အခန်း(19) ကျိန်စာ(1)
“လူလိမ်လူညာတွေကြောင့် ရုပ်လွန်ပညာရှင်တွေရဲ့ နာမည်က ပျက်စီးနေရတယ်”
“အဓိကအိပ်ခန်းက တောင်ဘက်အရပ်ဆီကို မျက်နှာလှည့်ထားပြီး အပြာရောင် နဂါးတစ်ကောင်ရပ်နေတဲ့ပုံကြောင့် ဒီဗီလာစံအိမ်ရဲ့ပိုင်ရှင်ဆီကို ကြွယ်ဝချမ်းသာမှုတွေ ဒီရေလို ဒလဟောစီးဝင်နေစေလိမ့်မယ်.. တံခါးရဲ့အပြင်မှာ တည်ဆောက်ထားတဲ့ ကျောက်တုံးရုပ်ထုကလည်း အိမ်ကို ပိုပြီးတောင် ခမ်းနားမှုတွေ တိုးလာသေးတယ်”
ပြိုင်ပွဲဝင်နံပါတ် (၁) ၏ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင် ရှင်းယိချင်းမှ ဗီလာတစ်ခုလုံးမှ အကြီးဆုံးအိပ်ခန်း၏ဖုန်းရွှေတည်ဆောက်ပုံအကြောင်းကို အလေးအနက်ရှင်းပြနေခဲ့လေ၏။
“တောင်တန်းတွေနဲ့ ကျောက်တုံးတွေက ချီစွမ်းအင်ကို တည်ငြိမ်စေတဲ့အရာတွေပဲ.. သူတို့က မိသားစုကို ကလေးများများရစေပြီး လာဘ်လာဘတွေလည်း ပေါကြွယ်ဝစေတယ်.. ဒါတွေက မိသားစုထဲမှာရှိတဲ့ အကြီးအကဲတွေကိုလည်း အသက်ပိုရှည်စေလိမ့်မယ်.. ဒီလောက်ထိ အလွန်အမင်းကောင်းမွန်တဲ့ ဖုန်းရွှေဖွဲ့စည်းပုံမျိုးက ရှာမှရှားပဲ...”
သူ ရှင်းပြပြောဆိုနေစဥ်အတွင်းမှာ သူ၏တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲသို့ လူအများကြီး စုပြုံ၍ ဝင်ရောက်လာကြလေသည်။
ရှင်းယိချင်းတစ်ယောက် တစ်စုံတစ်ယောက်မှ သူ၏ မှတ်ချက်ဧရိယာအတွင်း ကုကျစ်စုန့်ပြောပြခဲ့သည့် အကြောင်းအရာများကို ပြန်လည်ရေးသားပြောပြထားသည်ကို တွေ့လိုက်ရသောကြောင့် ဒေါသတကြီးဖြစ်သွားရချေသည်။
“ဒီမဆင်မခြင်ပါးစပ်နဲ့ မိန်းကလေးက စီနီယာဖုန်းရွှေပညာရှင်ကြီးကို လေးစားမှုမရှိဘဲ မကောင်းပြောရဲတယ်ပေါ့လေ!”
[ဒါဆို မာစတာရှင်းက ကုကျစ်စုန့်ပြောတာကို မှားတယ်လို့ ထင်တာလား..]
“သေချာပေါက် အမှားတွေပဲပေါ့”
ရှင်းယိချင်းက လှောင်ရယ်၍ ပြောလာခဲ့သည်။
“ငါက ဒီပညာရပ်ကို နှစ်ပေါင်း ဆယ်စုနှစ်နှင့်ချီပြီး လေ့လာခဲ့တဲ့သူပဲ.. ‘လကို ရစ်ပတ်ထားတဲ့ မိုးပြာရောင်နဂါးအစီအရင်’ ကြောင့် လူတွေကို ပျက်စီးစေတယ်ဆိုတဲ့စကားမျိုးကို ကြားတောင်မကြားဖူးဘူး၊
တောင်တန်းရဲ့ ဝိဉာဉ်စွမ်းအင်ပါ ပေါင်းစပ်ပြီး ကြည့်လိုက်မယ်ဆိုရင် အခုလိုမှန်ကန်တဲ့ နေရာ၊ မှန်ကန်တဲ့ အချိန်တွေမှာဆိုရင် အခွင့်အရေးကောင်းတွေ အများကြီးရနိုင်တယ်၊ မင်းတို့ သဘောပေါက်ရမှာက အကောင်းဆုံးအခြေအနေဆိုတာက ‘လူတွေရဲ့ စည်းလုံးညီညွှတ်မှု’ ကို ပြောတာပဲ”
“ဒီမိသားစုရဲ့အိမ်ကြီးသခင်ဆီမှာ တစ်စုံတစ်ခု သေချာပေါက် ဖြစ်သွားပြီး မိသားစု ၊ဆွေမျိုးဆက်တွေ အများကြီးကို သက်ရောက်သွားခဲ့တာပဲဖြစ်ရမယ်၊ ပြီးတော့ မိသားစုအတွင်းမှာ မနာလိုမုန်းထားတာတွေလည်း ရှိနေတယ်၊
ငါထင်တဲ့အတိုင်းဆိုရင် တစ်ခုတည်းသော ဖြစ်နိုင်ချေက ဒီမိသားစုရဲ့အိမ်ထောင်ဦးစီးက မိုက်မဲတဲ့အရာ တစ်ခုခုကို လုပ်ခဲ့တာပဲ ဖြစ်မယ်၊ ဒါကြောင့်ပဲ မုန်းတီးမှုတွေက ဒီလောက်အားကောင်းတဲ့ ဖုန်းရွှေကို ထိခိုက်စေတာ.. ပြီးတော့ တစ်မိသားစုလုံးကို ထိခိုက်သွားတာပဲ ဖြစ်ရမယ်!”
[? ? ? တကယ်ကြီးလား.. ဒီစံအိမ်ရဲ့ ပိုင်ရှင်က မင်းတို့ရဲ့ ပရိုဂရမ်ကို ရိုက်ကူးဖို့အတွက်တောင် ဗီလာတစ်ခုလုံးကို ငှားထားတာလေ..]
မှတ်ချက်တွေထဲမှ စကားများကို မြင်တော့ ရှင်းယိကျင်းက အေးတိအေးစက်မျက်နှာထားကို ဆင်မြန်းကာ ခပ်ပြင်းပြင်းနှာမှုတ်လိုက်ပြန်၏။
“ငါက အမှန်တရားကိုပဲ ပြောတတတ်တဲ့လူပဲ၊ တစ်ချို့သော အင်တာနက်ပေါ်မှာ လူကြိုက်များအောင် လုပ်ပြနေတဲ့ အနုပညာရှင်တွေလိုမျိုး ဟန်ဆောင်ကပ်ဖားပြီး လိမ်ညာဖို့ကိုပဲ သိတဲ့သူမျိုး မဟုတ်ဘူး၊
သူတို့လိုလူတွေကြောင့်လည်း ငါတို့လို ရုပ်လွန်ပညာရှင်တွေရဲ့ နာမည်က ပျက်စီးသွားရတာပဲ၊ သူတို့လိုလူတွေက မကောင်းတဲ့လေထုတွေကိုပဲ သယ်ယူလာကြတာ !!”
[ကောင်းချက်ပဲ! သူက ကုကျစ်စုန့်ရဲ့နှခေါင်းနားကို လက်ညိုးထိုးပြီး မပြောရုံတမယ်ပဲ၊ ဒီရာသီအတွင်းက ပြိုင်ပွဲဝင်တွေကတော့ ပြောရဲဆိုရဲတွေချည်းပဲဟ]
[ ငါပြောချင်နေတာကြာပြီ၊ အခုပြိုင်ပွဲဝင်တွေ တော်တော်များများရဲ့ ဇာတ်ညွှန်း အများစုက အတော်လေးကို လေးနက်ပြနေကြတာနော် .. ဒါပေမယ့် မင်းတို့သိသင့်တာတစ်ခုရီိတယ်.. ရှင်းတောက်ကျန့်ဆိုတာက ယိယွမ်တောက်ဓမ္မကျောင်းတော်ရဲ့ အတွင်းပိုင်းတပည့်နော်..
ပြီးတော့ သူက တောက်ဓမ္မပညာရှင်တွေထဲမှာလည်း အတော်ဆုံးတွေထဲက တစ်ယောက်ပဲ၊ သူ့ရဲ့အင်္ကျီမှာ ချိတ်ဆွဲထားတဲ့ ‘ရွှမ်း’ အမှတ်တံဆိပ်ကို ကြည့်လိုက်ကြ! အဲတာက ရွှမ်းမင် အသိမှတ်ပြုခံရတဲ့ အဆင့်လို့ ဖော်ပြထားတာ..]
ရုပ်လွန်ပညာရပ်က ကျော်ကြားလာသည့်နောက်တွင် လူအများက ရွှမ်းရှီပညာရပ်များတွင်လည်း တရားဝင် အဆင့်သတ်မှတ်မှုများရှိသည့်အကြောင်းကို လေ့လာသိရှိလာခဲ့ကြသည်။ ထိုအထဲတွင် ကောင်းကင် အဆင့်၊ မြေကြီးအဆင့်၊ အနက်နဲ့ အဝါဟူ၍ အဆင့်၄ဆင့်ရှိလေသည်။ အဆင့်ပို၍မြင့်မားလာလေလေ၊ စစ်ဆေးမှုများကလည်း ပို၍ ခက်ခဲလာလေလေဖြစ်ပေ၏။
စစ်ဆေးမှုအောင်သွားပါက အောင်မြင်သည့် အမှတ်အသားအဖြစ် အသိအမှတ်ပြုတံဆိပ်တစ်ခုပိုင်ဆိုင်ရရှိလိမ့်မည်။
ရှင်းယိကျင်း၏ ခါးတွင်ရှိသည့် တံဆိပ်အား မြင်တွေ့ရပြီးချိန်တွင် ပရိတ်သတ်များက သူ့၏စကားကို ပိုမို ယုံကြည်သင့်ကြောင်း သတ်မှတ်လိုက်ကြချေသည်။ ကုကျစ်စုန့်၏ black fan များအုပ်စုသည်လည်း သူမအား တိုက်ခိုက်ရန် အခွင့်အရေးရရှိသွားခဲ့ကြကာ ရှင်းယိချင်း၏နာမည်အား အသုံးပြုပြီး ကုကျစ်စုန့်ကို ရွှံ့နွံထဲသို့ ဆွဲချဖို့ အသင့်ပြင်နေခဲ့ကြသည်။တစ်ချိန်တည်းတွင် စတူဒီယို၏နားနေခန်းထဲတွင်တော့ ဝတ်စုံပြည့်ဝတ်ဆင်ကာ သားရေဖိနပ်အား စီးထားသည့် သက်လတ်ပိုင်းအရွယ် လူတစ်ယောက်မှာ ခန့်မှန်းရခက်သည့် မျက်နှာထားဖြင့် ရိုက်ကူးရေးရုပ်သံမျက်နှာပြင်ကို ထိုင်ကြည့်နေခဲ့ချေသည်။
လီချန်ဟဲက သူ့၏ အနောက်သို့ လျှောက်လာခဲ့လျက် မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။
“လောင်ကွမ်း ဒီပြိုင်ပွဲဝင်တွေ ပြောတဲ့စကားတွေကို သိပ်ပြီးစိတ်ထဲကို ထည့်မနေပါနဲ့ “
ထိုလူက ခေါင်းခါရမ်းပြီး ခပ်ယဲ့ယဲ့ ပြုံးလာချေသည်။
“သူပြောတာလည်း မမှားပါဘူး၊ ကြည့်ရတာ ဒီတစ်ခါတော့ အားကိုးလို့ရတဲ့ ပညာရှင်တွေကို မင်းရှာတွေ့လာခဲ့တာပဲ၊ စိတ်မပူပါနဲ့၊ ငါက အဲလောက်ထိ မပျော့ညံ့ပါဘူး၊ နှစ်တွေကြာတော့ နေသားတောင်ကျနေပါပြီ..”
လီချန်ဟဲမှာကား သူ့၏သူငယ်ချင်းဖြစ်သူကို နှစ်သိမ့်ဖို့ရန်အတွက် မည်သည့်စကားလုံးကို အသုံးပြုသင့်ကြောင်း မသိတော့ပါချေ။
သူ့၏ရှေ့တွင် ထိုင်နေတဲ့သူမှာ သူ့၏ပရိုဂရမ်ကို ရိုက်ကူးရေးလုပ်ဖို့ရန်အတွက် ဗီလာကို ငှားပေးထားသည့် အိမ်ပိုင်ရှင် ကွမ်းကျစ်သာ ဖြစ်ပေသည်။ တောင်၏ အလယ်တွင် ရှိနေသည့် ကြီးမားသည့်ဗီလာပိုင်ရှင်မှာ ချမ်းသာကြွယ်ဝနေလိမ့်မည်ဟု လူတိုင်း ခန့်မှန်းနိုင်လောက်သော်လည်း အမှန်တရားသည်ကား သူ့သူငယ်ချင်း၏ ငွေရေးကြေးရေးအခြေအနေမှာသာမန်သာဖြစ်ပေ၏။
သူတို့နှစ်ယောက်မှာ ငယ်စဥ်ကတည်းက ခင်မင်ရင်းနီးခဲ့ကြသူများဖြစ်ပြီး လွန်ခဲ့သည့် နှစ်ပေါင်းသုံးဆယ်လောက်ကတည်းက ကွမ်းကျစ်မှာ ဤတောင်ပေါ်မှ ဗီလာပေါ်တွင် နေထိုင်ခဲ့သည်ကို သူ သိရှိထားခဲ့သည်။
ထိုအချိန်တုန်းက တစ်ဖက်လူမှာ တောင်ပေါ်မြို့၏ အချမ်းသာဆုံးလူ၏မြေးလည်းဖြစ်ခဲ့ပေသည်။
သို့သော်လည်း ဆယ်စုနှစ်အနည်းငယ်အတွင်း၌ သူ့၏ အနီးကပ်မိသားစုဝင်များ အားလုံး သေဆုံးသွားခဲ့ကြပြီး သူကိုယ်တိုင်သည်လည်း သဘာဝအရ သို့မဟုတ် လူကြောင့်ဖြစ်ပေါ်လာရသည့် ထိခိုက်ပျက်စီးမှုများကို မကြာခဏ ကြုံတွေ့ခဲ့ရချေသည်။
ဤနှစ်များအတွင်းမှာ ကွမ်းကျစ်တစ်ယောက် တစ်ကမ္ဘာလုံးတွင်ရှိသည့် ပညာရှင်များကို ရှာဖွေပင့်ခေါ်ခဲ့သော်လည်း လူတိုင်းမှာ ရှင်းယိကျင်းပြောခဲ့သည့်အတိုင်း ချွင်းချက်မရှိ တစ်ပုံစံတည်း ပြောခဲ့ကြချေသည်။
ဤရှေးဟောင်းစံအိမ်အတွင်းမှ ဖုန်းရွှေဖွဲ့စည်းပုံမှာ အလွန်အမင်းကောင်းမွန်နေခဲ့သည်။ မိသားစုကို ထိခိုက်လာခဲ့ရသည်ဆိုပါက အိမ်သားတစ်ယောက်မှ မိုက်မဲပြီးမလုပ်အပ်သည့်အရာတစ်ခုလု လုပ်ခဲ့မိ၍သာ ဖြစ်ပေမည်။ ထို့ကြောင့်သာ ကျိန်စာသင့်ခံခဲ့ရပြီး အခြားသောမိသားစုဝင်များကိုပါ ထိခိုက်သွားစေခြင်း ဖြစ်လိမ့်မည်။
ထိုစကားများကြောင့် ကွမ်းကျစ်မှာ သူ့၏ နောက်ထပ်သော မျိုးဆက်များကို ဆက်လက်ပြီး မထိခိုက်စေဖို့ ရန်အတွက် ဤအချိန်ထိ သားသမီးယူခြင်းမရှိခဲ့ဘဲ မုဆိုးဖိုတစ်ဦးအဖြစ်သာ ဆက်လက်နေထိုင်ခဲ့ရှာသည်။
လီချန်ဟဲ သူ့အား ဤပြိုင်ပွဲအတွင်း ပါဝင်ရန် ဖိတ်ခေါ်ခဲ့သည်မှာ ဗီလာ၏ထူးခြားဖြစ်စဉ်များကို စိတ်ဝင်စားတာသည်က တစ်ကြောင်းဖြစ်ပြီး၊ သူ့သူငယ်ချင်းအား ထိုကျိန်စာမှ လွှတ်ပေးနိုင်လောက်မည့် ပညာရှင်တစ်ဦးလောက် ပါလောက်လောက်မည်လားဟူသည့် မျှော်လင့်ချက်ဖြင့် စစ်မှန်သောပညာရှင်ကိုရှာဖွေပေးချင်ခဲ့သောကြောင့်လည်း ဖြစ်သည်။
“ပြိုင်ပွဲဝင်နံပါတ် (၁)က မင်းတို့အိမ်ရဲ့ ကျိန်စာကို မြင်ရတယ်ဆိုတော့ သူ ကျိန်စာကို ဖျက်ပေးနိုင်တာလည်း ဖြစ်နိုင်လောက်တာပဲလေ”
ကွမ်းကျစ် ခပ်ယဲ့ယဲ့အပြုံးဖြင့် ပြောခဲ့သည်။
“ငါလည်း အဲလိုမျိုးမျှော်လင့်မိပါတယ်..”
သူက တဖက်မှ ပြိုင်ပွဲဝင် ကုကျစ်စုန့်ကိုတော့ အာရုံထဲသို့ မထည့်ထားခဲ့ပါချေ။ ပညာရှင်ပါင်းများစွာမှ အတည်ပြုခဲ့သည့်အချက်များထဲက တူညီစွာကောက်ချက်ချခဲ့သည့် အချက်တစ်ခုမှာ ဤကွမ်းမိသားစု အိမ်၏ ဖုန်းရွှေတည်ဆောက်ပုံမှာ အလွန်ကောင်းမွန်လှပေသည်ဟု ဆိုထားခဲ့ကြချေသည် မဟုတ်လော။
လီချန်ဟဲသည်လည်း ရိုက်ကူးရေရုပ်သံမျက်နှာပြင်ပေါ်မှ တည်ငြိမ်စွာရှိနေသည့် မျက်နှာကို ကြည့်၍ မျက်မှောင်ကြုတ်လိုက်မိသည်။
မူလတုန်းက ကုကျစ်စုန့်အား လုပ်ကိုင်နိုင်စွမ်းရှိလိမ့်မည်ဟု တွေးခဲ့မိသော်လည်း လက်ရှိတွင်တော့ သူမ၏ မဟုတ်တမ်းတရားစကားလုံးများကြောင့် ဝိုင်းဝန်း၍ အပြစ်တင်ခံနေရသည်ကိုကြည့်ကာ စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းကိုသာ ခါရမ်းလိုက်မိတော့သည်။
*
ပြိုင်ပွဲဝင်နံပါတ် (၁) ရှင်းယိကျင်းမှ ကုကျစ်စုန့်အား ဖုန်းရွှေဖွဲ့စည်းပုံအကြောင်းကို မှားယွင်း ကောက်ချက်ချထားသည်ဟု ပေါ်တင်စွပ်စွဲစကားများပြောလာခဲ့သည်။ ထို့ကြောင့် လက်ရှိတွင် သူမ၏ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲ၌ ဆူပူကြိမ်းမောင်းသည့်မှတ်ချက်များဖြင့် ပြည့်နှက်နေပြီဖြစ်ကာ black fan များမှလည်း မီးလောင်ရာလေပင့်၍ ဝိုင်းဝန်းတိုက်ခိုက်နေလျှက်ရှိသည်။
သို့သော်လည်း ကုကျစ်စုန့်သည်ကား ထိုမှတ်ချက်များကို မမြင်သလိုမျိုးသာ ရှိနေခဲ့ပြီး ဗီလာထဲ၌လှည့်ပတ်နေခဲ့ကာ သူမ ယခင်လမ်းလျှောက်ခဲ့သည့် အစဉ်အတိုင်း နောက်ကြောင်းပြန်ကာလျှောက်နေခဲ့လေသည်။
ဤတစ်ကြိမ်တွင်တော့ သူမ ယခုအချိန်ထိ မထုတ်ယူရသေးသော မေးခွန်းလွှာဘုတ်ပြားအား ထုတ်ယူလိုက်ပြီး သူမ သွားချင်သည့် ဦးတည်ရာနေရာများကို တုံ့ဆိုင်းမှုမရှိ ဆက်တိုက် သွားနေခဲ့သည်။ ဒုတိယထပ်အိပ်ခန်း၊ လှေကားထစ် စသည့် အချို့နေရာများတွင်တော့ ရပ်တန့်လိုက်ပြီး အဖြများကို ချရေးနေခဲ့သည်။ပရိသတ်များမှာ သူမ၏ အပြုအမူများကို နားမလည်နိုင်ဖြစ်နေခဲ့ကြသော်လည်း နားနေခန်းထဲတွင်ထိုင်ကာ ရိုက်ကူးရေးမြင်ကွင်းများကို တစ်ချိန်လုံး ထိုင်ကြည့်နေခဲ့သည့် ကွမ်းကျစ်သည်ကား လက်ရှိတွင် သူမ၏ လှုပ်ရှားမှုများကို အသေအချာအာရုံစိုက်ပြီး ကြည့်နေခဲ့ချေပြီ။
ထို့နောက် ကွမ်းကျစ်က ရုတ်တရက် မတ်မတ်ထိုင်လိုက်ပြီး သူမဆီသို့သာ စူးစိုက်ကြည့်နေခဲ့ကာ အလွန်အမင်းလည်း အံ့ဩနေသည့်ပုံ ပေါ်နေခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ကုကျစ်စုန့် ရပ်တန့်ကာ အဖြလေလွှာများကိုရေးသားနေခဲ့သည့် နေရာများအားလုံးမှာ သူ့အတွက် ဘဝတစ်သက်တာလုံး မေ့ပျောက်လို့ မရနိုင်ခဲ့သည့်နေရာများ ဖြစ်နေခဲ့သည့်အတွက်ကြောင့်ဖြစ်ပေ၏။
ပထမ တစ်ကြိမ်၊နှစ်ကြိမ်သည်က တိုက်ဆိုင်မှုဖြစ်နိုင်သော်လည်း နေရာတိုင်းမှာ တစ်ထပ်တည်းကျနေခဲ့ပြီဆိုပါက သူကို အတွေးများနေသည်ဟု အပြစ်ပြော၍ မရနိုင်တော့ချေ။
ကွမ်းကျစ် သူ၏ အသက်ရှူနှုန်းထားကိုတောင် အောင့်အီးထားခဲ့မိပြီး တိုက်ရိုက်ထုတ်လွှင့်မှုမျက်နှာပြင်ပေါ်မှ မိန်းကလေးကို စိုက်ကြည့်နေမိသည်။ လက်ရှိတွင် သူမသည် ပထမထပ်တွင်ရှိနေသည့် အကျယ်ဆုံး ခန်းမထဲသို့ ဝင်သွားခဲ့ပြီး အဆင်တန်ဆာများ ထားရှိသည့် စင်ရှေ့တွင် ရပ်နေခဲ့သည်။
စင်၏ အပေါ်ဆုံးတွင်တော့ လေးထောင့်ပုံ လက်ရေးလှစာရွက်တစ်ခုကို မှန်ဘောင်ခတ်လျှက်ရှိနေပြီး အတွင်းပိုင်းတွင် ‘ကျင်း’ဟူသည့် စာလုံးကို ရေးသားထားသည်။ မှန်ဘောင်၏အတွင်းမှ စာရွက်မှာ အနည်းငယ် ဝါကျင်နေခဲ့ပြီဖြစ်ကာ မှန်ဘောင်ကိုတော့ နံရံ၏ အလယ်တည့်တည့်တွင် ချိတ်ထားခဲ့သည်။
ဒီတစ်ခုမှာ ဗီလာထဲသို့ လူများဝင်လာသည်နှင့် ပထမဆုံးမြင်တွေ့ရမည့်အရာလည်း ဖြစ်နေသေးသည်။
သူမက လက်ကို မြှောက်လိုက်ပြီး ထိုမှန်ဘောင်၏အနားကွပ်သစ်သားဘောင်အား လက်ချောင်းထိပ်နဲ့ ထိလိုက်သည်။ ထိုခဏအတွင်း ပြန့်ကျဲနေသည့် အနက်ရောင်အရိပ်တစ်ခုက သူမ၏ရှေ့သို့ ချက်ချင်းပေါ်ထွက်လာခဲ့လဆ၏။
သူမ၏ မြင်ကွင်းတစ်ခုလုံးမှာ မှင်ကွက်များကဲ့သို့ အနက်ရောင်များဖြင့် ဖုံးအုပ်သွားခဲ့ပြီး နာကျင်လွန်းသည့် အော်ဟစ်သံတွေများကလည်း ဆူညံနေခဲ့သည်။
ကုကျစ်စုန့် တစ်စက္ကန့်လောက် မူးဝေသွားခဲ့ပြီးနောက် လက်ကို ပြန်ရုတ်လိုက်သော်လည်း ပူလောင်သည့် နာကျင်မှုကိုတော့ ခံစားနေရသေးသည်။ သို့သော်လည်း မြင်ကွင်းများကတော့ တဖြည်းဖြည်းချင်း ပြန်လည်ပြီး ကြည်လင်လာခဲ့ပြီ။