Ch 18
Viewers 2k

အခန်း(18) မိသားစုတစ်ခု ဖျက်ဆီးခံရတဲ့အချိန်မှာ မိသားစုအတွင်းက ကလေးတွေကိုပါ အန္တရာယ်ဖြစ်လာစေလိမ့်မယ် (2)




 




“မင်းတို့နှစ်‌ယောက် ဘယ်သူက မှန်လဲဆိုတာသိရအောင် တိုက်ခိုက်ကြပါ့လား”




 




ဤသည်က ကုကျစ်စုန့်အနေဖြင့် သွေးနှောတစ်ယောက်ကို ပထမဆုံး မြင်ဖူးခြင်းဖြစ်ပြီး သူမက  တစ်ဖက်မှ မိန်းကလေးအား ပြုံးပြကာ နှုတ်ဆက်လိုက်သည်။




 




“ဟယ်လို.. ငါက ကုကျစ်စုန့်ပါ”




 




ကုကျစ်စုန့်က ပရိုဂရမ်သို့ မလာခင်မှာ ပရိုဂရမ်မှထုတ်လွှင့်ပြီးသား ပထမဆုံးပိုင်းကို ကြည့်ရှုထားခဲ့သည်။ ထို့ကြောင့် မူလပြိုင်ပွဲဝင်များ၏ အကြောင်းကို အနည်းငယ်မျှလေ့လာသိရှိနိုင်ခဲ့သည်။ 




 




ဒေစီ၏ အမေဘက်မှ မိသားစုမှာ နော်ဝေးနိုင်ငံအတွင်းမှ ရှေးကျသည့် စုန်းမျိုးနွယ်စုဖြစ်ခဲ့သည်။ ထို့ကြောင့် ဒေစီ၏ခန္ဓာကိုယ်ထဲတွင် အရှေ့တိုင်းတောက်ဓမ္မဆရာသခင်များနှင့်ကွဲပြားသည့် သန့်စင်သော စွမ်းအားတစ်ခုကို သူမ ခံစားသိရှိခဲ့သည်။




 




ဤစွမ်းအင်မှာ မြေအောက်ကမ္ဘာမှာရှိနေတတ်သည့် ယင်စွမ်းအင်နဲ့ ဆင်တူနေသော်လည်း ယင်စွမ်းအင်ကဲ့သို့ အေးစက်မှုများကတော့ မပါရှိပေ။ ထိုစွမ်းအင်သည် သူမတို့ စုန်းမျိုးနွယ်စုကလန်၏ စွမ်းအားသာဖြစ်နိုင်ပေသည်။




 




“မင်းက ငါမြင်ဖူးခဲ့သမျှ အရှေ့တိုင်းသူတွေထဲမှာ အလှဆုံးပဲ “ 




 




ဒေစီက ဘေးဘက်သို့ နေရာဖယ်ပေးလာခဲ့သည်။




 




“မင်း အရင်ဝင်ပြီး ကြည့်လိုက်လေ”




 




“ဒါဆိုရင် ရိုင်းပြလိုက်ပါဦးမယ်” 




 




 




ကုကျစ်စုန့် သဘောတူလိုက်သော်လည်း အခန်းထဲသို့ ချက်ချင်းဝင်သွားခြင်းမရှိခဲ့ချေ။




 




“ငါတို့ ခဏလောက်တော့ စောင့်ရဦးမယ် .. အခန်းထဲမှာ တစ်ယောက်ယောက်ရှိနေသေးတယ်”




 




တစ်ယောက်ယောက်ရှိနေတယ်?




 




ဒေစီက အသေအချာပိတ်ဆို့ထားသည့် ယွန်းဆေးသုတ်တံခါးကြီးကိုကြည့်ပြီး သူမ၏ မျက်လုံးစိမ်းလေးမျက်က ဝိုင်းစက်သွားခဲ့ရသည်။




 




“ ဒါက အရှေ့တိုင်းရဲ့ လျို့ဝှက်ဆန်းကြယ်တဲ့စွမ်းအားနဲ့ သိနိုင်ခဲ့တာလား? မင်းတို့ရဲ့ စွမ်းအားတွေကအရမ်းမိုက်တာပဲ!”




 




သူမ၏ အာရုံခံစွမ်းအင်များက အလွန်နက်နဲစွာ သိရှိနိုင်သော်လည့် ဤတံခါး၏  အနောက်ဘက်မှ အသက်ရှူသံ‌ဖြစ်စေ၊ လှုပ်ရှားမှုကိုဖြစ်စေ၊ သို့မဟုတ် စွမ်းအင်ကိုဖြစ်စေ တစ်ခုမှ မတွေ့ရှိနိုင်ခဲ့ပေ။




 




ပြိုင်ပွဲဝင်များထဲမှ တစ်ယောက်တည်းသော သွေးနှောဖြစ်ပြီး လျို့ဝှက်ဆန်းကြယ်သည့်  စုန်းမလည်းဖြစ်သည့် ဒေစီသည်ကား တရုတ်စကားကို အလွန်ကျွမ်းကျင်စွာပြောတတ်ပြီး တရုတ်ရိုးရာ လည်ထောင်ဝတ်စုံကိုလည်း အစဥ်အမြဲဝတ်လေ့ရှိသောကြောင့် သူမ၏ ကျော်ကြားမှုမှာ ပြိုင်ပွဲဝင်များအတွင်း အတော်လေး မြင့်မားပေသည်။




 




[သူတို့နှစ်ယောက်လုံးက  ထိပ်တန်းအလှလေးတွေပဲ.. အခုလို နှစ်ယောက် ယှဉ်ရပ်နေတော့ လုံးဝကို အကြည့်လွှဲနိုင်လောက်စရာမရှိတော့ဘူး!]




 




[ဒေစီကျဲကျဲ .. သူမရဲ့ အဓိပ္ပါယ်မရှိ လျှောက်ပြောတဲ့စကားတွေကို ယုံမနေနဲ့နော်! သူမက အရမ်း စိတ်ပျက်စရာကောင်းတဲ့မိန်းမပဲ!]




 




[ အဲဒီ ကုကျစ်စုန့်က ဒေစီကိုဆွဲချပြီး သူ့ကိုယ်သူ နာမည်ကြီးအောင် လုပ်မလို့မလား!? ငါ့တော့ သူ့ကို လုံးဝ မမြင်ချင်တော့ဘူး!]




 




[ရယ်ရလို့ သေတော့မယ်..ငါတို့ရဲ့ စုန့်ကျဲက နင့်ရဲ့ ကြိုက်နှစ်သက်မှုကို လိုအပ်မယ်လို့ ထင်နေတာလား? အရင်တစ်ခေါက်က ဒီလိုမျိုး ခေါင်းမာမာနဲ့ ပြောခဲ့တဲ့တစ်ယောက်တော့ ခုချိန်ထိ  hot searchပေါ်မှာ ပူပူနွေးနွေးနှင့် အရှာခံနေရတုန်းပဲနော်]




 




တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲတွင် ရန်ဖြစ်နေကြသည်တွေကို တွေ့လိုက်ရသောကြောင့်  ဒေစီ အနည်းလောက် စိတ်ရှုပ်သွားခဲ့ရသည်။ သူမက ကြည့်ရှုသူ ပရိသတ်များကို တစ်စုံတစ်ခု ရှင်းပြဖို့ တွေးတောလိုက်သည့်အချိန်တွင် သူမ၏အရှေ့မှ ယွန်းတံခါးကြီးမှ ကလစ်ဆိုသည့် အသံတစ်ခုထွက်လာခဲ့ပြီး ခဏလောက်အကြာမှာ အတွင်းမှ လူက တံခါးကို ဖြည်းဖြည်းချင်း ဖွင့်လာခဲ့သည်။




 




သူ့ကို စိုက်ကြည့်နေကြသည့် မျက်လုံးနှစ်စုံနှင့် ရင်ဆိုင်လိုက်ရသောကြောင့် ထိုလူငယ်လေးက အနည်းငယ်လောက် လန့်သွားခဲ့ပုံရပြီး အနောက်ဘက်သို့ ခြေတစ်လှမ်းခန့် ပြန်ဆုတ်သွားခဲ့လေ၏။




 




ထိုလူငယ်လေးသည်ကား ပြိုင်ပွဲဝင် နံပါတ် (၂) : ပိုင်စစ်ဖြစ်ပြီး သက် (၁၇)နှစ် ၊ (၁၈)နှစ်အရွယ်လောက်သာရှိနေသေးကာ ချောမောတဲ့ကောင်လေးတစ်ယောက်ဖြစ်ချေသည်။  သူက နတ်မိစ္ဆာဝိဉာဉ်များကို ဆင့်ခေါ်သည့် “ချူးမာရှန်း” တစ်ယောက်ဖြစ်ပြီး လူများနှင့် ဝေးဝေးနေတတ်ကာ ပေါင်းသင်းဆက်ဆံရေးကို တွန့်ဆုတ်နေတတ်သည့်သူတစ်ယောက်လည်း ဖြစ်သည်။




 




ပရိုဂရမ်၏ အပိုင်းတစ်အတွင်းမှာတုန်းက မည်သည့်ပြိုင်ပွဲဝင်‌ တစ်ဦးတစ်ယောက်နဲ့မျှ စကားတစ်ခွန်းတစ်လေလောက် မပြောခဲ့သည့်သူဖြစ်နေခဲ့သော်လည်း သူ့ရဲ့ အောင်မြင်ကျော်ကြားမှုမှာတော့ ရယ်စရာကောင်းလောက်အောင်  မြင့်တက်နေခဲ့သည်။




 




ချူးမာရှန်းဆိုသည်မှာ သီးသန့်နေထိုင်တတ်သည့် နတ်ဆရာမျိုးနွယ်တစ်ခုကနေ ဆင်းသက်လာပြီး တရုတ်နိုင်ငံ၏ အရှေ့မြောက်ဘက်ပိုင်းတွင် နာမည်ကျော်ကြားသည့်သူများဖြစ်ချေသည်။  




 




သူတို့က မသေမျိုးများကို သူတို့၏ခန္ဓာကိုယ်အတွင်းသို့ ဆင့်ခေါ်နိုင်လေ့ရှိသည်။ သို့သော်လည်း ထိုမသေမျိုးဆိုသည်မှာလည်း တိရိစ္ဆာန်မျိုးနွယ်ဝင် နတ်မိစ္ဆာမသေမျိုးနွယ်များကိုသာ ရည်ရွယ်နိုင်ခြင်းဖြစ်သည်။တရုတ်နိုင်ငံ၏အဓိက နတ်မိစ္ဆာမသေမျိုး‌များကို “ဟူ ဟွမ် ပိုင် လျို့ ဟွေ့”ဟု အတိုကောက်ခေါ်ဆိုပြီး ၎င်းတို့မှာ  ‘မြေခွေး_ ဟူရှန်း၊ မြွေပါ _ဟွမ်ရှန်း၊ ဖြူကောင်_ ပိုင်ရှန်း၊ မြွေ  _လျို့ရှန်း နဲ့ ကြွက် _ဟွေ့ရှန်း’ တို့ကို ဆိုလိုခြင်းဖြစ်သည်။




 




နတ်မိစ္ဆာမသေမျိုးများကို ဆင့်ခေါ်သူဖြစ်သည် ပိုင်စစ်ကား ဖြူကောင် ပိုင်ရှန်းကို ဆင့်ခေါ်သူဖြစ်ပေသည်။




 




လက်ရှိတွင် သူက စကားတစ်ခွန်းမျှ မပြောခဲ့ပဲ အခန်းထဲမှ ထွက်လာခဲ့ပြီးနောက် နှုတ်ခမ်းကို တင်းတင်းစေ့ထားကာ ကုကျစ်စုန့်ဘက်သို့ ခိုးကြည့်လာခဲ့သည်။ ထို့နောက် သူတို့နှစ်ယောက်ဆီကို ခေါင်းအနည်းငယ်ညိတ်ပြခဲ့ပြီး ခပ်သုတ်သုတ် ထွက်သွားခဲ့လေ၏။




 




ထိုအချိန်ကျမှ ပိုင်စစ်၏ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြသည့် ပရိသတ်များဘက်မှ ပိုင်စစ်က ထိုအခန်းထဲကို လွန်ခဲ့သည့် အချိန်ဆယ်မိနစ်ခန့်က ဝင်သွားခြင်းဖြစ်ကြောင်းပြောလာခဲ့ကြကာ ကုကျစ်စုန့်ပြောသည့်စကားက အမှန်ဖြစ်ကြောင်းကို သက်သေပြနိုင်ခဲ့သည်။ 




 




အခန်းထဲတွင် လူမရှိတော့သည်းအတွက်ကြောင့်  ကုကျစ်စုန့်က အရှေ့မှ ဦးဆောင်ဝင်သွားခဲ့ပြီး အခန်းဖွဲ့စည်းပုံနဲ့ အခန်းထဲတွင်ရှိနေသည့် အသုံးအဆောင်တွေကို အသေအချာလိုက်ကြည့်ခဲ့သည်။




 




သူမက ဒေစီကို အချိန်ကြာအောင် မစောင့်ဆိုင်းစေခဲ့ပေ။ အခန်းထဲတွင် တစ်ပတ်ခန့် လျှောက်ပတ်ကြည့်ခဲ့ပြီး အခန်းမှ ပြန်ထွက်လာချိန်တွင် အချိန်နှစ်မိနစ်တောင် မကြာမြင့်သေးကြောင်း မြင်တွေ့ခဲ့ရသည်။ 




 




“ကျေးဇူးတင်ပါတယ်.. ငါ အခု ကြည့်လို့ပြီးသွားပြီ”




 




ဒေစီ : “ !!!!! “




 




ဒေစီတစ်ယောက် ထွက်ခွာသွားပြီဖြစ်သည့် မိန်းကလေး၏ နောက်ကျောအား စိုက်ကြည့်ရင်း တီးတိုးလေး ပြောလိုက်မိ၏။ 




 




“‌ဘယ်လောက်တောင် တော်လိုက်တဲ့ အရှေ့တိုင်းရဲ့ ရုပ်လွန်ဆရာသခင်လဲ...”




 




တိုက်ရိုက်ရုပ်သံထုတ်လွှင့်ခန်းထဲမှ တစ်စုံတစ်ယောက်က မေးခွန်းထုတ်နေခဲ့သည်:




 




[ဒါက  မြန်လွန်းနေတာမဟုတ်ဘူးလား.....  သူက ဒီလောက် မြန်မြန်ပြန်ထွက်လာတာ ပြဿနာကိုရော ရှာ‌တွေ့ခဲ့ရဲ့လား..  တခြားပြိုင်ပွဲဝင်တွေဆိုရင် အခန်းထဲက စွမ်းအင်တွေကို အာရုံခံတာတို့၊ မှော်ပစ္စည်းကိရိယာတွေ သုံးပြီး သေချာစစ်ဆေးဖို့ လိုအပ်သေးတာကို တွေ့နေသလိုပဲနော်...]




 




သို့ပေမယ့် ကြည့်ရှူသူများ မမျှော်လင့်ထားစွာဖြင့် ကုကျစ်စုန့်သည် အခန်းတိုင်းအား အမှိုက်လှည်းကျင်းသကဲ့သို့ အချိန် ခဏတာလောက် လျှောက်ပတ်ကြည့်ရုံသာပြုလုပ်ခဲ့ပြီး အေးအေးဆေးဆေးနှင့် ပြန်ထွက်လာသည်ကို မြင်တွေ့နေရလေ၏။




 




သူမက ဗီလာတစ်ခုလုံးဆီမှ အခန်းများကို လျှောက်ပတ်ကြည့်ဖို့ရန်အတွက် နာရီဝက်ခန်သာ အခန်ကြာမြင့်ခဲ့ပြီး ထိုအတွက်ကြောင့် တခြားသောပြိုင်ပွဲဝင်များနှင့်လည်း တစ်ယောက်ပြီး တစ်ယောက် ‌ထိပ်တိုက်တွေ့ဆုံနေခဲ့ရပေသည်။




 




တတိယထပ်မှ လျှောက်လမ်းကိုရောက်တော့ အင်္ကျီမှာ နံပါတ် (၁) တံဆိပ်ချိတ်ထားသည့် ပြိုင်ပွဲဝင်တစ်ယောက်နဲ့ ထပ်မံဆုံတွေ့ပြန်တယ်။




 




ပြိုင်ပွဲဝင်နံပါတ်(၁)၏အမည်က ရှင်းယိချင်းဖြစ်ပြီး သူက အနက်နဲ့ အပြာရောင် တောက်ဓမ္မဝတ်စုံကို ဝတ်ဆင်ထားခဲ့သည်။ သူ့၏ မီးခိုရောင် ဆံပင်များကိုတော့ သေချာသပ်ရပ်စွာ တင်းရင်းတဲ့အထိ စည်းနှောင်ကာဆံထုံးထုံးထားပြီး မျက်လုံးများကလည်း ချွန်မြစူးရှနေလေသည်။ သူ့၏  ကိုယ်ပေါ်တွင် ဓားတစ်ချောင်းလည်း ပါရှိနေသေးသည် 




 




သူက ပြိုင်ပွဲဝင်များထဲတွင်တော့  အရှိန်အဝါအပြင်းထန်ဆုံးလူဖြစ်ပြီး သူ့ကိုတခဏလောက် မြင်တွေ့လိုက်ရုံဖြင့် ယုံကြည်စရာကောင်းသည့် လူဖြစ်ကြောင်း အသိအမှတ်ပြုခံနိုင်သည့် အသွင်အပြင်မျိုးရှိသည်။




 




သူတို့ နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ဖြတကျော်သွားသည့်အချိန်တွင် ထိုသတ်လတ်ပိုင်းတောက်ဓမ္မဆရာသခင်မှာ သူမအား အလွန်အမင်း မနှစ်မြို့နိုင်သကဲ့ ရန်လိုသည့်မျက်လုံး‌များဖြင့်  စိုက်ကြည့်ကာ လေသံပြင်းပြင်းနှင့် နှာမှုတ်ရင်းထွက်သွားခဲ့လေသည်။




 




ကုကျစ်စုန့် : “......”




 




သူတို့တွေ တစ်ယောက်နဲ့ တစ်ယောက် သိပုံမပေါ်ပါဘူး။ 




 




သို့သော်လည်း သူမက ထိုအကြောင်းကို စိတ်ထဲတွင် အချိန်ကြာအောင် ထည့်ထားခြင်းမရှိခဲ့ပေ။ ဗီလာတစ်ခုလုံးအား လျှောက်ပတ်ကြည့်ပြီးသွားသည့်နောက်တွင်တော့ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှ ကြည့်ရှုသူများ၏ သူတို့ တစ်ချိန်လုံး မျိုသိပ်ထားခဲ့ရသော မယုံကြည်မှုနဲ့ စိတ်မရှည်မှုများမှာ နောက်ဆုံးတော့ ထိပ်ဆုံးအထိ ရောက်ရှိသွားပြီး ပေါက်ကွဲလာကြချေပြီ။




 




[ဒီတိုက်ရိုက်ထုတ်လွှင့်သူက  ဒီလောက် အချိန်ကြာတဲ့အထိ စကား တစ်ခွန်းမှလည်း မပြောလာသေးဘူး.. ပျင်းစရာ ကောင်းတာ.. ဘေးခန်းက တိုက်ရိုက်ထုတ်လွှင့်သူတွေဆိုရင်  ဖုန်းရွှေတည်ဆောက်ပုံတွေကို ရှင်းပြပြီး မတော်တဆမှုကိစ္စအကြောင်းကို စစ်ဆေးနေကြတာ..]




 




[ငါတော့  သေလောက်အောင် ရယ်ချင်နေပြီ.. ကင်မရာမင်းက ပြေးလွှားနေရလွန်းလို့ ကင်မရာတောင်မှ ရမ်းခါနေပြီနော်.. စုန့်ကျဲရဲ့ ခန္ဓာကိုယ်က အဲလောက်တောင် သန်မာ‌ကြံ့ခိုင်လွန်းနေတာလား?...]




 




[ဟီးဟီး.. ဒါကတော့ ဟန်ဆောင်တာရော လိမ်တာရောတော့ လုံးဝမဖြစ်နိုင်ဘူး..]




 




ထိုအချိန်မှာ ကုကျစ်စုန့်က စကားစပြောလာခဲ့၏။”‌အခု လှည့်ပတ်ကြည့်ပြီးသွားပြီဆိုတော့ ငါ ဒီအိမ်ရဲ့ ဖုန်းရွှေတည်ဆောက်ပုံကို သဘောပေါက်သွားပြီ..  ဒီအိမ်ရဲ့ ဖုန်းရွှေစနစ်ကို နေရာချထားတဲ့ ဖုန်းရွှေပညာရှင်က တော်တော်လေး အရည်အချင်းရှိတဲ့သူပဲ.. သူက ယင်နဲ့ ယန်ကို အသေအချာလေး ပေါင်းစပ်ထားနိုင်တယ်..”




 




အချိန် အကြာကြီးစောင့်ဆိုင်းနေခဲ့ရသည့် ပရိတ်သတ်များမှာတော့ သူမ၏စကားကို ကြားလိုက်ရချိန်မှာ အနည်းငယ် စိတ်ပျက်သွားကြရပြီ။ ဤကဲ့သို့အချိန်အခါမျိုးအတွင်းမှာ ထိုသို့စကားမျိုးကိုတော့ လူတိုင်းပြောဆိုတတ်သည် မဟုတ်ပါလား။ 




 




သို့သော်လည်း ကုကျစ်စုန့်သည်ကား မည်သည့်အရာကိုမျှ ဂရုစိုက်ခြင်းမရှိဘဲ တည်ငြိမ်အေးဆေးစွာ ဆက်ပြောနေခဲ့သည်။ 




 




“ဒါပေမယ့် တော်တော်လေးလည်း အကျင့်စာရိတ္တဆိုးရွားပျက်သွမ်းလွန်းတယ်..  သူက သူ့ရဲ့ ပြီးပြည့်စုံတဲ့ ယင်ဖွဲ့စည်းတည်ဆောက်မှုထဲမှာ လူတွေက မမြင်အောင် ပျက်စီးမှုတွေကို ထည့်သွင်းထားတယ်..  




 




ဒီဖွဲ့စည်းတည်ဆောက်ပုံထဲကို ဝင်လာတဲ့ လူတိုင်းက ယင်စွမ်းအင်ပမာဏအချို့ရဲ့ လှိုက်စားမှုဒဏ်ကို ခံရလိမ့်မယ်..  အပြင်ကို ပြန်ထွက်သွားခဲ့ရင်တောင် တစ်ရက်၊နှစ်ရက်လောက်တော့ ကံဆိုးမှုတွေကို ခံစားနေရလိမ့်မယ်..  ဒီမှာ အချိန်ကြာကြာနေခဲ့တဲ့ သူတွေဆိုရင်တော့ ထည့်ပြောနေစရာတောင် မလိုတော့ဘူး ......”




 




“မိသားစုတစ်စု ဖျက်ဆီးခံရတဲ့အချိန်မှာ သားသမီးတွေရော မြေးတွေပါ ထိခိုက်အန္တရာယ်ကျရောက်ရလိမ့်မယ်..”




 




[ဖာ့ခ်.. ကြားရတာ  ကြောက်စရာကောင်းလိုက်တာ..]




 




[...အာ.. ငါ အခုလေးတင် ဆရာသခင်ရှင်းရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေတာကနေ ရောက်လာခဲ့တာ၊ မင်းတို့နှစ်‌ယောက်မှာ ဘယ်သူက မှန်လဲဆိုတာသိရအောင် မင်းတို့နှစ်ယောက် တိုက်ခိုက်ကြပါ့လား?? ]




 




မာစတာရှင်းဆိုသည်မှာကား ကုကျစ်စုန့်အား နှာခေါင်းရှုံ့သွားခဲ့သည် ပြိုင်ပွဲဝင် နံပါတ်တစ်ဖြစ်ပေသည်။