Ch 5
Viewers 3k

🔥 Chapter 5



ဒါရိုက်တာချိုက်ရုန်ရှီးက နှုတ်ခမ်းကို စေ့လိုက်ပြီး ကျိုးယွီဟယ်ထံမှ ကိုယ်ရေးအချက်အလက် formကို လက်ခံယူကာ တည်ကြည်သော အမူအရာဖြင့် မော့ကြည့်လိုက်သည်။ ရုတ်တရက် တစ်ဖက်လူ၏ နွေဦးနေ့ရက်ကဲ့သို့ ကြည်လင်ပြီး ယဉ်ကျေးသိမ်မွေ့သော အပြုံးကို မြင်လိုက်ရသောအခါ သူ၏ ရင်ထဲမှ မကောင်းသောခံစားချက်မှာ အနည်းငယ် လျော့ပါးသွားခဲ့သည်။


ကိုယ်အမူအရာနဲ့ စိတ်နေသဘောထား ကောင်းသားပဲ…


“မင်း သရုပ်ဆောင်စစ်ဆေးခံမယ့် ဇာတ်ရုပ်က ကျန်းချီ မဟုတ်လား…”

ဒါရိုက်တာချိုက်သည် သူ့လက်ထဲမှ လျှောက်လွှာကို ယမ်းလိုက်သည်။


“မဟုတ်ပါဘူး… ကျွန်တော် သရုပ်ဆောင်စစ်ဆေးမယ့် ဇာတ်ကောင်ကို ယာယီပြင်လိုက်ချင်ပါတယ်… ကျွန်တော် ရှုချန့်ဇာတ်ကောင်ကို သရုပ်ဆောင်ပြချင်ပါတယ်…”

ထိုလူငယ်လေးက ပြုံးလိုက်ပြီး အကဲဖြတ်ဒိုင်သုံးဦးအား ယဉ်ကျေးစွာ ပြောလိုက်သော်လည်း သူ၏ လှပသော မျက်လုံးများအတွင်းတွင် မေးခွန်းထုတ်စရာမလိုသော စိတ်ဓာတ်ခိုင်မာမှု ရှိနေသည်။


သူ့အသံက ကျယ်လောင်လွန်းသည် မဟုတ်သော်လည်း ပရိသတ်၏ အရှေ့သုံးတန်းမှ လူများ ရှင်းရှင်းလင်းလင်း ကြားနိုင်လောက်အောင် လုံလောက်ခဲ့သည်။


လူအုပ်ကြီးက ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။


ယာယီ ဇာတ်ကောင်ပြောင်းလဲခြင်း - ဤကဲ့သို့သော ကိစ္စမျိုးကို သရုပ်ဆောင်ရွေးပွဲ လုပ်ငန်းစဉ်တွင် မကြားဖူးခြင်း မဟုတ်ပေ။ သို့သော် ၎င်းက နာမည်ကြီးများ၏ လုပ်ပိုင်ခွင့် ဖြစ်သည်။ ပုံမှန် သရုပ်ဆောင်ရွေးပွဲတွင် မည်သည့် ဇာတ်ကောင်ကို တင်ပြခဲ့သည်ဖြစ်စေ ထိုအတွက်သာ ပြင်ဆင်ရမည် ဖြစ်သည်။ ဇာတ်‌ကောင်ကို ပြောင်းလဲပစ်ခြင်းက ကလေးကစားသလို ဖြစ်နေပေသည်။ ၎င်းက အခြားသူများအတွက်လည်း မမျှတပေ။


ထို့ကြောင့် သရုပ်ဆောင်ရွေးပွဲ တစ်လျှောက်လုံးတွင် ဒိုင်များဘက်က ပြိုင်ပွဲဝင်များကို အခြားဇာတ်ကောင်များ သရုပ်ဆောင်ရန် တောင်းဆိုခြင်းမှလွဲ၍ သရုပ်ဆောင်များဘက်က ခွင့်ပြုချက်မရှိဘဲ ထွက်လာပြီး စစ်ဆေးရန် ဇာတ်ကောင်ပြောင်းလိုသည်ဟု ပြောဆိုရဲသူ မည်သူမျှ မရှိခဲ့ပေ။


နောက်တန်းမှ လူများက ကျိုးယွီဟယ် ပြောလိုက်သည်ကို ရှေ့တန်းရှိ ပြိုင်ပွဲဝင်များထံမှ သိလိုက်ရသောအခါ အံ့အားသင့်သွားကြသည်။


ပရိသတ်များက တဖြည်းဖြည်း တိတ်ဆိတ်သွားကြပြီး ဒါရိုက်တာချိုက်ရုန်ရှီး၏ မှိုင်းညို့လာသော မျက်နှာကိုကြည့်လျက် သတ္တိရှိသော ဤလူငယ်အစား လူတိုင်း ချွေးပြန်နေကြသည်။


မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်သည်။


“မရဘူး…”

ဒါရိုက်တာချိုက်က အေးစက်စွာ ငြင်းဆန်လိုက်သည်။

“မင်း ပြင်ဆင်လာတဲ့ဇာတ်ကောင်ကိုပဲ သရုပ်ဆောင်ပြနိုင်တယ်…”


ဤသို့သော လေးလံသော လေထုအခြေအနေကို ရင်ဆိုင်ရသောအခါ ပျမ်းမျှ အတွေ့အကြုံမရှိသေးသော လူသစ်တစ်ဦးက ကြောက်ရွံ့မှုကြောင့် စိတ်ဖိစီးခံရလိမ့်မည် ဖြစ်သည်။ သို့သော် ကျိုးယွီဟယ်၏ မျက်နှာတွင် မည်သည့် ထိတ်လန့်မှု သို့မဟုတ် စိုးရိမ်ပူပန်မှုမျိုးမှ မပြခဲ့ပေ။ သူက သူ့လက်ထဲမှ နို့လက်ဖက်ရည်ခွက်ကို ရှဲ့ယိဖုန်း၏ စားပွဲရှေ့တွင် အလွန်တည်ငြိမ်စွာ ချထားလိုက်သည်။ သူ၏ ခိုင်မာသော စိတ်ပိုင်းဆိုင်ရာ အရည်အသွေးက အထင်ကြီးစရာ ကောင်းနေသည်။


“ ဒီမှာ ခဏ ထားခဲ့လို့ ရမလား…”

ကျိုးယွီဟယ်က ညင်သာစွာ မေးလိုက်သည်။


“ရတာပေါ့…”

ရှဲ့ယိဖုန်းက ထိုင်ခုံမှ မတ်မတ်ပြန်ထိုင်လိုက်သည်။ သူ၏ မျက်ဝန်းနက်များတွင် ဒီရေလှိုင်းများ လှည့်လည်နေပြီး ကျိုးယွီဟယ်ကို တိုက်ရိုက်ကြည့်လိုက်သည်။ သူ့နှုတ်ခမ်းထောင့်များက ကျိုးယွီဟယ်၏ နှလုံးခုန်နှုန်းကို အနည်းငယ် ပိုမြန်စေသည်။

“ကောင်းကောင်း လုပ်ပြခဲ့ပါ…”


၎င်းက “ကောင်းကောင်း သရုပ်ဆောင်ပြပါ” ဟူသော စကားနှင့် အတူတူပင် အဓိပ္ပာယ်ရှိသော်လည်း ကျိုးယွီဟယ်အား ပြောလိုက်သော ထိုစကားလုံးနှစ်လုံးက ထူးဆန်းစွာဖြင့် နို့လက်ဖက်ရည်၏ ချိုမြိန်သောရနံ့နှင့်အတူ ကျိုးယွီဟယ်၏ ရင်ထဲမှ စိုးရိမ်ပူပန်မှုနှင့် စိတ်လှုပ်ရှားမှုများအားလုံးကို သက်သာစေခဲ့သည်။


သူ အသက်ပြင်းပြင်း ရှူလိုက်ပြီး လှည့်ထွက်သွားကာ စင်၏ ညာဘက်သို့ လျှောက်သွားသည်။ လူငယ်လေး၏ မတ်မတ်ရပ်နေသော ကိုယ်နေဟန်ထားက ဆလိုက်မီး၏ ပြောင်းလဲနေသော အလင်းနှင့် အရိပ်များကြားတွင် တဖြည်းဖြည်း ပျော့ပျောင်းလာပြီး... 


တည်ကြည်လာတာလား…


ဘေးတိုက် မြင်ကွင်းလေး တစ်ခုတည်းနဲ့တောင်မှ... ဒီကောင်လေး…


ဒါရိုက်တာချိုက်ရုန်ရှီး၏ ရင်ထဲတွင် တုန်လှုပ်သွားပြီး သူ့ခန္ဓာကိုယ်က မသိစိတ်အရ ရှေ့သို့ အလိုအလျောက် ကိုင်းညွတ်သွားသည်။

  

တစ်နေ့တာလုံး စုပုံနေသည့် ပင်ပန်းနွမ်းနယ်မှုက ဤဘေးတိုက်မြင်ကွင်းကို မြင်လိုက်ရသည့်အခိုက်အတန့်၌ ပြေပျောက်သွားသည်။


ကျောင်းလူဆိုးလေး ကျန်းချီက ရှုချန့်၏ နောက်လိုက် ညီငယ်လေးတစ်ဦး ဖြစ်ပြီး အမှိုက်သရိုက် ကျောင်းလူဆိုးတစ်ဦး ဖြစ်ကာ တစ်နေကုန် ကောင်းသည့်အရာတစ်ခုမှမလုပ်ဘဲ နေပေသည်။ ဤဇာတ်လမ်းတွင် သူ၏ အဓိကကဏ္ဍမှာ ရှုချန့်နှင့် အမျိုးသမီးဇာတ်လိုက်တို့၏ ဆက်ဆံရေးကို လှောင်ပြောင်ပြစ်တင်ရန်နှင့် ရှုချန့်အတွက် အကူနေရာမှ ပါဝင်ရန် ဖြစ်သည်။ ထိုဇာတ်ကောင်မျိုးကို သရုပ်ဆောင်ရန် ခက်ခဲသည် မဟုတ်သော်လည်း ၎င်းက ဒုတိယအမျိုးသားဇာတ်လိုက်နှင့် အမျိုးသမီး ဇာတ်လိုက်တို့ကြား စိတ်ခံစားမှုဆိုင်ရာ ဇာတ်ဝင်ခန်း၏ သော့ချက် ဖြစ်နေသည်။


သရုပ်ဆောင်စစ်ဆေးရန် ပြုလုပ်သော ဇာတ်ဝင်ခန်းမှာ အမျိုးသမီးဇာတ်လိုက်နှင့် ကျန်းချီတို့ ရင်းနှီးလာပြီးနောက် ရှုချန့်နှင့် ဆုံခဲ့သည့် ဇာတ်ဝင်ခန်း ဖြစ်သည်။


ဆယ်ကျော်သက်လေးက စင်၏ ညာဘက်ခြမ်းမှ လာခဲ့သည်။ သူ၏ လက်တစ်ဖက်က ဂျာကင်အင်္ကျီ၏ အစွန်းတစ်လျှောက် အိတ်ထဲသို့ ထိုးသွင်းထားပြီး၊ ကျန်လက်တစ်ဖက်က သူ၏ နူးညံ့သော ဆံပင်နက်များကိုထိုးဖွကာ ခေါင်းကို ပေါ့ပေါ့ပါးပါး ပွတ်သပ်နေသည်။ နှုတ်ခမ်းများ အနည်းငယ် ဟထားပြီး ရှည်လျားပြီး နှေးကွေးသော သမ်းသည့်အသံတစ်ခုကို အားမရှိစွာ ထုတ်လွှတ်လိုက်သည်။ အလွန်လှပသော ထိုမျက်လုံးများက ယခုအခါ အားမရှိစွာ ငိုက်ကျနေပြီး၊ သူ၏ လမ်းလျှောက်ပုံနှင့် ပုံပန်းသဏ္ဌာန် ပြောင်းလဲမှုဖြင့်သာ ပြင်းထန်သော ဝမ်းနည်းမှု လေထုအခြေအနေကို ဖော်ပြနေသည်။


သူ၏ ခန္ဓာကိုယ်အနှံ့မှ ထုတ်လွှတ်နေသော “ဝမ်းနည်းမှု” က ထိုလူငယ်လေး၏ ပတ်ဝန်းကျင်ရှိ လေထုကို သဘာဝကျကျ ပြောင်းလဲသွားစေသည်။


ဤသို့သော ပြောင်းလဲမှုမျိုးက သေးငယ်ပုံရသော်လည်း မရိုးရှင်းပေ။ မတော်တဆဖြစ်ပုံရသော်လည်း “ရည်ရွယ်ချက်ရှိရှိ” ဖုံးကွယ်ထားခြင်းတစ်မျိုးလည်း ရှိနေသည်။


နက်နဲသော ကျွမ်းကျင်မှု သို့မဟုတ် အံ့သြဖွယ် အရည်အချင်း မရှိဘဲ သရုပ်ဆောင်တစ်ဦးက သူ၏ စိတ်အခြေအနေကို တစ်ခဏအတွင်း ပြောင်းလဲကာ ၎င်းကို အလွန်သဘာဝကျစွာ ထင်ဟပ်စေရန် မဖြစ်နိုင်ပေ။


ထိုသို့သော ပြောင်းလဲမှုကြောင့်ပင် သူ၏ ကိုယ်ပေါ်ရှိ အလွန်သိသာထင်ရှားသော နို့ရည်အစွန်းများက ကိုးရိုးကားယားမဖြစ်တော့ပေ။ ထိုမျှသာမက ဤအခိုက်အတန့်၌ သူ ပြသနေသော ပုံပန်းသဏ္ဌာန်တစ်ခုလုံး၏ ဖရိုဖရဲအခြေအနေနှင့် အလွန် လိုက်ဖက်ညီစွာ ရောစပ်နေပေသည်။


သူ့အဝတ်အစားများက သူ၏ စိတ်နေသဘောထားကဲ့သို့ပင် ညစ်ပတ်ပြီး ရှက်ဖွယ်ကောင်းနေသည်ဟု ထင်ရသည်။


ကျန်းချီက ပတ်ဝန်းကျင်ကို ခေတ္တမျှ ကြည့်လိုက်သည်။ စိတ်ဓာတ်ကျနေသော မျက်လုံးများအောက်တွင် မှောင်မိုက်ကာ ဆိုးသွမ်းမှု တစ်ခု ရှိနေပြီး၊ သူ စကားပြောရန် ပြင်ဆင်လိုက်စဉ်မှာပင်-


"ကတ်—"


အိပ်မက်မှ နိုးလာသကဲ့သို့ ဖြစ်သွားသည်။


ကျိုးယွီဟယ်၏ သရုပ်ဆောင်မှုကြောင့် ဇာတ်လမ်းထဲသို့ ဆွဲခေါ်ခြင်းခံထားရသော ပရိသတ်များက ဟိန်းခနဲ မြည်ဟည်းလာသော အော်သံကြောင့် တုန်လှုပ်သွားကြသည်။


သူတို့က ယနေ့ သရုပ်ဆောင်စစ်ဆေးပွဲ တစ်လျှောက်လုံး မိုက်ကရိုဖုန်း မသုံးဘဲ တစ်ကြိမ်သာ စကားပြောခဲ့သော ဒါရိုက်တာချိုက်ရုန်ရှီးကို မြင်လိုက်ရသည်။


ဒုတိယအကြိမ်အဖြစ် သူက သူ့စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ပြီး မိုက်ကရိုဖုန်းဖွင့်ရန် မစောင့်နိုင်တော့ဘဲ စင်၏ အလယ်ဗဟိုမှ ဆယ်ကျော်သက်လေးကို တောင်းဆိုချက်တစ်ခု ပြုလုပ်ခဲ့သည်။

“ရှုချန့်… မင်း ရှုချန့်နေရာကို သရုပ်ဆောင်ကြည့်စမ်းပါ…”

  

×××××


မည်သို့ပင်ဆိုစေ ဒါရိုက်တာချိုက်ရုန်ရှီးက ဝါရင့်တစ်ဦး ဖြစ်နေသေးသည်။ ခေတ္တမျှ စိတ်ရှုပ်ထွေးပြီးနောက် သူက ချက်ချင်းပင် တည်ငြိမ်သော အမူအရာသို့ ပြန်ရောက်လာခဲ့သည်။


ဤလုပ်ငန်းနယ်ပယ်တွင် အလွန်ကောင်းမွန်သော သရုပ်ဆောင်စွမ်းရည်ရှိသည့် သရုပ်ဆောင်များစွာကို သူ မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။ မျှော်လင့်ထားသည့် ရလဒ်နှင့် ကြီးမားသော ကွာခြားမှုရှိနေခြင်းကြောင့်သာ ဖြစ်သည်။ ထိုဆယ်ကျော်သက်၏ စိတ်ခံစားမှု ပြောင်းလဲသွားပုံက အမှန်တကယ်ပင်...


လွန်ကဲသည်ဟု ဖော်ပြလျှင်လည်း မမှားပေ။


သို့သော် မည်မျှပင် ကောင်းသည်ဖြစ်စေ သူက လူသစ်တစ်ဦးသာ ဖြစ်နေသေးသည်။


ဒါရိုက်တာချိုက်က မိုက်ကရိုဖုန်းကို ကောက်ယူလိုက်ပြီး သူ၏အသံမှာ တည်ငြိမ်နေသည်။

“မင်း ပြင်ဆင်လာတဲ့ ပစ္စည်းတွေကို ယူလိုက်ပါ… ယိဖုန်း… မင်း သွားပြီး သူ့ကို ကူညီပေးလိုက်ပါဦး…”


ထိုနေရာ၌ ရှိသော အခြားသူများမှာ ကျိုးယွီဟယ်၏ သရုပ်ဆောင်မှုက ပြိုင်ပွဲဝင်များအပေါ် မည်မျှ အံ့သြစရာကောင်းကြောင်း သဘောမပေါက်ခဲ့ကြသော်လည်း ယခုအခါ ဒါရိုက်တာချိုက်က အဓိကအမျိုးသားဇာတ်လိုက် ရှဲ့ယိဖုန်းကိုပင် သူ့နှင့်အတူ သရုပ်ဆောင်စစ်ဆေးခိုင်းသည်ကို ကြားလိုက်ရသောအခါ ဒါရိုက်တာချိုက်က ဤသရုပ်ဆောင်စစ်ဆေးမှုကို မည်မျှ အလေးထားကြောင်း သိရှိသွားကြသည်။


ပထမဦးဆုံး ကျိုးယွီဟယ်က နို့လက်ဖက်ရည်ကို စင်ပေါ်သို့ ယူလာခဲ့သည်။ ထို့နောက် ဇာတ်ကောင်အသစ်အတွက် သရုပ်ဆောင်စစ်ဆေးမှုကို ပယ်ချခံရသည်။ ထို့နောက် သရုပ်ဆောင်မှု စတင်ပြီး မကြာမီမှာပင် ဒါရိုက်တာချိုက်က ကျိုးယွီဟယ်အား ရှုချန့်အဖြစ် သရုပ်ဆောင်ရန် တောင်းဆိုခဲ့ပြီး ရှဲ့ယိဖုန်းအားလည်း သူ၏ ဇာတ်ဝင်ခန်းတွင် ကူညီပေးရန် တောင်းဆိုခဲ့သည်။


ဆက်တိုက်ဖြစ်ပေါ်လာသော မမျှော်လင့်ထားသည့် အခြေအနေများက ထိုနေရာရှိ လေထုကိုပင် တင်းမာစေခဲ့သည်။


အထူးသဖြင့် စင်အောက်တွင် ထိုင်နေသော စန်အန်းသည် ကျိုးယွီဟယ်က သူ၏ ဇာတ်ရုပ်ကို ရှုချန့်အဖြစ် ပြောင်းလဲ သရုပ်ဆောင်လိုသည်ဟု ပြောသည်ကို ပထမဆုံး ကြားသောအခါ သူ့လက်များကို ဆုပ်ထားခဲ့သည်။ ဒါရိုက်တာချိုက်၏ ငြင်းပယ်မှုကို ခက်ခက်ခဲခဲ ကြားရပြီးမှ သူ အနည်းငယ် စိတ်သက်သာရာရခဲ့သည်။


မမျှော်လင့်ဘဲ…


ဒီကောင်လေး ဘာလုပ်ဖို့ ကြိုးစားနေတာလဲ…


အစောပိုင်းက သူ သရုပ်ဆောင်ပြခဲ့သည့် စက္ကန့်အနည်းငယ်အတွင်း စန်အန်းကိုယ်တိုင်ကပင် ကျိုးယွီဟယ်ကို ဤသို့ တစ်ခါမှ မမြင်ဖူးခဲ့ပေ။ စိတ်ဓာတ်ကျပြီး ဖရိုဖရဲဖြစ်နေသည့် ဇာတ်ကောင်ဖြစ်နေသော်လည်း သူ့တွင် တက်ကြွသည့် အသွင်အပြင်တစ်ခု ရှိနေပြီး တောက်ပနေသလို ထင်ရသည်။


မလုံမလဲ ဖြစ်ခြင်း၊ စိတ်လှုပ်ရှားခြင်းနှင့် ပွဲကြီးပွဲကောင်းကြည့်လိုသည့် မျက်လုံးများစွာက စင်မြင့်ကို စိုက်ကြည့်နေကြသည်။


အသက်ရှူသံကို ထိန်းချုပ်ကာ စောင့်ဆိုင်းနေသည့် ပရိသတ်နှင့် နှိုင်းယှဉ်လျှင် စင်၏အလယ်ဗဟိုမှ လူအနည်းငယ်က ပို၍ တည်ငြိမ်နေကြသည်။


ညွှန်ကြားချက်များ ရရှိပြီးနောက် ကျိုးယွီဟယ်က နို့လက်ဖက်ရည်ကို ယူကာ ရှဲ့ယိဖုန်းနှင့်အတူ လိုက်ကာနောက်ဘက် တစ်နေရာသို့ သွားရောက်၍ ကျန်ရှိနေသော ဇာတ်ဝင်ခန်းကို မည်သို့ သရုပ်ဆောင်ရမည်ကို ဆွေးနွေးခဲ့သည်။


ရှဲ့ယိဖုန်းက အရိပ်ထဲတွင် ရပ်နေပြီး အလင်းရောင်က သူ၏ လှပပြီး ထက်ရှသော မေးရိုးလိုင်းကို ထွန်းလင်းပေးရန် လုံလောက်ရုံမျှသာ စောင်းကျနေသည်။


“ဒီလိုဆို အဆင်ပြေတယ်လို့ မင်း ထင်လား…”

ကျိုးယွီဟယ်က စိုးရိမ်စိတ်အချို့ဖြင့် မေးသည်။


“မင်း ပြောတဲ့အတိုင်းပဲ လုပ်ပါ…ငါကတော့ အဆင်ပြေတယ်လို့ ထင်ပါတယ်…”

ကျိုးယွီဟယ်က အရိပ်များထဲ၌ ရှိသော ရှဲ့ယိဖုန်း၏ အမူအရာကို မမြင်နိုင်သော်လည်း သူ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးညွှတ်နေသည်ကိုမူ အလင်းနှင့်အရိပ် ထိတွေ့ရာတွင် ထင်ရှားစွာ မြင်ရသည်။


လိုက်ကာက အနည်းငယ် တုန်ယင်သွားပြီး ထိုနှစ်ဦးတို့က ၎င်းတို့၏ ဆွေးနွေးမှုများ ပြီးစီးကာ သရုပ်ဆောင်ရန် အသင့်ဖြစ်၍ ထွက်လာခဲ့ကြသည်။


နေရာတစ်ခုလုံး တိတ်ဆိတ်နေပြီး လူတိုင်း အသက်အောင့်ကာ စောင့်ဆိုင်းနေကြသည်။


ရှုချန့်နှင့် ကျန်းချီ…

ပထမတစ်ချက်ကြည့်ရုံဖြင့် ဇာတ်ကောင်နှစ်ခုက တစ်ဦးနှင့်တစ်ဦး အလွန်မကွာခြားပုံရသည်။


ဤဇာတ်ကောင်နှစ်ခုကို ခွဲခြားနိုင်ခြင်းသည် ရှုချန့်နှင့် ကျန်းချီတို့အတွက် သရုပ်ဆောင်ရွေးပွဲဝင်ပြိုင်သည့် ပြိုင်ပွဲဝင်အားလုံးအတွက် ရင်ဆိုင်ရမည့် အဓိကစိန်ခေါ်မှု ဖြစ်သည်။


သူတို့က သူတို့ဇာတ်ကောင်များကို မြှင့်တင်ရန်အတွက် မော်တော်ဆိုင်ကယ် ဦးထုပ်များ၊ ဘေ့စ်ဘောရိုက်တံများ၊ သို့မဟုတ် အများဆုံး အသုံးပြုလေ့ရှိသည့် ဆေးလိပ်များကဲ့သို့သော အသေးစားပစ္စည်းများနှင့် စင်မြင့်ဒီဇိုင်းကို တိုးမြှင့်ရန် တွေးခဲ့ကြသည်။


ထိုကဲ့သို့သော ဆင်တူယိုးမှား “ရှုချန့်” နှင့် “ကျန်းချီ” များစွာကို မြင်တွေ့ခဲ့ရပြီးနောက် ပြိုင်ပွဲဝင်များက ကျိုးယွီဟယ် မည်သို့ လုပ်ဆောင်မည်ကို သိချင်နေကြသည်။


သူက ပစ္စည်းတွေကို သုံးမလား…ဒါမှမဟုတ် ကိုယ်အမူအရာသက်သက်ပဲလား… ကိုယ်အမူအရာသက်သက်နဲ့ ဆင်တူတဲ့ ဇာတ်ကောင်နှစ်ခုကို ပြဖို့ဆိုတာ အရမ်းကို ပျင်းစရာကောင်းလွန်းတယ်… ဒါပေမဲ့ တကယ်လို့ သူသာ သုံးချင်တယ်ဆိုရင် ပစ္စည်းတွေကရော ဘယ်မှာလဲ… နို့လက်ဖက်ရည်တော့ မဖြစ်နိုင်ပါဘူးနော်…


လူအများ ထင်ကြေးပေးနေချိန်တွင် စင်တစ်ဖက်ခြမ်း အဝေးမှ ဆယ်ကျော်သက်နှစ်ယောက်က ထိတ်လန့်တကြား ပြေးဝင်လာသည်။ မီးခိုးရင့်ရောင်ဂျာကင်အင်္ကျီကို ဝတ်ဆင်ထားသည့် လူငယ်လေး၏မျက်နှာက တက်ကြွမှု အပြည့်နှင့်ပင်။ သူ ပြေးလာစဉ် နူးညံ့သည့် ဆံပင်နက်များက လှုပ်ခါနေသော်လည်း ရှုပ်ပွခြင်းမရှိပေ။ သူက အင်္ကျီအိတ်ကပ်ထဲ ထည့်ထားသည့် လက်ကိုလည်း ဆွဲထုတ်လိုက်သည်။


ငယ်ရွယ်ပြီး ကျက်သရေရှိနေကာ သူ၏ စိတ်နေသဘောထားက “ကျန်းချီ” သက်သက် မဟုတ်တော့ပေ။


ရှုချန့်က လက်တစ်ဖက်တွင် လက်ဖက်ရည်ခွက်ကို ကိုင်ထားပြီး နောက်ကျောကို ခဏခဏ လှည့်ကြည့်နေသည်မှာ သူတို့နောက်မှ တစ်စုံတစ်ယောက်က လိုက်နေသလိုပင်။


ထိုနှစ်ဦးက စင်၏အလယ်ဗဟိုဆီသို့ တန်းတန်းမတ်မတ် ပြေးသွားကြသည်။


“အဲ ငါတော့ အဆင်ပြေလောက်ပြီလို့ထင်တယ်… သူတို့ လိုက်မမီလောက်တော့ဘူး…” 

ရှုချန့်က ဒူးတစ်ဖက်ပေါ် လက်တင်ပြီး အသက်ရှူနေသည်။ သူ မော့ကြည့်လိုက်သောအခါ ပုံစံက ဖရိုဖရဲဖြစ်နေသည့် ရှန်းယန်ကို မြင်လိုက်ရသည်။ သူက ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်တော့ဘဲ တစ်ဖက်လူကို ဦးစွာ လှောင်ပြောင်လိုက်သည်။

“ဟားဟားဟား မင်း… မင်းလိုမျိုး တတိယ အတော်ဆုံး ကျောင်းသားကလည်း ဒီလိုနေ့မျိုး ကြုံရတယ်ပေါ့လေ....”


ရယ်သံသည် ကြည်လင်ပြတ်သားကာ ၎င်းက လူတိုင်း၏ နားထဲသို့ ရုတ်တရက် ဝင်ရောက်လာပြီး ယခင် သရုပ်ဆောင်မှုမှ ကျန်ရှိနေသော သေးငယ်သည့် ခံစားမှုများကို စိတ်ထဲမှ မောင်းထုတ်ပစ်လိုက်သည်။


ကျန်းချီ…သူက ဘယ်သူလဲ… မမှတ်မိတော့ဘူး...


စင်ပေါ်တွင် လွတ်လပ်စွာ ပြောင်းလဲနေသည့်ဆယ်ကျော်သက်လေးကို ကြည့်နေစဉ် ပြိုင်ပွဲဝင် အများအပြားက သူတို့ လက်ထဲမှ ဇာတ်ညွှန်းများကို ပြန်လှန်ကြည့်ကာ ဇာတ်ကောင်နှစ်ခု မှားနေသလားဟု တွေးနေကြသည်။


စာရွက်ပေါ်မှာဆိုရင် အတူတူဖြစ်လုနီးပါးဖြစ်နေတဲ့ ဇာတ်ကောင်ကို လူတစ်ယောက်က ဘယ်လိုလုပ် ဒီလောက် ကွဲပြားအောင် သရုပ်ဆောင်နိုင်တာလဲ…


ပြီးတော့ နို့လက်ဖက်ရည်... တကယ်ပဲ နို့လက်ဖက်ရည်ပါလား… နို့လက်ဖက်ရည်က ချမ်းသာတဲ့ ကျောင်းသားဆိုးတစ်ယောက်လို သရုပ်ဆောင်ဖို့ ဘယ်လို ကူညီပေးမှာလဲ…


ဤမေးခွန်းကို ပြိုင်ပွဲဝင်များအတွက်သာမက  ဒါရိုက်တာချိုက်ရုန်ရှီးနှင့် ဇာတ်ညွှန်းရေးဆရာမလင်းတို့ပင် စိတ်ဝင်စားနေကြသည်။ သူတို့သည် အစောပိုင်းက စိတ်ပျံ့လွင့်နေသည့် အမူအရာများနှင့် ကွဲပြားစွာ စားပွဲတွင် ထိုင်နေကြပြီး စင်အလယ်မှ လူနှစ်ယောက်ကို အာရုံစိုက်ကြည့်နေကြသည်။


“အခုလောလောဆယ် အများကြီး မပြောနဲ့ဦး၊ ငါ့ကို နည်းနည်းတိုက်…”

ကျက်သရေရှိပြီး အရပ်မြင့်သော ရှန်းယန်က သူ၏ ခြောက်သွေ့နေသော လည်ချောင်းမှ တံတွေး မျိုချလိုက်သည်။ ရှုချန့် ကမ်းပေးသော နို့လက်ဖက်ရည်ကို ရရှိပြီးနောက် သူက ကြမ်းပြင်ပေါ် တိုက်ရိုက် ထိုင်ချလိုက်ပြီး ခေါင်းကို စောင်းလိုက်သောအခါ အေးနေပြီဖြစ်သော်လည်း ချိုမြိန်သော ရနံ့ရှိနေသေးသော နို့လက်ဖက်ရည်သည် သူ၏ လည်ချောင်းမှနေ၍ ဗိုက်ထဲသို့ စီးဆင်းသွားသည်ကို တွေ့ရသည်။


ဟင်… တကယ်ကောင်းတာလား…


ရှဲ့ယိဖုန်းက မျက်ခုံးအနည်းငယ် ပင့်လိုက်ပြီး ဇာတ်ရုပ်ထဲသို့ လျင်မြန်စွာ ပြန်ဝင်လိုက်သည်။ ထို့နောက် သူက ထိုင်ချလိုက်ပြီး သူ့ကို ခွေးကြီးတစ်ကောင်ကဲ့သို့ စိတ်အားထက်သန်စွာ ကြည့်နေသော လူငယ်လေးအား နို့လက်ဖက်ရည်ခွက်ကို ကမ်းပေးလိုက်သည်။


သူတို့နှစ်ယောက်က တစ်ယောက်တစ်ငုံစီ သောက်လိုက်ကြပြီး ရှုချန့်က ရှန်းယန်၏ လက်ထဲမှ နို့လက်ဖက်ရည်ကို နောက်တစ်ကြိမ် ပြန်ယူလိုက်သောအခါ မျက်မှောင်ကြုတ်၍ ပြောသည်။

“ဟမ်… ဘာလို့ ကုန်သွားတာလဲ… ငါ ခုနက တစ်ငုံပဲသောက်လိုက်ရတာ…”


“လူနှစ်ယောက် နို့လက်ဖက်ရည် တစ်ခွက်တည်းကို ခွဲသောက်ဖို့ လောက်တယ်ဆိုရင် အံ့ဩစရာပဲလေ…”

ရှန်းယန်က နှုတ်ခမ်းထောင့်များကို ကွေးညွှတ်လိုက်သည်။ သူ့အပြုံးက သူ့ မျက်လုံးများနှင့် အတူတူပင်ဖြစ်ပြီး နွေနှောင်းကာလမှ မက်မွန်ပန်းပွင့်များကဲ့သို့၊ နွေရာသီည၏ ကြယ်တာရာများကဲ့သို့၊ မြင့်မားသော တောင်များနှင့် စီးဆင်းနေသော ရေများကဲ့သို့ နူးညံ့သိမ်မွေ့သော ခံစားချက်များ ရှိနေသည်။


“ရပါတယ်… နောက်တစ်ခါ ငါ မင်းကို တစ်ခွက် ဝယ်ပေးပါ့မယ်… မင်း စိတ်မကြည်တဲ့အခါ ငါ့အဝတ်အစားတွေပေါ် ဒေါသ မပုံချနဲ့… ဒီအင်္ကျီက ဈေးကြီးတယ်…”

ရှုချန့်က သူ့လက်ကို ဆန့်တန်းကာ သူ့ကိုယ်ပေါ်ရှိ နို့အစွန်းအထင်းများကို ကိုင်ကြည့်လိုက်ပြီး သူ၏ အမူအရာများသည်လည်း ပေါ့ပေါ့ပါးပါးနှင့် ကျက်သရေရှိနေသည်။


သူက “ဈေးကြီးတယ်” ဟု ပြောသော်လည်း သူ၏ လေသံနှင့် အမူအရာက သူ လုံးဝ ဂရုမစိုက်ကြောင်း ပြသနေသည်။ ချမ်းသာသော ကလေးများ၏ စိတ်နေသဘောထားကို တိကျစွာ ပြသနေသော အသေးအမွှား လှုပ်ရှားမှုတစ်ခု ဖြစ်သည်။


ရှန်းယန်က ရယ်လိုက်သည်။

“ငါ မင်းကို တမင်တကာလုပ်တာ မဟုတ်ဘူးလေ… သင်ကြားရေး ဒါရိုက်တာက မင်းနောက်ကို လိုက်နေတာ၊ မင်းက ငါ့ရှေ့မှာ ရှိနေမှန်း ဘယ်သိမလဲ…”



🔥🔥🔥