာခဲ့ရပြီးနောက်တွင် သူမ၏ ဆေးပညာဗဟုသုတအားကိုးဖြင့် ဆေးဝါးများကို ရောနှောကာ ရေမန်းအဖြစ် ဖျော်စပ်ပြီး သာမန်နာမကျန်းဖြစ်သူများကိို အဖျားကျ၊ အရောင်ကျစေရန် မန်းမှုတ် တိုက်ကျွေးပေးလေ့ရှိသည်။
အချိန်ကာလကြာမြင့်လာပြီးသည့်နောက်တွင် သူမ၏နာမည်မှာ နီးစပ်ရာမြို့တွေများအထိ ပေါက်ရောက်လာခဲ့ပြီး နတ်ဆရာမတစ်ယောက် အဖြစ် နာမည်ကျော်လာခဲ့သည်။
မကြာသေးခင်အချိန်တုန်းက အနီးအနားမှမြို့တစ်ခုဆီမှ နတ်ဆရာတစ်ယောက်မှာ ‘ဝိဉာဉ်ရေးရာ’ ပရိုဂရမ် အစီအစဉ်၌ ပါဝင်ခဲ့ပြီး နာမည်ကျော်ကြားလာခဲ့ကြောင်းကို သူမ ကြားသိခဲ့ရသည်။ သူ့၏သတ်မှတ်ဈေးနှုန်းသည်လည်း မူလထက် သုံးဆမြင့်တက်သွားခဲ့ပြီး လူချမ်းသာများကပါ နတ်ဘုရားများကို ပင့်ဆောင်ဆင့်ခေါ်ပေးဖို့အတွက် သီးသန့် သူ့ကိုပင့်လာကြသေးသည်ဟုလည်း ကြားခဲ့ရချေ၏။
ထို့ကြောင့် သူမသည်လည်း ဤပရိုဂရမ်၏ ယခု ရာသီအသစ်တွင် ပါဝင်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်လေသည်။ သူမက လူရွေးပွဲအား အောင်မြင်ရန်အတွက်လည်း အဖြေလွှာများကို ငွေကြေးအများအပြား သုံးပြီး ဝယ်ခဲ့သေးသည်။
“ရှင်က သွေးတွေစွန်းထင်းနေတဲ့ ပစ္စည်းတစ်ခုကိုတောင် ကိုယ့်ရဲ့ခေါင်းပေါ်မှာ တင်ရဲလောက်တဲ့အထိ သတ္တိကောင်းတာပဲ”
ကုကျစ်စုန့်က ထိုအမျိုးသမီး၏ ခေါင်းပေါ်မှ ခေါင်းစည်းပဝါအနီကို ကြည့်ပြီး ဖြည်းညင်းစွာပြောလိုက်သည်။
ရှေးခေတ်ကာလမှ လူများက လတ်ဆတ်သည့်ကြက်ဖသွေးနှင့် ခွေးမည်း၏ သွေးများကို ယန်စွမ်းအင်မြင့်မားသည့် စတေးခံပစ္စည်းများအဖြစ် ယူဆခဲ့ကြသည်။ ယန်စွမ်းအင်ဟူသည်က နတ်ဘုရားများအား ပူဇော်ပသနိုင်သည့်အပြင် နတ်ဆိုးများကိုလည်း နှင်ထုတ်ပေးနိုင်ပေသည်။ ထိုကြောင့် နတ်ဘုရားများကို ဆင့်ခေါ်မည်ဆိုပါက ကြက်ဖကိုသတ်ဖြတ်ပြီး သွေးထုတ်ယူခြင်းသည်လည်း လိုအပ်သည့် ဖြစ်စဥ်တစ်ခုအဖြစ်သတ်မှတ်နိုင်သည်။
ဤနေရာတွင် မှားယွင်းနေခြင်း မရှိနေခဲ့သော်လည်း လက်ရှိနတ်ဆရာမမှာ အစစ်အမှန်ပညာရှင်တစ်ဦး မဟုတ်ခဲ့ချေ။ ထို့ကြောင့် သူမအနေဖြင့် ယန်စွမ်းအင်ကို ချုပ်နှောင်ထားနိုင်သည့် နည်းလမ်းများကို မည်ကဲ့သို့ သိရှိထားပါမည်နည်း။
လေထု နှင့် နေရောင်ခြည်အောက်တွင် အချိန်ကြာရှည်စွာ ထားရှိခံခဲ့ရပြီးသည့်နောက်တွင် ဤခေါင်းစည်းပဝါအတွင်း၌ ပါရှိနေသည့် ယန်စွမ်းအင်သည်လည်း လွန်ခဲ့သော အချိန်များစွာကတည်းက ပျောက်ကွယ်သွားခဲ့ပေပြီ။လက်ရှိအချိန်တွင် သူမသာ ထိုခေါင်းစည်းပဝါစအား ဆက်လက်ပြီး စည်းထားဦးမည်ဆိုပါက နတ်ဆိုးများအား နှိမ်နှင်းနိုင်ခြင်းမရှိသည့်အပြင် သူမ၏ခန္ဒာကိုယ်ပေါ်မှ သွေးရနံ့များကြောင့် သရဲနှင့် မကောင်းဆိုးရွားများကိုတောင် အလွယ်တကူ ဆွဲဆောင်နေလိမ့်မည်။
သူမနှင့် ကုကျစ်စုန့်အား မကြာခင်က တိုက်ခိုက်လာသည့် သရဲမှာလည်း ထိုသွေးနံ့၏ ဆွဲဆောင်မှုကြောင့် ရောက်ရှိလာသည့် မကောင်းဆိုးရွားဝိဥာဥ် ဖြစ်ချေသည်။ ထိုမကောင်းဆိုးရွားဝိဥာဥ်များ၏ အကြောင်းကို မသိရှိထားသည့်သူများကသာ အကြောက်အလန့်ကင်းနေလိမ့်မည်။
ကုကျစ်စုန့်၏ စကားကို ကြားလိုက်ရပြီးနောက် နတ်ဆရာမအတုသည်လည်း အလွန်အမင်းစိတ်မသက်မသာဖြစ်လာခဲ့ရကာ သူမ၏မျက်နှာမှာလည်း ဖြူဖတ်ဖြူရော်ဖြစ်လာရသည်။
ထိုနတ်ဆရာမအတုအမျိုးသမီးအတွက်တော့ လက်ရှိတွင် သူမ၏ခေါင်းပေါ်မှ ခေါင်းစည်းပဝါကို ဆွဲချွတ်ပြီး အဝေးသို့ အလျှင်အမြန် လွှင့်ပစ်လိုက်နိုင်ဖို့သာ ဆုတောင်းနေမိတော့သည်။
ကုကျစ်စုန့် : “မကောင်းဆိုးရွားဝိဥာဥ်တွေရဲ့ တိုက်ခိုက်တာကို ခံရပြီးရင် ယင်စွမ်းအင်က ခန္ဓာကိုယ်ထဲကို သေချာပေါက် ဝင်လာလိမ့်မယ်.. ရှင့်ရဲ့ ခန္ဓာကိုယ်အတွင်းထဲက အေးလာပြီဆိုရင်၊ ခံစားရခက်လာသလိုမျိုးဖြစ်လာခဲ့ရင် နေ့လည်ပိုင်းပူပြင်းနေတဲ့နေအောက်မှာ နေဆာလှုံပြီး ယင်စွမ်းအင်နဲ့ ခန္ဓာကိုယ်ထဲကစိုထိုင်းမှုတွေကို ဖယ်ပစ်ရမယ်.. ဒီလိုဆိုရင် သုံးရက်ကနေ ငါးရက်အတွင်း အဆင်ပြေသွားလိမ့်မယ်”
နတ်ဆရာမအတု : “.. ကျေးဇူးတင်ပါတယ်..”
ဤကဲ့သို့ ကြောက်လန့်စရာအဖြစ်အပျက်များအား ကိုယ်တွေ့ကြုံတွေ့ခဲ့ရပြီးသည့်နောက်တွင်တော့ သူမအနေဖြင့် ဤပရိုဂရမ်အစီအစဉ်တွင်လည်း ဆက်လက်ပါဝင်ချင်စိတ်မရှိတော့ချေ။
သူမ၏ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှ မှတ်ချက်များ၏အခြေအနေကိုလည်း ကြည့်ချင်စိတ်မရှိတော့တော့ဘဲ းသူမ၏ ပစ္စည်းများကိုသာ အလျှင်အမြန် သိမ်းဆည်းခဲ့ပြီး ဗီလာ၏အပြင်ဘက် စောင့်ဆိုင်းခန်းမဆီသို့ ခပ်သော့သော့ လျှောက်သွားလေတော့သည်။
*
စတူဒီယိုထဲတွင်ရှိနေခဲ့ကြသည့် ပရိုဂရမ်အဖွဲ့သားများမှာတော့ အခြေအနေများကို နားမလည်နိုင်စွာဖြင့် တစ်ယောက်မျက်နှာကို တစ်ယောက် ကြောင်အမ်းစွာကြည့်နေမိကြသည်။
သူတို့အားလုံး ရိုက်ကူးရေမျက်နှာပြင်ပေါ်မှ မြင်ကွင်းကို ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရလေ၏။ ဗီလာ၏ အခန်းတံခါးမှာ ပိတ်ထားလျှက်သားရှိနေပြီး ကုကျစ်စုန့်၏ အနီးအနားတွင်လည်း လေများမှုတ်ထုတ်နိုင်သည့် ပစ္စည်းကိရိယာများ ရှိမနေခဲ့ပါချေ။
သို့သော်လည်း သူမ၏ ဆံပင်နှင့်အဝတ်အစားများကတော့ လေများတိုက်ခတ်နေသကဲ့သို့ မျောလွင့်သွားခဲ့ချေသည်။
ဒါက မယုံကြည်နိုင်လောက်စရာ ကိစ္စကြီးဘဲ!!
တချို့လူများမှာ သူတို့၏နှလုံးသားအတွင်း သံသယစိတ်များ ဖြစ်တည်လာကြပြီး သရဲတစ္ဆေဆိုသည်က အမှန်တကယ်ရှိ၊မရှိကို စတင်ပြီး တွေးတောလာကြပြီ။
ရိုက်ကူးရေးအဖွဲ့သားတစ်ယောက်က ပြောလာခဲ့သည်။
“ဒါရိုက်တာ.. ပြိုင်ပွဲဝင်နံပါတ်(4)က စောင့်ဆိုင်းခန်းမထဲကို ဝင်သွားခဲ့ပြီ”
ပြိုင်ပွဲဝင်နံပါတ်(4)မှာ အတုအယောင်နတ်ဆရာမ,ပင် ဖြစ်ပေသည်။
ပြိုင်ပွဲ၏ ဒုတိယပိုင်းသတ်မှတ်ချက်အရ ပြိုင်ပွဲဝင်များအနေဖြင့် ဤဗီလာကြီး ည (၇) နာရီမထိုးမချင်း အကန့်အသတ်မရှိ ကြည့်ရှူလေ့လာခွင့်ရလိမ့်မည်။
မေးခွန်းများကို စောစီးစွာ ဖြေဆိုပြီးသည့် ပြိုင်ပွဲဝင်များအတွက်ကတော့ စောင့်ဆိုင်းရေးခန်းထဲသို့သွားပြီး အဖြေလွှာကိုအပ်နှံပြီးသွားပြီဆိုပါက တခြားသောပြိုင်ပွဲဝင်များ ရောက်ရှိလာမည့်အချိန်ကို နားနားနေနေ စောင့်ဆိုင်းနိုင်ပေသည်။
သို့သော်လည်း စောင့်ဆိုင်းခန်းထဲသို့ ဝင်ရောက်ပြီးသည်နှင့် ဗီလာအတွင်းပိုင်းထဲသို့ ပြန်သွားကြည့်၍ မရတော့သလို အပ်နှံထားပြီးသား အဖြေကိုလည်း ပြန်ပြင်၍ မရတော့ပါချေ။
မမျှော်လင့်ဘဲ ဒုတိယပိုင်းကို စတင်ပြီးနောက် မိနစ်နှစ်ဆယ်အကြာတွင် ပြိုင်ပွဲဝင်ကစားသမားတချို့က အပြင်သို့ထွက်လာခဲ့ချေပြီ။
“ထားလိုက်တော့.. ပြိုင်ပွဲဝင် နံပါတ်(၄)ရဲ့ အခြေအနေကလည်း ဆိုးရွားလွန်းတယ်.. သူမက အခုလိုမထွက်လာရင်တောင် အစောပိုင်းအဆင့်မှာကတည်းက အဖြုတ်ခံရမဲ့သူပဲ”
လီချန်ဟဲက ဆက်ပြောလိုက်သည်။
“တခြားကစားသမားတွေကိုပဲ အဓိကထားပြီးရိုက်ကူးကြမယ်!”
လီချန်ဟဲကား ကျန်ရှိနေသည့် မျက်နှာပြင် ကိုးခုကို ကြည့်ရှုနေရင်းဖြင့် ပို၍စိတ်လှုပ်ရှားလာပုံရသည်။ သူဆိုသည့်လူက တစ်နှစ်ပတ်လုံး သဘာဝလွန်အကြောင်းများကိုသာ အချိန်ပြည့် လေ့လာနေခဲ့သူဖြစ်ပြီး ထိုအကြောင်းကို အလွန်အမင်းစွဲလမ်းနေခဲ့သူလည်း ဖြစ်ပေသည်။
ထို့ကြောင့် လက်ရှိတွင် ကုကျစ်စုန့်ဆိုသည့် အနုပညာရှင်ကိုကြည့်ကာ သူမက တစ်စုံတစ်ခုထူးကဲနေလိမ့်မည်ဖြစ်ကြောင်း သူ့၏အသိစိတ်ထဲတွင် အလိုလို သိရှိခံစားနေရပေ၏။
ထို့အပြင် ဤပြိုင်ပွဲဝင်များထဲမှ တခြားလူများက လက်ရှိတတိယရာသီကို အောင်မြင်စေဖို့အတွက် လုပ်နိုင်၊မလုပ်နိုင်ကို မသေချာလျှင်တောင် သူ့အနေဖြင့် ဤပရိုဂရမ်၏ နာမည်ကို သန့်စင်နိုင်စေဖို့လိုအပ်လိမ့်မည်။
လက်ရှိရာသီမှာတော့ သူ့အနေနှင့် အစစ်အမှန် ကျွမ်းကျင်ပညာရှင်တွေသာ ပါလာစေဖို့ အသေအချာကြိုးစားထားခဲ့တာကြောင့် ဆူပူကြိမ်းမောင်းစရာ လူတွေ ပါမလာနိုင်လောက်တော့ဘူး!ဗီလာ၏ ဒုတိယထပ်တွင် ကုကျစ်စုန့်တစ်ယောက် လက်နှစ်ဖက်ကို နောက်ဘက်တွင်ပစ်ထားပြီး အခန်းများကို အသေအချာလိုက်ကြည့်နေခဲ့သည်။ လက်ရှိတွင်တော့ မတိုင်ခင်ကာလမှာကဲ့သို့ တိုက်ခိုက်ချင်စိတ်များမရှိဘဲ ပျင်းရိလေးတွဲ့စွာရှိနေခဲ့သည့်ပုံစံမျိုးမရှိတော့ဘဲ ဆန့်ကျင်ဘက်ဖြစ်နေခဲ့ပြီ။
သူမ၏အမြင်အရ အနာဂတ်ကို ဟောပြောခြင်းဖြစ်စေ၊ အိမ်တစ်အိမ်၏ ဖုန်းရွှေကိုလိုက်ပါကြည့်ရှာသည်ဖြစ်စေ ပြိုင်ပွဲ၏ စည်းမျဉ်းများအရ လုပ်ပေးနေခြင်းသာဖြစ်ချေသည်။ သူမက ပြင်ပကမ္ဘာ၏ ကိစ္စရပ်များကို သိပ်ပြီးစိတ်မဝင်စားလှပါချေ။
သို့သော်လည်း သင်္ချိုင်းအုတ်ဂူများ၏ ဖုန်းရွှေများကို ကြည့်ရှုရသည်ကိုတော့ သူမ သဘောကျချေသည။ သရဲတစ္ဆေများကိုဖမ်းရခြင်း၊ မကောင်းဆိုးရွားများနှင်ရခြင်းကိစ္စများက သူမ၏ စိတ်ကို ပို၍ဖမ်းစားထားနိုင်သည်။
မကြာခင်ကာလတုန်းက ပေါ်ထွက်လာသည် မကောင်းဆိုးရွားများသည်လည့း သူမ၏ စိတ်အာရုံကို ဆွဲဆောင်နိုင်သည့် အကြောင်းရင်းတစ်စုံတစ်ခုအား တွေးတောမိသွားစေ၏။
“သွားကြစို့၊ ဟိုဘက်ကအခန်းတွေကိုလည်း လိုက်ကြည့်ရအောင်”
ကုကျစ်စုန့်က ပြောလိုက်တယ်။
ကင်မရာမင်းကလည်း သူ့၏ပုခုံးပေါ်တွင် ကင်မရာနှင့် တိုက်ရိုက်ထုတ်လွှတ်မှု ပစ္စည်းများကို သယ်ဆောင်ပြီး သူမ၏နောက်မှ ထပ်ကြပ်မခွာ ကပ်၍ လိုက်လာခဲ့ချေသည်။ ယခုအချိန်မှာတော့ မကြာခင်တုန်းက သူမ ပြောခဲ့သည့်စကားမှာ သူ့ကို ယဉ်ယဉ်ကျေးကျေး သတိပေးခြင်းသာဖြစ်ကြောင်းကို ကင်မရာမင်း နားလည်သဘောပေါက်သွားခဲ့ပြီ။
သူမက သွယ်လျပြီး ခြေလှမ်းတစ်လှမ်းတိုင်းမှာ ကျက်သရေရှိသည့် အမျိုးသမီး အနုပညာရှင်တစ်ယောက်ဖြစ်သော်လည်း လမ်းလျှောက်သည့်အချိန်တွင်တော့ လေထဲတွင်ပျံဝဲနေသည် ထင်ရလောက်သည့်အထိ ပေါ့ပါးမြန်ဆန်လှသည်။
ဗီလာအဆောက်အအုံတစ်ခုလုံးတွင် အထပ်သုံးထပ်ရှိပြီး အခန်းများသည်လည်း မနည်းပါးလှပေ။ တစ်ခန်းချင်းစီတိုင်းကို ဝင်လိုက်၊ထွက်လိုက် လုပ်နေချိန်တွင် တခြားသောပြိုင်ပွဲဝင်များနှင့် လုံးဝမတွေ့ဆုံဘဲနေလိမ့်မည်က မဖြစ်နိုင်ပါချေ။
ထို့အတွက်ကြောင့် ဒုတိယထပ်မှ အိပ်ခန်းတစ်ခန်း၏ အဝင်တံခါးနားတွင် ကုကျစ်စုန့်မှာ တခြားပြိုင်ပွဲဝင်တစ်ဦးနှင့် ထိပ်တိုက်ရင်ဆိုင် တွေ့ဆုံမိတော့တယ်။
ရင်ဘတ်တွင် (#6) ဆိုသည့်နံပါတ်ကို ကပ်ထားသည့် ပြိုင်ပွဲဝင်မှာ မျက်လုံးစိမ်းလေးများနှင့် ရွှေအိုရောင် ဆံနွယ်တို့ကို ပိုင်ဆိုင်ထားသည့် ချောမောလှပသည့် နိုင်ငံခြားသူလေးဖြစ်ပြီး လူအများကြားတွင် ထင်ရှားစွာ ပေါ်လွင်နေမည် မိန်းကလေးမျိုးဖြစ်ပေမည်။
သို့သော်လည်း သူမသည်ကား တရုတ်ရှေးရိုးရာစတိုင် လည်ထောင်ကော်လံပါသည့် ဖောင့်ဝတ်စုံကို ဝတ်ဆင်ထားခဲ့သည်။
ကုကျစ်စုန့်ကို မြင်လိုက်ရချိန်တွင် ပြိုင်ပွဲဝင် အမှတ်စဉ်(6)၏ မျက်ဝန်းများက အရောင်တောက်သွားခဲ့သည်။
“မင်းက ပြိုင်ပွဲဝင်အသစ်ပဲ၊ ဟုတ်တယ်မလား? ဟဲလို တွေ့ရတာ ဝမ်းသာပါတယ် ငါက ဒေစီပါ၊ တရုတ်နဲ့ နော်ဝေးသွေးနှောဖြစ်ပြီး ငါက စုန်းမတစ်ယောက်ပဲ”
**